အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း (၆၅)
ကမ္ဘာပျက်ကပ်က ရောက်လာပြီ
ယောင်ရန်နှင့် အခြားသူများ ကုန်တိုက်မှ ထွက်လာကြချိန်တွင် ဟွမ်ချန်က လေထိုးလှေအသစ်တစ်စင်း ကို သယ်လာခဲ့သည်။ အပြင်ဘက်တွင် တန်းစီနေသူများမှာ ပို၍ပင် များပြားလာပြီး ကုန်တိုက်တွင်လည်း ပစ္စည်းများ ပြတ်လပ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
လူအုပ်ကြားမှ ဖြတ်လျှောက်လာစဉ် လူတစ်စုက သူမကို စိုက်ကြည့်နေသည်ကို ယောင်ရန် သတိထားမိ လိုက်လေသည်။ သူမက ထိုသူတို့၏ မျက်နှာများကို အကဲခတ်ကြည့်ပြီးနောက် အကြည့်ကိုလွှဲကာ ဆက် လျှောက်လာခဲ့လိုက်သည်။
ယောင်ရန်သည် ယနေ့တွင် သူမ၌ရှိသော ငွေအားလုံးကို သုံးစွဲခဲ့ပြီး ရိက္ခာနှင့် အသုံးအဆောင်များစွာ ဝယ်ယူခဲ့သည်။ ပစ္စည်းများမှာ များပြားလှသဖြင့် လှေတစ်စင်းတည်းနှင့် မဆံ့နိုင်တော့သောကြောင့် သူတို့နှစ်ဖွဲ့ခွဲရန် ဆုံးဖြတ်လိုက်ကြလေသည်။
ဟွမ်ချန်က ယောင်ရန်၏ လေထိုးလှေကို မောင်းနှင်ပြီး ယောင်ရန်က ပစ္စည်းများကို စောင့်ကြပ်သည်။ သူတို့နောက်မှ ရှီရွှမ်းက လှေအသစ်ကို မောင်းနှင်ကာ ကျားရှန်း၊ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့က ပစ္စည်း များကို စောင့်ကြပ်ခဲ့ကြလေသည်။
လူများ ပို၍ ရောက်လာသည်ကို မြင်သောအခါ ရှီရွှမ်းက ပြန်ရန် တိုက်တွန်းလိုက်လေသည်။
“သွားကြစို့….။”
ကုန်တိုက်မှ ထွက်လာပြီးနောက် သူတို့သည် လင်းယွမ်တိုက်ခန်းအဆောက်အအုံဆီသို့ တန်းသွားခဲ့ ကြလေသည်။
ဆယ်မိနစ်ခန့်အကြာတွင် ယောင်ရန်က နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီး ဟွမ်ချန်ကို ပြောလိုက် သည်။
“လူတစ်စု ကျွန်မတို့နောက်ကို လိုက်လာနေတယ်….။”
ဟွမ်ချန် နောက်သို့ လှည့်ကြည့်လိုက်ရာ ရော်ဘာလှေအချို့ သူတို့နောက်သို့ လိုက်လာသည်ကို တွေ့ရ သည်။ သူက အကြည့်လွှဲလိုက်ပြီး မေးလိုက်လေသည်။
“မင်း ဘာလုပ်ချင်လဲ…. ငါတို့ သူတို့ကို တိုက်ခိုက်ကြမလား…။”
ယောင်ရန် ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်လေသည်။
“ဒီနေ့ ကျွန်မတို့နဲ့အတူ ရှင့်ညီမလေးနဲ့ တန်ချီချီတို့ပါလာတယ်။ ဖြစ်နိုင်ရင်တော့ တိုက်ပွဲမဖြစ်ချင် ဘူး…။”
