← Chapters

အခန်း (၁၇၉၇-၁၇၉၈)

Vol. 180 Ch. 1797-1798

အခန်း (၁၇၉၇-၁၇၉၈)

Vol. 180 Ch. 1797-1798

အခန်း (၁၇၉၇) - စိမ်းပြာလျှပ်နွယ်ဖြင့် တည်ဆောက်သော နတ်ဘုရားကိုယ်ထည်

ဖန့်ချန်သည် ရှေ့မှ ဇနီးမောင်နှံကို တစ်ချက်ကြည့်လိုက်ပြီးနောက် အားနာရခက်သော မျက်နှာထားဖြင့် ရပ်နေသော ဖန့်တန်အား ဝေဝေဝါးဝါး ကြည့်လိုက်ကာ ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။

"မင်းတို့ ဒီနေ့ပဲ ဖန့်လင်းကို ခေါ်သွားလို့ရတယ်၊ သူကိုယ်တိုင် သဘောတူရင်ပေါ့"

ထိုစကားကို ကြားသည်နှင့် ဇနီးမောင်နှံ၏ မျက်နှာတွင် အံ့ဩဝမ်းသာရိပ်များ ယှက်သန်းသွားတော့သည်။ သူတို့သည် မိမိတို့ကိုယ်မိမိ မရည်ရွယ်ဘဲ ကြီးမားသော အရှုပ်အထွေးတစ်ခုကြား ရောက်နေပြီဟု ထင်မှတ်ထားခဲ့သဖြင့် ယနေ့ လူပြန်ရဖို့ မလွယ်ကူဟု တွေးထားခဲ့ခြင်းဖြစ်သည်။ တစ်ဖက်လူက ယခုကဲ့သို့ လွယ်လွယ်ကူကူ ခွင့်ပြုပေးလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ချေ။

မကြာမီ ဖန့်လင်းကို အပြင်သို့ ခေါ်ထုတ်လာခဲ့သည်။ ပြတင်းပေါက်နားတွင် ကျန်ရှိနေသော ကလေးလေးဦးမှာလည်း ထူးခြားသော မျက်နှာထားများဖြင့် ဤဘက်သို့ လှမ်းကြည့်နေကြ၏။

"ဖန့်လင်း... မင်းမိဘတွေက မင်းကိုလာကြိုတယ်၊ ပြန်ချင်လား"

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

ဖန့်လင်းသည် ဖန့်ချန်ကို စိုးရိမ်တကြီး တစ်ချက်ကြည့်လိုက်ကာ

"ဖန့်ဘကြီး... ကျွန်မကို နှင်ထုတ်နေတာလားဟင်"

"ဖန့်လင်း... မင်းက ဘာတွေပြောနေတာလဲ ဖန့်ဆရာက မင်းကို နှင်ထုတ်နေတာ မဟုတ်ပါဘူး။ မြန်မြန် ခေါင်းညိတ်လိုက်စမ်း၊ အဖေနဲ့အမေက မင်းကို လာကြိုတာ "

ဇနီးမောင်နှံမှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားကြသည်။

"အဖေ... အမေ... ကျွန်မ... ကျွန်မ ဖန့်ဘကြီးဆီမှာ နေရတာ အဆင်ပြေပါတယ်..."

ဖန့်လင်းသည် အတော်လေး ကြောက်ရွံ့နေပုံရပြီး သူမ၏အသံမှာ ခြင်သံလောက်သာ ရှိတော့သည်။

ဖန့်လင်းက ပြန်မလိုက်ချင်ဟု ပြောလိမ့်မည်ဟု မိဘများ ထင်မထားခဲ့ကြသဖြင့် သူတို့၏ မျက်နှာများမှာ အတော်လေး အကျည်းတန်သွားကာ အသည်းအသန် ဖျောင်းဖျကြတော့သည်။

ဖန့်ချန်က သူတို့စကားကို ခပ်ဖွဖွ ဝင်ဖြတ်လိုက်သည်။

"နှစ်ယောက်စလုံး နားထောင်ပါ၊ ကျွန်တော် ပြောပြီးသားပါ။ ဖန့်လင်းက လိုက်ချင်ရင် ခေါ်သွားလို့ရတယ်၊ အကယ်၍ သူက မလိုက်ချင်ဘူးဆိုရင်တော့ အတင်းအကျပ် မလုပ်ပါနဲ့တော့။ ပြန်ကြပါတော့"

"ဟူး..."

ဇနီးမောင်နှံသည် တစ်ယောက်ကိုတစ်ယောက် သက်ပြင်းချကာ ကြည့်လိုက်ကြပြီး စိတ်ပျက်လက်ပျက်ဖြင့် လှည့်ထွက်သွားကြတော့သည်။

"ဖန့်လူကြီးမင်း... ကျွန်တော် သူတို့ကို သွားပို့လိုက်ပါဦးမယ်"

ဖန့်တန်က အမြန် လက်အုပ်ချီနှုတ်ဆက်သည်။

"နောက်တစ်ခါ လူတွေကို ဒီအတိုင်း ခေါ်မလာနဲ့တော့။ သူတို့ လာချင်တယ်ဆိုရင် မျိုးနွယ်စုခေါင်းဆောင်ဆီ အရင်သွားပြီး အကြောင်းကြားခိုင်းလိုက်"

ဖန့်ချန်က တည်ငြိမ်စွာ ဆိုသည်။

မီးခိုးပြာရောင် မျက်လုံးများက ဖန့်တန်အား စိုက်ကြည့်လိုက်သော ထိုခဏတွင် ဖန့်တန်သည် မိမိကိုယ်မိမိ အထွင်းဖောက်ခံလိုက်ရသလို ခံစားလိုက်ရပြီး စိတ်ထဲမှ ထိတ်လန့်သွားကာ ချွေးစေးများ ပျံတက်လာတော့သည်။

"ဟုတ်... ဟုတ်ကဲ့ပါ၊ ကျွန်တော် သိပါပြီ"

