← Chapters

အခန်း (၇၉-၈၀)

Vol. 7 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 7 Ch. 79-80

အခန်း(၇၉)

မိုက်ကယ်က ဒီအလယ်ခေတ်ကမ္ဘာထဲကို ရောက်နေတာ ဆယ်နှစ်ရှိပြီဖြစ်ပေမဲ့ ဘီယာဆိုတာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ တကယ်တမ်းကျတော့ ဒီနေရာမှာ ဘီယာကို တီထွင်ထားခြင်း မရှိသေးတာဖြစ်ပြီး ဒါက တကယ့်ကို အံ့သြစရာပါပဲ။

ဒါကို သူသိလိုက်ရတဲ့အခါမှာတော့ ကိုယ်ပိုင်ဘီယာ ထုတ်လုပ်ဖို့ ချက်ချင်းပဲ ဆုံးဖြတ်လိုက်ပါတယ်။ ကံကောင်းချင်တော့ အန်နီ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေထဲမှာ မုယောစပါးတွေ ပါနေတာကြောင့် ဘီယာလုပ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေက သူ့မှာ အလျှံပယ် ရှိနေပါတယ်။

ဒါနဲ့ပဲ သူ လုပ်ဖြစ်သွားခဲ့တယ်။ လူပုတွေ ဒီကို ရောက်လာတဲ့အခါမှာတော့ ဒီထုတ်ကုန်အသစ်ကို ရွာသားတွေကို အသိပေးဖို့ အချိန်တန်ပြီလို့ သူ ယူဆလိုက်ပါတယ်။

အရွယ်ရောက်ပြီးသား ဟော့ဘ်မျောက်လူတွေဟာ ဘီယာရဲ့ မွှေးပျံ့တဲ့ရနံ့ကို ရရှိကြပြီး ဒီထူးဆန်းတဲ့ အဖျော်ယမကာအပေါ် စိတ်ဝင်တစား ဖြစ်လာကြပါတယ်။

လူပုတွေကတော့ ဒီအရက်အမျိုးအစားအသစ်ကို မြည်းစမ်းကြည့်ဖို့ ချက်ချင်းပဲ အာသီသ ဖြစ်သွားကြပါတယ်။ သူတို့ကတော့ လူပုယမကာဖြစ်တဲ့ အယ်လ်ဖ်ယမကာနဲ့ အရက်တွေကို ဗိုက်အိုးကြီးတွေ ပြည့်နေအောင် သောက်နိုင်တာကြောင့် နာမည်ကျော်တာကိုး။ ဒါကြောင့် သူတို့ကပဲ ဒီထုတ်ကုန်အသစ်ကို ပထမဆုံး မြည်းစမ်းမယ့်သူတွေ ဖြစ်လာပါတယ်။

မိုက်ကယ်က ဘီယာစည်ပိုင်းရဲ့ စည်ပိုင်းခေါင်း ကို ဖွင့်လိုက်ပြီး လက်ထဲက သစ်သားခွက်ထဲကို ထည့်လိုက်တယ်။ အဲဒီနောက်မှာတော့ ဒါကို သရိန်းနဲ့ ကျန်တဲ့ လူပုတွေဆီကို ကမ်းပေးလိုက်ရာ သူတို့က ဘီယာကို စပ်စုချင်တဲ့စိတ်၊ စစ်ဆေးချင်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြပါတယ်။

သူတို့က အရသာခံ တော်တဲ့သူတွေပါ။ သာမန်အရက်မျိုးနဲ့တော့ သူတို့ စိတ်ကျေနပ်မှာ မဟုတ်ပါဘူး၊ အခု မြင်နေရတဲ့ အပေါ်မှာ အမြှုပ်တွေ ထနေတဲ့ ထူးဆန်းတဲ့ အဝါရောင် အဖျော်ယမကာဆိုရင်တော့ ပိုတောင် ပြောစရာ မရှိပါဘူး။

"မိုက်ကယ်... ငါ ကြိုသတိပေးထားပါရစေ၊ ငါတို့က မင်းရဲ့ ဘီယာကို ကြိုက်ချင်မှ ကြိုက်မှာနော်။ အဲဒီလို ဖြစ်သွားခဲ့ရင်လည်း မင်းကို စော်ကားတယ်လို့ မမှတ်ပါနဲ့။ ငါတို့ လျှာတွေက အယ်လ်ဖ်ယမကာ ဒါမှမဟုတ် တခြား အရက်အမျိုးအစားတွေနဲ့ပဲ ပိုပြီး ယဉ်ပါးနေလို့ပါ" လို့ သရိန်းက သူ ကြိုက်မှာမဟုတ်ဘူးဆိုတာကို အပြည့်အဝ ယုံကြည်မှုရှိရှိနဲ့ ပြောလိုက်ပါတယ်။

