အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း (၈၉) ယွင်မိသားစုထံသို့ ပြန်သွားခြင်းနှင့် စာသင်ရန် နန်းတော်သို့ ဝင်ရောက်ခြင်း
အဘိုးကြီးမှာ ကြောက်လန့်တကြား တုန်ရီနေပြီး ယွင်ဟွားထံသို့ အပြေးအလွှား သွားလေသည်။ သူ၏ ခြေထောက်များ ခွေယိုင်သွားပြီး ယွင်ဟွား၏ရှေ့တွင် တောင့်တင်းစွာ ဒူးထောက်ချလိုက်သည်။
ဘေးမှ စောင့်ကြည့်နေသော ထောင်ဟွာသာ မရှိပါက သူသည် အပြေးအလွှား သွားရောက်၍ ယွင်ဟွား၏ ခြေထောက်ကို ဖက်ထားပြီးဖြစ်ပေလိမ့်မည်။
"မိန်းမပျိုလေး... ကျေးဇူးပြုပြီး... ကျွန်တော့်ကို ငဲ့ညှာသောအားဖြင့် ကျွန်တော့်ရဲ့ အကြွေးတွေကို ဆပ်ပေးပါ... အများကြီး မဟုတ်ပါဘူး... ငွေတုံးတစ်ရာတည်းပါ..."
ယွင်ဟွား၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ ဤလူက အရှက်မရှိတာပဲ...။
"ဝါး..."
"မိန်းမပျိုလေး... သခင်မလေးက အဝတ်အစား ကောင်းကောင်းတွေ ဝတ်ထားတာဆိုတော့ ငွေအနည်းငယ်လောက်ကို ဂရုစိုက်မှာ မဟုတ်ပါဘူး... ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါ... ဒီဆင်းရဲတဲ့ အဘိုးကြီးကို ကူညီပါဦး..."
"ကျွန်တော့်ရဲ့ လက်တွေ ခြေထောက်တွေ အဆုံးရှုံးမခံချင်ဘူး... သခင်မလေးက လှပပြီး သဘောကောင်းတဲ့သူပါ... လူရမ်းကားတွေရဲ့ ရိုက်နှက်မှုကြောင့် ကျွန်တော် သေသွားတာကို ထိုင်ကြည့်နေလောက်တဲ့အထိ သခင်မလေးက ရက်စက်မှာ မဟုတ်ပါဘူး..."
"ဝါး..."
အဘိုးကြီးက ငိုယိုပြီး ယွင်ဟွားကို ဦးညွှတ်ခစားလိုက်သည်။ ငယ်ရွယ်သော မိန်းကလေးမှာ ရှက်ရွံ့လွယ်သောကြောင့် သူမအား ချိုသာသော စကားအချို့ ပြောလိုက်ပါက ကြီးမားသော ပြဿနာ ဖြစ်လာမည် မဟုတ်ချေ။
ဟုန်တာ့ဝူသည် သူ၏ လက်များကို ပိုက်ထားကာ သူ၏ လက်အောက်ငယ်သားများကို မျက်စိမှိတ်ပြလိုက်ပြီး ဤအရာအားလုံးကို ရယ်စရာကောင်းသည့်အလား စောင့်ကြည့်နေလေသည်။
ယွင်ဟွားသည် စကားတစ်ခွန်းမျှ မဟဘဲ နေကြာစေ့များကိုသာ တည်ငြိမ်စွာ စားနေလေသည်။
“ပန်းကလေး... ဒီအဘိုးကြီးက လှည့်ကွက်တွေ တော်တော်များများ ရှိတာပဲ... သူက သနားစရာကောင်းအောင် ဟန်ဆောင်ပြီး စာနာမှုရအောင် ကြိုးစားနေတယ်... ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ သူ တွက်ဆတာ မှားယွင်းသွားတယ်..”
ရှင်ခြင်းသေခြင်းစာအုပ်က ခေါင်းခါကာ သက်ပြင်းချလိုက်လေသည်။
“ငါ့ရဲ့ ပန်းကလေးက ဝင်ရုံသာ ဝင်ပြီး ဘယ်တော့မှ ပြန်မထွက်တဲ့ ဖီရှို့တစ်ကောင်လိုပဲ... သူမရဲ့ နှလုံးသားက ကျောက်တုံးလို မာကျောတယ်... ဖိနင်းမခံရတာတောင် ကံကောင်းတယ်လို့ မှတ်ရမယ်..”
ယွင်ဟွားက ၎င်း၏ လုံးဝန်းသော ခန္ဓာကိုယ်လေးကို ခေါက်လိုက်သည်။
“နင်တစ်ယောက်ပဲ ငါ့ကို ဝေဖန်ရဲတယ်... မဟုတ်ရင် နင့်ကို ရွှေအုတ်ခဲနဲ့ ပေါက်လိုက်ပြီ..”
ရှင်ခြင်းသေခြင်းစာအုပ်က ရယ်မောလိုက်၏။
“ပန်းကလေး... အပြစ်ရှာတတ်ပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ထင်တတ်တဲ့သူ တစ်ယောက်ယောက်က သူ့ဘက်ကနေ ရပ်တည်ပြီး ဝင်ပြောလာလိမ့်မယ်ဆိုတာ ငါ လောင်းရဲတယ်... ပြီးရင် အဘိုးကြီးတစ်ယောက်ကိုတောင် မကူညီချင်တဲ့ နင့်ကို အကြင်နာတရားကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်တယ်ဆိုပြီး စွပ်စွဲလိမ့်မယ်..”
ယွင်ဟွားက သူမ၏ စိတ်ထဲတွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ငါ့ကို ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး အကြပ်ကိုင်ရဲတဲ့ ဘယ်သူ့ကိုမဆို သူတို့ရဲ့ ဘိုးဘေး ဆယ့်ရှစ်ဆက်တိုင်အောင် ဆွဲထုတ်ပြီး သေချာစုံစမ်းစစ်ဆေးပစ်မယ်..”
