← Chapters

အခန်း (၇၃၉-၇၄၀)

Vol. 37 Ch. 739-740

အခန်း (၇၃၉-၇၄၀)

Vol. 37 Ch. 739-740

အပိုင်း(၇၃၉) စွမ်းအင်ငြိမ် သင်္ကေတ

ထူလုံက အစောပိုင်းတုန်းက သူနှင့် လင်းယွမ်တို့ မိုးကြိုးတိမ်တိုက်တွေအထက်ကို ပထမဆုံးအကြိမ် စူးစမ်းရှာဖွေခဲ့ကြသည့် မြင်ကွင်းကို မှတ်မိနေသေးသည်။

အဲဒီအချိန်တုန်းက လင်းယွမ်က မျိုးရိုးဗီဇမျိုးစေ့ အဆင့်ကိုတောင် မရောက်သေးဘဲ အားလုံးက ထိုက်ယန်တောင်မှာ လစဉ် တစ်ကြိမ်ကျရောက်တတ်သည့် ဒီရေလှိုင်းတွေအတွက် ပူပန်နေခဲ့ကြရသည်။

ထူလုံက ထိုစဉ်က လင်းယုန်ငှက်ကြီးအသွင် ပြောင်းလဲကာ လင်းယွမ်ကို ခေါ်ဆောင်ပြီး ကောင်းကင်ယံသို့ တောက်လျှောက် ပျံသန်းသွားခဲ့သည်။

သူတို့နှစ်ယောက် မိုးကြိုးပစ်ခံရပြီး ပွဲချင်းပြီး သေလုနီးပါးပင် ဖြစ်ခဲ့ရ၏။

အဲဒီအချိန်ကစပြီး ကောင်းကင်ထက်က မိုးကြိုးတိမ်တိုက်တွေက ထူလုံရဲ့ စိတ်ထဲမှာ တားမြစ်နယ်မြေတစ်ခု ဖြစ်သွားခဲ့သည်။

သူက လင်းယုန်ငှက်ကြီးအသွင် ပြောင်းလဲပြီး တာဝန်တွေကို အကြိမ်ကြိမ် ထွက်ထမ်းဆောင်ခဲ့ပေမယ့် ဘယ်တော့မှ အမြင့်ကြီး မပျံသန်းရဲခဲ့ပေ။

မိုးကြိုးတိမ်တိုက်တွေနဲ့ ထိမိပြီး မိုးကြိုးတွေ ပစ်ချလာမှာကို ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။

မထင်ထားဘဲ တစ်နှစ်ကျော်ကြာပြီးနောက် ယနေ့တွင်တော့ သူက လင်းယွမ်နောက်သို့ လိုက်ပါကာ အဆုံးမရှိသည့် မိုးကြိုးတိမ်တိုက်တွေကို နောက်တစ်ကြိမ် ထပ်မံ စူးစမ်းရတော့မည် ဖြစ်သည်။

ဦးလေးမာ ဘက်မှာလည်း ထိုနည်းတူစွာ အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။

ကောင်းကင်မှ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ကာ ကမ္ဘာပျက်ကပ်ကြီး ကျရောက်လာခဲ့သည်။

ဒီရေဘေးကြီးက တကယ်တော့ ဘယ်ကနေ ရောက်လာတာလဲ... ဒီလောက်ကြာတဲ့အထိ မရပ်မနား ရွာသွန်းနေတဲ့ ဒီမိုးသက်မုန်တိုင်းကြီးက တကယ်တော့ ဘယ်နေရာကနေ လာတာလဲ ဆိုတာကို လူတိုင်းက ရှင်းရှင်းလင်းလင်း သိချင်နေကြသည်။

ကောင်းကင်မှာ ဘယ်လိုလုပ်ပြီး ဒီလောက်များပြားတဲ့ မိုးရေတွေ ရှိနေနိုင်ရတာလဲ။

ဦးလေးမာက ဒီမိုးသက်မုန်တိုင်းကြီးရဲ့ နောက်ကွယ်တွင် တကယ်တမ်း ဘယ်လိုအကြောင်းရင်းတွေက ဖန်တီးထားတာလဲ ဆိုတာကို သိချင်နေသည်။

လင်းယွမ်က သူတို့နှစ်ယောက်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "မိုးကြိုးတိမ်တိုက်တွေကို ဖြတ်သန်းဖို့ဆိုရင် အားလုံး အတူတကွ ကြိုးစားကြဖို့ လိုတယ်... လေပေါ်ကျွန်း တစ်ကျွန်းကို ရှာတွေ့ပြီး ကောင်းကင်ပေါ်မှာ စခန်းတစ်ခု တည်ဆောက်နိုင်ပြီဆိုရင် ရေလွှမ်းမိုးပြီး ကမ္ဘာပျက်ရတဲ့ အမှန်တရားကို စူးစမ်းရှာဖွေဖို့ ကျွန်တော်တို့ နောက်တစ်လှမ်း ပိုနီးစပ်သွားပြီပဲ"

လူအားလုံးက ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှား တက်ကြွနေသည့် အရိပ်အယောင်များ ပေါ်လွင်နေကြသည်။

နောက်ဆက်တွဲ ကိစ္စတွေကတော့ ရိုးရှင်းသွားပြီဖြစ်ကာ ဟွမ်ဖာ၏ ယာဉ်ပျံက ကောင်းကင်ယံတွင် လေပေါ်ကျွန်းကို ရှာဖွေနေလေသည်။

ထိုက်ယန်တောင်ဘက်တွင်လည်း ဒုတိယမြောက်နှင့် တတိယမြောက် ယာဉ်ပျံများကို လွှတ်တင်ရန် လျင်မြန်စွာ ပြင်ဆင်နေကြသည်။

လင်းယွမ်က သုမာရု ဟင်းလင်းပြင်ကို ဖွင့်လိုက်ပြီး လူအင်အားအားလုံးကို ပစ္စည်းများ ပြင်ဆင်စေကာ သုမာရု ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်စေလိုက်သည်။

ထို့နောက် သူကိုယ်တိုင် ထိုက်ယန်တောင် နံပါတ်နှစ် အမျိုးအစား ယာဉ်ပျံတစ်စင်းပေါ်သို့ တက်ရောက်သွားခဲ့သည်။

"ထွက်ကြစို့"

လင်းယွမ်က အမိန့်ပေးလိုက်သည်။

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနဘက်မှ ပါမောက္ခ လီဟန်ကျုံး၏ အမိန့်ပေးသံနှင့်အတူ ထိုက်ယန်တောင် စခန်းမှ ယာဉ်ပျံဆယ်စင်းက တိမ်လွှာများဆီသို့ တပြိုင်နက်တည်း ထိုးတက်သွားကြသည်။

လေထုကို ခွင်းသွားသည့် ဧရာမအသံကြီးကြောင့် ထိုက်ယန်တောင်မှ မရေမတွက်နိုင်သော ပြည်သူပြည်သားများက ခေါင်းမော့ကာ ကောင်းကင်ဆီသို့ ကြည့်လိုက်ကြသည်။

ထိုက်ယန်တောင်၏ ယာဉ်ပျံများက အဆုံးမရှိ ကျယ်ပြောလှသော မည်းမှောင်နေသည့် တိမ်တိုက်များထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်ကို လူတိုင်း မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် အံ့သြတကြီး အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

ရေဘေးကြီး ကျရောက်ပြီးကတည်းက ပျံသန်းနိုင်သည့် ယာဉ်များကို မမြင်တွေ့ရသည်မှာ အချိန်မည်မျှ ကြာမြင့်ခဲ့ပြီလဲ ဆိုတာကိုပင် မသိနိုင်တော့ပေ။

လူအားလုံးက မျှော်လင့်ချက် အပြည့်ဖြင့် ထိုယာဉ်ပျံများကို ကြည့်နေကြစဉ် မိုးကြိုးတိမ်တိုက်များအတွင်းသို့ ပျောက်ကွယ်သွားကြလေသည်။

မိုးကြိုးတိမ်တိုက်များထဲတွင် လင်းယွမ်က ပတ်ဝန်းကျင်ရှိ မည်းမှောင်နေသော တိမ်တိုက်များကို စူးစိုက်ကြည့်နေသည်။

မိုးကြိုးများက ဟိန်းဟောက် ပေါက်ကွဲနေပြီး လျှပ်စီးများက ယာဉ်ပျံကို အဆက်မပြတ် ရိုက်ခတ်နေသည်။

"ဆရာလင်း... မကြာခင် မိုးကြိုးမုန်တိုင်းဇုန်ကို ဖြတ်ကျော်တော့မယ်"

ယာဉ်ပျံ၏ ပတ်လည်တွင် စွမ်းအင် အကာအကွယ်က တည်ငြိမ်စွာ လည်ပတ်နေပြီး သင်္ကေတများက လှည့်ပတ်စီးဆင်းနေကာ ပတ်ဝန်းကျင်ရှိ ဗို့အားမြင့် လျှပ်စီးများကို အဆက်မပြတ် စုပ်ယူပြီးနောက် လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲကာ သိုလှောင်ထားလေသည်။

လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း ရုတ်တရက် စိတ်ထဲ၌ လှုပ်ရှားသွားကာ မေးလိုက်သည်။ "ဒီ အကာအကွယ်တွေပေါ်က သင်္ကေတတွေက ဘာသင်္ကေတတွေလဲ"

ဒီတစ်ကြိမ် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ လိုက်ပါလာသူ၏ အမည်မှာ တုကျစ်ကျဲ ဟုခေါ်ပြီး သူက လျှပ်စစ်အင်ဂျင်နီယာ ပါရဂူတစ်ဦး ဖြစ်ကာ ရေဘေးကြီး မတိုင်မီက မြို့တော်ရှိ နာမည်ကြီး ၉၈၅ တက္ကသိုလ်တစ်ခုတွင် သင်ကြားရေးနှင့် သုတေသန လုပ်ငန်းများကို တာဝန်ယူခဲ့သူ ဖြစ်သည်ဟု ဆိုကြသည်။

