← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅) မင်းသားစု၏ အနက်ရှိုင်းဆုံး နောင်တနှင့် ယင်ယန် ရှောင်ယွင်ဟွား

ဤအချိန်တွင် အလုပ်ရှုပ်နေဆဲဖြစ်သော မင်းသားစုက နှာချေခြင်းများကို ဆက်တိုက်ဆိုသလို အကြိမ်ကြိမ် လုပ်လိုက်မိလေသည်။

တော်ဝင်ကြင်ယာတော်စုက အံကြိတ်လိုက်၏။

ယွင်ဟွားက ညည်းတွားလိုက်သည်။

“ရှောင်ရှူးရှူး... ဒါက အရမ်းကို ဒေါသထွက်ဖို့ကောင်းတာပဲ..”

“ဒီလောက်သဘောကောင်းလှတဲ့ ကြင်ယာတော် ရှိနေတာတောင် မင်းသားစုက မိသားစုမသိအောင် ငွေတွေကို ဘယ်လိုလုပ်ပြီး ဖွက်ထားရက်တာလဲ..”

ဆိုရိုးစကားရှိသည့်အတိုင်း ငွေကြေးသည် အမျိုးသားများကို ဖျက်ဆီးတတ်ပြီး သူတို့ကို ဖောက်ပြန်တတ်လာစေရန် လွယ်ကူစေလေသည်။

ရှင်ခြင်းသေခြင်းစာအုပ်က ယွင်ဟွားကို သဘောတူကာ ပြင်းပြင်းထန်ထန် ထောက်ခံလိုက်သည်။

“ဟုတ်တယ်... ပြီးတော့ အပြင်က ပြည့်တန်ဆာလေးတွေကို မွေးထားဖို့ ဒီငွေတွေကို သုံးလိမ့်မယ်..”

တော်ဝင်ကြင်ယာတော်စု၏ လက်ကိုင်ပဝါမှာ တင်းကျပ်စွာ ဆုပ်ကိုင်ထားမှုကြောင့် ပုံပျက်လုမတတ် ဖြစ်သွားသည်။

“အဲ့တုန်းက ငါ့အဖေလည်း ငွေတချို့ ဖွက်ထားခဲ့ဖူးတယ်... ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ငါ့အမေက ဉာဏ်ကောင်းလို့ အားလုံးကို ပြန်ရှာတွေ့သွားခဲ့တယ်…”

ယွင်ဟွားက ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ပြောလိုက်သည်။

“ပန်းကလေး... ငါ နင့်ကို ပြောပြရဦးမယ်... မင်းသားစုမှာ ငွေဖွက်ထားတဲ့ နေရာ တော်တော်များများ ရှိတယ်..”

ယွင်ဟွား၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ကစားနေလေသည်။

"ကြင်ယာတော်... ရှောင်ဟွား အခုလေးတင် တွက်ချက်ကြည့်လိုက်တော့ ဒီနေ့ တို့တွေ ကံကောင်းမှုတွေ ရလာတော့မယ်ဆိုတာကို သိလိုက်ရတယ်...တို့‌တွေ ငွေတွေ အများကြီး ရတော့မယ်..."

“ငါတို့က မင်းသားစုရဲ့ လျှို့ဝှက်ငွေတွေကို လုယက်ကြတာပေါ့..”

တော်ဝင်ကြင်ယာတော်စုက ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။

"ကောင်းပြီလေ... ဒါဆိုရင် အဲ့ငွေတွေအားလုံးကို မင်းရဲ့ မုန့်ဖိုးအဖြစ် ယူလိုက်လို့ရတယ်... ဘယ်လိုလဲ..."

အားလုံးကို ငါ့ကိုသာ ပေးလိုက်ပါ…။

ယွင်ဟွားက ပြုံးဖြီးဖြီးလုပ်လိုက်ပြီး ပန်းအိုးထဲမှ ငွေတုံး ငါးဆယ်ကို ချက်ချင်း ထုတ်ယူကာ သူမ၏ အိတ်ငယ်လေးထဲသို့ ထည့်လိုက်လေသည်။

“စာအုပ်လေး... လမ်းပြစမ်း... လမ်းပြစမ်း... မင်းသားစုရဲ့ ငွေတစ်ပြားတစ်ချပ်ကိုတောင် ချန်မထားခဲ့ဘူး…”

မှန်တာပေါ့...။

ရှောင်ဟွား ပျော်ရွှင်နေသရွေ့ သူ့အတွက် အတွင်းခံတစ်ထည်တောင် ချန်ထားပေးဖို့ မလိုပေ။

တော်ဝင်ကြင်ယာတော်စုက စိတ်ပျက်လက်ပျက်ဖြင့် မျက်ခုံးပင့်လိုက်သည်။ ငွေဖွက်ထားချင်စိတ် မရှိတော့စေရန် သူ၏ သုံးစွဲစရိတ်ကို ထပ်မံလျှော့ချရန် လိုအပ်မည်ဟု ထင်ရပေသည်။

ရှင်ခြင်းသေခြင်းစာအုပ်၏ လမ်းညွှန်မှုအောက်တွင် ယွင်ဟွားသည် နာရီဝက်ပင် မကြာမီ မင်းသားစု၏ လျှို့ဝှက်ငွေစုဆောင်းမှု အားလုံးကို လုယက်ယူငင်လိုက်ပြီး ခေါင်မိုးစွန်းတွင် ချန်ထားခဲ့သော ငွေတစ်တုံးကိုပင် လက်လွတ်မခံခဲ့ချေ။

"ဝိုး... စုစုပေါင်း ငွေတုံး တစ်ထောင်ခုနစ်ရာ့နှစ်ဆယ့်ငါးတုံးတောင် ရှိတာပဲ..."

စားပွဲပေါ်ရှိ ငွေတုံးများကို ကြည့်ကာ ယွင်ဟွား၏ မျက်လုံးများ တောက်ပသွားပြီး ၎င်းတို့အားလုံးကို သူမဆီသို့ ဆွဲယူလိုက်သည်။

“ငါ့ဟာ... ငါ့ဟာ... အားလုံးက ငါ့ဟာတွေချည်းပဲ..”

