← Chapters

အခန်း (၈၃-၈၄)

Vol. 7 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 7 Ch. 83-84

အခန်း(၈၃)

“အဲဒီလိုနေရာမျိုး တကယ်ပဲ ရှိလို့လား။ ဖြစ်နိုင်ခြေ မရှိတာတွေ ပြောနေပြန်ပြီ”

“ပြီးတော့ ဒီတံတိုင်းကြီးကို နှစ်ရက်တည်းနဲ့ ဆောက်လိုက်တယ် ဟုတ်လား။ မဖြစ်နိုင်တာ...”

“သရိန်း... မင်း စိတ်ကော မှန်ရဲ့လား။ မြေပြိုတဲ့ ဘေးအန္တရာယ်ကြီးက မင်းရဲ့ စိတ်ပိုင်းဆိုင်ရာတွေကိုများ ထိခိုက်သွားစေတာလား”

လူပုတွေကတော့ ခြောက်သွေ့လွင်ပြင်ထဲက မိုက်ကယ်ရဲ့ရွာအကြောင်း သရိန်း ပြောပြတာကို လုံးဝ မယုံကြည်နိုင်ကြပါဘူး။ ဒီလို နိဗ္ဗာန်ဘုံတစ်ခုက လက်တွေ့ထက်စာရင် အိပ်မက်တစ်ခုနဲ့ ပိုတူနေတာကိုး။

“တကယ်လို့ ငါပြောတာတွေကသာ အမှားဆိုရင် မင်းတို့လည်း ဒီရွာမှာ ဆောက်ထားတဲ့ တံတိုင်းကြီးကို မြင်ယောင်နေတာပဲ ဖြစ်ရမယ်။ ငါပြောသမျှ အရာအားလုံးက ငါတို့လူပုတွေရဲ့ သွေးထဲမှာ အရက်ရှိနေတယ်ဆိုတဲ့ အမှန်တရားထက်တောင် ပိုပြီး မှန်ကန်နေဦးမယ်” လို့ သရိန်းက အခိုင်အမာ ပြောလိုက်ပါတယ်။

လူပုတွေဟာ သံသယရှိနေကြပေမဲ့လည်း လောလောဆယ်တော့ သရိန်းရဲ့စကားကို ယုံကြည်ပေးလိုက်ပြီး ဒီမှော်ဆန်တဲ့ နိဗ္ဗာန်ဘုံကို ကိုယ်တိုင်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ တကယ်လို့ ဒါက သရိန်းရဲ့ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်နေမယ်ဆိုရင်တော့ သူ့ရဲ့ ဝေဒနာကို ကုသပေးဖို့ ကြိုးစားကြရမှာပေါ့။

“ငါတို့ကို အဲဒီ ကန္တာရထဲက အိုအေစစ်ဆီ ခေါ်သွားပါဦး” လို့ လူပုတွေက ပြောကြပါတယ်။

သရိန်းကတော့ ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။ သူတို့သာ အဲဒီရွာကို ကိုယ်တိုင်မြင်လိုက်ရရင် ရွာရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ယဉ်ကျေးမှုတွေကို ချက်ချင်း စွဲလန်းသွားကြမှာ သူ ရာနှုန်းပြည့် သေချာနေတာကိုး။

တကယ်တော့ သရိန်းဟာ ရွာမှာ ပျော်ရွှင်မှုတွေကို ခံစားနေရပေမဲ့ စိတ်ထဲမှာတော့ အပြစ်မကင်းသလို စတင် ခံစားနေရတာပါ။ စားစရာလည်းမရှိ၊ အလုပ်လုပ်ဖို့ တူတစ်လက်တောင် မကျန်တော့တဲ့ မြေပြိုမှုဒဏ်သင့် လူပုတွေ အများကြီး ရှိနေသေးတာကို သူ သိနေတာလေ။ သူတို့တွေပဲ ဘီယာသောက်၊ ဘေ့စ်ဘောကစားပြီး ဘဝရဲ့ ပျော်ရွှင်မှုလေးတွေကို ခံစားနေရတာက တရားမမျှတဘူးလို့ သူ ခံစားနေရပါတယ်။

“ခြောက်သွေ့လွင်ပြင်ဆီကို ငါတို့ ချက်ချင်းပဲ သွားကြရအောင်။ ခရီးက တစ်လလောက် ကြာမှာဆိုတော့” လို့ လူပုတွေက ပြောကြတယ်။

