အခန်း (၉၇-၉၈)
Vol. 9 Ch. 97-98
အခန်း(၉၇)
လူပုနိုင်ငံတော်နဲ့ စာချုပ်တွေ တရားဝင်လက်မှတ်ထိုးပြီး အောင်ပွဲခံလို့ ပြီးသွားတဲ့နောက်မှာတော့ မိုက်ကယ်အနေနဲ့ ရီနေးတားနိုင်ငံတော်ဆီ ပြန်ပြီး ဒီပူးပေါင်းဆောင်ရွက်မှု သတင်းကောင်းကို ဖြန့်ဝေဖို့ပဲ ကျန်ပါတော့တယ်။
ခြောက်သွေ့လွင်ပြင်မှာရှိတဲ့ သူ့အိမ်မှာ ရှိနေတဲ့ ကိုယ်ပွားနဲ့ သူ့ကိုယ်သူ လဲလှယ်လိုက်ပြီး မိုက်ကယ်ရဲ့ ခန္ဓာကိုယ်က အရိပ်တွေထဲကို နစ်ဝင်ပျောက်ကွယ်သွားခဲ့တယ်။ ပြန်ရောက်တာနဲ့ လူပုနိုင်ငံတော်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပြဖို့ လော့လိုကို ချက်ချင်းပဲ ရှာလိုက်တာပေါ့။ လုပ်စရာတွေကတော့ အများကြီးပါပဲ။
ပထမဆုံးအနေနဲ့ သူတို့ဟာ အခုဆိုရင် လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်သွားပြီဖြစ်ကြောင်း၊ မြေပုံပေါ်မှာလည်း ရီနေးတားနိုင်ငံတော် ဆိုတဲ့ နာမည်က နောက်ဆုံးမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာတော့မှာဖြစ်ကြောင်း ရွာသားအားလုံးကို သတင်းဖြန့်ရမှာပါ။ ဒါက သူတို့ရဲ့ တိုးတက်မှုဖြစ်စဉ်မှာ အလွန်ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်တာကြောင့် လူတိုင်း ဝမ်းသာအားရ ဖြစ်ကြလိမ့်မယ်လို့ မိုက်ကယ် ယုံကြည်နေတာပေါ့။
ဒုတိယအချက်အနေနဲ့ကတော့ လူပုဘုရင်နဲ့ တိုင်ပင်ထားတဲ့ စီမံကိန်းတွေအတွက် ပြင်ဆင်မှုတွေ စတင်ရမှာ ဖြစ်ပါတယ်။ ရထားလမ်းစနစ်၊ မော်တော်ကား စီမံကိန်းတွေ၊ ရေပိုက်စနစ်နဲ့ လျှပ်စစ်စနစ်တွေအပြင် အစီအစဉ်တကျ စီမံခန့်ခွဲဖို့ လိုအပ်တဲ့ တခြား အစီအမံတွေအတွက် အင်အားတွေ အများကြီး လိုအပ်နေတာကိုး။
အရာရာကို စီစဉ်ညွှန်ကြားဖို့အတွက် ဒီနိုင်ငံထဲက နေထိုင်သူအားလုံးရဲ့ အလုပ်အကိုင်နဲ့ ပါရမီတွေကို အကုန်သိထားတဲ့ လော့လိုထက် ပိုတော်တဲ့ ဟော့ဘ်မျောက်လူ မရှိပါဘူး။ ဘယ်သူက ဘယ်အလုပ်နဲ့ သင့်တော်မလဲဆိုတာ သူက အသိဆုံး ဖြစ်နေမှာပါ။
မိုက်ကယ်က လော့လိုကို လိုက်ရှာဖို့ တံခါးကနေ ထွက်မယ်အလုပ်မှာပဲ သူက သူ့ခြံဝင်းတံခါးရှေ့ကို ရောက်နှင့်နေပြီဆိုတာ သိလိုက်ရတယ်။
"ပြန်ရောက်လာတာ ကြိုဆိုပါတယ် သခင်" လို့ လော့လိုက မိုက်ကယ်ကို ဦးညွှတ်ရင်း နှုတ်ဆက်လိုက်တယ်။
