အခန်း (၁၀၃-၁၀၄)
Vol. 9 Ch. 103-104
အခန်း(၁၀၃)
ဒီကမ္ဘာက မှော်ပညာနဲ့ ဓားလက်နက်တွေ တည်ရှိတဲ့ ကမ္ဘာမျိုး ဖြစ်ပေမဲ့ မိုက်ကယ်အနေနဲ့ မှော်ပစ္စည်း တစ်ခုတည်းကိုတောင် အပြင်မှာ မတွေ့ဖူးသေးပါဘူး။
တကယ်လို့ ရှိတယ်ဆိုရင်တောင် အဲဒါက တကယ့်ကို ရှားပါးပြီး ရှာရခက်တဲ့ အရာမျိုး ဖြစ်နေမှာပါ။ ဒါပေမဲ့ အခု ဒီတွေ့ရှိမှုနဲ့ဆိုရင်တော့ မိုက်ကယ်က ဒီမစ်သရယ် သတ္တုရိုင်းတွေကို လက်နက် ဒါမှမဟုတ် ကိရိယာတန်ဆာပလာ ပုံစံမျိုးတွေအဖြစ် ပုံသွင်းပြီး ကိုယ်ပိုင် မှော်ပစ္စည်းတွေကို ဖန်တီးနိုင်တော့မှာပဲလေ။
အခုဆိုရင် မှော်ဆရာတွေမှာ သူတို့ရဲ့ စွမ်းအား ထုတ်လွှတ်မှုကို အနည်းဆုံး တစ်ဝက်လောက်အထိ တိုးမြှင့်ပေးနိုင်တဲ့ မှော်တောင်ဝှေးတွေ ရှိလာနိုင်တော့မှာပါ။ ဓားသမားတွေကလည်း မစ်သရယ်နဲ့ လုပ်ထားတဲ့ ဓားကို ကိုင်ဆောင်ပြီး သူတို့ရဲ့ ပိုင်းဖြတ်နိုင်စွမ်းကို မြှင့်တင်နိုင်ကြမှာပေါ့။
တိုက်ခိုက်ရေးနဲ့ မသက်ဆိုင်တဲ့ ပါရမီရှင်တွေတောင်မှ မစ်သရယ်နဲ့ လုပ်ထားတဲ့ ထွန်ခြစ်တွေ၊ တူတွေလိုမျိုး ကိရိယာတွေကို သုံးပြီး သူတို့ရဲ့ ထုတ်လုပ်မှု စွမ်းအားတွေကို မြှင့်တင်နိုင်ကြဦးမှာပါ။ ဖြစ်နိုင်ခြေတွေကတော့ အဆုံးအစ မရှိပါဘူး။
လူပုနိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် အခုဆိုရင် သူတို့မှာ ဒါမတ်စကတ် စတီးလ်တွေ ပေါပေါများများကြီး ရှိနေပြီဖြစ်တာကြောင့် ရီနေးတား နိုင်ငံတော်အနေနဲ့ သူတို့လိုအပ်မယ့် မှော်ပစ္စည်း အားလုံးကို ဖန်တီးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကို စဉ်းစားမိရင်းနဲ့ မိုက်ကယ်က လူပုတွေနဲ့ သူ့နိုင်ငံက တခြား ပန်းပဲဆရာတွေကို ကိုယ်ပိုင် မစ်သရယ် ဘယ်လို ဖန်တီးရမလဲဆိုတာ ချက်ချင်းပဲ သင်ပေးချင်နေမိတာပေါ့။
ဒါပေမဲ့ အဲဒီအလုပ်က နောက်မှ လုပ်လို့ ရပါတယ်။ လောလောဆယ်မှာတော့ မိုက်ကယ်က မစ်သရယ်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ စမ်းသပ်မှုတွေကို အရင်ဆုံး အပြီးသတ်ချင်နေတာပါ။ ဒါမှလည်း လူပုတွေက ဒါမတ်စကတ် စတီးလ်ထဲမှာ ဒြပ်စင်တွေ ပေါင်းစပ်တာ မှားယွင်းပြီး မတော်တဆ ပေါက်ကွဲတာမျိုးတွေ မဖြစ်အောင် သူ သေချာအောင် လုပ်နိုင်မှာကိုး။
သူက ဒါမတ်စကတ် စတီးလ်ထဲကို မတူညီတဲ့ ဒြပ်စင်တွေ ပေါင်းစပ်တဲ့ စမ်းသပ်မှုတွေကို ဆက်လုပ်ခဲ့ရာမှာ အဲဒီအရာတွေ အားလုံးက မိုက်ကယ် မျှော်လင့်ထားတဲ့အတိုင်းပဲ ဖြစ်နေခဲ့ပါတယ်။
