အခန်း (၇၃၅-၇၃၆)
Vol. 37 Ch. 735-736
အပိုင်း(၇၃၅) ဖုန်းကျန့်ကုန်း၏ အတွေး
လက်သီးဆိုတာက အာဏာပင်တည်း။
စစ်တပ်၏ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်လာပြီးနောက် ဤအချက်ကို ဖုန်းကျန့်ကုန်းက ရှင်းလင်းစွာ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ကျရှုံးနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်ရမည်ဆိုလျှင်တောင် သူက မိမိကိုယ်ကို အဆက်မပြတ် ဖောက်ထွက်ကာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို မြှင့်တင်လိုခြင်း ဖြစ်သည်။ အကြောင်းမှာ သူက ဤအချက်ကို ကောင်းစွာ သဘောပေါက်ထားသောကြောင့်ပင်။
အကယ်၍သာ စစ်တပ်၏ နံပါတ်တစ် အစွမ်းထက်ဆုံးသူဆိုသည့် ဂုဏ်ပုဒ်ကို မထိန်းသိမ်းနိုင်တော့ပါက သူသည် တိမ်မြူကျွန်း၏ ဦးနှောက်အမြူတေကို ပိုင်ဆိုင်ထားလျှင်တောင် အနှေးနဲ့အမြန် အာဏာစွန့်လွှတ်ရပေလိမ့်မည်။
အမှန်တကယ်တော့ တိမ်မြူကျွန်းတွင် အဖွဲ့အသီးသီးက စစ်စခန်းများ တည်ထောင်ပြီးကတည်းက ဖုန်းကျန့်ကုန်းက မည်သည့် စစ်ရေးအစီအမံနှင့် လူအင်အား နေရာချထားမှုများကိုမျှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိပေ။
သို့သော်လည်း အချိန်အတော်ကြာသည်အထိ သူက ချိုးငှက်အုပ်စု၏ အဓိက အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေဆဲပင်။
အကြောင်းမှာ သူက ချိုးငှက်အုပ်စုထဲတွင် အစွမ်းအထက်ဆုံးသူ ဖြစ်နေသောကြောင့်ပင်... လူတိုင်းက သူ့ကို ဝန်းရံပြီး အလုပ်အကျွေးပြုကြရသည်။
"ကျန်းယွီကျန်းက ဒီအချက်ကို သေချာ မမြင်သေးဘူးပဲ"
သူက စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ ယခုအချိန်တွင် သူသည် အငြင်းပွားမှုများဖြင့် ဆူညံနေသော အစည်းအဝေးခန်းမထဲမှ ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။
လင်းယွမ်ကို ရှုံးနိမ့်သွားပြီးနောက် စွမ်းအားကြီးမားခြင်း၏ အကျိုးကျေးဇူးကို သူ ပိုမို သိရှိနားလည်လာခဲ့၏။
အရင်တုန်းက လင်းယွမ်က ဘာသာရေးဂိုဏ်းကြီး သုံးခု၏ ဖိအားပေးမှုကြောင့် စစ်တပ်ထံ အကူအညီတောင်းခံခဲ့ရသည်။
သို့သော်လည်း အခုဆို လအနည်းငယ်လေးပဲ ကြာသေးသည် မဟုတ်ပါလော။
ရေအလှည့်ပြီး၍ မီးအလှည့်ရောက်လာသကဲ့သို့ ယခုအခါ စစ်တပ်က လင်းယွမ်ထံ အကူအညီတောင်းခံရမည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤသို့ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ ထိုက်ယန်တောင်၏ သင်္ကေတ နည်းပညာ တိုးတက်လာမှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ ပို၍ အရေးကြီးသည်မှာ လင်းယွမ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့်ပင် ဖြစ်သည်။
ဤအရာအားလုံးက ဖုန်းကျန့်ကုန်း၏ စိတ်ထဲရှိ ထိုအတွေးကို ပိုမို နက်ရှိုင်းသွားစေခဲ့သည်။
သူသည် စစ်စခန်းမှ ထွက်လာပြီးနောက် ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ လေထဲသို့ တိုက်ရိုက် ပျံတက်သွားပြီး တိမ်မြူကျွန်းမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
သူ ထွက်ခွာသွားသော ဦးတည်ရာသည် လင်းယွမ် ပျောက်ကွယ်သွားသော လမ်းကြောင်းပင် ဖြစ်၏။
ယခုအချိန်တွင် လင်းယွမ်သည် လေထဲ၌ လျင်မြန်စွာ ပျံသန်းနေပြီး စစ်တပ်၏ ရှုပ်ထွေးနေသော ပြဿနာများကို ဝင်ရောက်စွက်ဖက်ရန် စိတ်မဝင်စားတော့ပေ။
"စစ်တပ်က မုန်ယာကုမ္ပဏီကို အာရုံလွှဲထားပေးတုန်း... ထိုက်ယန်တောင်ဘက်ကနေ လေထဲကို ယာဉ်ပျံတွေ ချက်ချင်းလွှတ်ပြီး လေပေါ်ကျွန်း တစ်ကျွန်းကို အမြန်ဆုံး သိမ်းပိုက်ထားမှ ရမယ်"
လင်းယွမ်က စိတ်ထဲမှ တိတ်ဆိတ်စွာ တွေးလိုက်မိသည်။ မုန်ယာကုမ္ပဏီက ဤမျှ ဗိုလ်ကျစိုးမိုးပြီး လေထဲတွင် နယ်မြေသိမ်းပိုက်မှုများကိုပင် စတင်နေပြီ ဖြစ်သည်။
ထိုက်ယန်တောင်က တစ်လှမ်း နောက်ကျနေပြီ ဖြစ်ရာ ဆက်လက်၍ နောက်ကောက်ကျခံနေ၍ လုံးဝ မဖြစ်တော့ပေ။
သူသည် လေထဲတွင် နေရာတစ်နေရာကို အမြန်ဆုံး ရယူထားရမည်။ သို့မဟုတ်ပါက မုန်ယာကုမ္ပဏီ လေထဲတွင် အခိုင်အမာ အခြေချမိပြီး ဝေဟင်စိုးမိုးခွင့်ကို ရရှိသွားပါက ထိုက်ယန်တောင်အနေဖြင့် ဆက်လက် တိုးတက်ရန် အလွန် ခက်ခဲသွားပေလိမ့်မည်။
မည်သည့် တိုက်ပွဲတွင်မဆို ဝေဟင်စိုးမိုးခွင့် ရရှိထားခြင်းက မည်မျှ အရေးကြီးသည်ကို လူတိုင်း သိထားကြသည်။
ထို့ကြောင့် ထိုက်ယန်တောင်သည် လေထဲတွင် ကိုယ်ပိုင် စခန်းတစ်ခု မဖြစ်မနေ ရှိထားရပေမည်။
"ကြည့်ရတာ ပြန်ရောက်တာနဲ့ ယာဉ်ပျံတွေ လွှတ်တင်ဖို့ ချက်ချင်း စီစဉ်ရတော့မယ်"
"ဒီတစ်ခေါက်တော့ ငါကိုယ်တိုင် တက်သွားပြီး လေပေါ်ကျွန်း တစ်ကျွန်းကို သိမ်းပိုက်နိုင်ဖို့ နည်းလမ်းရှာရမယ်"
သူ၏ မျက်ဝန်းများထဲတွင် စူးရှသော အရောင်တစ်ခု လက်သွားသည်။ လေပေါ်ကျွန်းနှင့် ရေပေါ်ကျွန်းက အတူတူပင် ဖြစ်သည်။ ဤသဘောတရားအရဆိုလျှင် လေပေါ်ကျွန်းတွင်လည်း ရေပေါ်ကျွန်းကဲ့သို့ပင် နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေ ရှိနေသင့်ပေသည်။
လေထဲသို့ ရောက်ရှိသွားပြီးနောက် လေပေါ်ကျွန်း တစ်ကျွန်း၏ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို ရှာတွေ့ကာ သန့်စင်လိုက်နိုင်ပါက ထိုလေပေါ်ကျွန်းသည် သဘာဝကျကျပင် သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
"လင်းယွမ်... ခဏလောက် နေပါဦး"
တွေးတောနေစဉ်မှာပင် ကျောဘက်မှ လှမ်းခေါ်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