"ငါလည်း မင်းကို လာရှာတော့မလို့ပဲ။ ငါတို့ ဆွေးနွေးစရာတွေ အများကြီး ရှိတယ်" လို့ သူက ပြန်ပြောလိုက်တာပေါ့။
ဒါပေမဲ့ လော့လိုက တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို အခုမှပဲ သူ သတိထားမိတော့တယ်။ သူ့နောက်မှာတော့ မိုက်ကယ်ကို စူးစမ်းချင်စိတ်တွေ၊ ကြည်ညိုလေးစားမှုတွေ ပြည့်နှက်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေကြတဲ့ မျောက်လူတွေနဲ့ မှော်မိစ္ဆာ အမျိုးမျိုး ရှိနေကြတာပါ။
"သူတို့က ဘယ်သူတွေလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။
"ဆရာ မရှိတဲ့အတောအတွင်းမှာ ကျွန်တော်တို့ သဲကန္တာရထဲက ဒုက္ခသည်တွေကို ဆက်ပြီး ရှာဖွေနေခဲ့ပါတယ်။ အဲဒီလို ရှာဖွေရင်းနဲ့ ကျွန်တော်တို့ရဲ့ အကူအညီ လိုအပ်နေတဲ့ မျိုးနွယ်စုတချို့နဲ့ ရွာအချို့ကို တွေ့ခဲ့တာပါ။ ကျွန်တော်တို့ အခြေအနေကို ကြားသိရတဲ့အခါ သူတို့တွေက ကျွန်တော်တို့ရွာမှာ အခြေချ နေထိုင်ဖို့အတွက် သဲကန္တာရကို ဖြတ်ကျော်ပြီး လာခဲ့ကြတာပါ" လို့ လော့လိုက ရှင်းပြလိုက်ပါတယ်။
အဲဒီထဲမှာ လူသားရဲ့ ကိုယ်အပေါ်ပိုင်းနဲ့ ဆိတ်ရဲ့ ကိုယ်အောက်ပိုင်း ရှိကြတဲ့ မျောက်လူ အုပ်စုတစ်စု ပါဝင်နေပါတယ်။ သူတို့က ဆိတ်လူသားလို့ ခေါ်တဲ့ မျိုးနွယ်စု ဖြစ်ကြောင်း နိုဗာက သူ့ကို ရှင်းပြပေးလိုက်တယ်။
"ကြီးကျယ်ခမ်းနားလှတဲ့ လူသားခင်ဗျာ... ကျွန်တော်တို့ကို ကျေးဇူးပြုပြီး လက်ခံပေးပါ။ ကျွန်တော်တို့မှာ တခြား သွားစရာ နေရာမရှိလို့ပါ" လို့ အသက်အကြီးဆုံး ဆိတ်လူသားကြီးက ကွန်ကရစ် ကြမ်းပြင်ပေါ်မှာ ခေါင်းနဲ့တိုက်ပြီး မိုက်ကယ်ကို အသနားခံ လိုက်ပါတယ်။
"တောင်းပန်ပါတယ်ခင်ဗျာ" လို့ သူ့နောက်မှာရှိတဲ့ ဆိတ်လူသားသုံးဆယ်လောက်ကလည်း သူ့အတိုင်း လိုက်လုပ်ပြီး မိုက်ကယ်ကို ဦးညွှတ်ကြတာပေါ့။
ဒါကို မြင်လိုက်ရတဲ့အခါ တခြား မျောက်လူအုပ်စုကလည်း မိုက်ကယ်ရဲ့ ကရုဏာကို အသနားခံ ကြပြန်ပါတယ်။
"လူသားသခင်ကြီးခင်ဗျာ... ကျွန်တော်တို့ကို ကူညီပေးပါ။ ကျွန်တော်တို့ အများကြီး မယူပါဘူး၊ မြက်ပင်တွေနဲ့တင် ကျွန်တော်တို့ အသက်ဆက်နိုင်ပါတယ်။ ကျွန်တော်တို့က ဟို အနက်ရောင်အရည်တွေ ဘေးကနေ ကင်းလွတ်မယ့် ဘေးကင်းရာ နေရာလေးတစ်ခုပဲ လိုချင်တာပါ..."