သူကိုယ်တိုင်က လင်ကျန်းမြို့ခံ တစ်ယောက်ဖြစ်သောကြောင့် ရေဘေးကြီး ကာလအတွင်း သူက နွေရာသီ ကျောင်းပိတ်ရက်၌ မိဘဆွေမျိုးများထံ အလည်ပြန်လာစဉ် မိုးသက်မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် နှောင့်နှေးသွားခဲ့ရပြီး ဤမိုးသက်မုန်တိုင်းက ယခုအချိန်အထိ ရွာသွန်းနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ရေဘေးကြီး ကျရောက်စ အစောပိုင်းကာလတွင် သူက လျှပ်စစ်အင်ဂျင်နီယာ ပါရဂူတစ်ဦးပီပီ လက်နက်အချို့ကို ကိုယ်တိုင် ပြုလုပ်ခဲ့ပြီး အစောပိုင်း အန္တရာယ်များကို အားတင်း ကျော်ဖြတ်ကာ သန္ဓေပြောင်းအစွမ်း နိုးထလာသည်အထိ တောင့်ခံနိုင်ခဲ့သည်။

ထို့နောက် ရေကြီးမှုက ဆက်လက် မြင့်တက်လာသဖြင့် မတတ်သာဘဲ မူလအဆောက်အအုံမှ ထွက်ခွာခဲ့ရကာ တစ်လျှောက်လုံး လေလွင့်ရင်း ခိုလှုံရေးစခန်း အများအပြားကို ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး နောက်ဆုံးတွင် ထိုက်ယန်တောင်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဤနေရာသို့ ရောက်သောအခါ ထိုက်ယန်တောင်က နည်းပညာမြင့် ကျွမ်းကျင်သူများကို အလေးထားကြောင်း တွေ့မြင်လိုက်ရသဖြင့် ထိုက်ယန်တောင်၏ ခေါင်းဆောင်ပိုင်းသည် အမြော်အမြင်ရှိသူများဟု သူ ခံစားလိုက်ရပြီး သူကိုယ်တိုင် တီထွင်ဖန်တီးထားသော လက်နက်အချို့ကို ထုတ်ယူကာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ လာရောက်၍ မိမိကိုယ်ကို မိတ်ဆက်ခဲ့လေသည်။

ပါမောက္ခ လီဟန်ကျုံး က သူ့ကို ကိုယ်တိုင် လူတွေ့စစ်ဆေးခဲ့ပြီး ဤပါရဂူ တုကျစ်ကျဲ၏ ပညာရပ်ပိုင်းဆိုင်ရာ အရည်အသွေးကို အတည်ပြုပြီးနောက် လင်းယွမ်ထံ ဤလူကို ချန်ထားပြီး နေရာပေးရန် ချက်ချင်း အပြင်းအထန် အကြံပြုခဲ့သည်။

လင်းယွမ်ကလည်း လီဟန်ကျုံး၏ ဆုံးဖြတ်ချက်ကို သဘာဝကျကျ ယုံကြည်သည့်အပြင် ကျွမ်းရှုယွမ်၏ စကားပြောဆို အကဲဖြတ်မှုများအရ ဤသူ၏ နောက်ခံသမိုင်းကြောင်းမှာ ရှင်းလင်းနေသဖြင့် သူ့ကို သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ဝင်ရောက်ခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

ဒီတစ်ကြိမ် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနဘက်တွင် သူ့ကို ခေါင်းဆောင်အဖြစ် တာဝန်ပေးကာ လင်းယွမ်တို့နှင့်အတူ လေပေါ်ကျွန်းထဲသို့ ဝင်ရောက်စေခဲ့ပြီး အနာဂတ်တွင် လေပေါ်ကျွန်းစခန်း၏ အကာအကွယ်များကို စီစဉ်ချထားရန် သူ့ကို တာဝန်ယူစေမည် ဖြစ်သည်။

တုကျစ်ကျဲက လင်းယွမ်၏ အမေးကို ကြားသောအခါ အလျင်အမြန် ဖြေကြားလိုက်သည်။ "ဆရာလင်း... အဲဒါက ကျွန်တော်တို့ ခိုက်ရီနည်းပညာ ကုမ္ပဏီရဲ့ ပန်းကန်ပြားပျံပေါ်ကနေ ဖြုတ်ယူလာတဲ့ သင်္ကေတတွေပါ... အဲဒါကို စွမ်းအင်ငြိမ် သင်္ကေတ လို့ ကျွန်တော်တို့ ခေါ်ဝေါ်ပါတယ်"

"ဒီလို သင်္ကေတမျိုးက ကြမ်းတမ်းတဲ့ သန္ဓေပြောင်းစွမ်းအင်တွေကို တည်ငြိမ်တဲ့ စွမ်းအင်ပုံစံအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်"

"ပြီးတော့ ကျွန်တော်တို့ရဲ့ စမ်းသပ်မှုတွေအရ... ဒီသင်္ကေတဟာ သင်္ကေတရဲ့ အရည်အသွေးအပေါ် လွှမ်းမိုးမှုမရှိတာကို တွေ့ရတယ်... ဆိုလိုတာက ဘယ်လို အရည်အသွေးရှိတဲ့ သန္ဓေပြောင်းစွမ်းအင်မျိုးကိုမဆို ဒီသင်္ကေတကနေတစ်ဆင့် ပြောင်းလဲနိုင်ပါတယ်"

"ဥပမာပြောရရင် တချို့ မီးဓာတ် အစွမ်းပိုင်ရှင်တွေ ထုတ်လွှတ်လိုက်တဲ့ မီးတောက်အစွမ်းတွေက အရမ်းကြမ်းတမ်းတဲ့ စွမ်းအားတွေ ပါဝင်နေတယ်... ဒါပေမဲ့ စွမ်းအင်ငြိမ် သင်္ကေတရဲ့ စုပ်ယူပြောင်းလဲမှုကို ဖြတ်သန်းသွားတာနဲ့ အပူချိန်ကို ထိန်းချုပ်လို့ရတဲ့ မီးဓာတ် စွမ်းအင်ပုံစံအဖြစ် ပြောင်းလဲသွားမှာပါ"

"ဒါ့အပြင် ဒီသင်္ကေတကို အထပ်ထပ် သုံးလို့ရပါတယ်... အထပ်များလေလေ တည်ငြိမ်မှု အာနိသင်က ပိုကောင်းလေလေဖြစ်ပြီး ပြောင်းလဲသွားတဲ့ သန္ဓေပြောင်းစွမ်းအင်က ပိုပြီး တည်ငြိမ်လေလေပါပဲ"

"ဒီသင်္ကေတကို အကာအကွယ် သင်္ကေတအစီအရင်တွေထဲမှာ အသုံးပြုဖို့ တွေးမိခဲ့တဲ့သူက... တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ ဖြစ်ရမယ်"

"ဒီသင်္ကေတကို သင်္ကေတအစီအရင်ထဲမှာ အသုံးပြုလိုက်ရင်... ဘယ်လောက်ပဲ ကြမ်းတမ်းတဲ့ တိုက်ခိုက် စွမ်းအင်ဖြစ်ပါစေ ထိထိရောက်ရောက်နဲ့ တည်ငြိမ်တဲ့ စွမ်းအင်ပုံစံအဖြစ် ပြောင်းလဲသွားမှာမို့လို့ အကာအကွယ်တစ်ခုလုံးကို ဖျက်ဆီးနိုင်မှာ မဟုတ်တော့ဘူး"

"ဒါပေမဲ့ ချက်ချင်း ပေါက်ကွဲဖျက်ဆီးနိုင်စွမ်းက... ဒီသင်္ကေတရဲ့ ခံနိုင်ရည်ထက် အများကြီး ကျော်လွန်သွားမယ်ဆိုရင်တော့ ချွင်းချက်ပေါ့"

"ခိုက်ရီနည်းပညာရဲ့ ပန်းကန်ပြားပျံ အပြင်ဘက်မှာက ဒီသင်္ကေတတွေကို အထပ်ထပ် အသုံးပြုထားပြီး... အပြင်က မိုးကြိုးမုန်တိုင်း အင်အားတွေကို စုပ်ယူပြီးနောက် အကြိမ်ကြိမ် ပြောင်းလဲမှုတွေ ဖြတ်သန်းပြီး အတော်လေး တည်ငြိမ်တဲ့ လျှပ်စစ်စွမ်းအင်ကို ဖြစ်ပေါ်စေတယ်... အဲဒီနောက် စွမ်းအင်သိုလှောင် သင်္ကေတနဲ့ ချိတ်ဆက်ပြီး နောက်ဆုံးမှာတော့ ထိရောက်တဲ့ စွမ်းအင်သိုလှောင်မှုတစ်ခု ဖြစ်ပေါ်လာတာပါ"

"ကျွန်တော်တို့ရဲ့ ယာဉ်ပျံကလည်း ဒီနည်းပညာကို စုပ်ယူထားပြီးဖြစ်လို့ အပြင်ဘက်က မိုးကြိုးမုန်တိုင်း အင်အားတွေကို ခုခံနိုင်စွမ်း ရှိနေတာပါ"

လင်းယွမ်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး မေးလိုက်သည်။ "ဒါဆိုရင် အစွမ်းပိုင်ရှင်တစ်ယောက်က ဒီလို သင်္ကေတမျိုးကို ကျွမ်းကျင်သွားရင်... ဒီလိုမျိုးအကာအကွယ်မျိုးကို ဖန်တီးနိုင်မှာ မဟုတ်ဘူးလား... ဒီလို မိုးကြိုးမုန်တိုင်းမျိုးကိုတောင် ခုခံနိုင်မှာပေါ့"