လင်းယွမ်၏ ခန္ဓာကိုယ်က ရုတ်ခြည်း ရပ်တန့်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
လူရိပ်တစ်ခုက လျင်မြန်စွာ ပျံသန်းလာသည်ကို တွေ့လိုက်ရပြီး ထိုသူမှာ ဖုန်းကျန့်ကုန်းပင် ဖြစ်၏။
လင်းယွမ်က ထိုမြင်ကွင်းကို မြင်သောအခါ မသိမသာ မျက်မှောင်ကြုတ်လိုက်မိသည်။
ဖုန်းကျန့်ကုန်း ရောက်လာသည့်အခါမှသာ သူက စကားစလိုက်သည်။ "မင်း ဘာလာလုပ်တာလဲ"
ဖုန်းကျန့်ကုန်းက ခါးသက်သက် ပြုံးလိုက်ရင်း ရှင်းပြလေသည်။ "လင်းယွမ်... တပ်ရင်းမှူးကျန်းတို့ ကိစ္စကို ငါ မသိဘူး... သူတို့ရဲ့ အစည်းအဝေးမှာလည်း ငါ မပါဝင်ခဲ့ဘူး"
လင်းယွမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဘာအဓိပ္ပာယ်လဲ"
ဖုန်းကျန့်ကုန်း၏ မျက်နှာထားက လေးနက်သွားပြီး ပြောလိုက်၏။ "လင်းယွမ်... ငါနဲ့ တပ်ရင်းမှူးကျန်းက မတူပါဘူး... သူ ဘာလိုချင်လဲဆိုတာ ငါ သေချာမသိပေမယ့် ငါ ဘာလိုချင်လဲဆိုတာကိုတော့ ငါ ကောင်းကောင်း သိပါတယ်"
လင်းယွမ်က မျက်စောင်းထိုးကြည့်လိုက်ပြီး အံ့ဩစွာ မေးလိုက်သည်။ "မင်းက ဘာလိုချင်လို့လဲ"
"ငါက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို မြှင့်တင်ချင်တာပါ"
လင်းယွမ်က ကြောင်အမ်းသွားပြီးနောက် ဖုန်းကျန့်ကုန်း သူ့ထံ လာရောက်ရသည့် ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားပုံရသည်။
သူ၏ မျက်နှာထားက ထူးဆန်းသွားပြီး မေးလိုက်သည်။ "မင်းက ငါ့ဆီကနေ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို မြှင့်တင်မယ့် နည်းလမ်း ရချင်နေတာလား"
"ဟုတ်ပါတယ်... ငါ့အတွက်တော့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို အဆက်မပြတ် မြှင့်တင်နိုင်တာကမှ ဒီရေလွှမ်းမိုးနေတဲ့ ကမ္ဘာကြီးမှာ ဆက်လက် ရှင်သန်နိုင်မယ့် အရင်းအနှီးပါပဲ"
"တခြား အာဏာပဲဖြစ်ဖြစ် နယ်မြေပဲဖြစ်ဖြစ် အကုန်လုံးက မျက်စိရှေ့က ဖြတ်သွားတဲ့ တိမ်တိုက်တွေလို ပါပဲ"
"ဒီအလဲအလှယ်ကို ငါ မင်းနဲ့ သီးသန့် လုပ်ချင်ပါတယ်"
လင်းယွမ် စိတ်ဝင်စားသွားပြီး မေးလိုက်သည်။ "ငါနဲ့ သီးသန့် အလဲအလှယ် လုပ်ချင်တယ် ဟုတ်လား... ဘယ်လိုလုပ်မှာလဲ... မင်းက စစ်တပ်ကို ကိုယ်စားပြုနိုင်လို့လား"
ဖုန်းကျန့်ကုန်းက ခေါင်းကို ခါယမ်းလိုက်သည်။ "ငါက စစ်တပ်ကို ကိုယ်စားမပြုနိုင်ပါဘူး... အစကနေ အဆုံးထိ ငါက ငါပါပဲ... အပြင်လူတွေ အမြင်မှာတော့ ငါက စစ်တပ်ရဲ့ နံပါတ်တစ် အစွမ်းထက်ဆုံးသူ ဖြစ်နေတော့ စစ်တပ်ကို ကိုယ်စားပြုနိုင်တယ်လို့ ထင်ကြတာပါ"
"ဒါပေမဲ့ စစ်တပ်ထဲက အထက်အရာရှိတွေက ဒီလိုတွေးချင်မှ တွေးမှာပါ... ဒီနေ့ မင်းလည်း မြင်မှာပဲ... အထက်လူကြီး တော်တော်များများက တကယ်တမ်းကျတော့ မျိုးရိုးဗီဇမျိုးစေ့ ကိုတောင် မဖွဲ့စည်းနိုင်ကြသေးပါဘူး"
"ဒီလူတွေက အရင်တုန်းက သာမန်လူတွေပဲ ဖြစ်နေသေးတာ... အစွမ်းပိုင်ရှင် တောင် မဟုတ်ကြသေးဘူးလေ"
လင်းယွမ်က စကားမဆိုနိုင်တော့ဘဲ ပြန်မေးလိုက်သည်။ "ဒီလိုလူတွေကလည်း မင်းတို့ စစ်တပ်ရဲ့ အထက်အရာရှိတွေ ဖြစ်နိုင်သေးတယ်ပေါ့"
"သူတို့က ရေဘေးကြီး မဖြစ်ခင်ကတည်းက စစ်တပ်ရဲ့ အထက်အရာရှိတွေလေ... အရင်က ငါတို့ တိမ်မြူကျွန်းကို သိမ်းပိုက်ပြီးတဲ့နောက် ဒီလူတွေက သိမ်းငှက်အုပ်စုနဲ့ တိုက်ပွဲမှာ ရှုံးနိမ့်ပြီး တိမ်မြူကျွန်းက တပ်ရင်းမှူးကျန်းဆီကို ထွက်ပြေး ခိုလှုံလာကြတာ... တပ်ရင်းမှူးကျန်းကလည်း သူတို့ကို စည်းရုံးချင်တော့ သဘာဝကျကျပဲ လက်ခံလိုက်ပြီး သူတို့ကလည်း ခေါင်းဆောင်တွေအဖြစ် ဆက်လက် ရပ်တည်နေကြတာပေါ့"
"နောက်ပိုင်းမှာ အစွမ်းပိုင်ရှင်တွေ ဆက်တိုက် ပေါ်လာပေမယ့် စစ်တပ်ထဲမှာ တင်းကျပ်တဲ့ စည်းကမ်းတွေ ရှိနေသလို... ငါ့လို နံပါတ်တစ် ပုဂ္ဂိုလ်ကလည်း ရှိနေတော့ အောက်ကလူက အထက်လူကို ပြန်လှန်တာတွေ... စွမ်းအားကို အသုံးချပြီး စည်းကမ်းဖောက်ဖျက်တာတွေ မဖြစ်ခဲ့ဘူး"
"ဒီတော့ သူတို့ရဲ့ နေရာက အလိုလိုပဲ ခိုင်မြဲနေသေးတာပေါ့"
"ဒါပေမဲ့ အစွမ်းပိုင်ရှင်တွေရဲ့ တိုးတက်မှုက ပိုပိုမြန်လာပြီး တစ်သီးပုဂ္ဂလ စွမ်းအားတွေက အဆက်မပြတ် ကြီးမားလာတော့... သူတို့ရဲ့ စိတ်ထဲမှာ နေရာပျောက်သွားမှာကို အရမ်း ကြောက်နေကြတယ်"
"ဒါကြောင့် အမြဲတမ်း သူတို့လက်ထဲက အာဏာကို လုယူခံရမှာစိုးလို့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကြတာ"
"ဒါတွေကို ငါ အကုန်မြင်ပါတယ်... ဒါပေမဲ့ ဂရုမစိုက်ခဲ့တာ... ကိုယ်တိုင် အစွမ်းထက်နေတာကမှ တကယ် အစွမ်းထက်တာလို့ ငါ အမြဲတမ်း ယုံကြည်တယ်"
"ဒါကြောင့် ငါ မင်းနဲ့ အလဲအလှယ် လာလုပ်တာပါ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို မြှင့်တင်ဖို့အတွက်ဆိုရင် အဲဒီ အတုအယောင် ဂုဏ်သိက္ခာနဲ့ အကျိုးအမြတ်တွေကို ငါ စွန့်လွှတ်နိုင်တယ်"
သူ၏ မျက်နှာထားက ရိုးသားဖြောင့်မတ်နေပြီး သူ၏ ရင်တွင်းခံစားချက်များကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုလိုက်သည်။
ဤအပေါ် လင်းယွမ်က ဖုန်းကျန့်ကုန်းကို မသိမသာ အထင်ကြီးလေးစားသွားမိသည်။
ဤစစ်တပ်၏ နံပါတ်တစ် ပုဂ္ဂိုလ်သည် တကယ့်ကို တွေးခေါ်မြော်မြင်တတ်သူပင်... သူက စစ်တပ်၏ နံပါတ်တစ် နေရာတွင် အခိုင်အမာ ရပ်တည်နိုင်သည်မှာ မဆန်းတော့ပေ။
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။ "ငါနဲ့ အလဲအလှယ်လုပ်ဖို့ မင်းဆီမှာ ဘာရှိလို့လဲ"
"တိမ်မြူကျွန်းရဲ့ ဦးနှောက်အမြူတေ" ဖုန်းကျန့်ကုန်းက တိုက်ရိုက်ပင် ဖွင့်ပြောလိုက်သည်။