လူတိုင်း တုန်လှုပ်သွားကြ၏။
ရှေ့သို့ လှမ်းထွက်သွားသော ခြေတစ်လှမ်းကို အဖော်ဖြစ်သူက ချက်ချင်းပင် နောက်သို့ ပြန်ဆွဲလိုက်လေသည်။
ဒါပေမယ့်...
ယွင်ဟွား အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့သော်လည်း မည်သူကမျှ ရှေ့သို့ ထွက်မလာခဲ့ကြချေ။
မြေပြင်ပေါ်ရှိ အဘိုးကြီးမှာ လည်ချောင်းနာသည်အထိ အော်ဟစ်ငိုကြွေးနေခဲ့သည်။
သူက ခေါင်းကို စိုးရိမ်တကြီး မော့ကြည့်လိုက်ရာ ယွင်ဟွားသည် သူ၏ သရုပ်ဆောင်မှုကို တည်ငြိမ်စွာ စောင့်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်လေသည်။
"ဒီကလေးဆိုးမ... မင်းက လုံးဝ အကြင်နာတရား ကင်းမဲ့တာပဲ... ငါ ရိုက်သတ်ခံရတော့မယ့်ဟာကိုတောင် မင်းက ပြဇာတ်ကို စောင့်ကြည့်ချင်တဲ့ စိတ် ရှိနေသေးတယ်ပေါ့လေ..."
ယွင်ဟွားက သူမ၏ လက်ထဲရှိ ဖရဲစေ့များကို ခွာစားပြီးသွားကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
"ဟင့်အင်း... ဟင့်အင်း... ဟင့်အင်း... ရှင် သေမှာ မဟုတ်ပါဘူး... ရှင်က ဒုက္ခိတပဲ ဖြစ်သွားမှာပါ... ရှင် တကယ် သေမယ့်နေ့ကျရင် ရှင့်ရဲ့ ဝိညာဉ်ကို ကောက်ယူဖို့ ကျွန်မ လာခဲ့ပါ့မယ်..."
အဘိုးကြီးမှာ ဆို့နင့်သွား၏။
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူမက အကြွေးလာတောင်းသူများ၏ ခေါင်းဆောင်ကို မျက်ခုံးပင့်ပြလိုက်လေသည်။
"ရှင် လုပ်စရာရှိတာ မလုပ်တော့ဘူးလား..."
ဟုန်တာ့ဝူ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူက ရယ်မောလိုက်လေတော့သည်။
နောက်တစ်ခဏတွင်...
သူ၏ မျက်နှာမှာ မှုန်ကုပ်သွားပြီး သူ၏ တစ်ကိုယ်လုံးမှ ကြမ်းတမ်းသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်ရာ လူအများမှာ အလိုအလျောက် ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။ သူသည် အနောက်ဘက်လမ်းမှ လူရမ်းကားတစ်ဦးဟူသော သူ၏ နာမည်ဆိုးနှင့် တကယ့်ကို ထိုက်တန်လှပေသည်။
"လုပ်ကြစို့..."
"ဟင့်အင်း... မလုပ်ပါနဲ့..."
အဘိုးကြီး၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားပြီး ထွက်ပြေးရန် လှည့်လိုက်လေသည်။
"အား..."
"အား..."
နှလုံးကွဲကြေမတတ် အော်ဟစ်သံများက လူတိုင်း၏ နားထဲသို့ ရောက်ရှိလာပြီး သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေသည်။ သုံးစွဲသည့် နည်းလမ်းများမှာ ရိုးရှင်းသော်လည်း ရက်စက်ကြမ်းကြုတ်ပြီး အဆမတန် ဆိုးရွားလှပေသည်။
“ပန်းကလေး... ဟုန်တာ့ဝူလို့ခေါ်တဲ့ ဒီလူက စိတ်ဝင်စားစရာ ကောင်းတယ်..”
ရှင်ခြင်းသေခြင်းစာအုပ်က ယွင်ဟွား၏ ခေါင်းပေါ်တွင် ထိုင်ကာ သူ၏ ကံကြမ္မာကို လှန်လှောကြည့်ရှုနေသည်။
ယွင်ဟွားက ခေါင်းညိတ်လိုက်လေရာ သူမလည်း ထိုနည်းတူ ခံစားရသည်။
သူ့အကြောင်း ပြောနေသည်ကို ကြားလိုက်ရသောအခါ ဟုန်တာ့ဝူ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။ အဘိုးကြီးမှာ နာကျင်မှုကြောင့် သတိလစ်သွားပြီဖြစ်ကြောင်း မြင်သောအခါ သူက လက်ကို ဝှေ့ယမ်းကာ သူ့ကို သယ်သွားခိုင်းလိုက်သည်။
“ပန်းကလေး... သူက ရက်စက်ပုံရပေမယ့် သူ့မှာ နူးညံ့တဲ့ အပိုင်းတစ်ခုလည်း ရှိတယ်..”
“တခြားသူတွေက အဆမတန် မြင့်မားတဲ့ အတိုးနှုန်းတွေနဲ့ ငွေချေးကြပေမယ့် သူကတော့ ကွာခြားတယ်... သူက ငွေချေးတဲ့သူ တစ်ဦးချင်းစီအလိုက် သူ့ရဲ့ ချဉ်းကပ်ပုံကို ပြောင်းလဲတယ်... တကယ် လိုအပ်နေတဲ့သူတွေအတွက်ဆိုရင် သူ့ရဲ့ အတိုးနှုန်းက အရမ်းကို နည်းပါးတယ်... ဒါမှမဟုတ် လုံးဝကို မရှိတာမျိုးတောင် ဖြစ်နိုင်ပြီး သူက ငွေတောင် ဆုံးရှုံးသွားနိုင်တယ်…”
“သာမန်မိသားစုတွေအတွက်ဆိုရင်တော့ ငါတို့က သာမန်အတိုးနှုန်းနဲ့ပဲ တွက်ချက်တယ်... အလိုလိုက်ခံထားရတဲ့ ကလေးဆိုးတွေ ဒါမှမဟုတ် လောင်းကစားသမားတွေဆိုရင်တော့ စျေးကို သီးသန့် ညှိနှိုင်းရတာပေါ့..”
