← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉)

နောက်တစ်ကြိမ် သိမ်းကျုံးရှာဖွေခြင်း (၂)

ကုန်ပစ္စည်းပြခန်းမှာ ကျယ်ဝန်းလှပြီး ခေတ်မီဆန်းသစ်သော အဲယားကွန်းများ၊ အဝတ်လျှော်စက်များ၊ ရေခဲသေတ္တာများ၊ လျှပ်စစ်အိုးများနှင့် အခြားခေတ်ရှေ့ပြေးသော အိမ်သုံးလျှပ်စစ်ပစ္စည်းများစွာကို ခင်းကျင်းပြသထားလေသည်။

သူမ၏ ယခင်ဘဝတုန်းက အစိုးရသည် နိုင်ငံအနှံ့နေရာအသီးသီးတွင် စခန်းများ တည်ဆောက်ခဲ့ပြီး အချို့စခန်းများရှိ လူနေမှုဘဝမှာ အလွန်ကောင်းမွန်လှပေသည်။

သူမသည် စမ်းသပ်ခံ သတ္တဝါအဖြစ် အဖမ်းခံထားရစဉ်က ယောင်ရန်သည် သူမကိုယ်ပိုင်အိမ်လေး တစ်လုံးရှိရန် အမြဲအိပ်မက်မက်ခဲ့ဖူးသည်။ အကယ်၍ ဒီဘဝမှာ အခွင့်အရေးရခဲ့လျှင် ကမ္ဘာပျက်ကပ်၏ နိဗ္ဗာန်ဘုံဟု နာမည်ကြီးသည့် ထိုစခန်းများသို့ သူမ တကယ်သွားကြည့်ချင်မိသည်။

ထို့အပြင် သူမတွင် နေရောင်ခြည်စွမ်းအင်သုံး ဂျင်နရေတာများနှင့် သူမ၏ နေရာလွတ်ထဲတွင် အားသွင်း နိုင်သည့် ဆိုလာဘက်ထရီများ ရှိနေသဖြင့် လျှပ်စစ်မီးမှာ သူမအတွက် ပြဿနာမဟုတ်ပေ။ အကယ်၍ နောင်တွင် ဤအိမ်သုံးပစ္စည်းများကို မလိုတော့လျှင်လည်း အရေးမကြီးပေ။ သူမ၏ နေရာလွတ် ပြည့် သွားသောအခါမှ စွန့်ပစ်လိုက်ရုံသာ ရှိသည်။

ဤသို့တွေးပြီးနောက် ယောင်ရန်သည် နောင်တစ်ချိန်တွင် လိုအပ်လာပါက အသုံးပြုနိုင်ရန် သူမ နှစ်သက်သည့် ပစ္စည်းအချို့ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်လေသည်။

ပြခန်းပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ဤလျှပ်စစ်ပစ္စည်းများ၏ ဈေးနှုန်းမှာ အနည်းဆုံး သိန်းဂဏန်းမှ စတင်သည်ကို တွေ့ရလေသည်။

"ချမ်းသာတဲ့သူတွေကတော့ တကယ်ကို ဘဝကို ဘယ်လိုပျော်အောင်နေရမလဲဆိုတာ သိကြတာပဲ…။"

ယောင်ရန်က ခပ်တိုးတိုးမှတ်ချက်ပြုရင်း ဈေးအကြီးဆုံး ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။

ဤပစ္စည်းများမှာ နေရာအတော်ယူသော်လည်း ယောင်ရန်၏ နေရာလွတ်ထဲတွင် သိုလှောင်ရန် နေရာလွတ် အလုံအလောက် ရှိနေသည်။

ပြခန်း၏ နောက်ဘက်ရှိ သိုလှောင်ခန်းထဲသို့ လှမ်းဝင်လိုက်သောအခါ ရိက္ခာများဖြင့် ပြည့်နှက်လျှက် ရှိသည်ကို ယောင်ရန် တွေ့လိုက်ရသည်။ ကုမ္ပဏီကြီးများသည် ဝန်ထမ်းများ၏ ခံစားခွင့်ကို အမှန် တကယ် ကောင်းမွန်စွာ ပေးထားကြခြင်းဖြစ်သည်။