သူမက သူ့ညီမလေးနှင့် တန်ချီချီတို့အတွက်ပါ ထည့်သွင်းစဉ်းစားပေးသည်ကို ဟွမ်ချန် အံ့သြသွား သည်။ သူက ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
“ကောင်းပြီလေ…။”
လမ်းမများမှာ ပို၍ ကျယ်ဝန်းလာသည်နှင့်အမျှ ဟွမ်ချန်က အရှိန်မြှင့်လိုက်သည်။ သူက မောင်းနှင်နေ ရင်း သူတို့နောက်တွင် လူများလိုက်လာကြောင်း ရှီရွှမ်းကို အချက်ပြလိုက်သည်။ ရှီရွှမ်းက ခေါင်းညိတ် ပြကာ အရှိန်မြှင့်လိုက်လေသည်။
သူတို့၏ ပစ်မှတ်က ရုတ်တရက် အရှိန်မြှင့်လိုက်သည်ကို မြင်သောအခါ ထိုလူအုပ်စု၏ ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။
“လိုက်စမ်း….။”
“ဟုတ်ကဲ့ပါ ဆရာကြီး….။”
ရှီရွှမ်းတို့၏ လေထိုးလှေမှာ အင်ဂျင်အသေးစားသာ ပါရှိသဖြင့် နောက်မှ လိုက်လာသူများကို မယှဉ်နိုင် ပေ။ ၎င်းကို မြင်သောအခါ ယောင်ရန် မျက်မှောင်ကြုတ်သွားလေသည်။
ဟွမ်ချန်လည်း သတိထားမိသွားပြီး၊
“သူတို့ကို မျက်ခြေဖြတ်ဖို့ နည်းလမ်းတစ်ခုခု ရှာရမယ်။ မဟုတ်ရင်တော့ တိုက်ခိုက်ဖို့ပဲ ရှိတော့တယ်…။”
ယောင်ရန်၏ ကမ္ဘာငယ်လေးထဲတွင် လက်နက်များစွာ ရှိသော်လည်း စစ်သားများက နေရာအနှံ့ ကင်းလှည့်နေသဖြင့် သူမ ထုတ်မသုံးရဲပေ။ မဟုတ်ပါက ကင်းလှည့်စစ်သားများက သူမကို ဖမ်းဆီးပြီး လက်နက်များကို သိမ်းဆည်းသွားပေလိမ့်မည်။ သူမ၏ သံမှိုပစ်သေနတ်မှာလည်း နောက်မှလိုက်လာသူ များနှင့် အလှမ်းဝေးလွန်းသဖြင့် အသုံးမတည့်ပေ။
စဉ်းစားကြည့်ပြီးနောက် ယောင်ရန်သည် သူမ၏ ကျောပိုးအိတ်ထဲသို့ လက်နှိုက်လိုက်ပြီး ၎င်းကို အကာ အကွယ်ယူကာ ကမ္ဘာငယ်လေးထဲမှ ဒူးလေး တစ်လက်ကို ထုတ်ယူလိုက်လေသည်။ သူမ မြှားများကို တပ်ဆင် နေစဉ် ဟွမ်ချန်က အံ့သြတကြီး ရေရွတ်လိုက်လေသည်။
“ဟာ... ယောင်ရန်၊ အစ်မဆီမှာ ဒူးလေး လည်း ရှိတာလား….။”
ယောင်ရန် ခေါင်းညိတ်ပြလိုက်ပြီး ဖြေလိုက်လေသည်။
“ကျွန်မ အရင်က ပစ်ခတ်မှု လေ့ကျင့်ခဲ့ဖူးသလို တက္ကသိုလ်တုန်းကလည်း မြှားပစ်ကလပ်မှာ ဝင်ခဲ့ဖူး တယ်…။”
ထိုသို့ပြောပြီးနောက် သူမသည် နောက်မှလိုက်လာသော လှေကို ချိန်ရွယ်ကာ မြှားတိုဖြင့် ပစ်ခတ်လိုက် လေသည်။
“ ရွှီး... စွပ်…”