ဥပမာအားဖြင့် ဒြပ်စင် ရှစ်မျိုးထဲက ခုနစ်မျိုးကို သုံးပြီး မစ်သရယ် ဖန်တီးတဲ့အခါ ဘာပေါက်ကွဲမှုမှ မရှိတာကို တွေ့ရတာမျိုးပေါ့။ ဒီမစ်သရယ်ဟာ တခြားအရာတွေလိုပဲ အဲဒီ ဒြပ်စင် ခုနစ်မျိုးလုံးကို သုံးရမယ့် မန္တန်မျိုးအတွက်ပဲ အစွမ်းထက်တာ ဖြစ်ပါတယ်။
အခု စမ်းကြည့်ဖို့ ကျန်နေတာကတော့ ဒြပ်စင် ရှစ်မျိုးလုံးကို ပေါင်းစပ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ခါတုန်းက အင်မတန် အန္တရာယ်ရှိတဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့ပေမဲ့လည်း သင့်တော်တဲ့ အခြေအနေမျိုးကိုသာ ရှာတွေ့မယ်ဆိုရင် အဲဒီပေါက်ကွဲမှုကို လုံးဝ တားဆီးနိုင်လိမ့်မယ်လို့ မိုက်ကယ် ခံစားနေရတာပေါ့။
သီအိုရီအရဆိုရင်တော့ ဒါက အလုပ်ဖြစ်သင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဒြပ်စင်တွေက သူ့ကို ပေါက်ကွဲစေတာမှ မဟုတ်တာလေ။ ဒါကြောင့် သူတို့တွေ အချင်းချင်း ပြင်းပြင်းထန်ထန် တုံ့ပြန်မှု မရှိဘဲ အတူတူ ယှဉ်တွဲ တည်ရှိနိုင်မယ့် နည်းလမ်းတစ်ခုတော့ ရှိနေမှာ အသေအချာပါပဲ။ သူကတော့ ထပ်ပြီး စမ်းသပ်ကြည့်ဖို့ပဲ လိုတာပေါ့။
'နိုဗာ... ငါက ဒီပစ္စည်းကို ပိုပြီး သေးအောင် လုပ်လိုက်မယ်ဆိုရင် မပေါက်ကွဲဘဲ နေနိုင်မလား'
[မင်းရဲ့ စမ်းသပ်မှုတွေအရ မစ်သရယ်ထဲမှာ ရှိနေတဲ့ ဒြပ်စင်ပမာဏနဲ့ ပေါက်ကွဲမှုရဲ့ ပြင်းအားက တိုက်ရိုက် ဆက်နွှယ်နေပါတယ်။ ဒါက ဘာကို ဆိုလိုသလဲဆိုရင် သေးငယ်တဲ့ အရာတစ်ခုထဲမှာ ဒြပ်စင် ပမာဏ နည်းနည်းပဲ ထည့်လိုက်မယ်ဆိုရင် သူတို့တွေ အချင်းချင်း ငြိမ်ငြိမ်သက်သက်နဲ့ ယှဉ်တွဲ တည်ရှိနိုင်မှာ ဖြစ်ပါတယ်] လို့ နိုဗာက ပြန်ဖြေလိုက်ပါတယ်။
မိုက်ကယ်က သူ့ရဲ့ သိုလှောင်ရုံထဲကနေ လက်သည်းခွံလောက်ပဲ ရှိတဲ့ ဒါမတ်စကတ်စတီးလ်တစ်တုံးကို ယူပြီး စမ်းသပ်လိုက်ပါတယ်။ အဲဒီထဲကို ဒြပ်စင် ခုနစ်မျိုး ထည့်လိုက်တဲ့ အချိန်အထိတော့ အားလုံးက ပုံမှန်ပါပဲ။ ပြီးတဲ့နောက်မှာတော့ နောက်ဆုံး ကျန်နေတဲ့ အလင်းဒြပ်စင်ကို ဒါမတ်စကတ် စတီးလ်ထဲကို ဖြည်းဖြည်းချင်း ထည့်ပေးလိုက်ပါတယ်။ သတ္တုတုံးလေးဟာ ဖြည်းဖြည်းချင်း လင်းထိန်လာပြီး အပေါ်ယံက မီးခိုးရောင်နဲ့ အမည်းရောင် အလွှာတွေဟာ ဖောက်ထွင်းမြင်နိုင်တဲ့ သလင်းကျောက်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
အဲဒါက စွမ်းအင်တွေ ပြည့်နှက်ပြီး ဖြူစင်တဲ့ အလင်းတန်းတွေနဲ့ ဆက်တိုက် တောက်ပနေခဲ့ရာကနေ တကယ့်ကိုပဲ အစစ်အမှန် စွမ်းအင်တွေအဖြစ် ပေါက်ကွဲထွက်တော့မယ့် ပုံစံမျိုး ဖြစ်နေတာပေါ့။ ဒါပေမဲ့ စက္ကန့်အနည်းငယ် ကြာသွားတဲ့အခါ အဲဒီအလင်းတွေက ပျောက်ကွယ်သွားပြီး မစ်သရယ်ရဲ့ အတွင်းပိုင်းထဲမှာ ငြိမ်သက်သွားခဲ့ပါတယ်၊ သတ္တုတုံးလေးကတော့ ဖြူလွလွ အလင်းဖျော့ဖျော့လေးတွေ တောက်ပနေဆဲပါပဲ။
