← Chapters

အခန်း (၇၃၁-၇၃၂)

Vol. 37 Ch. 731-732

အခန်း (၇၃၁-၇၃၂)

Vol. 37 Ch. 731-732

အပိုင်း(၇၃၁) ကျန်းယွီကျန်း၏ အကြံအစည်

လင်းယွမ်က စိတ်ဝင်စားသွားပြီး ကျန်းယွီကျန်းကို ကြည့်လေသည်။

"ခင်ဗျားက ဒီလောက်တောင် ယုံကြည်ချက်ရှိနေတာဆိုတော့ ကျွန်တော်လည်း သိချင်လာပြီ... ခင်ဗျားတို့ စစ်တပ်မှာ ကျွန်တော့်ကို စိတ်ဝင်စားစေလောက်တဲ့ ပစ္စည်း ဘာများရှိနေသေးလို့လဲ"

ကျန်းယွီကျန်းက လေးနက်သောအသံဖြင့် ပြောလေသည်။ "တိမ်မြူကျွန်းရဲ့ နှလုံးအမြူတေ"

လင်းယွမ်၏ မျက်ခုံးများ ပင့်တက်သွားပြီး အနည်းငယ် အံ့အားသင့်သွားသည်။

ကျန်းယွီကျန်းက တိမ်မြူကျွန်း၏ နှလုံးအမြူတေကို အသုံးပြုကာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို မြှင့်တင်မည့် နည်းလမ်းနှင့် လာရောက် လဲလှယ်နေသည်လား။

သိထားရမည်မှာ လက်ရှိ စစ်တပ်၏ တစ်ခုတည်းသော ပိုင်နက်နယ်မြေသည် ဤတိမ်မြူကျွန်း ဟုခေါ်သော ရေပေါ်ကျွန်းပင် ဖြစ်လေသည်။

အကယ်၍ နှလုံးအမြူတေကိုသာ ထုတ်၍ အလဲအလှယ် လုပ်လိုက်မည်ဆိုပါက ချိုးငှက် စစ်တပ်တစ်ဖွဲ့လုံး၏ ရှင်သန်ရပ်တည်ရေး အခွင့်အလန်းကို ထုတ်ပေးလိုက်ခြင်းနှင့် ဘာမျှ ကွာခြားမည်မဟုတ်ပေ။

ကျန်းယွီကျန်း စကားစလိုက်သည်နှင့် ဘေးနားရှိ ဖုန်းကျန့်ကုန်း၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားသည်။

ဖုန်းကျန့်ကုန်းက ချက်ချင်း ဝင်ပြောသည်။ "မဖြစ်ဘူး... အလဲအလှယ်လုပ်မယ်ဆိုရင်တောင် ငါ့ဆီမှာရှိတဲ့ ဦးနှောက်အမြူတေနဲ့ပဲ လုပ်ရမယ်"

လင်းယွမ် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး စိတ်ထဲတွင် သဘောပေါက်သွားသည်။

တိမ်မြူကျွန်းရှိ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့သည် သူတို့နှစ်ဦးထံတွင် အသီးသီး ရှိနေကြခြင်း ဖြစ်ပေသည်။

သူတို့နှစ်ဦး အမြဲတမ်း ပူးပေါင်းပြီး ရေပေါ်ကျွန်းတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

ကျန်းယွီကျန်းက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောသည်။ "မင်းက ငါတို့ စစ်တပ်အတွက် အများကြီး စွန့်လွှတ်အနစ်နာခံပြီးပြီပဲ"

"ကျန့်ကုန်း... ဦးနှောက်အမြူတေကိုတော့ မင်းပဲ သိမ်းထားလိုက်ပါ"

"အစ်ကိုကျန်း" ဖုန်းကျန့်ကုန်းက တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ကျန်းယွီကျန်းက တားမြစ်ခဲ့သည်။

သူက ပြုံးလိုက်ပြီး "ဆက်မပြောပါနဲ့တော့... မင်းက ဦးနှောက်အမြူတေနဲ့ လဲလှယ်ချင်ရင်တောင် ကိုလင်းယွမ်က သဘောတူချင်မှ တူမှာ"

ထိုသို့ပြောရင်း လင်းယွမ်ကို လှမ်းကြည့်လေသည်။

လင်းယွမ်က ခေတ္တ တွေးတောလိုက်သည်။ နှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေအကြား သူသည် နှလုံးအမြူတေကို ပို၍ လိုချင်နေသည်မှာ အမှန်ပင်။

နှလုံးအမြူတေက ရေပေါ်ကျွန်းပေါ်ရှိ တောင်ကုန်းတောင်တန်းများ... မြေမျက်နှာသွင်ပြင်များအားလုံးနှင့် ကျွန်း၏ ရွေ့လျားရာလမ်းကြောင်းကိုပါ ထိန်းချုပ်နိုင်စွမ်း ရှိသည်။

ဦးနှောက်အမြူတေကမူ ကျွန်းပေါ်ရှိ သက်ရှိအားလုံး၏ တည်နေရာ အချက်အလက်များနှင့် ကျွန်းပေါ်ရှိ ပုံမှန်မဟုတ်သော အခြေအနေများကို အာရုံခံနိုင်သည်။

သို့သော် လင်းယွမ်အတွက်မူ ကျွန်းပေါ်ရှိ လူများ၏ အချက်အလက်များကို သိရှိရန် မလိုအပ်ပေ... ကျွန်းပေါ်ရှိ သက်ရှိများကို စီမံခန့်ခွဲရသည့် ခေါင်းစားမည့် အလုပ်မျိုးကို လုပ်ဆောင်ရန် သူ၌ အချိန်နှင့် ခွန်အား မရှိချေ။

ရေပေါ်ကျွန်းတစ်ခုလုံး၏ မြေမျက်နှာသွင်ပြင်ကို တိုက်ရိုက်ထိန်းချုပ်ကာ သယံဇာတများကို ချုပ်ကိုင်ထားနိုင်ခြင်းကသာ အမှန်တကယ် အရေးကြီးသော အရာဖြစ်သည်။

အဆိုးဆုံး တွေးကြည့်မည်ဆိုလျှင် တစ်နေ့နေ့၌ သူ စိတ်မကြည်လင်ပါက နှလုံးအမြူတေကို အသုံးပြု၍ ရေပေါ်ကျွန်းတစ်ခုလုံးကို မှောက်လှန်ပစ်ကာ ကျွန်းပေါ်ရှိ သက်ရှိအားလုံးကို မျက်စိတစ်မှိတ်အတွင်း သုတ်သင်ရှင်းလင်းပစ်နိုင်စွမ်း ရှိပေသည်။

ထို့ကြောင့် အရေးပါမှုအပိုင်းကို ကြည့်လျှင် နှလုံးအမြူတေ၏ အသုံးဝင်မှုက ဦးနှောက်အမြူတေထက် ပိုမို ကြီးမားနေသည်မှာ သေချာလှသည်။

လင်းယွမ် မထင်မှတ်ထားခဲ့သည်မှာ ကျန်းယွီကျန်းက ဤမျှအထိ ရက်စက်စွာ ဆုံးဖြတ်ရဲပြီး ကြီးမားသော တန်ဖိုးကို ပေးဆပ်ကာ မိမိနှင့် လာရောက် အလဲအလှယ် လုပ်လိမ့်မည်ဟုပင်။

သူက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို တကယ်ပဲ အဆင့်မြှင့်တင်ချင်နေသည်လား။

"ကိုလင်းယွမ်... ဒီအလဲအလှယ်ကို ဘယ်လိုမြင်လဲ"

လင်းယွမ် ခေတ္တ စဉ်းစားလိုက်ပြီးနောက် နေရာတွင် ပြန်ထိုင်လိုက်သည်။

"ခင်ဗျား နိုင်ပါတယ်... ဒီအလဲအလှယ်ကို ကျွန်တော်တစ်ကယ် စိတ်ဝင်စားတာအမှန်ပဲ"

"ဒါပေမဲ့ သေချာ စဉ်းစားပြီးပြီလား... တိမ်မြူကျွန်းရဲ့ နှလုံးအမြူတေကို ကျွန်တော့်ဆီ လွှဲပေးလိုက်ရင် နောင်ကျရင် တိမ်မြူကျွန်းတစ်ခုလုံးက ကျွန်တော့်ပိုင်နက် ဖြစ်သွားတော့မှာနော်"

ကျန်းယွီကျန်းက ခေါင်းညိတ်ကာ "သေချာတာပေါ့... ဒါကို ကျွန်တော် သေချာစဉ်းစားပြီးပါပြီ... ဒါပေမဲ့ ဒီအလဲအလှယ်မှာ ကျွန်တော့်ဘက်က ကန့်သတ်ချက် တချို့တော့ ထပ်ထည့်ချင်တယ်"

လင်းယွမ်၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။ "ဘာ ကန့်သတ်ချက်တွေလဲ"

