အခန်း (၈၉-၉၀)
Vol. 8 Ch. 89-90
အခန်း(၈၉)
လူပုဘုရင် ဟာ ကွင်းတစ်ခုလုံးကို နောက်ဆုံးတစ်ပတ် ပတ်ပြီးတဲ့နောက်မှာတော့ မောဟိုက်နွမ်းနယ်ပြီး မြေပြင်ပေါ်ကို ခွေခနဲ လဲကျသွားပါတော့တယ်။ သူက အသက်ကို လုရှူနေရပေမဲ့ သူ့ထက် အပတ်ရေ ပိုပတ်နေကြတဲ့ တခြားလူပုတွေကတော့ အသက်ရှူသံတောင် ပြင်းပြင်းထန်ထန် ထွက်မလာကြပါဘူး။ သူ့အတွက် အသက်နဲ့ရင်းရသလို ဖြစ်နေတဲ့ အခြေအနေက သူတို့အတွက်တော့ သွေးပူလေ့ကျင့်ခန်း လုပ်ရုံသက်သက်ပါပဲ။
"ဒီလောက်ပဲလား လူသစ်လေး"
"ဟားဟားဟား ရယ်ရတယ်ဗျာ ဘေ့စ်ဘော အကြောင်း ပြောရတာကတော့ လွယ်တာပေါ့ အခုတော့ ခင်ဗျား သိသွားပြီမလား"
"မနက်ဖြန်ကျရင်တော့ ခင်ဗျားရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို တိုးရလိမ့်မယ် ခင်ဗျားက ကစားပွဲ တစ်ဝက်တောင် မခံနိုင်ဘူးဘဲ"
လူပုတွေက ဘီရူး ကို ဆက်ဆံတဲ့နေရာမှာ တကယ့်ကို ရက်စက်ကြတာပါ သူတို့ ကစားပွဲတွေအတွက် ပုံမှန်လေ့ကျင့်တဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲမှန်သမျှကို သူ့ကိုလည်း အကုန် မြည်းစမ်းခိုင်းတာပေါ့။
ဒါတင်မကသေးပါဘူး ဘီရူး ဟာ သူတို့ရဲ့ အစေခံ လိုမျိုး ဖြစ်သွားပြီး အလုပ်ကြမ်းတွေနဲ့ ပစ္စည်း သွားယူခိုင်းတာမျိုးတွေကိုပါ လုပ်ပေးရတာကြောင့် လူပုဘုရင် အစစ်အမှန် ဖြစ်ခဲ့တုန်းက ရှိခဲ့တဲ့ မာန်မာနတွေ အကုန်လုံး အရည်ပျော်ကျသွားခဲ့ရပါတယ်။
ဘေ့စ်ဘော ပစ္စည်းတွေ အပြည့်သယ်ပြီး ရွာရဲ့ အစကနေ အဆုံးအထိ ပြေးရတာမျိုးက သူ့အတွက် ဒါ ပထမဆုံးအကြိမ်ပါပဲ။ တစ်နည်းပြောရရင်တော့ ဘုရင်ကြီးဟာ သာမန်လူတွေ နေ့စဉ်ဘဝမှာ ဘယ်လောက်အထိ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရလဲဆိုတာကို နောက်ဆုံးမှာ နားလည်သွားခဲ့တာပေါ့။
နေ့ကုန်သွားတဲ့အခါမှာတော့ ဘီရူး တစ်ယောက် အားအင်တွေလုံးဝကို ကုန်သွားပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း နာကျင်ကိုက်ခဲနေသလို စိတ်ကလည်း ပင်ပန်းနေတာကြောင့် အရာအားလုံးကို လက်လျှော့ပြီး သူ့ရဲ့ နိုင်ငံတော်ကို ပြန်ဖို့ဆုံးဖြတ်ရန်အတွက် စက္ကန့်ပိုင်းအလိုပဲ လိုပါတော့တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကစားပွဲ စတင်ခဲ့တာပေါ့။
ညဘက် ရောက်တဲ့အခါ တစ်ရွာလုံး အိပ်မောကျပြီး မှောင်မည်းနေရမယ့်အစား ဘေ့စ်ဘော ကွင်းတစ်ခုလုံးကတော့ နေမင်းရဲ့ စွမ်းအားကို ယူထားသလားလို့ ထင်ရလောက်အောင် တောက်ပတဲ့ မီးရောင်တွေနဲ့ လင်းထိန်နေခဲ့ပါတယ်။ ပွဲကြည့်စင်တွေဆီကနေ စိတ်လှုပ်ရှားစွာ အော်ဟစ်သံတွေနဲ့ အားပေးသံတွေကို သူ ကြားလိုက်ရတယ် လူတိုင်းက ကစားပွဲအပေါ် သူတို့ရဲ့ စိတ်အားထက်သန်မှုတွေကို ပြသနေကြတာပေါ့။