"အောင်မြင်သွားပြီ" လို့ မိုက်ကယ်က ဝမ်းသာအားရ အော်ဟစ်လိုက်ပါတယ်။
ဒီမစ်သရယ်က ကြည့်ရတာ တည်ငြိမ်မှု မရှိသေးသလို ထင်ရပေမဲ့ ဒါဟာ ပေါက်ကွဲမှု မရှိဘဲ ဒြပ်စင်အားလုံးကို ပထမဆုံးအကြိမ် ထည့်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
[ဒီမစ်သရယ်မှာ စွမ်းအင်တွေနဲ့ အင်အားတွေ အများကြီး ပါဝင်နေပါတယ်။ ဒါပေမဲ့ အနည်းငယ်လောက် နေရာလွဲသွားတာနဲ့တင် ပေါက်ကွဲသွားနိုင်ပါတယ်] လို့ နိုဗာက သတိပေးလိုက်ပါတယ်။
မိုက်ကယ်ကတော့ ဒြပ်စင်အားလုံးကို သုံးထားတာကြောင့် ဒါကို သဟဇာတမစ်သရယ်လို့ အမည်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကို ဖန်တီးနိုင်ခဲ့ပေမဲ့လည်း မိုက်ကယ်ကတော့ ဒီရလဒ်အပေါ်မှာ စိတ်တိုင်းမကျသေးပါဘူး။ သဟဇာတမစ်သရယ်ဟာ သာမန်အခြေအနေတွေမှာ သုံးဖို့အတွက်ကတော့ အရမ်းကို အန္တရာယ်များလွန်းနေသေးပါတယ်။
မိုက်ကယ်က မစ်သရယ်တွေကို ပိုပြီး သေးသထက် သေးအောင် စမ်းသပ်မှုတွေ ဆက်လုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ မစ်သရယ်ကို အမြဲတမ်း တည်ငြိမ်နေစေမယ့် အရွယ်အစားတစ်ခုကို ရှာတွေ့သွားခဲ့ပါပြီ။
သူ့ရဲ့ လက်ထဲမှာတော့ သာမန် လက်ထပ်လက်စွပ်က စိန်တုံးလေးတစ်တုံးလောက်ပဲ ရှိတဲ့ မစ်သရယ် သတ္တုရိုင်းလေး တစ်ခု ရှိနေပါတယ်။ မစ်သရယ်မှာ အမြဲတမ်း တောက်ပနေတဲ့ အဖြူရောင် အလင်းလေးကလွဲရင် ကျန်တဲ့အချက်တွေက အဲဒီစိန်တုံးလေးနဲ့ အရမ်း တူနေတာကြောင့် သူက အဲဒီလို နှိုင်းယှဉ်လိုက်တာပါ။
မိုက်ကယ်က ဒီ သဟဇာတမစ်သရယ် အသေးစားလေးကို စမ်းသပ်ကြည့်တဲ့အခါ တော်တော်လေးကို ခိုင်ခံ့တာကို တွေ့လိုက်ရပါတယ်။ သူက အဲဒါကို အခန်းထဲမှာ ဟိုပစ်ဒီပစ် လုပ်ကြည့်တယ်၊ သတ္တုတွေရော ကွန်ကရစ်တွေပေါ်မှာပါ ခုန်ပေါက်နေအောင် လုပ်ကြည့်ပေမဲ့ အဲဒီအပေါ်မှာ ဘာခြစ်ရာမှတောင် မထင်ခဲ့ပါဘူး။
သူက အဲဒီအရာကို ပြင်းထန်တဲ့ မီးတောက်တွေထဲ ထည့်တာ၊ ဒါမှမဟုတ် ရေခဲလို အေးစက်နေတဲ့ အခြေအနေမျိုးတွေထဲ ထည့်တာမျိုး စတဲ့ ဖျက်ဆီးနိုင်တဲ့ အခြေအနေ အမျိုးမျိုးမှာ စမ်းသပ်ခဲ့ပေမဲ့ အဲဒါကတော့ ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။
ဒါက လုံးဝ ဖျက်ဆီးလို့ မရတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါက အမှန်တကယ် ပျက်စီးသွားတဲ့ အခါမှာလည်း တခြား သဟဇာတ မစ်သရယ် စမ်းသပ်ချက်တွေတုန်းကလို ပေါက်ကွဲတာမျိုး မရှိတော့ပါဘူး။ ဒီမစ်သရယ်ဟာ ဘေးကင်းရုံတင်မကဘဲ စစ်မှန်တဲ့ စွမ်းအင်တွေနဲ့လည်း ပြည့်နှက်နေတာပေါ့။
