← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁) ဝေ့တာ့ထုံ ရိုက်သတ်ခံရပြီ၊ ယွင်ဟွား ဘိုးဘေးခန်းမ၌ ဒူးထောက်ရခြင်း

ဤသေမင်းခေါ်သံကို ကြားလိုက်ရသောအခါ ဝေ့တာ့ထုံမှာ အလွန်တရာ ကြောက်လန့်သွားပြီး အသံတစ်ချက်ပင် မထွက်ရဲတော့ချေ။ သူမသည် ဝေ့အိမ်တော်သို့ ဝင်ရောက်သောင်းကျန်းနေသည် မဟုတ်ပါလော။ မိမိသည် ဤနေရာသို့ မည်သို့မည်ပုံ ရောက်ရှိလာရသနည်း။

"ဝေ့တာ့ထုံ... ငါ့အသက်ကို ယူဖို့ နင်က လူတစ်ယောက်ကိုတောင် စီစဉ်ခဲ့သေးတယ်ဆိုတာ ငါ မှတ်မိသေးတယ်... ဟီးဟီးဟီး... သူ မသေခင် ငါ သေချာ မကစားလိုက်ရတာလေးပဲ နည်းနည်း နှမြောစရာကောင်းတယ်..."

လူအများ…..

“ပန်းကလေး... ငါတို့ အဲဒီအစား စာအုပ်တွေ ပိုဖတ်ကြရင် မကောင်းဘူးလား..”

ယွင်ဟွား ပြောနေသော စကားများကြောင့် ရှင်ခြင်းသေခြင်းစာအုပ်မှာ လုံးဝ အင်အားမဲ့စွာ ခံစားလိုက်ရလေသည်။ သူတို့ ဘာတွေပြောနေသလဲဆိုတာကိုသာ ကြည့်လိုက်ပါလေ။

ချွေ့ဝမ်ရှင်း၏ မျက်ဝန်းများသည် အမှောင်ထုထဲမှ တောက်ပနေသည်။ သူမအနေဖြင့် သူမ၏ သမီးငယ်လေးကို ဤအတိုင်း စည်းကမ်းမဲ့ ကြီးပြင်းလာစေရန် ခွင့်ပြု၍မရနိုင်တော့ဟု ထင်ရပေသည်။

ယွင်ဟွားသည် လှုပ်ရှားမှုမရှိသော ရထားလုံးတံခါးကို စူးစိုက်ကြည့်ကာ အံကြိတ်လိုက်၏။

"နင် အခု အပြင်ထွက်မလာရင် ငါ အထဲဝင်ပြီး နင့်ကို ဖမ်းရလိမ့်မယ်..."

ရထားလုံးထဲရှိ ဝေ့တာ့ထုံ၏ မျက်ဝန်းများထဲတွင် လူသတ်ချင်သော ရည်ရွယ်ချက်များ ပြည့်နှက်နေပြီး သူ၏ ဘွတ်ဖိနပ်ထဲမှ ဓားမြှောင်တစ်လက်ကို ဆွဲထုတ်ကာ သူ၏ ရင်ဘတ်ရှေ့တွင် ကာကွယ်ထားလိုက်သည်။

“ပန်းကလေး... သူ့မှာ ဓားမြှောင်တစ်လက် ပါတယ်... နင် အထဲဝင်လာတာကို စောင့်ပြီး နင့်ကို ထိုးဖို့ လုပ်နေတာ..”

“ဟမ့်.. ဒီခွေးကောင်..”

ယွင်ဟွားက ကျိန်ဆဲလိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် အေးစက်သော အငွေ့အသက်များ ဖြတ်ပြေးသွားသည်။

"သခင်မလေး... ကျွန်မကိုလွှတ်လိုက်ပါ..."

ထောင်ဟွာက ရှေ့သို့ တက်လာသည်။ သူမ၏ သခင်မလေးကို နောက်ထပ် အန္တရာယ်နှင့် ရင်ဆိုင်ရစေရန် သူမ ခွင့်မပြုနိုင်ပေ။

ယွင်ဟွားက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

"မလိုဘူး..."

ထို့နောက် မြင်း၏ကျောပေါ်မှ ကြိုးကို ဖြုတ်လိုက်ပြီး ရထားလုံး၏ ထောင့်တစ်နေရာကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ အားကုန်သုံး၍ လှည့်ပတ်လိုက်သည်။

"အပြင်ထွက်ခဲ့စမ်း..."

ချက်ချင်းဆိုသလိုပင် ရထားလုံးတစ်စီးလုံးမှာ ဂျင်တစ်ရုပ်ကဲ့သို့ ရူးသွပ်စွာ လည်ပတ်သွားလေသည်။ လူအားလုံးမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး ယွင်ဟွား၏ ကြီးမားလှသော ခွန်အားအပေါ် အမြင်သစ်တစ်ရပ် ရရှိသွားကြသည်။

ဝေ့တာ့ထုံသည် ရုတ်တရက် လည်ပတ်မှုကြောင့် အလွန်တရာ ကြောက်လန့်သွားကာ မျက်နှာတစ်ခုလုံး ဖြူလျော့သွားလေတော့သည်။ သူ၏ ခန္ဓာကိုယ်မှာ အရှိန်ကြောင့် ထိန်းချုပ်မရဘဲ လွင့်စဉ်နေပြီး နာကျင်မှုကြောင့် မျက်နှာမဲ့သွားသည်။

မူးဝေအန်ချင်စိတ်တစ်ခုက ဝေ့တာ့ထုံကို လွှမ်းမိုးသွားပြီး ပြင်းထန်သော မူးဝေမှုကြောင့် သူ၏ အမြင်အာရုံများပင် မည်းမှောင်သွားသည်။ စောစောက သူ ကိုင်ထားသော ဓားမြှောင်မှာလည်း တိုက်ဆိုင်စွာပင် သူ၏ ပေါင်ကို စိုက်ဝင်သွားသဖြင့် သူက နာကျင်စွာ အော်ဟစ်လိုက်မိသည်။

"ရပ်ပါ... အခုချက်ချင်း ရပ်လိုက်စမ်းပါ..."

