အခန်း (၇၃၃-၇၃၄)
Vol. 37 Ch. 733-734
အပိုင်း (၇၃၃) စစ်တပ်နှင့် မုန်ယာကုမ္ပဏီတို့၏ ရန်ငြိုး
သေဆုံးရတော့မည့်အလား ဤကြောက်မက်ဖွယ် ခံစားချက်ကြီးက ဖုန်းကျန့်ကုန်းကို အသက်ရှူကြပ်လုမတတ် ဖြစ်သွားစေ၏။
သူက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သန္ဓေပြောင်း သတ္တဝါအသွင်ကို ဆက်လက် မထိန်းသိမ်းထားနိုင်တော့ပေ။
ကြောက်မက်ဖွယ်ကောင်းလှသော ဤအသံလှိုင်းကြီးထဲတွင် သူ၏ တစ်ကိုယ်လုံးမှာ အလွန်လျင်မြန်စွာ ဆုတ်ယုတ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လူတစ်ပိုင်း သတ္တဝါတစ်ပိုင်း အသွင်သို့ ပြောင်းလဲသွားလေသည်။
သူ၏ တစ်ကိုယ်လုံးမှာ ပျော့ခွေသွားပြီး လေထဲမှနေ၍ အောက်သို့ တရှိန်ထိုး ထိုးကျသွားတော့၏။
"ကျန့်ကုန်း"
ကျန်းယွီကျန်းက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားလေသည်။
သူက ညာဘက်လက်ကို အားကုန်လွှဲယမ်းလိုက်ရာ လက်ဝါးမှာ အဆက်မပြတ် ရှည်ထွက်လာပြီး ဖုန်းကျန့်ကုန်းထံသို့ အလွန်လျင်မြန်စွာ ရစ်ပတ်သွား၏။
သူ၏ လက်ဝါးမှာ ဧရာမနွယ်ပင်ကြီးအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရပြီး ဖုန်းကျန့်ကုန်းကို ချက်ချင်း လှမ်းဖမ်းကာ ဆွဲထားလိုက်သဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျမသွားစေရန် တားဆီးပေးလိုက်လေသည်။
ထိုအချိန်မှာပင် လင်းယွမ်ဘက်ကလည်း သူ၏ အစွမ်းများကို ထုတ်လွှတ်နေခြင်းမှ ရပ်တန့်လိုက်ပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှာ ကွာကျသွားပြီး အရွယ်အစား သေးငယ်သွားကာ ပုံမှန်လူအသွင်သို့ ပြန်လည်ပြောင်းလဲသွား၏။
သူက လေထဲတွင် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာပြီး ကျန်းယွီကျန်းနှင့် ဖုန်းကျန့်ကုန်းတို့ ရှေ့သို့ ရောက်ရှိလာကာ တည်ငြိမ်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"အခု အရှုံးပေးပြီလား"
ဖုန်းကျန့်ကုန်း၏ မျက်နှာမှာ ဖြူရော်နေပြီး လင်းယွမ်ကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
"အဲဒါ ဘာအစွမ်းလဲ... ငါက ဘာလို့ ကြောက်သွားရတာလဲ"
သူသည် မိမိကိုယ်ကို အရည်အချင်းပြည့်ဝသော စစ်သားကောင်းတစ်ယောက်ဟု ခံယူထားပြီး သေခြင်းတရားကိုပင် ရင်ဆိုင်ရဲသူ ဖြစ်သည်။
သို့သော် စောစောက အခိုက်အတန့်လေးတွင် သူ အမှန်တကယ် ကြောက်ရွံ့သွားခဲ့ပြီး သက်ရှိများ၏ ပင်ကိုယ်အသိစိတ်မှ မြစ်ဖျားခံလာသော စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုမျိုး ဖြစ်သည်။
သူ့ထံတွင် မရှိသင့်သော ထိုခံစားချက်မျိုးက ခြင်္သေ့ဟိန်းသံကဲ့သို့ ကျယ်လောင်လှသော ထိုအသံလှိုင်းကြီးထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။
ဖုန်းကျန့်ကုန်းက ဒါက ဘာတွေဖြစ်ကုန်တာလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေလေသည်။
လင်းယွမ်က ဖုံးကွယ်ထားခြင်း မရှိဘဲ တည်ငြိမ်စွာ ဖြေလိုက်သည်။
"ဒါက ငါ့ရဲ့ သန္ဓေပြောင်းစွမ်းရည်ပဲ... တုန်လှုပ်ချောက်ချားစေခြင်း လို့ခေါ်တယ်... စိတ်စွမ်းအင်နဲ့ အသံလှိုင်းအစွမ်းကို ပေါင်းစပ်ထားတဲ့ စွမ်းအားကြီးမားတဲ့ အစွမ်းတစ်ခုပဲ"
"ဒီလို တုန်လှုပ်ချောက်ချားစေမှုက မျိုးရိုးဗီဇ အဆင့်ထိ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်နိုင်ပြီး မင်းရဲ့ မျိုးရိုးဗီဇ အနက်ရှိုင်းဆုံး နေရာက အကြောက်တရားတွေကို ဆွဲထုတ်ပေးလိမ့်မယ်"
"ဒါက စိတ်ပိုင်းဆိုင်ရာနဲ့တင် ကျော်လွှားနိုင်တဲ့ ကိစ္စမဟုတ်ဘူး... အဲဒီတော့ မင်းအနေနဲ့ ရှက်စရာလို့ တွေးနေစရာ မလိုပါဘူး"
"မင်းရဲ့ စိတ်စွမ်းအင်က ငါ့ထက် မများသရွေ့တော့ ဒီအစွမ်း သက်ရောက်တာကို ခံရမှာပဲ"
ဖုန်းကျန့်ကုန်း၏ မျက်နှာတွင် ခါးသက်သက် အပြုံးတစ်ခု ပေါ်လာသည်။ မသိလိုက်မသိဘာသာဖြင့် သူတို့ကြားရှိ ကွာဟချက်က ဤမျှလောက်အထိ ကြီးမားနေခဲ့ပြီ မဟုတ်ပါလော။
"မင်း နိုင်သွားပါပြီ"
သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး မိမိ ရှုံးနိမ့်သွားကြောင်း ဝန်ခံလိုက်လေသည်။
စစ်တပ်၏ နံပါတ်တစ် ပုဂ္ဂိုလ်ကြီး၏ အမြဲတစေ မောက်မာဝင့်ကြွားနေတတ်သော စိတ်ဓာတ်မှာ ဤအခိုက်အတန့်တွင် တစ်စစီ ကွဲကြေသွားခဲ့ပြီ ဖြစ်၏။
လင်းယွမ်က အနည်းငယ် ပြုံးလိုက်သော်လည်း သိပ်ပြီး ဝမ်းသာပျော်ရွှင်နေသည့် အမူအရာမျိုး မရှိပေ။
သူက ကျန်းယွီကျန်းဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။ "တပ်မှူးကြီးကျန်း... ကျွန်တော် အရင်က ပြောခဲ့တဲ့ စည်းကမ်းချက်တွေက အတည်ပဲနော်"
"ခင်ဗျား သေချာ စဉ်းစားကြည့်ပါဦး... ကျွန်တော် မလောပါဘူး"
ကျန်းယွီကျန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး နှုတ်ဆိတ်ရာမှ စကားစလာသည်။ "စဉ်းစားနေစရာ မလိုတော့ပါဘူး... ငါ သဘောတူတယ်"
"မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့... တိမ်မြူကျွန်းရဲ့ နှလုံးအမြူတေကို မင်းဆီ ငါလွှဲပေးမယ်... စစ်တပ်ရဲ့ အာဏာအကုန်လုံးကိုလည်း မင်းကိုပဲ လွှဲအပ်ပေးပါ့မယ်"
"လင်းယွမ်... ငါတို့အားလုံးက လင်ကျန်းမြို့ခံတွေပဲဆိုတဲ့ အသိနဲ့ ငါ့ရဲ့ လက်အောက်ငယ်သားတွေကို ဒုက္ခမပေးဖို့တော့ မျှော်လင့်ပါတယ်"
