အခန်း (၇၃၇-၇၃၈)
Vol. 37 Ch. 737-738
အပိုင်း(၇၃၇) စစ်တပ်၏ ရေအောက်စခန်း
လင်းယွမ်က ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး ရုတ်တရက် တွေးမိလိုက်သည်။ ကျန်းယွီကျန်းက နှလုံးအမြူတေကို ဒီလောက် လွယ်လွယ်ကူကူ ပေးအပ်ချင်နေတာ... တစ်ဖက်လူက တိမ်မြူကျွန်းရဲ့ အုပ်ချုပ်ခွင့်ကို စွန့်လွှတ်နိုင်တယ် ဆိုပေမဲ့ ကျွန်းထဲမှာ သိုလှောင်ထားတဲ့ သွေးသလင်းကျောက်တွေကိုရော ဘယ်လိုလုပ်ပြီး စွန့်လွှတ်နိုင်မှာလဲ။
"သူတို့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ရထားမှတော့ သွေးသလင်းကျောက်တွေ ရှိနေတာကိုလည်း အစောကြီးကတည်းက သိထားမှာ သေချာတယ်"
"တိမ်မြူကျွန်းက သွေးသလင်းကျောက်တွေ အစောကြီးကတည်းက အတူးခံလိုက်ရတာများလား"
လင်းယွမ်က ဒီအချက်ကို ရုတ်တရက် တွေးမိသွားပြီး သူ၏ မျက်နှာက အနည်းငယ် မည်းမှောင်သွားသည်။ အကယ်၍ ဒီလိုသာဆိုရင်တော့ ကျန်းယွီကျန်းက တိမ်မြူကျွန်းရဲ့ နှလုံးအမြူတေကို တန်းပြီး စွန့်လွှတ်ဖို့ ဆန္ဒရှိနေနိုင်တယ်။
သွေးသလင်းကျောက်တွေ မရှိတော့ဘူးဆိုရင် တိမ်မြူကျွန်းက ရေပေါ်ကျွန်း သက်သက်ပဲ ဖြစ်သွားပြီ။
သူက ဒီကျွန်းရဲ့ အုပ်ချုပ်ခွင့်ကို စွန့်လွှတ်လိုက်ပေမဲ့ စစ်တပ်အင်အားနဲ့ သွေးသလင်းကျောက် အမြောက်အမြားကို ဆုပ်ကိုင်ထားနိုင်သေးရင်... တိမ်မြူကျွန်းကို အုပ်ချုပ်နေတာနဲ့ ဘာမှမကွာတော့ဘူး။
"ဖုန်းကျန့်ကုန်းကရော ဒီကိစ္စကို သိမသိဆိုတာပဲ"
လင်းယွမ်၏ မျက်ဝန်းများ အနည်းငယ် အရောင်လက်သွားပြီး တောင်ကုန်းငယ်လေးအလား စုပုံနေသော သွေးသလင်းကျောက်များကို ထပ်မံ ကြည့်လိုက်သည်။ လူများက သွေးသလင်းကျောက်များကို ဟင်းလင်းပြင် ပစ္စည်းများထဲသို့ အဆက်မပြတ် ထည့်သွင်းကာ သယ်ဆောင်နေကြသည်ကို ကြည့်ရင်း လင်းယွမ် ချက်ချင်း အကြံရသွားသည်။
သူက စိတ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး ပြင်းထန်စွာ တွန်းအားပေးလိုက်သည်။
"ရွှပ်... ရွှပ်... ရွှပ်"
ပတ်ဝန်းကျင်ရှိ မီးတုတ်များ ချက်ချင်း ငြိမ်းသွားပြီးနောက် ကြီးမားလှသော အမှောင်ဓာတ် စွမ်းအင်များ လွှမ်းခြုံလာကာ ဤနှလုံးခန်း တစ်ခုလုံးကို ရစ်ပတ်ဖုံးအုပ်လိုက်လေသည်။
ချက်ချင်းဆိုသလို ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်အတိ ကျသွားပြီး လူအားလုံးမှာ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာကြသည်။
"ဘာဖြစ်တာလဲ... မီးတွေရော... မီးတုတ်တွေရော"
"ဘယ်သူ မီးတုတ်တွေကို ငြိမ်းလိုက်တာလဲ"
"ဘယ်သူမှ မလှုပ်ကြနဲ့... လျှောက်ပြေးတဲ့ကောင် သေမယ်"
ရုန်းရင်းဆန်ခတ် အခြေအနေကြားတွင် သေနတ်ပစ်သံများကိုပင် ကြားလိုက်ရလေသည်။
သေနတ်မီးပွင့်များ လင်းလက်နေချိန်တွင် မည်သူမျှ သတိမထားမိလိုက်သည့် အရာမှာ ဧရာမ သွေးသလင်းကျောက်ပုံကြီးသည် ယခုအခိုက်အတန့်တွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လင်းယွမ်က ဤပစ္စည်းများ အားလုံးကို သူ၏ ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်သွင်းပြီးနောက် နှလုံးခန်းထဲမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ပြီး စောစောက သွေးသလင်းကျောက်များကို သယ်ဆောင်သွားသည့် စစ်သားများ၏ လမ်းကြောင်းအတိုင်း လိုက်ပါသွားလေသည်။
လင်းယွမ် ထွက်ခွာသွားသည်နှင့်အတူ ဤနေရာရှိ အမှောင်ဓာတ် စွမ်းအင်များသည် ခေတ္တမျှ ကျန်ရစ်နေပြီးနောက် ပြယ်လွင့်သွားမည် ဖြစ်သည်။
သို့သော် အချိန်တိုအတွင်းမှာတော့ ဤနေရာရှိ လူများသည် အမှောင်ဓာတ် စွမ်းအင်များ အပြီးတိုင် မပြယ်လွင့်မချင်း အမှောင်ထဲတွင်သာ ဆက်လက် ရှိနေကြဦးမည် ဖြစ်သည်။
လင်းယွမ်က သွေးသလင်းကျောက် တစ်ပွင့်ကို ထုတ်ယူကာ လက်ထဲတွင် ခေတ္တမျှ ဆော့ကစားကြည့်လိုက်သည်။
အစိမ်းနုရောင် သွေးသလင်းကျောက်ထဲတွင် သစ်ဓာတ် စွမ်းအင် အမြောက်အမြား ပြည့်နှက်နေသည်ကို တွေ့လိုက်ရသဖြင့် လင်းယွမ်၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။
"သစ်ဓာတ် သွေးသလင်းကျောက် ဖြစ်နေတာလား... ဒီ ချောက်နက်ရေပေါ်ကျွန်း က အရင်တုန်းက သစ်ဓာတ် သန္ဓေပြောင်း သားရဲ တစ်ကောင်ကောင်များ ဖြစ်ခဲ့တာလား"
"နေဦး... ကျန်းယွီကျန်းက သစ်ဓာတ် အစွမ်းပိုင်ရှင်ပဲ"
လင်းယွမ် ရုတ်တရက် သတိရသွားသည်။ ကျန်းယွီကျန်းက သူ၏ အစွမ်းကို အကြိမ်ကြိမ် ပြသခဲ့ဖူးပြီး ထိုအစွမ်းသည် သစ်ဓာတ် အစွမ်းပင် ဖြစ်လေသည်။
သူ့ရင်ထဲတွင် ချက်ချင်း လှောင်ပြုံး ပြုံးလိုက်မိပြီး ဤချောက်နက်ရေပေါ်ကျွန်း၌ သွေးသလင်းကျောက်များကို တူးဖော်နေသည့် အဖွဲ့၏ နောက်ကွယ်မှ ခေါင်းဆောင်မှာ ကျန်းယွီကျန်း ဖြစ်မည်ဟု အသေအချာ ခန့်မှန်းမိသွားသည်။
ချက်ချင်းပင် သူက အသံတိတ်နေလိုက်ပြီး ဤအဖွဲ့၏ နောက်မှ တကောက်ကောက် လိုက်ပါလျက် သွေးကြောလမ်းကြောင်းအတိုင်း အပြင်ဘက်သို့ ဆက်တိုက် ထွက်လာခဲ့သည်။
