← Chapters

အခန်း (၇၅-၇၆)

Vol. 7 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 7 Ch. 75-76

အခန်း(၇၅)

"သခင်… ကျွန်တော်တို့ လာကြိုတာဗျို့"

ကားပြတင်းပေါက်ကနေ စလိုင်းမ်လေးက ပြူထွက်လာပြီး မျက်နှာတစ်ခုလုံး ပြည့်သွားအောင် ပြုံးပြရင်း မိုက်ကယ်ကို လက်လှမ်းပြလိုက်ပါတယ်။ ဖာ့ဂျ် မောင်းလာတဲ့ကားနောက်မှာတော့ ခရီးအဝေးကြီးကနေ ကုန်စည်တွေကို သယ်ယူပို့ဆောင်နိုင်စွမ်းရှိတဲ့ ကျွမ်းကျင် ဟော့ဘ်မျောက်လူ ဒရိုင်ဘာတွေ မောင်းနှင်လာတဲ့ တခြားကားငါးစီးလည်း ပါလာပါတယ်။

တစ်နာရီလောက် ကြာပြီးတဲ့နောက်မှာတော့ အကူအညီတွေ နောက်ဆုံး ရောက်ရှိလာခဲ့ပါပြီ။ ကားတစ်စီးချင်းစီရဲ့ နောက်မှာ ဘီးတွေတပ်ထားတဲ့ ကြီးမားတဲ့ သစ်သားကုန်တင်တွဲတွေ ပါလာပါတယ်။ ဒီကုန်တင်ခန်းတွေကို ကင်းစ်ဘရစ်ချ်ကနေ ခြောက်သွေ့လွင်ပြင်ဆီကို ကုန်ကြမ်းပစ္စည်းတွေ အမြောက်အမြား သယ်ယူနိုင်ဖို့ သီးသန့် တည်ဆောက်ထားတာပါ။

ကံကောင်းချင်တော့ ဒီနေ့က မျောက်လူတို့ရွာကို ရိက္ခာတွေ ပို့ရမယ့်နေ့ ဖြစ်နေတာကြောင့် ကားခြောက်စီးစလုံးဟာ ကင်းစ်ဘရစ်ချ်နားမှာတင် ရပ်ထားပြီးသား ဖြစ်နေပါတယ်။ ဒါကြောင့်လည်း လူပုနိုင်ငံတော်ရဲ့ အစွန်အဖျားဒေသဆီကို နာရီပိုင်းအတွင်းမှာတင် ရောက်လာနိုင်ခဲ့တာပါ။

"ဒါတွေက ငါ့ရဲ့ ကားတွေပဲ။ တက်ကြလေ ရက်အနည်းငယ်အတွင်းမှာတင် ခြောက်သွေ့လွင်ပြင်ကို ရောက်သွားလိမ့်မယ်"

မိုက်ကယ်က ပြောလိုက်ပေမဲ့ လူပုတွေကတော့ မလှုပ်မယှက် ရပ်နေကြတုန်းပါပဲ။ သူတို့ဟာ ကားရဲ့ အနုစိတ်ပြီး ရှုပ်ထွေးလှတဲ့ သတ္တုအစိတ်အပိုင်းတွေကို ကြည့်ပြီး သူတို့တစ်သက်လုံး တွေ့ဖူးသမျှ အရာအားလုံးထက် ပိုပြီး အဆင့်မြင့်လွန်းတဲ့ တည်ဆောက်ပုံကြောင့် အံ့သြမှင်သက်နေကြပါတယ်။ ဒါတင်မကဘဲ မိုက်ကယ်ရဲ့ မြင်းလှည်းတွေက ဘီးတွေကို လည်ပတ်စေမယ့် မြင်းတစ်ကောင်မှ မပါဘဲ အရှိန်အဟုန်နဲ့ ရွေ့လျားနိုင်တာကိုလည်း တွေ့နေရတာကိုး။

"ဒါကြီးက ဘယ်လိုလုပ်ပြီး ရွေ့နေတာလဲ"

"မှော်ပညာပဲ မဟုတ်လား မြင်းမပါဘဲနဲ့ တခြား ဘယ်လိုလုပ် ရွေ့နိုင်မှာလဲ"

"ဒါပေမဲ့ အဲဒီ သတ္တုစက်ပစ္စည်းထဲမှာ မှော်စွမ်းအင် တစ်စက်တောင်မှ မရှိဘူးနော်"

