အခန်း (၁၇၉၅-၁၇၉၆)
Vol. 180 Ch. 1795-1796
အခန်း (၁၇၉၅) - ဆင်းရဲသားမိသားစုဝင် ကလေးများ
ဖန့်ယွဲ့မှာ ခဏမျှ ကြောင်အသွားပြီး မျက်နှာတွင် အနည်းငယ် နီမြန်းလာသည်။ သို့သော် သူက ချက်ချင်းပင် တုံ့ပြန်လိုက်ကာ ဟက်ဟက်ပက်ပက် ရယ်မောရင်း ဆိုသည်။
"ဟားဟား... ငါက မင်းရဲ့ ဖန့်ဘကြီးဆီမှာ ဘာလို့ အရိုက်ခံရမှာလဲ။ ငါနဲ့ မင်းရဲ့ ဖန့်ဘကြီးက ခွန်အားချင်း မတိမ်းမယိမ်းပဲ၊ သူ ငါ့ကို နိုင်ဖို့ဆိုတာလည်း အဲလောက် မလွယ်ဘူး"
"အော်... အဲဒါဆိုရင် ဖန့်ဘကြီးက တကယ်ပဲ စွမ်းဆောင်ရည် ရှိတာပေါ့။ အဲဒါဆိုရင် ဘာလို့ မနေ့ညက လူတွေက မျိုးနွယ်စုခေါင်းဆောင်ဆီ သွားပြီး ရန်တွေ့ကြတာလဲ မျိုးနွယ်စုခေါင်းဆောင်က မျိုးနွယ်စုထဲက သွေးမျိုးဆက်အသီးသီးရဲ့ ပါရမီရှင်တွေကို ဖိနှိပ်ဖို့အတွက် ဖန့်ဘကြီးလက်အောက်မှာ လဲ့ကျူလက်ဝှေ့ သင်ခိုင်းတယ်လို့ ပြောနေကြတယ်။
ပြီးတော့ အဖေကိုယ်တိုင် အိမ်တိုင်ရာရောက် သတင်းသွားပို့လို့ မျိုးနွယ်စုခေါင်းဆောင်မှာ အကျပ်ရိုက်သွားရတာလို့လည်း ပြောနေကြတယ်။ အဲဒါကြောင့် ဒီနေ့မှ ဆင်းရဲသားမိသားစုတွေထဲက ကလေးတွေကို အစားထိုးဖို့ ရွေးခိုင်းနေရတာ မဟုတ်လား"
ဖန့်ကူးယွဲ့က မျက်မှောင်ကြုတ်ကာ ဆိုသည်
"အဖေ... ဒီတစ်ခါတော့ အဖေလုပ်တာ မမှန်ဘူး။ ဒီလိုကိစ္စမျိုးကို မျိုးနွယ်စုခေါင်းဆောင်နဲ့ အရင်တိုင်ပင်ရမှာပေါ့။ အခုတော့ အဖေက ဘာမှလည်း မတိုင်ပင်ဘူး၊ အကြောင်းလည်း မကြားဘဲ လုပ်လိုက်တော့ မျိုးနွယ်စုခေါင်းဆောင်မှာ အတော်လေး အကျပ်ရိုက်သွားရပြီ။ တခြားသွေးမျိုးဆက်တွေက ဒါကို အကြောင်းပြပြီး ပြဿနာရှာကြတော့မယ်"
ဖန့်ယွဲ့မှာ သမီးဖြစ်သူ၏ အပြောကြောင့် မျက်နှာတစ်ခုလုံး နီရဲနေတော့သည်။ အရင်ကဆိုလျှင် သူ ချက်ချင်း ပြန်လည်ချေပမိမည်မှာ အသေအချာပင်။ အဘယ်ကြောင့်ဆိုသော် သူသည် ဟယ်ချွမ်း ဖန့်မျိုးနွယ်စု၏ အကျိုးကို ရှေးရှု၍ သူပင်ပန်းခံ သင်ကြားပေးထားသော ပါရမီရှင်များ၏ အနာဂတ် မပျောက်ပျက်စေရန် စေတနာဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့်တည်း။
သို့သော် ယခုအခါ ဖန့်ချန်၏ ကျင့်ကြံမှုမှာ သူ့ထက် သာလွန်ကြောင်း အခိုင်အမာ သိလိုက်ရပြီ ဖြစ်ရာ သူ၏ အကြောင်းပြချက်မှာ ခိုင်လုံမှု မရှိတော့ချေ။
ဖန့်ချန်သည် ဤသားအဖနှစ်ဦး၏ ကိစ္စတွင် ဝင်ရောက် မစွက်ဖက်ခဲ့ပေ။
ဤရက်ပိုင်းအတွင်း ဖန့်ယွဲ့၏ အိမ်တော်တွင် နေထိုင်စဉ် ဤအိမ်တွင်းရေး ကိစ္စအဝဝကို ဖန့်ကူးယွဲ့ကသာ စီမံခန့်ခွဲကြောင်း သူ ကြားသိထားပြီး ဖြစ်သည်။ ဖန့်ယွဲ့မှာ ရိုးသားဖြောင့်မတ်သော စစ်သည်တော်တစ်ဦးသာ ဖြစ်ပြီး လူမှုဆက်ဆံရေးနှင့် အမြော်အမြင်ပိုင်းတွင် သမီးဖြစ်သူကို မမီချေ။
