အခန်း (၁၇၉၉-၁၈၀၀)
Vol. 180 Ch. 1799-1800
အခန်း (၁၇၉၉) - အကျိုးအမြတ်များ ပြန်လည်ခွဲဝေခြင်း
ထျန်းဖန့်တောင်ထိပ်တွင် အလွန်တရာ ကြီးမားလှသော မျိုးနွယ်စု ဘုရားကျောင်းဆောင်ကြီး တစ်ခုရှိပြီး ထိုအထဲတွင် ဟယ်ချွမ်း ဖန့်မျိုးနွယ်စု၏ ဘိုးဘေးစဉ်ဆက် နတ်စင် များကို စီတန်းထားရှိသည်။
သို့သော် အဆင့်တိုင်းတွင် ဟာကွက်ဖြစ်နေသော နတ်စင်အချို့ ရှိနေပြီး အမြင့်ဆုံးနေရာတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။
ဖန့်ကူးယွဲ့သည် ဖန့်ချန်တို့အုပ်စုကို ဦးဆောင်၍ ဘုရားကျောင်းဆောင်အတွင်းသို့ ဝင်လာကာ အမွှေးတိုင်တစ်တိုင် ထွန်းညှိပူဇော်ပြီးနောက်၊ ကျောင်းဆောင်အပြင်ဘက်တွင် ကြိုတင်ပြင်ဆင်ထားသော နေရာ၌ ဝင်ရောက်ထိုင်ကြသည်။
"ဟို ဟာကွက်ဖြစ်နေတဲ့ နတ်စင်နေရာက ဘိုးဘေး ဖန့်လဲ့ ရဲ့ နေရာလား"
ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"မှန်ပါတယ်၊ ကျန်တဲ့ ဟာကွက်ဖြစ်နေတဲ့ နတ်စင်တွေကလည်း မဟာကျိုးနိုင်ငံ ကနေ ထွက်ခွာသွားကြတဲ့ ဘိုးဘေးတွေရဲ့ နေရာတွေပါ။ သူတို့တွေက အဘိညာဉ်ရှင်တွေ ဖြစ်သွားကြတော့ သက်တမ်းအကန့်အသတ်မရှိဘဲ မအိုမသေ ရှင်သန်နေကြသူတွေလေ"
ဖန့်ကူးယွဲ့က ရှင်းပြသည်။
သက်တမ်းအကန့်အသတ်မရှိ ဆိုသည်မှာ ချဲ့ကားပြောဆိုခြင်းသာ ဖြစ်ကြောင်း ဖန့်ချန် သိရှိပါသည်။ သို့သော် ထိုအဘိညာဉ်ရှင်များသည် တစ်ခါမှ ပြန်မလာခဲ့ကြသဖြင့် ဟယ်ချွမ်း ဖန့်မျိုးနွယ်စုသည် သူတို့ သေသည်ရှင်သည်ကိုပင် မသိနိုင်ကြချေ။ ထို့ကြောင့် သေဆုံးသူများအတွက် ထားရှိသော နတ်စင်ကို မပြုလုပ်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။
လတ်တလောတွင် ကျောင်းဆောင်အပြင်ဘက်၌ ဟယ်ချွမ်း ဖန့်မျိုးနွယ်စု၏ ဂုဏ်သရေရှိ ပုဂ္ဂိုလ်အားလုံးနီးပါး ရောက်ရှိနေကြပြီဖြစ်သည်။
'မီးမေပယ်သွေးမျိုးဆက်' မှ လူဦးရေမှာ အများဆုံးဖြစ်ပြီး လူအုပ်ကြီးမှာ မည်းမှောင်နေအောင်ပင် ထိုင်နေကြကာ အကြမ်းဖျင်း တစ်ထောင်ခန့် ရှိသည်။
မျက်မှောက်ခေတ်တွင် ဟယ်ချွမ်း ဖန့်မျိုးနွယ်စု၌ အဓိက မျိုးနွယ်စုခွဲ လေးခုရှိရာ 'မီးမေပယ်သွေးမျိုးဆက်' မှလွဲ၍ ဖန့်လုံရှန်း၏ မျိုးနွယ်စုအပါအဝင် ကျန်သုံးခုမှာ လူဦးရေ ကျဆင်းနေသည်ကို တွေ့ရသည်။
ဟယ်ချွမ်း ဖန့်မျိုးနွယ်စုဝင် သောင်းနှင့်ချီရှိသည့်အနက် ကိုးပုံတစ်ပုံခန့်မှာ 'မီးမေပယ်သွေးမျိုးဆက်' မှ သားချင်းများ ဖြစ်နေကြသည်။
ဖန့်ချန်သည် မီးမေပယ်သွေးမျိုးဆက်၏ အကြီးအကဲများကို တစ်ချက်ကြည့်လိုက်ရာ သူတို့မှာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားကြပြီး ဖန့်ရှန့်တို့ကဲ့သို့ လူများက ဝန်းရံထားကြသည်။
အခြားမျိုးနွယ်စုခွဲ နှစ်ခု၏ အကြီးအကဲများကို ကြည့်ပြန်တော့ ဝတ်စုံများမှာ ရိုးရှင်းလှပြီး သူတို့အနီးရှိ လူအချို့မှာ ဖာထေးထားသော အဝတ်များကိုပင် ဝတ်ဆင်ထားကြရသည်။
'သွေးစွမ်းအင်လှုံ့ဆော်ခြင်း' သို့မဟုတ် 'ခြင်ဆီသန့်စင်ခြင်း' အဆင့်ရှိသော စစ်သည်များကိုပင် ခပ်ရှားရှားသာ တွေ့ရတော့သည်။
'ဟယ်ချွမ်း ဖန့်မျိုးနွယ်စုအတွင်းမှာ အောက်ခြေလှိုင်းတွေ ထနေတာ မဆန်းပါဘူး။ ဖန့်လုံရှန်းသာ 'စစ်ဘုရင်' မဟုတ်ရင် ဒီမျိုးနွယ်စုခေါင်းဆောင် ရာထူးမှာ လုံးဝ ထိုင်နေနိုင်မှာ မဟုတ်ဘူး။
