အခန်း (၇၂၃-၇၂၄)
Vol. 37 Ch. 723-724
အပိုင်း (၇၂၃) ပျက်စီးသွားသော ဝိညာဉ်အပိုင်းအစ
ကွမ်ရှောင်တျဲသည် မိမိ၏ ပင်မခန္ဓာကိုယ်က အဘယ်ကြောင့် ဤအမျိုးသားဘက်မှ ရပ်တည်ပြီး သူမတည်ရှိနေမှုကို ကိုယ်တိုင် ဖော်ထုတ်လိုက်ရသနည်းဆိုသည်ကို မည်သို့မျှ စဉ်းစား၍မရနိုင်အောင် ဖြစ်နေသည်။
ဤသည်က လုံးဝမဖြစ်သင့်သောအရာ ဖြစ်သည်... သူမကမှ တစ်ဖက်လူ၏ ဝိညာဉ်အပိုင်းအစ ဖြစ်သည်မဟုတ်ပါလော...
သူမတို့က တစ်သားတည်း ဖြစ်နေသင့်သည် မဟုတ်ပါလော...
"နင်က တကယ်တော့ ဘယ်သူလဲ"
ကွမ်ရှောင်တျဲက လင်းယွမ်ကို ဆက်မကြည့်တော့ဘဲ ပင်မခန္ဓာကိုယ် လင်ယွီရုံကိုသာ ဒေါသတကြီး စိုက်ကြည့်နေလိုက်သည်။
လင်ယွီရုံက သူမ၏ ဤအမူအရာကို ကြည့်လိုက်သည်နှင့် သူမစိတ်ထဲတွင် ဘာတွေတွေးနေသည်ကို ချက်ချင်း သိလိုက်၏။
ထို့ကြောင့် သက်ပြင်းတစ်ချက်ချကာ "ငြင်းဆန်မနေနဲ့တော့... အခွင့်အရေး မရှိတော့ပါဘူး"
"ငါက ဆရာလင်းကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ပြီ... နင်က ငါ့ရဲ့ ဝိညာဉ်အပိုင်းအစ တစ်ခုသက်သက်ပဲမို့ အညံ့ခံလိုက်ပါတော့"
ကွမ်ရှောင်တျဲ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်သွားပြီး သူမ၏ နားကိုပင် သူမ မယုံရဲသကဲ့သို့ ဖြစ်သွားသည်။
"နင်... နင် ဘာပြောလိုက်တယ်"
"အညံ့ခံလိုက်တယ် ဟုတ်လား"
သူမ ကိုယ်တိုင် နားကြားမှားသွားသည်ဟုပင် ထင်မှတ်သွားမိသည်။
မျက်စိရှေ့မှ ဤလူသည် သူမ၏ ပင်မခန္ဓာကိုယ်ရော ဟုတ်ပါသေးရဲ့လား...
ဒါမှမဟုတ် အဆင့်အတန်း မြင့်မားလှသော ရေခဲနတ်ဘုရားမ... ရေခဲပင်လယ်၏ သခင်မရော ဟုတ်ပါသေးရဲ့လား...
သူမသည် ဤကဲ့သို့သော ပြောင်းလဲမှုကို လုံးဝ လက်မခံနိုင်ဖြစ်ကာ တစ်ခဏချင်းမှာပင် ဒေါသအထွတ်အထိပ်သို့ ရောက်သွားတော့သည်။
"နင် ဘာတွေပြောနေတာလဲ... လင်ယွီရုံ"
"နင်က ငါလေ... နင်က ငါပဲကို... နင်က ဘယ်လိုလုပ်ပြီး အညံ့ခံရတာလဲ"
"ခွေးမ... သောက်ရူးမ"
ကွမ်ရှောင်တျဲက မယုံကြည်နိုင်စွာဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သို့သော် လင်ယွီရုံ၏ မျက်နှာထားကမူ အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိဘဲ စိတ်ထဲမှသာ သက်ပြင်းချလိုက်မိ၏။
အကယ်၍သာ ရွေးချယ်စရာ လမ်းရှိခဲ့ပါက မည်သူကများ အခြားသူကို သခင်အဖြစ် အသိအမှတ်ပြုပြီး ကျေးကျွန်တစ်ယောက် ဖြစ်ချင်မည်နည်း။
ယခင်နှစ်များက သူမကသာ အခြားသူများကို ကျေးကျွန်အဖြစ် သိမ်းသွင်းခဲ့ပြီး သူမကိုသာ သခင်အဖြစ် အသိအမှတ်ပြုခဲ့ရသည့် အခြေအနေမျိုးသာ ရှိခဲ့ဖူးသည်။
သို့သော် လောကဓံက အလှည့်အပြောင်း ရှိလာခဲ့ပြီဖြစ်ရာ ဤတစ်ကြိမ်တွင်တော့ သူမ လင်းယွမ်၏ လက်ထဲတွင် အရှုံးပေးလိုက်ရပြီ ဖြစ်သည်။
ဤဝိညာဉ်အပိုင်းအစလေးသည်လည်း ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
"လင်ယွီရုံ... မင်း ဘာကို စောင့်နေတာလဲ... သူ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်အပိုင်းအစနဲ့ မပေါင်းစပ်သေးဘူးလား"
"ဟုတ်ကဲ့ပါ... သခင်"
လင်းယွမ်က အမိန့်ပေးလိုက်သည်နှင့် လင်ယွီရုံက စကားများများ ဆက်မပြောတော့ဘဲ သူမ၏ လက်ကိုဆန့်ကာ ကွမ်ရှောင်တျဲ၏ ခေါင်းပေါ်သို့ ဖိချလိုက်သည်။
ခန္ဓာကိုယ်အတွင်းရှိ စိတ်စွမ်းအင်များကို အသက်သွင်းလိုက်ရာ ခဏချင်းမှာပင် သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စုပ်ယူအားတစ်ခု ထွက်ပေါ်လာ၏။
ကွမ်ရှောင်တျဲ၏ ခန္ဓာကိုယ်ပေါ်မှလည်း စိတ်စွမ်းအင် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ပုံရိပ်ယောင်သဖွယ် ဖြစ်နေသော ဝိညာဉ်အပိုင်းအစ တစ်ခုကို လင်ယွီရုံက ကွမ်ရှောင်တျဲ၏ ခန္ဓာကိုယ် အတွင်းပိုင်းအနက်ရှိုင်းဆုံး နေရာမှ အတင်းအဓမ္မ ဆွဲထုတ်လိုက်တော့သည်။
ဤအရာက သူမ၏ ဝိညာဉ်အပိုင်းအစပင် ဖြစ်သည်။
ထိုဝိညာဉ်အပိုင်းအစလေး လွင့်ထွက်လာသည်နှင့်တစ်ပြိုင်နက် ထိုဝိညာဉ်အပိုင်းအစမှာ ရုန်းကန်နေဆဲဖြစ်ပြီး အသံကုန် အော်ဟစ်ဆဲဆိုနေသည်ကို မြင်တွေ့လိုက်ရသည်။
"နင် ရူးနေပြီလား... နင် ရူးသွားပြီလား"
"ငါက နင်လေ... နင်က ငါပဲလေ... ငါတို့က တစ်သားတည်းဖြစ်ရမှာလေ... ဘယ်လိုလုပ်ပြီး နင်က ငါ့ကို ဒုက္ခပေးရက်ရတာလဲ"
"ခွေးမသား... လင်း ဆိုတဲ့ကောင်... နင် ဘာတွေလုပ်ခဲ့တာလဲ... ငါ့ရဲ့ ပင်မခန္ဓာကိုယ်ကို နင် ဘာတွေလုပ်ခဲ့တာလဲ"
ဝိညာဉ်အပိုင်းအစက စူးစူးဝါးဝါး အော်ဟစ်နေသော်လည်း လင်းယွမ်ကမူ မကြားချင်ယောင်ဆောင်နေပြီး အမူအရာက တည်ငြိမ်နေဆဲပင်။
အချိန် သိပ်မကြာလိုက်ဘဲ ထိုနှစ်ခုက တစ်သားတည်း ပေါင်းစပ်သွားကာ လင်ယွီရုံ၏ စိတ်ပင်လယ်ထဲတွင် ကွမ်ရှောင်တျဲ၏ ဘဝဖြတ်သန်းမှု မှတ်ဉာဏ်များပါ ထပ်တိုးရောက်ရှိလာခဲ့သည်။
ကွမ်ရှောင်တျဲ ကိုယ်တိုင်ကမူ သတိလစ် မေ့မြောသွားလေတော့သည်။
ကွမ်ယွဲ့သည် ဤမြင်ကွင်းကို ကြည့်ရင်း လုံးဝ ကြောင်အမ်းအမ်း ဖြစ်နေရှာသည်။
"ဒါ... ဒါ... ဆရာလင်း... ဒါက တကယ်တော့ ဘယ်လိုဖြစ်ရတာလဲဟင်"
လင်းယွမ်က သူမကို လှမ်းကြည့်လိုက်ပြီး ကွမ်ရှောင်တျဲကို တစ်ဖက်လူထံ လွှဲပြောင်းပေးလိုက်ရင်း "ရှေးဟောင်း အစွမ်းပိုင်ရှင်ရဲ့ ဝိညာဉ်အပိုင်းအစက သူ့ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတာ... စောစောက ထွက်လာတဲ့ စိတ်ဝိညာဉ်ကိုယ်ထည်က ရှေးဟောင်း အစွမ်းပိုင်ရှင်ရဲ့ ဝိညာဉ်အပိုင်းအစပဲ"
"ဒီလို ဝိညာဉ်အပိုင်းအစမျိုးက သူ ကြီးထွားလာတာနဲ့အမျှ တဖြည်းဖြည်း အားကောင်းလာပြီး နောက်ဆုံးကျရင် သူ့နေရာကို အစားထိုး ဝင်ရောက်သွားလိမ့်မယ်"