သိပ်မကြာခင် လမ်းလျှောက်ပြီးနောက် အရှေ့ဘက်တွင် ဧရာမ ရေကန်ကြီး တစ်ခု ပေါ်လာသည်။
ရေကန်ပေါ်တွင် ရေငုပ်သင်္ဘော အချို့ ရပ်နားထားသည်ကို တွေ့ရပြီး ကမ်းစပ်တွင်တော့ လူဆယ်ဂဏန်းခန့်ရှိသော စစ်တပ်တစ်ခု တပ်စွဲထားသည်။
ဤလူများသည် ဤနေရာတွင် စခန်းချနေကြပြီး ပတ်ဝန်းကျင်၌ ထင်ရှားသော သင်္ကေတအစီအရင် များလည်း ရှိနေသည်။
သွေးသလင်းကျောက်များ သယ်ဆောင်လာသော လူအချို့သည် ရေငုပ်သင်္ဘောအနီးသို့ ရောက်ရှိလာပြီး အပေါ်မှ လူများနှင့် လွှဲပြောင်းပေးပြီးနောက် သွေးသလင်းကျောက်များ အပြည့်ပါသော ဟင်းလင်းပြင် ပစ္စည်းများကို တစ်ဖက်လူထံ ပေးအပ်လိုက်သည်ကို တွေ့လိုက်ရသည်။
ထို့နောက် ရေငုပ်သင်္ဘော စတင်မောင်းနှင်သွားပြီး ထိုလူများသည် သွေးသလင်းကျောက်များနှင့်အတူ ရေအောက်သို့ လျင်မြန်စွာ နစ်မြုပ်သွားကြသည်။
လင်းယွမ်က တိတ်တဆိတ် ဆက်လက် လိုက်ပါသွားသည်။
ရေအောက်သို့ ဝင်ရောက်သွားပြီး သိပ်မကြာမီမှာပင် ဤချောက်နက်ရေပေါ်ကျွန်းမှ ထွက်ခွာသွားခဲ့သည်။
ကျွန်းပြင်ပသို့ ရောက်သည်နှင့် ရေငုပ်သင်္ဘောပေါ်မှ သင်္ကေတ အလင်းရောင်များ လင်းလက်လာသည်ကို မြင်လိုက်ရပြီး ချက်ချင်းဆိုသလိုပင် ရေငုပ်သင်္ဘော တစ်ခုလုံး လျင်မြန်စွာ ဖောက်ထွင်းမြင်နိုင် သည့် အခြေအနေသို့ ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းများနှင့် ပေါင်းစပ်သွားသဖြင့် သာမန်မျက်စိဖြင့် လုံးဝ မမြင်နိုင်တော့ပေ။
လင်းယွမ်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။
"ကိုယ်ပျောက် နည်းပညာလား"
သူ တိတ်တဆိတ် အံ့အားသင့်သွားမိသည်။ စစ်တပ်က ဒီလို နည်းပညာမျိုးကိုတောင် ပိုင်ဆိုင်ထားပြီလား။
ဒီလို နည်းပညာမျိုး ရှိနေရင် လေယာဉ်တွေပေါ်မှာရော အသုံးပြုထားသလား။
တကယ်လို့ အသုံးပြုထားတယ်ဆိုရင် ဘာလို့ မုန်ယာကုမ္ပဏီ ရဲ့ ရှာဖွေတွေ့ရှိမှုကို ခံခဲ့ရသေးတာလဲ။
ဒီ ကိုယ်ပျောက် နည်းပညာမှာ ထင်ရှားတဲ့ အားနည်းချက်တွေ ရှိနေသေးလို့များလား။
လင်းယွမ်က သံသယဖြစ်သွားပြီး စိတ်စွမ်းအင်ကို လျင်မြန်စွာ ထုတ်လွှတ်လိုက်ရာ ဤရေငုပ်သင်္ဘော ရေအောက်တွင် အရှိန်အဟုန်ဖြင့် သွားနေသည်ကို ချက်ချင်း အာရုံခံမိသွားသည်။
လင်းယွမ်က တောက်လျှောက် လိုက်ပါသွားပြီး လမ်းခုလတ်တွင် အပူချိန် အာရုံခံစနစ်ဖြင့် စကင်ဖတ်ကြည့်ရန် ကြိုးစားလိုက်သည်။
ထိုသို့ ကြည့်လိုက်သောအခါ ရေငုပ်သင်္ဘော ရှိနေသည်ကို ချက်ချင်း တွေ့ရှိသွားလေသည်။
"အမြင်အာရုံကိုပဲ ဖုံးကွယ်နိုင်တာ... အပူချိန် အာရုံခံစနစ်မှာတော့ ကိုယ်ဖျောက်လို့ မရဘူးပဲ"
လင်းယွမ် ချက်ချင်း သဘောပေါက်သွားသည်။ ဒီလိုဆိုမှတော့ ဒီနည်းပညာက သာမန် အလင်းရောင်နဲ့ အရာဝတ္ထုတွေကို ခွဲခြားသိမြင်နိုင်တဲ့ သတ္တဝါတွေကိုပဲ လှည့်စားလို့ ရနိုင်မှာပေါ့။
မုန်ယာကုမ္ပဏီ ရဲ့ စခန်းမှာ ရေဒါ စောင့်ကြည့်ရေး ကိရိယာတွေ သေချာပေါက် ရှိမှာဆိုတော့ ဒီလို ကိုယ်ပျောက် နည်းပညာမျိုးက ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး။
ရေငုပ်သင်္ဘော၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်သော်လည်း ကံမကောင်းစွာဖြင့် လင်းယွမ်၏ ရှေ့တွင်တော့ နှေးကွေးလွန်းနေဆဲပင်။
ဆယ်မိနစ်ခန့် အကြာတွင် ရေငုပ်သင်္ဘောသည် ရေအောက် လူနေအဆောက်အအုံ တစ်ခုအနီးသို့ ရောက်ရှိသွားသည်။
လင်းယွမ် ကြည့်လိုက်သောအခါ မျက်လုံးထဲတွင် လှောင်ပြုံးတစ်ခု ထပ်မံ ဖြတ်ပြေးသွားသည်။
ဤရေအောက် လူနေရပ်ကွက်သည် သင်္ကေတအစီအရင် များဖြင့် ဖုံးအုပ်ထားပြီး ရပ်ကွက်တစ်ခုလုံးကို အကာအကွယ် အစီအရင်တစ်ခုဖြင့် လွှမ်းခြုံထားသည်ကို တွေ့လိုက်ရသည်။
အတွင်းဘက်တွင် လူအများအပြား ဝင်ထွက်သွားလာနေကြပြီး ဤလူများအားလုံးသည် စစ်ဝတ်စုံ သို့မဟုတ် ဂျူတီကုတ် အဖြူများကို ဝတ်ဆင်ထားကြသည်။
အမည်မသိ စက်ကိရိယာ အချို့ကို တီထွင်ထုတ်လုပ်ထားပြီး သုတေသီများက ရပ်ကွက်၏ ကွင်းပြင်တွင် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်နေကြသည်။
ထိုရေငုပ်သင်္ဘောသည် အကာအကွယ် အစီအရင်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားပြီးနောက် အဆောက်အအုံ တစ်ခုထဲမှ တောင့်တင်းခိုင်မာသော စစ်သားအချို့ ထွက်လာကာ လွှဲပြောင်းလက်ခံပြီး သွေးသလင်းကျောက်များ အပြည့်ပါသော ဟင်းလင်းပြင် ပစ္စည်းများကို ယူဆောင်သွားသည်ကို တွေ့လိုက်ရသည်။
ဤနေရာတွင် လုပ်ငန်းစဉ် တစ်ခုလုံး ပြီးဆုံးသွားပြီး ရေငုပ်သင်္ဘောသည်လည်း ဤရေအောက်စခန်းမှ တစ်ဖန် ပြန်လည် ထွက်ခွာသွားလေသည်။
လင်းယွမ်က ဤမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရပြီး ရင်ထဲတွင် လှောင်ပြုံး ပြုံးလိုက်မိသည်။ "ကြည့်ရတာ စစ်တပ်က တိမ်မြူကျွန်း အပြင်ဘက်မှာ ရေအောက်စခန်း တစ်ခုပါ တည်ဆောက်ထားသေးတာပဲ"
"ဟက်... ကျန်းယွီကျန်းက တိမ်မြူကျွန်းကို လက်လွှတ်ဖို့ ဆန္ဒရှိနေတာ မဆန်းပါဘူး"
