အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း (၈၃) ယွင်ဟွားက ရွှေလေးများကိုသာ လိုချင်ပြီး ကောင်းကင်ကြီး ပြိုကျလာခြင်း
ဧကရာဇ်ဝမ်ရွှမ်းက ယွင်ဟွားထံသို့ အကြည့်များ လွှဲလိုက်ရာ သူ၏ မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေလးသည်။ သူက လည်ချောင်းကို ရှင်းလိုက်ပြီး ဤမိန်းကလေးကို မည်သည့်အရာဖြင့် ဆုချီးမြှင့်မည်ကို ဆုံးဖြတ်ထားပြီး ဖြစ်သည်။
“ငါ ရွှေတွေ လိုချင်တယ်... ရွှေထမင်းပန်းကန်၊ ရွှေတူ၊ ရွှေတုံးသေးသေးလေးတွေ၊ ရွှေချောင်းကြီးတွေ... ရွှေနဲ့လုပ်ထားတာ ဘာမဆို ငါ ကြိုက်တယ်..”
“ငါက လောဘမကြီးပါဘူး... ရွှေတုံး ငါးထောင်ဆိုရင် လုံလောက်ပါပြီ..”
ယွင်ဟွား၏ တီးတိုးရေရွတ်သံများကြောင့် ဧကရာဇ်ဝမ်ရွှမ်းမှာ သူ၏ ကိုယ်ပိုင်တံတွေးဖြင့်ပင် နင်လုမတတ် ဖြစ်သွားပြီး သူ ပြောတော့မည့် စကားများကို ပြန်လည်မျိုချလိုက်ရသည်။ ဤမိန်းကလေးက ရှောင်ကျင်းဇီ(ရွှေလေး) ကို တကယ် ချစ်တာပဲ ဖြစ်ရမည်။
ဤတစ်ကြိမ်တွင်မူ သူက ရေပူစမ်းအပန်းဖြေစခန်းတစ်ခု၊ ဆိုင်ခန်းများ၊ အိမ်တော်များနှင့် ရှားပါးပြီး အဖိုးတန်သော ပစ္စည်းများစွာကို ဆုချီးမြှင့်ရန် ပြင်ဆင်ထားခဲ့သည်။ သို့သော် ယွင်ဟွားက သူ့ကို တောက်ပသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်ကို မြင်သောအခါ ဧကရာဇ်ဝမ်ရွှမ်းက သူ၏ စိတ်ကို ခိုင်မာစွာ ထားလိုက်လေသည်။ ဤဆုလာဘ်များသည် ရွှေထက်များစွာ ပို၍ တန်ဖိုးရှိပေသည်။
“ရွှေလေး... ရွှေ... ငါ ရွှေ လိုချင်တယ်..ရွှေ”
အမတ်များမှာ ကြောက်လန့်နေကြပြီဖြစ်ပြီး ညီလာခံခန်းမတစ်ခုလုံးမှာ ယွင်ဟွား၏ ရွှေတောင်းနေသော အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်။ ရှင်ခြင်းသေခြင်းစာအုပ်မှာ စာအုပ်ထဲမှ ထွက်လာပြီး ဧကရာဇ်ဝမ်ရွှမ်း၏ နားထဲသို့ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ဟုတ်တယ်... ပန်းကလေးက ရွှေလေးတွေကို သဘောကျတယ်... ရွှေလေးတွေကို... ဧကရာဇ်အိုကြီး.. ခင်ဗျား ကြားလား..”
“သူမက ရွှေလိုချင်တာ... ဒါကြောင့် ရွှေနဲ့ပဲ ဆုချပေး... အနည်းဆုံး ရွှေတုံး ငါးထောင်လောက်တော့ ချပေးရမယ်..”
ဧကရာဇ်ဝမ်ရွှမ်း…..
သူ ကြားပါသည်လေ။
*ရှောင်ရှူးရှူး... မင်းက ငါ့ရဲ့ နားနှစ်ဖက်စလုံးကို အော်ပြောနေစရာ မလိုပါဘူး…ငါ နားမပင်းသေးပါဘူး*
နောက်ဆုံးတွင် ရှင်ခြင်းသေခြင်းစာအုပ်က ဗုံးတစ်လုံး ဖောက်ချလိုက်လေသည်။
“ဟွန့်... ပန်းကလေး... ဧကရာဇ်ရဲ့ နောက်ဆုံးဆုလာဘ်ထဲမှာ ရွှေသာ မပါခဲ့ရင် ဒီစာအုပ်က စုတ်တံလေးနဲ့ ချိတ်ဆက်ပြီး သူ့ရဲ့ သက်တမ်းထဲက နှစ်အနည်းငယ်ကို နှုတ်ပစ်ဖို့ နည်းလမ်းရှာရလိမ့်မယ်..”
ထိုစကားများ ထွက်ပေါ်လာသောအခါ…
လူအများ…
ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ နဂါးပလ္လင်ပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွားသည်။ သူက သူ၏ နဖူးမှ ချွေးစေးများကို သုတ်ကာ ပြောလိုက်၏။
*အဲ့ရေပူစမ်း အပန်းဖြေစခန်းတွေနဲ့ ဆိုင်ခန်းတွေအားလုံးကို ငရဲသာ ပို့လိုက်တော့…*
"အစောင့်တို့... နက္ခတ်တာရာ လေ့လာရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ယွင်ဟွားဟာ ဓားပြစခန်းထဲကို အန္တရာယ်တွေကြားကနေ ဝင်ရောက်ပြီး နောက်ကွယ်က ကြိုးကိုင်သူတွေအားလုံးကို ဖမ်းဆီးနိုင်ခဲ့တယ်... သူက တကယ့်ကို နိုင်ငံတော်ရဲ့ မဏ္ဍိုင်တစ်ရပ်ပဲ... ကျေးဇူးတင်တဲ့အနေနဲ့ သူ့ကို ရွှေတုံး တစ်သောင်း ချီးမြှင့်လိုက်တယ်..."
သူမက ရွှေလိုချင်တာ မဟုတ်ပါလား။ သူက ချီးမြှင့်လိုက်ပါပြီလေ။
“တစ်... ရွှေတုံး တစ်သောင်း..”