ဒီ လူတစ်ပိုင်းသတ္တဝါအုပ်စုကတော့ လူပုတွေလိုပဲ အရပ်အလွန် ပုကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အရေပြားက ကျောက်တုံးတွေနဲ့ ဖွဲ့စည်းထားပြီး ကိုယ်ပေါ်မှာ မြက်ပင်တွေနဲ့ ပန်းပွင့်တွေ ပေါက်နေတာပါ။ ထူးခြားတာက သူတို့ မိုက်ကယ်ကို ဦးညွှတ်လိုက်တဲ့အခါ သက်မဲ့ ကျောက်တုံးကြီးတွေလိုပဲ မြင်ရတာပါပဲ။
[မိစ္ဆာမှတ်တမ်းအရ သူတို့က ထရိုးလ် လို့ ခေါ်တဲ့ ကျောက်ဘီလူးမျိုးနွယ်စု ဖြစ်ပြီး ကျောက်ဆောင်တွေနဲ့ သဲသောင်ပြင်တွေကြားမှာ နေထိုင်ကြတာပါ] လို့ နိုဗာက ရှင်းပြပေးလိုက်ပါတယ်။
"ကျ……ကျွန်တော်တို့ကိုလည်း ကူ……ကူညီပါဦး။ ကျေး…..ကျေးဇူးပြုပြီး ဒီအပူရှိန်ဒဏ်ကနေ ကာကွယ်ပေးပါဦး။ ကျ……ကျွန်တော်တို့ရဲ့ အကြေးခွံတွေ အကုန်ကွာကျကုန်ပါပြီ"
ထရိုးလ်တွေရဲ့ ဘေးမှာတော့ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ပိုင်းသတ္တဝါအုပ်စုတစ်စု ရှိနေပါတယ်။ သူ့အမြင်အရဆိုရင် ဒီမျိုးနွယ်စုမှာ အမျိုးသမီး အများစု ဖြစ်နေပြီး သူတို့ရဲ့ ကိုယ်အပေါ်ပိုင်းက လူသားပုံစံ ဖြစ်ပေမဲ့ ကိုယ်အောက်ပိုင်းကတော့ ကြီးမားတဲ့ မြွေကြီးတစ်ကောင်ရဲ့ ကိုယ်ထည် ဖြစ်နေတာပါ။ သူတို့ကို လာမီယာ လို့ ခေါ်တဲ့ မြွေလူသားမျိုးနွယ်စုဖြစ်ပြီး အမျိုးသမီး အများစုရှိတဲ့ မျိုးနွယ်စု ဖြစ်ကြောင်း နိုဗာက သူ့ကို ပြောပြတယ်။
သူတို့ရဲ့ ကိုယ်ထည်တွေကို ကြည့်ရတာ အကြေးခွံတွေနဲ့ လုပ်ထားတဲ့ အတွဲလိုက် ရေကူးဝတ်စုံ ဝတ်ထားသလို ဖြစ်နေတာကြောင့် မိုက်ကယ်တောင် စိုက်ကြည့်ဖို့ နည်းနည်း နေရခက်သွားမိတယ်။
"အို... ဂုဏ်သရေရှိလှတဲ့ လူသားသခင်ကြီးခင်ဗျာ... ကျွန်မတို့ကို ကျေးဇူးပြုပြီး လက်ခံပေးပါ။ ကျွန်မတို့ အရှင်မင်းကြီးရဲ့ အလုပ်အကျွေးတွေအဖြစ် အားကုန် ထမ်းဆောင်ပါ့မယ်... ကျေးဇူးပြုပြီး ဒီသုခဘုံမှာ နေထိုင်ခွင့် ပေးပါ"
နောက်ဆုံး အုပ်စုကတော့ အရပ်အရှည်ဆုံး ဖြစ်ပြီး မြွေလူသားတွေနဲ့ မတူတာကတော့ အဲဒီထဲမှာ အမျိုးသား အများစု ပါဝင်နေတာပါ။ တခြား လူတစ်ပိုင်းသတ္တဝါတွေလိုပဲ သူတို့ရဲ့ ရင်ဘတ်ကနေ ခေါင်းအထိက လူသားပုံစံ ဖြစ်ပေမဲ့ ကိုယ်အောက်ပိုင်းကတော့ ကုလားအုတ် ကိုယ်ထည်နဲ့ ဆက်နေသလို ပါပဲ။
[ဒီ လူတစ်ပိုင်းသတ္တဝါတွေက စင်တောရ်လို့ခေါ်တဲ့ မနုစာရီမျိုးနွယ်ကွဲတွေပါ။ သူတို့က သဲကန္တာရ ပတ်ဝန်းကျင်မှာ ရေကို သိုလှောင်နိုင်ဖို့ မြင်းကိုယ်ထည်ပေါ်မှာ ကုလားအုတ်လိုမျိုး အဖုတွေပါအောင် ဆင့်ကဲပြောင်းလဲ ထားကြတာကြောင့် ကုလားအုတ်လူသားလို့သတ်မှတ်လို့ရပါတယ်] လို့ နိုဗာက ရှင်းပြပေးပြန်တယ်။