ယွင်ဟွားက နားမကြားချင်ယောင်ဆောင်ကာ သူမ၏ နားရွက်ကို ကုတ်လိုက်သည်။ နားပင်းဆွံ့အချင်ယောင်ဆောင်ကာ အပြင်ထွက်ရန် ငြင်းဆန်ခဲ့ခြင်းမှာ သူ၏ အပြစ်သာ ဖြစ်၏။ ယွင်ဟွားက သူမကိုယ်သူမ အလွန် ကလဲ့စားချေတတ်သူတစ်ဦးဖြစ်ကြောင်း ပြောခဲ့ဖူးလေသည်။

အားသစ်လောင်းလိုက်ခြင်းနှင့်အတူ ရထားလုံးမှာ အရှိန်တက်လာပြီး ရူးသွပ်စွာ လည်ပတ်နေသည်။ ဝေ့တာ့ထုံခမျာ စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေသည်။ သူက အသံကုန် အော်ဟစ်လိုက်၏။

"ရပ်ပါ... ရပ်ပါ... ငါ ဝန်ခံပါ့မယ်... အရာအားလုံးကို ဝန်ခံပါ့မယ်...အမတ်ငယ်ယွင်... ကျေးဇူးပြုပြီး ရပ်ပါတော့..."

ထိုအခါ ယွင်ဟွားသည် ရထားလုံး၏ ထောင့်တစ်နေရာကို ဆွဲဖမ်းလိုက်လေသည်။

ဘန်း...

ဝေ့တာ့ထုံသည် ဟန်ချက်ပျက်သွားကာ ရထားလုံးထဲမှ လိမ့်ကျလာလေသည်။ မူးဝေမှုကြောင့် သူ၏ မျက်နှာမှာ သေလုမတတ် ဖြူလျော့နေပြီး အန်ချင်စိတ်များဖြင့် မြေပြင်ပေါ်သို့ ပြိုကျသွားလေသည်။

ယွင်ဟွားသည် အလျင်အမြန်ပင် သူမ၏ ဖိနပ်ကို ချွတ်လိုက်ပြီး သူ အန်မချနိုင်စေရန် သူ၏ ပါးစပ်ထဲသို့ ဆို့ထည့်လိုက်လေသည်။ သူမ၏ အာရုံခံစားမှုများမှာ အလွန် ထက်မြက်လှသဖြင့် ဤညစ်ပတ်သော အရာကြောင့် သူမ၏ အနံ့ခံအာရုံ ထိခိုက်မည်ကို သူမ စိုးရိမ်မိလေသည်။ ဤလှည့်ကွက်ကို သူမသည် ကြင်ယာတော်စုထံမှ သင်ယူခဲ့ခြင်း ဖြစ်ပေသည်။

ဝေ့တာ့ထုံသည် မျက်လုံးများ ပြူးကျယ်သွားကာ စကားလုံးများကို ပြန်လည်မျိုချလိုက်ရပြီး သူ၏ ခြေလက်များမှာ အားပျော့သွားကာ သေရသည်ထက်ပင် ဆိုးရွားသော ခံစားချက်ဖြင့် မြေပြင်ပေါ်သို့ ပြိုကျသွားလေသည်။

ယွင်ဟွားက သူ့ကို အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်၏။

"အခု ဝန်ခံစမ်း..."

"နင့်ရဲ့ ပြစ်မှုတွေအားလုံးကို ရှင်းရှင်းလင်းလင်း ဝန်ခံစမ်း... ဘာတစ်ခုမှ ဖုံးကွယ်ဖို့ မကြိုးစားနဲ့... ငါ ဘာအတော်ဆုံးလဲဆိုတာ နင် သိပါတယ်... ဒါမှမဟုတ်ရင်တော့..."

ယွင်ဟွားသည် ရထားလုံးဆီသို့ အကြည့်ကို ပြန်လှည့်လိုက်ရာ သူမ၏ နှုတ်ခမ်းထက်တွင် ကဲ့ရဲ့ဟန် အပြုံးတစ်ခု ပေါ်လာသည်။

"နောက်တစ်ကြိမ်ကျရင် နင့်ကို လှည့်ပတ်နေမယ့်အစား ကောင်းကင်ပေါ် လွှင့်ပစ်လိုက်မယ်..."

ဝေ့တာ့ထုံ တုန်လှုပ်သွားသည်။ ချက်ချင်းဆိုသလိုပင် သူ၏ မျက်နှာပေါ်တွင် မျက်ရည်များနှင့် နှပ်များ စီးကျလာလေသည်။ ယွင်ဟွား၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့် ရင်ဆိုင်ရချိန်တွင် သူသည် နာခံမှုရှိစွာ ဝန်ခံရန်သာ တတ်နိုင်တော့ချေ။

"ဝါး..."

"ကျွန်တော်ပါ... အားလုံး ကျွန်တော် လုပ်ခဲ့တာပါ..."

"မင်ရှင်းဘုရားကျောင်းက လူတွေက မူလက သာမန်ဓားပြလေးတွေပါ... ကျွန်တော် သူတို့ကို စုဆောင်းခဲ့ပြီး သူတို့က ကျွန်တော့်အတွက် အလုပ်လုပ်ပေးနေတာပါ..."

"လူကုန်ကူးတာက ငွေမြန်မြန်ရတဲ့ နည်းလမ်းဖြစ်လို့ ဒါကို ကျွန်တော် မျက်စိကျခဲ့တာပါ... ဘာပဲဖြစ်ဖြစ် သူဌေးတွေရဲ့ စိတ်ဝင်စားမှုတွေက တစ်နည်းမဟုတ် တစ်နည်း ကွဲပြားနေကြတာပဲလေ..."

"သူတို့ကို လူမိမှာစိုးလို့ တစ်နေရာတည်းမှာ အကြာကြီး မနေဖို့လည်း ကျွန်တော် ပြောခဲ့ပါတယ်... ဒါပေမယ့်... ဒါပေမယ့် ဒီတစ်ခါ... မြို့တော်မှာတော့..."

"ဒါပေမယ့် နင်က ငါ့လှည့်ကွက်တွေထဲ ကျသွားတာပေါ့..."

