← Chapters

အခန်း (၇၇-၇၈)

Vol. 7 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 7 Ch. 77-78

အခန်း (၇၇)

သိပ်မကြာခင်မှာပဲ ရွာလေးပေါ်ကို နေဝင်ရီသရောအချိန် ရောက်ရှိလာပြီး ခြောက်သွေ့လွင်ပြင်ရဲ့ မြေပြင်တစ်ခုလုံးကို အမှောင်ထုက လွှမ်းမိုးသွားပါတော့တယ်။ ဒါပေမဲ့ ဒီခြောက်ကပ်လှတဲ့ နယ်မြေထဲမှာတင် ကောင်းကင်က ကြယ်တွေထက်တောင် ပိုပြီး လင်းထိန်နေတဲ့ မြေကွက်လပ်လေးတစ်ခု ရှိနေပါတယ်။

ညဉ့်နက်လာတာနဲ့အမျှ တစ်ရွာလုံးက မီးခလုတ်တွေကို စတင်ဖွင့်လိုက်ကြတယ်။ လမ်းဘေးက မီးတိုင်တွေနဲ့ အိမ်ရှေ့ဝရန်တာတွေမှာ တပ်ဆင်ထားတဲ့ မီးသီးတွေက ရွာသူရွာသားတွေအတွက် အရာအားလုံးကို လင်းထိန်ပေးထားတာကြောင့် ညဘက်မှာတောင် သူတို့ သွားချင်တဲ့နေရာကို အလွယ်တကူ သွားနိုင်ကြပါတယ်။

လော့လိုက သရိန်းအပါအဝင် လူပုအိုကြီးတွေနဲ့ ကလေးတွေအားလုံးကို ခေါ်ဆောင်ပြီး ဟော့ဘ်မျောက်လူတွေနဲ့ စည်ကားနေတဲ့ လမ်းမတွေကြားထဲကနေ လမ်းပြခေါ်သွားပါတယ်။ ဟော့ဘ်မျောက်လူတွေနဲ့အတူ လမ်းလျှောက်နေရင်းမှာပဲ မကြာခင် စတော့မယ့် ပွဲစဉ်အကြောင်း စိတ်လှုပ်ရှားတကြီး ပြောဆိုနေကြတဲ့ အသံတွေကို သရိန်း ကြားနေရတယ်။

"ဘယ်သူနိုင်မယ် ထင်လဲ။ ငါကတော့ ဉာဏ်ပေါ်တို့နိုင်မယ်လို့ လောင်းကြေးထပ်တယ်။ ခုန်းက ဘောလုံးရိုက်တာ တကယ် တော်တာကွ" လို့ ကလေးတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။

"တောက်... မင်း ဘာမှမသိပါလား သူငယ်ချင်းရာ။ တို့သခင်က စားဖိုဆောင်ကဓါးများအဖွဲ့မှာ ပစ်သူအဖြစ် ဝင်ကစားမှာလေ။ သူတို့ သေချာပေါက် နိုင်မှာပေါ့" လို့ နောက်ကလေးတစ်ယောက်က ပြန်ငြင်းလိုက်တယ်။

"ဘယ်သူပဲနိုင်နိုင် ငါကတော့ စိတ်လှုပ်ရှားနေပြီ။ အဲဒါကြောင့် ငါလည်း ဘေ့စ်ဘော ပြန်ကစားချင်လာပြီ"

"မနက်ဖြန် ကစားကြမယ်လေ။ ငါ တခြားသူတွေကိုလည်း ဖိတ်လိုက်မယ်"

လူပုတွေ ဘယ်ဘက်ကိုပဲ ကြည့်ကြည့် ဟော့ဘ်မျောက်လူတွေရဲ့ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်ချက်တွေကိုပဲ တွေ့ရပါတယ်။ သူတို့ ပြောနေသမျှကလည်း ဘေ့စ်ဘောအကြောင်းနဲ့ အဲဒါနဲ့ ပတ်သက်တာတွေချည်းပါပဲ။

မိုက်ကယ်က သူတို့ကို ဘေ့စ်ဘောနဲ့ ပတ်သက်သမျှ စည်းမျဉ်းစည်းကမ်းတွေအကုန် သင်ပေးထားတာကြောင့် အခုလာမယ့် ပွဲစဉ်ကို သူတို့တွေ အလွယ်တကူ လိုက်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ အခု ကစားမယ့် စားဖိုဆောင်ကဓါးများအဖွဲ့နဲ့ အင်ဂျင်နီယာဉာဏ်ပေါ်တို့အဖွဲ့အကြောင်းကိုတော့ ဘာမှ မသိကြသေးပါဘူး။