"သူတို့ ဘာလို့ အော်နေကြတာလဲ" လို့ ဘီရူး က လူပုတွေကို မေးလိုက်ပါတယ်။
အဲဒီအတွက် သူတို့က ဘာမှပြန်မပြောဘဲ သူ့ကို ပြုံးပြပြီး ကျောပြင်ကို 'ဖြန်း' ခနဲ မြည်အောင် နောက်တစ်ခါ ပုတ်လိုက်ကြပြန်တယ်။
"သူတို့က ငါ့ကို အားပေးနေကြတာလေ လူသစ်လေး"
လူပု မိုင်းလုပ်သားများ အသင်းရဲ့ အသင်းခေါင်းဆောင်က ဘီရူး ကို သူတို့ရဲ့ နားနေဆောင်ထဲကနေ ဆွဲထုတ်ပြီး ပရိသတ်တွေရှေ့ကို ထုတ်ပြလိုက်ပါတယ်။ လူပုဘုရင် က ပွဲကြည့်စင်တွေကို လှည့်ကြည့်လိုက်တဲ့အခါ သူတို့ ကွင်းထဲကို ဝင်လာတာကို ဂုဏ်ပြုဖို့အတွက် မျောက်လူ တွေနဲ့ လူပု တစ်ထောင်လောက်က အားရပါးရ အော်ဟစ်အားပေးနေတာကို မြင်လိုက်ရတာပေါ့။
ရွာထဲက လူတိုင်း ဒီနေရာမှာ စုဝေးနေကြတာပါ။ အဲဒီလူတွေ အကုန်လုံးက သူ့အတွက် အားပေးနေကြတာ မဟုတ်ပါဘူး ဘေ့စ်ဘော မှာ တကယ့်ပါရမီရှိတဲ့ လူပုတွေအတွက် အားပေးနေကြတာပါ။ လူအုပ်ထဲက တချို့ဆိုရင် သူတို့အသင်းရဲ့ အတော်ဆုံး ကစားသမားရဲ့ ဘေ့စ်ဘောအသင်းဝတ်စုံတွေအတိုင်း လိုက်ဝတ်ထားကြပြီး အဲဒီကစားသမားကို လေးစားကြောင်း ပြသနေကြတာကို သူ တွေ့နိုင်ပါတယ်။
လူပုဘုရင် တစ်ယောက် အံ့ဩမှင်သက်သွားရတယ်။ သူ ဘုရင်အဖြစ် ဘိသိက်ခံတဲ့ အခမ်းအနားတုန်းကတောင် ဒီလောက်အထိ အားကျနှစ်သက်မှုနဲ့ အားပေးသံမျိုး မရခဲ့ပါဘူး။ သူတို့နိုင်ငံတော်မှာဆိုရင် သာမန်လို့ပဲ သတ်မှတ်ခံရမယ့် လူပုတစ်ယောက်က ဘုရင်တစ်ပါးထက်တောင် ပိုပြီး လေးစားအားကျခံနေရတာကို သူ မယုံနိုင်အောင် ဖြစ်နေရတာပေါ့။
"ဒီခံစားချက်ကို မှတ်ထားလိုက် လူသစ်လေး" လို့ အသင်းခေါင်းဆောင် လူပုက ပြောလိုက်တယ် "ဒါကို တစ်ခါလောက် မြည်းစမ်းဖူးသွားရင် မင်း ဘယ်တော့မှ ရိုးသွားမှာ မဟုတ်ဘူး ဒါကြောင့် မင်းလည်း သူတို့လို အားပေးခံချင်တယ်ဆိုရင်တော့ ကွင်းထဲမှာ မင်းရဲ့ စွမ်းရည်ကို ပြနိုင်အောင် ကြိုးစားပေတော့"
ဘီရူး ကတော့ အသင်းခေါင်းဆောင်ကို ပြန်ပြောဖို့ စကားလုံး မရှိတော့ပါဘူး။ သူတို့နဲ့မတူဘဲ သူကတော့ ဘေ့စ် လေးခုကိုတောင် မမောမပန်းဘဲ မပြေးနိုင်ပါဘူး။ သူတို့တွေ ဘောလုံးကို ဘယ်လောက်ပဲ ဖြည်းဖြည်း ပစ်ပေးပါစေ သူကတော့ ဘက်တံနဲ့ တစ်ချက်မှအောင်အောင် မရိုက်နိုင်ခဲ့ပါဘူး။ သူတို့ အသင်းခေါင်းဆောင်လိုမျိုး တော်လာဖို့ဆိုတာ သူ့အတွက်တော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါပဲ။
နောက်ဆုံးမှာတော့ လူပုတွေရဲ့ လူပု မိုင်းလုပ်သားများအသင်းနဲ့ စိုက်ပျိုးရေးမျောက်လူတို့ရဲ့ ရွှေလယ်ယာအသင်းတို့ရဲ့ ကစားပွဲ စတင်ခဲ့ပါပြီ။
