အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း (၆၁)
ရိက္ခာများက လူ့စိတ်ကို စမ်းသပ်ခြင်း
နှမြောစရာကောင်းသည်မှာ ဤလူများတွင် ရော်ဘာလှေ သို့မဟုတ် ကယပ်လှေများသာ ရှိကြသဖြင့် အစွမ်းကုန် ကြိုးစားလျှင်ပင် စက်လှေများကို မမီနိုင်ကြခြင်းပင် ဖြစ်ပေသည်။
လင်းယွမ်တိုက်ခန်းဝင်း အနီးသို့ ရောက်သောအခါ ယောင်ရန်သည် သူတို့ထံသို့ ဦးတည်လာနေသော နဂါးလှေအရှည်ကြီးတစ်စီးကို မြင်လိုက်ရသည်။ လှေပေါ်တွင် လူ (၂၀) ကျော် ပါလာပြီး ညကြည့် မှန်ပြောင်းမှတစ်ဆင့် ထိုသူတို့၏ မျက်နှာအမူအရာများကိုပါ ရှင်းရှင်းလင်းလင်း မြင်နေရပေသည်။
“လုံယု၊ ညာဘက်လမ်းဆုံကနေ နဂါးလှေတစ်စီး လာနေတယ်။ လှေပေါ်မှာ လူ (၂၀) ကျော်လောက် ပါလာတယ်…။”
လုံယုက သူမစကားကို ကြားသောအခါ ရှီရွှမ်းကို အချက်ပြလိုက်ပြီး လမ်းကြောင်းပြောင်းလိုက်လေ သည်။ ပတ်သွားလိုက်ပြီးနောက် သူတို့သည် လင်ယွမ်တိုက်ခန်းဝင်းသို့ အောင်မြင်စွာ ပြန်ရောက်လာခဲ့ လေသည်။
လုံယုက အရှိန်မလျှော့ဘဲ ပိုမြှင့်လိုက်ကာ အဆောက်အအုံ (၃) ဘေးတွင် စက်လှေကို ကျွမ်းကျင်စွာ ဆိုက်ကပ်လိုက်လေတော့သည်။
ကျားရှန်း၊ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့က ပျက်စီးနေသော ပြတင်းပေါက်နားတွင် သူတို့ကို စောင့်နေ ကြလေသည်။ သူတို့၏ အကူအညီဖြင့် ယောင်ရန်နှင့် အခြားသူများသည် ဂတ်စ်အိုးများကို အဆောက် အအုံထဲသို့ အမြန်ရွှေ့ပြောင်းခဲ့လိုက်ကြသည်။
ဆူညံသံကြောင့် အချို့သော နေထိုင်သူများက အပြင်မှာ ဘာဖြစ်နေသလဲဆိုသည်ကို တံခါးဖွင့်ကြည့် ကြသည်။ သို့သော် လာနေသူများသည် သေမင်းထက်ပင် ပိုကြောက်စရာကောင်းသော အထပ်( ၂၀) မှ လူများဖြစ်ကြောင်း မြင်လိုက်ရသောအခါ မည်သူမျှ မကောင်းသောစိတ် မမွေးရဲကြတော့ပေ။
အပေါ်ထပ်သို့ တက်သွားသောအခါ (၁၉) ထပ်တွင် နေထိုင်သော အဘွားအိုတစ်ဦးနှင့် တွေ့ခဲ့လေသည်။ ထိုအဘွားအိုသည် လမ်းပိတ်မရပ်ဘဲ ဘေးသို့ ကပ်ပေးထားလေသည်။
သူမက ပြုံးလျက် ယဉ်ကျေးစွာ မေးလိုက်လေသည်၊
“သမီး…၊ ဒီဂတ်စ်အိုးတွေကို ဘယ်ကရတာလဲ….။”
ယောင်ရန်က သူမကို ကြည့်ပြီး ၊