"လူတိုင်းက ကိုယ့်ကျွမ်းကျင်တဲ့ နယ်ပယ်အလိုက် အဖွဲ့တွေ ဖွဲ့ထားကြတာပါ" လို့ လော့လိုက ရှင်းပြပါတယ်။ "ဥပမာအားဖြင့် ခုန်းနဲ့ ကျန်တဲ့ အင်ဂျင်နီယာတွေက အင်ဂျင်နီယာဉာဏ်ပေါ်တို့အဖွဲ့ ဆိုပြီး သူတို့ရဲ့ ဘေ့စ်ဘောအသင်းကို ဖွဲ့ထားကြတယ်။ သူတို့က နည်းဗျူဟာ အကျဆုံးအသင်းအဖြစ် ဂုဏ်ယူကြတာပေါ့။

တစ်ဖက်က စားဖိုဆောင်ကဓါးများအဖွဲ့မှာတော့ အသားငါး ခုတ်ထစ်သူတွေ အများဆုံး ပါဝင်ပြီး သူတို့ကတော့ ဘောလုံးကို လေထဲလွင့်သွားအောင် ရိုက်နိုင်တဲ့ သန်မာတဲ့ လက်အင်အား ရှိကြတယ်လို့ ကြွားကြတယ်။

ဒါကြောင့် အသင်းသားတွေရော၊ ကိုယ့်အသင်းနိုင်ဖို့ အားပေးနေကြတဲ့ ပရိသတ်တွေပါ တစ်ဖက်နဲ့တစ်ဖက် တော်တော်လေး အပြိုင်အဆိုင် ဖြစ်နေကြတာပါ" လို့ လော့လိုက ရှင်းပြလိုက်တယ်။

သူ ပြောလိုက်တဲ့အတိုင်းပါပဲ... အပြာရောင် ဝတ်စုံတူ ဝတ်ထားတဲ့ ဟော့ဘ်မျောက်လူ တစ်စုက အနီရောင် ဝတ်စုံတူ ဝတ်ထားတဲ့ တခြား ဟော့ဘ်မျောက်လူ တစ်စုကို ရင်ဆိုင်နေကြပါတယ်။

"မင်းတို့တွေ အခုပဲ အိမ်ပြန်ကြတော့ တို့ရဲ့ အင်ဂျင်နီယာတွေက မင်းတို့ရဲ့ နိုင်ခြေတွေကို ခုတ်ထစ်ပစ်လိမ့်မယ်" လို့ အပြာရောင် ဝတ်စုံနဲ့ ဟော့ဘ်မျောက်လူတွေက အော်ပြောလိုက်တယ်။

"ဟက်… မင်းတို့စကားကို မင်းတို့ ပြန်မျိုချရအောင် တို့တွေ လုပ်ပြမယ်။ တို့ကစားသမားတွေက ဘောလုံးကို ကွင်းအပြင်ရောက်အောင် ရိုက်ထုတ်လိုက်ရင် မင်းတို့တွေ ဘောလုံး ဘယ်ရောက်သွားမလဲဆိုတာတောင် တွက်နိုင်မှာ မဟုတ်တော့ဘူး" လို့ အနီရောင် ဝတ်စုံနဲ့ ဟော့ဘ်မျောက်လူတွေက ပြန်ဖြေလိုက်ကြတယ်။

အုပ်စုနှစ်ခုဟာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အော်ဟစ် စိန်ခေါ်နေကြရင်း ညရဲ့ အင်အားတွေကို ပိုပြီး သက်ဝင်လှုပ်ရှားစေပါတယ်။ နောက်ဆုံးမှာတော့ အုပ်စုနှစ်ခုကြားက အငြင်းအခုန်တွေထဲမှာ လူပုတွေပါ ရောပါသွားတဲ့အထိ ဖြစ်လာပါတော့တယ်။

"အာ... တို့ရဲ့ ရဲဘော်အသစ်တွေပဲ" လို့ စားဖိုမှူးအဖွဲ့ကို အားပေးတဲ့ အုပ်စုက ပြောလိုက်တယ်။

"သူတို့ကို အာလူးကြော်တွေ ပေးလိုက်။ ဟော့ဒေါ့တွေ ပေးလိုက်"

လူပုတွေကို သူတို့ဘက်ပါလာအောင် အုပ်စုကနေ မုန့်တွေ၊ စားစရာတွေ အမျိုးမျိုး ရုတ်တရက် ကမ်းလှမ်းလာကြပါတယ်။ သူတို့ တစ်ယောက်ချင်းစီကို အုပ်စုက ဝတ်ထားတဲ့ အနီရောင် ဝတ်စုံတွေ ပေးပြီး ကျောဘက်မှာ သူတို့နာမည်တွေနဲ့ နံပါတ်တွေကိုပါ တစ်ခါတည်း ရေးပေးလိုက်ပါတယ်။