မိုက်ကယ်က နည်းပညာနဲ့ စက်မှုပညာပိုင်းမှာ သူတို့ကို အနိုင်ရချင် ရနိုင်ပေမဲ့ အရက်ထုတ်လုပ်ဖို့ ကြိုးစားတဲ့နေရာမှာတော့ သရိန်းရဲ့ လူပုမာန်မာနက အလျှော့မပေးနိုင်ပါဘူး။

"မြည်းပဲ ကြည့်ကြည့်ပါဦး" လို့ မိုက်ကယ်က သူ့ဘာသာ ရယ်မောရင်း ပြောလိုက်ပါတယ်။

သရိန်းက သူ့ကို ကမ်းပေးလိုက်တဲ့ သစ်သားခွက်ကို ဂရုတစိုက် ကိုင်လိုက်တဲ့အခါ ထိတွေ့လိုက်ရတဲ့ အေးစက်စက် အာရုံကြောင့် သတိထားမိသွားပါတယ်။

"အေးစက်နေတဲ့ အရက်လား... ထူးဆန်းလိုက်တာ" လို့ သရိန်းက ကိုယ့်ဘာသာ ရေရွတ်လိုက်ပါတယ်။

အရက်ဆိုတာ ခန္ဓာကိုယ်ကို နွေးထွေးစေတဲ့ အစွမ်းကြောင့် နာမည်ကြီးတာပါ။ ဒါကြောင့် အခုလို ဆောင်းရာသီက ရေခဲတုံးလို အေးစက်နေတာက တကယ့်ကို ထူးဆန်းနေပါတယ်။

သရိန်းက ဘီယာကို အရင် နမ်းကြည့်ပြီးမှ ခွက်ထဲကနေ အနည်းငယ် မြည်းစမ်းကြည့်လိုက်ပါတယ်။

ကျန်တဲ့ လူပုတွေအားလုံးကလည်း သရိန်းရဲ့ မျက်နှာအမူအရာကို ကြည့်နေကြပြီး ဒီ ဘီယာဆိုတဲ့ ယမကာအသစ်က လူပုနိုင်ငံတော်က အကောင်းဆုံး အရက်တွေနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲဆိုတာကို သိချင်နေကြပါတယ်။

ပထမဆုံး တစ်ငုံ သောက်လိုက်တာနဲ့ သရိန်းက ခွက်ကို ပါးစပ်ကနေ ခွာလိုက်ပြီး မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေးပေါ်က အမြှုပ်တွေကို သုတ်လိုက်ပါတယ်။ သူက ဘီယာကို အသေအချာ စူးစိုက်ကြည့်ရင်း မျက်လုံးတွေ ပြူးသွားပါတော့တယ်။

ကျန်တဲ့ လူပုတွေကတော့ သူ့အမူအရာကို ကြည့်ပြီး ဘီယာက အရသာ မရှိဘူးလို့ ထင်သွားကြပါတယ်။

"ဘယ်လိုနေလဲ သူငယ်ချင်း။ အရသာက ပေါ့ပျက်ပျက်ကြီး မဟုတ်လား"

"သေချာပါတယ် ဘာပဲဖြစ်ဖြစ် ဘီယာကမှ အဆင့်မြင့်တဲ့ အရက်အမျိုးအစားပဲလေ"

"ဒီကို ပေးစမ်း သရိန်း။ ဒီ ဘီယာက ဘယ်လောက်တောင် အရသာ ဆိုးလဲဆိုတာ ငါ ကိုယ်တိုင် မြည်းကြည့်မယ်"

ဒါပေမဲ့ အဲဒီလူပုက သရိန်းရဲ့ လက်ထဲကနေ ဘီယာကို လုယူဖို့ လုပ်လိုက်တဲ့အချိန်မှာပဲ သရိန်းက ရုတ်တရက် ရှောင်လိုက်ပြီး ခွက်ထဲက ဘီယာအားလုံးကို တစ်ကျိုက်တည်းနဲ့ ကုန်အောင် သောက်ချလိုက်တာကြောင့် ကျန်တဲ့ လူပုတွေ အံ့သြသွားကြပါတယ်။