“ကျွန်မတို့ ရေထဲကနေ ဆယ်လာတာပါ….။”
သူမသည် ဤကိစ္စကို လျှို့ဝှက်ထားရန် ရည်ရွယ်ချက်မရှိပေ။ မြို့ထဲက ရိက္ခာများကို သူတို့ချည်းပဲ လက်ဝါးကြီးအုပ်ထားရန်မှာ မဖြစ်နိုင်ပေ။ ထို့ပြင် အခြားသူများသည်လည်း အထပ် (၂၀) မှ ရိက္ခာများ ကိုသာ မက်မောနေမည့်အစား အပြင်ထွက်၍ ရိက္ခာရှာသင့်သည်ဟု သူမ ယူဆထားလေသည်။
အဖြေရပြီးနောက် အဘွားအိုက ကျေးဇူးတင်စကားဆိုကာ အခန်းထဲသို့ ခပ်မြန်မြန်ပြန်ဝင်သွားခဲ့သည်။ ယောင်ရန် တံခါးကို ကြည့်လိုက်သောအခါ ထိုအဘွားအိုသည် အခန်းအမှတ် (၁၉၀၂) ထဲသို့ ဝင်သွား သည်ကို တွေ့လိုက်ရလေသည်။
ထိုအခန်းတွင် အဘိုးအဘွား ဇနီးမောင်နှံ နေထိုင်သည်ကို သူမ မှတ်မိနေခဲ့သည်။ ထိုအဘွားအိုသည် ထိုအခန်းက အဘွားဖြစ်ရပေမည်။
အထပ် (၂၀) သို့ ရောက်သောအခါ သူတို့သည် အခန်းထဲသို့ တန်းမဝင်ကြသေးဘဲ ဂတ်စ်အိုးအားလုံးကို ကြမ်းပြင်ပေါ်တွင် ချထားလိုက်လေသည်။
လုံယုက သူတို့ကို ကြည့်ပြီး မေးလိုက်လေသည်။
“ဒါတွေကို ဘယ်လို ခွဲကြမလဲ….။”
ဟွမ်ချန်နှင့် ရှီရွှမ်းတို့ ခဏမျှ အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ရှီရွှမ်းက၊
“ခေါင်းဆောင် သုံးပုံ ပုံလိုက်ရအောင်။ ငါနဲ့ အချန်က အတူတူနေတာဆိုတော့ အိမ်ထောင်စုတစ်ခုစာပဲ ယူမယ်….။”
လုံယုက ခေါင်းညိတ်ကာ ယောင်ရန်ကို ကြည့်ပြီး မေးလိုက်လေသည်။
“မင်းကော ဘယ်လိုထင်လဲ….။”
ယောင်ရန်က ပုခုံးတွန့်ပြကာ၊
“ပြဿနာမရှိပါဘူး….။”
အားလုံး သဘောတူညီမှု ရသွားသောကြောင့် ဂတ်စ်အိုးများကို သုံးပုံ ပုံလိုက်ကြလေသည်။ ဂတ်စ်အိုး တစ်လုံး ပိုနေသည်ကို မြင်သောအခါ ယောင်ရန်က လုံယုကို ကြည့်ပြီး ပြောလိုက်လေသည်။
“နောက်ဆုံးတစ်လုံးကိုတော့ ဟွမ်ချန်နဲ့ ရှီရွှမ်းတို့ကိုပဲ ပေးလိုက်ပါ။ သူတို့က လူများတော့ ဟင်းပိုချက်ရ လိမ့်မယ်။ ငါတို့ထက် လောင်စာ ပိုကုန်မှာပဲ….။”
လုံယုတွင် ကန့်ကွက်စရာမရှိသဖြင့် နောက်ဆုံးဂတ်စ်အိုးကို ရှီရွှမ်းနှင့် ဟွမ်ချန်တို့ထက်သို့ ပေးလိုက် လေသည်။ ယနေ့ ကျိုးစားမှုကြောင့် သူတို့သည် လောလောဆယ် ဂတ်စ်ပြတ်လပ်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။