"အဖေ... ခဏနေရင် မျိုးနွယ်စုခေါင်းဆောင် လွှတ်လိုက်တဲ့လူတွေ ရောက်လာတော့မယ်။ မျိုးနွယ်စုခေါင်းဆောင်ကို ဘယ်လို ရှင်းပြရမလဲဆိုတာ အဖေဘာသာ စဉ်းစားထားလိုက်တော့"
ပြောပြီးနောက် ဖန့်ကူးယွဲ့က ဖန့်ချန်ဘက်သို့ လှည့်ကာ ပြုံးလျက် ဆိုသည်။
"ဖန့်ဘကြီး... မျိုးနွယ်စုခေါင်းဆောင်က ဘကြီးဆီမှာ လဲ့ကျူလက်ဝှေ့ သင်ဖို့ လူငယ် ခြောက်ယောက် ရွေးလိမ့်မယ်။ အဲဒီထဲမှာ ကျွန်မက မျက်နှာပြောင်တိုက်ပြီး တစ်နေရာ တောင်းထားတယ်၊ ကျွန်မတို့နဲ့ သွေးနီးစပ်တဲ့ ဆင်းရဲသားမိသားစုထဲက ကလေးတစ်ယောက်အတွက်ပါ။ ဘကြီး နားလည်မှု မလွဲအောင် ကြိုတင် အသိပေးထားတာပါ"
ဖန့်ယွဲ့၏ မျက်လုံးများမှာ တောက်ပသွားကာ သမီးဖြစ်သူ၏ အလုပ်အကျွေးမှာ အလွန်ကောင်းမွန်ကြောင်း စိတ်ထဲမှ ချီးကျူးမိလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ဘယ်သူဖြစ်ဖြစ် ရပါတယ်။ ယောက်ျားလေး သုံးယောက်၊ မိန်းကလေး သုံးယောက် ဖြစ်ဖို့ပဲ လိုပါတယ်"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
ဖန့်ကူးယွဲ့မှာ အနည်းငယ် သိချင်စိတ် ဖြစ်သွားကာ
"ဘကြီး... ဘာလို့ ယောက်ျားလေး သုံးယောက်၊ မိန်းကလေး သုံးယောက် အတိအကျ ဖြစ်နေရတာလဲဟင်"
"ဟုတ်သားပဲ... ဘာလို့ သုံးယောက်စီလဲ"
ဖန့်ယွဲ့ကလည်း သိချင်စိတ်ဖြင့် ဝင်မေးသည်။
"စမ်းသပ်မှုတစ်ခု လုပ်ချင်လို့ပါ"
ဖန့်ချန်က ရယ်မောလျက် ပြန်ဖြေသည်။
စမ်းသပ်မှု
သားအဖနှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အသေးစိတ်ကို နားမလည်သော်လည်း ဤအရာမှာ 'အခြေခံတည်ဆောက်ခြင်း လက်ဝှေ့' နှင့် ပတ်သက်လိမ့်မည်ဟု ခန့်မှန်းမိကြသည်။
'သူက အပြင်လောကမှာ တခြားသော အခြေခံတည်ဆောက်ခြင်း လက်ဝှေ့တွေကို သိထားလို့၊ အဲဒါကို သင်ပေးပြီး ဟယ်ချွမ်း ဖန့်မျိုးနွယ်မှာ အဘိညာဉ်ရှင် မထွက်တဲ့ အခြေအနေဆိုးကို ပြောင်းလဲပေးချင်တာများလား '
ဤသို့ တွေးမိသည်နှင့် ဖန့်ယွဲ့၏ စိတ်ဓာတ်မှာ ချက်ချင်းပင် တက်ကြွလာတော့သည်။
"ဖန့်ယွဲ့ ရှိသလား"
အပြင်ဘက်မှ ဟိန်းထွက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
ဖန့်ယွဲ့၏ မျက်နှာ ပျက်သွားကာ ချက်ချင်းပင် အပြင်သို့ ပြေးထွက်သွားတော့သည်။
ခဏအကြာတွင် ဖန့်လုံရှန်း၏ နောက်မှ ခေါင်းငုံ့၍ ရိုရိုသေသေ လိုက်ပါလာသော ဖန့်ယွဲ့သည် ဝါးအိမ်အတွင်းသို့ ဝင်လာသည်။
သူတို့နှစ်ဦး၏ နောက်တွင် အသက် (၁၂) နှစ်ဝန်းကျင်ရှိသော လူငယ် ခြောက်ယောက် ပါလာသည်။
ထိုခြောက်ယောက်၏ အဝတ်အစားမှာ အလွန်ပင် ရိုးရှင်းလှပြီး ဖာထေးရာများပင် ပါနေသဖြင့် ဆင်းရဲနွမ်းပါးကြောင်း သိသာလှသည်။ သူတို့သည် ဤနေရာသို့ ရောက်သောအခါ အတော်လေး ရှက်ရွံ့နေကြသော်လည်း ပတ်ဝန်းကျင်ကိုမူ သိချင်စိတ်ဖြင့် လှည့်ပတ်ကြည့်နေကြသည်။
