အခန်း (၇၂၁-၇၂၂)
Vol. 37 Ch. 721-722
အပိုင်း (၇၂၁) ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်သို့ ပြန်လည်ရောက်ရှိခြင်း
လင်းယွမ်က အုပ်ချုပ်ရေးကိစ္စများကို ဖြေရှင်းနေသော ဟွမ်ဟန်ကို သွားရှာလိုက်သည်။
"ဟွမ်ဟန်"
"ကိုလင်းယွမ်"
ဟွမ်ဟန်က လင်းယွမ်ကို မြင်လိုက်သည်နှင့် အလျင်အမြန် မတ်တတ်ထရပ်ကာ နှုတ်ဆက်လိုက်သည်။
လင်းယွမ်က သူမကို ပြုံးပြကာ ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်သည်။ "ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်မှာ ခုတစ်လော ဘာကိစ္စမှ မဖြစ်ဘူးမလား"
ဟွမ်ဟန် အနည်းငယ် ကြောင်အမ်းသွားပြီးနောက် ခေါင်းခါပြကာ ပြောလိုက်သည်။ "မဖြစ်ပါဘူး... အားလုံး ပုံမှန်ပါပဲ"
"ဒါနဲ့ ကိုလင်းယွမ်... ကျွန်မအစား ဒီအုပ်ချုပ်ရေးကိစ္စတွေကို ကိုင်တွယ်ဖို့ လူရှာပေးမယ်ဆိုတာ ရှာတွေ့ပြီလား... ကျွန်မက ရွှေစပါးအုံးမြွေလေးနဲ့ အတူနေရတာကို ပိုသဘောကျတယ်... ဒီက ကိစ္စတွေက အရမ်းရှုပ်ထွေးလွန်းလို့ပါ"
လင်းယွမ် ပြုံးလိုက်ပြီး ပြန်ဖြေသည်။ "အုပ်ချုပ်ရေးပိုင်း ကျွမ်းကျင်တဲ့သူတွေကို ရှာတွေ့ထားပါပြီ... မကြာခင် ဒီကို လွှတ်ပေးလိုက်မယ်"
"ဒါနဲ့... ကွမ်ယွဲ့ရော ဘယ်မှာလဲ"
ထိုစကားကို ကြားသောအခါ ဟွမ်ဟန်က ပြန်ဖြေသည်။ "သူတို့က ပုံမှန်ဆို ရေအောက်မှာပဲ နေကြတာ... နေ့တိုင်း ကုန်းပေါ်တက်လာတဲ့ အချိန်က သိပ်မရှိဘူး... ကိုလင်းယွမ် သူ့ကို ရှာနေတာလား... ကျွန်မ အခုပဲ လူလွှတ်ပြီး အကြောင်းကြားခိုင်းလိုက်ပါ့မယ်"
လင်းယွမ် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး မေးလိုက်သည်။ "သူတို့က ကုန်းပေါ်တက်တာ ရှားတယ်ပေါ့"
"အင်း... ကုန်းပေါ်တက်တဲ့ အချိန်က အရင်ကလောက် မများတော့ဘူး... ကျွန်မလည်း အရင်က သူ့ကို ပြောဖူးပါတယ်... သူတို့တွေက ငါးလူသား ဒါမှမဟုတ် ရေသူမ အမျိုးအစား အစွမ်းပိုင်ရှင်တွေ ဆိုပေမယ့် နေ့တိုင်း ရေအောက်မှာချည်းပဲ နေစရာမှ မလိုတာကို"
"ဒါပေမယ့် သူက အဲဒီလိုလုပ်တာက သူတို့ရဲ့ အစွမ်းတွေကို လေ့ကျင့်ပေးရာ ရောက်တယ်လို့ ပြောလာတော့ ကျွန်မလည်း ဘာမှ ဆက်မပြောတော့တာ"
လင်းယွမ်က မေးလိုက်သည်။ "သူတို့က ဘာကို အားထားပြီး အသက်မွေးကြတာလဲ"
"သူတို့က ရေအောက်က သန္ဓေပြောင်း သားရဲတွေကို ဖမ်းပြီး သားသတ်ရုံမှာ လာရောင်းတယ်... ပြီးတော့ အမှတ်တွေနဲ့ လဲလှယ်ပြီး ဈေးဝယ်စင်တာမှာ လိုအပ်တဲ့ ပစ္စည်းတွေ သွားဝယ်ကြတယ်" ဟွမ်ဟန်က လျင်မြန်စွာ ပြန်ဖြေသည်။
ထို့နောက် သူမက သံသယဖြင့် မေးလိုက်ပြန်သည်။ "ကိုလင်းယွမ်... သူတို့ တစ်ခုခု အမှားလုပ်မိလို့လားဟင်"
လင်းယွမ်က ခေါင်းအသာခါယမ်းလိုက်သည်။ "ဘာမှမဖြစ်ပါဘူး... ငါ့ကို သူတို့ဆီသာ လိုက်ပို့ပေး"
"ဟုတ်ကဲ့... ကျွန်မနောက်က လိုက်ခဲ့ပါ... ပြီးခဲ့တဲ့ တစ်ခေါက်က သူတို့ နေရာအသစ်ပြောင်းလိုက်တယ်လို့တောင် ပြောသေးတယ်... ကျွန်မမှာ သွားကြည့်ဖို့ အချိန်မရသေးတာနဲ့... ဒီတစ်ခေါက် ကိုလင်းယွမ်ကိုပါ တစ်ခါတည်း လိုက်ပို့ရင်း သွားကြည့်ရတာပေါ့"
ကွမ်ယွဲ့က ရေအောက်ရှိ ရေသူမများနှင့် ငါးလူသားများ၏ အုပ်ချုပ်သူဖြစ်သည်။ အစောပိုင်းက ဂျိရှောင်ယွီက လင်းယွမ်ကို ရေအောက်သို့ ခေါ်သွားစဉ်က ထိုအမျိုးသမီးနှင့် တွေ့ခဲ့ဖူးသည်။
ကွမ်ယွဲ့ဟုခေါ်သော ထိုအမျိုးသမီးအပြင် ခုံကွေ့နုံ၊ ကျိုးကွေ့ရှန်း အစရှိသူ အနည်းငယ်လည်း ရှိသေးပြီး ၎င်းတို့သည် ဤရေအောက် ခိုလှုံရေးစခန်း၏ အထက်တန်းအလွှာများဟု ဆိုနိုင်သည်။
လင်းယွမ်က လင်ယွီရုံတို့ နှစ်ဦးကို ခေါ်ဆောင်ကာ ဟွမ်ဟန်နောက်မှ လိုက်၍ ရေစပ်သို့ ပျံသန်းသွားလေသည်။
သူက မေးလိုက်သည်။ "အခု သူတို့ရဲ့ ရေအောက် ခိုလှုံရေးစခန်းမှာ လူဦးရေ ဘယ်လောက်တောင် ရှိနေပြီလဲ"
"တော်တော်လေး များလာပြီ... အရင်ကတော့ သူတို့ဆီမှာ လူဆယ်ယောက်ကျော်လောက်ပဲ ရှိတာ... နောက်ပိုင်း ကျွန်မတို့ဆီကို လူတွေ အများကြီး ပြောင်းရွှေ့လာကြတော့ အသက်ရှင်ကျန်ရစ်သူ တော်တော်များများက ရေသူမ ဒါမှမဟုတ် ငါးလူသား မျိုးရိုးဗီဇတွေ နိုးထလာကြတယ်... တချို့ကျတော့လည်း ဖားလူသား မျိုးရိုးဗီဇတွေတောင် နိုးထလာကြသေးတယ်"
"နောက်ပြီး ထူးဆန်းတဲ့ အစွမ်းတွေလည်း ရှိသေးတယ်... ရေပင့်ကူတွေ၊ ပင်လယ်မြင်း မျိုးရိုးဗီဇတွေနဲ့ ခရုခွံ အစွမ်းပိုင်ရှင်တွေလည်း ရှိတယ်"
"အဲဒီ အစွမ်းပိုင်ရှင်တွေက နောက်ပိုင်းမှာ ရေအောက် ခိုလှုံရေးစခန်းထဲကို တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်သွားကြတာ"
"အခုဆိုရင် လူတစ်ရာကျော်လောက် ရှိမယ်ထင်တယ်... အတိအကျ ဘယ်လောက်လဲ ဆိုတာတော့ ကျွန်မလည်း မေ့နေပြီ"
ဟွမ်ဟန်က စကားပြောနေရင်း ရွှေစပါးအုံးမြွေကို ထုတ်လွှတ်လိုက်သည်။
သူမက အပေါ်သို့ ခုန်တက်ကာ ရွှေစပါးအုံးမြွေပေါ်သို့ တက်ထိုင်လိုက်ပြီး ပြောလိုက်သည်။ "ကိုလင်းယွမ်... ကျွန်မ ကိုလင်းယွမ်တို့ကို ခေါ်သွားပေးမယ်... တက်ခဲ့ပါ"
လင်းယွမ်လည်း အားနာမနေတော့ဘဲ လင်ယွီရုံနှင့် တိချွမ်ခူးတို့ နှစ်ဦးကို ခေါ်ဆောင်ကာ စပါးအုံးမြွေ၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။
