← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 9 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 9 Ch. 107-108

အခန်း(၁၀၇)

ဈေးသည်တွေဟာ သူတို့ကြားလိုက်ရတဲ့အရာ မှန်ကန်ရဲ့လားဆိုတာ သေချာအောင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။

လူပုတွေက သူတို့ရဲ့ နိုင်ငံတော်ထဲကို ဝင်ခွင့်ပေးမှာမဟုတ်ဘူးဆိုတာ သူတို့ သိထားပြီးသားပါ။ ဒါကလည်း မျှော်လင့်ထားပြီးသားကိစ္စပါပဲ၊ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာ နှစ်ပေါင်းထောင်ချီတဲ့ သမိုင်းတစ်လျှောက်မှာ သူတို့ဟာ လူသားတစ်ယောက်ကိုမှ သူတို့နိုင်ငံတော်ရဲ့ မြို့ရိုးအတွင်းထဲကို ဝင်ခွင့်မပေးခဲ့ဖူးလို့ပါပဲ။

ဒါပေမဲ့ သူတို့ ငြင်းပယ်ခံရတဲ့ အကြောင်းရင်းက သူတို့ရဲ့ မြင်းရထားမှာ ရီနေးတား ကုမ္ပဏီရဲ့ အမှတ်အသား မပါလို့ဆိုတာကိုတော့ သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပါဘူး။

"ရီနေးတား ကုမ္ပဏီ ဟုတ်လား။ ဂုဏ်သရေရှိ လူပုကြီးခင်ဗျာ၊ အခု ရီနေးတား ကုမ္ပဏီလို့ ပြောလိုက်တာလား" လို့ ဈေးသည်တစ်ယောက်က သူကြားလိုက်တာ မှန်ရဲ့လားဆိုတာ သေချာအောင် သူ့နားရွက်ကို ကုတ်ရင်း မေးလိုက်ပါတယ်။

လူပုကလည်း ယုံကြည်ချက်ရှိရှိနဲ့ပဲ ခေါင်းညိတ်ပြလိုက်ပါတယ်။

"ဟုတ်တယ်။ မင်းတို့မှာ ရီနေးတား ကုမ္ပဏီရဲ့ တရားဝင်အမှတ်တံဆိပ် မပါဘူးဆိုရင်တော့ ဒီနယ်မြေထဲကို ဝင်ခွင့်မရှိဘူး"

သူတို့ပြောပုံအရဆိုရင် ရီနေးတား ကုမ္ပဏီနဲ့ ပတ်သက်ဆက်နွှယ်နေတာဟာ လူပုနိုင်ငံတော်ထဲကို ဝင်ရောက်ဖို့အတွက် အထူးအခွင့်အရေး ရထားသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒါက မဖြစ်နိုင်တာပဲ မဟုတ်လား။

ဘာပဲဖြစ်ဖြစ် ရီနေးတား ကုမ္ပဏီဆိုတာ လူသားတွေပိုင်ဆိုင်ပြီး လူသားတွေပဲ စီမံခန့်ခွဲနေတဲ့ လုပ်ငန်းတစ်ခုလေ။ လူစိမ်းတွေကို မနှစ်သက်တဲ့ လူပုတွေက လူသားတွေကို သူတို့နိုင်ငံထဲမှာ လာပြီး စီးပွားရေးချဲ့ထွင်ဖို့ လိုလိုလားလား ခွင့်ပြုမှာ မဟုတ်ပါဘူး။

အဲဒီအချိန်မှာပဲ ဈေးသည်တွေထဲက တစ်ယောက်က တောအုပ်ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်တဲ့အခါ သူတို့ရဲ့ မြို့ရိုးတွေက ဘာခြစ်ရာမှမရှိဘဲ ခန့်ခန့်ထည်ထည် မတ်တပ်ရပ်နေတာကို သတိထားမိသွားပါတယ်။

"နေပါဦး၊ ခင်ဗျားတို့ မြို့ရိုးတွေက မြေပြိုတဲ့ဒဏ်ကနေ ဘယ်လိုလုပ်ပြီး ဘာမှမဖြစ်ဘဲ ကျန်ခဲ့တာလဲ" လို့ သူက မေးလိုက်ပါတယ်။

လူပုနိုင်ငံတော်ကို ဝန်းရံထားတဲ့ အပြစ်အနာအဆာမရှိတဲ့ မြို့ရိုးတွေကို မြင်လိုက်ရတာက ဆောက်လက်စ မြို့ရိုးအပျက်အစီးတွေကို တွေ့ရမယ်လို့ မျှော်လင့်ထားတဲ့ ဈေးသည်ကို အံ့ဩသွားစေပါတယ်။