"ဘေ့စ်ဘောပွဲမှာ ဟော့ဒေါ့နဲ့ အာလူးကြော်က မပါမဖြစ်ပဲ" လို့ အနီရောင် အုပ်စုက ပြောပါတယ်။

"တို့ဘက်က အားပေးမယ်ဆိုရင် မင်းတို့ ကြိုက်သလောက် စားလို့ရတယ်"

အပြာရောင် အုပ်စုကလည်း သူတို့ရဲ့ အပြာရောင် ဝတ်စုံတွေကို ပေးရင်း ပြန်တုံ့ပြန်လိုက်ပါတယ်။

"ကဲ... တို့ဘက်က အားပေးမယ်ဆိုရင် မင်းတို့ရဲ့ အိမ်တွေကို မင်းတို့ စိတ်ကြိုက်ဖြစ်အောင် တို့တွေ ပြင်ပေးမယ်"

"ဒါက မတရားဘူး" လို့ အနီရောင် အုပ်စုက ပြန်အော်ပါတယ်။

"မင်းတို့ကကျတော့ လာဘ်ထိုးနေတာ မဟုတ်လား" လို့ အပြာရောင် အုပ်စုကလည်း ပြန်ပြောပါတယ်။

အငြင်းအခုန်တွေ ဆက်ဖြစ်နေတာကို လော့လိုက အုပ်စုနှစ်ခုလုံးကို ပွဲကြည့်စင်ရဲ့ တစ်ဖက်တစ်ချက်စီမှာရှိတဲ့ သူတို့နေရာတွေဆီ ပို့လိုက်တော့မှပဲ ရပ်သွားပါတော့တယ်။

လော့လိုက လူပုတွေကိုတော့ ပွဲကြည့်ဖို့ အကောင်းဆုံးနေရာဖြစ်တဲ့ အလယ်ဗဟိုက နေရာတွေဆီ ခေါ်သွားပါတယ်။ သရိန်းက ပတ်ဝန်းကျင်ကို လှည့်ကြည့်ရင်း ဒါတွေက အိပ်မက်တစ်ခုလို ခံစားနေရတယ်။ အရာအားလုံးက တကယ်မဟုတ်သလိုပါပဲ။

ကောင်းကင်ကြီးက မှောင်နေပေမဲ့ ကွင်းပြင်တစ်ခုလုံးနဲ့ ပွဲကြည့်စင်တွေကိုတော့ ကြီးမားတောက်ပတဲ့ မီးမောင်းကြီးတွေက လင်းထိန်နေအောင် လုပ်ပေးထားပါတယ်။ လူတိုင်းက ကိုယ့်နေရာမှာကိုယ် ထိုင်နေကြပြီး မုန့်တွေစား၊ ရေတွေသောက်ရင်း စိတ်လှုပ်ရှားတကြီး စကားပြောနေကြပါတယ်။

တစ်နည်းနည်းနဲ့ လူပုတွေဟာ သူတို့ တခြားကမ္ဘာတစ်ခုကို ရောက်နေသလို ခံစားလိုက်ရတယ်။ ဒီလိုမျိုး အတွေ့အကြုံကို သူတို့ တစ်ခါမှ မကြုံဖူးသလို ဒါမျိုးဖြစ်နိုင်လိမ့်မယ်လို့လည်း အိပ်မက်တောင် မမက်ဖူးပါဘူး။ အသက်ရှင်ဖို့ ခက်ခဲတဲ့နေရာမျိုးမှာ ဒီလိုမျိုး အပန်းဖြေစရာတစ်ခု ရှိနေလိမ့်မယ်လို့ သူတို့ တစ်ခါမှ မတွေးဖူးခဲ့ပါဘူး။

မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ ကစားသမားတွေဟာ ကွင်းထဲမှာ နေရာယူလိုက်ကြပြီး ဟော့ဘ်မျောက်လူ ပစ်သူက ဘောလုံးကို လက်ထဲမှာ မြှောက်ကစားရင်း ပစ်မယ့်နေရာမှာ ရပ်နေပါတယ်။ သူ့ရဲ့ မျက်နှာချင်းဆိုင်မှာတော့ ရိုက်သူက သတ္တုဒုတ်ကို အသင့်ပြင်ပြီး ကိုယ်လက်လှုပ်ရှားတဲ့အနေနဲ့ နှစ်ချက်၊ သုံးချက်လောက် လွှဲလိုက်ပါတယ်။

ခရုသင်းသံက ကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး ပွဲစတင်ကြောင်း အချက်ပြလိုက်ပါတယ်။