"အား..." လို့ သရိန်းက ကျေနပ်စရာကောင်းတဲ့ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး သူ့မုတ်ဆိတ်မှာတော့ ဘီယာအမြှုပ်တွေက ပေကျံနေတုန်းပါပဲ။

"ဒါက နတ်သုဒ္ဓါပဲဟ" လို့ သူက ကြွေးကြော်လိုက်ပါတယ်။

"မိုက်ကယ်... ဒီဘီယာက ငါ့ရဲ့ လျှာအတွက်တော့ သကြားလုံးလိုပဲ။ လူပုယမကာလောက် အရက်မပြင်းပေမဲ့ အဲဒါကပဲ ပိုပြီး ကောင်းနေတာ။ အေးစက်နေတဲ့ အပူချိန်ကလည်း သောက်ရတာကို ပိုပြီး ကောင်းစေတယ်။ ငါ တစ်သက်လုံး ရေငတ်နေခဲ့ပြီး အဲဒါကို ငါကိုယ်တိုင် မသိခဲ့သလိုပဲ။ ဒီဘီယာကို သောက်လိုက်တော့မှပဲ ငါ လန်းဆန်းသွားသလို ခံစားရတော့တယ်။ ဒီအအေးဓာတ်က ငါ့ဝိညာဉ်ကိုတောင် ငြိမ်းချမ်းစေတယ်"

သရိန်းက ဘီယာကို မရပ်မနား ချီးကျူးနေတာကြောင့် တခြားလူပုတွေကလည်း သူတို့လည်း သောက်ရမယ်လို့ ခံစားလာကြရပါတယ်။

"မိုက်ကယ်... ငါ့ကိုလည်း တစ်ခွက်လောက် ထည့်ပေးပါဦး"

"ငါ အရင် သောက်မယ်။ အရသာက ဘယ်လိုလဲဆိုတာ သိချင်လို့"

"ငါ ကိုယ်တိုင် မသောက်ကြည့်ရသေးသရွေ့ ဘီယာထက် ကောင်းတယ်ဆိုတာကို မယုံနိုင်ဘူး"

မိုက်ကယ်က လူတိုင်းအတွက် အလုံအလောက် ရှိပါတယ်လို့ လူပုတွေကို အာမခံလိုက်ရပါတယ်။ သူက လူတိုင်းကို ဘီယာ တစ်ခွက်စီ ထည့်ပေးလိုက်ပါတယ်။

"စိတ်ကြိုက် သောက်ကြပါ" လို့ သူက ပြောလိုက်တယ်။ "ဒီညကတော့ အောင်ပွဲခံတဲ့ ညပဲလေ"

လူပုတွေက အေးစက်နေတဲ့ ဘီယာကို စတင် သောက်ကြတဲ့အခါမှာတော့ သရိန်းလိုပဲ သူတို့ရဲ့ မျက်လုံးတွေ ပြူးသွားကြပြီး သရိန်းက ဘာလို့ ဒီအရက်ကို ကောင်းကင်ဘုံအထိ ရောက်အောင် ချီးကျူးနေလဲဆိုတာကို နားလည်သွားကြပါတယ်။

"ငါ့မုတ်ဆိတ်ကို တိုင်တည်ရတော့မယ်။ ဒါက ငါ့အတွက်တော့ ရေလိုပဲ ဖြစ်သွားပြီ"

"ဒီစည်ပိုင်း တစ်ခုလုံးကို ငါ တစ်ယောက်တည်း ကုန်အောင် သောက်နိုင်တယ်။ တို့ လူပုနိုင်ငံတော်က ဘာလို့ ဒီလို အဖျော်ယမကာမျိုးကို မတီထွင်ခဲ့ကြတာလဲ"

လူပုတွေက အရက်တွေကို အားရပါးရ သောက်နေကြတာကြောင့် သူတို့ရဲ့ ပါးပြင်တွေက တဖြည်းဖြည်းနဲ့ ပိုပြီး နီမြန်းလာပါတော့တယ်။ ဒါပေမဲ့ သူတို့တွေပဲ မူးနေကြတာကို သရိန်းက သတိထားမိသွားပါတယ်။ ဟော့ဘ်မျောက်လူတွေကတော့ ဘီယာကို စပ်စုတဲ့ အကြည့်တွေနဲ့ ကြည့်နေကြပေမဲ့ သူတို့ကိုယ်တိုင် မြည်းစမ်းကြည့်ဖို့တော့ သတ္တိမရှိကြသေးပါဘူး။