စတင်လိုက်ကတည်းက အသင်းနှစ်သင်းကြား ပြိုင်ဆိုင်မှုက တကယ့်ကို ပြင်းထန်လွန်းလှပါတယ်။ လူပုတွေက ဟုမ်းရမ်း ရိုက်ချက်တွေ တစ်ခုပြီးတစ်ခု ရယူနေပေမဲ့ စိုက်ပျိုးရေးသမားတွေကလည်း အမှတ်ရစေမယ့် ရိုက်ချက်တွေနဲ့ပဲ သူတို့ကို အမြဲတမ်း ပြန်ပြီး တုံ့ပြန်နေတာပေါ့။ ပရိသတ်တွေကလည်း ဒီပြိုင်ဆိုင်မှုအပေါ် လိုက်ပြီး စိတ်လှုပ်ရှားလိုက်၊ အားမလိုအားမရ ဖြစ်လိုက်နဲ့ အော်ဟစ်အားပေးနေကြပါတယ်။
ဘုရင်ကြီးအနေနဲ့ ဒီလောက်အထိ ပြင်းထန်တဲ့ အရာမျိုးကို မြင်ဖူးတာ ဒါ ပထမဆုံးပါပဲ။ ဒီကစားပွဲမှာ သူတို့ရဲ့ အသက်တွေကိုတောင် ရင်းထားရသလားလို့ ထင်ရလောက်ပါတယ်။ ဘေ့စ်ဘော အကြောင်း စကြားကာစတုန်းကတော့ သူက ဒါကို သိပ်ပြီး အလေးအနက် မထားခဲ့ပါဘူး ကစားပွဲတစ်ခုပဲလို့ ထင်ခဲ့တာပေါ့။
ဒါပေမဲ့ အရာအားလုံးကို သူ့မျက်စိနဲ့ ကိုယ်တိုင် မြင်တွေ့လိုက်ရတဲ့အခါမှာတော့ အသင်းတစ်သင်းချင်းစီက ကွင်းထဲမှာ ပေးဆပ်ထားတဲ့ စိတ်အားထက်သန်မှုနဲ့ ကြိုးစားအားထုတ်မှုတွေကို သူ မြင်နိုင်ခဲ့ပါတယ်။ ကစားသမားက ဘေ့စ်ကို ထိလိုက်တဲ့အချိန်မှာ ဒိုင်လူကြီးက အောက် လို့ ဆုံးဖြတ်လိုက်တာကြောင့် လူပုဘုရင် ကိုယ်တိုင်တောင် အားမလိုအားမရဖြစ်ပြီး သူ့ဒူးသူ ပြန်ရိုက်မိတဲ့အထိ ဖြစ်ခဲ့ရတာ အကြိမ်အနည်းငယ် ရှိခဲ့ပါတယ်။
ကစားပွဲ ဆက်ဖြစ်နေတာနဲ့အမျှ ဘုရင်ကြီးဟာ ကစားပွဲထဲမှာ ပိုပြီးစီမျောလာပြီး အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ အားပေးလိုက်၊ သက်ပြင်းချလိုက်နဲ့ ဖြစ်နေပါတော့တယ်။
နောက်ဆုံး ကစားပွဲရဲ့ နောက်ဆုံးအလှည့်ကို ရောက်တဲ့အခါ အသင်းနှစ်သင်းလုံးက အမှတ်တူ ဖြစ်နေခဲ့ပါတယ်။ လူပုတွေအတွက်တော့ အမှတ်တူတာကို ခွဲထုတ်ပြီး ကစားပွဲမှာ အပြတ်အသတ် အနိုင်ရဖို့ နောက်ဆုံး အခွင့်အရေးတစ်ခု ရှိနေတာပေါ့။
ဒါပေမဲ့ နောက်ဆုံး စက္ကန့်ပိုင်းမှာပဲ အသင်းရဲ့ အမှတ် ထက်ဝက်နီးပါးကို ရယူပေးထားတဲ့ သူတို့ရဲ့ အတော်ဆုံး ကစားသမားဖြစ်သူ အသင်းခေါင်းဆောင်ဟာ ရုတ်တရက် မတော်တဆဖြစ်ပြီး သူ့ဒူးကို ဒဏ်ရာရသွားခဲ့ပါတယ်။
"အား" လို့ အသင်းခေါင်းဆောင်က အော်ဟစ်ရင်း နာကျင်လွန်းလို့ သူ့ခြေထောက်ကို ပြန်ဆွဲထားမိတာပေါ့။ ကစားပွဲမှာ အနိုင်ရဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့လူကို ကွင်းပြင်ကို သယ်ထုတ်သွားတာကို အသင်းသားတွေက ကြည့်နေခဲ့ရပါတယ်။
ဘီရူး ဟာ သူတို့ရဲ့ နားနေဆောင်ထဲက လေထု ပြောင်းလဲသွားတာကို ခံစားလိုက်ရတယ်။ ဒီလို ကံဆိုးတဲ့ ဖြစ်ရပ်ကြောင့် သူတို့တွေ အကြီးအကျယ် စိတ်ဓာတ်ကျသွားတယ်ဆိုတာ ရှင်းနေတာပဲ။ သူတို့ရဲ့ ပထမဆုံး ဘေ့စ်ဘော ချန်ပီယံဆုကို ရဖို့အတွက် ကစားပွဲ တစ်လှည့်ပဲ လိုတော့တာလေ။