တစ်စက္ကန့်အကြာတွင် မြှားမှာ ရော်ဘာလှေတစ်စင်းတွင် စိုက်ဝင်သွားလေသည်။ မကြာမီမှာပင် ထို အဖွဲ့၏ ခေါင်းဆောင်မှာ ဖြစ်ပျက်ခဲ့သည်ကို သိသွားသည်။ ရော်ဘာလှေအောက်တွင် စိုက်နေသော မြှားကို မြင် သောအခါ သူက စိတ်တိုသွားလေသည်။
“တောက်…. အရှိန်မြှင့်စမ်း…။”
လှေမောင်းသူမှာ ပျာယာခတ်သွားပြီး အရှိန်မြှင့်ရန် ကြိုးစားသော်လည်း အရှိန်မြှင့်လေလေ ရော်ဘာ လှေမှာ ပို၍ မြန်မြန် မြုပ်လေလေ ဖြစ်နေသည်။ အကျပ်အတည်းဖြစ်နေစဉ် ခေါင်းဆောင်ဖြစ်သူက လှေမောင်းသူကို အရှိန်လျှော့ခိုင်းလိုက်ပြီး လှေမမြုပ်မီ အခြားရော်ဘာလှေတစ်စင်းပေါ်သို့ ခုန်ကူး လိုက်လေသည်။
ရော်ဘာလှေကို ပစ်ခြင်းမှာ ထိရောက်သည်ကို မြင်သောအခါ ယောင်ရန်သည် အခြားရော်ဘာ လှေများ ကိုလည်း ဆက်လက် ပစ်ခတ်ခဲ့လေသည်။ မကြာမီမှာပင် ထိုလူများမှာ ရေထဲတွင် ပေါ်လော ပေါ်နေကြ တော့သည်။ သူတို့မှာ ယောင်ရန်ကို ဒေါသတကြီး ကျိန်ဆဲရန်သာ တတ်နိုင်တော့သည်။
စောစောက မြင်ကွင်းကို မြင်လိုက်ရပြီးနောက် ဟွမ်ချန်က ယောင်ရန်ကို လက်မထောင်ပြလိုက်သည်။ မိနစ်သုံးဆယ်အကြာတွင် သူတို့အားလုံး လင်းယွမ်တိုက်ခန်းအဆောက်အအုံသို့ ဘေးကင်းစွာ ပြန်ရောက်လာခဲ့ကြလေသည်။
သူတို့ ရောက်လာချိန်တွင် လုံယုမှာ အောက်သို့ ဆင်းလာပြီး စတုတ္ထအထပ်တွင် စောင့်နေပြီဖြစ်သည်။ သူတို့ ဝယ်ယူလာသော ပစ္စည်းများစွာကို မြင်သောအခါ သူက အထပ် (၂၀) သို့ သယ်ယူပေးရန် ကူညီ ပေးခဲ့လေသည်။
သူမ၏ တိုက်ခန်းထဲသို့ ဝင်ကာ ဖိနပ်လဲပြီးနောက် ယောင်ရန်သည် နေရာလွတ်ထဲသို့ ဝင်ကာ ရေချိုး လိုက်သည်။ သူမ ပြန်ထွက်လာသောအခါ ကုတင်ပေါ်တွင် လှဲချလိုက်ပြီး မျက်နှာကြက်ကို ငေးကြည့် နေမိသည်။
ယနေ့တွင် ယောင်ရန်သည် အသင်းအဖွဲ့နှင့် ရှိနေခြင်း၏ အကျိုးကျေးဇူးကို သိသိသာသာ ခံစားလိုက် ရသည်။ သို့သော် သူမတွင် လျှို့ဝှက်ချက် ရှိနေသဖြင့် အမှားအယွင်း အဖြစ်မခံနိုင်ပေ။ သူမ၏ အရင်း ခေါက်ခေါက် ဖခင်အရင်းကပင် သူမကို သစ္စာဖောက်ပြီး သတ်ရန် ကြိုးစားခဲ့သေးသည်ဖြစ်ရာ လုံယုနှင့် သူ၏ သူငယ်ချင်းများကို သူမ အပြည့်အဝ မယုံကြည်ရဲသေးပေ။
ယောင်ရန် မျက်လုံးများကို မှိတ်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။