ဤဆင်းရဲသားမိသားစုဝင် ကလေးများအတွက် နည်းပြဖန့်ယွဲ့၏ ကျော်ကြားမှုမှာ နားထဲတွင် ဟိန်းနေသော အရာဖြစ်သည်။ ကံမကောင်းစွာဖြင့် သူတို့၏ အဆင့်အတန်းကြောင့် ဖန့်ယွဲ့လက်အောက်တွင် လက်ဝှေ့သင်ခွင့် မရခဲ့ကြချေ။
ဖန့်လုံရှန်းသည် ဖန့်ချန်၏ မီးခိုးပြာရောင် မျက်လုံးများကို ကြည့်လိုက်ကာ တစ်ဖက်လူက သူ့ကို မြင်နိုင်လိမ့်မည်ဟု ယူဆလျက် မျက်ရိပ်တစ်ချက် ပြလိုက်သည်။ ထို့နောက် တည်ငြိမ်စွာ ဆိုသည်။
"ဖန့်ချန်... ဒီဖန့်မျိုးနွယ် မျိုးဆက်သစ် ခြောက်ယောက်ကို မင်းဆီ အပ်ခဲ့မယ်။ နောက်ဆို သူတို့ မင်းလက်အောက်မှာ လဲ့ကျူလက်ဝှေ့ သင်ယူကြလိမ့်မယ်။ အကယ်၍ ဆေးဖက်ဝင်အပင်တွေ အကူအညီ လိုအပ်ရင် ဖန့်ယွဲ့ကိုသာ ပြောလိုက်ပါ"
"ရပါတယ်"
ဖန့်ချန်က ပြုံးလျက် လက်အုပ်ချီနှုတ်ဆက်သည်။
"ဒါဆိုရင် ငါ အရင်သွားပြီ၊ ဖန့်ယွဲ့... ငါနဲ့ လိုက်ခဲ့"
ဖန့်လုံရှန်းက တည်ငြိမ်စွာ ဆိုသည်။
ပြောပြီးသည်နှင့် သူသည် လှည့်ထွက်သွားရာ ဖန့်ယွဲ့မှာလည်း မနေရဲဘဲ အမြန်လိုက်သွားရတော့သည်။
ခဏအကြာတွင် ဖန့်လုံရှန်း၏ အော်ဟစ်ဆဲဆိုသံနှင့် ဖန့်ယွဲ့၏ တောင်းပန်သံများမှာ အဝေးမှ ပျံ့လွင့်လာတော့သည်။
ထိုဆင်းရဲသားမိသားစုဝင် ကလေး ခြောက်ယောက်မှာ နောက်ပိုင်းတွင် သူတို့သည် ဖန့်ချန်လက်အောက်၌ လဲ့ကျူလက်ဝှေ့ ကျင့်ရမည်ကို သိလိုက်ရသောအခါ ဖန့်ချန်ကို သိချင်စိတ်ဖြင့် စိုက်ကြည့်ကြသည်။
ဖန့်ချန်၏ မျက်လုံးများမှာ မီးခိုးရောင်သန်းနေပြီး ကောလာဟလထဲကအတိုင်း မျက်မမြင်ဖြစ်နေသည်ကို မြင်သောအခါ စိတ်ထဲမှ အနည်းငယ် ဝေခွဲမရ ဖြစ်နေကြသည်။
ထိုစဉ် ဖန့်ကူးယွဲ့၏ အကြည့်မှာ လူငယ်တစ်ဦးထံ ကျရောက်သွားပြီး ပြုံးလျက် ခေါ်လိုက်သည်။
"ဖန့်ဟိုင်"
"ကူးယွဲ့မမ"
အသက် (၁၂) နှစ်အရွယ် လူငယ်လေးက ရိုသေစွာ အလေးပြုလိုက်သည်။
"နောင်ဆို ဖန့်ဘကြီးလက်အောက်မှာ လဲ့ကျူလက်ဝှေ့ကို သေသေချာချာ ကျင့်ကြပါ။ မျိုးနွယ်စုခေါင်းဆောင်က အကြောင်းမဲ့ လုပ်တာမဟုတ်ဘူးဆိုတာ မင်းတို့ သိထားရမယ်။ မင်းတို့ကို ဒီမှာ လေ့ကျင့်ခိုင်းတာဟာ မျိုးနွယ်စုခေါင်းဆောင်မှာ ကိုယ်ပိုင်အကြောင်းပြချက် ရှိလို့ပဲ။ တခြားစိတ်တွေ မထားဘဲ ကြိုးကြိုးစားစားသာ ကျင့်ကြပါ"
ဖန့်ဟိုင်နှင့် ကျန်ငါးယောက်မှာ ဖန့်ကူးယွဲ့၏ စကားကို ကြားသောအခါ မှင်သက်သွားကြပြီး သူမ ပြောသည်မှာ အလွန်မှန်ကန်သည်ဟု တွေးမိကာ စိတ်ထဲရှိ သံသယများမှာ ချက်ချင်းပင် လွင့်စင်သွားတော့သည်။
"ဘကြီး... ကျွန်မ အရင် သွားနှင့်ပါဦးမယ်"
ဖန့်ကူးယွဲ့က ဖန့်ချန်ကို ပြုံး၍ ခေါင်းညိတ်ပြကာ ထွက်ခွာသွားသည်။
သူမ ထွက်သွားသည်နှင့် ထိုခြောက်ယောက်မှာ ပို၍ပင် ရှိန်သွားကြသည်။ အထူးသဖြင့် ဖန့်ချန်က သူတို့ဘေးတွင် ပတ်ချာလည် လျှောက်ကြည့်နေသည်ကို မြင်သောအခါ စိတ်ထဲမှာ ပို၍ ထိတ်လန့်နေကြတော့သည်။
"အားလုံးက နှစ်ရာ့ ကိုးဆယ့်ကိုး ပဲ..."
ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် တည်ငြိမ်စွာ ဆိုသည်။
"မင်းတို့ ခြောက်ယောက် လဲ့ကျူလက်ဝှေ့ တစ်စုံလောက် ထိုးပြကြစို့၊ ငါ ကြည့်ချင်တယ်"
ထိုခြောက်ယောက်မှာ ချက်ချင်းပင် နေရာယူလိုက်ကြပြီး လဲ့ကျူလက်ဝှေ့ကို ညီညာစွာ စတင်ထိုးပြကြသည်။
သို့သော် သူတို့၏ အမူအရာများမှာ စစ်ရေးလေ့ကျင့်ကွင်းရှိ ပါရမီရှင် ကလေးများလောက် စနစ်မကျသဖြင့် ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင် လှုံ့ဆော်မှုမှာ အားနည်းလှသည်။ သို့သော် တူညီသောအချက်မှာ ထိုသွေးစွမ်းအင်များမှာ ပိုနေသော အရိုးကိုးခုဆီသို့ တိုးဝှေ့နေခြင်းပင် ဖြစ်သည်။
ဖန့်ဟိုင်၏ လှုပ်ရှားမှုမှာ ခြောက်ယောက်ထဲတွင် အမှန်ကန်ဆုံး ဖြစ်သည်။ သူ လက်ဝှေ့ထိုးနေချိန်တွင် သွေးစွမ်းအင်မှာ ဦးခေါင်းခွံအတွင်းရှိ အလယ်အရိုးဆီသို့ စီးဆင်းသွားသည်။ ကျန်သူများမှာမူ အချို့က ခြေလက်များဆီသို့၊ အချို့က ရင်ဘတ်ဆီသို့ စီးဆင်းနေကြသည်။
'အရိုးကိုးခုထဲမှာ ထူးခြားတဲ့ စွမ်းအင်တွေ ကိန်းအောင်းနေတာလား '
ဖန့်ချန်က စဉ်းစားမိသည်။ ဤအရိုးကိုးခုထဲမှ တစ်ခုခုကို သွေးစွမ်းအင်ဖြင့် လှုံ့ဆော်နိုင်လျှင် ဖန့်လုံရှန်း ပြောသော အဘိညာဉ်ရှင် ဖြစ်လာလိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။
လက်ရှိခေတ်၏ အစွမ်းထက်စွမ်းအားများမှာ ကိုးဆင့်နယ်မြေ ခေတ်ကာလနှင့် လမ်းစဉ် မတူကြောင်း မြင်သာလှသည်။
'ဒီခေတ်မှာ လူသားတွေဟာ အကန့်အသတ်ကျော်ဖြတ်ခြင်း အဆင့်သုံးဆင့် ၊ ဒါမှမဟုတ် သူတော်စင်တစ်ပိုင်း နဲ့ သူတော်စင် အဆင့်တွေအထိ ပိုင်ဆိုင်ထားကြတာလား '
မကြာမီ ခြောက်ယောက်လုံး လက်ဝှေ့ထိုးပြီးသွားကာ ဖန့်ချန်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။
"မင်းတို့ရဲ့ လှုပ်ရှားမှုတွေက နည်းနည်းတော့ လိုနေသေးတယ်၊ ဒါပေမဲ့ အရေးမကြီးပါဘူး"
ဖန့်ချန်က ပြုံးလိုက်ကာ
"နောက်ဆိုရင် ငါ့ဆီမှာ လဲ့ကျူလက်ဝှေ့ ကျင့်စရာ မလိုတော့ဘူး။ မင်းတို့ကို တခြား ကျင့်စဉ်လမ်းစဉ်တွေ သင်ပေးမယ်"
လဲ့ကျူလက်ဝှေ့ မကျင့်ရတော့ဘူး ဟုတ်လား
ခြောက်ယောက်လုံးမှာ ကြောင်အသွားကြပြီး မျက်နှာတွင် ဝေခွဲမရ ဖြစ်သွားကြသည်။
ဖန့်ဟိုင်က သတိထားကာ မေးလိုက်သည်
"ဘ... ဘကြီး... ဒါဆိုရင် ကျွန်တော်တို့ ဘယ်လက်ဝှေ့ကို ကျင့်ရမှာလဲ "
လဲ့ကျူလက်ဝှေ့ ဆိုသည်မှာ သူတို့ စာသင်ကျောင်းမှ ထွက်ကတည်းက ယနေ့အထိ ကျင့်လာခဲ့သော လက်ဝှေ့ဖြစ်သည်။ ဟယ်ချွမ်း ဖန့်မျိုးနွယ်ဝင်များ (ဆင်းရဲသားများ အပါအဝင်) အားလုံးမှာ ဤလက်ဝှေ့ကို အားကိုး၍ ဘဝကို ပြောင်းလဲရန် ကြိုးစားနေကြသူများ ဖြစ်သည်။
ဒဏ္ဍာရီလာ အဘိညာဉ်ရှင် မဖြစ်လျှင်ပင် 'ခြင်ဆီသန့်စင်ခြင်း' အဆင့်သို့ ရောက်ရှိပါက တစ်သက်လုံး ရှေ့ရေးအတွက် စိတ်အေးရပြီ မဟုတ်ပါလား။
အကယ်၍ လဲ့ကျူလက်ဝှေ့ မကျင့်ရလျှင် သူတို့ ဘာလုပ်နိုင်မည်နည်း။
"ငါနဲ့ လိုက်ခဲ့ကြ"
ဖန့်ချန်သည် ထိုခြောက်ယောက်ကို ဝါးအိမ်အတွင်းသို့ ခေါ်သွားသည်။
သူတို့အားလုံးကို အစဉ်လိုက် ထိုင်ခိုင်းလိုက်ပြီးနောက် ကျင့်စဉ်စာအုပ် တစ်အုပ်စီ ပေးလိုက်သည်။
"နောက်ဆိုရင် ဒီထဲမှာ ပါတဲ့အတိုင်းပဲ ကျင့်ကြပါ။ နားမလည်တာ ရှိရင် ငါ့ကို မေးလို့ရတယ်"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