အဆိုးဆုံးကတော့ သူတို့အသင်းမှာ အသင်းခေါင်းဆောင်ရဲ့ နေရာမှာ အစားဝင်နိုင်မယ့် တခြားကစားသမား တစ်ယောက်မှ မရှိတော့တာပါပဲ... တစ်ယောက်ကလွဲလို့ပေါ့။
အသင်းခေါင်းဆောင်က ဘီရူး ဆီကို ချီတုန်ချတုန်နဲ့ လျှောက်လာပြီး သူ့ပခုံးကို အသာအယာ ပုတ်လိုက်တယ် "မင်း လုပ်နိုင်ပါတယ် လူသစ်လေး မင်းက ငါတို့အတွက် ကစားပွဲကို အနိုင်ယူပေးနိုင်ပါတယ်" လို့ သူက ပြောလိုက်တာပေါ့။
ဒါပေမဲ့ လူပုဘုရင် ကတော့ ဒါမျိုးအတွက် လုံးဝ အဆင်သင့် မဖြစ်သေးပါဘူး။
သူ့လက်ထဲမှာ ဘက်တံကို ကိုင်ရင်း သူတို့အတွက် ဘယ်လိုမျိုး အနိုင်ယူပေးရမလဲဆိုတာ ဘာမှမသိဘဲ ကွင်းထဲကို ဖြည်းဖြည်းချင်း အဆွဲခံလိုက်ရပါတယ်။ သူ့အတွက်တော့ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသလိုပါပဲ။ ပရိသတ်တွေရဲ့ အားပေးသံတွေကို သူ မကြားရတော့ပါဘူး။ ပထမဆုံး ပစ်လိုက်တဲ့ ဘောလုံးက သူ့ကိုယ်နားကနေ ဝှေ့ခနဲ ဖြတ်သွားတော့မယ်ဆိုပြီး သတိပေးနေတဲ့ သူ့အသင်းသားတွေရဲ့ အော်ဟစ်သံကိုတောင် သူ မကြားနိုင်တော့ပါဘူး။
သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ လူပုနိုင်ငံတော် မှာ ကျန်ခဲ့တဲ့ ပြဿနာတွေ အကုန်လုံးကို မေ့ပစ်လိုက်ဖို့ ဆုံးဖြတ်ပြီး ဘီရူး ဟာ ဘက်တံကို ရှိသမျှ အားကုန်သုံးပြီး လွှဲရိုက်လိုက်ပါတယ်။
ထူးထူးဆန်းဆန်းပဲ ဘောလုံးနဲ့ ဘက်တံ ရိုက်မိသွားတဲ့အချိန်မှာ သူ့ဘက်တံပေါ်မှာ ပြင်းထန်တဲ့ အားတစ်ခုကို သူ ခံစားလိုက်ရတယ်။ ဘောလုံးက လေထဲကို ပျံတက်သွားပြီး ကွင်းရဲ့ အပြင်ဘက်ကို ဖြည်းဖြည်းချင်း ကျသွားခဲ့တာပေါ့။
ဘီရူး ဟာ အံ့ဩလွန်းလို့ ပြေးဖို့တောင် မေ့နေခဲ့ပါတယ်။ နားနေဆောင်ထဲက သူ့အသင်းသားတွေ အကုန်လုံးက ရှိသမျှ အားနဲ့ ပြေးဖို့အတွက် အချက်ပြလိုက်တဲ့အခါမှ သူ သတိဝင်လာတာပါ။ သူဟာ သူ့ရဲ့ ခန္ဓာကိုယ် စွမ်းရည် အကန့်အသတ်အထိ အားကုန်သုံးပြီး ပြေးခဲ့တာပေါ့။
အဲဒီအချိန်မှာပဲ မြက်ခင်းပြင်ပေါ်မှာ ဘောလုံးက တုန်ခါနေတုန်းမှာပဲ ဟော့ဗ်မျောက်လူ တစ်ယောက်က အဲဒါကို ကောက်ယူပြီး ဘီရူး ပြေးနေတဲ့ ပထမဘေ့စ်ဆီကို ပစ်လိုက်ပါတယ်။
အရေးကြီးတဲ့ အခိုက်အတန့်မှာတော့ ဘုရင်ကြီးဟာ သူ့အဝတ်အစားတွေ ပေပွသွားမယ့် ဖုန်တွေ၊ ရွှံ့တွေကို ဂရုမစိုက်တော့ဘဲ ဘေ့စ်ဆီကို ဒိုင်ဗင်ထိုးပြီး ပြေးဝင်လိုက်ပါတယ်။
တဖက်က ကာကွယ်တဲ့သူက ဘောလုံးကို သူ့ရဲ့ လက်အိတ်နဲ့ ဖမ်းလိုက်တဲ့ အချိန်မှာပဲ ဘုရင်ကြီးရဲ့ လက်တွေက ပန်းတိုင်ကို သွားထိခဲ့တာပါ။ သူတို့နှစ်ယောက်လုံးက "Safe" လို့ အော်ဟစ်လိုက်တဲ့ ဒိုင်လူကြီးကို လှည့်ကြည့်လိုက်ကြတယ်။