"အခုတော့ သူ့ရဲ့ ပင်မခန္ဓာကိုယ်က အန္တရာယ် မရှိတော့ဘူး... လောလောဆယ် စိတ်စွမ်းအင်က နည်းနည်း ထိခိုက်သွားနိုင်လို့ အချိန်အတိုင်းအတာတစ်ခုအထိ အနားယူလိုက်ရင် ကောင်းသွားမှာပါ"
ကွမ်ယွဲ့မှာ ထိတ်လန့်တုန်လှုပ်သွားပြီး "ရှေးဟောင်း အစွမ်းပိုင်ရှင် ဟုတ်လား... ဝိညာဉ်အပိုင်းအစ"
သူမ၏ အဆင့်အတန်းက ထိုက်ယန်တောင် အစည်းအဝေးသို့ တက်ရောက်ရန် မလုံလောက်သေးသဖြင့် အချို့သော လျှို့ဝှက်သတင်းများကို သူမ သိရှိမထားပေ။
လင်းယွမ်က အရေးကြီးသော သတင်းအချက်အလက် အချို့ကို ရွေးချယ်ကာ သူမကို တစ်ခေါက် ရှင်းပြလိုက်သည်။
သူမ၏ မျက်နှာထားက တစ်ခဏချင်းမှာပင် အလွန်တရာ ဆိုးရွားသွားတော့သည်။
"အို... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ... ကျွန်မတို့တွေက မနည်း အသက်ရှင်လွတ်မြောက်လာပြီး အစွမ်းတွေ နိုးထလာတာကိုတောင်... ခန္ဓာကိုယ် အတွင်းပိုင်း အနက်ရှိုင်းဆုံးမှာ ရှေးဟောင်း အစွမ်းပိုင်ရှင်တွေက ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကို မျက်စိကျနေမလား ဆိုတာကို သတိထားနေရဦးမှာလား"
"ဆရာလင်း... ဒီလို အခြေအနေမျိုးကို စောစောစီးစီး သိနိုင်မယ့် နည်းလမ်းများ မရှိဘူးလားဟင်"
လင်းယွမ်က ခေတ္တ တွေးတောလိုက်ပြီး "ကိုယ့်ဘေးနားက လူတွေကို သေချာ အကဲခတ်ကြည့်... သိသာထင်ရှားတဲ့ အမူအကျင့် အများကြီး ရှိနေတာ ဒါမှမဟုတ် စိတ်နေသဘောထားတွေ အကြီးအကျယ် ပြောင်းလဲသွားပြီး ထူးထူးဆန်းဆန်း စကားတွေ ပြောတတ်တဲ့လူမျိုး ဆိုရင် အဓိက သတိထားစောင့်ကြည့်ပါ... ချက်ချင်း ဖမ်းချုပ်ပြီး ငါ့ဆီကို ခေါ်လာခဲ့"
ကွမ်ယွဲ့သည် ထိုစကားကို ကြားလိုက်ရသော် ရင်ခွင်ထဲရှိ ကွမ်ရှောင်တျဲကို တစ်ချက်ကြည့်လိုက်ပြီး "ဆရာ ပြောမှ ကျွန်မလည်း သတိရသွားတယ်... ရှောင်တျဲက တကယ်ပဲ အချိန်တစ်ပိုင်းလောက် ဂယောက်ဂယက် ဖြစ်နေခဲ့တာ"
"အရင်တုန်းက ရှောင်ယွီနဲ့ အရမ်း တည့်ခဲ့တာလေ... သူက ရှောင်ယွီဆီကို တိတ်တဆိတ် သွားရှာပြီး သူ့ခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘူးလို့ ခဏခဏ သွားပြောခဲ့သေးတယ်... ဒါပေမဲ့ စကားစလိုက်တိုင်းမှာ ရုတ်တရက်ကြီး တခြားလူတစ်ယောက်လို ပြောင်းသွားတတ်တယ်"
လင်းယွမ်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး "ကြည့်ရတာ သူ့ရဲ့ ပင်မအသိစိတ်က တစ်ခုခုကို ရိပ်မိသွားလို့ အကူအညီတောင်းဖို့ ထွက်လာခဲ့တာပဲ ဖြစ်ရမယ်"
"ရှောင်ယွီက မင်းကို သတင်းမပို့ဘူးလား"
"သတင်းပို့ပါတယ်... ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မ ရှောင်တျဲကို တွေ့တော့ သူက ပုံမှန်အတိုင်းပဲ ဖြစ်နေတာ... ကြည့်ရတာ အဲဒီအချိန်ကတည်းက ရှေးဟောင်း အစွမ်းပိုင်ရှင်ရဲ့ ဝိညာဉ်အပိုင်းအစက သူ့ခန္ဓာကိုယ်ကို နေရာယူသွားပြီ ထင်တယ်"
ကွမ်ယွဲ့က ထိတ်လန့်တုန်လှုပ်နေဆဲဖြင့် "ဆရာလင်း... သူက ရှောင်တျဲကို အပြီးအပိုင် နေရာယူပြီးသွားရင် ဘာတွေ လုပ်မှာလဲဟင်"
လင်းယွမ်က ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး "အတိအကျတော့ မသိနိုင်ဘူး... ဒီလို ရှေးဟောင်း အစွမ်းပိုင်ရှင်တွေက သူတို့ရဲ့ စွမ်းရည်တွေကို ပြန်ရသွားပြီးတာနဲ့ ပထမဆုံး လုပ်မယ့် အလုပ်က သူတို့ရဲ့ ကျင့်စဉ်စွမ်းအားတွေကို ပြန်အရယူဖို့ပဲ"
"ဖြစ်နိုင်ခြေ အများဆုံးကတော့ သူတို့ရဲ့ တခြား ဝိညာဉ်အပိုင်းအစတွေကို လိုက်ရှာဖို့ နည်းလမ်းရှာကြမှာပဲ... အဲဒီလို လုပ်ရပ်အတွက်က လူအင်အား လိုအပ်တယ်လေ"
"ငါထင်တာတော့ သူက အဖွဲ့အစည်းတစ်ခုခုကို သိမ်းပိုက်ပြီး လက်အောက်ငယ်သား တစ်စုကို ပိုင်ဆိုင်ဖို့ ကြိုးစားလောက်တယ်"
ဆရာလင်း၏ ဤကဲ့သို့ သုံးသပ်ချက်ကို ကြားလိုက်ရသော် ကွမ်ယွဲ့မှာ ချက်ချင်းပင် ကျောချမ်းသွားတော့သည်။
ထိုသို့ဆိုလျှင် ကွမ်ရှောင်တျဲသည် နောက်ပိုင်းတွင် စွမ်းရည်များ အလျင်အမြန် တိုးတက်လာပြီးနောက် ကြီးမားသော ဖြစ်နိုင်ခြေတစ်ခုမှာ မျက်စိရှေ့ရှိ ဤရေသူမများနှင့် ငါးလူသားများကို ထိန်းချုပ်ချင်နေခြင်းပင် ဖြစ်ပေလိမ့်မည်။
ဆရာလင်း၏ အစွမ်းထက်မှုဖြင့် ထိုအချက်ကို တွေ့ရှိသွားသောအခါ သူမတို့သည်လည်း ဆရာလင်းနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ရတော့မည်မှာ မလွဲဧကန်ပင်။
တစ်ခဏချင်းမှာပင် ကွမ်ယွဲ့၏ ရင်ထဲ၌ ဆရာလင်း အချိန်မီ ရောက်လာခဲ့သည့်အတွက် ကံကောင်းလှသည်ဟု တိတ်တဆိတ် ဝမ်းသာနေမိသည်။
"ဆရာလင်း... ကျွန်မ အခုပဲ ပြန်ရောက်မလာသေးတဲ့ တခြားလူတွေကို သွားခေါ်လိုက်ပါ့မယ်... ဆရာက အကုန်လုံးကို တစ်ခေါက်လောက် စစ်ဆေးပေးပါဦး"
ကွမ်ယွဲ့က ကိုယ်တိုင်ကိုယ်ကျ စတင် ပြောဆိုလာပြီး အလွန်တရာ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိနေသည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "အင်း... မင်း သွားခေါ်လိုက်"
ထိုသို့ပြောရင်း သူက လင်ယွီရုံဘက်သို့ ခေါင်းလှည့်ကာ "ရေခဲတုံးတွေကို ဖျက်လိုက်ပြီး ဒီလူတွေကို လွှတ်ပေးလိုက်တော့"
"ဟုတ်ကဲ့ပါ... သခင်" လင်ယွီရုံက လင်းယွမ်ကို ရှုပ်ထွေးသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် လှည့်ကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရေခဲတုံးများ ပျော်ကျသွားလေသည်။
ချက်ချင်းဆိုသလို အောက်ဘက်ရှိ လူများအားလုံး ပုံမှန်အတိုင်း ပြန်လည် ဖြစ်သွားကြသည်။