ပထမဆုံး တစ်ချက်ပစ်လိုက်တဲ့အခါမှာတော့ ရိုက်သူက သူ့ရဲ့ သတ္တုဒုတ်ကို အားနဲ့ လွှဲလိုက်ပေမဲ့ သူ့ဘေးကနေ ဝှီးခနဲ ဖြတ်သွားတဲ့ ဘောလုံးကို လွဲသွားခဲ့ပါတယ်။ ပရိသတ်တွေဆီကနေ နှမြောတသသ ဖြစ်သွားတဲ့ ညည်းတွားသံတွေ ထွက်ပေါ်လာပါတယ်။

ဒုတိယအကြိမ် ပစ်လိုက်တဲ့အခါမှာလည်း ရိုက်သူက ဒုတ်နဲ့ အပြင်းလွှဲလိုက်ပြန်ပေမဲ့ ဘောလုံးက ဖမ်းသူရဲ့ လက်အိတ်ထဲကိုပဲ ဝင်သွားတာကြောင့် ပရိသတ်တွေဆီက နောက်ထပ် ညည်းတွားသံတွေ ထွက်ပေါ်လာပြန်ပါတယ်။

"အဲဒါဆိုရင် သူ နှစ်ကြိမ်လွဲသွားပြီပေါ့ ဟုတ်လား။ သူ ဘာလို့ ဘောလုံးကို မထိတာလဲ" လို့ သရိန်းက သူ့ရဲ့ မုတ်ဆိတ်တွေကြားကနေ စိတ်မရှည်တဲ့ အမူအရာနဲ့ မေးလိုက်ပါတယ်။

"မင်းက ပစ်တဲ့သူကို မကြည့်လို့လေ" လို့ သူ့ဘေးက လူပုက ပြန်ဖြေပါတယ်။

"ဘောလုံးရဲ့ အရှိန်နဲ့ ဝေ့ဝိုက်သွားတဲ့ ပုံစံက ရိုက်ဖို့ သိပ်မလွယ်ဘူးကွ"

"သိပ်တော့ မခက်ပုံမရပါဘူး" လို့ သရိန်းက ဘောလုံးကို ကွင်းပြင်အပြင် ရောက်သွားအောင် ရိုက်ထုတ်ဖို့ လွယ်ကူလိမ့်မယ်လို့ ထင်နေရင်း ပြန်ပြောလိုက်တယ်။

အဲဒီအချိန်မှာပဲ ရိုက်သူက ဘောလုံးကို နောက်တစ်ကြိမ် ရိုက်လိုက်ရာမှာတော့ ဒီတစ်ခါမှာတော့ ထိသွားပါတယ်။ ဒါပေမဲ့ ဘောလုံးက တခြားတစ်ဖက်ကို လွင့်သွားတာကြောင့် ဖောင်းဘော ဖြစ်သွားခဲ့တယ်။

"အား..." လို့ သရိန်းက နည်းနည်း ကျယ်ကျယ်လေး အော်လိုက်မိတာကြောင့် ရှက်သွားပုံရတယ်။

"သူ ဘယ်လိုလုပ် လွဲနေတာလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်တော့ဘူး" လို့ သူက ပြောပါတယ်။

"ငါ့အထင်တော့ သူက ပုခုံးကို ဘယ်ဘက်ကို နည်းနည်း ထပ်တိုးပြီး နေရာယူသင့်တာ"

သရိန်းက ရိုက်သူရဲ့ ပုံစံကို လိုက်လုပ်ကြည့်ပြီး သူကိုယ်တိုင် ကွင်းထဲမှာ ရှိနေသလိုမျိုး လက်ကို လွှဲကြည့်နေပါတယ်။

"အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး သူငယ်ချင်းရာ" လို့ သူ့ဘေးက လူပုက ပြန်ပြောပါတယ်။

"ငါသာ ဘောလုံးကို အားနဲ့ ပစ်လိုက်မယ်ဆိုရင် မင်း ထင်သလောက် အလွယ်တကူ ရိုက်နိုင်ပါ့မလား ငါ သံသယရှိတယ်"

"အဟမ်း... အဟမ်း... ဟုတ်တာပေါ့၊ ဟုတ်တာပေါ့" လို့ နောက်ထပ် လူပုတစ်ယောက်က ဝင်ပြောပါတယ်။

"မင်းတို့ ဘာတွေ ပြောနေကြတာလဲ။ ဘောလုံးကိုပဲ မျက်တောင်မခတ် ကြည့်ထားမယ်ဆိုရင် ဘယ်လောက်ပဲ မြန်မြန် ဘယ်သူမဆို ရိုက်နိုင်တာပဲ" လို့ နောက်ထပ် လူပုတစ်ယောက်ကလည်း ဝင်ငြင်းပါတယ်။

"ဒါပေမဲ့ ဝေ့သွားတဲ့ ဘောလုံးကျတော့ရော..."