စင်ပေါ်တွင် နွားနို့၊ လက်ဖက်ခြောက်နှင့် ဖျော်ရည်မှုန့် အမျိုးမျိုးအပြင် ကောက်နှံမျိုးစုံ၊ ဆီးသီးခြောက်၊ ကြာစေ့၊ ငါးမန်းတောင်၊ ငှက်သိုက်နှင့် အခြားအရာများစွာ ရှိနေသည်။ ဤပစ္စည်းများကို ဧည့်သည် များကို ဧည့်ခံရန်အတွက် အသုံးပြုပုံရလေသည်။

ကံမကောင်းသည်မှာ ရေခဲသေတ္တာနှင့် အေးခဲသေတ္တာထဲရှိ ပစ္စည်းများမှာမူ ပုပ်သိုးကုန်ကြပြီဖြစ်သည်။

သိုလှောင်ခန်း၏ ဘေးတွင် မီးဖိုချောင်အသေးလေးတစ်ခု ရှိသည်။ ထိုနေရာတွင် နို့မှုန့်များ၊ ဂျုံမှုန့်နှင့် ပဲအမျိုးမျိုး၊ ကြက်ဥများ၊ နို့ဆီ၊ သစ်သီးခြောက်များ၊ စည်သွတ်ဘူးများ၊ အသင့်စား အစားအစာများ စသည်ဖြင့် အစုံအလင်ရှိနေသည်။

ယောင်ရန်သည် ကြက်ဥများကို စစ်ဆေးကြည့်ရာ မပုပ်သေးကြောင်း တွေ့ရသဖြင့် အားလုံးသယ်သွား လိုက်သည်။ အေးခဲသေတ္တာထဲတွင် အသားလတ်လတ်ဆတ်ဆတ်များ ရှိသော်လည်း ကံမကောင်းမစွာ ဖြင့် အားလုံးမှာ ပုပ်ကုန်ပြီဖြစ်သည်။

အသုံးဝင်မည့်အရာအားလုံးကို သူမ၏ နေရာလွတ်ထဲသို့ ရွှေ့ပြောင်းပြီးနောက် ယောင်ရန်သည် စီအီးအို ရုံးခန်းသို့ သွားရောက်စစ်ဆေးကာ လုံခြုံရေးသေတ္တာနှင့် ရှေးဟောင်းပစ္စည်း အသေးအမွှားအချို့ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် အလုပ်စားပွဲများကို ဆက်လက်စစ်ဆေးရာ အသင့်စား အစားအစာ များ၊ အချိုရည်ပုလင်းများနှင့် မုန့်များကို အများအပြား တွေ့ရှိခဲ့လေသည်။

သူမ ထွက်ခွာတော့မည့်ဆဲဆဲတွင် ရုံးခန်း၏ မှောင်ရိပ်ကျသော ထောင့်တစ်နေရာ၌ စုပုံထားသည့် သေတ္တာအချို့ကို သတိပြုမိသွားသည်။ သူမ၏ မျက်စိကသာ အမြင်မစူးရှလျှင် ထိုသေတ္တာများကို သတိထားမိလိုက်မည် မဟုတ်ပေ။

ယောင်ရန်သည် သေတ္တာတစ်လုံးကို စစ်ဆေးကြည့်ရာ အပေါ်တွင် ဘာစာသားမှ ရေးမထားသည်ကို တွေ့လိုက်ရသည်။ သိချင်စိတ်ဖြင့် သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ အရွယ်အစားမျိုးစုံရှိသည့် "ထီးငယ်လေးများ" (ကွန်ဒုံး) ဖြင့် ပြည့်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သူမသည်ထိုထီးငယ်လေးများပါသည့် သေတ္တာကို ခဏမျှ စိုက်ကြည့်နေပြီးနောက် အခြားသေတ္တာကြီး တစ်လုံးကို ထပ်မံဖွင့်ကြည့်လိုက်သည်။ သေတ္တာအချို့ကို စစ်ဆေးပြီးနောက် ဤထီးငယ်လေးများကို မည်သူက ဝယ်ခဲ့သနည်းဟု ယောင်ရန် တွေးတောနေမိသည်။ ဤကုမ္ပဏီသည် အိမ်သုံးလျှပ်စစ်ပစ္စည်း များ ရောင်းချသည့် ကုမ္ပဏီဖြစ်ရာ တစ်စုံတစ်ယောက်က ဝယ်ယူပြီး ဤနေရာသို့ ပို့ခိုင်းထားခြင်း ဖြစ်ရ ပေမည်။

