← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇) မင်းသားစု ယွင်အိမ်တော်သို့ လာရောက်ခြင်း

မင်းသားစုမှာ ဆွံ့အသွားလးသည်။

ယွင်ဟွားသည်လည်း အံ့အားသင့်သွားလေသည်။

တော်ဝင်ကြင်ယာတော်စုသည် ယွင်ဟွားကို သူ၏ထံမှ ပြန်လည်ဆွဲယူလိုက်သည်။

"ရှင်က ရှောင်ဟွားကို မကြိုဆိုမှတော့ ကျွန်မ သူမကိုခေါ်ပြီး ထွက်သွားမယ်..."

သူမက ခဏတာ ရပ်တန့်သွားပြီးနောက် မင်းသားစုကို စူးစိုက်ကြည့်လိုက်သည်။

"အဲ့လူက တိုက်ဆိုင်စွာပဲ ကျွန်မ ဖြစ်နေလို့ပါ... တခြားတစ်ယောက်သာဆိုရင် ရက်အနည်းငယ်ကြာတာနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းခံရမှာပဲ... အဲဒီအခါကျရင် သူမရဲ့ ဂုဏ်သိက္ခာကို ရှင် ဘယ်နား သွားထားမလဲ..."

ထိုသို့ပြောပြီးနောက် သူမသည် ပစ္စည်းများ သိမ်းဆည်းရန် ယွင်ဟွားကို သူတို့၏ အခန်းထဲသို့ ပြန်လည်ခေါ်ဆောင်သွားလေသည်။

"ဇနီးလေး... ချစ်ဇနီးလေး..."

ပွင့်လင်းပြီး ရန်လိုတတ်သော သဘာဝရှိသည်ဟု လူသိများသော မင်းသားစုသည် ယခုအခါ တော်ဝင်ကြင်ယာတော်စု၏ ခါးကို ဖက်ထားကာ ထိန်းမရသိမ်းမရ ရှိုက်ကြီးတငင် ငိုကြွေးနေလေတော့သည်။

"စေ့စပ်ထားတာကို ဖျက်သိမ်းခံရတဲ့ အမျိုးသမီးတစ်ယောက်အတွက် ဘယ်လောက်တောင် ခက်ခဲမလဲဆိုတာကို ကိုယ်သိပါတယ်... ဒါကြောင့် အမိန့်တော်ထဲမှာ ဒါဟာ ကိုယ့်ရဲ့အပြစ်ဖြစ်တယ်လို့ ဖော်ပြထားပြီး သူမကို အသရေဖျက်တဲ့ စကားတစ်ခွန်းမှ မပါစေခဲ့ပါဘူး... ကိုယ် ကျိန်ရဲတယ်..."

တော်ဝင်ကြင်ယာတော်စု၏ မျက်ခုံးများ အနည်းငယ် ပြေလျော့သွားလေရာ ဤအရာကို သူမ ယုံကြည်ကြောင်း သိသာလှပေသည်။

ဇနီးဖြစ်သူ၏ မျက်နှာအမူအရာမှာ ယခင်ကဲ့သို့ မတင်းမာတော့သည်ကို မြင်သောအခါ မင်းသားစုက ချက်ချင်းပင် ကတိပေးလိုက်လေသည်။

"ဒီမိန်းကလေးကို ကိုယ်မနှင်ထုတ်ပါဘူး... သူမ နေချင်သလောက် နေလို့ရပါတယ်..."

"ဒါ့အပြင် လောကကြီးထဲ ထွက်သွားတဲ့အခါ စားသောက်နေထိုင်ရတာတွေက အိမ်မှာလောက် သေချာပေါက် ကောင်းမှာ မဟုတ်ဘူးလေ..."

မင်းသားစုက ယွင်ဟွားကို ထပ်မံကြည့်လိုက်ပြီး သူမကို မည်သို့ ကိုင်တွယ်ရမည်ကို သိနေလေသည်။

သူမထံမှ စကားအနည်းငယ်က သူ၏ ချိုသာသော စကားများစွာထက် ပိုမို ထိရောက်မှု ရှိပေသည်။

"ကိုယ်တို့ အသစ်ငှားထားတဲ့ စားဖိုမှူးက မြောက်ပိုင်းရော တောင်ပိုင်း ဟင်းလျာတွေကိုပါ ကျွမ်းကျင်တယ်လို့ ကိုယ် မှတ်မိတယ်... သူ့ရဲ့ ဟင်းချက်လက်ရာက သွားရည်ကျလောက်အောင် အရမ်း အရသာရှိတာ..."

ယွင်ဟွားက သူမ၏ နှုတ်ခမ်းများကို သပ်လိုက်လေရာ သူမ သွားရည်ကျနေပြီ ဖြစ်သည်။

"ကြင်ယာတော်... မင်းသားစု ပြောတာ မှန်တယ်... အပြင်ထွက်ပြီး လောကကြီးထဲကို ရင်ဆိုင်ရတာက အန္တရာယ်များတဲ့ ကိစ္စတစ်ခုပဲ..."

"အဒေါ်ကလည်း အရမ်း လှပလွန်းတယ်... ကျွန်မကလည်း ဉာဏ်ကောင်းပြီး ချစ်စရာကောင်းနေတော့ လူဆိုးတွေရဲ့ ပစ်မှတ် ဖြစ်သွားနိုင်တယ်..."

"ဒါကြောင့် ကျွန်မတို့က ဘာဖြစ်လို့ အပြင်ထွက်ပြီး ဒုက္ခခံနေရမှာလဲ..."

ယွင်ဟွားက သူမကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်နေသည်ကို မြင်သောအခါ တော်ဝင်ကြင်ယာတော်စု၏ နှလုံးသားမှာ ချက်ချင်းပင် နူးညံ့သွားသည်။

လွန်ခဲ့သော ရက်အနည်းငယ်ကမှ ရှောင်ဟွား ပြန်ပေးဆွဲခံခဲ့ရကြောင်းကို သူမ မမေ့သေးချေ။

"ကောင်းပြီလေ... ဒါဆိုရင် နောက်တစ်ခါမှ လောကကြီးထဲကို ထပ်ပြီး စွန့်စားထွက်ကြတာပေါ့..."