“သူတို့ရဲ့ မိသားစုတွေကို ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်တွေက သူတို့ရဲ့ ကိုယ်ပိုင်အလုပ်နဲ့ မသက်ဆိုင်သင့်ဘူး... ဥပမာ - ဒီအဘိုးကြီးရဲ့ ဇနီးနဲ့ ကလေးတွေကို ကြည့်ပါလား... ဟုန်တာ့ဝူက သူတို့ကို ငွေအနည်းငယ်ပေးပြီး မြို့တော်ကနေ ထွက်သွားဖို့ ပြောခဲ့တာ..”
လူတိုင်း အံ့အားသင့်သွားကြလေသည်။
ဤသည်မှာ သူတို့ သိထားသော အနောက်ဘက်လမ်းမှ လူရမ်းကား ဟုတ်ပါလေစ။
ယွင်ဟွားက မျက်ခုံးပင့်လိုက်၏။
“အဲဒါဆို လူတော်တော်များများကို စိတ်ဆိုးစေမှာ မဟုတ်ဘူးလား..”
ရှင်ခြင်းသေခြင်းစာအုပ်က ခေါင်းညိတ်လိုက်လေသည်။
“ပန်းကလေး... စကားတစ်ခွန်း ရှိတယ်လေ... ခေါင်းမာတဲ့သူတွေက ရက်စက်တဲ့သူတွေကို ကြောက်ကြပြီး ရက်စက်တဲ့သူတွေက မိုက်ရူးရဲဆန်တဲ့သူတွေကို ကြောက်ကြတယ်... တဲ့။ သူက အဲ့လူတွေကို ရက်စက်ပြီး ကြောက်ရွံ့မှုကင်းမဲ့တဲ့ အရှိန်အဝါနဲ့ အောင်နိုင်ခဲ့တာ... မဟုတ်ရင် သူ့ကို အနောက်ဘက်လမ်းက လူရမ်းကားလို့ ဘယ်လိုလုပ်ပြီး ခေါ်ကြမလဲ…”
လူအုပ်ကြီးမှာ အသက်ရှူမှားသွားကြပြီး သူ့အပေါ်ထားရှိသော သူတို့၏ အကြည့်များမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်မနေတော့ချေ။
ဟုန်တာ့ဝူ၏ မည်းနက်သော ပါးပြင်များမှာ နီရဲသွားပြီး သူက ချောင်းဟန့်ကာ အထိတ်တလန့် ထွက်ပြေးသွားလေတော့သည်။
ယွင်ဟွားက နှုတ်ခမ်းကို စုပ်သပ်လိုက်၏။
"ရှောင်ရှူးရှူး... 'လူရမ်းကား' ဆိုတာက 'ကပ်ဘေးဒုက္ခ' ဆိုတာထက် ပိုပြီး လွှမ်းမိုးနိုင်စွမ်းရှိပြီး အစွမ်းထက်တယ်လို့ နင် မထင်ဘူးလား..."
ရှင်ခြင်းသေခြင်းစာအုပ် : ငါ့မှာမကောင်းတဲ့ ခံစားချက်တစ်ခု ရှိနေတယ်…
“စာအုပ်လေး... ငါတို့ နာမည် ထပ်ပြောင်းရအောင်လား... 'ငရဲပြည်ရဲ့ ကပ်ဘေးဒုက္ခ' ကို 'အရှေ့ပိုင်း လူရမ်းကားများ' လို့ ပြောင်းလိုက်ရအောင်…”
လူအများ...
ယွင်ရှောင်ထျန်းက အံကြိတ်ကာ လူအုပ်ထဲမှ အပြေးအလွှား ထွက်လာပြီး ယွင်ဟွားကို သူ၏ ပခုံးပေါ်သို့ တင်ကာ ယွင်အိမ်တော်ဆီသို့ ဦးတည်သွားသည်။
*ဒီအရာလေးက ဒေသခံ လူရမ်းကားတစ်ယောက်နဲ့တောင် နယ်နိမိတ်လုချင်နေသေးတယ်…*
*မင်း ဒီနေရာကနေ ထွက်သွားပြီး မနက်ဖြန် စာသင်ဖို့ နန်းတော်ကို သွားတာ အကောင်းဆုံးပဲ…*
"အဖေ့..."
ယွင်ဟွားက ထိတ်လန့်တကြား အော်ဟစ်လိုက်ရာ သူမ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။
"အဖေ... အဖေ... သမီး ပြန်မသွားချင်ဘူး... ကြင်ယာတော်... ကျေးဇူးပြုပြီး ဟွားဟွားကို ကယ်ပါဦး..."
တော်ဝင်ကြင်ယာတော်စုက သူမ၏ ဝတ်ရုံကို မတင်ကာ လှုပ်ရှားရန် ပြင်လိုက်သည်။
ထိုစဉ် မင်းသားစုက တော်ဝင်ကြင်ယာတော်စု၏ ဘေးတွင် ပေါ်လာပြီး သူမ၏ ခါးကိုဖက်ကာ ခြေဖျားများဖြင့် အနည်းငယ် ထိလိုက်ရုံဖြင့် သူတို့နှစ်ဦးစလုံး ပျောက်ကွယ်သွားကြလေသည်။
ယွင်ဟွား၏ ဆန့်ထုတ်ထားသော လက်ကလေးမှာ အားနည်းစွာ တွဲလောင်းကျသွားလေသည်။
အိမ်မှ ထွက်ပြေးရန် သူမ၏ ပထမဆုံး ကြိုးပမ်းမှုမှာ ကျရှုံးမှုဖြင့် အဆုံးသတ်သွားခဲ့လေပြီ။
နောက်တစ်နေ့တွင်...