"မင်းတို့ ဘာကို စောင့်နေကြတာလဲ" လို့ သူက သူတို့ကို မေးလိုက်ပါတယ်။ "ဒါက ဘီယာလောက် အရက်မပြင်းဘူး၊ ဒါကြောင့် မင်းတို့ ကြိုက်သလောက် သောက်လို့ရတယ်"

သူတို့ရဲ့ နေရခက်တဲ့ တိတ်ဆိတ်မှုက သရိန်းကို ပြဿနာက ဘာလဲဆိုတာ သိသွားစေပါတယ်။

"မင်းတို့... မင်းတို့တစ်သက်မှာ အရက်တစ်ခါမှ မသောက်ဖူးကြဘူး မဟုတ်လား"

ကျန်တဲ့ လူပုတွေက သူတို့ရဲ့ ပျော်ရွှင်စရာ သောက်စားမှုကို ခဏရပ်လိုက်ပြီး ဟော့ဘ်မျောက်လူတွေကို မယုံနိုင်စရာ အမူအရာတွေနဲ့ လှမ်းကြည့်လိုက်ကြတယ်။ ဘယ်လိုတွေတောင်လဲ။ သာမန်မျောက်လူတွေအနေနဲ့ သူတို့မှာ သောက်ရေရဖို့တောင် ခက်ခဲခဲ့တာပါ။ သဲကန္တာရ လွင်ပြင်မှာ အရက်ရှိခဲ့ရင်တောင် သူတို့ ဝယ်သောက်ဖို့ မတတ်နိုင်ခဲ့ကြပါဘူး။

"ဒါကတော့ လက်ခံနိုင်စရာ မရှိဘူး" လို့ သရိန်းက ပြောပြီး ခုန်းဆီကို လျှောက်သွားကာ သူ့ရဲ့ သောက်စရာကို ကမ်းပေးလိုက်ပါတယ်။

"မင်းက ဉာဏ်ကောင်းပါတယ်၊ ဒါပေမဲ့ တခါတလေကျတော့ အဲဒါက မင်းကို အများကြီး တွေးနေစေတယ်။ အဲဒါကြောင့်လည်း မင်း ဘေ့စ်ဘောပွဲမှာ ရှုံးသွားတာလို့ ငါ ထင်တယ်။ မင်းရဲ့ ထိန်းချုပ်ထားတာတွေ အားလုံးကို လွှတ်ချလိုက်တာ ပိုကောင်းပါတယ်။ သောက်လိုက်စမ်း"

ကျန်တဲ့ လူပုတွေကလည်း ဘီယာတွေကို ခွက်ထဲထည့်ပြီး သောက်ဖို့ ဝေခွဲမရဖြစ်နေတဲ့ ဟော့ဘ်မျောက်လူတွေကို ကမ်းပေးလိုက်ကြပါတယ်။

"မင်းတို့က ငါတို့ကို ဘေ့စ်ဘော ကစားနည်း သင်ပေးတယ်။ ဒီတစ်ခါတော့ ငါတို့က မင်းတို့ကို အရက်သောက်နည်း သင်ပေးမယ်"

အံ့သြစရာ ကောင်းတာကတော့ ပထမဆုံး မြည်းစမ်းကြည့်တဲ့ ဟော့ဘ်မျောက်လူက ရွာမှာ အသက်အကြီးဆုံးဖြစ်တဲ့ လော့လို ပါပဲ။

သူက မြည်းစမ်းကြည့်ရုံတင် တစ်ငုံ သောက်ဖို့ လုပ်လိုက်တာပါ၊ ဒါပေမဲ့ အေးစက်တဲ့ ဘီယာက သူ့ခန္ဓာကိုယ်ထဲကို စီးဝင်သွားတဲ့အခါမှာတော့ လော့လိုက တစ်ခွက်လုံးကို မရပ်မနား သောက်ချလိုက်ပါတော့တယ်။

"အား..." လို့ သူက စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်ပါတယ်။ "ဒါ တကယ် ကောင်းတာပဲ"

လူပုတွေလည်း လော့လိုရဲ့ ပထမဆုံး အရက်သောက်ဖူးတဲ့ တုံ့ပြန်မှုကို ကြည့်ပြီး ကိုယ်ချင်းစာစိတ်နဲ့ ရယ်မောလိုက်ကြပါတယ်။