မင်းသားစု၏ မျက်နှာပေါ်တွင် အပြုံးများပင် မပီပြင်သေးမီမှာပင် တော်ဝင်ကြင်ယာတော်စုက သူ၏ ပစ္စည်းများအားလုံးကို သူ၏ စာကြည့်ဆောင်သို့ ရွှေ့ပြောင်းရန် အမိန့်ပေးလိုက်လေသည်။

သူမက ရှောင်ဟွားနှင့်အတူ အိပ်ကာ သံယောဇဉ်ကို ပျိုးထောင်ချင်သည်ဟု အကြောင်းပြချက် ပေးလေသည်။

ချက်ချင်းဆိုသလိုပင်…

မင်းသားစု၏ ကမ္ဘာကြီးမှာ ထပ်မံ ပြိုကျသွားလေတော့သည်။

ရက်ပေါင်းများစွာ ဆက်တိုက်...

မင်းသားစုအိမ်တော်က ယွင်ဟွား ရောက်ရှိလာမှုကြောင့် အလွန် စည်ကားလှုပ်ရှားနေလေသည်။

အိမ်တော်အတွင်းရှိ အစေခံများမှာ တစ်သုတ်ပြီးတစ်သုတ် ပြောင်းလဲသွားကြလေသည်။

မကောင်းသော ရည်ရွယ်ချက်ရှိသူများ၊ သူတစ်ပါး၏ ကုတင်ပေါ်သို့ တက်ချင်သူများနှင့် သူလျှိုများ စိုက်ပျိုးထားသူများ အားလုံးကို ယွင်ဟွားက တစ်ယောက်ပြီးတစ်ယောက် ဖော်ထုတ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူမသည် ကြီးမားသော ဓနဥစ္စာများကိုလည်း ရရှိခဲ့လေသည်။

သို့သော်လည်း ထိုငွေများကို နောက်လအတွက် မင်းသားစု၏ လစဉ်သုံးစရိတ်ထဲမှ ယူငင်ခဲ့ခြင်း ဖြစ်လေသည်။

တော်ဝင်ကြင်ယာတော်စု၏ အကြောင်းပြချက်မှာ မုန့်ဖိုးများလွန်းနေလျှင် သူက ဖွက်ထားရလိမ့်မည် ဟူ၍ ဖြစ်သည်။

*ကောင်းကင်ဘုံ ကယ်တော်မူပါ…*

မင်းသားစုခမျာ တစ်ညလုံး ထပ်မံ၍ နှလုံးကွဲကြေနေရပြန်လေသည်။

ဒါတင်မကသေးချေ။

ယနေ့ သူ နံနက်ခင်းညီလာခံမှ ပြန်လည်ရောက်ရှိလာချိန်တွင် ထိုမိန်းကလေးက ခြံဝင်းနောက်ဘက်၌ ဗေဒင်ဟောသည့် ဆိုင်ခန်းငယ်တစ်ခုကို ဖွင့်ထားပြီးဖြစ်သည်ကို သူ မြင်လိုက်ရလေသည်။

သူမ၏ ရှေ့တွင် အစေခံများက တန်းစီကာ သူတို့၏ ကံကြမ္မာကို ဟောပြောခံရန် စောင့်ဆိုင်းနေကြပြီး သူ၏ ကိုယ်ပိုင် ဇနီးဖြစ်သူကမူ သူမအတွက် ငွေကောက်ခံရာတွင် ကူညီပေးနေလေသည်။

*ဗေဒင်တစ်ခါ ဟောလျှင် ငွေတစ်တုံးတဲ့လား…*

သူ့ကို ဗေဒင်ဟောပေးခဲ့စဉ်က ငွေတုံး တစ်ထောင်တန်ဖိုး ရှိခဲ့သည်မှာ မည်မျှ ရယ်စရာကောင်းလှသနည်း။

မင်းသားစု၏ မျက်နှာအမူအရာမှာ ထူးဆန်းနေလေသည်။

သူ ဤအတိုင်းထိုင်ပြီး သေမည့်အချိန်ကို စောင့်နေ၍ မရနိုင်တော့ချေ။ သို့မဟုတ်ပါက အစောနှင့်အနှောင်းဆိုသလို မင်းသားစုအိမ်တော်မှာ အမည်နှင့် ပိုင်ရှင် ပြောင်းလဲသွားရပေလိမ့်မည်။

ဤမိန်းကလေးသည် သူ၏ ဇနီးဖြစ်သူကိုပါ ဖျက်ဆီးထားကြောင်းကိုမူ ပြောစရာပင် မလိုတော့ချေ။

ယွင်အိမ်တော်။

ချွေ့ဝမ်ရှင်းသည် သူမ၏ တူများကို ချထားလိုက်ပြီး စိုးရိမ်ပူပန်မှုများ အပြည့်ရှိသော မျက်နှာဖြင့် ပြောလိုက်သည်။

"အဲ့မိန်းကလေး မင်းသားစုအိမ်တော်မှာ ဘယ်လိုများ နေနေမလဲ မသိဘူး..."

ယွင်ရှောင်ထျန်းက မျက်ခုံးပင့်လိုက်၏။

သူ ထင်တာသာ မှန်မယ်ဆိုရင် သူမက တော်တော်လေးကို အပူအပင်ကင်းကင်းနဲ့ နေနေလောက်မှာပင်။

ထိုမိန်းကလေး အိမ်မှ ထွက်ပြေးသွားသည့် နောက်တစ်နေ့တွင် မင်းသားစုက သူ့ထံသို့ ငိုယိုကာ ရောက်လာပြီး သူမကို ထွက်သွားအောင် နည်းလမ်းရှာပေးရန် အသနားခံခဲ့လေသည်။

သူက နားမလည်ဟန်ဆောင်ကာ လုပ်ဆောင်ပေးရန် ငြင်းဆန်ခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ သမီးဖြစ်သူ၏ ဒေါသထွက်မှုတွင် သူ လုံးဝ ပါဝင်ပတ်သက်မည် မဟုတ်ချေ။

ယွင်ရှောင်ထျန်းမှာ အတွေးလွန်နေစဉ် မင်းသားစု၏ ကျယ်လောင်သော အသံ ဝင်ရောက်လာသည်ကို ကြားလိုက်ရသည်။

"ယွင်ရှောင်ထျန်း... သမီးဖြစ်သူရဲ့ အကြွေးတွေကို ဖခင်ဖြစ်သူက ပေးဆပ်ရမယ်..."