ဘာပဲဖြစ်ဖြစ် ဒါက လအနည်းငယ်ပဲ ရှိသေးတာလေ။ ကွင်းစ်နယ်မြေနဲ့ ကင်းစ်ဘရစ်ချ် နယ်မြေကြားက တောင်တန်းတွေတောင် မြေပြိုမှုကြောင့် ပြန်လည်ပြုပြင်နေရတုန်းဖြစ်ပြီး လမ်းတော်တော်များများဟာ အမြစ်ကကျွတ်ထွက်နေတဲ့ သစ်ပင်တွေနဲ့ ကျောက်တုံးကြီးတွေကြောင့် ပိတ်ဆို့နေတုန်းပါပဲ။

သူတို့ကြားထားရသလောက်တော့ လူပုနိုင်ငံတော်ဟာ ဒီမြေပြိုမှုဒဏ်ကို အတော်လေး ခံစားခဲ့ရပြီး မြို့ရိုးတွေနဲ့ ရွာတွေဟာ အပျက်အစီးပုံတွေ ဖြစ်သွားခဲ့တာပါ။

ဈေးသည်တွေကိုယ်တိုင်လည်း မြေပြိုပြီးခါစက ဒီနေရာကို လာဖို့ ကြိုးစားခဲ့တုန်းက သဘာဝဘေးအန္တရာယ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတာပဲလေ။

အဲဒီတုန်းကတော့ အပျက်အစီးတွေကလွဲလို့ ဘာမှမတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ အခုတော့ လူပုတွေဟာ လအနည်းငယ်အတွင်းမှာတင် သူတို့ရဲ့ ထပ်ဆင့်မြို့ရိုးတွေကို တစ်နည်းနည်းနဲ့ အပြီးသတ် ပြန်လည်တည်ဆောက်နိုင်ခဲ့ကြပြီပေါ့။

လူပုတွေက ဆောက်လုပ်ရေးမှာ တော်တယ်ဆိုတာ သူတို့ သိထားပေမဲ့ ဒီလောက်အထိ တော်လိမ့်မယ်လို့တော့ မထင်ထားခဲ့ကြပါဘူး။

"အဲဒီမြို့ရိုးတွေကို ငါတို့ တည်ဆောက်ခဲ့တာ မဟုတ်ဘူး" လို့ လူပုတွေက ဝန်ခံလိုက်ပါတယ်။

"အဲဒီမြို့ရိုးတွေကို ရီနေးတားကုမ္ပဏီရဲ့ အကူအညီနဲ့ တည်ဆောက်ခဲ့တာပါ"

လူသားတွေ ပါးစပ်အဟောင်းသားဖြစ်ပြီး မှင်သက်နေတာကို မြင်တော့ လူပုက သူ့ဘာသာ ခပ်တိုးတိုး ရယ်လိုက်ပါတယ်။

"ဟားဟားဟား၊ သူတို့က တကယ်ကို အံ့ဩစရာမကောင်းဘူးလား။ ယုံချင်ယုံ မယုံချင်နေ၊ သူတို့တွေ ငါတို့မြို့ရိုးကို တစ်လခွဲအတွင်းမှာတင် ပြန်ဆောက်ပေးလိုက်တာဗျ" လို့ လူပုက ကြွားလုံးထုတ်လိုက်ပါတယ်။

လူပုတွေက လူသားတစ်ယောက်ကို သူတို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ခွင့်ပေးထားတယ်ဆိုတဲ့ အချက်နဲ့တင် ဈေးသည်တွေ အံ့ဩနေရတာကို၊ မြို့ရိုးတွေကို ဘယ်လောက်အမြန် ဆောက်ခဲ့သလဲဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ပိုပြီးတော့တောင် အံ့သြသွားကြပါသေးတယ်။

"ဒီလောက် မြင့်မားတဲ့ မြို့ရိုးတွေကို နှစ်လမပြည့်ခင်မှာ ဆောက်လိုက်တယ် ဟုတ်လား"

"ငါနားကြားမှားတာလား၊၊ ဒါပေမဲ့ ဒါက လုံးဝ မဖြစ်နိုင်တာပဲ"

လူပုကတော့ သူတို့ကို ဆက်ပြီး အငြင်းမပွားတော့ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ဆီကို အမှန်တရားကို ရှင်းပြရင်တောင် သူတို့က ဘယ်လိုမှ ယုံကြည်နိုင်ကြမှာ မဟုတ်လို့ပါပဲ။

"အခု ခင်ဗျားတို့ ရပ်နေတဲ့ လမ်းကို မြင်လား" လို့ လူပုက မေးလိုက်ပါတယ်။

"လူသားနယ်မြေတွေနဲ့ ချိတ်ဆက်ထားတဲ့ ဒီလမ်းကို ဖန်တီးပေးခဲ့တာလည်း ရီနေးတား ပဲလေ"