သူပိုင်တဲ့ မျိုးနွယ်စုစုခွဲနဲ့ မီးမေပယ်သွေးမျိုးဆက်ရဲ့ အခြေခံအင်အားက အရမ်းကွာခြားလွန်းတယ်။ ကျန်တဲ့ မျိုးနွယ်စုခွဲနှစ်ခုက သူ့ကို ထောက်ခံတယ်ဆိုရင်တောင် ဟယ်ချွမ်း ဖန့်မျိုးနွယ်စုတစ်ခုလုံးကို အမှန်တကယ် ထိန်းချုပ်ဖို့က မလုံလောက်သေးဘူး' ဟု ဖန့်ချန် စိတ်ထဲမှ မှတ်ချက်ပြုမိသည်။
"ဖန့်ဘကြီး သတိထားမိလား... မီးမေပယ်သွေးမျိုးဆက်ဘက်က လူတွေက ကျွန်မတို့ ဖန့်မျိုးနွယ်စုမှာ အချမ်းသာဆုံး လူတွေပဲ။ မျိုးနွယ်စုရဲ့ ကြီးငယ်မဆို စီးပွားရေးလုပ်ငန်းအားလုံးနီးပါးကို သူတို့ပဲ လက်ဝါးကြီးအုပ်ထားကြတာ။
ကျန်တဲ့ မျိုးနွယ်စုခွဲ သုံးခုကတော့ သူတို့ မျက်နှာသာပေးတာကိုပဲ ကြည့်ပြီး စားနေကြရတာပါ။ မျိုးနွယ်စုခေါင်းဆောင်က လူငယ်တွေကို မြေတောင်မြှောက်ပေးဖို့ အရင်းအမြစ်တွေ အသုံးပြုချင်ရင်တောင် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်"
ဖန့်ကူးယွဲ့က အသံတိုးတိုးဖြင့် ဆိုသည်။
"ဒါဆိုရင် ဒီနေ့ ဘိုးဘေးကန်တော့ပွဲမှာ ပွဲကောင်းကြည့်ရတော့မှာပေါ့"
ဖန့်ချန်က ပြုံးလျက် ပြောလိုက်သည်။
ဖန့်ကူးယွဲ့က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ကာ
"ပွဲကောင်း ဖြစ်မဖြစ်တော့ မသိဘူး၊ ဒါပေမဲ့ ကောင်းမွန်တဲ့ ရလဒ်တစ်ခု ထွက်လာဖို့ပဲ မျှော်လင့်ပါတယ်။ အဖေက ဟိုတစ်နေ့က ဝါးအိမ်ခြံဝင်းမှာ ဘကြီးနဲ့ လက်ရည်စမ်းတုန်းက အရှုံးပေးခဲ့ရတာလေ။ ဒီနေ့ တစ်ခုခု အခက်အခဲ ဖြစ်လာရင် ဘကြီးက ဝင်ကူပေးဖို့ပဲ ကျွန်မ မျှော်လင့်မိပါတယ်"
"မင်းက အကုန်သိနေတာပဲ။ ဒါပေမဲ့ ငါက ဘာလို့ ဝင်ကူပေးရမှာလဲ မင်းကိုယ်တိုင်က အဘိညာဉ်ရှင်ပဲဟာ၊ တကယ်လို့သာ လက်ဖျားခါလောက်အောင် တိုက်ခိုက်မယ်ဆိုရင် မီးမေပယ်သွေးမျိုးဆက်က မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
ဖန့်ချန်၏ အသံမှာ လေထဲသို့ တိုးဝင်သွားကာ ဖန့်ကူးယွဲ့၏ နားထဲသို့ ရောက်သွားသည်။
ဖန့်ကူးယွဲ့မှာ တစ်ချက် မှင်တက်သွားကာ ဖန့်ချန်အား ပထမဆုံးအကြိမ်အဖြစ် အလွန်ပင် လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူမသည် ထိုမီးခိုးပြာရောင် မျက်လုံးအစုံနှင့် ဆုံမိသောအခါ ရှေ့မှလူသည် သူမ ထင်ထားသည်ထက် များစွာ ပို၍ လျှို့ဝှက်နက်ရှိုင်းကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
"ဒီကိစ္စကို... ဘယ်သူမှ သတိမထားမိခဲ့ကြဘူး။ လမ်းပြတမန်တော် တွေတောင် မရိပ်မိကြဘူးလေ။ ဖန့်ဘကြီးရဲ့ မျက်လုံးတွေက ကြည့်ရတာ မျက်စိကွယ်နေသလိုပဲ၊ ဒါပေမဲ့ ဘယ်သူ့ထက်မဆို ပိုပြီး အမြင်စူးရှတာပဲနော်။
ကျွန်မက သွေးစွမ်းအင်လှုံ့ဆော်ခြင်း အဆင့်မှာတင် အဘိညာဉ် နှိုးထခဲ့တာဆိုတော့ ခွန်အားပိုင်းမှာ ကိုယ်ခံပညာရှင်တွေကို မယှဉ်နိုင်ဘူး။
တကယ်လို့ ကျွန်မသာ တိုက်ခိုက်ရင် အဘိညာဉ်အစွမ်းက ပေါ်သွားလိမ့်မယ်။ အခုအချိန်မှာ အဘိညာဉ် ပေါ်သွားဖို့က အချိန်မကျသေးဘူး။
အကယ်၍ ကျွန်မကို လမ်းပြတမန်တော်တွေက ခေါ်သွားကြမယ်ဆိုရင် ကျန်ရှိနေတဲ့ ဖန့်မျိုးနွယ်စုခွဲ သုံးခုလုံးကို မီးမေပယ်သွေးမျိုးဆက်က လုံးဝ ဝါးမြိုသွားလိမ့်မယ်။ ဒါက ဘယ်လိုမှ မကောင်းတဲ့ ကိစ္စပဲ"
ဖန့်ကူးယွဲ့၏ အသံမှာလည်း လေချည်မျှင်တစ်ခုအလား ဖန့်ချန်၏ နားထဲသို့ ဝင်ရောက်လာသည်။