သူတို့ သတိပြန်ဝင်လာချိန်တွင် စောစောက လင်းယွမ်နှင့် ကွမ်ယွဲ့တို့၏ စကားပြောသံများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး ဖြစ်သည်။
ယခုအချိန်တွင် သူတို့အားလုံးက လင်ယွီရုံကို ကြောက်ရွံ့ထိတ်လန့်သော အမူအရာဖြင့် ကြည့်နေကြပြီး ကွမ်ယွဲ့ ပွေ့ချီထားသော ကွမ်ရှောင်တျဲကိုလည်း လှမ်းကြည့်လိုက်ကြသည်။
သူတို့၏ မျက်လုံးများထဲတွင် ကွမ်ရှောင်တျဲအပေါ် ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
ကွမ်ရှောင်တျဲက ပုံမှန် မဟုတ်တော့ဘူးဟု ထင်မြင်နေကြပုံရသည်။
ထိုအခြေအနေကို လင်းယွမ် မြင်လိုက်ရသော် စကားအနည်းငယ် ပြောရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။ သို့မဟုတ်ပါက နောက်ပိုင်းတွင် ကွမ်ရှောင်တျဲသည် ဤလူစုထဲသို့ ဝင်ဆံ့ရန် ခက်ခဲသွားပေလိမ့်မည်။
ထို့ကြောင့် သူက ရှေ့သို့ ထွက်ရပ်လိုက်ပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။ "အားလုံးပဲ... စောစောက ငါနဲ့ မကွမ်တို့ ပြောခဲ့တဲ့ စကားတွေကို မင်းတို့အားလုံး ကြားပြီးလောက်ပြီ ထင်ပါတယ်"
"ကွမ်ရှောင်တျဲရဲ့ ခန္ဓာကိုယ်ထဲမှာ အရင်က တခြားလူတစ်ယောက်ရဲ့ ဝိညာဉ်အပိုင်းအစ ပုန်းအောင်းနေခဲ့တာ... အဲဒီ ဝိညာဉ်အပိုင်းအစကို အခု ငါ ရှင်းပစ်လိုက်ပြီမို့ ကွမ်ရှောင်တျဲက အခု နဂိုမူလ ကွမ်ရှောင်တျဲပဲ ပြန်ဖြစ်သွားပြီ"
"သူ့ဆီမှာ ဘာအန္တရာယ်မှ မရှိတော့ဘူး... အားလုံးပဲ သူ့ကို အမြင်စောင်းပြီး မဆက်ဆံကြပါနဲ့"
ကွမ်ယွဲ့လည်း သတိပြန်ဝင်လာပြီး လင်းယွမ်က ကွမ်ရှောင်တျဲအတွက် အာမခံပေးကာ သူမကို နောက်ပိုင်းတွင် ပုံမှန်ဘဝတစ်ခု ရရှိစေရန်နှင့် အားလုံးကြားထဲတွင် ပုံမှန်အတိုင်း ဝင်ဆံ့နိုင်စေရန် လုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။
သူမလည်း အလျင်အမြန် ရှေ့ထွက်လိုက်ပြီး "ဆရာလင်း ပြောတာ မှန်ပါတယ်... အားလုံးပဲ... ရှောင်တျဲက အခုဆို နစ်နာသူ တစ်ယောက်ပါပဲ... အားလုံး နောက်ပိုင်းကျရင် သူ့ကို အမြင်မစောင်းကြဘဲ ဂရုစိုက်ပြီး အကူအညီများများ ပေးကြပါ"
"ရှောင်ယွီ... နင်က ရှေ့ဆောင်လမ်းပြ လုပ်ပေးရမယ်နော်"
ထိုသို့ပြောရင်း ကွမ်ယွဲ့က အနီးအနားတွင် ရပ်နေသော ဂျိရှောင်ယွီကို လှမ်းကြည့်လိုက်သည်။
စောစောက ဂျိရှောင်ယွီ ရေခဲပိတ်လှောင်ခံထားရသော်လည်း လင်းယွမ်နှင့် ကွမ်ယွဲ့တို့၏ စကားများကို သူမ ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။
ထိုစကားကို ကြားလိုက်ရသော် ချက်ချင်း ခေါင်းညိတ်လိုက်ပြီး "စိတ်ချလိုက်ပါ... ကျွန်မတို့အားလုံးက ရှောင်တျဲကို မိသားစုဝင် တစ်ယောက်လိုပဲ သဘောထားမှာပါ... ဘယ်သူ သူ့ကို အနိုင်ကျင့်ရဲလဲ... ကျွန်မက ပထမဆုံး အနေနဲ့ လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး"
လင်းယွမ်သည် ဤမြင်ကွင်းကို ကြည့်ရင်း မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
ထို့နောက် ခေတ္တမျှ ထပ်မံ စောင့်ဆိုင်းလိုက်ရာ လူများ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြသည်။
လင်ယွီရုံနှင့် တိချွမ်ခူးတို့က တစ်ယောက်ချင်းစီကို စစ်ဆေးကြည့်လိုက်သော်လည်း နောက်ထပ် ဘာမှ ထူးထူးခြားခြား မတွေ့ရတော့ပေ။
နေ့လယ်ခင်း တစ်ခုလုံး ဤကိစ္စအတွက်နှင့်ပင် အလုပ်ရှုပ်နေခဲ့ကြသည်။
ဤကိစ္စ ပြီးဆုံးသွားချိန်တွင် လင်းယွမ်က ဂျိရှောင်ယွီ အပါအဝင် လူငယ်အချို့ကို ရွေးချယ်လိုက်ပြီး သူတို့ကို ထိုက်ယန်တောင် သို့ သွားရောက် သတင်းပို့ခိုင်းလိုက်သည်။
အထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းမည်ဟု သူပြောခဲ့သည်မှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။
ယခုအခါ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနဘက်မှ ထိုက်ယန်တောင် အမှတ် (၂) အမျိုးအစား ယာဉ်ပျံများကို စတင် ထုတ်လုပ်နေပြီဖြစ်ရာ မကြာမီတွင် အမြောက်အမြား ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်။
ထိုအချိန်ကျရောက်လာပါက ပင်ကိုယ်ပါရမီပါသော လေယာဉ်မှူးများနှင့် တိုက်ခိုက်ရေးသမား အမြောက်အမြား လိုအပ်လာပေလိမ့်မည်။
လေပေါ်ကျွန်း ပေါ်တွင် မည်သို့သော ပတ်ဝန်းကျင် အခြေအနေမျိုး ရှိနေသနည်းဆိုသည်ကို အတိအကျ မသိရသေးသဖြင့် တက်သွားမည့် အဖွဲ့ထဲတွင် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် အလျင်အမြန် နေထိုင်နိုင်စွမ်းရှိသော အဖွဲ့တစ်ဖွဲ့ မဖြစ်မနေ ပါဝင်ရန် လိုအပ်သည်။
ရေ၊ ကုန်း၊ လေ မြေပြင်အနေအထား သုံးမျိုးစလုံးကို ကျွမ်းကျင်သော အစွမ်းပိုင်ရှင်များ အားလုံး ပါဝင်နေခြင်းက အကောင်းဆုံးဖြစ်ပြီး ထိုသို့ဆိုလျှင်သာ ပိုမို ရှုပ်ထွေးသော ပတ်ဝန်းကျင် အခြေအနေများနှင့် လိုက်လျောညီထွေ နေထိုင်နိုင်မည် ဖြစ်သည်။
အပြန်လမ်းတွင် လင်းယွမ်က အခြား ပြဿနာတစ်ခုကို တွေးတောနေမိသည်။
"အသက်ရှည်ရှည် နေနိုင်တဲ့ နည်းလမ်းတွေကို သုံးပြီး ပြန်ရှင်သန်ချင်တဲ့ ရှေးဟောင်း အစွမ်းပိုင်ရှင်တွေက မနည်းမနော ရှိလောက်တယ်"
"လင်ယွီရုံနဲ့ တိချွမ်ခူး နှစ်ယောက်တည်းကိုပဲ အားကိုးနေရမယ်ဆိုရင် သူတို့နှစ်ယောက်ရဲ့ ဝိညာဉ်အပိုင်းအစတွေကိုပဲ ဖယ်ရှားနိုင်မှာ"
"ကျင်းဖုန်း လည်း ရှိသေးတယ်... အဲဒီကောင်ကိုလည်း ငါက ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတ နဲ့ ခတ်နှိပ်ထားပြီးပြီ"