နောက်ဆုံးတော့ ဈေးသည်တွေဟာ ဒီလောက်အထိ ရှည်လျားပြီး ညီညာနေတဲ့ လမ်းကို ဘယ်သူ တည်ဆောက်ခဲ့သလဲဆိုတဲ့ အဖြေကို ရသွားပါပြီ။ ဒါကို ရီနေးတားကုမ္ပဏီက ဖန်တီးခဲ့တာဆိုတာကို သူတို့ လုံးဝ မယုံနိုင်အောင် ဖြစ်နေရတာပါ။

သူတို့တွေ ဒီသတင်းအချက်အလက်တွေကို စဉ်းစားနေတုန်းမှာပဲ သူတို့အရှေ့ကနေ ရုတ်တရက် တုန်ခါသံကြီးတစ်ခုကို ကြားလိုက်ရပါတယ်။

သူတို့ မော့ကြည့်လိုက်တဲ့အခါ လူပုနိုင်ငံတော်ရဲ့ မြို့ရိုးတွေထဲကနေ ထွက်လာတဲ့ ထူးဆန်းတဲ့ လေးထောင့်ပုံစံ မြင်းရထားတွေကို တွေ့လိုက်ရပါတယ်။

ပထမဆုံး သူတို့ သတိထားမိတဲ့ ထူးဆန်းတဲ့အချက်က အဲဒီရထားတွေကို ဆွဲဖို့ မြင်းတွေ မပါတာပါပဲ။ ဒါပေမဲ့လည်း အဲဒီရထားတွေက မြင်းလေးကောင်ဆွဲနေသလိုမျိုး အရှိန်အဟုန်နဲ့ ခွန်အားအပြည့်နဲ့ ရွေ့လျားနေတုန်းပါပဲ။

ဒါပေမဲ့ ယာဉ်ရဲ့ ဘေးဘက်မှာ ရွှေရောင်နဲ့ ရိုက်နှိပ်ထားတဲ့ အမှတ်တံဆိပ်ကို သတိထားမိသွားတဲ့အခါမှာတော့ သူတို့ရဲ့ အံ့ဩမှုက တခြားဆီကို ရောက်သွားပါတော့တယ်။

မြင်းမပါတဲ့ အဲဒီရထားပေါ်မှာ အနုစိတ်ပြီး ခမ်းနားတဲ့ 'R' ဆိုတဲ့ စာလုံးလေး ပါနေတာကိုး။

ဈေးသည်တွေက ဒီအမှတ်အသားကို ချက်ချင်း မှတ်မိသွားကြတာပေါ့။ သူတို့နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဆပ်ပြာတွေ၊ ခေါင်းလျှော်ရည်တွေနဲ့ စစ်တုရင်ခုံတွေပေါ်မှာလည်း ဒီအမှတ်အသားပါနေတာပဲလေ။

ဒါက ရီနေးတား ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုပဲ။

လူပုတွေပြောတာ မှန်ပုံရပါတယ်။ ရီနေးတားကုမ္ပဏီ အမှတ်အသားပါတဲ့ ရထားတွေပဲ သူတို့နယ်မြေထဲကို ဝင်လို့ရတာကိုး။

ဒါပေမဲ့ ဒါက ဈေးသည်တွေ မြင်လိုက်ရတဲ့ အရာတွေထဲမှာ အံ့ဩစရာအကောင်းဆုံးတော့ မဟုတ်သေးပါဘူး။

မြင်းမပါတဲ့ ရထားတွေရဲ့ အနောက်မှာတော့ ပစ္စည်းတွေ အပြည့်အသိပ် ထည့်ထားတာကြောင့် အပေါ်ကနေတောင် လျှံထွက်နေတဲ့ ကွန်တိန်နာ အကြီးကြီးတစ်ခုကို ဆွဲလာတာပါ။ အဲဒီကြောင့်ပဲ ဈေးသည်တွေဟာ ရီနေးတား ကုမ္ပဏီက လူပုနိုင်ငံတော်ထဲကနေ ဘာတွေ သယ်ထုတ်လာသလဲဆိုတာကို ခိုးကြည့်နိုင်ခဲ့တာပေါ့။

သူတို့ မြင်ရသလောက်ကတော့ အလူမီနီယံ၊ ကြေးနီနဲ့ စတီးလ်တို့လို အဖိုးတန် သတ္တုတွေ ပေါင်းစပ်ထားတာတွေပါပဲ။

ဒါပေမဲ့ သူတို့ကို အံ့ဩသွားစေတာကတော့ သူတို့ဘဝမှာ တစ်ခါပဲ မြင်ဖူးတဲ့ အမည်းရောင်နဲ့ မီးခိုးရောင် ရောနေတဲ့ ပစ္စည်းတစ်ခုကို တွေ့လိုက်ရတာပါပဲ။ အဲဒီအချိန်မှာတောင် ဒါက ဘယ်လောက်အထိ အဖိုးတန်ပြီး ရှားပါးသလဲဆိုတာ သိနေတာကြောင့် သူတို့တွေ တခြားအရာလို့ မမှားနိုင်ပါဘူး။