ဤအရာမှာ ကျင့်ကြံခြင်းလောကရှိ အခြေခံအကျဆုံး ကျင့်စဉ်များသာ ဖြစ်သည်။ အရိုးကိုးခု ပိုနေသော ထိုခေတ်ကာလမှ လူသားများသည် ဤလမ်းစဉ်အတိုင်း ကျင့်ကြံနိုင်ခြင်း ရှိမရှိကို သူ စမ်းသပ်ကြည့်လိုခြင်းပင် ဖြစ်သည်။
အခန်း (၁၇၉၆) - သင်ယူမှု ရပ်စဲခြင်း
ခြောက်လတာ အချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ။
ဖန့်ချန်၏ လက်အောက်တွင် လေ့ကျင့်နေသော ဆင်းရဲသားမိသားစုဝင် လူငယ်ခြောက်ဦးမှာမူ ဤခြောက်လအတွင်း သူတို့၏ ကိုယ်ခံပညာ စွမ်းအားများမှာ တိုးတက်လာခြင်း မရှိသည့်အပြင် ပို၍ပင် ဆုတ်ယုတ်သွားခဲ့ကြသည်။
ဟယ်ချွမ်း ဖန့်မျိုးနွယ်စုအတွင်း၌လည်း ကောလာဟလတစ်ခုမှာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့၏။ ဖန့်ချန်သည် တပည့်များကို သင်ကြားရာတွင် လဲ့ကျူလက်ဝှေ့ကို လုံးဝ ထိုးခိုင်းခြင်း မရှိဘဲ တပည့်များကို မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်ခိုင်းကာ မျက်စိမှိတ်၍သာ ကျင့်ကြံခိုင်းနေသည်ဟူ၏။
ဤကဲ့သို့သော ကျင့်စဉ်မျိုးမှာ ကြားလည်းမကြားဖူး၊ မြင်လည်းမမြင်ဖူးသော အရာပင်။
"ထိုင်နေရုံနဲ့ သွေးစွမ်းအင်ကို လှုံ့ဆော်ပြီး ခြင်ဆီသန့်စင်နိုင်မယ် ဟုတ်လား ရယ်စရာပဲ "
"ဆင်းရဲသားမိသားစုဝင် ကလေးတွေက လူမဟုတ်လို့လား ဒီလိုမျိုး နှိပ်စက်တာက တကယ်ကို ယုတ်မာလွန်းတယ်"
"ကြည့်ရတာ အဲဒီလူက လဲ့ကျူလက်ဝှေ့ကို ဘာမှ နားလည်ပုံမရဘူး။ မျိုးနွယ်စုခေါင်းဆောင်ကများ အိုစာသွားလို့ ဒီလို ဆုံးဖြတ်ချက်မျိုး ချလိုက်တာလား "
"ကြားတာတော့ အိမ်တစ်အိမ်က မခံစားနိုင်တော့လို့ မျိုးနွယ်စုခေါင်းဆောင်ဆီ သွားပြီး သူတို့ကလေးကို အရင်က နည်းပြလက်အောက်မှာပဲ ပြန်ထားပေးဖို့ တောင်းဆိုတယ်တဲ့။ မျိုးနွယ်စုခေါင်းဆောင်ကလည်း သဘောတူလိုက်ပုံရတယ်"
"ဒါဆို ကျန်တဲ့ ငါးယောက်ကော သူတို့မိဘတွေက သေကုန်ကြလို့လား "
"အားလုံးက အုပ်စုလိုက်ကြီး သွားလို့မှ မဖြစ်တာ။ မျိုးနွယ်စုခေါင်းဆောင်ကိုလည်း မျက်နှာသာ ပေးရဦးမယ်လေ။ ခန့်မှန်းရသလောက်တော့ နောက်ထပ် လအနည်းငယ်အတွင်းမှာ အကုန်ထွက်သွားကြလိမ့်မယ်။ မျိုးနွယ်စုခေါင်းဆောင်က ဘာကြောင့် ဒီလိုလုပ်ရတာလဲဆိုတာ တကယ်ကို စဉ်းစားမရဘူး"
စစ်ရေးလေ့ကျင့်ကွင်း အပြင်ဘက်တွင် ဖန့်မျိုးနွယ် ကင်းသမားအချို့က တိုးတိုးတိတ်တိတ် စကားဆိုနေကြသည်။ ဖန့်ရှန့်က လူအချို့နှင့်အတူ အနားသို့ ရောက်ရှိလာမှသာ သူတို့မှာ သတိဝင်လာပြီး ချက်ချင်းပင် စကားစဖြတ်ကာ ကိုယ့်အလုပ်ကိုယ် လုပ်နေဟန် ဆောင်လိုက်ကြတော့သည်။
ဖန့်ရှန့်၏ မျက်လုံးထဲတွင် သရော်လိုသော အပြုံးတစ်ခု တစ်ချက်မျှ ဖြတ်ပြေးသွားသည်။
အဘိုးကြီး ခန့်မှန်းခဲ့သည်မှာ တကယ်ပင် မှန်ကန်ပေသည်။ ဖန့်လုံရှန်း၏ လုပ်ရပ်မှာ သူ၏ အရှက်ကို ဖုံးကွယ်ရန်အတွက် အဝတ်စတစ်ခု ရှာနေခြင်းထက် မပိုချေ။
ဖန့်ရှန့်သည် လူအုပ်ကို ဦးဆောင်၍ စစ်ရေးလေ့ကျင့်ကွင်းအတွင်းသို့ ဝင်လာခဲ့သည်။ လူငယ်အုပ်စုမှာ တက်ကြွစွာဖြင့် လဲ့ကျူလက်ဝှေ့ ထိုးနေကြသည်ကို မြင်သောအခါ သူက ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်၏။
"မင်း ဘာလာလုပ်တာလဲ"
ဖန့်ယွဲ့က သတိပြုမိသွားကာ ဖန့်ရှန့်ဘက်သို့ လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဖန့်ယွဲ့... ငါ့သားကို လာကြည့်တာပါ။ မကြာသေးခင်က သူ မင်းလက်အောက်မှာ လိမ်လိမ်မာမာနဲ့ လေ့ကျင့်ရဲ့လားလို့ "