“ဟုတ်တယ်... အားလုံးက ငါ့ရဲ့ ဟွားဟွားလေးဟာတွေချည်းပဲ... မင်းသားစုကတော့ အိမ်သာထဲမှာ ငိုရင်း အိပ်ပျော်သွားတော့မှာပဲ..”

ရှင်ခြင်းသေခြင်းစာအုပ်သက ပန်းကလေး၏ ငွေမက်သော သဘာဝလေးကို အလွန် သဘောကျနေလေသည်။ သူမက ရှဉ့်ကလေးတစ်ကောင်ကဲ့သို့ ချစ်စရာကောင်းလှပေသည်။

"ကြင်ယာတော်... ဒါကို မြင်တဲ့သူတိုင်း ဝေစုရမယ်... ရှောင်ဟွားတို့ တစ်ယောက်တစ်ဝက် ယူကြတာပေါ့..."

ယွင်ဟွားက ပျော်ရွှင်စွာဖြင့် တော်ဝင်ကြင်ယာတော်စုဆီသို့ တွန်းပို့ပေးလိုက်လေသည်။

"မင်းလေးကတော့..."

တော်ဝင်ကြင်ယာတော်စုသည် ယွင်ဟွား၏ ချစ်စရာကောင်းသော အမူအရာကြောင့် သဘောကျသွားပြီး ရယ်မောလိုက်လေတော့သည်။

ဘယ်အရာက သူမကို ဤမျှ ပျော်ရွှင်စွာ ရယ်မောစေရသနည်း။

မင်းသားစု နန်းတော်မှ ပြန်လည်ရောက်ရှိလာချိန်တွင် စင်္ကြံလမ်း၌ သူ၏ ဇနီးဖြစ်သူ၏ ရယ်မောသံကို ကြားလိုက်ရသည်။

ထိုမိန်းကလေး၏ တည်နေရာကို လတ်တလော လျှို့ဝှက်ထားခြင်းက ကောင်းမွန်သော အကြံအစည်တစ်ခု ဖြစ်ပုံရပေသည်။

သူ အခန်းထဲသို့ ဝင်လာသည်နှင့် သူ၏ အကြည့်များက စားပွဲပေါ်ရှိ တောက်ပနေသော ငွေတုံးပုံကြီးထံသို့ ချက်ချင်း ကျရောက်သွား၏။

မင်းသားစုက သူ့မျက်လုံးများကို ပွတ်သပ်လိုက်ရာ သူ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။ အထူးသဖြင့် သူ၏ ဇနီးထံမှ ထွက်ပေါ်နေသော အေးစက်ပြီး ဖိနှိပ်လိုသော အရှိန်အဝါကို သူ ခံစားလိုက်ရချိန်တွင် ဖြစ်လေသည်။

သူ တုန်လှုပ်သွား၏။ ထို့နောက် သူက တည်ငြိမ်ဟန်ဆောင်ကာ ထိုင်လိုက်သည်။

ငွေတုံး တစ်ရာတန် ငွေစက္ကူနှစ်ရွက်ပေါ်တွင် သူ၏ အမှတ်အသားများ ရှိနေသေးကြောင်း သူ ရှာဖွေတွေ့ရှိလိုက်သည်။

ချက်ချင်းဆိုသလိုပင် မင်းသားစု၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားလေတော့သည်။

တော်ဝင်ကြင်ယာတော်စုက မည်သည့် အမူအရာမျှ မပြဘဲ တစ်ချက်ကြည့်လိုက်ပြီး သူမ၏ စိတ်ထဲတွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ခံသင့်တာပေါ့...။

"မိန်း... မိန်းကလေး... ရှေ့က ငွေတွေက ဘယ်က ရလာတာလဲ..."

၎င်းမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ရန် မျှော်လင့်လျက် မင်းသားစုက ထစ်အစွာ မေးလိုက်သည်။

ယွင်ဟွားက မင်းသားစုကို မော့ကြည့်လိုက်ပြီး အကြွေစများအားလုံးကို သူမ၏ အိတ်ထဲသို့ အလျင်အမြန် ဆို့ထည့်လိုက်ကာ သူ့ကို သတိထားသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။

“ဒါတွေက ကျွန်မရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ရှာထားတဲ့ ငွေတွေပဲ... ပြီးတော့ အခု ကျွန်မအိတ်ထဲ ရောက်နေပြီဆိုတော့ ဒါတွေက ကျွန်မဟာတွေပဲ..."

“ဟုတ်တယ်... အားလုံးက ရှင် ဖွက်ထားတဲ့ ငွေတွေချည်းပဲ... ကြင်ယာတော်က အားလုံးကို ငါ့ကို ပေးလိုက်ပြီ..”

“ပန်းကလေး... စိတ်မပူနဲ့... သူသာ ဒါတွေကို ပြန်ယူရဲရင် ဒီစာအုပ်က နင့်အတွက် ကလဲ့စားချေပေးမယ်..”

တစ်ခါတစ်ရံတွင် ရှောင်ဟွားဟွားက သူမ၏ အတိတ်ဘဝက ပန်းတစ်ပွင့် မဖြစ်သင့်ဘဲ ဝင်ရုံသာ ဝင်ပြီး ဘယ်တော့မှ ပြန်မထွက်သော ဖီရှို့ကောင်လေးတစ်ကောင် ဖြစ်သင့်သည်ဟု တွေးမိလေသည်။

မင်းသားစုခမျာ ယွင်ဟွား၏ အတွင်းစိတ်စကားများကို ကြားလိုက်ရသောအခါ ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤသည်မှာ တစ်နှစ်ကျော်ကြာ သူ ခက်ခက်ခဲခဲ စုဆောင်းထားခဲ့သော ငွေများ ဖြစ်လေသည်။

တော်ဝင်ကြင်ယာတော်စုက နှုတ်ခမ်းကို စုကာ အေးစက်စွာ ပြောလိုက်သည်။

"ရှောင်ဟွားက ဒီနေ့ ကျွန်မတို့ ကံကောင်းမှုတွေ ရလာတော့မယ်လို့ ပြောတယ်... နန်ကုန်းလင်ကျန့်... သူမ ပြောတာ မှန်တယ်လို့ ရှင် မထင်ဘူးလား... ဒီငွေတွေက ရှောင်ဟွားရဲ့ အိတ်ကပ်ထဲ ရောက်သင့်တာ မဟုတ်ဘူးလား..."