ယွင်ဟွားက သူမ ကြားလိုက်ရသောအရာများကြောင့် ဒေါသထွက်သွားကာ ငွေမြန်မြန်ရသည်ဆိုသော အကြောင်းပြချက်သက်သက်ဖြင့် အမျိုးသမီးများနှင့် ကလေးငယ်မည်မျှ ပျက်စီးခဲ့ရသနည်းဟု တွေးလိုက်မိသည်။ သူမက ဝေ့တာ့ထုံ၏ ရင်ဘတ်ကို ကန်ချလိုက်ရာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

"ဒီခွေးကောင်... နင်က ထွက်ပြေးနေရင်းနဲ့တောင် ပြစ်မှုတွေ ဘယ်လိုကျူးလွန်ရမလဲဆိုတာ သိနေသေးတယ်ပေါ့... ပြောစမ်း... နင် စုစုပေါင်း လူဘယ်နှယောက်ကို ပြန်ပေးဆွဲခဲ့ပြီးပြီလဲ..."

မျက်နှာဖြူလျော့နေသော ဝေ့တာ့ထုံသည် နောက်သို့ ဆုတ်သွားကာ ယွင်ဟွားကို မကြည့်ရဲတော့ဘဲ ပြောလိုက်သည်။

"ကျွန်တော်... ကျွန်တော် မမှတ်မိတော့ဘူး..."

"ကျွန်တော် မမှတ်မိတော့ဘူး..."

ယွင်ဟွားက ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး သူမ၏ အခြားဖိနပ်တစ်ဖက်ကိုပါ ချွတ်ကာ ထိုဆိုးသွမ်းသော မျက်နှာကို တစ်ဒါဇင်ကျော် ဆက်တိုက် ရိုက်ချလိုက်သည်။

"နင့်ကို မမေ့သွားအောင် ငါ လုပ်ပေးမယ်... လိမ်မပြောတတ်အောင် ငါ လုပ်ပေးမယ်... နင့်ကို အဂတိကင်းတဲ့ အရာရှိတစ်ယောက် ဖြစ်လာအောင် ငါ လုပ်ပေးမယ်..."

“ပန်းကလေး... ရွှေအုတ်ခဲတွေကို သုံးလိုက်... သူ့ဘဝရဲ့ အဓိပ္ပာယ်ကို မေးခွန်းထုတ်လာတဲ့အထိ ရွှေအုတ်ခဲတွေနဲ့သာ ထုရိုက်လိုက်..”

“မဖြစ်ဘူး... ဒီနေရာမှာ သာမန်ပြည်သူတွေအပါအဝင် လူတွေ အများကြီး ရှိတယ်... ငါက ရွှေအုတ်ခဲတွေကို လေထဲကနေ ဖန်ဆင်းလိုက်ရင် သူတို့ ကြောက်လန့်သွားကြလိမ့်မယ်..”

ရှင်ခြင်းသေခြင်းစာအုပ်က သူ၏ နဖူးကို ရိုက်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားသည်။

“ဟုတ်သားပဲ... သူတို့က ငါတို့ကို မိစ္ဆာတွေလို့ ထင်သွားရင် နစ်နာလိမ့်မယ်... ဒါဆိုလည်း သူ့ကို နောက်ထပ် အချက်အနည်းငယ်လောက် ထပ်ရိုက်လိုက်ကြတာပေါ့..”

ယွင်ဟွားက အချက်ပေါင်းများစွာ ဆက်တိုက် ရိုက်နှက်လိုက်ရာ ဝေ့တာ့ထုံမှာ မူးဝေထုံထိုင်းသွားပြီး သွေးတစ်ပလုတ် အန်ချလိုက်ကာ သွားများမှာလည်း မြေပြင်အနှံ့ ပြန့်ကျဲသွားသည်။

“ပန်းကလေး... ပြေးတော့..”

ထိုစဉ် ရှင်ခြင်းသေခြင်းစာအုပ်က အလျင်စလို အသံပြုလိုက်သည်။ ယွင်ဟွား တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ထောင်ဟွာက သူမကို ပွေ့ချီကာ ရှောင်တိမ်းသွား၏။ အလုံးပုံသဏ္ဍာန် အရာဝတ္ထုတစ်ခု လွင့်ပျံလာပြီး ဝေ့တာ့ထုံ၏ ခေါင်းကို ထိမှန်သွားသည်ကို သူမ မြင်လိုက်ရသည်။

ခွပ်... ခနဲ အသံနှင့်အတူ ကြက်ဥအရည်များက ဝေ့တာ့ထုံ၏ နဖူးပေါ်မှ စီးကျလာသည်။

"သူ့ကို ရိုက်ကြ... သတ်ကြ..."

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ပြီးနောက် ဝေ့တာ့ထုံ၏အပေါ်သို့ ကြက်ဥများ၊ ဟင်းသီးဟင်းရွက် ရွက်ဟောင်းများနှင့် နံစော်နေသော ဖိနပ်များ မိုးရွာချသကဲ့သို့ ကျဆင်းလာသည်။

ယွင်ဟွားက သူမ၏ ရင်ဘတ်ကို ပုတ်လိုက်သည်။ သီသီလေး လွတ်သွားတာပဲ…

အချိန်ခဏကြာပြီးနောက်…

ဒေါသထွက်နေသော ပြည်သူအချို့နှင့် ကလေးများ ပျောက်ဆုံးသွားသော မိသားစုများက လက်နက်များကို ကိုင်ဆောင်ကာ တိုက်ခိုက်ကြသည်။

ချက်ချင်းဆိုသလိုပင်…

စစ်သားများနှင့် သွားကြိတ်နေကြသော ပြည်သူများကြားတွင် ဖရိုဖရဲ ဖြစ်သွားပြီး ဝေ့တာ့ထုံမှာမူ မည်သူမည်ဝါမှန်းမသိသော သူများ၏ ရိုက်နှက်မှုကြောင့် သေပွဲဝင်သွားခဲ့လေပြီ။

ယွင်ဟွားသည် ကြည့်ရှုရသည်ကို လုံးဝ စိတ်ဝင်စားနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမကို သူမ၏ အကြီးဆုံးအစ်ကိုနှင့် တတိယအစ်မတို့က ပွေ့ချီလိုက်ရာ သူမ၏ ခြေထောက်များမှာ လေထဲတွင် တွဲလောင်းဖြစ်နေပြီး ယွင်မိသားစုအိမ်တော်ဆီသို့ လျှောက်သွားကြလေသည်။

"အစ်ကိုကြီး... တတိယအစ်မ... ကျွန်မကို မျက်နှာလေး ဘာလေး နည်းနည်း ထောက်ကြပါဦး... မျက်နှာလေးတော့ ထောက်ကြပါဦး..."