သူတို့ နားမလည်နိုင်ကြတော့ပါဘူး။ ဂုဏ်ယူစရာကောင်းတဲ့ ပန်းပဲဆရာတွေ ဖြစ်ကြပေမဲ့လည်း ဒီကားတွေကို စိုက်ကြည့်နေတဲ့အခါမှာတော့ သူတို့ကမ္ဘာက မဟုတ်တဲ့ လုံးဝ ထူးဆန်းတဲ့ အရာတစ်ခုကို ကြည့်နေရသလို ခံစားနေကြရပါတယ်။ ဒါဟာ လူပုနိုင်ငံတော်မှာရှိတဲ့ အတော်ဆုံး ပန်းပဲဆရာတွေနဲ့ လက်မှုပညာရှင်တွေတောင် မလုပ်နိုင်တဲ့ အရာမျိုး ဖြစ်နေလို့ပါပဲ။

သရိန်းက သတ္တိမွေးပြီး ကားနားကို ဖြည်းဖြည်းချင်း ချဉ်းကပ်သွားပါတယ်။ အင်ဂျင်ရဲ့ ကျယ်လောင်တဲ့ တုန်ခါသံကို ကြားလိုက်ရတဲ့အခါ သူ လန့်ပြီး နောက်ကို ချက်ချင်း ခုန်ဆုတ်မိသွားတယ်။ ဒါကြီးက အသက်ရှိနေသလိုပါပဲ၊ လူပုတွေ၊ လူသားတွေ ဒါမှမဟုတ် မိစ္ဆာတွေလို သက်ရှိသတ္တဝါမျိုးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူ မြင်နေရတာကတော့ အဲဒီ သတ္တုစက်ပစ္စည်းကြီးဟာ အသက်ရှင်မနေဘဲနဲ့ကိုပဲ အသက်ရှိနေသလို ဖြစ်နေတာပါ။

"မိုက်ကယ်... ဒါက ဘာသားရဲကြီးလဲ ဘယ်လိုဖြစ်ပြီး... အသက်မဲ့နေတဲ့ အရာတစ်ခုက အသက်ရှိတဲ့ သတ္တုဝါတစ်ကောင်လိုမျိုး အသက်ရှူနေနိုင်ရတာလဲ" လို့ သရိန်းက တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။ သူက ကားရဲ့ အေးစက်နေတဲ့ သတ္တုကိုယ်ထည်ကို ဂရုတစိုက် ကိုင်ကြည့်တဲ့အခါ ကားကြီး အသက်ရှူနေတာကို ခံစားလိုက်ရလို့ပါ။

သူ့ရဲ့ မေးခွန်းကို ဖြေတဲ့အနေနဲ့ မိုက်ကယ်က ကားရှေ့ဖုံးကို ဖွင့်လိုက်ပြီး စပ်စုချင်နေကြတဲ့ လူပုတွေအားလုံးကို ကားရဲ့ အတွင်းပိုင်း အလုပ်လုပ်ပုံတွေကို ပြလိုက်ပါတယ်။

"ဒီအပိုင်းကို အင်ဂျင်လို့ ခေါ်တယ်။ သူက လောင်စာဆီလောင်ကျွမ်းခြင်းကရတဲ့ စွမ်းအင်ကို အသုံးပြုတာ..."

သူက သူတို့တွေကို အင်ဂျင်ရဲ့ အခြေခံသဘောတရားတွေကို အကျဉ်းချုံးပြီး ရှင်းပြလိုက်ပါတယ်။

"ဒါကိုတော့ ဝင်ရိုးတံလို့ ခေါ်တယ်၊ အင်ဂျင်ကနေ ဘီးတွေကို အားပေးပြီး လည်ပတ်စေတာပေါ့။ ဒါက ဘီးတွေကို လိုချင်တဲ့ဘက်ကို လှည့်လို့ရအောင်လည်း လုပ်ပေးတယ်..."

မိုက်ကယ်က ကားအကြောင်း အကုန်လုံးကို ဆက်ပြီး ရှင်းပြနေတဲ့အခါ လူပုတွေဟာ သူတို့ရဲ့ အသိဉာဏ်နဲ့ မမှီနိုင်တဲ့ အရာတွေကို ကြားနေရသလိုမျိုး ခံစားလာကြရတယ်။ မိုက်ကယ်က သိပ္ပံနည်းကျ အခြေခံသဘောတရားတွေနဲ့ သီအိုရီတွေကို သာမန် ဗဟုသုတတွေလိုပဲ အေးအေးဆေးဆေး ပြောပြနေတာပါ။ ဒါပေမဲ့ သူပြောတဲ့ အချက်လေး တစ်ချက်ချင်းစီကတောင် လူပုနိုင်ငံတော်ရဲ့ လက်ရှိ စက်မှုပညာ နားလည်မှုကို အပြတ်အသတ် ကျော်လွန်နေပါတယ်။