“စာအုပ်လေး... ငါ... ငါ နားကြားမှားတာ မဟုတ်ဘူးမလား... ဧကရာဇ်က တကယ်ပဲ ငါ့ကို ရွှေတုံး တစ်သောင်း ဆုချလိုက်တာလား... ငါ ပွစိပွစိပြောနေတာက တကယ် အလုပ်ဖြစ်သွားတာပဲ…”
ယွင်ဟွားသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကာ တံတွေးများကို ခက်ခဲစွာ မြိုချလိုက်ပြီး ချက်ချင်းပင် ဒူးထောက်လိုက်သည်။
"အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်... တုံလင်ရဲ့ ငြိမ်းချမ်းရေးနဲ့ အေးချမ်းသာယာရေးကို ကာကွယ်ဖို့ ကျွန်တော်မျိုးမ အစွမ်းကုန် ကြိုးစားပါ့မယ်လို့ ကတိပြုပါတယ်..."
“ပန်းကလေး... အခု ပျော်သွားပြီလား... အဲ့ဧကရာဇ်အိုကြီးက ဘာက သူ့အတွက် ကောင်းလဲဆိုတာ သူ သိပါတယ်..”
ရှင်ခြင်းသေခြင်းစာအုပ်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ သူ၏ ပန်းကလေး ပျော်ရွှင်နေသရွေ့ သူလည်း ပျော်ရွှင်နေသည်။
အထိန်းတော်ချောင်က အမတ်ငယ်ယွင်ကို တစ်ချက်ကြည့်ကာ တိတ်တဆိတ် ခေါင်းခါလိုက်ပြီး သူမ၏ ကောင်းမှုများကို စာအုပ်ထဲတွင် မှတ်တမ်းတင်လိုက်သည်။ ရွှေတုံးတစ်သောင်းသည် အနည်းဆုံး ငွေတုံး တစ်သိန်းနှင့် ညီမျှလေသည်။
မြို့ပြင်ရှိ ရေပူစမ်း အပန်းဖြေစခန်းတစ်ခုမှာ ဧကရာဇ်မြေဧက ရာပေါင်းများစွာ ကျယ်ဝန်းလေသည်။ ဆိုင်ခန်းသုံးခန်းမှာ တစ်နှစ်လျှင် အနည်းဆုံး ဝင်ငွေ ငွေတုံးငါးသောင်းရရှိနိုင်ပြီး တန်ဖိုး ငွေတုံး သုံးသောင်းတန် အိမ်တော်ကြီးတစ်ဆောင်လည်း ပါဝင်လေသည်။ တစ်ခုလျှင် အနည်းဆုံး ငွေတုံးတစ်သိန်းတန်ဖိုးရှိသော ရှားပါးရတနာ ဒါဇင်ပေါင်းများစွာအကြောင်းကိုမူ ပြောစရာပင် မလိုတော့ချေ။
အမတ်ငယ်ယွင်... ဤတစ်ခါတော့ တကယ့်ကို အရှုံးကြီး ရှုံးသွားပြီ။
နံနက်ခင်း ညီလာခံတစ်ခုလုံးတွင် ယွင်ဟွား၏ အတွေးများသည် ရွှေအပေါ်တွင်သာ လုံးလုံးလျားလျား အာရုံရောက်နေသောကြောင့် အခြားအမတ်များမှာ ဆွံ့အသွားကြသည်။ ဧကရာဇ်ဝမ်ရွှမ်းက ယနေ့တွင် မည်သည့် အတင်းအဖျင်းမှ မရနိုင်တော့ကြောင်း သိလိုက်သဖြင့် သူ၏ လက်ကို ဝှေ့ယမ်းကာ ညီလာခံ ပြီးဆုံးကြောင်း ကြေညာလိုက်သည်။ သူ၏ ထိခိုက်သွားသော နှလုံးသားမှာ ပြန်လည် မသက်သာသေးချေ။
ယွင်ရှောင်ထျန်းသည် ယမန်နေ့က သူ၏ ဇနီးဖြစ်သူ မှာကြားခဲ့သည်များကို မမေ့သေးချေ။ သူက သမီးငယ်လေး၏ လက်မောင်းကို ဆွဲကိုင်ကာ မှာကြားလိုက်သည်။
"အဖေ ဧကရာဇ်နဲ့ ကိစ္စတစ်ခု သွားပြောစရာ ရှိတယ်... သမီး နန်းတော်တံခါးအပြင်ဘက်မှာ စောင့်နေ... နားလည်လား..."
"အိုး..."
ယွင်ဟွား၏ စိတ်ထဲတွင် ရှောင်ကျင်းဇီ(ရွှေလေး) ၏ ကမ္ဘာကြီးဖြင့်သာ အပြည့်အဝ လွှမ်းမိုးခံနေရသောကြောင့် သူမက ပေါ့ပေါ့တန်တန်ပင် ပြန်ဖြေလိုက်သည်။ သူမ ရထားလုံးပေါ်သို့ တက်လိုက်သည်နှင့်တစ်ပြိုင်နက် ထောင်ဟွာက မြင်းကို စိုင်းနှင်ထွက်ခွာသွားသည်။
"စတုတ္ထသခင်မလေး... သခင်ကြီးရော..."
ထောင်ကျီက ပတ်ဝန်းကျင်ကို ခဏတာ ကြည့်ရှုပြီးနောက် မေးလိုက်၏။ ထိုအခါမှ ယွင်ဟွားက ရှောင်ကျင်းဇီ(ရွှေလေး)၏ ကမ္ဘာမှ ခေါင်းမော့ကြည့်လိုက်သည်။
“ဟုတ်သားပဲ…”
“ရှောင်ရှူးရှူး... စောစောက ငါ့အဖေ ဘာပြောလိုက်တာလဲ..”
ရှင်ခြင်းသေခြင်းစာအုပ်က ၎င်း၏ ခေါင်းကို ကုတ်လိုက်သည်။ ၎င်းသည် ပန်းကလေးအတွက် ဝမ်းသာနေသောကြောင့် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး ရေရာစွာ ကြားလိုက်ရသည်မှာ…
“နင့်အဖေက ဧကရာဇ်နဲ့ ဆွေးနွေးစရာ ကိစ္စရှိတယ်လို့ ပြောပြီး နင့်ကို မစောင့်ဖို့ ပြောလိုက်တာ..”