လူတစ်ပိုင်းသတ္တဝါတွေ အားလုံးရဲ့ မျက်ဝန်းထဲမှာ အားကိုးရာမဲ့နေတဲ့ အရိပ်အယောင်တွေ တွေ့နေရတယ်။ ဒီသဲကန္တာရ အလယ်မှာ ရှာတွေ့ထားတဲ့ ဒီသုခဘုံကနေ တစ်ချိန်ချိန်မှာ ခွဲခွာသွားရမှာကို ကြောက်လန့်နေသလိုမျိုး ကြမ်းပြင်ကို တင်းတင်းဆုပ်ကိုင် ထားကြတာပေါ့။
"သခင်... ကျွန်တော်တို့ ဘာလုပ်သင့်လဲ" လို့ လော့လိုက မေးလိုက်တယ်။
"ဘာလုပ်ရမှာလဲ။ ဒါပေါ့လေ... သူတို့ကို လက်ခံပေးရမှာပေါ့" လို့ မိုက်ကယ်က ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်ပါတယ်။
ဒီနေရာကို သူတို့ မရောက်ခင်ကတည်းက သူ ဆုံးဖြတ်ပြီးသားပါ။ ဘယ်လိုမျိုးနွယ်စုပဲ ဖြစ်ဖြစ်၊ သူတို့နိုင်ငံမှာ လာပြီး ခိုလှုံခွင့် တောင်းလာရင် ဘယ်သူ့ကိုမှ နှင်ထုတ်မှာ မဟုတ်ဘူးလို့ သူ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတာကိုး။ မိုက်ကယ် အမြဲပြောနေကျ စကားအတိုင်းပေါ့၊ လူများလေ ပိုပျော်စရာကောင်းလေပဲ။
"သူတို့အတွက် သင့်တော်တဲ့ နေရာထိုင်ခင်းတွေ မစီစဉ်ပေးနိုင်ခင်မှာ ယာယီနေထိုင်ဖို့ နေရာပြင်ပေးထားဖို့ ခုန်း ကို ပြောလိုက်ပါ" လို့ မိုက်ကယ်က လော့လိုကို ပြောလိုက်တယ်။
ဟော့ဘ်မျောက်လူ အိုကြီးဟာ မိုက်ကယ်ကို ဦးညွှတ်လိုက်ရင်း ပါးစပ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။ သူတို့တွေ မျောက်လူ ဘဝတုန်းကလိုပဲ ဒုက္ခရောက်နေသူတွေကို သူ့ဆရာက ရက်ရက်စက်စက် နှင်ထုတ်မှာ မဟုတ်ဘူးဆိုတာ သူ သိနေတာကိုး။
"ကျွန်တော် ခုန်း ကို အိမ်ရာတွေ ပေးဖို့ ညွှန်ကြားထားပြီးပါပြီ ဆရာ"
မိုက်ကယ်က သူတို့နိုင်ငံရဲ့ မြို့တော်ဝန်ရဲ့ မြန်ဆန်တဲ့ လုပ်ဆောင်ချက်ကို သဘောကျပြီး ခေါင်းညိတ်လိုက်ပါတယ်။
"ကုလားအုတ်လူသားတွေ အတွက်ဆိုရင် တောအုပ်ထဲမှာ အသီးအရွက်တွေ၊ စိုက်ပျိုးပင်တွေ အများကြီး ရှိတဲ့ အိမ်တွေ ဖြစ်အောင် သေချာလုပ်ပေးလိုက်ပါ။ မြွေလူသားတွေ အတွက်ကျတော့ သူတို့ လွတ်လွတ်လပ်လပ် နေထိုင်နိုင်အောင် နယ်မြေကို ဖြတ်ကျော် စီးဆင်းမယ့် မြစ်တစ်ခု ဆောက်ပေးရမယ်..."
မိုက်ကယ်က သူတို့ရဲ့ မတူညီတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ သေချာ ဂရုစိုက်ပေးခဲ့တာပါ။ ဟော့ဘ်မျောက်လူတွေနဲ့ မတူတာက ကုလားအုတ်လူသားတွေနဲ့ မြွေလူသားလို လူတစ်ပိုင်းသတ္တဝါတွေဟာ ကွန်ကရစ် အိမ်တွေနဲ့ မသင့်တော်ပါဘူး။ သူတို့က သူတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကိုယ်ပိုင်နေရာတွေ လိုအပ်တာကိုး။
ဒါက လူတစ်ပိုင်းသတ္တဝါတွေကို အံ့ဩသွားစေပါတယ်။ ဒီသုခဘုံမှာ နေထိုင်ခွင့် ပေးတာနဲ့တင် မိုက်ကယ်ကို ကျေးဇူးတင်လို့ မဆုံးဖြစ်နေရတာကို၊ အခုတော့ သူက ဘာမှ ပြန်မတောင်းဆိုဘဲ သူတို့အတွက်လည်း သုခဘုံလေး တစ်ခုစီ ဖန်တီးပေးဖို့ စီစဉ်နေပြန်ပြီလေ။
