အခန်း (၇၂၇-၇၂၈)
Vol. 37 Ch. 727-728
အပိုင်း(၇၂၇) လီချင်းဟွာ၏ မျိုးရိုးဗီဇမြေပုံ
ယခုအချိန်တွင် ဖုန်းကျန့်ကုန်း၏ ပုံစံက လူတစ်ပိုင်း သားရဲတစ်ပိုင်း ဖြစ်နေပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ကျောက်ခိုင်ပင်လျှင် သူ့ကို မမှတ်မိလုနီးပါး ဖြစ်သွားပြီး ဤကဲ့သို့သော ပုံစံကို မြင်လိုက်ရသောအခါ မေးလိုက်သည်။ "ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီပုံစံ ဖြစ်သွားရတာလဲ"
လီချင်းဟွာ၏ မျက်လုံးများ အရောင်လက်သွားပြီး ရုတ်တရက် မေးလိုက်သည်။ "ခင်ဗျားရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းက ကျရှုံးသွားတာလား"
ထိုစကားကို ကြားလိုက်ရသည်နှင့် ကျောက်ခိုင်လည်း ရုတ်တရက် သဘောပေါက်သွားတော့သည်။
မျက်စိရှေ့ရှိ သားရဲအသွင်ပြောင်းနေသော ဖုန်းကျန့်ကုန်းသည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း၏ ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းရန် ကြိုးစားစဉ် ကျရှုံးသွားခဲ့ခြင်းကြောင့် မျိုးရိုးဗီဇအချို့ ပြိုကွဲသွားကာ ယခုကဲ့သို့ သားရဲလက္ခဏာများ ထွက်ပေါ်လာခြင်း ဖြစ်တန်ရာသည်။
ဖုန်းကျန့်ကုန်းကို ကြည့်နေသော သူ၏ အကြည့်များမှာ ချက်ချင်းပင် စိတ်မကောင်းမှုအချို့ စွက်ဖက်လာခဲ့သည်။
ဖုန်းကျန့်ကုန်း၏ မျက်ဝန်းများထဲရှိ ဒေါင်လိုက်သူငယ်အိမ်များက အေးစက်နေပြီး ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ "မင်းက ငါ့ကို သနားနေတာလား"
ကျောက်ခိုင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။ "ဖုန်းကျန့်ကုန်း... ခင်ဗျားက ထိုက်ယန်တောင်နဲ့ ရန်သူ လုပ်ချင်နေတာလား"
ဖုန်းကျန့်ကုန်းက အေးစက်စက် ပြုံးလိုက်သည်။ "အဲဒီ ယာဉ်ပျံတွေက ငါတို့ စစ်တပ်ရဲ့ စစ်သုံ့ပန်းပစ္စည်းတွေပဲ... မင်းတို့ကများ ယူသွားဖို့ စိတ်ကူးယဉ်နေတာလား"
ကျောက်ခိုင်က အေးစက်သောအသံဖြင့် ပြောလိုက်သည်။ "ဒီနေရာက ချန်ချုံးတောင်ရဲ့ အနောက်ဘက်ပဲ... ခင်ဗျားတို့ စစ်တပ်ရဲ့ နယ်မြေက တိမ်မြူကျွန်းမှာလေ... ဒီနေရာမှာ ရှိသမျှ အရာအားလုံးက ငါတို့ ထိုက်ယန်တောင် ပိုင်တာပဲ"
လီချင်းဟွာကလည်း အေးစက်စွာ ဝင်ပြောသည်။ "ဒီသင်္ဘောတွေက ချန်ချုံးတောင်ပေါ်ကို ကျလာတာဆိုတော့ ငါတို့ ထိုက်ယန်တောင်ကပဲ ပိုင်ဆိုင်သင့်တာပေါ့"
"ဟားဟားဟား... ကောင်းတယ်... ကောင်းတယ်... သိပ်ကောင်းတာပေါ့... ထိုက်ယန်တောင်က တော်တော်မိုက်တာပဲ... အခု မင်းတို့က အခွင့်ကောင်းယူပြီး လုယက်တတ်နေပြီပေါ့"
လီချင်းဟွာက ပြန်လည်ချေပလိုက်သည်။ "မင်းတို့ဆီက သင်ထားတာလေ... အရင်တုန်းက မဟာမိတ်ဖွဲ့တုန်းက စစ်တပ်ကလူတွေ ငါတို့ ထိုက်ယန်တောင်မှာ ဘယ်လောက်တောင် ရမ်းကားခဲ့လဲဆိုတာ ငါ မှတ်မိနေသေးတယ်"
ဖုန်းကျန့်ကုန်းက မျက်လုံးကို မှေးကျဉ်းလိုက်ပြီးနောက် ရုတ်တရက် သူ့ခန္ဓာကိုယ်က လျှပ်တစ်ပြက် လှုပ်ရှားသွားကာ မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။
သို့သော် သူ၏ အသံကတော့ ထိုနှစ်ဦး၏ နားထဲသို့ ရောက်ရှိလာခဲ့၏။
"ဒီလိုဆိုမှတော့ စကားပိုတွေ ပြောမနေနဲ့တော့... လက်တွေ့ပဲ ချကြတာပေါ့"
"ဝှစ်... ဝှစ်"
ဖုန်းကျန့်ကုန်း ပျောက်ကွယ်သွားသည့် ခဏမှာပင် ကျောက်ခိုင်နှင့် လီချင်းဟွာတို့က ချက်ချင်း တုံ့ပြန်လိုက်ကြသည်။
သူတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်း လူစုခွဲလိုက်ကြပြီး မိမိတို့၏ အကာအကွယ်ကို ချက်ချင်း ဖွင့်ချလိုက်ကြ၏။
ကျောက်ခိုင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် သုညဒီဂရီ ဝတ်စုံက ချက်ချင်း ထွက်ပေါ်လာပြီး အေးစက်သော အငွေ့အသက်များက ဧရာမ စွမ်းအင်လိပ်ခွံကြီးအဖြစ် စုစည်းသွားကာ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားလေသည်။
လီချင်းဟွာကမူ ပို၍ပင် ပြတ်သားလှပြီး သူ၏ ခန္ဓာကိုယ်ကို လျှပ်တစ်ပြက် ရွှေ့ပြောင်းကာ မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
"ဒိုင်း"
ဖုန်းကျန့်ကုန်း၏ ခန္ဓာကိုယ်သည် လီချင်းဟွာနောက်သို့ မလိုက်ဘဲ ကျောက်ခိုင်၏ နောက်သို့ လိုက်ပါသွားကာ အနောက်တောင်ဘက် လေထဲတွင် ချက်ချင်း ပေါ်လာခဲ့သည်။
သူ၏ သားရဲလက်သည်းကြီးများက ကျောက်ခိုင်၏ ခန္ဓာကိုယ်ပတ်လည်ရှိ စွမ်းအင်အကာအကွယ်ပေါ်သို့ အားကုန် ရိုက်ချလိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လိပ်ခွံကြီးမှာ တုန်ခါသွားတော့သည်။
ကျောက်ခိုင်၏ ခန္ဓာကိုယ်သည် ဥက္ကာခဲ ဝင်တိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး လိပ်ခွံ အကာအကွယ်ကြီးနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
သို့သော် မြေပြင်သို့ မရောက်မီမှာပင် ကျောက်ခိုင်က သူ၏ အစွမ်းကို ချက်ချင်း အသက်သွင်းလိုက်ပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို လှုံ့ဆော်လိုက်သည်။
"ဝုန်း"
သူ၏ ခန္ဓာကိုယ်ပတ်လည်မှ သွေးမြူများ ပြန့်ကျဲသွားပြီး နောက်တစ်ခဏတွင် ပေ ၅၀ ခန့် ကြီးမားသော ဧရာမ လိပ်ကြီးတစ်ကောင်က ကျောက်ဆောင်များပေါ်တွင် ပေါ်ထွက်လာတော့သည်။
"ဒိုင်း"
အသူရာရေခဲလိပ်ကြီး၏ ခြေလေးဖက် မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် မြေကြီးတစ်ခုလုံး တုန်ဟည်းကာ အက်ကွဲသွားပြီး ပတ်ဝန်းကျင်ရှိ စွမ်းအင်များ တုန်ခါသွားကာ အေးစက်သော အငွေ့အသက်များက မြေပြင်ကို တိုက်ရိုက် လွှမ်းခြုံသွားလေသည်။