လူပုတွေဟာ သူတို့အချင်းချင်း အငြင်းပွားနေကြတာကို ကြည့်ပြီး လော့လိုကတော့ ကိုယ့်ဘာသာ တဟားဟား ရယ်နေပါတော့တယ်။ လူပုတွေလည်း ဒီအားကစားကို သဘောကျသွားပုံရတယ်။

* * * * * * * * *

စာစဉ်(၇)

အခန်း(၇၈)

ပွဲစဉ်က ဆက်လက် ကျင်းပနေပြီး အဖွင့်ပိုင်းတွေမှာတော့ စားဖိုဆောင်ကဓါးများအဖွဲ့က အမှတ်တွေ ကြိုတင်ဦးဆောင်နေခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အင်ဂျင်နီယာဉာဏ်ပေါ်တို့အဖွဲ့က သူတို့ရဲ့ တရွေ့ရွေ့နှင့် မှန်မှန်ကန်ကန် နည်းဗျူဟာက အလုပ်ဖြစ်ကြောင်း သက်သေပြခဲ့ပြီး ရလဒ်ကို ပြန်လည်ညှိနိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ကိုးကြိမ်မြောက် အလှည့်ရဲ့ နောက်ဆုံးပိုင်းကို ရောက်ရှိလာပါပြီ။ ဒါက အသင်းနှစ်သင်းစလုံး အမှတ်ယူဖို့အတွက် နောက်ဆုံးအခွင့်အရေးပါပဲ။ စားဖိုဆောင်အဖွဲ့က ပစ်သူဖြစ်နေပြီး အင်ဂျင်နီယာအဖွဲ့ကတော့ ရိုက်သူအလှည့်ပါ။

ခုန်းက ရိုက်မယ့်နေရာမှာ အသင့်နေရာယူထားပြီး ပစ်မယ့်နေရာက ပစ်သူကို အသေအချာ စိုက်ကြည့်နေပါတယ်။ ဒါက အင်မတန် အဆုံးအဖြတ်ပေးမယ့် အချိန်ဖြစ်ပေမဲ့ သူ့မျက်နှာမှာတော့ ကြောက်ရွံ့တာမျိုး လုံးဝမရှိပါဘူး။ သူ တကယ်ကို စိတ်လှုပ်ရှားနေတာပါ။

နောက်ဆုံးမှာတော့ ပစ်သူက ဘောလုံးကို အကွက်ထဲကနေ အပေါ်ကို မြှောက်ပြီး ပစ်လိုက်ပါတယ်။ အပြင်ရောက်သွားမယ့်ပုံမျိုး ထင်ရပေမဲ့ ခုန်းကတော့ အလှည့်မစားခံရပါဘူး။ သူက သူ့ရဲ့ ပုခုံးတွေကို အားစိုက်လိုက်ပြီး ဘောလုံးလာမယ့်နေရာထက် နည်းနည်းလေး နိမ့်တဲ့နေရာကနေ ဒုတ်ကို အားနဲ့ လွှဲလိုက်ပါတယ်။

ခုန်း ခန့်မှန်းထားတဲ့အတိုင်းပါပဲ၊ ဘောလုံးက ရုတ်တရက် အောက်ကို ဝေ့ဆင်းသွားပြီး သတ္တုဒုတ်နဲ့ အကွက်ကျကျ သွားထိပါတော့တယ်။ ကလင် ဆိုတဲ့ ကျေနပ်စရာကောင်းတဲ့ အသံကြီး ထွက်ပေါ်လာပြီး ဘောလုံးဟာ လေထဲကို မြင့်မားစွာ လွင့်ပျံသွားပါတော့တယ်။

"နောက်ထပ် Homerunတစ်လုံးဟေ့" လို့ ပရိသတ်တွေ အော်ဟစ်အားပေးလိုက်ကြတယ်။

ခုန်းနဲ့ ကျန်တဲ့ အသင်းဖော်နှစ်ယောက်က ခုံတွေကို တစ်ပတ်ပတ်ပြေးပြီး သူတို့အသင်း ဦးဆောင်နိုင်ဖို့အတွက် အရေးကြီးတဲ့ သုံးမှတ်ကို ရယူပေးလိုက်ပါတယ်။

ဒါပေမဲ့ စားဖိုဆောင်အဖွဲ့ကလည်း ပွဲကို ဒီအတိုင်း အဆုံးသတ်ခွင့် မပေးပါဘူး။ နောက်ဆုံး ကိုးကြိမ်မြောက် အလှည့်ရဲ့ အပေါ်ပိုင်းမှာတော့ သူတို့က ရိုက်သူတွေ ဖြစ်လာပါတယ်။ ဒါက ဘယ်သူ အနိုင်ရမလဲဆိုတာကို ဆုံးဖြတ်မယ့် သူတို့ရဲ့ နောက်ဆုံးအခွင့်အရေးပါပဲ။