"သူတို့တွေက တစ်ချိန်တုန်းက စစ်သားကောင်းတွေပါ... ဒီနိုင်ငံအတွက် သူတို့ရဲ့ အကောင်းဆုံး လူငယ်ဘဝတွေကို ပေးဆပ်ခဲ့ကြသူတွေလေ"
"သူတို့ကို အစိုးရအဖွဲ့အစည်းတွေအသုံးချသလို... နိုင်ငံရေးတိုက်ပွဲတွေရဲ့ သားကောင် မဖြစ်ပါစေနဲ့"
လင်းယွမ်က ထိုစကားကို ကြားသောအခါ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေသည်။ "စိတ်ချပါ... ကျွန်တော်က ဘယ်တုန်းကမှ နိုင်ငံရေးသမား တစ်ယောက် မဟုတ်ပါဘူး"
"ဒါဆိုရင်လည်း ကောင်းတာပေါ့လေ"
ကျန်းယွီကျန်းက သက်ပြင်းတစ်ချက် ချလိုက်ရာ ချက်ချင်းပင် အသက်အတော်များများ ပိုကြီးသွားသကဲ့သို့ ထင်ရလေသည်။
သူက ဆက်ပြောသည်။ "ငါ ပြန်ရောက်ရင် လက်အောက်ငယ်သားတွေကို နားလည်အောင် အရင် ရှင်းပြလိုက်ဦးမယ်... မင်း မပြန်နဲ့ဦး... ညနေမတိုင်ခင် ငါတို့ရဲ့ အရောင်းအဝယ်ကို အပြီးသတ်ကြမယ်"
လင်းယွမ်က ပြုံးလိုက်ပြီး ပြန်ပြောသည်။ "ကောင်းပါပြီ"
ထို့နောက် ကျန်းယွီကျန်းက ဖုန်းကျန့်ကုန်းနှင့် လင်းယွမ်တို့ကို ခေါ်ဆောင်ကာ တိမ်မြူကျွန်းဆီသို့ တဖန် ပြန်လည် ထွက်ခွာလာခဲ့ကြသည်။
ဖုန်းကျန့်ကုန်းနှင့် လင်းယွမ်တို့ကို အခန်းထဲတွင် ထားရစ်ခဲ့ပြီး ကျန်းယွီကျန်းမှာ အစည်းအဝေး ပြင်ဆင်ရန်နှင့် ဤကိစ္စကို တရားဝင် အသိပေးရန် အလျင်အမြန် ထွက်ခွာသွားတော့သည်။
သူ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ဖုန်းကျန့်ကုန်းက စကားစလာသည်။ "မင်း သူ့ကို မမုန်းနဲ့... အစ်ကိုကျန်းက တကယ်ကို လူကောင်းတစ်ယောက်ပါ"
"ဟိုတုန်းက သိန်းငှက်အဖွဲ့က လူတွေက ရေလွှမ်းမိုးမှုကြီး ဖြစ်ပေါ်လာပြီးတဲ့နောက်... သန္ဓေပြောင်းစွမ်းရည်တွေ နိုးထလာတာကို တွေ့လိုက်တော့ ကမ္ဘာကြီး ကြီးကြီးမားမား ပြောင်းလဲတော့မယ်ဆိုတာကို ချက်ချင်း သတိထားမိခဲ့ကြတယ်"
"လူအတော်များများက စစ်တပ်ရဲ့ အင်အားကို ချက်ချင်း လက်ဦးမှု ရယူပြီး စစ်အာဏာကို လက်ထဲ ထည့်ထားဖို့ ကြိုးစားခဲ့ကြတာ"
"ဒီလူတွေက စစ်အာဏာရဖို့အတွက် ဘာမဆို လုပ်ရဲကြတယ်... အစပိုင်းတုန်းကဆို စစ်စခန်းမှာ အတွင်းရေး ပဋိပက္ခ ဆယ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သေးတယ်"
"အဲဒီတုန်းက လူတွေ အများကြီး သေခဲ့ရတယ်... နှမြောစရာကောင်းတာက သေသွားတဲ့သူတွေ အကုန်လုံးက သာမန်စစ်သည်တွေချည်းပဲ... သူတို့က လောဘတက်နေတဲ့ အဲဒီလူတွေရဲ့ အသုံးတော် လက်နက်တွေ ဖြစ်သွားခဲ့ရတာ"
လင်းယွမ်က ဖုန်းကျန့်ကုန်းကို ကြည့်ကာ မေးလိုက်သည်။ "ဒါနဲ့ ငါ သိချင်တာက... မင်းတို့က နောက်ပိုင်းကျမှ ဘယ်လိုလုပ်ပြီး အာဏာရသွားတာလဲ"
ဖုန်းကျန့်ကုန်းက မိမိကိုယ်ကို လှောင်ပြောင်သကဲ့သို့ ပြုံးလိုက်သည်။ "အစောဆုံး ရှုံးနိမ့်ခဲ့တဲ့သူတွေက ငါတို့ပဲ... အစ်ကိုကျန်းနဲ့ ငါက အဲဒီလူတွေရဲ့ ချန်ချုံးတောင်ကနေ မောင်းထုတ်ခံခဲ့ရတာ... ထွက်ပြေးရတဲ့ လမ်းခရီးမှာတောင် သေလုမတတ် ဖြစ်ခဲ့သေးတယ်"
"ငါတို့နှစ်ယောက် ကံကောင်းသွားလို့ပါ... အဲဒီအချိန်အတွင်းမှာပဲ သန္ဓေပြောင်းစွမ်းရည်တွေ နိုးထလာခဲ့ပြီး ဒီတိမ်မြူကျွန်းကို မထင်မှတ်ဘဲ ရှာတွေ့သွားခဲ့တာ"
"နောက်ပိုင်းကျတော့ ကျန်နေတဲ့သူတွေကို ခေါ်လာပြီး တိမ်မြူကျွန်းမှာ ခြေကုပ်ယူခဲ့တယ်... အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့သူတွေကိုလည်း ခိုလှုံခွင့် ပေးခဲ့တာပေါ့"
"အဲဒီအချိန်အတွင်းမှာ တိုက်ပွဲမှာ ရှုံးနိမ့်လာတဲ့ စစ်တပ်ကလူ အဖွဲ့တချို့ကိုလည်း ဆက်တိုက် ကယ်တင်နိုင်ခဲ့တယ်... နောက်ပိုင်းကျမှ အားလုံးပေါင်းပြီး လက်နက်တိုက်ကို ဝင်ခိုးကြတယ်... သေနတ်တချို့ကို ပြန်လုနိုင်ခဲ့လို့သာ ပြန်လည်ခုခံနိုင်စွမ်း ရှိလာခဲ့တာ"
"အဲဒီနောက်ပိုင်းကျတော့ တစ်တပ်လုံးက သိန်းငှက်အဖွဲ့နဲ့ ချိုးငှက်အဖွဲ့ဆိုပြီး တဖြည်းဖြည်း ကွဲသွားတော့တာပဲ"
"သိန်းငှက်အဖွဲ့က လူတွေက ချန်ချုံးတောင်က စစ်စခန်းကို သိမ်းပိုက်ထားတယ်... ဟိုဘက်မှာက ပစ္စည်းအထောက်အပံ့တွေ ပေါများပြီး လက်နက်ခဲယမ်းတွေလည်း အပြည့်အစုံ ရှိတယ်လေ... ငါတို့ဘက်က အခြေအနေကတော့ အများကြီး ပိုပြီး ခက်ခဲကြမ်းတမ်းတယ်"
"ကံကောင်းတာက သန္ဓေပြောင်းစွမ်းရည်တွေ ပေါ်လာတာရယ်... ကျွန်းပေါ်က သန္ဓေပြောင်း သတ္တဝါတွေနဲ့ သန္ဓေပြောင်း အပင်တွေကြောင့်ရယ်... အဲဒါတွေက ငါတို့ကို အခက်ခဲဆုံးအချိန်တွေကို ဖြတ်ကျော်နိုင်အောင် ကူညီပေးခဲ့တာ"
"ကျွန်းပေါ်မှာ သန္ဓေပြောင်း အသီးအနှံ အမြောက်အမြားကို ရှာတွေ့ခဲ့သေးတယ်... အဲဒါကြောင့်လည်း ထူးချွန်တဲ့ အစွမ်းပိုင်ရှင် အတော်များများကို မွေးထုတ်ပေးနိုင်ခဲ့တာပဲ"
"ဒီအချက်တွေ အားလုံး ပေါင်းစပ်သွားလို့သာ ငါတို့ အဆက်မပြတ် အင်အားကြီးထွားလာခဲ့တာ"
"အဲဒီနောက်ပိုင်း ဒုက္ခသည်တွေကို ကယ်ဆယ်တာတွေ... ပစ္စည်းတွေ လိုက်ရှာတာတွေ လုပ်ရင်းနဲ့ ဒီကျွန်းကို အခုလို အခြေအနေရောက်တဲ့အထိ နည်းနည်းချင်းစီ တိုးတက်အောင် လုပ်ခဲ့ရတာ"
"ဒီကြားထဲမှာ ဘယ်လောက်တောင် ပေးဆပ်ခဲ့ရလဲဆိုတာ အပြင်လူတွေအနေနဲ့ တွေးကြည့်ဖို့တောင် ခက်ခဲပါလိမ့်မယ်"