*ဟုတ်တယ်... ဒါပဲ ဖြစ်ရမယ်*
သူမ၏ ပန်းကလေးကိုသာ သူတစ်ပါးက စောင့်နိုင်သည်။ သူမသည် အခြားမည်သူ့ကိုမျှ မစောင့်နိုင်ပေ။ သူမ၏ ဖခင်ကိုပင် မစောင့်နိုင်ချေ။
တော်ဝင်စာကြည့်ဆောင်။
ဧကရာဇ်ဝမ်ရွှမ်းက ဒေါသတကြီးဖြင့် သူ၏ နေရာမှ ခုန်ဆင်းလာပြီး ယွင်ရှောင်ထျန်း၏ နှာခေါင်းကို လက်ညှိုးထိုးကာ ကျိန်ဆဲလေတော့သည်။
"ဒီအရူးအိုကြီး... ငါ ဘာတွေ တွေးနေတယ်လို့ မင်း ထင်နေတာလဲ... အဲ့မိန်းကလေးကို နန်းတော်ထဲလာပြီး ကျောင်းတက်ဖို့ ခွင့်ပြုရမယ်တဲ့လား..."
သူမကို နန်းတော်ထဲတွင် လုံးဝ မနေစေချင်ပေ။
အထိန်းတော်ချောင်မှာ တုန်လှုပ်သွားသည်။ အတင်းအဖျင်းများ ပေါ်ပေါက်လာစဉ်က သူ ခံစားခဲ့ရသော ကြောက်ရွံ့မှုများက သူ့ထံသို့ ပြန်လည်ရောက်ရှိလာလေပြီ။
ယွင်ရှောင်ထျန်းကလည်း မလိုလားသော်လည်း သူ၏ ဇနီးဖြစ်သူ၏ တောင်းဆိုမှုကို သူ မလွန်ဆန်နိုင်ခဲ့ပေ။ သူက သူ့လက်များကို ပွတ်သပ်ကာ မျက်နှာချိုသွေးလျက် ပြောလိုက်သည်။
"အရှင်မင်းကြီး... အရှင်မင်းကြီးက နန်းမဆောင်ထဲက ဝံပုလွေတွေနဲ့ ကျားတွေက ဘယ်သူတွေလဲဆိုတာ သိချင်နေတယ် မဟုတ်ဘူးလား..."
"ကျွန်တော်မျိုးရဲ့ သမီးငယ်လေးက အရှင်မင်းကြီးကို အမှန်တရားကို ခွဲခြားသိမြင်နိုင်အောင် ကူညီပေးမယ်ဆိုရင် အရှင်မင်းကြီး ညဘက် ကောင်းကောင်း အိပ်ပျော်နိုင်မှာပါ…”
ဧကရာဇ်ဝမ်ရွှမ်း၏ မျက်ခွံများ တွန့်သွားသည်။ ထို့ကြောင့်သာ သူ ကောင်းကောင်း အိပ်မပျော်နိုင်ခြင်း ဖြစ်ရမည်။
"ဒီကိစ္စကို စဉ်းစားစရာကို မလိုဘူး... ငါကိုယ်တော် လုံးဝ သဘောမတူနိုင်ဘူး..."
ဧကရာဇ်ဝမ်ရွှမ်းက ညှိနှိုင်းရန် နေရာမချန်ထားဘဲ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
ယွင်ရှောင်ထျန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
*ချစ်ဇနီးလေး... ကိုယ် ဧကရာဇ်ကို အစွမ်းကုန် ဖြောင်းဖျခဲ့ပြီးပြီ။ သမီးငယ်လေး... သမီး ကျောင်းသွားတက်စရာ မလိုတော့တဲ့အတွက် တိတ်တိတ်လေး ဝမ်းသာနေသင့်တယ်*
သူတို့နှစ်ဦးစလုံးတွင် ကိုယ်ပိုင်အစီအစဉ်များ ရှိကြသော်လည်း တံခါးအပြင်ဘက်ရှိ အစောင့်တစ်ဦးက မယ်တော်ကြီး၏ အနီးကပ်အစေခံဖြစ်သော အထိန်းတော်ကူ ရောက်ရှိလာကြောင်း လာရောက်သတင်းပို့မည်ကိုမူ မည်သူကမျှ မမျှော်လင့်ထားခဲ့ချေ။
"ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... မယ်တော်ကြီးက အမိန့်တော် ထုတ်ပြန်လိုက်ပါတယ်... စတုတ္ထသခင်မလေးယွင်ကို နန်းတော်ထဲဝင်ပြီး စာသင်ဖို့ ခွင့်ပြုပေးပါတဲ့..."
ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာတွင် ပြင်းထန်သော ဆန့်ကျင်မှုများ ပေါ်လွင်နေသည်။ ယွင်ရှောင်ထျန်းမှာလည်း မယုံကြည်နိုင်ဖြစ်နေမိသည်။
အထိန်းတော်ကူ၏ မျက်ဝန်းများမှာ ခဏတာ တောက်ပသွားသော်လည်း သူမက သတင်းစကားကို တည်ငြိမ်စွာ ဆက်လက်ပေးပို့လိုက်၏။
"မယ်တော်ကြီးက နန်းတော်ကြီးက အရမ်း အထီးကျန်ဆန်လွန်းလို့ သူမနဲ့ စကားပြောဖော် တစ်ယောက်ယောက်ကို လိုချင်တယ်လို့ မိန့်တော်မူပါတယ်..."
သတင်းစကား ပေးပို့ပြီးနောက် အထိန်းတော်ကူက အရိုအသေပေးကာ ထွက်ခွာသွားသည်။
အမှန်တကယ်တော့ မယ်တော်ကြီး၏ မူလစကားများမှာ ဤသို့ဖြစ်သည်။
*နန်းမဆောင်ထဲက လူတွေက အရမ်း ပျင်းစရာကောင်းပြီး ဘယ်သူမှ သူမရဲ့ အကြိုက်နဲ့ မကိုက်ညီဘူး... ဒါကြောင့် ထိုမိန်းကလေးကို နန်းတော်ထဲ လာပြီး စာသင်ခိုင်းလိုက်... သူတို့ ညီအစ်မတွေလို ပေါင်းပြီး နန်းမဆောင်ထဲမှာ အတူတူ လျှောက်သွားကြလို့ရတယ်... တဲ့*
ဧကရာဇ်ဝမ်ရွှမ်း၏ ပြောင်းလဲသွားသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ယွင်ရှောင်ထျန်းသည် နောက်သို့ ဆုတ်သွားလေသည်။ ဤအချိန်တွင် သူ အရှက်ကွဲခံမည် မဟုတ်သဖြင့် လက်အုပ်ချီကာ သတိထား၍ နောက်ဆုတ်သွားခြင်းဖြစ်သည်။
ထိုညတွင်...