ခေတ္တမျှ ရပ်ပြီးနောက် သူမက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဖန့်ဘကြီးက အဘိညာဉ်ရှင်လား ဒါမှမဟုတ် ကိုယ်ခံပညာသူတော်စင်လား "
"နှစ်ခုလုံး မဟုတ်ဘူး"
"နှစ်ခုလုံး မဟုတ်ဘူး ဟုတ်လား"
ဖန့်ကူးယွဲ့မှာ ကြောင်သွားရသည်။ ဖန့်ချန်က ဤအကြောင်းကို မပြောချင်၍ဟု ထင်မှတ်ကာ သူမလည်း ဆက်မမေးတော့ပေ။
အကြောင်းမှာ ဖန့်လုံရှန်းသည် ဖန့်ယွဲ့ကို ခေါ်ဆောင်၍ ဘုရားကျောင်းဆောင် ရှေ့သို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်တည်း။ အနီးအနားရှိ မျက်လုံးပေါင်း ထောင်ချီသည် သူတို့နှစ်ဦးထံသို့ ပြိုင်တူ ကျရောက်လာကြတော့သည်။
မီးမေပယ်သွေးမျိုးဆက်၏ အကြီးအကဲ မျက်နှာတွင်မူ ခပ်ဖျော့ဖျော့ ပြုံးရိပ်တစ်ခု ရှိနေသည်။
"မျိုးနွယ်စုခေါင်းဆောင်... အချိန်ကျပြီပဲ၊ ဘိုးဘေးကန်တော့ပွဲ စလိုက်ကြရအောင်။ နေလွဲရင် မိုးရွာနိုင်တယ်လို့ ထင်တယ်၊ အဲဒီကျရင် သားချင်းတွေ တောင်အောက်ဆင်းဖို့ အဆင်မပြေဖြစ်နေဦးမယ်"
ဖန့်လုံရှန်းက ကြည်လင်တောက်ပနေသော ကောင်းကင်ကြီးကို တစ်ချက်ကြည့်လိုက်သည်။ မိုးရွာမည့် အရိပ်အယောင် စိုးစဉ်းမျှပင် မရှိချေ။
သူက မရယ်မိအောင် ထိန်းကာ
"ခင်ဗျားက ဗေဒင်ဆရာ ဖြစ်သွားတာလား၊ မိုးရွာမှာကိုတောင် သိနေတယ်ပေါ့"
ပြောပြီးသည်နှင့် သူသည် ချောင်းတစ်ချက်ဟန့်ကာ အားလုံးကို ကြေညာလိုက်သည်။
"ဘိုးဘေးကန်တော့ပွဲ စေစမ်း"
မျိုးနွယ်စု၏ ဘိုးဘေးကန်တော့ပွဲ အခမ်းအနားမှာ ကြည့်ရသည်မှာ ရှုပ်ထွေးသယောင်ရှိသော်လည်း အမှန်တကယ်တွင် ရိုးရှင်းပါသည်။
ဝါစဉ်အလိုက် ဘိုးဘေးများကို ကန်တော့ကြသည်၊ ဖန့်မျိုးနွယ်စု၏ မျိုးရိုးစည်းကမ်းများကို ရွတ်ဖတ်ကြသည်၊ ထို့နောက် ဘိုးဘေးများအား မျိုးနွယ်စု၏ လက်ရှိအခြေအနေများကို တင်ပြကြသည်။ အကယ်၍ မည်သည့်မိသားစုမှမဆို ထူးချွန်သော နောက်မျိုးဆက်များ ထွက်ပေါ်လာပါက ဗျောက်အိုးများ ဖောက်၍ ဂုဏ်ပြုကြရုံသာ ဖြစ်သည်။
'ဘယ်မိသားစုက သားသမီးတွေ ထူးချွန်လာသလဲ' ဆိုသည့် အပိုင်းတွင် မီးမေပယ်သွေးမျိုးဆက်မှာ အတောက်ပဆုံး ဖြစ်နေသည်။
"ဖန့်ကျီ... အသက် ၁၄ နှစ်၊ သွေးစွမ်းအင်လှုံ့ဆော်ခြင်း အထွတ်အထိပ် "
"ဖန့်ရုန့်... အသက် ၁၂ နှစ်၊ သွေးစွမ်းအင်လှုံ့ဆော်ခြင်း အဆင့်မြင့် "
"ဖန့်ရွှေ... အသက် ၁၃ နှစ်၊ သွေးစွမ်းအင်လှုံ့ဆော်ခြင်း အဆင့်မြင့် "
"ဖန့်..."
ဆက်တိုက်ဆိုသလို လူငယ် အယောက်နှစ်ဆယ်၊ သုံးဆယ်ခန့်၏ အမည်များကို ကြေညာသွားရာ အားလုံးမှာ မီးမေပယ်သွေးမျိုးဆက်မှ ဖြစ်သည်။
ထိုအထဲမှ ဖန့်ကျီ ဆိုသည်မှာ ဖန့်ရှန့်၏ သားဖြစ်ပြီး ဖန့်ချန်ထံတွင် တပည့်ခံရန် နီးစပ်ခဲ့သူ ဖြစ်သည်။
အမည်စာရင်း ကြေညာနေသူမှာလည်း မီးမေပယ်သွေးမျိုးဆက်မှပင် ဖြစ်ရာ သူ၏ အသံမှာ ပို၍ပင် တက်ကြွလှိုက်လှဲနေတော့သည်။
မီးမေပယ်သွေးမျိုးဆက်မှ လူများမှာ မျက်နှာများ ဝင်းပနေကြသည်။ စင်ပေါ်တွင် အမည်ခေါ်ခံရသူမှာ သူတို့၏ တိုက်ရိုက်မျိုးဆက် မဟုတ်စေဦးတော့၊ တစ်မျိုးနွယ်တည်းသား ဖြစ်သဖြင့် ဂုဏ်ယူမဆုံး ဖြစ်နေကြ၏။
ထို့နောက်မှသာ ကျန်ရှိသော မျိုးနွယ်စုခွဲ သုံးခု၏ အလှည့် ရောက်လာသည်။
ဖန့်ဟိုင်နှင့် ဖန့်လင်းတို့သည် ဖန့်ချန်၏ နောက်တွင် ရပ်နေရင်း ဤမြင်ကွင်းကို ကြည့်ကာ အစပိုင်းတွင် အားကျစိတ် အနည်းငယ် ရှိနေသော်လည်း နောက်ပိုင်းတွင် ထိုအားကျစိတ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူတို့ သိထားသည်မှာ... သူတို့နှစ်ဦးသည် အခြားသော လူငယ်အားလုံးထက် များစွာ ရှေ့ရောက်နေပြီ ဖြစ်ကြောင်းပင်။