ဖန့်ရှန့်က ပြုံးလျက် ဆိုသည်။
လေ့ကျင့်နေသော လူအုပ်ထဲမှ လူငယ်တစ်ဦးသည် လက်ဝှေ့ထိုးရင်း ဖန့်ရှန့်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ ဖခင် ရောက်လာသည်ကို မြင်သောအခါ ထိုလူငယ်မှာ ပို၍ပင် အားသွန်ခွန်စိုက် ထိုးပြနေတော့သည်။
"မင်းသားက ပါရမီလည်းရှိတယ်၊ စကားလည်း နားထောင်တယ်၊ ဘာပြဿနာမှ မရှိဘူး"
ဖန့်ယွဲ့က တည်ငြိမ်စွာ ဆိုသည်
"တခြားကိစ္စ မရှိရင်လည်း ပြန်တော့။ မင်း ဒီမှာ ရှိနေရင် သူတို့ ဘယ်လိုလုပ် စိတ်ပါလက်ပါ ကျင့်နိုင်မှာလဲ "
"ငါ့ကို နှင်ထုတ်နေတာလား မင်းနဲ့ငါ ငယ်ငယ်က ရှိခဲ့တဲ့ အာဃာတတွေကို အခုထိ စိတ်ထဲ ထားနေတုန်းပဲလား မင်းက ငါ့ထက် ငါးနှစ်စောပြီး နယ်စားစစ်သည် ဖြစ်ခဲ့တာပဲလေ။ အခုဆိုရင် ဖန့်မျိုးနွယ်ထဲမှာ ငါ့ရဲ့ အဆင့်အတန်းက မင်းကို မမီတော့ပါဘူး"
ဖန့်ရှန့်က ရယ်မောလျက် ဆိုသည်။
"အခုမှ ဒါတွေကို ပြောနေလို့ ဘာထူးမှာလဲ အရင်တုန်းက မျိုးနွယ်စုခေါင်းဆောင်က ငါ့ကို သနားလို့ မြှောက်စားခဲ့တာသာ မဟုတ်ရင် ငါ့မှာ အခုလို အောင်မြင်မှုမျိုး ရှိလာမှာ မဟုတ်ဘူး။ မင်းကတော့ ကောင်းတာပေါ့... မွေးကတည်းက မီးမေပယ်သွေးမျိုးဆက်ရဲ့ လူကပ်ကြီး ဖြစ်လာတာ။ ငါလို ဆင်းရဲသားမိသားစုဝင်က ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ"
ဖန့်ယွဲ့က ပြုံး၍ လက်ကာပြလိုက်သည်
"ဒီအပိုစကားတွေ ရပ်လိုက်ရအောင်။ ကိစ္စရှိရင် တိုက်ရိုက်ပြော၊ မရှိရင်လည်း သွားတော့"
ဖန့်ရှန့်၏ အမူအရာမှာ ချက်ချင်းပင် လေးနက်တည်ကြည်သွားကာ
"တကယ်တော့ ကိစ္စရှိလို့ပါ"
"ပြောလေ"
ဖန့်ယွဲ့က အေးစက်စွာ ဆိုသည်။
ဖန့်ရှန့်က ခဏမျှ စဉ်းစားဟန်ပြုပြီးမှ
"လွန်ခဲ့တဲ့ ခြောက်လကျော်က ငါ့သားကို ဖန့်ချန်လက်အောက်မှာ လေ့ကျင့်ဖို့ စီစဉ်ခဲ့တာကို မင်းလည်း သိမှာပါ။ မင်းကိုယ်တိုင် ငါတို့အိမ်အထိ လာပြီး သတင်းပေးခဲ့လို့သာ ငါတို့အဘိုးကြီးက မျိုးနွယ်စုခေါင်းဆောင်ဆီ အချိန်မီ သွားတိုင်ပင်နိုင်ခဲ့တာ"
"ဒါတွေက ပြီးခဲ့တာ ကြာလှပြီပဲ။ ဘာလို့ ပြန်ပြောနေတာလဲ မင်းသားကလည်း အခု ငါ့လက်အောက်မှာ ကောင်းကောင်းမွန်မွန် ကျင့်နေတာပဲ မဟုတ်လား"
ဖန့်ယွဲ့က ဆိုသည်။
"ဒီကိစ္စက အခုတလောမှာ အတင်းအဖျင်းတွေ တော်တော်ထွက်နေတာ မင်း မကြားဘူးလား"
ဖန့်ရှန့်က မဲ့ပြုံး ပြုံးလိုက်သည်
"ဟို ဆင်းရဲသားမိသားစုဝင် ကလေးခြောက်ယောက် ဖန့်ချန်လက်အောက်မှာ ကျင့်နေတာ လက်ဝှေ့လည်း မထိုးရဘူး၊ ဘုန်းကြီးတွေ၊ နတ်ဆရာတွေလိုပဲ တရားထိုင်နေရတယ်တဲ့။ သူက မင်းရဲ့ အိမ်တော်မှာ နေတာဆိုတော့ မင်း မသိဘဲ မနေပါဘူး။
သူတို့က ဆင်းရဲသားတွေ ဆိုပေမဲ့ သူတစ်ပါးရဲ့ ရှေ့ရေးကိုတော့ မဖျက်ဆီးသင့်ဘူး မဟုတ်လား မျိုးနွယ်စုခေါင်းဆောင်က အစက ငါ့သားကိုတောင် အဲဒီလူဆီ ထည့်မလို့ လုပ်ခဲ့တာ။
အခုပြန်ကြည့်ရင် ဒါက တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဓာတ်တွေ ပါနေသလားလို့တောင် တွေးမိတယ်။ အကယ်၍ ငါ့သားသာ သူ့ဆီ ရောက်သွားခဲ့ရင် ဒီခြောက်လတာ အချိန်တွေ အလဟဿ ဖြစ်သွားမှာပေါ့။
ဒီအရွယ် ကလေးတစ်ယောက်အတွက် ခြောက်လဆိုတာ နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာရဲ့ ကိုယ်ခံပညာ လမ်းကြောင်းကိုပါ ထိခိုက်စေနိုင်တယ်"