"နှလုံးအမြူတေကို ခင်ဗျားဆီ လွှဲပေးတဲ့အတွက် ခင်ဗျားက ကျွန်တော့်ကို မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ကျော်လွန်နိုင်မယ့် နည်းလမ်းကို ပေးရမယ်"

"ဒုတိယအချက်က တိမ်မြူကျွန်းပေါ်က လူတွေကို ခင်ဗျား နှင်ထုတ်လို့ မရဘူး... သူတို့ ဆက်ပြီး ဒီပေါ်မှာ နေထိုင်ခွင့် ပေးရမယ်"

"နောက်ဆုံးအချက်က စစ်တပ်ရဲ့ လူအင်အား... လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်ပြီးတော့ ခင်ဗျားကို ပေးလို့မရဘူး... ဒါတွေက ကျွန်တော်တို့စစ်တပ်ပိုင်ပဲ"

"စစ်တပ်က လူတွေအားလုံးကို ကျွန်တော်တို့ပဲ ဆက်ပြီး စီမံခန့်ခွဲသွားမယ်"

ထိုစကားများကို ကြားလိုက်ရသောအခါ လင်းယွမ်မှာ ဒေါသထွက်လွန်း၍ ရယ်ပင် ရယ်ချင်သွားသည်။ "ခင်ဗျားဆိုလိုချင်တာက ကျွန်တော်က ကျွန်းတစ်ကျွန်းရဲ့ ပိုင်ဆိုင်ခွင့်ကိုပဲ ရပြီး အသုံးပြုခွင့်က ခင်ဗျားတို့လက်ထဲမှာပဲ ရှိနေဦးမယ်ပေါ့လေ"

"ဒါဆိုရင် ဒီကျွန်းကို ကျွန်တော်က ဘာလုပ်ရမှာလဲ"

ကျန်းယွီကျန်းက ခေါင်းခါယမ်းလိုက်ပြီး... "ကိုလင်းယွမ်... ပူးပေါင်းဆောင်ရွက်မှုဆိုတာ အစပိုင်းမှာ အခက်ခဲဆုံးပဲ"

"ခင်ဗျားက ပိုင်ဆိုင်ခွင့် ရသွားပြီဆိုရင် နောင်ကျရင် စစ်တပ်က ခင်ဗျားဆီကို ဖြည်းဖြည်းချင်း အညံ့ခံလာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်"

"ဒါပေမဲ့ အဲဒီလို မဖြစ်ခင်မှာ ကျွန်တော့်ရဲ့ လက်အောက်ငယ်သားဟောင်းတွေအတွက် အခွင့်ထူးခံ အခြေအနေတစ်ခုကို အရင် ဖန်တီးပေးဖို့ လိုအပ်တယ်"

သို့သော် လင်းယွမ်က အေးစက်စက် ပြုံးလိုက်သည်။ "ခင်ဗျား ပြောတာတွေက နားထောင်လို့တော့ ကောင်းပါတယ်... ခင်ဗျား ဒီလိုလုပ်တာက ဒီကျွန်းကို အမည်ခံသက်သက် ကျွန်တော့်လက်အောက် ထည့်ပေးလိုက်တာနဲ့ အတူတူပဲ"

"ဒီလိုဆိုရင် နောက်ကျရင် မုန်ယာကုမ္ပဏီက ပစ်မှတ်ထားလာမယ့်သူတွေက ခင်ဗျားတို့တင် မဟုတ်တော့ဘဲ ထိုက်ယန်တောင် တစ်ခုလုံး ဖြစ်သွားတော့မှာပေါ့"

ကျန်းယွီကျန်းက ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး... "ကိုလင်းယွမ်... နှုတ်ခမ်းမရှိရင် သွားကျိမ်းတယ် ဆိုတဲ့ သဘောတရားကို ကျွန်တော် သိပ်ပြီး ရှင်းပြနေစရာ မလိုဘဲ ခင်ဗျား နားလည်သင့်တယ်"

"မုန်ယာကုမ္ပဏီက အခု ထိုက်ယန်တောင်ကို ပစ်မှတ်မထားဘူး ဆိုရင်တောင်မှ... ကျွန်တော်တို့ စစ်တပ်ကို ချေမှုန်းပြီး တိမ်မြူကျွန်းကို သိမ်းပိုက်ပြီးသွားရင် ဘေးနားမှာ ထိုက်ယန်တောင်လို နေရာကြီး ရှိနေတာကို တွေ့သွားတဲ့အခါ... သူတို့က လျစ်လျူရှုထားမယ်လို့ ခင်ဗျား ထင်နေသလား"

"ခင်ဗျားတို့ ထိုက်ယန်တောင်ကလည်း မုန်ယာကုမ္ပဏီကို အနှေးနဲ့အမြန် ရင်ဆိုင်ရမှာပဲ... စောတာနဲ့ နောက်ကျတာက ဘာမှ မကွာပါဘူး... ကျွန်တော်တို့ နှစ်ဖွဲ့ပေါင်းရင် အကျိုးရှိပြီး ကွဲနေရင်တော့ နှစ်ဖွဲ့လုံး ကျဆုံးရမှာပဲ"

"အဲဒါကလည်း နှလုံးအမြူတေကို ထုတ်ပြီး ခင်ဗျားနဲ့ အလဲအလှယ် လုပ်ချင်ရတဲ့ အဓိက အကြောင်းရင်းပဲ"

ကျန်းယွီကျန်းက ပြုံးလိုက်သည်။ ဤသို့ လုပ်ဆောင်လိုက်ခြင်းဖြင့် ဤအလဲအလှယ်တွင် သူ အများကြီး အရှုံးပေါ်သွားမည် မဟုတ်တော့ပေ။

လင်းယွမ်ထံမှ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို အဆင့်မြှင့်တင်မည့် နည်းလမ်းကို ရရှိနိုင်ရုံသာမက မုန်ယာကုမ္ပဏီထံမှ လာမည့် အန္တရာယ်ကိုပါ လွှဲပြောင်းပေးလိုက်နိုင်ပြီး ထိုက်ယန်တောင်ကိုပါ သူတို့ဘက်သို့ ဆွဲသွင်းနိုင်မည် ဖြစ်သည်။

သူ ပေးဆပ်လိုက်ရသည့် တန်ဖိုးမှာ တိမ်မြူကျွန်း၏ နှလုံးအမြူတေ တစ်ခုတည်းသာ ဖြစ်လေသည်။

လင်းယွမ်က ဒေါသထွက်သွားသည့် ဟန်ဖြင့် အေးစက်စက် ပြောလိုက်သည်။ "ခင်ဗျားက တွက်ခြေကိုက်အောင် ကောင်းကောင်း တွက်တတ်တာပဲ"

"နှလုံးအမြူတေ တစ်ခုတည်းနဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နည်းလမ်းကို လိုချင်ရုံတင် မကဘူး... မုန်ယာကုမ္ပဏီဆီက အန္တရာယ်ကိုပါ ကျွန်တော့်ကို တာဝန်ယူခိုင်းချင်တာလား"

"ကျွန်တော်က ဘယ်လောက်တောင် အချဉ်ရုပ်ပေါက်နေလို့ ခင်ဗျားရဲ့ ဒီလိုကိစ္စမျိုးကို သဘောတူရမှာလဲ"

သူက ဒေါသတကြီး မတ်တတ်ထရပ်လိုက်ပြီး ပြန်ထွက်သွားရန် ပြင်လိုက်သည်။

ဤကဲ့သို့သော အမူအရာကြောင့် ကျန်းယွီကျန်း၏ မျက်မှောင်များ တွန့်ချိုးသွားရသည်။

လင်းယွမ်က ခြေလှမ်းများဖြင့် ထွက်ခွာသွားရင်း စိတ်ထဲမှ တိတ်တဆိတ် ရေတွက်နေလိုက်သည်။ တစ်... နှစ်... သုံး...