"ရွှေစပါးအုံးမြွေရဲ့ ခန္ဓာကိုယ် အရွယ်အစားက ထပ်ကြီးလာပြန်ပြီလား"
ရွှေစပါးအုံးမြွေ၏ ကြီးမားသော ခန္ဓာကိုယ် အရွယ်အစားကို ခံစားရင်း လင်းယွမ်က မေးလိုက်သည်။
ဟွမ်ဟန်က တခစ်ခစ် ရယ်မောလိုက်သည်။ "ဟုတ်တယ်... အခု ကျွန်မရဲ့ အဓိက အရည်အသွေးကလည်း ၉၅ မှတ်အထိ ကျော်လွန်သွားပြီလေ... အားဟွမ်လည်း အမှတ် ၉၀ အထက်ကို ကျော်သွားပြီ"
"နောက်ထပ် တစ်လလောက်ဆိုရင် ကျွန်မလည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ဖို့ ကြိုးစားလို့ ရပြီလို့ ခံစားရတယ်"
"ကျွန်မက ဝူယင် ကျော်တက်သွားတာကိုတော့ အဖြစ်မခံနိုင်ဘူး... မဟုတ်ရင် သူက ကျွန်မကို ထပ်ပြီး လာနှောင့်ယှက်နေဦးမှာ"
လင်းယွမ် ပြုံးလိုက်မိသည်။ ဝူယင်က ဟွမ်ဟန်ကို လိုက်နေခြင်းအား ဘယ်တုန်းကမှ လက်မလျှော့ခဲ့ပေ။
အရင်က သူတို့နှစ်ဦး မိန်တုဥယျာဉ်မှာ ရှိစဉ်တုန်းက လင်းယွမ်က သူတို့ကို အဖွဲ့ဖွဲ့ပြီး ကင်းလှည့်ခိုင်းခဲ့ဖူးသည်။
သို့သော် ဟွမ်ဟန်က အသွင်အပြင်ကို အနည်းငယ် ရွေးတတ်သူဖြစ်ပြီး ဝူယင်က အရပ်ပုသဖြင့် သူမက သိပ်သဘောမကျပေ။
ထို့အပြင် ဝူယင်သည်လည်း အရပ်အမောင်း ပြဿနာကြောင့်သာမက သူ၏ အစွမ်းမှာလည်း သိပ်မထူးခြားလှဘဲ ပုန်းအောင်းရုံသာ တတ်နိုင်သဖြင့် အနည်းငယ် သိမ်ငယ်စိတ် ဝင်နေခဲ့သည်။
နောက်ပိုင်းတွင် ဝူယင်က မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ခဲ့ပြီး လင်းယွမ်၏ ယုံကြည်စိတ်ချမှုကို ရရှိကာ တွင်းနက်အရိပ်ရေပေါ်ကျွန်းကို ကြီးကြပ်ရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ထို့အပြင် ယခုဆိုလျှင် တစ်မုဟုတ်ချင်း တိုးတက်လာကာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ ယုံကြည်မှုများ ပြန်လည်ရရှိလာပြီး ဟွမ်ဟန်ကို နောက်တစ်ကြိမ် ထပ်မံ ကြိုးစားပိုးပန်းလာပြန်သည်။
ဟွမ်ဟန် ဘယ်လိုတွေးနေလဲဆိုတာတော့ မသိပေ။ အရင်က တစ်ခါ ငြင်းထားဖူးသည်မို့ မျက်နှာပူနေခြင်းလည်း ဖြစ်နိုင်၏။
ထို့ကြောင့် သူမက ဝူယင်၏ ချစ်ရေးဆိုမှုကို လက်ခံရန် ငြင်းဆန်နေဆဲပင်။
ဝူယင်၏ ပိုးပန်းမှုမှ လွတ်မြောက်ရန်အတွက် သူမကိုယ်တိုင်လည်း ကြိုးစားကျင့်ကြံနေပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ စောစောရောက်ရှိရန် အားထုတ်နေသည်။ ထိုသို့ဆိုလျှင် ဝူယင်က သူမရှေ့တွင် ထိုကဲ့သို့ သာလွန်နေသည့် ခံစားချက်မျိုး ရှိတော့မည် မဟုတ်ပေ။
သို့မှသာ သူတို့နှစ်ဦးသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားနိုင်မည် ဖြစ်သည်။
သူတို့နှစ်ဦး၏ သံယောဇဉ်ရေးရာ ကိစ္စများနှင့် ပတ်သက်၍ လင်းယွမ်အနေဖြင့် များများစားစား ဝင်မပြောလိုပေ။
သို့သော် ရင်ထဲမှလာသော စကားအဖြစ် "ဟွမ်ဟန်... တကယ်တော့ ဝူယင်ကလည်း မဆိုးပါဘူး... သူ့စရိုက်က သတိကြီးတယ်၊ အလုပ်လုပ်ရင် တည်ငြိမ်တယ်... အားထားရတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပြီး တကယ် အသုံးချလို့ ရတဲ့သူပါ" ဟုသာ ပြောလိုက်သည်။
ဟွမ်ဟန်၏ လှပသော မျက်နှာလေး နီရဲသွားပြီး ပြောလိုက်သည်။ "ကိုလင်းယွမ်... သူ့ပုံစံက ကျွန်မစိတ်ဝင်စားတဲ့ပုံမျိုးမဟုတ်ဘူး... ဘာကြောင့်မှန်းတော့ မသိပေမယ့် သူ့ကို ကြည့်ရတာ ရင်မခုန်ဘူး ဖြစ်နေတာ"
လင်းယွမ်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ပြောလိုက်သည်။ "ရုပ်ချောတာက ဗိုက်ဝတာမှ မဟုတ်တာ... လူနှစ်ယောက် အတူတူနေတာ ကြာလာရင် တကယ်တော့ ရုပ်ရည်တို့ အရပ်အမောင်းတို့ ဆိုတာတွေကလည်း ရိုးသွားမှာပဲလေ"
"ဒါက အပြင်ပန်း ဆွဲဆောင်မှုတွေ ပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်တစ်ခုပါ... လူနှစ်ယောက်ရဲ့ သံယောဇဉ်ကို ရေရှည် ခိုင်မြဲစေနိုင်တဲ့ အရာက တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အမြင်တွေရယ်၊ စရိုက်နဲ့ ဝါသနာတွေပဲ"
ဟွမ်ဟန်က မနေနိုင်ဘဲ ပြန်မေးလိုက်သည်။ "ဒါဆို ရန်မေသာ အဲဒီလောက် မလှခဲ့ရင် ကိုလင်းယွမ် အစတုန်းက သူ့ကို ကယ်မှာလား"
လင်းယွမ် ချက်ချင်းပင် စကားဆွံ့အသွားပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် သူ၏ နှာခေါင်းကို ပွတ်သပ်လိုက်မိသည်။
ဒီကောင်မလေးက ဘယ်လိုလုပ်ပြီး ငါ့ဆီကို ပြန်လှည့်လာရတာလဲ။
သူက ပြုံးကာ ခေါင်းခါယမ်းလိုက်သည်။ "မင်းက အမမေရဲ့ ရုပ်လှတာနဲ့ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်တာကိုပဲ မြင်ပြီး... သူ့ရဲ့ ကောင်းမွန်တဲ့ စရိုက်ကိုတော့ မမြင်ဘူး ဖြစ်နေတယ်"
"ထားလိုက်တော့... ဒါတွေ ဆက်မပြောတော့ဘူး... မင်းတို့နှစ်ယောက် ကိစ္စက ငါက ဘေးလူဆိုတော့ အများကြီး ဝင်ပြောလို့ မကောင်းပါဘူးလေ... ဘယ်လောက် လိုသေးလဲ"
ဟွမ်ဟန်က မလှမ်းမကမ်းရှိ အဆောက်အအုံကို အလျင်အမြန် လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဒီနေရာပါပဲ... ကျွန်မတို့ ဒီကနေ ဆင်းကြမယ်"
"ဒီနေရာက ဟုန်ကျင်းဝမ်ဥယျာဉ်လေ... ရှောင်မောင်းတောင်နဲ့ အရမ်းနီးတယ်... ရေကျသွားပြီးတဲ့နောက်ပိုင်း ကျွန်မတို့က သူတို့အတွက် တိုက်ခန်း အဆောက်အအုံ အနည်းငယ်ကို ခွဲဝေပေးလိုက်တာ"
"အခုဆိုရင် ငါးလူသားနဲ့ ရေသူမ အမျိုးအစား အစွမ်းပိုင်ရှင်တွေ အကုန်လုံးက ဒီအိမ်ရာဝင်းထဲမှာပဲ နေကြတာ"