ဒါပေမဲ့ သရိန်းကတော့ ရွာကိုသွားဖို့ ပိုကောင်းပြီး ပိုမြန်တဲ့ နည်းလမ်းရှိတာကို သိနေတာပေါ့။

သူက သူ့ခြေထောက်အောက်က အရိပ်ကို ငုံ့ကြည့်လိုက်ပြီး “ဘီတယ်ဂျုစ်... ဘီတယ်ဂျုစ်... ဘီတယ်ဂျုစ်” လို့ တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

ရုတ်တရက်ဆိုသလို ခရမ်းရောင် စလိုင်းမ်နဲ့ လုပ်ထားတဲ့ ဖောင်းဖောင်းကားကား ပုံရိပ်တစ်ခုက သူ့အရိပ်ထဲကနေ ထွက်ပေါ်လာပြီး မိုက်ကယ်ရဲ့ သစ္စာရှိ ဖာ့ဂျ် အသွင်ကို ယူလိုက်ပါတယ်။

“ငါ့ကို ခေါ်လိုက်တာလား သရိန်းစံ” လို့ ဖာ့ဂျ်က မေးလိုက်တယ်။

ဖာ့ဂျ်က အန်နီမေးတွေရဲ့ လွှမ်းမိုးမှုကို အများကြီး ခံထားရတာကြောင့် သူ့ကို ဖာ့ဂျ်ဒိုနို ဒါမှမဟုတ် ဖာ့ဂျ်ကွန်း လို့ပဲ အခေါ်ခံချင်နေတာပါ။ သရိန်းကလည်း ဒီစလိုင်းမ်လေးကို လေးစားတာကြောင့် သူ့ရဲ့ တောင်းဆိုချက်ကို အမြဲတမ်း လိုက်လျောပေးလေ့ ရှိပါတယ်။

“ငါတို့ကို ရွာအထိ ပို့ပေးဖို့ ကားတွေ လိုချင်လို့ပါ” လို့ သရိန်းက ပြောရင်း တခြားလူပုတွေကို ဖာ့ဂျ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

“ရပါတယ် အခုပဲ လွှတ်လိုက်ပါ့မယ်”

ဖာ့ဂျ် ပြောလိုက်တဲ့အတိုင်းပါပဲ၊ နာရီပိုင်းအတွင်းမှာတင် မြင်းမပါတဲ့ ကားတွေက တံတိုင်းရဲ့ တစ်ဖက်ခြမ်းကို ရောက်လာကြပါတယ်။ လူပုတွေဟာ သရိန်း ပထမဆုံး မြင်ခဲ့ရတုန်းကလိုပဲ မြင်းမပါတဲ့ ရထားလုံးဆိုတဲ့ စကားက အမှန်တကယ် ဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါ အံ့ဩမှင်သက်သွားကြပါတော့တယ်။

“မင်းတို့ အံ့ဩရမှာတွေက ဒီမှာတင် မဆုံးသေးဘူး။ ရွာကိုရောက်ရင် ဒါထက် ပိုပြီး အံ့ဩစရာတွေ ရှိသေးတယ်” လို့ သရိန်းက စကားမပြောနိုင်လောက်အောင် ဖြစ်နေတဲ့ လူပုတွေကို ပြောလိုက်တယ်။

သူက သူတို့ကို ကားပေါ်တက်ဖို့ ကူညီပေးပေမဲ့ သူကိုယ်တိုင်တော့ လိုက်မသွားပါဘူး။ သရိန်းက တခြားလူပုတွေကို ရွာအကြောင်း သတင်းဖြန့်နိုင်ဖို့အတွက် တံတိုင်းနားမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရွာကို ရောက်တဲ့အခါမှာတော့ လူပုသစ်တွေကို ရွာမှာ အခြေချနေထိုင်နေကြတဲ့ လူပုတွေက နွေးထွေးစွာ ကြိုဆိုကြပါတယ်။

ပထမဆုံးအနေနဲ့ သူတို့ကို ယာယီတည်းခိုဖို့ ကိုယ်ပိုင်အိမ်တွေ ပေးပါတယ်။ အဲဒီအိမ်တွေမှာ ရေပိုက်စနစ်ရော လျှပ်စစ်မီးပါ အကုန် တပ်ဆင်ထားတာပေါ့။