နောက်ထပ် စမ်းသပ်မှုတစ်ခုမှာတော့ မိုက်ကယ်က မီးသီးတစ်လုံးရဲ့ ဝိုင်ယာကြိုး နှစ်ချောင်းကို သဟဇာတ မစ်သရယ်နဲ့ ချိတ်ဆက်ကြည့်လိုက်ပါတယ်။ အံ့ဩစရာကောင်းတာက မီးသီးလေး လင်းလာခဲ့တာပါပဲ။ သဟဇာတ မစ်သရယ်ကို ဘက်ထရီ တစ်ခုလို သုံးလို့ ရလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့မိပါဘူး။ သူ့ရဲ့ ခန့်မှန်းချက်အရဆိုရင် ဒီမစ်သရယ် အသေးလေးကို သုံးပြီး အဲဒီမီးသီးကို တစ်သက်လုံး လင်းနေအောင် လုပ်ထားလို့ ရနိုင်မယ့် ပုံပါပဲ။
သူက အိမ်ထဲမှာရှိတဲ့ အဲကွန်းနဲ့ ရေခဲသေတ္တာလိုမျိုး တခြား လျှပ်စစ်ပစ္စည်းတွေနဲ့ပါ စမ်းသပ်ကြည့်ခဲ့ပါတယ်။ အဲဒီပစ္စည်းတွေ လင်းလာခဲ့ပေမဲ့လည်း အနိုင်နိုင်ပါပဲ။ ဒီ သဟဇာတ မစ်သရယ် အသေးလေးမှာ ရှိတဲ့ ဒြပ်စင် မှော်စွမ်းအင် ပမာဏက အဲဒီလို လျှပ်စစ် အများကြီး စားတဲ့ ပစ္စည်းတွေကို မောင်းနှင်ဖို့အတွက်ဆိုရင်တော့ အရမ်းကို နည်းလွန်းနေတာကိုး။
အကယ်၍ သူက သဟဇာတ မစ်သရယ် တစ်ခုတည်းကိုပဲ သုံးပြီး အဲဒီပစ္စည်းတွေကို မောင်းနှင်ချင်တယ်ဆိုရင်တော့ အများကြီး ပိုကြီးတဲ့ ပစ္စည်းမျိုး လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို လုပ်ဖို့အတွက်ကတော့ အသေးစား မစ်သရယ်ထက် အများကြီး ပိုပြီး အန္တရာယ်များနိုင်တာကြောင့် ဘေးကင်းလုံခြုံမှု ပြဿနာ ရှိလာမှာပါ။
ဘာပဲဖြစ်ဖြစ် ဒါက တကယ့်ကို ကောင်းမွန်တဲ့ တိုးတက်မှုတစ်ခုပါပဲ။ ဒီ သဟဇာတ မစ်သရယ်ဟာ အားပြန်သွင်းစရာ မလိုသလို လဲလှယ်ပေးစရာလည်း မလိုတဲ့ ထာဝရဘက်ထရီ တစ်ခုလို အလုပ်လုပ်ပေးနိုင်တာကိုး။ သူ့ရဲ့ တစ်ခုတည်းသော အားနည်းချက်ကတော့ လောလောဆယ်မှာ လျှပ်စစ်ပစ္စည်း အသေးလေးတွေကိုပဲ မောင်းနှင်နိုင်တာပါပဲ။
'နိုဗာ... ငါ နောက်ပိုင်းမှာ ပိုပြီးကြီးမားတဲ့ သဟဇာတ မစ်သရယ်ကို ဖန်တီးနိုင်မယ့် နည်းလမ်းကို ရှာတွေ့နိုင်မယ် ထင်လား' လို့ သူက မေးလိုက်ပါတယ်။
[ဒါကို နည်းမျိုးစုံ သုံးပြီး အဖြေရှာဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါက ပြီးမြောက်ဖို့အတွက် အချိန်နဲ့ လုပ်အားတွေ အများကြီး ပေးရပါလိမ့်မယ်။ အဲဒါကြောင့် နိုင်ငံအတွင်းမှာ ပြန့်ကျဲနေတဲ့ ကျန်ရှိနေတဲ့ ပန်းဘဲဖို အပိုင်းအစတွေကို ရှာဖွေဖို့ ကျွန်ုပ် အကြံပြုလိုပါတယ်] လို့ ပြန်ဖြေလိုက်တာပေါ့။
မိုက်ကယ်က သူ့ဘာသာ ခပ်တိုးတိုး ရယ်လိုက်မိပါတယ်။
"မင်းက နောက်ထပ် အပ်ဒိတ် တစ်ခု ထပ်လိုချင်နေတာ မဟုတ်လား"
[...ကျွန်ုပ် မငြင်းပါဘူး...]