“ညီမရဲ့မောင်လေး ဒီမှာ ရှိနေသေးတယ်... သူက ဒါကို မြင်ပြီး ညီမကို ရယ်စရာလုပ်တာမျိုး အဖြစ်မခံနိုင်ဘူး... ဒါက ညီမရဲ့ အစ်မကြီးဆိုတဲ့ သူရဲကောင်းပုံရိပ်ကို ကျဆင်းသွားစေလိမ့်မယ်..."

"ရှောင်ယွမ်ယွမ်... မြန်မြန်... နင့်ရဲ့ အစ်မကြီးကို မြန်မြန် ကယ်ပါဦး..."

နန်ကုန်းယွမ်က သူ့ကို လက်ပြနေသော ယွင်ဟွားကို ကြည့်ကာ ကူကယ်ရာမဲ့သော အကြည့်များဖြင့်သာ ထွက်ခွာသွားနိုင်သည်။ သခင်မယွင်မှာ ဒေါသများကို များစွာ မျိုသိပ်ထားရကြောင်း သူ သိနိုင်သည်။

"ဒီနေ့တော့ သမီးကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး..."

ချွေ့ဝမ်ရှင်းက သူမ၏ သမီးငယ်လေးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူမ၏ သမီးမှာ ဉာဏ်ရည်ထက်မြက်ပြီး အလွန် ရဲတင်းကြောင်းကို သူမ သိထားလေသည်။ မိခင်တစ်ယောက်အနေဖြင့် ဟွားအာသည် သူမ၏ အတိတ်ဘဝက မည်မျှပင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါစေ ဂရုမစိုက်ပေ။ သို့သော် ဤဘဝတွင်မူ သူမသည် ချွေ့ဝမ်ရှင်း၏ သမီးလေးသာ ဖြစ်ပေသည်။

ဟွားအာသည် ဓားပြစခန်းအတွင်းသို့ တစ်ယောက်တည်း ဝင်ရောက်သွားခဲ့ကြောင်း သူမ ကြားလိုက်ရချိန်တွင် သူမ တစ်ကိုယ်လုံး အင်အားယုတ်လျော့သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ ဟွားအာတွင် အကာအကွယ်ရတနာတစ်ခု ရှိနေကြောင်း သူမ သိထားသော်လည်း မတော်တဆမှုတစ်ခုခုကြောင့် သူမ၏ သမီးလေးကို ထာဝရ ဆုံးရှုံးသွားရမည်ကို ကြောက်ရွံ့ကာ အလွန်အကျွံ မတွေးဘဲ မနေနိုင်ခဲ့ပေ။

ယွင်မိသားစု ဘိုးဘေးခန်းမ။

ယွင်ဟွားသည် ဆုတောင်းဖျာပေါ်တွင် မတ်မတ် ဒူးထောက်နေပြီး သူမ၏ ရှေ့ရှိ ယွင်မိသားစု၏ ဘိုးဘေးအမည်ကမ္ပည်းပြားများကို ကြည့်နေလေသည်။

"သမီး အမှားလုပ်မိတယ်ဆိုတာကို သမီး သိရဲ့လား..."

ယွင်ဟွားက သူမ၏ မိခင်ကို အပြစ်ရှိသလို လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး မေးလိုက်လေသည်။

"အမှား... သမီး ဘာအမှား လုပ်မိလို့လဲ..."

“ရှောင်ရှူးရှူး... ငါ့အမေ ဒေါသထွက်အောင် ငါ ဘာလုပ်မိလို့လဲ..”

ရှင်ခြင်းသေခြင်းစာအုပ်ပင်လျှင် ဇဝေဇဝါ ဖြစ်သွားသည်။

“ငါလည်း မသိဘူး... ဒါပေမယ့် နင့်အမေက နင် မှားတယ်လို့ ပြောရင် နင် မှားတာပဲပေါ့..”

ယွင်ဟွားက ဤအချက်မှာ အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်ပြီး ချက်ချင်းပင် မျက်နှာချိုသွေးကာ ပြောလိုက်သည်။

"အမေ စိတ်ဆိုးသွားတယ်ဆိုရင် အဲ့ဒါက သမီးရဲ့ အပြစ်ပါ..."

ချွေ့ဝမ်ရှင်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူမ၏ နဖူးကို အားနည်းစွာ ပွတ်သပ်လိုက်သည်။ ဤသည်မှာ အမှားကို ဝန်ခံခြင်း မဟုတ်ဘဲ သူမကို လှည့်စားရန် နည်းလမ်းတစ်ခုသာ ဖြစ်ပေသည်။

"သမီးက အရည်အချင်းရှိပြီး စွမ်းဆောင်နိုင်တယ်ဆိုတာကို အမေ သိပါတယ်... ဒါပေမယ့် သမီး တစ်ယောက်တည်း ဓားပြစခန်းကို သွားခဲ့ရင် အမေ ဘယ်လောက်တောင် စိုးရိမ်ပူပန်နေရမလဲဆိုတာကိုရော သမီး စဉ်းစားဖူးရဲ့လား..."

ယွင်ဟွားက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

"ဒါပေမယ့် သမီးက အရမ်းတော်တာကို..."

“မြို့တစ်မြို့လုံးကိုတောင် သိမ်းပိုက်နိုင်လောက်တဲ့အထိ စွမ်းအားကြီးတာ..”

ရွှေအုတ်ခဲလေးပါ ထပ်ပေါင်းလိုက်မည်ဆိုပါက သူမသည် ကြောက်ရွံ့ခြင်းကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်သော ငရဲပြည်၏ ကပ်ဘေးဒုက္ခတစ်ခုအဖြစ်သို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားမည် ဖြစ်ပေသည်။

ချွေ့ဝမ်ရှင်းမှာ ဆို့နင့်သွားရသည်။

ဟွားအာသည် သူမ၏ အတိတ်ဘဝက ငရဲပြည်ရှိ နတ်ဘုရားတစ်ပါးအဖြစ် ရှိနေခဲ့သောကြောင့် ပူပင်သောကကင်းပြီး ကြောက်ရွံ့မှုကင်းမဲ့သော ဘဝကို ဖြတ်သန်းခဲ့ကြောင်း သူမ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ဤစွဲမြဲနေသော သဘာဝသည် လူဝင်စားပြီးနောက်တွင်ပင် ကျန်ရစ်နေဦးမည် ဖြစ်ပေသည်။ သူမသည် မည်သည့်အမှားကိုမျှ လုပ်ခဲ့သည်ဟု လုံးဝ ခံစားမနေရချေ။

အခန်း (၈၂) ဘိုးဘေးများ အိပ်မက်ထဲ ဝင်ရောက်လာခြင်းနှင့် သမီးဖြစ်သူကြောင့် ဖခင်ဖြစ်သူ မျက်နှာပွင့်ရခြင်း

"နင် ဒီနေရာမှာ ဒူးထောက်ပြီး သေချာ စဉ်းစားနေတာ အကောင်းဆုံးပဲ..."