အဲဒီအချိန်မှာပဲ အသံအားလုံးက ဘုရင်ကြီးရဲ့ နားထဲကို ပြန်ဝင်လာပါတော့တယ်။ သူ ကြားလိုက်ရတာကတော့ ပထမဆုံး မိတ်ဆက်တုန်းကထက်တောင် ပိုပြီး ပြင်းထန်တဲ့ ပရိသတ်တွေရဲ့ ရူးမတတ် အော်ဟစ်အားပေးသံတွေပါပဲ။
သူ့ရဲ့ လူပုအသင်းသားတွေ အကုန်လုံးက သူ့ဆီကို စုပြုံတိုးဝှေ့ လာကြပြီး သူ့ကို မြေပြင်ပေါ်ကနေ မကာ သူ့ဝတ်စုံပေါ်က ဖုန်တွေကို လိုက်ပုတ်ပေးနေကြပါတယ်။
"သူတို့ ဘာလို့ အော်နေကြတာလဲ" လို့ သူက လူပုတွေကို မေးလိုက်တာပေါ့။
သူ့အသင်းသားတွေက ပြုံးလိုက်ကြတယ် "သူတို့က မင်းအတွက် အားပေးနေကြတာလေ လူသစ်လေး မင်းက ငါတို့အတွက် ကစားပွဲကို အနိုင်ယူပေးလိုက်ပြီ"
သူ့ရဲ့ ရိုက်ချက်ကြောင့် Runnerက Home Plateကို ရောက်သွားခဲ့ပြီး တခြားအသင်းထက် တစ်မှတ်အသာနဲ့ အနိုင်ရသွားစေခဲ့တာ ဖြစ်ပါတယ်။
* * * * * * * * *
စာစဉ်(၈)
အခန်း(၉၀)
ဘီရူးကို သူ့အသင်းဖော်တွေက ပွေ့မြှောက်ပြီး အောင်ပွဲခံတဲ့အနေနဲ့ လေထဲကို အကြိမ်ကြိမ် မြှောက်ပစ်နေကြပါတယ်။ ကစားပွဲအပြီး အရက်ဆိုင်မှာတော့ ဟော့ဗ်မျောက်လူတွေရော လူပုတွေပါ လူစုံတက်စုံနဲ့ သူတို့အသင်းအနိုင်ရဖို့ အဓိကကျခဲ့တဲ့ ဘီရူးရဲ့ အနိုင်ရိုက်ချက်အတွက် ဝိုင်းပြီး ဂုဏ်ပြုပေးကြတာပေါ့။
တစ်ချိန်က သူ့အပေါ် အရမ်းရက်စက်ခဲ့ကြတဲ့ လူပုတွေဟာ အခုတော့ ဘီရူးအပေါ် တကယ်ကို ရင်းနှီးနွေးထွေးသွားကြပါပြီ။ သူက သူတို့ရဲ့ လေးစားမှုကို ရရှိခဲ့သလို လူပုဘုရင်ကလည်း သူတို့ကို ပြန်ပြီး လေးစားမှု ပေးခဲ့ပါတယ်။
သူတို့တွေ ဘာလို့ ဒီကစားနည်းအပေါ်မှာ ဒီလောက်အထိ အလေးအနက် ထားနေကြတာလဲဆိုတာကို သူ နောက်ဆုံးတော့ နားလည်သွားခဲ့ပါပြီ။ အနိုင်ရဖို့အတွက် လိုအပ်တဲ့ ကြံ့ခိုင်မှုတွေရှိအောင် သူတို့ရဲ့ ခန္ဓာကိုယ်ကို တစ်နေကုန် ပင်ပင်ပန်းပန်း ဘာလို့ လေ့ကျင့်ပေးနေရလဲဆိုတာကို သူ သဘောပေါက်သွားတာပေါ့။ သူတို့က ဘီရူးကို တောင်းပန်ကြပေမဲ့ ဘီရူးကတော့ ဘာမှမဖြစ်ပါဘူးဆိုတဲ့ သဘောနဲ့ သူတို့ခွက်ထဲကို ဘီယာတွေသာ ထပ်ခါထပ်ခါ လောင်းထည့်ပေးနေခဲ့ပါတယ်။
သူတို့တွေ တတ်နိုင်သမျှ အများကြီး သောက်ခဲ့ကြတာပေါ့။ ဘုရင်ကြီးကတော့ ဘီယာအပေါ်မှာ သူထားတဲ့ အချစ်တွေ ဒီထက်ပိုပြီး တိုးလာဦးမယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါပေမဲ့ အသစ်ရလာတဲ့ သူငယ်ချင်းတွေ၊ အသင်းဖော်တွေနဲ့အတူ အခုလို သောက်စားပြီး အောင်ပွဲခံရတဲ့ ခံစားချက်က သူ့ရဲ့ နိုင်ငံတော်ထဲမှာပဲ ပိတ်မိနေရင် ဘယ်တော့မှ ရှာတွေ့နိုင်မှာမဟုတ်တဲ့ ပျော်ရွှင်မှုမျိုး ဖြစ်နေပါတယ်။ လူပုတွေက သူတို့ရဲ့ နိုင်ငံတော်ထက်စာရင် ဒီရွာမှာ ဘာလို့ ပိုပြီး နေချင်ကြတာလဲဆိုတာကိုလည်း သူ နောက်ဆုံးတော့ နားလည်သွားခဲ့ပါပြီ။