"ဒီရေအောက်မှာလည်း သူတို့ရဲ့ ခိုလှုံရေးစခန်း ရှိတယ်လေ"
လင်းယွမ် ဤအိမ်ရာဝင်းကို မှတ်မိနေသည်။ အရင်က ဂျိရှောင်ယွီ သူ့ကို ရေအောက်သို့ ခေါ်လာစဉ်တုန်းက ထိုလူစုသည် ဤအိမ်ရာဝင်းထဲ၌ပင် စုဝေးနေခဲ့ကြခြင်း ဖြစ်သည်။
ထိုစဉ်က သူတို့ကို သန္ဓေပြောင်း ငါးနှင့် ပုစွန်များ ချောင်းမြောင်း တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ပိုက်ကွန်ကြီး တစ်ခုဖြင့် ရိုးရှင်းစွာ ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။
"သွားကြစို့... အထဲဝင်ကြည့်ရအောင်"
လင်းယွမ်က စကားစလိုက်ပြီး ဟွမ်ဟန်က ခေါင်းညိတ်ကာ ရွှေစပါးအုံးမြွေ၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
ချက်ချင်းပင် ရွှေစပါးအုံးမြွေ၏ တစ်ကိုယ်လုံးမှ အလင်းရောင်များ တောက်ပလာပြီး လျင်မြန်စွာ သေးငယ်သွားကာ သူမ၏ အင်္ကျီလက်ပွထဲသို့ တိုးဝင်သွားလေသည်။
သူတို့အဖွဲ့ ဟုန်ကျင်းဝမ်၏ ခြံတံခါးအပြင်ဘက်သို့ ရောက်ရှိလာကြသည်။ အထဲသို့ မဝင်ရသေးမီမှာပင် အပေါ်ထပ်ရှိ လူတစ်ယောက်က သူတို့ကို ချက်ချင်း သတိထားမိသွားသည်။
"ခေါင်းဆောင်ဟွမ်... ဒီကို ဘယ်လိုရောက်လာတာလဲ"
ထိပ်ဆုံးထပ်ရှိ ပြတင်းပေါက်တစ်ခု ပွင့်လာပြီး လူတစ်ယောက်က ဟွမ်ဟန် ရှိရာဘက်သို့ လှမ်းအော်လိုက်ခြင်း ဖြစ်သည်။
ဟွမ်ဟန်က မော့ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "လျှိုရှန်... နင်ကိုး... ကွမ်ယွဲ့ရော အိမ်မှာ ရှိလား... သူ့ကို ပြောစရာကိစ္စလေး ရှိလို့"
အပေါ်ထပ်မှ လျှိုရှန်က ပြတင်းပေါက်မှ တိုက်ရိုက် တွားထွက်လာပြီးနောက် အောက်သို့ လွှားခနဲ ခုန်ချလိုက်ရာ ပေတစ်ရာကျော် မြင့်သော အထပ်ပေါ်မှ တိုက်ရိုက် ခုန်ဆင်းလာခြင်းပင် ဖြစ်သည်။
သူ၏ တစ်ကိုယ်လုံးသည် ငါးကြင်းတစ်ကောင်ကဲ့သို့ ကျက်သရေရှိစွာဖြင့် ကန်ရေပြင်ထဲသို့ ထိုးဆင်းသွားပြီးနောက် ရေအောက်မှ ခေါင်းပြူထွက်လာကာ ပြုံးလျက် ပြောလိုက်သည်။ "အမကွမ်က ရေထဲမှာ ရှိတယ်... ကျွန်တော် သွားခေါ်ပေးရမလား"
လင်းယွမ် ထိုစကားကို ကြားသောအခါ ရုတ်တရက် စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားပြီး ပြောလိုက်သည်။ "ငါတို့ အတူတူ သွားကြတာပေါ့"
လျှိုရှန် မျက်ခုံးပင့်သွားပြီး လင်းယွမ်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ "ဒီလူက ဘယ်သူလဲ"
ဟွမ်ဟန်၏ မျက်နှာထား ချက်ချင်း တင်းမာသွားပြီး ပြောလိုက်သည်။ "ဒါက ကိုလင်းယွမ်ပဲ... လျှိုရှန်... နင်က ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲကို နောက်ပိုင်းမှ ကယ်ဆယ်ရေးနဲ့ ပါလာတဲ့ အသက်ရှင်ကျန်ရစ်သူဆိုတော့ ကိုလင်းယွမ်ကို မသိတာလည်း မဆန်းပါဘူး... ဒါပေမယ့် အခုကစပြီး နင် ကိုလင်းယွမ် ဘယ်သူလဲဆိုတာကို သိထားသင့်ပြီ"
လျှိုရှန်ဟုခေါ်သော ထိုလူငယ်လေးမှာ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ဪ... ဆရာလင်းကိုး... တောင်းပန်ပါတယ်ဗျာ... ကျွန်တော် အရင်က ဆရာ့ကို မမြင်ဖူးလို့ပါ... တောင်းပန်ပါတယ်"
လင်းယွမ် ပြုံးကာ ခေါင်းခါယမ်းလိုက်သည်။ "ဟွမ်ဟန်... အဲဒီလို လုပ်နေစရာ မလိုပါဘူး... ငါက နာမည်ကြီး မင်းသားမှ မဟုတ်တာ... လူတိုင်း သိနေဖို့ ဘယ်လိုလုပ် လိုအပ်မှာလဲ"
သို့သော် ဟွမ်ဟန်က ခေါင်းခါရင်း ပြောလိုက်သည်။ "ရှင်က ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ကိုယ်တိုင် တည်ဆောက်ခဲ့ပြီး ကျွန်မတို့တွေ နေထိုင်ဖို့ ဒီလောက်ကြီးတဲ့ နယ်မြေကို တိုက်ခိုက်ယူပေးခဲ့တာလေ... လူတိုင်းက ရှင့်ကျေးဇူးကို မှတ်ထားသင့်တာပေါ့... တကယ်လို့ ရှင့်ကိုတောင် မသိဘူးဆိုရင် တစ်နေ့နေ့ ရှင့်ကို စော်ကားမိသွားရင် ဘယ်လိုလုပ်မလဲ"
လင်းယွမ်က ရယ်မောလိုက်သည်။ "မင်းကပါ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ... ဘယ်သူက ငါ့ကို စော်ကားနိုင်မှာလဲ"
"ဒါတွေ ဆက်မပြောတော့ပါဘူး... ချာတိတ်... မြန်မြန် လမ်းပြပေးပါဦး"
လျှိုရှန်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "အားလုံး ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ"
လင်းယွမ်က ချက်ချင်း လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး လိပ်ခွံစွမ်းအင်အကာအကွယ်ကို တိုက်ရိုက် ဖွင့်လှစ်ကာ လူအားလုံးကို လွှမ်းခြုံထားလိုက်ပြီး ရေအောက်သို့ လျင်မြန်စွာ ငုပ်လျှိုးသွားလေသည်။
လျှိုရှန်က ရှေ့မှ လမ်းပြပေးပြီး မကြာမီမှာပင် ရေအောက်သို့ ရောက်ရှိသွားကြသည်။
ဟုန်ကျင်းဝမ်၏ ရေအောက်ကမ္ဘာကြီးမှာ အသွင်အပြင်များ များစွာ ပြောင်းလဲနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ မူလက မှောင်မည်းနေသော ရေအောက် ပတ်ဝန်းကျင်သည် ယခုအခါတွင် အလင်းရောင်ထုတ်ပေးနိုင်သော သန္တာကျောက်တန်းများနှင့် ရေညှိများကို လူသားတို့က စိုက်ပျိုးထားကြလေသည်။
ထိုအလင်းရောင် ထုတ်ပေးနိုင်သော အပင်များကြောင့် ဟုန်ကျင်းဝမ် ရေအောက်ကမ္ဘာကြီးမှာ အရောင်အသွေး စုံလင်လှပသော သမုဒ္ဒရာကမ္ဘာလေး တစ်ခုအဖြစ် ဖန်တီးထားသကဲ့သို့ ဖြစ်နေသည်။