အမည်စာရင်း ကြေညာခြင်း ပြီးဆုံးသောအခါ ဗျောက်အိုးများ ရှို့လိုက်ရာ ထျန်းဖန့်တောင်တစ်ခုလုံး ဟိန်းထွက်သွားတော့သည်။
ခဏအကြာတွင် ဖန့်လုံရှန်းက ချောင်းတစ်ချက်ဟန့်ကာ အသံကို ညှိလိုက်ပြီးနောက် သူ၏ အသံမှာ လူတိုင်း၏ နားထဲသို့ ပျံ့လွင့်လာခဲ့သည်။
"ဒီနေ့ ဘိုးဘေးကန်တော့ပွဲမှာ အားလုံးနဲ့ တိုင်ပင်ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခုလည်း ရှိပါသေးတယ်"
အခြားသော မျိုးနွယ်စုခွဲ နှစ်ခု၏ အကြီးအကဲများမှာ စိတ်လှုပ်ရှားသွားကြပြီး မသိစိတ်ဖြင့် ကိုယ်ကို မတ်လိုက်ကြသည်။ တစ်ဦးက ရှေ့မှ လက်ဖက်ရည်ခွက်ကို ယူ၍ သောက်လိုက်ပြီး နောက်တစ်ဦးကမူ လက်ကိုင်ပုဝါဖြင့် နဖူးမှ ချွေးများကို သုတ်လိုက်သည်။
မီးမေပယ်သွေးမျိုးဆက် အကြီးအကဲက ပြုံးလျက်
"မျိုးနွယ်စုခေါင်းဆောင်... ဘာကိစ္စကို ဆွေးနွေးချင်တာလဲ အားလုံးလည်း စုံတုန်းပဲဆိုတော့ တိုက်ရိုက်ပဲ ပြောလိုက်ပါ"
"အဓိကကတော့ မျိုးနွယ်စုရဲ့ အကျိုးအမြတ် ခွဲဝေမှု ကိစ္စပါပဲ"
ဖန့်လုံရှန်းက ပြုံး၍ ဆိုသည်
"အရင်တုန်းက ဟယ်ချွမ်း ဖန့်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခွဲ လေးခုလုံးဟာ အင်အားတောင့်တင်းခဲ့ကြတယ်။ ဒါပေမဲ့ ကြားထဲမှာ အကြောင်းအမျိုးမျိုးကြောင့် အကျိုးအမြတ် ခွဲဝေမှုတွေက မမျှမတ ဖြစ်ကုန်တယ်။
ဖန့်မျိုးနွယ်စုထဲက ဆင်းရဲသားမိသားစု ဆယ်ပုံကိုးပုံလောက်ဟာ မီးမေပယ်သွေးမျိုးဆက်ကလွဲလို့ ကျန်တဲ့ မျိုးနွယ်စုခွဲ သုံးခုမှာပဲ ရှိနေကြတယ်။
အခုဆိုရင် ကျန်တဲ့ မျိုးနွယ်စုခွဲ သုံးခုဟာ လူတော်လူကောင်း ရှားပါးလာပြီ။ လူကြီးလူငယ် အားလုံးပေါင်းမှ သောင်းဂဏန်းတောင် မရှိတော့ဘူး။
ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဒီမျိုးနွယ်စုခွဲတွေဟာ မျိုးတုံး ပျောက်ကွယ်သွားကြတော့မှာ မဟုတ်ဘူးလား "
ကျန်မျိုးနွယ်စုခွဲ သုံးခုမှ လူများက နားထောင်ရင်း တိတ်တဆိတ် ခေါင်းညိတ်ကြသည်။
မီးမေပယ်သွေးမျိုးဆက်ဘက်မှ လူများကမူ ဖန့်လုံရှန်း၏ စကားထဲမှ အဓိပ္ပာယ်ကို ရိပ်မိသွားကြသဖြင့် မျက်နှာများမှာ ချက်ချင်းပင် မကြည်မလင် ဖြစ်လာကြတော့သည်။
"ဒါကြောင့် ကျွန်တော် စဉ်းစားထားတာက မီးမေပယ်သွေးမျိုးဆက်က ပိုင်ဆိုင်ထားတဲ့ စီးပွားရေး လုပ်ငန်းအချို့ကို ကျန်တဲ့ မျိုးနွယ်စုခွဲ သုံးခုကို လွှဲပြောင်းပေးဖို့ပါပဲ။ အဲဒါမှ အချင်းချင်း မျှမျှတတ ရှိမှာပါ။ မီးမေပယ်သွေးမျိုးဆက်ဘက်က သဘောထားကော ဘယ်လိုရှိလဲ "
ဖန့်လုံရှန်းက တည်ငြိမ်စွာ မေးလိုက်သည်။
ထိုစကားအဆုံးတွင် ယနေ့ ဘိုးဘေးကန်တော့ပွဲ၏ တက်ကြွနေသော အရှိန်အဝါမှာ ချက်ချင်းပင် ရေခဲမှတ်သို့ ထိုးဆင်းသွားတော့သည်။
မျိုးနွယ်စုခွဲ လေးခုလုံးမှ သားချင်းများ အားလုံး တိတ်ဆိတ်သွားကြလေတော့သတည်း။
အခန်း (၁၈၀၀) - ဖန့်မျက်မမြင်
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မီးမေပယ်မျိုးနွယ်စု၏ အကြီးအကဲဖြစ်သူမှာ မထိန်းနိုင်တော့ဘဲ ဟဟဟဟု အော်ဟစ်ရယ်မောလိုက်တော့သည်။