သေတ္တာကြီးပေါင်း ခြောက်ဆယ်ရှိပြီး သေတ္တာကြီး တစ်လုံးစီတိုင်းတွင် သေတ္တာအငယ် တစ်ထောင်စီ ပါရှိသည်။ သေတ္တာအငယ် တစ်လုံးစီတွင် ထီးငယ်လေး အခုတစ်ရာစီ ပါရှိရာ အရွယ်အစားမျိုးစုံရှိသော ထီးငယ်လေးပေါင်း စုစုပေါင်း ခြောက်သန်းခန့် ရှိနေသည်။

သေတ္တာတစ်လုံးထဲတွင် ဝယ်ယူမှု ပြေစာတစ်ခုကို ယောင်ရန် တွေ့လိုက်ရပြီး ထိုအပေါ်ရှိ အမည်ကို မြင်လိုက်ရလေသည်။

[တျန့်မုန်]

သူမ စဉ်းစားကြည့်လိုက်ရာ တျန့်မုန်ဆိုသည်မှာ ဤကုမ္ပဏီခွဲ၏ စီအီးအိုဖြစ်ကြောင်း မှတ်မိသွားသည်။ စီအီးအိုရုံးခန်းရှိ ကျွန်းသားစားပွဲပေါ်တွင် တင်ထားသော ပြောင်လက်နေသည့် အနက်ရောင် အမည်ဆိုင်း ဘုတ်ပေါ်တွင် ထိုအမည်ကို ယောင်ရန် ခုနကပင် မြင်ခဲ့ခြင်းဖြစ်သည်။

သူမသည် ထိုသေတ္တာကြီးများကို တစ်ချက်ကြည့်ကာ ဝယ်ယူမှုပြေစာကို မမြင်လိုက်သလို ဟန်ဆောင် နေလိုက်သည်။

ယောင်ရန်သည် တစ်ခါမှ ရည်းစားမထားဖူးသော်လည်း ကမ္ဘာပျက်ကပ်တွင် ဤထီးငယ်လေးများနှင့် သန္ဓေတားဆေးများသည် ချမ်းသာသောသူများကြားတွင် အလွန်တန်ဖိုးထားပြီး အပြိုင်အဆိုင် လိုချင် ကြသည့် ရိက္ခာပစ္စည်းများ ဖြစ်ကြောင်း သူမ သိထားသည်။

သူမက ထိုသေတ္တာများကို ကြည့်ကာ ပြောလိုက်သည်။

"ဒါတွေအားလုံးက ရိက္ခာတွေပဲလေ။ အကုန်ပဲ ယူသွားလိုက်တော့မယ်….။"

တွေဝေမနေဘဲ ထီးငယ်လေးများပါသည့် သေတ္တာကြီး ခြောက်ဆယ်လုံးကို သူမ၏ နေရာလွတ်ထဲသို့ ထည့်လိုက်သည်။ ကုမ္ပဏီတစ်ခုလုံးကို သိမ်းကျုံးရှာဖွေပြီးနောက် သူမ အောက်ထပ်သို့ ဆင်းလာခဲ့ သည်။

နောက်ထပ် အောက်ထပ်အချို့မှာ နည်းပညာကုမ္ပဏီများ ဖြစ်ကြသည်။ အလုပ်စားပွဲ အမြောက်အမြား အပြင် သိုလှောင်ခန်းအသေးလေးနှင့် မီးဖိုချောင်အသေးလေး တစ်ခုစီ ရှိနေသည်။ ယောင်ရန်သည် သိုလှောင်ခန်းသို့ တန်းသွားလိုက်လေသည်။

စင်ပေါ်တွင် ဈေးကြီးသော မုန့်များ၊ အချိန်ပိုဆင်းသည့် ဝန်ထမ်းများအတွက် အသင့်စားအစားအစာများ၊ အချိုရည်များ၊ စည်သွတ်ဘူးများနှင့် ဟင်းခတ်အမွှေးအကြိုင်များပင် ရှိနေသည်။