“ပင်ပန်းလိုက်တာ...။”
နောက်နှစ်ရက်အတွင်း သူတို့ အပြင်မထွက်ခဲ့ကြပေ။ ယောင်ရန်သည် စာဖတ်ခြင်း၊ လေ့ကျင့်ခန်းလုပ် ခြင်း၊ စိုက်ပျိုးရေးနှင့် နေရာလွတ်ထဲရှိ တိရစ္ဆာန်များကို ပြုစုစောင့်ရှောက်ခြင်းတို့ဖြင့် အချိန်ကုန်ဆုံးခဲ့ သည်။
ထိုကာလအတွင်း ကျားရှန်း၊ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့အားလုံး သူမဆီသို့ လာရောက်လည်ပတ်ခဲ့ကြ ပြီး သူမ၏ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် မှိုများကို အခြားပစ္စည်းများနှင့် လဲလှယ်ခဲ့ကြ သည်။
နောက်တစ်နေ့တွင် ယောင်ရန်မှာ မှိုခူးခြင်းဖြင့် အလုပ်ရှုပ်နေစဉ် တံခါးခေါက်သံကြောင့် အနှောင့် အယှက် ဖြစ်သွားရသည်။ သူမ တံခါးသွားဖွင့်ပေးလိုက်ရာ တန်ချီချီ ရောက်နေသည်ကို တွေ့လိုက်ရ လေသည်။
“ချီချီ... ဟင်းသီးဟင်းရွက်နဲ့ မှိုတွေ ထပ်လဲချင်လို့လား…။”
တန်ချီချီက ယောင်ရန်ကို ပြုံးပြလိုက်ပြီး ၊
“မမယောင်ရန်... ကိုရှီရွှမ်းက ပြောစရာ အရေးကြီးတာရှိလို့တဲ့၊ ဒါကြောင့် မမကိုပါ ဖိတ်ခိုင်းလိုက် တာပါ…။”
ထိုစကားကို ကြားသောအခါ ယောင်ရန် မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး တွေးမိသွားသည်။
*အရေးကြီးတာဆိုပါလား…၊ သူက ဘာပြောချင်တာပါလိမ့်…*
ယောင်ရန် ခေါင်းညိတ်ပြလိုက်ပြီး
“ကောင်းပြီလေ၊ ကျွန်မ အခုပဲ လာခဲ့မယ်….။”
တန်ချီချီကို ပြန်လွှတ်ပြီးနောက် ယောင်ရန် လက်ဆေးကာ အသစ်ခူးထားသော မှိုများကို နေရာလွတ်ထဲ ထည့်လိုက်ပြီး အခန်း (၂၀၀၁) သို့ သွားခဲ့လေသည်။
တန်ချီချီက တံခါးကို ဖွင့်ထားခဲ့သဖြင့် ယောင်ရန် တံခါးမခေါက်ဘဲ ဝင်သွားလိုက်သည်။ အားလုံးက ဧည့်ခန်းတွင် ထိုင်နေကြပြီဖြစ်သဖြင့် သူမသည် လုံယုဘေးရှိ လွတ်နေသော ထိုင်ခုံတွင် ဝင်ထိုင်လိုက် သည်။ သူမ ထိုင်ပြီးနောက် ရှီရွှမ်းက သူတို့ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“ငါ ထင်တာတော့... ကမ္ဘာပျက်ကပ်က ရောက်လာပြီဗျ….။”
ယောင်ရန် ၎င်းကို ကြားလိုက်ရသောအခါ သူမ၏ မျက်ဝန်းများ ခဏမျှ တုန်လှုပ်သွားပြီး ရှီရွှမ်းကို မကြည့်ဘဲ မနေနိုင်ဖြစ်သွားသည်။