"ဒါကြောင့် မင်း ပါးစပ်ဟလိုက်တာနဲ့ တိမ်မြူကျွန်းကို ယူမယ်ဆိုတော့... သူ့အတွက်ရော ငါ့အတွက်ပါ လက်ခံဖို့ နည်းနည်း ခက်ခဲနေခဲ့တာ... မင်း နားလည်လား"
လင်းယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဖြေလိုက်သည်။ "ငါ တိုက်ခန်းထဲကနေ ရုန်းကန်ထွက်လာပြီး ထိုက်ယန်တောင်ကို သိမ်းပိုက်နိုင်ဖို့... မနည်းကြိုးစားပြီးမှ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို တည်ထောင်နိုင်ခဲ့တာက အရမ်း လွယ်ကူတယ်လို့ မင်း ထင်နေတာလား"
"ဒီလိုခေတ်ကြီးမှာ ဘယ်သူကများ လွယ်ကူမှာလဲ... ဒါပေမဲ့ မင်းတို့ကတော့ အခက်အခဲဖြစ်နေချိန်မှာ အမြတ်မထုတ်သင့်ဘူးလေ... ထိုက်ယန်တောင် အခက်အခဲဆုံး ဖြစ်နေတဲ့အချိန်မှာ ငါတို့ရဲ့ ပစ္စည်းတွေကို မက်မောနေခဲ့တာ မဟုတ်ဘူးလား"
ဖုန်းကျန့်ကုန်း ချက်ချင်း စကားမှားသွားသည်။ ဟိုတုန်းက စစ်တပ်က ထိုက်ယန်တောင်ကို ကူညီဖို့ လူလွှတ်ခဲ့စဉ်က တချို့ကိစ္စတွေမှာ တကယ်ပဲ လွန်ကျူးခဲ့သည် မဟုတ်ပါလော။
သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။ "ထားလိုက်ပါတော့လေ... ဒီလိုခေတ်ကြီးမှာ မင်းက မလုယူ မတိုက်ခိုက်ရင်တောင် တခြားလူတွေက လုယူကြမှာပဲ"
"ငါ့မှာ မင်းကို ဒီစကားတွေ ပြောဖို့ အရည်အချင်း မရှိတာ အမှန်ပါပဲ... ဟိုတုန်းက ရန်ငြိုးတွေကို နောင်တစ်ချိန် ကျွန်းပေါ်က လူတွေဆီကို ဆက်မသယ်သွားဖို့ပဲ မျှော်လင့်ပါတယ်"
လင်းယွမ်က တည်ငြိမ်စွာ ဖြေလိုက်သည်။ "အဲဒီကိစ္စအတွက်တော့ စိတ်ချပါ... တစ်ခုနဲ့တစ်ခု မဆိုင်ပါဘူး... တိမ်မြူကျွန်းက ငါ့အပိုင် ဖြစ်သွားတာနဲ့ ဒီနေရာက ငါ့ပိုင်နက် ဖြစ်သွားပြီ... ဒီကလူတွေ အားလုံးကလည်း ငါ့ရဲ့ ခိုလှုံရေးစခန်းက နေထိုင်သူတွေ ဖြစ်သွားပြီပဲ"
"အားလုံးက ကိုယ့်လူတွေချည်းပဲလေ... ကိုယ့်လူတွေအပေါ်မှာ ဒီလောက် နားလည်ပေးနိုင်တဲ့ သဘောထားကြီးမှုမျိုးတော့ ငါ့မှာ ရှိပါတယ်"
"အခု မင်း ငါ့ကို မုန်ယာကုမ္ပဏီ အကြောင်း ပြောပြလို့ ရပြီမလား"
"မင်းတို့က မုန်ယာကုမ္ပဏီကို ဘယ်လိုများ သွားပြီး စော်ကားမိလိုက်လို့လဲ"
မုန်ယာကုမ္ပဏီ၏ ရည်ရွယ်ချက်က တကယ့်ကို ယုတ္တိမရှိလွန်းလှဟု လင်းယွမ် အမြဲတမ်း ခံစားနေရသည်။
စစ်တပ်၏ ယာဉ်ပျံက မုန်ယာကုမ္ပဏီ၏ စခန်းတည်နေရာကို မြင်လိုက်ရုံမျှဖြင့် တစ်ဖက်လူက သုတ်သင်ရှင်းလင်းချင်နေရသလား။
သူတို့ကို ဖျက်ဆီးပစ်ဖို့အတွက် ရေလွှမ်းမိုးနေတဲ့ ကမ္ဘာကြီးအထိတောင် လိုက်လာခဲ့တယ်တဲ့လား။
ဖုန်းကျန့်ကုန်း ခေတ္တ တိတ်ဆိတ်သွားပြီး အနည်းငယ် တွန့်ဆုတ်နေပြီးမှ နှုတ်ဆိတ်ရာမှ စကားစလာသည်။ "ငါတို့ရဲ့ ယာဉ်ပျံက တိမ်လွှာတွေရဲ့ အထက်ကို ရောက်သွားပြီး သူတို့ရဲ့ စခန်းကို မြင်လိုက်တယ်"
"သူတို့စခန်းကို မြင်လိုက်ရုံ သက်သက်ပဲလား"
လင်းယွမ်က ချက်ချင်း ထပ်မေးလိုက်သည်။
ဖုန်းကျန့်ကုန်းက ခေါင်းခါပြလိုက်သည်။ "ဒါက ပထမဆုံးအကြိမ်လေ... တကယ်တော့ ပထမတစ်ခေါက်တုန်းက ငါတို့ရဲ့ ယာဉ်ပျံက ကောင်းကင်ချောက်နက်ထဲက သတ္တဝါတွေရဲ့ လိုက်လံတိုက်ခိုက်တာကို ခံနေရတာ... အဲဒီအချိန်မှာ မုန်ယာကုမ္ပဏီက လေပေါ်ကျွန်းမှာ စခန်းတည်ဆောက်နေတာကို တိုက်ဆိုင်ပြီး သွားတွေ့လိုက်ရတာ"
"အဲဒီတုန်းက ယာဉ်မှူးက အများကြီး မစဉ်းစားတော့ဘဲ အကူအညီတောင်းဖို့အတွက် အဲဒီဘက်ကို ချက်ချင်း မောင်းသွားခဲ့တာ"
"ဒါပေမဲ့ တစ်ဖက်ကလူတွေက ကယ်တင်ဖို့မပြောနဲ့... တိုက်ရိုက်ကို ပစ်ခတ်ပြီး ငါတို့ရဲ့ ယာဉ်ပျံကို ဖျက်ဆီးပစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
"အဲဒီတုန်းက ငါတို့လည်း အရမ်း ဒေါသထွက်ခဲ့တာပေါ့... အဲဒါနဲ့ ရက်အနည်းငယ်လောက် ကြာတော့ ဒုတိယမြောက် ယာဉ်ပျံက ကောင်းကင်ချောက်နက်ထဲကို ထပ်ပြီး ဝင်သွားခဲ့တယ်"
"ဒီတစ်ကြိမ်မှာတော့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ ပျံသန်းနိုင်တဲ့ သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို ငါတို့ ကြိုတင် ပြင်ဆင်ထားခဲ့ပြီး ဖေးယွမ်ဟူရဲ့ ဝိညာဉ်ခွဲကို အဲဒီထဲမှာ ကပ်ပါးအဖြစ် ထည့်ထားခဲ့တယ်"
"ဒီတစ်ခေါက် ငါတို့ရဲ့ ယာဉ်ပျံက ကောင်းကင်ချောက်နက်ကို အောင်မြင်စွာ ရောက်ရှိသွားပြီးတဲ့နောက်... လေပေါ်ကျွန်း တစ်ကျွန်းကို သဘောကျသွားတာနဲ့ ယာဉ်ပျံကို အဲဒီလေပေါ်ကျွန်းမှာ ချက်ချင်း ရပ်နားလိုက်တယ်"
"ငါတို့ရဲ့ အစီအစဉ်အရ အဲဒီလေပေါ်ကျွန်းမှာလည်း စခန်းတစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ထားတာ... နောင်ကျရင် အဲဒီလေပေါ်ကျွန်းကို အခြေခံပြီး ကောင်းကင်ပေါ်မှာ အခြေတကျ နေထိုင်နိုင်ဖို့ပေါ့"
"ဒါပေမဲ့ ငါတို့လူတွေ ယာဉ်ပျံပေါ်ကနေ ဆင်းလာပြီး လမ်းကြောင်းကို စတင် စူးစမ်းလေ့လာဖို့ ပြင်ဆင်နေချိန်မှာတင်... မုန်ယာကုမ္ပဏီရဲ့ ကင်းလှည့်ယာဉ်ပျံ ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
"တစ်ဖက်လူတွေက ဒီအနီးအနား လေပိုင်နက်ထဲမှာရှိတဲ့ လေပေါ်ကျွန်းတွေ အကုန်လုံးက သူတို့ပိုင်တယ်လို့ ပြောလာတယ်"