"သူ တိမ်မြူကျွန်းကို ဆုံးရှုံးသွားရင်တောင် ရေအောက်မှာ စခန်းသစ်တစ်ခု အလွယ်တကူ တည်ဆောက်ပြီး သူ့လူယုံတွေနဲ့ နည်းပညာတွေကို အကုန်ပြောင်းရွှေ့သွားလို့ ရတာပဲ... ငါ့ကိုတော့ အခွံသက်သက် တိမ်မြူကျွန်းကြီး ပေးခဲ့မှာပေါ့"
"အဲဒီအချိန်ကျရင် သူက ငါ့ကို မုန်ယာကုမ္ပဏီနဲ့ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ခိုင်းပြီး... သူကတော့ အမှောင်ထဲမှာ ပုန်းနေမှာပဲ"
"တော်တော် ပါးနပ်တဲ့ ကျန်းယွီကျန်းပဲ... ဟက်"
လင်းယွမ်၏ ရင်ထဲတွင် လှောင်ပြုံးများ ဆက်တိုက် ထွက်ပေါ်လာပြီး ကျန်းယွီကျန်းက သူထင်ထားသည်ထက် ပို၍ ဉာဏ်များကြောင်း သိလိုက်ရသည်။
တကယ်လို့များ သူ့ကို ချိုးငှက်စစ်တပ်၏ သာမန်အထက်တန်း အရာရှိတစ်ယောက်ဟုသာ အထင်ရောက်သွားပါက... သူ ရောင်းစားတာ ခံရပြီး ငွေပင်ရေတွက်ပေးနေရလိမ့်မည်။
"ဖုန်းကျန့်ကုန်းကတော့ ဒီစခန်းအကြောင်း သိမသိ မပြောတတ်ဘူး"
လင်းယွမ်က စိတ်ထဲတွင် ခန့်မှန်းကြည့်လိုက်သည်။ အကယ်၍ ဖုန်းကျန့်ကုန်းက ဤစခန်းအကြောင်းကို သိထားလျှင် သူနှင့် ကျန်းယွီကျန်းက တစ်ဖွဲ့တည်း ဖြစ်ပေလိမ့်မည်။
သို့သော် ဖုန်းကျန့်ကုန်းက မသိဘူးဆိုလျှင်တော့ ဤစခန်းသည် ကျန်းယွီကျန်း ကိုယ်ပိုင် တိတ်တဆိတ် တည်ဆောက်ထားခြင်း ဖြစ်သည်ဟုသာ ပြောရမည်။
လင်းယွမ်က ဒုတိယအချက်ကို ပို၍ ယုံကြည်မိသည်။
ဖုန်းကျန့်ကုန်းနှင့် ကျန်းယွီကျန်းတို့၏ ဆက်ဆံရေးက အလွန်ကောင်းမွန်ပုံ ရသော်လည်း အကျိုးစီးပွား အားပြိုင်မှုများနှင့် ပတ်သက်လာလျှင် ဤလောကတွင် ပကတိ တိကျသေချာသော အရာဟူ၍ မရှိကြောင်း လင်းယွမ် ခံစားရသည်။
သူ၏ ခန္ဓာကိုယ်က လှစ်ခနဲ ဖြစ်သွားပြီး ရေမျက်နှာပြင် အထက်သို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိလာသည်။
ရေပြင်ပေါ်တွင် မတ်တတ်ရပ်ကာ အရပ်လေးမျက်နှာသို့ လှမ်းကြည့်လိုက်သောအခါ အားလုံးသည် လုံးဝ အရည်မပျော်သေးသော နှင်းရေခဲများသာ ဖြစ်နေသည်။
လင်းယွမ်က ကောင်းကင်ပေါ်သို့ လျင်မြန်စွာ ပျံတက်သွားပြီး သူ၏ မြင်ကွင်းကို ချဲ့ထွင်နိုင်ရန် အပေါ်သို့ အဆက်မပြတ် တက်သွားလေသည်။
သိပ်မကြာမီမှာပင် အဝေးဆီမှ ချန်ချုံးတောင်၊ မီသွေ့တောင် စသည့် တောင်တန်းများကို သူ တွေ့လိုက်ရသည်။
"ချန်ချုံးတောင်ရဲ့ အနောက်ဘက်မှာပဲ... တိမ်မြူကျွန်းနဲ့ဆိုရင် မိုင်နှစ်ဆယ်လောက်တော့ ဝေးမယ်"
"ဒီအရပ်မျက်နှာကို ကြည့်ရတာ ကျိအန်မြို့ ဘက်ကိုတောင် ကပ်နေပြီပဲ"
"ဒီလို ရေအောက်စခန်းမျိုး စစ်တပ်က ဘယ်နှခုလောက် တည်ဆောက်ထားလဲ မသိဘူး"
လင်းယွမ်က မေးစေ့ကို ပွတ်သပ်လိုက်ပြီး စစ်တပ်၏ အထက်တန်း အရာရှိများထဲတွင် ဤကဲ့သို့ ကစားကွက်မျိုး ကစားမည့်သူ အတော်များများ ရှိနေမည်ဟု သူ အမြဲတမ်း ခံစားနေရသည်။
ယခု စစ်တပ်က ကျန်းယွီကျန်း၏ ဦးဆောင်မှုအောက်တွင် ရှိနေသယောင် ထင်ရသော်လည်း အထက်တန်း အရာရှိများကြားတွင်မူ ကိုယ်ပိုင် အကြံအစည်များ အသီးသီး ရှိနေကြမည်မှာ သေချာသည်။
ဘယ်သူကများ ကိုယ်ပိုင် နယ်မြေ မပိုင်ဆိုင်ချင်ဘဲ နေပါ့မလဲ။
အထူးသဖြင့် မူလကတည်းက ရာထူးအာဏာ ကြီးမားခဲ့ပြီး အစွမ်း ပေါ်ထွက်လာချိန် နောက်ကျခဲ့သူတွေ အတွက်ဆိုရင်ပေါ့။
ဒီလိုလူမျိုးတွေက လက်ထဲက အာဏာကို စွန့်လွှတ်ရမှာ အကြောက်ဆုံးဖြစ်သည်။
လင်းယွမ်က မီယွမ်မိုးသစ်တော သို့ ပြန်ရောက်လာချိန်တွင် ကျောက်ခိုင် က ဖုန်းကျန့်ကုန်းကို ဧည့်ခံနေသည်နှင့် အတိအကျ ဆုံမိလေသည်။
"အစ်ကိုလင်း... ဖုန်းကျန့်ကုန်း ရောက်နေတယ်"
ကျောက်ခိုင်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေပြီး သတင်းကောင်း ရှိပုံရသည်။
လင်းယွမ်၏ မျက်နှာထားကမူ တည်ငြိမ်နေသည်။ ယခုအချိန်တွင် ဤစစ်တပ်သည် ရွှံ့ဗွက်ကြီး တစ်ခုသာ ဖြစ်ကြောင်း သူ ခံစားနေရသည်။ အပြင်ပန်းတွင် သေသပ်သယောင် ရှိသော်လည်း အတွင်းကျကျ လေ့လာကြည့်လိုက်ပါက အတွင်းပိုင်း တစ်ခုလုံး ရှုပ်ထွေးပွေလီနေပြီး လုံးဝ ဝင်ပါ၍ မရနိုင်ကြောင်း သိလိုက်ရပြီ ဖြစ်သည်။
ထို့ကြောင့် ယခုအခိုက်အတန့်၌ ဖုန်းကျန့်ကုန်း ယူဆောင်လာသော သတင်းများအပေါ် သူ လုံးဝ စိတ်မဝင်စားတော့ပေ။
ဧည့်ခန်းမထဲသို့ ရောက်လာသောအခါ ဖုန်းကျန့်ကုန်းက လင်းယွမ်ကို မြင်သည်နှင့် ထိုလူတစ်ဝက် သားရဲတစ်ဝက် မျက်နှာကြီးပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
"လင်းယွမ်... ငါ ပြန်သွားပြီး တပ်မှုးကျန်းတို့နဲ့ စကားပြောခဲ့တယ်... သူက အလယ်အလတ်နဲ့ အထက်တန်း အရာရှိတွေကို ထပ်ပြီး နားချပေးမယ်တဲ့... ဒီကိစ္စက မျှော်လင့်ချက် ရှိပါသေးတယ်"
လင်းယွမ်က ခေါင်းခါလိုက်ပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။ "ထားလိုက်တော့... မလိုတော့ပါဘူး"
ဖုန်းကျန့်ကုန်း၏ အပြုံးက ရပ်တန့်သွားပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ဘာ..."