ယွင်ဟွားသည် မင်းသားများနှင့် တော်ဝင်မိသားစုဝင်များသာ စာသင်ရန် အရည်အချင်းပြည့်မီသော ဝမ်ရှူခန်းမတွင် စိတ်မပါလက်မပါ ထိုင်နေလေသည်။
သူမ…: သူတို့နဲ့ အတန်းဖော်ဖြစ်ဖို့ ငါ့မှာ ဘာကောင်းကျိုး ဒါမှမဟုတ် ဘာအရည်အချင်းများ ရှိနေလို့လဲ…
“ရှောင်ရှူးရှူး... ငါတို့ ဘာလုပ်ကြမလဲ..”
“စာလုံးတွေကို တစ်လုံးချင်းစီဆိုရင်တော့ ငါ သိတယ်... ဒါပေမယ့် သူတို့ကို ပေါင်းလိုက်တဲ့အခါ သူတို့ကသာ ငါ့ကို သိကြတော့ဆာ..”
နင်းအမတ်ကြီးခမျာ ယွင်ဟွား၏ အတွေးများကို ကြားလိုက်ရသောအခါ သူ၏ မျက်ခုံးများ အကြိမ်ကြိမ် တွန့်သွားလေသည်။
ထို့နောက် သူတို့က သူမကို လျစ်လျူရှုကာ စာဆက်သင်နေကြလေသည်။
“ပန်းကလေး... ဒီအတိုင်းပဲ နေလိုက်ပါ... နားတစ်ဖက်ကဝင်ပြီး နောက်တစ်ဖက်က ပြန်ထွက်သွားပါစေ... နင့်ရဲ့ အိမ်စာတွေကို နင့်အစ်ကိုက ကူညီပြီး ခိုးချပေးနိုင်တာပဲဟာ..”
လူအများ... ???
နင်းအမတ်ကြီးက သက်ပြင်းရှည်ကြီးတစ်ခုကို ရှူသွင်းလိုက်လေသည်။
*မလောနဲ့... ဒေါသမထွက်နဲ့... သူက မင်းရဲ့ အချစ်တော်လေးပါ…*
*မင်းသာ သူမကို စိတ်ဆိုးအောင် လုပ်ရင် မင်းပဲ ဒုက္ခရောက်မှာ…*
“ရှောင်ရှူးရှူး... ငါ နည်းနည်း ပျင်းပြီး အိပ်ချင်လာပြီ..”
ယွင်ဟွားသည် နင်းအမတ်ကြီး၏ စာသင်ကြားမှုကို ကောင်းကင်ဘုံတွင် ရေးသားထားသော စာအုပ်တစ်အုပ်ကဲ့သို့ နားထောင်နေလေသည်။ နံနက်ခင်းတစ်ခုလုံး ထိုင်ပြီးနောက် သူမ၏ တင်ပါးများမှာ ထုံကျဉ်နေလေပြီ။
ရှင်ခြင်းသေခြင်းစာအုပ်က ဝမ်ရှူခန်းမကို လှည့်ပတ်ပျံသန်းပြီး ယွင်ဟွား၏ ခေါင်းပေါ်တွင် နားလိုက်လေသည်။
“ဟေ့ ပန်းကလေး... ဘာပဲဖြစ်ဖြစ် ငါတို့က ပျင်းနေတာပဲ... လူတစ်ယောက်ယောက်ကို ရှာပြီး သူတို့အကြောင်း အတင်းပြောကြရင် ဘယ်လိုလဲ..”
ငိုက်မျဉ်းတော့မည့်ဆဲဆဲဖြစ်သော ယွင်ဟွားက ဤစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် လန်းဆန်းသွားလေသည်။
အခြားသူများမှာမူ ဆန့်ကျင်ဘက်အားဖြင့် အလွန် သတိထားနေကြလေသည်။
ထို့နောက် ရှင်ခြင်းသေခြင်းစာအုပ်က မေးလိုက်လေသည်။
“ပန်းကလေး... နင် ဘယ်သူ့ရဲ့ လျှို့ဝှက်ချက်ကို သိချင်လဲ…”
ယွင်ဟွား၏ အကြည့်များက လူအုပ်ကြီးပေါ်သို့ လျင်မြန်စွာ ဝေ့ဝဲသွားပြီးနောက် နောက်ဆုံးတွင် နင်းအမတ်ကြီးပေါ်သို့ ကျရောက်သွားလေသည်။
သူမ၏ နှုတ်ခမ်းငယ်လေးများ တွန့်ကွေးသွားရာ နင်းအမတ်ကြီးမှာ အလွန် ကြောက်လန့်သွားပြီး သူ၏ နှလုံးသားမှာ တုန်ယင်သွားလေသည်။
သူက အချိန်ကို ခန့်မှန်းကြည့်ပြီး ချက်ချင်းပင် စကားပြောလိုက်လေသည်။
"ဒီနေ့ ငါတို့မှာ အတန်းဖော်အသစ် တစ်ယောက် ရောက်လာတယ်... ဒါကြောင့် သူမရဲ့ ခံစားချက်တွေကို ငဲ့ညှာတဲ့အနေနဲ့ စာသင်ကြားမှုကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်မယ်... အားလုံးပဲ အိမ်ပြန်ပြီး အနားယူကြလို့ ရပါပြီ..."