ဒါတွေက လူပုတွေ အရမ်းကို နာမည်ကြီးလှတဲ့ ဒါမတ်စကတ် စတီးလ် တွေပဲလေ။

ဈေးသည်တွေအနေနဲ့ ဒီပစ္စည်းက ဘယ်လောက်တောင် ရှားပါးသလဲဆိုတာ ကောင်းကောင်းသိတာပေါ့။ လူပုနိုင်ငံတော်ရဲ့ အပြင်လူတွေနဲ့ စီးပွားမလုပ်တဲ့ မူဝါဒကြောင့် လူသားတွေဟာ ဒါမတ်စကတ် စတီးလ် အပိုင်းအစ အသေးလေးတွေကိုပဲ မှောင်ခိုဈေးကွက်ကနေ ရနိုင်တာပါ။

နှစ်အနည်းငယ်မှာ တစ်ခါလောက်ပဲ ဒီပစ္စည်း ကီလိုဂရမ် အနည်းငယ် ရရင်တောင် အတော်လေး အဆင်ပြေနေပါပြီ။

ဒါပေမဲ့ သူတို့ ခန့်မှန်းချက်အရတော့ အဲဒီရထားတွေပေါ်က ဒါမတ်စကတ် စတီးလ်တွေက တစ်တန် နီးပါးလောက် ရှိနေတာပါ။

"ဒါက... ဒါက ငါထင်နေတဲ့အရာလား"

"ဒါပေမဲ့ လူပုနိုင်ငံတော်က ဒါမတ်စကတ် စတီးလ် ရောင်းတာကို တားမြစ်ထားတယ်လို့ ငါ ထင်ထားတာ"

လူပုက နှာခေါင်းရှုံ့လိုက်ပါတယ်။

"ဟုတ်တယ်၊ ငါတို့က တခြားလူသားတွေကို ဒါမတ်စကတ် စတီးလ် ဝယ်ခွင့် တားမြစ်ထားတုန်းပဲ။ ဒါပေမဲ့ ရီနေးတား ကုမ္ပဏီကတော့ မတူဘူး။ သူတို့က ငါတို့နိုင်ငံတော်ရဲ့ မိတ်ဆွေနဲ့ မဟာမိတ်တွေလေ။ သူတို့က ငါတို့မိုင်းထဲက ဒါမတ်စကတ် စတီးလ် အကုန်လုံးကို ဝယ်လို့ရသလို ငါတို့ကလည်း သူတို့ကို ဝမ်းသာအားရ ရောင်းပေးမှာပါ" လို့ လူပုက ရှင်းပြလိုက်ပါတယ်။

ဈေးသည်တွေဟာ အဲဒီရထားတွေပေါ်က 'R' ဆိုတဲ့ အမှတ်အသားကိုပဲ ငေးကြည့်နေမိကြပါတော့တယ်။

ဘယ်လူသားမှ မလုပ်နိုင်ခဲ့တဲ့ အရာတစ်ခုကို ရီနေးတား ကုမ္ပဏီက လုပ်နိုင်ခဲ့တယ်ဆိုတာကို သူတို့ မယုံနိုင်အောင် ဖြစ်နေရတာပါ။

သူတို့တွေဟာ လူပုတွေရဲ့ မျက်နှာသာပေးမှုကို ရရှိသွားခဲ့ကြပြီပေါ့။

* * * * * * * * *

စာစဉ်(၉)

အခန်း(၁၀၈)

ဈေးသည်တွေဟာ ဒီအံ့အားသင့်စရာကောင်းတဲ့ ရှာဖွေတွေ့ရှိမှု သတင်းကို ပြောပြဖို့ ကင်းစ်ဘရစ်ချ်မြို့ဆီကို အမြန်ပြန်လာခဲ့ကြတယ်။

အဲဒီဆန်းကြယ်တဲ့ လမ်းမကြီးက လူပုနိုင်ငံတော်ဆီကို ဦးတည်နေကြောင်းနဲ့ တကယ်တမ်းကျတော့ အဲဒီလမ်းတွေကို ရီနေးတားကုမ္ပဏီက အစကတည်းက ဖန်တီးခဲ့တာဖြစ်ကြောင်း သူတို့က အားလုံးကို ပြောပြလိုက်တာပေါ့။