ပြောပြီးနောက် ဖန့်ရှန့်က ဖန့်ယွဲ့အား အလွန်ရိုးသားသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်က အရင်လို မဟုတ်တော့ဘူး။ သူ အခု အိုလာပြီ၊ အချင်းချင်း တိုက်ခိုက်တာတွေထဲမှာပဲ နစ်မွန်းနေပြီး ဟယ်ချွမ်း ဖန့်မျိုးနွယ်ကို တိုးတက်အောင် မဦးဆောင်နိုင်တော့ဘူး။
မင်းရဲ့ ရည်မှန်းချက်က နယ်စားစစ်သည် အဆင့်လောက်နဲ့ တင်းတိမ်နေမှာ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်။ မင်းလည်း ဖန့်မျိုးနွယ်ကနေ အဘိညာဉ်ရှင်တွေ ထပ်ထွက်လာပြီး အရင်လို ထွန်းကားလာတာကို မြင်ချင်တယ် မဟုတ်လား "
"မင်း ဘာပြောချင်တာလဲ မင်း အခု မျိုးနွယ်စုခေါင်းဆောင်ကို ကဲ့ရဲ့နေတဲ့ စကားတွေသာ သူ သိသွားရင် ဘာဖြစ်မလဲဆိုတာ မင်း သိမှာပါ"
ဖန့်ယွဲ့၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"ငါက ဖန့်မျိုးနွယ်အတွက် အခွင့်အရေးတစ်ခု ပေးချင်ရုံပါ။ မင်းသာ ငါ့ဘက်က ပါမယ်ဆိုရင် နောက်ထပ် မကြာခင်မှာ ရောက်လာတော့မယ့် ဘိုးဘေးကန်တော့ပွဲနေ့မှာ ငါတို့ လက်တွဲပြီး မျိုးနွယ်စုခေါင်းဆောင်ကို ရာထူးက ဆင်းခိုင်းလို့ ရတယ်။ အရည်အချင်းရှိတဲ့သူကို အစားထိုး တင်မြှောက်ပြီး ဖန့်မျိုးနွယ်ကို တိုးတက်အောင် လုပ်ကြရအောင် "
ဖန့်ရှန့်က လက်အုပ်ချီကာ တောင်းဆိုလိုက်သည်။
"လုပ်လိုက်ပြန်ပြီ... ငါ့ကို လာပြီး ဘက်ပြောင်းခိုင်းနေတာကိုး"
ဖန့်ယွဲ့က ရယ်မောလျက် ခေါင်းခါလိုက်သည်
"မျိုးနွယ်စုခေါင်းဆောင်က အချင်းချင်း တိုက်ခိုက်ရတာ ဝါသနာပါသလား ပါတာပေါ့၊ သူသာ မတိုက်ခိုက်ခဲ့ရင် ဒီရာထူးကို ရလာမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက ဖန့်မျိုးနွယ် ဆုတ်ယုတ်သွားတာကို ကြည့်နေချင်ပါ့မလား လုံးဝ မကြည့်ချင်ဘူး၊ ဒါကြောင့်လည်း သူက ဖန့်မျိုးနွယ်ရဲ့ အင်အား တိုးတက်အောင် အမြဲ ကြိုးစားနေတာပဲ။
အဲဒီလိုသာ မဟုတ်ရင် ဒီလောက်ကြီးတဲ့ ဟယ်ချွမ်း ဖန့်မျိုးနွယ်မှာ မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်တည်းပဲ ဘာလို့ စစ်ဘုရင် ဖြစ်နေရတာလဲ ဖန့်ရှန့်... အချင်းချင်း တိုက်ခိုက်တာ ကိစ္စမရှိဘူး၊ ဒါပေမဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်၊ စနစ်တကျ ရှိမှုနဲ့ အကျိုးအမြတ် ရှိရမယ်။
အကယ်၍ မင်းက ကိုယ့်ရှေ့က အကျိုးအမြတ်လေးအတွက်ပဲ ကြည့်ပြီး ဖန့်မျိုးနွယ်ရဲ့ အနာဂတ် တစ်ခုလုံးကို ထည့်မတွက်ဘူးဆိုရင်တော့... အဲဒီလူဟာ အသတ်ခံရသင့်တယ် "
'အသတ်ခံရသင့်တယ်' ဟူသော စကားလုံး ထွက်လာသည်နှင့် ဖန့်ရှန့်မှာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ သူသည် ဖန့်ယွဲ့ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးကာ ဆိုသည်။
"မင်းရဲ့ ဆန္ဒကို ငါ နားလည်ပါပြီ။ ဒါဆိုရင် ငါ သွားနှင့်တော့မယ်၊ နောင်မှ နောင်တမရစေနဲ့လို့ပဲ မျှော်လင့်ပါတယ်"
ပြောပြီးသည်နှင့် သူသည် လက်အုပ်ချီ နှုတ်ဆက်ကာ လှည့်ထွက်သွားတော့သည်။
ဖန့်ယွဲ့သည် သူ၏ ကျောပြင်ကို ကြည့်ရင်း မျက်လုံးထဲတွင် အထင်သေး သရော်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ အနားရှိ လူငယ်များက သူတို့စကားကို ခိုးနားထောင်နေသည်ကို မြင်သောအခါ သူက ချက်ချင်းပင် ဟောက်လိုက်သည်။
"လက်ဝှေ့ကိုပဲ အာရုံစိုက်စမ်း ကျန်တာတွေက မင်းတို့နဲ့ မဆိုင်ဘူး "
"ဟုတ်ကဲ့ပါ"