သူ၏ ရယ်သံသည် ထိုအခိုက်အတန့်တွင် မီးမေပယ်မျိုးနွယ်စုခွဲမှ သားချင်းများအတွက် အတိုင်းအဆမဲ့သော သတ္တိများကို ပေးစွမ်းလိုက်သကဲ့သို့ပင်။
"မျိုးနွယ်စုခေါင်းဆောင်... ခင်ဗျား သည်းခံလာတာ နှစ်ပေါင်းများစွာ ရှိပြီပဲ၊ အခုတော့ မအောင့်နိုင်တော့ဘူးပေါ့လေ။ ကျွန်တော် အစကတည်းက ပြောသားပဲ၊ ဆင်းရဲသားမိသားစုက တက်လာတဲ့သူကို မျိုးနွယ်စုခေါင်းဆောင် ခန့်ထားရင် သူ့စိတ်က ဆင်းရဲသားတွေဘက်ပဲ ပါနေမှာပဲလို့။ ဟယ်ချွမ်း ဖန့်မျိုးနွယ်စုအပေါ် သူ ဘယ်တော့မှ မျှမျှတတ ဆက်ဆံမှာ မဟုတ်ဘူး"
မီးမေပယ်အကြီးအကဲက ခပ်အေးအေးပင် ဆိုလိုက်သည်။
မီးမေပယ်မျိုးနွယ်စုခွဲမှ လူကြီးပိုင်းများမှာလည်း ထိုစကားကို ထောက်ခံသည့်အနေဖြင့် တစ်ယောက်တစ်ပေါက် ပြောဆိုလာကြပြီး တစ်ချိန်တည်းမှာပင် အေးစက်သော အကြည့်များဖြင့် ဖန့်လုံရှန်းကို စိုက်ကြည့်နေကြသည်။ သူတို့ လုံးဝ အလျှော့ပေးရန် အစီအစဉ်မရှိကြောင်း ထင်ရှားလှသည်။
"ဖန့်လုံရှန်း... ငါ မင်းကို တစ်ခုမေးမယ်"
မီးမေပယ်အကြီးအကဲသည် ရုတ်တရက် ဖန့်လုံရှန်း၏ အမည်ကို တိုက်ရိုက်ခေါ်ကာ ရိုင်းပျစွာ ပြောဆိုလာသည်။
"ငါတို့ မီးမေပယ်မျိုးနွယ်စု အခုပိုင်ဆိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ငါတို့ဘာသာ ငါတို့ ကိုယ်တိုင် ကြိုးစားအားထုတ်ပြီး တည်ထောင်ထားခဲ့တာ မဟုတ်ဘူးလား ဒါဟာ ငါတို့ မီးမေပယ်မျိုးနွယ်စုရဲ့ မျိုးဆက်ပေါင်းများစွာ ကြိုးစားခဲ့တဲ့ ရလဒ်တွေပဲ။
မင်းက ဘာအခွင့်အရေးနဲ့ လူကောင်းလုပ်ပြီး ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို တခြားသူတွေကို ခွဲပေးမယ်လို့ ပြောနေတာလဲ အခု ဟယ်ချွမ်း ဖန့်မျိုးနွယ်စုထဲက ဆင်းရဲသားမိသားစုက ကောင်တွေ နည်းနည်းပါးပါး ကြိုးစားလာတာနဲ့၊ ထူးချွန်လာတာနဲ့တင် ငါတို့က ပေးရမှာလား "
သူသည် ဖန့်ယွဲ့ကို တစ်ချက်လှမ်းကြည့်ကာ လှောင်ပြောင်လိုက်သည်။
"မျိုးဆက်တစ်ခုတည်းရဲ့ ကြိုးစားမှုဆိုတာ... အလကားပါပဲကွာ"
ဤစကားများသည် အချက်အချာကို ထိမှန်သွားစေပြီး မီးမေပယ်မျိုးနွယ်စုဝင်များအား မျက်နှာပန်းလှကာ ယုံကြည်မှုများ ပြည့်လျှံသွားစေတော့သည်။
"စကားကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲဒီနောက်ကွယ်မှာ အခြေခံကျတဲ့ အကြောင်းရင်းတစ်ခု ရှိနေတယ်လေ"
ဖန့်လုံရှန်းက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ကာ
"ဒါကို ခင်ဗျားတို့ တကယ်ပဲ မသိချင်ယောင် ဆောင်နေကြတာလား"
"ဘာ အခြေခံအကြောင်းရင်းလဲ ပြောစမ်းပါဦး"
မီးမေပယ်အကြီးအကဲက အရေးမစိုက်သလို ဆိုသည်။
"ခင်ဗျားတို့ မီးမေပယ်မျိုးနွယ်စုဟာ ဒီနှစ်တွေအတွင်းမှာ အပြင်လူတွေနဲ့ အဆက်မပြတ် ပူးပေါင်းခဲ့ကြတယ်။ သားသမီးတွေကို အပြန်အလှန် ပေးစားပြီး အမျိုးမျိုးသော တော်စပ်မှုတွေ တည်ဆောက်ခဲ့ကြတယ်။
ဒီလို ဆက်ဆံရေးကွန်ရက်တွေ ရှိလာတော့ ခင်ဗျားတို့ရဲ့ စီးပွားရေးတွေက ပိုပြီး ကြီးထွားလာနိုင်တာပေါ့။
ဒါပေမဲ့ အဲဒီလို လုပ်ခြင်းအားဖြင့် ကျန်တဲ့ မျိုးနွယ်စုခွဲ သုံးခုရဲ့ လုပ်ကိုင်စားသောက်ခွင့်တွေကို ခင်ဗျားတို့ ဖိနှိပ်ပစ်လိုက်တာပဲ။ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှ အခုလို အခြေအနေမျိုး ဖြစ်လာတာ။
ကျန်တဲ့ မျိုးနွယ်စုခွဲ သုံးခုက ဘာလို့ ခင်ဗျားတို့လို လမ်းစဉ်ကို မလိုက်ကြတာလဲ အဲဒါကတော့...