ပတ်ဝန်းကျင်ရှိ နှင်းရေများမှာ ချက်ချင်း ရေခဲအဖြစ် အသွင်ပြောင်းသွားပြီး ကျောက်ခိုင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် စွမ်းအင်လိပ်ခွံကြီး ထွက်ပေါ်လာကာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားတော့သည်။
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း"
လေထဲတွင် ရှိနေသော ဖုန်းကျန့်ကုန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အံ့သြတကြီး ရေရွတ်လိုက်မိသည်။
ကျောက်ခိုင်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ လုံးဝ မျှော်လင့်မထားခဲ့သည်မှာ သိသာထင်ရှားလှသည်။
သူ ထပ်မံ၍ တိုက်ခိုက်ရန် အချိန်မရလိုက်မီမှာပင် ဟင်းလင်းပြင်ထဲ၌ အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်ဟလာခဲ့သည်။
ထိုအက်ကွဲကြောင်းသည် လူကို မြိုစို့မည့် ဧရာမ ပါးစပ်ပေါက်ကြီးတစ်ခုအလား ဖုန်းကျန့်ကုန်းထံသို့ ရူးသွပ်စွာ လိပ်တက်လာတော့သည်။
ဖုန်းကျန့်ကုန်း၏ မျက်နှာအမူအရာ ရုတ်ခြည်း ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ကို အမြန်ရွှေ့ကာ နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။
ဟင်းလင်းပြင် လေစီးကြောင်း၏ ခြိမ်းခြောက်မှုကို သူ ခံစားလိုက်ရသည်။
သို့သော် သူ၏ လှုပ်ရှားမှုကြောင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် ပြောင်းလဲလိမ်ကောက်သွားလေသည်။
နောက်တစ်ခဏတွင် သူ၏ မျက်စိရှေ့၌ ဝေဝါးသွားပြီး မြေပြင်ပေါ်သို့ အံ့သြဖွယ် ရောက်ရှိသွားခဲ့သည်။
မျက်နှာချင်းဆိုင်တွင် အကြေးခွံများ ဖုံးလွှမ်းနေသော လက်ချောင်းတစ်ချောင်း ရှိနေပြီး ထိုလက်ချောင်းထိပ်မှာ အလွန် ချွန်ထက်နေကာ အစိမ်းရောင် အလင်းတန်းတစ်ခုနှင့်အတူ ဟင်းလင်းပြင် အက်ကွဲကြောင်းကိုပါ သယ်ဆောင်လျက် အလွန် လျင်မြန်သော အလျင်ဖြင့် ထိုးဆင်းလာတော့သည်။
ဖုန်းကျန့်ကုန်း၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ပါးစပ်ကို ရုတ်တရက် ဟလိုက်ကာ ပါးစပ်ထဲတွင် စွမ်းအင်များ စုစည်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မှုတ်ထုတ်လိုက်သော စွမ်းအင်တစ်ခုက အရှိန်အဟုန်ဖြင့် ပန်းထွက်လာလေသည်။
"ဝှီး"
အားကောင်းလှသော မှုတ်ထုတ်စွမ်းအင်ထဲတွင် မြောက်မြားစွာသော အဏုမြူစွမ်းအင်များ ပြည့်နှက်နေ၏။
၎င်းက သူ၏ ပင်ကိုယ်အစွမ်းဖြစ်သော အဏုမြူ မှုတ်ထုတ်ခြင်းပင် ဖြစ်သည်။
"ဒိုင်း"
အဏုမြူ မှုတ်ထုတ်ခြင်းနှင့် ထိုလက်ချောင်းတို့ အချင်းချင်း ဝင်တိုက်မိသွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လေထဲတွင် ပြိုကျနေသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
အက်ကွဲကြောင်း ပြိုကျမှုက ဧရာမ တွင်းနက်ကြီးတစ်ခုကို ဖြစ်ပေါ်စေပြီး ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင် လေစီးကြောင်းက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရူးသွပ်စွာ ဝါးမျိုကာ ကျောက်ဆောင်များနှင့် သစ်ပင်များကိုပါ တံမြက်လှည်းသလို ရိုက်ခတ်ဖျက်ဆီးပစ်လိုက်သည်။
အဏုမြူ မှုတ်ထုတ်ခြင်း၏ စွမ်းအင်ပင်လျှင် ဟင်းလင်းပြင် လေစီးကြောင်း၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
လက်ချောင်းပိုင်ရှင်မှာလည်း ချက်ချင်းပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရ၏။
ထိုခြေတစ်လှမ်းက အံ့သြဖွယ်ကောင်းလောက်အောင် ပေ ၃၃၀ အကွာသို့ ရောက်ရှိသွားပြီး ဟင်းလင်းပြင် လေစီးကြောင်း၏ ဗဟိုချက်မှ ချက်ချင်း လွတ်မြောက်သွားခဲ့သည်။
ထိုအချိန်တွင် ဖုန်းကျန့်ကုန်းလည်း လုံးဝ ပေါ့ဆရဲခြင်း မရှိတော့ဘဲ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်တော့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးမြူများ ပေါက်ကွဲထွက်လာသည်ကို တွေ့လိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ကြီးက ပေ ၇၀ ခန့်ရှိသော ဧရာမ ဒိုင်နိုဆောပုံစံအဖြစ် ပြောင်းလဲသွားလေသည်။
ဒိုင်နိုဆောပုံစံဖြင့် သူ၏ ခန္ဓာကိုယ်က အပေါ်သို့ ခုန်တက်လိုက်ပြီး အားကောင်းလှသော အစွမ်းစွမ်းအင် အကာအကွယ်ကို အသုံးပြုကာ ဟင်းလင်းပြင် အက်ကွဲကြောင်း ဝဲကတော့ထဲမှ အတင်းအဓမ္မ လွတ်မြောက်သွားခဲ့သည်။
ဤ ဟင်းလင်းပြင် အက်ကွဲကြောင်း ဝဲကတော့က ဖြစ်ပေါ်လာသည်မှာ မြန်ဆန်သလို ပျောက်ကွယ်သွားသည်မှာလည်း မြန်ဆန်လှသည်။
ဖုန်းကျန့်ကုန်းက ကောင်းကင်ပေါ်သို့ ပျံသန်းရောက်ရှိသွားမှသာ ထိုလက်ချောင်းပိုင်ရှင်ကို ကြည့်ရန် အခွင့်အရေး ရသွားတော့သည်။
သို့သော် ထိုအရာက လူ့ခန္ဓာကိုယ်နှင့် ငါးအမြီး ပါရှိသော သက်ရှိတစ်ကောင် ဖြစ်နေပြီး အရွယ်အစားမှာ ပေ ၄၀ ခန့် ရှိကာ အသားအရေက နှင်းလို ဖြူဖွေးနေပြီး မျက်နှာမှလွဲ၍ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းများ အားလုံးကို ကြီးမားသော အကြေးခွံများက ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရသည်။
အာရုံဖမ်းစားနိုင်ဆုံးအချက်မှာ သူ၏ မျက်နှာပေါ်တွင် နှုတ်ခမ်းမွေး နှစ်ချောင်းအလား အလွန်ရှည်လျားသော ငါးခူနှုတ်ခမ်းမွေး နှစ်ချောင်း ပါရှိနေခြင်းပင်။
သူ၏ ကျောဘက်တွင်လည်း အစိမ်းရောင် အလင်းတန်းများ ဖြာထွက်နေသော ငါးတောင်ပံ တစ်စုံ ရှိနေလေသည်။
သူ၏ မျက်နှာပေါ်တွင် လီချင်းဟွာ၏ ပုံစံကို ရေးရေးမျှ မြင်တွေ့နေရဆဲပင်။
"ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်"
ဖုန်းကျန့်ကုန်းက လေအေးတစ်ချက်ကို ရှူသွင်းလိုက်ပြီး ရင်ထဲမှ အံ့သြတုန်လှုပ်မှုကို ဖိနှိပ်ထားလိုက်သည်။