"ဒါကတော့ ငါ့ဦးနှောက်ကို ပေါက်ကွဲသွားစေတာပဲ"

"ငါ ကိုယ့်ကိုယ်ကိုယ် ကလေးတစ်ယောက်လို ခံစားနေရပြီ။ ဒါက ပန်းပဲပညာနဲ့ ပတ်သက်သမျှ ငါ့ရဲ့ အမြင်တွေကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီ"

"စိတ်မရှိပါနဲ့... ဒါပေမဲ့ လူသားကလေးတစ်ယောက်က ဒီလောက် ခမ်းနားတဲ့ စက်ယန္တရားကြီးကို ဖန်တီးနိုင်ခဲ့တယ်ဆိုတာကို ငါ တကယ်ပဲ အံ့သြမိလို့ပါ"

ကားရှေ့ခန်းမှာ ထိုင်နေတဲ့ ဟော့ဘ်မျောက်လူတွေကတော့ ကိုယ့်ဘာသာ တဟားဟား ရယ်နေကြပါတယ်။ နောက်ဆုံးတော့ သူတို့ရဲ့ သခင် တစ်ခုခု တီထွင်လိုက်တိုင်း သူတို့ ခံစားရတဲ့ အံ့သြမှုမျိုးကို နားလည်ပေးနိုင်မယ့်သူတွေ ပေါ်လာပြီလေ။

"ဟား ဟား ဟား... မင်းတို့ ဘာမှ မမြင်ရသေးပါဘူး" လို့ ဖာ့ဂျ်က ကြွားလိုက်ပါတယ်။

"တို့ရွာမှာရှိတဲ့ မီးသီးတွေကို မြင်လိုက်ရင် မင်းတို့ မျက်နှာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ ငါ မစောင့်နိုင်တော့ဘူး"

"မီးသီး..."

လူပုတွေက ဝေခွဲမရဘဲ ရေရွတ်လိုက်ကြတယ်။

"ကဲ တော်ပြီ ဖာ့ဂျ်။ တို့တွေ သွားကြရအောင်" လို့ မိုက်ကယ်က ပြောပြီး လူပုတွေကို ကားပေါ်တက်ဖို့ ခေါ်ဆောင်သွားပါတယ်။

သူတို့တွေ တောင်ဘက်က ခြောက်သွေ့လွင်ပြင်ဆီကို ခရီးစတင်ခဲ့ကြတယ်။ သူတို့ရဲ့ ခရီးစဉ်က ကင်းစ်ဘရစ်ချ်နဲ့ ခြောက်သွေ့လွင်ပြင်ကြားက ခရီးထက်စာရင် ပိုမြန်ရင်တောင် မြန်နေပါဦးမယ်။ လမ်းတစ်လျှောက်မှာလည်း လူပုတွေဟာ ဒီကားကို တီထွင်ခဲ့တဲ့ မိုက်ကယ်ကို ချီးကျူးလို့ မဆုံးပါဘူး။ ဒါက ဈေးအကြီးဆုံး မြင်းလှည်းတွေထက်တောင် ပိုမြန်ပြီး ပိုတည်ငြိမ်တာကြောင့် ကမ္ဘာပေါ်မှာ အကောင်းဆုံး သယ်ယူပို့ဆောင်ရေးစနစ်လို့တောင် ဆိုနိုင်ပါတယ်။

ရက်အနည်းငယ် ကုန်ဆုံးသွားပြီးတဲ့နောက်မှာတော့ သူတို့တွေ ခြောက်သွေ့လွင်ပြင်ရဲ့ သဲကန္တာရဒေသကို ရောက်ရှိလာခဲ့ကြတယ်။ အဲဒီမှာတင် လူပုတွေဟာ အဝေးက မိုးကုတ်စက်ဝိုင်းမှာရှိတဲ့ ရွာကို လှမ်းမြင်လိုက်ရပါတယ်။

အဲဒါက သူတို့ ထင်ထားတာနဲ့ လုံးဝ မတူပါဘူး။ ခြောက်သွေ့လွင်ပြင်မှာရှိတဲ့ ရွာဆိုရင် ရွှံ့တွေ၊ မြေစေးတွေနဲ့ ဆောက်ထားလိမ့်မယ်လို့ သူတို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ အခုမြင်နေရတဲ့ ရွာကတော့ လူသားတွေရဲ့ မြို့ပြတွေနဲ့တောင် ခွဲခြားလို့ မရနိုင်လောက်အောင်ပါပဲ။