လင်းယွမ်က ကြိုတင် ခန့်မှန်းမိပြီးသား ဖြစ်သည်။ တစ်ဖက်လူ ထုတ်ပေးနိုင်မည့်အရာမှာ ဤအရာသာ ရှိပေလိမ့်မည်။
"မင်း ဒီလိုလုပ်တာကို ကျန်းယွီကျန်း သိလား"
"မသိဘူး"
"ဟမ်... ဒါဆို မင်း ဒီလိုလုပ်တာကို သူက ခွင့်ပြုမှာလား" လင်းယွမ်က စိတ်ဝင်တစား မေးလိုက်သည်။
ဖုန်းကျန့်ကုန်းက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ "ဒီကိစ္စက သူ ဝင်ပါလို့မရဘူး"
"အရင်တုန်းက တိမ်မြူကျွန်းကို ရှာတွေ့ပြီးတဲ့နောက်... ရေပေါ်ကျွန်းမှာ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေလို အံ့ဖွယ်ပစ္စည်းတွေ ရှိမယ်ဆိုတာကို ငါတို့နှစ်ယောက်လုံး မသိခဲ့ကြဘူး"
"အချိန်အတော်ကြာပြီးမှ ရေပေါ်ကျွန်းရဲ့ လျှို့ဝှက်ချက်ကို တဖြည်းဖြည်း သိလာခဲ့တာ... ငါတို့ အဆက်မပြတ် ရှာဖွေစူးစမ်းပြီးတဲ့နောက်မှ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ရှာတွေ့ခဲ့တာပဲ"
"ဦးနှောက်အမြူတေကို ငါ ကိုယ်တိုင် ရှာတွေ့ခဲ့တာ... နှလုံးအမြူတေကိုတော့ ကျန်းယွီကျန်းက လူတွေခေါ်သွားပြီး ရှာတွေ့ခဲ့တာ"
"အဲဒီအချိန်တုန်းက သိမ်းငှက်အုပ်စုက အင်အားကြီးနေပြီး ငါတို့က ချိုးငှက်အုပ်စုကို မဖွဲ့စည်းရသေးဘူးလေ"
"ဒါကြောင့် တိမ်မြူကျွန်းရဲ့ ဒီဦးနှောက်အမြူတေက ငါ့ရဲ့ ကိုယ်ပိုင်ပစ္စည်းလို့ သတ်မှတ်လို့ရတယ်... စစ်တပ်ပိုင်ပစ္စည်း မဟုတ်ဘူး... မင်းနဲ့ အလဲအလှယ်လုပ်ဖို့ ငါ ထုတ်သုံးတာ ဘာပြဿနာမှ မရှိဘူး"
လင်းယွမ် သဘောပေါက်သွားသည်။ ဖုန်းကျန့်ကုန်းနှင့် ကျန်းယွီကျန်းတို့က တိမ်မြူကျွန်း၏ ဦးနှောက်အမြူတေနှင့် နှလုံးအမြူတေကို အသီးသီး ရရှိခဲ့ခြင်းမှာ ကြိုတင် တိုင်ပင်ထားခဲ့ခြင်း မဟုတ်ပေ။
သို့သော် လင်းယွမ်က တိုက်ရိုက် သဘောမတူလိုက်ဘဲ ခေါင်းခါပြလိုက်သည်။ "မလုံလောက်ဘူး... ဦးနှောက်အမြူတေ တစ်ခုတည်းနဲ့ ငါ တိမ်မြူကျွန်းကို မထိန်းချုပ်နိုင်ဘူး"
ဖုန်းကျန့်ကုန်းက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ပြီး ပြောလေသည်။ "ငါ့ဆီမှာ စုဆောင်းထားတဲ့ စွမ်းအင်ကျောက်တုံး တချို့လည်း ရှိသေးတယ်"
လင်းယွမ်က ချက်ချင်းပင် ဟားတိုက် ရယ်မောလိုက်တော့သည်။ "ငါက စွမ်းအင်ကျောက်တုံး လိုမယ်လို့ မင်း ထင်နေလား"
ဖုန်းကျန့်ကုန်း ချက်ချင်း တိတ်ဆိတ်သွားပြီး အနည်းငယ် လက်မြှောက်အရှုံးပေးလိုက်ရသည်။
လင်းယွမ်၏ လက်ထဲတွင် ရေပေါ်ကျွန်းများစွာ ရှိနေသည်ဖြစ်ရာ စွမ်းအင်ကျောက်တုံး မည်သို့ လိုအပ်နိုင်မည်နည်း။
သို့သော် ဤအရာများမှလွဲ၍ သူထုတ်ပေးနိုင်မည့် အခြားအလဲအလှယ်လုပ်စရာ ပစ္စည်း မရှိတော့သည်မှာလည်း အမှန်ပင်။
"မင်း ဘာလိုချင်လို့လဲ"
လင်းယွမ်က ပြောလိုက်သည်။ "ငါက လင်ကျောင်းမြို့ တစ်ခုလုံးကို ပေါင်းစည်းချင်တာ... လင်ကျောင်းမှာ ဒုတိယ အသံဆိုတာ မရှိစေရဘူး"
"အလျင်အမြန် တိုးတက်ချင်တယ်ဆိုရင် လူတွေရဲ့ စိတ်နှလုံးကို အမြန်ဆုံး ပေါင်းစည်းပြီး လူအင်အားနဲ့ ပစ္စည်းအင်အား အားလုံးကို ဦးတည်ချက် တစ်ခုတည်းဆီ အသုံးချရမယ်"
"တိမ်မြူကျွန်းက စစ်တပ်မှာ လူဦးရေ မနည်းဘူး... အရင်းအမြစ် တော်တော်များများကိုလည်း သိမ်းပိုက်ထားသေးတယ်... ငါ့အတွက်တော့ အဲဒါက တိတ်ဆိတ်နေတဲ့ အန္တရာယ်တစ်ခုပဲ"
ဖုန်းကျန့်ကုန်းက မတတ်သာသည့်အလား ခေါင်းခါလိုက်သည်။ "တပ်ရင်းမှူးကျန်းက ငါ့အပေါ် မဆိုးပါဘူး... ငါ မင်းကို မကူညီနိုင်ဘူး"
"မင်း ငါ့ကို ကူညီစရာ မလိုပါဘူး... မင်း ထိုက်ယန်တောင်ကို ဝင်ရောက်ပြီး တိမ်မြူကျွန်းကနေ ခွဲထွက်လိုက်ဖို့ပဲ လိုတယ်"
"မင်းသာ စစ်တပ်ကနေ ထွက်သွားမယ်ဆိုရင် ကျန်းယွီကျန်း တစ်ယောက်တည်း တိမ်မြူကျွန်းကို အကာအကွယ်ပေးထားရမှာဆိုတော့ သူ ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး"
ဖုန်းကျန့်ကုန်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။ "ရတယ်... ငါ ပြန်သွားပြီး တပ်ရင်းမှူးကျန်းကို တစ်ချက်တော့ ပြောပြဖို့ လိုတယ်... သူ့ကို နားချနိုင်ပြီး အလဲအလှယ်ကို အသစ်ပြန်စနိုင်ရင်တော့ အကောင်းဆုံးပဲ"
"နားချလို့ မရဘူးဆိုရင်တော့ ငါ စစ်တပ်ကနေ ထွက်ခဲ့မယ်"
"ဒါပေမဲ့ အဲဒီမတိုင်ခင်... မင်းတို့ ထိုက်ယန်တောင်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ဖောက်ထွက်တဲ့ နည်းလမ်းက အတိအကျ ဘာလဲဆိုတာ ပြောပြလို့ရမလား... ဆေးသောက်တာလား... ဒါမှမဟုတ် တခြား ဘယ်လိုနည်းလမ်းမျိုးလဲ"
လင်းယွမ်က ခေါင်းခါပြလိုက်သည်။ "ဆေးမဟုတ်ဘူး... သင်္ကေတ နည်းပညာပဲ... ငါတို့က ဝိညာဉ်စွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာ တစ်မျိုးကို သုတေသနလုပ်ပြီး ဖန်တီးထားတယ်... အဲဒါက မျိုးရိုးဗီဇ လက္ခဏာတွေကို အမှတ်အသားပြုနိုင်ပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အန္တရာယ်ကို လျှော့ချပေးသလို... တူညီတဲ့ မျိုးရိုးဗီဇ မှတ်မိနိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်တယ်"
ဖုန်းကျန့်ကုန်းမှာ အနည်းငယ် ကြောင်အမ်းသွားသည်။ "ဒီလိုမျိုးတောင် လုပ်လို့ရတာလား"
"မင်း သေချာ စဉ်းစား... တကယ်လို့ နောက်တစ်ကြိမ် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတာ အောင်မြင်ခဲ့ရင် မင်းခန္ဓာကိုယ်ပေါ်က မှားယွင်းသွားတဲ့ ဆဲလ်တွေက ပြန်ကောင်းလာနိုင်ချေ ရှိတယ်"
ဖုန်းကျန့်ကုန်း ထိုစကားကို ကြားလိုက်ရချိန်တွင် ရင်ထဲ၌ ရုတ်ခြည်း လှုပ်ရှားသွားသည်။