သူ ခြေငါးလှမ်း မပြည့်ခင်မှာပင် ကျန်းယွီကျန်းက သူ့ကို လှမ်းခေါ်ကာ တားလိုက်သည်။

"နေပါဦး"

လင်းယွမ်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ကျန်းယွီကျန်းကို ကျောခိုင်းထားသော သူ၏မျက်နှာပေါ်တွင် မသိမသာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

သူက တည်ငြိမ်စွာဖြင့်... "ခင်ဗျား ဘာပြောစရာ ရှိသေးလို့လဲ"

ကျန်းယွီကျန်းက သက်ပြင်းချကာ... "ကိုလင်းယွမ်... ဒီအစီအစဉ်ကို ခင်ဗျား သဘောမတူဘူး ဆိုရင်လည်း... ခင်ဗျားရဲ့ တောင်းဆိုချက်ကို ပြောပြပါလား"

ထိုအခါမှသာ လင်းယွမ်က နောက်သို့ လှည့်ကြည့်လိုက်ပြီး ကျန်းယွီကျန်းအား တည်ငြိမ်စွာ ပြောလိုက်သည်။ "ခင်ဗျားတို့က ကျွန်တော့်ကို မုန်ယာကုမ္ပဏီနဲ့ အတူတူ ရင်ဆိုင်စေချင်တယ်ဆိုရင်လည်း လွယ်ပါတယ်... နှလုံးအမြူတေကို ကျွန်တော့်ဆီ လွှဲပေးပြီးတာနဲ့ စစ်တပ်ရဲ့ ထိန်းချုပ်ခွင့်ကိုပါ ကျွန်တော့်ဆီ ပေးရမယ်... လူတွေ ခန့်အပ်တာ... ဝန်ထမ်းရေးရာ ကိစ္စတွေ အကုန်လုံးမှာ ကျွန်တော် ဝင်ပါပြီး အသစ်ပြန်လည် ဖွဲ့စည်းမယ်"

"ခင်ဗျားတို့ဘက်က အဖွဲ့ငယ်လေး တစ်ခုတော့ ချန်ထားခွင့် ရှိတယ်... ဒါပေမဲ့ လူအင်အား နှစ်ရာထက် မပိုရဘူး"

"နောက်ပြီး စစ်တပ်ရဲ့ လျှို့ဝှက်စာရွက်စာတမ်း အားလုံးကို ဘာကန့်သတ်ချက်မှ မရှိဘဲ ကျွန်တော့်ကို ကြည့်ခွင့်ပေးရမယ်... သုတေသန ရလဒ်တွေ အားလုံးကိုလည်း ထိုက်ယန်တောင် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဌာနကို ဘာကန့်သတ်ချက်မှ မရှိဘဲ မျှဝေပေးရမယ်"

လင်းယွမ်က သူ၏ တောင်းဆိုချက်များကို တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ပြောဆိုလိုက်သည်။

သို့သော် ထိုတောင်းဆိုချက်များ ထွက်ပေါ်လာသည်နှင့် ကျန်းယွီကျန်းနှင့် ဖုန်းကျန့်ကုန်းတို့၏ မျက်နှာများမှာ ချက်ချင်း ပျက်ယွင်းသွားကြသည်။

"မဖြစ်နိုင်တာ"

ဖုန်းကျန့်ကုန်းက ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ "ဒီလိုဆိုရင် အဲဒါကို အလဲအလှယ်လို့ ခေါ်လို့ ရပါဦးမလား... ဒါက ငါတို့စစ်တပ်က မင်းတို့ ထိုက်ယန်တောင်ဆီကို တိုက်ရိုက် သွားရောက် ခိုလှုံလိုက်တာနဲ့ ဘာကွာတော့မှာလဲ"

လင်းယွမ်က တည်ငြိမ်စွာဖြင့် ပြောသည်။ "ကျွန်တော်က ခင်ဗျားတို့နဲ့ ပူးပေါင်းချင်မှလည်း ပူးပေါင်းမှာပေါ့... ခင်ဗျားတို့ မုန်ယာကုမ္ပဏီရဲ့ ချေမှုန်းတာကို ခံရပြီး လူတွေ သေကုန်တဲ့အထိ စောင့်နေလိုက်ရင်... အဲဒီကျမှ ကျွန်တော် ဝင်ပါပြီး တိမ်မြူကျွန်းကို အလွယ်လေး သိမ်းပိုက်လို့ ရတာပဲ"

ကျန်းယွီကျန်းက မျက်နှာထား တင်းမာစွာဖြင့် ချက်ချင်း ပြန်ပြောသည်။ "ငါတို့ သေသွားရင် မင်းလည်း တိမ်မြူကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ရမှာ မဟုတ်ဘူး"

လင်းယွမ်က အေးဆေးစွာပင် တုံ့ပြန်သည်။ "ကိစ္စမရှိပါဘူး... နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေ ဆိုတာကလည်း ရေပေါ်ကျွန်းရဲ့ လမ်းကြောင်းနဲ့ မြေမျက်နှာသွင်ပြင်ကို ထိန်းချုပ်ပေးတာလောက်ပါပဲ... အခု ကျွန်တော့်လက်ထဲမှာ ရေပေါ်ကျွန်း ငါးကျွန်း ရှိနေပြီဆိုတော့ ပိုင်နက်နယ်မြေက လုံလောက်နေပါပြီ"

"ငါးကျွန်း ဟုတ်လား" ကျန်းယွီကျန်း ကြောင်သွားပြီး နားမလည်နိုင် ဖြစ်သွားသည်။

ဖုန်းကျန့်ကုန်းကလည်း သံသယဖြင့်... "မီယွမ်မိုးသစ်တောကျွန်း... မြေဝါနတ်ဘုရားကျွန်း... ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်... တွင်းနက်အရိပ်ရေပေါ်ကျွန်း... အဲဒါ လေးကျွန်းပဲ မဟုတ်ဘူးလား"

လင်းယွမ်က တည်ငြိမ်စွာဖြင့် "ကြည့်ရတာ ခင်ဗျားတို့ရဲ့ သတင်းအချက်အလက်တွေက တကယ် နောက်ကျနေတာပဲ... ထောက်လှမ်းရေး အလုပ်တွေက သုံးမရဘူး ဖြစ်နေပြီ... မြူခိုးမြို့တော် ရေပေါ်ကျွန်းကိုလည်း ကျွန်တော် သိမ်းပိုက်ပြီးသွားပြီလေ"

ထိုစကားကို ကြားလိုက်ရသောအခါ စစ်တပ်ခေါင်းဆောင်ကြီး နှစ်ဦး၏ မျက်နှာများမှာ ထပ်မံ ပျက်ယွင်းသွားကြပြန်သည်။

ထိုအခိုက်အတန့်တွင်မှ ဤလင်း ဆိုသောလူက အမှန်တကယ်ပင် တိမ်မြူကျွန်းလောက်ကို ဂရုမစိုက်ကြောင်း သူတို့ နားလည်သွားကြတော့သည်။

ဖုန်းကျန့်ကုန်းက မနေနိုင်ဘဲ ပြောလိုက်သည်။ "အဲဒီလို ဆိုရင်တောင်မှ မုန်ယာကုမ္ပဏီက ထိုက်ယန်တောင်ကို တိုက်ခိုက်လာမှာကို မင်း မကြောက်ဘူးလား"

"မုန်ယာကုမ္ပဏီရဲ့ အင်အားဘယ်လောက်ကြီးလဲဆိုတာကို မင်းလည်း သိထားပြီးပြီ မဟုတ်လား"

"ကျောက်ခိုင်နဲ့ လီချင်းဟွာတို့က မုန်ယာကုမ္ပဏီရဲ့ ယာဉ်ပျံတွေ တိုက်ခိုက်တာ ဘယ်လောက် ပြင်းထန်သလဲဆိုတာ ကိုယ်တိုင် မျက်မြင်ကြုံခဲ့ရတာ... သူတို့ မင်းကို ပြောပြပြီးလောက်ပြီ မဟုတ်လား"

"ဒါက မုန်ယာကုမ္ပဏီရဲ့ ယာဉ်ပျံ အစင်းနှစ်ဆယ်တည်း ရှိသေးတာ... နောက်တစ်ခေါက် သူတို့ ထပ်လာရင် အစင်းနှစ်ဆယ်လောက်နဲ့ ပြီးမှာ မဟုတ်တော့ဘူး"

"ငါတို့တောင် မတားဆီးနိုင်တာကို မင်းတို့ ထိုက်ယန်တောင်က တားဆီးနိုင်မယ်လို့ ထင်နေတာလား"

"မင်းက ဉာဏ်ကောင်းတဲ့သူပါ... ငါတို့ သုတ်သင်ခံလိုက်ရရင် မုန်ယာကုမ္ပဏီက မင်းတို့ကို အလွတ်ပေးထားမှာ မဟုတ်ဘူး ဆိုတာကို မင်း နားမလည်တာတော့ မဖြစ်နိုင်ပါဘူး"

လင်းယွမ်က ခေါင်းမော့ကာ ဖုန်းကျန့်ကုန်း၏ အကြည့်ကို ရင်ဆိုင်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။ "ကျွန်တော်တို့ ထိုက်ယန်တောင်က ဒီ မုန်ယာကုမ္ပဏီကို မတားဆီးနိုင်ဘူးလို့ ခင်ဗျား ဘယ်လိုလုပ် ပြောနိုင်တာလဲ"

ထိုစကားကို ကြားလိုက်ရသောအခါ ဖုန်းကျန့်ကုန်းနှင့် ကျန်းယွီကျန်းတို့ နှစ်ဦးစလုံး မှင်သက်သွားကြသည်။

စစ်တပ်၏ အင်အားနှင့်ပင် မုန်ယာကုမ္ပဏီကို ရင်ဆိုင်ရန် နည်းလမ်းမရှိဟု သူတို့က ထင်မှတ်ထားခဲ့ကြသည်။