စားဖိုဆောင်အဖွဲ့က သူတို့ရဲ့ ကြွက်သားအင်အားကို အသုံးပြုပြီး ဘောလုံးတွေကို ကွင်းထဲ လွင့်ထွက်သွားအောင် ရိုက်နိုင်ခဲ့တာကြောင့် ကစားသမားသုံးယောက်ဟာ ခုံတစ်ခုစီမှာ နေရာယူထားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒါက တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရပါတယ်။ သူတို့မှာ အထုတ်ခံရသူနှစ်ယောက် ရှိနေပါပြီ။ နောက်ထပ် တစ်ယောက်သာ အထုတ်ခံရရင် သူတို့ ပွဲရှုံးတော့မှာပါ။ ခုံပေါ်မှာ ရောက်နေတဲ့ ကစားသမားသုံးယောက်ကို အမှတ်ဖြစ်အောင် ပြောင်းလဲပေးနိုင်ဖို့အတွက် သူတို့မှာ အံ့ဖွယ်ဟုမ်းရန်းတစ်လုံး လိုအပ်နေပါတယ်။

ဒီလိုမျိုး အသေအလဲ ကြိုးစားရမယ့် အခြေအနေမျိုးမှာ စားဖိုဆောင်ကဓါးများအဖွဲ့က သူတို့ရဲ့ ဝှက်ဖဲကို ထုတ်သုံးလိုက်ပါတော့တယ်။

မိုက်ကယ်က ကွင်းထဲကို ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာတဲ့အခါမှာတော့ ဟော့ဘ်မျောက်လူတွေနဲ့ လူပုတွေဟာ နောက်ဆုံးမိနစ်မှာ အကောင်းဆုံး ကစားသမားနှစ်ယောက် ရင်ဆိုင်ရတော့မှာကို သိပြီး စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်အားပေးလိုက်ကြတယ်။

ခုန်းက ပစ်သူနေရာမှာ ရှိနေပြီး သူ့ရဲ့ သခင်ကို အနားပေးလိုက်ဖို့အခွင့်အရေး ရလိုက်တာကြောင့် သူ့မျက်လုံးထဲမှာ အပြိုင်အဆိုင် စိတ်ဓာတ်တွေ တောက်လောင်နေပါတယ်။ မိုက်ကယ်က သူတို့ကို ဒီကစားနည်းကို သင်ပေးကတည်းက ဘယ်ဟော့ဘ်မျောက်လူမှ သူ့ကို မနိုင်ဖူးသေးပါဘူး။ ဒါပေမဲ့ ခုန်းကတော့ ဒီအချိန်အတွက် အဆင်သင့် ပြင်ထားခဲ့တာပါ။ ဒါက သူ့ရဲ့ ကြိုးစားမှုကို ပြသဖို့ အခွင့်အရေးပါပဲ။

မိုက်ကယ်ကတော့ ခုန်းရဲ့ ပြင်းထန်တဲ့ စိုက်ကြည့်မှုကို ပုခုံးလေး အသာအယာ တွန့်ပြပြီး တုံ့ပြန်လိုက်ပါတယ်။ ဒီလို တင်းမာနေတဲ့ အခြေအနေမှာတောင် သူကတော့ အေးအေးဆေးဆေးပါပဲ။

နောက်ဆုံးမှာတော့ ခုန်းက ပထမဆုံး ဘောလုံးကို ပစ်လိုက်ရာ ဖမ်းသူရဲ့ လက်အိတ်ထဲကို တည့်တည့်ကြီး ဝင်သွားပါတော့တယ်။ ဒါက ပွဲစဉ်တစ်လျှောက်လုံးမှာ အမြန်ဆုံး ပစ်ချက်ဖြစ်ပုံရတာကြောင့် ပရိသတ်တွေဆီက စိတ်လှုပ်ရှားသံတွေ သောသောညံသွားပါတယ်။

မိုက်ကယ်က ပထမဆုံး ပစ်ချက်ကို ဒုတ်မလွှဲဘဲ ဒီအတိုင်း လွှတ်ပေးလိုက်တာကြောင့် ဒါက သူ့အတွက် ပထမဆုံးစထရိုက် ဖြစ်သွားပါတယ်။ သူက ခုန်းရဲ့ တိုးတက်လာတဲ့ အရည်အချင်းကို လေးစားတဲ့အနေနဲ့ ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်။