မင်းသားစု…….

သူ၏ အသားအရေများမှာ တင်းမာသွားလေသည်။

သူ၏ ဇနီးဖြစ်သူက သူ့ကို အမည်အပြည့်အစုံဖြင့် ခေါ်လိုက်သောကြောင့် ဒေါသထွက်နေကြောင်း သူ သိလိုက်သည်။

"မိန်းကလေးက သူ့အရည်အချင်းနဲ့သူ ရှာထားတာဆိုတော့ သူမ ရှာထားတဲ့အရာက သူမဟာ ဖြစ်သင့်တာပေါ့..."

*ဝါး…*

*ငါ့ရဲ့ ငွေတွေ…*

သူ၏ သုံးစွဲစရိတ်မှာ လျှော့ချခံထားရပြီးဖြစ်ကာ ၎င်းငွေဖြင့် အရက်ကို ခိုးကြောင်ခိုးဝှက် ဝယ်သောက်ရန် သူ အားထားနေရခြင်း ဖြစ်သော်လည်း ယခုမူ အားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။

မင်းသားစုသည် ယွင်ဟွားကို မြင်ရတိုင်း ဒေါသထွက်နေသောကြောင့် မတ်တတ်ရပ်ကာ ဤဝမ်းနည်းဖွယ် နေရာမှ ထွက်ခွာသွားလေတော့သည်။

“ပန်းကလေး... သူ့ရဲ့ လျှို့ဝှက်ငွေတွေကို ငါတို့ လုယက်ယူငင်လိုက်တယ်ဆိုတာကို မင်းသားစု ခန့်မှန်းမိသွားပြီလို့ ငါ ထင်တယ်..”

စောစောက သူ ပြောသွားသော 'လုယက်'ဆိုသည့် စကားလုံးကို ၎င်းက လျစ်လျူမရှုထားခဲ့ချေ။

မင်းသားစုသည် နေ့လယ်ခင်းတစ်ခုလုံး တစ်ယောက်တည်း ဒေါသထွက်ကာ အချိန်ကုန်ဆုံးခဲ့လေသည်။ ညစာစားချိန်တွင် ယွင်ဟွားကို သူ အနည်းငယ် အမြင်ကတ်နေမိခြင်းကို မတတ်နိုင်ခဲ့ချေ။

"ရှင် သေချာ မစားတတ်ဘူးလား... ရှင် မစားချင်ရင် ထွက်သွားလို့ရတယ်... ရှောင်ဟွားရဲ့ ခံတွင်းကို လာမဖျက်နဲ့..."

တော်ဝင်ကြင်ယာတော်စုက သူ့ကို ဘေးတိုက်စွေကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

လူကြီးတစ်ယောက်ဖြစ်ပြီး သူ၏ လျှို့ဝှက်ငွေများ ဆုံးရှုံးသွားရုံဖြင့် ကလေးမလေးတစ်ယောက်နှင့် ပြဿနာရှာနေဆဲ ဖြစ်သည်။ သူသည် ထမင်းတစ်လုတ် စားပြီးတိုင်း ရှောင်ဟွားကို စိုက်ကြည့်နေလေသည်။

*ဘာဖြစ်နေတာလဲ...ရှောင်ဟွားက ပန်းကန်ထဲက အသားဖြစ်နေလို့လား…*

သူ့ကိုသာ စောင့်ကြည့်ခိုင်းထားလိုက်လေတော့သည်။

မင်းသားစုသည် သူ၏ ဇနီးဖြစ်သူ၏ ဆူပူမှုကို ခံလိုက်ရပြီးနောက် ပို၍ပင် မကျေမနပ် ဖြစ်သွားသည်။ ဤအချိန်တွင် ယွင်ဟွားသည် ပန်းကန်ထဲမှ အသားများကိုသာ ရွေးချယ်စားသောက်နေပြီး ဟင်းသီးဟင်းရွက်များကို လုံးဝ မထိကြောင်း သူ သတိပြုမိသွားသည်။

မင်းသားစုက သူ၏ မေးစေ့ကို မော့လိုက်၏။

"မိန်းကလေး... အာဟာရ မျှတအောင် ဟင်းသီးဟင်းရွက်တွေ ပိုစားဦးလေ..."

ယွင်ဟွားသည် ခေါင်းငုံ့ထားကာ သူမ၏ ကြက်ပေါင်ကိုသာ ဆက်လက် ကိုက်စားနေသည်။ သူမသည် သဘောထားကြီးသူ ဖြစ်သောကြောင့် ကပ်စေးနှဲသော မင်းသားစုနှင့် အဆင့်အတန်းတူ အငြင်းပွားနေမည် မဟုတ်ချေ။

မင်းသားစုက အံကြိတ်ကာ ဟင်းသီးဟင်းရွက် စိမ်းစိမ်းတစ်ဖတ်ကို တူဖြင့် ကောက်ယူပြီး ယွင်ဟွား၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။

"အရပ်ပိုရှည်လာအောင် ဟင်းသီးဟင်းရွက်တွေ ပိုစားပါ... ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး... အရမ်း ပုလွန်းနေပြီ..."