"ဪ... ပြီးတော့ အားလုံး အခြေကျသွားပြီဆိုရင် မင်းတို့ရဲ့ ပါရမီတွေကို နိုးထပေးနိုင်အောင် ငါ့အိမ်ကို လာခဲ့ဖို့ မမေ့ကြနဲ့ဦး" လို့ မိုက်ကယ်က ထပ်ပြောလိုက်ပါတော့တယ်။
* * * * * * * * *
စာစဉ်(၉)
အခန်း(၉၈)
မကြာခင်မှာပဲ လူတစ်ပိုင်းသတ္တဝါ တစ်ယောက်ချင်းစီဟာ မိုက်ကယ်နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး နာမည်တွေနဲ့ ပါရမီတွေကို လက်ခံရရှိဖို့ အခွင့်အရေး ရခဲ့ကြပါတယ်။
ပထမဆုံးအသုတ်ကတော့ ဆိတ်လူသားတွေ ဖြစ်ပြီး သူတို့က သဘာဝနဲ့ပတ်သက်တဲ့ အရာမှန်သမျှမှာ ကျွမ်းကျင်ပုံရတယ်။ တစ်ယောက်က ဝက်သစ်ချသား အင်ဂျင်နီယာ ဖြစ်လာမယ့် ပါရမီပါပြီး နောက်တစ်ယောက်ကတော့ ဆေးဖက်ဝင်လက်ဖက်ရည် ဖျော်စပ်သူ ဖြစ်လာမယ့် ပါရမီ ရှိနေတာပေါ့။
သူက သူတို့ရဲ့ ပါရမီတွေကို နိုးထပေးလိုက်တဲ့အခါ သူတို့ရဲ့ သွေးနှိုင်းဆက်နွှယ်မှုကိုပါ ဆင့်ကဲပြောင်းလဲပေးနိုင်တဲ့ စွမ်းရည်ကို ရရှိခဲ့ပါတယ်။
- - ဒြပ်စင် - မြေ နှင့် လေ
ဒါပေမဲ့ သူက သူတို့ရဲ့ သွေးနှိုင်းဆက်နွှယ်မှုကို ဆင့်ကဲပြောင်းလဲပေးတော့မယ့် အချိန်မှာပဲ နိုဗာက ဆိတ်လူသားတစ်ယောက် လျှောက်လှမ်းနိုင်တဲ့ လမ်းကြောင်းအမျိုးမျိုးကို ရွေးချယ်ဖို့ ရုတ်တရက် အခွင့်အရေး ပေးလိုက်ပါတယ်။
ဥပမာအားဖြင့် ဆေးဖက်ဝင်လက်ဖက်ရည် ဖျော်စပ်သူ ပါရမီပါတဲ့ ဆိတ်လူသားက အောက်ပါအတိုင်း ဆင့်ကဲပြောင်းလဲဖို့ ရွေးချယ်စရာ ရှိနေတာပေါ့ -
[မွှေးရနံ့သာ-ဆေးဖက်ဝင်အပင်ကျွမ်းကျင် ဆိတ်လူသား]
ဒီ ဆိတ်လူသား မျိုးနွယ်ကွဲဟာ အမွှေးကြိုင်ဆုံး လက်ဖက်ရည်ကို ရရှိဖို့အတွက် လက်ဖက်ခြောက် အရွက်တွေကို အကောင်းဆုံး ပေါင်းစပ်နိုင်တဲ့ ထူးခြားတဲ့ ဆဌမအာရုံမှာ အထူးပြုပါတယ်။
[လုပ်ကြံသတ်ဖြတ်သူ-ဆေးဖက်ဝင်အပင်ကျွမ်းကျင် ဆိတ်လူသား]
ဒီ ဆိတ်လူသား မျိုးနွယ်ကွဲကတော့ လက်ဖက်ရည်မှာ သူတို့ရဲ့ ကျွမ်းကျင်မှုကို အသုံးချပြီး ရှာဖွေရခက်တဲ့ အပြင်းထန်ဆုံး အဆိပ်တွေကို ဖော်စပ်ရာမှာ အသုံးပြုပါတယ်။
[မှော်-ဆေးဖက်ဝင်အပင်ကျွမ်းကျင် ဆိတ်လူသား]
ဒီ ဆိတ်လူသား မျိုးနွယ်ကွဲကတော့ သူတို့ရဲ့ လက်ဖက်ရည်တွေမှာ ဆန်းကြယ်တဲ့ အာနိသင်တွေ ရရှိဖို့ မှော်ပညာကို ထည့်သွင်းနိုင်ပါတယ်။
ဆင့်ကဲပြောင်းလဲမှုတွေမှာ သူလုပ်ဆောင်နိုင်တဲ့ ရွေးချယ်စရာတွေကို ကြည့်ပြီး မိုက်ကယ် အံ့ဩသွားတယ်။ အရင်က တခြားသူတွေကို ဆင့်ကဲပြောင်းလဲပေးတုန်းက ဒီလို ရွေးချယ်ခွင့်မျိုး တစ်ခါမှ မရခဲ့ဖူးဘူးလေ။
"နိုဗာ... ဒါက မင်းရဲ့ ဆော့ဖ်ဝဲလ် အပ်ဒိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုလား"