ယွင်အိမ်တော်သို့ ဧကရာဇ်၏ အမိန့်တော် ရောက်ရှိလာသည်။ အမိန့်တော်ကို ယွင်ဟွား လက်ခံရရှိလိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ ကမ္ဘာကြီး ပြိုကျသွားလေတော့သည်။
တစ်ပတ်လျှင် ခြောက်ရက် အလုပ်လုပ်ပြီး တစ်ရက် နားရမည်။ သုံးရက်က နံနက်ခင်းညီလာခံ တက်ရမည်ဖြစ်ပြီး သုံးရက်က ကျောင်းတက်ရမည်ဖြစ်သည်။
ဧကရာဇ်၏ အမိန့်တော်အဆုံးတွင် စာသားငယ်လေးတစ်ခု ပါရှိလေသည်။
"အမတ်ငယ်ယွင်... ဒါက မင်းရဲ့ဖခင် ကိုယ်တိုင်ကိုယ်ကျ ငိုယိုပြီး တောင်းဆိုခဲ့တာမို့... ငါကိုယ်တော်မှာ လက်ခံရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး..."
ယွင်ဟွားသည် အမိန့်တော်ကို ဆုပ်ကိုင်ထားပြီး သူမ၏ လက်များမှာ ထိန်းမရသိမ်းမရ တုန်ယင်နေသည်။ ယွင်ရှောင်ထျန်းကလည်း အံကြိတ်ကာ ကျိန်ဆဲလုမတတ် ဖြစ်သွားလေသည်။
*အရှင်မင်းကြီး... အရှင်မင်းကြီးက အရမ်းကို ယုတ်မာလွန်းတယ်... တကယ့်ကို ယုတ်မာလွန်းပါတယ်…*
"အား..."
ယွင်ဟွားက အော်ဟစ်လိုက်ရာ ယွင်ရှောင်ထျန်းမှာ လန့်သွားပြီး ချက်ချင်းပင် ထခုန်လိုက်သည်။
"အဘိုးကြီးယွင်... သမီး အဖေ့ကို သေတဲ့အထိ တိုက်ခိုက်မယ်... အဖေ သမီးကို ထပ်ပြီး လှည့်စားပြန်ပြီ..."
"သမီးလေး... အဖေ့ကို ရှင်းပြခွင့်ပေးပါဦး... ဒီတစ်ခါတော့ တကယ်ပဲ အဖေ လုပ်ခဲ့တာ မဟုတ်..."
"သမီး နားမထောင်ဘူး... သမီး နားမထောင်ဘူး... အဖေက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ..."
“ပန်းကလေး... နင့်အဖေနဲ့ ကွာရှင်းပြီး သူ့ကို ယွင်မိသားစုထဲကနေ မောင်းထုတ်ပစ်ဖို့ နင့်အမေကို ပြောလိုက်... ဒီဘဝကြီးက သည်းခံနိုင်စရာ မရှိတော့ဘူး... ငါ့ရဲ့ ပန်းကလေးက စာနည်းနည်း မတတ်တော့ကော ဘာဖြစ်လဲ... မိန်းမတစ်ယောက်က အရည်အချင်း မရှိရင်တောင် စာတော့ ဖတ်တတ်သေးတာပဲ..”
“ဟုတ်တယ်... ငါ စာဖတ်တတ်တယ်... အဲဒါ လုံလောက်နေပြီ... ငရဲပြည်မှာတောင် ငါ စာမသင်ခဲ့ရတာ... လူ့ပြည်မှာ ရှေးဟောင်းတရုတ်စာကို ငါ ဘာလို့ သင်ဖို့ လိုအပ်မှာလဲ... အားလုံးက အဓိပ္ပာယ်မရှိတာတွေချည်းပဲ..”
“ဖူး... ငါ့အမြင်မှာတော့ အင်အားရှိသူကသာ မှန်ကန်တယ်..”
လူတိုင်း….
ပရမ်းပတာဖြစ်သွားပြီးနောက် ယွင်ရှောင်ထျန်းမှာ သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေပြီး သူ၏ အဝတ်အစားများမှာလည်း သမီးငယ်လေး၏ ဆွဲဆုတ်မှုကြောင့် စုတ်ပြတ်သတ်နေလေပြီ။
ကံကောင်းစွာဖြင့်…
ယခင် အမတ်ကုန်းနှင့် မတူဘဲ အနည်းဆုံးတော့ သူ၏ အတွင်းခံများမှာ ကျန်ရှိနေသေးသည်။ လူတိုင်းက မကြည့်ရက်နိုင်ဘဲ သူတို့၏ ရယ်မောချင်စိတ်များကို မြိုသိပ်ထားကြသည်။ ယွင်ရှောင်ထျန်းသည် သူ၏ ဇနီးဖြစ်သူကို နာကြည်းသော အမူအရာဖြင့် စိုက်ကြည့်နေမိသည်။
ချွေ့ဝမ်ရှင်းသည် အပြစ်ရှိသလို ခံစားရပြီး သူ့ကို မကြည့်ရဲချေ။ သူမက မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ကာ ချောင်းဆိုးဟန်ဆောင်ပြီး အဝတ်အစား လဲလှယ်ရန် သူ့ကို အခန်းထဲသို့ ပြန်ဆွဲခေါ်သွားလေသည်။
ယွင်ဟွားသည် သူမ၏ စောင်လေးကို ဆုပ်ကိုင်ကာ ဘိုးဘေးခန်းမဆီသို့ ပြေးသွားရင်း တစ်လမ်းလုံး ငိုကြွေးနေလေသည်။
"ဘိုးဘေးတို့... မြေးတို့ ခုလိုမျိုး ဆက်ပြီး အသက်ရှင်လို့ မရတော့ဘူး..."
အခန်း (၈၄) ယွင်ဟွား အိမ်မှ ထွက်ပြေးခြင်း
ယွင်ဟွားသည် ဘိုးဘေးခန်းမထဲသို့ အပြေးအလွှား ဝင်သွားပြီး သူမ၏ အဘိုးအဘွားများ၏ အမည်ကမ္ပည်းပြားများကို ရှာဖွေကာ ရင်ခွင်ထဲတွင် ပွေ့ဖက်ထားရင်း ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
"ဝါး... အဘိုးတို့ရဲ့ သားက မြေးကို အရမ်း အနိုင်ကျင့်နေတယ်..."
"မနေ့ညက သူ့ကို ရိုက်နှက်ခဲ့တာ မှန်တယ်... သမီးအဖေက ယုတ်မာတဲ့ အလုပ်မျိုးစုံကို လုပ်နေတာ..."