တကယ်ပြောရရင် သူ့ရဲ့ ဘိုးဘွားတွေဆီက ဆင်းသက်လာတဲ့ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်သာ မရှိဘူးဆိုရင် သူကိုယ်တိုင်လည်း ဒီရွာမှာပဲ အခြေချပြီး ဒီမှာရှိတဲ့ ယဉ်ကျေးမှုတွေကို လေ့လာရင်း နေထိုင်သွားမိမှာ အသေအချာပါပဲ။ သူ့ရဲ့ လူပုညီအစ်ကိုတွေရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာတွေကို ကြည့်ရင်း ဘုရင်ကြီးက သူ့ရဲ့ စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခုကို အပြီးသတ် ချမှတ်လိုက်ပါတော့တယ်။
သူကိုယ်တိုင် ဒီကို ပြောင်းမလာနိုင်ဘူးဆိုရင်တောင် သူ့နိုင်ငံတော်ထဲမှာရှိတဲ့ တခြားလူပုတွေ အကုန်လုံး ဒီညမှာ သူ ခံစားခဲ့ရတဲ့ ခံစားချက်မျိုးကို ခံစားခွင့်ရအောင် လုပ်ပေးမယ်လို့ သူ ဆုံးဖြတ်လိုက်တာပေါ့။ သူတို့တွေကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး ပိတ်လှောင်ထားတဲ့ ရှေးရိုးစွဲ ထုံးစံတွေကနေ လွတ်မြောက်စေပြီး ဘဝမှာ ရှိနေတဲ့ ကောင်းမွန်တဲ့ အရာတွေကို လေ့လာစေချင်နေတာပါ။ ဒါကြောင့် သူ ဆုံးဖြတ်လိုက်ပါပြီ။ ဒီရွာအတွက် သူ့ရဲ့ တံခါးတွေကို ဖွင့်ပေးတော့မှာပေါ့။
သူက အရက်ဆိုင်ထဲကနေ ထွက်လာပြီး ရွာလယ်ကောင်မှာရှိတဲ့ စံအိမ်ကြီးဆီကို သွားခဲ့ပါတယ်။ အဲဒီနေရာက သူတို့ရဲ့ ခေါင်းဆောင်လို့ ယူဆရတဲ့သူ နေထိုင်တဲ့ နေရာပေါ့။ ခြံစည်းရိုး တံခါးဝမှာ ရပ်နေရင်း ဘုရင်ကြီးက နည်းနည်းတော့ စိတ်လှုပ်ရှားနေမိပါတယ်။
ဒါက ဒီလောက်အထိ ဒဏ္ဍာရီဆန်တဲ့သူတစ်ယောက်နဲ့ သူ ပထမဆုံးအကြိမ် တွေ့ရမှာလေ။ ဒီ မိုက်ကယ်ဆိုတဲ့သူအကြောင်း သူ အများကြီး မကြားဖူးပေမဲ့ သူ စုဆောင်းမိသမျှ သတင်းတွေအရတော့ သူက တကယ့်ကို ထူးခြားဆန်းကြယ်တဲ့ အရှိန်အဝါရှိတဲ့သူ ဖြစ်ပုံရပါတယ်။
သူ့ရဲ့ မှော်ပညာက တစ်ကမ္ဘာလုံးမှာ ကျော်ကြားတဲ့ မှော်ဆရာတွေနဲ့တောင် ယှဉ်လို့ရနေတာပါ။ သူ့ရဲ့ ဉာဏ်ရည်ကလည်း ပါရမီရှင်အဆင့်ဆိုတော့ သူနဲ့ ယှဉ်နိုင်မယ့်သူတောင် ရှိမှာမဟုတ်ပါဘူး။
"ဘီရူး ဟုတ်တယ်မလား မိုက်ကယ်က ခင်ဗျားကို တွေ့ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒီတံခါးကနေ ဝင်သွားပြီး သူ့အိမ်ထဲကိုသာ တန်းဝင်သွားလိုက်ပါ" လို့ လော့လိုက ခြံတံခါးကို ဖွင့်ပေးရင်း ပြောလိုက်ပါတယ်။
လူပုဘုရင်ကတော့ တွေ့ဆုံဖို့အတွက် ကြိုတင်ချိန်းဆိုထားစရာတောင် မလိုဘဲ အခုလိုမျိုး လွယ်လွယ်ကူကူ ဝင်ခွင့်ရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ မိုက်ကယ်ရဲ့ လုံခြုံရေး အစောင့်အကြပ်တွေက ဒီထက်ပိုပြီး တင်းကျပ်လိမ့်မယ်လို့ သူ ထင်ထားတာကိုး။ ဘာပဲဖြစ်ဖြစ် သူက သူတို့ရဲ့ ခေါင်းဆောင်ပဲလေ။ အထဲမဝင်ခင်မှာ စစ်သား တစ်ရာလောက်က သူ့ကို သေသေချာချာ စစ်ဆေးတာမျိုးက အနည်းဆုံးတော့ ရှိသင့်တာပေါ့။ ဒါက ဘီရူးကို အချက်တစ်ခုပဲ သိစေပါတော့တယ်။ အဲဒါကတော့ မိုက်ကယ် တစ်ယောက်တည်းနဲ့တင် လုံလောက်နေတယ်ဆိုတာပါပဲ။