သန္ဓေပြောင်း ငါးအမျိုးမျိုးက အနီးအနားတွင် ကူးခတ်နေကြပြီး ရေအောက်တွင် သန္တာကျောက်တန်း အစုအဝေးများစွာလည်း စုဝေးနေကြသည်။
မူလက အိမ်ရာဝင်း ပန်းခြံအတွင်းရှိ ကိုယ်ကာယ လေ့ကျင့်ရေး ကိရိယာများကိုလည်း ရှင်းလင်းထားပြီး ၎င်းတို့အပေါ်တွင် အလှဆင်ပစ္စည်း အချို့ကို ရစ်ပတ်ထားကြသည်။
ဤနေရာတွင် ရေအောက် ရင်ပြင်တစ်ခုသဖွယ် ဖြစ်ပေါ်နေပြီး လူကိုယ်လုံးနှင့် ငါးအမြီး ပါရှိသော အစွမ်းပိုင်ရှင်များစွာက ဤနေရာတွင် ပျော်ရွှင်စွာ ဆော့ကစားနေကြသည်။
သာမန်လူ တော်တော်များများကလည်း ရေငုပ်ခေါင်းစွပ်များ တပ်ဆင်ကာ သို့မဟုတ် ရေကွင်း သင်္ကေတကျောက်တုံးများကို ကိုင်ဆောင်လျက် ရေအောက်တွင် လည်ပတ်ကြည့်ရှုနေကြသည်။
အနီးအနားရှိ အိမ်ရာဝင်း၏ ရေပြင်တစ်ဝိုက်တွင် နွယ်ပင်များဖြင့် ပြုလုပ်ထားသော ခြံစည်းရိုးများစွာကို တည်ဆောက်ထားပြီး အဆောက်အအုံများကို ဝန်းရံကာ ပိတ်လှောင်ထားသည့် ဟင်းလင်းပြင်များအဖြစ် ဖန်တီးထားပုံရသည်။
ထိုနွယ်ပင်များ တွယ်တက်နေသည့် လမ်းကြောင်းမှာ အစောပိုင်းက တည်ဆောက်ခဲ့သော ပိုက်ကွန်ကြီးကို အခြေခံထားပုံရသည်။
"ဟယ်... နင်တို့နေရာက တော်တော်လေး စည်ကားနေပါလား" ဟွမ်ဟန်က အံ့သြစွာဖြင့် ပြောလိုက်သည်။
လျှိုရှန်က အလျင်အမြန် ပြုံးကာ ပြောလိုက်သည်။ "အမကွမ်က ပြောတယ်... ကျွန်တော်တို့ ဒီနေရာကို ရေအောက် အပန်းဖြေဥယျာဉ် တစ်ခုအဖြစ် ဖန်တီးကြည့်လို့ ရတယ်တဲ့... နောက်ပိုင်း ကုန်းပေါ်က လူတွေကိုပါ အောက်ဆင်းပြီး လည်ပတ်ခွင့် ပြုလို့ရတယ်လေ... အဲဒါက ကျွန်တော်တို့လို ရေအောက် သန္ဓေပြောင်း အစွမ်းပိုင်ရှင်တွေအတွက် ဝင်ငွေရှာပေးရာလည်း ရောက်တာပေါ့"
"ဒါပေမယ့် လောလောဆယ်တော့ လုံခြုံရေး အစီအမံတွေက မပြည့်စုံသေးလို့ တရားဝင် မစရသေးပါဘူး"
လင်းယွမ် ထိုစကားကို ကြားသောအခါ ခေါင်းကို အသာညိတ်လိုက်သည်။ ကွမ်ယွဲ့က တကယ့်ကို အကြံဉာဏ်ကောင်းရှိသော အုပ်ချုပ်သူ တစ်ဦးပင် ဖြစ်သည်။
ဤရေကြီးမှုက အချိန်တိုအတွင်း ကျသွားမည် မဟုတ်ကြောင်းကို သူမ ခံစားမိနေပုံရပြီး လူသားများအနေဖြင့် ရေကြီးမှုနှင့် မည်သို့ အတူယှဉ်တွဲ နေထိုင်ရမည်ကို သင်ယူရမည့် အခြေအနေတွင် ရှိနေပေပြီ။
အစွမ်းများ တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ အနာဂတ် လူသားများမှာ အမြဲတမ်း ဗိုက်ဆာနေမည် မဟုတ်ပေ။
စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်သွားသည်နှင့် ဖျော်ဖြေရေး ရှားပါးသော ဤခေတ်ကြီးတွင် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို အာရုံစိုက်လာသင့်ပေသည်။
အပန်းဖြေဥယျာဉ်ဆိုသည်မှာ အတော်လေး ကောင်းမွန်သော စီမံကိန်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။
လူများကို ရေအောက်ကမ္ဘာ၏ အံ့မခန်းဖွယ်ရာများကို ခံစားသိရှိစေနိုင်ရုံသာမက ရေအောက်ရှိ သန္ဓေပြောင်း သားရဲ အမျိုးမျိုးကိုပါ လေ့လာသိရှိစေနိုင်ပြီး ရေထဲမှ အန္တရာယ်များကို ကြိုတင် သိမြင်လာစေနိုင်မည် ဖြစ်သည်။
ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ရှိ နေထိုင်သူများ၏ လူနေမှုဘဝ အခြေအနေများမှာ တကယ့်ကို မဆိုးလှဟု ဆိုရမည်။ စားဝတ်နေရေး ပြေလည်သွားပြီဖြစ်၍သာ ကွမ်ယွဲ့က ဤအရာများကို စဉ်းစားကြံဆနေခြင်း ဖြစ်သည်။
"ဒီဘက်မှာပါ... ဆရာလင်း... ခေါင်းဆောင်ဟွမ်"
လျှိုရှန်က လူလေးယောက်ကို ဦးဆောင်ကာ ရေထဲတွင် လျင်မြန်စွာ ကူးခတ်သွားလေသည်။
ယခုအချိန်တွင် သူသည် ငါးလူသားအဖြစ် ပြောင်းလဲသွားပြီဖြစ်ပြီး ရေအောက်တွင် အလွန် လျင်မြန်စွာ ကူးခတ်သွားလာနေသည်။
လင်းယွမ်က တိချွမ်ခူးနှင့် လင်ယွီရုံတို့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ဦးလုံးက ဤလူထံမှ ဝိညာဉ်အငွေ့အသက်ကို မခံစားရကြောင်း ညွှန်ပြသည့်အနေဖြင့် ခေါင်းအသာခါပြလိုက်ကြသည်။
မကြာမီ သူတို့အဖွဲ့သည် ရေအောက်ရှိ ဟုန်ကျင်းဝမ်ဥယျာဉ်၏ ယခင်က အိမ်ရာစီမံခန့်ခွဲရေးရုံး ရှိခဲ့ရာ နေရာသို့ ရောက်ရှိလာကြသည်။
ဤနေရာရှိ စီမံခန့်ခွဲရေး အဆောက်အအုံမှာ မမြင့်မားလှဘဲ လေးထပ်သာ ရှိပြီး အားလုံးမှာ ရေမြုပ်နေပြီ ဖြစ်သည်။
သို့သော် ရေအောက်ရောက်နေသော အဆောက်အအုံများ ဖြစ်သောကြောင့် အသုံးပြုစရာ တန်ဖိုး သိပ်မရှိလှပေ။
ထို့ကြောင့် ရေမြုပ်နေသော ထိုအခန်းများကို ရေထဲတွင် နေထိုင်နိုင်စွမ်းရှိသည့် ကွမ်ယွဲ့နှင့် အခြား အစွမ်းပိုင်ရှင်များက နေရာယူထားကြခြင်း ဖြစ်သည်။
အိမ်ရာစီမံခန့်ခွဲရေး အဆောက်အအုံအောက်သို့ ရောက်ရှိလာသောအခါ လင်းယွမ်က ဂျိရှောင်ယွီသည် ငါးလူသားလေးများနှင့် ရေသူမလေးများ အုပ်စုကို ခေါ်ဆောင်ကာ ရေထဲတွင် ဆော့ကစားနေသည်ကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
လင်းယွမ်ကို မြင်လိုက်သည်နှင့် ဂျိရှောင်ယွီက အံ့ဩဝမ်းသာစွာဖြင့် လှမ်းအော်လိုက်သည်။ "အစ်ကိုလင်း... ဘယ်လိုရောက်လာတာလဲဟင်"
သူမက ရေအောက် ခိုလှုံရေးစခန်း တစ်ခုလုံးတွင် လင်းယွမ်နှင့် အစောဆုံး သိကျွမ်းခဲ့သူ ဖြစ်သည်။
လင်းယွမ်လည်း ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "မတွေ့တာတောင် ကြာပြီနော် ရှောင်ယွီ"
ဆက်ရန်...