"ငါတို့လူတွေက စကားနည်းနည်းလောက်ပဲ အခြေအတင် ပြောလိုက်ရသေးတယ်... တစ်ဖက်လူတွေရဲ့ ပစ်ခတ်မှုကြောင့် ယာဉ်ပျံ ထပ်ပြီး ပျက်စီးသွားပြန်တယ်... အဲဒါနဲ့ ဖေးယွမ်ဟူက ကပ်ပါးအဖြစ် ဝင်ရောက်နေတဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါကို အသုံးပြုပြီး သူတို့ကို လက်စားချေလိုက်တာပဲ"
လင်းယွမ်က အံ့သြစွာဖြင့် မေးလိုက်သည်။ "ဘယ်လို လက်စားချေလိုက်တာလဲ"
"သူက ငါတို့ တွေ့ထားတဲ့ အဲဒီလေပေါ်ကျွန်းထဲမှာ အုပ်စုလိုက် နေထိုင်တဲ့ သန္ဓေပြောင်း ငှက်အုပ်တစ်အုပ်ကို ရှာတွေ့သွားပြီး သူတို့ရဲ့ ငှက်ဥတွေကို သွားခိုးလိုက်တယ်"
"ပြီးတော့ ငှက်ဥတွေကို ယူဆောင်လာပြီး မုန်ယာကုမ္ပဏီရဲ့ လေပေါ်ကျွန်းစခန်းဆီကို အသေခံတိုက်ခိုက်တဲ့ ပုံစံမျိုးနဲ့ ပြေးဝင်သွားခဲ့တာ"
"အဲဒီ သန္ဓေပြောင်း ငှက်အုပ်ကြီးက ဒေါသထွက်သွားပြီး သူ့နောက်ကို ချက်ချင်း လိုက်လာရင်း... မုန်ယာကုမ္ပဏီ စခန်းဆီကို တောက်လျှောက် ရောက်သွားကြတယ်"
"မုန်ယာကုမ္ပဏီ စခန်းကလည်း ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုကို ဆိုးဆိုးရွားရွား ခံလိုက်ရပြီး လူအတော်များများ သေသွားခဲ့တယ်"
"အဲဒီနောက်ပိုင်းတော့ မင်း မြင်တဲ့အတိုင်းပဲ... သူတို့က ယာဉ်ပျံအုပ်စုကို လွှတ်လိုက်ပြီး မိုးကြိုးတိမ်တိုက်တွေကို ဖြတ်ကျော်ပြီး ငါတို့ရဲ့ တိမ်မြူကျွန်းဆီ လာပြီး တိုက်ခိုက်တော့တာပဲ"
"ဒီတစ်ကြိမ် ငါတို့က သူတို့ကို အနိုင်ယူလိုက်နိုင်ပေမယ့် သူတို့က ဒီအတိုင်း အလွတ်ပေးထားမှာ မဟုတ်ဘူးလို့ ငါ ခန့်မှန်းရတယ်"
"အနှေးနဲ့အမြန် သူတို့ ထပ်ပြီး ပြန်လာတိုက်လိမ့်မယ်"
လင်းယွမ် ရုတ်တရက် သဘောပေါက်သွားသည်။ မူလက နှစ်ဖက်အဖွဲ့အစည်းကြား ရန်ငြိုးဖွဲ့သွားရခြင်းက ဒီလိုဖြစ်ခဲ့တာကိုး။
ဖုန်းကျန့်ကုန်းက လင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ "ဒီ မုန်ယာကုမ္ပဏီရဲ့ အင်အားက အရမ်းကို ကြီးမားတယ်... တစ်ဖက်လူတွေရဲ့ နည်းပညာ၊ လူအင်အား၊ လက်နက်အင်အားတွေက ငါတို့ထက် အများကြီး သာလွန်နေလိမ့်မယ်"
"တစ်ဖက်လူတွေထဲက ထိပ်တန်း အစွမ်းပိုင်ရှင်တွေနဲ့ မထိတွေ့ဖူးသေးပေမယ့် သူတို့ရဲ့ လက်ရှိ နည်းပညာ အခြေအနေတွေအရ သင်္ကေတနည်းပညာ အသုံးပြုမှုမှာ ငါတို့ထက် အများကြီး သာလွန်နေပြီလို့ ခံစားရတယ်"
"မင်းလည်း သိတဲ့အတိုင်းပဲ... သင်္ကေတနည်းပညာက အစွမ်းပိုင်ရှင်တွေရဲ့ ကျင့်စဉ်တွေကို အထောက်အကူ ပေးနိုင်တယ်... သူတို့ဆီမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ ထိပ်တန်း အစွမ်းပိုင်ရှင်တွေ မနည်းမနော ရှိနေနိုင်တယ်လို့ ငါ သံသယရှိတယ်"
လင်းယွမ်ကတော့ စိတ်ထဲတွင် အသေအချာ သိရှိနေပြီ ဖြစ်သည်။ မုန်ယာကုမ္ပဏီ၏ အခြေအနေများကို သူက စစ်တပ်ထက်စောပြီး ထိတွေ့ခဲ့ရသည် မဟုတ်ပါလော။
ဝူယောင်ပန်း ကဲ့သို့သော ကိုယ်ပွားအစွမ်းပိုင်ရှင် တစ်ယောက်ပင်လျှင် မုန်ယာကုမ္ပဏီတွင် မန်နေဂျာ ရာထူးတစ်ခုလောက်သာ ရရှိနိုင်ခဲ့သည်။
မုန်ယာကုမ္ပဏီ၏ အတိုင်းအတာနဲ့ အင်အား မည်မျှ ကြီးမားသလဲ... ထိပ်တန်း အစွမ်းပိုင်ရှင်တွေ မည်မျှ ရှိသလဲ ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်သည်။
သို့သော် လင်းယွမ်က သိပ်ပြီး စိုးရိမ်ပူပန်မနေပေ။ စစ်တပ်ဘက်က အရင်းအမြစ်များကို စုစည်းပြီးသွားသည့်အခါ ထိုက်ယန်တောင်၏ အင်အားက ကြီးမားစွာ တိုးတက်လာမည်မှာ သေချာသည်။
အထူးသဖြင့် စစ်တပ်၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာ သိုလှောင်ရုံထဲတွင် နည်းပညာ အချက်အလက်များစွာ ရှိနေပြီး ထိုက်ယန်တောင် သုတေသနဌာန၏ နည်းပညာ အဆင့်အတန်းကို များစွာ မြှင့်တင်ပေးနိုင်မည်မှာ အသေအချာပင်။
ထိုအချိန်ကျလျှင် သင်္ကေတနည်းပညာပိုင်းတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာမည့်အပြင် ထိုက်ယန်တောင်တွင် သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာ ရှိနေခြင်းကြောင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိသည့် ထိပ်တန်း အစွမ်းပိုင်ရှင်များ အမြောက်အမြား ပေါ်ထွက်လာမှုကို အရှိန်မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
ထိုက်ယန်တောင်၏ အလုံးစုံ အင်အားကို အဆင့်များစွာအထိ လျင်မြန်စွာ မြှင့်တင်ပေးနိုင်မည်ဟု လင်းယွမ် အပြည့်အဝ ယုံကြည်ချက် ရှိထားသည်။
ထိုက်ယန်တောင်၏ အင်အားက မုန်ယာကုမ္ပဏီကို ရှုံးနိမ့်သွားလိမ့်မည် မဟုတ်ပေ။
ထို့အပြင် မမေ့သင့်သည့်အချက်မှာ သူ့ဘေးတွင် လင်ယွီရုံ၊ တိချွမ်ခူး၊ ကျင်းဖုန်း တို့ကဲ့သို့သော ရှေးခေတ် အစွမ်းပိုင်ရှင်များ ရှိနေသေးသည်။
ဤလူများ၏ ဦးနှောက်ထဲတွင် ရှေးခေတ် သင်္ကေတ အစွမ်းများစွာနှင့် သင်္ကေတများကို အသုံးပြုပုံ နည်းလမ်းများစွာ ရှိနေသေးသည်။
ဤအရာများ အားလုံးက သုတေသနဌာနအတွက် တွေးခေါ်မှု အသစ်များကို ယူဆောင်ပေးလာနိုင်ပေသည်။
ထိုက်ယန်တောင်ကို အချိန်တစ်ခုသာ ပေးလိုက်မည်ဆိုပါက ထိုက်ယန်တောင်၏ နည်းပညာ တော်လှန်ရေးက အချိန်တိုအတွင်းမှာပင် အမှန်တကယ် ပေါက်ကွဲထွက်ပေါ်လာမည် ဖြစ်သည်။
"ဟုတ်ပြီ... ဒီကိစ္စကို အလဲအလှယ် ပြီးသွားတဲ့အခါ ငါ ဖြေရှင်းမယ်"
လင်းယွမ်က စကားစလိုက်သဖြင့် ဖုန်းကျန့်ကုန်း၏ ရင်ထဲတွင် သက်သာရာ ရသွားတော့သည်။
ဆက်ရန်...