ထိုသို့ဆိုလျှင် အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်သော ထိုက်ယန်တောင်က မုန်ယာကုမ္ပဏီကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။

သို့သော် ယခု လင်းယွမ်၏ ဤစကားတစ်ခွန်းက သူတို့ကို ရုတ်တရက် သတိဝင်သွားစေသည်။

ထိုက်ယန်တောင်သည် အစောပိုင်းက သူတို့ သိထားခဲ့သော ထိုက်ယန်တောင် မဟုတ်တော့။

ထိုက်ယန်တောင်သည် သူတို့ကိုယ်ပိုင် ယာဉ်ပျံများကိုပင် ထုတ်လုပ်နိုင်နေပြီ ဖြစ်သည်။

ထိုက်ယန်တောင်က မုန်ယာကုမ္ပဏီကို တကယ်ပဲ တိုက်ခိုက်နိုင်စွမ်း ရှိနေပြီလား။

အကယ်၍ သူတို့တွင် ထိုကဲ့သို့သော အင်အားမျိုး ရှိနေမည်ဆိုလျှင် စစ်တပ်က အချိန်မရွေး ပေါက်ကွဲနိုင်သော မီးတောင်ဝတွင် ထိုင်နေသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။

ထိုက်ယန်တောင်က အချိန်မရွေး သူတို့ကို ဝါးမျိုပစ်နိုင်လေသည်။

လင်းယွမ်က သူတို့နှစ်ဦးကို ကြည့်ရင်း အပြုံးတစ်ဝက်ဖြင့် ရှိနေသည်။

သူတို့နှစ်ဦး စိတ်ထဲ၌ တွေးတောနေသည်များကို သူ ရိပ်မိနေကြောင်း သိသာလှသည်။

"ခင်ဗျားတို့ နှစ်ယောက်... ခေတ်က ပြောင်းသွားပြီ... မုန်ယာကုမ္ပဏီ မရှိရင်တောင်မှ ကျွန်တော့်ရဲ့ မျက်စိအောက်မှာ ကျွန်တော့်ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ အဖွဲ့အစည်းတစ်ခုက အဆက်မပြတ် ကြီးထွားလာတာကို ကျွန်တော် လုံးဝ ခွင့်ပြုထားမှာ မဟုတ်ဘူး ဆိုတာကို ခင်ဗျားတို့ နားလည်သင့်တယ်"

"ပွင့်ပွင့်လင်းလင်း ပြောရရင် တပ်မှူးကြီးကျန်းက ဒီကနေ့ တိမ်မြူကျွန်းရဲ့ နှလုံးအမြူတေကို အသုံးပြုပြီး ကျွန်တော်နဲ့ လာရောက် အလဲအလှယ် လုပ်တာကို ကျွန်တော် တော်တော်လေး အံ့ဩမိတယ်... ဒါပေမဲ့ အရမ်းလည်း ဝမ်းသာပါတယ်"

"အနည်းဆုံးတော့ ကျွန်တော်က ပြင်းထန်တဲ့ နည်းလမ်းတွေကို အသုံးမပြုဘဲ တိမ်မြူကျွန်းကို ရနိုင်တာပေါ့"

"အခု ခင်ဗျားတို့ကို ကျွန်တော် ရွေးချယ်စရာ နှစ်ခု ပေးမယ်... ထိုက်ယန်တောင်ထဲ ဝင်ပြီး အားလုံး အတူတူ မုန်ယာကုမ္ပဏီကို ရင်ဆိုင်ကြမလား"

"စည်းကမ်းချက်တွေကတော့ ကျွန်တော်ပြောတဲ့အတိုင်းပဲ... အနည်းဆုံးတော့ ခင်ဗျားတို့လူတွေက လွတ်လပ်ခွင့် ရနိုင်သေးတယ်... ခင်ဗျားတို့ နှစ်ယောက်လည်း အသက်ရှင်ခွင့် ရမယ်... တိမ်မြူကျွန်းရဲ့ ဦးနှောက်အမြူတေကိုတောင် ကိုင်စွဲထားနိုင်ပြီး ဒီကျွန်းရဲ့ အာဏာတစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ခွင့် ရလိမ့်မယ်"

"ဒါမှမဟုတ်ရင် မုန်ယာကုမ္ပဏီရဲ့ ဒုတိယအကြိမ် တိုက်ခိုက်မှု ရောက်လာတာကို စောင့်နေကြ... မုန်ယာကုမ္ပဏီက ခင်ဗျားတို့ကို ချေမှုန်းပြီးသွားတဲ့အခါကျမှ ကျန်တဲ့ပြဿနာတွေကို ကျွန်တော် လာရှင်းမယ်"

"ဒါပေမဲ့ အဲဒီအချိန် ရောက်သွားရင်တော့ ခင်ဗျားတို့က ကျွန်တော်နဲ့ လာပြီး စေ့စပ်ညှိနှိုင်းခွင့် ရမှာ မဟုတ်တော့ဘူး"

လင်းယွမ်က ထိုစကားများကို ပြောပြီးနောက် ဆက်မပြောတော့ဘဲ စားပွဲဘေးတွင် ထိုင်ကာ လက်ဖက်ရည်ခွက်ကို မပြီး အေးဆေးစွာပင် လက်ဖက်ရည် သောက်နေလိုက်သည်။

ဖုန်းကျန့်ကုန်းနှင့် ကျန်းယွီကျန်းတို့ အချင်းချင်း အကဲခတ်လိုက်ကြပြီး သူတို့နှစ်ဦးစလုံး၏ မျက်နှာများမှာ အနည်းငယ် ပျက်ယွင်းနေကြသည်။

လင်းယွမ်၏ တောင်းဆိုချက်များက သူတို့ လက်ခံနိုင်သည့် အနိမ့်ဆုံး စံနှုန်းများကို လုံးဝ ချိုးဖျက်ပစ်လိုက်ပြီ ဖြစ်သည်။

ကျန်းယွီကျန်းက မျက်မှောင်များ တွန့်ချိုးကာ ဤကဲ့သို့သော ရလဒ်မျိုးကို လက်မခံနိုင် ဖြစ်နေသည်။

ဖုန်းကျန့်ကုန်းကမူ လင်းယွမ်ကို ကြည့်ရင်း မျက်လုံးများ အရောင်လက်နေသည်။

နောက်ဆုံးတွင် ဖုန်းကျန့်ကုန်းက စကားစလိုက်သည်။

"လင်းယွမ်... မင်းက တိမ်မြူကျွန်းကို လိုချင်တယ်... စစ်တပ်ကို မင်းရဲ့ လက်အောက်ကို သိမ်းသွင်းချင်တယ်ဆိုရင် စောစောက မင်းတောင်းဆိုချက်တွေကို ငါ သဘောတူနိုင်တယ်... ဒါပေမဲ့ ငါ့ဘက်ကလည်း တောင်းဆိုချက် ရှိတယ်"

"ကျန့်ကုန်း"

ကျန်းယွီကျန်းက အလျင်အမြန် ဝင်ပြောကာ သူ့ကို တည်ငြိမ်စေရန် ဖျောင်းဖျချင်နေသည်။

သူတို့နှစ်ယောက် တိုင်ပင်ရခြင်းပင် မရှိသေးဘဲ ဖုန်းကျန့်ကုန်းက သဘောတူလိုက်သည်မှာ မြန်ဆန်လွန်းလှသည်။

သို့သော် ဖုန်းကျန့်ကုန်းက လက်ကာပြလိုက်ပြီး "ငါက ငါ့ကိုယ်ငါ ကိုယ်စားပြုတာပါ... မင်းကို ကိုယ်စားမပြုပါဘူး... တပ်မှူးကြီး... ငါ့တောင်းဆိုချက်ကို နားထောင်ပြီးမှ ဆုံးဖြတ်ချက်ချပါ"

ကျန်းယွီကျန်းက ထိုစကားကို ကြားသောအခါ ဘာမှ ဆက်မပြောတော့ဘဲ "ကောင်းပြီလေ... မင်း ပြောစရာရှိတာ ပြော" ဟုသာ ဆိုလိုက်သည်။

လင်းယွမ်ကလည်း ဖုန်းကျန့်ကုန်းကို လှမ်းကြည့်ကာ မေးလိုက်သည်။ "ခင်ဗျားမှာ ဘာတောင်းဆိုချက် ရှိလို့လဲ"

"မင်းနဲ့ငါ တစ်ပွဲလောက် ယှဉ်ချင်တယ်... ငါ့ကို တရားသဖြင့် အနိုင်ယူပြစမ်းပါ"

ဆက်ရန်...