မည်သူမျှ ဘာမှမပြောကြသည်ကို မြင်သောအခါ ရှီရွှမ်းက ဆက်ပြောသည်။
“မင်းတို့ရော ဒါက ထူးဆန်းတယ်လို့ မထင်ကြဘူးလား…”
သူက မျက်မှောင်ကြုတ်ကာ သေသေချာချာရှင်းပြလိုက်သည်။
“မကြုံစဖူး တိုင်ဖွန်းမုန်တိုင်း၊ အမွှာလေဆင်နှာမောင်း၊ မိုးကြိုးမုန်တိုင်း၊ ပြီးတော့ နှစ်တစ်ထောင်မှာ တစ်ခါမှ မကြုံဖူးတဲ့ သည်းထန်စွာ ရွာသွန်းတဲ့မိုး... ဒါတွေ အားလုံးက သာမန်အချိန်တွေမှာ ဖြစ်လေ့ရှိတဲ့ အရာတွေ မဟုတ်ဘူး…။”
အခန်း (၆၆)
ဆေးဝါးများကို ဦးစားပေးခြင်း (၁)
ရှီရွှမ်းက သူ၏သူငယ်ချင်းများကို ကြည့်ကာ ပြောလိုက်လေသည်။
"ကျွန်တော်တို့ ဒီကိုလာတဲ့လမ်းမှာ သတင်းတွေအများကြီး ကြားခဲ့ရတယ်။ အစိုးရက လက်ကားရောင်း ချတဲ့ ဆန်နဲ့ ဆီကုန်စည်ဒိုင်တွေကနေ ရိက္ခာတွေကို နေ့ရောညပါ ဆယ်ယူနေကြတာ။ တကယ်လို့ ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေး မလုပ်နိုင်ရင်တောင် အရန်ရိက္ခာတွေက နိုင်ငံသားအားလုံးကို နှစ်နှစ် စာ ကျွေးထားနိုင်တဲ့အထိ လုံလောက်ပါတယ်…။"
သူက ခဏမျှ ရပ်လိုက်ပြီး ကျန်လူများကို ကြည့်ကာ ဆက်ပြောလိုက်သည်။
"ဒါဆို ဘာလို့ အစိုးရက ရေထဲက ပုပ်သိုးနေတဲ့ ဆန်တွေကို ဆယ်ပြီး နိုင်ငံသားတွေကို ကျွေးနေရတာ လဲ။ နောက်ပြီး ကျွန်တော် ကြားတာကတော့ ကယ်ဆယ်ရေးစခန်းမှာ နေတဲ့သူတွေကို တစ်နေ့ နှစ်နပ်ပဲ ကျွေးပြီး ကျန်တဲ့ရိက္ခာအကုန်လုံးကိုတော့ အစိုးရက အခြောက်ခံပြီး သိုလှောင်ထားတယ်တဲ့...။"
ဟွမ်ကျိဟွေးက ခေတ္တစဉ်းစားပြီးနောက်
"မိုးက နေ့တိုင်းရွာနေပြီး ရိက္ခာတွေ ပို့လို့ မရလို့ ဖြစ်မှာပေါ့…။"
ညီမဖြစ်သူ၏ စကားကို ကြားသောအခါ ဟွမ်ချန်က ခေါင်းခါပြလိုက်လေသည်။
"မင်း နိုင်ငံတစ်ခုရဲ့ စွမ်းအားကို ဘယ်တော့မှ လျှော့မတွက်နဲ့….။"
သူက မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်လေသည်။
"အခုဖြစ်နေတာတွေက ကျွင်းချန်မြို့ တစ်မြို့တည်းမှာပဲ ဖြစ်တာဆိုရင် အမျိုးသားကယ်ဆယ်ရေး အဖွဲ့တွေ အခုလောက်ဆို ရောက်နေလောက်ပြီ။ ဒါက...။"
"ဒါက တစ်နိုင်ငံလုံးအတိုင်းအတာ၊ ဒါမှမဟုတ် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြစ်နေတဲ့ ဘေးအန္တရာယ် မဟုတ်ရင်ပေါ့။"