အခန်းသို့ ပြန်ရောက်သောအခါ ယောင်ရန်သည် အပြင်ပန်းကြည့်ကောင်းရန်အတွက် ဂတ်စ်အိုးများကို မီးဖိုချောင်ထဲတွင် ထားလိုက်သည်။ လုံယုတို့ နောက်တစ်ခါ လာလည်လျှင် မီးဖိုချောင်ထဲက ဂတ်စ်အိုး များကို မြင်ပြီး သံသယမဝင်စေရန် ဖြစ်ပေသည်။
ဂတ်စ်၊ ရေနှင့် မီးများ ပြတ်တောက်သွားကတည်းက ယောင်ရန်သည် လျှပ်စစ်မီးဖိုလေးဖြင့်သာ ဟင်း ချက်ခဲ့သည်။ ပါဝါဘန့် ကို သုံး၍ မီးဖိုကို အသုံးပြုခြင်းဖြင့် ဂတ်စ်ကို ချွေတာနိုင်ခြင်း ဖြစ်သည်။
သူမ၏ နေရာလွတ်ထဲတွင် လျှပ်စစ်မီးနှင့် နေရောင်ခြည် ရှိနေသဖြင့် အားသွင်းစရာအားလုံးကို ထိုနေ ရာတွင် အမြန်အားသွင်းနိုင်ပေသည်။
သူမ စမ်းကြည့်ဖူးရာ ဆိုလာဘက်ထရီကြီးတစ်လုံးကို အားအပြည့်သွင်းရန် တစ်နာရီသာ ကြာလေ သည်။ ဆိုလာဘက်ထရီ တစ်လုံးတည်းနှင့်တင် အကြာကြီး အသုံးခံသဖြင့် လောင်စာဆီများကို အများ ကြီး ချွေတာပေးနိုင်ပေသည်။
အရာအားလုံး စီစဉ်ပြီးနောက် ယောင်ရန်သည် နေရာလွတ်ထဲသို့သွားကာ ရေချိုးလိုက်လေသည်။ ပြန်ထွက်လာသောအခါ သမ်းဝေလိုက်ပြီး ခဏလောက် အိပ်ရန် ဆုံးဖြတ်လိုက်လေ၏။
မိုးချုပ်ခါနီးတွင် လူဟုန်က လေထိုးလှေ ပြန်ပေးရန် လှေကားတံခါးကို လာခေါက်ခဲ့လေသည်။ သူက ယောင်ရန်ကို ကြည့်ပြီး ပြုံးလျက်၊
“မစ္စယောင်ရန်ရဲ့ စေတနာကြောင့် တခြားလူတွေ လက်မဦးခင် ငါတို့ လှေအချို့ ဝယ်နိုင်ခဲ့တာပါ…။”
ယောင်ရန်က သူ့ကို ဂရုမစိုက်ဘဲ သူမ၏ လေထိုးလှေကို သေချာစစ်ဆေးနေခဲ့သည်။ သူမက တိတ်ဆိတ် နေသဖြင့် လူဟုန်က အနေရခက်စွာ ပြုံးနေမိသည်။
သူ ခဏစဉ်းစားနေပြီးနောက် မချင့်မရဲဖြင့် မေးလိုက်လေသည်။
“မယောင်ရန်…၊ ဒီနေ့ မင်းတို့ သူငယ်ချင်းတွေနဲ့အတူ ဂတ်စ်အိုးတွေ အများကြီး ဆယ်လာတယ်လို့ ကြား တယ်။ အဲဒါ ဘယ်ကရတာလဲဆိုတာ သိလို့ရမလားခင်ဗျာ…။”
“ရေထဲကလေ…”
ယောင်ရန်က ခပ်ပေါ့ပေါ့ပဲ ပြန်ဖြေလိုက်လေသည်။
“ဘယ်နားက ရေပြင်လဲ…။”
လူဟုန်က ထပ်မေးကြည့်လိုက်လေသည်။
ယောင်ရန်က သူ့ကို တစ်ချက်ကြည့်ပြီး၊
ေ
“ဂတ်စ်အရောင်းဆိုင်နားမှာ….။”
လူဟုန်က ပြုံးပြီး စိတ်အားထက်သန်စွာဖြင့် မေးပြလေသည်။
“အဲဒီမှာ ဂတ်စ်အိုးတွေ ကျန်သေးလား….။”