ဤမိန်းကလေးသည် ထိန်းချုပ်၍မရနိုင်ဘဲ အကျိုးအကြောင်းလည်း နားမလည်ပေ။ သို့ဆိုလျှင် ယွင်မိသားစု၏ ဘိုးဘေးများကိုသာ သူမအား လတ်တလော စောင့်ကြည့်ခိုင်းထားရပေမည်။

ချွေ့ဝမ်ရှင်းက ခြံဝင်းအတွင်းသို့ ဒေါသတကြီး ပြန်လာခဲ့သည်။ သူမ ခေါင်းမော့ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် အလုပ်ကိစ္စများ ပြီးစီး၍ ပြန်လည်ရောက်ရှိလာသော ယွင်ရှောင်ထျန်းကို မြင်လိုက်ရသည်။ သူမ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ချက်ချင်းပင် ပေါ်လာခဲ့လေသည်။

"မနက်ဖြန် နန်းတော်ကိုသွားပြီး ဟွားအာကို အဲ့နေရာမှာ ချွင်းချက်အနေနဲ့ ကျောင်းတက်ခွင့်ပြုမပြု ဧကရာဇ်နဲ့ သွားဆွေးနွေးချေ..."

ယွင်ရှောင်ထျန်း၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။

"သခင်မ... မင်း နောက်နေတာလား..."

ထိုစဉ်က အိမ်တော်တွင် ကျူရှင်ဆရာဆယ်ဦး ငှားရမ်းခဲ့သော်လည်း သူ၏ သမီးငယ်လေးက သုံးဦးကို မောင်းထုတ်ခဲ့ပြီး ကျန်ခုနစ်ဦးကို အဝတ်အစားများ ချွတ်ပစ်ခဲ့ကြောင်းကို သူ မမေ့သေးချေ။ မိမိ၏ သမီးငယ်လေးကို စာသင်ရန် နန်းတော်သို့ စေလွှတ်ခြင်းသည် သူမကို သတ်ပစ်ခြင်းထက်ပင် ဆိုးရွားလှပေသည်။ မည်သို့သော ပြဿနာများ ထပ်မံဖန်တီးဦးမည်ကို မည်သူကမျှ မသိနိုင်ပေ။

ယွင်ရှောင်ထျန်းသည် ဇနီးဖြစ်သူ၏ စိတ်အားထက်သန်မှုကို မဖျက်ဆီးရက်ချေ။

"ဧကရာဇ်ကို ဒီကိစ္စပြောဖို့ ကိုယ်ရဲပါတယ်... ဒါပေမယ့် ငါတို့သမီးလေးအတွက်ကျတော့ ဘယ်လိုလုပ်မလဲ..."

ချွေ့ဝမ်ရှင်းသည် ထိုစဉ်က မြင်ကွင်းကို ပြန်လည်သတိရသွားပုံပေါ်ပြီး အနေခက်စွာ ပြုံးလိုက်လးသည်။

"လောလောဆယ် အဲ့ကိစ္စကို ထားလိုက်ပါတော့... ဧကရာဇ်ကသာ ဟွားအာကို ကျောင်းသွားတက်ဖို့ သဘောတူမယ်ဆိုရင် သူမကို ကြိုးတုပ်ပြီး ဆွဲခေါ်သွားလိုက်မယ်…”

ချွေ့ဝမ်ရှင်းသည် သူမ၏ သမီးဖြစ်သူ စာမတတ်ခြင်းကို ကျော်လွှားနိုင်ရန် ကူညီပေးရန် ဆုံးဖြတ်ထားပြီး သူမ၏ ဒေါသကို ထိန်းချုပ်နိုင်ခြင်း ရှိမရှိကိုလည်း သိချင်နေခဲ့သည်။ ဇနီးဖြစ်သူ၏ ပြတ်သားသော အမူအရာကို မြင်လိုက်ရသောအခါ ယွင်ရှောင်ထျန်းသည် ပြောတော့မည့် စကားများကို ပြန်လည် မျိုချလိုက်သည်။

*ငါ့ရဲ့ အချစ်တော် သမီးလေးရေ…*

ဖခင်ဖြစ်သူက သူမကို မကူညီချင်၍ မဟုတ်ဘဲ သူလည်း မည်သို့မျှ မတတ်နိုင်သောကြောင့်ပင် ဖြစ်လေသည်။ မဝေးတော့သော အနာဂတ်တွင် ယွင်မိသားစုသည် ဖရိုဖရဲနှင့် ပရမ်းပတာ အခြေအနေများကို တစ်ဖန် ရင်ဆိုင်ရတော့မည်ဟု သူ ကြိုတင် တွေးတောနိုင်နေလေပြီ။

သမီးဖြစ်သူ၏ ကိစ္စအပြင် ချွေ့ဝမ်ရှင်းတွင် ယွင်ရှောင်ထျန်းအား သတိပေးချင်သော အခြားကိစ္စတစ်ခုလည်း ရှိနေသေးသည်။

"စကားမစပ်... ဘိုးဘေးခန်းမဘေးမှာ ငရဲမင်းခန်းမနဲ့ ဆင်တူတဲ့ ငရဲပြည်ခန်းမတစ်ခု ဆောက်ဖို့ ကိုယ် စီစဉ်ထားတယ်... ဒါမှ ငါတို့မိသားစုက ငရဲမင်းကို ကိုးကွယ်ပူဇော်နိုင်မှာ..."