"ဝါး... အဘိုးနဲ့ အဘွား... ဒီနေ့ညလည်း သူ့ကို သွားရိုက်ပြီး ဒုက္ခရောက်နေတဲ့ မြေးလေးအတွက် ကလဲ့စားချေပေးကြပါဦး..."
မနက်ဖြန် နံနက်ခင်းညီလာခံ တက်စရာ မလိုသော်လည်း ကျောင်းသွားတက်ရမည်ဖြစ်ကြောင်း ယွင်ဟွား တွေးလိုက်မိချိန်တွင် သူမ၏ အမြင်အာရုံများ ထပ်မံ မည်းမှောင်သွားသည်။
သူမသည် ခေါင်းငိုက်စိုက်ကျသွားပြီး အမည်ကမ္ပည်းပြားကို ပိုမို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ ထိုမျက်နှာလေးမှာ အလွန်ပင် သနားစရာကောင်းနေလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်မှာ မကြည့်ရက်နိုင်တော့ဘဲ ဒေါသတကြီး အကြံပေးလာလေသည်။
“ပန်းကလေး... ငါတို့ အိမ်ကနေ ထွက်ပြေးပြီး ပုန်ကန်တယ်ဆိုတာ ဘာလဲဆိုတာ သူတို့ကို ပြလိုက်ကြရအောင်..”
“ဘာပဲဖြစ်ဖြစ် နင့်ရဲ့ လျှို့ဝှက်ငွေစုဆောင်းမှုတွေအားလုံးက ငါ့ဆီမှာ ရှိနေတာပဲ... ငါတို့ ငတ်မှာ မဟုတ်ဘူး..”
ရှင်ခြင်းသေခြင်းစာအုပ်သည် ပန်းကလေး၏ ခေါင်းကို ကိုင်ထားကာ မျက်နှာငယ်လေးဖြင့် သူမနှင့်အတူ လိုက်လံ ငိုကြွေးနေသည်။
ယွင်ဟွားသည် သူမ၏ မျက်တောင်စွန်းမှ မျက်ရည်များကို သုတ်ဖယ်လိုက်ပြီး လက်သီးများကို ဆုပ်ထားလိုက်၏။
“သွားကြမယ်... အခုချက်ချင်း သွားကြမယ်..”
“သူတို့ကို နောင်တရအောင် လုပ်ပစ်မယ်... ဒီတစ်သက် ငါ့ကို ထပ်ပြီး မြင်ရတော့မှာ မဟုတ်ဘူး..”
“ဝါး... ယမမင်းကို ရုတ်တရက် အရမ်းလွမ်းသွားပြီ... ငါ ကျောင်းသွားစရာမလိုတဲ့ ငရဲပြည်ကိုပဲ ပြန်သွားချင်တော့တယ်…”
ယွင်ဟွားက အမည်ကမ္ပည်းပြားကို ပြန်ထားလိုက်လေသည်။
"အဘိုးနဲ့ အဘွား... ကတိနော်... ဒီနေ့ည သမီးအဖေကို သေချာပေါက် သွားရိုက်နှက်ရမယ်နော်..."
သူမသည် သူမ၏ ဖခင်ကို မရိုက်နှက်ရဲချေ။ အလွန်ဆုံး သူမ လုပ်နိုင်သည်မှာ သူ၏ အပေါ်ရုံအင်္ကျီကို ဆွဲဆုတ်ပစ်ရန်သာ ဖြစ်ပေသည်။ သို့သော် သူမသည် ပြင်ပမှ အကူအညီကို ရှာဖွေနိုင်သည်။
ယွင်ဟွားသည် သူမ၏ မိခင်ရှိရာ ခြံဝင်းအတွင်းသို့ တိတ်တဆိတ် ပြန်လည် ဝင်ရောက်သွားချိန်တွင် ဖယောင်းတိုင်မီးများမှာ ငြိမ်းသတ်ထားပြီး ဖြစ်သည်။
သူမ အခန်းထဲသို့ ပြန်အလာကို စောင့်ဆိုင်းနေဆဲဖြစ်သော ထောင်ကျီကို သူမက တစ်ချက်ကြည့်လိုက်ပြီး ယခင်က သူမ ဖော်စပ်ထားခဲ့သော ဆေးလုံးများကို သတိရသွားသည်။ သူမက ၎င်းတို့ထဲမှ တစ်လုံးကို ချေမွလိုက်ရာ ၎င်းမှာ သူမ၏ နေရာလွတ်သိုလှောင်လက်စွပ်ထဲမှ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
ဘုတ်... ခနဲ အသံနှင့်အတူ ထောင်ကျီက သတိလစ်သွားလေသည်။
အဝတ်အစား လဲလှယ်ရန် နှစ်စုံကို ထုပ်ပိုးပြီးနောက် စားပွဲပေါ်တွင် စာတိုလေးတစ်စောင်ကို ချန်ထားရစ်ခဲ့လေသည်။
ယွင်ဟွားသည် နှာခေါင်းရှုံ့လိုက်၏။ သူမသည် သိုင်းလောကတခွင် လှည့်လည်သွားလာတော့မည် ဖြစ်ပေသည်။
"ထောင်ဟွာ... အပြင်ထွက်ခဲ့..."
သူမ၏ မိခင် နိုးလာမည်ကို စိုးရိမ်သဖြင့် သူမက အသံကို နှိမ့်ကာ ပြောလိုက်သည်။
"သခင်မလေး..."
"ငါ အိမ်ကနေ ထွက်ပြေးချင်တယ်... ကျေးဇူးပြုပြီး ယွင်မိသားစု အစောင့်တွေဆီကနေ ငါ့ကို ခေါ်ထုတ်သွားပေးပါ..."
ထောင်ဟွာ၏ နှုတ်ခမ်းများ ပြင်းထန်စွာ တွန့်ကွေးသွားလေသည်။
သို့သော် သူမသည် သခင်တစ်ဦးတည်းကိုသာ အသိအမှတ်ပြုထားသည်။ ယွင်ဟွားကို ပွေ့ချီကာ မည်သူ့ကိုမျှ သတိမပြုမိစေဘဲ ယွင်အိမ်တော်မှ ထွက်ခွာသွားသည်။
"သခင်မလေး... အခု ဘယ်သွားကြမလဲ..."