ယွင်ဟွား၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး ဟင်းသီးဟင်းရွက်များကို ဖယ်ရှားလိုက်ကာ သူမ၏ ပါးစပ်ထဲရှိ ကြက်ပေါင်ကို အသံမြည်အောင် တကျွတ်ကျွတ် ဝါးစားနေသည်။

တော်ဝင်ကြင်ယာတော်စုက မျက်ခုံးပင့်လိုက်ပြီး ဤအဆင်အခြင်မဲ့သူကို လျစ်လျူရှုကာ သူမ၏ အစားအစာကို တိတ်ဆိတ်စွာ စားသောက်နေသည်။ ညစာစားပွဲပေါ်တွင် စုစုပေါင်း ကြက်ပေါင် ခြောက်ခုရှိရာ အားလုံးကို တော်ဝင်ကြင်ယာတော်စုက ယွင်ဟွား၏ ပန်းကန်ထဲသို့ ထည့်ပေးထားလိုက်သည်။

ယွင်ဟွားက မည်သို့မျှ မခံစားရဘဲ ပျော်ရွှင်စွာ စားသောက်နေသည်ကို မြင်သောအခါ မင်းသားစု၏ ဆိုးသွမ်းသော အတွေးများ ပြန်လည်ပေါ်ပေါက်လာလေသည်။

သူ၏ ငွေကလေးများ အားလုံးမှာ သူမ၏ အိတ်ကပ်ထဲတွင် ရှိနေသည် မဟုတ်ပါလော။

မင်းသားစုသည် မျက်လုံးများကို မှေးစင်းလိုက်ပြီး ယွင်ဟွား၏ ပန်းကန်ထဲမှ ကြက်ပေါင်ကို သူ၏ တူဖြင့် ယူလိုက်လေသည်။

သူ တစ်လုတ်မျှ ကိုက်စားလိုက်သည်ကို မြင်ပြီးနောက် ယွင်ဟွားမှာ လုံးဝ ဆွံ့အသွားလေတော့သည်။

"ဟင်း... မဆိုးဘူးပဲ... စားဖိုမှူးအသစ်ချက်တာ တကယ်ကို အရသာရှိတာပဲ..."

ယွင်ဟွား၏ အနေခက်နေသော အမူအရာကို မြင်လိုက်ရသောအခါ မင်းသားစုမှာ များစွာ နေလို့ကောင်းသွားလေသည်။

"မိန်းကလေး... ငါက မင်း ကောင်းဖို့အတွက် လုပ်ပေးတာပါ... မင်းက ပုနေပြီးသားကို... နောက်ထပ် ဝလာဦးမယ်ဆိုရင် ဝက်ပုလေးတစ်ကောင်နဲ့ တူသွားလိမ့်မယ်..."

ထိုသို့ပြောပြီးနောက် သူသည် ကြက်ပေါင်ကို အချက်အနည်းငယ်မျှ ကိုက်စားပြီး အကုန်စားပစ်လိုက်သည်။

စားပွဲပေါ်တွင် အရိုးတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။

ယွင်ဟွား၏ မျက်လုံးများ နီရဲလာလေသည်။

“သူ ငါ့ရဲ့ ကြက်ပေါင်ကို ခိုးစားသွားတယ်…”

“သူက ငါ့ရဲ့ ကြက်ပေါင်ကို ခိုးစားသွားရုံတင် မကဘူး... ငါ့ကို ဝက်လို့ခေါ်ပြီး ပုဂ္ဂိုလ်ရေးအရပါ လာစော်ကားနေသေးတယ်…”

ရှင်ခြင်းသေခြင်းစာအုပ်က ဒေါသတကြီးဖြင့် ယွင်ဟွား၏ ခေါင်းပေါ်တွင် လည်ပတ်နေလေသည်။

“ကျစ်... ငါ့ရဲ့ ပန်းကလေးက ပုတော့ကော ဘာဖြစ်လဲ... အဲ့တာကို သေးငယ်ပြီး ချစ်စရာကောင်းတယ်လို့ ခေါ်တယ်... သူ နည်းနည်း ဝနေတယ်ဆိုရင်တောင် အဲ့တာက လုံးဝန်းပြီး ချစ်စရာကောင်းတယ်လို့ ခေါ်တယ်..”

“စာအုပ်တော့ တကယ် ဒေါသထွက်လာပြီ... မင်းသားစု... မင်းကို မှတ်ထားလိုက်..”

ယွင်ဟွားက မတရားခံရခြင်းကို သည်းခံနိုင်ပါမည်လော။

အဖြေကတော့ ဟင့်အင်းပင် ဖြစ်လေသည်။

သူမ၏ မျက်ဝန်းများတွင် ဒေါသများ တောက်လောင်နေပြီး သူမ၏ အတွင်းစိတ်ထဲတွင် အော်ဟစ်လိုက်၏။

"ရှောင်ရှူးရှူး... သူ့ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်စမ်း..."

အခန်း (၈၆) ချစ်ဇနီး... ကိုယ့်ကို ရှင်းပြခွင့်ပေးပါဦး

ဤစကားကို ကြားလိုက်ရသောအခါ စောစောကမှ ဂုဏ်ဆာနေသော မင်းသားစုခမျာ တစ်ကိုယ်လုံး တုန်ယင်သွားလေတော့သည်။ သူသည် ယခုအချိန်တွင် သူ့ကိုယ်သူ ပါးရိုက်ချင်စိတ်များ ပေါက်နေလေသည်။

ဤမိန်းကလေးမှာ အနိုင်ကျင့်ခံရမည့်သူမျိုး မဟုတ်ကြောင်း သူ ကောင်းကောင်း သိထားလေသည်။ ထို့အပြင် ကိစ္စများကို ပိုမို ရှုပ်ထွေးအောင် လုပ်ဆောင်နေသော စာအုပ်လေးလည်း ရှိနေသေးသည်။

သူက ဘာဖြစ်လို့ သူမကို ရွဲ့စောင်းပြီး ပြောနေရသနည်း။

တော်ဝင်ကြင်ယာတော်စုက အနည်းငယ် ပျာယာခတ်နေသော မင်းသားစုကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများမှာ အနည်းငယ် ပင့်တက်သွားသည်။