"အချိန်ကျရင် သူတို့သုံးယောက်ကို ဒီကိစ္စအတွက် သီးသန့် တာဝန်ပေးပြီး ထိုက်ယန်တောင် အဖွဲ့အစည်းနယ်မြေ တစ်ခုလုံးက လူတွေအားလုံးကို စစ်ဆေးခိုင်းလို့ ရတယ်"
"ထိုက်ယန်တောင်ကို အန္တရာယ်ပေးနိုင်မယ့် ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ ရှေးဟောင်း အစွမ်းပိုင်ရှင်တွေကို ငါ့နယ်မြေထဲမှာ လုံးဝ ပုန်းအောင်းခွင့် ပြုလို့ မဖြစ်ဘူး"
ထိုသို့ တွေးလိုက်မိပြီး လင်းယွမ်က လင်ယွီရုံနှင့် တိချွမ်ခူးတို့ကို ကြည့်ကာ မေးလိုက်သည်။ "မင်းတို့နှစ်ယောက်မှာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်း အစွမ်းပိုင်ရှင်ရဲ့ ဝိညာဉ်အပိုင်းအစ ရှိမရှိကို တိုက်ရိုက် စစ်ဆေးနိုင်မယ့် နည်းလမ်းများ ရှိလား"
လင်ယွီရုံနှင့် တိချွမ်ခူးတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံး ခေါင်းခါယမ်းပြလိုက်ကြသည်။
လင်ယွီရုံက ပြောလာ၏။ "အစပိုင်းခေတ်တွေတုန်းကတော့ ရှေးဟောင်း အစွမ်းပိုင်ရှင်တွေရဲ့ ဝိညာဉ်အပိုင်းအစတွေကို တခြားလူတွေက ရှာတွေ့သွားပြီး ဖျက်စီးခံခဲ့ရတဲ့ အခြေအနေမျိုးတွေ ရှိခဲ့ဖူးပါတယ်"
"နောက်ပိုင်း ကျွန်မတို့ခေတ်ကို ရောက်လာတော့ အားလုံးက ပိုပြီး ဉာဏ်နီဉာဏ်နက် များလာကြတယ်... ကိုယ့်ရဲ့ ဝိညာဉ်အပိုင်းအစကို မျိုးရိုးဗီဇနဲ့ ပေါင်းစပ်လိုက်ပြီး မျိုးရိုးဗီဇကနေတစ်ဆင့် လက်ဆင့်ကမ်းတဲ့ မှတ်ဉာဏ်အဖြစ် ဖန်တီးလိုက်ကြတာ... အဲဒီလို မျိုးရိုးဗီဇ အမွေဆက်ခံတဲ့ နည်းလမ်းကနေတစ်ဆင့် ဒီပြဿနာကို တိုက်ရိုက် ဖြေရှင်းလိုက်ကြတာပဲ"
"မျိုးရိုးဗီဇ အဆင့် ပြဿနာဖြစ်နေတော့ မျိုးရိုးဗီဇ နည်းလမ်းကို အသုံးပြုပြီးမှပဲ ဖြေရှင်းလို့ ရနိုင်တော့တယ်"
"လက်ခံမယ့် ခန္ဓာကိုယ်ပိုင်ရှင် ကိုယ်တိုင်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ရှိနေပြီး ဝိညာဉ်အပိုင်းအစကို ပြန်လည် ထိန်းချုပ်နိုင်စွမ်း မရှိဘူးဆိုရင် တခြား ဘာနည်းလမ်းမှ မရှိတော့ပါဘူး"
"အပြင်လူတွေ အနေနဲ့ ဝိညာဉ်အပိုင်းအစ ရှိနေတာကို သိချင်တယ်ဆိုရင်တော့ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ပုံမှန်မဟုတ်တဲ့ လုပ်ရပ်တွေကနေတစ်ဆင့်ပဲ အကဲဖြတ်လို့ ရနိုင်တော့တယ်"
တိချွမ်ခူးကလည်း ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်ပြီး "အခြေခံသဘောတရားအရ ပြောရရင်... မရေမတွက်နိုင်တဲ့ မျိုးဆက်တွေ တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းလာတဲ့ အချိန်မှာ ဝိညာဉ်အပိုင်းအစက ဒီခန္ဓာကိုယ်နဲ့ လုံးဝကို တစ်သားတည်း ပေါင်းစပ်သွားတာပဲ"
"တကယ်တော့ သူတို့က နဂိုကတည်းက လူတစ်ယောက်တည်း ဖြစ်နေတာဆိုတော့... ခန္ဓာကိုယ်နဲ့ ဝိညာဉ်အပိုင်းအစကို အပြီးအပိုင် ခွဲခြားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလောက်ပါပဲ"
"ဒါပေမဲ့ ဒဏ္ဍာရီထဲက အထူးစွမ်းရည် တချို့ဆိုရင်တော့ ရနိုင်ကောင်း ရနိုင်လိမ့်မယ်... ဥပမာအနေနဲ့ အကြောင်းအကျိုး အမျိုးအစား အစွမ်းတွေဆိုရင်တော့ ဘာအကြောင်းပြချက်မှ ပေးနေစရာ မလိုဘူးလေ"
"ဒါပေမဲ့ အကြောင်းအကျိုး အမျိုးအစား အစွမ်းတွေက ရှာဖို့မလွယ်ဘူး... ဒီလို အစွမ်းမျိုးက အရမ်းကို ရှားပါးလွန်းတယ်... တကယ်လို့ အကြောင်းအကျိုး အမျိုးအစား အစွမ်းပါတဲ့ သင်္ကေတ အရိုး တစ်ခုခု ပေါ်လာခဲ့ရင်တောင် ဘယ်သူမှ ထုတ်ရောင်းမှာ မဟုတ်ဘူး"
တိချွမ်ခူး၏ စကားက လင်းယွမ်၏ ရင်ထဲတွင် လှုပ်ခတ်သွားစေသည်။
အခြားလူတွေမှာ အကြောင်းအကျိုး အမျိုးအစား အစွမ်းတွေ မရှိပေမယ့် သူ့လက်ထဲမှာတော့ ရှိနေသည် မဟုတ်ပါလော။
ယခင်က သူ ဖမ်းဆီးထားခဲ့သော ကုကျန့်ယဲ့ ကိုပင် ထည့်မပြောနှင့်ဦး... ထိုလူ၏ စေတစ်လုံးအစွမ်း သည်ပင်လျှင် စံပြ အကြောင်းအကျိုး အမျိုးအစား အစွမ်းတစ်ခု ဖြစ်နေသည်။
မည်သည့် အကြောင်းပြချက်မှ ပေးနေစရာ မလိုဘဲ အစွမ်းကို ထုတ်သုံးလိုက်သည်နှင့် အကြောင်းအကျိုး ဆက်စပ်မှုကို တိုက်ရိုက် အားပြုပြီး ရုတ်တရက် တိုက်ခိုက် သတ်ဖြတ်နိုင်စွမ်း ရှိသည်။
ယခုအခါ ကုကျန့်ယဲ့သည် ရေထောင်ချောက်ထဲတွင် သူ၏ ပိတ်လှောင်ခြင်းကို ခံထားရဆဲဖြစ်ပြီး ယခင်က ကပ်ပါးမျိုးစေ့ ကို ထည့်သွင်းထားခဲ့သော်လည်း တစ်ဖက်လူကသာ သေချင်စိတ် ပေါက်နေပါက သူ့အတွက် အသုံးဝင်နိုင်မည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် လင်းယွမ်၌ ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတ ရှိနေပြီဖြစ်ရာ ကုကျန့်ယဲ့အနေဖြင့် သေချင်လျှင်တောင်မှ သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းနိုင်တော့မည် မဟုတ်ပေ။
နောက်တစ်လှမ်း ဆုတ်ပြီး တွေးကြည့်လျှင်တောင်... ကုကျန့်ယဲ့က ပူးပေါင်းမဆောင်ရွက်ပါကလည်း သူ့တွင် စနစ် ရှိနေသေးရာ သက်ဆိုင်ရာ အကြောင်းအကျိုး အမျိုးအစား အစွမ်းများကို တိုက်ရိုက် လဲလှယ်ရယူနိုင်သေးသည် မဟုတ်ပါလော။
ထိုသို့ တွေးလိုက်မိသည်နှင့် လင်းယွမ်သည် မနေနိုင်ဘဲ ပြုံးလိုက်မိတော့သည်။
သူ့စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။
"နည်းလမ်း နှစ်ခုစလုံးကို အသုံးပြုလိုက်တာ အကောင်းဆုံးပဲ... အရင်ဆုံး စနစ်ထဲကနေ စေတစ်လုံးအစွမ်း ကို လဲလှယ်လိုက်မယ်... ပြီးမှ ကုကျန့်ယဲ့ကို ထိန်းချုပ်ပြီး ငါ့အတွက် အလုပ်လုပ်ပေးခိုင်းလိုက်မယ်"
"ဒီလိုဆိုရင်တော့ ငါက ထိုက်ယန်တောင် မှာ မရှိရင်တောင် ငါ့အတွက် ဒီနေရာကို စောင့်ကြပ်ပေးမယ့်လူ ရှိနေပြီပေါ့"
ဆက်ရန်...