"တိမ်မြူကျွန်းကို ငါ စိတ်မဝင်စားတော့ဘူး... မင်းတို့ စစ်တပ်ပဲ သိမ်းထားလိုက်ကြတော့"
"ဒါ... ဒါက... တကယ်တော့ ဘာတွေဖြစ်သွားတာလဲ... လင်းယွမ်... ဘာလို့ ရုတ်တရက်ကြီး ဒီလိုပြောရတာလဲ"
ဖုန်းကျန့်ကုန်းက စိတ်လောသွားပြီး ချက်ချင်းပင် မေးမြန်းလေတော့သည်။
လင်းယွမ်က ဖုန်းကျန့်ကုန်းကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ စိုးရိမ်ပူပန်နေသော အမူအရာက ဟန်ဆောင်နေပုံ မပေါ်ပေ။
လင်းယွမ်က ပြတ်ပြတ်သားသားပင် မေးလိုက်သည်။ "ငါ မေးမယ်... တိမ်မြူကျွန်းထဲက သွေးသလင်းကျောက်တွေ အကုန် ပြောင်းရွှေ့သွားကြပြီ မဟုတ်လား"
ဖုန်းကျန့်ကုန်း အံ့အားသင့်သွားပြီး ကပျာကယာ ပြန်ဖြေသည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... တိမ်မြူကျွန်းကို တွေ့တာ အခုဆိုရင် တစ်နှစ်ကျော်ပဲ ရှိသေးတာလေ... ဒီလောက်များတဲ့ သွေးသလင်းကျောက်တွေကို မျိုးရိုးဗီဇမျိုးစေ့တွေ သန့်စင်တဲ့နေရာမှာ သုံးတာပါ... ကျွန်းပေါ်မှာ လူဘယ်နှယောက်မှ မရှိတာ... မျိုးရိုးဗီဇမျိုးစေ့ ဘယ်လောက်များများ ကုန်နိုင်မှာမို့လို့လဲ"
လင်းယွမ်က ခေါင်းခါလိုက်သည်။ "မင်းတို့ရဲ့ တိမ်မြူကျွန်း နှလုံးခန်းထဲက အခြေအနေကို မင်း ဝင်ကြည့်ဖူးလို့လား"
"အာ... ဒါက... ငါက ဦးနှောက်အမြူတေကိုပဲ ကိုင်ထားတာ... နှလုံးအမြူတေက တပ်မှုးကျန်းဆီမှာလေ... ဒါကြောင့် နှလုံးခန်းဘက်ကို ငါ သိပ်မသွားဖြစ်ဘူး"
လင်းယွမ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "အဲဒီဘက်ကို မင်း သွားကြည့်တာ ပိုကောင်းမယ် ထင်တယ်... ဟိုဘက်က သွေးသလင်းကျောက်တွေ အကုန်ပြောင်နေလောက်ပြီ"
"ပြီးတော့ နောက်တစ်ခုက... မင်းတို့လူတွေက ချောက်နက်ကျွန်းက သွေးသလင်းကျောက်တွေကို တူးဖော်နေကြပြီဆိုတာရော မင်း သိလား... ချောက်နက်ကျွန်းအနီးနားမှာ ရေအောက်စခန်းတစ်ခုပါ တည်ဆောက်ထားပြီးပြီ"
ဖုန်းကျန့်ကုန်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ပြန်ပြောသည်။ "ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား... ချောက်နက်ကျွန်းကို ငါတို့ စစ်တပ်က အမြဲတမ်း စူးစမ်းရှာဖွေနေတာလေ... အဲဒီလို ရှာဖွေနေတဲ့ အချိန်မှာ ရေအောက်စခန်း တည်ဆောက်ထားတာကလည်း ချောက်နက်ကျွန်းကို စူးစမ်းဖို့ ပိုလွယ်ကူသွားအောင်ပါ"
"အော်... ဒါဆို ခင်ဗျား သိနေတာပေါ့... ချောက်နက်ကျွန်းထဲက သွေးသလင်းကျောက်တွေက ဘာဓာတ်တွေလဲဆိုတာ မင်း သိလား... အဲဒီ သွေးသလင်းကျောက်တွေကို တူးဖော်ပြီးတဲ့အခါ မင်း လက်ထဲကိုရော ရောက်လာသေးလား"
"ဒါက... ငါ သိပ်မသေချာဘူး... မင်း သိတဲ့အတိုင်း... ငါက ကိုယ့်ရဲ့ လေ့ကျင့်နှုန်း တိုးတက်ဖို့ကိုပဲ အာရုံစိုက်ထားတာလေ"
လင်းယွမ်က ခေါင်းအနည်းငယ် ခါရမ်းလိုက်သည်။ "အစွမ်းထက်ချင်ရင် ကိုယ့်ကိုယ်ကိုယ် အားကိုးတာက အမှန်ကန်ဆုံး လမ်းစဉ်ဆိုတာ မမှားဘူး"
"ဒါပေမဲ့ မင်းက စစ်တပ်ရဲ့ နံပါတ်တစ် အစွမ်းပိုင်ရှင်လေ... စစ်တပ်ရဲ့ ကိုယ်စားပြုပုဂ္ဂိုလ်၊ စစ်တပ်ရဲ့ တကယ့် အထက်တန်း အရာရှိတစ်ယောက် ဖြစ်နေတာ... ဒီကိစ္စတွေကို မင်း ဂရုမစိုက်ရင် နေလို့ရပေမဲ့... မသိဘဲတော့ မနေသင့်ဘူး"
"ထားလိုက်ပါတော့... မင်းတို့ စစ်တပ်အတွင်းပိုင်းက လုံးဝကို ပုပ်ပွနေပြီ... ငါလည်း ဝင်မပါချင်တော့ဘူး"
"မုန်ယာကုမ္ပဏီက မင်းတို့ကို ရှင်းလင်းသွားတဲ့အချိန်ကို စောင့်လိုက်မယ်... စစ်တပ်ဆိုတဲ့ ရွှံ့ဗွက်ကြီးကို ရှင်းလင်းပေးသွားတာ အတော်ပဲ... အဲဒီအခါကျမှ ငါ ဝင်ပါလည်း နောက်မကျပါဘူး"
"လင်းယွမ်"
ဖုန်းကျန့်ကုန်း၏ မျက်နှာ ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "မင်း အရင်က ငါ့ကို ကတိပေးထားတယ်လေ"
လင်းယွမ်က သူ့ကို တစ်ချက်ကြည့်ကာ ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "အင်း... ဒီလိုလုပ်ကြတာပေါ့... အရင်က ငါ ပေးထားတဲ့ ကတိအတိုင်းပဲ... မင်း စစ်တပ်ကနေ ထွက်လိုက်... ပြီးရင် ထိုက်ယန်တောင် ကို ဝင်လိုက်... မင်းကို သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာ အသုံးပြုခွင့် ပေးမယ်... မင်းရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်ဖို့ကို ကူညီပေးမယ်"
ဖုန်းကျန့်ကုန်းက ထိုစကားကို ကြားသောအခါ သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောသည်။ "ငါ့ရဲ့က ဦးနှောက်အမြူတေနဲ့ လဲလှယ်မယ်"
လင်းယွမ်က ခေါင်းခါလိုက်သည်။ "မလိုဘူး"
သူက ရှုပ်ထွေးသော ပုံစံများ ပါရှိသည့် အရိုးပြား တစ်ခုကို တိုက်ရိုက် ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။ "ဒီပစ္စည်းကို အရိုးစာချုပ်လို့ ခေါ်တယ်... လက်မှတ်ထိုးလိုက်တာနဲ့ စာချုပ်ပါ အချက်အလက်တွေကို ချိုးဖောက်လို့ မရတော့ဘူး"
"မင်း အရိုးစာချုပ်ကို လက်မှတ်ထိုးလိုက်... ဒီနေ့ကစပြီး စစ်တပ်ကနေ ထွက်၊ ငါ့ရဲ့ ထိုက်ယန်တောင်ကို ဝင်ရမယ်... ငါ့အမိန့်ကို မဆန့်ကျင်ရဘူး... အရာအားလုံးကို ထိုက်ယန်တောင်ရဲ့ အကျိုးစီးပွားအတွက်ပဲ ဦးစားပေးရမယ်"
ဖုန်းကျန့်ကုန်းက အနည်းငယ် မှင်သက်သွားပြီး ထိုအရိုးပြားကို ကြည့်ကာ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ဒီလောကကြီးမှာ ဒီလိုပစ္စည်းမျိုး ရှိနေသေးတာလား"
လင်းယွမ်က ပြောလိုက်သည်။ "အစွမ်းပိုင်ရှင်တွေတောင် ပေါ်လာသေးတာပဲ... ဘာပစ္စည်းမဆို ဖြစ်နိုင်တာပေါ့... ကဲ... လက်မှတ်ထိုးမှာလား မထိုးဘူးလား"
ဖုန်းကျန့်ကုန်းက အနည်းငယ် တွေဝေသွားပြီးနောက် မေးလိုက်သည်။ "အရိုးစာချုပ်ကို ချိုးဖောက်မိရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ"
လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။ "မင်း သိချင်မှာ မဟုတ်ပါဘူး"
ဆက်ရန်...