သမီးငယ်လေးတွင် အထူးအဆင့်အတန်းတစ်ခု ရှိနေပေသည်။ သူမ၏ မိသားစုအတွက် အခြားနတ်ဘုရားများမှာ အစွမ်းထက်ချင်မှ ထက်မည်ဖြစ်သော်လည်း ငရဲမင်းကမူ သေချာပေါက် အစွမ်းထက်မည် ဖြစ်သည်။ အချိန်အတော်ကြာမြင့်လာသည်နှင့်အမျှ ထိုဘိုးဘေးများမှာလည်း အားကိုး၍ မရနိုင်တော့ချေ။

ငရဲမင်းသည် သမီးအငယ်ဆုံးလေး၏ ခေါင်းဆောင် ဖြစ်သည်။ သူမက မကြာခဏ သွားရောက် ဂါရဝပြုပြီး စကားကောင်းများ ပြောဆိုမည်ဆိုပါက ငရဲမင်းကို သူမအား ဆုံးမပဲ့ပြင်ပေးရန် တောင်းဆိုနိုင်ပေလိမ့်မည်။

ချွေ့ဝမ်ရှင်းက ပိုတွေးလေလေ ဤကိစ္စကို နောက်ထပ် အချိန်ဆွဲထား၍ မရနိုင်တော့ကြောင်း ပိုခံစားရလေလေဖြစ်သဖြင့် ရက်ကို တိုက်ရိုက် သတ်မှတ်လိုက်သည်။

"ဒါဆိုရင် မနက်ဖြန် စတင် တည်ဆောက်ကြတာပေါ့..."

"သခင်မ... အဲ့တာက... အဲ့တာက မသင့်တော်ဘူး မဟုတ်လား..."

ယွင်ရှောင်ထျန်းမှာ ငိုတော့မည့်အလား ဖြစ်နေသည်။ မိမိ၏ အိမ်တွင် ငရဲမင်းယမ၏ နတ်ကွန်းတစ်ခု ထားရှိခြင်းမှာ တစ်စုံတစ်ခု လွဲမှားနေသည်ဟု သူ ခံစားနေရသည်။

ချွေ့ဝမ်ရှင်းက သူ့ကို ဘေးတိုက် စွေကြည့်လိုက်သည်။

"ဘာများ မသင့်တော်စရာရှိလို့လဲ... ငါတို့အိမ်မှာ သေးငယ်တဲ့ ငရဲပြည်နတ်ဘုရား နှစ်ပါး ရှိနေပြီပဲ... ပိုကြီးတဲ့ တစ်ပါးကို ကိုးကွယ်တာက ဘာများ မှားနေလို့လဲ... ဒါ့အပြင် သူတို့သုံးပါးက အိမ်ကို စောင့်ရှောက်ပေးထားရင် ငါတို့ ယွင်မိသားစုက ဘယ်လို မိစ္ဆာဝိညာဉ်တွေကိုမှ ကြောက်စရာ မလိုတော့ဘူး..."

"ပြီးတော့ ကိုယ်က အတွင်းဆောင်တွေကို စီမံခန့်ခွဲပိုင်ခွင့် ရှိတယ်ဆိုတာ ရှင် သိဖို့ ပြောပြနေရုံသက်သက်ပဲ... ကိုယ် လိုချင်တဲ့ပုံစံအတိုင်း တည်ဆောက်လို့ ရတယ်…”

ထိုသို့ပြောပြီးနောက် ချွေ့ဝမ်ရှင်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လှည့်ထွက်သွားသည်။ ယွင်ရှောင်ထျန်း တစ်ယောက်တည်းသာ လေထဲတွင် ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့သည်။

ဘိုးဘေးခန်းမထဲတွင် ထိုင်နေသော ယွင်ဟွားသည် တုန်ရီစွာဖြင့် စုပုံနေကြသော ဘိုးဘေးအမည်ကမ္ပည်းပြားများကို မျက်လုံးပြူးကာ ကြည့်နေပြီး လုံးဝ နားမလည်နိုင်ဖြစ်နေပုံပေါ်သည်။

"ရှင်တို့တွေ ဘာဖြစ်နေကြတာလဲ... ဒီနေ့ မြေးက အရမ်းလိမ္မာပါတယ်... ပြီးတော့ ဘာဆုမှလည်း မတောင်းဘူးလေ..."

သူမကို မြင်ရ၍ သူတို့ အလွန် စိတ်လှုပ်ရှားနေကြခြင်းလော။

အဘိုးကြီးယွင်က ဆိုသည်။ ဘာတွေများ စိတ်လှုပ်ရှားစရာ ရှိနေ၍နည်း။ သူတို့သည် ငရဲမင်းနှင့် အိမ်နီးချင်း မဖြစ်ချင်ကြပေ။ ဤကျိန်ဆဲခံ တစ္ဆေများသည် သေရတော့မည်ပင်။

အခြားတစ်ဖက်ရှိ မြို့တံခါးအပြင်ဘက်တွင်မူ…

"မယ်တော်... သားတော် နောက်မှ အပြင်ထွက်လည်း ရမယ်ထင်တယ်..."

တော်ဝင်ကြင်ယာတော်စုက ရထားလုံးထဲသို့ ပစ္စည်းများကို ပျော်ရွှင်စွာ ဆို့ထည့်နေသည်ကို ကြည့်ကာ နန်ကုန်းယွမ် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အေးစက်နေကျ မျက်ဝန်းများထဲတွင် မသက်မသာဖြစ်နေသည့် အရိပ်အယောင်တစ်ခု ပေါ်လွင်နေသည်။

တော်ဝင်ကြင်ယာတော်စုက သူမ၏ လှုပ်ရှားမှုများကို ခဏရပ်လိုက်ပြီး ခေါင်းလှည့်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။

"အရင်က မင်းကို အပြင်ထွက်ဖို့ ငါ တားမြစ်ခဲ့ပေမယ့် မင်းကတော့ အပြင်ထွက်ဖို့ပဲ တဇွတ်ထိုး လုပ်ခဲ့တယ်... အခု မင်းရဲ့ မယ်တော်က သဘောပေါက်သွားပြီး မင်းကို ဆက်မတားတော့တဲ့အချိန်ကျမှ မင်းက မပျော်မရွှင် ဖြစ်နေတာလား..."

တော်ဝင်ကြင်ယာတော်စုက မျက်လုံးများကို မှေးစင်းလိုက်ပြီး သူမ၏ လက်ထဲရှိ ပစ္စည်းများကို အထဲသို့ ပစ်ထည့်လိုက်သည်။

"အစားအသောက်နဲ့ အဝတ်အစားကအစ သွားလာရေးအထိ အရာအားလုံးကို ထုပ်ပိုးပြီးပြီ... မင်း အခု သွားလို့ရပြီ..."