အပိုင်း(၇၃၄) ဆွေးနွေးပွဲ ပျက်ပြားခြင်း
အချိန်တစ်နာရီခန့် အကြာတွင်တော့ ကျန်းယွိကျန်းက လင်းယွမ်နှင့် ဖုန်းကျန့်ကုန်းတို့ကို လာရောက်ခေါ်ဆောင်ရန် လူလွှတ်လိုက်သည်။
လင်းယွမ်က ဖုန်းကျန့်ကုန်းနှင့်အတူ အစည်းအဝေးခန်းဆီသို့ ချက်ချင်း ထွက်ခွာသွားလေ၏။
စစ်တပ်၏ အစည်းအဝေးခန်းထဲတွင် လူဆယ်ဂဏန်းခန့် ထိုင်နေကြသည်။
ထိုလူများအားလုံးက စစ်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏ မျက်နှာအမူအရာများက ဒေါသထွက်နေပုံ၊ ခံစားချက်ကင်းမဲ့နေပုံ သို့မဟုတ် ရွံရှာမုန်းတီးနေပုံ ပေါက်နေကြသည်။
သူတို့အားလုံးက အထဲသို့ ဝင်ရောက်လာသော လင်းယွမ်ကို ပြိုင်တူ လှမ်းကြည့်လိုက်ကြ၏။
လင်းယွမ်က တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီး ဂရုမစိုက်တော့ပေ။
ဤလူစုက စစ်တပ်၏ အထက်ပိုင်း အရာရှိများ ဖြစ်ဟန်တူသည်။ သို့သော် အကဲခတ်ကြည့်ရသလောက် အစွမ်းထက်သည့် အစွမ်းပိုင်ရှင် အနည်းငယ်မှလွဲ၍ ကျန်လူများမှာ သာမန် အစွမ်းပိုင်ရှင်များသာ ဖြစ်ပုံရ၏။
လင်းယွမ်၏ ရင်ထဲတွင် အနည်းငယ် အံ့အားသင့်သွားမိသည်။ အထက်ပိုင်းခေါင်းဆောင်များထဲတွင် အစွမ်းထက်သည့် အစွမ်းပိုင်ရှင်များက သိပ်မများဘဲ သာမန် အစွမ်းပိုင်ရှင် အများအပြား ရှိနေသည်လား။
ဒါက ဘယ်လိုဖြစ်ရတာလဲ။
ကျန်းယွိကျန်းက မတ်တတ်ရပ်လိုက်ပြီး စကားစလိုက်သည်။ "လူကြီးမင်းတို့... သူက ကိုလင်းယွမ်ပါ... ကြိုဆိုကြပါဦး"
သူက ဦးဆောင်ပြီး လက်ခုပ်တီးလိုက်သော်လည်း အောက်ဘက်ရှိ စစ်ဗိုလ်ချုပ်များကမူ မကျေမနပ်ဖြင့် လက်ခုပ်ကို တဖျပ်ဖျပ်သာ တီးလိုက်ကြသည်။
ကျန်းယွိကျန်း၏ မျက်နှာထားက အနည်းငယ် ရှက်ရွံ့သွားဟန်ရှိပြီး မျက်နှာကို တင်းမာလိုက်ကာ ဟောက်လိုက်၏။ "ခုနက ငါပြောထားတဲ့ စကားတွေကို မင်းတို့က နားထဲ မဝင်ကြဘူးလား"
ထိုနေရာရှိ အသက် သုံးဆယ်ကျော်အရွယ် လူရွယ်တစ်ဦးက မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။ "တပ်မှူး... သူက အပြင်လူတစ်ယောက်လေ... အစွမ်း နိုးထလာရုံလေးနဲ့ ကျွန်တော်တို့ဆီက စစ်အာဏာကို အလွယ်တကူ လုယူသွားခွင့် ရှိလို့လား"
သူ စကားစလိုက်သည်နှင့် အခြားသူများလည်း ပေါက်ကွဲပေါက် ရှာတွေ့သွားသကဲ့သို့ တခဲနက် ဝင်ရောက် ဝေဖန်ကြတော့သည်။
"ဟေ့ကောင် လင်းယွမ်... မင်းက အရင်တုန်းက သာမန်လူတစ်ယောက်ပဲလေ... နိုင်ငံတော်အတွက် သွေးတွေ ချွေးတွေ ပေးဆပ်ခဲ့ဖူးလို့လား... အခု ကံကောင်းပြီး အစွမ်းလေးရလာရုံနဲ့ ငါတို့ စစ်သားတွေကို ဒီလိုဆက်ဆံရဲတယ်ပေါ့... မင်းရဲ့ လိပ်ပြာသန့်ရဲ့လား"
"ဟေ့ကောင် လင်းယွမ်... အရင်တုန်းက ထိုက်ယန်တောင်ကို ဂိုဏ်းကြီးသုံးဂိုဏ်းက ဝိုင်းထားတုန်းက ဘယ်သူက ကူညီဖြေရှင်းပေးခဲ့လဲဆိုတာ မင်း မေ့သွားပြီလား... အခုများတော့ တပ်မှူးကျန်းရဲ့ စစ်အာဏာကို အတင်းလုယူပြီး မင်းရဲ့ ဦးဆောင်မှုအောက်ကို ငါတို့က ဝင်ရမယ် ဟုတ်လား... မင်း တော်တော် ရဲတင်းနေပါလား"
လူအုပ်ထဲတွင် ကျန်းဝမ်ကျင်း၏ နှုတ်ခမ်းထောင့်၌ အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ လင်း ဆိုသည့်လူက ဒီလို ခေါင်းမာပြီး အရိုင်းဆန်လွန်းသည့် စစ်သားကိုယ်စားလှယ်များကို ဘယ်လိုများ အညံ့ခံအောင် လုပ်မလဲဆိုတာကို သူမ စောင့်ကြည့်ချင်နေ၏။
အကယ်၍ စွမ်းအားကိုသာ အားကိုးမည်ဆိုပါက ဤနေရာရှိ စစ်သားများထဲတွင် သေရမည်ကို ကြောက်မည့်သူ တစ်ယောက်မျှ မရှိပေ။
လင်းယွမ်၏ မျက်နှာထားက အလွန်တရာ အေးစက်ခက်ထန်နေပြီး ကျန်းယွိကျန်းကို ကြည့်ကာ မေးလိုက်သည်။ "ဒါက ခင်ဗျား အစည်းအဝေးလုပ်ပြီး ထွက်လာတဲ့ ရလဒ်လား"
ကျန်းယွိကျန်းက အခြားလူများကို အလျင်အမြန် ကြိမ်းမောင်းလိုက်၏။ "ပါးစပ်ပိတ်ထားကြ... မင်းတို့လို အသုံးမကျတဲ့ကောင်တွေ... အကုန် ပါးစပ်ပိတ်ထားစမ်း"
သူက လင်းယွမ်ဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်သည်။ "အချိန်က အရမ်းတိုလွန်းတော့ သူတို့ ချက်ချင်း လက်ခံနိုင်ဖို့ ခက်နေတာပါ... ကိုလင်းယွမ်... ခင်ဗျား နည်းနည်းလောက် နားလည်ပေးပါဦး"
လင်းယွမ်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ကျန်းယွိကျန်းကို ကြည့်ကာ ခေါင်းခါယမ်းလိုက်၏။ "ခင်ဗျားက တကယ်ကို အထင်ကြီးစရာကောင်းတဲ့ လူတစ်ယောက်လို့ ကျွန်တော် ထင်ခဲ့တာ... အာဏာကို စွန့်လွှတ်ပြီး ခင်ဗျားလူတွေအတွက် ထွက်ပေါက်တစ်ခု ရှာပေးရက်တယ်လို့ပေါ့"
"အခုကြည့်ရတာ ကျွန်တော် ခင်ဗျားကို အထင်ကြီးလွန်းသွားပုံရတယ်"
ကျန်းယွိကျန်း၏ မျက်နှာထား အနည်းငယ် ပျက်သွားသည်။ လင်းယွမ်က သူ့ကို ဤမျှအထိ မျက်နှာမထောက်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
လင်းယွမ်က ထိုစစ်ဗိုလ်များကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ "ဒီလို အဆင့်အတန်းလောက်နဲ့များ စစ်တပ်ရဲ့ အထက်ပိုင်း ခေါင်းဆောင်တွေ ဖြစ်လာနိုင်သေးတယ်ပေါ့"
"ဒီကောင်တွေရော... ခုနက ကျွန်တော့်ကို ဆဲသွားတဲ့ကောင်တွေရော... မျိုးရိုးဗီဇမျိုးစေ့ကိုတောင် စုစည်းနိုင်တာ မဟုတ်ဘဲနဲ့ သူတို့က ဘာအရည်အချင်းနဲ့များ စစ်တပ်ရဲ့ အထက်ပိုင်း ခေါင်းဆောင်တွေ ဖြစ်လာရတာလဲ"
ကျန်းယွိကျန်းမှာ ပါးစပ်ဟသွားပြီး ရှင်းပြလိုက်၏။ "ကိုလင်းယွမ်... သူတို့က ရေဘေးကြီး မဖြစ်ခင်ကတည်းက ကျွန်တော်တို့ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းတွေပါ"
