← Chapters

အခန်း (၉၉၁-၉၉၂)

Vol. 96 Ch. 991-992

အခန်း (၉၉၁-၉၉၂)

Vol. 96 Ch. 991-992

​အခန်း ၉၉၁ မလှုပ်မယှက်

"လုဝမ်နဲ့ပဲ သွားလိုက်ပါ"

​ဧကရာဇ်မင်းမြတ်သည် လုံချန်း၏အနားတွင် အဖော်အဖြစ် လိုက်ပါရန် သူ၏သားတော်ဖြစ်သူ မင်းသားလုဝမ်ကို အကြံပြုလိုက်လေသည်။

​‘တစ်ယောက်ယောက်ကို ငါနဲ့ထည့်ပေးမယ်ဆိုတာ သိသားပဲ၊ ဒါပေမဲ့ ဘာလို့ ဒီကောင် ဖြစ်နေရတာလဲ’

​လုံချန်းသည် အဘယ်ကြောင့်မှန်း မသိသော်လည်း လုဝမ်အပေါ်တွင် ကောင်းသော ခံစားချက်မရှိချေ။ ထိုသူကို မကြည်ဖြူသော စိတ်အခံတစ်ခု သူ၏ရင်ထဲ၌ ကိန်းအောင်းနေသကဲ့သို့ပင်။

​ထို့ပြင် လုဝမ်သည် ဤအင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်သည်နှင့်အညီ သာမန်ကိုယ်ရံတော် တစ်ဦးထက် ပို၍ စွမ်းအားကြီးမားပြီး အဆက်အသွယ် ပေါများလှ၏။ မိမိဘာသာ တစ်ကိုယ်တည်း လွတ်လပ်စွာ သွားလာနိုင်ရန် ထိုသူ့မျက်စိအောက်မှ ရုန်းထွက်ဖို့မှာ အတော်ပင် ခဲယဉ်းပေလိမ့်မည်။

​"ရပါတယ် ယောက္ခမကြီး၊ ကျွန်တော့်မှာ သီးသန့်သွားချင်တဲ့နေရာရယ်လို့ မရှိပါဘူး။ မြို့ထဲမှာ ဒီအတိုင်း လမ်းလျှောက်ကြည့်ချင်ရုံတင်ပါ၊ တစ်ယောက်တည်းဆိုရင် ပိုပြီးတော့တောင် ပျော်စရာကောင်းဦးမှာ" လုံချန်းက ပါးပါးနပ်နပ်ဖြင့် ငြင်းပယ်ရန် ကြိုးစားကြည့်၏။

​"မဟုတ်တာ... မင်း အပြင်သွားမယ်ဆိုမှတော့ ငါတို့မြို့ရဲ့ အထင်ကရနေရာတွေကို ကြည့်ရှုပြီး ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးသင့်တာပေါ့" ဧကရာဇ်က လုံချန်း၏စကားကို ပယ်ချလိုက်သည်။

​သူက ဆက်လက်၍ အကြောင်းပြချက်ကို ရှင်းပြသည်။ "မင်းတစ်ယောက်တည်းဆိုရင် အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။ ပြီးတော့ လုဝမ်နဲ့အတူသွားရင် မင်းတို့ညီအစ်ကို နှစ်ယောက် ပိုပြီး ရင်းနှီးသွားကြမှာပေါ့။ ဒါဟာ အင်မတန် ကောင်းမွန်တဲ့ ရလဒ်ပဲ"

​"ဒါပေမဲ့..."

