အခန်း (၈၁-၈၂)
Vol. 7 Ch. 81-82
အခန်း(၈၁)
နောက်တစ်နေ့မှာတော့ သရိန်းတစ်ယောက် ခေါင်းတစ်ခုလုံးအက်ကွဲမတတ် ကိုက်ခဲလျက် နိုးလာခဲ့ပါတယ်။ မနေ့က သူကြားခဲ့ရတဲ့ စကားတွေကို အခုထိတောင် မယုံနိုင်သေးပါဘူး။ အခုလို ခေါင်းကြည်နေတဲ့ အချိန်မျိုးသာ မဟုတ်ရင် မိုက်ကယ်တို့နဲ့ ပြောခဲ့သမျှ စကားတွေအားလုံးကို အိပ်မက်လို့ပဲ သူ ထင်မိမှာပါ။
ရက်ပိုင်းအတွင်းမှာ ကျောက်တံတိုင်းကြီး တစ်ခုကို တည်ဆောက်မယ် ဟုတ်လား။ ဒါဟာ လုံးဝ မဖြစ်နိုင်မှန်း သရိန်း သိတာပေါ့။ ဒါပေမဲ့ မိုက်ကယ်ကတော့ သူတို့ သေချာပေါက် လုပ်နိုင်တယ်လို့ ယုံကြည်ချက် အပြည့် ရှိနေပါတယ်။ ဘယ်လောက်တောင် ယုံကြည်ချက် ရှိသလဲဆိုရင် ကွန်ကရစ်လို့ခေါ်တဲ့ အရာကို ဖန်တီးပြမှာမို့ သရိန်းနဲ့ တခြားလူပုတွေကို ကိုယ်တိုင်လာကြည့်ဖို့တောင် ဖိတ်ခေါ်ထားတာပါ။
နေမင်းကြီး ဖြည်းဖြည်းချင်း မြင့်တက်လာတာနဲ့အမျှ လူပုတွေအားလုံးဟာ ဆောက်လုပ်ရေးတွေ လုပ်နေဆဲဖြစ်တဲ့ ရွာအစွန်ကို စုရုံးရောက်ရှိလာကြတယ်။ ရွာထဲကို မျောက်လူတွေ တစ်သုတ်ပြီးတစ်သုတ် ရောက်လာကြတာကြောင့် အခုဆိုရင် ရွာမှာနေထိုင်တဲ့ ဟော့ဘ်မျောက်လူ ငါးရာနီးပါးအတွက် သူတို့ရဲ့ နယ်မြေကို အမြဲတမ်း ချဲ့ထွင်နေရတာပါ။
မိုက်ကယ်၊ ခုန်း၊ လော့လိုနဲ့ ကျန်တဲ့ အင်ဂျင်နီယာ ဟော့ဘ်မျောက်လူတွေဟာ ခြောက်သွေ့လွင်ပြင်ရဲ့ သဘာဝမြေပြင်နဲ့ ကွန်ကရစ်ခင်းထားတဲ့ မြေပြင်ကြားက နယ်နိမိတ်မှာ စုရုံးနေကြတယ်။ နောက်ထပ် ကွန်ကရစ်ခင်းမယ့် မြေကွက်မှာတော့ ပိုပြီးခိုင်ခံ့အောင် သံချောင်းတွေကို မြေကြီးထဲ ရိုက်သွင်းထားပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်ရဲ့ အလယ်မှာတော့ အပေါ်ဘက် ပွင့်နေတဲ့ စည်ပိုင်းပုံစံ ထူးဆန်းတဲ့ သတ္တုစက်ပစ္စည်းကြီး တစ်ခု ရှိနေပြီး လျှပ်စစ်စွမ်းအားနဲ့ အရှိန်တစ်ခုအတိုင်း အမြဲတမ်း လည်ပတ်နေတာပါ။
“အဲဒီ သတ္တုစက်ထဲမှာ ကွန်ကရစ်တွေ ရှိနေတာလား” လို့ သရိန်းက မေးလိုက်တယ်။ မိုက်ကယ်က ခေါင်းညိတ်ပြလိုက်ပါတယ်။
“ဒါက ဘာအတွက်လဲ... ဒီလုပ်ငန်းစဉ်အတွက် အဲဒါက လိုအပ်လို့လား” လို့ လူပုတွေက မေးကြပြန်တယ်။
“မဟုတ်ပါဘူး” လို့ ခုန်းက ပြန်ဖြေပါတယ်။ “ကျွန်တော်တို့ ဆရာ သင်ပေးထားတာကတော့ ကွန်ကရစ်တွေကို အမြဲတမ်း လှုပ်ခတ်ပေးနေရမယ်၊ မဟုတ်ရင် အဲဒါက အရမ်းမြန်မြန် ခဲသွားလိမ့်မယ်”