ကျားရှန်းက ဟွမ်ချန်၏ စကားကို စိတ်ပျက်လက်ပျက်ဖြင့် အဆုံးသတ်ပေးလိုက်သည်။
အင်တာနက် ရနေသေးသည့်အချိန်တုန်းက ရှီရွှမ်းသည် သတင်းများကို စောင့်ကြည့်ပြီး ဖိုရမ်များမှ အချက်အလက်များကို စုဆောင်းခဲ့ဖူးသည်။ အခြားပြည်နယ် အတော်များများတွင်လည်း သဘာဝ ဘေးအန္တရာယ်များ အနည်းနှင့်အများ ကြုံတွေ့နေရကြောင်း သူ တွေ့ရှိခဲ့လေသည်။
အကယ်၍ နေရာအနှံ့အပြားမှာ တစ်ချိန်တည်းမှာပဲ သဘာဝဘေးအန္တရာယ်ကြီးတွေ ပေါက်ကွဲထွက် လာတယ်ဆိုရင် ဤသည်က ကမ္ဘာပျက်ကပ် ရောက်လာတာကလွဲလို့ တခြား ဘာများဖြစ်နိုင်ပါဦး မည်နည်း။
တစ်နေ့တွင် ရေတွေ ပြန်ကျသွားရင်တောင် အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ အချိန်အကြာကြီး ယူရ ပေလိမ့်မည်။ ထို့ကြောင့်လည်း အစိုးရက ရိက္ခာများကို အလုအယက် ဆယ်ယူပြီး သိုလှောင်နေ ခြင်းဖြစ်သည်။ သူတို့ထံတွင် အများပြည်သူမသိသေးသည့် သတင်းအချက်အလက်အချို့ ရှိနေသည်မှာ သေချာပေသည်။
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျားရှန်းက မေးလိုက်သည်။
"ပြီးခဲ့တဲ့ ရက်အနည်းငယ်မှာ လူအတော်များများ ရေထဲက ပစ္စည်းတွေ ဆယ်ဖို့ ထွက်သွားကြတယ်။ ကျွန်တော်တို့လည်း ထွက်ပြီး ကံစမ်းကြည့်ရင် မကောင်းဘူးလား…။"
လုံယုက ယောင်ရန်ကို ကြည့်ကာ မေးလိုက်သည်။
"ယောင်ရန်... မင်း ဘယ်လိုထင်လဲ…။"
ယောင်ရန်က ခေါင်းခါကာ ပြန်ဖြေလိုက်လေသည်။
"ရေက အရမ်းနက်လွန်းတယ်။ ကျွမ်းကျင်သူတွေတောင် ပစ္စည်းဆယ်ဖို့ ခက်ခဲတာ၊ နည်းပညာနဲ့ ကိရိယာမရှိတဲ့ သာမန်လူတွေအတွက်ဆို ပိုဆိုးမှာပေါ့…။"
သူမအနေဖြင့် လောလောဆယ် ထိုလူများနှင့် အပြိုင်အဆိုင် မလုပ်လိုပေ။ အခုအချိန်မှာ လူအတော်များ များ ပစ္စည်းဆယ်ဖို့ ထွက်နေကြသည်မို့ တစ်ခုခုရဖို့ဆိုတာ မသေချာသလို အကယ်၍ ရခဲ့လျင်တောင်မှ သူတို့အတွက် အလွန်အန္တရာယ်များပြီး ပစ္စည်းများကို ဘေးကင်းကင်းနဲ့ သယ်လာနိုင်ရန်က မလွယ်လှ ပေ။
ယောင်ရန်က ကျန်လူများကို ကြည့်ကာ ဆက်ပြောလိုက်လေသည်။
"ကျွန်မတို့ ကံကောင်းလို့ တစ်ခုခု ဆယ်နိုင်ခဲ့ရင်တောင် အိမ်ကို ဘေးကင်းကင်းနဲ့ ပြန်သယ်လာနိုင်ဖို့ နည်းလမ်း မရှိဘူး။ ရေမျက်နှာပြင်ပေါ်မှာပဲ အဖြေရှာတာ အကောင်းဆုံးပဲ…။"