သူတို့ နေရာတကျ ဖြစ်သွားတဲ့အခါမှာတော့ လူပုအသစ်တွေကို ရွာထဲမှာ ရှိတာတွေအကုန် လိုက်ပြပါတယ်။ စိုက်ခင်းတွေ၊ တည်းခိုဆောင်တွေ၊ အများသုံး ရေပူစမ်းတွေနဲ့ အရေးကြီးဆုံးဖြစ်တဲ့ လူပုတွေနဲ့ ဟော့ဘ်မျောက်လူတွေ ကစားနေကြတဲ့ ဘေ့စ်ဘော ကွင်းပြင်တွေကိုပါ လိုက်ပြတာပါ။

လူပုတွေကလည်း သူတို့ဘာသာ လူပု မိုင်းလုပ်သားများလို့ အမည်ရတဲ့ ဘေ့စ်ဘောအသင်းတစ်ခု ချက်ချင်းဖွဲ့လိုက်ကြပြီး ရွာမှာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ကြောင်း သက်သေပြလိုက်ကြတယ်။ သူတို့ရဲ့ အရပ်ပုတဲ့ အားသာချက်ကြောင့် သူတို့နဲ့ ဘောလုံးပစ်ရတာက ပစ်သူတွေအတွက် တော်တော်လေး ခက်ခဲစေတာကိုး။

“အာ... ကောင်းတယ်... လူသစ်တွေ ရောက်လာပြီ” လို့ လူပုအသင်းခေါင်းဆောင်က ပြောလိုက်ပါတယ်။

“လာကြ... ငါတို့နဲ့အတူ အသွေးအသား နွေးအောင် လာလုပ်ကြဦး။ ဒီတစ်ခါတော့ စားဖိုဆောင်အဖွဲ့ကို အနိုင်ကစားရမယ်”

ရွာရဲ့ ယဉ်ကျေးမှုထဲမှာ တစ်ရက်လောက် နှစ်မြှုပ်လိုက်ပြီးတဲ့နောက်မှာတော့ သရိန်းပြောခဲ့တဲ့ 'ဒီနေရာဟာ ကမ္ဘာပေါ်မှာ နေထိုင်ဖို့ အကောင်းဆုံးနေရာ' ဆိုတဲ့ စကားကို သူတို့ ချက်ချင်း သဘောပေါက်သွားကြပါတယ်။ ဒီရွာမှာ အိမ်၊ ရေ၊ လျှပ်စစ်၊ အစားအစာနဲ့ အသက်ရှင်ဖို့ လိုအပ်သမျှ အရာအားလုံးက အခမဲ့ပါပဲ။ ဒါက သူတို့အတွက် နောက်တစ်နပ် ဘယ်မှာရှာရမလဲဆိုတာ ပူစရာမလိုဘဲ ဘဝကို အပြည့်အဝ ပျော်ရွှင်နိုင်စေတာပေါ့။

အကောင်းဆုံးအချက်ကတော့ ဒီရွာကို နိဗ္ဗာန်ဘုံတစ်ခုလို ဖြစ်နေအောင် လူတိုင်းက အတူတကွ ပူးပေါင်းလုပ်ဆောင်ကြတာပါပဲ။ ဒီရွာကို အိမ်လို သဘောထားတဲ့ လူပုတွေ အပါအဝင် လူတိုင်းဟာ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို တစ်ထောင့်တစ်နေရာကနေ ပါဝင်ဖြည့်ဆည်းကြပါတယ်။ ပန်းပဲပညာ၊ လက်မှုပညာ ဒါမှမဟုတ် ဘီယာချက်တာပဲဖြစ်ဖြစ် လူတိုင်းမှာ လုပ်ရမယ့် အလုပ်ကိုယ်စီ ရှိကြပါတယ်။

လူပုတစ်ယောက်ဆိုရင် ညဘက်မှာ လူတိုင်း အရက်သောက်နိုင်ဖို့အတွက် အရက်ဆိုင်တစ်ဆိုင် တည်ဆောက်ဖို့တောင် စိတ်ကူးရခဲ့ပါသေးတယ်။ မိုက်ကယ်ရဲ့ ခွင့်ပြုချက်နဲ့အတူ အဲဒီလူပုဟာ ခုန်းနဲ့ တခြားသူတွေရဲ့ အကူအညီကို ယူပြီး လူပုတွေရဲ့ လက်ရာအနည်းငယ် ပါဝင်တဲ့ ယဉ်ကျေးမှုနှစ်ခု ပေါင်းစပ်ထားတဲ့ အရက်ဆိုင် ဒီဇိုင်းတစ်ခုကို ဖန်တီးလိုက်ပါတယ်။