၎င်းက လီချင်းဟွာ၏ မျိုးရိုးဗီဇမြေပုံ သားရဲဖြစ်ကြောင်း သူ ကောင်းကောင်းကြီး မှတ်မိသွားသည်မှာ ထင်ရှားလှသည်။
လီချင်းဟွာသည်လည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိအောင် လေ့ကျင့်နိုင်ခဲ့ပြီ ဖြစ်သည်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းက ဘယ်အချိန်ကတည်းက ဒီလောက် လွယ်ကူသွားရတာလဲ ဆိုသည်ကို သူ အနည်းငယ်ပင် မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။
သူတို့ ကွမ်ဖူ စစ်တပ်က အရင်းအမြစ် ဘယ်လောက်များများကို သုံးစွဲခဲ့ရသလဲ... ဒါတောင်မှ သူ ဖုန်းကျန့်ကုန်းနှင့် ကျန်းယွီကျန်း နှစ်ယောက်တည်းကိုသာ ပြုစုပျိုးထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်အထိ သူကိုယ်တိုင်ပင်လျှင် (၂၅) ရာခိုင်နှုန်း တိုးတက်မှုကို ကျော်လွန်နိုင်ခဲ့ရုံသာ ရှိသေးသည်။
ကျန်းယွီကျန်း ဆိုလျှင် (၂၀) ရာခိုင်နှုန်းကိုပင် မဖောက်ထွက်နိုင်သေးပေ။
ထိုသို့ ဖြစ်နေသည့်တိုင်အောင် သူသည် ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရပြီး ယခုလို လူမကျ၊ သရဲမကျ ပုံစံမျိုး ဖြစ်လာခဲ့ရသည်။
ထို့ကြောင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ဖောက်ထွက်နိုင်ရန် မည်မျှ ခက်ခဲကြောင်းကို သူတစ်ယောက်တည်းသာ အသိဆုံး ဖြစ်သည်။
သို့သော် မျက်စိရှေ့ရှိ ထိုက်ယန်တောင်မှ ကောင်လေးနှစ်ယောက်က အချိန်အတန်ကြာ မတွေ့ရသည့် အတွင်းမှာပင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို အောင်မြင်သွားခဲ့ကြပြီ ဖြစ်သည်။
သူ၏ ရင်ထဲတွင် အလွန်တရာ ကြီးမားသော မနာလိုဝန်တိုစိတ်များ လျှံတက်လာတော့သည်။
"အရပ်သား ကောင်လေးနှစ်ယောက်ကတောင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို အောင်မြင်နိုင်တယ် ဆိုတာက ဘာကို အားကိုးပြီးတော့လဲ... သူတို့က ဘာကို အားကိုးပြီး ဒီလို လုပ်နိုင်ရတာလဲ"
"ငါက ပင်ပင်ပန်းပန်း လေ့ကျင့်ခဲ့ရတယ်... စစ်တပ်ရဲ့ အရင်းအမြစ် အများကြီးကိုလည်း သုံးစွဲခဲ့ရတယ်... ဓာတ်သဘာဝ တူညီတဲ့ သန္ဓေပြောင်း သားရဲတွေရဲ့ သွေးသားတွေကိုလည်း ဘယ်လောက်တောင် စားသုံးခဲ့ရလဲ... အဲဒါတောင်မှ ဒီနေ့အဆင့်ကို ရောက်ဖို့ မနည်း ကြိုးစားခဲ့ရတာ"
"သူတို့က ဘာကို အားကိုးပြီး ငါ့ကို ဒီလောက်မြန်မြန် လိုက်မီသွားရတာလဲ"
"သောက်ကျိုးနည်း... တကယ် သောက်ကျိုးနည်းပဲ"
သူ၏ အသက်ရှူသံများက တဖြည်းဖြည်း ပြင်းထန်လာပြီး မျက်လုံးများလည်း နီရဲလာလေသည်။
သူ၏ တစ်ကိုယ်လုံးရှိ အစွမ်းစွမ်းအင်များက အလျင်အမြန် စတင် လှုပ်ရှားလာပြီး ထိန်းချုပ်မရသော သတ်ဖြတ်လိုစိတ်များက ရင်ထဲတွင် ပျံ့နှံ့လာတော့သည်။
အကယ်၍ လင်းယွမ်သာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် သေချာပေါက် အံ့သြသွားပေလိမ့်မည်။
သူသိထားသော ဖုန်းကျန့်ကုန်းက ဤမျှလောက် အလွယ်တကူ ဒေါသထွက်တတ်သူ မဟုတ်ပေ။
ယခုတစ်ကြိမ် အဆင့်တက် ကျရှုံးမှုက သူ၏ ခန္ဓာကိုယ်ကို သားရဲအသွင် ပြောင်းလဲသွားစေရုံသာမက စိတ်ပိုင်းဆိုင်ရာကိုပါ အလွန်တရာ ကြီးမားသော သက်ရောက်မှု ဖြစ်စေခဲ့ကြောင်း ထင်ရှားလှသည်။
လီချင်းဟွာလည်း ဖုန်းကျန့်ကုန်း၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိထားမိသွားပြီး ချက်ချင်း အော်ပြောလိုက်သည်။ "ဖုန်းကျန့်ကုန်း... စစ်တပ်က ငါတို့ ထိုက်ယန်တောင်နဲ့ တကယ် စစ်ခင်းချင်နေတာလား"
"ခင်ဗျားက ဆက်ပြီး တိုက်ခိုက်နေဦးမယ်ဆိုရင်... ခင်ဗျားတို့က နှစ်ဖက် မဟာမိတ်စာချုပ်ကို ချိုးဖောက်လိုက်ပြီလို့ ကျွန်တော် သတ်မှတ်ရလိမ့်မယ်"
"ဆရာလင်းယွမ် ရောက်လာတဲ့အခါကျမှ ကျွန်တော် သတိမပေးဘူးလို့ မပြောနဲ့နော်"
ကျောက်ခိုင်၏ ခန္ဓာကိုယ်က လေထဲသို့ ပျံတက်လာပြီး အသူရာရေခဲလိပ် ပုံစံအောက်တွင် လူစကားပြောကာ အေးစက်စွာ ဆိုလိုက်သည်။ "သူနဲ့ စကားပိုတွေ ပြောမနေနဲ့... တကယ်တမ်း ချရမယ်ဆိုရင်တောင် မင်းနဲ့ငါ ပူးပေါင်းရင် သူ့ကို ရှုံးချင်မှ ရှုံးမှာ"
သူတို့နှစ်ဦးစလုံး၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းမှာ (၁၀) ရာခိုင်နှုန်းကိုပင် မကျော်လွန်သေးသော်လည်း...
တစ်ယောက်က ကာကွယ်ရေးကို အဓိကထားသည့် အသူရာရေခဲလိပ် ဖြစ်ပြီး အခြားတစ်ယောက်ကမူ လျှို့ဝှက်ဆန်းကြယ်သော ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇမြေပုံ ဝမ်ယောင်ငါး ဖြစ်နေသည်။
တကယ်တမ်း တိုက်ခိုက်ကြမည်ဆိုလျှင် ဖုန်းကျန့်ကုန်း၏ အဏုမြူဒိုင်နိုဆောကို ရှုံးနိမ့်မည် မဟုတ်ပေ။
ဖုန်းကျန့်ကုန်း၏ အဏုမြူဒိုင်နိုဆောသည် တိုက်ခိုက်စွမ်းရည် အလွန် ပြင်းထန်သော်လည်း လှုပ်ရှားမှု သွက်လက်မှု မရှိသလို အကာအကွယ် စွမ်းရည်မှာလည်း မခိုင်မာလှပေ။
ထိုအချိန်ရောက်လျှင် အသူရာရေခဲလိပ် ဖြစ်သော ကျောက်ခိုင်က သူ့ကို တားထားပြီး လီချင်းဟွာက ဟင်းလင်းပြင် အစွမ်းကို အသုံးပြုကာ လုပ်ကြံတိုက်ခိုက်မည်ဆိုပါက သူ့ကို ဟင်းလင်းပြင် လေစီးကြောင်းထဲသို့ မပစ်ချနိုင်စရာ အကြောင်းမရှိပေ။
ထိုအချိန်ရောက်လျှင် လီချင်းဟွာက သူ့ကို သတ်လိုက်ခြင်း မဟုတ်တော့ဘဲ ဟင်းလင်းပြင် လေစီးကြောင်းကသာ ဖုန်းကျန့်ကုန်းကို သတ်ပစ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ဖုန်းကျန့်ကုန်းက အသက်ကို ပြင်းပြင်းရှူနေပြီး မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ အထင်းသား ပေါ်လွင်နေသည်။
သူသည် မိမိကိုယ်ကို အစွမ်းကုန် ထိန်းချုပ်နေပုံရသော်လည်း ထိန်းချုပ်၍ မရတော့မည့် အခြေအနေသို့ ရောက်နေသကဲ့သို့ ဖြစ်နေသည်။