"ပထမအချက်အနေနဲ့ မင်းရဲ့ အဲ့ကလေးဆိုးမကို ဖမ်းပြီး ငါ့ဆီ ပြန်ခေါ်သွား... ဒုတိယအနေနဲ့ သူမ ငါ့ကို ပေးစရာရှိတဲ့ အကြွေးတွေကို အခုချက်ချင်း ပြန်ဆပ်စမ်း..."

လူတိုင်းမှာ ဆွံ့အသွားကြသည်။

မင်းသားစုသည် ယွင်ရှောင်ထျန်းကို စိုက်ကြည့်လိုက်ပြီးနောက် အကြွေးစာချုပ်တစ်စောင်ကို သူ၏ ရင်ခွင်ထဲသို့ ပစ်ထည့်လိုက်လေသည်။

သူသည် ထိုင်ခုံတစ်လုံးကို ရှာတွေ့သွားပြီး ထိုင်ချလိုက်ကာ တူများကို ကောက်ကိုင်၍ စတင် စားသောက်လေတော့သည်။

ထိုမိန်းကလေးက သူ၏ အိမ်တွင် ဗေဒင်ဟောသည့် ဆိုင်ခန်းဖွင့်ထားပြီး စားဖိုမှူးကပင် ဟင်းချက်ရန် မေ့သွားကာ သူမ၏ နောက်သို့ လိုက်၍ အတင်းအဖျင်းများကို နားထောင်ရင်း စိတ်လှုပ်ရှားမှုများကိုသာ ကြည့်ရှုနေတော့လေသည်။

သူ အရမ်းကို ဆာလောင်နေလေပြီ။

"အကြွေးတင်တယ်..."

ယွင်ရှောင်ထျန်းသည် သူ၏ လက်ထဲရှိ အကြွေးစာချုပ်ကို ကြည့်လိုက်ပြီးနောက် မင်းသားစုကို သံသယဖြင့် ကြည့်လိုက်သည်။

ယွင်ချင်းမော့မှာ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာပြီး ခေါင်းကို စောင်းကာ ကြည့်လိုက်၏။

ထို့နောက် သူက အံ့အားသင့်သွားသော အမူအရာဖြင့် မင်းသားစုကို စိုက်ကြည့်လိုက်သည်။

မင်းသားစု၏ နှလုံးသားမှာ တစ်ချက် ခုန်သွားပြီး သူ၏ ပါးစပ်ထဲရှိ အစားအစာများကို မြိုချလိုက်သည်။

"ဘာဖြစ်လို့လဲ..."

"မင်းက မင်းသမီးရဲ့ အကြွေးတွေကိုတောင် ငြင်းပယ်မှာတော့ မဟုတ်ဘူးမလား... ဒီအပေါ်မှာ သူမရဲ့ လက်မှတ်ပါတယ်..."

သူက ဤအရာကို သူ၏ ဘယ်ဘက်လက်ဖြင့် ရေးထားကာ တမင်တကာ အနည်းငယ် ရှုပ်ပွနေအောင် ဖန်တီးထားခဲ့သည်။ ထိုမိန်းကလေးက သူ၏ လျှို့ဝှက်ငွေစုဆောင်းမှုများကို အလွဲသုံးစားလုပ်ထားခဲ့သောကြောင့် ဖခင်ဖြစ်သူထံမှ ငွေပြန်တောင်းရန် သူ၏အတွက် ပြဿနာ မရှိချေ။

ယွင်ရှောင်ထျန်းက အကြွေးစာချုပ်ကို ပြန်ပစ်ပေးလိုက်သည်။

*ငါ့ကို လှည့်စားနိုင်မယ်လို့ မင်း ထင်နေတာလား... ဘယ်တော့မှ မရဘူး…*

ယွင်ချင်းမော့က ပြုံးလိုက်ပြီး ရှင်းပြလိုက်သည်။

"မင်းသားစု... ကျွန်တော့် ညီမလေးရဲ့ လက်ရေးက ရှုပ်ပွနေတာ မဟုတ်ပါဘူး... ပုံပျက်နေတာပါ... သူမက စာလုံးတစ်လုံးစီကို မတူညီတဲ့ ပုံစံတွေနဲ့ ရေးလေ့ရှိတယ်..."

“စက္ကူတစ်ရွက်ပေါ်မှာ တူညီတဲ့ စာလုံးနှစ်လုံး ရှိနေရင်တောင်မှ သူမက အဲဒီစာလုံးတွေကို မတူညီတဲ့ ကွေ့ကောက်နေတဲ့ ပုံစံနှစ်မျိုးနဲ့ ရေးလိမ့်မယ်…”

ဤသည်မှာ သူမ၏ "ပါရမီ" ဖြစ်ပြီး မည်သူကမျှ အတုခိုး၍ မရနိုင်ပေ။

မင်းသားစုက တိတ်ဆိတ်စွာပင် အကြွေးစာချုပ်ကို သူ၏ အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းရဲ့ သမီးက ငါ့ကို ငွေတုံး တစ်ထောင်ခုနစ်ရာ့နှစ်ဆယ့်ငါးတုံး အကြွေးတင်နေတယ်... အဲဒါကို မင်း ပြန်ဆပ်ရမယ်..."

ယွင်ရှောင်ထျန်းသည် အရာအားလုံးကို သိနေသည့်အလား မင်းသားစုကို မျက်စိမှိတ်ပြလိုက်ပြီး တီးတိုးပြောလိုက်သည်။

"ငါ့သမီးက မင်း ဖွက်ထားတဲ့ ငွေတွေကို ရှာတွေ့သွားတာ များလား..."

"ငါတို့က လှေတစ်စင်းတည်း စီးနေကြတဲ့သူတွေပါ... မင်းရဲ့ အတွေ့အကြုံက ငါ့အတွက် သင်ခန်းစာတစ်ခုပဲ..."