သူကတော့ ဘာပဲဖြစ်ဖြစ် အဲဒီအတိုင်းပဲ လုပ်ဖို့ စီစဉ်ထားပြီးသားပါ။ ဘာလို့လဲဆိုတော့ ဆော့ဖ်ဝဲလ် အပ်ဒိတ် တစ်ခုချင်းစီကနေ ရရှိတဲ့ တိုးတက်မှုတွေက အခုထိတော့ တကယ့်ကို အံ့မခန်း ဖြစ်နေခဲ့တာကိုး။ သူကတော့ ဒီမှာတင် မရပ်တန့်ချင်သေးပါဘူး။ သူက ဒီထက်မက ပိုပြီးတော့တောင် လိုချင်နေမိပါသေးတယ်။
* * * * * * * * *
စာစဉ်(၉)
အခန်း(၁၀၄)
မိုက်ကယ်က ရီနေးတားနိုင်ငံတော်အတွင်းမှာ မစ်သရယ်ကို စတင်အသုံးချဖို့ ပြင်ဆင်ပါတော့တယ်။
သူက နိုင်ငံသားတစ်ယောက်ချင်းစီကို နောက်တစ်ကြိမ် ပြန်လည်စုဝေးစေပြီး သူတို့ ဘယ်လို လက်နက် ဒါမှမဟုတ် ကိရိယာမျိုးကို ဖန်တီးစေချင်သလဲဆိုတာ မေးမြန်းလိုက်တယ်။
ဒါကို ကြားရတဲ့အခါ အားလုံးက တကယ့်ကို အံ့ဩသွားကြတယ်။ ဘာလို့လဲဆိုတော့ မိုက်ကယ်က သူတို့ကို တစ်ယောက်ချင်းစီ ဆင့်ကဲပြောင်းလဲပေးခဲ့တာ သိပ်မကြာသေးဘူးလေ။ မိုက်ကယ်က ကြည့်ရတာ မောပန်းတဲ့ပုံ မပေါ်ပေမဲ့လည်း ဒီလောက်အထိ အချိန်အကြာကြီး လုပ်ဆောင်ပေးရတာက သူ့အတွက် တော်တော်လေး အားအင်ကုန်ခမ်းစေလိမ့်မယ်ဆိုတာကို နိုင်ငံသားတွေက သိနေကြတာကိုး။
ဒါပေမဲ့လည်း မိုက်ကယ်ကတော့ ဆက်ပြီး လုပ်ဆောင်နေခဲ့ပါတယ်။ လောလောဆယ်မှာ မစ်သရယ်ကို သူတစ်ယောက်တည်းပဲ ဖန်တီးနိုင်သေးတာကြောင့် သူ့ရဲ့ နိုင်ငံသားတွေအတွက် မစ်သရယ် ကိရိယာ ဒါမှမဟုတ် လက်နက်တွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တာပါပဲ။
ဒါက သူ့ကို နိုင်ငံသားတွေ ပိုပြီး ကြည်ညိုလေးစားလာအောင် လုပ်လိုက်သလို ဖြစ်သွားပြီး မိုက်ကယ် ပေးသမျှ အရာအားလုံးအတွက် ပြန်လည်ပေးဆပ်နိုင်အောင် အရင်ထက် ပိုပြီး ကြိုးစားလုပ်ကိုင်ကြဖို့ သူတို့ဘာသာ ကတိပြုလိုက်ကြပါတော့တယ်။
ခုန်း ဦးဆောင်တဲ့ ပါရမီရှင် အင်ဂျင်နီယာ အုပ်စုကတော့ သူတို့ရဲ့ အလုပ်နဲ့ အကိုက်ညီဆုံး ကိရိယာတွေကို အသီးသီး ရွေးချယ်ခဲ့ကြတယ်။ တချို့က သာမန် ပေတံကို ရွေးပြီး တချို့ကတော့ အကာအကွယ် ဦးထုပ်ကို ရွေးချယ်ကြသလို၊ တချို့ကတော့ ဘယ်နေရာသွားသွား အလွယ်တကူ သယ်သွားလို့ရအောင် ခဲတံကိုပဲ ရွေးချယ်ခဲ့ကြတာပေါ့။
ရွှေလယ်ယာ က လူတွေကတော့ပေါက်ပြား၊ ဂေါ်ပြားနဲ့ မြက်ရိတ်ဓားရှည်တွေကို လိုချင်ကြပြီး လူပု အများစုကတော့ တူတွေနဲ့ ပေတုံးတွေကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။
လူတိုင်းဟာ မစ်သရယ်နဲ့ လုပ်ထားတဲ့ မှော်ပစ္စည်း တွေကို လက်ဝယ်ပိုင်ဆိုင်ရတဲ့အခါ သူတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းက အရင်ကထက် အနည်းဆုံး နှစ်ဆလောက် ပိုပြီး တိုးတက်လာတာကို တွေ့လိုက်ရတယ်။