နှစ်ဖက်စလုံး တိုက်ခိုက်ကြတော့မည့် အချိန်မှာပင် အောက်ဘက်မှ လူရိပ်တစ်ခုက အလွန် လျင်မြန်သော အလျင်ဖြင့် ပျံသန်းရောက်ရှိလာခဲ့သည်။
"ကျန့်ကုန်း... သတိထားစမ်း"
ရောက်လာသူ၏ အော်ဟစ်သံကြောင့် ဖုန်းကျန့်ကုန်း၏ ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွားပြီး ရောက်လာသူကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
ကျန်းယွီကျန်း၏ မျက်နှာထားမှာ လေးနက်တည်ကြည်နေပြီး သူ့ကို ခေါင်းခါပြနေသည်ကို တွေ့လိုက်ရ၏။
တစ်ချိန်တည်းမှာပင် သူက ဆေးရည်တစ်ဖန်ပြွန်ကို ထုတ်ယူကာ ဖုန်းကျန့်ကုန်းထံသို့ ပစ်ပေးလိုက်သည်။
ဖုန်းကျန့်ကုန်းက ပါးစပ်ကိုဟလိုက်ပြီး အဏုမြူဒိုင်နိုဆော ပုံစံဖြင့် ဆေးရည်ဖန်ပြွန်ကို တိုက်ရိုက် ကိုက်ခွဲကာ သောက်ချလိုက်သည်။
ဤဆေးရည်ကို သောက်ချလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ဒေါသထွက်နေသော စိတ်အခြေအနေက တဖြည်းဖြည်း လျော့ကျသွားပြီး စိတ်ထားမှာလည်း အတော်လေး တည်ငြိမ်သွားပုံရသည်။
သူက လေအေးတစ်ချက်ကို ရှူသွင်းလိုက်ပြီး ကျောက်ခိုင်နှင့် လီချင်းဟွာတို့ကို တစ်ချက်ကြည့်လိုက်ကာ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်း သေးငယ်သွားပြီး ယခင် လူတစ်ပိုင်း သားရဲတစ်ပိုင်း ပုံစံသို့ ဖြည်းညှင်းစွာ ပြောင်းလဲသွားလေသည်။
ကျန်းယွီကျန်းလည်း သက်ပြင်းချနိုင်သွားပြီး အသူရာရေခဲလိပ် အခြေအနေတွင် ရှိနေသော ကျောက်ခိုင်တို့ နှစ်ဦးကို လှည့်ကြည့်လိုက်သည်။
သူက စကားစလိုက်သည်။ "မင်းတို့နှစ်ယောက်... ငါတို့က မဟာမိတ်စာချုပ်ကို ချိုးဖောက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး... မင်းတို့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပုံစံတွေကို ရုပ်သိမ်းလိုက်ကြပါ"
"ငါ ထင်တာတော့... ငါတို့ နှစ်ဖက်စလုံး သေချာပေါက် ဆွေးနွေးသင့်နေပြီ"
"ငါတို့ နှစ်ဖက်က ဒီလောက် နီးနီးကပ်ကပ် ရှိနေကြတာဆိုတော့ အစကတည်းက အချင်းချင်း ကူညီသင့်တာပေါ့"
"နှုတ်ခမ်းကွဲရင် သွားကျိန်းမယ် ဆိုတဲ့ သဘောတရားကို မင်းတို့ သိထားသင့်တာပေါ့... အခုချိန်မှာ မင်းတို့ရဲ့ ရန်သူက ငါတို့ စစ်တပ် မဟုတ်ဘူး"
ကျောက်ခိုင်နှင့် လီချင်းဟွာတို့က ချက်ချင်းပင် မျက်မှောင်ကြုတ်သွားကြပြီး သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်ကာ မျက်လုံးဖြင့် ဆက်သွယ်လိုက်ကြသည်။
နောက်ဆုံးတွင် ကျောက်ခိုင်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပုံစံမှ အရင်ဆုတ်ခွာလိုက်ပြီး မေးလိုက်သည်။ "တပ်မှူးကျန်း ရဲ့ စကားက ဘာအဓိပ္ပာယ်လဲ"
ကျန်းယွီကျန်းက ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ "အဲဒီ ယာဉ်ပျံတွေကို မင်းတို့လည်း မြင်တယ်မလား... သူတို့က ငါတို့ ခေါင်းပေါ်မှာပဲ ရှိနေတာ... အချိန်မရွေး ဆက်ပြီး ကျူးကျော်ဝင်ရောက်လာနိုင်တယ်"
"သူတို့က ငါတို့ စစ်တပ်ကို ကျူးကျော်ချင်နေတာ... တကယ်လို့ အောင်မြင်သွားခဲ့ရင် သူတို့က ထိုက်ယန်တောင်ကို အလွတ်ပေးမယ်လို့ မင်းတို့ ထင်နေတာလား"
"ငါက ခြောက်လှန့်နေတယ်လို့ မထင်လိုက်နဲ့... သူတို့က ဘယ်ကလာတယ်... ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်တယ် ဆိုတာကို မင်းတို့ လုံးဝ မသိကြသေးဘူး"
"ငါတို့က ယာဉ်ပျံနဲ့ မိုးကြိုးတိမ်တိုက်တွေကို ဖောက်ထွက်ပြီး သူတို့ရဲ့ လေပေါ်ကျွန်း အခြေစိုက်စခန်းကို မြင်လိုက်ရုံလေးနဲ့တင်... သူတို့ရဲ့ ဒီလောက် ပြင်းထန်တဲ့ လိုက်လံ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာ"
"ဘယ်လို ချစ်ကြည်ရေး ဆွေးနွေးမှုမျိုးမှ မရှိခဲ့ဘူး... မဟုတ်ဘူး... တစ်ဖက်လူက ငါတို့ကို စကားပြောဖို့ အခွင့်အရေးတောင် မပေးဘဲ တက်လာတာနဲ့ ငါတို့ရဲ့ ကာကွယ်ရေးစနစ်ကို အရင်ဆုံး ချေမှုန်းပစ်တာပဲ"
"ဒီလို အင်အားစုမျိုးက ငါတို့ စစ်တပ်ကို ဖျက်ဆီးပြီးသွားရင်တောင် မင်းတို့ကို အလွတ်ပေးမယ်လို့ မင်းတို့ ထင်နေကြတာလား"
ကျန်းယွီကျန်း၏ မျက်နှာထားက တည်ကြည်လေးနက်နေပြီး သူတို့နှစ်ဦးကို စိုက်ကြည့်နေသည်။
လီချင်းဟွာနှင့် ကျောက်ခိုင်တို့က အချင်းချင်း ကြည့်လိုက်ကြသည်။
လီချင်းဟွာက ပြောလိုက်သည်။ "ထင်တဲ့အတိုင်း ကောင်းကင်ပေါ်က လာတာကိုး"
ကျောက်ခိုင်ကလည်း ဝင်ပြောသည်။ "ဒီကိစ္စကို ထိုက်ယန်တောင်ဘက်ကို ချက်ချင်း အကြောင်းကြားမှ ရတော့မယ်... အစ်ကိုလင်းယွမ်ကို ဆုံးဖြတ်ခိုင်းရလိမ့်မယ်"
လီချင်းဟွာကလည်း ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောသည်။ "တပ်မှူးကျန်း... ဒီကိစ္စကို ကျွန်တော်တို့ ဆုံးဖြတ်လို့ မရဘူး... ဆရာလင်းယွမ် လာပြီး ဆုံးဖြတ်တဲ့အထိ စောင့်လိုက်ပါ"
ကျန်းယွီကျန်းက ချက်ချင်း ပြန်ပြောသည်။ "ကောင်းပြီ... မင်းတို့နှစ်ယောက် လင်းယွမ်ကို အမြန်ဆုံး အကြောင်းကြားပေးကြပါ"
"စိတ်ချပါ... ထိုက်ယန်တောင်က ဒီကနေ မိုင် ၂၀ လောက်ပဲ ဝေးတာ... ဆရာလင်းယွမ်ရဲ့ အလျင်နဲ့ဆိုရင် မိနစ်ဆယ်ဂဏန်းလောက်နဲ့ ရောက်လာနိုင်ပါတယ်"
ကျန်းယွီကျန်းက ထိုစကားကို ကြားသောအခါ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "ဒါဆိုရင် အကောင်းဆုံးပဲ... မုန်ယာကုမ္ပဏီက လူတွေက လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူး... ဒီ ယာဉ်ပျံအုပ်စု ပျက်ကျသွားတာဆိုတော့ သူတို့က မကြာခင်မှာ ဒုတိယအကြိမ် တိုက်ခိုက်ဖို့ကို ပြင်ဆင်ကြတော့မှာ"
"မင်းတို့ ဆရာလင်းယွမ်ကို အမြန်ဆုံး အကြောင်းကြားပေးပါ... မဟုတ်ရင် တကယ်ကို အချိန်မီမှာ မဟုတ်တော့ဘူး"
ဆက်ရန်...