အပိုင်း(၇၂၄) စေတစ်လုံး အစွမ်းကို မဲနှိုက်ရယူခြင်း
ဤကိစ္စကို လင်းယွမ်က အချိန်အကြာကြီး ဆွဲမထားရဲပေ။
ရှေးဟောင်း အစွမ်းပိုင်ရှင်များ၏ ခြိမ်းခြောက်မှုက အလွန်ကြီးမားလှ၏။ အကယ်၍ ၎င်းတို့၏ စိတ်ဝိညာဉ်အပိုင်းအစများအားလုံးကို အပြည့်အဝ ပေါင်းစပ်ခွင့်ပေးလိုက်ပါက သူတို့၏ စွမ်းအားများက အမြင့်ဆုံးအဆင့်သို့ ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။
ထိုသို့ဆိုလျှင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှုက ၁၀၀ ရာခိုင်နှုန်းအထိ တိုက်ရိုက် ရောက်ရှိသွားနိုင်ပေသည်။
ထိုအချိန်သို့ ရောက်လာပါက သူကိုယ်တိုင်ပင်လျှင် လက်တုံ့ပြန်နိုင်စွမ်းမရှိဘဲ ထိုးနှက်ခံရုံသာ တတ်နိုင်တော့မည် ဖြစ်သည်။
ထို့ကြောင့် သူကိုယ်တိုင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှု ၁၀၀ ရာခိုင်နှုန်းသို့ မရောက်မီ ဤရန်သူများကို အစကတည်းက အမြစ်ဖြတ် ချေမှုန်းပစ်ရမည် ဖြစ်သည်။
"အခု ငါ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှု အဆင့်က ၃၀ ရာခိုင်နှုန်းကို ရောက်လာပြီဆိုတော့... လင်ကျောင်းမြို့ အနီးတစ်ဝိုက်က မြို့တွေမှာ ပြိုင်ဘက်ကင်းပြီလို့ ထင်ထားခဲ့တာ... အခုကြည့်ရတာ အရမ်းကြီး ပေါ့ဆနေလို့ မရသေးဘူးပဲ"
လင်းယွမ်၏ ရင်ထဲတွင် အန္တရာယ်ရှိနေသည့် ခံစားချက်က တစ်ဖန် ပြန်လည်နိုးကြားလာ၏။ လင်းယွီရုံက စိတ်ဝိညာဉ်အပိုင်းအစများကို စုပ်ယူခြင်းဖြင့် နိုးထလာချိန်မှစ၍ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှု ၄၀ ရာခိုင်နှုန်းရှိသော အစွမ်းထက်သူတစ်ဦး ဖြစ်လာရန် တစ်လသာ အချိန်ယူခဲ့ရသည် မဟုတ်ပါလော။
ဤသို့ဆိုလျှင် လင်းယွမ်က မည်သို့ စိတ်မပူဘဲ နေနိုင်မည်နည်း။
ထို မုန်ယာကုမ္ပဏီ ၏ နောက်ကွယ်တွင် ရှေးဟောင်း အစွမ်းပိုင်ရှင်များက ကြိုးကိုင်ခြယ်လှယ်နေခြင်းများ ဖြစ်နေမလားဟုပင် သူ ယခုအခါ သံသယဝင်နေမိသည်။
ထိုသို့မဟုတ်ပါက တစ်ဖက်လူ၏ ဆင့်ကဲပြောင်းလဲမှုနှုန်းက အလွန်မြန်ဆန်လွန်းနေပြီး သင်္ကေတနည်းပညာ အမျိုးမျိုးကို အသုံးပြုရာတွင် အလွန်ချောမွေ့နေကာ သင်္ကေတနည်းပညာ၏ အင်အားက ထိုက်ယန်တောင် ထက် များစွာ သာလွန်နေလိမ့်မည် မဟုတ်ပေ။
ထိုက်ယန်တောင် သို့ ပြန်ရောက်သောအခါ လင်းယွမ်က အိမ်ပြန်၍ ရန်မေ တို့နှင့်အတူ ထမင်းစားလိုက်ပြီးနောက် လင်းဟုန်ကို ခေတ္တမျှ ချော့မြှူနေလိုက်သည်။
မွေးကင်းစ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ဝဝကစ်ကစ်လေး ဖြစ်နေသော သားဖြစ်သူကို ကြည့်ရင်း လင်းယွမ်၏ ရင်ထဲတွင် ပီတိများဖြင့် ပြည့်နှက်နေမိ၏။
"တုတု... ဘယ်သူလာလဲ ကြည့်ပါဦး"
ရန်မေက သားငယ်လေး လင်းဟုန်ကို ပွေ့ချီထားရင်း သူ၏ အသားဆိုင်လေးများဖြင့် ပြည့်နေသော လက်ကလေးကိုကိုင်ကာ လင်းယွမ်ရှိရာသို့ ဝှေ့ယမ်းပြလိုက်ရာ သူမ၏ မျက်နှာထက်တွင် မိခင်မေတ္တာများ အထင်းသား ပေါ်လွင်နေသည်။
လင်းယွမ်က တဟားဟား ရယ်မောရင်း သားဖြစ်သူကို ပွေ့ချီရန် ရှေ့သို့ တိုးသွားလိုက်သည်။
သို့သော် ထိုကလေးငယ်လေးက မျက်နှာနည်းနည်းမျှပင် မထောက်ဘဲ "ဝါး" ခနဲ အသံနှင့်အတူ ရုတ်တရက် အော်ငိုချလိုက်တော့သည်။
အော်ဟစ်ငိုယိုနေရုံသာမက လင်းယွမ်၏ လက်ထဲမှ လွတ်မြောက်ရန် ခြေရောလက်ပါ သုံး၍ အတင်း ရုန်းကန်နေလေသည်။
လင်းယွမ်လည်း ထိုအခြေအနေကိုမြင်လျှင် ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး...
"အကောင်းကြီး ရှိနေတာကို... ဘာလို့ ငိုသွားရတာလဲ"
ရန်မေက သားဖြစ်သူကို အလျင်အမြန် ပြန်လုပွေ့ချီလိုက်ပြီး...
"မောင်လေးက အိမ်မှာနေတဲ့အချိန် အရမ်းနည်းနေတာကိုး... တုတုက လူစိမ်းနေတာပေါ့"
လင်းယွမ်က မတတ်နိုင်စွာဖြင့် သက်ပြင်းချလိုက်မိသည်။ ထိုက်ယန်တောင်၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူသည် အလွန်အလုပ်များနေသည်မှာ သဘာဝပင် ဖြစ်၏။
ရန်မေကိုယ်တိုင်ပင်လျှင် ညဘက်ရောက်မှသာ ကလေးကို ထိန်းရန်နှင့် မိခင်နို့တိုက်ရန် အချိန်ရပြီး ထိုမှသာ သားအမိနှစ်ဦးကြား ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်နိုင်ခြင်း ဖြစ်သည်။
ပုံမှန် နေ့ခင်းဘက်များတွင်မူ လင်းယာ ကသာ ကလေးထိန်းသည့်အချိန် ပိုများလေသည်။
သို့သော် ကလေးလေးက ပထမတစ်လအတွင်းတွင် ထိန်းရအလွန်လွယ်ကူပြီး အခြေခံအားဖြင့် စားလိုက် အိပ်လိုက်သာ ဖြစ်သည်။
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး...
"နောက်ဆိုရင် ကျွန်တော် အိမ်မှာပဲ ရုံးလုပ်ငန်းတွေ လုပ်ဖို့ ကြိုးစားပါ့မယ်... အဲဒီလိုဆိုရင် ကလေးလည်း နေ့တိုင်း ကျွန်တော့်ကို မြင်နေရတော့ လူစိမ်းတော့မှာ မဟုတ်ဘူး"
ရန်မေက ချက်ချင်းပင် အတိုင်းမသိ ဝမ်းသာသွားပြီး...
"ဒါဆို အမလည်း အိမ်မှာပဲ အလုပ်လုပ်မယ်လေ"
လင်းယွမ်က ပြုံးလိုက်ပြီး...
"အုပ်ချုပ်ရေး အလုပ်တွေကို ဟယ်ဇီ နဲ့ ယွီခူး တို့ဆီ လွှဲပေးလိုက်ဖို့ ပြောထားတယ် မဟုတ်လား"
ရန်မေက မတတ်သာသည့်လေသံဖြင့်...
"သူတို့နှစ်ယောက်စလုံးက ကလေးမလေးတွေလေ... အလုပ်လုပ်တာလည်း မသေသပ်ကြဘူးဆိုတော့ အမက ဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ"
"ပြီးတော့ သူတို့နှစ်ယောက်က အသက်အရမ်းငယ်သေးတော့ လက်အောက်ငယ်သားတွေကို မအုပ်ချုပ်နိုင်တဲ့အချိန်တွေ အများကြီးရှိတယ်... အမက အနီးကပ် ကြီးကြပ်ပေးမှ ရမှာ"
ထိုစကားကို ကြားသောအခါ လင်းယွမ်က မေးစေ့ကို ပွတ်သပ်လိုက်ရင်း...