တုကျစ်ကျဲက ထိုစကားကို ကြားသောအခါ ပြန်ဖြေသည်။ "သီအိုရီအရတော့ ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ ဒါက လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုတာ တကယ့်ကို ခက်ခဲလွန်းပါတယ်"

"ဘာဖြစ်လို့လဲ"

"ဘာလို့လဲဆိုတော့ လူတစ်ယောက်ရဲ့ သန္ဓေပြောင်းစွမ်းအင်က အကန့်အသတ် ရှိလို့ပါပဲ... ဒီလို စွမ်းအင်ငြိမ် သင်္ကေတတွေကို ဖန်တီးနိုင်တဲ့ အရေအတွက်ကလည်း အကန့်အသတ် ရှိနေပါတယ်"

စွမ်းအင်ငြိမ် သင်္ကေတသည် လုံလောက်သော အရေအတွက် အထပ်ထပ် ရှိရန် လိုအပ်ပြီး အဆင့်တစ်ဆင့်ပြီးတစ်ဆင့် သင်္ကေတအစီအရင်များကို အဆက်မပြတ် တည်ဆောက်ကာ စွမ်းအင်ကို အကြိမ်ကြိမ် တည်ငြိမ်အောင် ပြုလုပ်ရသည်။ ထိုသို့ပြုလုပ်မှသာ နောက်ဆုံးတွင် စွမ်းအင်ကို တည်ငြိမ်စေသည့် အာနိသင်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

တုကျစ်ကျဲ၏ စကားများကြောင့် လင်းယွမ်မှာ အနည်းငယ် မျက်မှောင်ကြုတ်သွားမိသည်။

သူက သိပ်ပြီး နားမလည်နိုင်သေးပေ။

တုကျစ်ကျဲက ခဏစဉ်းစားပြီးနောက် ရှင်းပြပုံကို ပြောင်းလိုက်သည်။ "ဆရာလင်း အနေနဲ့ စွမ်းအင်ငြိမ် သင်္ကေတဆိုတာ ဗို့အားပြောင်းစက်နဲ့ တူတယ်လို့ နားလည်ထားလို့ ရပါတယ်... ကြီးမားတဲ့ ဗို့အားတွေကို ဗို့အားထိန်းစက်ကတစ်ဆင့် ဖြတ်သန်းပြီး ထိန်းချုပ်လို့ရတဲ့ အတိုင်းအတာတစ်ခုအတွင်းမှာ အဆက်မပြတ် တည်ငြိမ်သွားအောင် လုပ်ပေးနိုင်တာမျိုးပါ"

"စွမ်းအင်ငြိမ် သင်္ကေတ များလေလေ ထိန်းချုပ်နိုင်စွမ်း ပိုအားကောင်းလေလေပါပဲ"

"ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စမ်းသပ်ချက်တွေအရ ဒီလို စွမ်းအင်ငြိမ်တဲ့ အာနိသင်ကို ရရှိဖို့ဆိုရင်... အနည်းဆုံး စွမ်းအင်ငြိမ် သင်္ကေတ အခု ၃၀ ထက်မနည်း ပါဝင်ဖွဲ့စည်းထားတဲ့ သင်္ကေတအစီအရင် ဖွဲ့စည်းပုံ လိုအပ်ပါတယ်... ဒါမှသာ ပထမအကြိမ် စွမ်းအင်ငြိမ်တဲ့ အာနိသင်ကို ရရှိနိုင်မှာပါ"

"ဒါပေမဲ့ ပုံမှန်အားဖြင့် မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်တစ်ယောက်ဟာ... အဓိက အရည်အသွေးက စိတ်စွမ်းအင် အရည်အသွေး ဖြစ်နေရင်တောင်မှ... အများဆုံးက အမှတ် ၁၀၀ လောက်ပဲ ရှိတာမို့ တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်တဲ့ သင်္ကေတအရေအတွက်က ဘယ်လောက်များများ ရှိနိုင်မှာလဲ"

"ကျွန်တော်က ထိပ်တန်းအဆင့် မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင် မဟုတ်တော့... ဒီအချက်အလက်ကို သေချာ မသိပေမယ့် စဉ်းစားကြည့်ရသလောက်တော့ သင်္ကေတ အခု ၁၀၀ ထက် မပိုနိုင်လောက်ဘူးမလား"

"အခု ၁၀၀ ထက် မကျော်ဘူးဆိုရင် အများဆုံးအနေနဲ့ အခြေခံအကျဆုံး စွမ်းအင်ငြိမ် သင်္ကေတအစီအရင် သုံးဆင့်လောက်ပဲ တည်ဆောက်နိုင်မှာပါ... အလွန်ဆုံးမှ မိုးကြိုးမုန်တိုင်းကို သုံးဆလောက် လျော့ကျသွားအောင်ပဲ လုပ်နိုင်မှာပေါ့"

"ဒါပေမဲ့ အပြင်ဘက်က မိုးကြိုးမုန်တိုင်းရဲ့ ပြင်းအားကို ဆရာလင်း ကြည့်ကြည့်လေ... သုံးဆလောက် လျော့ကျသွားရင်တောင် ကာဗွန်အခြေခံ သက်ရှိတွေ လုံးဝ ခုခံနိုင်မှာ မဟုတ်ပါဘူး"

တုကျစ်ကျဲက မျက်မှန်ကို ပင့်တင်ရင်း လင်းယွမ်ကို ထိုသို့ ရှင်းပြလိုက်သည်။

လင်းယွမ်က ထိုစကားကို ကြားသောအခါ သူ၏ လက်ရှိ စိတ်စွမ်းအင် မျိုးရိုးဗီဇအမှတ်များကို တွက်ဆကြည့်လိုက်သည်။

လူသားပုံစံမှာတော့ ထည့်ပြောစရာ မလိုတော့ပေ။ သို့သော် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ဆောင်ပြီးနောက် လိပ်ဝိညာဉ် ပုံရိပ်ယောင်မြွေ မျိုးရိုးဗီဇမြေပုံ အသွင်သို့ ပြောင်းလဲလိုက်မည်ဆိုပါက...

သူ၏ စိတ်စွမ်းအင် အရည်အသွေးသည် အမှတ် ၃၀၀ ဝန်းကျင်အထိ ထိုးဖောက်ရောက်ရှိသွားနိုင်ပေသည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် သူသည် စွမ်းအင်ငြိမ် သင်္ကေတ မည်မျှအထိ ဖန်တီးနိုင်မည်နည်း။

လင်းယွမ် စမ်းသပ်မကြည့်ဖူးသေးသော်လည်း ဤသည်မှာ လမ်းကြောင်း တစ်ခုပင် ဖြစ်သည်။

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်တွေ အဆက်မပြတ် တက်လာတာနဲ့အမျှ... ငါ့ရဲ့ စိတ်စွမ်းအင် အရည်အသွေးကလည်း သေချာပေါက် ဆက်တိုက် တိုးတက်လာမှာပဲ"

"အဲဒီအချိန်ကျရင် ဖန်တီးနိုင်တဲ့ သင်္ကေတ အရေအတွက်ကလည်း အဆက်မပြတ် များပြားလာမှာပဲ... ဒီ စွမ်းအင်ငြိမ် သင်္ကေတအစီအရင်က သေချာပေါက် အရမ်းအသုံးဝင်လာလိမ့်မယ်"

လင်းယွမ်က ရုတ်တရက် နည်းလမ်းတစ်ခုကို ထပ်တွေးမိသွားပြီး မေးလိုက်သည်။ "လူတစ်ယောက်တည်းက စွမ်းအင်ငြိမ် သင်္ကေတတွေ အများကြီး မဖန်တီးနိုင်ဘူးဆိုရင်... အဲဒီ စွမ်းအင်ငြိမ် သင်္ကေတတွေကို ချပ်ဝတ်တန်ဆာတွေ... ဒိုင်းလွှားတွေလို လက်နက်တွေပေါ်မှာ ပုံစံဖော်လို့ မရဘူးလား"

"အဲဒီလိုဆိုရင် အလားတူ အကာအကွယ်ပစ္စည်း တစ်စုံကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူးလား"

တုကျစ်ကျဲက ခါးသက်သက် ပြုံးလိုက်ပြီး ပြောသည်။ "ဒါက စွမ်းအင် ထောက်ပံ့မှု ပြဿနာနဲ့ ပတ်သက်သွားပြီဗျ... ချပ်ဝတ်တန်ဆာ ဒါမှမဟုတ် ဒိုင်းလွှား တစ်ခုပေါ်မှာ မြှုပ်နှံနိုင်တဲ့ စွမ်းအင်ကျောက်တုံး အရေအတွက်က အကန့်အသတ် ရှိနေတယ်လေ... သင်္ကေတတွေ များလေလေ စွမ်းအင် ကုန်ကျမှုက များလေလေပါပဲ"

"စွမ်းအင်ငြိမ် သင်္ကေတက အားကောင်းတဲ့ သင်္ကေတအစီအရင် တစ်ခုဖြစ်လာဖို့ အခြေခံအရေအတွက် အများကြီး လိုအပ်တယ်... ဒါက စွမ်းအင် ထောက်ပံ့ဖို့အတွက် စွမ်းအင်ကျောက်တုံးတွေ အမြောက်အမြား လိုအပ်မယ်ဆိုတာကို သတ်မှတ်ထားသလို ဖြစ်နေတာပါ"

"သာမန် ချပ်ဝတ်တန်ဆာတွေ၊ ဒိုင်းလွှားတွေရဲ့ အရွယ်အစားက သေးငယ်လွန်းတော့... စွမ်းအင်ငြိမ် သင်္ကေတအစီအရင်ကို နေရာချထားဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းပါတယ်"