"ပြီးတော့ ဒီခရီးစဉ်မှာ ရွှေတွေကို တတ်နိုင်သမျှ များများရှာခဲ့..."

ထိုမိန်းကလေးက ရွှေကို နှစ်သက်ကြောင်း တော်ဝင်ကြင်ယာတော်စု သတိရသွားပြီး နန်ကုန်းယွမ်ကို ထပ်မံစိုက်ကြည့်ကာ ပြောလိုက်သည်။

"သူက ရှောင်ဟွားအာကို သူ့အတွက် ရွှေတောင်ကြီးတစ်တောင် တည်ဆောက်ပေးဖို့ ဘယ်လိုများ မျက်နှာပြောင်တိုက်ပြီး ပြောရက်ရတာလဲ..."

"မယ်တော်..."

"အိုး... ဟုတ်သားပဲ..."

တော်ဝင်ကြင်ယာတော်စုက သူ့ကို ရုတ်တရက် ဖြတ်ပြောလိုက်ပြီး သူမ၏ ရင်ခွင်ထဲမှ အခြားစာရင်းစာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ သူ့ထံသို့ ကမ်းပေးလိုက်လေသည်။

"ပြီးတော့ မင်း သွားရင်းနဲ့ လွန်ခဲ့တဲ့နှစ်တွေက မင်းရဲ့ ငွေဖြုန်းတဲ့ ဖခင်ကြီး လုပ်ခဲ့တဲ့ ကြွေးဆိုးတွေ အားလုံးကိုပါ ကောက်ခံခဲ့..."

နောက်ဆုံးတွင် သူမက ထပ်ဖြည့်ပြောလိုက်သည်။

“အဲ့ဒါတွေကို မဖြစ်မနေ ပြန်ယူလာရမယ်..."

ဟွန့်...

ထိုလက်အောက်ခံ ဘုရင်များသည် မြို့တော်တွင် မရှိရုံဖြင့် သူတို့၏ အကြွေးများကို ငြင်းပယ်နိုင်မည်ဟု မထင်သင့်ပေ။ ယွမ်အာ၏ ကျန်းမာရေးအတွက်သာ မဟုတ်ပါက သူမသည် လက်အောက်ခံနယ်မြေများဆီသို့ ကိုယ်တိုင် သွားရောက်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ သူမသည် အသေးစိတ်အချက်အလက် တစ်ခုစီတိုင်းကို အလွန် ရှင်းလင်းစွာ မှတ်မိနေသည်။

မင်းသားစုသည် တံတွေးများကို ခက်ခဲစွာ မြိုချလိုက်၏ယ

လွန်ခဲ့သော နှစ်များစွာက သူ၏ ဇနီးသည် သူ့အပေါ် အလွန်ရက်ရောခဲ့သော်လည်း သူကမူ ငွေကြေးသုံးစွဲရာတွင် အလွန် လက်ဖွာခဲ့သည်။ သူ၏ မိတ်ဆွေများက သူ့ကို ငွေတောင်းသောအခါ သူက တုံ့ဆိုင်းမှုမရှိဘဲ ငွေချေးပေးခဲ့လေသည်။ နောက်ပိုင်းတွင် သူသည် သူတို့ကို ငွေများ ပိုပိုချေးပေးလာခဲ့ရာ သူ၏ ဇနီးဖြစ်သူက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုအချိန်မှစ၍ သူ၏ လစဉ်သုံးစွဲစရိတ်မှာ ပမာဏ အနည်းငယ်သာ ဖြစ်သွားခဲ့လေသည်။

ခဏတာ စဉ်းစားပြီးနောက် လစ်ဟင်းမှုမရှိစေရန် သေချာစစ်ဆေးပြီးချိန်တွင် တော်ဝင်ကြင်ယာတော်စုက သူ့ကို ထွက်ခွာရန် တိုက်တွန်းလိုက်လေသည်။

နန်ကုန်းယွမ်…

သူသည် မျက်နှာကို တည်ငြိမ်စွာထားကာ စကားတစ်ခွန်းမျှ မဟဘဲ မြို့တော်တွင် မည်သို့ နေရစ်ခဲ့ရမည်ကို စဉ်းစားရန် သူ၏ ဦးနှောက်ကို အစွမ်းကုန် အသုံးချနေလေသည်။

"အရှင်မင်းသား... စိတ်ချပါ... သခင်လေးရဲ့ လက်အောက်ငယ်သား ဒီနေရာမှာ ရှိနေတဲ့အတွက် သခင်လေးကို သေချာပေါက် ဂရုစိုက်ပေးပါ့မယ်..."

ရှောင်လီဟွာက သူ့ကို အာမခံရန်အတွက် သူမ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီးနောက် သူမ၏ ဘီးတပ်ကုလားထိုင်ကို လှည့်ကာ သခင်လေးကို ရထားလုံးရှေ့သို့ တွန်းပို့လိုက်လေသည်။

"သခင်လေး... အချိန်နှောင်းနေပြီ... ကျွန်တော်တို့ ခရီးထွက်သင့်ပြီ..."

နန်ကုန်းယွမ်၏ နဖူးမှ သွေးကြောများ တထိတ်ထိတ် ခုန်နေပြီး ရှောင်လီဟွာကို စိုက်ကြည့်နေစဉ် သူ၏ မျက်နှာမှာ မည်းမှောင်နေကာ အံကြိတ်လုမတတ် အေးစက်စွာ ပြောလိုက်သည်။

“မင်းက တကယ့်ကို ဒီသခင်လေးရဲ့ လက်အောက်ငယ်သားကောင်းပဲ..."