အပိုင်း(၇၃၂) ဖုန်းကျန့်ကုန်းနှင့် ထပ်မံတိုက်ခိုက်ခြင်း

"စစ်တပ်ရဲ့ အာဏာကို ငါ့လက်ထဲကနေ လွှဲယူဖို့ မင်းတကယ် အရည်အချင်းပြည့်မီရဲ့လား ဆိုတာကို ငါ အတည်ပြုချင်တယ်"

"ငါ့လက်အောက်က ညီအစ်ကိုဟောင်းတွေက ငါ့ကိုယုံကြည်လို့ အမြဲတမ်း ငါ့နောက်ကို လိုက်ခဲ့ကြတာ"

"မင်းက ငါ့ဆီကနေ စစ်တပ်အာဏာကို ယူချင်တယ်ဆိုရင် ငါ့ကို ရင်ဆိုင်တိုက်ခိုက်ပြီး အနိုင်ယူပြ... မင်းမှာ အဲဒီအရည်အချင်းရှိတယ်ဆိုတာ ငါ့ကို သက်သေပြ"

"မဟုတ်ရင်တော့ စစ်တပ်ရဲ့ အာဏာကို မင်းလက်ထဲ ငါ လိုလိုလားလား အပ်မှာ မဟုတ်ဘူး"

ဖုန်းကျန့်ကုန်းက လင်းယွမ်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ တောက်လောင်လာသည်။

လင်းယွမ်၏ ခန္ဓာကိုယ်အတွင်းမှ လှိုင်းလုံးကြီးများပမာ ပြင်းထန်လှသော စွမ်းအင်များကို ခံစားနေရသော်လည်း သူက ဤသို့ လွယ်လွယ်နှင့် အရှုံးမပေးလိုပေ။

လင်းယွမ်၏ အစစ်အမှန် စွမ်းအားကို အတည်ပြုနိုင်ရန်အတွက် သူကိုယ်တိုင် လင်းယွမ်နှင့် တစ်ပွဲတိုက်ခိုက်ရမည် ဖြစ်သည်။

လင်းယွမ် အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် ရယ်မောလိုက်ကာ ခေါင်းအနည်းငယ် ညိတ်ပြပြီး ပြောလိုက်သည်။ "ကောင်းပြီ... ငါ လက်ခံတယ်"

ဖုန်းကျန့်ကုန်းက ချက်ချင်းပင် မေးလိုက်သည်။ "ဒီနေ့ မင်းရဲ့ အခြေအနေ ဘယ်လိုလဲ"

လင်းယွမ်က ပြုံးလိုက်သည်။ "ဘာလဲ... ဒီလောက်တောင် အလောတကြီး ဖြစ်နေတာလား"

"ငါ ထပ်မစောင့်ချင်တော့ဘူး... မုန်ယာကုမ္ပဏီရဲ့ ဒုတိယအကြိမ် တိုက်ခိုက်မှုက သိပ်မကြာခင် ရောက်လာနိုင်တယ်"

"တကယ်လို့ မင်းရဲ့ အခြေအနေ မကောင်းဘူး... ဒီနေ့ အဆင်မပြေဘူးလို့ ထင်ရင်တော့ မင်းကို အချိန်ပေးလို့ ရပါတယ်... ဒါပေမဲ့ အရမ်းကြီး မကြာရင်တော့ အကောင်းဆုံးပဲ" ဖုန်းကျန့်ကုန်းက ခပ်အေးအေးပင် ပြောလိုက်သည်။

လင်းယွမ်မှာ ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ တိုက်ရိုက် မတ်တတ်ထရပ်ကာ ပြောလိုက်သည်။ "မလိုပါဘူး... ငါ အရမ်း အဆင်ပြေနေတယ်... ဒီမှာပဲ စမလား... ဒါမှမဟုတ် တခြားနေရာ သွားမလား"

"ချန်ချုံးတောင်ကို သွားကြတာပေါ့"

ဖုန်းကျန့်ကုန်းလည်း မတ်တတ်ထရပ်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"ကောင်းပြီ"

ကျန်းယွီကျန်း တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ သူတို့နှစ်ဦး၏ အရိပ်များက လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး "ဝှစ်" "ဝှစ်" ဟူသော အသံနှစ်ချက်နှင့်အတူ အစည်းအဝေးခန်းမထဲမှ ပျောက်ကွယ်သွားကြတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းယွီကျန်းမှာ ချက်ချင်း လန့်သွားပြီး ခြေဆောင့်ကာ အော်လိုက်သည်။ "ဟေး"

နောက်တစ်ခဏတွင် သူလည်း အရိပ်တစ်ခုလို လှုပ်ရှားသွားပြီး ထိုနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

ချန်ချုံးတောင်ပေါ်တွင် ရေခဲမိုးများ ရွာသွန်းနေပြီး တောင်ပေါ်သစ်တောများမှာ ရှုပ်ထွေးပရမ်းပတာ ဖြစ်နေသည်။

စစ်မီးလျှံကို ယခုလေးတင် ဖြတ်သန်းထားရသော တောင်ထိပ်မှာ ဖရိုဖရဲ ဖြစ်နေ၏။

အရိပ်နှစ်ခုက အဝေးမှ လျင်မြန်စွာ ပျံသန်းလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်ထိပ်ပေါ်သို့ ရောက်ရှိလာကြသည်။

သူတို့နှစ်ဦး နေရာယူပြီးသည်နှင့် ကျန်းယွီကျန်းလည်း အနောက်မှ ရောက်ရှိလာသည်။

ကျန်းယွီကျန်းက အော်ပြောလိုက်သည်။ "ခင်ဗျားတို့နှစ်ယောက်... ဒီတစ်ခေါက်က စမ်းသပ်ရုံ သက်သက်ပဲနော်... အသက်အန္တရာယ် ထိခိုက်တဲ့အထိ မလုပ်ကြနဲ့"

"ကျန့်ကုန်း... အရမ်းကြီး အသက်နဲ့ရင်းပြီး မတိုက်နဲ့... မုန်ယာကုမ္ပဏီကို ရင်ဆိုင်ဖို့ အားနည်းနည်း ချန်ထားဦး"

ဖုန်းကျန့်ကုန်းက နောက်သို့ လှည့်မကြည့်ဘဲ လင်းယွမ်ကိုသာ စိုက်ကြည့်ရင်း လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "ငါ အလျော့ပေးမှာ မဟုတ်ဘူး"

လင်းယွမ်က အသာပြုံးလိုက်သည်။ "မင်းရဲ့ အစွမ်းအကုန်လုံးကို သုံးလိုက်ပါ... စိတ်ချ... ငါ ကောင်းကောင်း ရင်ဆိုင်နိုင်တယ်"

ဖုန်းကျန့်ကုန်းက လင်းယွမ်ကို စူးရဲစွာ တစ်ချက်ကြည့်လိုက်ပြီး စကားပိုများ မပြောတော့ပေ။

သူ၏ ခန္ဓာကိုယ်မှ သွေးမြူခိုးများ အလုံးအရင်း ပြန့်နှံ့ထွက်ပေါ်လာပြီး ထိုသွေးမြူခိုးများထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို အဆင့်ပိုမြင့်အောင် ကြိုးစားရင်းနဲ့ မျိုးရိုးဗီဇ တစ်စုံကို မှားယွင်း ပေါင်းစပ်မိသွားတယ်"

"အဲဒါကြောင့် ငါ့ရဲ့ မျိုးရိုးဗီဇ ပြိုကွဲမတတ် ဖြစ်သွားခဲ့တယ်... ကံကောင်းလို့ မျိုးရိုးဗီဇ ပြန်ဖွဲ့စည်းနေတာကို အချိန်မီ ရပ်လိုက်နိုင်ပေမဲ့ အချိန်နှောင်းသွားခဲ့ပြီ... ငါ့ခန္ဓာကိုယ်ရဲ့ တချို့အစိတ်အပိုင်းတွေက မထိန်းချုပ်နိုင်ဘဲ သားရဲပုံစံ လက္ခဏာတွေ ပေါ်လာခဲ့တယ်"

"ဒါပေမဲ့ သားရဲပုံစံ ပြောင်းသွားပြီးတဲ့နောက် ဒီလိုအခြေအနေက လုံးဝ ဆိုးရွားနေတာ မဟုတ်ဘူးဆိုတာ ငါ တွေ့လိုက်ရတယ်... ငါ့ရဲ့ တိုက်ခိုက်ရေး ဗီဇက အများကြီး တိုးတက်သွားသလိုပဲ"

"ပြီးတော့ ခန္ဓာကိုယ်ကို မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းပြီးတဲ့နောက်မှာ ဘက်စုံက စွမ်းရည်တွေကလည်း အတိုင်းအတာ တစ်ခုအထိ ပွင့်ထွက်သွားသလိုပဲ"

"ဒါကြောင့် လင်းယွမ်... မင်း ငါ့ကို သာမန် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတဲ့သူလို့ မသတ်မှတ်တာ အကောင်းဆုံးပဲ... ငါ့ရဲ့ စွမ်းအားက မင်းစိတ်ကူးထားတာထက် ကျော်လွန်နေလိမ့်မယ်"