*ခံသင့်တာပေါ့...ရှင်က အရမ်း အရှက်မဲ့တာပဲ…*

*ကျားပါးစပ်ထဲကနေ အစာကို နှိုက်ယူရဲသေးတယ်ဆိုရင် ရှောင်ဟွား ဖန်တီးမယ့် မုန်တိုင်းကို ရှင် ရင်ဆိုင်ဖို့ ပြင်ထားလိုက်ပေတော့…*

မင်းသားစုက တံတွေးများကို ခက်ခဲစွာ မြိုချလိုက်ပြီး ထွက်ပြေးချင်စိတ် ပေါက်လာသည်။

"အမ်း... မိန်းကလေး... မင်းအတွက် ကြက်ပေါင်တွေ ထပ်ပြင်ပေးဖို့ မီးဖိုချောင်ကို ငါ သွားပြောပေးမယ်လေ... ဘယ်လိုလဲ... ချက်ချင်း ပြန်လာခဲ့မယ်..."

ထိုစကားများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ထွက်ခွာရန် သူ ချက်ချင်း ထရပ်လိုက်သော်လည်း ဖြတ်လက်ပြီး သွက်လက်လှသော ယွင်ဟွားက သူ၏ လက်မောင်းကို တင်းကျပ်စွာ ဖမ်းဆုပ်ထားလိုက်သည်။

မင်းသားစု…

သူ အားကုန်သုံး၍ ဆွဲဖယ်လိုက်သော်လည်း မလှုပ်ရှားနိုင်ခဲ့ချေ။

ဤမိန်းကလေးက အံ့မခန်း ခွန်အားကြီးမားလှပေသည်။

"မိန်းကလေး... လွှတ်စမ်း... မင်းအတွက် ကြက်ပေါင် သွားယူပေးမလို့ပါဆို..."

ယွင်ဟွားသည် လွှတ်မပေးဘဲ ပြုံးဖြီးဖြီးဖြင့် သူမ၏ ဖြူဖွေးသော သွားငယ်လေး ရှစ်ချောင်းကို ပေါ်အောင် ပြုံးပြလိုက်သည်။

"မင်းသားစု... ကျွန်မ အခု ကြက်ပေါင် မစားချင်တော့ဘူး... ရှင့်အတွက် အခမဲ့ ဗေဒင်လေး ဟောပေးချင်ရုံလေးပါ..."

ကြည်လင်ပြတ်သားပြီး သာယာနာပျော်ဖွယ်ကောင်းသော အသံလေးသည် နွားခေါင်းနှင့် မြင်းမျက်နှာရှိသော မြှူဆွယ်တတ်သည့် မိစ္ဆာများကဲ့သို့ မင်းသားစု၏ နားထဲသို့ ရောက်ရှိလာလေသည်။

သူ၏ တစ်ကိုယ်လုံးမှာ "ငြင်းဆန်မှု" များဖြင့် အော်ဟစ်နေသည်။

"မလုပ်ပါနဲ့... မလိုအပ်ပါဘူး... မင်းရဲ့ အရည်အချင်းကို ငါ့အပေါ်မှာ ဘယ်လိုလုပ်ပြီး အလဟဿ အဖြစ်ခံနိုင်မှာလဲ... ငါက မထိုက်တန်ပါဘူး... မင်း တကယ်ပဲ ငါ့အတွက် တွက်ချက်ပေးဖို့ မလိုအပ်ပါဘူး..."

“ပန်းကလေး... ငါ ရောက်ပြီ... သူ့ရဲ့ သတင်းတွေကို ယူလာခဲ့တယ်..”

ရှင်ခြင်းသေခြင်းစာအုပ်၏ အသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မင်းသားစုမှာ တောင့်တင်းသွားလေသည်။

“ပန်းကလေး... ငါ နင့်ကို ပြောပြမယ်... ဒီမင်းသားစုက အရင်က ကြင်ယာတော်စုကို လက်မထပ်ချင်ခဲ့ဘူး..”

တော်ဝင်ကြင်ယာတော်စုမှာ အံ့အားသင့်သွား၏။ မင်းသားစုမှာမူ ကြောက်လန့်သွားသည်။ ၎င်းက အဓိပ္ပာယ်မရှိတာတွေကို လျှောက်ပြောနေပြန်ပြီ။

ယွင်ဟွားသည် မင်းသားစုကို ရုတ်တရက် လှမ်းကြည့်လိုက်ပြီး သွားဖြီးပြလိုက်သည်။

သူမ၏ အဒေါ်ကြင်ယာတော်မှာ အလွန် သဘောကောင်းလှပါလျက်နှင့် သူက လက်မထပ်ချင်သေးဘူးတဲ့လား။

“ပန်းကလေး... ကြင်ယာတော်က ငယ်စဉ်ကတည်းက သူမရဲ့ ဖခင်နဲ့အတူ နယ်စပ်စစ်တပ်မှာ ကြီးပြင်းလာခဲ့တာ... သူမက စာပေရော သိုင်းပညာပါ ကျွမ်းကျင်ပြီး တပ်တွေ ဖြန့်ကြက်ချထားတဲ့နေရာမှာလည်း သူမရဲ့ စွမ်းရည်က အမျိုးသားတွေထက် လုံးဝ မနိမ့်ကျဘူး... သူမ ကြီးပြင်းလာပြီးနောက် ရန်သူတွေကို တိုက်ခိုက်ဖို့ စစ်မြေပြင်ကို တိုက်ရိုက် သွားခဲ့တယ်…”

“ကျစ်... ကျစ်... ဒါကိုမှ အမျိုးသားတွေထက် မညံ့တဲ့ သူရဲကောင်းဆန်ပြီး ရဲရင့်တဲ့ အမျိုးသမီးလို့ ခေါ်တာပေါ့... ဒါကြောင့် ကွယ်လွန်သူ ဧကရာဇ်က မင်းသားစုအတွက် ကြင်ယာတော်ကို ပေးသနားခဲ့တယ်... ဒါပေမယ့် သူကတော့ သူ့အိမ်တော်မှာ စစ်တပ်အရာရှိတစ်ယောက် ထပ်မလိုတော့ဘူးလို့ ပြောပြီး ဒီကိစ္စကို လှောင်ပြောင်ခဲ့ပြီး အိမ်ထောင်ပြုဖို့ကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တယ်..”