"အိမ်ပြန်ရောက်လာတာ ကြိုဆိုပါတယ် သခင်"

လော့လိုက ရွာသားအသစ်တွေကို ကြိုဆိုဖို့ ရောက်နေပြီး လူပုတွေကို ခရီးပန်းလာတာ သက်သာစေဖို့ ရေပုလင်းတွေနဲ့ သစ်သီးတွေကို ပေးရင်း သူတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ပြသလိုက်ပါတယ်။

လူပုတွေကတော့ မိုက်ကယ်ရဲ့ရွာကို ကြည့်ပြီး အံ့သြမှင်သက်ကာ ငေးကြည့်နေရုံကလွဲလို့ ဘာမှ မလုပ်နိုင်ကြပါဘူး။ ဟော့ဘ်မျောက်လူတွေဟာ ခြောက်သွေ့လွင်ပြင်မှာ တွေ့ရလေ့ရှိတဲ့ ဖုန်တွေ၊ ရွှံ့တွေ မရှိဘဲ ညီညာပြီး မာကျောတဲ့ မြေပြင်ပေါ်မှာ လမ်းလျှောက်နေကြတာပါ။

သူတို့အများစုဟာ စနစ်တကျ ခွဲခြားထားတဲ့ လမ်းမတွေပေါ်မှာ လမ်းလျှောက်နေကြတယ်။ တချို့ ဟော့ဘ်မျောက်လူတွေဆိုရင် ဘီးနှစ်ဘီးတည်းပါတဲ့ ထူးဆန်းပြီး ပါးလွှာတဲ့ သတ္တုစက်ပစ္စည်းတွေကို သုံးပြီး လမ်းမတွေပေါ်မှာ သွားလာနေကြပါတယ်။ ဒါက သဲကန္တာရရဲ့ အလယ်ခေါင်မှာ မရှိသင့်တဲ့ အဆင့်မြင့် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းကြီးတစ်ခုလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒါက တကယ် ရှိနေတာပါ။

နယ်မြေရဲ့ အစွန်အဖျားမှာတော့ စိုက်ခင်းတွေ ရှိနေပြီး ဟော့ဘ်မျောက်လူတွေက သူတို့ရဲ့ သီးနှံတွေကို ဂရုတစိုက် ပြုစုနေကြပါတယ်။ တခြား ဟော့ဘ်မျောက်လူတွေကလည်း ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကို သုံးပြီး ဆောက်လုပ်ရေး အလုပ်တွေနဲ့ အလုပ်ရှုပ်နေကြပါတယ်။

အံ့သြစရာ အကောင်းဆုံးကတော့ လမ်းမတွေပေါ်မှာ ဘာပူပင်စရာမှ မရှိဘဲ တစ်ယောက်ကိုတစ်ယောက် ရေတွေနဲ့ ပက်ပြီး ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြတဲ့ ကလေးတွေပါပဲ။

"ညီအစ်ကိုတို့... ဒီလိုနေရာမျိုး တကယ်ရှိတယ်ဆိုတာ ငါ မယုံနိုင်ဘူး"

"ငါတို့ လူပုနိုင်ငံတော်က ယဉ်ကျေးမှုရဲ့ အထွတ်အထိပ်ကို ရောက်နေပြီလို့ ငါ ထင်ခဲ့တာ။ ငါ မှားသွားပြီ"

"ဒါ... ဒါက တကယ်ပဲ တို့တွေရဲ့ နေရာသစ် ဖြစ်လာမှာလား"

မိုက်ကယ်က သူ့ရှေ့မှာရှိတဲ့ များပြားလှတဲ့ လူပုတွေကို ကြည့်ပြီး လက်နှစ်ဖက်ကို ဆန့်လိုက်ပါတယ်။

"ငါတို့ရွာက ကြိုဆိုပါတယ်။ ကိုယ့်အိမ်လိုပဲ သဘောထားကြပါ"

* * * * * * * * *

စာစဉ်(၇)

အခန်း(၇၆)

လော့လိုက လူပုတွေကို သူတို့ရဲ့ ယာယီနေအိမ်သစ်ဆီ ခေါ်သွားပြီး အိမ်မှာပါတဲ့ အသုံးအဆောင် ပစ္စည်းမှန်သမျှကို လိုက်လံပြသပေးပါတယ်။