ဒါတင်မကသေးဘဲ ရီနေးတားကုမ္ပဏီဟာ တစ်နည်းနည်းနဲ့ လူပုနိုင်ငံတော်ရဲ့ မျက်နှာသာပေးမှုကို ရရှိထားပြီး သူတို့ဝယ်နိုင်သမျှ ဒါမတ်စကတ် စတီးလ် အားလုံးကို ဝယ်ယူခွင့် ရထားတယ်ဆိုတာပါပဲ။

ဒီသတင်းက တကယ်ကို မယုံနိုင်စရာကောင်းလွန်းတာကြောင့် တစ်မြို့လုံးမှာ အတင်းအဖျင်းစကားတွေ ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး သတင်းစာတွေမှာလည်း ဒါက ဘယ်လိုဖြစ်နိုင်မလဲဆိုတာနဲ့ တကယ်ပဲ မှန်ကန်ရဲ့လားဆိုတဲ့ ခန့်မှန်းချက်တွေ၊ သီအိုရီအမျိုးမျိုးကို ရိုက်နှိပ်ဖော်ပြကြတော့တာပေါ့။

ရီနေးတားကုမ္ပဏီက ဒီလမ်းတွေကို ဖောက်လုပ်ခဲ့တယ်ဆိုတာကိုတော့ သူတို့ ယုံကြည်နိုင်ကြပါတယ်။ သူတို့မှာ ဒါကိုလုပ်ဖို့ ငွေကြေးနဲ့ တန်ခိုး အာဏာ ရှိနေတာကိုး။ ဒါပေမဲ့ သူတို့ဟာ လူပုနိုင်ငံတော်နဲ့ မဟာမိတ်ဖြစ်သွားတယ်ဆိုတဲ့ အချက်ကတော့ လူအများကြီးကို တကယ်ပဲ ဇဝေဇဝါ ဖြစ်သွားစေခဲ့တာပါ။

ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်တဲ့ ဗန်ဒါဘစ် လုပ်ငန်းစုတောင်မှ လူပုနိုင်ငံတော်ရဲ့ ခိုင်မာလှတဲ့ ခံစစ်တွေကို မဖောက်ထွက်နိုင်ခဲ့ပါဘူး။

အဆမတန် ချမ်းသာကြွယ်ဝတဲ့ အိုင်းဇ် ဗန်ဒါဘစ်က လူပုတွေကို ငွေနဲ့ ဘယ်လောက်ပဲ သိမ်းသွင်းဖို့ ကြိုးစားပါစေ၊ ပြင်ပလုပ်ငန်းတွေကို ငြင်းပယ်တဲ့ သူတို့ရဲ့ မူဝါဒကိုတော့ ဘယ်လိုမှ မပြင်ခိုင်းနိုင်ခဲ့ဘူးလေ။

တခြားသော နိုင်ငံတွေနဲ့ နိုင်ငံတော်တွေအားလုံးကလည်း နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပေမဲ့ အရာမထင်ခဲ့ပါဘူး။ လူပုနိုင်ငံတော်ကတော့ အပြင်လူတွေအတွက် သူတို့တံခါးကို ထာဝရ ပိတ်ထားတော့မယ့်အတိုင်းပါပဲ။

ဒါပေမဲ့ အခုတော့ အသစ်တက်လာတဲ့ ရီနေးတားကုမ္ပဏီက ဘယ်သူမှ မလုပ်နိုင်ခဲ့တဲ့ အရာကို ရုတ်တရက် လုပ်ပြနိုင်ခဲ့ပြီပေါ့။ ကင်းစ်ဘရစ်ချ်မြို့သားတွေက ဒီဆန်းသစ်တဲ့ ကုမ္ပဏီကို သဘောကျကြပေမဲ့လည်း ဒီသတင်းကိုတော့ ကိုယ်တိုင်ကိုယ်ကျ မမြင်ရသရွေ့ မယုံကြည်နိုင်ကြဘူး ဖြစ်နေတာပါ။

သိပ်မကြာခင်မှာပဲ လူအများအပြားဟာ သူတို့ရဲ့ မြင်းရထားတွေကိုစီးပြီး ကွန်ကရစ်လမ်းမကြီးတွေအတိုင်း လူပုနိုင်ငံတော်ဆီကို ခရီးထွက်လာကြပါတယ်။ ဒါက သူတို့ပြောခဲ့ကြသလိုပဲ လမ်းမကြီးတွေဟာ တကယ်ကို ချောမွေ့နေတယ်ဆိုတာကို သိရှိသွားစေတာပေါ့။ ချိုင့်ဝှမ်းထဲက လူပုတွေ စောင့်ကြပ်နေတဲ့ မြို့ရိုးတွေဆီကို ရောက်တဲ့အခါမှာတော့ သူတို့ဟာ ပထမဆုံးရောက်လာတဲ့ ဈေးသည်တွေ ရခဲ့တဲ့ အဖြေအတိုင်းပဲ ရခဲ့ကြပြန်တယ်။