သန်းခေါင်ယံအချိန် ဖြစ်နေပြီး တည်းခိုခန်းများလည်း ပိတ်သွားပြီ ဖြစ်လေသည်။
ယွင်ဟွားသည် သူမ၏ မေးစေ့ကို လက်ပေါ်တွင် တင်ထားလိုက်သည်။ အစ်မကြီး တစ်ယောက်အနေဖြင့် သူမတွင် သွားစရာနေရာ မရှိသဖြင့် အသစ်စုဆောင်းထားသော သူမ၏ လက်အောက်ငယ်သားများကိုသာ အားကိုးရတော့မည် ဖြစ်ပေသည်။
"မင်းသားစုအိမ်တော်ကို သွားပြီး ရှောင်ယွမ်ယွမ်ဆီမှာ ခိုလှုံကြရအောင်..."
ထောင်ဟွာက ခဏတာ ရပ်တန့်သွားပြီး သူမ၏ မျက်နှာပေါ်တွင် အခက်တွေ့နေသော အမူအရာ ပေါ်လာသည်။ မြို့တော်မှ ယာယီ ထွက်ခွာရမည်ဖြစ်ပြီး ယွင်ဟွားကို ကာကွယ်ပေးရန် သူမ၏ ယခင်သခင်ထံမှ သတင်းစကားတစ်ခု သူမ ရရှိထားခဲ့လေသည်။
"သခင်မလေး... သခင်လေးက မြို့တော်ကနေ ထွက်ခွာသွားပါပြီ..."
"ဘာ..."
ယွင်ဟွားသည် အံ့သြတကြီး အော်ဟစ်လိုက်ပြီး တုန်လှုပ်မှုကြောင့် သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
နေသာသောနေ့တွင် မိုးကြိုးပစ်ချခံရသကဲ့သို့ နောက်ထပ် ကံဆိုးမှုတစ်ခု ဖြစ်လေသည်။ ယွင်ဟွားမှာ ငိုလုမတတ် ဖြစ်သွား၏။ သူမ အသစ်စုဆောင်းထားသော လက်အောက်ငယ်သားမှာ သူမကို မခေါ်ဘဲ လောကကြီးထဲသို့ တစ်ကိုယ်တော် စွန့်စားထွက်ခွာသွားခဲ့လေပြီ။
“ရှောင်ရှူးရှူး... ဟင့်ဟင့်... ငါ့မှာ အားကိုးစရာ ဘယ်သူမှ မရှိတော့ဘူး…”
“ပန်းကလေး... ဝမ်းနည်းမနေပါနဲ့... နင့်ရဲ့ မောင်ငယ်လေးက အားကိုးလို့ မရဘူး... သူ့အမေဆီသာ သွားရှာလိုက်... တော်ဝင်ကြင်ယာတော်စုက နင့်ကို အရသာရှိတဲ့ အစားအသောက်တွေ စားဖို့ သူမရဲ့ အိမ်တော်ကို ဖိတ်ထားတယ် မဟုတ်လား..”
ယွင်ဟွား၏ ငိုကြွေးနေသော အသံမှာ ဆို့နင့်သွားပြီး သူမ၏ နှုတ်ခမ်းများကို သပ်လိုက်သည်။
"ထောင်ဟွာ... မင်းသားစုအိမ်တော်ကို သွားပြီး ကြင်ယာတော်ကို သွားရှာကြမယ်..."
ဤတစ်ကြိမ်တွင် ထောင်ဟွာက အစောင့်များကို ရှောင်ရှားရန် မကြိုးစားတော့ချေ။ သူမသည် မင်းသားစုအိမ်တော်အတွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ရှာဖွေတွေ့ရှိခြင်း ခံလိုက်ရလေသည်။ သူမသည် တူညီသော ရွှမ်ကျားတပ်စခန်းမှ လာသူဖြစ်သောကြောင့် သူတို့က သူမကို သဘာဝကျကျပင် မှတ်မိနေကြလေသည်။
သူတို့က မေးမြန်းရန် ရှေ့သို့ တက်လှမ်းတော့မည့်ဆဲဆဲတွင် သူတို့၏ ရင်ခွင်ထဲရှိ အမတ်ငယ်ယွင်ကို မြင်လိုက်ရသောအခါ အားလုံးက ခြေလှမ်းများကို အလျင်အမြန် ပြန်လည်ရုပ်သိမ်းလိုက်ကြလေသည်။
"အမတ်လေး... တော်ဝင်ကြင်ယာတော်က အိပ်ရာဝင်သွားပါပြီ..."
ယွင်ဟွား၏ မျက်နှာမှာ စိုးရိမ်ပူပန်မှုများဖြင့် တွန့်ကွေးသွားပြီး သူမ၏ ဗိုက်ထဲတွင် ဆာလောင်မှု တစ်ချက်ကို ခံစားလိုက်ရသည်။
ကျောင်းသွားတက်ရမည်ကို သူမ အလွန် စိတ်အနှောင့်အယှက်ဖြစ်နေသောကြောင့် ယနေ့ညတွင် သူမ ညစာ မစားခဲ့ရချေ။
"ထောင်ဟွာ... မင်းသားအိမ်တော်က စားဖိုမှူးက ဘယ်မှာ အိပ်တာလဲ... ငါ ဗိုက်ဆာနေပြီ..."
ယွင်ဟွားက မကျေမနပ်ဖြင့် သူမ၏ ဗိုက်ကို ပွတ်သပ်လိုက်ရာ သူမ၏ ကြီးမားပြီး အရည်လဲ့နေသော မျက်ဝန်းများထဲတွင် မျက်ရည်များ ပြည့်နှက်နေသည်။
ထောင်ဟွာ၏ နှလုံးသားမှာ နူးညံ့သွားသည်။
သူတို့သည် အသစ်ငှားရမ်းထားသော စားဖိုမှူး၏ အခန်းဆီသို့ တိုက်ရိုက် ပြေးသွားကာ သူ့ကို ဖမ်းဆွဲပြီး ပင်မမီးဖိုချောင်ထဲသို့ ပစ်သွင်းလိုက်သည်။ ဤစားဖိုမှူးသည်လည်း သခင်လေးအတွက် ပြင်ဆင်ထားသူ ဖြစ်သောကြောင့်ပင်။
"မြန်မြန် ချက်စမ်း..."