​"ဒါပေမဲ့တွေ ဘာတွေ လုပ်မနေနဲ့တော့။ မင်း အပြင်သွားချင်ရင် သူ့ကို ခေါ်သွားရမယ်။ သူ့ကို မခေါ်သွားရင်တော့ ငါ အပြင်ထွက်ခွင့် မပြုနိုင်ဘူး။ ဒါဟာ အပြီးသတ် ဆုံးဖြတ်ချက်ပဲ။ ပြီးတော့ မင်း ငါ့ကို လှည့်စားပြီး ခိုးထွက်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ငါ တကယ် ဒေါသထွက်မိလိမ့်မယ်နော်" ဧကရာဇ်က လုံချန်းအား သတိပေးလိုက်လေသည်။ သူ၏ ဆုံးဖြတ်ချက်မှာ ကျောက်စာတိုင်ကဲ့သို့ ခိုင်မာလှချေပြီ။

​လုံချန်းမှာ သက်ပြင်း တစ်ချက်ချရင်း ခေါင်းခါရုံမှတစ်ပါး အခြားမတတ်နိုင်တော့ချေ။

​"ကောင်းပါပြီ... ယောက္ခမကြီးရဲ့ လုဝမ်ကိုပဲ ကျွန်တော်နဲ့အတူ ခေါ်သွားပါ့မယ်" လုံချန်းက မလိုလားသော်လည်း သဘောတူလိုက်ရ၏။ ထိုလူကို မျက်ခြေဖြတ်ရန် ခက်ခဲမည်ဖြစ်သော်လည်း လုံးဝ မဖြစ်နိုင်သည်တော့ မဟုတ်ဟု သူ တွေးလိုက်သည်။

​"ဒါမှ ငါ့ရဲ့ သမက်ကောင်းပဲ" ဧကရာဇ်က ကျေနပ်အားရစွာ ရယ်မောရင်း ခေါင်းညိတ်ပြလိုက်သည်။ "အခု ပြန်နားလို့ရပြီ၊ မနက်ကျရင် လုဝမ်ကို မင်းအခန်းဆီ လာခေါ်ခိုင်းလိုက်မယ်"

​လုံချန်းသည် ခန်းမအတွင်းမှ ထွက်ခွာခဲ့ပြီး မိမိ၏အခန်းဆီသို့ ပြန်လာခဲ့၏။

​"တကယ်ကို ဒုက္ခပဲ။ အဖိုးကြီးက ဘာလို့ သူ့သားကိုပဲ ရွေးရတာလဲ" သူက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။

​မကြာမီပင် အခန်းသို့ ရောက်ရှိလာသော်လည်း မင်ယုမှာ ပြန်မရောက်သေးချေ။ လုံချန်းသည် နူးညံ့ချောမွတ်လှသော ကုတင်ပေါ်သို့ တက်ကာ တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး တရားထိုင်ကာ ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

​သူသည် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ပိုမိုသန်မာရန် လိုအပ်နေဆဲပင်။ အချိန်တိုင်းသည် သူ့အတွက် တန်ဖိုးရှိလှချေသည်။

​"ငါက သူ့ကို လိုက်ပို့ရမယ်ပေါ့... စိတ်ဝင်စားစရာပဲ။ ဒါ ငါ စောင့်နေတဲ့ အခွင့်အရေးများလား" လုဝမ်သည် မိမိ၏အခန်း၌ ထိုင်နေရင်း တစ်ကိုယ်တည်း ရေရွတ်နေ၏။

​ခမည်းတော်နှင့် သွားရောက်တွေ့ဆုံပြီးနောက် လုံချန်း၏ မြို့ပတ်ခရီးစဉ်တွင် အဖော်အဖြစ် လိုက်ပါရမည်ဟူသော အမိန့်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ လုံချန်းနှင့်အတူ ရှိနေရမည် ဖြစ်သဖြင့် မိမိအစီအစဉ်ကို အကောင်အထည်ဖော်ရန် အခွင့်အရေး ပိုရလာမည်ဟု တွေးကာ သူ ကျေနပ်နေမိသည်။

​လုံချန်းသည် သူ ကျင့်ကြံနေစဉ် မင်ယု ပြန်လာပါက အလွယ်တကူ ဝင်နိုင်ရန်အတွက် အခန်းတံခါးကို ဂျိတ်မထိုးဘဲ ထားခဲ့၏။ ထိုစဉ် လူတစ်ယောက်သည် ညင်သာသော ခြေလှမ်းများဖြင့် အခန်းထဲသို့ ဝင်ရောက်လာပြီး တံခါးကို ပြန်ပိတ်လိုက်လေသည်။