"စွမ်းအင် ပိုမိုသိုလှောင်နိုင်ပြီး အရွယ်အစား ပိုသေးငယ်တဲ့ စွမ်းအင် ကိရိယာကို ရှာမတွေ့သရွေ့ပေါ့ဗျာ"

လင်းယွမ် သဘောပေါက်သွားသည်။ ဤသည်မှာ ကမ္ဘာပျက်ကပ် မတိုင်မီက လျှပ်စစ်ကားများနှင့် တူညီနေသည်။

လျှပ်စစ်ကားများကို မတီထွင်နိုင်မီက အကြီးမားဆုံး ပြဿနာမှာ လီသီယမ် ဘက်ထရီ ပြဿနာပင် ဖြစ်သည်။

ဘက်ထရီ အရွယ်အစား သေးငယ်လွန်းပါက စွမ်းဆောင်ရည် မလုံလောက်သဖြင့် ကားက ခရီးဝေးဝေး သွားနိုင်မည် မဟုတ်ပေ။

အကယ်၍ လျှပ်စစ်စွမ်းအင် လုံလောက်ချင်ပါက ဘက်ထရီ၏ အရွယ်အစားမှာ အလွန် ကြီးမားလာမည် ဖြစ်သည်။

အတိုချုပ် ပြောရလျှင် ဤသည်မှာ စွမ်းအင် နည်းပညာ ပြဿနာပင် ဖြစ်သည်။

ဘယ်အချိန်များမှ လက်ရှိ စွမ်းအင်ကျောက်တုံးနေရာတွင် အစားထိုးနိုင်မည့် အဆင့်မြင့် စွမ်းအင်အရင်းအမြစ်တစ်ခုကို ရှာတွေ့မည်နည်း။ ထိုအချိန်ကျမှသာ ဤစွမ်းအင်ငြိမ် သင်္ကေတအစီအရင်သည် သူ၏ စွမ်းပကားကို ထုတ်ဖော်ပြသနိုင်မည့် အချိန်ဖြစ်ပေလိမ့်မည်။

လင်းယွမ်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ "စွမ်းအင်ငြိမ် သင်္ကေတတွေရဲ့ ပုံစံတစ်စုံလောက် ကျွန်တော့်ကို ပေးပါ... နောက်မှ အားတဲ့အခါ လေ့လာကြည့်ရအောင်"

တုကျစ်ကျဲက ခေါင်းညိတ်လိုက်ပြီး "ကျွန်တော့်ဆီမှာ အသင့်ရှိတဲ့ ပုံကြမ်းတွေ ရှိပါတယ်... ဆရာလင်း ခဏစောင့်ပါ" ဟု ပြောလိုက်သည်။

သူက ကွန်ပျူတာထဲမှ အချက်အလက်များကို လျင်မြန်စွာ ဆွဲထုတ်ကာ လင်းယွမ်အတွက် တစ်စုံ ကူးယူပေးလိုက်သည်။

လင်းယွမ်က အချိန်ရခိုက် လေ့လာကြည့်ရန် ရည်ရွယ်ထားသည်။ သူ လိပ်ဝိညာဉ် ပုံရိပ်ယောင်မြွေ အသွင်သို့ ပြောင်းလဲပြီးနောက် စွမ်းအင်ငြိမ် သင်္ကေတအစီအရင်ကို ဖန်တီးနိုင်မလား ဆိုသည်ကို ကြည့်ရမည်။

"ထွက်လာပြီဟေ့"

"ဆရာလင်း... ကျွန်တော်တို့ တိမ်လွှာတွေကို ဖောက်ထွက်လာနိုင်ပြီ"

"ဆရာလင်း ကြည့်ပါဦး... ကျွန်တော်တို့ ထွက်လာနိုင်ပြီဗျ"

ရုတ်တရက် လူအုပ်ကြီးထံမှ အားရပါးရ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

လင်းယွမ်က ခေါင်းမော့ကြည့်လိုက်ရာ အပြင်ဘက်တွင် နေရောင်ခြည်များ ဖြာကျနေပြီး တိမ်လွှာများအပေါ်သို့ ဖြာကျနေသည်ကို တွေ့လိုက်ရသည်။ မည်းမှောင်နေသော မှင်ရည်စက်ကို ရွှေရောင်အနားသတ်များ ကွပ်ထားသည့်အလား ထင်မှတ်ရသည်။

ကောင်းကင်ယံတွင် ဧရာမ လေပေါ်ကျွန်းကြီးများ တစ်ကျွန်းပြီးတစ်ကျွန်း မျောပါနေကြသည်။

မရေမတွက်နိုင်သော သန္ဓေပြောင်း သားရဲကြီးများက ကျွန်းကြီးများပေါ်တွင် ပျံသန်းသွားလာနေကြသည်။

အချို့က အုပ်စုလိုက် သွားလာနေကြပြီး အချို့က ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးကွယ်သွားစေကာ အချို့ကလည်း လျှပ်စီးပမာ လျင်မြန်လှသည်။

လင်းယွမ်သည် ဤမြင်ကွင်းကို ဗီဒီယိုထဲတွင် အစောကတည်းက မြင်ဖူးခဲ့သော်လည်း ယခုလို ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် မြင်တွေ့ရသောအခါ အတော်လေး တုန်လှုပ်သွားမိသည်။

ကောင်းကင်ယံ၌ မျောပါနေသော လေပေါ်ကျွန်းများသည် ၎င်းတို့၏ မူလပုံစံများကို ရေးရေးမျှ မြင်တွေ့နေရသည်။

တကယ်ပင် ဧရာမ သန္ဓေပြောင်း သားရဲပုံစံ အမျိုးမျိုး ဖြစ်နေကြသည်။

သို့သော် အကွာအဝေး အရမ်းနီးကပ်နေသော လေပေါ်ကျွန်းများ၏ ဧရိယာက ကြီးမားလွန်းလှသဖြင့် မည်သည့် သက်ရှိမျိုး ဖြစ်သည်ကို လုံးဝ မခွဲခြားနိုင်ပေ။

တောကြီးတစ်တောထဲ ရောက်နေရသလို ခံစားချက်မျိုးကို အတော်လေး ပေးစွမ်းနေသည်။

လင်းယွမ်က ထိုလေပေါ်ကျွန်းများကို အကဲခတ်ကြည့်လိုက်ပြီး သူ၏ အကြည့်များက နောက်ဆုံးတွင် အထက်သို့ မြင့်တက်သွားကာ အဆုံးမဲ့နေသော ကောင်းကင်ယံဆီသို့ ရောက်ရှိသွားသည်။

ဤကမ္ဘာဂြိုဟ်၏ အဝေးဆုံးသော ကောင်းကင်ယံအထက်တွင် ကောင်းကင်ပြင်ကို ဖြတ်သန်းသွားသော ဧရာမ နဂါးငွေ့တန်းကြီး တစ်ခုက သက်တံကြီးတစ်ခုအလား ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလေသည်။

ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများက ၎င်းထဲမှနေ၍ အောက်သို့ စီးဆင်းလာပြီး အချို့သော အစိတ်အပိုင်းများက ဤကမ္ဘာဂြိုဟ်ပေါ်သို့ ကျရောက်ကာ သည်းထန်သော မိုးသက်မုန်တိုင်းကြီးများအဖြစ် ပြောင်းလဲပြီး တိမ်လွှာများထဲသို့ ရွာကျလာခြင်း ဖြစ်သည်။

ထိုတိမ်လွှာများက တဖြည်းဖြည်း ပို၍ပို၍ ထူထဲလာခြင်းမှာ အဆုံးမဲ့ စကြဝဠာကို ဖြတ်သန်းသွားသော ဤဧရာမ ရေလှိုင်းကြီးကြောင့်ပင် ဖြစ်သည်။

လင်းယွမ်၏ မျက်ဝန်းအိမ်တွင် အံ့သြမှင်သက်မှုနှင့် တုန်လှုပ်မှုတို့ ဖြတ်ပြေးသွားသည်။

အဆုံးအစမရှိတဲ့ ဒီနဂါးငွေ့တန်းကြီးက တကယ်တော့ ဘယ်လိုသောက်ကျိုးနည်း အရာကြီးလဲ။

ဒါက ဘယ်နေရာကနေ လာတာလဲ... ပြီးတော့ ဘယ်နေရာကို စီးဆင်းသွားတာလဲ။

ဤနဂါးငွေ့တန်းကြီး၏ အရင်းအမြစ်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်နှင့် ရေဘေးကြီး၏ လျှို့ဝှက်ချက်က ချက်ချင်း ပွင့်ထွက်သွားလိမ့်မည်ဟု လင်းယွမ်၌ ပြင်းထန်သော အလိုအလျောက် သိစိတ်တစ်ခု ရှိနေလေသည်။

ဆက်ရန်...