ယခု လက်ရှိ သူ၏ ပုံစံမှာ လူနှင့်လည်းမတူ သားရဲနှင့်လည်းမတူဘဲ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ဤသည်မှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ကျရှုံးသွားပြီးနောက် အရောအနှော မျိုးရိုးဗီဇများ ထင်ရှားလာခြင်း၏ ရလဒ်ပင် ဖြစ်သည်။
သို့သော် နောက်တစ်ကြိမ် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းတွင် ယခင် အမှားများကို ပြင်ဆင်နိုင်မည်ဆိုပါက တကယ်ပဲ ပြန်လည်ကောင်းမွန်လာနိုင်ချေ ရှိပေသည်။
"နားချလို့ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ... ငါကိုယ်တိုင်ကတော့ ထိုက်ယန်တောင်ရဲ့ ဒီနည်းပညာကို ငှားရမ်း အသုံးပြုချင်တယ်"
"ရတာပေါ့... ငါတို့ ထိုက်ယန်တောင်ကို ဝင်ရောက်ပြီး ထိုက်ယန်တောင်ရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်လာမယ်ဆိုရင် ဒီကိရိယာကို အသုံးပြုခွင့် ရမှာပါ"
ဖုန်းကျန့်ကုန်းက ဘာစကားမျှ ထပ်မပြောတော့ဘဲ ချက်ချင်း လှည့်ထွက်သွားလေသည်။
လင်းယွမ်သည် ဖုန်းကျန့်ကုန်း ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။ "ဒီဖုန်းကျန့်ကုန်းက တကယ့်ကို အမြင်ရှိတဲ့လူပဲ... အခြေအနေကို ဟိုအဖိုးကြီး ကျန်းယွီကျန်းထက် ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း ရှိတယ်"
ကျန်းယွီကျန်းတို့လို လူတွေက အခုချိန်ထိ ဘာက အဓိကလဲဆိုတာကို သေချာ မခွဲခြားနိုင်သေးဘဲ စစ်အာဏာကဲ့သို့ အတုအယောင် အရာတွေအပေါ်မှာ စွဲလမ်းနေကြတုန်းပင်။
ဖုန်းကျန့်ကုန်းလောက် တကယ် အစွမ်းထက်လာပြီဆိုရင် စစ်တပ်ရဲ့ အထက်အရာရှိတွေကို အကုန်သတ်ပြီး စစ်အာဏာကို သိမ်းယူလို့တောင် ရနေချေပြီ။
ဖုန်းကျန့်ကုန်းက သံယောဇဉ်ရှိပြီး အားလုံးက စစ်တပ်ထဲက ထွက်လာတဲ့ ညီအစ်ကိုတွေ ဖြစ်နေတာကြောင့်သာ မျက်နှာမပျက်တာ ဖြစ်သည်။
အကယ်၍သာ ချန်ယွင်တောက်တို့လို လူတွေသာဆိုလျှင် ကျန်းယွီကျန်းတို့အတွက် နေရာတောင် ရှိမှာ မဟုတ်တော့ချေ။
လင်းယွမ်က ခေါင်းယမ်းလိုက်ပြီး ဤကိစ္စတွေအတွက် ဆက်လက် ပူပန်မနေတော့ပေ။
ဖုန်းကျန့်ကုန်း၏ စကားများအရ စစ်တပ်အနေဖြင့် ထိုက်ယန်တောင်နှင့် ပူးပေါင်းနိုင်ချေ အလွန်များသွားပြီ ဖြစ်သည်။
သို့သော် ဤသို့ ဖြစ်လာပါက ထိုက်ယန်တောင်သည် နောက်ပိုင်းတွင် မုန်ယာကုမ္ပဏီနှင့် ထိပ်တိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
မုန်ယာကုမ္ပဏီအကြောင်း တွေးမိသည်နှင့် လင်းယွမ်က ဝူယောင်ပန်း ကို သတိရသွားသည်။
ခန္ဓာကိုယ်ပွားနိုင်စွမ်းရှိသော ဤအစွမ်းထက် ပုဂ္ဂိုလ်ပင်လျှင် မုန်ယာကုမ္ပဏီတွင် မန်နေဂျာရာထူးလောက်သာ ရရှိထားသည်ဆိုလျှင် မုန်ယာကုမ္ပဏီ တစ်ခုလုံး၏ အထက်ပိုင်းတွင် မည်မျှ အစွမ်းထက်သောသူများ ရှိနေနိုင်မည်နည်း။
ထို့အပြင် မုန်ယာကုမ္ပဏီ၏ နည်းပညာကလည်း ထိုက်ယန်တောင်ထက် များစွာ သာလွန်နေပုံရသည်။
ကြည့်ရသည်မှာ ထိုက်ယန်တောင်က မုန်ယာကုမ္ပဏီနှင့် ရင်ဆိုင်ရမည်ဆိုလျှင် အသာစီးရနိုင်ချေ သိပ်မရှိလှပေ။
"တစ်လှမ်းချင်း သွားရမှာပေါ့... ဖြည်းဖြည်းချင်းပဲ"
"လေပေါ်ကျွန်း တစ်ကျွန်းကို အရင် သိမ်းပိုက်ပြီး လေပေါ်ကျွန်း စခန်းတစ်ခု တည်ဆောက်ရမယ်"
"ပြီးမှ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို အစွမ်းကုန် မြှင့်တင်မယ်... ငါ့ရဲ့ လက်ရှိ စွမ်းအားနဲ့ မိုးကြိုးတိမ်တိုက်ကို တောင့်ခံနိုင်မလား မသိသေးဘူး"
လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားသော်လည်း လောလောဆယ်တွင်မူ အလွယ်တကူ စွန့်စားရန် မရဲသေးပေ။
ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက် မုန်တိုင်းက အလွန်တရာ ပြင်းထန်လွန်းလှပြီး ရေတွက်၍မရနိုင်သော မိုးကြိုးများ ကျဆင်းနေသဖြင့် ထိုကဲ့သို့ ပြင်းထန်သော ဗို့အားကို သာမန်လူတစ်ယောက်အနေဖြင့် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သေချာအောင်တော့ စမ်းသပ်ကြည့်ဖို့ လိုအပ်သေးသည်။
ဤသို့ တွေးမိသောအခါ လင်းယွမ်၏ စိတ်ထဲတွင် အကြံတစ်ခု ရသွားသည်။
"ရေအောက်ဆင်းပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတချို့ ဖမ်းလာခဲ့ရမယ်... အချိန်ကျရင် အဲဒီကောင်တွေကို တိမ်တိုက်ထဲ ပစ်ထည့်ပြီး မိုးကြိုးရဲ့ ပြင်းအားကို စမ်းသပ်ကြည့်တာပေါ့"
ဆက်ရန်...
အပိုင်း (၇၃၆) စစ်တပ်အနီးရှိ ချောက်နက်ကျွန်း
"အစ်ကိုလင်း... ပြန်ရောက်လာပြီလား"
မီယွမ်မိုးသစ်တောကျွန်းအလယ်တွင် ကျောက်ခိုင်က လင်းယွမ် ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် သက်ပြင်းချနိုင်သွားသည်။
လင်းယွမ်က ပြုံးလိုက်ပြီး "စစ်တပ်ကလူတွေ ငါ့ကို တားထားလို့ မရပါဘူး... ချင်းဟွာ ပြန်သွားပြီလား"
"အင်း... အစ်ကိုလင်း မှာထားတဲ့အတိုင်း သူက မုန်ယာကုမ္ပဏီရဲ့ ယာဉ်ပျံတွေကို ထိုက်ယန်တောင်ဆီ ပြန်ပို့ပေးဖို့ သွားပြီ... သုတေသနဌာနက လူတွေကို စစ်ဆေးခိုင်းဖို့လေ"
"စစ်တပ်က လူတွေက အစ်ကိုလင်းကို ဘာကိစ္စနဲ့ ခေါ်သွားတာလဲ" ကျောက်ခိုင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
လင်းယွမ်က "သူတို့က ငါတို့နဲ့ မဟာမိတ်ဖွဲ့ပြီး ပူးပေါင်းချင်နေတာ" ဟု ပြောလိုက်၏။
"မဟာမိတ်ဖွဲ့ပြီး ပူးပေါင်းမယ်... အရင်တုန်းကလည်း ကျွန်တော်တို့ ပူးပေါင်းနေခဲ့ကြတာပဲ မဟုတ်ဘူးလား"
လင်းယွမ်က အေးစက်စက် ပြုံးလိုက်ပြီး "ဒီတစ်ခါတော့ မတူဘူး... သူတို့က မုန်ယာကုမ္ပဏီလို ရန်သူမျိုးနဲ့ ရင်ဆိုင်နေရတော့ မခုခံနိုင်တော့ဘူး... ဒါကြောင့် ငါတို့ဆီက အကူအညီ ရချင်နေကြတာ"