အပိုင်း(၇၂၈) ကံကြမ္မာတစ်ပတ်လည်
"နေပါဦး... ခင်ဗျား ဘာပြောလိုက်တာလဲ... မုန်ယာကုမ္ပဏီ ဟုတ်လား"
ကျောက်ခိုင်နှင့် လီချင်းဟွာတို့က ရုတ်တရက် လန့်ဖျပ်သွားကြပြီး အလျင်အမြန် မေးမြန်းလိုက်ကြသည်။
မုန်ယာကုမ္ပဏီဆိုသည်မှာ သူတို့အတွက် အလွန် ရင်းနှီးကျွမ်းဝင်နေသော နာမည်တစ်ခု ဖြစ်သည်။
ယခုအချိန်အထိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် မုန်ယာကုမ္ပဏီ၏ သံချပ်ကာကား အစီးရေ အတော်များများ ရှိနေသေးသည် မဟုတ်ပါလော။
ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်၏ မူလပိုင်ရှင် ဝူယောင်ပန်း၏ ကိုယ်ပွားများစွာထဲမှ တစ်ခုသည် မုန်ယာကုမ္ပဏီ၏ ထိပ်ပိုင်းအရာရှိတစ်ဦး ဖြစ်ခဲ့သည်။
ထို့ကြောင့် ကျောက်ခိုင်ဖြစ်စေ၊ လီချင်းဟွာဖြစ်စေ နှစ်ဦးစလုံးသည် မုန်ယာကုမ္ပဏီနှင့် ပတ်သက်၍ အတော်လေး သိရှိထားကြသည်။
မုန်ယာကုမ္ပဏီ၏ ဌာနချုပ်သည် ယွီကျိုးပြည်နယ်၊ ချီတောင်ပေါ်တွင် ရှိနေကြောင်းကိုပင် သူတို့ ရှင်းရှင်းလင်းလင်း သိထားကြ၏။
ပြီးခဲ့သည့်အကြိမ်က မုန်ယာကုမ္ပဏီမှ လူများ ရောက်လာခဲ့ခြင်းမှာ ထိုက်ယန်တောင်နှင့် ရန်ငြိုးကြီးမားသော ဝူယောင်ပန်းကြောင့် ဖြစ်သည်။
သို့သော် ယခု မုန်ယာကုမ္ပဏီမှ လူများက စစ်တပ်နှင့် အဘယ်ကြောင့် တိုက်ပွဲဖြစ်ပွားနေရသနည်း။
ကျန်းယွီကျန်းသည်လည်း ကြောင်အသွားပြီး တစ်စုံတစ်ခုကို ချက်ချင်း သတိထားမိသွားကာ အလျင်အမြန် မေးလိုက်သည်။ "မင်းတို့က မုန်ယာကုမ္ပဏီကို သိနေကြတာလား... သူတို့အကြောင်းကို ဘယ်ကနေ သိလာတာလဲ"
ကျောက်ခိုင်နှင့် လီချင်းဟွာတို့က ပြန်လည်ဖြေကြားခြင်း မပြုကြပေ။ လီချင်းဟွာက "ဒီကိစ္စက ထိုက်ယန်တောင်ရဲ့ လျှို့ဝှက်ချက်နဲ့ သက်ဆိုင်နေလို့ ကျွန်တော်တို့ ပြောပြဖို့ အဆင်မပြေပါဘူး" ဟု ဆိုလိုက်သည်။
ကျန်းယွီကျန်းက ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။ 'ထိုက်ယန်တောင်ကလည်း ကောင်းကင်ပေါ်ကို ပျံသန်းနိုင်တဲ့ ယာဉ်ပျံတွေ အောင်အောင်မြင်မြင် လွှတ်တင်ထားနိုင်ပြီများလား'
ထိုက်ယန်တောင်မှ လူများသည်လည်း ကောင်းကင်ပေါ်ရှိ လေပေါ်ကျွန်းမှတစ်ဆင့် ရရှိသော အချက်အလက်များဖြင့် မုန်ယာကုမ္ပဏီအကြောင်းကို သိရှိသွားခြင်းဖြစ်မည်ဟု သူက ထင်မှတ်နေခဲ့သည်။
ကျန်းယွီကျန်းသည် အကြံအစည်များကို လျင်မြန်စွာ စဉ်းစားလိုက်ပြီးနောက် ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ "မိတ်ဆွေတို့... ဒီတစ်ကြိမ် ငါတို့ကို ဝင်တိုက်တဲ့သူတွေက မုန်ယာကုမ္ပဏီက လူတွေပါပဲ"
"သူတို့ရဲ့ ယာဉ်ပျံတွေပေါ်မှာ ကြီးထွားလာနေတဲ့ အပင်ပေါက်လေး အမှတ်တံဆိပ်ကို မင်းတို့ မြင်ခဲ့ကြမှာပါ... အဲဒါက အင်အားကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူတို့ရဲ့ လုပ်ရပ်တွေက အလွန် ဗိုလ်ကျလွန်းတယ်"
"ဒီတစ်ကြိမ် ငါတို့ရဲ့ တိမ်မြူကျွန်းကို ဝင်တိုက်ရတဲ့ အကြောင်းရင်းက... ကောင်းကင်ပေါ်က လေပေါ်ကျွန်းရဲ့ အခြေအနေကို ငါတို့ယာဉ်ပျံက သွားရောက်စုံစမ်းတဲ့အချိန်မှာ သူတို့ရဲ့ လေပေါ်ကျွန်း နယ်မြေထဲကို မှားယွင်း ဝင်ရောက်မိသွားလို့ သူတို့ လိုက်သတ်တာကို ခံခဲ့ရတာ"
"အခုဆိုရင် ကောင်းကင်ပေါ်က ငါတို့ရဲ့ ယာဉ်ပျံကို ဖျက်ဆီးလိုက်ရုံသာမကဘူး... ငါတို့ရဲ့ စခန်းကိုပါ တိုက်ခိုက်ဖို့ ယာဉ်ပျံတွေ တိုက်ရိုက် စေလွှတ်လာခဲ့တာပဲ"
"မိတ်ဆွေတို့... ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ အဖွဲ့အစည်းက သေချာပေါက် လူကောင်းတွေ မဟုတ်နိုင်ဘူး... သူတို့က ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ထိုက်ယန်တောင်နဲ့ ဆက်သွယ်ပြီး ဘာတွေပဲ ပြောခဲ့ပြောခဲ့၊ ဘယ်လို ကတိကဝတ်တွေပဲ ပေးခဲ့ပေးခဲ့... မိတ်ဆွေတို့အနေနဲ့ အထူးပဲ သတိထားသင့်တယ်"
ကျောက်ခိုင်နှင့် လီချင်းဟွာတို့ နှစ်ဦးစလုံး၏ ရင်ထဲတွင် လန့်ဖျပ်သွားကြသည်။ မုန်ယာကုမ္ပဏီသည် မိုးကြိုးတိမ်တိုက် အတားအဆီးကို ဖောက်ထွက်ကာ လေပေါ်ကျွန်းထဲသို့ပင် ဝင်ရောက်သွားနိုင်ပြီဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြောင်း သိသာလှပေသည်။
ဤမျှ အရေးကြီးသော လျှို့ဝှက်ချက်ကို ဆရာလင်းထံသို့ အမြန်ဆုံး အသိပေးရန် နည်းလမ်းရှာရပေမည်။
လီချင်းဟွာက မေးလိုက်သည်။ "မုန်ယာကုမ္ပဏီက မိုးကြိုးတိမ်တိုက် ကန့်သတ်ချက်ကို ဖောက်ထွက်ပြီး ကောင်းကင်ပေါ်က လေပေါ်ကျွန်းမှာ စခန်းချနေပြီလို့ ခင်ဗျား ပြောလိုက်တာလား"
"ဟုတ်ပါတယ်"
"ခင်ဗျားတို့က သူတို့ရဲ့ လေပေါ်ကျွန်း စခန်းကို တွေ့သွားရုံလေးနဲ့ တစ်ဖက်လူက ခင်ဗျားတို့ကို လက်စားချေ တိုက်ခိုက်တာလား" ဟု ကျောက်ခိုင်က မနေနိုင်ဘဲ မေးလိုက်သည်။
"ဟုတ်တယ်" ကျန်းယွီကျန်းက နောက်တစ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်။
လီချင်းဟွာက အလျင်အမြန် ဆက်မေးလိုက်သည်။ "ခင်ဗျားတို့ တခြား ဘာမှ မလုပ်ခဲ့ဘူးလား"
ကျန်းယွီကျန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်သည်။ "ငါတို့က လွန်ကျူးတဲ့ကိစ္စ ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး... ပထမဆုံးအကြိမ် တွေ့တွေ့ချင်းမှာပဲ တစ်ဖက်လူက ငါတို့ရဲ့ ယာဉ်ပျံကို တိုက်ခိုက်ခဲ့လို့ ယာဉ်ပျံ ပျက်ကျသွားပြီး လေယာဉ်မှူးတွေ အကုန်လုံး သေဆုံးသွားခဲ့ရတယ်"
"နောက်တော့ တစ်ဖက်လူက အရမ်း အစွန်းရောက်လွန်းတယ်လို့ ငါတို့ ထင်ခဲ့ပြီး တခြားနည်းလမ်းနဲ့ ဆက်သွယ်ဖို့တောင် တွေးခဲ့သေးတာ"