သရိန်းနဲ့ လူပုတွေရဲ့ မျက်နှာမှာ မယုံကြည်နိုင်မှုနဲ့ သံသယတွေ အပြည့် ဖြစ်သွားရတယ်။ ကွန်ကရစ်က ဒီလောက်တောင် မြန်မြန် ခြောက်သွားလို့ အဲဒီစက်ကြီးနဲ့ အရည်ပျော်နေအောင် လုပ်ထားရတယ် ဟုတ်လား။ ဒါက အဓိပ္ပာယ်မရှိသလိုပါပဲ။
“မင်းတို့မှာ မေးစရာရှိရင် ငါ့ကို မေးနိုင်ပါတယ်။ ခုန်းနဲ့ ကျန်တဲ့သူတွေကတော့ ဆောက်လုပ်ရေး စတော့မယ်” လို့ မိုက်ကယ်က ပြောပြီး သရုပ်ပြပွဲ စတင်ဖို့ အချက်ပေးလိုက်တယ်။
မိုက်ကယ်ရဲ့ ညွှန်ကြားချက်အတိုင်း အင်ဂျင်နီယာတွေက သူတို့အလုပ်ကို စတင်ကြပါတော့တယ်။ သူတို့က ကွန်ကရစ် အရောအနှောတွေကို မြေပြင်ပေါ်က သတ်မှတ်ထားတဲ့ နေရာထဲကို လောင်းထည့်လိုက်ကြတယ်။
ခုန်းက သူ့ရဲ့ စွမ်းရည်ကို အသုံးပြုပြီး စီမံကိန်း ပုံကြမ်းကို လက်တွေ့ကမ္ဘာထဲမှာ ပုံရိပ်ယောင်အဖြစ် ဖော်ပြလိုက်တယ်။ အချောသတ်ထားတဲ့ ပုံရိပ်ကြီးက ကွင်းပြင်ထဲမှာ ထပ်ရက်သား ပေါ်လာတာကြောင့် အလုပ်သမားတွေအတွက် အရင်ကထက် ပိုပြီး လွယ်လွယ်ကူကူ တည်ဆောက်နိုင်သွားတာပေါ့။
အင်ဂျင်နီယာတွေရဲ့ တခြားစွမ်းရည်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ သူတို့ဟာ ကွန်ကရစ်တွေကို မြေပေါ်လောင်းချပြီး ရွာရဲ့ ဓလေ့ထုံးတမ်းတွေကို ဖော်ညွှန်းတဲ့ ဒီဇိုင်းတွေ၊ အလှဆင်မှုတွေနဲ့အတူ အင်မတန် ညီညာတဲ့ မျက်နှာပြင်တစ်ခုကို ဖန်တီးလိုက်နိုင်ပါတယ်။
လူပုတွေကတော့ ဟော့ဘ်မျောက်လူတွေရဲ့ သူတို့ တစ်ခါမှ မမြင်ဖူးတဲ့ မြန်ဆန်မှုနဲ့ ထိရောက်မှုရှိတဲ့ အလုပ်လုပ်ပုံကို ကြည့်ပြီး စကားတောင် မဟနိုင်ဘဲ ငေးနေကြရတယ်။ ဘယ်သူက ဘာလုပ်ရမယ်ဆိုတာကို တစ်ယောက်နဲ့တစ်ယောက် စကားပြောနေဖို့တောင် မလိုပါဘူး။ သူတို့က ဘာလုပ်ရမလဲဆိုတာကို အလိုလို သိနေကြတာပါ။
တစ်နာရီလောက် ကြာပြီးတဲ့နောက်မှာတော့ ရွာရဲ့ ဒီအပိုင်းမှာ ကွန်ကရစ်ကြမ်းပြင် ခင်းလို့ ပြီးသွားပါပြီ။ နောက်ထပ် အိမ်တွေ ဆောက်လိုက်ရုံနဲ့ တခြားဟော့ဘ်မျောက်လူတွေ နေထိုင်လို့ ရတော့မှာပါ။
“သူတို့တွေ ဘယ်လိုလုပ် ဒီလောက် မြန်မြန် လုပ်နိုင်ကြတာလဲ”
“သူတို့ရဲ့ မှော်ပညာကလည်း... သူတို့အလုပ်နဲ့ လုံးဝကို အံဝင်ခွင်ကျ ဖြစ်နေတာပဲ”