အပိုင်း(၇၄၀) မုန်ယာအဖွဲ့၏ တိုက်ခိုက်မှု

"ဟွမ်ဖာ... ဟွမ်ဖာ... ခင်ဗျားရဲ့ တည်နေရာကို သတင်းပို့"

လင်းယွမ်က ယာဉ်ပျံအထဲတွင် စကားပြောစက်ကို ကိုင်ကာ အရင်ဆုံး တက်လာသည့် ယာဉ်ပျံ၏ တည်နေရာကို မေးမြန်းလိုက်သည်။

စကားပြောစက်ထဲမှ ဟွမ်ဖာ၏ လျင်မြန်သော အဖြေစကားသံ ထွက်ပေါ်လာ၏။

"ဆရာလင်း... ကျွန်တော်ရှိတယ်... ကျွန်တော့်ရဲ့ တည်နေရာက... အရှေ့တောင်ဘက် ၁၂ မိုင်လောက်မှာပါ"

လင်းယွမ်က မြေပုံကို တစ်ချက်ကြည့်လိုက်သည်။ ရေကြီးမှုကြီး ဖြစ်ပွားပြီးနောက်ပိုင်း အထင်ကရ နေရာများ ပျောက်ကွယ်သွားခဲ့ပြီး အကိုးအကားပြုစရာ အရာဝတ္ထုများလည်း မရှိတော့ပေ။

ထို့ကြောင့် ထိုက်ယန်တောင်မှ လူများက ထိုက်ယန်တောင်ကိုသာ အဓိက အကိုးအကားအဖြစ် သတ်မှတ်ကာ အရှေ့... အနောက်... တောင်... မြောက် ခွဲခြားကြခြင်း ဖြစ်သည်။

မကြာမီပင် လင်းယွမ်က သူ၏ တည်နေရာကို ရှာတွေ့သွားပြီး ချက်ချင်း မေးလိုက်သည်။ "ခင်ဗျားဘက်မှာ အခု အခြေအနေ ဘယ်လိုရှိလဲ"

"လူမနေတဲ့ လေပေါ်ကျွန်း တစ်ကျွန်းကို တွေ့ထားတယ်... ဒါပေမဲ့ ကျွန်းပေါ်က အခြေအနေက နည်းနည်း ထူးဆန်းနေတယ်... ဆရာလင်း... ကျွန်တော်တို့ လုံလုံခြုံခြုံ ဆင်းသက်နိုင်မလား ဆိုတာ မသေချာဘူး"

"အဲဒီနေရာမှာပဲ အမိန့်ကို စောင့်နေ... ကျွန်တော်တို့ အခုလာခဲ့မယ်"

လင်းယွမ်က ချက်ချင်း အမိန့်ပေးလိုက်ရာ ယာဉ်ပျံ အားလုံးက ဟွမ်ဖာရှိရာ ယာဉ်ပျံဘက်သို့ ချက်ချင်း ဦးတည်ပျံသန်းသွားကြသည်။

လေထုထဲတွင် လေခွင်းသံများ တဝီဝီမြည်ဟည်းလျက် ယာဉ်ပျံများက လျင်မြန်စွာ ဖြတ်သန်းသွားကြသည်။

ကောင်းကင်ရှိ သန္ဓေပြောင်း သတ္တဝါများ၏ ပစ်မှတ်ထားခြင်းကို ကာကွယ်ရန်အတွက် ယာဉ်ပျံ အားလုံးက ကိုယ်ပျောက်မုဒ်ကို ဖွင့်ထားကြသည်။

၁၂ မိုင် ဆိုသည်မှာ သိပ်မဝေးလှပေ။ ယာဉ်ပျံ၏ အမြန်နှုန်းဖြင့်ဆိုလျှင် ငါးမိနစ်ခန့်သာ ကြာမြင့်ပြီး ရောက်ရှိသွားကြသည်။

သို့သော် ဤအကွာအဝေးတွင်ပင်...

ရှေ့တည့်တည့်၌ ဧရာမ လေပေါ်ကျွန်းကြီး တစ်ကျွန်း ပေါ်လာလေသည်။

ထိုလေပေါ်ကျွန်း၏ ပုံသဏ္ဌာန်မှာ ခွေလိပ်နေသော မြွေဟောက်ကြီးတစ်ကောင်နှင့် တူနေပြီး ခရုပတ်ပုံစံ တောင်ကုန်းများက တစ်ထပ်ပြီးတစ်ထပ် ထပ်နေကာ အကြမ်းဖျင်းအားဖြင့် ဆယ့်နှစ်ထပ်ခန့် ရှိပုံရသည်။ အောက်ခြေကားပြီး အပေါ်သို့ ရှူးသွားကာ မျက်နှာပြင်တစ်ခုလုံးတွင် ကျောက်ဆောင်များနှင့် သစ်ပင်သစ်တောများ ပြည့်နှက်နေလေပြီ။

အဝေးမှ ကြည့်လိုက်ပါက လေထဲတွင် ပေါလောပေါ်နေသော တောင်ငယ်လေး တစ်လုံးနှင့်ပင် တူနေသည်။

ယာဉ်ပျံများ တဖြည်းဖြည်း နီးကပ်သွားပြီးနောက် လင်းယွမ်က ထိုတောင်ကို သေချာစွာ အကဲခတ်ကြည့်ရင်း မေးလိုက်သည်။ "ဘာများ ထူးခြားတာ တွေ့လဲ"

စကားပြောစက်၏ တစ်ဖက်မှ ဟွမ်ဖာက ပြန်ဖြေလာသည်။ "ဆရာလင်း... ဟိုတောင်ပေါ်က သစ်တောတွေထဲကို သေချာကြည့်ကြည့်... စပါးအုံးမြွေကြီးတွေ အများကြီးပဲ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ လူတစ်ယောက်ကို မှန်ပြောင်း အမြန်ယူခိုင်းလိုက်ပြီး လေပေါ်တောင်ကုန်းကြီးဆီသို့ အဝေးမှ လှမ်းကြည့်လိုက်သည်။

မှန်ပြောင်းဖြင့် ကြည့်လိုက်သောအခါ လင်းယွမ် တကယ်ပင် ထူးခြားမှုကို တွေ့လိုက်ရသည်။

ထိုကျောက်ဆောင်များနှင့် သစ်တောများကြားတွင် ဧရာမ စပါးအုံးမြွေကြီး အများအပြားက သစ်ပင်များနှင့် ကျောက်တုံးများပေါ်တွင် ခွေလိပ်နေကြသည် မဟုတ်ပါလော။

ပမာဏမှာ အလွန်များပြားလွန်းပြီး ကြက်သီးထဖွယ် ကောင်းလှသည်။

"ဒါ လုံးဝ မြွေကျွန်းကြီးပဲ"

ဘေးနားမှ တုကျစ်ကျဲ ကလည်း မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

ထူလုံ ကလည်း ဝင်ပြောလိုက်သည်။ "ဆရာလင်း... ဒါတွေက သန္ဓေပြောင်း သတ္တဝါတွေ ဖြစ်ဖို့များတယ်... သူတို့အထဲက တချို့စပါးအုံးမြွေတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထူးဆန်းတဲ့ အလင်းရောင်တွေ ထွက်နေတာကို ကျွန်တော် သတိထားမိတယ်"

ဦးလေးမာကလည်း မှန်ပြောင်းကို ကိုင်ကာ တောင်ကုန်း၏ ပုံသဏ္ဌာန်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "ဒီတောင်က အရမ်း မတ်စောက်လွန်းတယ်... အခြေစိုက်စခန်း ဆောက်ချင်ရင် တောင်ဂူထဲမှာပဲ ဆောက်လို့ရမယ် ထင်တယ်"

"ဒါပေမဲ့ ဒီနေရာက မြေကြီး အနက်ကို မတိုင်းတာရသေးဘူး... အခြေစိုက်စခန်း ဆောက်ဖို့ သင့်တော်ချင်မှ သင့်တော်မှာ"

သိထားရမည့်အချက်မှာ ဤလေပေါ်ကျွန်းများသည် အခြေခံအားဖြင့် ဧရာမ သားရဲကြီးများ၏ အလောင်းများမှ ဖြစ်တည်လာခြင်းပင်။

အပြင်ပန်းရှိ ကျောက်ဆောင်များနှင့် သစ်ပင်သစ်တောများမှာ အချိန်ကြာမြင့်စွာ လေထဲတွင် ပေါလောပေါ်နေပြီး ရေပေါ်လွင့်မျောနေသော အရာဝတ္ထုများ စုပုံလာရာမှ ဖြစ်ပေါ်လာသော မြေဆီလွှာနှင့် ကျောက်လွှာများသာ ဖြစ်သည်။ ထို့ကြောင့် ကျောက်လွှာနှင့် မြေဆီလွှာ အနက်မှာ သိပ်နက်မည် မဟုတ်သည်မှာ သေချာလှသည်။

အောက်သို့ ဆက်တူးသွားပါက ဤဧရာမ သားရဲကြီး၏ သွေးသားခန္ဓာကိုယ် အစစ်အမှန်ကို တူးမိသွားပေလိမ့်မည်။

သေချာသည်က အခြေစိုက်စခန်းကို သားရဲကြီး၏ ခန္ဓာကိုယ်တွင်း ကမ္ဘာထဲတွင် တိုက်ရိုက် ဆောက်လုပ်၍ ရနိုင်သည်။ သို့သော် ထိုသို့ဆိုလျှင် ပြဿနာတစ်ခု ရှိနေသေးသည်။ ခန္ဓာကိုယ်တွင်း ကမ္ဘာတွင် နေရောင်ခြည်နှင့် မြေဆီလွှာ မရှိသည့်အပြင် ရေအရင်းအမြစ်ပင် မရှိပေ။

ထို့အပြင် အတွင်းပိုင်းသည် အခြေခံအားဖြင့် အလုံပိတ်နေသော နေရာတစ်ခု ဖြစ်နေသည်။ လေဝင်လေထွက် မကောင်းသည့် အခြေအနေမျိုးတွင် အတွင်း၌ ကျန်ရှိနေသော လေကိုသာ အားကိုးရမည်ဆိုပါက အချိန်ကြာမြင့်စွာ အသက်ရှင်ရပ်တည်နိုင်ရန် အလွန် ခက်ခဲလှသည်။

ထို့ကြောင့် ခန္ဓာကိုယ်တွင်း ကမ္ဘာသည် ရှင်သန်နေထိုင်ရန် မသင့်တော်သည်မှာ အသေအချာပင်။

လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "မလောပါနဲ့... ထပ်ရှာကြည့်ကြတာပေါ့... ကောင်းကင်ပေါ်မှာ လေပေါ်ကျွန်းတွေ ဒီလောက် အများကြီးပဲ... မြေပြန့်နည်းနည်း ပိုများတဲ့ တခြားလေပေါ်ကျွန်းတွေ သေချာပေါက် ရှိဦးမှာပါ"