ဖန့်တန်သည် ချွေးများကို သုတ်လိုက်ကာ ခေါင်းကို ဆက်တိုက် ညိတ်ပြပြီးနောက် ထိုဇနီးမောင်နှံနောက်သို့ အပြေးအလွှား လိုက်သွားတော့သည်။ စိတ်ထဲတွင်မူ အတော်လေး ကြောက်ရွံ့နေမိ၏။

တစ်ဖက်လူက သူတမင်သက်သက် ထိုဇနီးမောင်နှံကို အတွင်းသို့ လွှတ်ပေးလိုက်သည်ကို တစ်ချက်တည်းနှင့် သိမြင်သွားခြင်းမှာ တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

နောက်ထပ် လဝက်ခန့်အတွင်း မျိုးနွယ်စုခေါင်းဆောင် ဖန့်လုံရှန်းထံသို့ သွားရောက်ကာ မိမိတို့ကလေးများကို ပြန်ခေါ်လိုကြောင်း ပြောဆိုသူများ ဆက်တိုက် ပေါ်လာခဲ့သည်။

ဖန့်ချန်သည်လည်း ဖန့်ဟိုင်တို့အုပ်စုကို မိမိတို့ဘာသာ ဆုံးဖြတ်ခိုင်းခဲ့ရာ နောက်ဆုံးတွင် ဖန့်ဟိုင်နှင့် ဖန့်လင်းမှအပ ကျန်လေးယောက်လုံး ထွက်သွားကြတော့သည်။ အစက ခြောက်ယောက်ရှိရာမှ ယခုအခါ နှစ်ယောက်သာ ကျန်တော့၏။

ထိုနှစ်ယောက်သာ တရားထိုင်ကျင့်စဉ်ကို ဆက်လက် လေ့ကျင့်နေကြသည်။

တစ်နေ့ ညနေခင်းတွင် ဖန့်ယွဲ့သည် ဟင်းပွဲအချို့နှင့် အရက်အိုး သုံးအိုးကို ကိုင်ဆောင်ကာ ရောက်လာခဲ့သည်။

"ဖန့်ချန်အစ်ကို... လာပါ၊ ကျွန်တော် အစ်ကို့ကို တစ်ခွက်လောက် ဂါရဝပြုပါရစေ"

ဖန့်ယွဲ့က ခွက်ကို မြှောက်လိုက်သည်။

ဖန့်ချန်သည်လည်း အရက်ခွက်ကို မြှောက်ကာ တစ်ဖက်လူနှင့် ခပ်ဖွဖွ တိုက်လိုက်ပြီးနောက် နှစ်ယောက်သား ပြိုင်တူ မော့ချလိုက်ကြသည်။

ဖန့်ယွဲ့သည် အရက်၏ အရှိန်ကြောင့် အာခေါင်ပူသွားဟန်ဖြင့် လေတစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် ပြတင်းပေါက်ဘက်သို့ လှမ်းကြည့်လိုက်ရာ တရားထိုင်နေဆဲဖြစ်သော ဖန့်ဟိုင်နှင့် ဖန့်လင်းတို့ကို ဝေဝေဝါးဝါး မြင်လိုက်ရသည်။

သူသည် ခဏမျှ စဉ်းစားကာ စကားလုံးများကို စီစဉ်လိုက်ပြီးမှ အသံကို နှိမ့်၍ မေးလိုက်သည်။

"ဖန့်ချန်အစ်ကို... အခုတလော ထွက်နေတဲ့ ကောလာဟလတွေကို ကြားပြီးပြီလား "

"ကြားသားပဲ"

ဖန့်ချန်က ခေါင်းညိတ်ကာ အသာအယာ ပြုံးလိုက်သည်။

"သူတို့ ပြောနေကြတာက ဒီကလေးတွေဟာ အစ်ကို့လက်အောက်မှာ လက်ဝှေ့မကျင့်ဘဲ တရားပဲ ထိုင်နေရတယ်၊ အချိန်ဖြုန်းနေတာပဲ တဲ့။ ဒါက မျိုးနွယ်စုခေါင်းဆောင်ရဲ့ ဂုဏ်သိက္ခာကိုလည်း သွယ်ဝိုက်ပြီး ထိခိုက်စေတယ်။

သူတို့ကသာ မသိတာပါ၊ ကျွန်တော်ကတော့ အစ်ကို့ရဲ့ စွမ်းဆောင်ရည်ကို သိပါတယ်။ အစ်ကိုက သူတို့ရဲ့ စိတ်ဓာတ်ကို အရင်ဆုံး အရောင်တင်ပေးနေတာ မဟုတ်လား နောက်မှ အခြေခံတည်ဆောက်ခြင်း လက်ဝှေ့တစ်ခုခု သင်ပေးဖို့ စိတ်ကူးထားတာလား "

ဖန့်ယွဲ့က သတိထားကာ မေးလိုက်သည်။

"အခြေခံတည်ဆောက်ခြင်း လက်ဝှေ့"

ဖန့်ချန်က ပြုံး၍ ခေါင်းခါလိုက်သည်

"ငါ သူတို့ကို ဘယ်လို အခြေခံတည်ဆောက်ခြင်း လက်ဝှေ့ကိုမှ သင်ပေးမှာ မဟုတ်ဘူး"

"ဗျာ..."

ဖန့်ယွဲ့သည် အရက်ငှဲ့နေသော လက်မှာ တစ်ချက် တုန်ရင်သွားကာ ဖန့်ချန်ကို မယုံနိုင်သလို ကြည့်လိုက်သည်။

"အကယ်၍ အခြေခံတည်ဆောက်ခြင်း လက်ဝှေ့ကို မကျင့်ရဘူးဆိုရင် သူတို့ရဲ့ ရှေ့ရေးက..."

"အရက်သောက်ပါ၊ ဒါတွေကို ပြောနေရင် ပျင်းစရာကြီး"

ဖန့်ချန်က ခပ်ဖျော့ဖျော့ ရယ်လိုက်သည်။

"ဒါဆိုလည်း... သောက်ကြတာပေါ့"

ဖန့်ယွဲ့က အားတင်းပြုံးလိုက်သော်လည်း စိတ်ထဲတွင်မူ ဝေခွဲမရ ဖြစ်နေတော့သည်။

နောက်တစ်နေ့...