ရှောင်လီဟွာမှာ တုန်လှုပ်သွားလေသည်။ ဤတစ်ကြိမ် သူ ဘာအမှား လုပ်မိသွားပြန်ပြီလဲ။

နောက်တစ်နေ့ နံနက်စောစောတွင်…

ယွင်ဟွားက သန်းဝေကာ ရထားလုံးထဲသို့ ဝင်လိုက်သည်။ ပြီးခဲ့သည့်ညက ဘိုးဘေးများသည် သူမ၏ အိပ်မက်ထဲတွင် ထပ်မံပေါ်လာပြီး တစ်ညလုံး ငိုကြွေးနေခဲ့ကြသည်။

သူမက မည်မျှပင် ဖျောင်းဖျချော့မော့ရန် ကြိုးစားစေကာမူ သူတို့က ဆက်လက် ငိုကြွေးနေခဲ့ပြီး သူတို့ မည်မျှ သနားစရာကောင်းပြီး ဆင်းရဲဒုက္ခရောက်နေကြောင်း ပြောဆိုကာ ယွင်မိသားစု၏ သားမြေးများကို မိဘကို မရိုသေဘဲ ကိုယ်ကျင့်တရား ကင်းမဲ့သည်ဟု ဒေါသတကြီး ကျိန်ဆဲနေခဲ့ကြသည်။

ယွင်ဟွားက သူမ၏ မေးစေ့ကို အောက်ချလိုက်သည်။ သူမသည် မိဘကို မရိုသေသော သို့မဟုတ် ကိုယ်ကျင့်တရား ကင်းမဲ့သော အရာတစ်ခုကိုမျှ အမှန်တကယ်ပင် မလုပ်ခဲ့ပေ။

ထို့နောက် ယွင်ဟွားက ဖခင်ဖြစ်သူ၏ မျက်လုံးအောက်ရှိ မျက်ကွင်းညိုများကို မော့ကြည့်လိုက်သောအခါ သူမ အလွန် အံ့သြသွားသည်။

"အဖေ... မနေ့ညက ဘယ်သွားခဲ့တာလဲ..."

ယွင်ရှောင်ထျန်းက ထုံထိုင်းနေသော သူ၏ ခေါင်းကို ပွတ်သပ်လိုက်ရာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရသည်။

“ဝူး... သမီးရဲ့ အဘိုးအဘွားတွေကို အဖေ အိပ်မက်မက်ခဲ့တယ်... သူတို့က အော်ဟစ်ပြီး အဖေ့ကို တုတ်တွေနဲ့ ရိုက်ကြတယ်လေ... တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့ဘူး..."

သူသည် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။

“အား... နာလိုက်တာ…”

မနေ့ညက သူ အိပ်နေရင်း ကုတင်ပေါ်ကနေ လိမ့်ကျသွားတာလား။

ယွင်ဟွားမှာ ဆွံ့အသွားပြီး အံ့အားသင့်မှုကြောင့် သူမ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ ဖခင်ဖြစ်သူက သူမကိုပါ ပါဝင်ပတ်သက်စေမယ့် ယုတ်မာတဲ့ အရာတစ်ခုခုကို လုပ်ခဲ့တာများလား။

ဝါး... သူမက အပြစ်ကင်းစင်ဆုံးသူပါ…။

ယွင်ဟွားနှင့် သူမ၏ ဖခင်ဖြစ်သူတို့သည် ရထားလုံးထဲတွင် အိပ်ရေးဝအောင် ပြန်အိပ်နေကြသည်။ ထိုစဉ် ယွင်မိသားစု၏ အခြားသော သခင်များသည်လည်း ပြီးခဲ့သည့်ညက သူတို့၏ ဘိုးဘေးများ၏ လိုက်လံဆဲဆိုမှုကို ခံခဲ့ရသောကြောင့် ယခုအခါ စောင်များကို ပတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြလေပြီ။

တော်ဝင်ညီလာခံခန်းမ။

အတူတကွ ငိုက်မျဉ်းနေကြသော သားအဖနှစ်ဦးကိုကြည့်ကာ နန်းတွင်းအရာရှိများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအားလုံး၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကြသည်။

ဧကရာဇ်ဝမ်ရွှမ်းက သူ၏ မျက်လုံးများကို အနည်းငယ် ပင့်ကြည့်လိုက်ပြီး ပိုမိုကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။

"ဝေ့တာ့ထုံကို ကွပ်မျက်လိုက်ပြီ ဖြစ်သလို မိန်းကလေးတွေကိုလည်း ကယ်တင်ပြီး အိမ်ကို ပြန်ပို့ပေးပြီးပြီ... ဒီအမှု ပိတ်သိမ်းသွားတာနဲ့ အောင်မြင်အောင် ကူညီပေးခဲ့တဲ့သူတွေကို ဆုချီးမြှင့်မယ်လို့ ငါကိုယ်တော် ပြောခဲ့ပြီးပြီ..."

“ပန်းကလေး... ပန်းကလေး... ထတော့... ဧကရာဇ်က ဆုတွေ ချီးမြှင့်တော့မယ်..”

"ဆုချီးမြှင့်မယ်" ဆိုသော စကားလုံးများကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ယွင်ဟွားသည် ချက်ချင်းပင် မတ်မတ် ရပ်လိုက်လေသည်။ သို့သော်လည်း နောက်တစ်စက္ကန့်တွင်…

ဘန်း…

မှီထားရန် သူ၏ သမီးငယ်လေး မရှိတော့သောကြောင့် ယွင်ရှောင်ထျန်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ အလန့်တကြားဖြစ်သွားသော ယွင်ဟွားက သူမ၏ ဖခင်ဖြစ်သူကို ကြည့်ရန် အမြန်လှည့်ကြည့်လိုက်သည်။

ဧကရာဇ်ဝမ်ရွှမ်းက ယွင်ရှောင်ထျန်းကို အကဲခတ်ကြည့်လိုက်လေသည်။ ဤမိန်းကလေးမှာ သူ၏ မိသားစုမှ ဖြစ်မနေခဲ့ပါက နန်းတော်ကို မလေးစားသော ဤပြစ်မှုသည် ဤအဘိုးကြီးကို ကြီးမားသော ဒုက္ခရောက်စေရန် လုံလောက်နေပြီ ဖြစ်လေသည်။

"မနာလိုခြင်း" ဟူသော စကားလုံးမှာ သူတို့အတွက် အဓိပ္ပာယ်မဲ့သွားခဲ့လေပြီ။ မိခင်တစ်ဦး၏ အဆင့်အတန်းသည် သားဖြစ်သူကြောင့် မြင့်တက်လာသည်ဆိုသော စကားကို ငါ ကြားဖူးလေသည်။ ယခုမူ ဖခင်တစ်ဦး၏ အဆင့်အတန်းသည် သမီးဖြစ်သူကြောင့် မည်သို့ မြင့်တက်လာနိုင်သည်ကို သူတို့ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရလေပြီ။

All Chapters