လွန်ခဲ့သော သုံးရက်က ကုန်တိုက်မှအပြန် သူတို့နောက်သို့ လိုက်လာသည့် လူတစ်စုကို သတိရသွားကာ အားလုံး တိတ်ဆိတ်သွားကြလေသည်။
"ဒါပေမဲ့ ကုန်တိုက်တွေနဲ့ စူပါမားကတ်တွေက အလုခံထားရပြီးပြီလေ။ အခု ဘယ်မှာ သွားရှာရမှာလဲ… ။"
ဟွမ်ကျိဟွေးက ခဏအကြာတွင် မေးလိုက်လေသည်။
ဟွမ်ကျိဟွေး၏ စကားကို ကြားသောအခါ ယောင်ရန်က ပြုံးလိုက်ပြီး ၊
"ကျွန်မတို့က အစားအစာကိုပဲ ရှာရမယ်လို့ မဆိုလိုပါဘူး။ တခြားသူတွေဆီမှာ မရှိတာကို ကျွန်မတို့ ဆီမှာ ရှိနေသရွေ့တော့ နောက်ပိုင်းမှာ အစားအစာနဲ့ ပြန်လဲလို့ရတာပဲ…။"
ဟွမ်ကျိဟွေးက အခြားသူများ မလိုချင်သည့် ပစ္စည်းများကို ရှာဖွေခြင်းက ပိုကောင်းသည်ကို သိသော် လည်း *စားစရာကလွဲရင် တခြားဘာကို လိုချင်ကြဦးမှာလဲ* ဟု တွေးနေမိသည်။
"ဆေးဝါးတွေပေါ့…။"
လုံယုက တည်ငြိမ်စွာ ပြောလိုက်လေသည်။
"လူတိုင်းက ကုန်တိုက်တွေနဲ့ ရေအောက်မှာပဲ ရှာနေကြတာ၊ ငါတို့ ရုံးအဆောက်အအုံတွေမှာ သွားရှာ ကြည့်လို့ရတယ်…။"
ရုံးအဆောက်အအုံတွေမှာ ကုမ္ပဏီတွေပဲ ရှိတာမို့ ရိက္ခာတွေ အခြေခံအားဖြင့် မရှိလှပေ။ လူတွေက အစားအသောက် သို့မဟုတ် အဝတ်အထည်ရှာဖို့ ထိုနေရာများကို သွားကြမည်မဟုတ်ပေ။
ရှီရွှမ်းက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"မနေ့က လင်းယွမ်တိုက်ခန်းက လူတော်တော်များများ ရုံးအဆောက်အအုံတွေကို ဝင်မွှေကြတယ်လို့ ကြားတယ်။ မြို့ထဲက ရုံးအဆောက်အအုံ အတော်များများလည်း အလုခံလိုက်ရပြီ…။"
ဟွမ်ကျိဟွေးက လက်ထောင်ကာ ပြောလိုက်လေသည်။
"လူတွေ သွားမှာမဟုတ်တဲ့ နေရာတစ်ခုကို ကျွန်မ သိတယ်….။"
ထိုစကားကို ကြားသည်နှင့် မျက်လုံးခြောက်စုံမှာ သူမဆီသို့ ဝိုင်းကြည့်လာကြသည်။
"ဘယ်နေရာလဲ….။" ဟု ဟွမ်ချန်က စူးစမ်းစွာ မေးလိုက်လေသည်။
ဟွမ်ကျိဟွေးက ရှင်းပြသည်မှာ၊
"ပြီးခဲ့တဲ့လက ကျွန်မ ပါမောက္ခနဲ့ ကျောင်းနေဖက်တွေနဲ့အတူ ကွင်းဆင်းလေ့လာရေး သွားခဲ့ဖူးတယ်။ ကင်ဆာဆေးအသစ်တွေ ထုတ်တဲ့ ကုမ္ပဏီတစ်ခုဆီ သွားခဲ့တာ။ အဲဒီရုံးအဆောက်အအုံက လူသူဝေးတဲ့ နေရာမှာ ရှိတာ လမ်းကလည်း ရှုပ်ထွေးတယ်။ ပုံမှန်ဆိုရင် လူအသွားအလာ သိပ်မရှိဘူး….။"