"ဝုန်း"

သူ၏ စကားသံအဆုံးတွင် မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံး တုန်ခါသွားပြီး သွေးမြူခိုးများ လှိမ့်တက်ကာ အရပ်မျက်နှာ အနှံ့အပြားသို့ လျင်မြန်စွာ ပြန့်ကျဲသွားသည်။

လေဟာနယ်ထဲတွင် အမြင့် ပေ (၆၅) ကျော်ခန့်ရှိသော ဧရာမ ဒိုင်နိုဆောကြီး တစ်ကောင် ပေါ်ထွက်လာတော့သည်။

အဏုမြူဒိုင်နိုဆောပင် ဖြစ်သည်။

"အသွင်မပြောင်းသေးဘူးလား"

အဏုမြူဒိုင်နိုဆောက လူစကားပြောကာ ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

လင်းယွမ်က ထိုမြင်ကွင်းကိုကြည့်ကာ အသာပြုံးလိုက်သည်။ "ကွက်တိပဲ... ငါ အသစ်စုစည်းထားတဲ့ မျိုးရိုးဗီဇမျိုးစေ့ရှိတယ်... ငါ့ရဲ့ ဒီပုံစံကို မင်းက ပထမဆုံး မြင်တွေ့ရတဲ့သူပဲ"

လင်းယွမ်၏ စကားသံအဆုံးတွင် သူ၏ ခန္ဓာကိုယ် ပတ်လည်၌လည်း သွေးမြူခိုးများ လှိမ့်တက်ပြန့်ကျဲလာပြီး သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။

"ချွင်" "ချွင်" ဟူသော အသံများနှင့်အတူ။

ထိုသွေးမြူခိုးများထဲမှ အမြင့် ပေ (၁၀၀) ကျော်ခန့်ရှိသော သတ္တဝါကြီးတစ်ကောင် အဏုမြူဒိုင်နိုဆော၏ ရှေ့တွင် မှိန်ဖျဖျ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ထိုအရာက ဧရာမ ရွှေရောင်သတ္တဝါကြီး ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အကြေးခွံများ ဖုံးလွှမ်းနေကာ ရွှေရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသကဲ့သို့ ရှိသည်။

ကျောဘက်တွင် ရွှေရောင် အတောင်ပံတစ်စုံ ပေါက်ရောက်နေပြီး ခြင်္သေ့ပုံစံနှင့် ကုလားအုတ်ကိုယ်လုံး ရှိသည်။ လည်ပင်းတွင် မီးတောက်များကဲ့သို့ ကောက်ကွေးနေသော လည်ဆံမွေးရှည်ကြီးများ ရှိပြီး ခေါင်းပေါ်တွင် သန္တာကျောက်ကဲ့သို့ ကျောက်စိမ်းရောင် ဦးချိုတစ်ချောင်း ပါရှိကာ မျက်လုံးအစုံက အတိုင်းအဆမဲ့သော အာဏာစက်များဖြင့် တောက်ပနေသည်။

ဤကဲ့သို့သော သတ္တဝါပုံစံသည် လင်းယွမ် ယခင်က တစ်ခါမျှ ထုတ်မပြဖူးသော မျိုးရိုးဗီဇ ပုံစံတစ်ခု ဖြစ်သည်။

ကျန်းယွီကျန်းသာမက မျက်နှာချင်းဆိုင်ရှိ အဏုမြူဒိုင်နိုဆော အသွင်ပြောင်းထားသော ဖုန်းကျန့်ကုန်းပါ ထိုနေရာမှာပင် ကြောင်အမ်းသွားကြသည်။

ဖုန်းကျန့်ကုန်းက သံသယများဖြင့် အံ့အားသင့်စွာ မေးလိုက်သည်။ "မင်း... ဒါက ဘာမျိုးရိုးဗီဇမြေပုံလဲ"

လင်းယွမ်၏ အသံ ထွက်ပေါ်လာသည်။ "ရွှေဓာတ် မျိုးရိုးဗီဇ သားရဲ... ရွှေမွေးခြင်္သေ့မိစ္ဆာ"

"ဘာ"

"ရွှေမွေးခြင်္သေ့မိစ္ဆာ ဟုတ်လား"

ဤတစ်ကြိမ်တွင် ဖုန်းကျန့်ကုန်းသာမက အနီးအနားရှိ ကျန်းယွီကျန်းပင် အာမေဋိတ်သံ ထွက်လာသည်အထိ အံ့အားသင့်သွားရသည်။

ရွှေမွေးခြင်္သေ့မိစ္ဆာဆိုတာ ဒဏ္ဍာရီထဲက သတ္တဝါ မဟုတ်ဘူးလား။

လင်းယွမ်က ဘယ်လိုလုပ်ပြီး ဒီလို မျိုးရိုးဗီဇမြေပုံမျိုး ရှိနေရတာလဲ။

ပြီးတော့ လင်းယွမ်မှာ တကယ်တမ်း ဘယ်လို သန္ဓေပြောင်းအစွမ်း ရှိနေတာလဲ။

သူ့ဆီမှာ မျိုးရိုးဗီဇမြေပုံ အသွင်သဏ္ဌာန် ဘယ်နှစ်မျိုးတောင် ရှိနေတာလဲ။

သူတို့နှစ်ဦး၏ စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်ထွက်လာသော်လည်း လင်းယွမ်က အကြောင်းရင်းကို ဖွင့်ပြောပြမည် မဟုတ်ကြောင်း သူတို့ ကောင်းကောင်း သိထားကြသည်။

ဖုန်းကျန့်ကုန်းသည်လည်း စိတ်ထဲရှိ အတွေးများကို ဖယ်ရှားလိုက်ပြီး မျက်လုံးများထဲတွင် စိတ်လှုပ်ရှားဖွယ် တိုက်ခိုက်လိုစိတ်များကို ဖော်ပြလိုက်သည်။

"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... မျိုးရိုးဗီဇ အသွင်သစ်ပဲ... မင်း တကယ်ကို ထပ်ပြီး တိုးတက်လာတာပဲ"

"ဒါဆိုရင် မင်းရဲ့ ဒီ 'ရွှေမွေးခြင်္သေ့မိစ္ဆာ' မျိုးရိုးဗီဇပုံစံမှာ ဘယ်လို ထူးခြားတဲ့ အစွမ်းတွေ ရှိလဲဆိုတာ ငါ့ကို ပြစမ်းပါ"

"ဝုန်း"

နောက်တစ်ခဏတွင် ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးက လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး ထိုနေရာမှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

ရွှေမွေးခြင်္သေ့မိစ္ဆာ၏ ဘေးဘက်မှ ကြောက်မက်ဖွယ်ကောင်းသော လေထုပေါက်ကွဲသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

အဏုမြူဒိုင်နိုဆော၏ အမြီးကြီးက ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် စပါးအုံးမြွေကြီး တစ်ကောင်ကဲ့သို့ ရွှေမွေးခြင်္သေ့မိစ္ဆာ၏ ခေါင်းဆီသို့ အားကုန် လွှဲရိုက်လာသည်ကို တွေ့လိုက်ရသည်။

အကြေးခွံများ ပြည့်နှက်နေပြီး ခြင်္သေ့ကဲ့သို့သော ခေါင်းကြီးက လုံးဝ ရှောင်တိမ်းခြင်း မရှိပေ။

ရွှေမွေးခြင်္သေ့မိစ္ဆာ အသွင်ပြောင်းထားသော လင်းယွမ်က ၎င်း၏ အမြီးကို ခေါင်းဖြင့် ပြင်းထန်စွာ ဝင်ဆောင့်လိုက်သည်ကို တွေ့လိုက်ရသည်။

"ဒုန်း"

ခေါင်းလောင်းကြီး တစ်လုံးကို ထုရိုက်လိုက်သကဲ့သို့ တိုက်မိသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးပါ တုန်ဟည်းသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော တိုက်မိသံက အသံလှိုင်းများ ဖြစ်ပေါ်စေပြီး ပတ်ဝန်းကျင်ရှိ တိမ်မြူများကိုပင် အသံလှိုင်းက ဆွဲဖြဲပစ်လိုက်ကာ လှိုင်းဂယက်များအသွင်ဖြင့် အပြင်ဘက်သို့ လျင်မြန်စွာ ရိုက်ခတ်သွားလေသည်။

သို့သော် ရွှေမွေးခြင်္သေ့မိစ္ဆာက တစ်စက်လေးမျှပင် မတုန်လှုပ်ဘဲ အဏုမြူဒိုင်နိုဆော၏ အမြီးမှာမူ အရေပြားများ ပွင့်ထွက်ကာ အသားများ စုတ်ပြဲသွားသည်ကို တွေ့လိုက်ရသည်။