အပိုင်း(၇၃၈) လေပေါ်ကျွန်း စီမံကိန်း
နောက်ဆုံးတွင် ဖုန်းကျန့်ကုန်းက ဤအရိုးစာချုပ်ကို လက်မှတ်ရေးထိုးလိုက်သည်။
ထိုအချိန်မှစ၍ သူသည် ထိုက်ယန်တောင်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် အပြည့်အဝ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ဆရာလင်း... ကျွန်တော် တိမ်မြူကျွန်းကို ခဏပြန်သွားပြီး ပစ္စည်းတွေ သိမ်းဆည်းပြီးတာနဲ့ စစ်တပ်ကနေ အပြီးအပိုင် ထွက်လာခဲ့ပါ့မယ်" ဖုန်းကျန့်ကုန်းက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို မြှင့်တင်နိုင်ရန်အတွက် သူ၏ဆုံးဖြတ်ချက်မှာ အလွန်ပြတ်သားနေကြောင်း သိသာလှသည်။
လင်းယွမ်က ခေါင်းအသာညိတ်လိုက်ပြီး "သွားလေ... ကျန်းယွီကျန်းကိုတော့ သတိထားဦး... သူ မင်းကို အလွယ်တကူ ထွက်သွားခွင့်ပြုချင်မှ ပြုမှာ"
ဖုန်းကျန့်ကုန်းက ပြုံးလိုက်ကာ "ကျွန်တော့်မှာလည်း ကိုယ်ပိုင် ရည်မှန်းချက်ရှိတယ်လေ... အချိန်အတော်ကြာတဲ့အထိ စစ်တပ်အတွက် ကျွန်တော် လုပ်ပေးခဲ့တာတွေလည်း မနည်းတော့ပါဘူး... သူ ကျွန်တော့်ကို ပေးမထွက်ချင်ရင်တောင် တားဆီးဖို့ အကြောင်းပြချက် မရှိပါဘူး"
"ပြီးတော့ ကျွန်တော်နဲ့သူက နှစ်ပေါင်းများစွာ ခင်မင်လာခဲ့ကြတာဆိုတော့ ကျွန်တော့်ကို ရန်သူလိုတော့ သဘောထားမှာ မဟုတ်ပါဘူး"
"သူ အမြန်ဆုံး ဆုံးဖြတ်ချက်ချနိုင်ဖို့ပဲ မျှော်လင့်တယ်... ကျွန်တော် ထွက်သွားပြီးရင် သူတို့အနေနဲ့ မုန်ယာကုမ္ပဏီကို ရင်ဆိုင်ဖို့ဆိုတာ ပိုပြီး ခက်ခဲသွားလိမ့်မယ်"
လင်းယွမ်က ဖုန်းကျန့်ကုန်းကို စူးစိုက်ကြည့်လိုက်ပြီး "မင်းရဲ့ ခေါင်းဆောင်ဟောင်းကို မင်း သိပ်အထင်သေးနေတာပဲ"
"မုန်ယာကုမ္ပဏီရဲ့ တိုက်ခိုက်မှုကို သူ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ မင်းက ထင်နေပေမယ့် သူကတော့ နောက်ဆုတ်ဖို့ လမ်းကြောင်းကို ကြိုတွေးထားပြီးလောက်ပြီ"
ဖုန်းကျန့်ကုန်း အံ့သြသွားပြီး "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"အားရင် သူတည်ဆောက်ထားတဲ့ ရေအောက်စခန်းကို သွားကြည့်လိုက်ပါဦး"
"သူက အစကတည်းက သီးသန့်ခွဲထွက်ဖို့ အစီအစဉ် ရှိနေတာလည်း ဖြစ်နိုင်တယ်"
လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး စကားအပိုတွေ ဆက်မပြောတော့ဘဲ "သွားတော့... ပစ္စည်းတွေ သိမ်းပြီးရင် ထိုက်ယန်တောင်ကို လာခဲ့လိုက်" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့"
ဖုန်းကျန့်ကုန်းက ခေါင်းညိတ်သဘောတူလိုက်ပြီး မီယွမ်မိုးသစ်တောထဲမှ လျင်မြန်စွာ ထွက်ခွာသွားလေသည်။
လင်းယွမ်ကလည်း ကျောက်ခိုင်ကို စကားအနည်းငယ် မှာကြားပြီးနောက် ထိုက်ယန်တောင်သို့ အလျင်အမြန် ပြန်လာခဲ့သည်။
ထိုက်ယန်တောင် အမှတ်(၂) ယာဉ်ပျံ လွှတ်တင်ရေး စီမံကိန်းအတွက် သူ ပြင်ဆင်ရမည် ဖြစ်သည်။
ယခုအခါ သန္ဓေပြောင်း သားရဲများကို ကောင်းစွာ ပြင်ဆင်ထားပြီးဖြစ်ရာ နောက်ထပ် လိုအပ်သည်မှာ လေပေါ်ကျွန်းတစ်ကျွန်းကို ရှာဖွေပြီး မိမိပိုင်ဆိုင်မှုအဖြစ် ရယူကာ အခြေစိုက်စခန်းအဖြစ် တည်ဆောက်ရန်နှင့် ပုန်းကွယ်နေသော ရန်သူဖြစ်သည့် မုန်ယာကုမ္ပဏီကို ရင်ဆိုင်ရန်ပင် ဖြစ်သည်။
...
နောက်တစ်နေ့ နံနက်ခင်း၌ ထိုက်ယန်တောင်၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် ဖြစ်၏။
အသစ်စက်စက် ပန်းကန်ပြားပျံပုံစံ ထိုက်ယန်တောင် အမှတ်(၂) ယာဉ်ပျံကြီးက အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
ပါမောက္ခ လီဟန်ကျုံးနှင့် အခြားသူများသည် အစည်းအဝေးခန်းမထဲတွင် စုဝေးနေကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ လေးနက်နေကြသည်။
"ဆရာလင်း... ပထမဆုံး ယာဉ်ပျံကတော့ အဆင်သင့်ဖြစ်နေပါပြီ... အခုပဲ လွှတ်တင်လိုက်ရမလား"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "လွှတ်တင်လိုက်ပါ" ဟု ပြောလိုက်သည်။
လင်းယွမ်၏ အမိန့်ပေးသံနှင့်အတူ ထိုက်ယန်တောင် အမှတ်(၂) ယာဉ်ပျံကြီးက ညွှန်ကြားချက်ကို လက်ခံရရှိကာ ကောင်းကင်ယံသို့ လျင်မြန်စွာ ထိုးတက်သွားပြီး မည်းမှောင်နေသော တိမ်တိုက်များကြားသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
"ဝုန်း"
မည်းမှောင်နေသော တိမ်တိုက်များအတွင်းမှ ကျယ်လောင်သော မိုးကြိုးပစ်သံများ ထွက်ပေါ်လာပြီး လျှပ်စီးတန်းများက ထိုက်ယန်တောင် အမှတ်(၂) ယာဉ်ပျံ၏ မျက်နှာပြင်ပေါ်သို့ ဗုံးကြဲချသကဲ့သို့ ကျရောက်လာသည်။
သို့သော် ထိုက်ယန်တောင် အမှတ်(၂) ယာဉ်ပျံ၏ မျက်နှာပြင်ထက်တွင် မရေမတွက်နိုင်သော သင်္ကေတများ လျင်မြန်စွာ လင်းလက်လာပြီး ထိုသင်္ကေတများက ထူးဆန်းသော အကာအကွယ် အစီအရင်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ချက်ချင်းပင် မိုးကြိုးမုန်တိုင်း၏ ပြင်းထန်သော ဗို့အားများသည် အကာအကွယ်အစီအရင်ကြောင့် လျှပ်စီးလျင်မြန်စွာ လျော့ကျသွားပြီးနောက် ထိုက်ယန်တောင် အမှတ်(၂) က မရပ်မနား စုပ်ယူလိုက်ကာ ယာဉ်ပျံ၏ စွမ်းအင်စနစ်အတွက် လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲဖြည့်တင်းပေးလိုက်သည်။
"အောင်မြင်ပြီ... အောင်မြင်သွားပြီဟေ့"
"ပြင်းအားမြင့် လျှပ်စီးမိုးကြိုးကို စွမ်းအင်အဖြစ် ပြောင်းလဲဖြည့်တင်းတဲ့ စနစ် အောင်မြင်သွားပြီ"
"ဟွမ်ဖာ... အလိုအလျောက် စစ်ဆေးတဲ့စနစ်ကို ဖွင့်ပြီး ယာဉ်ပျံရဲ့ လုပ်ဆောင်ချက်တွေကို တစ်ချက်လောက် စစ်ဆေးကြည့်လိုက်ပါဦး"
ဝါရင့် ပထမမျိုးဆက် လေယာဉ်မှူးဖြစ်နေပြီဖြစ်သော ရွှီဟွမ်က ညွှန်ကြားချက်ကို လျင်မြန်စွာ ပေးလိုက်သည်။
ဟွမ်ဖာသည် ထိုက်ယန်တောင်မှ မွေးထုတ်ပေးလိုက်သော ဒုတိယမျိုးဆက် လေယာဉ်မှူးတစ်ဦး ဖြစ်ပြီး သူ၏ဆရာမှာ ထိုက်ယန်တောင် အမှတ်(၁) လေယာဉ်မှူး ရွှီဟွမ်ပင် ဖြစ်သည်။