မကြာခင်မှာပဲ ကျန်တဲ့ ဟော့ဘ်မျောက်လူတွေလည်း လူပုတွေနဲ့အတူ ဘီယာကို စတင် သောက်ကြပါတော့တယ်။ ကွင်းပြင်ထဲက အောင်ပွဲခံပွဲလေးကတော့ တဖြည်းဖြည်းနဲ့ ပိုပြီး စည်ကားလာပြီး မကြာခင်မှာပဲ ပါတီပွဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်။

* * * * * * * * *

စာစဉ်(၇)

အခန်း(၈၀)

ပါတီပွဲက ဆက်ဖြစ်နေတုန်းပဲ။ လူပုတွေက သူတို့သိသမျှ အရက်သောက်နည်း အကုန်လုံးကို ဟော့ဘ်မျောက်လူတွေကို သင်ပေးနေကြတာပေါ့။ ညဉ့်နက်တဲ့အထိ ရွာရင်ပြင်တစ်ခုလုံးမှာ ရယ်မောသံတွေနဲ့ ဗလုံးဗထွေး စကားပြောသံတွေက ပဲ့တင်ထပ်လို့နေတယ်။ သရိန်းနဲ့ လော့လိုတို့ကလည်း ဘယ်သူက ဘီယာတစ်ခွက်ကို အမြန်ဆုံး ကုန်အောင်သောက်နိုင်မလဲဆိုပြီး အကြိတ်အနယ် ပြိုင်နေကြတာ။

ပုံမှန်ဆို မိုက်ကယ်ရဲ့ အရိပ်ထဲမှာပဲ နေတတ်တဲ့ ဖတ်ချ်တောင်မှ ဒီပွဲတော်မှာ မပါဘဲ မနေနိုင်တော့ဘူး။ သူက ရွာရဲ့ လာဘ်ကောင်လေးလို ဖြစ်နေပြီး လူတိုင်းကို သူ့ရဲ့ နင်ဂျာကွက်တွေ လိုက်ပြနေပေမဲ့ အဲဒါတွေက တကယ့်နင်ဂျာတစ်ယောက် လုပ်တာမျိုးနဲ့တော့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။

လူပုတွေကလည်း သူတို့ရဲ့ မုတ်ဆိတ်မွှေးတွေကို ထူးထူးဆန်းဆန်း ကျစ်ဆံမြီးတွေ ကျစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်နောက်ပြောင်ရင်း ပွဲထဲမှာ ပါဝင်နေကြတယ်။ တစ်ယောက်ဆိုရင် မိုက်ကယ်နဲ့တူအောင် မုတ်ဆိတ်မွှေးကို ပုံဖော်ထားတာကြောင့် လူတိုင်းက အတော်လေး သဘောကျနေကြတာ။

ခုန်းနဲ့ တခြားဟော့ဘ်မျောက်လူတွေဟာ လူပုတွေနဲ့ ပိုပြီးတော့ ရင်းနှီးလာသလို ခံစားနေရတယ်။ သူတို့တွေက မိုက်ကယ်နဲ့ မတွေ့ခင်တုန်းက သူတို့ဘဝတွေ ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး လမ်းပျောက်ခဲ့ရလဲဆိုတာတွေကို စတင်ပြောပြနေကြတာပါ။ အဲဒီနောက် မိုက်ကယ်နဲ့ တွေ့တော့မှ အရာအားလုံး ပြောင်းလဲသွားခဲ့တာပေါ့။

လူပုတွေရော ဟော့ဘ်မျောက်လူတွေပါ ဒီအချက်ကိုတော့ အပြန်အလှန် နားလည်ပေးနိုင်ကြပါတယ်။ လူပုတွေနဲ့ ဟော့ဘ်မျောက်လူတွေ အများကြီးက ဘီယာတွေကို ဆက်တိုက်သောက်နေကြတာကြောင့် မိုက်ကယ် ပြင်ဆင်ထားတဲ့ ဘီယာစည်ပိုင်းတွေအားလုံး နောက်ဆုံးတစ်စက်အထိ ခန်းခြောက်သွားတဲ့အထိပါပဲ။