လော့လိုက နံရံမှာတပ်ထားတဲ့ ခလုတ်ကို နှိပ်ပြီး ဧည့်ခန်းထဲက လင်းထိန်တဲ့ မီးချောင်းကို ဖွင့်ပြလိုက်တဲ့အခါမှာတော့ သရိန်းနဲ့ ကျန်တဲ့ လူပုတွေဟာ လန့်ဖျန့်ပြီး ခုန်တက်သွားကြကာ ကောင်းကင်ဘုံကိုတောင် လှမ်းပြီး ကျိန်ဆဲမိမတတ် ဖြစ်သွားကြပါတယ်။

"ငါ့မုတ်ဆိတ်ကိုပဲ တိုင်တည်ရတော့မယ် အဲဒီအလင်းက ဘာကြီးလဲဟ"

ဒီလောက် သေးငယ်တဲ့ ဝါယာကြိုးမျှင်လေးဆီကနေ ဒီလောက် တောက်ပတဲ့ အလင်းရောင် ထွက်လာနိုင်တယ်ဆိုတာကို သူတို့ မယုံနိုင်အောင် ဖြစ်နေရတာပါ။ အရင်ကလိုပဲ အဲဒီထဲမှာ မှော်ဆန်တာ ဘာမှမရှိပါဘူး။ အရာအားလုံးက လေထုလိုပဲ သဘာဝအတိုင်း ဖြစ်နေတာကြောင့် သူတို့ကို ပိုပြီး ဇဝေဇဝါ ဖြစ်စေပါတယ်။

မိုက်ကယ်က သူတို့ကို လျှပ်စစ်ဓာတ်အားရဲ့ အခြေခံသဘောတရားတွေနဲ့ ရေနွေးငွေ့တာဘိုင်ကနေတစ်ဆင့် စွမ်းအင်တွေ ဘယ်လို ရယူနေသလဲဆိုတာကို သင်ပေးခဲ့ရပါတယ်။

"လျှပ်စီးကို ဖမ်းယူအသုံးချတာလား။ ဒီလောက် အန္တရာယ်ရှိတဲ့ ဒြပ်စင်ကနေ ဒီလောက်အသုံးဝင်တဲ့ စွမ်းအင်အရင်းအမြစ်တစ်ခု ရနိုင်မယ်လို့ ဘယ်သူက ထင်မှာလဲ" လို့ သရိန်းက မီးသီးကို အကြာကြီး စိုက်ကြည့်ရင်း ပြောလိုက်ပါတယ်။

သူတို့ ရွာမှာ ကြာကြာနေလေလေ၊ ဒီနေရာဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး မြို့ပြကြီးတွေထက်တောင် ပိုပြီး အဆင့်မြင့်နေတယ်ဆိုတာကို ပိုပြီး နားလည်လာလေလေပါပဲ။

ဒီရွာမှာရှိတဲ့ ရေပိုက်စနစ်တစ်ခုတည်းနဲ့တင် နည်းပညာအဆင့်အတန်းက လူပုနိုင်ငံတော်ထက် မိုင်ပေါင်းများစွာ သာလွန်နေပါပြီ။ လျှပ်စစ်မီးအကြောင်းကိုတော့ ပြောမနေပါနဲ့တော့၊ ဒီရွာမှာ သူတို့ လုပ်ဆောင်ထားသမျှ အရာအားလုံးက တခြားနေရာတွေအတွက်တော့ စိတ်ကူးယဉ် အိပ်မက်တစ်ခုထက် မပိုပါဘူး။

ချမ်းသာကြွယ်ဝမှုအပိုင်းမှာလည်း သူတို့မှာ အရာအားလုံး ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ဟော့ဘ်မျောက်လူတိုင်းက သူတို့ စားချင်သလောက် စားနိုင်သလို၊ သောက်ချင်သလောက်လည်း သောက်နိုင်ကြပြီး ရွာကနေ သူတို့ လိုချင်တာမှန်သမျှကို အခမဲ့ ရရှိနေကြလို့ပါပဲ။

ဟော့ဘ်မျောက်လူတိုင်းက ရွာရဲ့ သာယာဝပြောရေးအတွက် ကိုယ်စီ ပါဝင်ကူညီကြတာကြောင့် အားလုံးဟာ အခုလိုမျိုး လွတ်လွတ်လပ်လပ် နေထိုင်နိုင်ကြတာ ဖြစ်ပါတယ်။

ဟော့ဘ်မျောက်လူ အုပ်စုတွေက လူပုတွေရဲ့ နေအိမ်ဆီကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာရောက်ကြပြီး သူတို့ရဲ့ရွာမှာ အခြေချတာကို ကြိုဆိုတဲ့အနေနဲ့ လက်ဆောင်ပစ္စည်းလေးတွေ ပေးကြပါတယ်။