မင်းသားစု…

သူက ယွင်ရှောင်ထျန်းကို မျက်လုံးလှန်ကြည့်လိုက်သည်။

"ဒါဆိုလည်း မင်း မြန်မြန် ပြန်ဆပ်တာ အကောင်းဆုံးပဲ... ငါ့ရဲ့ မုန့်ဖိုးတွေအားလုံး သူမရဲ့ အိတ်ကပ်ထဲ ရောက်သွားပြီ..."

*ကောင်းလိုက်တာ…*

ယွင်ရှောင်ထျန်းမှာ အလွန် ဝမ်းသာသွားလေသည်။

"ငါ့သမီးက အဲ့ငွေတွေကို သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရှာထားတာ... သူမ ပြန်ဆပ်မှာ မဟုတ်ဘူး..."

"ဒါ့အပြင် ငါ့ရဲ့ ပိုက်ဆံအိတ်ကလည်း လုံးဝ ပြောင်သလင်းခါနေပြီဆိုတော့ မင်းကို ပြန်ဆပ်စရာ ငွေမရှိဘူး..."

မင်းသားစုမှာ လုံးဝ ဆွံ့အသွားလေတော့သည်။

သူသည် သူ၏ ဆုံးရှုံးမှုအချို့ကို ယွင်ရှောင်ထျန်းထံမှ ပြန်လည်ရယူချင်ခဲ့သော်လည်း ယွင်ရှောင်ထျန်းကပင် ပိုမို ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားခဲ့လေသည်။

မင်းသားစုက အကြိမ်ကြိမ် မျက်မှောင်ကြုတ်လိုက်ပြီး အိမ်တော်အတွင်းရှိ သူမ၏ ဗိုလ်ကျလွှမ်းမိုးသော အပြုအမူများကို တွေးတောမိကာ သူ၏ မာနကို အနည်းငယ် လျှော့ချလိုက်သည်။

"ဒီလျှို့ဝှက်ငွေကိစ္စကို လောလောဆယ် ဘေးဖယ်ထားလိုက်ကြတာပေါ့... မင်းရဲ့ သမီးလေးကို ပြန်ခေါ်ဖို့ နောက်ကျရင် ငါနဲ့အတူ မင်းသားစုအိမ်တော်ကို လိုက်ခဲ့ရမယ်..."

"မင်းသားစု... ဟွားအာက ဆိုးသွမ်းနေလို့လား..."

ချွေ့ဝမ်ရှင်းသည် သူမ၏ စိတ်နေသဘောထားကို တွေးတောလိုက်ပြီး တော်ဝင်ကြင်ယာတော်စု၏ အလိုလိုက် အကြိုက်ဆောင်မှုများအောက်တွင် သူမက ကောင်းသောအရာများကို သေချာပေါက် လုပ်ဆောင်နေမည် မဟုတ်ကြောင်း သိလိုက်သည်။

မင်းသားစုသည် ချောင်းဟန့်လိုက်ရာ သူ၏ တည်ငြိမ်မှုကို ဆုံးရှုံးလုမတတ် ဖြစ်နေကြောင်း ထင်ရှားနေသည်။

"သခင်မယွင်... ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ..."

"အဲ့မိန်းကလေးက သွက်လက်ပြီး ချစ်စရာကောင်းလို့ သူ့ကို ငါ သဘောကျပါတယ်... ဒါပေမယ့် သူမက တကယ့်ကို ဒေါသထွက်စရာလည်း ကောင်းနိုင်တယ်..."

"အဲဒီညက သူမက ငါ့ရဲ့ ကုတင်ကို ယူသွားတယ်... နောက်တစ်နေ့ကျတော့ ငါ စုထားတဲ့ ငွေတွေကို လုယက်သွားတယ်... အဆိုးဆုံးကတော့ ငါ့မိသားစုကို ပြိုကွဲလုမတတ်ဖြစ်အောင် လုပ်လိုက်တာပဲ..."

ထိုစဉ်က သူတို့၏ ယွင်မိသားစုသည်လည်း တူညီသောအရာကို ဖြတ်သန်းခဲ့ရဖူးသောကြောင့် လူတိုင်းမှာ တိတ်ဆိတ်နေကြသည်။

မင်းသားစုက တိုးညင်းစွာ သက်ပြင်းချလိုက်ပြီး ထိုညကတည်းက ထိုမိန်းကလေးကို အိမ်သို့ ပြန်ပို့ခဲ့သင့်သည်ဟု နောင်တရနေလေသည်။

"အခုတော့ သူမက အိမ်တော်ကို စျေးတန်းတစ်ခုလို သဘောထားပြီး ငွေရှာဖို့ ဗေဒင်ဆိုင်လေး ဖွင့်ထားတယ်... အိမ်တော်ထဲက အစေခံတွေကလည်း သူတို့ရဲ့ ကံကြမ္မာကို ဟောပြောခံဖို့ တန်းစီနေကြတာ မဟုတ်ရင် အတင်းအဖျင်းတွေကို နားထောင်ဖို့ သူမနောက်ကို လိုက်နေကြတယ်..."

"ငါ ဒီလိုမျိုး ဆက်ပြီး အသက်မရှင်နိုင်တော့ဘူး..."

ယွင်ဝေသည် တူများကို ကိုက်ကာ စိတ်ဝင်တစား နားထောင်နေပြီး အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်လေသည်။

"မင်းသားစု... သူမရဲ့ ဗေဒင်ဆိုင်မှာ ငွေစာရင်းကိုင်တစ်ယောက် လိုအပ်နေပုံရတယ်... ကျွန်မ ရှင်နဲ့အတူ မင်းသားစုအိမ်တော်ကို လိုက်ခဲ့ရင်ရော ဘယ်လိုလဲ..."

လူအများ...

မင်းသားစုက သူမကို အေးစက်စွာ တစ်ချက်ကြည့်လိုက်လေသည်။

"နောက်ကျသွားပြီ... ငါ့ဇနီးက အလုပ်တွေ အများကြီးကို တပြိုင်နက်တည်း လုပ်နေပြီး အခု သူမအတွက် ငွေရေတွက်ပေးနေတယ်..."