"ကြည့်ရတာ အုပ်ချုပ်ရေးအဖွဲ့တွေကို အမြန်ဆုံး ထပ်မွေးထုတ်ပေးမှ ရတော့မယ်... မဟုတ်ရင် လူအင်အား လောက်ငမှာ မဟုတ်ဘူး"
ယခုအခါ သူ၏ ပိုင်နက်နယ်မြေက အနည်းငယ် ကြီးမားလာခဲ့ပြီ ဖြစ်သည်။ ရေပေါ်ကျွန်းများပင် အများအပြား ရှိနေပြီဖြစ်ပြီး ထိုက်ယန်တောင် ကဲ့သို့သော နေရာများနှင့် ပေါင်းလိုက်ပါက နေရာတိုင်းတွင် အုပ်ချုပ်ရေးစနစ် တစ်ခုစီ ရှိရန် လိုအပ်နေပြီ ဖြစ်သည်။
ဤကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်မှသာ ကောင်းပေမည်။
ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခု ဆိုသည်မှာ ခေါင်းဆောင် မရှိလျှင်ပင် အလိုအလျောက် လည်ပတ်နိုင်စွမ်းရှိပြီး အသိုင်းအဝိုင်းတစ်ခုလုံးကို ပုံမှန်အတိုင်း လည်ပတ်နိုင်ရန် အာမခံချက် ပေးနိုင်ခြင်းပင် ဖြစ်သည်။
လက်ရှိ ထိုက်ယန်တောင် ၏ အုပ်ချုပ်ရေးစနစ်က ဤအချက်ကို လုပ်ဆောင်နိုင်စွမ်း မရှိသေးကြောင်း သိသာထင်ရှားလှသည်။
မည်သည့်နေရာတွင်မဆို အခိုင်အမာ စောင့်ကြပ်နေသည့် အင်အားအကြီးဆုံး စစ်အင်အား မရှိပါက အပြင်မှ ခြိမ်းခြောက်မှုများကို ခံရမည်သာ ဖြစ်သည်။
ယခုအခါ ရန်မေတွင် အလုပ်အကိုင်အပေါ် စိတ်ဝင်စားမှု သိပ်မရှိတော့ဘဲ သားဖြစ်သူအပေါ်သို့သာ စိတ်အာရုံ အားလုံးကို နှစ်မြှုပ်ထားလေပြီ။
သို့သော် လင်းယွမ်၏ ဇနီးကောင်းတစ်ဦးအနေဖြင့် သူမက အရာအားလုံးကို လုံးဝ ပစ်ထားလိုက်၍လည်း မဖြစ်ပြန်ပေ။
အထူးသဖြင့် ဈေးဝယ်စင်တာမှ ကိစ္စရပ်များစွာနှင့် ပစ္စည်းအမြောက်အမြား ဝင်ထွက်နေမှုများကို ကိုယ့်လူ ယုံယုံကြည်ကြည်ဖြင့် စောင့်ကြည့်မနေပါက တကယ်ကို စိတ်မချရပေ။
"အမ... အရမ်းလည်း အပင်ပမ်းမခံပါနဲ့... တချို့ကိစ္စတွေမှာ အရေးကြီးတာကိုပဲ ဆုပ်ကိုင်ပြီး အသေးအဖွဲတွေကို လွှတ်ချတတ်အောင် သင်ယူပါ... တခြားလူတွေကို လုပ်ခိုင်းလိုက်ပြီး အမက အဓိက လမ်းကြောင်းကိုပဲ ထိန်းချုပ်ထားရင် ရပါပြီ"
လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
ရန်မေက မတတ်နိုင်သည့်လေသံဖြင့်...
"အမက စိတ်မချလို့ပါ... ဈေးဝယ်စင်တာမှာ နေ့တိုင်း အဝင်အထွက်ရှိတဲ့ ပစ္စည်းပမာဏက အများကြီးပဲလေ... စောင့်ကြည့်မထားလို့ ဘယ်ဖြစ်ပါ့မလဲ"
လင်းယွမ်ကလည်း မတတ်သာဘဲ ပြုံးလိုက်မိသည်။
ထိုအချိန်တွင် ရန်မေက...
"ထားလိုက်ပါတော့... ဒီလို စိတ်ညစ်စရာတွေ မပြောတော့ပါဘူး... တုတုလေး နည်းနည်း ထပ်ကြီးလာရင် အစွမ်း နိုးထလာနိုင်မလားဟင်"
ရန်မေက အနည်းငယ် စိုးရိမ်သောလေသံဖြင့်...
"ဒီလိုခေတ်ကြီးမှာ အစွမ်းမရှိရင် ရပ်တည်ဖို့က အရမ်းခက်တယ်လေ... တုတုလေး ဘယ်လိုအစွမ်းမျိုး နိုးထလာမလဲ ဆိုတာကိုလည်း မသိရသေးဘူး"
လင်းယွမ်က ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး...
"သူက ငယ်ပါသေးတယ်ဗျာ... ဒီလောက်စောစောစီးစီး ဘယ်လိုလုပ် အစွမ်းနိုးထလာဦးမှာလဲ"
ရန်မေက...
"အခု မွေးကင်းစကလေးတွေက အစွမ်းနိုးထတာ တော်တော်စောတယ်လို့ အမ ကြားဖူးတယ်... အဲဒါ တကယ်ပဲလား"
လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး...
"စစ်ဆေးရေးဌာနဘက်က လူဦးရေ စစ်တမ်းကောက်ကြည့်တော့ အစွမ်းနိုးထတဲ့သူတွေက တကယ်ပဲ ပိုပိုပြီး ငယ်ရွယ်လာကြတယ်"
"ဒါပေမဲ့ မွေးကင်းစကလေးတွေ အပိုင်းကိုတော့ စာရင်းမကောက်ရသေးဘူး... အရမ်း ငယ်သေးတယ်လေ"
"လောလောဆယ်အထိတော့ မွေးကင်းစကလေးတွေမှာ အစွမ်းနိုးထလာတဲ့ အခြေအနေမျိုး မတွေ့ရသေးဘူး"
"ရေလွှမ်းမိုးတဲ့ ကမ္ဘာပျက်ကပ်ကြီး ဖြစ်ကတည်းကနေ အခုချိန်ထိဆိုရင် စုစုပေါင်း နှစ်နှစ်ကျော်ပဲ ရှိသေးတာ... အဲဒီလောက် မမြန်နိုင်သေးပါဘူး"
"ဒါ့အပြင် သူ အစွမ်းနိုးထလာသည်ဖြစ်စေ၊ မနိုးထလာသည်ဖြစ်စေ... ကျွန်တော့်ရဲ့ သားဖြစ်နေတဲ့အတွက် သူ ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်မှာပါ"
ရန်မေက ပြုံးလိုက်ပြီး သူ၏ ရင်ခွင်ထဲသို့ မှီတွယ်ကာ ပျော်ရွှင်မှုများ အပြည့်အဝ ခံစားနေရသည်။
ဤသည်ကပင် ယုံကြည်အားကိုးရသော လူတစ်ယောက်ကို ရှာတွေ့ထားသည့် ခံစားချက်ပင် မဟုတ်ပါလော။
ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုအချိန်လေးကို ဖြတ်သန်းပြီးနောက် လင်းယွမ်က အခန်းထဲသို့ ပြန်လာကာ ကံစမ်းမဲနှိုက်ရန် ပြင်ဆင်လိုက်သည်။
"စနစ်... စေတစ်လုံး အစွမ်းကို ရှာပေးစမ်း"
စနစ် က ချက်ချင်းပင် လျင်မြန်စွာ လည်ပတ်သွားပြီး အရှိန်အဟုန်ဖြင့် ရှာဖွေပေးလေသည်။
အချိန်သိပ်မကြာလိုက်ဘဲ အစွမ်းတစ်ခု ထွက်ပေါ်လာသည်။
စေတစ်လုံး - အကြောင်းအကျိုး အမျိုးအစား အစွမ်း
အရည်အသွေး - ရွှေရောင်အဆင့်
လိုအပ်ချက် - စိတ်စွမ်းအင် ၁၀၀ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၁၀၀ မှတ်
အစွမ်းအာနိသင် - နှုတ်မှထွက်သည်နှင့် အလိုပြည့်မည်။ သင် ပြောလိုက်သော စကားတိုင်းသည် အကြောင်းအကျိုးကို ဖြစ်ပေါ်စေပြီး လက်တွေ့ ဖြစ်လာစေလိမ့်မည်။
သတိပြုရန် - စေတစ်လုံး အစွမ်းသည် စိတ်စွမ်းအင်၏ လွှမ်းမိုးမှုကို ခံရသည်။ အကယ်၍ ပစ်မှတ်၏ စိတ်စွမ်းအင်သည် သင့်ထက် ကျော်လွန်နေပါက သင်၏ စေတစ်လုံး အစွမ်း၏ အကြောင်းအကျိုးသည် တစ်ဖက်လူအပေါ် လွှမ်းမိုးနိုင်မည် မဟုတ်ပေ။
သတိပြုရန် ၂ - စေတစ်လုံး အစွမ်း သုံးစွဲမှု ကျရှုံးပါက အကြောင်းအကျိုး ပြန်ကန်လာမှုကို ခံရနိုင်သဖြင့် မိမိ၏ စွမ်းရည်နှင့် ချိန်ဆ၍ အသုံးပြုပါ။