ဒီအရက်ဆိုင်ဟာ ညဘက်မှာ လူတိုင်း စုဝေးရာနေရာ ဖြစ်လာပြီး ဘေ့စ်ဘောပွဲတုန်းက တစ်ယောက်ရဲ့ အမှားတွေကို တစ်ယောက်က နောက်ပြောင်ရင်း သောက်စားကြတာပေါ့။

“ငါ့မိဘတွေသာ သိရင် ငါ့ကို ကန်ထုတ်မှာ သေချာပေမဲ့... ငါ့အထင်တော့ ဘီယာက အရက်ထက်တောင် ပိုပြီး အရသာရှိနေသလိုပဲ”

“မင်းသိလား... ဒီအေးစက်နေတဲ့ ဘီယာကို မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ငါလည်း မင်းကို ထောက်ခံရတော့မယ် ထင်တယ်”

“ဒါမှ ဘဝကွ... ဘေ့စ်ဘော ကစားလိုက်၊ အေးစက်နေတဲ့ ဘီယာလေး သောက်လိုက်နဲ့” လို့ တခြားလူပုတွေလောက် မုတ်ဆိတ်မွှေး မထူတဲ့ လူပုတစ်ယောက်က ပြောလိုက်ပါတယ်။

“မင်းကတော့ ပြောမှာပေါ့ ဘောဒရစ်ရဲ့... မင်း ဒီကို ရောက်နေတာ နှစ်ရက်ရှိပြီဖြစ်ပေမဲ့ ဒီရွာအတွက် ဘာမှ ပါဝင်ကူညီတာ မရှိသေးဘူး” လို့ သူ့သူငယ်ချင်း လူပုက နောက်လိုက်တာကြောင့် လူပုတွေနဲ့ ဟော့ဘ်မျောက်လူတွေ အားလုံး တဟားဟား ရယ်မောလိုက်ကြပါတယ်။

“ငါလည်း ငါတော်တဲ့အရာကို လိုက်ရှာနေတာပါ” လို့ ဘောဒရစ်က ပြန်ရှင်းပြဖို့ ကြိုးစားပါတယ်။

“ဒါပေမဲ့ ငါ့မှာ ဒီဘီယာသောက်တာကလွဲရင် တခြား ဘာပါရမီမှ မရှိဘူး ဖြစ်နေတယ်”

အဲဒီအချိန်မှာပဲ လူပုတစ်ယောက်ရဲ့ ခေါင်းထဲမှာ စိတ်ကူးတစ်ခု ရသွားပါတယ်။

“တကယ်လို့ မင်းက ဒီဘီယာတွေကို လူပုနိုင်ငံတော်ထဲမှာ လိုက်ရောင်းတဲ့သူ ဖြစ်လာရင်ကော”

* * * * * * * * *

စာစဉ်(၇)

အခန်း(၈၄)

ဘောဒရစ်က စားပွဲကိုတောင် တိုက်မိမတတ် ဝုန်းခနဲ ထရပ်လိုက်ပြီး သူ့ရှေ့က သောက်စရာတွေလည်း ဖိတ်စင်ကုန်တော့တာပေါ့။

“မင်းပြောတာ မှန်တယ်... ဒီဘီယာက ငါတို့နိုင်ငံတော်ထဲမှာ သေချာပေါက် နာမည်ကြီးမှာ။ ငါသိတဲ့ သောက်ဖော်သောက်ဖက်တွေအကုန်လုံးကိုသာ ဒီဘီယာ လိုက်ရောင်းနိုင်ရင် ဒီရွာအတွက် ပိုက်ဆံတွေ အများကြီး ရှာပေးနိုင်မှာပဲ”

ဒီလူပုက အချိန်ဆွဲမနေတော့ဘဲ ညဉ့်နက်သန်းခေါင်ကြီးမှာတင် မိုက်ကယ်ရဲ့ အိမ်ဆီကို ချက်ချင်း သွားပါတော့တယ်။ ကံကောင်းတာက မိုက်ကယ်က သူ့ရဲ့ စီမံကိန်းတစ်ခုနဲ့ အလုပ်ရှုပ်နေတာကြောင့် မအိပ်သေးဘဲ နိုးနေတာပါ။ သူက လူပုကို ကြိုဆိုလိုက်ပြီး သူ့ရဲ့ အကြံပြုချက်ကို နားထောင်ပေးလိုက်တယ်။