ရွှီဟွမ်နှင့် အခြားသူများသည် ပျံသန်းမှုစမ်းသပ်ချက်တွင် မိမိသဘောဆန္ဒအလျောက် အစောဆုံး ပါဝင်ခဲ့ကြသူများဖြစ်ရာ စမ်းသပ်မှု အောင်မြင်ပြီးနောက် သူတို့သည်လည်း ကြီးမားသော ဂုဏ်ကျက်သရေကို ရရှိခဲ့ကြသည်။
လင်းယွမ်ကလည်း သူတို့ကို မနစ်နာစေဘဲ အကောင်းဆုံးသော အထောက်အပံ့များ ပေးအပ်ခဲ့သည့်အပြင် ပျံသန်းရေးနည်းပြများအဖြစ်ပါ တာဝန်ပေးအပ်ခဲ့သည်။
ယခုအခါ ရွှီဟွမ်တို့အဖွဲ့သည် ထိုက်ယန်တောင်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး ထိုက်ယန်တောင်၏ အဖွဲ့ဝင်များ ဖြစ်လာကြရုံသာမက သူတို့၏ မိသားစုများပါ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲသို့ ပြောင်းရွှေ့နေထိုင်ခွင့်ရကာ ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အကာအကွယ်ကို ခံစားနေကြရပြီ ဖြစ်သည်။
ထိုမျှမက ရွှီဟွမ်တို့သည် လေကြောင်းတပ်ဖွဲ့၏ ဝါရင့်ပုဂ္ဂိုလ်များပင် ဖြစ်လာကြပြီး ယခုအခါ အန္တရာယ်ကြီးမားသော ပျံသန်းရေးတာဝန်များကို ထမ်းဆောင်စရာ မလိုတော့ဘဲ မျိုးဆက်သစ် လေယာဉ်မှူးများကို လေ့ကျင့်သင်ကြားပေးသည့် အလုပ်ကိုသာ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။
လင်းယွမ် ဤသို့လုပ်ဆောင်ရခြင်းမှာ ရွှီဟွမ်တို့၏ ပျံသန်းရေးစွမ်းရည်က အမှန်တကယ် ပြောင်မြောက်လွန်းနေ၍ မဟုတ်ပေ။
ဤနည်းလမ်းမှတစ်ဆင့် အပြင်ဘက်ရှိ လူများကို အချက်တစ်ချက်ကို ရှင်းရှင်းလင်းလင်း သိစေချင်၍သာ ဖြစ်သည်။
ထိုက်ယန်တောင်အတွက် အကျိုးပြုပြီး ထိုက်ယန်တောင်အတွက် ပေးဆပ်လိုသူတိုင်းကို ထိုက်ယန်တောင်က မည်သည့်အခါမျှ နစ်နာအောင် လုပ်မည်မဟုတ်ကြောင်းပင်တည်း။
ဤသည်မှာ အမှန်တော့ 'တန်ဖိုးကြီးကြီးပေးပြီး လူတော်များကို ဆွဲဆောင်ခြင်း' ပင်ဖြစ်ပြီး လင်းယွမ် အလိုရှိသည်မှာ ဤနာမည်ဂုဏ်သတင်းပင် ဖြစ်သည်။
တကယ်တမ်းတွင်လည်း လင်းယွမ်၏ ဤလုပ်ရပ်က အလွန်ထိရောက်မှု ရှိခဲ့သည်။
ယခင်က မည်သူမျှ မလျှောက်ဝံ့ခဲ့သော လေယာဉ်မှူး တာဝန်များကို ယခုအခါ လူအများအပြားက ထိုက်ယန်တောင် အမှတ်(၂) စမ်းသပ်ပျံသန်းရေး စီမံကိန်းတွင် ပါဝင်ခွင့်ရရန် အလုအယက် ကြိုးစားနေကြပြီ ဖြစ်သည်။
ထိုက်ယန်တောင်သည် လေယာဉ်မှူးများကို နစ်နာအောင် မလုပ်ထားကြောင်း လူတိုင်း သိထားကြပြီး လေယာဉ်မှူးများ၏ ခံစားခွင့် အသီးသီးမှာ သာမန် ကင်းလှည့်တပ်ဖွဲ့ဝင်များထက် များစွာ ပိုမိုကောင်းမွန်လေသည်။
လူများကို လျှောက်ထားလာစေရန် အားပေးတိုက်တွန်းလိုခြင်းအပြင် လေယာဉ်မှူးများ ယာဉ်ပျံကို မောင်းနှင်ရာတွင် ကောင်းကင်ယံ၌ ရင်ဆိုင်ရမည့် အန္တရာယ်များကလည်း နှိုင်းယှဉ်ချက်အရ ကြီးမားနေသောကြောင့် ဖြစ်သည်။
ထို့အပြင် ယာဉ်ပျံသည် လေကြောင်းသွားယာဉ်တစ်စီးဖြစ်ရာ ကုန်ကျစရိတ်မှာ အလွန်မြင့်မားသဖြင့် လေယာဉ်မှူးများ၏ အရည်အချင်းအပေါ် တောင်းဆိုချက်ကလည်း ပိုမို မြင့်မားနေရခြင်း ဖြစ်သည်။
ထို့ကြောင့် လေယာဉ်မှူး ရွေးချယ်ရာတွင် အကောင်းဆုံးကိုသာ ရွေးချယ်ရမည်ဖြစ်ပြီး ဤကဲ့သို့ ထူးချွန်သူများကို ခံစားခွင့် ပိုပေးရမည်မှာ သဘာဝပင် ဖြစ်သည်။
ဟွမ်ဖာသည် လျှောက်ထားသူ အများအပြားထဲမှ ရွေးချယ်ခံရသော အထူးချွန်ဆုံး သူများထဲမှ တစ်ဦး ဖြစ်သည်။
သူသည် အပြင်ဘက်မှ ဒုက္ခသည်တစ်ဦး မဟုတ်ဘဲ မူလကတည်းက ကင်းလှည့်တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်သည်။
သူကိုယ်တိုင်ကပင် ရှားပါးသော မြေဓာတ် အမျိုးအစား အစွမ်းပိုင်ရှင် တစ်ဦး ဖြစ်ပေသည်။
ကိုယ်ပိုင် တိုးတက်မှုကို ရှာဖွေလိုသောကြောင့် သူသည် လေယာဉ်မှူး ရွေးချယ်ပွဲသို့ ပြတ်သားစွာ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် အရည်အချင်းပြသနိုင်ခဲ့ပြီး ယခုအခါ ထိုက်ယန်တောင် အမှတ်(၂) စီးရီးမှ ပထမဆုံး ယာဉ်ပျံ၏ အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ယခု အမိန့်ကို လက်ခံရရှိသည်နှင့် ဟွမ်ဖာသည် ယာဉ်ပျံကို အလိုအလျောက် စစ်ဆေးမှု စတင်လုပ်ဆောင်လိုက်သည်။
ဆက်တိုက် လုပ်ဆောင်မှုများ ပြီးဆုံးသွားပြီးနောက် သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဒါက ထိုက်ယန်တောင် အမှတ်(၂) ပါ... ယာဉ်ပျံကို အလိုအလျောက် စစ်ဆေးမှု ပြီးပါပြီ... စနစ်အားလုံး ကောင်းမွန်ပါတယ်" ဟု လျင်မြန်စွာ ပြန်လည် ဖြေကြားလိုက်သည်။
ထိုအဖြေကို ကြားလိုက်ရသော် ထိုက်ယန်တောင်၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန အစည်းအဝေးခန်းမထဲရှိ လူအားလုံး သက်ပြင်းချနိုင်သွားကြပြီး အပြုံးများ ပေါ်လာကြသည်။
လင်းယွမ်က "စမ်းသပ်မှုကို စတင်လိုက်တော့" ဟု ပြောလိုက်သည်။
လီဟန်ကျုံးက "အမှတ်(၁) စမ်းသပ်ခံ သက်ရှိကို ချပေးလိုက်" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့"
ဟွမ်ဖာက ယာဉ်ပျံတံခါးကို လျင်မြန်စွာ ဖွင့်လိုက်ပြီး စက်ရုပ်လက်တံက ယာဉ်ပျံကိုယ်ထည်မှ ထွက်လာကာ ချိတ်ပိတ် သင်္ကေတ ရေးထိုးထားသော သေတ္တာတစ်လုံးကို အပြင်သို့ ပစ်ချလိုက်သည်။
"ဝုန်း"
သေတ္တာလေးက အကာအကွယ်အစီအရင်မှ လွတ်ကင်းသွားသည့် အခိုက်အတန့်မှာပင် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများ၏ ပစ်ခတ်မှုကို ခံလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သေတ္တာမှာ ပေါက်ကွဲထွက်သွားပြီး အတွင်းမှ အနီရောင် ငါးဆန်းကြီးတစ်ကောင် ထွက်ပေါ်လာသည်။
သေတ္တာပေါ်တွင် ချိတ်ပိတ် သင်္ကေတဖြင့် ချိတ်ပိတ်ထားသော်လည်း သဘာဝတရားထဲမှ လျှပ်စီးမိုးကြိုးများမှာ သန္ဓေပြောင်းစွမ်းအင် နယ်ပယ်ထဲတွင် မပါဝင်သည်မှာ သိသာလှရာ မိုးကြိုးတိမ်တိုက်များ၏ ပြင်းထန်သော ရိုက်ခတ်မှုအောက်တွင် ချိတ်ပိတ် သင်္ကေတမှာ အနည်းငယ်မျှပင် မဟန့်တားနိုင်ခဲ့ပေ။
သို့သော် အတွင်းမှ အနီရောင် ငါးဆန်းကြီးမှာမူ အစွမ်းများကို ထုတ်သုံးနိုင်ခြင်း မရှိဘဲ အတွင်း၌ ချိတ်ပိတ်ခံထားရဆဲ ဖြစ်သည်။