"မှတ်ထားနော်... ထိုက်ယန်တောင်ရဲ့ တည့်တည့် အထက်နားက ဧရိယာနားမှာ အတတ်နိုင်ဆုံး ကပ်ပြီး ရှာကြ"

ဤအချက်က အလွန် အရေးကြီးသည်။ ထိုက်ယန်တောင်၏ တည့်တည့် အထက်ရှိ လေပိုင်နက်ကို ထိုက်ယန်တောင်မှ ကိုယ့်လူများကသာ ထိန်းချုပ်ထားရမည် ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ဤဧရိယာကို အခြားအဖွဲ့အစည်းများကသာ သိမ်းပိုက်သွားပါက... သူတို့က အပေါ်စီးမှနေ၍ ထိုက်ယန်တောင်ကို တိုက်ရိုက် တိုက်ခိုက်လာလျှင် အောက်ဘက်တွင် ရှိနေသော ထိုက်ယန်တောင်မှာ အရှင်လတ်လတ် ပစ်မှတ်ကြီး ဖြစ်သွားမည် မဟုတ်ပါလော။

"ဟုတ်ကဲ့ပါ ဆရာလင်း"

ယာဉ်ပျံ ဆယ်စင်းသည် လင်းယွမ်၏ အမိန့်ကို ရရှိပြီးနောက် အနီးအနားတွင် သင့်တော်သော နေရာကို လျင်မြန်စွာ စတင် ရှာဖွေကြတော့သည်။

မကြာမီမှာပင် ဟွမ်ဖာ၏ ယာဉ်ပျံက သင့်တော်သော ပစ်မှတ်နေရာကို အရင်ဆုံး ရှာတွေ့သွားခဲ့သည်။

"သတင်းပို့ပါတယ်... ထိုက်ယန်တောင်ရဲ့ အနောက်မြောက်ဘက် ၂၅ မိုင်လောက်မှာ ဧရာမ လေပေါ်ကျွန်းကြီး တစ်ကျွန်း တွေ့ထားပါတယ်"

လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။ "ကျွန်တော် သွားကြည့်မယ်"

လင်းယွမ်၏ အမိန့်ပေးသံနှင့်အတူ ထိုက်ယန်တောင် အမှတ်(၂) စီးရီး ယာဉ်ပျံများ အားလုံးက ဟွမ်ဖာ သတင်းပို့ထားသော နေရာသို့ အလျင်အမြန် စုရုံးသွားကြသည်။

မကြာမီမှာပင် လင်းယွမ်၏ အမြင်အာရုံထဲတွင် အလွန် ကြီးမားလှသော ဧရာမ လေပေါ်ကျွန်းကြီးတစ်ခု ပေါ်လာလေသည်။

ထို ဧရာမ လေပေါ်ကျွန်းကြီး၏ အလုံးစုံ ပုံသဏ္ဌာန်မှာ တြိဂံပုံစံ ဖြစ်နေပြီး ပင်လယ်ထဲရှိ လင်းဆွဲငါးကြီးနှင့် တူနေသည်။

မြေမျက်နှာသွင်ပြင် တစ်ခုလုံးမှာ အလွန် ပြန့်ကျူးနေပြီး ဧရာမ လွင်ပြင်ကြီး တစ်ခုနှင့်ပင် တူနေသည်။

၎င်း၏ တစ်ဝက်ခန့်မှာ တိမ်စွယ်များကြားတွင် ပုန်းကွယ်နေပြီး မျက်နှာပြင်ပေါ်တွင် သစ်တောထူထူများ၊ ကျောက်ဆောင်များ၊ တောင်တန်းများနှင့် မြစ်ချောင်းများ အားလုံး စုံလင်စွာ ရှိနေသည်။

လင်းယွမ်က မျက်မှန်းတန်း၍ ခန့်မှန်းကြည့်လိုက်ရာ ၎င်း၏ ဧရိယာအကျယ်အဝန်းမှာ ၈ စတုရန်းမိုင်ခန့် ကျော်လွန်မည်ဖြစ်ပြီး ထိုက်ယန်တောင် နှစ်လုံးစာမျှ ရှိသော ဧရိယာပမာဏပင်။

ထို့အပြင် ရေလွှမ်းမိုးမှု မခံရခင်က ထိုက်ယန်တောင်၏ အရွယ်အစားမျိုး ဖြစ်သည်။

လင်းယွမ်၏ မျက်လုံးများတွင် အရောင်လက်သွားသည်။ "ဒီလေပေါ်ကျွန်းက မဆိုးဘူးပဲ"

ဦးလေးမာက ချက်ချင်း ဝင်ပြောလိုက်သည်။ "မြေမျက်နှာသွင်ပြင်က ပြန့်ပြူးတယ်... အလယ်က မြင့်ပြီး ဘေးပတ်လည်က နိမ့်တော့ ရေဝပ်ဖို့ မလွယ်ဘူး... ပြီးတော့ ကျွန်းပေါ်မှာ သစ်တောတွေ၊ ကျောက်ဆောင်တွေက အချိုးကျ ပြန့်နှံ့နေပြီး စီးဆင်းနေတဲ့ မြစ်ချောင်းတွေလည်း ရှိသေးတယ်... တကယ်ကို ကောင်းမွန်တဲ့ အခြေစိုက်စခန်း ရွေးချယ်စရာ နေရာတစ်ခုပါပဲ"

ဘေးနားမှ တုကျစ်ကျဲ ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ "ဧရိယာ အကျယ်အဝန်းကလည်း လုံလောက်တယ်... ထိုက်ယန်တောင်... မိန်တောင် နဲ့ ကျွယ်ယွင်တောင်စောင်း တောင်သုံးလုံးပေါ်က လူဦးရေကို အပြည့်အဝ ဆံ့နိုင်တယ်... ကွမ်ဖူ ဘက်က တောင်တွေပေါ်က လူဦးရေကိုတောင် အေးဆေး ဆံ့လောက်တယ်"

လင်းယွမ်က ပြောလိုက်သည်။ "အဲဒါတွေကို အရင် မစဉ်းစားနဲ့ဦး... ကျွန်တော်နဲ့လိုက်ခဲ့... ဒီကျွန်းပေါ်က နေထိုင်ဖို့ သင့်တော်ရဲ့လား... ဘာအန္တရာယ်တွေများ ရှိနိုင်လဲ ဆိုတာ သွားကြည့်ကြမယ်"

"ယာဉ်ပျံ ကပ္ပတိန်တွေ အားလုံး အမိန့်နာခံ... မြေပြန့်တဲ့နေရာကို ရှာပြီး ရပ်နားကြ... သတိဝီရိယ ရှိကြဖို့ မမေ့နဲ့"

"နားလည်ပါပြီ"

"အမိန့်ရရှိပါပြီ"

ယာဉ်ပျံ ဆယ်စင်းလုံးက အသီးသီး ပြန်လည် ဖြေကြားလိုက်ကြပြီးနောက် ရှေ့ရှိ လေပေါ်ကျွန်းကြီးဆီသို့ လျင်မြန်စွာ နီးကပ်သွားကြသည်။

လေပေါ်ကျွန်း၏ လေပိုင်နက်ထဲသို့ ဝင်ရောက်သွားချိန်တွင် ရုတ်တရက် ကျွန်းပေါ်မှ ဧရာမ အကာအကွယ် ဒိုင်းလွှာကြီးတစ်ခု လင်းလက်လာလေသည်။

ထိုနောက် ချက်ချင်းဆိုသလိုပင် အလင်းတန်းများစွာက သူတို့ဆီသို့ ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရသည်။

"ဝုန်း"

"ဝုန်း"

"ဝုန်း"

"သတိထား"

"ရန်သူ"

လူအားလုံးမှာ မျက်နှာများ ပျက်သွားကြပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ထိုအခြေအနေကို မြင်သောအခါ လင်းယွမ်လည်း မျက်မှောင်ကြုတ်သွားသည်။

"ဒီလေပေါ်ကျွန်းကို လူတွေ သိမ်းပိုက်ထားတာလား"

ဦးလေးမာက တည်နေရာကို ချက်ချင်း စစ်ဆေးကြည့်ပြီးနောက် ပြောလိုက်သည်။ "လင်းယွမ်... ဒီလေပေါ်ကျွန်းက ထိုက်ယန်တောင်ရဲ့ တည့်တည့်အထက် လေပိုင်နက်နဲ့ အရမ်း နီးလွန်းနေတယ်"

"တခြားလူတွေသာ သိမ်းပိုက်သွားရင် ငါတို့ ထိုက်ယန်တောင်အတွက် အရမ်းကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်လာလိမ့်မယ်"

ထူလုံ ကလည်း ချက်ချင်း ဝင်ပြောသည်။ "ဆရာလင်း... ဒီနေရာကို အပြင်လူတွေ သိမ်းပိုက်သွားလို့ လုံးဝ မဖြစ်ဘူး"

ယာဉ်ပျံများက အကာအကွယ်ဒိုင်းလွှာကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဟိန်းဟောက်နေသော စွမ်းအင်အလင်းတန်းများ အားလုံး အပြင်ဘက်တွင် ပိတ်ဆို့ခံလိုက်ရသည်။

ယာဉ်ပျံများက အလင်းတန်းများကို လျင်မြန်စွာ ကွေ့ရှောင်လိုက်ပြီး တစ်ဖက်ရန်သူ၏ ပစ်မှတ်လော့ခ်ချခြင်းမှ အမြန်ဆုံး လွတ်ကင်းအောင် ရှောင်တိမ်းလိုက်ကြသည်။

လင်းယွမ်က စကားအများကြီး မပြောတော့ဘဲ ချက်ချင်း အမိန့်ပေးလိုက်သည်။ "အတင်းအကျပ် ဆင်းသက်ကြ"