အပြင်လူတွေရဲ့ စိတ်ကူးကို ကျွန်တော်တို့ အားလုံး သိနေကြလို့ပဲ။ သူတို့ တကယ်လိုချင်တာက လဲ့ကျူလက်ဝှေ့ ပဲ မဟုတ်လား"
ဖန့်လုံရှန်းက လှောင်ပြောင်သည့် အသံဖြင့် ဆက်ပြောသည်။
"လဲ့ကျူလက်ဝှေ့မှာ စုစုပေါင်း ပြောင်းလဲမှုပုံစံ ၁၀၈၀ ရှိတယ်။ အခုဆိုရင် အနည်းဆုံး ပုံစံ ၃၀၀ ကနေ ၄၀၀ လောက်အထိ အပြင်လူတွေ လက်ထဲ ရောက်နေပြီ မဟုတ်လား ဒီအတိုင်းသာ ဆက်သွားရင် ဒီလက်ဝှေ့ကို လဲ့ကျူလက်ဝှေ့လို့ ခေါ်လို့ရဦးမှာလား တကယ်လို့ ဘိုးဘေး ဖန့်လဲ့သာ တစ်နေ့ပြန်လာခဲ့ရင် ငါတို့အားလုံးကို ဖန့်မျိုးနွယ်စု စာရင်းကနေ နှင်ထုတ်ပစ်လိမ့်မယ် "
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။ ဒါကမှ အဓိက ပြဿနာပင်။
မီးမေပယ်မျိုးနွယ်စုသည် မျိုးဆက်အလိုက် ကြိုးစားမှုကြောင့် မျိုးနွယ်စုခွဲ လေးခုတွင် အင်အားအကြီးဆုံး ဖြစ်လာသည်မှာ မှန်သော်လည်း၊ တမင်တကာဖြစ်စေ၊ မသိဘဲဖြစ်စေ လဲ့ကျူလက်ဝှေ့၏ အစိတ်အပိုင်းအချို့ကို အပြင်သို့ စီးထွက်သွားစေခဲ့သည်။
ကျန်သော မျိုးနွယ်စုခွဲ သုံးခုမှာမူ ထိုကဲ့သို့သော လမ်းစဉ်ကို မလိုက်ချင်သဖြင့် ယနေ့ကဲ့သို့ ဆင်းရဲသွားခြင်း ဖြစ်သည်။ ရလဒ်မှာ အလွန်ပင် ဆိုးရွားလှသည်။
အကယ်၍ ယခုအချိန်တွင် မီးမေပယ်မျိုးနွယ်စုကို မတားဆီးနိုင်ပါက ကျန်မျိုးနွယ်စုခွဲ သုံးခုမှာ ပျောက်ကွယ်သွားရပေလိမ့်မည်။ ထိုအခါ လဲ့ကျူလက်ဝှေ့ တစ်ခုလုံး အပြင်သို့ ပေါက်ကြားသွားမည့်အရေးကို မည်သူမျှ တားဆီးနိုင်တော့မည် မဟုတ်ပေ။
ကျန်မျိုးနွယ်စုခွဲ နှစ်ခုမှ အကြီးအကဲများမှာ မထိန်းနိုင်ဘဲ ခေါင်းညိတ်လိုက်ကြသည်။ သူတို့အနားရှိ လူငယ်များမှာလည်း မီးမေပယ်မျိုးနွယ်စုကို ဒေါသတကြီး ကြည့်နေကြ၏။ ဤဒေါသများကို သူတို့ စိတ်ထဲတွင် မြိုသိပ်ထားခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။
မီးမေပယ်မျိုးနွယ်စုဘက်မှ လူများမှာမူ အနည်းငယ် စိတ်မလုံသလို ဖြစ်သွားကြပြီး တက်ကြွနေသော အရှိန်အဝါများ ခဏချင်း ကျဆင်းကာ အကြည့်များ ဝေဝါးသွားကြသည်။
မီးမေပယ်အကြီးအကဲက ဖန့်လုံရှန်းကို စိုက်ကြည့်ကာ
"မင်းပြောတဲ့ စကားတွေအတွက် သက်သေမရှိဘူး"
"နာမည်လေး တစ်ခု ပြောင်းလိုက်ရုံနဲ့ အပြင်ကို ပေါက်ကြားသွားတဲ့ လဲ့ကျူလက်ဝှေ့က လဲ့ကျူလက်ဝှေ့ မဟုတ်တော့ဘူးလို့ မဆိုလိုပါဘူး။
လဲ့ကျူလက်ဝှေ့ဟာ အခြေခံတည်ဆောက်ခြင်း လက်ဝှေ့ တစ်ခုပဲ။ မဟာကျိုးနိုင်ငံ တစ်ခုလုံးမှာ ဒီလိုလက်ဝှေ့မျိုး ပိုင်ဆိုင်တဲ့ မျိုးနွယ်စု ဘယ်နှစ်ခု ရှိလို့လဲ လက်ချောင်းဆယ်ချောင်းနဲ့ ရေလို့တောင် ရတယ်။
လဲ့ကျူလက်ဝှေ့ဟာ ငါတို့ ဖန့်မျိုးနွယ်စုရဲ့ အမြစ်ပဲ၊ လှုပ်ခါလို့မရတဲ့ အခြေခံပဲ။ ခင်ဗျားတို့ မီးမေပယ်မျိုးနွယ်စုက... စည်းကျော်သွားပြီ"
ဖန့်လုံရှန်းက သက်ပြင်းတစ်ချက်ချကာ
"စီးပွားရေး လုပ်ငန်းတွေရဲ့ ခုနစ်ပုံလောက်ကို ပြန်လွှဲပေးပြီး ကျန်တဲ့ မျိုးနွယ်စုခွဲ သုံးခုကို ခွဲဝေပေးလိုက်ပါ။ အဲဒီလိုလုပ်ရင် ဒီကိစ္စကို ကျွန်တော် ဆက်ပြီး အပြစ်မရှာတော့ဘူး"
"ဖန့်လုံရှန်း... ဖန့်လုံရှန်း၊ မင်းကိုယ်မင်း ပြန်ကြည့်စမ်း၊ ဟာသတစ်ခုနဲ့ မတူဘူးလား မဟာကျိုးနိုင်ငံ တစ်ခုလုံးဟာ ခွန်အားကိုပဲ အဓိကထားတယ်။ ငါတို့ ဖန့်မျိုးနွယ်စုလည်း အတူတူပဲ။ အခု လူငယ်မျိုးဆက်သစ်တွေကို ကြည့်လိုက်စမ်း၊ မင်းတို့ မျိုးနွယ်စုခွဲ သုံးခုက ငါတို့ မီးမေပယ်မျိုးနွယ်စုကို ယှဉ်နိုင်လို့လား "
မီးမေပယ်အကြီးအကဲက လှောင်ရယ်လိုက်သည်
"သားချင်းပေါင်း သောင်းနဲ့ချီတဲ့အနက် ကိုးပုံတစ်ပုံက မီးမေပယ်က လာတာ။ ဆင်းရဲသားမိသားစုက တက်လာတဲ့ မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်အနေနဲ့ ငါတို့ မီးမေပယ်ရဲ့ အခြေခံကို လာလှုပ်ချင်တာလား ဘာနဲ့ လာလှုပ်မှာလဲ။