သူတို့ရဲ့ မြင်းရထားတွေမှာ ရီနေးတားကုမ္ပဏီရဲ့ အမှတ်အသား ပါမလာဘူးဆိုရင် ဘယ်သူမှ ဝင်ရောက်ခွင့် မရှိပါဘူး။

သူတို့ဟာ ဒီသတင်းကို ဖြန့်ဝေဖို့ ကင်းစ်ဘရစ်ချ်မြို့ကို ပြန်လာကြပါတယ်။ ဒါက ဒီမှာတင် ရပ်မသွားပါဘူး။ ကင်းစ်နယ်မြေ တစ်ခုလုံးဟာ မကြာခင်မှာပဲ ရီနေးတားကုမ္ပဏီကသာ ဘယ်သူမှ မပေးနိုင်တဲ့ အရာတစ်ခုကို ပေးနိုင်တယ်ဆိုတဲ့ အချက်ကို သိရှိသွားကြတာပေါ့။ သူတို့ဆီကနေ ဒါမတ်စကတ် စတီးလ်တွေကို ရနိုင်တယ်လေ။

ဒါကြောင့် ကင်းစ်ဘရစ်ချ်မြို့မှာရှိတဲ့ ရုံးချုပ်အပါအဝင် ကင်းစ်နယ်မြေအတွင်းက နယ်မြေအသီးသီးမှာ ပျံ့နှံ့နေတဲ့ ရီနေးတားကုမ္ပဏီရဲ့ အဆောက်အဦးတွေနဲ့ ရုံးခန်းတွေမှာ ဒီသတင်းတွေက တကယ်ပဲ မှန်သလားလို့ လာမေးကြတဲ့သူတွေနဲ့ ပြည့်နှက်နေပါတော့တယ်။

တော်ဝင်မျိုးနွယ်တွေနဲ့ ချမ်းသာတဲ့သူ အများအပြားဟာလည်း သူတို့ကုမ္ပဏီဆီကနေ ဒါမတ်စကတ် စတီးလ်တွေကို ဈေးကြီးကြီးပေးပြီး ဝယ်ယူလိုကြောင်း ကက်စတယ်လာ ဆီကို စာတွေအမြောက်အမြား စတင်ပေးပို့လာကြတာပေါ့။

ဒါပေမဲ့ ရုံးခန်းတွေကို လူတွေ ဘယ်လောက်ပဲ လာနှောင့်ယှက်ပါစေ၊ ရီနေးတားကုမ္ပဏီကတော့ ဘာထုတ်ပြန်ချက်မှ မထုတ်ဘဲ ဆက်ပြီး နှုတ်ဆိတ်နေခဲ့ပါတယ်။

သူတို့ရဲ့ ပြင်ဆင်မှုတွေ အားလုံး နောက်ဆုံးမှာ အပြီးသတ်နိုင်ခဲ့တဲ့ ဒီနေ့အထိပေါ့။ ကက်စတယ်လာဟာ သူမရဲ့ ရုံးခန်းပြတင်းပေါက်ကနေ ငုံ့ကြည့်လိုက်တဲ့အခါ သူတို့ကုမ္ပဏီ အဆောက်အဦးရှေ့မှာ စုပြုံတိုးဝှေ့နေကြတဲ့ လူအုပ်ကြီးကို တွေ့လိုက်ရတာပါပဲ။

"သခင်လေး... ကျွန်မတို့ဘက်က အဆင်သင့် ဖြစ်ပါပြီ" လို့ သူမရဲ့ ခြေရင်းမှာရှိတဲ့ အရိပ်ကို သူမက ပြောလိုက်တယ်။

"ကောင်းပြီ။ မင်း ဘာလုပ်ရမလဲဆိုတာ သိပြီးသားပဲဆိုတော့ ငါ မင်းကို ထပ်ပြီး အနှောင့်အယှက် မပေးတော့ဘူး။ ကွန်ကရစ်က ဘာတွေလုပ်နိုင်လဲဆိုတာ သူတို့ကို ပြလိုက်တော့။ ကံကောင်းပါစေ" လို့ မိုက်ကယ်က ရီနေးတားနိုင်ငံတော်ကနေတစ်ဆင့် သူ့ရဲ့ အသံကို ပို့လွှတ်လိုက်ပါတယ်။

မိုက်ကယ်ရဲ့ နောက်ကွယ်မှာတော့ ကင်းစ်နယ်မြေဆီကို ထွက်ခွာဖို့ အသင့်ဖြစ်နေတဲ့ မော်တော်ကား တန်းကြီးတစ်ခုလုံး ရှိနေတာပါ။ အဲဒီနယ်မြေ အသီးသီးမှာ ပျံ့နှံ့နေတဲ့ ရီနေးတားရုံးခန်းတွေကနေ သူတို့ရဲ့ ထုတ်ကုန်အသစ်ဖြစ်တဲ့ ကွန်ကရစ်ကို တစ်ပြိုင်တည်း မိတ်ဆက်ကြမှာ ဖြစ်ပါတယ်။