ဟော့ဘ်မျောက်လူတွေက မြင့်မားတဲ့မျိုးစိတ်အဖြစ် ဆင့်ကဲပြောင်းလဲထားတာကြောင့် ခန္ဓာကိုယ်က ပိုပြီးသန်မာနေပြီး လူပုတွေနဲ့ အရက်သောက်ပြိုင်ပွဲမှာ ယှဉ်နိုင်နေကြတာ။ ဒါပေမဲ့လည်း လူပုတွေကတော့ သူတို့ကို စားပွဲပေါ်မှောက်သွားအောင်အထိ သောက်နိုင်နေတုန်းပါပဲ။ ညဥ့်နက်သွားတဲ့အခါမှာတော့ အရက်မသောက်ဘဲနေတဲ့ မိုက်ကယ်နဲ့ အစာအိမ် အသန်မာဆုံးဖြစ်တဲ့ သရိန်းတို့ နှစ်ယောက်ပဲ နိုးနေပါတော့တယ်။

“ဒီဘီယာကတော့…. တကယ့်ကို အံ့ဩစရာပဲ… မိုက်ကယ်ရေ။ အဆင့်မြင့်ဆုံး အရသာကိုမှ ကြိုက်တတ်တဲ့ တော်ဝင်လူပုတွေတောင်မှ ဒီအေးစက်စက် သောက်စရာကို သဘောကျသွားမှာ အသေအချာပဲ”

“ဒါက ဒီဘီယာတစ်ခုတည်းတင် မဟုတ်ဘူး မိုက်ကယ်။ ဒီခြောက်သွေ့တဲ့မြေရိုင်းမှာ မင်းဖန်တီးထားသမျှ အရာအားလုံးက လူပုတွေတင်မကဘဲ တခြားသတ္တဝါတွေရဲ့ နှလုံးသားကိုပါ ဖမ်းစားနိုင်မယ်လို့ ငါယုံကြည်တယ်”

“မင်းရဲ့ ရေပိုက်စနစ်၊ မင်းရဲ့ လျှပ်စစ်မီး၊ ဒီဘီယာ၊ ဘေ့စ်ဘော ကစားနည်းနဲ့ အားလုံးထက် ပိုအရေးကြီးတာက... ဒီရွာရဲ့ လေထုနဲ့ ခံစားချက်ပဲ။ လူတိုင်းက ဒါတွေကို သူတို့ဘဝမှာ တစ်ကြိမ်လောက်တော့ အမြည်းအစမ်း ခံစားကြည့်ချင်ကြမှာ သေချာတယ်။ ငါတို့လည်း အပါအဝင်ပေါ့။ တကယ်လို့သာ ဖြစ်နိုင်မယ်ဆိုရင် ငါတို့ ဒီနေရာမှာပဲ ထာဝရ နေသွားချင်မိတာ”

မိုက်ကယ်က သရိန်းကို လှမ်းကြည့်လိုက်တဲ့အခါ သူ့ရဲ့မျက်နှာပေါ်မှာ နာကျင်နေတဲ့ အမူအရာကို တွေ့လိုက်ရတယ်။

“မင်း ဆိုလိုတာက ဘာလဲ။ ဘာလို့ ဒီရွာမှာ ဆက်မနေနိုင်ရတာလဲ”

သရိန်းက သက်ပြင်းချလိုက်ပြီး ကြယ်ရောင်စုံတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။

“ဒါက မင်းထင်သလောက် မရိုးရှင်းဘူး မိုက်ကယ်။ ငါတို့က လူပုနိုင်ငံတော်ရဲ့ အစွန်အဖျားမှာ ရှိနေတာဆိုပေမဲ့လည်း အဲဒီနိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတုန်းပဲ။ ငါတို့ရဲ့ မျိုးနွယ်အပေါ် ထားရှိတဲ့ တာဝန်ဝတ္တရားတွေကို ဒီအတိုင်း ပစ်ထားလို့ မရဘူးလေ”

“ဘယ်လို တာဝန်ဝတ္တရားတွေလဲ” လို့ မိုက်ကယ်က မေးလိုက်တယ်။

“ငါတို့ရွာက နိုင်ငံတော်ရဲ့ ပထမဆုံး ခံစစ်စည်းပဲ။ အခု အဲဒါက ပျက်စီးသွားပြီဆိုတော့ အဲဒါကို ပြန်လည်တည်ဆောက်ဖို့က ငါတို့ရဲ့ တာဝန်ပဲ။ ဒါကြောင့် အချိန်တစ်ခု ကြာသွားလို့ မြေပြိုတဲ့အန္တရာယ် မရှိတော့ဘူးဆိုရင် ငါတို့ရွာကို ပြန်ပြီး လက်နဲ့ပဲ ကိုယ်တိုင်ပြန်ဆောက်ကြရမှာ” လို့ သရိန်းက ရှင်းပြပါတယ်။