အပိုင်း (၇၂၂) ကွမ်ရှောင်တျဲ
လင်းယွမ်က ပြုံးလိုက်သည်။ ဂျိရှောင်ယွီကို ပြန်တွေ့ရသည့်အတွက် သူလည်း အလွန်ရင်းနှီးကျွမ်းဝင်သည့် ခံစားချက်ကို ရရှိသွား၏။
ဂျိရှောင်ယွီက လင်းယွမ်ရှေ့သို့ လျင်မြန်စွာ ကူးခတ်လာသည်။ ရေသူမအသွင် ပြောင်းလဲထားသော သူမ၏ နဖူးပေါ်တွင် တောက်ပနေသော အကြေးခွံတစ်ခုရှိပြီး သူမ၏ လှပသော မျက်နှာလေးကို ပိုမိုဝင်းလက်တောက်ပနေစေသည်။
သူမ၏ အသားအရေက ဖြူဖွေးနုဖတ်နေပြီး မွေးရာပါ အလှလေးတစ်ဦး ဖြစ်သည်။
အနီရောင် ငါးအမြီးလေးက နုပျိုတက်ကြွမှုများဖြင့် ပြည့်နှက်နေ၏။
နက်မှောင်နေသော ဆံပင်ရှည်ကြီးများက ရေလှိုင်းများကြားတွင် လွင့်မျောနေပြီး ပိုးသားကဲ့သို့ နူးညံ့ချောမွေ့နေသည်။
သူမက လင်းယွမ်၏ ဘေးပတ်လည်တွင် စိတ်လှုပ်ရှားစွာ ကူးခတ်သွားလာရင်း အော်မေးလိုက်သည်။ "အစ်ကိုလင်း... အစ်ကိုက ကျွန်မကို လာကြည့်တာလားဟင်"
လင်းယွမ်က ပြုံးလျက် "ဟုတ်တယ်လေ... နင်တို့ကို မတွေ့ရတာ ကြာပြီဆိုတော့ လမ်းကြုံတုန်း ဝင်ကြည့်တာပါ... နင်တို့ဒီမှာ အခြေအနေ အတော်လေး ကောင်းတယ်လို့ ကြားတယ်... ရေသူမတွေနဲ့ ငါးလူသား သန္ဓေပြောင်း အစွမ်းပိုင်ရှင်တွေလည်း အများကြီး တိုးလာတယ်ဆို"
ဂျိရှောင်ယွီက ပျော်ရွှင်မြူးတူးစွာဖြင့် ပြန်ဖြေသည်။ "ဟုတ်တယ် အစ်ကို... လူတွေအများကြီးက ရေသူမနဲ့ ငါးလူသား အသွင်ပြောင်းအစွမ်းတွေ နိုးထလာကြလိမ့်မယ်လို့ ကျွန်မတို့လည်း မထင်ထားဘူး"
"အမကွမ်ယွဲ့ ပြောတာတော့... ကျွန်မတို့လူဦးရေ ဒီထက်ဆက်တိုးလာရင် ရေအောက်မြို့တော် တစ်ခုတောင် တည်ဆောက်နိုင်လောက်တယ်တဲ့"
လင်းယွမ်က ပြုံးလိုက်ပြီး "အဲဒါဆို ကောင်းတာပေါ့... ထိုက်ယန်တောင် ရေတပ်ကိုလည်း အမြဲတမ်း တိုးချဲ့နေရတာလေ... ရေငုပ်သင်္ဘောတွေကိုလည်း အမြန်ဆုံး ထုတ်လုပ်နေတယ်... အချိန်တန်ရင် နင်တို့လူတွေက အများကြီး အသုံးဝင်လာမှာပါ"
ဂျိရှောင်ယွီက အလျင်စလို မေးလိုက်သည်။ "ကျွန်မရော ရေတပ်ထဲ ဝင်လို့ရမလားဟင်... ထိုက်ယန်တောင်ရဲ့ ရေငုပ်သင်္ဘောကို မောင်းပြီး ရေအောက်ကမ္ဘာကို စူးစမ်းလေ့လာချင်လို့"
"အရင်တုန်းကလည်း ကျွန်မ ရေငုပ်သမား လုပ်ချင်ခဲ့တာ"
လင်းယွမ်က ပြုံးလိုက်ပြီး "ရတာပေါ့... ရေတပ်ရဲ့ စစ်ဆေးမှုကို အောင်မြင်အောင် ဖြေနိုင်ရင် အချိန်မရွေး ဝင်လို့ရပါတယ်"
"ဒါပေမဲ့ နင်က လွတ်လွတ်လပ်လပ် စူးစမ်းလေ့လာချင်တဲ့သူ ဖြစ်ချင်တယ်ဆိုရင်တော့ ပိုက်ဆံစုပြီး လက်နက်စက်ရုံမှာ ရေငုပ်သင်္ဘော တစ်စီး သွားဝယ်တာက ပိုကောင်းလိမ့်မယ်"
"ရှင်... ရေငုပ်သင်္ဘောကို ကိုယ်ပိုင် ဝယ်လို့ရတာလား... အရင်တုန်းက ကျွန်မတို့ရဲ့ ရေငုပ်သင်္ဘောတွေက အပြင်ကို ထုတ်မရောင်းဘူးလို့ ကြားထားလို့ပါ" ဂျိရှောင်ယွီက အံ့အားသင့်စွာ မေးလိုက်သည်။
ဤရေငုပ်သင်္ဘော နည်းပညာက ထိုက်ယန်တောင် သုတေသနဌာန၏ အဓိက နည်းပညာ အတော်များများနှင့် သက်ဆိုင်နေသည် မဟုတ်ပါလော။
အရင်က ထိုက်ယန်တောင်တွင် ဤကဲ့သို့သော နည်းပညာများကို အပြင်သို့ မရောင်းချရန် စည်းကမ်းချက်များ အမှန်တကယ် ရှိခဲ့သည်။
သို့သော် ထိုက်ယန်တောင်၏ နည်းပညာများ အစဉ်မပြတ် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ မော်ဒယ်အသစ် ရေငုပ်သင်္ဘောများက မော်ဒယ်အဟောင်းများထက် အဆပေါင်းများစွာ ပိုမိုစွမ်းအားကြီးမားလာခဲ့သည်။
ယခုအခါ မော်ဒယ်ဟောင်း ရေငုပ်သင်္ဘောများကို ရောင်းချလိုက်လျှင်ပင် ထိုက်ယန်တောင်၏ အဆင့်မြင့်နည်းပညာများ ပေါက်ကြားသွားမည် မဟုတ်တော့ပေ။
အင်အားစုတစ်ခုလုံး လျင်မြန်စွာ တိုးတက်လာစေရန်အတွက် တံခါးပိတ်ပြီး ကိုယ့်ဘာသာ လုပ်နေ၍မရပေ။ အရပ်ဘက် နည်းပညာများကိုလည်း ပြုစုပျိုးထောင်ပေးရန် အလွန်တန်ဖိုးရှိလှသည်။
အရပ်ဘက်တွင်လည်း ပါရမီရှင်များ ပုန်းကွယ်နေနိုင်ပြီး ထိုက်ယန်တောင်မှ ရောင်းချလိုက်သော မော်ဒယ်ဟောင်း ရေငုပ်သင်္ဘောနှင့် သင်္ကေတနည်းပညာပစ္စည်းများကို အခြေခံကာ အံ့ဩစရာကောင်းသော အရာများကို သုတေသနပြု ဖန်တီးလာနိုင်သေးသည်။
ဤအချက်ကို လင်းယွမ်က လုံးဝ ယုံကြည်ထားသည်။
ကပ်ဘေးမတိုင်မီ ကမ္ဘာမြေပေါ်တွင် အရပ်ဘက်နည်းပညာ မည်မျှလျင်မြန်စွာ တိုးတက်ခဲ့သနည်း။ အချို့သော ထူးခြားဆန်းသစ်သည့် စိတ်ကူးစိတ်သန်းများဆိုလျှင် စစ်ဘက်ဆိုင်ရာ နည်းပညာများကိုပင် ကျော်လွန်သွားခဲ့ပြီး နောက်ဆုံးတွင် စစ်တပ်၏ သိမ်းသွင်းခြင်းကို ခံခဲ့ရသည်များ ရှိသည်။
ထိုက်ယန်တောင်အနေဖြင့် နေထိုင်သူများ၏ ဖန်တီးနိုင်စွမ်းကို ကန့်သတ်မထားသင့်ပေ။ အဓိကနည်းပညာများ မပေါက်ကြားသရွေ့ သာမန်နည်းပညာများကို ထုတ်ပေးခြင်းဖြင့် တစ်ဖက်တွင် မော်ဒယ်ဟောင်း စက်ပစ္စည်းများ၏ သိုလှောင်မှု ပြဿနာကို လျှော့ချနိုင်ပြီး အခြားတစ်ဖက်တွင်လည်း ခိုလှုံရေးစခန်းမှ နေထိုင်သူများ၏ တီထွင်ဖန်တီးမှုများကို နှိုးဆွပေးနိုင်သည်။
လူတိုင်းက ကြီးကျယ်ခမ်းနားသော တီထွင်ဖန်တီးမှုများ ပြုလုပ်လာနိုင်သည့်အခါ ထိုက်ယန်တောင်က ဈေးကောင်းပေးပြီး ပြန်လည်ဝယ်ယူလိုက်လျှင် အဆင်ပြေသွားမည် ဖြစ်သည်။
ဤသည်ကသာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် နည်းလမ်းဖြစ်သည်။
"တခြားလူတွေတော့ မရဘူး... ရှောင်ယွီကတော့ ရတာပေါ့"