"နားလည်ပါပြီ"

ယာဉ်ပျံ ဆယ်စင်းလုံးက ချက်ချင်း လူစုခွဲလိုက်ကြပြီး ဆင်းသက်ရန် အခွင့်ကောင်းကို လျင်မြန်စွာ စတင် ရှာဖွေကြတော့သည်။

ထိုအချိန်မှာပင် အဝေးမှ အကာအကွယ်ဒိုင်းလွှာ ဖုံးလွှမ်းထားသော အလင်းတန်းများကြားမှ ယာဉ်ပျံ အစင်းဆယ်ချီခန့်က လျင်မြန်စွာ ပျံသန်းထွက်လာကြသည်။

ထိုယာဉ်ပျံများ ထွက်လာပြီးနောက် ထိုက်ယန်တောင်ဘက်မှ ယာဉ်ပျံများကို ချက်ချင်း စတင် တိုက်ခိုက်ကြတော့သည်။

လင်းယွမ်က တစ်ဖက်ရန်သူ၏ ယာဉ်ပျံများကို ကြည့်လိုက်ရာ ၎င်းတို့၏ ကိုယ်ထည်ပေါ်တွင် ထင်ရှားသော မုန်ယာ အမှတ်တံဆိပ်များကို တွေ့လိုက်ရသည်။

သူ ချက်ချင်း နားလည်သွားတော့သည်။

"ဒါ မုန်ယာအဖွဲ့ရဲ့ ယာဉ်ပျံတွေပဲ"

လင်းယွမ်၏ မျက်နှာထား တင်းမာသွားပြီးနောက် ပြဿနာတစ်ခုကို ချက်ချင်း တွေးမိသွားသည်။ ဤနေရာက ထိုက်ယန်တောင်နှင့် ၂၅ မိုင်ကျော်မျှ ဝေးကွာပြီး အကြမ်းဖျင်း တည်နေရာမှာ စစ်တပ်၏ တိမ်မြူကျွန်း တည့်တည့်အထက် လေပိုင်နက်နှင့် အတိအကျ နီးကပ်နေပုံရသည်။

စစ်တပ်ရဲ့ ယာဉ်ပျံတွေက ဒီ မုန်ယာကုမ္ပဏီက လူတွေနဲ့ တွေ့ခဲ့ရတာများလား။

"ဟက်... တကယ့်ကို အထက်စီးဆန်လွန်းတာပဲ"

လင်းယွမ်က အေးစက်စွာ ပြုံးလိုက်သည်။ တစ်ဖက်လူက အသိပေးခြင်းပင် မရှိဘဲ တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်ခြင်းမှာ တကယ်ကို ရက်စက်လွန်းလှသည်။

"ဝှစ်"

"ဝှစ်"

ယာဉ်ပျံက လားရာကို အလျင်အမြန် ပြောင်းလဲလိုက်ပြီး လေထဲတွင် မျဉ်းကွေးများ အဆက်မပြတ် ဆွဲကာ သစ်တောထဲသို့ လျင်မြန်စွာ တိုးဝင်သွားသည်။

"ဝုန်း"

ယာဉ်ပျံ စက်ရပ်သွားပြီး တစ်ချိန်တည်းမှာပင် ကိုယ်ပျောက် ကိရိယာကို လျင်မြန်စွာ ဖွင့်လိုက်သည်။

ဤသို့ဆိုလျှင် စွမ်းအင်မောင်းနှင်မှု မရှိတော့သဖြင့် တစ်ဖက်ရန်သူအနေနှင့် ရေဒါစနစ်ကို အားကိုးကာ ငြိမ်သက်နေသော ယာဉ်ပျံကို ဖမ်းယူနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

လင်းယွမ်က တိုက်ရိုက် အမိန့်ပေးလိုက်သည်။ "ယာဉ်ပျံတံခါး ဖွင့်လိုက်"

"နားလည်ပါပြီ"

ယာဉ်ပျံ၏ အခန်းတံခါး လျင်မြန်စွာ ပွင့်သွားပြီး လင်းယွမ်က ထူလုံ... တုကျစ်ကျဲ... ဦးလေးမာ နှင့် အခြားလူများကို ခေါ်ဆောင်ကာ အမြန် ဆင်းလာခဲ့သည်။

ဤယာဉ်ပျံပေါ်တွင် စုစုပေါင်း လူရှစ်ယောက်သာ ရှိပြီး ကျန်လေးယောက်မှာ ယာဉ်မောင်းသူများ ဖြစ်ကြသည်။

သူတို့ အသီးသီးက လက်နက်အပြည့်အစုံ တပ်ဆင်ထားကြပြီး အစွမ်း လက်နက်များကို ကိုင်ဆောင်ကာ ဘေးပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်နေကြသည်။

လင်းယွမ်က သူ၏ စိတ်စွမ်းအင်ကို ထုတ်လွှတ်ကာ အရပ်မျက်နှာ အနှံ့အပြားသို့ စူးစမ်းလိုက်ပြီးနောက် ပြောလိုက်သည်။ "အန္တရာယ်ကင်းတယ်"

"ကျွန်တော်တို့ရဲ့ တခြား ယာဉ်ပျံတွေရဲ့ ဆွဲဆောင်ခေါ်ဆောင်သွားတာ ခံလိုက်ရတဲ့ပုံပဲ" ဟု ထူလုံ က ပြောသည်။

လင်းယွမ်က ခေါင်းအသာညိတ်ပြလိုက်ပြီး ပြောလိုက်သည်။ "ဦးလေးမာ... ဒေါက်တာတု... ပြီးတော့ ခင်ဗျားတို့တွေက သုမာရု ဟင်းလင်းပြင် ထဲကို အရင် ပြန်ဝင်နေကြ... ကျွန်တော် ထူလုံ ကို ခေါ်ပြီး တစ်ဖက်ရန်သူရဲ့ အခြေစိုက်စခန်းထဲကို ဝင်နိုင်ဖို့ နည်းလမ်းရှာလိုက်မယ်... ကျွန်တော်တို့ တိုက်ရိုက် ဝင်ရောက်စီးနင်းကြတာပေါ့"

"ကောင်းပါပြီ"

"ဟုတ်ကဲ့ပါ"

လင်းယွမ်က သုမာရု ဟင်းလင်းပြင် ကို ဖွင့်ကာ ထိုလူများကို အတွင်းသို့ ပို့ဆောင်ပေးလိုက်သည်။

ထို့နောက် သစ်တောထဲတွင် လင်းယွမ်နှင့် ထူလုံ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။

ထူလုံ ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အနည်းငယ် ယှက်သန်းနေပြီး မေးလိုက်သည်။ "ဆရာလင်း... ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ"

"တစ်ဖက်ရန်သူရဲ့ အခြေစိုက်စခန်းကို တိုက်ရိုက် သွားကြတာပေါ့"

"သူတို့ဘက်မှာ အစွမ်းပိုင်ရှင်တွေ ရှိမရှိ ကျွန်တော် အရင်သွားပြီး အကဲခတ်ကြည့်လိုက်မယ်" ဟု ထူလုံ က ချက်ချင်း ကိုယ်တိုင် တာဝန်ယူကာ ပြောလိုက်သည်။

လင်းယွမ်က ခေါင်းအသာညိတ်ပြလိုက်ပြီး "သွားမယ်" ဟု ပြောလိုက်သည်။

နှစ်ယောက်သား အရင်က တွေ့ခဲ့ရသော အကာအကွယ်ဒိုင်းလွှာ ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ပြေးသွားကြတော့သည်။

မိနစ်အနည်းငယ်မျှ ကြာပြီးနောက် သူတို့နှစ်ဦးသည် ဧရာမ အခြေစိုက်စခန်းကြီးတစ်ခု ရှေ့သို့ ရောက်ရှိသွားကြသည်။

ဤဧရာမ အခြေစိုက်စခန်းကြီးမှာ တောင်ကုန်းကို မှီ၍ ဆောက်လုပ်ထားခြင်းဖြစ်ပြီး နေရာယူထားသော ဧရိယာမှာ သိပ်မကျယ်ဝန်းလှဘဲ ဘောလုံးကွင်း တစ်ကွင်းစာခန့်သာ ရှိသည်။ ဘေးပတ်ပတ်လည်တွင် မိုးမထိတထိ မြင့်မားသော သစ်ပင်ကြီးများ ရှိနေပြီး စိမ်းလန်းသော သစ်ပင်များက အရိပ်အာဝါသများ ဖြစ်ပေါ်နေသည်။

ဧရာမ အဝက်စက်လုံးပုံစံ အကာအကွယ်ဒိုင်းလွှာကြီးက မြေပြင်ပေါ်တွင် လွှမ်းခြုံထားပြီး အခြေစိုက်စခန်း တစ်ခုလုံးကို ဖုံးအုပ်ထားလေသည်။

ဘေးပတ်ပတ်လည်တွင် မြင့်မားသော မြို့ရိုးများကို တည်ဆောက်ထားပြီး မြို့ရိုးများပေါ်တွင် မရေမတွက်နိုင်သော သင်္ကေတများဖြင့် ဖွဲ့စည်းထားသည့် အစီအရင်များ ရှိနေသည်။

ထိုအခြေစိုက်စခန်း၏ အကာအကွယ်ဒိုင်းလွှာသည် မြို့ရိုးပေါ်ရှိ ဤသင်္ကေတများကို အသက်သွင်းပြီးနောက် ဖြစ်ပေါ်လာခြင်းပင်။

မြို့ရိုးပေါ်တွင် အကွာအဝေး တစ်ခုခြားတိုင်း ဧရာမ စွမ်းအင်အမြောက် ပြောင်းဝများကို တပ်ဆင်ထားသည်။