“ဒီထက်ပိုဆိုးတာက မိသားစုရဲ့ ဇနီးသည်တစ်ယောက်ဟာ လက်နက်ကိုင်ဆောင်တတ်သူ မဖြစ်သင့်ဘဲ နူးညံ့သိမ်မွေ့ပြီး သဘောကောင်းကာ သည်းခံတတ်သူသာ ဖြစ်သင့်တယ်လို့ သူ ယုံကြည်ခဲ့တယ်..”

ယွင်ဟွား၏ မျက်နှာငယ်လေးသည် ဒေါသကြောင့် ဖောင်းကားလာလေသည်။

သူမက ဓားတွေ၊ လှံတွေ ကိုင်ဆောင်ထားတော့ကော ဘာဖြစ်သနည်း။ သူမကိုယ်တိုင်လည်း ပြဿနာများကို သူမ၏ လက်သီးများဖြင့် ဖြေရှင်းရသည်ကို နှစ်သက်ပေသည်။

ယွင်ဟွား၏ မျက်လုံးငယ်လေးများမှာ ဟိုဟိုဒီဒီ ကစားနေပြီး သူမက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။

"ကြင်ယာတော်... မင်းသားစုက အဒေါ့်ကို နည်းနည်း ကြမ်းတမ်းပြီး နူးညံ့သိမ်မွေ့မှု ဒါမှမဟုတ် နားလည်မှု လုံးဝမရှိဘူးလို့ တစ်ခါက ညည်းညူခဲ့ဖူးတယ်တဲ့... ပြီးတော့ သူက ပညာတတ်ပြီး အကြောင်းအကျိုး သိတတ်တဲ့လူတွေကို ပိုသဘောကျပြီး ရန်ဖြစ်တာကို မကြိုက်ဘူးတဲ့..."

လူအများ…

တော်ဝင်ကြင်ယာတော်စုက အဲကြိတ်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။

“ပန်းကလေး... မင်းသားစုက အခုဆို ကြင်ယာတော်ရဲ့ ကုတင်ပေါ်မှာ ခြောက်လလောက် အိပ်လို့ရမှာ မဟုတ်တော့ဘူး... သူ ကြမ်းပြင်ပေါ်မှာပဲ အိပ်ရတော့မယ်..”

“သူ့ကို ပိုပြီး ဘဝင်မြင့်ခိုင်းလိုက်စမ်းပါ..”

ယွင်ဟွားက ရင်ကော့လိုက်လေသည်။ သူမသည် တကယ့်ကို ကလဲ့စားချေတတ်သူ ဖြစ်ပေသည်။

“ပန်းကလေး... ငါ ဆက်ပြောမယ်... စီစဉ်ထားတဲ့ အိမ်ထောင်ရေးကြောင့် သူ အိမ်ကနေတောင် ထွက်ပြေးခဲ့သေးတယ်..”

မင်းသားစု…

သူ၏ ဇနီးဖြစ်သူ၏ အေးစက်သော အကြည့်များကို ထပ်မံခံစားလိုက်ရသောကြောင့် သူ၏ သူငယ်အိမ်များမှာ ပြင်းထန်စွာ ကျုံ့ဝင်သွားသည်။ ဤမိန်းကလေးကို ရန်စမိခဲ့သည့်အတွက် အလွန် ကြီးမားလှသော နောင်တကို သူ ခံစားလိုက်ရလိုက်သည်။

ယွင်ဟွားက မင်းသားစုကို တစ်ချက် ကြည့်လိုက်၏။ ထို့နောက် သူ့ကို ထပ်မံ ကြည့်လိုက်ပြန်လေသည်။

မင်းသားစု၏ မျက်ခွံများ တွန့်သွားသည်။ မိန်းကလေးက တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း တုံ့ဆိုင်းနေပုံရပြီး သူမ မည်သည့်အချိန်တွင်မဆို အံ့သြစရာကောင်းသော အရာတစ်ခုကို ပြောလာတော့မည်ဟု သူ ခံစားနေရသည်။

"ကြင်ယာတော်… ရှောင်ဟွား အဒေါ့်ကို ပြောပြမယ်... မင်းသားစုက ဧကရာဇ်ရဲ့ အမိန့်တော်ကို ဖီဆန်ပြီး အိမ်ထောင်ရေးကို ငြင်းဆန်ဖို့ အိမ်ကနေတောင် ထွက်ပြေးခဲ့တယ်တဲ့... အဲဒီအချိန်က သူ ဘယ်လောက်တောင် နာကြည်းနေမလဲဆိုတာ အဒေါ် စိတ်ကူးကြည့်လို့ ရပါတယ်..."

"အွတ်..."

ယွင်ဟွားသည် သူမ၏ ပါးစပ် အအုပ်ခံလိုက်ရသောကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။

"မိန်းကလေး... မင်းက ဗေဒင်ကို ဒီလို ဟောတာလား..."

ဤသည်မှာ ဗေဒင်ဟောခြင်း မဟုတ်ဘဲ သူ၏ အိမ်ကို ဖြိုချရန် ကြိုးစားနေခြင်းသာ ဖြစ်ပေသည်။

မင်းသားစုမှာ ထိတ်လန့်သွားပြီး အသက်ရှင်သန်ရေး ဗီဇများ နိုးကြားလာသည်။ သူက ချက်ချင်း ရှင်းပြလိုက်၏။

"ချစ်ဇနီး... ဇနီးလေး... မင်းက ကိုယ် ခမ်းခမ်းနားနား အခမ်းအနားနဲ့ အိမ်ကို ခေါ်လာခဲ့တဲ့ ကိုယ့်ရဲ့ ချစ်ဇနီးလေးလေ... ကိုယ်က မင်းကို ဘယ်လိုလုပ်ပြီး မကြိုက်ဘဲ နေပါ့မလဲ..."