[ဟုတ်ပါတယ် မိုက်ကယ်။ ပန်းဘဲဖိုထဲမှာ သက်ရှိတွေရဲ့ ပင်ကိုယ်စွမ်းရည်တွေအပြင် အဲဒီစွမ်းရည်ကို အသုံးပြုနိုင်စေတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ အသေးစိတ် အချက်အလက်တွေ အများကြီး ပါဝင်ပါတယ်။ အဲဒီ ဗဟုသုတကို အသုံးပြုပြီး သတ္တဝါတစ်ကောင်ရဲ့ ပင်ကိုယ်ပါရမီပါတဲ့ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းကို မင်း ရွေးချယ်ပေးနိုင်တာ ဖြစ်ပါတယ်]
ဆော့ဖ်ဝဲလ် အပ်ဒိတ် လုပ်ပြီးနောက်မှာ နိုဗာ ဘယ်လောက်အထိ စွမ်းအားကြီးလာသလဲဆိုတာကို သူ လျှော့တွက်ထားမိပုံရတယ်။ ဒါက တကယ်ကို ကြောက်စရာကောင်းတဲ့ စွမ်းအားပဲ၊ အထူးသဖြင့် သတ္တဝါတစ်ကောင်ကို အနာဂတ်မှာ သူတို့လုပ်ရမယ့် အလုပ်နဲ့ ကိုက်ညီမယ့် သွေးနှိုင်းဆက်နွှယ်မှု အသစ်စက်စက်ဆီကို ဆင့်ကဲပြောင်းလဲပေးနိုင်တာကိုး။
ဒါပေမဲ့ မိုက်ကယ်က ဆိတ်လူသားရဲ့ ကံကြမ္မာကို ကိုယ်တိုင် ဆုံးဖြတ်ပေးဖို့ အခွင့်အရေး ရှိပေမဲ့လည်း အဲဒီလို မလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက ဆိတ်လူသားကို ကိုယ်တိုင် ရွေးချယ်စေချင်တာပါ။
"မင်း ဆင့်ကဲပြောင်းလဲဖို့အတွက် ရွေးချယ်စရာ သုံးခု ရှိတယ်..."
သူ လျှောက်လှမ်းနိုင်တဲ့ မတူညီတဲ့ သွေးနှိုင်းဆက်နွှယ်မှု လမ်းကြောင်း သုံးခုအကြောင်းကို မိုက်ကယ်က ရှင်းရှင်းလင်းလင်း ရှင်းပြပေးလိုက်တယ်။
"မင်း ဘယ်လိုထင်လဲ... ဘယ်တစ်ခုက မင်းနဲ့ အကိုက်ညီဆုံး ဖြစ်မလဲ" လို့ သူက မေးလိုက်တာပေါ့။
ဘဝကို ပြောင်းလဲစေမယ့် ဒီရွေးချယ်မှုကြီးကြောင့် ဆိတ်လူသားဟာ မိုက်ကယ်ရဲ့ ရှေ့မှာ ကြောင်အမ်းအမ်းကြီး ဖြစ်သွားတယ်။
ဒီလူတစ်ပိုင်းသတ္တဝါဟာ မြင့်မြတ်တဲ့ သတ္တဝါတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲဖို့ ဖြစ်နိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့သလို သူ့လမ်းကြောင်းကို ကိုယ်တိုင်ရွေးချယ်ခွင့် ရလိမ့်မယ်လို့လည်း မထင်ထားခဲ့ဘူးလေ။
"ကျွန်တော်မျိုးက သခင့်သဘောအတိုင်းပါပဲ သခင်... သခင့်ကို ကူညီနိုင်မယ့်သူဆိုရင် ဘယ်လိုလူပဲဖြစ်ဖြစ် ကျွန်တော်မျိုး ဖြစ်ချင်ပါတယ်..." လို့ ဆိတ်လူသားက မိုက်ကယ်ကို ဝပ်စတွားပြီး အသနားခံလိုက်တယ်။
ဒါကို မြင်တော့ မိုက်ကယ်က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါလိုက်မိတယ်။ ဆိတ်လူသားရဲ့ သဘောထားကို သူ မေးရတဲ့ အကြောင်းရင်းက ဒီရွေးချယ်မှုအတွက် သူကိုယ်တိုင် တာဝန်မယူချင်လို့ပဲလေ။
ရုတ်တရက်ဆိုသလို မိုက်ကယ်ရဲ့ အရိပ်ထဲကနေ လုံးဝန်းတဲ့ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ဆိတ်လူသားရဲ့ ရှေ့ကို ခုန်ထွက်လာတယ်။