သိုလှောင်ခန်းတစ်ခုလုံး ရိက္ခာများဖြင့် ပြည့်နေသည်ကို မြင်ရသဖြင့် ယောင်ရန် ကျေနပ်သွားပြီး အားလုံးကို သူ၏ နေရာလွတ်ထဲသို့ သိမ်းလိုက်လေသည်။ သူမသည် ဗလာကျင်းသွားသော သိုလှောင်ခန်း ထဲမှ ထွက်ခွာရန် ပြင်လိုက်စဉ် နောက်ဘက်ရှိ အေးခဲသေတ္တာကြီးနှင့် ရေခဲသေတ္တာကြီး တစ်လုံးကို သတိပြုမိသွားသည်။ ခုနက စင်များ ကွယ်နေသောကြောင့် သူမ မမြင်ခဲ့ခြင်း ဖြစ်သည်။

သူမက တစ်ချက်လှမ်းကြည့်ရုံသာကြည့်ပြီး လှည့်ထွက်ရန် ပြင်လိုက်သော်လည်း တံခါးဝသို့ မရောက်မီ မှာပင် နောက်ဘက်မှ ရင်းနှီးနေသော တဝီဝီ မည်သော အသံကို ကြားလိုက်ရသည်။ ထိုအသံမှာ အလွန် ရင်းနှီးနေသဖြင့် ယောင်ရန်၏ မျက်လုံးများ တောက်ပသွားသည်။

သူမသည် အေးခဲသေတ္တာနှင့် ရေခဲသေတ္တာဆီသို့ အပြေးအလွှား သွားကြည့်ရာ ထိုအသံမှာ ရေခဲ သေတ္တာထဲမှ ထွက်ပေါ်လာခြင်း အမှန်ပင်ဖြစ်သည်။ သူမ လက်လှမ်းကာ ရေခဲသေတ္တာကို ထိကြည့် လိုက်သောအခါ အနည်းငယ် ပူနွေးနေသည်ကို ခံစားလိုက်ရသည်။

*ရေခဲသေတ္တာက အလုပ်လုပ်နေတုန်းပဲ….။*

အံ့သြဝမ်းသာမှုများဖြင့် ယောင်ရန်သည် အသက်ကို ခေတ္တအောင့်ထားကာ ရေခဲသေတ္တာကြီးကို ဖွင့်လိုက်သည်။ သူမ မျှော်လင့်ထားသည့်အတိုင်းပင် တံခါးဖွင့်လိုက်သည်နှင့် မီးလင်းလာကာ အေးစိမ့် သော လေများက သူမ၏ မျက်နှာကို လာရောက်ရိုက်ခတ်လာခဲ့လေသည်။

အတွင်းရှိ လတ်ဆတ်သော အသားများနှင့် အဆင့်မြင့် ကုန်ပစ္စည်းများကို ကြည့်ကာ ယောင်ရန်က ရေရွတ်ရင်း သက်ပြင်းချလိုက်မိသည်။

"ဒီကုမ္ပဏီကတော့ ပိုက်ဆံ တော်တော်ရှာနိုင်တာပဲ။ အလုပ်ရှင်ကလည်း ဝန်ထမ်းတွေအပေါ် တကယ် ကောင်းတာပဲ…။"

ရေခဲသေတ္တာထဲမှ ရှိသမျှအားလုံးကို ထုတ်ယူပြီးနောက် အေးခဲသေတ္တာကြီးကို ဖွင့်ကြည့်ရာ အားလုံးမှာ ခဲနေဆဲဖြစ်ပြီး ပျက်စီးခြင်း မရှိသေးသည်ကို တွေ့ရသည်။ ရေခဲမုန့်များပင် ရှိနေသေးသည်။ ယောင်ရန် သည် ယနေ့ သူမ၏ ကံကောင်းမှုကို အလွန်ကျေနပ်သွားပြီး အရာအားလုံးကို အမြန်သိမ်းဆည်း လိုက် လေသည်။

အေးခဲသေတ္တာနှင့် ရေခဲသေတ္တာများ အလုပ်လုပ်နေဆဲဖြစ်ရာ ဤကုမ္ပဏီတွင် အရန်ဘက်ထရီ များ ရှိရမည်ဖြစ်သည်။ ထိုဘက်ထရီမှာ လျှပ်စစ်မီးပြတ်တောက်ပြီး တစ်လနီးပါးအထိ လျှပ်စစ်ပစ္စည်း အကြီးစားနှစ်လုံးကို ထောက်ပံ့ပေးနိုင်လောက်အောင် အားကောင်းနေပုံရသည်။