“ဒီလို အနုစိတ်တဲ့ လက်ရာမျိုးကို လူပုလက်မှုပညာရှင် တစ်ယောက်က ပုံတူကူးဖို့ဆိုရင်တောင် အနည်းဆုံး တစ်ရက်ထက်မက ကြာမှာ။ သူတို့ ဆောက်လုပ်ရေး အမြန်နှုန်းအပေါ် ဘာလို့ ဒီလောက် ယုံကြည်မှု ရှိနေလဲဆိုတာ အခုမှပဲ ငါ သဘောပေါက်တော့တယ်”
သရိန်းက မိုက်ကယ်နားကို လျှောက်သွားပြီး သူ့ရဲ့ အမှားကို ဝန်ခံလိုက်ပါတယ်။
“မင်း ပြောတာ မှန်ပါတယ် မိုက်ကယ်။ မင်းတို့ ဒီလမ်းတွေကို ဖန်တီးတဲ့ အရှိန်ကတော့ တစ်ခါမှ မမြင်ဖူးတဲ့ အတိုင်းအတာပဲ” လို့ သူက အလေးအနက် ပြောလိုက်တယ်။
မိုက်ကယ်က ခေါင်းခါလိုက်ပြီး “တကယ့် မှော်ပညာက အခုမှ စမှာပါ။ အခုက ကွန်ကရစ်တွေ သေချာ တည်ငြိမ်ပြီး ခြောက်သွားအောင် လုပ်ရမယ့် အချိန်ပဲ”
သရိန်းက မိုက်ကယ်ကို နည်းနည်း ဇဝေဇဝါနဲ့ ကြည့်လိုက်တယ်။ “မင်း ဘာကို ဆိုလိုတာလဲ။ အဲဒါက အကြာကြီး စောင့်ရမှာ မဟုတ်လား”
သူ မြင်နေရသလောက်တော့ ကွန်ကရစ်တွေက စိုစွတ်ပြီး ပုံဖော်လို့ ရနေတုန်းပါပဲ။ သူ့ခန့်မှန်းချက်အရဆိုရင် ဒါတွေ လုံးဝ မာသွားဖို့ အနည်းဆုံး တစ်ရက်လောက် ကြာမှာပါ။ အဲဒီလောက်ဆိုရင်တောင် တကယ့်ကို အံ့ဩဖို့ ကောင်းနေပါပြီ။
“မဟုတ်ဘူး၊ အဲဒီလောက် အကြာကြီး စောင့်နေစရာ မလိုပါဘူး” လို့ မိုက်ကယ်က ပြောလိုက်တယ်။ “မန္တန် အသေးစားလေး တစ်ခုပဲ လိုတာပါ”
သူက လက်ကို မြှောက်လိုက်တဲ့အခါ ဒြပ်စင်မှော်စွမ်းအင်တွေက သူ့ခန္ဓာကိုယ် ပတ်ပတ်လည်မှာ စီးဆင်းလာပါတယ်။ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ဖြစ်တဲ့ သဟဇာတ ပေါင်းစည်းခြင်း က ကွန်ကရစ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဓာတ်ပြုမှု တစ်ခုချင်းစီကိုပါ မြင်နိုင်စေတာပါ။
ရိုးရှင်းတဲ့ မန္တန်တစ်ခုကို အသုံးပြုပြီး မိုက်ကယ်က ပတ်ဝန်းကျင်မှာရှိတဲ့ မှော်စွမ်းအင်တွေကို ထိန်းချုပ်ကာ မြေပြင်ပေါ်က ကွန်ကရစ်တွေကို ဖြည်းဖြည်းချင်း မာသွားအောင် လုပ်လိုက်တယ်။ စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ပြီးသွားပါပြီ။
မိုက်ကယ်က အသစ်စက်စက် ခင်းထားတဲ့ မြေပြင်ပေါ်ကို လမ်းလျှောက်သွားပြီး အခိုင်အမာ ခြေချလိုက်တယ်။ သူက ခြေထောက်နဲ့ ဆောင့်နင်းပြီး မြေပြင်ရဲ့ ခိုင်ခံ့မှုကို စမ်းသပ်ကြည့်တဲ့အခါ သူတို့သတ်မှတ်တဲ့အရည်အသွေးကို စိတ်ကျေနပ်စေမဲ့ မာကျောမှုကို ခံစားလိုက်ရပါတယ်။
“ပြီးပြီ” လို့ သူက သရိန်းကို ပြောလိုက်တယ်။