"လူသတ်သမား လမ်းကြောင်းကို ရွေးလိုက်လေ... အဲဒါက တကယ်ကို လန်းတယ်" လို့ စလိုင်းမ် ဖတ်ဂျ်က စိတ်လှုပ်ရှားစွာနဲ့ ခုန်ပေါက်ရင်း ပြောလိုက်တာပေါ့။
ဖတ်ဂျ်ဆိုတဲ့ ဂိုဏ်းစတားစတိုင်လ်ဖမ်းနေတဲ့ စလိုင်းမ်က 'သူ့ရဲ့နာမည်ကို ကမ္ဘာအနှံ့ ပျံ့နှံ့အောင် လုပ်ဆောင်ဖို့' သူ့ရဲ့ တာဝန်မှာ ကူညီပေးမယ့်သူ နောက်ထပ် လိုချင်နေခဲ့တာကို မိုက်ကယ်တောင် မေ့လုနီးပါး ဖြစ်သွားတယ်။
အခု တစ်စုံတစ်ယောက်က နင်ဂျာဖြစ်လာဖို့ အခွင့်အရေး ရနေပြီဆိုတော့ ဖတ်ဂျ်ကလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ ဝင်ရှုပ်တော့တာပေါ့။
"ဒါကို ရွေးရင် ကျွန်တော်မျိုး သခငိ့အတွက် အသုံးဝင်ပါ့မလား" လို့ ဆိတ်လူသားက မေးလိုက်တယ်။
ဒါပေါ့... ဖတ်ဂျ်က ဆိတ်လူသားရဲ့ ရွေးချယ်မှုကို လွှမ်းမိုးဖို့အတွက် မရှိတဲ့ သူ့ခေါင်းကို အသည်းအသန် ညိတ်ပြလိုက်တာပေါ့။
"အသုံးဝင်တာမှ အများကြီးပေါ့... မင်းက သခင်ကြီးရဲ့ အရိပ်ဖြစ်လာပြီး သူ့ကို အများကြီး ကူညီနိုင်မှာ" လို့ ဖတ်ဂျ်က ဆိတ်လူသားရဲ့ အနားကို တိုးသွားရင်း ပြောလိုက်တယ်။
မိုက်ကယ်က ဒါကို တားရမယ်ဆိုတာ သိလိုက်တယ်။
"သူ့စကားကို နားမယောင်နဲ့... သူက သူ့လိုလူမျိုး ရှိလာအောင် လုပ်နေတာပဲ"
ဒါပေမဲ့ သူ နောက်ကျသွားပုံရတယ်။ စလိုင်းမ် လူဆိုးလေးရဲ့ စကားတွေကို နားထောင်ပြီး စိတ်ကူးယဉ်နေတဲ့ ဆိတ်လူသားရဲ့ မျက်ဝန်းတွေက တောက်ပလာတာပေါ့။
"ဆုံးဖြတ်လိုက်ပါပြီ သခင်... ကျွန်တော်မျိုးလည်း နင်ဂျာပဲ ဖြစ်ချင်ပါတယ်" လို့ ဆိတ်လူသားက ပြောလိုက်တယ်။
မိုက်ကယ်က သက်ပြင်းချရင်း သူ့နဖူးကို သူ လက်နဲ့ နှိပ်လိုက်တယ်။ "ဒါ မင်းရဲ့ ရွေးချယ်မှုပဲ" လို့ သူတို့ နှစ်ယောက်လုံးကို ဆက်ဆံရတာ ပင်ပန်းနေတဲ့ လေသံနဲ့ ပြောလိုက်တာပေါ့။
သူက ဒုတိယ ရွေးချယ်မှုကို ရွေးပေးလိုက်ပြီး ဆိတ်လူသားကို [လုပ်ကြံသတ်ဖြတ်သူ-ဆေးဖက်ဝင်အပင်ကျွမ်းကျင် ဆိတ်လူသား] အဖြစ် ဆင့်ကဲပြောင်းလဲပေးလိုက်တယ်။
သူ အဲဒီ ရွေးချယ်မှုကို လုပ်ဆောင်ပေးပြီး မကြာခင်မှာပဲ ဆိတ်လူသားဟာ စက္ကန့်အနည်းငယ်ကြာအောင် စူးရှတဲ့ အလင်းတန်းတွေနဲ့ ဖုံးလွှမ်းသွားတယ်။
အလင်းတွေ ပျောက်ကွယ်သွားတဲ့အခါမှာတော့ ဆိတ်လူသားက သူ့ရဲ့ ဆင့်ကဲပြောင်းလဲထားတဲ့ ပုံစံကို ပြသလိုက်ပါတယ်၊ သူ့ရဲ့ ဆိတ်ခြေထောက်တွေက ပုန်းလျှိုးကွယ်လျှိုး သွားလာဖို့အတွက် ပိုပြီး သင့်တော်လာတာပေါ့။ ဒါတင်မကဘဲ သူ့ရဲ့ အမွှေးအမျှင်တွေကလည်း ညဘက်မှာ ရောနှော ပျောက်ကွယ်နိုင်တဲ့ အပြာရင့်ရောင်ကို ပြောင်းလဲသွားတယ်။