"ဒီမိန်းကလေးက ကိုယ့်ကို ကလဲ့စားချေနေတာပါ... သူက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ..."

မင်းသားစုမှာ ငိုလုမတတ် ဖြစ်နေမိသည်။

"ကိုယ့်ရဲ့ ချစ်ဇနီးလေး... တကယ်တော့ ကိုယ် မင်းကို မြင်မြင်ချင်း ချစ်မိသွားခဲ့တာပါ... အဲဒီတုန်းက ကိုယ် အိမ်ကနေ ထွက်လာတော့... ကိုယ် အိမ်ကနေ ထွက်လာတော့..."

"အိမ်ကနေ ထွက်လာတော့ကော ဘာဖြစ်လဲ... ရှင်းပြစမ်း..."

တော်ဝင်ကြင်ယာတော်စုက လက်ပိုက်ကာ မျက်ခုံးပင့်လိုက်ပြီး သူ့ကို အေးစက်စွာ ကြည့်လိုက်လေသည်။

*ဝါး…*

သူ ရှင်းရှင်းလင်းလင်း မပြောပြတတ်တော့ချေ။

"ဇနီးလေး... ကိုယ်က ဒီစီစဉ်ထားတဲ့ အိမ်ထောင်ရေးကို ပုန်ကန်ဖို့ အိမ်ကနေ ထွက်လာခဲ့တာ မှန်ပါတယ်... ဒါပေမယ့်... နောက်တော့ ကိုယ်..."

ယွင်ဟွားက သူ၏ လက်ကို ဆွဲဖယ်လိုက်ပြီး အော်ပြောလိုက်သည်။

"နောက်တော့ ရှင် လူတစ်ယောက်ကို ကယ်တင်ခဲ့တဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့ပြီး သူမဆီကနေ မျက်လုံးမခွာနိုင်တော့ဘူးလေ..."

"သူမက ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ နတ်သမီးလေးတစ်ပါးလို့ ရှင် ခံစားခဲ့ရပြီး ရှင့်ရဲ့ နှလုံးသားက သူမအတွက် လုံးလုံးလျားလျား ပုံအပ်လိုက်တယ်... ရှင် မြင်မြင်ချင်း ချစ်မိသွားပြီး စွဲလမ်းသွားတာကြောင့် စေ့စပ်ထားတာကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်လေ..."

မင်းသားစုက ရုတ်တရက် လှည့်ကာ သူမကို ကြည့်လိုက်၏။

ယွင်ဟွား၏ မျက်လုံးများမှာ တောက်ပနေလေသည်။ လွန်ခဲ့သောအချိန်လေးကပင် ထိုမိန်းကလေးမှာ အမှန်တကယ်တော့ ကြင်ယာတော်စုသာဖြစ်ကြောင်း ရှောင်ရှူးရှူးက သူမ၏ နားထဲသို့ တီးတိုးပြောပြထားခဲ့လေသည်။

သူတို့က မြို့တော်သို့ ပြန်လာရန် အမိန့်ရခဲ့ပြီး အိမ်မှ ထွက်ပြေးလာသော မင်းသားစုနှင့် တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ကြသည်။

သို့သော် မင်းသားစုသည် သူ၏ရှေ့ရှိ မိန်းကလေးမှာ သူနှင့် စေ့စပ်ထားသူဖြစ်ကြောင်းကို မသိခဲ့ပေ။

"နန်ကုန်းလင်ကျန့်... ရှင့်မှာ မြင်မြင်ချင်း ချစ်မိသွားတဲ့လူတွေ တော်တော်များများ ရှိနေပုံရတယ်နော်..."

တော်ဝင်ကြင်ယာတော်စုက မင်းသားစု၏ နားရွက်ကို ဆွဲလိမ်လိုက်ပြီး ဒေါသတကြီး တောက်လောင်နေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။

"သူ့ကို ကယ်တင်ခဲ့တဲ့ မိန်းကလေးက သစ္စာရှိပြီး ခိုင်မာတယ်... သူမက ရှင့်ရဲ့ လိုအပ်ချက်တွေနဲ့ သေချာပေါက် ကိုက်ညီတယ်... လက်နက်ကိုင်ဆောင်တဲ့သူ မဟုတ်ဘဲ နူးညံ့သိမ်မွေ့ပြီး သဘောကောင်းတယ်မလား..."

"ဟီးဟီး... တကယ် တောင်းပန်ပါတယ်... ကျွန်မက ငယ်ငယ်ကတည်းက အဲ့လိုပါပဲ..."

ပြဇာတ်ကောင်းတစ်ပုဒ်ကို အမြဲအငမ်းမရ ကြည့်ချင်နေတတ်သော ယွင်ဟွားက မီးလောင်ရာ လေပင့်ပေးနေလေသည်။

"သူ လိုချင်တဲ့ အမျိုးသမီးကို လက်ထပ်ဖို့အတွက် မင်းသားစုက မြို့တော်ကို ချက်ချင်း လှည့်ပြန်ခဲ့ပြီး တော်ဝင်မင်္ဂလာပွဲကို ကန့်ကွက်ဖို့ ဒေါသတကြီးနဲ့ အစာငတ်ခံဆန္ဒပြခဲ့တယ်... ပြီးတော့ စစ်ရေးအရ အောင်မြင်မှုတွေနဲ့တောင် လဲလှယ်ဖို့ ကမ်းလှမ်းခဲ့သေးတယ်..."

"ကွယ်လွန်သူ ဧကရာဇ်ကလည်း အိမ်ထောင်ရေးကို ဖျက်သိမ်းဖို့ အမိန့်တော်သစ်ကို မလွှဲမရှောင်သာ ထုတ်ပြန်ခဲ့ရတယ်..."