ထိုသို့ပြောပြီးနောက် သူသည် သူ၏ နဖူးမှ ချွေးစေးများကို သုတ်ကာ တတ်နိုင်သမျှ မြန်မြန် ထွက်ခွာသွားလေတော့သည်။
သူမ၏ အာရုံစိုက်မှုကို မခံရစေရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သူသည် လှောင်ပြောင်ခံရမည့် ပထမဆုံးသူ ဖြစ်နေဆဲ ဖြစ်လေသည်။
*အရှင်မင်းကြီး...အရှင်မင်းကြီးက သူမကို နန်းတော်မှာ စာသင်ဖို့ ဘာလို့များ စေလွှတ်လိုက်ရတာလဲ…*
နင်းအမတ်ကြီးတစ်ယောက် ဖရိုဖရဲ ထွက်ပြေးသွားရာ ယွင်ဟွားနှင့် ရှင်ခြင်းသေခြင်းစာအုပ်မှာ ဆွံ့အသွားကြလေသည်။
အတင်းအဖျင်းတွေကို မျှဝေတော့မယ့်သူက ထွက်သွားပြီလေ...။
ကူကယ်ရာမဲ့စွာဖြင့် ယွင်ဟွားက သူမ၏ ပစ္စည်းများကို သိမ်းဆည်းကာ အိမ်ပြန်ရန် ပြင်ဆင်လိုက်လေသည်။
"သခင်မလေးယွင်... မယ်တော်ကြီးက သခင်မလေးကို လာတွေ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်…”
အခန်း (၉၀) သတ္တိခဲအဖွဲ့ထဲသို့ အဖွဲ့ဝင်သစ်ဝင်ရောက်လာခြင်း၊ မယ်တာ်ကြီး
ချုံဟွားနန်းဆောင်အတွင်း၌ နံ့သာပေါင်းဖိုမှ အမွှေးနံ့သာငွေ့များ လွင့်ပျံနေသည်။ ယွင်ဟွားသည် အထိန်းတော်ကူ၏ နောက်မှ လိုက်ပါလာပြီး ပင်မခန်းမဆောင်အတွင်းသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် တောက်ပနေသော မျက်လုံးပေါင်းများစွာ၏ စိုက်ကြည့်မှုကြောင့် လန့်သွားကာ ခြေလှမ်းများ ရပ်တန့်သွားသည်။
ယွင်ဟွားက တံတွေးကို ခက်ခဲစွာ မြိုချလိုက်လေသည်။
ဤအရာက အကြီးစား အစည်းအဝေးကြီးတစ်ခုများလား...။
“ပန်းကလေး... ဖရဲသီးတွေ အများကြီးပဲ..”
ရှင်ခြင်းသေခြင်းစာအုပ်၏ အသံက ခန်းမအတွင်း ပဲ့တင်ထပ်သွားပြီး ကိုယ်လုပ်တော်အချို့ကို အလွန်အမင်း မသက်မသာ ဖြစ်သွားစေသည်။
နန်းတော်တံခါးကို ဝင်လိုက်သည်နှင့် နက်ရှိုင်းသော ပင်လယ်ထဲသို့ ဝင်ရောက်သွားသကဲ့သို့ ဖြစ်သွားသည်။ မျက်နှာသာရရန် ကြိုးပမ်းမှုများတွင် သူတို့ထဲမှ မည်သူကမျှ အသက်တစ်ချောင်း သို့မဟုတ် နှစ်ချောင်းကို မနုတ်ယူဖူးသူ မရှိခဲ့ကြချေ။ ခြားနားချက်ဆို၍ အခြားသူများကို တမင်သက်သက် အန္တရာယ်ပြုခြင်း သို့မဟုတ် ကလဲ့စားချေသည့်အနေဖြင့် သတ်ဖြတ်ခြင်းသာ ရှိလေသည်။
"ဟွားအာ... ငါ့ဘေးမှာ လာထိုင်လှည့်..."
မယ်တော်ကြီးက ပြုံးကာ ယွင်ဟွားကို လက်ယပ်ခေါ်လိုက်လေသည်။ နောက်ဆုံးတွင် ဤမိန်းကလေးကို နန်းတော်ထဲသို့ ကြိုဆိုနိုင်ခဲ့ပြီ ဖြစ်လေသည်။
တကယ့်ကို တိုက်ဆိုင်လှပေသည်။
ယနေ့သည် လဆန်းတစ်ရက်နေ့ဖြစ်ပြီး ကိုယ်လုပ်တော်များအားလုံး သူမထံသို့ လာရောက် ဂါရဝပြုရသော နေ့ပင် ဖြစ်လေသည်။
"အရှင်မယ်တော်ကြီး... ကျန်းမာချမ်းသာပြီး သက်တော်ရာကျော် ရှည်ပါစေကြောင်း ကျွန်တော်မျိုးမ ဂါရဝပြု ဆုတောင်းဆက်သပါတယ်..."
"အရှင်ဧကရီလည်း အမြဲတမ်း ပြုံးရွှင်နိုင်ပြီး ပိုမို နုပျိုလှပလာပါစေ..."
“ကြင်ယာတော်များအားလုံးလည်း ဆန္ဒပြည့်ဝကြပါစေ…”
ယွင်ဟွားက ရိုသေစွာဖြင့် အရိုအသေပေးလိုက်လေသည်။
ထို့နောက် သူမသည် မယ်တော်ကြီး၏ ဘေးတွင် ထိုင်ရန် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။
ဧကရီမှာ အလွန် ဝမ်းမြောက်သွားလေသည်။
ကိုယ်လုပ်တော်များမှာမူ အနေခက်စွာ ပြုံးနေကြလေသည်။ ဤသည်မှာ ဗြောင်ကျကျ ခွဲခြားဆက်ဆံမှုပင် ဖြစ်လေသည်။
"ဟားဟားဟား..."
"မင်းလေးရဲ့ ပါးစပ်က ပျားရည်လို ချိုမြိန်တာပဲ..."