"ဒါပေမဲ့ ငါတို့ရဲ့ ဒုတိယမြောက် ယာဉ်ပျံကို တည်ဆောက်ပြီး မလွှတ်တင်ရသေးခင်မှာပဲ... ကောင်းကင်ပေါ်မှာ ကျန်နေခဲ့တဲ့ ငါတို့ရဲ့ သူလျှိုက တစ်ဖက်လူတွေ ငါတို့ကို လာရောက်တိုက်ခိုက်ဖို့ ယာဉ်ပျံတွေ စေလွှတ်လိုက်ပြီဆိုတာကို တွေ့သွားခဲ့တယ်"
"ဒါကြောင့်လည်း ငါတို့က အပြင်ဘက်မှာရှိတဲ့ အင်အားတွေကို ချက်ချင်း ပြန်ရုပ်သိမ်းပြီး တစ်ဖက်လူရဲ့ တိုက်ခိုက်မှုကို အစွမ်းကုန် ကာကွယ်ခဲ့ရတာပါ"
ကျောက်ခိုင်က ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ ဒေါသတကြီးဖြင့် ဆိုလိုက်သည်။ "ခင်ဗျားတို့ဘာသာ အပြင်မှာရှိတဲ့ လူတွေကို ပြန်ရုပ်သိမ်းပြီး ကျွန်တော်တို့ကိုကျတော့ အကြောင်းမကြားဘူးပေါ့လေ"
"တကယ်လို့များ ဒီမုန်ယာကုမ္ပဏီက အပြစ်မဲ့တဲ့သူတွေကို ရမ်းသတ်ပြီး ကျွန်တော်တို့လူတွေကိုပါ သတ်သွားရင် ဘယ်လိုလုပ်မလဲ"
ကျန်းယွီကျန်းမှာ စကားပိတ်သွားပြီး "ငါတို့မှာလည်း အချိန် သိပ်မရလိုက်လို့ပါ..." ဟု ရှင်းပြသည်။
ဤအကြောင်းပြချက်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိ အလွန် ခိုင်လုံမှု ကင်းမဲ့နေသည်။
လီချင်းဟွာက အေးစက်စက် ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်သည်။ "ဒီကိစ္စကို ကျွန်တော်တို့ ဆရာလင်းကို ပြောပြပေးပါ့မယ်... အဲဒီအချိန်ကျရင် သူကိုယ်တိုင် ဆုံးဖြတ်ပါလိမ့်မယ်"
"ဆရာလင်းကို အမြန်ဆုံး အကြောင်းကြားပေးဖို့ တောင်းဆိုချင်ပါတယ်... ငါ သူနဲ့ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေလို့ပါ" ဟု ကျန်းယွီကျန်းကလည်း ချက်ချင်း ပြန်ပြောလိုက်သည်။
နှစ်ဖက်စလုံး ဆက်လက် ဆွေးနွေးခြင်း မပြုကြတော့ဘဲ ကျောက်ခိုင်နှင့် လီချင်းဟွာတို့က ချန်ချုံးတောင်မှ လျင်မြန်စွာ ထွက်ခွာသွားကြသည်။
ထွက်ခွာသွားသော ထိုနှစ်ဦး၏ ကျောပြင်ကို ကြည့်ရင်း လူတစ်ပိုင်း သားရဲတစ်ပိုင်း အသွင်ရှိသော ဖုန်းကျန့်ကုန်းက ရုတ်တရက် စကားစလိုက်သည်။ "သူတို့က ယာဉ်ပျံ ခုနစ်စင်း ရှစ်စင်းလောက် ယူသွားကြတယ်"
ကျန်းယွီကျန်းက ခေါင်းခါယမ်းလိုက်ပြီး "ကျန့်ကုန်း... တားလို့ မရပါဘူးကွာ... ဒီလူနှစ်ယောက်စလုံးက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေတဲ့သူတွေပဲ... အဲဒီထဲက တစ်ယောက်က ဟင်းလင်းပြင် အမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်နေသေးတယ်... သူတို့သာ ထွက်ပြေးဖို့ဆုံးဖြတ်လိုက်ရင် လိုက်မီမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"ပိုပြီး အရေးကြီးတာက... မုန်ယာကုမ္ပဏီက ဒီတစ်ကြိမ် ငါတို့ကို ဝင်တိုက်ပြီဆိုမှတော့ နောက်တစ်ကြိမ်လည်း သေချာပေါက် လာဦးမှာပဲ"
"ဒီတစ်ကြိမ်မှာတောင် ငါတို့ရဲ့ တိမ်မြူကျွန်း အကာအကွယ်က တစ်ဖက်လူရဲ့ တိုက်ခိုက်မှုကို မကာကွယ်နိုင်ခဲ့ဘူးဆိုတော့... နောက်တစ်ကြိမ်ဆိုရင်လည်း ကာကွယ်နိုင်လိမ့်မယ် မထင်ဘူး"
"ငါတို့အနေနဲ့ ထိုက်ယန်တောင်ရဲ့ အင်အားကို အကူအညီယူပြီး ဒီမုန်ယာကုမ္ပဏီကို အတူတကွ ရင်ဆိုင်ရလိမ့်မယ်"
"ဒီယာဉ်ပျံအစင်းရေ အနည်းငယ်ကို သူတို့လိုချင်ရင်လည်း ယူပါစေကွာ"
ဖုန်းကျန့်ကုန်းက ဆိုသည်။ "သူတို့ရဲ့ နည်းပညာ အဆင့်အတန်းက ငါတို့ထက် အများကြီး နောက်ကျနေရမှာ... အရင်တုန်းက သူတို့ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနက လူတွေ ငါတို့ဆီကို သင်္ကေတနည်းပညာ လာဝယ်တဲ့အချိန်... ငါတို့ရဲ့ ပစ္စည်းစာရင်းထဲက သင်္ကေတနည်းပညာတွေကို မြင်တော့ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားကြသေးတာပဲ"
"အခုတော့ သူတို့ကလည်း ယာဉ်ပျံတွေကို သုတေသနလုပ်ပြီး တည်ဆောက်နိုင်နေပြီဆိုတာက သဘာဝကျလို့လား"
"သူတို့က ယာဉ်ပျံတွေကို တည်ဆောက်နိုင်ပြီဆိုတာ မင်းက ဘယ်လိုလုပ် သိတာလဲ" ဟု ကျန်းယွီကျန်းက မေးလိုက်သည်။
"ယာဉ်ပျံတွေကို မတည်ဆောက်နိုင်ဘဲနဲ့ သူတို့က မုန်ယာကုမ္ပဏီအကြောင်းကို ဘယ်လိုလုပ် သိမှာလဲ"
ကျန်းယွီကျန်းက ထိုစကားကို ကြားသောအခါ ပြောလိုက်၏။ "ကြည့်ရတာ မင်းလည်း ခန့်မှန်းမိသွားပြီပဲ... သူတို့က ကောင်းကင်ပေါ်ကို ရောက်ခဲ့ဖူးတာကိုး"
သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဆက်ပြောသည်။ "ငါတို့က ရှေးဟောင်းသင်္ချိုင်းဂူထဲကနေ အရေးကြီးတဲ့ နည်းပညာတွေကို စုဆောင်းနိုင်တဲ့ စွမ်းရည်ရှိမှတော့... တခြားလူတွေလည်း မလုပ်နိုင်ဘူးလို့ ပြောလို့ မရဘူးလေ"
"ဒီကမ္ဘာကြီးက ပိုပိုပြီး နားလည်ရခက်လာပြီ... ရှေးဟောင်းသင်္ချိုင်းဂူထဲမှာ သင်္ကေတနည်းပညာတွေ ထွက်ပေါ်လာနိုင်ပြီး ရှေးဟောင်းခေတ်က အုတ်ခွက်စာပုံစံတွေက သန္ဓေပြောင်းအစွမ်းတွေနဲ့ သက်ဆိုင်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
"ငါတို့ အရင်က မျှော်မှန်းထားခဲ့တဲ့ သင်္ကေတနည်းပညာ ပိတ်ဆို့ရေး အစီအစဉ်ကတော့ အကောင်အထည်ဖော်လို့ ရနိုင်တော့မယ် မထင်ဘူး"
"ငါတို့ရဲ့ ကိုယ်ပိုင် နည်းပညာအဆင့်အတန်းကို အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်အောင် လုပ်တာကမှ လမ်းမှန်ပဲ"
ဖုန်းကျန့်ကုန်းက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး ချက်ချင်း မေးလိုက်သည်။ "ဒါဆို မုန်ယာကုမ္ပဏီဘက်ကရော"
"သူတို့က သေချာပေါက် ထပ်လာကြဦးမှာပဲ... ဒီအရူးတွေက သူတို့ရဲ့ လေပေါ်စခန်းကို မြင်သွားရုံလေးနဲ့ ဘာလို့များ ဒီလောက်တောင် ရူးသွပ်နေကြရတာလဲ"
"ဒီကိစ္စက ပြီးဆုံးဖို့ အများကြီး လိုပါသေးတယ်... ငါတို့ ချက်ချင်း ပြန်သွားပြီး တိမ်မြူကျွန်း အကာအကွယ်ရဲ့ သင်္ကေတအစီအရင် ဒီဇိုင်းကို ထပ်ပြီး အားဖြည့်ရမယ်"
"နောက်ပြီး လင်းယွမ်ဆိုတဲ့ ကောင်လေးနဲ့ တကယ် ဆွေးနွေးဖို့ လိုအပ်နေပြီ"
......