ဖန့်ချန်သည် ဖန့်ဟိုင်နှင့် ဖန့်လင်းတို့၏ ရှေ့တွင် ရပ်နေသည်။ ကလေးနှစ်ယောက်၏ ပတ်ဝန်းကျင်တွင် အားကောင်းသော ဝိညာဉ်စွမ်းအားများ စုစည်းနေသော်လည်း ပိုနေသော အရိုးကိုးခုကြောင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နိုင်ခြင်း မရှိသည်ကို သူ အထင်အသား မြင်နေရသည်။

'အဘိညာဉ်ရှင်တွေက သွေးစွမ်းအင်နဲ့ အရိုးကိုးခုကို နှိုးဆွပြီး ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ကြတာပဲ။ အဲဒီတော့ သူတို့ကိုယ်ပေါ်က အရိုးကိုးခုဟာ ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ဖို့အတွက် သော့ချက်ပဲပေါ့။'

'သွေးစွမ်းအင်က အတွင်းကနေ ထွက်လာတာမို့လို့ နှိုးဆွရတာ လွယ်တယ်။ ဝိညာဉ်စွမ်းအားက အပြင်ကလာတာမို့လို့ နှိုးဆွရတာ ခက်တယ်။ နယ်မြေကိုးခုရဲ့ ကျင့်စဉ်တွေက ဒီမှာ အလုပ်မဖြစ်တာဟာ နယ်မြေကိုးခုမှာ ဒီလိုအရိုးကိုးခု မရှိခဲ့လို့များလား'

ဖန့်ချန်က စဉ်းစားနေမိပြီးနောက် တစ်ကိုယ်တည်း ပြုံး၍ ရေရွတ်လိုက်သည်။

"အလုပ်မဖြစ်ရင်လည်း ငါက နည်းနည်းလေး ပြင်ပေးလိုက်ရုံပေါ့၊ ဒီနေရာရဲ့ ဓလေ့နဲ့ အညီ ဖြစ်သွားအောင်လို့လေ"

ပြောပြီးသည်နှင့် သူသည် လက်နှစ်ဖက်ကို ဖြန့်လိုက်ကာ ကလေးနှစ်ယောက်၏ ဦးခေါင်းအထက် သုံးလက်မခန့်တွင် ထားလိုက်သည်။

ထိုခဏ၌ မကုန်နိုင်သော ဝိညာဉ်စွမ်းအားများမှာ သူ့ထံသို့ လှိုင်းလုံးကြီးများကဲ့သို့ တိုးဝင်လာတော့သည်။

ဤလောကရှိ ဝိညာဉ်စွမ်းအားများမှာ အရောင်အသွေး စုံလင်လှသည်။ ဓာတ်ကြီးငါးပါး စွမ်းအင်များအပြင် အခြားသော ထူးခြားသည့် စွမ်းအားများစွာ ရှိနေ၏။ ထိုအထဲတွင် ဖန့်ချန် ရင်းနှီးသော ရှေးဟောင်း ဝိညာဉ်စွမ်းအားများလည်း ပါဝင်နေရာ စိမ်းပြာလျှပ်နွယ် စွမ်းအားမှာ အထူးသဖြင့် အားကောင်းလှသည်။

"စိမ်းပြာလျှပ်နွယ်... ဒါဆိုရင် စိမ်းပြာလျှပ်နွယ်ကိုပဲ သုံးပြီး မင်းတို့အတွက် နတ်ဘုရားကိုယ်ထည် တည်ဆောက်ပေးမယ်"

ထိုခဏတွင် ဖန့်ဟိုင်နှင့် ဖန့်လင်းတို့၏ မျက်နှာများမှာ ရုတ်တရက် ပျက်သွားကာ မသိစိတ်ဖြင့် မျက်လုံးဖွင့်လိုက်ကြရာ မြင်ကွင်းတစ်ခုလုံးတွင် လျှပ်စီးတန်းများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။

ကလေးနှစ်ယောက်လုံးမှာ ကြောက်မက်ဖွယ် လျှပ်စီးစွမ်းအားများ၏ ဝန်းရံခြင်းကို ခံလိုက်ရ၏။

ထိုလျှပ်စီးစွမ်းအားများကို ဖန့်ချန်က ထိန်းချုပ်ကာ သူတို့ခန္ဓာကိုယ်ရှိ အရိုးကိုးခုဆီသို့ အပြင်းအထန် ရိုက်ခတ် စီးဝင်စေတော့သည်။

မိမိ၏ အားကောင်းသော ကျင့်ကြံမှု အရှိန်အဝါ တစ်ခုတည်းနှင့် မလုံလောက်ကြောင်း ဖန့်ချန် ချက်ချင်း သတိပြုမိသွားသည်။

"ကျင့်စဉ်ကို လည်ပတ်စမ်း"

သူက အသံနိမ့်နိမ့်ဖြင့် ဟောက်လိုက်သည်။

ကလေးနှစ်ယောက်မှာ ထိုစကားကို ကြားသည်နှင့် ချက်ချင်း မျက်လုံးပြန်မှိတ်ကာ ကျင့်စဉ်လမ်းစဉ်အတိုင်း ကျင့်ကြံကြတော့သည်။

အမှန်ပင်... အားကောင်းလှသော စိမ်းပြာလျှပ်နွယ် စွမ်းအားများသည် ချက်ချင်းပင် ငြိမ်သက်သွားကာ အရိုးကိုးခုအတွင်းသို့ မရပ်မနား စီးဝင်သွားကြတော့သည်။

ဖြူဖွေးသော အရိုးကိုးခုမှာ တဖြည်းဖြည်းနှင့် စိမ်းပြာရောင်သို့ ပြောင်းလဲသွားကာ ပြင်းထန်သော လျှပ်စီးရောင်များ တောက်ပလာ၏။

ကလေးနှစ်ယောက်မှာ မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူတို့၏ သူငယ်အိမ်မှာ ပျောက်ကွယ်သွားပြီး လျှပ်စီးတန်းနှစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။

ဤအချိန်တွင် ထိုနှစ်ယောက်ထံမှ ထွက်ပေါ်လာသော အငွေ့အသက်မှာ အလွန်ပင် ကြောက်စရာကောင်းလှပြီး နယ်စားစစ်သည် အဆင့်ထက် များစွာ သာလွန်သွားခဲ့ပြီ ဖြစ်သည်။

"တော်ပြီ..."