ယခု သေတ္တာကွဲသွားချိန်တွင်တော့ ငါးဆန်းကြီးက ချက်ချင်း တိုးထွက်လာခဲ့သည်။
ထိုငါးဆန်းကြီးသည် မိမိ မည်သည့်နေရာသို့ ရောက်နေကြောင်းကိုပင် သတိမထားမိလိုက်ခင်မှာပဲ ပတ်ဝန်းကျင် အရပ်လေးမျက်နှာမှ များပြားလှသော လျှပ်စီးမိုးကြိုးများက ကျယ်လောင်စွာ မြည်ဟည်းလျက် ပစ်ချလာသည်။
၎င်းသည် မသိစိတ်၏ စေ့ဆော်မှုဖြင့် အကြေးခွံများမှ အလင်းတန်းများ လင်းလက်လာစေပြီး အကာအကွယ် စွမ်းအင်အစီအရင်များကို အထပ်ထပ် ဖွဲ့စည်းလိုက်သည်။
"ဝုန်း"
မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများက ငါးဆန်းကြီး၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။
ထိုအနီရောင် စွမ်းအင်အစီအရင်မှာ ခဏချင်းမှာပင် အစအနမကျန် ပေါက်ကွဲပျက်စီးသွားပြီး အနီရောင် ငါးဆန်းကြီး တစ်ကောင်လုံးမှာလည်း မီးကျွမ်းနေသော သစ်သားမီးသွေးခဲအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။
အောက်သို့ လွတ်လပ်စွာ ပြုတ်ကျချိန်ပင် မရလိုက်ဘဲ ပြာကျပျောက်ကွယ်သွားခဲ့လေပြီ။
ကင်မရာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော လင်းယွမ်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
"မိုးကြိုးမုန်တိုင်းရဲ့ ပြင်းအားက ကျွန်တော် တွေးထားတာထက်တောင် ပိုများနေသေးတယ်... ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစားစစ်စစ် သန္ဓေပြောင်း သတ္တဝါတွေအနေနဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်က ၂၀% အထိ ရောက်နေရင်တောင်... ဒီလိုအဆင့်ရှိတဲ့ မိုးကြိုးမုန်တိုင်း တိုက်ခိုက်တာကို ခုခံနိုင်ဖို့ ခက်ခဲတဲ့ပုံပဲ"
"အမှတ်(၂) စမ်းသပ်ခံ သက်ရှိကို လွှတ်လိုက်ပါ"
လင်းယွမ်က အသံထွက်၍ ပြောလိုက်သည်။
ထို့နောက်တွင်တော့ အမှတ်(၂) စမ်းသပ်ခံ သန္ဓေပြောင်း ပုစွန်ထုပ်၊ အမှတ်(၃) စမ်းသပ်ခံ သန္ဓေပြောင်း ရေမြင်းနှင့် အမှတ်(၄) စမ်းသပ်ခံ သန္ဓေပြောင်း ကဏန်းတို့ကို မိုးကြိုးမုန်တိုင်းထဲသို့ တစ်ကောင်ပြီးတစ်ကောင် ပို့ဆောင်လိုက်ကြသည်။
၎င်းတို့အထဲတွင် မြေဓာတ် အမှတ်(၄) စမ်းသပ်ခံ သန္ဓေပြောင်း ကဏန်းမှာ ခံနိုင်ရည် ပိုမိုကောင်းမွန်ကြောင်း သိသာသော်လည်း အချိန်အကြာကြီး တောင့်ခံထားနိုင်ခြင်း မရှိခဲ့ပေ။
စက္ကန့်ဆယ်ဂဏန်းပင် မပြည့်မီ မီးကျွမ်းနေသော သစ်သားမီးသွေးခဲအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
လီဟန်ကျုံးက ဘေးမှနေ၍ ထိုမြင်ကွင်းကို ကြည့်ရင်း "ဆရာလင်း... ဒီလို မိုးကြိုးမုန်တိုင်းအောက်မှာ ဘာလို့ လျှပ်စီးဓာတ် ဒါမှမဟုတ် လျှပ်ကာဓာတ် ပါတဲ့ သန္ဓေပြောင်း သားရဲတွေကို ရှာပြီး တိုက်ရိုက် စမ်းသပ်တာမျိုး မလုပ်တာလဲ" ဟု မေးလိုက်သည်။
လင်းယွမ်က ခါးသက်သက် ပြုံးလိုက်ပြီး "ပါမောက္ခ ပြောတဲ့ သန္ဓေပြောင်း သားရဲ နှစ်မျိုးက အစကတည်းက ရှားပါးတာလေ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ အကောင်ဆိုရင်တော့ ပိုတောင် ဆိုးသေးတယ်... ကျွန်တော် အကြာကြီး ရှာခဲ့ပေမယ့် တစ်ကောင်မှ မတွေ့ခဲ့ရဘူး"
လီဟန်ကျုံးက မေးစေ့ကို ပွတ်သပ်လိုက်ရင်း "ဒါလည်းဟုတ်တာပဲ... လျှပ်စီးဓာတ် အစွမ်းပိုင်ရှင်ဆိုလို့ ကျွန်တော်တို့ ခိုလှုံရေးစခန်း တစ်ခုလုံးမှာ တုံကျဲနဲ့ ကောင်မလေး ချိုးရင်ယွဲ့ပဲ ရှိတာလေ"
"လျှပ်ကာ အမျိုးအစား အစွမ်းတွေက... အများစုက ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစားတွေချည်းပဲ... ကျွန်တော် ကြားဖူးတာတော့ ဒီထိုက်ယန်တောင်မှာ အရင်တုန်းက လီယွဲ့ဖုန်းလို့ ခေါ်တဲ့ အစွမ်းပိုင်ရှင် ခေါင်းဆောင်တစ်ယောက် ရှိခဲ့တယ်ဆို... သူ့အစွမ်းက ရော်ဘာအစွမ်း မလား... အဲဒီအစွမ်းကရော မိုးကြိုးမုန်တိုင်းကို ခုခံနိုင်မလား မသိဘူးနော်"
ထိုစကားကို ကြားသောအခါ လင်းယွမ်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ လီယွဲ့ဖုန်း၏ ရော်ဘာအစွမ်းက အမှန်တကယ် လျှပ်ကာပစ္စည်း ဖြစ်သော်လည်း ရော်ဘာ၏ လျှပ်စစ်ခုခံမှုက မိုးကြိုးမုန်တိုင်းကို တောင့်ခံနိုင်မည်လား ဆိုသည်ကိုတော့ အတည်ပြုစမ်းသပ်ရန် လိုအပ်နေသေးသည်။
"နေဦး... ငါ့ရဲ့ ရွှေမွေးခြင်္သေ့မိစ္ဆာ္ဆ ပင်ကိုယ်အစွမ်းကလည်း လျှပ်စီးမိုးကြိုးနဲ့ သက်ဆိုင်နေတာပဲ"
သူ၏ ရွှေမွေးခြင်္သေ့မိစ္ဆာ္ဆ ပင်ကိုယ်အစွမ်းမှာ 'ရွှေချပ်ဝတ် လျှပ်စီးမျို' ဟု ခေါ်ကြောင်း လင်းယွမ် ရုတ်တရက် သတိရသွားသည်။ ဤအစွမ်းက ရွှေမွေးခြင်္သေ့မိစ္ဆာ္ဆအား ကြီးမားသော အကာအကွယ်ကို ပေးစွမ်းနိုင်ရုံသာမက လျှပ်စီးမိုးကြိုးများကို စုပ်ယူဝါးမျိုကာ မိမိကိုယ်ကို ပိုမို သန်မာလာစေနိုင်သည်။
"ဒီလို လျှပ်စီးမိုးကြိုးကို စုပ်ယူဝါးမျိုနိုင်တဲ့ ပမာဏက ဘယ်လောက်အထိလဲ ဆိုတာကိုတော့ မသိရသေးဘူး... မိုးကြိုးတိမ်တိုက်တွေထဲက အားကောင်းတဲ့ မိုးကြိုးမုန်တိုင်းတွေကို ချေဖျက်နိုင်မလားပဲ"
"ခဏနေရင် ကျေးရွာအဆင့် မီးစက်ကို သုံးပြီး စမ်းသပ်ကြည့်ရမယ်"
လင်းယွမ်က ဤအရာကို တွေးမိပြီးနောက် စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။
ယခုအချိန်တွင် ယာဉ်ပျံသည် တိမ်လွှာများကို ဖောက်ထွက်သွားခဲ့ပြီဖြစ်ပြီး အထက်ကောင်းကင်ယံသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ကင်မရာမြင်ကွင်းထဲတွင် လေဟာနယ်အတွင်း၌ ပေါလောပေါ်နေသော လေပေါ်ကျွန်း အမြောက်အမြားကို ရိုက်ကူးမိနေပြီး မရေမတွက်နိုင်သော သန္ဓေပြောင်း သားရဲကြီးများက မတူညီသော လေပေါ်ကျွန်းများကြားတွင် ပျံသန်းကာ အမဲလိုက်နေကြသည်။
ကင်မရာမြင်ကွင်းက ထိုလေပေါ်ကျွန်းများကို ဖြတ်ကျော်သွားစဉ် လီဟန်ကျုံးက အံ့သြတကြီး အော်ပြောလိုက်သည်။ "ဆရာလင်း... ဟိုမှာ ကြည့်ပါဦး... လေပေါ်ကျွန်း တော်တော်များများမှာ အကာအကွယ်အစီအရင်တွေ ဖုံးလွှမ်းနေပြီ"
"ဒါတွေ အားလုံးက လူတွေ နေရာယူထားကြပြီလား"
"ဒီလူတွေအကုန်လုံးက မုန်ယာကုမ္ပဏီက လူတွေချည်းပဲလား"