ဒါက သရိန်းအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ဒီရွာကို ရောက်တာ တစ်ရက်ပဲ ရှိသေးတာတောင်မှ ဒီနေရာရဲ့ ယဉ်ကျေးမှုနဲ့ နေထိုင်မှုပုံစံတွေကို သူတို့က အလွန်အမင်း စွဲလန်းသွားကြတာကိုး။ ဒီလောက်အထိ အံ့ဩစရာကောင်းတဲ့ ရွာကို သိသွားပြီးမှ ခွဲခွာသွားဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းလှပါတယ်။ ဒါပေမဲ့ သူတို့က နိုင်ငံတော်အပေါ် သစ္စာဆိုထားကြသူတွေလေ။ သစ္စာဖောက်ဖို့ဆိုတာက ကိုယ့်နှလုံးသားကို ကိုယ်တိုင် ဆွဲထုတ်လိုက်သလိုမျိုး ဖြစ်နေမှာပါ။

မိုက်ကယ်က ခဏလောက် စဉ်းစားလိုက်ပြီး အဖြေတစ်ခုကို ရှာတွေ့သွားတယ်။

“ရွာရဲ့နေရာမှာ ခံစစ်စည်းတစ်ခုပဲ အစားထိုး တည်ဆောက်လိုက်ရင်ကော” လို့ သူက ပြောလိုက်တယ်။

“သား ပြောတာက သားတို့ရွာက နိုင်ငံတော်အတွက် ပထမဆုံး ခံစစ်စည်းဆိုတော့ အဲဒီအစား တံတိုင်းကြီးတစ်ခုကိုပဲ သားတို့ တည်ဆောက်လိုက်ရင်ကော။ အဲဒါက နိုင်ငံတော်အတွက် ခံစစ်တာဝန်ကို ကျေပွန်စေမှာဆိုတော့ မင်းတို့ရဲ့ သစ္စာကတိကိုလည်း မဖောက်ဖျက်ရာရောက်သလို ဒီမှာလည်း ထာဝရ နေလို့ရသွားပြီပေါ့”

သရိန်းကတော့ မိုက်ကယ်က ဒါကို အပေါ့အပါးပဲ တွေးပြီး ပြောလိုက်တယ်လို့ ထင်ခဲ့ပေမဲ့ မိုက်ကယ်ရဲ့ မျက်လုံးထဲက တည်ကြည်မှုတွေကြောင့် သူ တကယ်ပြောနေတာမှန်း သိလိုက်ရတယ်။

“ငါတို့ မင်းရဲ့ စေတနာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မင်းတို့ရွာကို ဒီလောက် ဝန်ထုပ်ဝန်ပိုးကြီး မပေးချင်ပါဘူး။ အဲဒီလို ခံစစ်တံတိုင်းကြီး တည်ဆောက်ဖို့ဆိုတာ လနဲ့ချီပြီး ပင်ပင်ပန်းပန်း လုပ်ရမှာလေ။ ပြီးတော့ ဒီရွာနဲ့ လူပုနိုင်ငံတော်ကြားက အကွာအဝေးကို ကြည့်ရင်လည်း ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ”

မိုက်ကယ်က တဟားဟား ရယ်လိုက်တယ်၊ ဒီလောက် ရိုးရှင်းတဲ့အလုပ်ကို လနဲ့ချီပြီး ကြာမယ်လို့ သရိန်းက ထင်နေတဲ့အတွက် သူက အနည်းငယ်တောင် စိတ်ဆိုးချင်သလို ဖြစ်သွားတာပေါ့။

“နေပါဦး။ ငါတို့ရဲ့ တည်ဆောက်ရေး စွမ်းရည်ကို လျှော့တွက်နေတာပဲ။ ဟုတ်တယ်မလား ခုန်း”

အရက်မူးနေတဲ့ ခုန်းက စားပွဲအောက်ကနေ ဖြည်းဖြည်းချင်း ထလာပြီး ခေါင်းညိတ်ပြလိုက်တယ်။

“ရိုးရိုး တံတိုင်းတစ်ခုလား။ ဟင်း... အဲဒါက အလွန်ဆုံးရှိလှ ၄ ရက်ပဲ ကြာမယ်” လို့ ခုန်းက ကြွားလုံးထုတ်လိုက်ပါတယ်။