ထောင်ဟွာက ဓားကို သူမ၏ ရင်ဘတ်တွင် ပိုက်ထားကာ စားဖိုမှူးကို ခြိမ်းခြောက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
ယွင်ဟွားသည် ခွေးခြေတစ်လုံးကို ရှာတွေ့ကာ ထိုင်ချလိုက်ပြီး သူမ၏ ပါးပြင်များကို လက်နှစ်ဖက်ဖြင့် ထောက်ထားရင်း သွားရည်များ ကျနေလေတော့သည်။
ဤအချိန်တွင် နောက်ဆုံး၌ သတိဝင်လာသော စားဖိုမှူးသည် အော်သံတစ်သံ လွှတ်လိုက်ရာ မင်းသားစုအိမ်တော် တစ်ခုလုံး လင်းထိန်သွားလေတော့သည်။
"ရှောင်ဟွားလေးလား..."
တော်ဝင်ကြင်ယာတော်စုက အံ့အားသင့်စွာ ရေရွတ်လိုက်လေသည်။
"နတ်သမီးလေးလို လှပတဲ့ အဒေါ်..ရှောင်ဟွား အလည်လာတာပါ... ရှောင်ဟွားကို ကြိုဆိုချင်ရဲ့လား..."
ယွင်ဟွား ပြေးသွားကာ တော်ဝင်ကြင်ယာတော်စု၏ ဘေးတွင် ရပ်လိုက်ပြီး အလွန်အမင်း မျက်နှာချိုသွေးသော အပြုံးဖြင့် ပြုံးဖြီးဖြီး လုပ်နေလေသည်။
"သေချာပေါက် ကြိုဆိုတာပေါ့..."
တော်ဝင်ကြင်ယာတော်စုက ပါးစပ်ကို ဖုံးကာ ရယ်မောလိုက်သည်။ သူမ၏ နှုတ်ခမ်းလေးမှာ အလွန် ချိုသာလှပေသည်။
မင်းသားစု၏ နှုတ်ခမ်းများ တွန့်ကွေးသွား၏။
*သန်းခေါင်ယံအချိန်ကြီး လာလည်တဲ့ ဧည့်သည်တဲ့လား... ပြီးတော့ သူ့ကို ကြိုဆိုရဲ့လားလို့တောင် မေးနေသေးတယ်... သူ မလန့်သွားတာပဲ ကံကောင်းတယ်…*
သို့သော်...
ပြန်စဉ်းစားကြည့်လျှင် ဤအချက်မှာ အဓိပ္ပာယ်ရှိပေသည်။
ဤမိန်းကလေးသည် သူမ၏ အတိတ်ဘဝက ငရဲပြည်မှ တရားသူကြီးတစ်ဦး ဖြစ်ခဲ့သောကြောင့် မှောင်သွားပြီးနောက်မှသာ အလုပ်လုပ်နိုင်သည်။ ညဘက် လူတစ်ယောက်၏ တံခါးပေါက်သို့ သွားရောက်လည်ပတ်ခြင်းမှာ တစ်နည်းအားဖြင့် အဓိပ္ပာယ်ရှိပုံရပေသည်။
မင်းသားစုသည် သူ၏ စိတ်ထဲတွင် ကွက်လပ်များကို ဖြည့်တွေးနေစဉ် အခြားတစ်ဖက်ရှိ သူတို့နှစ်ဦးမှာမူ ကာလရှည်ကြာ ကွဲကွာနေသော ညီအစ်မများကဲ့သို့ လက်ချင်း ချိတ်ထားကြလေသည်။
တော်ဝင်ကြင်ယာတော်စုသည် ဤမိန်းကလေး မည်သည့်အကြောင်းကြောင့် ရောက်လာသည်ကို မမေးမြန်းခဲ့ချေ။ သူမ စားသောက်ပြီးစီးသွားသည်ကို ကြည့်ပြီးနောက် သူမ၏ လက်ကို ဆွဲကာ ဧည့်ခန်းဆောင်ဆီသို့ လျှောက်သွားလေသည်။
“ဒီနေ့ည ကျွန်မ ရှောင်ဟွားနဲ့ အိပ်မှာမို့ ရှင် ပြန်လို့ရပြီ..."
ဘန်း... ခနဲ အသံနှင့်အတူ မင်းသားစုမှာ အပြင်ဘက်တွင် သော့ခတ်ခံလိုက်ရသည်။
နောက်တစ်နေ့ နံနက်စောစောတွင်…
စာတိုလေးကို ဆုပ်ကိုင်ထားလျက် ထောင်ကျီသည် ပင်မခြံဝင်းဆီသို့ ယိုင်နဲ့နဲ့ လျှောက်သွားသည်။
ပြေးလွှားနေစဉ် သူမ၏ ပါးစပ်ထဲတွင် ချဉ်စူးစူး အရသာတစ်ခုကို ခံစားလိုက်ရသည်။
*သခင်မလေး...သခင်မလေးက ဘက်လိုက်လွန်းတယ်... ကျွန်မတို့ အားလုံးက သစ်ပင်တစ်ပင်တည်းမှာ ရှိနေတာကို ထောင်ဟွာက ပါသွားပြီး ထောင်ကျီကျတော့ ချန်ထားခဲ့တယ်…*
ယွင်ရှောင်ထျန်းသည် စာကို ကြည့်ကာ "ငါ သိသားပဲ" ဟူသော အမူအရာမျိုး ဖြစ်နေလေသည်။
*သိုင်းလောကကြီးထဲ လှည့်လည်သွားလာမယ်တဲ့လား... သူမက တော်တော်လေး ဒေါသကြီးတာပဲ…*
ပြီးခဲ့သည့်ညက သူမကို စောင့်ကြည့်ရန် သူ အထူးတလည် အစောင့်များ ထပ်မံ ချထားခဲ့သော်လည်း ထိုမိန်းကလေးမှာ လွတ်မြောက်သွားနိုင်ခဲ့ဆဲ ဖြစ်သည်။ ထောင်ဟွာက သူမကို ခေါ်ဆောင်သွားသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။
"ဒီကလေးမလေးတော့..."
ချွေ့ဝမ်ရှင်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး အကူအညီတောင်းရန် ယွင်ရှောင်ထျန်းကို ကြည့်လိုက်သည်။
ယွင်ရှောင်ထျန်းက သူ၏ နားထင်များကို ပွတ်သပ်လိုက်၏။
"ကိုယ် အရင်ဆုံး နန်းတော်ကို သွားပြီး ဒီကိစ္စကို သွားတင်ပြလိုက်ဦးမယ်..."