​"ဟူး... သူ့အနားမှာ နေချင်လို့ အမြန်ပြန်လာတာကို၊ သူကတော့ ကျင့်ကြံခြင်းထဲမှာ စိတ်နှစ်နေပြီပဲ" မင်ယုက ကျင့်ကြံနေသော လုံချန်းကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။

​"မလှုပ်မယှက် ရှိနေတဲ့အချိန်မှာတောင် သူက တကယ်ကို ချောမောလွန်းပါတယ်" သူမ၏ မေတ္တာအပြည့်ရှိသော မျက်ဝန်းများဖြင့် မျက်စိမှိတ်ထားသော လုံချန်းကို ငေးကြည့်နေမိသည်။

​သူမသည် လုံချန်းအနားသို့ တိုးသွားပြီး ကုတင်ပေါ်တွင် ထိုင်ကာ သူနှင့်အတူ ကျင့်ကြံခြင်းကို စတင်လိုက်လေတော့သည်။

​ညတာ ကုန်ဆုံး၍ နံနက်ခင်းသို့ ရောက်ရှိလာခဲ့ချေပြီ။

​လုံချန်းနှင့် မင်ယုတို့သည် တစ်ညလုံး ကျင့်ကြံနေခဲ့ကြပြီး နံနက်ရောက်မှသာ အနှောင့်အယှက် ပေးခြင်း ခံလိုက်ရသည်။

​တံခါးခေါက်သံကြောင့် လုံချန်း မျက်လုံးပွင့်လာသလို မင်ယုလည်း နိုးလာခဲ့၏။

​"ရပါတယ်... နင့် အစ်ကို ဖြစ်မှာပါ။ ဒီနေ့ ငါ သူနဲ့အတူ မြို့ထဲသွားကြည့်ဖို့ ရှိတယ်၊ နင် မထနဲ့တော့" လုံချန်းက မင်ယုအား ပြောကြားကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။

​"အပြင်သွားမလို့လား... ငါလည်း လိုက်ခဲ့ရမလား" မင်ယုက လုံချန်းအား မေးလိုက်၏။

​"နင် လိုက်ချင်ရင်တော့ ရပါတယ်၊ ဒါပေမဲ့ နင် မယ်တော်ကို ပြုစုရဦးမယ် မဟုတ်လား" လုံချန်းက ခပ်ယဲ့ယဲ့ ပြုံးလျက် ဆိုလိုက်သည်။

​"ဟုတ်သားပဲ... မယ်တော်ကို ပြုစုရဦးမယ်၊ မယ်တော်ရဲ့ ကျန်းမာရေးက အခုထိ သိပ်မကောင်းသေးဘူး" မင်ယုက စိတ်မကောင်းစွာ ရေရွတ်လိုက်ရှာသည်။

​"ရပါတယ်... နင် မယ်တော် နေကောင်းသွားမှ ငါတို့နှစ်ယောက် အတူတူ သွားကြတာပေါ့" လုံချန်းက သူမ၏ စိတ်ကို နားလည်သဖြင့် နှစ်သိမ့်လိုက်၏။

​မင်ယု မည်သို့လုပ်ရမှန်း မသိဖြစ်နေစဉ် လုံချန်း၏ စကားကြောင့် စိတ်သက်သာရာ ရသွားပြီး ကလေးငယ်တစ်ယောက်ကဲ့သို့ ပြုံးကာ ခေါင်းညိတ်ပြရှာသည်။ "အင်း..."