ကျောက်ခိုင် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး "အစ်ကိုလင်း... ဒီကိစ္စကို လွယ်လွယ်နဲ့တော့ လက်ခံလိုက်လို့ မဖြစ်ဘူးနော်"
လင်းယွမ်က ခေါင်းယမ်းလိုက်ကာ "ငါသိပါတယ်... စိတ်ချပါ... ငါ့မှာ အစီအစဉ် ရှိတယ်"
ထို့နောက် တိမ်မြူကျွန်းပေါ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။
ဖုန်းကျန့်ကုန်း ထိုက်ယန်တောင်သို့ ဝင်ရောက်လာနိုင်ခြေရှိကြောင်း ကြားလိုက်ရသောအခါ ကျောက်ခိုင်၏ မျက်လုံးများ အရောင်လက်သွားသည်။
"ဖုန်းကျန့်ကုန်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က မဆိုးဘူး... သူသာ ထိုက်ယန်တောင်ကို ရောက်လာမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ အစွမ်းပိုင်ရှင် တစ်ယောက် ထပ်တိုးလာတာပေါ့... ပြီးတော့ သူ့အစွမ်းအစနဲ့ဆိုရင် နေရာတစ်ခုကို ကောင်းကောင်းကြီး အုပ်ချုပ်နိုင်တယ်"
လင်းယွမ်က ပြုံးလိုက်ပြီး "သူက တကယ့် အရည်အချင်းရှိတဲ့သူ တစ်ယောက်ပါ... ဒါပေမဲ့ အခု ထိုက်ယန်တောင်မှာလည်း အစွမ်းပိုင်ရှင်တွေ မနည်းတော့ပါဘူး... မင်းတို့အားလုံးလည်း တော်တော်လေး တိုးတက်လာကြပြီပဲ... ကိုယ့်ကိုယ်ကိုယ် အထင်မသေးကြပါနဲ့"
"ဒါတွေ ထားလိုက်တော့... နောက်မှ သူ ငါ့ကို လာရှာရင် မင်းပဲ ကူပြီး ဧည့်ခံပေးလိုက်ဦး"
"ဗျာ... ကျွန်တော်က... ဒါဆို အစ်ကိုလင်းကရော"
"ငါ ကိစ္စလေးရှိလို့ ချောက်နက်ကျွန်းဘက် တစ်ခေါက် သွားလိုက်ဦးမယ်... ဒါနဲ့ စစ်တပ်က တွေ့ထားတဲ့ ချောက်နက်ကျွန်း ဘယ်နားမှာလဲဆိုတာ မင်းသိလား"
"အဲဒါကိုတော့ ကျွန်တော် သိတယ်... ဒီအနီးအနားမှာပဲ အရမ်းမဝေးဘူး... အစ်ကိုလင်း... ချောက်နက်ကျွန်းထဲမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ရှိနေတာနော်... အဲဒီကို ဘာသွားလုပ်မလို့လဲ"
"စမ်းသပ်ဖို့အတွက်... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါ နှစ်ကောင်လောက် သွားဖမ်းမလို့"
ကျောက်ခိုင် ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် ငိုရမလို ရယ်ရမလို ဖြစ်သွားတော့သည်။
သူတို့လို မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ယခုမှ ဖောက်ထွက်လာနိုင်သော အစွမ်းပိုင်ရှင်များအနေဖြင့် ထိုအဆင့်ရှိ သန္ဓေပြောင်း သတ္တဝါများနှင့် ရင်ဆိုင်ရလျှင် အလွန်အမင်း သတိထားနေရဆဲ ဖြစ်သည်။
လင်းယွမ်ဘက်ကို ပြန်ကြည့်လိုက်တော့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိသည့် သန္ဓေပြောင်း သတ္တဝါများကို စမ်းသပ်မှု လုပ်ရန်အတွက်ပင် စတင် ဖမ်းဆီးတော့မည်တဲ့လား။
အစ်ကိုလင်း၏ စွမ်းအားတွေက ဘယ်လောက်အထိတောင် အစွမ်းထက်နေပြီလဲဆိုတာ သူ တကယ် မသိတော့ပေ။
ကျောက်ခိုင်၏ ရင်ထဲတွင် တိတ်တဆိတ် အံ့မခန်း ဖြစ်နေမိသည်။
ထို့ကြောင့် သူက လင်းယွမ်အား သွားရမည့် လမ်းကြောင်းကို ချက်ချင်း ညွှန်ပြပေးလိုက်သည်။ အမှန်တော့ လူလွှတ်ပြီး လင်းယွမ်ကို လိုက်ပို့ပေးရန်ပင် စီစဉ်နေခဲ့သေးသည်။
သို့သော် လင်းယွမ်က ငြင်းပယ်လိုက်သည်။ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိသည့် သန္ဓေပြောင်း သတ္တဝါများကို ဖမ်းဆီးရသည်မှာ အန္တရာယ် မကင်းလှသဖြင့် အခြားလူများကို မခေါ်သွားချင်ကြောင်းသာ ပြောခဲ့၏။
ထို့နောက် လင်းယွမ်သည် ချောက်နက်ကျွန်း အနီးသို့ လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။
အဝေးမှနေ၍ ချောက်နက်ကျွန်း အနီးရှိ ရေပြင်ပေါ်တွင် စစ်တပ်မှ သင်္ဘောအချို့ ရပ်နားထားသည်ကို မြင်တွေ့လိုက်ရသည်။
ထိုအခါမှ လင်းယွမ် ရုတ်တရက် သတိရသွားသည်။ စစ်တပ်က ရှာဖွေတွေ့ရှိထားသော ရေအောက်ရှေးဟောင်းသင်္ချိုင်းမှာ ဤချောက်နက်အနီးတွင် ရှိနေပုံရသည်။
အစောပိုင်းက သူ ကိုယ်တိုင် ကျင်းဖုန်း ကို ရှာတွေ့ခဲ့သည့် ချောက်နက်ကျွန်းကို ပြန်လည် တွေးတောမိသွားပြီးနောက် လင်းယွမ်၏ မျက်နှာပေါ်တွင် နက်နက်နဲနဲ စဉ်းစားနေသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။
"ဒါဆို ကွမ်ဖူနယ်မြေ တစ်ဝိုက်မှာ ပုန်းအောင်းနေတဲ့ ရှေးဟောင်း အစွမ်းပိုင်ရှင်ရဲ့ စိတ်ဝိညာဉ် အစိတ်အပိုင်းက... ချောက်နက်ကျွန်း အနီးက ရှေးဟောင်းသင်္ချိုင်းထဲကနေ လာတာ ဖြစ်နိုင်မလား"
လင်းယွမ်၏ ရင်ထဲတွင် ရုတ်တရက် လှုပ်ရှားသွားသည်။ ရှေးဟောင်း အစွမ်းပိုင်ရှင်များ၏ ပုန်းခိုရာ နေရာတိုင်းသည် ချောက်နက်ကျွန်းများနှင့် ပတ်သက်ဆက်နွှယ်နေပုံရသည်ကို သူ သတိထားမိလိုက်သည်။
ထိုအချက်ကို တွေးမိသည်နှင့် လင်းယွမ်က ကိုယ်ကို လျှပ်ခနဲ ရွှေ့လိုက်ပြီး သုမာရု ဟင်းလင်းပြင် ထဲသို့ ဝင်ရောက်သွားသည်။
သုမာရု ဟင်းလင်းပြင် အတွင်း၌ ကျင်းဖုန်း၏ အရိုးစုကြီးမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲပင်။ လင်းယွမ်က သူ၏ စိတ်ဝိညာဉ်ကိုယ်ထည်ကို ချက်ချင်း လှမ်းခေါ်လိုက်သည်။
"သခင်"
ကျင်းဖုန်းသည် အရိုးစုထဲမှ ထွက်ပေါ်လာပြီးနောက် လင်းယွမ်အား အလျင်အမြန် နှုတ်ဆက်လိုက်သည်။
လင်းယွမ်က ခေါင်းအသာညိတ်ပြလိုက်ပြီး မြေပြင်ပေါ်ရှိ အရိုးစုကို တစ်ချက် ကြည့်လိုက်သည်။ သွေးကန်ထဲတွင် စိမ်ထားသော အရိုးစု၌ အသားစများ အတော်အတန် ပြန်လည် ထွက်ပေါ်နေပြီ ဖြစ်သည်ကို တွေ့လိုက်ရ၏။
ကြည့်ရသည်မှာ ကျင်းဖုန်း၏ ခန္ဓာကိုယ် အပြည့်အဝ ပြန်လည် ကောင်းမွန်လာရန် သိပ်မလိုတော့သည့်ပုံပင်။
လင်းယွမ်က မေးလိုက်သည်။ "ပြန်ကောင်းဖို့ အချိန်ဘယ်လောက် လိုသေးလဲ"
"သွေးတွေသာ လုံလောက်မယ်ဆိုရင် ဒီနှစ်ရက်အတွင်း ပြန်ကောင်းလာနိုင်ပါပြီ"