သရိန်းက ဖြစ်ပျက်သွားတာကို ဝေခွဲမရဖြစ်နေရင်း မိုက်ကယ်ဆီကို ဖြည်းဖြည်းချင်း လျှောက်သွားပြီး ကွန်ကရစ် မြေပြင်ပေါ်ကို ခြေချလိုက်တယ်။ သူ့ခြေထောက်က ကွန်ကရစ်ထဲ ကျွံဝင်သွားမလားလို့ ထင်ခဲ့ပေမဲ့ လုံးဝ မကျွံဝင်သွားပါဘူး။ ကျောက်သားလိုပဲ မာကျောနေပါတယ်။
နောက်ဆုံးတော့ သူက သူ့ရဲ့ ခန္ဓာကိုယ် အလေးချိန် တစ်ခုလုံးကို ကွန်ကရစ်ပေါ် တင်လိုက်ပါတော့တယ်။
“တကယ်ပဲ... တကယ်ပဲဟ...” လို့ သူက ကိုယ့်ဘာသာ တိုးတိုးလေး ရေရွတ်လိုက်တယ်။ “တစ်ရက်တည်း… မဟုတ်ဘူး... နာရီပိုင်းအတွင်းမှာတင် သူတို့တွေက ကျောက်သားထက်တောင် ပိုမာတဲ့ အရာတစ်ခုကို ဖန်တီးနိုင်ခဲ့ကြတယ်...”
တခြားလူပုတွေလည်း စပ်စုချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ကွန်ကရစ်ပေါ်ကို လိုက်ပြီး တက်ကြည့်ကြပါတယ်။ နောက်ဆုံးမှာတော့ ရက်ပိုင်းအတွင်း တံတိုင်းကြီး တစ်ခုကို ဆောက်နိုင်မယ်ဆိုတဲ့ မိုက်ကယ်ရဲ့ စကားကို သူတို့ ယုံကြည်သွားကြပါပြီ။ ဒါဟာ ကြွားလုံးထုတ်တာ မဟုတ်ဘဲ အနည်းဆုံး ခန့်မှန်းချက်တောင် ဖြစ်နိုင်ပါတယ်။ သူတို့သာ လုပ်မယ်ဆိုရင် နှစ်ရက်တောင် မကြာဘဲ တံတိုင်းကြီး ဆောက်နိုင်မှာပါ။
သူတို့ မယုံနိုင်အောင် ဖြစ်နေကြရတယ်။ ကွန်ကရစ်လို့ခေါ်တဲ့ ဒီပစ္စည်းက သူတို့ သိထားသမျှ ဆောက်လုပ်ရေး အယူအဆအားလုံးကို အကုန်လုံး ပြောင်းလဲပစ်လိုက်တာပါ။ ဒီကွန်ကရစ်သာ ရှိရင် လူပုနိုင်ငံတော် တစ်ခုလုံး မြေပြိုမှုဒဏ်ကနေ ပြန်လည် နာလန်ထူဖို့ တစ်လတောင် ကြာမှာ မဟုတ်ပါဘူး။
သရိန်းက မိုက်ကယ်ကို တောင်းဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ “ငါတို့ကို တံတိုင်းဆောက်ဖို့ ကူညီပေးပါဦး” လို့ သူက ပြောလိုက်တယ်။
မိုက်ကယ်က ပြုံးလိုက်ပါတယ်။ ဒါကတော့ မေးနေဖို့တောင် မလိုပါဘူး။
ဟော့ဘ်မျောက်လူ အင်ဂျင်နီယာ တစ်ဆယ်ယောက် ပါဝင်တဲ့ အဖွဲ့ဟာ လူပုနိုင်ငံတော်ကို ပြန်ဖို့အတွက် အဆင်သင့် ပြင်လိုက်ကြတယ်။ မိုက်ကယ်၊ သရိန်းနဲ့ တခြားလူပုအချို့ကတော့ သီးခြားကားတစ်စီးနဲ့ လိုက်ပါသွားကြတယ်။ သူတို့ နောက်မှာတော့ အလုပ်အတွက် လိုအပ်တဲ့ ကွန်ကရစ်တွေ အမြောက်အမြား တင်ဆောင်လာတဲ့ ကားအချို့လည်း ပါလာပါတယ်။
ရက်အနည်းငယ် ခရီးနှင်ပြီးတဲ့နောက်မှာတော့ သရိန်းတို့ရဲ့ ပျက်စီးနေတဲ့ ရွာကို ရောက်ရှိလာခဲ့ကြတယ်။ မြေပြိုမှုဒဏ်ကြောင့် ပျက်စီးနေတုန်းပဲ ဆိုပေမဲ့ အနည်းဆုံးတော့ ရွှံ့ရေတွေကတော့ ကျသွားပါပြီ။