အမြီးပေါ်ရှိ အရိုးဖြူဖြူများပင် ပေါ်ထွက်လာသည်။

၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးက ယိမ်းယိုင်ကာ နောက်သို့ လွင့်စဉ်သွားပြီး ပြင်းထန်သော နာကျင်မှုကြောင့် အဏုမြူဒိုင်နိုဆော၏ မျက်လုံးများထဲတွင် နာကျင်သည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။

ရွှေမွေးခြင်္သေ့မိစ္ဆာ၏ မျက်လုံးများထဲတွင် ရွှေရောင်အလင်းများ ဖြတ်ပြေးသွားပြီး လူစကား ပြောလာသည်။ "ပြောပြီးပြီလေ... ဒါက ရွှေဓာတ် မျိုးရိုးဗီဇ သားရဲပုံစံပါလို့... ငါ့ရဲ့ အကာအကွယ်က မင်းထက် ညံ့မယ်လို့ ထင်နေတာလား"

"ခွန်အားချင်း ယှဉ်မယ်ဆိုရင် မင်းရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှုက (၃၀) ရာခိုင်နှုန်းကို ရောက်နေရင်တောင် ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး"

လင်းယွမ်က ဘဝင်မြင့်နေခြင်း မဟုတ်ပေ။ ချောက်နက်ကျွန်းမှ ရွှေဓာတ် သွေးသလင်းကျောက် အမြောက်အမြားကို ရရှိပြီးနောက် ပြန်ရောက်ရောက်ချင်း ရွှေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို အရင်ဆုံး သန့်စင်ထုတ်ယူခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စတင် ပေါင်းစပ်ပြီး သူ၏ ကိုယ်ပိုင် ရွှေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ခဲ့သည်။

ပြီးခဲ့သည့်အကြိမ်က လင်ယွီရုံနှင့် တိုက်ခိုက်စဉ်က သူ ဉာဏ်နီဉာဏ်နက် အနည်းငယ် သုံးကာ ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတဖြင့် တစ်ဖက်လူကို အညံ့ခံစေခဲ့သဖြင့် ကြိုတင်ပြင်ဆင်ထားသော ရွှေဓာတ် မျိုးရိုးဗီဇ သားရဲပုံစံတည်းဟူသော ဝှက်ဖဲကိုပင် မထုတ်သုံးလိုက်ရပေ။

ယခု စစ်တပ်ဘက်သို့ ရောက်လာချိန်တွင်တော့ သူ နောက်ဆုံးမှာ ထုတ်သုံးလိုက်ပြီ ဖြစ်သည်။

လင်းယွမ် စုစည်းထားသော ရွှေဓာတ် မျိုးရိုးဗီဇမြေပုံကို ရွှေမွေးခြင်္သေ့မိစ္ဆာ ဟု ခေါ်သည်။

ရွှေမွေးခြင်္သေ့မိစ္ဆာတွင် ရွှေအကြေးခွံ လျှပ်စီးမျို ဟုခေါ်သော ပင်ကိုယ်အစွမ်း တစ်ခု ပါရှိသည်။

၎င်းက အခြားသော ရွှေဓာတ် သန္ဓေပြောင်း သားရဲအများစုကဲ့သို့ပင် ထိပ်တန်းအဆင့် ရွှေဓာတ် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

သို့သော် ကွဲပြားခြားနားသည်မှာ ရွှေမွေးခြင်္သေ့မိစ္ဆာ၏ ရွှေရောင် အကြေးခွံများသည် အစွမ်းထက်သော ရုပ်ပိုင်းဆိုင်ရာ အကာအကွယ် စွမ်းရည်ကို ပိုင်ဆိုင်ထားရုံသာမက လျှပ်စီးဓာတ်ကို အထူးပြုသော လျှပ်စီးမျို စွမ်းရည်ကိုပါ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

လျှပ်စီးစွမ်းအင်ကို မျိုချခြင်းဖြင့် ခန္ဓာကိုယ်ကို သန်မာစေပြီး ရွှေအကြေးခွံ၏ စွမ်းအားကို မြှင့်တင်ပေးနိုင်သည်။

ရွှေမွေးခြင်္သေ့မိစ္ဆာသည် လျှပ်စီးဓာတ်အမျိုးအစား ပြိုင်ဘက်များကို ရင်ဆိုင်ရာတွင် အလွန် အစွမ်းထက်သော အထူးပြု တန်ပြန်နိုင်စွမ်း ရှိသည်ဟု ဆိုရမည်။

ယခုအချိန်တွင် အဏုမြူဒိုင်နိုဆောက ခန္ဓာကိုယ်အားဖြင့် ယှဉ်ပြိုင်ချင်နေသဖြင့် လင်းယွမ်ကလည်း လုံးဝ အလိုလိုက်မည် မဟုတ်ပေ။

တစ်ချက်လေး ရင်ဆိုင်လိုက်ရုံဖြင့် အဏုမြူဒိုင်နိုဆော၏ အမြီးမှာ အသုံးမဝင်တော့သည်အထိ ပျက်စီးသွားပြီ ဖြစ်သည်။

ဖုန်းကျန့်ကုန်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လင်းယွမ်၏ ရွှေမွေးခြင်္သေ့မိစ္ဆာပုံစံမှ ကြောက်မက်ဖွယ်ကောင်းသော အကာအကွယ်စွမ်းရည်ကို ခံစားလိုက်ရကာ မနေနိုင်ဘဲ တိတ်ဆိတ်သွားမိသည်။

"ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အစွမ်းထက်နေရတာလဲ... ရွှေမွေးခြင်္သေ့မိစ္ဆာ အခြေအနေမှာ သူ့ရဲ့ အကာအကွယ်က သာမန် သက်ရှိတွေနဲ့ကို မတူတော့ဘူး"

"ဒါတင်မကသေးဘူး... ဒါက သူ့ရဲ့ ပြောင်းလဲမှုတွေထဲက တစ်ခုပဲ ရှိသေးတယ်... သူ့မှာ ဟင်းလင်းပြင် အစွမ်း... ရေခဲဓာတ် အစွမ်းနဲ့ အမှောင်ဓာတ် အစွမ်းတွေလည်း ရှိနေသေးတယ်"

ဖုန်းကျန့်ကုန်း အနည်းငယ် စိတ်ပျက်အားငယ်သွားသည်။ တစ်ကွက်တည်းနှင့်ပင် သူ့ကို မျှော်လင့်ချက်မဲ့ကာ အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရစေသည်။

လင်းယွမ်တွင် အားနည်းချက်ဟူ၍ လုံးဝ မရှိဘဲ ဝင်ရောက်တိုက်ခိုက်ရန် လုံးဝ မဖြစ်နိုင်ပေ။

"လင်းယွမ်... ငါ့ရဲ့ အပြင်းထန်ဆုံး တိုက်ကွက်က အဏုမြူရောင်ခြည် ပဲ"

"တကယ်လို့ မင်းက ငါ့ရဲ့ အဏုမြူရောင်ခြည် ကို မျက်နှာချင်းဆိုင်ကနေ ခံနိုင်မယ်ဆိုရင် ငါ အခုချက်ချင်း အရှုံးပေးမယ်"

ဖုန်းကျန့်ကုန်းက ဖြစ်ချင်ရာဖြစ်ဆိုကာ ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။

လင်းယွမ်က ပြုံးလိုက်သည်။ "လာစမ်းပါ... မင်းပြောတဲ့ အပြင်းထန်ဆုံး တိုက်ကွက် ဆိုတာက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ငါ့ကို ပြစမ်းပါ"

ဖုန်းကျန့်ကုန်းက စကားဆက်မပြောတော့ပေ။ ဤသည်က လင်းယွမ်နှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်နိုင်မည့် သူ၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။

မဟုတ်လျှင် လင်းယွမ်၏ များပြားလှသော နည်းလမ်းများနှင့်ဆိုပါက သူ့တွင် အဏုမြူရောင်ခြည် ရှိနေလျှင်တောင် တစ်ဖက်လူကို ထိခိုက်နိုင်ရန် ခဲယဉ်းလှသည်။

"ရှူး"

ဖုန်းကျန့်ကုန်းက လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် နှလုံးများ ဒိန်းခနဲ ခုန်လာကာ သူ၏ ကျောရိုးပေါ်တွင် အပြာရောင် အလင်းတန်းများ အလွှာလိုက် တောက်ပလာတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ လျင်မြန်စွာ စုစည်းလာပြီး သူ၏ ပါးစပ်ထဲတွင် စုပြုံသွားသည်။

နောက်တစ်ခဏတွင် သူက ပါးစပ်ကို ဟကာ ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။

"ဝေါင်း"

အစွမ်းထက်သော အဏုမြူစွမ်းအင်များ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက လေထုကို ဆွဲဖြဲပစ်ကာ အပူချိန် ပြင်းပြင်းက လေဟာနယ်ကိုပင် ကောက်ကွေးသွားစေသည်။

အစွမ်းထက်လှသော အဏုမြူရောင်ခြည် က အလင်းတန်းကြီး တစ်ခုကဲ့သို့ အလွန်မြန်ဆန်သော အလျင်ဖြင့် လင်းယွမ်ထံသို့ ပန်းထွက်သွားသည်။

လင်းယွမ်က ထိုနေရာမှာပင် ရပ်နေရင်း အဏုမြူရောင်ခြည် ကို ကြည့်ကာ ထိုအထဲမှ ဖျက်ဆီးနိုင်စွမ်းကို ခံစားမိသော်လည်း ခေါင်းကိုသာ ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။

"အပြင်းထန်ဆုံး တိုက်ကွက်..."