လင်းယွမ်ကလည်း မျက်မှောင်အကြီးအကျယ် ကြုတ်သွားသည်။ ပိုပိုပြီး များပြားလာသော လေပေါ်ကျွန်းများပေါ်တွင် လူများ နေရာယူထားကြလေပြီ။
ထိုက်ယန်တောင်ကသာ ဆက်ပြီး အချိန်ဆွဲနေမည်ဆိုပါက လေပေါ်ကျွန်း တစ်ကျွန်းကိုမှ လုယူနိုင်တော့မည် မဟုတ်ဟု စိုးရိမ်ရသည်။
ထိုသို့ တွေးမိသည်နှင့် လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။ "ယာဉ်ပျံကို ပြင်ဆင်ထား... ကောင်းကင်ပေါ်ကို ကျွန်တော်ကိုယ်တိုင် တစ်ခေါက်လောက် သွားရမယ်"
လီဟန်ကျုံးက ထိုစကားကို ကြားသောအခါ ချက်ချင်း လန့်သွားပြီး "ဆရာလင်း... ကိုယ်တိုင်စွန့်စားဖို့မလိုပါဘူး... တခြားလူတွေကို အရင် လေ့လာစူးစမ်းခိုင်းလိုက်ပါလား"
လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး "အချိန်က လူကို မစောင့်ဘူးလေ... ကျွန်တော်တို့ရဲ့ ယာဉ်ပျံက မိုးကြိုးတိမ်တိုက်တွေကို လုံလုံခြုံခြုံ ဖြတ်သန်းသွားနိုင်တယ်လို့ သေချာနေမှတော့ လေပေါ်ကျွန်း တည်ဆောက်ရေး စီမံကိန်းကို ချက်ချင်း စတင်ရမယ်"
"လေပေါ်ကျွန်းကို ကြိုတင် နေရာယူထားနိုင်မှပဲ ကျွန်တော်တို့ဘက်က အသာစီးရမှာ"
လီဟန်ကျုံးသည် ထိုစကားကို ကြားသောအခါ လင်းယွမ်ကို ဖျောင်းဖျ၍ မရနိုင်တော့ကြောင်း သိလိုက်ရသဖြင့် သက်ပြင်းတစ်ချက်ချကာ ဒုတိယမြောက် ယာဉ်ပျံကို ပြင်ဆင်ရန် ချက်ချင်း အကြောင်းကြားလိုက်ရသည်။
လင်းယွမ်က "ဦးလေးမာနဲ့ ထူလုံတို့ကို သွားခေါ်လိုက်ပါ" ဟု ပြောလိုက်သည်။
လီဟန်ကျုံးက ထိုစကားကို ကြားသောအခါ အလျင်စလို မေးလိုက်သည်။ "လေပေါ်ကျွန်း စခန်း တည်ဆောက်ရေး စီမံကိန်းကို စတင် အကောင်အထည်ဖော်တော့မလို့လား"
လင်းယွမ်က ခေါင်းအသာညိတ်လိုက်သည်။ ဤစီမံကိန်းကို ယခင် အစည်းအဝေးများ လုပ်စဉ်ကတည်းက စောစီးစွာ ဆွေးနွေးတင်ပြထားခဲ့ပြီး ဖြစ်သည်။
ထိုအချိန်ကတည်းက လင်းယွမ်သည် လေပေါ်ကျွန်း တစ်ကျွန်းကို မဖြစ်မနေ နေရာယူပြီး ထိုက်ယန်တောင်၏ လေပေါ်အခြေစိုက်စခန်း တစ်ခု တည်ဆောက်ရန် သေချာပေါက် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။
သို့သော် ဤစခန်း တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ သူတစ်ယောက်တည်း ဖြေရှင်းနိုင်မည့် ကိစ္စမဟုတ်ပေ။
ဦးလေးမာ၏ တည်ဆောက်ရေးဌာနမှ အဖွဲ့ကို စေလွှတ်ရန် လိုအပ်သည်။
ထို့အပြင် အမျိုးမျိုးသော အကာအကွယ် သင်္ကေတအစီအရင်များကို ချထားရန် လိုအပ်သလို၊ ကင်းလှည့်တပ်ဖွဲ့များ၊ လက်နက်ခဲယမ်းများကိုပါ အပေါ်သို့ သယ်ယူပို့ဆောင်ရန် လိုအပ်လေသည်။
ဤစီမံကိန်း၏ အဓိကအချက်မှာ အချက်နှစ်ချက်အပေါ် မူတည်နေသည်။ တစ်ချက်မှာ ယာဉ်ပျံအနေဖြင့် မိုးကြိုးတိမ်တိုက်များကို အောင်မြင်စွာ ဖြတ်သန်းနိုင်ပြီး မည်သူမျှ နေရာမယူရသေးသော လေပေါ်ကျွန်းတစ်ကျွန်းကို ရှာဖွေတွေ့ရှိရန် ဖြစ်သည်။
အခြားတစ်ချက်မှာ ဤမျှများပြားသော လူများကို အပေါ်သို့ မည်သို့ သယ်ယူပို့ဆောင်မည်လဲ ဆိုသည်ပင်။
ယာဉ်ပျံ၏ အရွယ်အစားမှာ မကြီးမားလှဘဲ စုစုပေါင်း နေရာအကျယ်အဝန်းမှာ အနည်းငယ်သာ ရှိရာ လူများပြားစွာ စီးနင်းနိုင်မည် မဟုတ်ကြောင်း သေချာနေသည်။
သို့သော် လင်းယွမ်သည် ဟင်းလင်းပြင် အမျိုးအစား အစွမ်းပိုင်ရှင် တစ်ဦးဖြစ်ရာ သူ၏ သုမာရု ဟင်းလင်းပြင်က လူရာပေါင်းများစွာကို တစ်ခါတည်း သယ်ဆောင်သွားနိုင်သည်။
ယခု ယာဉ်ပျံ လွှတ်တင်မှု အောင်မြင်သွားပြီဖြစ်ရာ ဤပြဿနာနှစ်ခုစလုံးမှာ ပြဿနာ မဟုတ်တော့ပေ။
ထို့ကြောင့် ဤစီမံကိန်းကို ချက်ချင်း အကောင်အထည်ဖော်နိုင်ပြီ ဖြစ်သည်။
လင်းယွမ်၏ အမိန့်ပေးသံနှင့်အတူ ထိုက်ယန်တောင်သည် ချက်ချင်းပင် အလုပ်များလာတော့သည်။
ဦးလေးမာက တည်ဆောက်ရေးဌာနမှ မြေဓာတ် အစွမ်းပိုင်ရှင် များစွာကို ခေါ်ဆောင်ကာ လျင်မြန်စွာ ရောက်ရှိလာသည်။
ဤမြေဓာတ် အစွမ်းပိုင်ရှင်များ ပါဝင်လာသဖြင့် စခန်းတည်ဆောက်သည့်အခါ တစ်ရက်ပင် အချိန်မယူရဘဲ မသေးငယ်လှသော အတိုင်းအတာရှိသည့် စခန်းတစ်ခုကို တည်ဆောက်နိုင်ပေလိမ့်မည်။
ဒုတိယအနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သုတေသီအချို့ကို ခေါ်ဆောင်သွားရမည်။ ထိုလူများ သွားရောက်ရခြင်းမှာ အဓိကအားဖြင့် သင်္ကေတအစီအရင်များ ချထားရန် တာဝန်ယူရမည်ဖြစ်ပြီး ဤသည်မှာ စခန်း၏ အကာအကွယ်အစီအရင် တည်ဆောက်ရေးနှင့် သက်ဆိုင်နေသည်။
ထို့အပြင် ကင်းလှည့်တပ်ဖွဲ့ဝင် အမြောက်အမြားကိုပါ ခေါ်ဆောင်သွားရန် လိုအပ်သေးသည်။ အဓိကအားဖြင့် စခန်းလုံခြုံရေးကို စောင့်ကြပ်ရန်နှင့် စခန်းတည်ဆောက်နေစဉ်အတွင်း ရန်သူများ နှောင့်ယှက်လာမည်ကို ကာကွယ်ရန် ဖြစ်သည်။
သေချာသည်မှာ နောက်ပိုင်းတွင် အစွမ်း လက်နက်အချို့ကိုပါ အပေါ်သို့ တစ်ခုပြီးတစ်ခု သယ်ယူရဦးမည်ဖြစ်ပြီး စခန်း၏ အကာအကွယ် တည်ဆောက်မှုကို တိုးမြှင့်ရဦးမည် ဖြစ်သည်။
ဤသည်တို့မှာ နောက်မှလုပ်ရမည့် ကိစ္စများသာ ဖြစ်ပြီး လောလောဆယ် အရေးအကြီးဆုံးမှာ တိမ်လွှာများကို အမြန်ဆုံး ဖြတ်သန်းသွားကာ လေပေါ်ကျွန်း တစ်ကျွန်းကို နေရာယူရန်ပင် ဖြစ်သည်။
မကြာမီမှာပင် ထူလုံနှင့် ဦးလေးမာတို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
သူတို့သည် လေပေါ်ကျွန်း စီမံကိန်းအကြောင်းကို စောစီးစွာကပင် သိထားနှင့်ပြီးဖြစ်ကြောင်း သိသာလှရာ လာရောက်ချိန်တွင် အံ့သြနေခြင်းမရှိဘဲ စိတ်လှုပ်ရှားနေသည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
"ဆရာလင်း... ကျွန်တော်တို့ နောက်ဆုံးတော့ တိမ်တွေထဲကို စဝင်တော့မှာလား" ထူလုံက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
ဦးလေးမာကလည်း လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး "တိမ်လွှာတွေကို ဖြတ်သွားရင် ဒီရေဘေးကြီး နောက်ကွယ်က လျှို့ဝှက်ချက်တွေကို မြင်တွေ့ရနိုင်မလား" ဟု ပြောလိုက်သည်။
ဆက်ရန်...