​"ဒါမှ ငါ့ရဲ့ မိန်းကလေးကောင်းလေးပေါ့" ထိုသို့ ဆိုကာ လုံချန်းသည် သူမအနားသို့ ပြန်သွားပြီး နှုတ်ခမ်းဖူးလေးကို ခပ်ဖွဖွ နမ်းလိုက်၏။ ထို့နောက် အဆက်မပြတ် တံခါးခေါက်နေသော နေရာသို့ လျှောက်သွားလိုက်သည်။

​လုံချန်း တံခါးဖွင့်လိုက်သောအခါ အပြင်ဘက်တွင် ရပ်နေသော လုဝမ်ကို တွေ့လိုက်ရ၏။

​"မင်း တံခါးဖွင့်တာ တော်တော် ကြာတာပဲ" လုဝမ်က ပြောလိုက်သည်။

​"အင်း... နည်းနည်း အလုပ်ရှုပ်နေလို့ပါ။ ပထမဆုံးအကြိမ် ခေါက်တာကိုလည်း ကြားပါတယ်၊ ဒါပေမဲ့ ခဏခဏ ခေါက်နေတာတော့ နည်းနည်း များသွားလားလို့" လုံချန်းက ခေါင်းခါရင်း ပြန်ပြောလိုက်သည်။ သူသည် အခန်းပြင်သို့ ထွက်ကာ တံခါးကို ပြန်ပိတ်လိုက်၏။

​"သွားကြမယ်လေ"

​"ငါ့နောက်က လိုက်ခဲ့" ထိုသို့ ဆိုကာ လုဝမ်က ရှေ့မှ ဦးဆောင် ထွက်ခွာသွားလေသည်။ လုံချန်းကလည်း နောက်မှ လိုက်ပါလာ၏။

​‘ဒါက ပိုတောင် ကောင်းသေးတယ်။ ဒီကောင်က ငါ့ကို ဂရုမစိုက်ဘဲ ရှေ့ကနေပဲ သွားနေမယ်ဆိုရင် ငါ မျက်ခြေဖြတ်ဖို့ ပိုလွယ်တာပေါ့။ မဆိုးပါဘူး... ငါ ထင်ထားတာထက်တောင် ပိုပြီး လွယ်ကူသွားနိုင်တယ်’ လုံချန်းက ပြုံးလျက် တွေးတောနေမိသည်။

​သူတို့နှစ်ဦးသည် နန်းတော်ပြင်သို့ ထွက်လာခဲ့ကြရာ အပြင်ဘက်တွင် မြင်းနှင့်တူသော သတ္တဝါနှစ်ကောင် အသင့်စောင့်ကြိုနေ၏။

​"ဒါတွေနဲ့ သွားကြမှာလား" လုံချန်းက မေးလိုက်စဉ် လုဝမ်မှာ မြင်းတစ်ကောင်ပေါ်သို့ ခုန်တက်လိုက်ပြီး ဖြစ်သည်။

​"အေးလေ... မင်း မြင်းမစီးတတ်ဘူးတော့ မပြောနဲ့နော်" လုဝမ်က မျက်မှောင်ကြုတ်လျက် လုံချန်းအား မေးလိုက်သည်။

​‘မြင်းနဲ့ တူတူပါပဲ၊ လွယ်မှာပါ’ ထိုသို့ တွေးကာ လုံချန်းသည်လည်း မြင်းပေါ်သို့ တက်လိုက်၏။

​"စီးတတ်ပါတယ်"

​"ဒါမှပေါ့... မင်းကို ငါကိုယ်တိုင် ချီပိုးသွားရမလားလို့ စိုးရိမ်နေတာ" လုဝမ်က ခနဲ့သလို ရေရွတ်ရင်း သူ၏မြင်းကို ရှေ့သို့ စတင် မောင်းနှင်လိုက်လေသည်။

​လုံချန်းသည်လည်း လိုက်ရန် ကြိုးစားသော်လည်း မအောင်မြင်ချေ။ သူ၏မြင်းမှာ တုပ်တုပ်မျှ မလှုပ်ဘဲ ငြိမ်နေ၏။