ဟော့ဘ်မျောက်လူတွေက သူတို့ရဲ့ နေအိမ်သစ်မှာ သက်သောင့်သက်သာ နေနိုင်ဖို့အတွက် ခွက်တွေ၊ ပန်းကန်တွေနဲ့ တခြား နေ့စဉ်သုံး ပစ္စည်းတွေကို ပေးကြပါတယ်။

အချို့ အပ်ချုပ်သမားတွေကလည်း လူပုတွေနဲ့ ကွက်တိဖြစ်မယ့် သေချာ ရက်လုပ်ထားတဲ့ အဝတ်အစားတွေနဲ့ အင်္ကျီတွေကို ပေးကြပါတယ်။ မြင်ရုံနဲ့တင် သက်သောင့်သက်သာရှိတဲ့ အဝတ်အစားတွေကို ဖန်တီးနိုင်တဲ့ သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်ကို လူပုတွေ တော်တော်လေး အံ့သြသွားခဲ့ရတယ်။

ဒီရွာမှာရှိတဲ့ လူတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် အစွမ်းထက်ကြပါတယ်။ သူတို့မှာ အသိပညာ၊ ကျွမ်းကျင်မှုနဲ့ စွမ်းအားတွေ ရှိကြပြီး ဒါတွေက လူတစ်ပိုင်း သတ္တဝါတွေ မရရှိနိုင်တဲ့ ဝိသေသလက္ခဏာတွေ ဖြစ်ပါတယ်။

လူပုတွေကို အေးအေးဆေးဆေး ဖြစ်စေတာကတော့ မိုက်ကယ်ဟာ အင်မတန် ပါရမီပါတဲ့သူတွေနဲ့ ဝန်းရံနေသလို ခံစားရတာပါပဲ။ ဒါက တိုက်ဆိုင်မှုလို့ ပြောဖို့အတွက် တော်တော်လေးကို များပြားလွန်းနေပါတယ်။

ဒါတင်မကဘဲ မျောက်လူတွေကလည်း သူတို့ သင်ယူခဲ့ရတဲ့ အရာတွေနဲ့ လုံးဝ ကွာခြားနေပါတယ်။ လူတိုင်းက အဝါရောင်မျောက်လူတွေဟာ မှော်ပညာကို သုံးဖို့အတွက် ရှုပ်ထွေးမှုမရှိသလို အရိုးရှင်းဆုံး ကိရိယာတွေကိုတောင် တည်ဆောက်နိုင်လောက်အောင် ဉာဏ်မကောင်းကျကြဘူးလို့ ပြောခဲ့ကြတာပါ။

ဒါပေမဲ့ အခု သူတို့ မြင်နေရတာကတော့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ ဒီရွာက 'အင်ဂျင်နီယာတွေ' ဟာ မာနကြီးတဲ့ လူပုပန်းပဲဆရာတွေထက်တောင် အများကြီး ပိုပြီး ဉာဏ်ကောင်းနေကြပါတယ်။

ဒါက သူတို့ကို အရာအားလုံးရဲ့ အစပျိုးသူဖြစ်တဲ့ လူသားလေး မိုက်ကယ်အပေါ် ပိုပြီး အထင်ကြီးသွားစေပါတော့တယ်။ ပတ်ဝန်းကျင်နဲ့ နေသားကျသွားပြီးတဲ့နောက်မှာ မိုက်ကယ်က လူပုတွေကို သူတို့ စိတ်ကြိုက် ရွာထဲမှာ လှည့်လည်သွားလာခွင့် ပေးလိုက်ပါတယ်။

သူတို့တွေ စိုက်ခင်းတွေ၊ ရေနွေးငွေ့တာဘိုင်စခန်းနဲ့ လူထုကွင်းပြင်တွေဆီကို သွားခဲ့ကြတယ်။ ရွာလမ်းမတွေပေါ်မှာ လမ်းလျှောက်နေတုန်းမှာပဲ သရိန်းနဲ့ ကျန်တဲ့ လူပုတွေဟာ အဝေးကနေ ထွက်ပေါ်လာတဲ့ ကျေနပ်စရာကောင်းတဲ့ သတ္တုချင်း ရိုက်သံ 'ကလင်' ဆိုတဲ့ အသံကို ကြားလိုက်ရပါတယ်။

အဲဒီနောက်မှာတော့ လမ်းမတစ်လျှောက် ပဲ့တင်ထပ်သွားတဲ့ ကျယ်လောင်တဲ့ အောင်ပွဲခံ အော်ဟစ်သံတွေ နောက်ကလိုက်လာပါတယ်။