ဒုတိယအကြိမ် ပစ်လိုက်တဲ့အခါမှာလည်း ဘောလုံးက ပထမတစ်လုံးလိုပဲ မြန်ပုံရတာကြောင့် ခုန်းက အရင်လိုပဲ ပစ်လိုက်တယ်လို့ ပရိသတ်တွေက ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘောလုံးက လက်အိတ်ထဲ ရောက်ခါနီးမှာပဲ အောက်ကို သိသိသာသာ ဝေ့ဆင်းသွားပြီး ဖမ်းသူရဲ့ လက်အိတ်ထဲကို အကွက်ကျကျ ဝင်သွားပြန်ပါတယ်။

မိုက်ကယ်က ဒီဘောလုံးကိုလည်း လွှတ်ပေးလိုက်ပြန်တာကြောင့် ဒါက ဒုတိယမြောက် စထရိုက် ဖြစ်သွားပါပြီ။ သူ့မှာ နောက်ထပ် တစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတော့တယ်။

တစ်ကွင်းလုံး တိတ်ဆိတ်သွားခဲ့ပါတယ်။ လူတိုင်းက ကိုယ့်နေရာမှာကိုယ် ထိုင်မနေနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာနဲ့ ငေးကြည့်နေကြတယ်။ လူပုတွေအားလုံး မတ်တတ်ရပ်လိုက်ကြပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်နေကြပါတယ်။ တင်းမာမှုတွေက သိသိသာသာကို ခံစားနေရပါတယ်။ ဒီနောက်ဆုံး ပစ်ချက်က အရာအားလုံးကို ဆုံးဖြတ်ပေးတော့မှာပါ။

ခုန်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပုခုံးတွေကို အားယူကာ နောက်ဆုံးဘောလုံးကို ရိုက်မယ့်နေရာဆီ ပစ်လိုက်ပါတော့တယ်။

အရာအားလုံး ပြီးဆုံးသွားပြီလို့ လူတိုင်း ထင်လိုက်တဲ့အချိန်မှာပဲ မိုက်ကယ်က သူ့ရဲ့ ပုခုံးတွေကို ရုတ်တရက် လှည့်လိုက်ပြီး လာနေတဲ့ ဘောလုံးဆီကို ဒုတ်ကို အရှိန်နဲ့ လွှဲလိုက်ပါတယ်။

ဘောလုံးက နီးကပ်လာတာနဲ့အမျှ ဘယ်ဘက်ကို ဝေ့သွားခဲ့တယ်။ ဒါပေမဲ့ မိုက်ကယ်က ဒါကို ကြိုတင်ခန့်မှန်းထားပုံရပြီး ဒုတ်ကို လိုက်ဖက်အောင် ရွှေ့လိုက်ကာ ဘောလုံးကို လေထဲကို မြင့်မားစွာ လွင့်သွားအောင် အားနဲ့ ရိုက်လိုက်ပါတော့တယ်။

အရာအားလုံးက နှေးကွေးသွားသလိုပါပဲ။ ပရိသတ်တွေက ဘောလုံး လေထဲ လွင့်သွားပြီး ပွဲကြည့်စင်ရဲ့ အလယ်ပိုင်းဆီကို ဝေ့ဆင်းသွားတာကို ငေးကြည့်နေကြပါတယ်။

လူပုတွေကတော့ ဘောလုံးက သူတို့ဆီကို လွင့်လာလိမ့်မယ်လို့ မထင်ထားတာကြောင့် မှင်သက်နေကြပါတယ်။ အဲဒီအချိန်မှာ သတ္တိရှိတဲ့ လူပုကလေးမလေး တစ်ယောက်က လက်ကို မြှောက်လိုက်ရာ ဘောလုံးက သူမရဲ့ လက်ထဲကို အကွက်ကျကျ ကျရောက်သွားပါတော့တယ်။

ပရိသတ်တွေနဲ့ ကွင်းထဲက ကစားသမားတွေ အားလုံးက ဘောလုံးကို လက်ထဲမှာ ကိုင်ထားတဲ့ လူပုကလေးမလေးကို လှမ်းကြည့်လိုက်ကြတယ်။

"သမီး... သမီး ဟုမ်းရန်းဘောလုံးကို ဖမ်းမိလိုက်ပြီ" လို့ သူမက အော်ဟစ်လိုက်ပါတယ်။

အဲဒီနောက်မှာတော့ လူတိုင်းက အောင်ပွဲခံ သောင်းသောင်းဖျဖျ အော်ဟစ်လိုက်ကြပြီး ဒီလို ခမ်းနားတဲ့ အခိုက်အတန့်ကို ဆင်နွှဲကြပါတော့တယ်။ ပွဲက တော်တော်လေး ကပ်နေပြီး အင်ဂျင်နီယာအဖွဲ့က နိုင်တော့မလို ဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမိနစ်မှာတော့ မိုက်ကယ်က အံ့ဖွယ်ဟုမ်းရန်းတစ်လုံးကို ရိုက်နိုင်ခဲ့တာကြောင့် စားဖိုဆောင်အဖွဲ့အတွက် လေးမှတ် ရယူပေးပြီး ပွဲတစ်ခုလုံးကို အနိုင်ရရှိသွားခဲ့ပါတယ်။