"ဘယ်အရင်သွားကြမလဲ"
"ငါ့ဆီကို အရင် သွားကြတာပေါ့" ဟု ကျောက်ခိုင်က ပြောလိုက်သည်။
လီချင်းဟွာက ခေါင်းညိတ်လိုက်ပြီး "ဒါလည်း ကောင်းပါတယ်... ဆရာလင်းက ငါတို့ပို့လိုက်တဲ့ သတင်းကို ရပြီလား မရသေးဘူးလား မသိဘူး" ဟု ဆိုသည်။
"ကျိဖုန်းရဲ့ အလျင်နဲ့ဆိုရင် ထိုက်ယန်တောင်ကို ရောက်နေလောက်ပါပြီ... ထိုက်ယန်တောင်နဲ့ ဒီနေရာက မိုင်အနည်းငယ်ပဲ ဝေးတာဆိုတော့... ဆရာလင်းရဲ့ အလျင်နဲ့ဆိုရင် မိနစ်ပိုင်းအတွင်း ရောက်လာနိုင်လောက်တယ်"
စကားပြောနေရင်းဖြင့် ထိုနှစ်ဦးသည် မီယွမ်မိုးသစ်တောသို့ ရောက်ရှိလာကြသည်။
မီယွမ်မိုးသစ်တောသို့ ရောက်ရောက်ချင်းမှာပင် ကင်းလှည့်တပ်ဖွဲ့ထဲမှ လူတစ်ဦး အပြေးအလွှား ရောက်လာပြီး "ခေါင်းဆောင်ကျောက်... ဆရာလင်း ရောက်နေပြီဗျ" ဟု လျင်မြန်စွာ သတင်းပို့လေသည်။
ကျောက်ခိုင်က ထိုစကားကို ကြားသောအခါ ရုတ်တရက် ဝမ်းသာသွားပြီး လီချင်းဟွာနှင့် အကြည့်ချင်း ဖလှယ်လိုက်ရာ နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာကြသည်။
"ပြောရင်းဆိုရင်းနဲ့ ရောက်လာပြီပဲ... သွားကြစို့"
ထိုနှစ်ဦးသည် မီယွမ်မိုးသစ်တောထဲသို့ ချက်ချင်း ဝင်ရောက်သွားကြပြီး မကြာမီမှာပင် မိုးသစ်တော အလယ်ဗဟိုရှိ မြို့တော်အတွင်းသို့ ရောက်ရှိသွားကြသည်။
ယခုအခါ ထိုနေရာသည် အသွင်အပြင်များ များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မီယွမ်မိုးသစ်တော အလယ်ဗဟိုသည် မူလက ရေနတ်ဘုရားဂိုဏ်း၏ ဌာနချုပ်ဖြစ်ခဲ့သော်လည်း ယခုအခါ ထိုက်ယန်တောင်၏ ရုံးခွဲအဖြစ် ပြုပြင်မွမ်းမံထားပြီး ဖြစ်သည်။
ဤနေရာသည် ထိုက်ယန်တောင်၏ မြို့ပြစီမံကိန်းကို အတုယူထားခြင်း ဖြစ်သည်။ စစ်ဘက်ဆိုင်ရာနယ်မြေ၊ မိသားစုဝင်များနယ်မြေ၊ နေထိုင်မှုနယ်မြေ၊ နေရောင်ခြည်ဇုန် အစရှိသည့် ဇုန်အမျိုးမျိုး ခွဲခြားထားရုံသာမက ဇုန်တစ်ခုစီတိုင်းတွင် သင်္ကေတအစီအရင် ဒီဇိုင်းများကိုပါ ပြုလုပ်ထားလေသည်။
ထို့အပြင် နောက်ပိုင်းတွင် ယာဉ်ပျံများကဲ့သို့သော ပျံသန်းရေးယာဉ်များကို ရပ်နားရန်အတွက် လေဆိပ်ကဲ့သို့ ရပ်နားရန်နေရာများကိုပါ အနီးအနားတွင် တည်ဆောက်ထားသေးသည်။
ယခုအချိန်တွင် ထိုနှစ်ဦးသည် စစ်ဘက်ဆိုင်ရာနယ်မြေ ဌာနချုပ်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
ဤနေရာသည် ပုံမှန်အားဖြင့် ကျောက်ခိုင် ကိစ္စရပ်များကို ဖြေရှင်းသည့် နေရာဖြစ်ပြီး သူ၏ နေ့စဉ်လေ့ကျင့်ခန်း လုပ်ရာ နေရာလည်း ဖြစ်သည်။
အထဲသို့ ဝင်လိုက်သည်နှင့် ဧည့်ခန်းထဲတွင် ထိုင်နေသော လင်းယွမ်ကို မြင်တွေ့လိုက်ရပြီး လျှိုဖေးဖေးက သူ့ကို ရယ်မောကာ စကားပြောနေသည်။
"ဒီအတောအတွင်း တကယ်ကို အလုပ်ရှုပ်နေတာ... ကျွန်မ အမမေတို့ကို သွားမကြည့်ဖြစ်တာတောင် အတော်ကြာပြီ... လင်းတုတုလေးရော အခု ဘယ်လိုနေလဲဟင်" လျှိုဖေးဖေးက ရန်မေနှင့် ကလေး၏ အခြေအနေကို မေးမြန်းနေသည်။
လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။ "အားလုံး နေကောင်းကြပါတယ်... အခုဆို ကုတင်ပေါ်မှာတောင် တွားသွားနေတတ်ပြီ"
လျှိုဖေးဖေးက တခစ်ခစ်ရယ်မောလိုက်ပြီး လင်းတုတု၏ ချစ်စရာကောင်းသော ပုံစံလေးကို မြင်ယောင်ကာ မနေနိုင်ဘဲ ပြောလိုက်သည်။ "လင်းတုတုလို ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက် ရှိနေတဲ့ အစ်ကိုလင်းတို့ကို ကျွန်မ တကယ် အားကျမိတာပဲ"
လင်းယွမ်က ရယ်မောလျက် ဆိုသည်။ "နင်နဲ့ ကျောက်ခိုင်လည်း လက်ထပ်ထားတာ အတော်ကြာနေပြီပဲ... ကလေးယူဖို့ စဉ်းစားသင့်တဲ့ အချိန်ရောက်နေပြီလေ"
"အို... ကျွန်မတို့နှစ်ယောက်စလုံးက အရမ်းအလုပ်ရှုပ်နေတော့ ကလေးထိန်းဖို့ အချိန်မှ မရှိတာ"
လင်းယွမ်က ရယ်မောလိုက်ပြီး "နင်ရဲ့ အဖေလည်း ဘာအလုပ်မှ မရှိဘူးမလား... နင်တို့နှစ်ယောက်အတွက် ကလေး ထိန်းပေးလို့ ရတာပဲ" ဟု ပြောလိုက်သည်။
"အဲဒါတော့ မဖြစ်ဘူး... ကျွန်မအဖေက ကျွန်မကို တစ်ယောက်တည်းနဲ့ ဒီအရွယ်ရောက်တဲ့အထိ ပြုစုပျိုးထောင်လာခဲ့ရတာ... အခုဆို သူလည်း သူ့ဟာသူ အေးအေးဆေးဆေး နေသင့်နေပြီလေ... သူ အသက်ကြီးမှ အချစ်ရှာမယ်ဆိုရင်တောင် ကျွန်မက အားပေးဦးမှာ" လျှိုဖေးဖေးက တခစ်ခစ် ရယ်မောလျက် ပြန်ဖြေသည်။
လင်းယွမ်သည်လည်း ငိုရခက် ရယ်ရခက် ဖြစ်သွားပြီး "နင့်အဖေက အသက် ငါးဆယ်စွန်းစွန်းလေးပဲ ရှိသေးတာ... ဘယ်ကလာ အသက်ကြီးမှ အချစ်ရှာရမှာလဲ" ဟု ဆိုလိုက်သည်။
"အခုခေတ်လူတွေက ကပ်ဘေးမတိုင်ခင်က လူတွေနဲ့ မတူတော့ဘူးလေ... နင့်အဖေကလည်း အစွမ်းပိုင်ရှင်တစ်ယောက်ပဲဟာ... အသက် ငါးဆယ်ဆိုတဲ့ အနေအထားက ငယ်သေးတယ်လို့တောင် ပြောလို့ရတယ်"
"နောက်ပြီးတော့... ကလေးထိန်းပေးမယ့်သူ မရှိဘူးဆိုရင်လည်း ကလေးထိန်း ငှားလို့ရတာပဲ... တကယ်လို့ အဆင်မပြေဘူးဆိုရင်တောင် ငါ့အိမ်မှာ လာထားလေ... နင့်ရဲ့ အမလင်းယာကို ဝိုင်းထိန်းခိုင်းလိုက်လို့ရတယ်... လင်းတုတုနဲ့လည်း အဖော်ရသွားတာပေါ့"
လျှိုဖေးဖေးက ထိုစကားကို ကြားသောအခါ အတော်လေး စိတ်လှုပ်ရှားသွားသည်။ အဓိကအချက်မှာ သူမ၏ကလေးသည် လင်းယွမ်၏သားနှင့်အတူ ကြီးပြင်းလာခွင့်ရမည်ဆိုပါက နောက်ပိုင်းတွင် သေချာပေါက် အနာဂတ်တောက်ပမည် ဖြစ်သောကြောင့်ပင်။