ဘီရူးက မိုက်ကယ်ရဲ့ အိမ်တံခါးထဲကို ဝင်သွားရင်း သူ့ရဲ့ စိတ်ထဲမှာတော့ မိုက်ကယ်က ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုတာကို တွေးနေမိပါတယ်။ ခွန်အားတွေ အပြည့်နဲ့ ထွားကျိုင်းတဲ့ လူကောင်ကြီးလား။ ဒါမှမဟုတ် ဉာဏ်ပညာတွေ ပြည့်နှက်နေတဲ့ ဘဝရဲ့ နေဝင်ချိန်ကို ရောက်နေပြီဖြစ်တဲ့ ရသေ့ကြီးတစ်ယောက်လားပေါ့။ ဒါပေမဲ့ တံခါးပွင့်သွားတဲ့အခါမှာတော့ တစ်ဖက်မှာ သူ့ကို ဆီးကြိုနေတာက လူတစ်ယောက်တည်းပါပဲ။
"ဪ... မင်းက ဘီရူး ဖြစ်ရမယ်။ ငါတို့ရွာကို ကြိုဆိုပါတယ်" လို့ မိုက်ကယ်က တကယ့်ကို သာမန်ကာလျှံကာပဲ နှုတ်ဆက်လိုက်ပါတယ်။
လူပုဘုရင်ကတော့ ဘာစကားမှ မပြောနိုင်ဘဲ မှင်တက်သွားရတာပေါ့။ သူက ဘာအတွက်မဆို အဆင်သင့် ဖြစ်နေပြီလို့ ထင်ထားခဲ့ပေမဲ့ ဒီရွာတစ်ခုလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူ၊ ရီနေးတား ကုမ္ပဏီရဲ့ ပိုင်ရှင်က တကယ်တမ်းတော့ ဆယ်နှစ်သား လူသား ကလေးလေး တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူးလေ။
"မင်း... မင်းက... မင်းက မိုက်ကယ် လား" လို့ ဘီရူးက မေးလိုက်ပါတယ်။
မိုက်ကယ်က ပခုံးတွန့်ပြရင်း "အင်း... ဟုတ်မယ်ထင်တာပဲ" လို့ ပြောလိုက်တာပေါ့။
ဘီရူးကတော့ သူ ဘီယာတွေ သောက်ထားလို့ မူးနေသေးတာလားဆိုပြီး သူ့ခေါင်းသူ ခါယမ်းနေမိပါတယ်။ ဒါပေမဲ့ သူ ဘယ်လောက်ပဲ အမူးပြေပြေ မိုက်ကယ်ကတော့ ကလေးတစ်ယောက်အဖြစ်နဲ့ပဲ ရှိနေတာပါ။
"ကျွန်တော့်ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ" လို့ ဘီရူးက ဆိုပါတယ်။ "မင်းက ဒီလောက်အထိ ငယ်ဦးမယ်လို့ ကျွန်တော် မထင်ထားခဲ့လို့ပါ"
မိုက်ကယ်ကတော့ ဒါကို စိတ်ထဲမထားပါဘူး။
"အဲဒါအတွက် စိတ်မပူပါနဲ့။ ငါ့အိမ်ကို ဘာကိစ္စနဲ့ ရောက်လာတာလဲ လူပုဘုရင်က တစ်ခုခု လိုအပ်လို့လား"
ဘီရူး မျက်လုံးတွေ ပြူးကျယ်သွားပါတယ်။ မိုက်ကယ်က သူ့ရဲ့ ရုပ်ဖျက်ထားတာကို ဖောက်ထွင်းမြင်နေတာကိုး။
ဆက်ပြီး ဖုံးကွယ်ထားလည်း အပိုပဲဆိုတာ သိလိုက်တာကြောင့် သူ့ခန္ဓာကိုယ်ကို ဝန်းရံထားတဲ့ မှော်ပညာကို သူ လွှတ်ချလိုက်ပါတော့တယ်။ ဖြည်းဖြည်းချင်းပဲ သူ့ရဲ့ အရပ်အမောင်းက ပိုပြီး မြင့်မားလာသလို၊ မျက်ခုံးတွေကလည်း ပိုပြီး ခက်ထန်လာပြီး သူ့ရဲ့ မုတ်ဆိတ်တွေကလည်း တော်ဝင်လူပုမျိုးနွယ်ရဲ့ အမှတ်အသားအတိုင်း ကျစ်လစ်တဲ့ ပုံစံမျိုးနဲ့ ပြန်ပြီး ဖွဲ့စည်းသွားခဲ့ပါတယ်။