ကွန်ကရစ်ရဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အဝ ပြသပြီးသွားတဲ့အခါမှာတော့ မိုက်ကယ်က သူတို့ရဲ့ အကြီးမားဆုံး ထုတ်ကုန်ဖြစ်လာမယ့် မော်တော်ကားတွေကို မိတ်ဆက်တော့မှာပေါ့။

ကင်းစ်ဘရစ်ချ်မြို့မှာတော့ ကက်စတယ်လာဟာ တံခါးနားက သူမရဲ့ လက်ထောက်ကို အချိန်တန်ပြီဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်ပါတယ်။ သူမရဲ့ ညွှန်ကြားချက်နဲ့အတူ ရီနေးတားကုမ္ပဏီ အဆောက်အဦးတွေရဲ့ တံခါးတွေ နောက်ဆုံးမှာ ပွင့်သွားခဲ့ပြီး အထဲကို ဝင်ဖို့ အသည်းအသန် ဖြစ်နေကြတဲ့ လူအုပ်ကြီးကို အံ့ဩသွားစေတာပေါ့။

ဒါပေမဲ့ ဘာတွေဖြစ်နေတာလဲလို့ သူတို့ မမေးမြန်းနိုင်ခင်မှာပဲ ဦးထုပ်ဆောင်းပြီး ကိရိယာတန်ဆာပလာတွေ အပြည့်အစုံနဲ့ ဆောက်လုပ်ရေးဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ အမျိုးသား၊ အမျိုးသမီး တစ်အုပ်စုဟာ အဆောက်အဦးထဲကနေ စနစ်တကျ လမ်းလျှောက်ထွက်လာကြပါတယ်။ ဒီအလုပ်သမားတွေဟာ သူတို့အဆောက်အဦးရှေ့က မြေကွက်လပ်ဆီကို အမြန်ပဲ လမ်းလျှောက်သွားကြတာပါ။

အချိန်ဆွဲမနေတော့ဘဲ အဲဒီဆောက်လုပ်ရေး အလုပ်သမားတွေဟာ နောက်ထပ် အဆောက်အဦးတစ်ခုအတွက် အုတ်မြစ်ချနေသလိုမျိုး အဲဒီမြေကွက်လပ်မှာ ကျင်းတွေ စတင်တူးကြပါတော့တယ်။

"သူတို့ ဘာတွေ ဆောက်နေကြတာလဲ"

"ဘာလို့ နေ့တစ်ဝက်ကျိုးမှ စလုပ်ကြတာလဲ"

"နေပါဦး... ဟိုမှာ သူတို့ လောင်းချနေတဲ့ ထူးဆန်းတဲ့ မီးခိုးရောင် အရည်တွေက ဘာတွေလဲ"

အလုပ်သမားတွေက အုတ်မြစ် တစ်ခုလုံးပေါ်မှာ ကွန်ကရစ်တွေ လောင်းချနေတာကို လူအုပ်ကြီးက စောင့်ကြည့်နေကြတာပေါ့။ ဒါပေမဲ့ တစ်နာရီလောက်တောင် မစောင့်လိုက်ရခင်မှာပဲ အလုပ်သမားတွေက အလုပ်ပြန်စကြပြီး အဲဒီမြေကွက်လပ် ပတ်ပတ်လည်မှာ တိုင်တွေနဲ့ နံရံတွေကို စတင် တပ်ဆင်ကြပါတော့တယ်။

"ဒီလောက် မြန်မြန်ကြီးလား။ သူတို့ ဘာလုပ်နေကြတာလဲ"

"ဟို ထူးဆန်းတဲ့ အရည်က ဘယ်လိုလုပ်ပြီး ဒီလောက်အမြန် ခဲသွားရတာလဲ။ နာရီအနည်းငယ်ပဲ ရှိသေးတာလေ"

ဒီလို လူသိရှင်ကြား ကြော်ငြာတဲ့ လုပ်ရပ်အကြောင်းက ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး ဒီဆောက်လုပ်ရေးကို လာချောင်းကြည့်တဲ့သူတွေလည်း ပိုပိုပြီး များလာခဲ့တာပေါ့။

"ဟင်... သူတို့ ဒီအဆောက်အဦးကို ဘယ်တုန်းက ဆောက်လိုက်တာလဲ"

"ဟုတ်တယ်၊ ကျွန်တော် ဒီနေရာမှာပဲ တစ်ချိန်လုံး ရှိနေတာ။ သူတို့ ဒါကို တစ်ရက်မပြည့်ခင်မှာတင် ဆောက်လိုက်တာကို မြင်လိုက်ရတယ်..."