မိုက်ကယ်က နယ်မြေတစ်ခုလုံးရဲ့ အပေါ်မှာ ပျံဝဲပြီး ပတ်ဝန်းကျင် အခြေအနေကို စစ်ဆေးလိုက်တယ်။ သူ့အောက်မှာတော့ သူ့ရဲ့ အင်ဂျင်နီယာတွေနဲ့ လူပုတွေ ရှိနေကြပါတယ်။
နောက်ဆုံးမှာတော့ သူက ခေါင်းညိတ်ပြလိုက်ပြီး “ကဲ... စကြရအောင်”
* * * * * * * * *
စာစဉ်(၇)
အခန်း(၈၂)
ဆောက်လုပ်ရေးလုပ်ငန်းက တော်တော်လေးကို ချောချောမွေ့မွေ့နဲ့ ခရီးတွင်ခဲ့ပါတယ်။ လူပုတွေနဲ့ ဟော့ဘ်မျောက်လူတွေဟာ နယ်မြေထဲမှာရှိတဲ့ အပျက်အစီးတွေနဲ့ အမှိုက်သရိုက်အားလုံးကို အတူတကွ ပူးပေါင်းရှင်းလင်းခဲ့ကြတာပေါ့။ သူတို့ အလုပ်ပြီးသွားတဲ့အချိန်မှာတော့ တစ်နေရာလုံးဟာ တောအုပ်အလယ်က ကတုံးပေါ်နေတဲ့ ကွက်လပ်ကြီးတစ်ခုလို ဖြစ်သွားခဲ့တယ်။
သရိန်းနဲ့ တခြားလူပုတွေဟာ တစ်ချိန်က သူတို့အိမ်လို့ ခေါ်ခဲ့တဲ့ ဒီမြေကွက်လပ်ကြီးကို ကြည့်ပြီး နည်းနည်းတော့ စိတ်မကောင်းဖြစ်မိကြတာပေါ့။ ဒါပေမဲ့ အရာအားလုံးက ဆုံးရှုံးသွားခဲ့ပြီလေ။ သူတို့ ပြန်ပြင်လို့မှ မရတော့တာ။ နောက်ဆုံးမှာတော့ သူတို့ဟာ တောင်တစ်ဖက်ကနေ နောက်တစ်ဖက်အထိ အရှည်ရှိပြီး ဆယ်မီတာထက်မက မြင့်တဲ့ တံတိုင်းကြီးကို စတင်တည်ဆောက်ကြပါတော့တယ်။
သူတို့ရွာက နက်ရှိုင်းတဲ့ တောင်ကြားထဲမှာ ရှိနေတာကြောင့် လူပုနိုင်ငံတော်ရဲ့ ခံစစ်အတွက် အင်မတန် အရေးပါတဲ့နေရာ ဖြစ်နေတာပါ။ အကယ်၍ ဒီရွာကိုသာ ကျော်ဖြတ်နိုင်သွားရင် ကျူးကျော်သူတွေအတွက် လူပုနိုင်ငံတော်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ လွယ်ကူသွားမှာလေ။
ဒါပေမဲ့ အခု ဒီတံတိုင်းကြီးရှိနေရင်တော့ ကျူးကျော်သူတွေရဲ့ ကြိုးပမ်းမှုမှန်သမျှကို ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ လူပုနိုင်ငံတော်ထဲကို ဝင်ချင်တယ်ဆိုရင်တော့ အန္တရာယ်များလှတဲ့ တောင်တန်းကြီးတွေကို ဖြတ်ကျော်ရုံပဲ ရှိတော့တာပေါ့။
ဒီတံတိုင်းကြီးကို တည်ဆောက်လိုက်ခြင်းအားဖြင့် သရိန်းနဲ့ ရွာသားတွေဟာ လူပုနိုင်ငံတော်အပေါ်ထားတဲ့ သူတို့ရဲ့ တာဝန်ဝတ္တရားကို ကျေပွန်သွားမှာဖြစ်ပြီး ဒါက သူတို့ကို မိုက်ကယ်ရဲ့ရွာမှာ အချိန်အတော်ကြာအောင် စိတ်အေးလက်အေး နေထိုင်ခွင့် ရရှိစေမှာပါ။ သူတို့က ဒီစီမံကိန်းအတွက် လိုအပ်တဲ့ ကွန်ကရစ်တွေကို ကားနောက်မြီးမှာ တပ်ဆင်ထားတဲ့ ကွန်ကရစ်ဖျော်စက်တွေထဲမှာ အလုံအလောက် ထည့်ပြီး ပြင်ဆင်လာခဲ့ကြပါတယ်။