နောက်ဆုံးတွင် သူသည် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ အံကြိတ်ကာ ဒေါသတကြီး ပြောလိုက်လေသည်။

"သူမက ငါ့ဇနီးနဲ့ ဂိုဏ်းတစ်ခုတောင် ဖွဲ့ထားသေးတယ်... လူတွေကို သူတို့အုပ်စုထဲ ဝင်ဖို့ စုဆောင်းနေပြီး သူတို့ကိုယ်သူတို့ နာမည်တောင် ပေးထားသေးတယ်... အတင်းအဖျင်းနားထောင်တဲ့ အင်မော်တယ်တစ်ပိုင်း သတ္တိခဲများတဲ့..."

လူအများ...

အခန်း (၈၈) ယွင်ဟွား ဗေဒင်ဆိုင်လေး ဖွင့်လှစ်ခြင်း

“အဟွတ်..."

ယွင်ရှောင်ထျန်းက ထပ်မံ၍ အောင့်မထားနိုင်တော့ချေ။

ဤမိန်းကလေးကို မည်သို့ ဖော်ပြရမည်ကိုပင် သူ မသိတော့ချေ။

*တော်လောက်ပြီ... တော်လောက်ပြီ…*

*သူမကို ပြန်ခေါ်လာတာ အကောင်းဆုံးပါပဲ... မင်းသားစုကို သူမ ဘာလုပ်ထားလဲဆိုတာ ကြည့်ပါဦး…*

"တစ်ယောက်ယောက်... ရထားလုံး ပြင်ဆင်ထားကြ..."

ယွင်ရှောင်ထျန်း အမိန့်ပေးပြီးသည်နှင့်တစ်ပြိုင်နက် မင်းသားစုအိမ်တော်မှ လျှို့ဝှက်အစောင့်တစ်ဦးက လာရောက် သတင်းပို့လာသည်။

"အရှင်မင်းသား... အမတ်ယွင်... ကြင်ယာတော်နဲ့ သခင်မလေးယွင်တို့က မြောက်ပိုင်းလမ်းမပေါ်မှာ ဗေဒင်ဆိုင် ဖွင့်ထားကြပါတယ်..."

လူအများ……

မင်းသားစု၏ ပါးပြင်က လှုပ်ခါသွားသည်။ အိမ်တော်ထဲတွင် အစေခံ အလုံအလောက် မရှိတော့သောကြောင့် သူတို့က အပြင်ဘက်တွင် ဆိုင်ထွက်ဖွင့်ရခြင်း ဖြစ်လေသည်။

သူတို့နှစ်ဦးသည် ရထားလုံးပေါ်သို့ တက်ကာ မြောက်ပိုင်းလမ်းမဆီသို့ အရှိန်ဖြင့် ထွက်ခွာသွားကြသည်။ ယွင်ဝေက ဤစိတ်လှုပ်ရှားဖွယ်ရာ အဖြစ်အပျက်တွင် ပါဝင်ချင်ခဲ့သော်လည်း ယွင်ယာက သူမကို တားဆီးထားခဲ့လေသည်။

သူမ၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်နေသလားတော့ မသေချာသော်လည်း တတိယညီမက အငယ်ဆုံးညီမလေးနှင့် ပို၍ တူလာပုံရပေသည်။

ယွင်ရှောင်ထျန်းနှင့် မင်းသားစုတို့ ရောက်ရှိလာချိန်တွင် လမ်းတစ်ခုလုံးကို လူများက အပြည့်အဝ ဝိုင်းရံထားကြလေသည်။

သူတို့သည် ရထားလုံးပေါ်မှ ဆင်းကာ လူအုပ်ထဲသို့ လျှောက်ဝင်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။

"ဟမ့်ကလေးဆိုးမ... မင်းက ဗေဒင်ဟောနိုင်တယ်ပေါ့... မင်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ မင်းရဲ့ ဆိုင်ကို အခုချက်ချင်း ဖျက်ဆီးပစ်လိုက်မယ်..."

အဘိုးကြီး၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်နေပြီး ယွင်ဟွားကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

*ငါ သူမရဲ့ ပါးစပ်ကို ဆွဲဖြဲပစ်ချင်နေပြီ…*

သူမက သူ့အတွက် သွေးထွက်သံယို ဘေးအန္တရာယ်တစ်ခု ကျရောက်ဖို့ ဖန်လာကြောင်း၊ သူ၏ နောက်ဆုံးအချိန်က ဆိုးရွားပြီး တစ်သက်လုံး လမ်းဘေးမှာ တောင်းစားရလိမ့်မည်ဖြစ်ကြောင်း တကယ်ကြီး ပြောရဲသည်တဲ့လား။

ထောင်ဟွာ၏ မျက်လုံးများ မှေးကျဉ်းသွားပြီး အေးစက်သော အရှိန်အဝါများကို ထုတ်လွှတ်လျက် ယွင်ဟွား၏ ရှေ့တွင် ရပ်ကာကွယ်ပေးလိုက်လေသည်။

ထိုအဘိုးကြီးမှာ သာမန်ပြည်သူတစ်ဦးသာ ဖြစ်သောကြောင့် ထောင်ဟွာ၏ လွှမ်းမိုးနိုင်သော အရှိန်အဝါကြောင့် ကြောက်လန့်သွားပြီး ရှေ့သို့ တစ်လှမ်းမျှ မတက်ရဲတော့ချေ။

သူ၏ မှုန်ဝါးဝါး မျက်လုံးများမှာ ဟိုဟိုဒီဒီ ရည်ရွယ်ချက်မဲ့ ကစားနေပြီး နောက်တစ်စက္ကန့်တွင် သူက မြေပြင်ပေါ်သို့ ထိုင်ချကာ ပေါင်ကိုပုတ်၍ အသံကုန် အော်ဟစ်တော့သည်။

"လူတွေ လာကြပါဦး... ဒါကို လာပြီး ဆုံးဖြတ်ပေးကြပါဦး... ဒီနှပ်ချေးတွဲလောင်းနဲ့ ကလေးဆိုးမက အိမ်မှာနေပြီး အဝတ်လျှော်၊ ထမင်းဟင်းချက်၊ သူများတွေကို အလုပ်အကျွေးပြုဖို့ မနေဘဲ ဗေဒင်ဆရာမဟန် လာဆောင်နေတယ်ဗျို့..."

"ကြည့်ကြပါဦး... ဒီလောက် ငယ်ရွယ်တဲ့ ဗေဒင်ဆရာမက ဘယ်လို ဗေဒင်ဆရာမမျိုးလဲ... ဒါက ဗြောင်ကျကျ ငွေညှစ်နေတာ မဟုတ်ဘူးလား..."