လူငယ်များမှာ လန့်ဖျပ်သွားကြပြီး လက်ဝှေ့ကိုသာ အသည်းအသန် ပြန်ထိုးနေကြသော်လည်း စိတ်ထဲတွင်မူ ဟို ဆင်းရဲသားမိသားစုဝင် ကလေးခြောက်ယောက်ကို ကြည့်ကာ ဝမ်းသာအားရ ပြုံးစိစိ ဖြစ်နေကြတော့သည်။
'ဖန့်ချန်ရဲ့ စွမ်းရည်ကို ငါ ကိုယ်တိုင် မြင်ဖူးထားတာ။ သူက ဒီအတိုင်း အပျင်းပြေ တရားထိုင်ခိုင်းနေမှာ မဟုတ်ဘူး၊ တစ်ခုခုတော့ ထူးခြားမှာပဲ'
ဖန့်ယွဲ့က စိတ်ထဲမှ တွေးနေမိသည်။ အကယ်၍ ထိုအချက်ကိုသာ သူ မသိထားခဲ့လျှင် ယနေ့ ဖန့်ရှန့်၏ ဖျောင်းဖျမှုကို မပါဝင်ခဲ့လျှင်ပင် ဖန့်လုံရှန်း၏ လုပ်ရပ်အပေါ် သံသယ ဝင်မိကောင်း ဝင်မိပေလိမ့်မည်။
ဝါးအိမ်ခြံဝင်း
သေးငယ်သော ပုံရိပ်ငါးခုမှာ ဖန့်ချန်၏ ရှေ့တွင် တင်ပလ္လင်ခွေ ထိုင်နေကြသည်။
သူတို့၏ အသက်ရှူသံမှာ ညီညာမှန်ကန်လှပြီး အသွင်းအထုတ်မှာ နက်ရှိုင်းလှ၏။ ဖန့်ချန်သည် လောကအနှံ့ရှိ ဝိညာဉ်စွမ်းအား များက သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်ရန် ကြိုးစားနေသည်ကို မြင်နေရသည်။
သို့သော် ထိုပိုနေသော အရိုးကိုးခု ရှိနေခြင်းကြောင့် ဝိညာဉ်စွမ်းအားများမှာ ဝင်ရောက်ရန် အလွန် ခက်ခဲနေကြသည်။
ထိုပိုနေသော အရိုးကိုးခုမှာ ကောင်းကင်တံခါး ကိုးခုကဲ့သို့ အရာရာကို အပြင်ဘက်တွင် ပိတ်ဆို့ထားသကဲ့သို့ပင်။
'ဒီအရိုးကိုးခု ရှိနေတာကြောင့် နယ်မြေကိုးခုရဲ့ ကျင့်စဉ်လမ်းစဉ်တွေက သူတို့အတွက် တကယ်ပဲ အလုပ်မဖြစ်တာလား '
ဖန့်ချန်က စဉ်းစားနေမိသည်။
နယ်မြေကိုးခု၏ ကျင့်စဉ်များက အလုပ်ဖြစ်၊ မဖြစ် သူ သိလိုလှသည်။ အကယ်၍ အလုပ်ဖြစ်ခဲ့လျှင် ထိုအရိုးကိုးခုကို နှိုးဆွရန် မလိုဘဲ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ကာ အဘိညာဉ်ရှင် ဖြစ်လာနိုင်ပေမည်။ သို့သော် ထိုကဲ့သို့သော အဘိညာဉ်ရှင်မှာ ဖန့်လုံရှန်း ပြောသော အဘိညာဉ်ရှင်နှင့် များစွာ ကွာခြားလိမ့်မည်ဖြစ်ပြီး ခွန်အားမှာလည်း အားနည်းပေလိမ့်မည်။
သို့သော်လည်း... ဝိညာဉ်စွမ်းအားကို အသုံးပြု၍ သွေးစွမ်းအင်အစား ထိုအရိုးကိုးခုကို နှိုးဆွလိုက်လျှင်ကော။
ထိုသို့ ထွက်ပေါ်လာသော အဘိညာဉ်ရှင်မှာ သွေးစွမ်းအင်နှင့် နှိုးဆွသူထက် သန်မာမလား၊ အားနည်းမလား ဆိုသည်ကိုမူ ဖန့်ချန် အတတ်မပြောနိုင်သေးဘဲ လက်တွေ့စမ်းသပ်ရန် လိုအပ်နေသေးသည်။
'ငါ့မှာသာ ဒီအရိုးကိုးခု ရှိနေရင် ကိုယ်တိုင် စမ်းသပ်ကြည့်လို့ ရမှာပဲ။ အဲဒါဆိုရင် ပိုလွယ်သွားမှာ'
ဖန့်ချန်က စိတ်ထဲမှ ရေရွတ်လိုက်သည်။
ထိုစဉ် ခြံဝင်းအပြင်ဘက်မှ ဖန့်တန်၏ အသံကို ကြားလိုက်ရသည်။
ရှေ့မှ ကလေးငါးဦးမှာ ချက်ချင်းပင် လန့်နိုးသွားကြ၏။
"ဆက်ပြီး ကျင့်ကြ"
ဖန့်ချန်က ပြောပြီးနောက် ဝါးအိမ်အတွင်းမှ ထွက်ကာ ခြံတံခါးကို သွားဖွင့်လိုက်သည်။
ဖန့်တန်သည် အသက်လတ်ပိုင်းအရွယ် ဇနီးမောင်နှံတစ်ဦးနှင့်အတူ အားနာရခက်သော မျက်နှာထားဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ဖန့်ဆရာ... ဟုတ်ပါသလား ကျွန်တော်တို့က ဖန့်လင်းရဲ့ မိဘတွေပါ။ ဒီနေ့ လာတာက ကျောင်းထုတ်ချင်လို့ ပါ။ ဖန့်ဆရာအနေနဲ့ ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ၊ ဖန့်လင်းကို အရင်လို လဲ့ကျူလက်ဝှေ့ ပြန်ကျင့်ခွင့်ပေးပါဦး"
ထိုဇနီးမောင်နှံမှာ ချက်ချင်းပင် လက်အုပ်ချီ ဦးညွှတ်ကာ အလွန်ရိုးသားစွာ တောင်းပန်တိုးလျှိုးနေကြတော့သည်။