"ဟင်... ရွှေရောင် အရည်အသွေးလား... လိုအပ်ချက်ကလည်း အမှတ် ၁၀၀ ထိတောင် ရှိနေတာလား"
ဤအစွမ်းကို မြင်လိုက်ရသောအခါ လင်းယွမ်မှာ ရုတ်တရက် အလွန် အံ့အားသင့်သွားသည်။
လက်ရှိအချိန်အထိ သူ တွေ့ကြုံခဲ့ရသော အစွမ်းများမှာ အဖြူရောင်မှစ၍ အစိမ်းရောင်၊ ထိုမှ ခရမ်းရောင် ဖြစ်ပြီး ယခုမှသာ ရွှေရောင်ကို တွေ့ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတ မှသာလျှင် ရွှေရောင် အရည်အသွေး အစွမ်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ယခု ဤ "စေတစ်လုံး" အစွမ်းကလည်း ရွှေရောင် အရည်အသွေးသို့ ရောက်ရှိနေလေပြီ။
ထို့ပြင် ၎င်း၏ အစွမ်း လိုအပ်ချက်က စိတ်စွမ်းအင် ၁၀၀ မှတ်ပင် ဖြစ်နေသည်။
လင်းယွမ်က ထူးဆန်းသည်ဟု မခံစားဘဲ မနေနိုင်တော့ပေ။ ထို ကုကျန့်ယဲ့ သည် အမှတ် ၁၀၀ ပြည့်မှသာ ဤအစွမ်းကို နိုးထနိုင်ခဲ့သည် ဆိုသည့်သဘောလား။
မဖြစ်နိုင်လောက်ဟု သူ တွေးမိသည်။ ကုကျန့်ယဲ့သည် ဤအစွမ်းကို အစောကြီးကတည်းက နိုးထခဲ့သည်မှာ သေချာသည်။
လင်းယွမ်က မေးစေ့ကို ပွတ်သပ်လိုက်ရင်း ဤအစွမ်းသာ အခြားသော အစွမ်းပိုင်ရှင်များထံတွင် ပေါ်လာပါက ဖြည်းဖြည်းချင်း ကြီးထွားလာနိုင်သည့် အစွမ်းမျိုး ဖြစ်လောက်မည်ဟု ခန့်မှန်းလိုက်သည်။
တစ်ဖက်လူက အစပိုင်းတွင် အကြောင်းအကျိုးကို အတိုင်းအတာ သေးသေးလေးတစ်ခုလောက်သာ လွှမ်းမိုးနိုင်မည်ဖြစ်ပြီး ယခုကဲ့သို့ အဆင့်မျိုးအထိ တိုက်ရိုက် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
သူကိုယ်တိုင်ကမူ စနစ်မှတစ်ဆင့် အလွန် အစွမ်းထက်နေပြီဖြစ်သော စေတစ်လုံး အစွမ်းကို တိုက်ရိုက် လဲလှယ်လိုက်ခြင်း ဖြစ်သည်။
"ငါ့ရဲ့ ပိုင်နက်နယ်မြေထဲမှာ ရှိနေတဲ့ ရှေးဟောင်း အစွမ်းပိုင်ရှင်တွေ အားလုံးကို ငါ ချက်ချင်း အာရုံခံသိရှိနိုင်စေရမယ်"
လင်းယွမ်က သူ၏ ပထမဆုံးသော "စေတစ်လုံး" ကို ရွတ်ဆိုလိုက်သည်။
နောက်တစ်ခဏတွင် သူ၏ ဦးနှောက်ထဲ၌ အကြောင်းအကျိုး ကြိုးမျှင် သုံးခု ချက်ချင်း ထွက်ပေါ်လာတော့သည်။
လင်းယွမ်က အနည်းငယ်မျှ အာရုံခံကြည့်လိုက်ရုံဖြင့် အကြောင်းအကျိုး ကြိုးမျှင် သုံးခု၏ အဆုံးသတ်များက လင်းယွီရုံ၊ တိချွမ်ခူး နှင့် ကျင်းဖုန်း သုံးယောက်ထံသို့ တိုက်ရိုက် ချိတ်ဆက်နေကြောင်း ချက်ချင်း သိရှိလိုက်ရသည်။
သူ သက်ပြင်းတစ်ချက် ချလိုက်မည်အပြုတွင် အနောက်တောင်ဘက် အရပ်ဆီမှ နောက်ထပ် အကြောင်းအကျိုး ကြိုးမျှင်တစ်ခုက အဝေးဆီမှ လှမ်း၍ ချိတ်ဆက်လာသည်ကို ရုတ်တရက် အာရုံခံမိလိုက်သည်။
လင်းယွမ်၏ ရင်ထဲတွင် ဒိန်းခနဲ ခုန်သွားတော့သည်။
"အနောက်တောင်ဘက် အရပ်မှာ ရှေးဟောင်း အစွမ်းပိုင်ရှင်တစ်ယောက်ရဲ့ စိတ်ဝိညာဉ်အပိုင်းအစ ရှိနေတယ်"
လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။ အနောက်တောင်ဘက် အရပ်ဆိုသည်မှာ ကွမ်ဖူခရိုင် ဘက်တွင် ပင်တည်း။
သူ၏ အာဏာစက် နယ်ပယ်က ထိုဘက်ရှိ မြေဝါနတ်ဘုရားကျွန်း နှင့် မီယွမ်မိုးသစ်တောကျွန်း တို့ကို အစောကြီးကတည်းက လွှမ်းခြုံထားပြီး ဖြစ်သည်။
မီသွေ့တောင်၊ ချန်ဖူတောင်၊ တိန့်ကုန်းတောင် တို့ပင်လျှင် သူ၏ ပိုင်နက်နယ်မြေများ ဖြစ်နေပြီ မဟုတ်ပါလော။
ထိုဘက်တွင် ရှေးဟောင်း အစွမ်းပိုင်ရှင်တစ်ယောက်၏ စိတ်ဝိညာဉ်အပိုင်းအစတစ်ခု သေချာပေါက် နိုးထလာခဲ့ပြီဖြစ်ကြောင်း လင်းယွမ် ချက်ချင်း နားလည်သွားသည်။
တစ်ဖက်လူက ထုတ်ဖော်ပြသခြင်း မရှိသေးဘဲ ပုန်းအောင်းနေဆဲ ဖြစ်နိုင်သည်။
"နေဦး... မသေချာသေးဘူး... ချန်ချုံးတောင် စစ်တပ်ဘက်မှာလည်း ဖြစ်နိုင်တာပဲ"
လင်းယွမ်က ကိစ္စတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။
ယခင်က စစ်တပ်မှ ကျန်းယွီကျန်း သည် သူ့ထံသို့ စာတစ်စောင်ရေးကာ ရှေးဟောင်း သင်္ချိုင်းဂူတစ်ခုကို စူးစမ်းလေ့လာရန် ဖိတ်ခေါ်ခဲ့ဖူးသည်။ သူတို့က ချောက်နက်ကျွန်း တွင် ပကတိအတိုင်း ကျန်ရှိနေသေးသော ရှေးခေတ်လူများ၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုခဲ့၏။
"စစ်တပ်ကများ ရှေးဟောင်း အစွမ်းပိုင်ရှင်တွေရဲ့ အလောင်းတွေကို ရှာတွေ့သွားတာလား"
လင်းယွမ် တွေးလေလေ ဖြစ်နိုင်ချေရှိသည်ဟု ထင်လေလေ ဖြစ်လာတော့သည်။
"ကြည့်ရတာ စစ်တပ်ဘက်ကို နောက်တစ်ခေါက် ထပ်သွားဖို့ အချိန်တန်ပြီပဲ"
လင်းယွမ်၏ မျက်ဝန်းများ အရောင်လက်သွားသည်။ ပြီးခဲ့သည့်အကြိမ်က စစ်တပ်သို့ သွားစဉ် ဖုန်းကျန့်ကုန်း နှင့် လက်ရည်ယှဉ်ခဲ့သော်လည်း နောက်ဆုံးတွင် ကောင်းကင်ချောက်နက် လမ်းကြောင်းထဲမှ ထွက်ပြေးလာသော ရွှေကျီးကန်း ကြောင့် အနှောင့်အယှက် ဖြစ်သွားခဲ့ရသည်။
အချိန် ဤမျှကြာသွားပြီဖြစ်ရာ ဖုန်းကျန့်ကုန်း၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှု အဆင့် တိုးတက်လာခြင်း ရှိ၊ မရှိကိုတော့ မသိရပေ။
"တကယ်လို့ ဖုန်းကျန့်ကုန်းရဲ့ စွမ်းအားက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှု အဆင့် ၂၀ ရာခိုင်နှုန်း ဝန်းကျင်မှာပဲ ရပ်တန့်နေသေးတယ်ဆိုရင်တော့... ထိုက်ယန်တောင် နဲ့ စစ်တပ်ကြားက ပူးပေါင်းဆောင်ရွက်မှု ပုံစံကို နည်းနည်း ပြောင်းလဲရမယ့် အချိန်ရောက်ပြီ"
လင်းယွမ်က စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။ မည်သည့် ပူးပေါင်းဆောင်ရွက်မှု ပုံစံမဆို နှစ်ဖက်စလုံး၏ တန်းတူညီမျှသော စွမ်းအားများအပေါ်တွင်သာ အခြေခံတည်ဆောက်ထားခြင်း ဖြစ်သည်။