မိုက်ကယ်က စီမံကိန်းတစ်ခုလုံးကို ကြီးကြပ်ပေးနေတာကြောင့် အရာအားလုံးက သူတို့စီစဉ်ထားတဲ့အတိုင်း အဆင်ပြေပြေ ဖြစ်ခဲ့တယ်။
ဒုတိယမြောက်နေ့ရဲ့ အကုန်မှာတော့ သူတို့ဟာ ရန်သူ့တပ်တွေ လူပုနိုင်ငံတော်ထဲကို လွယ်လွယ်နဲ့ မဖြတ်နိုင်အောင် တားဆီးပေးမယ့် ဆယ်မီတာအမြင့် တံတိုင်းကြီးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ သရိန်းနဲ့ လူပုတွေဟာလည်း သူတို့ရဲ့ သစ္စာကတိကနေ တရားဝင် လွတ်မြောက်သွားကြပြီပေါ့။
အဲဒီအချိန်မှာပဲ လူပုနိုင်ငံတော်ရဲ့ အတွင်းပိုင်းဘက်မှာတော့ လူပုတစ်စုဟာ အမည်မသိတဲ့ နေရာတစ်ခုမှာ ခိုလှုံရာရှာဖို့ ခရီးထွက်လာကြပါတယ်။ သရိန်းတို့ရွာလိုပဲ ဒီလူပုတွေကလည်း လူပုနိုင်ငံတော်ရဲ့ ထက်ဝက်နီးပါးကို ထိခိုက်စေခဲ့တဲ့ ပြင်းထန်တဲ့ မြေပြိုမှုကြောင့် အိမ်ခြေမဲ့ ဖြစ်ခဲ့ရသူတွေပါ။
အဲဒီဒါကြောင့် တစ်နိုင်ငံလုံးမှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ အိမ်ခြေမဲ့ ပြဿနာတွေက ပျံ့နှံ့နေခဲ့တယ်။ လူပုဘုရင် နေထိုင်တဲ့ မြို့တော်မှာဆိုရင်လည်း လူဦးရေ အဆမတန် များပြားလာတာကြောင့် ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေတာပေါ့။
ဒီလူပုတွေက မြို့တော်ရဲ့ ပြဿနာတွေကို ထပ်ပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တာကြောင့် သူတို့ဘာသာ ယာယီခိုလှုံရာရှာဖို့ အပြင်ဘက်ကို ထွက်လာခဲ့ကြတာပါ။ သူတို့ရွာကို ပြန်လည်တည်ဆောက်ချင်ကြပေမဲ့ သူတို့ရဲ့ ပန်းပဲဖိုတွေနဲ့ ပစ္စည်းကိရိယာတွေအားလုံးက မြေပြိုမှုမှာ ပျက်စီးသွားခဲ့ပါပြီ။ တကယ်လို့ ပစ္စည်းတွေ ရှိနေဦးတော့ သူတို့ရွာကို မပြင်ခင်မှာ လူပုနိုင်ငံတော်ရဲ့ တံတိုင်းတွေကို အရင်ဆုံး ပြန်ပြင်ဖို့အတွက် အတင်းအကျပ် စေခိုင်းခံရမှာ အသေအချာပါပဲ။
တခြားရွေးချယ်စရာ မရှိတော့တဲ့အဆုံး အမျိုးသားတွေအားလုံးဟာ နိုင်ငံပြင်ပမှာ ပိုကောင်းတဲ့ နေရာတစ်ခုကို ရှာဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ ဒီလူပုအုပ်စုက နိုင်ငံရဲ့ အစွန်အဖျားမှာ နောက်ထပ်ရွာတစ်ရွာ ရှိသေးတာကို သိနေတာကြောင့် အကူအညီရမလားဆိုပြီး အဲဒီရွာဆီကို လာခဲ့ကြတာပေါ့။ ဒါပေမဲ့ ပျက်စီးနေတဲ့ ရွာရဲ့ အကြွင်းအကျန်တွေကို မြင်ရမယ့်အစား တောင်ကြားအလယ်မှာ ဘာမှမရှိတဲ့ ကွက်လပ်ကြီးတစ်ခုကိုပဲ တွေ့လိုက်ရတယ်။ မြေပြိုမှုက ဒီနေရာကို မထိခိုက်ခဲ့သလိုပဲ ဘာအပျက်အစီးမှ ရှိမနေပါဘူး။