ဖန့်ချန်က စိတ်ထဲမှ တွေးလိုက်သည်။ ကလေးနှစ်ယောက်မှာ ကျင့်ကြံမှု အဆင့်နိမ့်လွန်းသေးသဖြင့် ယခု သူက အတင်းအကျပ် အရိုးကိုးခုကို နှိုးဆွပေးလိုက်ခြင်းဖြစ်ရာ အချိန်အတန်ကြာ ငြိမ်သက်စွာ ပြန်လည်ကျင့်ကြံရန် လိုအပ်သည်။

သူက စွမ်းအားများကို ရုပ်သိမ်းလိုက်ရာ ကလေးနှစ်ယောက်၏ ကိုယ်ပေါ်မှ လျှပ်စီးရောင်များမှာ မှိန်ဖျော့သွားသော်လည်း လုံးဝ ပျောက်ကွယ်မသွားဘဲ ထူးခြားနေဆဲပင်။

"ကျင့်စဉ်ကို သိမ်းလိုက်တော့"

ဖန့်ချန်က သတိပေးလိုက်သည်။

ဖန့်ဟိုင်နှင့် ဖန့်လင်းတို့သည် ကျင့်စဉ်ကို ရပ်လိုက်ကြပြီးနောက် မိမိတို့ ခန္ဓာကိုယ်၏ ထူးခြားမှုကို အံ့ဩတကြီး သိမြင်သွားကြသည်။ သူတို့အတွင်း၌ စွမ်းအားတစ်ခု တိုးလာပြီး စိတ်အလိုရှိတိုင်း အသုံးပြုနိုင်သလို ခံစားနေရ၏။

"ဖန့်ဟိုင်... ငါ့ကို တစ်ချက်လောက် လှမ်းရိုက်စမ်း"

ဖန့်ချန်က ပြုံး၍ ဆိုသည်။

"ဖန့်ဘကြီး... ဒါက..."

ဖန့်ဟိုင်မှာ လန့်သွားသည်။

"ရိုက်ဆို ရိုက်စမ်းပါ"

ဖန့်ဟိုင်သည် အံကြိတ်ကာ လက်ဝါးဖြင့် တစ်ချက် ရိုက်လိုက်သည်။ ရလဒ်မှာမူ သူကိုယ်တိုင်ပင် မယုံနိုင်စရာပင်၊ ထိုလက်ဝါးရိုက်ချက်မှာ မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။

ကြောက်မက်ဖွယ် လျှပ်စီးလက်ဝါးရိပ်မှာ ဖန့်ချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

'အခုလေးတင် နိုးထလာတာတောင် ဝိညာဉ်သန္ဓေသား အဆင့် စွမ်းအားနဲ့ ညီမျှနေတာပဲ...'

'အကယ်၍ နောက်တစ်ဆင့် တက်သွားရင် အလယ်အဆင့် သုံးဆင့် ဖြစ်သွားမှာလား '

ဖန့်ချန်၏ မျက်နှာတွင် မည်သည့် ခံစားချက်မှ မပြသော်လည်း စိတ်ထဲတွင်မူ အတော်လေး တုန်လှုပ်နေမိသည်။

အကယ်၍ နိုးထလာသော အဘိညာဉ်ရှင်တိုင်းသည် အစဦးမှာပင် ဤကဲ့သို့သော စွမ်းအားမျိုး ပိုင်ဆိုင်ထားကြမည်ဆိုလျှင်...

ဤခေတ်ကာလမှ လူသားမျိုးနွယ်မှာ မည်မျှပင် ကြောက်စရာကောင်းလိုက်ပါသနည်း။ နယ်မြေကိုးခု ခေတ်ကာလထက် များစွာ သန်မာလွန်းလှသည်။

"ဖန့်... ဖန့်ဟိုင်၊ နင် အဘိညာဉ်ရှင် ဖြစ်သွားပြီ"

ဖန့်လင်းက စကားများ ထစ်အလျက် ဆိုသည်။

"နင်လည်း ဖြစ်သွားပုံရတယ်..."

ဖန့်ဟိုင်က ကြောင်အအဖြင့် ပြန်ပြောသည်။

"ဖန့်လင်း... မင်းလည်း ငါ့ကို တစ်ချက် ရိုက်ကြည့်ဦး"

ဖန့်ချန်က ပြုံးပြလိုက်သည်။

ဖန့်လင်းသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ လက်ဝါးဖြင့် ရိုက်လိုက်ရာ လျှပ်စီးတန်းများ ဝင်းလက်သွားပြီး မြင်သူ၏ မျက်စိပင် ကျိန်းသွားစေသည်။

"ဒါလည်း ဝိညာဉ်သန္ဓေသားအဆင့် စွမ်းအားပဲ"

ဖန့်ချန်က စဉ်းစားနေမိသည်။

ကြည့်ရသည်မှာ အဘိညာဉ်ရှင်တို့၏ ပထမအဆင့်မှာ ဝိညာဉ်သန္ဓေသား နှင့် ညီမျှပုံရသည်။

ဒုတိယအဆင့်မှာ အလယ်အဆင့် သုံးဆင့် ဖြစ်ပြီး ပေါင်းစည်းခြင်း အဆင့်လောက် ရှိနိုင်သည်။

ဒါဆိုရင် တတိယအဆင့်ကတော့... တက်လှမ်းခြင်း အဆင့် ဖြစ်ပေလိမ့်မည်။

နယ်မြေကိုးခု၏ အသေးစိတ် ခွဲခြားထားသော ကျင့်ကြံခြင်း အဆင့်အတန်းများသည် ဤခေတ်ကာလတွင် အဆင့်သုံးဆင့်မျှဖြင့် ကျော်ဖြတ်နိုင်ပုံရသည်။