“ဟင်း... မင်းက လူပုနိုင်ငံတော်ထဲမှာ ဘီယာ လိုက်ရောင်းချင်တာလား။ ငါသိထားသလောက်တော့ ပြင်ပစီးပွားရေး လုပ်ငန်းမှန်သမျှ တားမြစ်ထားတာ မဟုတ်လား” လို့ မိုက်ကယ်က မေးလိုက်တယ်။

လူပုနိုင်ငံတော်ဟာ ဘယ်ကုန်သည်ကိုမှ ပေးမဝင်ဘူးဆိုတာ လူတိုင်းသိတဲ့ အချက်ပါ။ သူသိရသလောက်တော့ ဩဇာကြီးမားလှတဲ့ အိုင်းဇ် ဗန်ဒါဘစ် တောင်မှ အဲဒီတားမြစ်ချက်ကို မဖောက်ဖျက်နိုင်ခဲ့ပါဘူး။

“ဟုတ်ကဲ့ သခင်။ ဒါပေမဲ့ အမြဲတမ်းတော့ ချွင်းချက်ရှိတာပေါ့။ နိုင်ငံတော်ထဲမှာ တရားမဝင် ပစ္စည်းတွေကို အရောင်းအဝယ်လုပ်တဲ့ မှောင်ခိုဈေးကွက် ရှိပါတယ်။ အဲဒီမှာ လူပုတွေက နိုင်ငံပြင်ပက ပစ္စည်းတွေကို ပြန်ရောင်းကြတာပါ” လို့ ဘောဒရစ်က ရှင်းပြလိုက်တယ်။

မိုက်ကယ်က ခဏလောက် စဉ်းစားလိုက်တယ်။

“မင်း ဒါကို တကယ်လုပ်နိုင်မယ်လို့ သေချာရဲ့လား”

ဘောဒရစ်က ဂုဏ်ယူဝင့်ကြွားစွာနဲ့ သူ့ရင်ဘတ်ကို သူ ပုတ်ပြလိုက်ပြီး “ကျွန်တော်က မှောင်ခိုဈေးကွက်အကြောင်း အကုန်သိပါတယ် သခင်။ လူပုအများစုလိုပဲ ကျွန်တော်လည်း အရသာရှိတဲ့ အရက်တွေ လိုက်ရှာရင်း အဲဒီကို ခဏခဏ ရောက်ဖူးတာ။ ဒီဘီယာသာဆိုရင် အဲဒီအသိုင်းအဝိုင်းထဲမှာ သေချာပေါက် ပေါက်သွားမှာဗျ”

မိုက်ကယ်က ဒါဟာ ကောင်းတဲ့ အကြံဉာဏ်တစ်ခုလို့ တွေးလိုက်တယ်။ သူက ရီနေးတား ကုမ္ပဏီကို လူပုနိုင်ငံတော်ထဲအထိ ဘယ်လိုချဲ့ထွင်ရမလဲဆိုတာ တစ်ချိန်လုံး စဉ်းစားနေခဲ့တာလေ။ ဒါပေမဲ့ ကက်စတယ်လာက လူသားတစ်ယောက် ဖြစ်နေတာကြောင့် နိုင်ငံနားတောင် မကပ်နိုင်ခင်မှာတင် အဝင်မခံဘဲ အငြင်းခံရမှာမို့ ခက်ခဲနေတာပါ။

ဒါပေမဲ့ ဘောဒရစ်လို အတွင်းလူတစ်ယောက်သာ ရှိမယ်ဆိုရင်တော့ ခိုးဝင်ဖို့အတွက် စိတ်ပူစရာ မလိုတော့ပါဘူး။ သူတို့တွေဟာ လူပုနိုင်ငံတော်ထဲကို ဘီယာတွေ ရောင်းနိုင်ရုံတင်မကဘဲ တခြား ရီနေးတား ထုတ်ကုန်တွေအတွက်ပါ လမ်းစပွင့်သွားမှာ ဖြစ်ပါတယ်။