အခန်း (၇၀)

နောက်တစ်ကြိမ် သိမ်းကျုံးရှာဖွေခြင်း (၃)

ယောင်ရန်သည် သိုလှောင်ခန်းအတွင်း ပတ်ပတ်လည်ကို ရှာဖွေကြည့်လိုက်ရာ ရေခဲသေတ္တာဘေးရှိ နံရံတွင် တံခါးပေါက်အသေးလေးတစ်ခုကို တွေ့လိုက်ရသည်။ ထိုတံခါးဖွင့်ကြည့်လိုက်သောအခါ ဆိုလာဘက်ထရီအကြီးစားတစ်ခုကို တွေ့လိုက်ရလေသည်။

သူမ ယခင်က ဤကဲ့သို့သော ဆိုလာဘက်ထရီမျိုးကို ဝယ်ဖူးသဖြင့် ဆိုလာပြားများကို နေရာအနှံ့တွင် တပ်ဆင်ထားနိုင်ကြောင်း သိထားပေသည်။

ခဏမျှ စဉ်းစားပြီးနောက် ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ စက်ပြင်သေတ္တာကို ထုတ်ယူကာ ဘက်ထရီကို စတင်ဖြုတ်ယူတော့သည်။ ဖြုတ်ပြီးသွားသောအခါ ဆိုလာပြားများကို ဆက်လက်၍ လိုက်ရှာလိုက်သည်။ ငါးမိနစ်ခန့် ရှာဖွေပြီးနောက် အဆောက်အအုံအပြင်ဘက် နံရံတွင် တပ်ဆင် ထားသော ဆိုလာပြားများကို တွေ့လိုက်ရလေသည်။

တပ်ဆင်ထားသည့်နေရာမှာ အန္တရာယ်များလှသဖြင့် ယောင်ရန်သည် ပြတ်သားစွာပင် လက်လျှော့လိုက် ၏။ သူမ၏ နေရာလွတ်ထဲတွင် ဆိုလာပြားအသစ်များစွာ ရှိနေပြီးဖြစ်ရာ ဤဆိုလာပြားအနည်းငယ် အတွက်နှင့် အသက်စွန့်ရန် မထိုက်တန်ပေ။

ဆုံးဖြတ်ချက်ချပြီးနောက် ယောင်ရန်သည် အလုပ်စားပွဲများကို လိုက်လံရှာဖွေရာ အစားအစာ၊ အချို ရည်နှင့် မုန့်အမြောက်အမြားကို တွေ့ရှိခဲ့သည်။ ထို့နောက် စီအီးအို ရုံးခန်းသို့ သွားရောက်ခဲ့သည်။ သူမ ယခင်က မြင်ဖူးသမျှ စီအီးအိုရုံးခန်းများနှင့်မတူဘဲ ဤရုံးခန်းမှာ အဆပေါင်းများစွာ ပိုမိုကြီးမားလှသည်။

ကျယ်ဝန်းပြီး ခမ်းနားထည်ဝါလှသော ရုံးခန်းကို ကြည့်ကာ ယောင်ရန်မှာ အံ့သြတကြီးဖြင့် တောက် တစ်ချက် ခတ်လိုက်မိလေသည်။

သူမသည် ရှေးဟောင်းပစ္စည်းများနှင့် မီးခံသေတ္တာကို လိုက်ရှာကြည့်လိုက်သည်။ သို့သော် ရုံးခန်း၊ ဧည့်ခန်း၊ နားနေခန်းနှင့် သီးသန့်အိပ်ခန်းထဲအထိ ရှာဖွေသော်လည်း မီးခံသေတ္တာကို ရှာမတွေ့ခဲ့ပေ။

သူမ၏ မေးစေ့ကို လက်ဖြင့်ပွတ်ရင်း ယောင်ရန် စဉ်းစားနေမိသည်။ ဤစီအီးအိုသည် အခြားသူများကဲ့ သို့ မီးခံသေတ္တာကို အသုံးမပြုဘဲ ဘဏ္ဏာတိုက် တစ်ခုကို တိုက်ရိုက် တည်ဆောက်ထားခြင်း ဖြစ်နိုင်သည် ဟု ခန့်မှန်းလိုက်သည်။