ထိုအဆင့်သုံးဆင့် ပြီးလျှင်မူ...မသေမျိုးအဆင့် ပင် ဖြစ်ပေလိမ့်မည်။

အခန်း (၁၇၉၈) - ဖန့်မျိုးနွယ်စု၏ ဘိုးဘေးကန်တော့ပွဲ

"အဘိညာဉ် နှိုးထလာတဲ့ ကိစ္စကို လောလောဆယ် အပြင်လူတွေကို မသိစေနဲ့ဦး။ ပုံမှန်အတိုင်းပဲ နေကြ။ ရန်သူနဲ့ ရင်ဆိုင်ရရင်တောင် ဒီအစွမ်းကို အလွယ်တကူ မထုတ်သုံးကြနဲ့ဦး။ မဟုတ်ရင် မင်းတို့ရဲ့ အခုခွန်အားနဲ့ဆိုရင် လက်ရှိခေတ်ရဲ့ ကိုယ်ခံပညာသူတော်စင် တောင်မှ တောင့်ခံနိုင်ဖို့ မသေချာဘူး"

ဖန့်ချန်က အသံတိုးတိုးဖြင့် မှာကြားလိုက်သည်။

ဖန့်ဟိုင်နှင့် ဖန့်လင်းတို့မှာ ကြောင်တောင်တောင် အခြေအနေမှ မလွတ်မြောက်သေးဘဲ မသိစိတ်ဖြင့်သာ ခေါင်းညိတ်မိကြ၏။ စိတ်ထဲမှ ဝမ်းသာပီတိမှာလည်း တကယ်မဟုတ်သလိုပင် ခံစားနေရဆဲ ဖြစ်သည်။

သူတို့၏ အသိစိတ်ထဲတွင် မေးခွန်းတစ်ခုသာ ထပ်တလဲလဲ ပေါ်နေတော့သည်။

ငါတို့... တကယ်ပဲ အဘိညာဉ် နှိုးထသွားတာလား ဟယ်ချွမ်း ဖန့်မျိုးနွယ်စုမှာ နှစ်ပေါင်းများစွာကြာအောင် မထွက်ပေါ်ခဲ့တဲ့ အဘိညာဉ်ရှင်တွေ ဖြစ်သွားပြီလား။

နောက်တစ်နေ့ နံနက်စောစော။

ဖန့်ဟိုင်နှင့် ဖန့်လင်းတို့မှာ အိပ်မက်မှ လန့်နိုးလာကြပြီး ချက်ချင်းပင် ခန္ဓာကိုယ်အတွင်းရှိ အဘိညာဉ်စွမ်းအားကို လှုံ့ဆော်ကြည့်လိုက်ကြသည်။ သူတို့၏ ကိုယ်ပေါ်တွင် လျှပ်စီးရောင်များ ရစ်ပတ်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ဝဲလာကြတော့သည်။

"ဒါ အိပ်မက်မဟုတ်ဘူး..."

ဖန့်ဟိုင်က တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

သူသည် ငယ်စဉ်ကတည်းက ဆင်းရဲသားမိသားစုမှ လာသူဖြစ်ရာ အဘိညာဉ်ရှင် ဖြစ်ဖို့ မဆိုထားနှင့်၊ သွေးစွမ်းအင်လှုံ့ဆော်ခြင်း အဆင့်ရှိသော စစ်သည်တစ်ဦး ဖြစ်လာလျှင်ပင် မိသားစုအခြေအနေကို များစွာ ပြောင်းလဲပေးနိုင်ပြီဟု တွေးခဲ့သူဖြစ်သည်။

ယခုမူ သူသည် ကောင်းကင်သို့ တစ်လှမ်းတည်းနှင့် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ နောင်ဆိုလျှင် အိမ်မှာ ဆန်အိုးမပြည့်မှာကို မပူရတော့သလို၊ မိခင်ဖြစ်သူ ဖျားနာလျှင်လည်း ဆေးဝယ်ရန် ငွေမရှိသဖြင့် အောင့်အည်းသည်းခံနေရသည့် ဒုက္ခမျိုး ကြုံရတော့မည် မဟုတ်ပေ။

ဖန့်လင်း၏ အတွေးမှာလည်း ဖန့်ဟိုင်နှင့် မခြားနားသော်လည်း သူမက ပို၍ စိတ်နုနယ်သူဖြစ်ရာ ဖန့်ဟိုင်ကို ခေါ်၍ ဖန့်ချန်အား ဂါရဝပြုရန် ချက်ချင်း ထွက်လာခဲ့သည်။

ခြံဝင်းအတွင်း ရောက်သောအခါ ဖန့်ချန်မှာ နိုးနှင့်နေပြီဖြစ်ပြီး လဲ့ကျူလက်ဝှေ့ကို အနှေးကွက်ဖြင့် ထိုးနေသည်ကို တွေ့လိုက်ရသည်။

နှစ်ယောက်သား အမြန်ရှေ့သို့ တိုးသွားကာ ဦးညွှတ်လိုက်ကြ၏။

"ဖန့်ဘကြီး..."

"ဒီနေ့နဲ့ မနေ့က ဘာတွေ ထူးခြားသွားလဲ "

ဖန့်ချန်က လှုပ်ရှားမှုများကို မရပ်ဘဲ မေးလိုက်သည်။

"ဒီနေ့က... ပိုပြီး လက်တွေ့ကျလာသလိုပါပဲ..."