ယခုအချိန်တွင် အမြောက်ပြောင်းဝများ အားလုံးက ကောင်းကင်ဆီသို့ ချိန်ရွယ်ထားကြပြီး တစ်စုံတစ်ခုကို ပစ်မှတ်ထားနေပုံရသည်။

"ခုနက ကျွန်တော်တို့ရဲ့ ယာဉ်ပျံကို တိုက်ခိုက်ခဲ့တာ ဒီစွမ်းအင်အမြောက်တွေလား" ဟု ထူလုံ က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

လင်းယွမ်က ခေါင်းအသာညိတ်ပြလိုက်ပြီး ပြောလိုက်သည်။ "ဒီလို စွမ်းအင်အမြောက်တွေရဲ့ စွမ်းအားက သိပ်မကြီးဘူး... မိုးကြိုးပေါက်ကွဲတာကို မမီသေးဘူး"

"စွမ်းအင်ငြိမ် သင်္ကေတ နဲ့ ဖွဲ့စည်းထားတဲ့ ယာဉ်ပျံ အကာအကွယ်ဒိုင်းလွှာ ရှိနေတော့... ဒီလိုအဆင့်လောက်ရှိတဲ့ စွမ်းအင်အမြောက်တွေက ကျွန်တော်တို့ရဲ့ ယာဉ်ပျံကို ဖောက်ထွင်းပြီး မပစ်နိုင်ပါဘူး"

"ဆရာလင်း... ဒီထဲမှာ လူသိပ်များများစားစား ရှိမနေတဲ့ပုံပဲနော်"

ထူလုံ က တစ်ပတ်လည်အောင် ကြည့်ပြီးနောက် မနေနိုင်ဘဲ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

မြို့ရိုးပေါ်မှ ကြည့်လိုက်လျှင် လူအနည်းငယ်သာ ရှိသည်မှာ အမှန်ပင်။ သို့သော် မြို့ရိုး အတွင်းပိုင်းတွင် လူမည်မျှ ရှိမည်ကိုတော့ မသိနိုင်ပေ။

လင်းယွမ်က ပြောလိုက်သည်။ "ကျွန်တော် အထဲကို ခိုးဝင်ပြီး သွားကြည့်လိုက်မယ်... ခင်ဗျားက အပြင်ကနေ စောင့်ကြည့်ပေး"

"နားလည်ပါပြီ"

ပြောပြီးသည်နှင့် လင်းယွမ်က ကိုယ်ကို ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး မြေလျှိုးအစွမ်း ကို တိုက်ရိုက်အသုံးပြုကာ မြေအောက်သို့ လျင်မြန်စွာ ခိုးဝင်သွားတော့သည်။

အကာအကွယ်ဒိုင်းလွှာက အခြေစိုက်စခန်း၏ အထက်လေဟာပြင်ကို မှောက်ချထားသော်လည်း မြေအောက်တွင်တော့ အကာအကွယ် စွမ်းရည် ရှိချင်မှ ရှိပေလိမ့်မည်။

လင်းယွမ်က ထိုအကာအကွယ်ဒိုင်းလွှာ နားသို့ ကပ်သွားရာ ထင်သည့်အတိုင်းပင် မြေအောက်၌ အကာအကွယ် မရှိသည်မှာ သေချာသွားသည်။

လင်းယွမ်က ထိုအခြေစိုက်စခန်း၏ မြို့ရိုးအတွင်းပိုင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြန်ထွက်လာကာ အရိပ်တစ်ခုအဖြစ် တိုက်ရိုက် ပြောင်းလဲလိုက်ပြီး လူသူကင်းမဲ့သော နေရာတွင် ပုန်းကွယ်နေလိုက်သည်။

သူက အရပ်လေးမျက်နှာသို့ အကြည့်ဝေ့ကာ အခြေစိုက်စခန်း တစ်ခုလုံးကို အကဲခတ်ကြည့်လိုက်သည်။

ဤသို့ကြည့်လိုက်သောအခါ လင်းယွမ်၏ ရင်ထဲတွင် မအံ့သြဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

အခြေစိုက်စခန်း တစ်ခုလုံးတွင် လူအလွန် နည်းပါးလှပြီး ကျယ်လွင့်သော ကွင်းပြင်ထဲတွင် ယာဉ်ပျံ အများအပြားကို ရပ်နားထားသည်။

လင်းယွမ်ကို အံ့အားသင့်ဆုံး ဖြစ်စေခဲ့သည်မှာ ထို သွားလာလှုပ်ရှားနေသော လူများကြားတွင် စက်ရုပ် အမြောက်အမြား ပေါ်လာခြင်းပင်။

"စက်ရုပ်တွေလား"

သူ၏ မျက်နှာထား အနည်းငယ် တည်သွားသည်။ "ဘယ်လိုလုပ် စက်ရုပ်တွေ ရှိနေရတာလဲ... ဒီ မုန်ယာကုမ္ပဏီ ရဲ့ နည်းပညာ အဆင့်အတန်းက ဒီလောက်အထိတောင် ရောက်နေပြီလား"

ဤအခြေစိုက်စခန်းထဲတွင် လမ်းလျှောက်သွားလာနေသော လူပုံစံ သက်ရှိများ၏ အများစုမှာ စက်ရုပ်ပုံစံများပင် ဖြစ်သည်။

သိထားရမည့်အချက်မှာ ရေကြီးမှုကြီး မဖြစ်ပွားမီက လူသားများတွင် လူပုံစံ စက်ရုပ်များကို အမြောက်အမြား ထုတ်လုပ်နိုင်ခြင်း မရှိခဲ့ပေ။

မည်ကဲ့သို့ကြောင့် ရေကြီးမှုကြီး ဖြစ်ပြီးနောက်ပိုင်းမှ ဤကဲ့သို့ လူပုံစံ စက်ရုပ်များက ပြောင်းပြန် ထွက်ပေါ်လာရသနည်း။

ဤအချက်က လင်းယွမ်ကို အံ့သြမဆုံး ဖြစ်သွားစေသည်။

အစွမ်းများ ပေါ်ထွက်လာခြင်းက နည်းပညာ တိုးတက်မှုကိုပါ တွန်းအားပေးလိုက်သည်များလား။

လင်းယွမ်၏ ကိုယ်ခန္ဓာက အရိပ်များကြားတွင် ပျောက်ကွယ်နေပြီး သူ၏ အကြည့်များက အနီးအနားတွင် ကင်းလှည့်နေသော စက်ရုပ်အဖွဲ့ကို စိုက်ကြည့်နေသည်။

ထိုစက်ရုပ်များမှာ ယေဘုယျအားဖြင့် ၈ ပေခန့် ရှိပြီး ကိုယ်လုံးကိုယ်ပေါက်မှာ သာမန်လူများထက် ကြီးမားလှသည်။ စက်ယန္တရား ဖွဲ့စည်းပုံမှာ သိပ်မရှုပ်ထွေးလှဘဲ ၎င်းတို့၏ ကိုယ်ထည်ပေါ်တွင် ထင်ရှားသော အမြောက်စင်များနှင့် သေနတ်များကဲ့သို့သော ပစ္စည်းများကို တပ်ဆင်ထားသည်။

၎င်းတို့၏ လက်နက်များနှင့် ခန္ဓာကိုယ်ပေါ်တွင် မောင်းနှင်ရန် တပ်ဆင်ထားသည့် သင်္ကေတများ အတော်များများ ရှိနေသည်ကို လင်းယွမ် သတိထားမိလိုက်သည်။

"သင်္ကေတ နည်းပညာတွေကိုပါ အသုံးပြုထားတာပဲ"

"ဒီ မုန်ယာအဖွဲ့ က တကယ်တမ်း ဘယ်လို အဖွဲ့အစည်းကြီးလဲ"

လင်းယွမ် မျက်မှောင်ကြုတ်သွားပြီးနောက် သိပ်မဝေးလှသော တောင်ကုန်းကို မှီ၍ ဆောက်လုပ်ထားသည့် အနက်ရောင် အဆောက်အအုံကြီးဆီသို့ အကြည့်လွှဲလိုက်သည်။

အခြေစိုက်စခန်း တစ်ခုလုံးတွင် ထိုအနက်ရောင် အဆောက်အအုံက အမြင့်မားဆုံးဖြစ်ပြီး အပြင်ဘက်တွင် အလုပ်လုပ်နေသူများမှာ အားလုံး စက်ရုပ်များပင် ဖြစ်သည်။ အဆောက်အအုံထဲတွင် သက်ရှိလူများ ရှိမရှိ ဆိုသည်ကိုတော့ မသိရပေ။

ထိုအချက်ကို တွေးမိသည်နှင့် သူက ကိုယ်ကို ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး ထိုအနက်ရောင် အဆောက်အအုံကြီး နားသို့ လျင်မြန်စွာ ကပ်သွားလိုက်လေသည်။

ဆက်ရန်...

နောက်တစ်အုပ်မှာဆိုရင်တော့... လင်းယွမ် ဒီကျွန်းပေါ်မှာ ဘယ်လိုအံ့သြစရာတွေ အထူးအဆန်းတွေကြုံရဦးမလဲ၊ ဒီလေပေါ်ကျွန်းကိုရော သိမ်းပိုက်နိုင်ပါ့မလား၊ မုန်ယာကုမ္ပဏီကရော ထိုက်ယန်တောင်ကို ဝင်တိုက်နိုင်ချေရှိလား၊ စစ်တပ်နဲ့မုန်ယာကုမ္ပဏီတို့ရဲ့တိုက်ပွဲကရော ဘယ်လိုဖြစ်မလဲ၊ စစ်တပ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေဦးမလဲ၊ လင်းယွမ်က စစ်တပ်ကို အပြည့်အဝသိမ်းပိုက်နိုင်မလား စတာတွေကိုဆက်ပြီးစောင့်မျှော်ဖတ်ရှုအားပေးကြပါဦးနော်။

All Chapters