*ဒါပေမဲ့ အဲဒီအခန်းက ဘယ်နေရာမှာရှိနိုင်လဲ….။*

သူမ စဉ်းစားနေစဉ် ယောင်ရန်၏ အကြည့်မှာ နံရံတစ်ဝက်ခန့်ရှိသော ပန်းချီကားကြီးပေါ်သို့ ကျရောက် သွားသည်။ စပ်စုချင်စိတ်ဖြင့် သူမ ပန်းချီကားဆီသို့ ကြည့်ရန် လျှောက်သွားခဲ့လိုက်လေသည်။

လုံခြုံရေးအရ အပြင်အဆင်အရ စစ်ဆေးကြည့်လျှင် ဤပန်းချီကားမှာလည်း ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်ရမည်။ ရှေးဟောင်းပစ္စည်းဖြစ်နေသဖြင့် ယောင်ရန်က လက်မလွှတ်ဘဲ သူမ၏ နေရာလွတ်ထဲသို့ တိုက်ရိုက် ထည့်လိုက်လေသည်။

ဤ ပန်းချီကားကို ဖယ်ရှားလိုက်သောအခါတွင်မူ ယောင်ရန်သည် ထိုနေရာတွင် သံတံခါးအကြီးကြီး တစ်ခုကို တွေ့လိုက်ရသဖြင့် အလွန်အံ့သြသင့်သွားသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဒီစီအီးအိုက တခြားသူတွေနဲ့ တကယ်မတူဘူးပဲ….။"

ဘဏ္ဏာတိုက်ကို ရှာတွေ့သွားသဖြင့် ယောင်ရန် အလွန်ဝမ်းသာသွားပြီး တံခါးကို အမြန်စစ်ဆေးကြည့်ရာ အလိုအလျောက်သော့ တပ်ဆင်ထားသည်ကို တွေ့ရသည်။ လျှပ်စစ်မီးမရှိဘဲ ဤတံခါးကို ဖွင့်၍မရနိုင် ပေ။ အခြားသူများဆိုလျှင် စိတ်ပျက်လက်ပျက် ပြန်လှည့်သွားကြမည်ဖြစ်သော်လည်း ယောင်ရန်တွင်မူ အဘိုးရွှီ ပေးထားသည့် အထူးကိရိယာ ရှိနေသည်မဟုတ်ပါလား။

အချိန်ဆွဲမနေတော့ဘဲ သူမ၏ နေရာလွတ်ထဲမှ သော့ဖျက်ကိရိယာ ကို ထုတ်လိုက်သည်။ ၎င်းကို တံခါး ပေါ်တွင် တင်ကာ ခလုတ်နှိပ်ပြီးနောက် သော့ပွင့်လာမည့်အချိန်ကို စောင့်နေလိုက်သည်။

စက္ကန့်နှစ်ဆယ်ခန့်အကြာတွင် ယောင်ရန်သည် "ကလစ်" ခနဲ မြည်သံကို ကြားလိုက်ရသဖြင့် တံခါးပွင့် သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူမသည် ကိရိယာကို အမြန်သိမ်းကာ နေရာလွတ်ထဲသို့ ပြန်ထည့် ပြီး လေးလံသော တံခါးကြီးကို တွန်းဖွင့်လိုက်သည်။

ဘဏ္ဏာတိုက် အခန်းထဲသို့ လှမ်းဝင်လိုက်သောအခါ ယောင်ရန်၏ မျက်လုံးများမှာ အံ့သြလွန်းသဖြင့် ပြူးကျယ်သွားရတော့သည်။ စင်ပေါင်းများစွာပေါ်တွင် ရှေးဟောင်းအလှဆင်ပစ္စည်းများဖြင့် ပြည့်နှက် နေပြီး နံရံများတွင်လည်း ပန်းချီကားများနှင့် ကမ္ဗည်းစာများ ချိတ်ဆွဲထားသည်။ သီးသန့်စင်များပေါ် တွင်လည်း တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများကို မှန်ဗူးများဖြင့် ခင်းကျင်းပြသထားသည်။