သူ၏ ခန္ဓာကိုယ်ပေါ်တွင် များပြားလှသော ရွှေရောင် သင်္ကေတများ စတင် ပေါ်ထွက်လာပြီး အကြေးခွံများ တုန်ခါသွားကာ တစ်ကိုယ်လုံးက ဤအချိန်တွင် သတ္တုအဖြစ် ပြောင်းလဲသွားတော့သည်။

ဤသည်မှာ ရွှေမွေးခြင်္သေ့မိစ္ဆာ၏ မျိုးရိုးဗီဇ စွမ်းရည်ဖြစ်သော ရွှေဓာတ်ပြောင်းလဲခြင်း ပင် ဖြစ်သည်။

"ဝုန်း"

အလင်းတန်းကြီးက လင်းယွမ်ကို ပြင်းထန်စွာ ထိမှန်သွားပြီး ကြောက်မက်ဖွယ် အပူချိန်နှင့် ပေါက်ကွဲအားကြောင့် ရွှေမွေးခြင်္သေ့မိစ္ဆာမှာ မျက်စိတစ်မှိတ်အတွင်း ပေတစ်ရာနီးပါးခန့် နောက်သို့ အရှိန်ဖြင့် လွင့်ထွက်သွားသည်။

သို့သော် ရွှေမွေးခြင်္သေ့မိစ္ဆာက နောက်သို့ ဆုတ်နေရာမှ လေဟာနယ်ကို ပြင်းထန်စွာ ကန်လိုက်ရာ မမြင်ရသော နံရံကြီးတစ်ခုကို နင်းလိုက်သကဲ့သို့ ဖြစ်သွားပြီး ထိုကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲအားကို အသေအလဲ တောင့်ခံထားလိုက်သည်။

အဝေးမှ ကြည့်လိုက်လျှင် လေဆာရောင်ခြည်တန်း တစ်ခုက သတ္တုရုပ်တု တစ်ခုပေါ်သို့ အဆက်မပြတ် ပစ်ခတ်နေသကဲ့သို့ ရှိသည်။

အလင်းရောင်များ ပြန်ကန်ထွက်လာသည့် မြင်ကွင်းပင် ပေါ်ပေါက်လာသည်။

လင်းယွမ်က အဏုမြူရောင်ခြည် ကို တောင့်ခံထားရင်း ရှေ့သို့ တစ်လှမ်းချင်း တိုးလာကာ အဏုမြူရောင်ခြည် ကို နောက်သို့ ပြန်ဆုတ်သွားအောင် ဖိအားပေးလိုက်သည်။

သူ၏ အသံက အလင်းတန်း စွမ်းအင်များထဲမှ ထွက်ပေါ်လာသည်။

"အရမ်း အားနည်းလွန်းတယ်"

"ဘာ"

အဏုမြူဒိုင်နိုဆော အခြေအနေတွင် ရှိနေသော ဖုန်းကျန့်ကုန်းမှာ မယုံကြည်နိုင်ဖြစ်သွားပြီး ဒိုင်နိုဆော မျက်လုံးအိမ်များပင် ကျဉ်းမြောင်းသွားတော့သည်။

မျက်စိရှေ့မှ မြင်ကွင်းကို သူ လုံးဝ မယုံကြည်ရဲသကဲ့သို့ ဖြစ်နေသည်။

သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို တစ်ဖက်လူက သန်မာသော ခန္ဓာကိုယ်ဖြင့် ဤမျှလောက် အလွယ်တကူ တောင့်ခံထားနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ထို့အပြင် တစ်ဖက်လူက အသံထွက်လာနိုင်လောက်အောင်ပင် အားအင်များ ကျန်ရှိနေသေးသည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

"ကွာဟချက်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြီးမားနေရတာလဲ... ဒါ မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး"

"သူက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတာ (၃၀) ရာခိုင်နှုန်းပဲ ရှိသေးတာ မဟုတ်ဘူးလား... ငါလည်း (၂၄) ရာခိုင်နှုန်းကို ရောက်နေပြီလေ"

"(၆) ရာခိုင်နှုန်းပဲ ကွာတာလေ... ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြီးမားတဲ့ ကွာဟချက် ဖြစ်နေရတာလဲ"

ဖုန်းကျန့်ကုန်းမှာ မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်ရဲဘဲ ရူးသွပ်မတတ် ဖြစ်သွားတော့သည်။

သူသာမက အနီးအနားမှ စောင့်ကြည့်နေသော ကျန်းယွီကျန်းပင် မျက်လုံးများ ပြူးကျယ်သွားပြီး မျက်ဆံအိမ်များ တဆတ်ဆတ် ကျဉ်းမြောင်းသွားရသည်။

သူကိုယ်တိုင်ပင် ဤမြင်ကွင်း၏ အစစ်အမှန်ဖြစ်မှုကို မယုံကြည်နိုင် ဖြစ်နေသည်။

အပြတ်အသတ် အနိုင်ယူလိုက်ခြင်းပင်။

ဒါက အပြတ်အသတ် အနိုင်ယူလိုက်တဲ့ ရလဒ်ပဲ မဟုတ်လား။

ဖုန်းကျန့်ကုန်းက သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ထုတ်သုံးလိုက်သော်လည်း လင်းယွမ်၏ ရွှေမွေးခြင်္သေ့မိစ္ဆာ အကာအကွယ်ကို မဖောက်ထွင်းနိုင်ခဲ့ပေ။

ဒါ... ဒါက တကယ်ကို စိတ်နာစရာ ကောင်းလွန်းသည်။

သို့သော် ဤမျှနှင့် မပြီးသေး။ လင်းယွမ်က အဏုမြူရောင်ခြည် ကို တောင့်ခံထားရင်း ပြောလိုက်သည်။ "ဖုန်းကျန့်ကုန်း... သေချာ ကြည့်ထားစမ်း... မင်းနဲ့ ငါ့ကြားက ကွာဟချက်က တကယ်တမ်း ဘယ်လောက်တောင် ကြီးမားလဲ ဆိုတာပြမယ်"

"ဝေါင်း"

လင်းယွမ်က ရုတ်တရက် အသံကုန် ဟိန်းဟောက်လိုက်သည်ကို တွေ့လိုက်ရပြီး ကြောက်မက်ဖွယ် စိတ်စွမ်းအင်များက အသံလှိုင်း စွမ်းအားနှင့် ပေါင်းစပ်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ခြင်္သေ့ဟိန်း အသံလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

ကြောက်မက်ဖွယ် အသံလှိုင်းက ရေဒီယိုသတ္တိကြွ လှိုင်းဂယက်များကဲ့သို့ လေထုကို ရုပ်လုံးပေါ်လာသည်အထိ ကောက်ကွေးသွားစေပြီး အဏုမြူဒိုင်နိုဆောထံသို့ ရူးသွပ်စွာ ရိုက်ခတ်သွားလေသည်။

ဤအသံလှိုင်းက အလွန် မြန်ဆန်လွန်းလှသဖြင့် ဖုန်းကျန့်ကုန်း လုံးဝ ရှောင်တိမ်းချိန် မရလိုက်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် အသံလှိုင်း၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး နားထဲတွင် "ဝီ" ခနဲ အူသွားကာ ခေါင်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါ နာကျင်သွားတော့သည်။

ခေါင်းတစ်ခုလုံးရှိ စိတ်ပင်လယ်မှာ ပြိုကွဲမတတ် တုန်ခါသွားပြီး ဦးနှောက်များပင် ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။

နှလုံးသား အောက်ခြေမှနေ၍ စိမ့်ထွက်လာသော ကြောက်ရွံ့မှုတစ်ခုက သူ့စိတ်နှလုံးကို တားဆီးမရအောင် လွှမ်းမိုးသွားတော့သည်။

"မလုပ်နဲ့... မလုပ်နဲ့"

နောက်တစ်ခဏတွင် သူ သေသွားတော့မည်ဟု ခံစားလိုက်ရသည်။

တကယ် သေသွားတော့မည်ဟူသော အစစ်အမှန် ခံစားချက်ကြီးပင်တည်း။

ဆက်ရန်...

All Chapters