ယောင်ရန်က သူ့ကိုကြည့်ပြီး ခပ်ပါးပါးလေး ပြုံးပြလိုက်သည်၊
“ငါ မင်းကို တစ်လုံး ပေးလိုက်ရမလား…။”
ယောင်ရန်၏ အေးစက်သော အပြုံးကို ကြည့်ပြီး လူဟုန် ကျောထဲတွင် စိမ့်သွားခဲ့လေသည်။
သူက အနေရခက်စွာ ပြုံးလျက် ၊
“မစ္စယောင်ရန်ကလည်း... ကျွန်တော်က မေးကြည့်ရုံတင်ပါ။ ကျွန်တော်တို့က ယဉ်ကျေးတဲ့လူတွေပဲ လေ။ ကျွန်တော်တို့ကြားမှာ ပြဿနာ ဒါမှမဟုတ် နားလည်မှုလွဲတာ ရှိရင် ညှိနှိုင်းဖြေရှင်းလို့ ရပါ တယ်…။”
ယောင်ရန်က ပြန်မဖြေသည်ကို မြင်သောအခါ သူက ဆက်ပြောလိုက်လေသည်၊
“ဘာပဲဖြစ်ဖြစ် လှေငှားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောင် အကူအညီ လိုတာရှိရင်လည်း ပြော ပါ ၊ ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီပေးပါ့မယ်…။”
ထိုအခါမှ ယောင်ရန်က ပြုံးပြီး ပြောလိုက်လေသည်။
“နင်တို့ ငါ့ကို ဒုက္ခမပေးသရွေ့ အားလုံး အဆင်ပြေမှာပါ….။”
လူဟုန်သည် ယောင်ရန်ထံမှ အခွင့်အရေး ယူ၍မရမှန်း သိသဖြင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် ပြန်သွားလေတော့သည်။ တံခါးပိတ်ပြီးနောက် ယောင်ရန်သည် လေထိုးလှေကို အခန်းထဲသို့ ပြန်သယ် လာပြီး နေရာလွတ်ထဲသို့ ပြန်ထည့်ထားလိုက်လေသည်။
လက်ဆေးပြီးနောက် ယောင်ရန်သည် ပုစွန်ဆားစပ်၊ အကင်များ၊ ချဉ်စပ်ဟင်းရည် တစ်ခွက်၊ ထမင်း တစ်ပွဲနှင့် နို့လက်ဖက်ရည် တစ်ခွက်ကို ထုတ်လိုက်သည်။ ဤသည်မှာ ယနေ့ ပင်ပင်ပန်းပန်း အလုပ် လုပ်ခဲ့သည့်အတွက် မိမိကိုယ်ကိုယ် ဆုချလိုက်ခြင်းပင် ဖြစ်လေသည်။
အခန်း (၆၂)
စစ်တပ်ချထားခြင်း
ယောင်ရန်၏ နေရာလွတ်ထဲတွင် ရိက္ခာပစ္စည်း အလျှံပယ် ရှိနေသော်လည်းသူမအနေဖြင့် အပြင်ထွက်၍ ရှင်သန်ရပ်တည်ရေး ကျွမ်းကျင်မှုများနှင့် တိုက်ခိုက်ရေးစွမ်းရည်များကို လေ့ကျင့်ရန် လိုအပ်နေပေသေး သည်။ နောင်အနာဂတ်တွင် ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်များမှာ ယခု ရေကြီးမှုနှင့် မိုးသည်း ထန်မှုတို့ထက် ပိုမို၍ပြင်းထန်လာမည်သာဖြစ်ချေသည်။