"အဲဒါ ဘာသံလဲ" လို့ သရိန်းက မေးလိုက်တယ်။

"ဪ... အဲဒါလား" မိုက်ကယ်က ပြုံးပြီး ပြောလိုက်ပါတယ်။

"အဲဒါက ရွာသားတွေကို ငါ သင်ပေးထားတဲ့ ကစားနည်းလေးတစ်ခုပါ။ အဲဒါက ဟော့ဘ်မျောက်လူတွေကြားမှာ အချိန်တိုအတွင်း နာမည်ကြီးသွားပြီး လူငယ်အများစုကတော့ နေ့ဘက်မှာ အဲဒါကိုပဲ ကစားရင်း အချိန်ကုန်ကြတယ်"

"ကစားနည်းတစ်ခုလား" လို့ သရိန်းက စပ်စုချင်တဲ့စိတ်နဲ့ မေးလိုက်တယ်။

မိုက်ကယ်က သူတို့ကို ရွာအစွန်က ကွင်းပြင်ကြီးတစ်ခုဆီ ခေါ်သွားပြီး အဖြေပေးလိုက်ပါတယ်။ ကွင်းပြင်က စိန်ပွင့်ပုံစံ ရှိပြီး ဟော့ဘ်မျောက်လူတွေက ခုံလေးခုရဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာ နေရာယူထားကြပါတယ်။

ကွင်းအလယ်က ဟော့ဘ်မျောက်လူ လူငယ်လေးကတော့ သူ့ရဲ့ပြိုင်ဘက်ကို အလေးအနက် စိုက်ကြည့်နေပါတယ်။

သူ့ရဲ့ မျက်နှာချင်းဆိုင်မှာတော့ သတ္တုဒုတ်ကို ကိုင်ထားတဲ့ နောက်ထပ် ဟော့ဘ်မျောက်လူ တစ်ယောက် ရှိနေပြီး လာတော့မယ့် ဘောလုံးအတွက် အသင့်ပြင်တဲ့အနေနဲ့ ဒုတ်ကို အသာအယာ လွှဲနေပါတယ်။

အလယ်က ဟော့ဘ်မျောက်လူက လက်မောင်းကို ဝှေ့ယမ်းပြီး ဘောလုံးကို အင်မတန် မြန်ဆန်ပြင်းထန်တဲ့ အရှိန်နဲ့ ပစ်လိုက်ရာ လေထုကို ဖြတ်သန်းသွားတဲ့ အသံက ဝှီးခနဲ မြည်သွားပါတော့တယ်။

ဘောလုံးက သတ္တုဒုတ်နားကနေ ဖြတ်သွားခါနီးမှာပဲ ဟော့ဘ်မျောက်လူက သူ့ရဲ့ ခါးကို ရုတ်တရက် လှည့်လိုက်ပြီး လက်ထဲကို အင်အားတွေ စုစည်းကာ အရှိန်ပြင်းတဲ့ ဘောလုံးကို တိတိကျကျ ရိုက်လိုက်ရာ ဘောလုံးဟာ လေထဲကို လွင့်ပျံသွားပါတော့တယ်။

ဘေးကနေ ကြည့်နေကြတဲ့ ဟော့ဘ်မျောက်လူ ပရိသတ်တွေအားလုံး စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်ကြတယ်။

"Homerun" လို့ သူတို့တွေ အောင်ပွဲခံကြပြီး ဒုတ်ကိုင်ထားတဲ့ ဟော့ဘ်မျောက်လူက စိန်ပွင့်ပုံစံ ကွင်းထဲက ခုံတွေကို တစ်ပတ်ပတ်ပြေးပါတော့တယ်။

မိုက်ကယ်က ကစားသမားတွေနဲ့ ပရိသတ်တွေကြားက တက်ကြွလှတဲ့ စည်းလုံးမှုကို လက်ညွှန်ပြရင်း ပြုံးလိုက်ပါတယ်။

"အဲဒါကို ဘေ့စ်ဘောလို့ ခေါ်တယ်" လို့ သူက မိတ်ဆက်ပေးလိုက်ပါတယ်။

လူပုတွေက ဒီကစားနည်းကို အင်မတန် စပ်စုချင်တဲ့စိတ်နဲ့ ကြည့်နေကြတယ်။ ကစားနည်းရဲ့ စည်းမျဉ်းတွေကို မသိကြပေမဲ့လည်း ကစားသမားတွေကြားက ပြင်းထန်လှတဲ့ အာရုံစူးစိုက်မှုနဲ့ တည်ကြည်မှုတွေက သူတို့ကို ဖမ်းစားထားပါတယ်။ ဒါတင်မကဘဲ သူတို့ကြားက ထွက်ပေါ်နေတဲ့ စွမ်းအင်တွေကလည်း အထင်သားပါပဲ။ ဘောလုံးကို မိုးကုတ်စက်ဝိုင်းအဆုံးအထိ လွင့်သွားအောင် ရိုက်လိုက်ရတဲ့ သူတို့ရဲ့ ပျော်ရွှင်မှုကတော့ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။