“လူပုဘုရင်က ဒီရွာကို လာရှင်းခိုင်းလိုက်တာလား” လို့ လူပုတစ်ယောက်က မေးလိုက်တယ်။
“မဟုတ်ဘူးလေ... သူက မြို့တော်က ကိစ္စတွေနဲ့တင် အလုပ်ရှုပ်နေတာ။ ပြီးတော့ ငါကြားတာတော့ အလုပ်သမား အားလုံးကို တံတိုင်းပြန်ဆောက်ဖို့ပဲ လွှတ်ထားတာတဲ့။ ဒီရွာကို လာရှင်းဖို့ လူအင်အား မရှိလောက်ပါဘူး” လို့ နောက်တစ်ယောက်က ပြန်ဖြေလိုက်တယ်။
အုပ်စုရဲ့ နောက်ဘက်က လူပုတစ်ယောက်ကလည်း သူ့မျက်စိကို သူ မယုံနိုင်အောင် ဖြစ်နေရတယ်။
“ဒါက မဖြစ်နိုင်တာဗျာ” လို့ သူက မယုံကြည်နိုင်စွာ ပြောလိုက်တယ်။ “လွန်ခဲ့တဲ့ နှစ်ရက်ကတင် ငါ ဒီကို လာသေးတယ်... အဲဒီတုန်းက ရွှံ့တွေ၊ အပျက်အစီးတွေနဲ့ ပြည့်နေတုန်းပဲဟာ”
ကျန်တဲ့လူပုတွေကတော့ သူ့စကားကို မယုံကြပါဘူး။
“မင်း မူးမူးရူးရူးနဲ့ အရက်ကြောင်ကြောင်နေရတာလား။ အဲဒီလောက် အရှုပ်အထွေးတွေကို နှစ်ရက်တည်းနဲ့ ရှင်းပစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ” လို့ လူပုတစ်ယောက်က ပြောလိုက်တယ်။
“မဟုတ်ဘူး တကယ်ပြောတာဗျ... ငါလည်း သူနဲ့အတူ ပါတာပဲ၊ သူပြောတာ အမှန်ပဲ။ အဲဒီတုန်းက ရွာရဲ့ အကြွင်းအကျန်တွေတောင် ရှိနေသေးတာ။ အခုကျတော့ အားလုံးက ပျောက်သွားပြီ”
နောက်ထပ် လူပုတစ်ယောက်ကပါ သူမြင်ခဲ့တာကို ပြန်ပြောပြတော့မှ ကျန်တဲ့သူတွေက စတင် သံသယဝင်လာကြပါတယ်။ သူတို့ဟာ သူတို့နိုင်ငံရဲ့ အစွန်အဖျားမှာရှိတဲ့ ရွာလေး ဘာဖြစ်သွားလဲဆိုတာကို သိရဖို့အတွက် ဖြည်းဖြည်းချင်း ရှေ့ကို လျှောက်လာခဲ့ကြတယ်။
သူတို့ အနားကို ရောက်သွားတဲ့အခါမှာတော့ အဲဒါကို မြင်လိုက်ရပါပြီ။ တောင်နှစ်လုံးကြားမှာ ခန့်ညားထည်ဝါစွာ ရပ်တည်နေတဲ့ ဖြူဖွေးဖွေးအရောင်ရှိတဲ့ ဆယ်မီတာအမြင့် တံတိုင်းကြီးပါပဲ။ သူတို့ မျက်စိကို သူတို့ မယုံနိုင်အောင် ဖြစ်သွားကြတယ်။ မြေပြိုမှုဒဏ်တွေ ရှင်းလင်းသွားရုံတင် မဟုတ်ဘဲ ဧရာမ တံတိုင်းကြီးကလည်း ဘယ်ကမှန်းမသိ ဘွားခနဲ ပေါ်လာတာကိုး။