ဖန့်ဟိုင်က မသိစိတ်ဖြင့် ဖြေလိုက်သည်။

"အင်း... ရုတ်တရက် ရရှိလာတဲ့အရာက အမြဲတမ်း ဝေဝေဝါးဝါး ဖြစ်စေတတ်တယ်။ ဘာလို့လဲဆိုတော့ ဒီစွမ်းအားက မင်းတို့ဆီမှာ လုံးဝ အမြစ်မတွယ်သေးလို့ပဲ။ မင်းတို့ ဒီစွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး တစ်သားတည်း ဖြစ်သွားတဲ့အခါ မနေ့ကလိုမျိုး ခံစားချက် ရှိတော့မှာ မဟုတ်ဘူး"

ဖန့်ချန်က ပြုံး၍ ဆိုသည်။

ထိုအခါမှ ကလေးနှစ်ယောက်မှာ သဘောပေါက်သွားကြသည်။ ထိုစွမ်းအားမှာ သူတို့နှင့် တစ်သားတည်း မဖြစ်သေးသောကြောင့်သာ တစ်ညလုံး အိပ်မက်ဆိုးများ မက်နေခဲ့ခြင်း ဖြစ်သည်။ အဘိညာဉ်စွမ်းအားများ ပြန်လည် ဆုံးရှုံးသွားသည်ဟု အိပ်မက်ထဲတွင် ထပ်ခါတလဲလဲ မြင်မက်နေခဲ့ခြင်းတည်း။

"ကျင့်စဉ်ကို ဆက်ပြီး လေ့ကျင့်ကြ။ ဒါက မင်းတို့ကို ဒီစွမ်းအားတွေ အမြန်ဆုံး ထိန်းချုပ်နိုင်အောင် ကူညီပေးလိမ့်မယ်"

ဖန့်ချန်က ထပ်လောင်းမှာကြားရာ နှစ်ယောက်သား အမြန်ပင် ထောက်ခံလိုက်ကြသည်။

"ဖန့်ဘကြီး ရှိသလားဟင်"

ခြံအပြင်ဘက်မှ ဖန့်ကူးယွဲ့ ၏ အသံ ထွက်ပေါ်လာသည်။

ဖန့်ဟိုင်သည် ထိုအသံကို ကြားသည်နှင့် အပြေးအလွှား သွားဖွင့်ပေးလိုက်၏။ ထို့နောက် ဖန့်ကူးယွဲ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေမိသော်လည်း ဖန့်ချန်၏ မှာကြားချက်ကို သတိရကာ စကားများကို အတင်းပြန်မျိုချလိုက်ရသည်။

"ရှောင်ဟိုင်... ဖန့်ဘကြီးဆီမှာ နေရတာ အဆင်ပြေရဲ့လား"

ဖန့်ကူးယွဲ့က ပြုံးလျက် ဖန့်ဟိုင်၏ ခေါင်းကို ပုတ်၍ မေးလိုက်သည်။

ဖန့်ဟိုင်သည် ရှေ့မှ အမျိုးသမီးကို အလွန်ပင် ကျေးဇူးတင်နေမိသည်။ သူ၏ အခွင့်အရေးမှာ သူမကြောင့် ရရှိလာခြင်း ဖြစ်သည်။ သူမသာ မရှိလျှင် ဆင်းရဲသားမိသားစုဝင် တစ်ယောက်ဖြစ်သော သူသည် ဤကဲ့သို့သော အခွင့်အရေးမျိုးကို ရလိမ့်မည် မဟုတ်ပေ။

"ကူးယွဲ့မမ... ကျွန်တော် ဒီမှာ နေရတာ အရမ်းကောင်းပါတယ်"

ဖန့်ဟိုင်က တိုးတိုးလေး ဖြေသည်။

"အဲဒါဆိုရင် တော်ပါပြီ"

ဖန့်ကူးယွဲ့က ပြုံးပြပြီးနောက် ဖန့်ချန်အား ဂါရဝပြုကာ ဆိုသည်။

"ဖန့်ဘကြီး... ဒီနေ့က ဟယ်ချွမ်း ဖန့်မျိုးနွယ်စုရဲ့ ဘိုးဘေးကန်တော့ပွဲနေ့ပါ။ အဖေက ဘကြီးကို လာခေါ်ခိုင်းလိုက်လို့၊ ကျွန်မတို့ အတူတူ တောင်ပေါ်တက်ပြီး အမွှေးတိုင် သွားထွန်းကြရအောင်"

သူမသည် ခဏမျှ ရပ်ကာ အသံကို နှိမ့်၍ ပြောလိုက်သည်။

"ဒီနေ့မှာ... လူအချို့က မျိုးနွယ်စုခေါင်းဆောင်ကို ပြဿနာရှာကြလိမ့်မယ်။ အဖေကတော့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့ အရင်သွားနှင့်ပြီ။ ဘကြီးကိုလည်း အဲဒီနေရာမှာ ရှိနေစေချင်တယ်"

"ဒါဆိုလည်း အတူတူ သွားကြတာပေါ့"

ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။

မကြာမီ ဖန့်ချန်သည် ကလေးနှစ်ယောက်ကို ခေါ်၍ ဖန့်ကူးယွဲ့၏ မြင်းရထားပေါ်သို့ တက်လိုက်သည်။ ခြံဝင်းအပြင်ဘက်တွင် အစေခံ ရာဂဏန်းခန့် ဝန်းရံလျက် စံအိမ်တော်အပြင်ဘက်သို့ ထွက်ခွာလာခဲ့ကြတော့သည်။

ထျန်းဖန့်တောင်

ဤတောင်သည် ဖန့်မျိုးနွယ်စု၏ ဘိုးဘေးစဉ်ဆက် မြှုပ်နှံရာနေရာ ဖြစ်သည်။ ပုံမှန်ရက်များတွင် မည်သူမျှ ခွင့်ပြုချက်မရှိဘဲ တောင်ပေါ်မတက်ရပေ။ အကယ်၍ ခိုးတက်သည်ကို အဖမ်းခံရပါက အစိုးရရုံးတော်အထိ သွားရန်ပင် မလိုဘဲ ဖန့်မျိုးနွယ်စုကပင် တိုက်ရိုက် အပြစ်ပေးပိုင်ခွင့် ရှိသည်။

ယနေ့တွင်မူ မရေမတွက်နိုင်သော ဖန့်မျိုးနွယ်စုဝင်များသည် မိသားစုအလိုက် ထျန်းဖန့်တောင်သို့ ဦးတည်နေကြသည်။ သူတို့သည် နှစ်စဉ် ဘိုးဘေးကန်တော့ပွဲနေ့တွင် ဆုတောင်းမေတ္တာ ပို့သကြပြီး မိမိတို့၏ နောက်မျိုးဆက်များ ရှေ့ရေးကောင်းရန်နှင့် 'နယ်စားစစ်သည်' တစ်ဦးခန့် ထွက်ပေါ်လာကာ မိသားစုဂုဏ်ကို မြှင့်တင်နိုင်ရန် မျှော်လင့်ကြသည်။