ဒါပေမဲ့ ပွဲရဲ့ ရလဒ်ကတော့ ဟော့ဘ်မျောက်လူတွေ ဒါမှမဟုတ် လူပုတွေအတွက် အရေးမကြီးတော့ပါဘူး။ သူတို့တွေဟာ ပွဲစဉ်တစ်လျှောက်လုံးမှာ ခံစားခဲ့ရတဲ့ ဖျော်ဖြေမှုနဲ့ စိတ်လှုပ်ရှားမှုတွေအတွက် အားရပါးရ အော်ဟစ်အားပေးနေကြပါတယ်။

လူပုတွေနဲ့ ဟော့ဘ်မျောက်လူတွေဟာ တစ်ယောက်ကိုတစ်ယောက် ဖက်လှဲတကင်းနဲ့ ခုန်ပေါက်ပြီး အတူတူ အောင်ပွဲခံနေကြပါတယ်။ ပွဲကြည့်စင်ရဲ့ နှစ်ဖက်စလုံးက ပြိုင်ဆိုင်မှုတွေကို မေ့ပစ်လိုက်ပြီး အတူတူ ဆင်နွှဲနေကြပါပြီ။ အပြာရောင် ဝတ်စုံနဲ့ ပရိသတ်တွေက သူတို့ရဲ့ အနီရောင် ဝတ်စုံနဲ့ ပြိုင်ဘက်တွေကို ဖက်လိုက်ကြပြီး ဒီလို ကောင်းမွန်တဲ့ ပွဲတစ်ပွဲအတွက် တစ်ယောက်ကိုတစ်ယောက် ချီးကျူးလိုက်ကြတယ်။

သူတို့တွေ အောင်ပွဲခံနေကြတုန်းမှာပဲ သရိန်းက ခဏလောက် အချိန်ယူပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်ပါတယ်။ သူ့ရဲ့ ရဲဘော် လူပုတွေဟာ စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်နေကြပြီး သူတို့ရဲ့ မုတ်ဆိတ်ကျစ်ဆံမြီးတွေ ပြုတ်ထွက်မတတ် ပြုံးနေကြတာကို တွေ့လိုက်ရတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် သူတို့တွေ အကြီးအကျယ် ဘေးအန္တရာယ် ကြုံခဲ့ရတယ်ဆိုတာကို ယုံဖို့တောင် ခက်နေပါတယ်။ ခဏတာအတွက်တော့ သူတို့အားလုံးဟာ မနေ့က ဝမ်းနည်းမှုတွေကို မေ့ပျောက်သွားကြပြီး မနက်ဖြန်အတွက် စိုးရိမ်ပူပန်မှုတွေကိုလည်း လွှတ်ချလိုက်ကြပါတယ်။ အခုလောလောဆယ်မှာတော့ သူတို့ဟာ ကျန်တဲ့သူတွေနဲ့အတူ ဒီအခိုက်အတန့်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြပါတယ်။

တစ်ရက်တောင် မပြည့်သေးပေမဲ့ သူဟာ ဒီရွာကို၊ ဒီအသိုက်အဝန်းကို စတင်ပြီး ချစ်မြတ်နိုးလာခဲ့ပါပြီ။

ပွဲအပြီးမှာတော့ လူတိုင်းဟာ ရွာရဲ့ လူထုကွင်းပြင်မှာ ဆက်လက် အောင်ပွဲခံကြပြီး အစားအစာတွေနဲ့ သောက်စရာတွေကို ဝေမျှစားသောက်ကြပါတယ်။ မိုက်ကယ်က စင်ပေါ်ကို တက်လိုက်ပြီး သူ လက်ရှိ လုပ်ဆောင်နေတဲ့ စီမံကိန်းတစ်ခုကို ထုတ်ပြလိုက်ပါတယ်။

"ကလေးတွေတော့ စိတ်မကောင်းပါဘူး၊ ဒါက လူကြီးတွေအတွက်ပဲ" လို့ သူက ပြောပြီး သူ့ရဲ့ မှော်ပညာကို အသုံးပြုကာ ကွင်းပြင်ထဲကို စည်ပိုင်း အများကြီး သယ်လာပါတယ်။ စည်ပိုင်း တစ်ခုချင်းစီရဲ့ အောက်ခြေမှာတော့ စည်ပိုင်းခေါင်းလေးတွေ တပ်ထားပါတယ်။

"ဒါကို ဘီယာ လို့ ခေါ်တယ်၊ အေးအေးလေး သောက်မှ အကောင်းဆုံးပဲ"

* * * * * * * * *

All Chapters