​"ဟေ့... သွားစမ်းပါ။ မင်းက တကယ့်မြင်းလိုပဲ မဟုတ်လား။ သွားစမ်းပါ... ငါ့ကို အရှက်မခွဲစမ်းပါနဲ့" သူက မြင်းကို စကားပြောသကဲ့သို့ ဆိုလိုက်သော်လည်း မြင်းမှာ မလှုပ်ရှားပေ။

​"လုဝမ်"

​အခြားနည်းလမ်း မရှိတော့သဖြင့် လုံချန်းသည် လုဝမ်အား လှမ်းအော်ခေါ်လိုက်မှသာ မြင်းမှာ စတင် ပြေးထွက်သွားလေတော့သည်။

​"ဒီမြင်းကတော့ တကယ်ပဲ။ တစ်နေရာရာမှာ တိုက်မိတော့မှာလားတောင် မသိဘူး၊ ငါ ဘာလုပ်နေလဲဆိုတာတောင် ငါကိုယ်တိုင် မသိတော့ဘူး" လုံချန်းက ခပ်ယဲ့ယဲ့ ပြုံးလျက် ရေရွတ်လိုက်လေသည်။

အခန်း ၉၉၂ ငါတို့ကို လမ်းပြပေး

အံ့သြစရာကောင်းသည်မှာ ၎င်းမြင်းသတ္တဝါသည် မည်သည့်တံတိုင်း မည်သည့်အဆောက်အအုံကိုမျှ ဝင်တိုက်ခြင်းမရှိဘဲ ရှေ့မှ မင်းသားလုဝမ်၏နောက်သို့ တကောက်ကောက် လိုက်ပါနေခြင်းပင်။

​‘အနည်းဆုံးတော့ ဘယ်သူ့နောက် လိုက်ရမယ်ဆိုတာ သူသိသားပဲ။ ရှေ့ကမြင်းရဲ့ လှုပ်ရှားမှုနောက်ကိုသာ လိုက်နေသရွေ့တော့ ငါ့အတွက် ပြဿနာရှိမှာမဟုတ်ဘူး’ လုံချန်းက တွေးတောရင်း မြင်း၏အသွားအလာကို ကြည့်ကာ စိတ်အေးသွားရသည်။

​ထိုမြင်းသည် ရှေ့မှသွားနေသောမြင်း၏ နောက်ကွယ်မှသာ အရိပ်ပမာ လိုက်ပါနေခြင်း ဖြစ်ဟန်တူ၏။ အကယ်၍ ထိုသို့သာမဟုတ်ပါက လုံချန်းအနေဖြင့် ဤမြင်းကို မည်သို့ထိန်းချုပ်နေသည်အား မိမိကိုယ်တိုင်ပင် နားမလည်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် မြင်းကို ထိန်းကျောင်းရန် မည်သည့်အားထုတ်မှုမျှ ပြုလုပ်မနေသောကြောင့် ဖြစ်သည်။

​မည်သို့ပင်ဖြစ်စေ လုံချန်းသည် အခြေအနေတစ်ခုခု လွဲချော်သွားသည်နှင့် မြင်းပေါ်မှ အချိန်မရွေး ခုန်ချနိုင်ရန် အသင့်ပြင်ထားလိုက်၏။

​မြင်းအုပ်စုသည် မြို့အတွင်း၌ အရှိန်အဟုန်ဖြင့် မောင်းနှင်လာခဲ့ကြသည်။ လမ်းဘေးဝဲယာ၌ လူအများက ကပ်၍ လျှောက်လှမ်းနေကြသဖြင့် လမ်းမထက်ဝယ် ဟာလာဟင်းလင်း ဖြစ်နေချေပြီ။