နေ့တစ်နေ့ ကုန်ဆုံးခါနီးမှာတော့ ဆောက်လုပ်ရေး အလုပ်သမားတွေဟာ အဆောက်အဦးအတွက် နောက်ဆုံး အချောသပ်ခြင်းတွေကို လုပ်ဆောင်လိုက်ကြပါတယ်။ အခုဆိုရင် ဒီဆောက်လုပ်ရေး ဖြစ်စဉ်တစ်ခုလုံးကို အံ့ဩမှင်သက်နေတဲ့ မျက်နှာပေးတွေနဲ့ စောင့်ကြည့်နေကြတဲ့ ပရိသတ်တွေ ရာနဲ့ချီ ရှိနေပြီပေါ့။

"ပြီးပါပြီ" လို့ ဆောက်လုပ်ရေး အလုပ်သမားက ပြောလိုက်တဲ့အခါ လူအုပ်ကြီးဆီကနေ အံ့ဩတကြီး အသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သူတို့တတွေ ဒါကို မယုံကြည်နိုင်အောင် ဖြစ်နေကြတာပါ။ ဒါကြောင့် အရာရာတိုင်းက ခိုင်မာတယ်ဆိုတာကို သက်သေပြဖို့အတွက် ဆောက်လုပ်ရေး အလုပ်သမားတွေက လူတွေကို အဆောက်အဦးထဲ ဝင်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပြီး ပထမထပ်တင်မက ဒုတိယထပ်ရော ကျောက်တုံးတစ်တုံးလို ခိုင်မာနေကြောင်း ပြသလိုက်ပါတယ်။

အခုဆိုရင် ကင်းစ်ဘရစ်ချ်မြို့ တစ်ခုလုံးဟာ တစ်ရက်မပြည့်ခင်မှာတင် ဆောက်လုပ်လိုက်တဲ့ ဒီအံ့ဖွယ် အဆောက်အဦးအကြောင်းကို ကြားသိသွားကြပါပြီ။ ဒါတင်မကသေးဘဲ ဒီအဆောက်အဦးကို ဆောက်လုပ်ဖို့ သုံးထားတဲ့ ပစ္စည်းဟာ ဟိုဆန်းကြယ်တဲ့ လမ်းမကြီးတွေမှာ သုံးထားတဲ့ ပစ္စည်းနဲ့ ဆင်တူနေတာပေါ့။

အရာရာတိုင်း ပြီးဆုံးသွားတဲ့အခါမှာတော့ ကက်စတယ်လာဟာ အဆောက်အဦးထဲကနေ ထွက်လာပြီး သူတို့ရဲ့ အသစ်စက်စက် ထုတ်ကုန်ကို လူတိုင်းကို ကြေညာလိုက်ပါတယ်။

"မင်္ဂလာပါရှင်။ အခု ခင်ဗျားတို့ မြင်တွေ့ခဲ့ရတာကတော့ ကွန်ကရစ်ရဲ့ စွမ်းအားပါပဲ။

ကျွန်မတို့က ခင်ဗျားတို့ကို အဆောက်အဦးတစ်ခုကို တစ်ရက်မပြည့်ခင်မှာ ဆောက်ပေးနိုင်ပါတယ်။ မြင့်မားတဲ့ မြို့ရိုးတစ်ခုကို တစ်ပတ်မပြည့်ခင်မှာ ဖန်တီးပေးနိုင်ပါတယ်။ ပြီးတော့ မြို့တစ်ခုလုံးကို ဖြတ်ကျော်သွားမယ့် လမ်းမကြီးတစ်ခုကိုလည်း တစ်လမပြည့်ခင်မှာ ဖန်တီးပေးနိုင်ပါတယ်။

ခင်ဗျားတို့ ကိုယ်တိုင်အတွက် ကွန်ကရစ်တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ ကျွန်မတို့ ကုမ္ပဏီမှာ အမှာစာတွေ လာတင်ဖို့ ဖိတ်ခေါ်ပါတယ်"

သူမ စကားတောင် မဆုံးသေးခင်မှာပဲ လူအုပ်ကြီးဟာ ကိုယ်ပိုင်တစ်ခု ရရှိဖို့အတွက် ရုံးခန်းထဲကို အလုအယက် တိုးဝင်ကြပါတော့တယ်။ ဘာပဲဖြစ်ဖြစ် အိမ်တစ်လုံးကို တစ်ရက်မပြည့်ခင် ဆောက်နိုင်မယ်ဆိုတဲ့ အလားအလာကိုတော့ ဘယ်သူမဆို မက်မောကြမှာ အသေအချာပဲလေ။

* * * * * * * * *

All Chapters