လင်းယွမ်က ပြုံးလျက် သူမ၏ ဆံကေသာကို ပွတ်သပ်ကာ နောက်ပြောင်လိုက်သည်။
ဂျိရှောင်ယွီသည် တကယ်ပင် ချော့မော့ခံလိုက်ရသဖြင့် အလွန်ပျော်ရွှင်သွားကာ တစ်ခစ်ခစ် ရယ်မောလေတော့သည်။
သူတို့ စကားပြောနေကြစဉ်မှာပင် လူသုံးယောက်က အိမ်ရာစီမံခန့်ခွဲရေး အဆောက်အအုံထဲမှ အလျင်စလို ပြေးဆင်းလာကြသည်။
"ဆရာလင်း... ဆရာ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ" ကွမ်ယွဲ့က အံ့ဩဝမ်းသာစွာဖြင့် လှမ်းအော်လိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "ဘာလဲ... ငါက လာလို့ မရဘူးလား"
ကွမ်ယွဲ့က အလျင်အမြန် လက်ကာပြလိုက်ပြီး "မဟုတ်ပါဘူး... မဟုတ်ပါဘူး... ဘယ်ဟုတ်ရမှာလဲ... ကျွန်မက ဆရာ့လို အလုပ်များတဲ့သူက ဘယ်လိုလုပ်ပြီး ဒီကိုလာဖို့ အားနေတာလဲဆိုတာ အံ့ဩသွားလို့ပါ"
လင်းယွမ်က ဟားတိုက်ရယ်မောလိုက်ပြီး "ဒီမှာ တော်တော်တိုးတက်နေတယ်ကြားလို့ အထူးတလည် လာကြည့်တာပါ" ဟု ပြောလိုက်သည်။
ထိုသို့ပြောရင်း လင်းယွမ်က ဘယ်ညာ နှစ်ဖက်ရှိ ခုံကွေ့နုံနှင့် ကျိုးကွေ့ရှန်းတို့ကို ကြည့်ကာ "ခင်ဗျားတို့ နှစ်ယောက်ကိုလည်း မတွေ့ရတာ ကြာပြီပဲ" ဟု ပြုံးလျက် နှုတ်ဆက်လိုက်သည်။
ခုံကွေ့နုံက အလျင်အမြန် ပြုံးပြလိုက်ပြီး "ဆရာလင်း မင်္ဂလာပါဗျာ" ဟု နှုတ်ဆက်သည်။
ကျိုးကွေ့ရှန်းကလည်း အလျင်စလို ဝင်ပြောလိုက်သည်။ "ဆရာလင်း... တံခါးဝမှာပဲ ရပ်မနေပါနဲ့... အထဲဝင် ထိုင်ပါဦးရှင်"
လင်းယွမ်က ပြုံးလိုက်ပြီး လင်းယွီရုံနှင့် တိချွမ်ခူးတို့ နှစ်ဦးကို အသံတိတ် အကဲခတ် ကြည့်ရှုလိုက်သည်။
သူတို့နှစ်ဦးစလုံးက သူ့ကို ခေါင်းယမ်းပြလိုက်ကြပြီး ဤနေရာတွင် သူတို့၏ စိတ်ဝိညာဉ် အစိတ်အပိုင်းများ မရှိကြောင်း အချက်ပြလိုက်ကြသည်။
ထိုအခါမှသာ လင်းယွမ်လည်း သက်ပြင်းချနိုင်သွားပြီး ထိုသုံးဦးနှင့် ခေတ္တမျှ စကားစမြည် ပြောဆိုနေလိုက်သည်။
ခဏကြာပြီးနောက် လင်းယွမ်က သူ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်ကို စတင် ဖွင့်ဟပြောဆိုလေသည်။
သူက ကွမ်ယွဲ့ကို ကြည့်ကာ ပြောလိုက်သည်။ "ကွမ်ယွဲ့... ဒီတစ်ခေါက် ငါလာတာက ရေအောက်မှာ ရှင်သန်နိုင်စွမ်းရှိတဲ့ အစွမ်းပိုင်ရှင် တချို့ကို ရှာဖွေချင်လို့ပါ... အထူးတပ်ဖွဲ့လေး တစ်ခု ဖွဲ့စည်းမလို့"
"ရေအောက်မှာ ရှင်သန်နိုင်စွမ်းရှိတဲ့ အစွမ်းပိုင်ရှင်တွေအကြောင်း ပြောရရင် ရေသူမ ဒါမှမဟုတ် ငါးလူသား အသွင်ပြောင်း အစွမ်းပိုင်ရှင်တွေထက် ပိုသင့်တော်တဲ့သူ မရှိလောက်ဘူး ထင်တယ်"
"ဒီကလူတွေကော ဒီရွေးချယ်ပွဲမှာ ပါဝင်ချင်ကြရဲ့လား မသိဘူး"
ကွမ်ယွဲ့က ထိုစကားကို ကြားသောအခါ အလျင်အမြန် ပြန်ဖြေသည်။ "ပါဝင်ချင်တာပေါ့... သေချာပေါက် ပါဝင်ချင်ကြမှာပါ"
အမှန်အတိုင်း ပြောရလျှင် ဤကဲ့သို့သော ကိစ္စသေးသေးလေးအတွက် လင်းယွမ် ကိုယ်တိုင်ကိုယ်ကျ လာရောက်ရန်ပင် မလိုအပ်ပေ။
သူ စကားတစ်ခွန်း မှာကြားလိုက်ရုံဖြင့် လာရောက်ဆောင်ရွက်ပေးမည့်သူများ သေချာပေါက် ရှိနေမည် ဖြစ်သည်။
လူမည်မျှလောက်က လင်းယွမ်နှင့် နီးစပ်ခွင့်ရရန် နည်းလမ်းရှာနေကြသည်ကိုပင် မသိနိုင်ပေ။
ထို့ကြောင့် ကွမ်ယွဲ့က ချက်ချင်းပင် သဘောတူ လက်ခံလိုက်ခြင်း ဖြစ်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "ဒါဆိုရင် အစွမ်းနိုးထလာတဲ့ လူတွေကို အကုန်ခေါ်လိုက်ပါ... ငါ အရင် ကြည့်ကြည့်မယ်" ဟု ပြောလိုက်သည်။
လင်းယွမ်က သူ၏ နောက်ဆုံး ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။
အထူးတပ်ဖွဲ့ ဖွဲ့စည်းမည် ဆိုသည်မှာ လမ်းကြုံဝင်ပြောခြင်းသာ ဖြစ်ပြီး ဤတစ်ခေါက် လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ လင်းယွီရုံနှင့် တိချွမ်ခူးတို့၏ စိတ်ဝိညာဉ် အစိတ်အပိုင်းများ ရှိမရှိ စုံစမ်းစစ်ဆေးရန်ပင် ဖြစ်သည်။
ကွမ်ယွဲ့က အလုပ်လုပ်ရာတွင် အလွန်သွက်လက်သူ ဖြစ်ရာ စကားအများကြီး မပြောတော့ဘဲ ကျိုးကွေ့ရှန်းနှင့် ခုံကွေ့နုံတို့ကို လူသွားခေါ်ခိုင်းလိုက်သည်။
မကြာမီမှာပင် ထိုနှစ်ဦးက လူရာနှင့်ချီ၍ ခေါ်ဆောင်လာခဲ့ပြီး ရေအောက် ရင်ပြင်ပေါ်တွင် တန်းစီရပ်ကာ လင်းယွမ်တို့ လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
ကွမ်ယွဲ့က လင်းယွမ်တို့ကို ခေါ်ဆောင်လာချိန်တွင် ထိုလူများက ဤဆရာလင်း ဆိုသည်မှာ မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်မည်နည်းဟု အချင်းချင်း တီးတိုးပြောဆိုနေကြဆဲ ဖြစ်သည်။
"ရှူး... လာနေကြပြီ"
"စကားမပြောကြနဲ့တော့... အမကွမ်ယွဲ့ လာနေပြီ"
"အမကွမ်ယွဲ့ ဘေးက တစ်ယောက်က ဆရာလင်းဆိုတာလား... တော်တော် ငယ်သေးတာပဲ... အသက် သုံးဆယ်တောင် ပြည့်သေးပုံ မပေါ်ဘူးနော်"
"မပြည့်လောက်သေးဘူး... ဆရာလင်းက တော်တော် ငယ်တယ်လို့တော့ ကြားဖူးတယ်... ဒါပေမဲ့ ဒီလောက် ငယ်လိမ့်မယ်လို့ မထင်ထားဘူး"
လူအုပ်ထဲတွင် ဆံပင်နှစ်ဖက်စည်းထားသည့် ရုပ်ရည်ချောမောပြီး ကလေးဆန်ဆန် အသွင်အပြင်ရှိသော ဆယ်ကျော်သက်အရွယ်ခန့် ရေသူမ အစွမ်းပိုင်ရှင် မိန်းကလေးတစ်ဦးက သူမ၏ သူငယ်ချင်းကို တိုးတိုးလေး ပြောလိုက်သည်။ "ဆရာလင်းက တော်တော် ချောတာပဲ"