ပြီးခဲ့သည့်အကြိမ်က ဖြစ်ရပ်များအပြီးတွင် သူသည် သမီးငယ်လေး၏ စွမ်းရည်များကို အံ့မခန်း အထင်ကြီးနေခဲ့သည်။ ထောင်ဟွာ ရှိနေသောကြောင့် ဤတစ်ကြိမ်တွင် သူ များစွာ ပိုမို တည်ငြိမ်နေခဲ့လေသည်။
မယ်တော်ကြီးသည် မူလက ယွင်ဟွား နန်းတော်ထဲ ဝင်ကာ ကျောင်းတက်မည့်အချိန်ကို ဝမ်းသာအားရ စောင့်ဆိုင်းနေခဲ့သော်လည်း ထိုမိန်းကလေးက ကျောင်းမတက်ဘဲ သိုင်းလောကကြီးထဲသို့ ထွက်ကာ စူးစမ်းချင်နေကြောင်း ကြားလိုက်ရသောအခါ သူမ အနေဖြင့် ငိုရခက် ရယ်ရခက် ဖြစ်သွားလေတော့သည်။
မင်းသားစုသည် ဧကရာဇ်ထံတွင် ယွင်ရှောင်ထျန်း ဆက်လက် ညည်းညူနေဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါ သူ၏ မည်းနက်သော မျက်ဝန်းများမှာ တောက်ပသွားသည်။
ဒါကြောင့်ကို ထိုမိန်းကလေးက သန်းခေါင်ယံအချိန်ကြီး သူ့အိမ်တံခါးဝကို ရောက်လာခဲ့တာကိုး…။
သူက ပါးစပ်ဟလိုက်သော်လည်း ချက်ချင်းပင် ပြန်ပိတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ ဇနီးက ထိုမိန်းကလေးကို သဘောကျသောကြောင့် သူမကို အိမ်တော်ထဲတွင် ရက်အနည်းငယ်ကြာ ထားရှိပြီး စကားပြောခိုင်းခြင်းက ကောင်းမွန်ပေလိမ့်မည်။
ယနေ့ သူ၏ ဆုံးဖြတ်ချက်ကို သူ နောင်တရလိမ့်မည်ကို မင်းသားစု အလျဉ်း မသိခဲ့ချေ။
မင်းသားစုအိမ်တော်။
ယွင်ဟွားသည် မွန်းတည့်ချိန်အထိ အိပ်ပျော်နေခဲ့ပြီး ၎င်းမှာ အရာရှိဖြစ်လာပြီးကတည်းက သူမ အကောင်းဆုံး အိပ်ပျော်ခဲ့ခြင်းပင် ဖြစ်သည်။
"လှပတဲ့ ကြင်ယာတော်… ဟွားဟွား အိမ်တော်မှာ ရက်အနည်းငယ်လောက် ထပ်နေလို့ ရမလား..."
နေ့လယ်စာ စားပြီးနောက် ယွင်ဟွားသည် တော်ဝင်ကြင်ယာတော်စု၏ ဝတ်ရုံစကို ဆွဲကိုင်ကာ ခိုလှုံခွင့်တောင်းနေသကဲ့သို့ အသနားခံသော အကြည့်များဖြင့် သူမ၏ မျက်လုံးများကို ကွေးညွတ်လိုက်သည်။
“ပန်းကလေး... နင် အိမ်ကနေ ထွက်ပြေးလာတာလို့ ကြင်ယာတော်ကို ဘာလို့ မပြောရတာလဲ..”
ရှင်ခြင်းသေခြင်းစာအုပ်က ယွင်ဟွား၏ ခေါင်းပေါ်တွင် ထိုင်နေပြီး ၎င်း၏ နယ်မြေသစ်ကို ကြည့်ရှုရင်း မျက်လုံးများ တောက်ပနေလေသည်။
“ဟင့်အင်း... အိမ်ကနေ ထွက်ပြေးတယ်ဆိုတာက အရမ်း အရှက်ကွဲစရာ ကောင်းတယ်... ငါ ဘယ်သူ့ကိုမှ လုံးဝ မပြောနိုင်ဘူး..”
ဤတစ်ကြိမ်တွင်မူ သူမ၏ လက်သီးများက အိမ်တွင်းအကြမ်းဖက်မှုကို မတားဆီးနိုင်ခဲ့သောကြောင့် သမီးတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီးနောက် သူတို့ မည်မျှနှလုံးကွဲကြေနေရကြောင်း မိဘများကို သိစေရန် ဤအရာကို ခြိမ်းခြောက်မှုတစ်ခုအဖြစ်သာ သူမ အသုံးပြုနိုင်တော့ပေသည်။
တော်ဝင်ကြင်ယာတော်စုက ရယ်ချင်စိတ်ကို အောင့်ထားရာ သူမ၏ ပခုံးများမှာ ထိန်းမရသိမ်းမရ တုန်ခါနေသည်။
"ကောင်းပါပြီ... မင်း နေချင်သလောက် နေလို့ ရပါတယ်..."
ဤမိန်းကလေး သူမနှင့်အတူ အချိန်ပိုဖြတ်သန်းရန် သူမ မစောင့်ဆိုင်းနိုင်တော့ချေ။
ယွမ်အာသည် တိတ်ဆိတ်ပြီး စကားနည်းသော ကလေးတစ်ဦးဖြစ်ကာ နန်းတော်မှာလည်း လူသူကင်းမဲ့နေသကဲ့သို့ ဖြစ်နေသည်။ သူမသည် သူမ၏ အချိန်များကို သိုင်းပညာလေ့ကျင့်ခြင်းနှင့် ဆေးကျမ်းအမျိုးမျိုးကို ရှာဖွေခြင်းတို့ဖြင့်သာ ကုန်ဆုံးလေ့ရှိပြီး ပုံမှန်အားဖြင့် အလွန် ပျင်းစရာကောင်းလှပေသည်။
"လာ... အဒေါ် မင်းကို လိုက်ပြမယ်..."
တော်ဝင်ကြင်ယာတော်စုက အစားအသောက်အချို့ ပြင်ဆင်ထားရန် အမိန့်ပေးလိုက်ပြီး ယွင်ဟွားကို ခေါ်ဆောင်ကာ ခြံဝင်းအတွင်း လမ်းလျှောက်ရန်နှင့် အိမ်များသို့ သွားရောက်လည်ပတ်ရန် လိုက်ပါသွားလေသည်။
“ပန်းကလေး... မြန်မြန်... အဲ့ပန်းအိုးထဲမှာ ငွေတုံး ငါးဆယ် ရှိတယ်…”
“မင်းသားစုက ကြင်ယာတော် မသိအောင် ငွေတွေကို တိတ်တဆိတ် ဖွက်ထားတာပဲ..”