လမ်းခရီးတွင် ဖန့်ကူးယွဲ့၏ မြင်းရထားတန်းကို မြင်သူတိုင်းက ဖယ်ရှောင်ပေးကြရသည်။ သူတို့၏ မျက်လုံးထဲတွင် အားကျရိပ်များနှင့်အတူ မနာလိုစိတ် အနည်းငယ်လည်း ယှက်သန်းနေကြ၏။

ဖန့်ယွဲ့သည် မကြာသေးမီ နှစ်များအတွင်း မိသားစုဂုဏ်ကို မြှင့်တင်နိုင်ခဲ့သည့် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ဆင်းရဲသားမိသားစုမှ လာသူဖြစ်သော်လည်း နယ်စားစစ်သည် ဖြစ်လာခဲ့ပြီး ဟယ်ချွမ်း ဖန့်မျိုးနွယ်စု၏ နည်းပြချုပ်ကြီး ဖြစ်လာခဲ့သည်။ ဖန့်မျိုးနွယ်စု၏ အထူးချွန်ဆုံး လူငယ်များကို သင်ကြားပေးနေရသူ ဖြစ်သည်။

ကြည့်ရသည်မှာ ပင်ပန်းရသော အလုပ်ဟု ထင်ရသော်လည်း မိမိကိုယ်တိုင် ကျင့်ကြံရန် အချိန်နည်းသွားပေလိမ့်မည်။ သို့သော် ဖန့်မျိုးနွယ်စုဝင်တိုင်း သိထားသည်မှာ နည်းပြချုပ်ရာထူး၏ နောက်ကွယ်တွင် ကြီးမားသော အနက်အဓိပ္ပာယ် ရှိနေခြင်းပင်။

နောင်တွင် ထိုထူးချွန်သော လူငယ်များ အောင်မြင်လာသောအခါ သူတို့အားလုံးမှာ ဖန့်ယွဲ့၏ တပည့်များ ဖြစ်လာကြမည် မဟုတ်ပါလား။ ဖန့်ယွဲ့သည် မျိုးနွယ်စုခေါင်းဆောင် မဖြစ်နိုင်လျှင်ပင် မျိုးနွယ်စုခေါင်းဆောင်၏ အကြံပေးပုဂ္ဂိုလ် သို့မဟုတ်အကြီးအကဲ တစ်ဦး ဖြစ်လာနိုင်ပေသည်။

သို့သော်လည်း မကြာသေးမီက ဖန့်ယွဲ့၏ လုပ်ရပ်အချို့အပေါ် ဝေဖန်မှုများ ရှိနေသည်။ ဝေဖန်မှုမှာ သူ့အပေါ်တွင် မဟုတ်ဘဲ ဖန့်လုံရှန်းအပေါ်တွင် ဖြစ်သည်။ ဖန့်လုံရှန်း၏ ဆုံးဖြတ်ချက်အချို့ကြောင့် သူ မြေတောင်မြှောက်ပေးခဲ့သော ဖန့်ယွဲ့မှာလည်း လူအများ၏ အမြင်မကြည်လင်မှုကို ခံနေရသည့် လူတန်းစားထဲ ပါဝင်လာခဲ့ရသည်။

နာရီဝက်ခန့်အကြာတွင် မြင်းရထားမှာ တောင်လယ်သို့ ရောက်ရှိလာခဲ့သည်။ ထို့ထက် ပို၍ မြင့်သောနေရာသို့ သွားရန်မှာမူ ခြေလျင်သာ သွားရတော့မည် ဖြစ်သည်။

ဖန့်ချန်သည် ကလေးနှစ်ယောက်ကို ခေါ်၍ မြင်းရထားပေါ်မှ ဆင်းလိုက်သောအခါ မရေမတွက်နိုင်သော အကြည့်များက သူ့ထံသို့ ပြိုင်တူ ကျရောက်လာတော့သည်။ ခဏချင်းပင် တိုးတိုးတိတ်တိတ် ဝေဖန်သံများနှင့် လက်ညှိုးထိုး ပြောဆိုသံများ ထွက်ပေါ်လာ၏။

သင်ယူမှု ရပ်စဲကာ ထွက်သွားခဲ့သော ဆင်းရဲသားမိသားစုဝင် ကလေးလေးဦးမှာလည်း မိဘများ၊ ဆွေမျိုးနီးစပ်များနှင့်အတူ တောင်ပေါ်သို့ တက်နေကြသည်။ သူတို့သည် ဖန့်ချန်ကို မြင်သောအခါ အားနာသလို ခံစားရပုံဖြင့် တည့်တည့်မကြည့်ဝံ့ဘဲ ရှိနေကြသည်။ သို့သော် သူတို့၏ မိသားစုဝင်များကမူ မကျေမနပ် ဖြစ်နေသော မျက်နှာထားများဖြင့် ကြည့်နေကြ၏။

ထိုစဉ် နောက်ထပ် မြင်းရထားတန်းတစ်ခု တောင်လယ်သို့ ဆိုက်ရောက်လာပြန်သည်။

ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော ဖန့်ရှန့်သည် ဇနီးမယား၊ သားသမီးနှင့် အစေခံများကို ခေါ်၍ ဆင်းလာခဲ့သည်။ ဖန့်ကူးယွဲ့ ကို မြင်သောအခါ ဖန့်ရှန့်က ချက်ချင်းပင် ပြုံး၍ နှုတ်ဆက်လိုက်သည်။

"ကူးယွဲ့တူမ... တိုက်တိုက်ဆိုင်ဆိုင်ပါလား"

"ဖန့်ရှန့်ဦးလေး... ဦးလေးက တောင်ပေါ်ကို ရောက်နှင့်နေပြီလို့ ထင်နေတာ"

ဖန့်ကူးယွဲ့က ပြုံးလျက် ပြန်ပြောသည်။

"နည်းနည်း နောက်ကျမှ ထမိလို့ပါ ဟားဟား"