အဘိုးကြီးက ယွင်ဟွားကို လက်ညှိုးထိုးကာ စိတ်လှုပ်ရှားစွာဖြင့် စွပ်စွဲလိုက်သော်လည်း အမှန်တကယ်တော့ သူ အလွန် ဝမ်းသာနေလေသည်။

ဤကလေးမလေးက ချမ်းသာတဲ့ မိန်းကလေးတစ်ယောက်ဆိုတာကို သူ အစောကြီးကတည်းက ရိပ်မိခဲ့ပြီးသားပင်။ လုပ်စရာ အလုပ်မရှိဘဲ လျှောက်သွား၊ လျှောက်ရှုပ်ပြီး ဗေဒင်ဟောဖို့တောင် ကြိုးစားနေတဲ့ အလိုလိုက်ခံထားရတဲ့ ကလေးဆိုးမ တစ်ယောက်ထက် မပိုပါပေ။

ယနေ့ ဤအဘိုးကြီးက သူ့ကို သင်ခန်းစာ ပေးရမည်။

"ကလေးဆိုးမ... ငါ့အိမ်က ဇနီးက ငါ့အပေါ် လုံးဝ နာခံမှုရှိပြီး ငါ့မှာ မိဘကို ရိုသေတဲ့ ကလေးတွေ အပြည့်အစုံနဲ့ မိသားစုတစ်ခု ရှိတယ်... မင်းက ငါ အိုမင်းရင့်ရော်တဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ပြီး တောင်းစားရလိမ့်မယ်လို့ ပြောနေတယ်ပေါ့... ဒါ ဗြောင်ကျကျ လျှောက်ပြောနေတာပဲ..."

"ဘာပဲဖြစ်ဖြစ်... ဒီနေ့ မင်း ငါ့ကို ငွေတုံး ငါးရာ မပေးဘူးဆိုရင် ဒီနေရာမှာတင် မင်းနဲ့ ငါ အသေအလဲပဲ..."

သူက လူရမ်းကားတစ်ယောက်ကဲ့သို့ ဆိုင်ခန်းကို ထောက်ထားသော စားပွဲခြေထောက်ကို ဖက်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေလေသည်။

လူအများ…

သူတို့က ဤအရှက်မဲ့သော အဘိုးကြီးကို အရူးတစ်ယောက်ကဲ့သို့ ကြည့်နေကြလေသည်။

အသက်ကြီးပိုင်း အမျိုးသမီးများထဲမှ တစ်ဦးက သည်းမခံနိုင်တော့ဘဲ မျက်လုံးလှန်ကြည့်လိုက်ကာ မတ်တတ်ရပ်၍ ဝေဖန်လိုက်လေသည်။

"အရှက်မဲ့တဲ့ လုပ်ရပ်တွေ မလုပ်နဲ့... ရှင် မလာခင်မှာ ဒီမိန်းမပျိုလေးက လူတော်တော်များများကို ဗေဒင်ဟောပေးခဲ့ပြီးပြီ... သူမ ဟောတာ အရမ်းတိကျတယ်..."

သူမက ထိုမိန်းကလေးကို မှတ်မိလေသည်။ သူမက ဝန်ကြီးချုပ်ယွင် မိသားစု၏ စတုတ္ထသခင်မလေး ဖြစ်လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က မြောက်ဘက်တံခါးဝတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို သူမက ရှင်းလင်းစွာ မှတ်မိနေသေးလေသည်။

ထိုထူးဆန်းသော အသံအကြောင်းကိုမူ ပြောစရာပင် မလိုတော့ချေ။ အမြဲတမ်း ကွက်တိပဲ...။

အဘိုးကြီးက ထိုအမျိုးသမီးကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် ကြည့်ကာ ဒေါသတကြီး ပြောလိုက်လေသည်။

"မင်းနဲ့ ဘာဆိုင်လို့လဲ... မင်းက ဆက်ပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေမယ်ဆိုရင် မင်းကို ငါ သတ်ပစ်မယ်ဆိုတာ ယုံလိုက်..."

သူက အားနည်းသူကို အနိုင်ကျင့်ပြီး အင်အားကြီးသူကို ကြောက်ရွံ့လေသည်။ သူမဘေးတွင် အစောင့်များ ဝန်းရံထားသော ထိုကလေးဆိုးမကို သူ မထိရဲသော်လည်း မျက်နှာဖျော့တော့တော့ အဘွားအိုတစ်ယောက်က သူ့ကို လာစိန်ခေါ်ရဲမည်ဆိုပါက သူ လက်လွတ်ခံမည် မဟုတ်ချေ။

"ဟမ့်..."

အန်တီကြီးကလည်း ဒေါသကြီးသူ ဖြစ်လေသည်။ သူမက သူ့ကို စိုက်ကြည့်လိုက်ပြီး လက်စွပ်များကို ခေါက်တင်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

"အရွယ်ရောက်ပြီးသား အမျိုးသား သုံးယောက်တောင် ငါ့ကို မယှဉ်နိုင်ဘူး... နင့်ရဲ့ ပိန်ချုံးနေတဲ့ ခန္ဓာကိုယ်နဲ့ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား... အိပ်မက်မက်နေလိုက်..."

သူမသည် ရွာထဲတွင် မည်သူကမျှ မရှုပ်ရဲသော သူတစ်ဦး ဖြစ်လေသည်။ သူမ၏ အိမ်ရှေ့မှ ဖြတ်သွားသော ခွေးတစ်ကောင်ပင်လျှင် ၎င်း၏ အမြီးကို ခြေထောက်ကြား ညှပ်သွားရလေသည်။

"အဒေါ်..."

ယွင်ဟွားက ရှေ့သို့ တက်လာပြီး သူမ၏ လက်မောင်းကို ဆွဲကိုင်ကာ ရယ်မောလိုက်လေသည်။

"သူ့ရဲ့ ကောင်းမွန်တဲ့ နေ့ရက်တွေက ကုန်ဆုံးတော့မှာပါ... သူနဲ့ ရန်ဖြစ်နေရတာက အချိန်ဖြုန်းနေတာပဲ..."