ထို့ပြင် သူမအနေဖြင့် လျှို့ဝှက်အဖွဲ့အစည်းနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်းကာ လက်စားချေရန် ပြင်ဆင်ရဦးမည်။ လောလောဆယ်တွင် ယောင်ရန်သည် လန်ကွမ်းဟွေ့က သူမထံသို့ လာရောက်ဆက်သွယ်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ သူမ သိထားသမျှထဲတွင် ထိုအဖွဲ့အစည်း အကြောင်း အရိပ်အမြွက် သိနိုင်သူမှာ သူတစ်ဦးတည်းသာ ရှိလေသည်။
တစ်ချိန်တည်းမှာပင် မကြာမီ ရောက်ရှိလာတော့မည့် အလွန်အမင်း အေးခဲသော ရာသီဥတုနှင့် လူ့အဖွဲ့ အစည်း၏ စနစ်တကျရှိမှုများ ပြိုလဲပျက်စီးသွားမည့် အခြေအနေအတွက်လည်း ပြင်ဆင်ထားရပေ မည်။ ယောင်ရန်သည် သူမ၏ တိုက်ခန်းထဲတွင် ထိုင်၍ သေဖို့ရန် စောင့်နေမည့်သူမျိုး မဟုတ်သဖြင့် သူမ၏ အရည်အချင်းများကို ဆက်လက်မြှင့်တင်ရန် ဆုံးဖြတ်ထားခဲ့လေသည်။
ညစာစားပြီးနောက် ယောင်ရန်သည် သူမ၏ သစ်စွမ်းရည် နှင့် ရေစွမ်းရည်များကို ညစဉ်လေ့ကျင့် ခန်း စတင်လိုက်လေသည်။ သူမသည် သစ်စွမ်းရည် နှင့် ရေစွမ်းရည်များ ကုန်ခမ်းသွားသည်အထိ လေ့ကျင့်ခဲ့ပြီး ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ အာလူးနှင့် မှိုအမြောက်အမြားကို ရိတ်သိမ်းနိုင် ခဲ့လေသည်။
ယနေ့သည် အလွန်ပင် ပင်ပန်းသော်လည်း စိတ်ကျေနပ်မှု အပြည့်ရှိသည့် နေ့တစ်နေ့ပင် ဖြစ်သည်။
နောက်တစ်နေ့တွင် ယောင်ရန်သည် အပြင်ဘက်မှ ဆူညံသံများကြောင့် နိုးလာခဲ့သည်။ သူမသည် အိပ်ရာပေါ်တွင် ခေတ္တမျှ လဲလျောင်းနေပြီးမှ အိပ်ရာကထကာ ပြတင်းပေါက် လိုက်ကာများကို ဖွင့် ကြည့်လိုက်လေသည်။
သူမသည် မှန်ပြောင်းကိုယူ၍ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မနေ့ကထက် စက်တပ်လှေများနှင့် ရော်ဘာလှေများ သိသိသာသာ ပိုများလာသည်ကို တွေ့လိုက်ရလေသည်။
လုယက်မှုများတွင် အောင်မြင်မှုရခဲ့သဖြင့် ဆက်လက်လုပ်ဆောင်နေကြခြင်း ဖြစ်စေ၊ ရိက္ခာရှာဖွေရန် အခြေအနေအရ ဖိအားပေးခံရ၍ ဖြစ်စေ၊ ယနေ့တွင် လူအများအပြား အပြင်သို့ ထွက်လာကြပြီး အများ စုမှာ ပြဿနာရှာရန် ထွက်လာကြသူများသာ ဖြစ်သည်။
အင်တာနက်နှင့် စောင့်ကြည့်ကင်မရာများ မရှိတော့ သည့်အခါ လူသားတို့၏ စိတ်နေစိတ်ထားထဲမှ အမှောင်ဆုံး အစိတ်အပိုင်းများသည် အရိပ်ထဲမှ တဖြည်း ဖြည်း ရုန်းထွက်လာကြပြီ ဖြစ်၏။