​လမ်းဘေးတစ်လျှောက်တွင်လည်း အစောင့်စစ်သည်များက နိုးနိုးကြားကြားဖြင့် စောင့်ကြပ်ကြည့်ရှုနေကြသည်ကို တွေ့ရသည်။ မင်းသားလုဝမ်နှင့် တော်ဝင်သမက်တော် လုံချန်းတို့ မြို့ထဲသို့ လှည့်လည်မည်ဟူသော သတင်းကို အစောင့်များသာမက ပြည်သူများပါ ကြိုတင်သိရှိထားကြဟန် တူ၏။ မည်သူမျှ တော်ဝင်မင်းသားတို့၏ ခရီးစဉ်ကို အနှောင့်အယှက်ဖြစ်စေမည့် လမ်းလယ်ခေါင်သို့ တက်မလာဝံ့ကြချေ။

​လူအပေါင်းတို့သည် လမ်းဘေးမှရပ်ကာ ရှေ့မှဒုန်းစိုင်းနှင်လာသော မင်းသားလုဝမ်အား ကြည်ညိုလေးစားသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုနေကြသည်။

​ခဏတာ ခရီးနှင်ပြီးနောက် မင်းသားလုဝမ်၏မြင်းမှာ ရုတ်တရက် ရပ်တန့်သွား၏။ လုံချန်း၏မြင်းသည်လည်း ရှေ့မှမြင်း ရပ်သည်နှင့်အညီ အလိုအလျောက် အရှိန်လျှော့ကာ ရပ်တန့်သွားလေတော့သည်။

​"ငါထင်တဲ့အတိုင်းပဲ... ဒီကောင်က ရှေ့ကလူ ဘာလုပ်လဲဆိုတာကိုပဲ ကြည့်ပြီး လိုက်လုပ်နေတာကိုး။ ကောင်းတာပေါ့၊ ငါ ဘာမှလုပ်နေစရာ မလိုတော့ဘူး" လုံချန်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။

​မြင်းရပ်သွားသည်နှင့် လုံချန်းသည် မြင်းပေါ်မှ ဆင်းလိုက်ပြီး အနီးရှိ အဆောက်အအုံကြီးကို ငေးကြည့်နေသော လုဝမ်ထံသို့ လျှောက်သွားလိုက်သည်။

​လုဝမ်က လုံချန်းကို လှည့်ကြည့်ကာ ချီးကျူးဟန်ဖြင့် ခေါင်းညိတ်ပြ၏။ "မဆိုးဘူးပဲ... မင်း မြင်းစီးတတ်ပါ့မလားလို့ ငါ စိုးရိမ်နေတာ၊ တကယ်တမ်းကျတော့လည်း မင်း လုပ်နိုင်သားပဲ"

​"ဒါပေါ့... ကျုပ် ဘာလုပ်နေလဲဆိုတာ ကျုပ်ကိုယ်တိုင် အတိအကျ သိတာပေါ့။ ဒါက လွယ်လွယ်လေးပါ" လုံချန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောလိုက်သည်။

​"ဒါနဲ့... ကျုပ်တို့ အခု ဘယ်ရောက်နေတာလဲ"

​"ဒါက ပန်းမဏ္ဍိုင်လို့ ခေါ်တဲ့ နေရာပဲ။ ဒီမြို့မှာ အချမ်းသာဆုံး၊ အထက်တန်းအကျဆုံး လူတွေပဲ လာပြီး အနားယူ အချိန်ဖြုန်းကြတဲ့ နေရာပေါ့။ ခမည်းတော်က ငါ့ကို မင်းအတွက် အကောင်းဆုံးနေရာတွေကို လိုက်ပြခိုင်းထားတာ၊ ဒီနေရာကလည်း တစ်ခုအပါအဝင်ပဲ" လုဝမ်က ရှင်းပြပြီးနောက် ဝင်ပေါက်ဆီသို့ ဦးဆောင် လျှောက်သွားလေသည်။

​"ဒီမြင်းတွေကိုရော... ဒီအတိုင်း ထားခဲ့မှာလား" လုံချန်းက စိုးရိမ်တကြီး မေးလိုက်၏။ မြင်းများ ထွက်ပြေးသွားပါက ပြဿနာတက်နိုင်သည်ဟု သူ ထင်နေသောကြောင့် ဖြစ်သည်။