မိုက်ကယ်ရဲ့ ရှေ့မှာတော့ သူ့ထက်တောင် အရပ်ရှည်တဲ့ လူပုတစ်ယောက် ရှိနေပါပြီ။ အဲဒါတင် မကသေးပါဘူး၊ အဲဒီလူပုဆီကနေ ဘုရင်တစ်ပါးဆီမှာပဲ ရှိတတ်တဲ့ ခန့်ညားထည်ဝါမှုနဲ့ သြဇာအရှိန်အဝါတွေကလည်း အလိုအလျောက် ထွက်ပေါ်နေတာပေါ့။
"မင်း... ငါ့ရဲ့ ရုပ်သွင်အစစ်အမှန်ကို သိနေတာလား" လို့ ဘီရူးက မေးလိုက်ပါတယ်။
"အင်း... ဆောရီးပဲ။ ငါ့ရဲ့ မျက်လုံးတွေက မှော်ပညာ အမျိုးအစားအားလုံးကို ဖောက်ထွင်းမြင်နိုင်တယ်၊ ရုပ်ဖျက်ထားတာတွေလည်း အပါအဝင်ပေါ့။ တကယ်ပြောရရင် မင်း သရိန်းနဲ့ စပြီး ထိတွေ့ကတည်းက မင်း ရောက်လာပြီဆိုတာကို ငါ့သူငယ်ချင်း ဖတ်ချ်က ငါ့ကို အကြောင်းကြားထားပြီးသားပါ" လို့ မိုက်ကယ်က အေးအေးဆေးဆေး လေသံနဲ့ ပြောလိုက်ပါတယ်။
လူပုဘုရင်ကတော့ အဲဒါကို ကြားလိုက်ရတဲ့အခါ တဟားဟား ရယ်မောလိုက်ပါတော့တယ်။ မိုက်ကယ်က သူလုပ်ခဲ့သမျှ အရာအားလုံးကို တကယ်ပဲ လုပ်နိုင်စွမ်းရှိရဲ့လားဆိုပြီး သူ့စိတ်ထဲမှာ သံသယ နည်းနည်းရှိခဲ့ရင်တောင် အခုတော့ အဲဒါတွေ အကုန် ပျောက်ကွယ်သွားပါပြီ။ ဒီလို စကားပြောဆိုမှုလေး တစ်ခုတည်းနဲ့တင် မိုက်ကယ်ဆိုတာ လွယ်လွယ်နဲ့ သွားပြီး ကစားလို့ရတဲ့သူ မဟုတ်ဘူးဆိုတာကို လူပုဘုရင် ကောင်းကောင်း သိသွားခဲ့တာပေါ့။
"မင်းကို လှည့်ဖြားဖို့ ကြိုးစားခဲ့တာကို တောင်းပန်ပါတယ်။ ငါက မင်းရဲ့ ရွာကို ဘက်မလိုက်တဲ့ အမြင်မျိုးနဲ့ပဲ လေ့လာကြည့်ချင်လို့ပါ" လို့ ဘုရင်ကြီးက တောင်းပန်စကား ဆိုပါတယ်။
ဒါပေမဲ့ မိုက်ကယ်ကတော့ အဲဒီကိစ္စကို ဂရုမစိုက်ပါဘူး။ သူက ရွာအပေါ်မှာထားတဲ့ လူပုဘုရင်ရဲ့ ထင်မြင်ချက်ကိုပဲ ပိုပြီး သိချင်နေတာပါ။
"ပြီးတော့... ဘယ်လိုလဲ မင်း ဘာတွေ တွေးမိလဲ ကစားပွဲကိုရော ကြိုက်ရဲ့လား" လို့ မိုက်ကယ်က ဂုဏ်ယူနေတဲ့ အပြုံးလေးနဲ့ မေးလိုက်ပါတယ်။
ဘုရင်ကြီးက ပြုံးလိုက်ပြီး "အင်း… မင်းရဲ့ ရွာကို လာရောက်လည်ပတ်ခဲ့တဲ့ ဒီအချိန်တိုလေးအတွင်းမှာပဲ ဒီမှာရှိတဲ့ အရာရာတိုင်းကို ငါ တကယ်ကို စွဲလန်းသွားခဲ့ပါပြီ။ အဲဒီလောက်အထိ စွဲလန်းသွားလို့ပဲ ငါ့ရဲ့ နှစ်ပေါင်း ထောင်ချီတဲ့ ထုံးတမ်းစဉ်လာတွေကိုတောင် ဖောက်ဖျက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ"
သူက တည်ကြည်လေးနက်တဲ့ မျက်နှာပေးနဲ့ မိုက်ကယ်ဘက်ကို လှည့်လိုက်ပြီး သူ့ရဲ့ လက်ကို ကမ်းပေးလိုက်ပါတယ်။
"မင်းနဲ့ရော၊ မင်းရဲ့ ရွာနဲ့ရော၊ မင်းရဲ့ ကုမ္ပဏီနဲ့ပါ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်ပါတယ်။ ငါတို့ အချင်းချင်း ကူညီကြပြီး ငါတို့ရဲ့ နယ်မြေတွေကို ဒီထက်မက ပိုပြီး ကြီးကျယ်အောင် လုပ်ဆောင်ကြရအောင်"
* * * * * * * * *