ဖန့်ရှန့်က ရယ်မောလျက် အကြောင်းပြလိုက်ပြီးနောက် ဖန့်ချန်ဘက်သို့ လှည့်ကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

"ဖန့်ချန်ညီအစ်ကို... ပြီးခဲ့တဲ့ တစ်ခေါက်က ခဏလေးပဲ တွေ့လိုက်ရလို့ ထပ်တွေ့ဖို့ အခွင့်အရေး မရခဲ့ဘူး။ ဒီတစ်ခါလည်း တောင်ပေါ်တက်ပြီး ဘိုးဘေးကန်တော့မလို့လား "

"ဟုတ်ပါတယ်"

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

ဖန့်ရှန့်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သော်လည်း ဘာတွေ တွေးနေသည်ကိုမူ မသိနိုင်ပေ။ သူ၏ အကြည့်မှာ ဖန့်ဟိုင်နှင့် ဖန့်လင်းတို့ဆီသို့ ကျရောက်သွားသည်။ ကလေးနှစ်ယောက်မှာ ဖန့်ရှန့်ကို မြင်သောအခါ ရှိန်နေသော အမူအရာဖြင့် ဦးညွှတ် နှုတ်ဆက်ကြ၏။ သူတို့သည် ဆင်းရဲသားမိသားစုမှ ဖြစ်သဖြင့် ဖန့်ရှန့်ကဲ့သို့သော မီးမေပယ်သွေးမျိုးဆက်၏ အကြီးကဲကို ကောင်းကောင်း သိထားကြသည်။

"မင်းတို့နှစ်ယောက် ဖန့်ချန်ညီအစ်ကိုဆီမှာ ဘာတွေ သင်ယူခဲ့ရလဲ "

ဖန့်ရှန့်က ပြုံး၍ မေးလိုက်သည်။

နှစ်ယောက်သား တစ်ချက်မျှ ကြောင်သွားပြီးနောက် ဖန့်ဟိုင်က ရိုသေစွာ ဖြေကြားသည်။

"ကျွန်တော် ဖန့်ဘကြီးဆီမှာ သင်ယူခဲ့ရတာတွေက အများကြီးပါပဲ။ ဒါပေမဲ့ အဲဒီထဲက အနှစ်သာရတွေကိုတော့ အပြင်လူတွေကို ပြောပြဖို့ မသင့်တော်ပါဘူး"

အနှစ်သာရ

ဖန့်ရှန့်မှာ မရယ်မိအောင် အတော်လေး ထိန်းလိုက်ရသော်လည်း အနားရှိ လူအချို့ကမူ ဖန့်ဟိုင်ကို မျက်နှာမထောက်ဘဲ ဝိုင်း၍ ရယ်မောလိုက်ကြတော့သည်။

ဖန့်ဟိုင်နှင့် ဖန့်လင်းတို့မှာလည်း ဤရက်ပိုင်းအတွင်း ထွက်ပေါ်နေသော အတင်းအဖျင်းများကို ကြားသိထားပြီး ဖြစ်သည်။ ကျန်ခဲ့သော သူငယ်ချင်းလေးယောက်မှာလည်း ဤအချက်ကြောင့်ပင် စိတ်ဓာတ်တုန်လှုပ်ကာ မိဘများက ပြန်ခေါ်သွားခဲ့ကြခြင်း မဟုတ်ပါလား။

ယခုအခါ ပတ်ဝန်းကျင်မှ လူများ၏ လှောင်ပြောင်သရော်မှုကို ခံရသောအခါ သူတို့၏ စိတ်ထဲတွင် ဒေါသများ ထွက်လာခဲ့သည်။

'အရေးမပါတဲ့ စိတ်ခံစားမှုတွေကို မင်းတို့ရဲ့ အသိဉာဏ်ကို လွှမ်းမိုးခွင့် မပေးနဲ့။ အခုက အဘိညာဉ်ရှင် ဖြစ်နေတာကို ထုတ်ပြဖို့ အချိန်ကောင်း မဟုတ်သေးဘူး၊ သည်းခံထားကြ'

ဖန့်ချန်၏ အသံမှာ ကလေးနှစ်ယောက်၏ နားထဲသို့ တိုးတိုးလေး ဝင်လာခဲ့သည်။

ကလေးနှစ်ယောက်မှာ ထိုစကားကို ကြားသည်နှင့် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ ဖန့်ချန်၏ နောက်တွင် စကားတစ်လုံးမှ မပြောဘဲ ရပ်နေလိုက်ကြတော့သည်။

"ပြောရရင်... ငါ့သားလည်း အရင်က ဖန့်ချန်ညီအစ်ကိုဆီမှာ တပည့်ခံမလို့ ဖြစ်ခဲ့သေးတာ၊ နှမြောစရာပဲ... နှမြောစရာပဲ"

ဖန့်ရှန့်က ဘေးနားရှိ လူငယ်၏ ခေါင်းကို ပုတ်ကာ သက်ပြင်းချဟန်ဖြင့် ပြောလိုက်သည်။

ထိုလူငယ်သည် ဖန့်ဟိုင်တို့ နှစ်ယောက်ကို သနားကရုဏာစိတ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ဖန့်ချန်ကိုမူ အေးစက်စွာ တစ်ချက်ကြည့်ကာ ဘာမှ မပြောဘဲ နေလိုက်သည်။

"ဖန့်ရှန့်ဦးလေး... ကျွန်မတို့ အရင် တောင်ပေါ်တက်ကြရအောင်။ မင်္ဂလာရှိတဲ့ အချိန်ကို ကျော်သွားရင် မျိုးနွယ်စုခေါင်းဆောင် စိတ်ဆိုးပါလိမ့်မယ်"

ဖန့်ကူးယွဲ့က ပြုံးလျက် ဝင်ပြောလိုက်သည်။

"ကောင်းပြီ... အရင် တောင်ပေါ်တက်ကြတာပေါ့"

ဖန့်ရှန့်က ခပ်တည်တည်ဖြင့် ခေါင်းညိတ်လိုက်သော်လည်း သူ၏ မျက်လုံးထဲတွင်မူ အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ရှိနေခဲ့သည်။

All Chapters