မယ်တော်ကြီးက ယွင်ဟွား၏ လက်ငယ်လေးကို ချစ်ခင်ကြင်နာသော မျက်ဝန်းများဖြင့် ဆွဲကိုင်လိုက်ပြီး ပြင်ဆင်ထားသော အစားအစာများကို သူမ၏ ရှေ့တွင် ချထားစေလေသည်။
ဤမိန်းကလေးသာမရှိခဲ့ပါက ဧကရာဇ်သည် ကိုယ်လုပ်တော်ကျန်း၏ ပြုစားခြင်းကို ခံနေရဆဲဖြစ်ပြီး သူမအတွက် ထိုတရားမဝင်သော ကလေးကို ကျွေးမွေးစောင့်ရှောက်နေဆဲ ဖြစ်ပေလိမ့်မည်။
တတိယမြောက်မင်းသားလေး၏ အသက်မှာလည်း သူမကြောင့် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး သွယ်ဝိုက်သောနည်းဖြင့် သူမကိုယ်တိုင်လည်း ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရလေသည်။
မယ်တော်ကြီးသည် အောက်ဘက်တွင် မျက်နှာအမူအရာ အမျိုးမျိုး ရှိနေကြသော ကိုယ်လုပ်တော်များကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ စိတ်ထဲတွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ယနေ့ ဂါရဝပြုပြီးနောက် ဟွားအာ ကျောင်းဆင်းချိန်အထိ သူမက တမင်တကာ ပြန်မလွှတ်ဘဲ ထားခဲ့ခြင်း ဖြစ်သည်။ သို့မှသာ မိစ္ဆာများနှင့် ဘီလူးသရဲ အနည်းငယ်ကို ရှာတွေ့နိုင်ခြင်းရှိမရှိ သူမ ကြည့်ရှုနိုင်မည် ဖြစ်ပေသည်။
"ဟွားအာ... သမီးနဲ့ ကြင်ယာတော်စုတို့က 'အတင်းအဖျင်းနားထောင်တဲ့ အင်မော်တယ်တစ်ပိုင်း သတ္တိခဲများ' ဆိုတဲ့ အဖွဲ့တစ်ခု ဖွဲ့ထားတယ်လို့ ကြားတယ်... အဲဒီအဖွဲ့ထဲကို ငါရော ဝင်လို့ရမလား..."
မယ်တော်ကြီး၏ မျက်ဝန်းများ တောက်ပနေလေသည်။ အဖွဲ့ထဲသို့ ဝင်ရောက်လာတော့မည့် ရွှေလေးအတွက် သူမ ပြင်ဆင်ထားပြီး ဖြစ်လေသည်။
ဧကရီသည် ဤစကားကို ကြားလိုက်ရသဖြင့် သူမ၏ ဆံပင်ကြားမှ ရွှေဆံထိုးတစ်ချောင်းကို အလျင်အမြန် ယူကာ ယွင်ဟွားထံသို့ ကမ်းပေးလိုက်လေသည်။
"ငါလည်း ဝင်ချင်တယ်..."
ယွင်ဟွားသည် ခဏတာ ရပ်တန့်သွားပြီး ပြုံးဖြီးဖြီးဖြင့် ၎င်းကို တုံ့ဆိုင်းမှုမရှိဘဲ လက်ခံလိုက်လေသည်။
"ကောင်းပြီလေ... အရင်ဆုံး ရင်းနှီးမြှုပ်နှံလိုက်ကြတာပေါ့..."
ယွင်ဟွားသည် ခဏတာ ရပ်တန့်သွားပြီးနောက် ဆက်ပြောလိုက်လေသည်။
"ဗေဒင်ဟောဖို့အတွက် အတင်းအဖျင်းတွေကို ကျွန်မက တာဝန်ယူ ထောက်ပံ့ပေးမယ်... ကြင်ယာတော်စုကတော့ မှတ်တမ်းတင်ပေးဖို့ တာဝန်ယူလိမ့်မယ်... နောက်ပိုင်းကျရင် သူတို့ကို 'အတင်းအဖျင်း မဂ္ဂဇင်း' အဖြစ် ပုံနှိပ်ထုတ်ဝေမယ်... ပြီးတော့ ကျွန်မတို့ ငွေရလာတဲ့အခါ ဝေစုရဖို့ အေးအေးဆေးဆေး ထိုင်စောင့်နေရုံပဲ..."
*ဝိုး... ဒီမိန်းကလေးက စီးပွားရေးအမြင် ရှိတာပဲ…*
"ကောင်းပြီလေ..."
"ငါ့မှာ နေရာကောင်းတစ်ခုမှာ စာအုပ်ဆိုင်တစ်ဆိုင်ရှိတယ်... အဲဒီမှာ တင်ရောင်းပေးမယ်..."
ဧကရီက ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"ငါ့မှာ လဖက်ရည်ဆိုင်နှစ်ဆိုင် ရှိတယ်... သူတို့အတွက် အစောပိုင်း ကြော်ငြာပေးမယ့်ကိစ္စကို ငါ တာဝန်ယူမယ်..."
သူတို့သုံးဦးစလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြလေသည်။
ကိုယ်လုပ်တော်များမှာ ထိုနေရာတွင် ထိုင်နေရသည်ကို အလွန်အမင်း မသက်မသာ ဖြစ်နေကြသော်လည်း သူတို့၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင်မျှ မပြကြချေ။
ကိုယ်လုပ်တော်လျန်က မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်ပြီး နူးညံ့သော အသံဖြင့် ပြောလိုက်လေသည်။
“မယ်တော်... ဒီနေ့နံနက်က အရှင်မင်းကြီးက ကျွန်တော်မျိုးမနဲ့အတူ နေ့လယ်စာ စားမယ်လို့ ကတိပေးထားပါတယ်... အရှင်မင်းကြီးကို နောက်ကျမှ စောင့်ရတာမျိုးမဖြစ်စေဖို့ အခု ကျွန်တော်မျိုးမ ပြန်ခွင့်ပြုပါ..."
သူမ၏ မျက်ဝန်းများထဲတွင် ဘဝင်မြင့်မှု အရိပ်အယောင်တစ်ခု တောက်ပနေလေသည်။
ဤစကားများက ထိုနေရာရှိ ကိုယ်လုပ်တော်များအားလုံးကို အလွန်အမင်း မနာလို ဖြစ်သွားစေသည်။
နန်းတွင်းကိုယ်လုပ်တော်ဆောင်တွင် အမြဲတမ်း ဤသို့သာ ဖြစ်လေ့ရှိသည်။ မျက်နှာသာရသူသည် သဘာဝကျကျပင် အဆင့်အတန်း မြင့်မားနေလေသည်။
ဧကရီ၏ မျက်ဝန်းများထဲတွင် ညှိုးငယ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမက ချက်ချင်းပင် ဖုံးကွယ်လိုက်လေသည်။
“အဲ့လူယုတ်မာအဘိုးကြီး..”