မင်းက စစ်ဘုရင် ဖြစ်နေလို့လား စစ်ဘုရင် ဘယ်လောက်ပဲ သန်မာပါစေ၊ အထက်မှာ 'ကိုယ်ခံပညာသူတော်စင်' ရှိသေးတယ်။ သူတော်စင် ဘယ်လောက်သန်မာပါစေ၊ အထက်မှာ 'အဘိညာဉ်ရှင်' ရှိသေးတယ်။
ဖန့်လုံရှန်း... မင်းက လောကမှာ အနှိုင်းမဲ့သူ မဟုတ်ဘဲနဲ့ ငါတို့ မီးမေပယ်မျိုးနွယ်စုကို ခိုင်းသမျှ လုပ်လိမ့်မယ်လို့ ဘာလို့ ထင်နေတာလဲ "
"စစ်ဘုရင် အဆင့်ကတောင် မလုံလောက်သေးဘူးလား"
ဖန့်လုံရှန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
"စစ်ဘုရင် အဆင့်က ဘယ်မှာ လုံလောက်မှာလဲ"
မီးမေပယ်အကြီးအကဲက သက်ပြင်းချရင်း ကောင်းကင်ကြီးကို မော့ကြည့်ကာ
"မိုးရွာတော့မယ်"
ရုတ်တရက်ဆိုသလို ကြည်လင်နေသော ကောင်းကင်ယံ၌ တိမ်ဦးမှောင်ရိပ်များ ဖုံးလွှမ်းလာပြီးနောက် မိုးဖွဲဖွဲလေးများ ကျလာတော့သည်။
လူအများမှာ အံ့အားသင့်သွားကြရသည်။ မီးမေပယ်အကြီးအကဲသည် ရာသီဥတုကိုပါ ထိန်းချုပ်နိုင်သည်လား ဒါဟာ အဘိညာဉ်ရှင်တွေရဲ့ စွမ်းအား မဟုတ်ပါလား။
သို့သော် မကြာမီမှာပင် မိုးရေထဲ၌ လူတစ်ဦး ရောက်ရှိလာသည်ကို သူတို့ တွေ့လိုက်ရသည်။ ထိုလူသည် ခြေဖဝါးအောက်၌ တိမ်တိုက်မြူခိုးများ ဝန်းရံလျက် ဝေဟင်ယံမှ ဆင်းသက်လာခြင်း ဖြစ်သည်။
"ဟင်း..."
လူတိုင်း၏ ရင်ထဲမှ အသက်ရှူသံများ ပြိုင်တူ ထွက်ပေါ်လာကြသည်။ မီးမေပယ်မျိုးနွယ်စုမှ လူငယ်များပင်လျှင် ဤမြင်ကွင်းကို ကြည့်ကာ တုန်လှုပ်ခြောက်ခြားနေကြ၏။
"အဘိညာဉ်ရှင်"
"ဘာလို့ အဘိညာဉ်ရှင် တစ်ယောက် ဒီကို ရောက်လာတာလဲ "
"မိုးတိမ်မြူခိုးတွေကို ထိန်းချုပ်နိုင်တယ်ဆိုတော့... ဟယ်ချွမ်း ဝမ်မျိုးနွယ်စု ကလား "
လူအများ၏ အကြည့်များတွင် ထိတ်လန့်ရိပ်များ ပြည့်နှက်နေတော့သည်။ သူတို့ သိထားသမျှအရ ဟယ်ချွမ်း ဝမ်မျိုးနွယ်စုတွင်သာ အပြင်မှ ပြန်လည်ရောက်ရှိလာသော အဘိညာဉ်ရှင် တစ်ဦးရှိပြီး၊ ထိုပုဂ္ဂိုလ်မှာ နှစ်ပေါင်းများစွာ ကြာအောင် ရှင်သန်နေကာ မိုးနှင့် မြူခိုးကို ထိန်းချုပ်နိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။
ဖန့်လုံရှန်းက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ကာ ဖန့်ချန်ရှိရာဘက်သို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။ ဖန့်ယွဲ့မှာမူ မျက်နှာတစ်ခုလုံး ဖြူလျော့သွားတော့သည်။ မီးမေပယ်အကြီးအကဲသည် ဝမ်မျိုးနွယ်စုမှ အဘိညာဉ်ရှင်ကိုပင် ဖိတ်ခေါ်နိုင်လိမ့်မည်ဟု သူ တကယ် မထင်ထားခဲ့ပေ။
အဘိညာဉ်ရှင် တစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာစေဖို့ဆိုလျှင် မီးမေပယ်မျိုးနွယ်စုသည် မည်မျှကြီးမားသော တန်ဖိုးကို ပေးဆပ်လိုက်ရသနည်း သူ ချက်ချင်းပင် တွေးမိသည်မှာ... လဲ့ကျူလက်ဝှေ့၏ အပြည့်အစုံ ပုံစံ ၁၀၈၀ ပင် ဖြစ်ပေလိမ့်မည်။
ထိုစဉ် ဖန့်ရှန့်သည် မီးမေပယ်အကြီးအကဲကို တွဲ၍ မတ်တတ်ရပ်လိုက်ကြကာ ရှေ့သို့ အနည်းငယ် တိုးသွားကြသည်။
မီးမေပယ်အကြီးအကဲသည် လက်အုပ်ချီလျက် မိုးမြူများကို စီးနင်းလာသော အဘိညာဉ်ရှင်အား ဂါရဝပြုလိုက်သည်။
"ကျွန်တော်မျိုး... ဝမ်ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်"
မီးမေပယ်မျိုးနွယ်စုမှ သားချင်းများသည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အမြန်ပင် ထရပ်၍ ဂါရဝပြုကြတော့သည်။ ကျန်ရှိသော မျိုးနွယ်စုခွဲ သုံးခုမှ မတ်တတ်မရပ်ကြသော လူငယ်များနှင့် ကြည့်ရသည်မှာ သိသိသာသာ ကွာခြားနေတော့သည်။
ဤအခိုက်အတန့်တွင် ဟယ်ချွမ်း ဖန့်မျိုးနွယ်စုသည် အမှန်တကယ်ပင် အကွဲအပြဲ ဇာတ်လမ်း စတင်လေပြီ။