​"မပူပါနဲ့... ဒီမြင်းတွေက နန်းတော်မှာ အသိဉာဏ်အရှိဆုံး သတ္တဝါတွေပဲ။ ငါတို့ မလာမချင်း သူတို့ ဒီကနေ ရွေ့မှာမဟုတ်ဘူး" လုဝမ်က လှည့်ပင်မကြည့်ဘဲ အေးဆေးစွာ ပြန်ဖြေလိုက်သည်။

​သူတို့နှစ်ဦး အဆောက်အအုံအတွင်းသို့ ဝင်လိုက်သည်နှင့် လှပသော ပန်းဥယျာဉ်ကြီးတစ်ခုအတွင်း ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ လုံချန်း တစ်ခါမျှ မမြင်ဖူးသော ရှားပါးလှသည့် သစ်ပင်ပန်းမန်များ ဝေဆာနေ၏။ အချို့သော သစ်ပင်များ၌ လူမျက်နှာကဲ့သို့ ပုံသဏ္ဌာန်များ ရှိနေပြီး ဝင်လာသော သူတို့အား စူးစိုက်ကြည့်နေကြသဖြင့် လုံချန်းမှာ အနည်းငယ် ကြောစိမ့်သွားရသည်။

​‘ဟမ်... ဒါက ဘာကြီးလဲ’ သူက အတွေးထဲမှ ရေရွတ်ရင်း ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။ သစ်ပင်လော၊ သစ်ပင်နှင့်တူသော သက်ရှိသတ္တဝါလော သူ ဝေခွဲမရဖြစ်နေ၏။

​"ပန်းမဏ္ဍိုင်ကနေ နွေးထွေးစွာ ကြိုဆိုပါတယ်"

​မျက်နှာပါသော သစ်ပင်ကြီးက လုံချန်းအား စကားလှမ်းပြောလိုက်သဖြင့် သူ ပို၍ပင် အံ့အားသင့်သွားရသည်။ ‘ဘုရားရေ... မျက်နှာရှိရုံတင်မကဘဲ စကားပါ ပြောတတ်တာလား’

​"ဒါက ဘာပင်လဲဗျ" သူက ဘေးမှ လုဝမ်အား မေးလိုက်သော်လည်း လုဝမ်က ပြန်မဖြေချေ။

​‘ချေလိုက်တာ... ငါ့ကို လုံးဝ အဖက်မလုပ်တော့ဘူးပေါ့’ သူက တွေးတောနေစဉ် လုဝမ်က ရုတ်တရက် ပြန်လည်ဖြေကြားလာသည်။

​"ဒါတွေကို ဟေမုပင်လို့ ခေါ်တယ်။ သူတို့မှာလည်း ဝိညာဉ်ရှိကြတယ်၊ အမြင်အာရုံ၊ အကြားအာရုံနဲ့ စကားပြောနိုင်စွမ်း ရှိကြတာဆိုတော့ ငါတို့နဲ့ အများကြီး မခြားနားပါဘူး။ ဒါပေမဲ့ သူတို့က လှုပ်ရှားသွားလာလို့တော့ မရဘူးပေါ့"

​"စိတ်ဝင်စားစရာပဲ" လုံချန်းက မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်လိုက်၏။

​"နွေးနွေးထွေးထွေး ကြိုဆိုပေးတဲ့အတွက် ကျေးဇူးပါဗျာ" သူက သစ်ပင်များဘက်သို့ လက်ပြကာ နှုတ်ဆက်လိုက်သည်။ ထိုသစ်ပင်များက နားထောင်နိုင်စွမ်း ရှိသည်ဖြစ်ရာ သူ၏ ကျေးဇူးတင်စကားကို နားလည်ကြပေလိမ့်မည်။