ယွင်ဟွားသည် ဧကရီ၏ မျက်ဝန်းများထဲရှိ အကြည့်ကို လက်လွတ်မခံခဲ့ဘဲ ငရဲပြည်တွင် သူမ သင်ယူခဲ့ဖူးသော စကားတစ်ခွန်းကို တိတ်တဆိတ် ရေရွတ်လိုက်လေသည်။
“ဟုတ်တယ် ပန်းကလေး... ပင်မခန်းမဆောင်ထဲမှာ အဆင့်အတန်းရှိတဲ့ ကိုယ်လုပ်တော် ဒါဇင်ပေါင်းများစွာ ရှိတယ်... အလုပ်အကျွေးတွေ၊ သခင်မလေးတွေလို အဆင့်အတန်းမရှိတဲ့သူတွေကိုတောင် ထည့်မပြောသေးဘူး..”
ယွင်ဟွားက သူမ၏ သဘောတူညီမှုကို ပြသသည့်အနေဖြင့် နှုတ်ခမ်းဆူလိုက်လေသည်။
“နေ့ဘက်မှာ တိုင်းပြည်အရေးတွေနဲ့ အလုပ်ရှုပ်နေပြီး ညဘက်မှာတော့ လယ်ထွန်ဖို့ အလုပ်ရှုပ်နေရတာဆိုတော့ ဧကရာဇ်က နောက်ဆုံးမှာ ကျောက်ကပ်အားနည်းတဲ့ ရောဂါ ခံစားရတော့မှာပဲ..”
လူအများ…
မယ်တော်ကြီးက ရယ်ချင်စိတ်ကို အောင့်ထားလိုက်ပြီး ယွင်ဟွားကို ကြည့်ခြင်းမှ ရှောင်ရှားလိုက်လေသည်။
ကံကောင်းစွာဖြင့် ဧကရာဇ် ဤနေရာတွင် မရှိပေ။
ဤကိုယ်လုပ်တော်လျန်ကို သူမ သိထားလေသည်။ သူမသည် အရင်က နန်းတော်ထဲတွင် လုံးဝ ပျောက်ကွယ်နေသူလို ဖြစ်နေခဲ့သော်လည်း မကြာသေးမီက ဧကရာဇ်သည် မည်သို့မည်ပုံ သူမအပေါ် စွဲလမ်းသွားခဲ့ကြောင်းကို မသိရချေ။
မယ်တော်ကြီးက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ လက်ကို ဝှေ့ယမ်းကာ အေးစက်စွာ ပြောလိုက်သည်။
"ထွက်သွားတော့..."
ကိုယ်လုပ်တော်လျန် ထွက်သွားပြီးနောက် မယ်တော်ကြီးသည် အထိန်းတော်ကူကို ချက်ချင်း ခေါ်ယူကာ ပြောလိုက်၏။
"ဘိုးဘေးတွေရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေကို ချိုးဖောက်လို့ မရဘူးဆိုတာကို ဧကရာဇ်ကို သွားပြောချေ..."
လတစ်လ၏ ပထမရက်နှင့် ဆယ့်ငါးရက်နေ့တိုင်းတွင် ဧကရာဇ်သည် မယ်တော်ကြီး၊ ဧကရီတို့နှင့်အတူ နေ့လယ်စာ အတူစားသောက်ရမည်ဖြစ်ပြီး အသစ်ရာထူးတိုးလာသော ကိုယ်လုပ်တော်တစ်ဦး၏ ခေါ်ဆောင်သွားခြင်းကို မခံရဘဲ ဧကရီ၏ နန်းဆောင်တွင်သာ ညအိပ်ရမည် ဖြစ်လေသည်။
ဧကရီ၏ နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။
သူမ၏ ယောက္ခမတော်က သူမကို ကျောထောက်နောက်ခံ ပေးနေကြောင်း သူမ သိလိုက်လေသည်။
“ပန်းကလေး... ထုံးစံအရ လဆန်းတစ်ရက်နေ့မှာ ဧကရာဇ်က မယ်တော်ကြီး၊ ဧကရီတို့နဲ့အတူ နေ့လယ်စာ စားရမှာဖြစ်ပေမယ့် သူက အဲ့မိန်းမရဲ့ ပြုစားတာကို ခံထားရတယ်... ငါတို့က အရာအားလုံးကို မှန်ကန်အောင် လုပ်ပြီး ဝင်မပါသင့်ဘူးလား... ဘာပဲဖြစ်ဖြစ် အဲ့မိန်းမကလည်း လူကောင်းတစ်ယောက်မှ မဟုတ်တာ..”
ယွင်ဟွားက မျက်လုံးများကို မှေးစင်းလိုက်လေသည်။
သူတို့၏ အတင်းအဖျင်း မဂ္ဂဇင်းများအတွက် အကြောင်းအရာများ အများကြီး လိုအပ်နေသည်မှာ သေချာလှပေသည်။
သူမ၏ မျက်လုံးများက ဟိုဟိုဒီဒီ ကစားနေလေသည်။
"အရှင်မယ်တော်ကြီး... ဧကရာဇ်က ကျွန်မတို့နဲ့အတူ နေ့လယ်စာ မစားဘူးဆိုရင် ကျွန်မတို့က သူ့ဆီသွားပြီး အတူသွားစားကြရင် ဘယ်လိုလဲ... သူ ဝမ်းသာအားရ အံ့သြသွားလိမ့်မယ်..."
မယ်တော်ကြီး၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။
ထိုအရာက အံ့သြစရာ မဟုတ်ဘဲ ထိတ်လန့်စရာသာ ဖြစ်ပေလိမ့်မည်။
သို့သော် သူမ၏ ရှင်းပြ၍မရသော စိတ်လှုပ်ရှားမှုအတွက် အကြောင်းပြချက်က အဘယ်နည်း။
မယ်တော်ကြီးက လည်ချောင်းကို ရှင်းလိုက်ပြီး အထိန်းတော်ကူကို ခေါ်လိုက်လေသည်။
"နေ့လယ်စာအတွက် အစားအသောက်တွေ ပိုပြင်ဆင်ထားပြီး ကိုယ်လုပ်တော်လျန်ဆီ ပို့ပေးဖို့ တော်ဝင်မီးဖိုဆောင်ကို သွားပြောချေ..."