"ရေဘေးကြီး မကျရောက်လာခင်ကတည်းက သူတို့က တိုင်းပြည်အတွက် ကြီးမားတဲ့ စွမ်းဆောင်ရည်တွေ လုပ်ပြခဲ့ဖူးတယ်... ကျွန်တော်တို့ စစ်တပ်က စွမ်းအားကြီးတာ ငယ်တာကိုကြည့်ပြီး ရာထူးနေရာ ပေးတာမဟုတ်ဘူး"
လင်းယွမ်က လှောင်ပြုံးပြုံးလိုက်သည်။ "အခုက ဘယ်ခေတ် ရောက်နေပြီလဲ... ရေဘေးကမ္ဘာပျက်ကပ်ကြီး ရောက်နေပြီလေ... အပြင်ဘက်မှာ သန္ဓေပြောင်း သတ္တဝါတွေက အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေပြီး တောတွင်းဥပဒေသကိုပဲ လိုက်နာကျင့်သုံးနေကြတာ"
"အစွမ်းထက်တဲ့ သန္ဓေပြောင်း သတ္တဝါ မျိုးဆက်တွေကသာ သူတို့အုပ်စုထဲမှာ ခေါင်းဆောင်ဖြစ်လာကြတာ... ခင်ဗျားတို့က အခုထိ ရာထူး သက်တမ်းတွေနဲ့ လုပ်သက်တွေကို ကြည့်နေတုန်းပဲလား... ဒါမျိုးတွေ လုပ်နေလို့လည်း ခင်ဗျားတို့က အခုထိ အသုံးမကျတဲ့ အမှိုက်တွေ ဖြစ်နေတာပေါ့... လင်ကျန်းမြို့ကိုတောင် သိမ်းပိုက်နိုင်တာ မဟုတ်ဘူး"
လင်းယွမ်က အရှိန်အဟုန်ပြင်းစွာဖြင့် သူတို့၏ မျက်နှာကို လုံးဝမထောက်တော့ဘဲ မျက်နှာချင်းဆိုင်တွင် တိုက်ရိုက် ဆဲရေးလိုက်တော့သည်။
ထိုခဏတွင် နေရာ၌ရှိနေသော စစ်တပ်အထက်ပိုင်း အရာရှိများစွာ၏ မျက်နှာများမှာ ဒေါသကြောင့် ပြာနှမ်းသွားကြ၏။
"ဘုန်း"
သက်လတ်ပိုင်း စစ်ဗိုလ်တစ်ဦးက ဒေါသကို မထိန်းနိုင်တော့ဘဲ စားပွဲကို အားကုန်ရိုက်ချကာ ဆဲဆိုလိုက်သည်။ "ခွေးမသား... ငါ နိုင်ငံတော်အတွက် အသက်စွန့်ခဲ့တဲ့ အချိန်တုန်းက မင်းက ရွှံ့ထဲမှာ ဆော့နေတဲ့ ခွေးပေါက်လေးပဲ ရှိသေးတာ... မင်းက ဘာအရည်အချင်းရှိလို့ ငါတို့ကို လာဝေဖန်နေတာလဲ"
"တခြားလူတွေ မင်းကို ကြောက်ရင်ကြောက်မယ်... ငါ လောင်ချီ ကတော့ မင်းကို လုံးဝ မကြောက်ဘူး... မင်းက ဆင့်ကဲပြောင်းလဲပြီး ဘီလူးတစ်ကောင် ဖြစ်သွားရုံနဲ့ အစွမ်းထက်လာပြီ ထင်နေလား... ငါတို့ လူသားတွေရဲ့ အစွမ်းအထက်ဆုံးအရာက ဉာဏ်ပညာကွ... တစ်ဦးချင်းစီရဲ့ စွမ်းအား မဟုတ်ဘူး"
"မင်းလိုကောင်မျိုးကများ စစ်တပ်ကို ဦးဆောင်ချင်သေးတယ်ပေါ့... ငါ သဘောမတူဘူး"
ပြောရင်းနှင့် သူက အခြားလူများကို လှည့်ကြည့်ကာ မေးလိုက်သည်။ "ဒီလိုလူမျိုးက စစ်တပ်ရဲ့ ခေါင်းဆောင် ဖြစ်လာမှာကို မင်းတို့ သဘောတူနိုင်လား"
"သဘောမတူဘူး... လုံးဝ သဘောမတူနိုင်ဘူး"
"ငါတို့လည်း သဘောမတူဘူး"
"တပ်မှူးကျန်း... ကျွန်တော်တို့က တပ်မှူးကို မျက်နှာမထောက်တာ မဟုတ်ဘူး... ဒီကောင်လေးက စစ်သားတွေကို ဦးဆောင်ဖို့ လုံးဝ မထိုက်တန်ဘူး"
"တပ်မှူးကျန်း... ကျွန်တော်တို့ တပ်မ (၂၄) က တိမ်မြူကျွန်းကနေ ဆုတ်ခွာပြီး ကွမ်ဖူ ကနေ ထွက်သွားရမယ်ဆိုရင်တောင် ဒီလိုလူမျိုးရဲ့ ဦးဆောင်မှုကို လုံးဝ လက်ခံမှာ မဟုတ်ဘူး"
"ဟုတ်တယ် တပ်မှူးကျန်း... ကျွန်တော်တို့ တိမ်မြူကျွန်းကနေ ထွက်သွားဖို့ပဲ ရွေးချယ်မယ်"
ထိုအချိန်တွင် လူအများအပြားက အုတ်အော်သောင်းနင်း ဖြစ်လာကြသည်။
ထိုစဉ် ကျန်းဝမ်ကျင်းက ရှေ့သို့ထွက်လာပြီး အလျင်အမြန် ပြောလိုက်၏။ "ဦးလေးတို့ အဘတို့... အားလုံး စိတ်အေးအေး ထားကြပါဦး"
"ဦးလေးတို့က ကျွန်မတို့ စစ်တပ်ရဲ့ အားထားရတဲ့ ကျောထောက်နောက်ခံတွေပါ... အရင်တုန်းက တိမ်မြူကျွန်းကို တည်ဆောက်ပြီး သိမ်းငှက်အဖွဲ့က လူတွေကို ရင်ဆိုင်ခဲ့တုန်းက အားလုံး သွေးမြေကျခံခဲ့ကြတာချည်းပါပဲ"
"ကျွန်မတို့က ဦးလေးတို့ကို ဘယ်လိုလုပ်ပြီး အတင်းထွက်သွားခိုင်းရက်မှာလဲ... အဖေ... တစ်ခုခု ပြောလိုက်ပါဦး"
ကျန်းဝမ်ကျင်းက ဖခင်ဖြစ်သူ ကျန်းယွိကျန်းဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်နှာထားက စိုးရိမ်နေပုံပေါက်သော်လည်း မျက်လုံးများကမူ လင်းယွမ်ဆီသို့ တမင်တကာ တစ်ချက် ဝေ့ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာ၏။
ဤကဲ့သို့သောအခြေအနေမျိုးတွင် လင်း ဆိုသည့်လူက တိမ်မြူကျွန်းကို ဘယ်လိုဆက်ပြီး လွှဲပြောင်းယူမလဲဆိုတာကို သူမ စောင့်ကြည့်ချင်နေသည်။
သူမက ထိုက်ယန်တောင်နှင့် မပူးပေါင်းချင်၍ မဟုတ်ပေ။ ဖခင်ဖြစ်သူ၏ အာဏာကို လင်း ဆိုသည့်လူ၏ လက်ထဲသို့ အလုံးစုံ ကျရောက်သွားမည်ကို မလိုလား၍သာ ဖြစ်သည်။
ထို့ကြောင့်သာ ယခုကဲ့သို့သော ဇာတ်လမ်းဆင်မှုမျိုး ဖြစ်ပေါ်လာရခြင်းပင်။
ကျန်းယွိကျန်း၏ မျက်နှာထားမှာ အလွန်ကြည့်ရဆိုးနေပြီး အသံကိုနှိမ့်ကာ ပြောလိုက်သည်။ "ညီနောင်တို့... မင်းတို့အားလုံးက ငါ့ရဲ့ ညီအစ်ကိုဟောင်းတွေ ရဲဘော်ရဲဘက်ဟောင်းတွေပါ... အခုလိုတွေ ပြောနေရတာ တကယ့်ကို စိတ်မကောင်းစရာပဲ"
"ဒါပေမဲ့ ခုနက အစည်းအဝေးလုပ်တုန်းကလည်း ငါပြောခဲ့ပြီးပါပြီ... အခု ငါတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မင်းတို့လည်း သိပြီးသားပါ"
"မုန်ယာကုမ္ပဏီက လူတွေက အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး... ကိုလင်းယွမ်နဲ့သာ မပူးပေါင်းဘူးဆိုရင် ငါတို့ရဲ့ စွမ်းအားနဲ့တော့ တကယ်ပဲ တောင့်ခံနိုင်မှာ မဟုတ်ဘူး"
ကျန်းဝမ်ကျင်းက ကျန်းယွိကျန်း၏ စကားကို ချက်ချင်း ဖြတ်ပြောလိုက်သည်။ "အဖေ... ကျွန်မတို့က ထိုက်ယန်တောင်နဲ့ ပူးပေါင်းဖို့ ငြင်းဆန်နေတာ မဟုတ်ဘူး... အပြင်လူတစ်ယောက်ရဲ့ ဦးဆောင်မှုကို ခံယူရမှာကို လက်မခံနိုင်တာပါ"