“ဒီစီမံကိန်းအတွက် တည်ဆောက်ရေး ဟော့ဘ်မျောက်လူ ၂၀ လောက် အဆင်သင့်ရှိပါတယ်” လို့ ပါးစပ်က ဘီယာအမြှုပ်တွေကို သုတ်ရင်း လော့လိုက ပြောလိုက်တယ်။ “ဒါပေမဲ့ ဒီလောက် ရိုးရှင်းတဲ့ ပရောဂျက်အတွက်ဆိုရင် ၁၀ ယောက်လောက်နဲ့တင် လုံလောက်မယ်လို့ ငါ ထင်တယ်”

သရိန်းက သူတို့ သုံးယောက်ကို ကြည့်ပြီး သူတို့ ပြောနေတာတွေကို လုံးဝ မယုံနိုင်အောင် ဖြစ်နေရတယ်။ ခံစစ်တံတိုင်းတစ်ခုကို ၄ ရက်ထက်မနည်းနဲ့ ဆောက်မယ်ဆိုတာက ရယ်စရာကြီးလေ။ လူပုနိုင်ငံတော်က အတော်ဆုံးနဲ့ အမြန်ဆုံး လက်မှုပညာရှင်တွေတောင်မှ အနည်းဆုံး တစ်လလောက် အချိန်ယူရမှာ။

“ငါ မင်းတို့ရဲ့ စိတ်ကူးကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါတို့ လူပုတွေ လက်ခံနိုင်တဲ့ အဆင့်အတန်းမျိုး ဖြစ်လာဖို့ကတော့ လုံးဝ မဖြစ်နိုင်ဘူးလို့ ထင်တယ်”

သရိန်းကတော့ မိုက်ကယ်တို့က သစ်သားတံတိုင်းလေးတစ်ခုလောက်ပဲ ဆောက်ပေးမယ်လို့ ထင်နေတာပါ။ ဘာလို့လဲဆိုတော့ ၄ ရက်အတွင်းမှာ ဒါပဲ လုပ်နိုင်မှာလေ။ သူ့ကို ယုံကြည်သွားအောင်လို့ မိုက်ကယ်က သူတို့ခြေထောက်အောက်က ကြမ်းပြင်ကို လက်ညှိုးထိုးပြလိုက်တယ်။

“သရိန်း၊ ဒီကြမ်းပြင်က ခံစစ်တံတိုင်းတစ်ခုဖြစ်ဖို့အတွက် လုံလောက်တဲ့ ခိုင်ခံ့မှု ရှိတယ်လို့ မင်း ထင်လား” လို့ သူက မေးလိုက်တယ်။

သရိန်းက ကြမ်းပြင်ကို ကြည့်လိုက်ပြီး ခြေထောက်နဲ့ တစ်ချက် ဆောင့်နင်းကာ စမ်းသပ်ကြည့်လိုက်တယ်။ အသံကို နားထောင်ကြည့်လိုက်တာနဲ့ ဒီကြမ်းပြင်က တကယ်ကို ခိုင်ခံ့တဲ့ တံတိုင်းတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာ သူ သိလိုက်ရတယ်။

“ဒါပေမဲ့ ဒါက ကျောက်သားနဲ့ လုပ်ထားတာ မဟုတ်လား။ ကျောက်တံတိုင်းတစ်ခုကို ထွင်းထုဖို့ဆိုတာ တစ်လအတွင်းတောင် မဖြစ်နိုင်တာကို မင်းပြောတဲ့ ၄ ရက်ဆိုတာကတော့...” လို့ သရိန်းက မေးလိုက်တယ်။

မိုက်ကယ်က ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြုံးလိုက်ပြီး “ခုန်း၊ သူ့ကို ပြောပြလိုက်စမ်း”

ခုန်းက ချောင်းတစ်ချက်ဟန့်လိုက်ပြီး “တစ်ရက်ပဲ။ ဒီကြမ်းပြင်က အရင်တုန်းက ရွှံ့တွေ၊ မြေကြီးတွေပဲ ရှိတာ။ ဒါပေမဲ့ ငါတို့က အဲဒါကို တစ်ရက်တည်းနဲ့ လုပ်ခဲ့တာ” လို့ ပြောလိုက်တယ်။

သရိန်းက ထိုင်ခုံကနေ ဝုန်းခနဲ ထရပ်လိုက်မိတယ်၊ အံ့ဩလွန်းသွားတာကြောင့် သူ့ရဲ့ အမူးတွေတောင် ချက်ချင်း ပြေသွားပါတော့တယ်။

* * * * * * * * *

All Chapters