ထိုနှစ်ဦး စကားပြောနေစဉ်မှာပင် ကျောက်ခိုင်နှင့် လီချင်းဟွာတို့ အထဲသို့ ဝင်လာကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျောက်ခိုင်၏ မျက်နှာမှာ အနည်းငယ် အနေရခက်သွားပြီး "အစ်ကိုလင်း" ဟု အလျင်အမြန် ခေါ်လိုက်သည်။
လင်းယွမ်သည် ထိုနှစ်ဦး ဝင်လာသည်ကို စောစောကတည်းက သတိထားမိပြီးဖြစ်ရာ ပြုံးလျက် "ပြန်လာကြပြီလား" ဟု မေးလိုက်သည်။
လျှိုဖေးဖေးသည်လည်း အလျင်အမြန် မတ်တတ်ထရပ်လိုက်ပြီး "အစ်ကိုလင်း ရောက်နေတာ အတော်ကြာပြီ... ရှင်တို့က ဘယ်လိုလုပ် အခုမှ ပြန်ရောက်လာကြတာလဲ" ဟု မေးလိုက်သည်။
လီချင်းဟွာက "ဆရာလင်း... ချန်ချုံးတောင်မှာ ဖြစ်သွားတဲ့ကိစ္စကို ဆရာ မြင်လိုက်လား" ဟု မေးလိုက်သည်။
လင်းယွမ်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး "ဒီလောက်ကြီးတဲ့ လှုပ်ရှားမှုကို... ငါတောင် မီယွမ်မိုးသစ်တောထဲကနေ ကြားလိုက်ရတယ်" ဟု ပြန်ဖြေသည်။
လျှိုဖေးဖေးက "ဟိုဘက်မှာ ဘာတွေ ဖြစ်ခဲ့လို့လဲ" ဟု မေးလိုက်သည်။
ကျောက်ခိုင်က တိမ်မြူကျွန်းတွင် ဖြစ်ပျက်ခဲ့သမျှကို ချက်ချင်းပင် တစ်ခေါက် ပြန်လည်ပြောပြလိုက်သည်။
ထို့နောက် လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။ "အစ်ကိုလင်း... ကျန်းယွီကျန်း ပြောပုံအရဆိုရင် ဒီယာဉ်ပျံတွေက မုန်ယာကုမ္ပဏီက လူတွေ ဖြစ်နေတယ်... ဒီမုန်ယာကုမ္ပဏီက တကယ်ပဲ နောက်ခံအင်အား အတော်ကြီးမားပုံရတယ်"
"ကုန်းပေါ်မှာ သံချပ်ကာကားတပ်ဖွဲ့ ရှိရုံတင်မကဘူး... ယာဉ်ပျံတွေကိုတောင် တည်ဆောက်နိုင်တဲ့အထိ ဖြစ်နေပြီ... လေပေါ်ကျွန်းကိုတောင် သိမ်းပိုက်ထားနိုင်ပြီတဲ့"
"ဒါပေမဲ့ သူတို့က ဘာကြောင့် တိမ်မြူကျွန်းကို မဖြစ်မနေ ဖျက်ဆီးချင်နေရတာလဲ ဆိုတာကိုတော့ မသိရသေးဘူး"
လီချင်းဟွာက ဝင်ပြောလိုက်သည်။ "ဆရာလင်း... စစ်တပ်က နယ်မြေအနေအထား အားသာချက်ကို အသုံးချပြီး ရန်သူ့ယာဉ်ပျံ အစင်းနှစ်ဆယ်ကို ချေမှုန်းနိုင်ခဲ့တယ်... ကျွန်တော်တို့လည်း အခွင့်ကောင်းယူပြီး ခုနစ်စင်း ရှစ်စင်းလောက်ကို သယ်လာခဲ့တယ်... အခု ကျွန်တော်တို့ရဲ့ ဟင်းလင်းပြင် အိတ်ထဲမှာ ရောက်နေပြီ"
ကျောက်ခိုင်က ထပ်မံဖြည့်စွက်ပြောဆိုလိုက်သည်။ "ကျွန်တော်က လူတွေကို အရှင်ဖမ်းလာခဲ့သေးတယ်... သူတို့ကို ရေခဲထားတယ်"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ပြောလိုက်၏။ "အလုပ်လုပ်တာ မဆိုးဘူးပဲ... ဒီယာဉ်ပျံတွေထဲမှာ မုန်ယာကုမ္ပဏီရဲ့ အဆင့်မြင့် သင်္ကေတနည်းပညာ အဆင့်အတန်းတွေ ပါဝင်နေတယ်"
"ဒီယာဉ်ပျံတွေ အကုန်လုံးကို ထိုက်ယန်တောင်ဆီ ပို့လိုက်... ထိုက်ယန်တောင် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနကနေ တစ်စစီဖြုတ်ပြီး သုတေသန လုပ်လိမ့်မယ်"
"အရှင်ဖမ်းလာတဲ့ လူတွေကိုတော့ ကြီးကြပ်ရေးအဖွဲ့ဆီ ပို့ပြီး... ကျွမ်းရှုယွမ်တို့ကို စစ်ဆေးမေးမြန်းခိုင်းလိုက်"
ကျောက်ခိုင်နှင့် လီချင်းဟွာတို့က လျင်မြန်စွာ ခေါင်းညိတ်လိုက်ကြပြီး နှစ်ဦးစလုံးသည် ယာဉ်ပျံများနှင့် လူများအားလုံးကို လင်းယွမ်ထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြသည်။
ထိုအချိန်တွင် လီချင်းဟွာက မေးလိုက်သည်။ "ဆရာလင်း... ကျန်းယွီကျန်းက ဆရာ့ကို ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စ ဆွေးနွေးချင်နေတယ်"
"မုန်ယာကုမ္ပဏီက ဒီတစ်ကြိမ်မှာ အကျိုးအမြတ် အများကြီး ဆုံးရှုံးသွားတော့ အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး... အနှေးနဲ့အမြန် သေချာပေါက် ပြန်လာဦးမှာပဲ"
"အဲဒီအချိန်ရောက်ရင် ဒီလို ယာဉ်ပျံအစင်းရေ အနည်းငယ်နဲ့ ဝင်တိုက်တာလောက် ရိုးရှင်းမှာ မဟုတ်တော့ဘူး... အခု သူက အရမ်းကို စိတ်လောနေပြီး ထိုက်ယန်တောင်နဲ့ မဟာမိတ်ဖွဲ့နိုင်ဖို့ မျှော်လင့်နေတယ်"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ရုတ်တရက် ရယ်မောလိုက်သည်။ "မဟာမိတ်ဖွဲ့မယ် ဟုတ်လား... အရင်တုန်းက ဘာသာရေးဂိုဏ်းကြီး သုံးခုက ငါတို့ရဲ့ ထိုက်ယန်တောင်ကို ဝိုင်းရံတိုက်ခိုက်ခဲ့တုန်းကလည်း... ငါတို့က သူတို့ဆီသွားပြီး မဟာမိတ်ဖွဲ့ဖို့ ကြိုးစားခဲ့ဖူးတာပဲ"
"အဲဒီအချိန်တုန်းက သူတို့ရဲ့ သဘောထားက အရမ်းကို မာနကြီးလွန်းတယ်... သူတို့ စေလွှတ်လိုက်တဲ့ လူတွေက ငါတို့ ထိုက်ယန်တောင်မှာ ဗိုလ်ကျစိုးမိုးပြီး ငါတို့ရဲ့ သတ္တုတွင်းတွေကို ခိုးတူးခဲ့ကြတယ်... ထိုက်ယန်တောင်ရဲ့ ရိက္ခာတွေနဲ့ ငါးတွေကိုလည်း ခိုးထုတ်သွားကြသေးတာ"
"အခုတော့ ကံကြမ္မာက တစ်ပတ်လည်သွားပြီ... သူတို့က ငါတို့ဆီ လာပြီး အကူအညီတောင်းရမယ့် အလှည့် ရောက်လာပြီပေါ့"
ကျောက်ခိုင်ကလည်း ရယ်မောလိုက်ပြီး မေးလိုက်သည်။ "အစ်ကိုလင်း... ဒါဆိုရင် သူတို့နဲ့ ပူးပေါင်းမှာလား"
လင်းယွမ်က ပြုံးလိုက်ရာ သူ၏ မျက်ဝန်းများအတွင်း၌ စူးရှသော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသည်။ "သေချာတာပေါ့... ငါလည်း သူ့ကို သွားရှာတော့မလို့ပဲ"
ဆက်ရန်...