"ပူးပေါင်းလို့တော့ ရတယ်... ဒါပေမဲ့ အားလုံးကို အဖေ ဦးဆောင်တာကိုပဲ ကျွန်မတို့ လက်ခံနိုင်မယ်... ဦးလေးတို့ အဘတို့ကော... ဒီသဘောပဲ မဟုတ်လား"
အခြားသော စစ်တပ်အထက်ပိုင်း အရာရှိများကလည်း ခေါင်းညိတ်ထောက်ခံကြ၏။
"မှန်တယ်... ကျွန်တော်တို့က တပ်မှူးကျန်းရဲ့ ဦးဆောင်မှုကိုပဲ လက်ခံမယ်... တခြားလူတွေကတော့ အိမ်မက်တောင် မမက်နဲ့"
"တပ်မှူးကျန်း... ကျွန်တော် လောင်ချီ က ခင်ဗျားတစ်ယောက်တည်းကိုပဲ ယုံကြည်တယ်... တခြားလူတွေကတော့ ဟက်... ဘာကောင်တွေမို့လို့လဲ... အမွေးတောင် မစုံသေးတဲ့ကောင်ကများ ငါတို့ကို လာပြီး အမိန့်ပေးချင်သေးတယ်"
"တပ်မှူးကျန်း... ကျွန်တော်တို့ကလည်း ဒီစကားပဲ... ခင်ဗျားပြောတာကိုပဲ နားထောင်မယ်... တခြားလူကို အသိအမှတ်မပြုဘူး"
ကျန်းဝမ်ကျင်း၏ မျက်လုံးများထဲတွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူမက ဤနည်းလမ်းကို အသုံးပြုပြီး လင်း ဆိုသည့်လူကို အလျှော့ပေးလာအောင် ဖိအားပေးချင်နေခြင်း ဖြစ်သည်။
ထိုက်ယန်တောင်နှင့် စစ်တပ် ပူးပေါင်း၍ ရသော်လည်း ဖခင်ဖြစ်သူ၏ အာဏာကိုတော့ ထိခိုက်၍မရပေ။ သူတို့၏ စစ်တပ်အတွင်းရှိ ရာထူးနေရာများကိုလည်း ထိခိုက်၍မရပေ။
ထိုအချိန်ကျလျှင် လင်းယွမ်က တိမ်မြူကျွန်းကို ရရှိသွားလျှင်တောင် ဘာထူးမည်နည်း။ ကျွန်းပေါ်ရှိ လူအားလုံးက သူတို့စကားကိုသာ နားထောင်ကြမည်ပင်။
ဤနေရာအထိ နားထောင်ပြီးနောက် လင်းယွမ်လည်း အခြေအနေကို ကောင်းကောင်း သဘောပေါက်သွားလေပြီ။
သူက မနေနိုင်တော့ဘဲ လှောင်ပြောင်သည့် အမူအရာဖြင့် ကျန်းယွိကျန်းကို ကြည့်ကာ မေးလိုက်သည်။ "ဒါက ခင်ဗျားရဲ့ အကြံလား"
ကျန်းယွိကျန်းက အလျင်အမြန် ပြန်ဖြေ၏။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကိုလင်းယွမ်... ကျွန်တော်က ထိုက်ယန်တောင်နဲ့ တကယ်ကို စိတ်ရင်းအမှန်နဲ့ ပူးပေါင်းချင်တာပါ"
"ဒါပေမဲ့... ဒါပေမဲ့ အခုအခြေအနေက... ဟူး... ဒီလိုလုပ်ကြရအောင်... ခင်ဗျား ကျွန်တော်နဲ့ လိုက်ခဲ့ပါ... ကျွန်တော်တို့ သေချာ ပြန်တိုင်ပင်ကြတာပေါ့"
လင်းယွမ်က ချက်ချင်း လက်ကာပြလိုက်ပြီး ပြောသည်။ "မလိုတော့ဘူး... ဒီလိုလုပ်ဖို့ လိုအပ်မယ်လို့ ကျွန်တော် မထင်တော့ဘူး"
သူက ကျန်းယွိကျန်းကို ကြည့်ကာ ပြောလိုက်သည်။ "နှလုံးအမြူတေက ခင်ဗျားလက်ထဲမှာ ရှိနေတယ်... ကျွန်တော် ခင်ဗျားကို တစ်ခုပဲ မေးမယ်... တပ်မှူးကျန်း... ခင်ဗျား တကယ်ပဲ ပူးပေါင်းဖို့ ရည်ရွယ်ထားတယ်ဆိုရင် ဒီလူတွေကို ကျွန်တော့်ဆီ အပ်လိုက်... ကျွန်တော် ကိုင်တွယ်ဖြေရှင်းမယ်"
ကျန်းယွိကျန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ပြောလိုက်၏။ "ခင်ဗျား သူတို့ကို ဒုက္ခမပေးပါဘူးလို့ ကျွန်တော့်ကို ကတိပေးထားတယ်လေ"
လင်းယွမ်က အေးတိအေးစက် ပြောလိုက်သည်။ "အခု ကျွန်တော်က သူတို့ကို ဒုက္ခပေးနေတာလား... သူတို့က ကျွန်တော့်ကို ဒုက္ခပေးနေတာလား ဆိုတာ ခင်ဗျား မျက်စိနဲ့ ကြည့်လေ"
ကျန်းယွိကျန်းက မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။ "သူတို့က တိမ်မြူကျွန်းအတွက် စေတနာနဲ့ ပြောနေကြတာပါ... မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး... ကိစ္စတွေက အရမ်း ရုတ်တရက်ဆန်သွားတော့ သူတို့ ချက်ချင်း လက်မခံနိုင်ကြသေးတာပါ"
"ကိုလင်းယွမ်... သူတို့ကို အချိန်နည်းနည်းလောက် ပေးလို့ရမလား... ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ... ကျွန်တော် နှလုံးအမြူတေကို ခင်ဗျားဆီ အရင် ပေးလိုက်မယ်... ဒါပေမဲ့ စစ်တပ်ရဲ့ လူအင်အား စီမံခန့်ခွဲမှုတွေကိုတော့ ကျွန်တော်နဲ့ ကျန့်ကုန်းတို့ကပဲ ယာယီ ဆက်ပြီး ကိုင်တွယ်ထားမယ်ဆိုရင်ကော"
"ခင်ဗျား စိတ်ချပါ... မုန်ယာကုမ္ပဏီရဲ့ အန္တရာယ်ကို ဖြေရှင်းပြီးသွားတာနဲ့ ကျွန်တော် ကတိတည်တည်နဲ့ စစ်အာဏာကို ခင်ဗျားဆီ လွှဲပြောင်းပေးပါ့မယ်"
လင်းယွမ်က ကျန်းယွိကျန်းကို စူးစိုက်ကြည့်နေပြီး သူ၏ မျက်နှာထားမှာ တဖြည်းဖြည်း အေးစက်လာတော့သည်။
"ဪ... ခင်ဗျား ကြံစည်ထားတာက ဒီအကြံကိုး"
"တပ်မှူးကျန်း... အာဏာကို ချုပ်ကိုင်ရတဲ့ အရသာက အရမ်း ကောင်းနေတယ် မဟုတ်လား... အန္တရာယ်က နှာခေါင်းဝ ရောက်နေပြီကိုတောင် ခင်ဗျားက အာဏာကို မစွန့်လွှတ်နိုင်သေးဘူးလား"
ကျန်းယွိကျန်း မျက်နှာပျက်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ကိုလင်းယွမ်... ခင်ဗျား အထင်လွဲနေပြီ ထင်တယ်..."
လင်းယွမ်က လက်ကို ချက်ချင်း မြှောက်လိုက်ပြီး သူ့စကားကို တားဆီးကာ ပြောလိုက်၏။ "ထားလိုက်ပါတော့... တိမ်မြူကျွန်းဆိုတဲ့ ဒီမြေနေရာလေးတစ်ခုလောက်ကို ကျွန်တော်လည်း မလိုချင်ပါဘူး"
"မုန်ယာကုမ္ပဏီက လူတွေ ပြန်လာတိုက်လို့ ခင်ဗျားတို့ သေကုန်တဲ့အချိန်ကျမှ ဒီကျွန်းကို ကျွန်တော် ဝင်ယူလိုက်လည်း ရတာပဲ"
"နှုတ်ဆက်ခဲ့ပါတယ်... ခင်ဗျားတို့ဘာသာ ကြည့်လုပ်ကြတော့"
လင်းယွမ်က အာဏာလုရန်သာ သိသော ဤနိုင်ငံရေးသမားများနှင့် စကားဆက်ပြောနေရန် ပျင်းရိသွားသဖြင့် နောက်လှည့်ကာ ထွက်သွားလေတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းယွိကျန်းမှာ ရုတ်တရက် အလွန် စိုးရိမ်သွားသည်။
"ကိုလင်းယွမ်... ကိုလင်းယွမ်..."