ဆူညံသံအမျိုးမျိုး ကြားနေရသည်။ အော်ဟစ်ငိုယိုသံများထဲတွင် သေနတ်သံများပါ ရောနှောနေသကဲ့သို့ ပင်။
*သေနတ်သံလား….။*
၏*ဒီလို နေ့ခင်းကြောင်တောင်ကြီးမှာ ဘယ်သူက သေနတ်ပစ်ရဲတာလဲ…။*
ယောင်ရန် ခေတ္တမျှ ငြိမ်၍ အပြင်ဘက်မှ အခြေအနေကို အာရုံစိုက် နားစွင့်နေလိုက်သည်။ စက္ကန့်အနည်း ငယ်အကြာတွင် နောက်ထပ် သေနတ်သံတစ်ချက်ကို ကြားလိုက်ရပြန်လေသည်။
သူမ နားကြားမမှားခဲ့ပေ။
ယောင်ရန် အနည်းငယ် စပ်စုချင်စိတ် ဖြစ်ပေါ်လာသဖြင့် သူမ၏ နေရာလွတ် ထဲတွင် ကိုယ်လက်သန့်စင် ပြီးနောက် အဖြစ်ပျက်များကို သိနိုင်ရန် တိုက်ခန်းထဲမှ ထွက်လာခဲ့သည်။ သူမ အလွှာ(၂၀) မှ ဆင်းလာ သောအခါ မနေ့က အဘွားအိုနှင့် ထပ်မံဆုံပြန်လေသည်။
(၁၉) လွှာ စင်္ကြံလမ်းတွင် ထိုအဘွားအိုအပြင် လူအချို့ စုဝေး၍ စကားပြောနေကြသည်။ တစ်ယောက် မှာ အပြင်မှ ပြန်ရောက်လာခြင်းဖြစ်ပြီး ဖြစ်ပျက်ခဲ့သမျှကို အခြားသူများကို ပြန်၍ပြောပြနေခြင်းဖြစ် သည်။
ယောင်ရန် လှေကားမှ ဆင်းလာသည်နှင့် ထိုလူ ပြောသံကို ကြားလိုက်ရလေသည်။
“စစ်သားတွေ လူတစ်ယောက်ကို အခုလေးတင် သတ်လိုက်တယ်….။”
ယောင်ရန်သည် ထိုစကားကြောင့် အံ့သြခြင်းမရှိသော်လည်း အဘွားအိုနှင့် အခြားသူများမှာမူ ထိတ်လန့် သွားကြလေသည်။
အဘွားအိုက အသံကိုနှိမ့်၍ မယုံကြည်နိုင်စွာ မေးလိုက်လေသည်။
“တကယ်လား… စစ်သားတစ်ယောက်က လူတစ်ယောက်ကို ဘယ်လိုလုပ် သတ်ရတာလဲကွယ်…။”
ထိုလူက အဘွားအိုနားသို့ ကပ်ကာ ပြောလိုက်လေသည်။
“အဘွားချွမ်... မနေ့ကတည်းက အစိုးရက စစ်တပ်လွှတ်လိုက်တာ အဘွားမသိဘူးလား…။”
အဘွားချွမ်က ခေါင်းခါရင်း စိုးရိမ်တကြီး ပြောလိုက်လေသည်။
“မသိဘူးကွယ်၊ ယွမ်ဝေလည်း အိမ်ပြန်မလာသေးတော့ ငါတို့ ဘာမှ မသိရသေးဘူး….။”
ထိုစကားကို ကြားသောအခါ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အမျိုးသမီးတစ်ဦးက အဘွားချွမ်၏ လက်ကို ပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။
“အန်တီ... သိပ် စိတ်မပူပါနဲ့။ အန်တီ့မြေးက အစိုးရဝန်ထမ်းပဲ၊ သူ ဘာမှမဖြစ်နိုင်ပါဘူး…။”