လင်းယွမ်က "ပြန်ကောင်းလာရင် မင်းရဲ့ အစွမ်းက ဘယ်အဆင့်လောက်အထိ ရောက်နိုင်မလဲ" ဟု မေးလိုက်ပြန်သည်။
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ၂၀ ရာခိုင်နှုန်းလောက်အထိပါပဲ... ကျွန်တော့်ရဲ့ ဒီစိတ်ဝိညာဉ် ပင်မအမြစ်က အရမ်း အားနည်းလွန်းတော့ အထွတ်အထိပ် အချိန်ကလို ပြန်ဖြစ်လာဖို့ မဖြစ်နိုင်တော့ဘူး"
"မင်းရဲ့ စိတ်ဝိညာဉ် အစိတ်အပိုင်းကိုရော အာရုံခံလို့ ရလား"
"ရပါတယ်... ဒါပေမဲ့ နေရာက နည်းနည်း ဝေးနေတယ်"
လင်းယွမ်က မေးလိုက်သည်။ "ငါ မင်းကို မေးစရာ တစ်ခုရှိတယ်... မင်းတို့ရဲ့ အလောင်းတွေကို ဝှက်ထားဖို့ ဖန်တီးခဲ့တဲ့ နေရာတွေက ဘာလို့ ချောက်နက်ကျွန်း အနီးအနားတွေမှာချည်းပဲ ဖြစ်နေရတာလဲ"
ကျင်းဖုန်း အနည်းငယ် ကြောင်အမ်းသွားပြီးနောက် ခေါင်းယမ်းလိုက်ကာ "ဆရာလင်း... ကျွန်တော်တို့က ကိုယ့်အလောင်းတွေကို ချောက်နက်ကျွန်းမှာ ဝှက်ထားဖို့ ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး... အဲဒီအချိန်တုန်းက ကျွန်တော်တို့အားလုံးက ကိုယ့်အလောင်းတွေကို အလုံခြုံဆုံးလို့ ထင်ရတဲ့ နေရာတွေမှာပဲ မသိစိတ်ကနေ ထားရစ်ခဲ့ကြတာပါ"
"ရှေးဟောင်းခေတ်တုန်းက အစွမ်းပိုင်ရှင် တော်တော်များများက... အစွမ်းထက်တဲ့ သန္ဓေပြောင်း သတ္တဝါတွေကို ဖမ်းဆီးပြီး ယဉ်ပါးအောင် သွန်သင်ပြီး သူတို့ရဲ့ စီးတော်ယာတွေအဖြစ် အသုံးပြုခဲ့ကြတယ်လေ"
"ဒီ သန္ဓေပြောင်း သတ္တဝါတွေက သက်တမ်း အရမ်းရှည်ကြတယ်... တခါတလေ ကျွန်တော်တို့ အစွမ်းပိုင်ရှင်တွေထက်တောင် ပိုပြီး အသက်ရှည်ကြသေးတယ်... တချို့ဆို နှစ်ရာချီပြီးတော့တောင် အသက်ရှင်နိုင်ကြတယ်"
"ကျွန်တော်တို့က မသိစိတ်ရဲ့ တွန်းအားကြောင့် ကိုယ့်အလောင်းတွေကို အဲဒီ သန္ဓေပြောင်း သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ဝှက်ထားခဲ့ကြတာ"
"အဲဒီ သန္ဓေပြောင်း သတ္တဝါကြီးတွေက နှစ်ထောင်ချီ ကြာပြီးတဲ့နောက်မှာ ဘယ်လိုလုပ်ပြီး ရေပေါ်ကျွန်းတွေ၊ ချောက်နက်ကျွန်းတွေအဖြစ် ပြောင်းလဲသွားသလဲ ဆိုတာကိုတော့ ကျွန်တော်လည်း သေချာ မသိပါဘူး"
လင်းယွမ်သည် ထိုစကားကို ကြားလိုက်ရသောအခါ အနည်းငယ် မှင်သက်သွားပြီး "မင်းပြောတာက... ဒီ ရေပေါ်ကျွန်းတွေ အားလုံးက တစ်ချိန်တုန်းက မင်းတို့ရဲ့ အိမ်မွေး သတ္တဝါတွေ ဖြစ်ခဲ့ကြတာလို့ ဆိုလိုတာလား" ဟု မေးလိုက်သည်။
"ဟုတ်ပါတယ်... ဆရာ ရှာတွေ့ခဲ့တဲ့ ကျွန်တော့်ရဲ့ ချောက်နက်ကျွန်းဆိုတာ တစ်ချိန်တုန်းက ကျွန်တော့်ရဲ့ အိမ်မွေး သတ္တဝါ ကျင်းကန်းခွေးကြီးပါ"
"ကျွန်တော် နိုးထလာလာချင်းပဲ ဒီအချက်ကို သတိထားမိခဲ့တယ်... ဒါပေမဲ့ ကျွန်တော် နားမလည်တာက ကျွန်တော့်ရဲ့ ကျင်းကန်းခွေးကြီးဟာ အဲဒီခေတ်တုန်းက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်မှာ တော်တော်လေး အစွမ်းထက်တဲ့ သတ္တဝါဆိုးကြီး ဖြစ်ခဲ့တာတောင်... ဘယ်လိုလုပ်ပြီး ချောက်နက်ကျွန်းကြီး ဖြစ်သွားရတာလဲ ဆိုတာပဲ"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး "ဒီ ဧရာမ သတ္တဝါဆိုးကြီးတွေက တကယ်တမ်း ဘာတွေကို ဖြတ်သန်းခဲ့ရလို့ သမိုင်းထဲမှာတောင် ဒဏ္ဍာရီပုံပြင်တွေ အနေနဲ့ပဲ ကျန်ရစ်ခဲ့ပြီး အစစ်အမှန် မျိုးဆက်တွေတောင် ချန်မထားခဲ့နိုင်ရတာလဲ" ဟု ပြောလိုက်သည်။
"မျိုးဆက်တွေ မကျန်ရစ်ခဲ့ဘူး ဆိုရင်တောင်မှ... သူတို့ရဲ့ အလောင်းတွေကရော ဘယ်ရောက်ကုန်တာလဲ"
"အဓိက အရေးကြီးဆုံးက ဒီရေဘေးကြီး ဖြစ်ပြီးတဲ့နောက်မှာ... ဘာကြောင့် သူတို့အားလုံး တစ်ပြိုင်နက်တည်း ရုတ်တရက်ကြီး ပေါ်ထွက်လာရတာလဲ"
လင်းယွမ် မျက်မှောင်ကြုတ်သွားပြီး ထိုအချက်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသည်။
ကျင်းဖုန်းကလည်း ခေါင်းယမ်းလိုက်ကာ "ဒီကိစ္စကို ဆရာ ကျွန်တော့်ကို မေးရင်တောင် ကျွန်တော်လည်း မသိပါဘူး... ကျွန်တော် ဝင်စားဖို့ ရွေးချယ်ခဲ့တဲ့ အချိန်တုန်းက ကမ္ဘာပေါ်မှာ အစွမ်းပိုင်ရှင်တွေနဲ့ သန္ဓေပြောင်း သတ္တဝါတွေ အများကြီး ကျန်နေသေးတယ်" ဟု ပြောလိုက်၏။
"ပြီးတော့ ကျွန်တော်တို့လို လူတွေက ဝင်စားဖို့ ရွေးချယ်လိုက်ပြီဆိုတာနဲ့ စိတ်အာရုံတွေ အားလုံးက အလိုလို နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားတော့တာပဲ"
"ကျွန်တော်ကလည်း ပြန်နိုးလာတာ သိပ်မကြာသေးဘူး... နိုးလာတော့လည်း ဒီရေဘေးကပ်ဆိုးကြီးထဲ ရောက်နေပြီလေ"
လင်းယွမ်သည် မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိပြီး ဘယ်လိုတွေးတွေး အဖြေမရှာနိုင် ဖြစ်နေတော့သည်။
ရှေးခေတ်တွင် နောက်ထပ် ဖုံးကွယ်ထားသော လျှို့ဝှက်ချက် တစ်ခုခု ရှိနေသေးပုံရသည်။
ရေဘေးကပ်ဆိုးကြီး၏ နောက်ကွယ်တွင် တကယ်တမ်း မည်ကဲ့သို့သော လျှို့ဝှက်ချက်များ ရှိနေသနည်း။
တွေး၍ အဖြေမထွက်သည်မို့ လင်းယွမ်လည်း လတ်တလောတွင် ဆက်မတွေးတော့ရန်သာ ဆုံးဖြတ်လိုက်သည်။
သူသည် သုမာရု ဟင်းလင်းပြင်ထဲမှ ထွက်ခွာလာပြီးနောက် စစ်တပ်သင်္ဘောများ၏ အာရုံများမှ ရှောင်ကွင်းကာ အသံတိတ် ရေအောက်သို့ ငုပ်လျှိုးသွားပြီး ထိုရေအောက်ရှိ ချောက်နက်ကျွန်းဆီသို့ သွားရောက်ခဲ့သည်။
ဤချောက်နက်ကျွန်း၏ အကျယ်အဝန်းမှာ မသေးငယ်လှပေ။ ကျင်းဖုန်း၏ အရိုးစုရှိရာ ကျင်းကန်းခွေးကြီး ချောက်နက်ကျွန်းနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်သာ ပိုသေးသွားပုံရသည်။
သို့သော် ဤချောက်နက်ကျွန်းပေါ်တွင် အမျိုးအစားစုံလင်သော သန္ဓေပြောင်း သတ္တဝါများ ပြန့်ကျဲနေပြီး အလွန်အစွမ်းထက်ကာ ထိတ်လန့်ဖွယ်ကောင်းသော အငွေ့အသက်များ ရှိသည့် သန္ဓေပြောင်း သတ္တဝါ အများအပြား ဝင်ထွက်သွားလာနေကြသည်။