ပွဲအပြီးမှာတော့ ကွင်းအလယ်က ရိုက်သူဟာ မိုက်ကယ်နဲ့ လူပုတွေဆီကို ဖြည်းဖြည်းချင်း လျှောက်လာပါတယ်။ သူက သူ့ရဲ့ ဦးထုပ်ကို အသာအယာ ချွတ်လိုက်တဲ့အခါ သူဟာ ဒီရွာရဲ့ အင်ဂျင်နီယာချုပ် ဖြစ်တဲ့ ခုန်း ဖြစ်နေတာကို တွေ့လိုက်ရတယ်။

"သခင်… ကျွန်တော် နိုင်တာကို လာကြည့်တာလား။ ကျွန်တော် ပိုတော်လာပြီ မဟုတ်လား။ နောက်တစ်ခါ ကျွန်တော်တို့တွေ ကစားကြရင် သခင့်ရဲ့ ဘောလုံးကို ကွင်းပြင်အပြင် ရောက်သွားအောင် ကျွန်တော် သေချာပေါက် ရိုက်ပြမယ်" လို့ ခုန်းက စိတ်လှုပ်ရှားမှုကို မျက်နှာမှာ ဖော်ပြရင်း ပြောလိုက်ပါတယ်။

"မင်း သင်ယူစရာတွေ အများကြီး ကျန်ပါသေးတယ် တပည့်လေးရာ" လို့ မိုက်ကယ်က ပြန်ပြောပါတယ်။

"ဒီည ပွဲတစ်ပွဲ ကစားကြမယ်၊ အဲဒီကျရင် ဘယ်သူက အစွမ်းဆုံးလဲဆိုတာ ငါ ပြပေးမယ်"

လူပုတွေကတော့ ရွာထဲက လူတိုင်းကြားမှာရှိတဲ့ စည်းလုံးမှုနဲ့ ရဲဘော်ရဲဘက်စိတ်တွေကို မယုံနိုင်အောင် ဖြစ်နေရတယ်။

သူတို့အားလုံးဟာ ဒီကစားနည်းတစ်ခုတည်းနဲ့ စည်းလုံးနေကြပုံရပါတယ်။ နိုင်တဲ့သူတွေကလည်း စစ်ပွဲတစ်ခုကို အောင်နိုင်လိုက်သလိုမျိုး ပျော်ရွှင်မှုကို ပြသကြတယ်။ ရှုံးတဲ့သူတွေကလည်း ဝမ်းနည်းတာမျိုး မရှိဘဲ ပိုတော်လာချင်တဲ့ ပြင်းပြတဲ့ ဆန္ဒကိုပဲ ပြသကြပါတယ်။

ပြီးတော့ ဘယ်လို ရလဒ်မျိုးပဲ ထွက်ထွက် သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် လေးစားမှုနဲ့ အားကျမှုကို ပြသနေကြတုန်းပါပဲ။

ဒါက လူပုတွေရဲ့ စိတ်ထဲမှာ ဘေ့စ်ဘောလို့ခေါ်တဲ့ ဒီထူးဆန်းတဲ့ ကစားနည်းအကြောင်း ပိုပြီး သိချင်တဲ့ ဆန္ဒကို ဖြစ်ပေါ်စေပါတယ်။ မိုက်ကယ်က သူတို့ရဲ့ စပ်စုချင်နေတဲ့ အကြည့်တွေကို မြင်တဲ့အခါ ဒီညမှာ ကစားမယ့် ပွဲစဉ်ကို လူကိုယ်တိုင် လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

"ဒီည ကစားမယ့်ပွဲကို မင်းတို့ လာကြည့်သင့်တယ်" လို့ သူက သူတို့ကို ပြောလိုက်ပါတယ်။

"စားဖိုဆောင်ကဓါးများအဖွဲ့နဲ့ အင်ဂျင်နီယာဉာဏ်ပေါ်တို့အဖွဲ့ ရင်ဆိုင်ကြမှာ”

* * * * * * * * *

All Chapters