လူအများ…

*သခင်မလေးယွင်... ကျေးဇူးပြုပြီး ဆက်မပြောပါနဲ့တော့…*

မင်းသားစုသည် ယခုအချိန်တွင် ယွင်ဟွား၏ ပါးစပ်ကို ပိတ်ပစ်လိုက်ချင်နေလေသည်။

"ချစ်ဇနီး... ကိုယ့်ကို ရှင်းပြခွင့်ပေးပါဦး... အဲဒီလို မဟုတ်ပါဘူး... အဲဒီလို မဟုတ်ပါဘူး..."

"အဲ့မိန်းကလေးက တကယ်တော့ မင်းပါပဲ... မင်းက ကိုယ် မြင်မြင်ချင်း ချစ်မိခဲ့ဖူးတဲ့ တစ်ဦးတည်းသောသူပါ..."

"အဲဒီအချိန်တုန်းက ကိုယ်က ငယ်ရွယ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သေးတယ်... ပြီးတော့ ကိုယ် သဘောကျတဲ့သူကို ရှာချင်ရုံသက်သက်နဲ့ အိမ်ကနေ ထွက်ပြေးခဲ့ပြီး မင်းနဲ့ တွေ့ခဲ့တာပါ... ဒါပေမယ့် အဲဒီအချိန်တုန်းက မင်းဟာ ကိုယ်နဲ့ စေ့စပ်ထားတဲ့သူမှန်း ကိုယ် မသိခဲ့ဘူး..."

ဤစကားကို ကြားသောအခါ တော်ဝင်ကြင်ယာတော်စု၏ မျက်ခုံးများ အနည်းငယ် တွန့်သွားလေသည်။

ယွင်ဟွားက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။

"အမိန့်တော် ထွက်လာတဲ့အချိန်မှာ စစ်မှန်တဲ့ အချစ်ကို ရှာဖွေနေတဲ့ ရှင့်ရဲ့ နှလုံးသားကို ကြင်ယာတော်စု နားလည်ပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ ရှင် ယောက္ခမနောက်ကို လိုက်သွားပြီး လက်ဆောင်တွေ အများကြီး ယူသွားကာ တောင်းပန်ခဲ့တယ်ဆိုတာ ကျွန်မ မှတ်မိသေးတယ်..."

မင်းသားစု...

ထိုကျိန်ဆဲခံ ယွင်ဟွား…။

သူ မတ်မတ်ပင် မရပ်နိုင်တော့လောက်အောင် ရယ်မောလိုက်သည်။

“ဒါပေမယ့် မင်းသားစုက အဲ့နေရာမှာတင် ဆွံ့အသွားခဲ့တယ်... စကားတစ်ခွန်းမှ မပြောဘဲ သူ့ရဲ့ အထိန်းတော်က ကြေညာဖို့ အချိန်မရလိုက်တဲ့ အမိန့်တော်ကို လုယူပြီး နန်းတော်ဆီ အလျင်စလို ပြေးပြန်သွားခဲ့တယ်..”

“ကွယ်လွန်သူ ဧကရာဇ်က ဒေါသထွက်လွန်းလို့ တုန်ယင်သွားပြီး အမိန့်တော်ကို ပြန်လည်ရုပ်သိမ်းဖို့ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့တယ်... မင်းသားစုက အရမ်း စိုးရိမ်ပူပန်သွားပြီး သုံးရက်တိတိ ဒူးထောက်ခဲ့သလို ဧကရာဇ်ရဲ့ အတွင်းခံတွေကို တစ်လတိတိ လျှော်ပေးခဲ့မှပဲ နောက်ဆုံးမှာ အမိန့်တော်ကို မလိုလားဘဲ ပြန်လည်ရုပ်သိမ်းပေးခဲ့တာ…”

တော်ဝင်ကြင်ယာတော်စုသည်လည်း ထိုစဉ်က မြင်ကွင်းကို ပြန်လည် သတိရသွားလေသည်။ သူမက ပြောလိုက်လေသည်။

"သူက ဘာလို့ ရုတ်တရက် အမိန့်တော်ကို လုယူသွားရတာလဲ... အဲ့ဒါက မိဘတွေကို တစ်ညလုံး စိုးရိမ်ပူပန်သွားစေခဲ့တယ်..."

မင်းသားစု၏ မျက်နှာမှာ နီရဲသွားသည်။ သူ အလွန် အရှက်ရနေသောကြောင့် မည်သူ့ကိုမျှ မျက်နှာမပြရဲတော့ချေ။

“ဒီကလေးဆိုးမ... အခုချက်ချင်း ထွက်သွားစမ်း... မင်းသားစုအိမ်တော်က မင်းကို လုံးဝ မကြိုဆိုဘူး..."

ထိုသို့ပြောပြီးနောက် သူသည် ယွင်ဟွား၏ ကော်လာကို ဖမ်းဆွဲကာ အပြင်သို့ ဆွဲထုတ်သွားလေတော့သည်။

"ဟင့်အင်း... ကျွန်မ မသွားဘူး..."

ယွင်ဟွားက တံခါးဘောင်ကို တင်းကျပ်စွာ ဖက်တွယ်ထားပြီး အော်ဟစ်လိုက်သည်။

"ပြောစမ်း... ကျွန်မရဲ့ ဟောကိန်းက တိကျသလား... မတိကျဘူးလား... ခုလို အရှက်ရစရာ ကောင်းတဲ့ လုပ်ရပ်တွေအားလုံးကို လုပ်ခဲ့တာ ရှင် မဟုတ်ဘူးလား..."

သူမ မင်းသားစုအိမ်တော်မှ ထွက်သွား၍ မရနိုင်ချေ။ သူမ ထွက်သွားမည်ဆိုပါက သူမသည် အမှန်တကယ်ပင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားမည် ဖြစ်လေသည်။

"ရှောင်ဟွား... လာ... အဒေါ် မင်းနဲ့ လိုက်ခဲ့မယ်... လောကကြီးထဲကို အတူတူ ထွက်သွားပြီး စူးစမ်းကြတာပေါ့..."

All Chapters