လင်းယွမ်သည် သန္ဓေပြောင်း သတ္တဝါ အချို့ထံမှ ကြီးမားလှသော ဖိအားများကိုပင် အာရုံခံမိလိုက်သေးသည်။
"ငါတောင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ၃၀ ရာခိုင်နှုန်းကို ရောက်နေပြီ... ငါ့ကို ဒီလောက် ဖိအားတွေ ပေးနိုင်တဲ့ သန္ဓေပြောင်း သတ္တဝါတွေ ဆိုတော့ သူတို့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က ငါ့ထက်တောင် ပိုမြင့်နေတာလား"
လင်းယွမ်၏ ရင်ထဲတွင် တိတ်တဆိတ် အံ့အားသင့်သွားမိသည်။ သူ့အနေဖြင့် အစွမ်းများ ကျင့်ကြံသည့် အမြန်နှုန်းမှာ အလွန် မြန်ဆန်နေပြီဟု ကိုယ့်ကိုယ်ကိုယ် ထင်မှတ်ထားခဲ့သည်။
ဒီ ရေအောက်က သန္ဓေပြောင်း သတ္တဝါတွေက တကယ်တမ်း ဘယ်လိုတွေများ ကျင့်ကြံနေခဲ့ကြတာလဲ။
သူတို့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းက ဒီအတိုင်း ဖြစ်သလို ပေါင်းစပ်ထားကြတာလား။
လင်းယွမ် စဉ်းစား၍ အဖြေမရသော်လည်း သူ၏ ခရီးစဉ် ရည်ရွယ်ချက်ကိုတော့ မေ့လျော့မသွားခဲ့ပေ။
ဤချောက်နက်ကျွန်း အနီးတစ်ဝိုက်တွင် တစ်ပတ်ခန့် လှည့်ပတ်ကြည့်ရှုပြီးနောက် လင်းယွမ်သည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိသည့် သန္ဓေပြောင်း ငါးတစ်ကောင်ကို အမြန်ပင် မျက်စိကျသွားခဲ့သည်။
ဤသန္ဓေပြောင်းငါး၏ အရွယ်အစားမှာ ပေ ၆၀ ကျော်ခန့်အထိ ကြီးမားနေပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်မှာလည်း ၂၀ ရာခိုင်နှုန်း အထက်တွင် ရှိမည်ဟု ခန့်မှန်းရသည်။
သို့သော် ဤသည်မှာ ခန့်မှန်းချက် သက်သက်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သန္ဓေပြောင်း သတ္တဝါများ၏ ခန္ဓာကိုယ် အရွယ်အစားက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်နှင့် တိုက်ရိုက် ဆက်စပ်နေမည်ဟု တပ်အပ် မပြောနိုင်ပေ။
ဥပမာအားဖြင့် ဝေလငါးပြာကြီးများဆိုလျှင် သာမန်အချိန်၌ပင် ပေရာချီ ကြီးမားတတ်ရာ မျိုးရိုးဗီဇ ပြောင်းလဲသွားခဲ့လျှင် မည်မျှအထိ ထိတ်လန့်ဖွယ် ကောင်းအောင် ကြီးမားလာမည်ကို ဘုရားသာ သိပေလိမ့်မည်။
ထို့ကြောင့် လင်းယွမ်၏ အကဲဖြတ် စံနှုန်းသည် ပစ်မှတ်၏ အရွယ်အစား မည်မျှ ကြီးမားသလဲ ဆိုသည့်အပေါ်တွင်သာ မမူတည်တော့ဘဲ မိမိ၏ အာရုံခံစားနိုင်စွမ်းကိုပါ ထည့်သွင်း စဉ်းစားရတော့သည်။
မိမိထက် အစွမ်းထက်သည့် သန္ဓေပြောင်း သတ္တဝါများနှင့် ရင်ဆိုင်ရချိန်တွင် သူသည် သဘာဝအလျောက် ဖိအားတစ်မျိုးကို ခံစားရမည် ဖြစ်သည်။
သို့သော် မျက်စိရှေ့ရှိ ခန္ဓာကိုယ်အနှံ့ အနီရောင် အကြေးခွံများ ဖုံးလွှမ်းနေသော သန္ဓေပြောင်း ငါးကတော့ သူ့အား ထိုကဲ့သို့သော ခြိမ်းခြောက်မှုမျိုး မခံစားရစေပေ။
ထို့ကြောင့်သာ လင်းယွမ်က ဤကဲ့သို့ ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။
"ဝှစ်"
လင်းယွမ်က ကိုယ်ကို လျှပ်ခနဲ ရွှေ့လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဤသန္ဓေပြောင်း ငါးအနီးသို့ ရောက်ရှိသွားသည်။
"ဝုန်း"
ထိုသန္ဓေပြောင်း ငါးသည်လည်း အလွန် လျင်မြန်ဖြတ်လတ်လှပြီး အန္တရာယ်ကို ချက်ချင်း အာရုံခံမိသွားသည်။
လင်းယွမ် လက်မဦးခင်မှာပင် ၎င်းက အမြီးကို တစ်ချက် ရိုက်ခတ်လိုက်ပြီး ဧရာမ ခန္ဓာကိုယ်ကြီးသည် နဂါးတစ်ကောင်ကဲ့သို့ အလွန် လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ တိုးထွက်သွားလေသည်။
ထို့အပြင် ၎င်း၏ ခန္ဓာကိုယ်အနှံ့ရှိ အနီရောင် အကြေးခွံများမှလည်း မီးတောက်မီးလျှံများကဲ့သို့ နီရဲသော အကာအကွယ် အလင်းတန်းများ ရုတ်ခြည်း ထွက်ပေါ်လာသည်။
လင်းယွမ် အံ့အားသင့်သွားသော်လည်း သူ၏ တုံ့ပြန်မှုကလည်း အလွန် မြန်ဆန်လှသည်။
လက်နှစ်ဖက်ဖြင့် ရှေ့ရှိ ရေလှိုင်းများဆီသို့ အားကုန် တွန်းထုတ်လိုက်သည်။
ခဏချင်းမှာပင် ရေလှိုင်းများက အရှိန်ပြင်းစွာ ကွဲထွက်သွားပြီး ဧရာမ ဟင်းလင်းပြင် တံခါးပေါက်ကြီး တစ်ခု ထွက်ပေါ်လာသည်။
"ဝေါ... ဝေါ"
ရေလှိုင်းလုံးကြီးများ အမြောက်အမြားသည် တံခါးပေါက်ထဲသို့ အလုံးအရင်းဖြင့် စီးဝင်သွားပြီး ထိုသန္ဓေပြောင်း ငါးမှာလည်း အချိန်မီ မတုံ့ပြန်လိုက်နိုင်ဘဲ တံခါးပေါက်ထဲသို့ ချက်ချင်း စုပ်ယူခံလိုက်ရသည်။
လင်းယွမ်က သုမာရု ဟင်းလင်းပြင်ကို ချက်ချင်း ပိတ်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"သုမာရု ဟင်းလင်းပြင်က ဒီလို အခြေအနေမျိုးတွေမှာ တကယ်ကို အသုံးဝင်တာပဲ"
လင်းယွမ်က ပြုံးလိုက်ပြီး ကိုယ်ကို လျှပ်ခနဲ ရွှေ့ကာ သုမာရု ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ဤသန္ဓေပြောင်းငါးကို အတင်းအဓမ္မ ကျွန်ပြုလိုက်ပြီးနောက် ပြန်ထွက်လာကာ အခြား သန္ဓေပြောင်း သတ္တဝါများကို ဆက်လက် ရှာဖွေလေတော့သည်။
ထိုသို့ဖြင့် နောက်ထပ် နေ့တစ်ဝက်နီးပါး အချိန်အတွင်း လင်းယွမ်သည် ဤချောက်နက်ကျွန်း အနီးတစ်ဝိုက်၌ ဤသန္ဓေပြောင်း သတ္တဝါများကို လိုက်လံ အမဲလိုက်နေခဲ့သည်။
အစအဆုံး စုစုပေါင်း လေးကောင်တိတိ ဖမ်းဆီးရမိခဲ့ပြီး သန္ဓေပြောင်း သတ္တဝါ တစ်ကောင်စီတိုင်း၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်မှာ ၂၀ ရာခိုင်နှုန်း အထက်တွင် ရှိနေကြသည်။