အခြား လူငယ်အမျိုးသမီးတစ်ဦးကလည်း ခေါင်းညိတ်၍ထောက်ခံလေသည်။
“အစ်မဟွမ် ပြောတာ မှန်တယ်၊ ယွမ်ဝေ အဆင်ပြေမှာပါ….။”
အဘွားချွမ်ကို နှစ်သိမ့်ပြီးနောက် ထိုအမျိုးသားက ဆက်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒီရက်ပိုင်း အပြင်မထွက်တာ အကောင်းဆုံးပဲ၊ အပြင်မှာ အရမ်း အန္တရာယ်များတယ်…။”
အဘွားချွမ်နှင့် အမျိုးသမီးနှစ်ဦးမှာ စိုးရိမ်ပူပန်နေဆဲ ဖြစ်သော်လည်း ထိုလူ၏ စကားကို ခေါင်းညိတ် လက်ခံကာ ကိုယ့်တိုက်ခန်းထဲကိုယ် ပြန်ဝင်သွားခဲ့ကြလေသည်။ သူတို့၏ စကားဝိုင်းကို နားထောင်ပြီး နောက် ယောင်ရန်သည် အပြင်ထွက်မည့် အစီအစဉ်ကို ဖျက်သိမ်းကာ အလွှာ (၂၀) သို့ ပြန်တက်လာ ခဲ့လေသည်။
သူမသည် ဝရံတာတွင် ရပ်ကာ မှန်ပြောင်းဖြင့် အပြင်ဘက်အခြေအနေကို လေ့လာနေခဲ့သည်။ ခေတ္တ အကြာတွင် ဆာလောင်လာသဖြင့် နေရာလွတ်ထဲမှ ကြက်သွန်မြိတ် ပန်ကိတ်အချို့နှင့် ပဲနို့တစ်ခွက် ထုတ်ယူလိုက်လေသည်။
မနေ့က စူပါမားကတ်တွင် ဖြစ်ပွားခဲ့သည့် ဝရုန်းသုန်းကား အခြေအနေများဖြစ်ပြီးနောက်တွင် စစ်ဘက် နှင့် နိုင်ငံရေးဌာနများသည် သူတို့၏ မဟာဗျူဟာကို ချက်ချင်း ပြုပြင်ပြောင်းလဲလိုက်ပြီး တည်ငြိမ်မှု ထိန်းသိမ်းရန် စစ်တပ်ကို စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်လေသည်။
ရဲတပ်ဖွဲ့နှင့်မတူဘဲ စစ်တပ်သည် လက်နက်အသုံးပြုရန် ဝန်မလေးပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ ၏ တာဝန်မှာ နိုင်ငံတော် တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ဖြစ်သောကြောင့်ပင်...။
ယောင်ရန်၏ ယခင်ဘဝ ဟိုင်ချန်မြို့တွင် နေထိုင်စဉ်ကလည်း စစ်တပ်သည် ကျွင်းချန်မြို့မှ တပ်ဖွဲ့နှစ်ဖွဲ့ ကို ဟိုင်ချန်မြို့၏ လုံခြုံရေးအတွက် စေလွှတ်ခဲ့ဖူးသည်။ ထိုစဉ်ကလည်း စစ်တပ်သည် ပြတ်သားသော နည်းလမ်းများကို အသုံးပြုကာ ဟိုင်ချန်မြို့ရှိ အဆိုးဆုံး လူမိုက်ဂိုဏ်းများကို ရှင်းလင်းခဲ့သဖြင့် ရက်အ နည်းငယ်အတွင်း အခြေအနေများ ပြန်လည်တည်ငြိမ်သွားခဲ့လေသည်။