ခဏချင်းပင် ထိုလူသည် မြေပြင်ပေါ်သို့ သက်ဆင်းလာသည်။ သူ၏ ပတ်ဝန်းကျင်ရှိ မြူခိုးများ ပျောက်ကွယ်သွားသော်လည်း မိုးဖွဲဖွဲလေးမှာမူ ဆက်လက် ရွာသွန်းနေဆဲပင်။ သို့သော် ထူးခြားသည်မှာ မိုးရေစက်များသည် ထိုသူ၏ ခန္ဓာကိုယ်နှင့် တစ်လက်မခန့် အကွာသို့ ရောက်သည်နှင့် အလိုအလျောက် ဘေးသို့ လျှောကျသွားကြသည်။
မိုးရေမစိုခြင်း... ဒါဟာ သံသယဖြစ်ဖွယ်မရှိသော အဘိညာဉ်ရှင်၏ စွမ်းအားပင်။
'ရေဓာတ်စွမ်းအင်က အတော်လေး သိပ်သည်းသားပဲ'
ဖန့်ချန်၏ မျက်လုံးများတွင် ခပ်ဖျော့ဖျော့ အပြုံးရိပ်တစ်ခု ပေါ်လာသည်။
ဤစွမ်းအားမျိုးမှာ အလွန်ပင် သာမန်ကာလျှံကာ စွမ်းရည်တစ်ခုသာ ဖြစ်သည်။ လူသားနယ်မြေ ကိုးခု ၌ ဆိုလျှင် ဓာတ်ကြီးငါးပါး ထိန်းချုပ်မှုထဲမှ အခြေခံအကျဆုံး အတတ်ပညာသာ ဖြစ်ပေလိမ့်မည်။
"ဒီနေ့ ငါ သက်သေအဖြစ် လာခဲ့တာ။ မင်းတို့ ဖန့်မျိုးနွယ်စုရဲ့ ရန်ငြိုးတွေကို အမြန်ဆုံး ရှင်းကြတော့"
ထိုသူသည် ဖန့်လုံရှန်းကို တစ်ချက်ပင် မကြည့်ဘဲ မီးမေပယ်အကြီးအကဲကိုသာ ပြောလိုက်သည်။
မီးမေပယ်အကြီးအကဲက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဖန့်လုံရှန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဖန့်လုံရှန်း... မင်း မျိုးနွယ်စုခေါင်းဆောင် ရာထူးကနေ ဆင်းပေးသင့်ပြီ။ ပြီးတော့ လဲ့ကျူလက်ဝှေ့ရဲ့ အပြည့်အစုံ ပုံစံ ၁၀၈၀ ကိုလည်း ဖန့်ရှန့် လက်ထဲကို အပ်ခဲ့လိုက်တော့"
သူသည် ဖန့်ရှန့်၏ ပုခုံးကို ပုတ်ကာ မျိုးနွယ်စုခွဲ လေးခုလုံးမှ သားချင်းများကို ကြည့်၍ ကြေညာလိုက်သည်။
"နောင်ဆိုရင် ဖန့်ရှန့်ဟာ ဟယ်ချွမ်း ဖန့်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင် အသစ် ဖြစ်လာလိမ့်မယ်"
"ကျွန်တော်မျိုးတို့ မျိုးနွယ်စုခေါင်းဆောင် ဖန့်ရှန့်ကို ဂါရဝပြုပါတယ် "
မီးမေပယ်မျိုးနွယ်စုဝင်များမှာ လက်အုပ်ချီ နှုတ်ဆက်ကြရာ အသံများမှာ တောင်တစ်ခုလုံး ဟိန်းထွက်သွားတော့သည်။
ကျန်မျိုးနွယ်စုခွဲ သုံးခုမှ လူများမှာမူ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်နှာများမှာ အလွန်ပင် လေးနက်မှောင်မှောင် ဖြစ်နေကြတော့သည်။
တစ်ဖက်လူက ဝမ်မျိုးနွယ်စု၏ အဘိညာဉ်ရှင်ကိုပင် ဖိတ်ခေါ်ထားနိုင်ခဲ့ပြီ။ ဤကဲ့သို့သော အားကောင်းသည့် ပြင်ပအင်အားစု၏ ထောက်ခံမှုအောက်တွင် ယနေ့ ဖန့်မျိုးနွယ်စု၏ ခေါင်းဆောင်ရာထူးမှာ အမှန်တကယ်ပင် အပြောင်းအလဲ ဖြစ်သွားနိုင်ချေ ရှိနေသည်။
"ခင်ဗျားတို့ မီးမေပယ်မျိုးနွယ်စုဟာ တကယ်ပဲ အပြင်လူတွေနဲ့ လက်တွဲခဲ့ကြတာပဲ"
ဖန့်လုံရှန်းက သက်ပြင်းချလိုက်သည်။
"ဒါဟာ မင်းက တွန်းအားပေးလိုက်လို့ပဲ"
မီးမေပယ်အကြီးအကဲက ပြုံးလျက် ဆိုသည်
"မင်း မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာကတည်းက ဆင်းရဲသားတွေကိုပဲ မြှောက်စားပြီး ငါတို့ မီးမေပယ်ကို ဖိနှိပ်ခဲ့တယ်။ လွန်ခဲ့တဲ့ လဝက်လောက်ကဆိုရင် မင်းက ဖန့်ကျီကိုတောင် လက်ယှက်ဖို့ ကြံစည်ခဲ့သေးတယ်။ သူ့ကို ဘယ်သူနဲ့ ထားခဲ့တာလဲဆိုတော့..."
သူသည် ဖန့်ချန်ကို တစ်ချက်လှမ်းကြည့်ကာ လှောင်ပြောင်လိုက်သည်။
"ဒီမျက်မမြင်ကြီးနဲ့ တရားထိုင်တဲ့နည်း သင်ခိုင်းမလို့လား ဒါဟာ ငါတို့ မီးမေပယ်မျိုးနွယ်စုရဲ့ အခြေခံကို တမင်ဖျက်ဆီးဖို့ ကြံစည်တာပဲ မဟုတ်လား "
ဖန့်ရှန့်သည်လည်း ဖန့်ချန်ကို ကြည့်ကာ မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
"ဖန့်မျက်မမြင်... မင်း ဘယ်သူလဲဆိုတာ ငါမသိဘူး။ ဒါပေမဲ့ မင်းက ဖန့်လုံရှန်းနဲ့ပေါင်းပြီး နတ်ဝင်သည်လိုလို ဘာလိုလိုနဲ့ လူတွေကို လိမ်ညာနေတာ၊ ဒီနေ့မှာကော လူတွေကို ဆက်ပြီး လှည့်ဖြားနိုင်ဦးမလား "