ကွန်ကရစ်တွေကို လမ်းအဖြစ် ပုံဖော်တာပဲဖြစ်ဖြစ်၊ လယ်ကွင်းထဲမှာ မျိုးစေ့တွေ စိုက်ပျိုးတာပဲဖြစ်ဖြစ် သူတို့ အသုံးပြုတဲ့ မန္တန် တွေဟာ အဆင့်မမြှင့်ရသေးရင်တောင် အရင်ကထက် အများကြီး ပိုပြီး လွယ်ကူသွားတာပါ။ သူတို့ရဲ့ လက်ထဲမှာ မစ်သရယ် မှော်ပစ္စည်း ကို ကိုင်ထားရုံနဲ့တင် သူတို့ရဲ့ စွမ်းရည်တွေကို အဆမတန် မြင့်တက်သွားစေတာကိုး။
ဒါကြောင့်ပဲ နေ့စဉ်ထုတ်လုပ်တဲ့ ဘီယာပမာဏတွေ ပိုများလာသလို၊ အပတ်တိုင်းမှာ ဆောက်လုပ်ပြီးစီးတဲ့ အိမ်အရေအတွက်တွေလည်း ပိုတိုးလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လူတိုင်းဟာ ကိုယ်ပိုင်အိမ်တွေမှာ အဲကွန်းနဲ့ ရေခဲသေတ္တာတွေကို တပ်ဆင်နိုင်သွားကြပြီပေါ့။
သူတို့ရဲ့ ဆင့်ကဲပြောင်းလဲမှု၊ စွမ်းရည် အသစ်တွေနဲ့ မစ်သရယ်မှော်ပစ္စည်းတွေ ပေါင်းစပ်လိုက်တဲ့အခါ လူတိုင်းဟာ သူတို့ရဲ့ အလုပ်တွေမှာ အလွန်ကို ကျွမ်းကျင်လာကြပြီး အချိန်နဲ့ ကုန်ကြမ်းတွေကို လေလွင့်မှုနည်းအောင် စီမံရင်း ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ထုတ်ဖော်နိုင်လာကြတယ်။ မိုက်ကယ်ကတော့ သူတို့ကို အလုပ်တွေ အလွန်အကျွံ မဖြစ်စေဘဲ အလုပ်အသစ်တွေကိုတောင် ထပ်ပြီး တာဝန်ချပေးနိုင်ခဲ့ပါသေးတယ်။
သူဟာ သဟဇာတမစ်သရယ် အသေးစားလေးနဲ့ မောင်းနှင်ထားတဲ့ အိတ်ဆောင်နာရီတစ်လုံးကို ပုံစံထုတ်ပြီး ဖန်တီးဖို့အတွက် တစ်ပတ်လောက် အချိန်ပေးခဲ့ရတယ်။
လူပုတွေနဲ့ တခြား ပန်းပဲဆရာတွေဟာ သူတို့လက်ထဲက ဝိုင်းဝန်းပြီး ရွှေရောင်တောက်ပနေတဲ့ အိတ်ဆောင်နာရီကို ကြည့်ပြီး မှင်သက်နေကြတာပေါ့။ ဒီလောက် သေးငယ်တဲ့ အရာလေးကို မိုက်ကယ်က ဘယ်လိုများ ဒီလောက်အထိ အနုစိတ်အောင် ဖန်တီးနိုင်ရတာလဲဆိုတာကို သူတို့တွေ အံ့ဩလို့ မဆုံး ဖြစ်နေကြတယ်။
လူတိုင်းဟာ မြို့လယ်က နာရီစင်ကြီးကို ကြည့်ပြီး အသားကျနေကြပြီဖြစ်တာကြောင့် အခုလို ကိုယ်ပိုင်နာရီလေး တစ်လုံးကို လက်ဝါးပေါ်မှာ တင်ထားနိုင်တာက သူတို့ရဲ့ နေ့စဉ်ဘဝကို အများကြီး ပိုပြီး အဆင်ပြေသွားစေပါတယ်။ နိုင်ငံတော် အလယ်က နာရီစင်ကို မြင်ရဖို့အတွက် ပြတင်းပေါက်ကနေ လှမ်းချောင်းကြည့်နေစရာ မလိုတော့ဘဲ သူတို့ရဲ့ အိတ်ဆောင်နာရီကိုပဲ ငုံ့ကြည့်လိုက်ရုံပဲလေ။
သူဟာ အိတ်ဆောင်နာရီတွေ ထုတ်လုပ်ဖို့အတွက် သီးသန့်စက်ရုံအသစ်တစ်ခုကို တည်ဆောက်ဖို့ ခုန်း ကို ညွှန်ကြားလိုက်ပါတယ်။
သူက အိတ်ဆောင်နာရီနဲ့ မော်တော်ကားကို တစ်ချိန်တည်းမှာပဲ ရောင်းချဖို့ စီစဉ်ထားတာပါ။ မိုက်ကယ်ကတော့ ဒီလို ဆန်းသစ်ပြီး ထူးခြားတဲ့ ထုတ်ကုန်တွေကို လူသားဈေးကွက်ထဲမှာ မိတ်ဆက်လိုက်ခြင်းအားဖြင့် ကင်းစ်ဘရစ်ချ်ထက် ပိုပြီးအဆင့်မြင့်တဲ့ ကွင်းစ်နယ်မြေမှာ နာမည်ရလာဖို့ မျှော်လင့်နေတာပေါ့။