မိုးကြိုးတိမ်တိုက်၏ မတူညီသော အစွမ်းများအပေါ် ထိခိုက်နိုင်စွမ်းကို စမ်းသပ်ရန်အတွက် လင်းယွမ်သည် မတူညီသော သဘာဝ ဓာတ်သဘာဝများ ပါရှိသည့် သန္ဓေပြောင်း သတ္တဝါများကို အထူးတလည် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဤသန္ဓေပြောင်း သတ္တဝါ လေးကောင်မှာ စိတ်စွမ်းအင် အမျိုးအစား၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား၊ မြေဓာတ် အမျိုးအစားနှင့် ရွှေဓာတ် အမျိုးအစား လေးမျိုး အသီးသီး ဖြစ်ကြသည်။
ဤသန္ဓေပြောင်း သတ္တဝါ လေးကောင်တွင် ထိုအနီရဲရဲ အကြေးခွံများ ပါရှိသော သန္ဓေပြောင်း ငါးအပြင် မြေဝါရောင် သန္ဓေပြောင်း ဂဏန်းတစ်ကောင်၊ ရွှေရောင် သန္ဓေပြောင်း ရေမြင်းတစ်ကောင်နှင့် တစ်ကိုယ်လုံး ပန်းရောင်သမ်းနေသော သန္ဓေပြောင်း ရေပုတ်သင်ကြီး တစ်ကောင်တို့ ပါဝင်သည်။
အနီရောင် အကြေးခွံများ ပါရှိသော သန္ဓေပြောင်းငါးမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစားဖြစ်ပြီး ဂဏန်းက မြေဓာတ်၊ ရေမြင်းက ရွှေဓာတ်နှင့် ရေပုတ်သင်က စိတ်စွမ်းအင် အမျိုးအစား ဖြစ်ကြသည်။
"နှမြောစရာပဲ... ဒီလေးကောင်ပဲ ရှာတွေ့သေးတယ်... လျှပ်စီးဓာတ်ပါတဲ့ အကောင်ကိုပါ ထပ်ရှာတွေ့ရင် ပိုကောင်းမှာပဲ"
"ယုတ္တိကျကျ ပြောမယ်ဆိုရင်တော့ လျှပ်စီးဓာတ် ပါတဲ့ သန္ဓေပြောင်း သတ္တဝါတွေက လျှပ်စီးကို ခံနိုင်ရည် ပိုရှိမှာပဲ"
လင်းယွမ်က ခေါင်းအသာယမ်းလိုက်ပြီး ထိုချောက်နက်ကျွန်းဆီသို့ အကြည့်လွှဲလိုက်သည်။
"အလုပ်လည်း ပြီးပြီဆိုတော့... ဒီချောက်နက်ကျွန်းကြီးက တကယ်တမ်း ဘယ်လိုဇစ်မြစ်မျိုးလဲ ဆိုတာ သွားကြည့်ရအောင်"
"ဝှစ်"
လင်းယွမ်က ကိုယ်ကို လျှပ်ခနဲ ရွှေ့လိုက်ပြီး ချောက်နက်ကျွန်းထဲသို့ တရှိန်ထိုး ဝင်ရောက်သွားသည်။
လှိုဏ်ဂူနှင့် ဆင်တူသော ကျောက်စက်ရေတိုင်ဂူ တစ်ခုကို ရှာတွေ့ပြီးနောက် လင်းယွမ်က ထိုအထဲသို့ ဝင်ရောက်သွားသည်။
မြေလျှိုးအစွမ်းဖြင့် အောက်သို့ တစ်လျှောက်လုံး ငုပ်လျှိုးသွားပြီးနောက် အသားစများ ရှိရာ အလွှာသို့ ရောက်သောအခါ ဆက်လက် ငုပ်လျှိုး၍ မရတော့ပေ။
သူက အလောတကြီး မဖြစ်ဘဲ ကြိုတင် ပြင်ဆင်ထားသော အသားစားဆေးရည်ကို ထုတ်ယူကာ ချောက်နက်ကျွန်း၏ အသားလွှာကို စတင်၍ မနားတမ်း အရည်ဖျော်ပစ်တော့သည်။
အချိန်အနည်းငယ် ကြာသောအခါ အသားလွှာမှာ အရည်ပျော်သွားပြီး အလွန် နက်ရှိုင်းသော တွင်းပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။
လင်းယွမ်က ထိုအထဲသို့ ချက်ချင်း တိုးဝင်သွားပြီး ဤချောက်နက်ကျွန်း၏ အတွင်းပိုင်း ဟင်းလင်းပြင်ဆီသို့ ရောက်ရှိသွားသည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး အမှောင်ထုက ကြီးစိုးနေသည်။
လင်းယွမ်၏ စိတ်စွမ်းအင် အာရုံခံစားမှုထဲတွင် အဝေးတစ်နေရာ၌ ဧရာမ ကလီစာ အစိတ်အပိုင်း အများအပြား ရှိနေပြီး ကျောက်သားကဲ့သို့ မာကျောနေသည့် လက္ခဏာများ စောစောစီးစီးပင် ပေါ်ပေါက်နေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
"ချောက်နက်ကျွန်း အတွင်းပိုင်းကို ရောက်လာပြီပဲ... ဒီချောက်နက်ကျွန်းတွေရဲ့ အတွင်းပိုင်း အခြေအနေက ရေပေါ်ကျွန်းတွေထက် အများကြီး ပိုဆိုးရွားနေတာပါလား"
လင်းယွမ်က ကျောက်သားအဖြစ် ပြောင်းလဲနေသော ကလီစာများကို ကြည့်ရင်း သူ၏ ရင်ထဲတွင် သဘောပေါက်သွားသည်။ ၎င်းတို့က မနားတမ်း ကျောက်သားအဖြစ် ပြောင်းလဲနေခြင်းကြောင့် တစ်ကျွန်းလုံး၏ အလေးချိန်က တိုးလာပြီး ရေပေါ်ပေါ်နိုင်စွမ်း ပျောက်ဆုံးကာ ဖြည်းညှင်းစွာ နစ်မြုပ်သွားပြီး ချောက်နက်ကျွန်း အဖြစ် ပြောင်းလဲသွားရခြင်း ဖြစ်ပေမည်။
လင်းယွမ်က စိတ်အဝေးထိန်းအစွမ်းကို အသုံးပြု၍ ပျံသန်းကာ ဤဟင်းလင်းပြင် အတွင်း၌ အလွန် လျင်မြန်စွာ စူးစမ်းရှာဖွေမှုများ ပြုလုပ်လိုက်သည်။
အချိန်အနည်းငယ် ကြာသောအခါ ၎င်း၏ နှလုံးရှိရာ နေရာကို ရှာတွေ့သွားလေသည်။
လင်းယွမ်က ထိုနေရာသို့ ချက်ချင်း ပျံသန်းသွားပြီး အသားစားဆေးရည်ကို ထပ်မံ ထုတ်သုံးကာ ဤနှလုံး နံရံများကို စတင် အရည်ဖျော်လိုက်သည်။
မကြာမီပင် လမ်းကြောင်း တစ်ခု အရည်ပျော်၍ ပွင့်ထွက်လာသည်။
သို့သော် သူ အထဲသို့ မဝင်ရသေးခင်မှာပင် အထဲမှ တဒုတ်ဒုတ် တခွပ်ခွပ်ဖြင့် တူးဆွနေသော အသံများကို ကြားလိုက်ရပြီး တစ်စုံတစ်ယောက်က မနားတမ်း အော်ဟစ် တိုက်တွန်းနေသည့် အသံများကိုပါ ကြားလိုက်ရသည်။
လင်းယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး သူ၏ ကိုယ်ကို လျင်မြန်စွာ ဖုံးကွယ်ကာ အရိပ်ကိုယ်ပျောက်အစွမ်း အသွင်သို့ ပြောင်းလဲလိုက်သည်။
ထို့နောက် အထဲသို့ ငုပ်လျှိုးဝင်ရောက်သွားပြီး ခဏအကြာတွင် ရှေ့ဘက်ရှိ နှလုံးခန်း အတွင်းမှ အခြေအနေများကို မြင်တွေ့လိုက်ရသည်။
စစ်စိမ်းရောင် ဝတ်စုံများ ဝတ်ဆင်ထားသော စစ်သား တစ်စုက အဝတ်အစား စုတ်ပြတ်သတ်နေသော အစွမ်းပိုင်ရှင် တစ်စုကို ကြီးကြပ်ကွပ်ကဲကာ စိမ်းပြာရောင် သွေးသလင်းကျောက် အမြောက်အမြားကို မနားတမ်း တူးဖော်ခိုင်းနေသည်ကို တွေ့လိုက်ရသည်။
တူးဖော်ရရှိလာသော သွေးသလင်းကျောက်များကို အဝေးတစ်နေရာရှိ သွေးသလင်းကျောက်ပုံကြီးဆီသို့ ပို့ဆောင်နေကြသည်။
သွေးသလင်းကျောက်ပုံကြီး အနီးတွင်မူ စစ်စိမ်းရောင် ဝတ်စုံဝတ် စစ်သားများက ၎င်းတို့ကို ဟင်းလင်းပြင် ပစ္စည်းသိုလှောင်ခန်းများထဲသို့ သီးသန့် ထည့်သွင်းကာ သွေးကြောလမ်းကြောင်း တစ်လျှောက် လျင်မြန်စွာ သယ်ဆောင်သွားကြသည်။
လင်းယွမ်က ဤမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရပြီးနောက် သဘောပေါက်သွားသည်။ "စစ်တပ်ကလူတွေက ဒီချောက်နက်ကျွန်းရဲ့ နှလုံးခန်း နေရာကို ရှာတွေ့သွားကြပြီပဲ... ဒီလူတွေက သွေးသလင်းကျောက်တွေကို တူးဖော်နေကြတာကိုး"
ဆက်ရန်...