သူမ၏ သူငယ်ချင်းမှာလည်း အသက် ဆယ်ကျော်သက်အရွယ်ခန့် ရေသူမ အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်သော်လည်း သူမ၏ အသွင်အပြင်က အလွန်တရာ လှပနေသည်။ ဆံပင်များက အပြာရောင် သန်းနေရုံသာမက မျက်နှာပေါက်နှင့် ခန္ဓာကိုယ် အချိုးအစားကလည်း အသက်ထက် ပိုမို ရင့်ကျက်နေ၏။
ဆယ်ကျော်သက် အရွယ်သာ ရှိသေးသော်လည်း လူငယ်အိမ်ထောင်ရှင်မ တစ်ဦးကဲ့သို့ ပြည့်ဖြိုးလှပသော ခန္ဓာကိုယ် ရှိနေသည်။
ထင်ရှားပေါ်လွင်သော ရင်သားအလှနှင့် သပ်ရပ်လှပသော မျက်နှာပေါက်တို့က သူမကို ဤအစွမ်းပိုင်ရှင်များကြားတွင် အလွန် ထင်ရှားပေါ်လွင်နေစေသည်။
သူမက လင်းယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး "သူက လင်းယွမ် ဆိုတာလား" ဟု မေးလိုက်သည်။
ဘေးနားရှိ ဆံပင်နှစ်ဖက်စည်း မိန်းကလေးက "ရှောင်တျဲ... ငါတို့နှစ်ယောက်က ဒီဒေသခံ အစွမ်းပိုင်ရှင်တွေလေ... လူတွေပြောတာ ကြားရသလောက်တော့ ဒီကိုရောက်လာတဲ့ အပြင်က အသက်ရှင်ကျန်ရစ်သူ အများစုကို ဆရာလင်းက ကယ်တင်ခဲ့တာတဲ့"
"ဆရာလင်းက ချောလည်းချောတယ်... မေတ္တာတရားလည်း ကြီးမားတယ်... တကယ် တော်တာပဲ"
ရှောင်တျဲက ဘာမှ ဝင်မပြောဘဲ တိတ်ဆိတ်နေပြီး သူမ၏ မျက်ဝန်းများတွင် နားလည်ရခက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
လူအုပ်ကြီးမှာ တီးတိုးစကားပြောဆိုကာ ဆူညံနေကြသည်။ အချို့က အသံကို တတ်နိုင်သမျှ တိုး၍ ပြောဆိုနေကြသော်လည်း ဤနေရာတွင် ရှိနေသူအားလုံးမှာ အစွမ်းပိုင်ရှင်များ ဖြစ်ကြရာ မည်မျှပင် တိုးသော အသံဖြစ်ပါစေ ရှင်းလင်းစွာ ကြားနေရသည်။
ရှေ့တွင် ရပ်နေသော ခုံကွေ့နုံနှင့် ကျိုးကွေ့ရှန်းတို့မှာ မတတ်သာဘဲ မျက်မှောင်ကြုတ်လိုက်ကြပြီး လှည့်ကာ ကြိမ်းမောင်းလိုက်သည်။ "အားလုံး တိတ်တိတ် နေကြစမ်း"
လူအုပ်ကြီးမှာ ချက်ချင်းပင် အနည်းငယ် တိတ်ဆိတ်သွားကြသည်။
ထိုအချိန်တွင် ကွမ်ယွဲ့က ခုံကွေ့နုံကို မေးလိုက်သည်။ "ဦးလေးနုံ... လူတွေ အကုန်စုံပြီလား"
ခုံကွေ့နုံက ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး "အိမ်မှာမရှိတဲ့ သူတွေကလွဲရင် ရပ်ကွက်ထဲမှာ ရှိနေတဲ့လူတွေတော့ အကုန်စုံပါပြီ"
ကွမ်ယွဲ့က လင်းယွမ်ကို ပြုံးလျက် ကြည့်ကာ "ဆရာလင်း... ဆရာ ကြည့်လိုက်ပါဦး" ဟု ပြောလိုက်သည်။
လင်းယွမ်က ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး ပြုံးလျက် "လင်းယွီရုံ၊ တိချွမ်ခူး... မင်းတို့နှစ်ယောက် အောက်ဆင်းပြီး တစ်ပတ်လောက် လိုက်ကြည့်လိုက်ပါဦး" ဟု အမိန့်ပေးလိုက်သည်။
သူတို့နှစ်ဦးက ခေါင်းညိတ် သဘောတူလိုက်ပြီးနောက် အောက်သို့ဆင်းကာ လူအုပ်ထဲတွင် လျင်မြန်စွာ တစ်ပတ် လှည့်ပတ်ကြည့်ရှုလိုက်ကြသည်။
ထိုအထဲမှ လင်းယွီရုံသည် ရှောင်တျဲဟုခေါ်သော မိန်းကလေးရှေ့သို့ ရောက်လာချိန်တွင် ရုတ်တရက် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ရှောင်တျဲကလည်း ခေါင်းမော့ကာ လင်းယွီရုံကို ကြည့်လိုက်ပြီး သူမ၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့ဝင်သွားသည်။
နောက်တစ်စက္ကန့်တွင် လင်းယွီရုံက ရုတ်ခြည်း လက်စွမ်းပြ တိုက်ခိုက်လိုက်တော့သည်။
ရေခဲတမျှ အေးစက်လှသော လက်ဝါးရိုက်ချက် တစ်ခုက မိန်းကလေးထံသို့ ချက်ချင်း ဖုံးလွှမ်းသွားသည်။
"ရှောင်တျဲ"
"ရှင် ဘာလုပ်တာလဲ"
"ရပ်လိုက်စမ်း"
အနီးအနားရှိ အခြား ရေသူမများနှင့် ငါးလူသားများက ချက်ချင်း အော်ဟစ်လိုက်ကြပြီး ဒေါသတကြီးဖြင့် လင်းယွီရုံကို ဟန့်တားရန် ဝင်ရောက် တိုက်ခိုက်ကြသည်။
လင်းယွီရုံက မျက်မှောင်ကြုတ်လိုက်ပြီး စကားတစ်ခွန်းမျှ မဆိုဘဲ သူမ၏ အစွမ်းကို ရုတ်ခြည်း အသက်သွင်းလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်ကြီးက ရုတ်တရက် ကြီးမားထွားကျိုင်းလာပြီး လူတိုင်းထက် ပိုမို မြင့်မားသွားလေသည်။
သူမက လက်ဝါးဖြင့် တစ်ချက် ရိုက်ချလိုက်ရာ ခဏချင်းမှာပင် ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းများ ရေခဲအဖြစ် အေးခဲသွားပြီး လူတိုင်း လှုပ်ရှား၍မရတော့ဘဲ ရေခဲတုံးများအတွင်း၌ တိုက်ရိုက် အေးခဲပိတ်လှောင်ခြင်း ခံလိုက်ရသည်။
သို့သော် လူတစ်ယောက်တည်းကမူ လင်းယွီရုံ၏ အအေးဓာတ် လွှမ်းခြုံထားသော ဧရိယာထဲမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
ရှောင်တျဲပင်တည်း။
ယခုအချိန်တွင် ရှောင်တျဲ၏ မျက်နှာပေါ်၌ ထိတ်လန့်ဒေါသထွက်နေသည့် အရိပ်အယောင်များ အပြည့်အဝ ရှိနေပြီး သူမ၏ ကိုယ်ဟန်လှုပ်ရှားမှုမှာ လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသည်။
ငါးအမြီးကို တစ်ချက် ရိုက်ခတ်လိုက်တိုင်း ပေ ၃၀၀ ကျော်ခန့် အကွာအဝေးထိ အရှိန်အဟုန်ဖြင့် လွင့်စင်သွားနိုင်သည်။
ယခုအချိန်တွင် သူမ၏ ခေါင်းထဲ၌ သံသယများဖြင့် ပြည့်နှက်နေသည်။ "ငါ့ရဲ့ စိတ်ဝိညာဉ် မူလကိုယ်ထည်... ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေရတာလဲ... ဘယ်လိုလုပ်ပြီး ဟို လင်းယွမ်ဆိုတဲ့ကောင်ရဲ့ အမိန့်ကို နာခံနေရတာလဲ"
"ဒုန်း"
သူမ သတိမထားမိလိုက်ခင်မှာပင် ရှေ့ရှိ ရေစီးကြောင်းထဲ၌ မျက်စိဖြင့် မမြင်နိုင်သော ရေအတားအဆီးတစ်ခု ရုတ်တရက် ပေါ်လာပြီး သူမမှာ ရှောင်တိမ်းချိန်မရလိုက်ဘဲ ခေါင်းနှင့် အရှိန်ပြင်းပြင်း ဝင်တိုက်မိသွားလေသည်။