သူနဲ့ ကက်စတယ်လာ ဟာ ရီနေးတား လုပ်ငန်းကို ကွင်းစ်နယ်မြေအထိ ချဲ့ထွင်ဖို့ စဉ်းစားနေတာ တော်တော်တောင် ကြာပါပြီ။ အရင်က ဒါကို မလုပ်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ ကင်းစ်နယ်မြေနဲ့ ကွင်းစ်နယ်မြေကြားမှာ အင်မတန် အန္တရာယ်များတဲ့ တောင်တန်းကြီးတစ်ခု ခံနေလို့ပါပဲ။ ဒါကြောင့် သူတို့ရဲ့ ကြီးမားလေးလံတဲ့ ကုန်ပစ္စည်းတွေကို တခြားနယ်မြေတွေဆီ သယ်ယူဖို့ အဟန့်အတား ဖြစ်နေခဲ့တာပေါ့။
ဒါပေမဲ့ အခုတော့ လူပုနိုင်ငံတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိထားပြီဖြစ်တာကြောင့် အဲဒီ တောင်တန်းကြီးကို ကျော်ဖြတ်ပြီး ကွင်းစ်နယ်မြေဆီကို ဘာပြဿနာမှမရှိဘဲ အလွယ်တကူ သွားနိုင်တော့မှာပါ။ ပြီးတော့ လူပုနိုင်ငံတော်နဲ့ ချိတ်ဆက်မယ့် ရထားလမ်းစနစ်ကိုလည်း တည်ဆောက်ဖို့ စီစဉ်နေတာကြောင့် သူတို့ရဲ့ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရတာက အရင်ကထက် အများကြီး ပိုပြီး လွယ်ကူသွားမှာ ဖြစ်ပါတယ်။ မိုက်ကယ်အနေနဲ့ ရေပိုက်စနစ်၊ မော်တော်ကားနဲ့ ကွန်ကရစ်တွေကို ကွင်းစ်နယ်မြေအထိ နောက်ဆုံးတော့ ယူဆောင်သွားနိုင်တော့မှာပေါ့။
ဒါကြောင့် အခုအချိန်မှာ မိုက်ကယ်က တစ်နေ့နေ့မှာ ကွင်းစ်နယ်မြေဆီ ပို့ဆောင်ပြီး ရောင်းချမယ့် ကုန်ပစ္စည်းအမြောက်အမြားကို သူတို့နိုင်ငံထဲမှာ စုဆောင်းနေခဲ့ပါတယ်။
မှော်ပစ္စည်း နဲ့ ပတ်သက်ရင်တော့ မိုက်ကယ်က ဒါကို ကမ္ဘာကြီးကို ဘယ်အချိန်မှာ ထုတ်ပြရမလဲဆိုတာ ဝေခွဲမရဖြစ်နေတုန်းပါပဲ။ အနည်းဆုံးတော့ လူပုတွေ မစ်သရယ်ကို ကိုယ်တိုင်ဖန်တီးတတ်အောင် မသင်ယူရသေးခင်မှာတော့ ဒါကို မထုတ်ပြချင်သေးပါဘူး။ အကယ်၍ သူက မစ်သရယ် မှော်ပစ္စည်း ကို စောစောစီးစီး မိတ်ဆက်လိုက်မယ်ဆိုရင် ဒါကို သူတစ်ယောက်တည်းပဲ လုပ်နိုင်တာကြောင့် အလုပ်တွေ အကုန်လုံးကို သူကိုယ်တိုင်ပဲ ဖိလုပ်နေရမှာကိုး။
ဒီနိုင်ငံက လူပုတွေနဲ့ ပန်းပဲဆရာတွေဟာ မစ်သရယ် အမြောက်အမြားကို ထိထိရောက်ရောက် ထုတ်လုပ်နိုင်တဲ့အခါကျမှသာ သူက သူ့ရဲ့ သူငယ်ချင်းဟောင်း ဆီဘက်စတီယန် ဆီကို သွားလည်မှာပါ။ မျှော်စင်သခင် တစ်ယောက်အနေနဲ့ သူဟာ မစ်သရယ် မှော်ပစ္စည်း တွေရဲ့ တန်ဖိုးကို သိလောက်အောင် ဗဟုသုတ ကြွယ်ဝမှာ အသေအချာပဲလေ။
အဲဒီလိုနဲ့ပဲ နေ့ရက်တွေ ကုန်ဆုံးသွားပြီး လူတိုင်းဟာ အလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေကြပါတယ်။