“မင်းရဲ့ စိတ်ကူးက တကယ့်ကို ကောင်းတယ်” လို့ မိုက်ကယ်က သူ့ကို ချီးကျူးလိုက်တယ်။

“ငါ မင်းကို ကက်စတယ်လာ၊ အန်နီ၊ လော့လိုတို့နဲ့ ပူးပေါင်းပြီး ဒါကို လုပ်စေချင်တယ်။

ကက်စတယ်လာက ဘီယာတွေကို သယ်ယူရလွယ်ကူတဲ့ ဖန်ပုလင်းတွေနဲ့ ထုပ်ပိုးဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ ဝယ်ယူတဲ့နေရာမှာ ကူညီပေးလိမ့်မယ်။ ဘီယာလုပ်ဖို့အတွက် မုယောစပါးတွေ ပိုလိုမှာဆိုတော့ အန်နီက စိုက်ခင်းတွေ ချဲ့ထွင်တဲ့နေရာမှာ ကူညီပေးလိမ့်မယ်။ လော့လိုကတော့ ဘီယာချက်တာ၊ ထုပ်ပိုးတာနဲ့ နိုင်ငံတော်ကို သယ်ယူပို့ဆောင်တဲ့နေရာမှာ ကူညီပေးမယ့် အလုပ်သမားတွေကို စီစဉ်ပေးလိမ့်မယ်။

ဘီယာတွေ နိုင်ငံတော်ထဲ ရောက်သွားတဲ့အခါမှာတော့ မင်းက ရောင်းချတဲ့အပိုင်းကို တာဝန်ယူရမယ်။ တကယ်လို့ တခြားလူပုတွေရဲ့ အကူအညီ လိုမယ်ဆိုရင်လည်း သူတို့ကို အကူအညီ တောင်းနိုင်တယ်”

လူပုနိုင်ငံတော်ကို ဘီယာ လိုက်ရောင်းရတော့မယ်ဆိုတဲ့ အတွေးနဲ့တင် ဘောဒရစ်က စိတ်လှုပ်ရှားလာပါတော့တယ်။ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ် ရရှိတဲ့ ကြီးမားတဲ့ တာဝန်တစ်ခုဖြစ်ပေမဲ့ မိုက်ကယ်က သူ့ရဲ့ အရည်အချင်းကို ဘာမှ သံသယမရှိဘဲ ယုံကြည်အပ်နှံခဲ့တာပါ။

သူက မိုက်ကယ်ကို အလေးပြုလိုက်ပြီး “ကျွန်တော် ဒါကို သေချာပေါက် အောင်မြင်အောင် လုပ်ပြပါ့မယ် သခင်” လို့ ပြောလိုက်တယ်။ သူ အခန်းထဲက ထွက်ခါနီးမှာပဲ တစ်ခုခုကို သတိရသွားပါတယ်။

“ဪ... ဒါနဲ့ သခင်။ ဒီဘီယာတွေကို ဘာနဲ့ လဲလှယ်စေချင်လဲ” လို့ သူက မေးလိုက်တယ်။

မိုက်ကယ်က အဲဒီမေးခွန်းကြောင့် နည်းနည်း ဇဝေဇဝါ ဖြစ်သွားတယ်။ “လူပုနိုင်ငံတော်ကလည်း ရွှေဒင်္ဂါးတွေကိုပဲ ငွေကြေးအဖြစ် သုံးတာ မဟုတ်ဘူးလား”

“ဟုတ်ကဲ့ သခင်။ ဒါပေမဲ့ မှောင်ခိုဈေးကွက်က အလုပ်လုပ်ပုံ နည်းနည်း ကွာခြားတယ်။ အဲဒီမှာ ရောင်းတဲ့ အရာအများစုက ပြင်ပကမ္ဘာက ပစ္စည်းတွေ ဖြစ်နေတာကြောင့် လူပုတွေက ရွှေဒင်္ဂါးတွေအစား ပစ္စည်းချင်း ဖလှယ်တဲ့ စနစ်ကိုပဲ သုံးကြတာ။

တချို့က ကျောက်မျက်ရတနာတွေ၊ အဆင်တန်ဆာတွေ၊ လက်နက်တွေ ဒါမှမဟုတ် ကျောက်ထွင်းလက်ရာတွေနဲ့ လဲကြတယ်။ ဒါပေမဲ့ မှောင်ခိုဈေးကွက်မှာ လူကြိုက်အများဆုံးကတော့ ကမ္ဘာပေါ်က လူတိုင်း လိုချင်တောင့်တကြတဲ့ အရာတစ်ခုပဲ။