"မိုးသည်းထန်နေတာနဲ့ဆိုရင် အခုအချိန်မှာ အဲဒီရုံးကိုသွားဖို့ ပိုခက်ခဲလိမ့်မယ်။ အဲဒီနေရာက ဒီကနေဆို ရင် တော်တော်ဝေးတယ်။ စက်လှေအတွက် ဆီမရှိတဲ့သူတွေက မြို့ထဲမှာပဲ ရှာကြမှာဆိုတော့ အဲဒီရုံး ကို သွားမွှေမယ့်သူ မရှိနိုင်သလောက်ပဲ…။"
တန်ချီချီကလည်း သဘောတူလိုက်သည်။
"ဟွေးဟွေး ပြောတာ မှန်တယ်။ ကျွန်မတို့ အဲဒီမှာ ကံစမ်းကြည့်လို့ရတယ်။ တကယ်လို့ ဆေးဝါးတွေ တွေ့ခဲ့ရင် နောင်တစ်ချိန်မှာ အသက်ရှင်ဖို့ အခွင့်အလမ်း ပိုများတာပေါ့….။"
ကုမ္ပဏီတွေမှာ ဂိုဒေါင်မရှိပေမဲ့ ပြခန်းတွေတော့ ရှိတတ်ကြပေသည်။ ဆေးဝါးပမာဏက အများကြီး မဟုတ်သော်လည်း သူတို့လို အဖွဲ့ငယ်လေးအတွက်တော့ ကြီးမားသသည့် ရလဒ်တစ်ခု ဖြစ်ပေလိမ့် မည်။ ထို့ပြင် ထိုရုံးအဆောက်အအုံထဲမှာ ဆေးဝါးကုမ္ပဏီက တစ်ခုတည်း မဟုတ်ပုံရပေသည်။
ယောင်ရန်သည် သာမန်ဆေးဝါးများကို စိတ်မဝင်စားသလို သူမ၏ နေရာလွတ်ထဲတွင်လည်း ထိုဆေးဝါး မျိုးစုံ ရှိပြီးသားဖြစ်သည်။ သို့သော် ဟွမ်ကျိဟွေး ခုနကပြောသွားသည့် ကင်ဆာကုသဆေး အသစ်ကမူ သူမ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားခဲ့လေသည်။
နောင်တစ်ချိန်တွင် တစ်ကမ္ဘာလုံးရှိ နျူကလီးယားစွမ်းအင်သုံး စက်ရုံတွေ ပေါက်ကွဲသည့်အခါ ကမ္ဘာအနှံ့ ရေဒီယိုသတ္တိကြွမှုတွေ ပျံ့နှံ့သွားပါလိမ့်မည်။ လေ၊ ရေနှင့် မြေဆီလွှာတွေ ညစ်ညမ်းကုန်ပြီး မည်သည့် သက်ရှိမျှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
နောင်တစ်ချိန် လိုအပ်လာနိုင်သည်များကို ကြိုတင်တွေးဆ၍ ရှားပါးဆေးဝါးများကို တတ်နိုင်သမျှ စု ဆောင်းထားသင့်သည်။ ဤဆေးအသစ်က ရေဒီယိုသတ္တိကြွမှုကြောင့် ဖြစ်ပွားသော ရောဂါများကို ကုသ နိုင်မလားဆိုသည်ကို ယောင်ရန် မသေချာသော်လည်း ဆေးဝါးရှိနေခြင်းက မရှိခြင်းထက် ပိုကောင်း သည် မဟုတ်ပါလား။
နောင်တွင် ဆေးတစ်လုံးက အသက်တစ်ချောင်းကို ကယ်တင်နိုင်ပေလိမ့်မည်။
သူတို့ ခုနစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ထိုရုံးအဆောက်အအုံသို့ သွားရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့ အမြန်လှုပ်ရှားဖို့ လိုအပ်သည်။ အချိန်အကြာကြီး စောင့်နေလျှင် ဘာမှမရဘဲ ဖြစ်သွားနိုင်သောကြောင့်ပင်။