ထရိုးလ်တွေက ရထားလမ်းစနစ်ကို တည်ဆောက်ကြပြီး ရထားသံလမ်းတွေကို ခင်းကျင်းရင်း လူပုနိုင်ငံတော်ဆီကို တန်းတန်းမတ်မတ် ရောက်သွားအောင် လုပ်ဆောင်နေကြတာပေါ့။ ထုတ်လုပ်ရေးပိုင်း တာဝန်ယူထားတဲ့ မျောက်လူတွေနဲ့ ဆိတ်လူသားတွေကတော့ ထရိုးလ်တွေနဲ့အပြိုင် နယ်မြေနှစ်ခုကို ချိတ်ဆက်ပေးမယ့် ကွန်ကရစ်လမ်းတွေကို ဖန်တီးနေကြပါတယ်။
ကုလားအုတ်လူသားတွေကတော့ ရထားလမ်းနဲ့ ကားလမ်းတစ်လျှောက်မှာ ယာယီကင်းစခန်းတွေ ဆောက်လုပ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ အဆင်ပြေရဲ့လား၊ ဘာအခက်အခဲတွေ ရှိမလဲဆိုတာကို သေချာ စောင့်ကြည့်ပေးနေကြတာပေါ့။
မိုက်ကယ်က သူတို့တွေ နိုင်ငံတော်နဲ့ ဝေးကွာနေတဲ့ အချိန်မှာတောင် အချင်းချင်း ဆက်သွယ်နိုင်ဖို့အတွက် ဝေါ်ကီတော်ကီတစ်ခုကိုလည်း ဖန်တီးပေးခဲ့ပါသေးတယ်။ ဒါကလည်း သဟဇာတမစ်သရယ်နဲ့ မောင်းနှင်ထားတာကြောင့် ဘက်ထရီကုန်သွားမှာကို ပူစရာမလိုပါဘူး။
တစ်ဖက်မှာတော့ ရှေးဟောင်းလူပုအဖြစ် ဆင့်ကဲပြောင်းလဲသွားတဲ့ သရိန်းတို့လို လူပုတွေကတော့ မစ်သရယ် ဖန်တီးတဲ့ပညာရပ်ကို ကြိုးကြိုးစားစားလေ့ကျင့်နေကြပါတယ်။
ရီနေးတားကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို ဖန်တီးနေတဲ့ စက်ရုံတွေကလည်း အလုပ်တွေ အရမ်းရှုပ်နေပြီး ကက်စတယ်လာ သွားရောက်ရောင်းချဖို့အတွက် ပစ္စည်းတွေကို အမြောက်အမြား ထုတ်လုပ်နေကြတာပါ။
အင်ဂျင်နီယာတွေကတော့ လျှပ်စစ်ဓာတ်အား ပိုပြီး ထုတ်လုပ်နိုင်အောင် ရေနွေးငွေ့တာဘိုင်ကို အဆင့်မြှင့်တင်ဖို့ ကြိုးစားနေကြတယ်။ အဲဒါ ပြီးသွားပြီဆိုရင်တော့ လူပုနိုင်ငံတော်နဲ့ ချိတ်ဆက်ပြီး သူတို့ကို လျှပ်စစ်မီး ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
ရေနွေးငွေ့တာဘိုင်ရဲ့ အထက် ပေရာဂဏန်းလောက်မှာတော့ မီးစက်တွေနဲ့ စက်ရုံတွေက ထွက်လာတဲ့ မီးခိုးငွေ့အားလုံးကို မီးခိုးရောင် တိမ်တိုက်တွေက စုပ်ယူနေကြတယ်။ လူပုဘုရင် ပေးလိုက်တဲ့ ဗီဇပြောင်း ဗက်တီးရီးယား တိမ်တိုက် မျိုးစေ့လေးဟာ မီးခိုးငွေ့တွေကို စားသုံးရင်း ဖြည်းဖြည်းချင်း ကြီးထွားလာနေပြီး တစ်နယ်မြေလုံးအတွက် ဒြပ်စင် မှော်စွမ်းအင် တွေကို တဖြည်းဖြည်း ထုတ်လုပ်ပေးနေခဲ့တာပါ။
ရီနေးတား နိုင်ငံတော်အတွင်းမှာ အရာရာတိုင်းဟာ အဆင်ပြေ ချောမွေ့နေခဲ့ပါတယ်။
လအနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ မိုက်ကယ်ရဲ့ ၁၁ နှစ်ပြည့် မွေးနေ့ကို နောက်ဆုံးမှာ ရောက်ရှိလာခဲ့ပါပြီ။
ဒါက သူ ခြောက်သွေ့လွင်ပြင်ကို ရောက်ရှိလာခဲ့တာ တရားဝင်တစ်နှစ်ပြည့်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
* * * * * * * * *