ချက်ချင်းဆိုသလိုပင် ယွင်ဟွားက ထိုလူရမ်းကားကို အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။ သူသည် ဘဝတစ်သက်တာလုံး မြေပြင်ပေါ်တွင် လဲလျောင်းနေရနိုင်ကြောင်း သူမ သိနေလေသည်။

ယွင်ရှောင်ထျန်းနှင့် မင်းသားစုတို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး ပြဇာတ်ကို ကြည့်ရန် လူအုပ်ထဲတွင် တိတ်တဆိတ် ပုန်းနေလိုက်ကြသည်။

*ဘာပဲဖြစ်ဖြစ်... အဲ့မိန်းကလေးက အရှုံးခံမယ့်သူ မဟုတ်ဘူး…*

အမျိုးသမီးက သူမ၏ လက်မောင်းကို ဆွဲဖယ်လိုက်ပြီး လက်လျှော့လိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။

သူမနဲ့ ပြိုင်ဘက်ကို တွေ့သွားတာပဲ... ကလေးမလေးက တကယ်ကို သန်မာတာပဲ...။

ယွင်ဟွား၏ အေးစက်သော အကြည့်ကို မြင်သောအခါ အဘိုးကြီး တုန်ရီသွားလေသည်။

သို့သော် ငွေညှစ်နိုင်ရန်အတွက် သူတို့က မျက်စိမှိတ်ကာ ပွက်ပွက်ဆူနေသော ရေနွေးကို မကြောက်သည့် ဝက်သေတစ်ကောင်ကဲ့သို့ ဟန်ဆောင်နေကြလေသည်။

“ပန်းကလေး... သူတို့ ရောက်လာပြီ... သူတို့ ရောက်လာပြီ... အကြွေးလာတောင်းတဲ့သူတွေ ရောက်လာပြီ..”

ရှင်ခြင်းသေခြင်းစာအုပ်၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းက သူ့အတွက် တိတ်တဆိတ် လမ်းဖယ်ပေးလိုက်ကြသည်။

ယွင်ဟွားသည် သူမ၏ အိတ်ကပ်ထဲမှ ဖရဲစေ့အချို့ကို ထုတ်ယူကာ သူမ၏ ဆိုင်တွင် ပြန်ထိုင်လိုက်ပြီး "အတင်းအဖျင်းနားထောင်တဲ့ အင်မော်တယ်တစ်ပိုင်း သတ္တိခဲများ" အဖွဲ့၏ အဖွဲ့ဝင်သစ်များကို ရက်ရက်ရောရော ဝေမျှပေးလိုက်လေသည်။

"အဘိုးကြီး... ရှင် ဘာလို့ မျက်လုံးမဖွင့်တာလဲ..."

မြေပြင်ပေါ်ရှိ ထိုလူက လှုပ်ရှားမှုမရှိဘဲ နေနေစဉ် ယွင်ဟွားက ပြုံးရွှင်စွာ ပြောလိုက်လေသည်။ ပြဇာတ်စတော့မည် မဟုတ်ပါလော။

“ခေါင်းဆောင်... ဒီဘက်မှာ... အဲ့အဘိုးကြီး ပိုက်ဆံရှိလို့ ဗေဒင်လာမေးတာကို မြင်လိုက်တယ်လို့ ကျွန်တော့် ညီလေးက ခုလေးတင် ပြောတယ်..."

ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာရာ မြေပြင်ပေါ်ရှိ အဘိုးကြီးမှာ ရုတ်တရက် ခုန်ထရပ်လိုက်သည်။

သူ ငွေညှစ်ရန် ကြိုးစားနေခြင်း ဟုတ်မဟုတ်ကို လျစ်လျူရှုကာ ကြောက်လန့်တကြား အမူအရာဖြင့် လူအုပ်ထဲသို့ တိုးဝင်သွားသည်။

လူတွေက ပြဇာတ်ကို စောင့်ကြည့်ချင်၍ဖြစ်စေ တစ်ယောက်နှင့်တစ်ယောက် နီးကပ်စွာ ရပ်နေကြပြီး အဘိုးကြီးကို အပြင်သို့ တွန်းထုတ်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြလေသည်။

"ထွက်ပြေးဖို့ ကြိုးစားနေတယ်ပေါ့လေ..."

ခေါင်းဆောင်ဖြစ်သူ မျက်လုံးတစ်ဖက်နှင့် လူမှာ အရပ်ရှည်ပြီး တောင့်တင်းခိုင်မာကာ ဆိုးသွမ်းသော မျက်နှာထား ရှိလေသည်။ သူက အဘိုးကြီး၏ ကော်လာကို ဖမ်းဆွဲပြီး သူ့ရှေ့သို့ ဆွဲခေါ်လာစဉ် သူ၏ လက်အောက်ငယ်သားများကလည်း တုတ်ကိုယ်စီ ကိုင်ဆောင်ထားကြလေသည်။

လူအုပ်ကြီးက နောက်သို့ တစ်လှမ်း ဆုတ်လိုက်ကြသည်။ သူသည် အဆမတန် မြင့်မားသော အတိုးနှုန်းများဖြင့် ငွေချေးသည့် အနောက်ဘက်လမ်းမှ နာမည်ဆိုးဖြင့် ကျော်ကြားသော လူရမ်းကားတစ်ဦး ဖြစ်လေသည်။

အဘိုးကြီးသည် သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ယင်နေပြီး ယွင်ဟွားကို ခြိမ်းခြောက်ခဲ့စဉ်က သူ၏ အမူအရာနှင့် များစွာ ကွာခြားနေလေသည်။

"ဟုန်... ဆရာကြီးဟုန်... ခင်ဗျား... ခင်ဗျား အကြွေးလာတောင်းဖို့ ကျွန်တော့်အိမ်ကို သွားမှာ မဟုတ်ဘူးမလား... ကျွန်တော့်ရဲ့ သမီးအကြီးဆုံးကိုတောင် ခင်ဗျားဆီ ပေါင်ထားပြီးပြီလေ..."

ဤစကားကို ကြားသောအခါ ဟုန်တာ့ဝူက လှောင်ပြောင်လိုက်ပြီး သူ၏ အကြည့်များက အဘိုးကြီး၏ ခြေထောက်များ သို့မဟုတ် လက်များပေါ်သို့ ကျရောက်သွားလေသည်။

"ကျစ်... အဘိုးကြီး... မင်းက ငါ့ကို လိမ်ရဲတယ်ပေါ့လေ..."