အစောပိုင်း ထိုက်ယန်တောင်၏ စွမ်းအားများက သူတစ်ပါးလောက် မပြည့်ဝချိန်တုန်းက စစ်တပ်သည်လည်း ထိုက်ယန်တောင်ကို မျက်စိကျခဲ့ဖူးသည်။
ယခုအခါ သူ၏ကိုယ်ပိုင်စွမ်းအားများ မြင့်တက်လာပြီး ထိုက်ယန်တောင်ကလည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှု အဆင့်ရှိသော အစွမ်းပိုင်ရှင် မြောက်မြားစွာကို မပြတ်တမ်း ပြုစုပျိုးထောင်ပေးနေပြီ ဖြစ်သည်။
အကယ်၍ စစ်တပ်က ယခင်နေရာမှာပင် ဆက်လက် ရပ်တန့်နေဆဲဆိုပါက လင်းယွမ်သည် ဤအခွင့်အရေးကို သဘာဝကျကျပင် လက်လွှတ်ခံမည် မဟုတ်ပေ။
သူတို့ နှစ်ဦးနှစ်ဖက်ကြားရှိ အခြေအနေများမှာ လုံးဝ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။
တစ်ချိန်က စစ်တပ်သည် ဖုန်းကျန့်ကုန်းနှင့် ကျန်းယွီကျန်းတို့၏ ကြီးမားလှသော တိုက်ခိုက်ရေးစွမ်းရည်များကို အားကိုးပြီး ထိုက်ယန်တောင်အပေါ် အလွန်ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့သည်။
ထိုအချိန်တုန်းက ထိုက်ယန်တောင်သည် ဘာသာရေးဂိုဏ်းကြီး သုံးခု၏ ပိုင်နက်များကို သိမ်းပိုက်နိုင်ခဲ့လျှင်တောင် တူးဖော်ခွင့် ကဲ့သို့သော အခွင့်အရေးများကို စစ်တပ်ထံသို့ ခွဲဝေပေးခဲ့ရသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုအချိန်က လင်းယွမ်၏ စိတ်ထဲတွင် လုံးဝ သဘောမတူခဲ့ပေ။
သို့သော် အခြေအနေအရ စစ်တပ်တွင် ထိုလူနှစ်ယောက် ရှိနေသောကြောင့် တကယ်တမ်း တိုက်ခိုက်ရပါက ထိုက်ယန်တောင်တွင် သူတစ်ယောက်တည်းသာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှု အဆင့်ရှိနေသဖြင့် အလွန် အထိနာနိုင်ပေသည်။
ထို့ကြောင့် ထိုစဉ်က လင်းယွမ် အောင့်အည်းသည်းခံခဲ့ရသည်။
သို့သော် ယခုတော့ မတူတော့။ တချို့ကိစ္စများကို ပြန်လည် ဆွေးနွေးရန် လိုအပ်နေပြီ ဖြစ်သည်။
ကိုယ့်အိပ်ရာဘေးမှာ ကိုယ့်ပြိုင်ဘက်ကို အေးအေးဆေးဆေး အိပ်စက်ခွင့် ပြုနိုင်ပါမည်လော။
ညစာ စားပြီးနောက် လင်းယွမ်က မီသွေ့တောင် သတ္တုတွင်း ဇုန်သို့ တစ်ခေါက်သွားကာ အလုပ်ကြမ်းလုပ်နေရသော ကုကျန့်ယဲ့ကို ခေါ်လာခဲ့သည်။
ယခုအချိန်ရှိ ကုကျန့်ယဲ့သည် လွန်ခဲ့သော တစ်လက ခန့်ညားထည်ဝါပြီး ဩဇာတိက္ကမ ကြီးမားခဲ့သော သူနှင့် လုံးဝ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။
လက်ရှိ ကုကျန့်ယဲ့မှာ ခန္ဓာကိုယ် ပိန်ချုံးနေပြီး ခါးကိုင်းကာ ကျောကုန်းနေလေပြီ။
လင်းယွမ်က ကုကျန့်ယဲ့ကို ကြည့်ကာ ခပ်အေးအေး ပြောလိုက်သည်။
"ကြည့်ရတာ ခင်ဗျားရဲ့ စေတစ်လုံး အစွမ်းက ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲမှုအပိုင်းမှာ သိပ်ပြီး အကူအညီ မဖြစ်ဘူး ထင်တယ်"
ကုကျန့်ယဲ့က ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်ပြီး မေးလိုက်သည်။
"ပြောပါ... ကျွန်တော့်ကို ဘာလုပ်ခိုင်းချင်လို့လဲ"
လင်းယွမ်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး...
"ဟမ်... ကျွန်တော် ခင်ဗျားကို အသုံးချမယ်ဆိုတာ ဘယ်လိုလုပ် သိနေတာလဲ"
"ဟက်... ကျွန်တော့်ရဲ့ အစွမ်းမျိုးကို လင်ကျောင်း တစ်မြို့လုံးမှာတောင် ဒုတိယမြောက်လူကို ခင်ဗျား ရှာတွေ့ဖို့ မလွယ်ဘူး"
"ကျွန်တော့်ရဲ့ စေတစ်လုံး အစွမ်းကို ခင်ဗျား ဘယ်လိုနည်းနဲ့ ချေဖျက်လိုက်လဲဆိုတာ မသိပေမဲ့ ခင်ဗျား ကျွန်တော့်ကို သတ်ဖို့ နှမြောနေမယ်ဆိုတာကိုတော့ ကောင်းကောင်းကြီး သိတယ်"
"ဖူဆန်းလဲ့ နဲ့ ချန်ယွင်တောက် တို့တောင်မှ ကျွန်တော့်ရဲ့ အစွမ်းကို မြင်ပြီးတဲ့နောက် သူတို့အတွက် အသုံးချချင်ခဲ့ကြတာ... ခင်ဗျားကော မလုပ်ချင်ဘူးလား"
ကုကျန့်ယဲ့က ခေါင်းမော့ကာ ထက်မြက်သော အကြည့်များဖြင့် လင်းယွမ်ကို စိုက်ကြည့်နေသည်။
လင်းယွမ်က ရယ်မောလိုက်ပြီး...
"ခင်ဗျားက တော်တော် ယုံကြည်မှု ရှိနေတာပဲ"
ကုကျန့်ယဲ့က ဆက်ပြောသည်။
"ကျွန်တော်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှု အဆင့်ရှိတဲ့ အစွမ်းထက်သူ မဟုတ်ပေမဲ့... ကျွန်တော့်ရဲ့ အစွမ်းက သာမန် အစွမ်းထက်သူ အများစုထက် အများကြီး ပိုအသုံးဝင်တယ် မဟုတ်လား"
"ကျွန်တော့်ကို ဒီနေရာမှာ သတ္တုလာတူးခိုင်းနေတာက ခင်ဗျား တကယ်ပဲ လူတော်တစ်ယောက်ကို အလဟဿ ဖြုန်းတီးနေတာပဲ"
လင်းယွမ်က ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်ပြီး...
"အလဟဿ ဖြစ်နေတာအမှန်ပဲ... ကျွန်တော် ခင်ဗျားကို တကယ် အသုံးချမလို့"
"ဒါပေမဲ့ ခင်ဗျားရဲ့ ဒီလိုလေသံမျိုးကိုတော့ ကျွန်တော် သိပ်သဘောမကျဘူး"
ကုကျန့်ယဲ့က ဘာမှ ဆက်မပြောတော့ပေ။ လင်းယွမ် သူ့ကို အသုံးချမည်ဆိုပါက သေချာပေါက် သူ့ကို သတ်မည်မဟုတ်ဟု သူ ယုံကြည်နေသည်။
လင်းယွမ်က မတ်တပ်ထရပ်လိုက်ပြီး လက်ဝါးကို ဆန့်ထုတ်လိုက်ရာ ခန္ဓာကိုယ်တွင်းမှ အစွမ်းများ ရုန်းကြွလာပြီး စိတ်စွမ်းအင်များ တဖြည်းဖြည်း ပြန့်ကျဲထွက်ပေါ်လာကာ သင်္ကေတတစ်ခုအဖြစ် စုစည်းသွားလေသည်။
သူက ကုကျန့်ယဲ့ထံသို့ ဖြည်းညှင်းစွာ လျှောက်သွားရင်း...
"နောက်ပြီးတော့... ခင်ဗျားရဲ့သားကလည်း ကျွန်တော့်လူတွေရဲ့ လက်ချက်နဲ့ သေသွားခဲ့ပြီဆိုတော့... ခင်ဗျားက ကျွန်တော့်အတွက် စေတနာမှန်နဲ့ အလုပ်လုပ်ပေးမယ်ဆိုတာ ယုံဖို့ အရမ်းခက်တယ်"
ကုကျန့်ယဲ့၏ မျက်နှာက ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားပြီး...
"ခင်ဗျား... ခင်ဗျား ဘာလုပ်မလို့လဲ"
ဆက်ရန်...