"ကျေးဇူးတင်ပါတယ် သခင်... ကျွန်တော်မျိုး ဆရာ့အတွက် တာဝန်ထမ်းဆောင်ပြီး ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး အဆိပ်ကို ဖော်စပ်ပါ့မယ်" လို့ ဆိတ်လူသားက ပြောလိုက်တယ်။
"ကောင်းတယ်... ကောင်းတယ်... အခုမှပဲ စကားပြောရတာ အဆင်ပြေတော့တယ်... မင်းက ငါတို့ရဲ့ ဂိုဏ်းအတွက် အဖိုးတန်တဲ့ လူသစ်ပဲ" လို့ ဖတ်ဂျ်က ဝမ်းသာအားရ ဖြစ်နေတာပေါ့။
မိုက်ကယ်ကတော့ သူတို့ကို လောလောဆယ် လျစ်လျူရှုထားဖို့ ဆုံးဖြတ်လိုက်တယ်။ အခုလို မနက်စောစောစီးစီး သူတို့လို နင်ဂျာရူးတွေနဲ့ စိတ်ဖိစီးမှု အဖြစ်မခံနိုင်ဘူးလေ။
"အခု မင်း ဆင့်ကဲပြောင်းလဲသွားပြီဆိုတော့ ဘယ်လို စွမ်းရည်ကို သင်ယူချင်လဲ... မင်း လိုချင်တဲ့ အရာမှန်သမျှ ဖြစ်နိုင်တယ်"
ဆိတ်လူသားက ဆင့်ကဲပြောင်းလဲပြီးကာစ ဖြစ်တာကြောင့် သူ လိုချင်တဲ့ စွမ်းရည်မှန်သမျှကို သင်ယူနိုင်ပါတယ်။
နိုဗာရဲ့ ပြောကြားချက်အရ သတ္တဝါတစ်ကောင်က ပါရမီ ပိုများလေလေ စွမ်းရည်တွေ ပိုပြီး အများကြီး ပိုင်ဆိုင်နိုင်လေလေပဲ။
ဒါက စွမ်းရည်တစ်ခုကို ရွေးချယ်တဲ့အခါမှာ အနာဂတ်အတွက် သေချာစဉ်းစားပြီး ဂရုတစိုက် ဆုံးဖြတ်ရမယ်လို့ ဆိုလိုတာပေါ့။
မှော်ကျင့်စဉ်နဲ့ မှော်စွမ်းအင် ရှိရင် ဘယ်သူမဆို သင်ယူနိုင်တဲ့ မန္တန်နဲ့ မတူတာက စွမ်းရည်ဆိုတာ လုံးဝ ကွဲပြားပါတယ်။
စွမ်းရည်ဆိုတာ ခန္ဓာကိုယ်မှာ အပိုပါလာတဲ့ လက်ခြေတစ်ခုလိုပါပဲ။ လက်တစ်ဖက် လှုပ်ရှားဖို့ မှော်စွမ်းအင် မလိုသလိုပဲ စွမ်းရည်တစ်ခုကို အသုံးပြုဖို့အတွက်လည်း မှော်စွမ်းအင် မလိုအပ်ဘူးလေ။
ဒါကြောင့် စွမ်းရည်ကို ဘယ်သူမဆို သင်ယူလို့ မရပါဘူး။ အဲဒါက သူတို့ရဲ့ ပါရမီကြောင့် သဘာဝအတိုင်း ရရှိလာတာမျိုးပါ။
အနည်းဆုံးတော့ မိုက်ကယ်က ပန်းဘဲဖိုကို ထိတွေ့ပြီး ကိုယ်ပိုင်စွမ်းရည်ကို ဘယ်လို ပေါင်းစပ်ဖန်တီးရမလဲဆိုတာ မသိခင်အထိပေါ့။
အခုဆိုရင် မိုက်ကယ်က ဘယ်သူ့ကိုမဆို သူတို့ သင်ယူချင်တဲ့ စွမ်းရည်မှန်သမျှကို ပေးအပ်နိုင်ပြီ ဖြစ်ပါတယ်။
ဒါကြောင့် သူတို့ ဘယ်လို စွမ်းရည်မျိုး ပိုင်ဆိုင်ချင်လဲဆိုတာကို သေသေချာချာ စဉ်းစားဖို့ လိုတာပေါ့။
"မင်း စဉ်းစားမိသမျှ စွမ်းရည်မှန်သမျှကို ငါ ပေးနိုင်တယ်... သေသေချာချာ စဉ်းစားပြီး အဲဒါက ဘယ်လို အလုပ်လုပ်တယ်ဆိုတာ ငါ့ကို ပြောပြပါ" လို့ မိုက်ကယ်က ဆိတ်လူသားကို ပြောလိုက်တယ်။
ဒါပေမဲ့ ဆိတ်လူသားဟာ စက္ကန့်ပိုင်းလောက်တောင် မစဉ်းစားဘဲ သူ့ရဲ့ အဖြေကို ပေးလိုက်တာပေါ့။
"သခင်... ကျွန်တော်မျိုးကို ကျွန်တော့်ရဲ့ ခေါင်းဆောင် ဖတ်ဂျ်လိုမျိုး အရိပ်တစ်ခုလို ဖြစ်သွားနိုင်တဲ့ စွမ်းအားကို ပေးပါ"
* * * * * * * * *