သူက အဘိုးကြီး၏ လည်ပင်းကို ဆွဲကိုင်ကာ အပေါ်သို့ မြှောက်တင်လိုက်ပြီး ပြောလိုက်လေသည်။

"ငါ အဲဒီကိုသွားတော့ လူတစ်ယောက်မှ မရှိဘူး... အိမ်တစ်လုံးလုံး အလွတ်ကြီး ဖြစ်နေတာ..."

"ပြောစမ်း... မင်းက ငါ့ကို အရူးလုပ်နေတာလား..."

ထိုသို့ပြောပြီးနောက် ဟုန်တာ့ဝူက သူ၏ လက်ထဲမှ အားကို တဖြည်းဖြည်း တိုးမြှင့်လိုက်သည်။

"အဟွတ်... အဟွတ်..."

အဘိုးကြီးမှာ လည်ပင်းညှစ်ခံထားရသောကြောင့် အသက်ရှူရန်ပင် ခက်ခဲနေသည်။ သူ၏ မျက်လုံးများမှာ ပြူးထွက်နေပြီး သူ၏ ခြေနှစ်ဖက်မှာ လေထဲတွင် ကယောင်ကတမ်း ကန်ကျောက်နေ၏။

"ကျွန်တော်... ကျွန်တော် မရဲပါဘူး... ခင်ဗျားကို မလိမ်ရဲပါဘူး... သူတို့... သူတို့ တောင်ပေါ်ကို... တောင်ပေါ်မှာ တောရိုင်း... ဟင်းသီးဟင်းရွက်တွေ တူးဖို့ သွားတာ ဖြစ်လိမ့်မယ်..."

“တောရိုင်း ဟင်းသီးဟင်းရွက်တွေ တူးနေတဲ့ တစ္ဆေတဲ့လား..”

ရှင်ခြင်းသေခြင်းစာအုပ်က လှောင်ပြောင်လိုက်လေသည်။

“ပန်းကလေး... အဲဒါက သူ့ရဲ့ ဇနီးနဲ့ ကလေးက သူ့ကို လက်လျှော့လိုက်ပြီး မြို့တော်ကနေ ထွက်ပြေးကာ လူသူကင်းမဲ့တဲ့ တစ်နေရာရာမှာ ဘဝသစ်စဖို့ စီစဉ်ထားလို့လေ..”

လူတိုင်းက တစ်စုံတစ်ခုကို သဘောပေါက်သွားသည့် အမူအရာမျိုး ဖြစ်သွားကြသည်။

“ရှောင်ရှူးရှူး... သူ့ဇနီးက တော်တော်လေး ဉာဏ်ကောင်းပုံရတယ်..”

လောင်းကစားသမားတစ်ဦးနှင့်အတူ နေထိုင်ခြင်းသည် ငွေကြေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများ သို့မဟုတ် မိသားစုကို ပျက်စီးစေနိုင်လေသည်။ ထွက်သွားခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

ဟုန်တာ့ဝူက ခဏတာ ရပ်တန့်သွားပြီး သူ၏ အကြည့်များက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။

အဘိုးကြီး အသက်ရှူကျပ်တော့မည့်ဆဲဆဲတွင် ဟုန်တာ့ဝူက သတိဝင်လာပြီး လက်ကို ဝှေ့ယမ်းကာ ထိုလူကို လွှင့်ပစ်လိုက်သည်။

ဘန်း... ခနဲ အသံနှင့်အတူ။

ကံဆိုးစွာဖြင့် သူ၏ ခေါင်းသည် ကျောက်တုံးနှင့် ထိမိသွားပြီး သွေးများ အလွန်အမင်း ထွက်လာလေသည်။

ယွင်ဟွားက လေချွန်လိုက်၏။

"ကြည့်စမ်း... သွေးထွက်သံယို ဘေးအန္တရာယ်တစ်ခု ကျရောက်တော့မယ်ဆိုတာကို ရှင်က မယုံသေးဘူး..."

လူတိုင်းက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ၎င်းမှာ အမှန်တကယ်ပင် တိကျသော ဟောကိန်းတစ်ခု ဖြစ်လေသည်။

အဘိုးကြီးက ယွင်ဟွား၏ လှောင်ပြောင်သော စကားများကို သဘာဝကျကျပင် ကြားလိုက်ရပြီး သူ၏ နဖူးကိုကိုင်ကာ နာကျင်မှုကြောင့် မျက်နှာမဲ့သွားပြီး မျက်ရည်များ စီးကျလာလေသည်။

ဟုန်တာ့ဝူ၏ မျက်နှာအမူအရာ မည်းမှောင်သွားသည်။ သူက သူ၏ လက်အောက်ငယ်သားများကို လာရန် လက်ပြခေါ်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။

"သူ မဆပ်နိုင်ရင် သူ့ရဲ့ လက်တစ်ဖက်နဲ့ ခြေထောက်တစ်ဖက်ကို ရိုက်ချိုးလိုက်..."

လူတိုင်း အသက်ရှူမှားသွားကြ၏။

အနောက်ဘက်လမ်းမှ လူရမ်းကားများ၏ ရက်စက်ကြမ်းကြုတ်မှုက သူတို့၏ စံနှုန်းများကို ထပ်မံ၍ လျှော့ချပစ်လိုက်သည်။

ပြဇာတ်ကို စောင့်ကြည့်နေသော ယွင်ဟွားသည် နှုတ်ခမ်းကို နှစ်ချက်မျှ စုပ်သပ်လိုက်၏။

"ကြည့်စမ်း... ရှင့်ရဲ့ နောက်ဆုံးအချိန်က ဆိုးရွားလိမ့်မယ်လို့ ကျွန်မ ပြောခဲ့တယ် မဟုတ်လား... ရှင့်ရဲ့ ဇနီးနဲ့ ကလေးတွေက ထွက်ပြေးသွားကြပြီး ရှင်ကလည်း လက်တစ်ဖက်နဲ့ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားရပြီ... ရှင် လမ်းဘေးမှာ တောင်းစားရတော့မှာပဲ..."

လူအများ…

All Chapters