လူအများ...
ဧကရီသည် ပါးစပ်ကို ဖုံးကာ ရယ်မောလိုက်ရာ စောစောက သူမ၏ မပျော်ရွှင်မှုများမှာ လွင့်စင်ပျောက်ကွယ်သွားလေပြီ။
မယ်တော်ကြီးသည် အောက်ဘက်ရှိ ကိုယ်လုပ်တော်များကို တစ်ချက်ကြည့်လိုက်ပြီး သူတို့၏ မျက်နှာအမူအရာများမှတစ်ဆင့် မည်သို့ လုပ်ဆောင်ရမည်ကို သူမ သိထားပြီး ဖြစ်လေသည်။
"အချိန်နှောင်းနေပြီ... အားလုံး ပြန်ကြလို့ ရပြီ..."
"မှန်လှပါ..."
ကိုယ်လုပ်တော်များသည် မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်ကြပြီး သက်ပြင်းတစ်ချက်ချကာ ချုံဟွားနန်းဆောင်မှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြလေသည်။
ဒါပေမယ့်...
ဘာဖြစ်လို့ ကိုယ်လုပ်တော် ဆယ်ဦးလောက်က ယွင်ဟွားကို မခွဲခွာချင်သလိုမျိုး နောက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ ခြေလှမ်းတိုင်းမှာ ခေါင်းလှည့်ကြည့်နေကြရတာလဲ...
【ရှောင်ရှူးရှူး... သူတို့ ငါ့ကို ကြည့်နေတဲ့ပုံက အရသာရှိတဲ့ အဆီတုံးကြီးတစ်ခုကို ကြည့်နေသလိုပဲလို့ နင် မထင်ဘူးလား...】
ယွင်ဟွားသည် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ထလာသော ကြက်သီးများကို ခါထုတ်လိုက်လေသည်။
သူတို့၏ အကြည့်များက လုံးဝကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။
【ပန်းကလေး... နင့်ကိုယ်နင် အဆီတုံးကြီးလို့ ဖော်ပြလို့ မရဘူးလေ... တောက်ပနေတဲ့ ရွှေတုံးလေးတစ်တုံးလို့ ဖော်ပြသင့်တယ်...】
ငါ လောင်းရဲတယ်... သူတို့က နင့်ကို သဘောကျသွားတာ သေချာတယ်...
မဟုတ်ရင် ဘာဖြစ်လို့ ပထမဆုံးတွေ့ဆုံမှုမှာတင် လူတိုင်းက ဤလောက် မခွဲခွာချင်ဖြစ်နေရမှာလဲ...
ရှင်ခြင်းသေခြင်းစာအုပ်က သက်ပြင်းချလိုက်လေသည်... "ငါ့ရဲ့ ပန်းကလေးကတော့ အကောင်းဆုံးပါပဲ... ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်တွေကိုတောင် မြူဆွယ်နိုင်နေပြီ..."
ယွင်ဟွား...
မယ်တော်ကြီးနှင့် ဧကရီ... သူတို့က ပြဇာတ်ကို ကြည့်ချင်နေကြရုံသက်သက်သာ ဖြစ်လေသည်။
တော်ဝင်စာကြည့်ဆောင်။
ဧကရာဇ်ဝမ်ရွှမ်းသည် များပြားလှသော အစီရင်ခံစာများကြားမှ သူ၏ ခေါင်းကို မော့ကြည့်လိုက်လေသည်။
"စကားမစပ်... ရှူယွီဆောင်မှာ နေ့လယ်စာ စားဖို့ စီစဉ်ထားလိုက်..." ဤသည်မှာ ယနေ့နံနက်က ကိုယ်လုပ်တော်လျန်အား သူ ပေးထားခဲ့သော ကတိပင် ဖြစ်လေသည်။
ယခင်က သူသည် ကိုယ်လုပ်တော်လျန်ကဲ့သို့သော ပုံစံမျိုးကို အထူးတလည် စိတ်ဝင်စားခဲ့ခြင်း မရှိဘဲ အကြောင်းရင်းကို မသိရသော်လည်း တော်ဝင်ဥယျာဉ်တွင် တွေ့ဆုံခဲ့ပြီးနောက် သူမထံမှ နူးညံ့သိမ်မွေ့ပြီး လောကနှင့် မသက်ဆိုင်သည့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရလေသည်။
၎င်းက သူ၏ တွန်းလှန်၍မရနိုင်သော လိုအင်ဆန္ဒများကို ချက်ချင်းပင် နိုးကြွလာစေခဲ့လေသည်။
သူမသည် နေ့ဘက်တွင် နူးညံ့သော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ဖြစ်သော်လည်း ညဘက်တွင်မူ ဆွဲဆောင်မှုရှိသော မြေခွေးမလေးတစ်ကောင် ဖြစ်လေသည်။
အိပ်ရာပေါ်တွင် သူမသည် ပိုမို၍ စိတ်အားထက်သန်ကာ အထိန်းအကွပ်မဲ့နေပြီး သူ့ကို လုံးဝ ငြင်းဆန်၍ မရနိုင်အောင် နည်းလမ်းပေါင်းစုံကို အသုံးပြုလေသည်။
ရက်ပေါင်းများစွာ ဆက်တိုက် သူသည် သူမ၏ အမည်ကိုသာ ရွေးချယ်နေခဲ့လေသည်။
အထိန်းတော်ချောင်၏ မျက်နှာမှာ မသာမယာ ဖြစ်နေပြီး အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် သတိထားကာ မေးလိုက်လေသည်... "အရှင်မင်းကြီး... ယနေ့က လဆန်းတစ်ရက်နေ့ မဟုတ်ဘူးလား..."
Terminology List (New Terms)
Chinese English Myanmar