သူက လင်းယွမ်ကို တားဆီးရန် အလျင်အမြန် နောက်မှ ပြေးလိုက်သွားသည်။
ကံမကောင်းစွာဖြင့် လင်းယွမ်က ဆုံးဖြတ်ချက် ခိုင်မာနေပြီဖြစ်ရာ ကျန်းယွိကျန်း၏ တားဆီးမှုကို လုံးဝ ဂရုမစိုက်ပေ။
တံခါးအပြင်သို့ ရောက်သည်နှင့် သူ၏ ခန္ဓာကိုယ် အရိပ်က ရုတ်တရက် လှုပ်ရှားသွားပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်က တွန့်လိမ်သွားကာ ဟင်းလင်းပြင် အစွမ်းကို အသုံးပြု၍ ထိုနေရာမှ ချက်ချင်း နေရာရွှေ့ပြောင်း ပျောက်ကွယ်သွားလေတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းယွိကျန်းမှာ မျက်မှောင်ကြုတ်သွားပြီး မူလက စိုးရိမ်နေသော အမူအရာများလည်း အတော်လေး ပျောက်ကွယ်သွားသည်။
ထိုစဉ် ကျန်းဝမ်ကျင်းနှင့် အခြားလူများလည်း အပြင်သို့ ပြေးထွက်လာကြပြီး လင်းယွမ်က တကယ်ကြီး ထွက်သွားသည်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး၏ မျက်နှာပေါ်တွင် အံ့သြဒေါသထွက်သည့် အမူအရာများ ပေါ်လာကြ၏။
"အဖေ... သူ တကယ်ကြီး ထွက်သွားတာလား"
"တပ်မှူး... သူက ဒီလောက် ကြီးမားတဲ့ တိမ်မြူကျွန်းကြီးကို တကယ်ပဲ လက်လွှတ်လိုက်တာလား"
"ဒါက ရေပေါ်ကျွန်းကြီးလေ... သူက တကယ် စွန့်လွှတ်ရက်တာလား"
"တပ်မှူး... အခု ဘယ်လိုလုပ်ကြမလဲ"
လူအများက တီးတိုးမေးမြန်းကြတော့သည်။
ကျန်းယွိကျန်းက မျက်ခုံးကြားကို ပွတ်သပ်လိုက်ပြီး အခြေအနေက အနည်းငယ် ကိုင်တွယ်ရ ခက်ခဲသွားပြီဟု ခံစားလိုက်ရသည်။
လင်းယွမ်က ဤမျှအထိ ပြတ်သားပြီး တိမ်မြူကျွန်းကို တကယ်ကြီး ဘာမှမဟုတ်သလို သဘောထားနိုင်လိမ့်မည်ဟု သူလည်း မျှော်လင့်မထားခဲ့ပေ။
"ငါက စစ်အာဏာကို လိုချင်ရုံလေးပါ... နှလုံးအမြူတေကို ပေးမလို့ဟာကိုတောင် သူက လောဘမသတ်နိုင်ဘူး"
ကျန်းယွိကျန်း၏ ရင်ထဲတွင်လည်း အနည်းငယ် ဒေါသထွက်သွားသော်လည်း လင်းယွမ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို တွေးမိလိုက်သောအခါ မတတ်နိုင်သည့် ခံစားချက်တစ်ခု ပြန်လည် ဖြစ်ပေါ်လာပြန်သည်။
ထိုအချိန်မှာပင် ဖုန်းကျန့်ကုန်းက လျှောက်လာပြီး ကျန်းယွိကျန်းကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်။ "တပ်မှူး... အဆင်မပြေရင် ကျွန်တော့်ရဲ့ ဦးနှောက်အမြူတေနဲ့ သူ့ကို သွားလဲလိုက်ပါတော့"
ကျန်းယွိကျန်းက ထိုစကားကို ကြားသည်နှင့် ချက်ချင်း ခေါင်းခါယမ်းလိုက်ပြီး ပြော၏။ "လုံးဝ မဖြစ်ဘူး... မင်းက ငါတို့ စစ်တပ်ရဲ့ နံပါတ်တစ် လူပဲ... ဒီနေရာမှာ အစွမ်းအထက်ဆုံး အစွမ်းပိုင်ရှင်လေ... မင်းက တိမ်မြူကျွန်းကို ထိန်းချုပ်ထားနိုင်မှ စစ်တပ်ရဲ့ စိတ်ဓာတ်တွေ မပြိုကွဲမှာ"
ဖုန်းကျန့်ကုန်းက သက်ပြင်းချလိုက်ပြီး ပြောသည်။ "ကျွန်တော်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို အမြန်ဆုံး မြှင့်တင်ချင်နေတာ... ဒီအတိုင်း ဆက်ပြီး အချိန်ဆွဲနေရင် မုန်ယာကုမ္ပဏီက တကယ်ကြီး ဝင်တိုက်လာလိမ့်မယ်"
"တပ်မှူး... ကျွန်တော် စစ်တပ် အထက်ပိုင်းရဲ့ ခေါင်းဆောင်နေရာကို စွန့်လွှတ်နိုင်ပါတယ်"
ကျန်းယွိကျန်းက ထိုစကားကို ကြားသောအခါ အနည်းငယ် ကြောင်အသွားပြီး ဖုန်းကျန့်ကုန်းဘက်သို့ လှည့်ကြည့်လိုက်၏။ "မင်း... ကျန့်ကုန်း... မင်း စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"
"ငါတို့ လိုချင်နေတာက ခေါင်းဆောင်နေရာလား... ငါတို့က လက်အောက်က စစ်သားတွေအတွက် တာဝန်ယူပေးချင်ရုံ သက်သက်ပါ"
"ငါတို့သာ ဒီရာထူးနေရာတွေမှာ မရှိတော့ရင် ထိုက်ယန်တောင်က လူတွေက သူတို့ကို ဘယ်လို ဆက်ဆံမလဲဆိုတာ ဘယ်သူသိမှာလဲ"
"လင်း ဆိုတဲ့လူက ငါတို့ စစ်သားတွေကို အသေခံ တပ်သားတွေအနေနဲ့ အသုံးချရင် ဘယ်လိုလုပ်မလဲ... သူက တကယ်ပဲ မျက်နှာမလိုက်ဘဲ ထိုက်ယန်တောင်က လူတွေနဲ့ ငါတို့ စစ်သားတွေကို တန်းတူ ဆက်ဆံပေးနိုင်မှာလား"
"ဖြစ်နိုင်မယ် မထင်ဘူး"
ကျန်းယွိကျန်းက ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
ဖုန်းကျန့်ကုန်းက ဘာမှ ဆက်မပြောတော့ပေ။ တကယ်ပဲ တာဝန်ယူပေးချင်တာ ဟုတ်မဟုတ် ဆိုသည်ကို သူ ဆက်မမေးချင်တော့ပါ။
အာဏာဆိုသည်က လူကို သွေးဆောင်နိုင်စွမ်း ရှိသည်။ သို့သော် ဖုန်းကျန့်ကုန်းက ပို၍ ရှင်းလင်းစွာ သိထားသည်မှာ ကမ္ဘာပျက်ကပ်ဘေးကြီးအောက်တွင် အစွမ်းပိုင်ရှင်များ ပေါ်ထွက်လာခြင်းကြောင့် ဤကမ္ဘာလောက၏ စည်းမျဉ်းများက ပြောင်းလဲသွားခဲ့ပြီ ဆိုသည်ကိုပင်။
အာဏာဆိုသည်က လူတွေ၏ စိတ်နှလုံးနောက်သို့ လိုက်၍ ပြောင်းလဲနေတော့မည် မဟုတ်ပေ။ ထိပ်တန်း အစွမ်းကို ပိုင်ဆိုင်ထားနိုင်သူကသာလျှင် အာဏာကို အမှန်တကယ် ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။
ဤခေတ်ကြီးသည် တစ်ဦးချင်းစီ၏ စွမ်းပကားကိုသာ အဓိကထားသည့် ခေတ်ကြီး ဖြစ်သွားခဲ့ပြီမို့ ခေတ်ဟောင်းက စစ်ဗိုလ်ချုပ်ကဲ့သို့သော သာမန်လူများက ဇာတ်ခုံပေါ်မှ ဆင်းပေးရမည့်အချိန် ရောက်နေခဲ့ပြီ ဖြစ်သည်။
ဆက်ရန်…