ယခု ကျွင်းချန်မြို့၏ အခြေအနေကို ကြည့်ရလျှင် စစ်တပ်သည် သူမ ထင်ထားသည်ထက် ပို၍ စောစီးစွာ ထိန်းချုပ်လိုက်ပုံရသည်။ သို့သော် ဟိုင်ချန်မြို့တွင်မူ စစ်တပ် အခြေစိုက်စခန်း မရှိသဖြင့် ထိန်းချုပ်ရန် အချိန်ပိုကြန့်ကြာခဲ့ခြင်း ဖြစ်သည်။
ယောင်ရန် ခေတ္တမျှ စောင့်ကြည့်နေစဉ် စစ်စိမ်းရောင် ယူနီဖောင်းဝတ် စစ်သားများသည် ကျည်အစစ် များ ထည့်ထားသည့် လက်နက်များကို ကိုင်ဆောင်ကာ စက်တပ်လှေများဖြင့် ကင်းလှည့်နေသည်ကို တွေ့လိုက်ရသည်။ တစ်မနက်လုံး သေနတ်သံများ တစ်ချက်တစ်ချက် ကြားနေရသော်လည်း လောက ကြီးမှာ ယခင်ကထက် ပို၍ ငြိမ်သက်သွားသကဲ့သို့ ခံစားရပေသည်။
ယောင်ရန် အိမ်တွင် သစ်စွမ်းရည်နှင့် ရေစွမ်းရည်များ လေ့ကျင့်နေစဉ် ရှီရွှမ်းသည် မနေ့က ရလာ သော ဂတ်စ်မီးဖိုများကို ဖြုတ်ကာ ပြုပြင်နေသဖြင့် အလုပ်ရှုပ်နေခဲ့သည်။ နာရီပေါင်းများစွာ လုပ်ဆောင် ပြီး နောက် သူသည် ပြုပြင်၍ မရတော့သော ဂတ်စ်မီးဖိုများမှ အပိုပစ္စည်းများကို အသုံးပြုကာ ဂတ်စ် မီးဖို အချို့ကို အောင်မြင်စွာ ပြုပြင်နိုင်ခဲ့လေသည်။
ရှီရွှမ်းသည် အလွန်ဝမ်းသာသွားကာ ပြုံးလျက် ရေရွတ်လိုက်လေသည်။
“ဒီမီးဖိုတွေကို ခေါင်းဆောင်နဲ့ အစ်မယောင်ရန်ကို ပေးလိုက်မယ်…။”
ပေရေနေသော လက်များကို ဆေးကြောပြီးနောက် ရှီရွှမ်းသည် ဂတ်စ်မီးဖို နှစ်လုံးကို သယ်ယူကာ အခန်းအမှတ် (၂၀၀၂) ၏တံခါးကို ခေါက်လိုက်လေသည်။
ခေတ္တအကြာတွင် လုံယု တံခါးဖွင့်လာပြီး ရှီရွှမ်း လက်ထဲတွင် ဂတ်စ်မီးဖို နှစ်လုံးကို တွေ့သောအခါ မေးလိုက်လေသည်။
“မင်း ပြင်လိုက်ပြီလား…။”
ရှီရွှမ်းက ခေါင်းညိတ်ပြကာ ဂတ်စ်မီးဖို တစ်လုံးကို ကမ်းပေးရင်း၊
“ခေါင်းဆောင်... ကျွန်တော်တို့ ခင်ဗျားကို ညစာ ဖိတ်ကျွေးချင်လို့ပါ နေစရာရှာပေးတဲ့အတွက်လည်း ကျေးဇူးတင်လို့ပါ…။”
လုံယုက ခေါင်းညိတ်လိုက်လေသည်။
“အင်း... ငါ ခဏနေရင် လာခဲ့လိုက်မယ်…။”
သူတို့နှစ်ဦး ခေတ္တမျှ စကားပြောပြီးနောက် ရှီရွှမ်းသည် အခန်းအမှတ် (၂၀၀၃) တံခါးကို သွားခေါက်လိုက် သည်။ ယောင်ရန်က တံခါးခေါက်သံကြားသဖြင့် လာဖွင့်ပေးလိုက်၏။
ရှီရွှမ်းကို တွေ့သောအခါ သူမက ပြုံးလျက် မေးလိုက်လေသည်။
“ရှီရွှမ်း... ဘာကိစ္စရှိလို့လဲရှင်…။”