ချက်ချင်းပင် နဖူးမှ အရေပြား ပေါက်ပြဲသွားပြီး သွေးများ တသွင်သွင် စီးကျလာသည်။
အပြာရောင် ဆံပင်များပင် သွေးရောင်လွှမ်းသွားတော့သည်။
သို့သော် ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းများက ရုတ်တရက် ပြောင်းပြန် စီးဆင်းလာပြီး သူမကို ရစ်ပတ်ကာ နောက်သို့ အရှိန်အဟုန်ဖြင့် ဆွဲခေါ်သွားသည်ကို တွေ့လိုက်ရသည်။
ပေ ၃၀၀ ကျော်အကွာတွင် တိချွမ်ခူးက လက်ကိုဆန့်တန်းကာ ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းများကို အလွယ်တကူ ထိန်းချုပ်နေသည်ကို မြင်လိုက်ရသည်။
သူသည် မူလကတည်းက ရေဓာတ် အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်နေခဲ့သည်။
ရှောင်တျဲဟုခေါ်သော ထိုမိန်းကလေးငယ်မှာ ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းများကို လုံးဝ ရုန်းထွက်နိုင်ခြင်း မရှိတော့ဘဲ မိမိကိုယ်တိုင် နောက်သို့ ဆွဲခေါ်ခံနေရသည်ကို မျက်ဝါးထင်ထင် ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ကွမ်ယွဲ့က ထိုအချိန်ကျမှ သတိဝင်လာပြီး မျက်နှာထား ချက်ချင်း ပျက်သွားကာ လင်းယွမ်ကို အလျင်အမြန် လှမ်းကြည့်လိုက်သည်။
"ဆရာလင်း... ဒါ... ဒါက... ဒါ ဘာလုပ်ကြတာလဲဟင်"
လင်းယွမ်သည်လည်း မတ်တတ်ထရပ်နေပြီဖြစ်ပြီး ကွမ်ယွဲ့ကို မကြည့်ဘဲ တိချွမ်ခူး ထိန်းချုပ်ထားသော ထိုမိန်းကလေးငယ်ကို ကြည့်ကာ "သူက ဘယ်သူလဲ" ဟု မေးလိုက်သည်။
ကွမ်ယွဲ့က ကြောင်အမ်းအမ်းဖြစ်သွားပြီး "သူ့နာမည်က ကွမ်ရှောင်တျဲတဲ့... လွန်ခဲ့တဲ့ တစ်လလောက်က အသက်ရှင်ကျန်ရစ်သူတွေထဲမှာ မထင်မှတ်ဘဲ တွေ့ခဲ့ရတဲ့ ရေသူမ အစွမ်းပိုင်ရှင် တစ်ယောက်ပါ"
"သူကိုယ်တိုင် ပြောတာအရဆိုရင်တော့ သူ့အစွမ်း နိုးထလာတာ တစ်လကျော်လေးပဲ ရှိပါသေးတယ်"
လင်းယွမ်က ဆက်မေးသည်။ "အရင်က အုပ်ချုပ်ရေးဌာနက လူဦးရေ စာရင်းကောက်တုန်းက သူ စာရင်းထဲ ပါလား"
"အင်း... ပါပါတယ်... ဒါပေမဲ့ သူ တင်ပြထားတဲ့ အချက်အလက်တွေအရဆိုရင် သူက ဒီဒေသခံပါ... အရင် ရှုအန်ဥယျာဉ် အိမ်ရာမှာ နေတာတဲ့"
"သွားပြီး စစ်ဆေးကြည့်သေးလား" ဟု လင်းယွမ်က မေးလိုက်သည်။
ကွမ်ရှောင်တျဲ၏ နောက်ခံရာဇဝင်တွင် ပြဿနာရှိနေနိုင်ကြောင်း ကွမ်ယွဲ့ သတိထားမိသွားသည်။ မဟုတ်လျှင် လင်းယွမ်က ဤမျှအထိ ထပ်တလဲလဲ မေးနေမည် မဟုတ်ပေ။
သူမက အလျင်အမြန် ပြန်ဖြေသည်။ "သွားစစ်ဆေးပြီးပါပြီ... တကယ်ပဲ အဲဒီဘက်က နေထိုင်သူပါ... ကျွန်မတို့ သူ့ရဲ့ အရင်အိမ်ကိုလည်း သွားကြည့်ခဲ့တယ်... သူ့ငယ်ငယ်က ဓာတ်ပုံတွေ အများကြီးတွေ့ခဲ့သလို မိသားစု ဓာတ်ပုံတွေကိုလည်း တွေ့ခဲ့ရပါတယ်"
"ဒါနဲ့ သူ့မိဘတွေကရော"
"ရေကြီးတဲ့အချိန်တုန်းက ဆုံးသွားပြီလို့ ပြောပါတယ်... ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ပါနေလို့ ကျွန်မတို့ သေချာ ထပ်မမေးဖြစ်တော့ဘူး"
လင်းယွမ်က ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး "သူ မင်းတို့ဆီ ဝင်လာပြီးတဲ့နောက်မှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေများ ရှိသေးလား" ဟု မေးလိုက်သည်။
"အဲဒါကတော့... ကျွန်မလည်း မသိဘူးရှင်"
ကွမ်ယွဲ့က စီမံခန့်ခွဲသူတစ်ဦး ဖြစ်ရာ သူမ၏ လက်အောက်ရှိ လူသစ်တိုင်းကို အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေရန် မဖြစ်နိုင်သလို သူတို့၏ နေ့စဉ် လှုပ်ရှားမှုများကို အချိန်ပြည့် စောင့်ကြည့်နေရန်လည်း မဖြစ်နိုင်ပေ။
လင်းယွမ်က ဆက်မမေးတော့ဘဲ တိချွမ်ခူးနှင့် လင်းယွီရုံတို့ကို လက်ယပ်ခေါ်ကာ ထိုမိန်းကလေးကို ခေါ်လာရန် အချက်ပြလိုက်သည်။
မကြာမီမှာပင် ထိုနှစ်ဦးက ကွမ်ရှောင်တျဲဟုခေါ်သော မိန်းကလေးကို ဖမ်းဆီး၍ ကူးခတ်လာကြသည်။
ထိုမိန်းကလေးက စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်။ "ကျွန်မကို လွှတ်... ရှင်တို့ ကျွန်မကို လွှတ်ကြစမ်း"
သူမက ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်ပြီး ဒေါသတကြီး မေးလိုက်သည်။ "ဆရာက လင်းယွမ်ဆိုတာလား... အားလုံးက ဆရာ့ကို လူကောင်းလို့ ပြောကြတာ... တကယ်တော့ ဆရာက ဒီလိုလူကောင်းမျိုးကိုး"
ကွမ်ယွဲ့၏ မျက်နှာထား ချက်ချင်း ပျက်သွားပြီး အလျင်အမြန် ကြိမ်းမောင်းလိုက်သည်။ "ရှောင်တျဲ... လျှောက်မပြောနဲ့... ဆရာလင်းက လူတွေကို မတရား မစွပ်စွဲတတ်ဘူး... ဒီထဲမှာ နားလည်မှုလွဲတာ တစ်ခုခု ရှိနေနိုင်တယ်"
ထိုသို့ပြောရင်း သူမက လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။ "ဆရာလင်း... ဒါက တကယ်တော့ ဘယ်လိုဖြစ်ရတာလဲဟင်"
လင်းယွမ်က ပြုံးလိုက်ပြီး တိချွမ်ခူးနှင့် လင်းယွီရုံတို့ကိုသာ မေးလိုက်သည်။ "ဒါက မင်းတို့နှစ်ယောက်ထဲက ဘယ်သူ့ရဲ့ စိတ်ဝိညာဉ် အစိတ်အပိုင်းလဲ"
လင်းယွီရုံက ဖြေလိုက်သည်။ "ကျွန်မရဲ့ အစိတ်အပိုင်းပါ"
ထိုသို့ပြောရင်း သူမက ကွမ်ရှောင်တျဲဘက်သို့ လှည့်ကြည့်ကာ ပြုံးလျက် "ဟန်ဆောင်မနေနဲ့တော့... နင် ဒီအချိန်မှာ သူ့ရဲ့ မူလစိတ်အသိကို ထုတ်လွှတ်ပေးလိုက်လို့ရော ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"
ထိုစကား ထွက်လာသည်နှင့် ကွမ်ရှောင်တျဲ၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားတော့သည်။
ဆက်ရန်...