ဥပမာအားဖြင့် အယ်လ်ဖ်ယမကာကိုဆိုရင် ကျွန်တော်တို့ လူပုတွေပဲ ထုတ်လုပ်နိုင်တဲ့ ဒမတ်စကတ်လို့ခေါ်တဲ့ သတ္တုနဲ့ လဲကြတယ်။ အဲဒီ ဒမတ်စကတ် သံမဏိက ပြင်ပကမ္ဘာမှာ အင်မတန် တန်ဖိုးကြီးတာကြောင့် လူပုတွေက တခြားယဉ်ကျေးမှုတွေဆီမှာ ရွှေတွေအများကြီးနဲ့ ပြန်ရောင်းကြတာ။ ဒါက လူပုတွေ မှောင်ခိုဈေးကွက်ကနေ အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ အကြောင်းရင်းပဲပေါ့” လို့ ဘောဒရစ်က ရှင်းပြလိုက်ပါတယ်။

“ဒမတ်စကတ် ဟုတ်လား” လို့ မိုက်ကယ်က ဒီသတ္တုအသစ်ကို စိတ်ဝင်တစားနဲ့ မေးလိုက်တယ်။

“ဒီသတ္တုက ကျွန်တော်တို့ လူပုတွေရဲ့ အထူးထုတ်ကုန်ပဲပေါ့” လို့ ဘောဒရစ်က ဂုဏ်ယူတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။

“ဒါက သံမဏိ ဒါမှမဟုတ် သံထက်တောင် ပိုပြီး ပေါ့ပါးပေမဲ့ ကမ္ဘာပေါ်မှာ အခိုင်ခံ့ဆုံး ပစ္စည်းပဲ။ သူ့မှာ တခြား ထူးခြားတဲ့ ဂုဏ်သတ္တိတွေလည်း အများကြီး ရှိတာကြောင့် ကမ္ဘာပေါ်မှာ လိုချင်တောင့်တဆုံး ပစ္စည်းတွေထဲက တစ်ခု ဖြစ်နေတာပေါ့”

မိုက်ကယ်ရဲ့ ဦးနှောက်ကလည်း သူ့ရဲ့ တီထွင်မှုတွေအားလုံးကို ဒီ ဒမတ်စကတ် သံမဏိတွေနဲ့ အားဖြည့်လိုက်ရင် ဘယ်လိုနေမလဲဆိုတာကို ချက်ချင်း မြင်ယောင်လာပါတော့တယ်။ တကယ်လို့ ဒမတ်စကတ် သံမဏိက ဘောဒရစ် ပြောသလောက်သာ ကောင်းမယ်ဆိုရင် သူ အရင်က မဖန်တီးနိုင်ခဲ့တဲ့ တီထွင်မှုအသစ်တွေ အများကြီးကို ဖန်တီးနိုင်တော့မှာပါ။

“မင်း လဲနိုင်သလောက် ဒမတ်စကတ် သံမဏိတွေကို ယူလာခဲ့ပါ” လို့ မိုက်ကယ်က ဘောဒရစ်ကို ပြောလိုက်တယ်။

ဘီယာနဲ့လဲပြီး ဒမတ်စကတ် သံမဏိကို ရယူတာကတော့ ဒီအခြေအနေမှာ အကောင်းဆုံး အပေးအယူပါပဲ။ အဲဒီသံမဏိက ရွှေဒင်္ဂါးတွေထက်တောင် ပိုပြီး တန်ဖိုးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သူက ရီနေးတား ထုတ်ကုန်တွေကို ကမ္ဘာအနှံ့ ရောင်းပြီး ရွှေတွေကို ကြိုက်သလောက် ရှာနိုင်ပေမဲ့ ဒမတ်စကတ်ကိုတော့ လူပုနိုင်ငံတော်ကပဲ ရနိုင်တာကိုး။ ပြီးတော့ သူက အဲဒီ ဒမတ်စကတ် သံမဏိကိုပဲ ရီနေးတား ထုတ်ကုန်တစ်ခုအနေနဲ့ ပြန်ရောင်းလို့လည်း ရသေးတယ်လေ။

“စိတ်ချပါ သခင်။ ကျွန်တော် ရသလောက် ဒမတ်စကတ် သံမဏိတွေကို အများဆုံး ရအောင် လဲလာခဲ့ပါ့မယ်”