ယောင်ရန်သည် အခန်းအလယ်ရှိ စင်တစ်ခုဆီသို့ လျှောက်သွားရာ ထိုနေရာတွင် ဓားရှည်တစ်လက်ကို တွေ့လိုက်ရသည်။ ဓားအိမ်နှင့် ဓားရိုးပေါ်ရှိ လက်ရာမြောက်သော ပန်းခက်ပန်းနွယ်များကို ကြည့်ခြင်း အားဖြင့် ဤဓားရှည်မှာလည်း ရှေးဟောင်းပစ္စည်းဖြစ်ကြောင်း သူမ သေချာသွားသည်။

လုံခြုံရေးစနစ်အတွက် လျှပ်စစ်မီးမရှိသဖြင့် ယောင်ရန်သည် မှန်ဗူးကို အလွယ်တကူဖွင့်ကာ ဓားကို ထုတ်ယူလိုက်သည်။

သူမ ဓားကို ဆွဲထုတ်လိုက်သောအခါ အေးစိမ့်သော အလင်းရောင်များ လက်ခနဲ ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ လေးလံပုံရသော်လည်း ကိုင်ကြည့်လိုက်သောအခါတွင်မူ ယောင်ရန်အတွက် လေး သည်ဟုပင် မခံစားရပေ။ လေထဲတွင် နှစ်ချက်၊ သုံးချက်ခန့် ဝှေ့ယမ်းကြည့်ရာ ဤဓားရှည်မှာ စစ်သုံး ဓားမြှောင်ထက်ပင် အသုံးပြုရ ပို၍လွယ်ကူကြောင်း ခံစားလိုက်ရလေသည်။

သူမသည် လက်ကိုမြှောက်ကာ ဓားရှည်ဖြင့် စင်ကို ခုတ်ချလိုက်သည်။

"ချွင်… ဝုန်း….."

ဓားရှည်သည် ထူထဲသော သံမဏိစင်နှင့် ထိတွေ့သွားသည့် ခဏမှာပင် နူးညံ့စွာ ဖြတ်သန်းသွားသည်ကို ယောင်ရန် ခံစားလိုက်ရသည်။ သံမဏိကို တို့ဖူးလှီးသကဲ့သို့ အလွယ်တကူ ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

သူမ၏ မျက်လုံးများ တောက်ပသွားပြီး အံ့သြတကြီး ရေရွတ်လိုက်မိလေသည်၊

"ဒါက တကယ့် နတ်ဘုရားလက်နက်ပဲ….။"

ယောင်ရန်သည် ဓား၏ ထက်မြက်မှုကို အလွန်ကျေနပ်သွားသဖြင့် ဓားကို ဓားအိမ်ထဲ ပြန်ထည့်ကာ ကျောတွင် လွယ်ထားလိုက်သည်။ ထို့နောက် ရှေးဟောင်းပစ္စည်းစင်များရှိရာဆီသို့ လျှောက်သွားခဲ့ သည်။

စင်များပေါ်တွင် အပြာနှင့်အဖြူရောင် ကြွေဗူးများ၊ ကြွေပန်းကန်များ၊ ဝိုင်အိုးများ၊ ခြေသုံးချောင်းပါ ဝိုင်ခွက်များ၊ နံ့သာပေါင်းဖိုများ၊ မှင်ကျောက်ပြင်များနှင့် အခြားရှေးဟောင်းပစ္စည်းများစွာ ရှိနေသည်။

ယောင်ရန်သည် သူမ၏ အဘိုးနှင့်အတူ နှစ်နှစ်ခန့် နေထိုင်ခဲ့ဖူးသဖြင့် ရှေးဟောင်းပစ္စည်းများအကြောင်း အနည်းငယ် နားလည်သည်။ ထို့ကြောင့် ဤအရာများမှာ စစ်မှန်သော ရှေးဟောင်းပစ္စည်းများဖြစ် ကြောင်း သူမ သိပေသည်။ ကမ္ဘာပျက်ကပ်သာ ရောက်မလာလျှင် သူမ၏ ဘဝတွင် ဤကဲ့သို့သော ရှေးဟောင်းပစ္စည်းများကို မြင်တွေ့ခွင့်ရရန်ပင် လွယ်ကူလိမ့်မည်မဟုတ်ပေ။