သူတို့ရဲ့ စိတ်ထဲမှာတော့ ဒါဟာ လူပုနတ်ဘုရားတစ်ပါး ဆင်းသက်လာပြီး သူတို့ကို သနားလို့ ဒီတံတိုင်းကြီးကို ဆောက်ပေးသွားတာပဲလို့ သဘာဝလွန် အကြောင်းပြချက်တွေနဲ့ တွေးတောနေကြပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ဘယ်လူသား၊ ဘယ်လူပု၊ ဘယ်သတ္တဝါမှ ဒီလောက် ခမ်းနားတဲ့ အဆောက်အအုံကို နှစ်ရက်တည်းနဲ့ မဆောက်နိုင်ဘူးလေ။ အဲဒါက တကယ့်ကို အဓိပ္ပာယ်မရှိတာ။
အဲဒီအချိန်မှာပဲ လူပုတစ်ယောက်က တံတိုင်းအနားက ရိုးရှင်းတဲ့ သစ်သားအိမ်လေးတစ်လုံးကို မြင်လိုက်ရတယ်။ ဘေးနားမှာ မီးဖိုထားတာကို ကြည့်ခြင်းအားဖြင့် အဲဒီအိမ်မှာ လူရှိနေမှန်း သူတို့ သိလိုက်ရတာပေါ့။ သူတို့ ဖြည်းဖြည်းချင်း အနားကို ချဉ်းကပ်သွားတဲ့အခါ မီးဖိုမှာ အသားကင်နေပြီး ခွက်တစ်ခုနဲ့ တစ်ခုခုကို သောက်နေတဲ့ လူပုတစ်ယောက်ကို တွေ့လိုက်ရတယ်။
အနားရောက်သွားတဲ့အခါမှာတော့ အများစုက အဲဒီလူပုကို မှတ်မိသွားကြပါတယ်။
“သရိန်း... ဒါ မင်းလား” လို့ တစ်ယောက်က မေးလိုက်တယ်။
သရိန်းက သူတို့ကို စောင့်နေတာ ကြာပြီဖြစ်တဲ့အတိုင်း အားလုံးကို နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။
“အေး... ငါပါပဲ။ လာကြ... အထဲဝင်ပြီး အနားယူကြဦး” လို့ သရိန်းက ပြောလိုက်တယ်။
လူပုတွေအားလုံး အိမ်ထဲကို ဝင်လိုက်ကြပြီး သူတို့ရွာ ဘာဖြစ်သွားတာလဲဆိုတာကို ချက်ချင်းပဲ ဝိုင်းမေးကြပါတော့တယ်။
“ဘာတွေဖြစ်နေတာလဲဆိုတာ ငါတို့ကို ရှင်းပြပါဦး။ ဘာလို့ မင်းတို့ရွာက အစအနတောင် မကျန်ဘဲ ပျောက်သွားတာလဲ။ တခြားသူတွေကော ဘယ်ရောက်ကုန်ပြီလဲ။ ပြီးတော့ အဲဒီ ကျောက်တံတိုင်းကြီးက ဘယ်က ရောက်လာတာလဲ”
အဲဒီအခါမှာ သရိန်းက ပြုံးလိုက်ပြီး သူ့ဆီမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် ရှင်းပြပါတော့တယ်။ သူ မိုက်ကယ်နဲ့ ဘယ်လိုဆုံခဲ့ပုံ၊ အဲဒီလူသားက သူတို့အားလုံးကို ခြောက်သွေ့လွင်ပြင်မှာရှိတဲ့ သူ့ရွာဆီကို ဘယ်လို ဖိတ်ခေါ်ခဲ့ပုံတွေကို တစ်ခုမကျန် ပြောပြလိုက်တယ်။ သူက ဘာမှ မကွယ်ဝှက်ဘဲ အမှန်အတိုင်းပဲ ပြောပြခဲ့တာပါ။
ဘာပဲဖြစ်ဖြစ် သူ ဒီနေရာမှာ တစ်ယောက်တည်း ကျန်နေခဲ့ရတဲ့ အဓိက အကြောင်းရင်းကလည်း ဒီလို ဆုံတွေ့မှုမျိုးအတွက်ပဲ မဟုတ်လား။ သူက မိုက်ကယ်ရဲ့ ရွာမှာ လာနေဖို့အတွက် နောက်ထပ် လူပုတွေကို ထပ်ပြီး ဖိတ်ခေါ်ချင်နေတာလေ။
* * * * * * * * *
စာစဉ်(၇)