ရက်အနည်းငယ် ကုန်ဆုံးသွားတဲ့အခါမှာတော့ လူပုတွေ တစ်သုတ်ပြီးတစ်သုတ် ရွာကို ရောက်လာကြပါတယ်။ သရိန်းကတော့ လူပုနိုင်ငံတော်မှာ လူစုပေးသူတစ်ယောက်လို ဖြစ်နေပြီး မြေပြိုမှုဒဏ်သင့် ရွာသားတွေအားလုံးကို ခြောက်သွေ့လွင်ပြင်မှာ လုံခြုံတဲ့ ခိုလှုံရာတစ်ခု ရှိကြောင်း လိုက်ပြောပေးနေတာပေါ့။

သူတို့ထဲက အများစုဟာ မြေပြိုမှုမှာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေအကုန် ဆုံးရှုံးခဲ့ရတာကြောင့် ဒီအခွင့်အရေးကို အရဲစွန့်ပြီး ယူခဲ့ကြတာပါ။ ဖြည်းဖြည်းချင်းပဲ ရွာရဲ့ လူဦးရေက ပိုပြီး များပြားလာပြီး အပြင်ဘက်ကိုပါ ပိုပြီး ကျယ်ပြန့်လာပါတော့တယ်။

အဲဒီအတောအတွင်းမှာတော့ ဘောဒရစ်နဲ့ ဟော့ဘ်မျောက်လူတွေဟာ အခုအခါမှာ ‘ရီနေးတား ဘီယာ’လို့ အမည်ပြောင်းလိုက်တဲ့ ဘီယာတွေကို မရပ်မနား ထုတ်လုပ်ကြပါတယ်။ မိုက်ကယ်ကတော့ သယ်ယူပို့ဆောင်ရေးအတွက် ကားတွေကို ပိုပြီး ဖန်တီးပေးရတာပေါ့။ ကားတစ်စီးစီက ဘီယာသေတ္တာပေါင်း ရာနဲ့ချီပြီး တင်ဆောင်နိုင်ပါတယ်။

နောက်ဆုံးမှာတော့ ပထမဆုံး ဘီယာအသုတ်က ရွာကနေ ထွက်ခွာခဲ့ပြီး လူပုနိုင်ငံတော်ဆီကို ဦးတည်သွားပါတော့တယ်။ ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူတို့ဟာ တောင်တန်းတွေထဲမှာ ဝှက်ထားတဲ့ လျှို့ဝှက်ဂူတစ်ခုဆီကို ရောက်သွားကြပါတယ်။

ဒါကတော့ မှောင်ခိုဈေးကွက် ဖွင့်ထားတဲ့ နေရာပေါ့။ ဘောဒရစ်က ဂူထဲကို ဝင်လိုက်တဲ့အခါ စည်ကားနေတဲ့ ဈေးတန်းကြီးကို မြင်လိုက်ရတယ်။ လူပုတွေက ပြင်ပကမ္ဘာက ထုတ်ကုန်သစ်တွေကို ဝယ်ဖို့အတွက် ဝယ်သူတွေကို အော်ဟစ် ဆွဲဆောင်နေကြတာကြောင့် တစ်နေရာလုံး ဆူညံလို့ နေတာပေါ့။

ဒါပေမဲ့ ဘောဒရစ်ကတော့ သူတို့လို အော်ဟစ်နေမယ့်အစား စားပွဲလေးတစ်လုံး ချလိုက်ပြီး အေးစက်နေတဲ့ ဘီယာပုလင်းတစ်လုံးကို ထုတ်လိုက်တယ်။ အဲဒီနောက်မှာတော့ သူက ဘီယာကို ငြိမ်ငြိမ်လေး သောက်ရင်း အရသာခံနေပါတော့တယ်။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ တစ်ယောက်ယောက်က အစာကို လာဟပ်ပါပြီ။

“ညီအစ်ကို... မင်း အဲဒီမှာ သောက်နေတာက ဘာကြီးလဲ” လို့ လမ်းသွားလမ်းလာ လူပုတစ်ယောက်က စပ်စုချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်ပါတယ်။

“ဪ... ဒါလား” လို့ ဘောဒရစ်က ခွက်ထဲက အရည်တွေကို လှုပ်ပြရင်း ပြောလိုက်တယ်။ “ဒါကို ဘီယာ လို့ ခေါ်တယ်။ မင်းရော မြည်းကြည့်ချင်လား”

* * * * * * * * *

All Chapters