နှမြောစရာကောင်းသည်မှာ ယခုသည် ကမ္ဘာပျက်ကပ် ဖြစ်နေပြီး ဤတန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများ မှာ ပေါင်မုန့်တစ်လုံးစာပင် တန်ဖိုးမရှိတော့ခြင်း ဖြစ်သည်။

သို့သော် ယောင်ရန်အတွက်မူ ဤရှေးဟောင်းပစ္စည်းများသည် သူမ၏ နေရာလွတ်ကို အဆင့်မြှင့်တင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ရာ ဤနေရာတွင် ဖုန်တက်ခံ၍ထားမည် မဟုတ်ပေ။ သူမ၏ လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ရှေးဟောင်းပစ္စည်းစင်များနှင့် ထိုစင်များအပေါ်ရှိ ပစ္စည်းအားလုံးကို နေရာလွတ်တွင် သိမ်းဆည်းလိုက်လေတော့သည်။

နံရံတွင်လည်း ရှေးဟောင်းပညာရှင်များ၏ ပန်းချီကားများနှင့် ကမ္ဗည်းစာများစွာ ချိတ်ဆွဲထားသည်။ တစ်ခုတည်းကို အပြင်သို့ ထုတ်ပြလိုက်ရုံဖြင့် ကမ္ဘာကို တုန်လှုပ်စေမည့် အရာများ ဖြစ်သည်။ သူမသည် မျက်တောင်တစ်ချက်မခတ်ဘဲ အားလုံးကို ယူဆောင်လိုက်သည်။

အခန်းထောင့်တွင် သေတ္တာများ တောင်ပုံရာပုံ ရှိနေသည်ကို ယောင်ရန် တွေ့လိုက်ရသည်။ စပ်စုချင် စိတ်ဖြင့် သွားကြည့်ရာ ထိုသေတ္တာများထဲတွင် ကမ္ဘာတစ်ဝှမ်းမှ အရေအတွက်ကန့်သတ် ထုတ်လုပ်ထား သော အရက်မျိုးစုံ ရှိနေသည်ကို တွေ့လိုက်ရလေသည်။

သူမအတွက်သာ အသုံးဝင်သည့် ရှေးဟောင်းပစ္စည်းများနှင့်မတူဘဲ ဤအရက်များသည် နောင်တစ်ချိန် တွင် တန်ဖိုးကြီး၍ လဲလှယ်နိုင်သော ကုန်ပစ္စည်း အဖြစ် အသုံးပြုနိုင်သည်။ ယောင်ရန်သည် ဤ ချမ်းသာသော စီအီးအိုကို စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရင်း သေတ္တာအားလုံးကို သူမ၏ နေရာလွတ်ထဲသို့ သိမ်းကျုံးထည့်လိုက်သည်။

ပထမဧရိယာကို ရှင်းလင်းပြီးနောက် ယောင်ရန်သည် ဒုတိယဧရိယာသို့ လျှောက်သွားရာ ထိုနေရာတွင် အရေအတွက်ကန့်သတ် ထုတ်လုပ်ထားသော လက်ပတ်နာရီများကို ခင်းကျင်းထားသည်။ အချို့နာရီ များမှာ စိန်စစ်စစ်များ စီခြယ်ထားပြီး ရွှေစစ်စစ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ကမ္ဘာပျက်ကပ်တွင် ဤနာရီများမှာ တန်ဖိုးရှိဦးမည်လား သူမ သေချာမသိသော်လည်း သူမတွင် သယ်သွားရန် နေရာအလုံ အလောက် ရှိနေသည်မဟုတ်ပါလား။

မည်သူသိနိုင်မည်နည်း။ နောင်တစ်ချိန်တွင် သူမထံမှ ဤနာရီများကို ဝယ်ချင်သည့် သူဌေးများနှင့် တွေ့ ကောင်းတွေ့နိုင်သည်။ သို့မဟုတ်ပါကလည်း ဩဇာအာဏာရှိသူများနှင့် ရင်းနှီးမှုတည်ဆောက်ရန် အတွက် လက်ဆောင်အဖြစ် ပေးကောင်းပေးနိုင်ပေလိမ့်မည်။

All Chapters