​ဥယျာဉ်ဝင်ပေါက်ကို ဖြတ်ကျော်ပြီးနောက် အခန်းများစွာက ဝင်္ကပါကဲ့သို့ တည်ရှိနေသော အဆောက်အအုံ၏ အတွင်းပိုင်းသို့ ရောက်ရှိလာခဲ့ကြသည်။

​လမ်းမထက်ဝယ် လှပချောမောလှသော အမျိုးသမီးငယ် နှစ်ဦးက သူတို့အား ဆီးကြို နှုတ်ဆက်ကြ၏။ ထိုအမျိုးသမီးများမှာ မင်းသားနှင့် လုံချန်းအား ဦးညွှတ် အလေးပြုလိုက်ချိန်တွင် သူမတို့၏ ရင်သား အလှအပများမှာ အပေါ်ဝတ်စုံအတွင်းမှ သိသာထင်ရှားစွာ ပေါ်ထွက်နေလေသည်။

​လုဝမ်သည် လုံချန်း မည်သို့တုံ့ပြန်မည်ကို သိရှိလိုသဖြင့် အကဲခတ်ကြည့်လိုက်၏။ ‘သူဟာ ဒီမိန်းကလေးတွေရဲ့ ရင်သားကို စူးစိုက်ကြည့်မလား၊ ဒါမှမဟုတ် တပ်မက်တဲ့ အကြည့်တွေနဲ့ ကြည့်မလား’ သူက တွေးနေမိသည်။

​သို့သော် လုံချန်း၏ တုံ့ပြန်မှုမှာ လုဝမ် ထင်ထားသကဲ့သို့ မဟုတ်ခဲ့ချေ။ လုံချန်းသည် ထိုမိန်းကလေးများ၏ ရင်သားကိုလည်း စူးစိုက်မကြည့်သလို မသိချင်ယောင်ဆောင်၍ မျက်နှာလွှဲလိုက်ခြင်းလည်း မပြုခဲ့ပေ။ သူသည် တည်ငြိမ်အေးဆေးသော အကြည့်ဖြင့် ထိုအမျိုးသမီးများ၏ မျက်နှာကိုသာ ကြည့်ကာ ယဉ်ကျေးစွာ ပြန်လည်ပြောဆိုလိုက်၏။

​"ကျေးဇူးတင်ပါတယ်"

​"အို... မင်းသားကြီး၊ ကျွန်မတို့ကို အခုလို လေးလေးစားစား မပြောပါနဲ့ရှင်၊ ကျွန်မတို့က ဒီလောက်အထိ အလေးထားခံရဖို့ မထိုက်တန်ပါဘူး" အမျိုးသမီးငယ်များက အံ့အားသင့်စွာဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်ကြသည်။

​လုံချန်းသည် ယခုအခါ တော်ဝင်သမက်တော် ဖြစ်နေပြီဖြစ်ရာ သူကဲ့သို့ အဆင့်အတန်းရှိသူ တစ်ဦးက ကျေးဇူးတင်စကား ဆိုလိုက်ခြင်းမှာ သူမတို့အတွက် များစွာ အံ့အားသင့်စရာ ဖြစ်နေခြင်းပင်။ ပုံမှန်အားဖြင့် တော်ဝင် မိသားစုဝင်များသည် မာန်မာန ရှိတတ်ကြပြီး အောက်ခြေ လူတန်းစားများအား ဤမျှ ယဉ်ကျေးစွာ ဆက်ဆံလေ့မရှိချေ။

​သူမတို့သည် ဤနေရာတွင် အလုပ်လုပ်ကိုင်လာသည်မှာ ကြာပြီဖြစ်ရာ အထက်တန်းလွှာ ပေါင်းစုံနှင့် မင်းသားများကိုပင် အကြိမ်ကြိမ် ဆီးကြိုဖူးသော်လည်း လုံချန်းကဲ့သို့သော သူမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။

​‘သူက အခုမှ တော်ဝင်မိသားစုထဲ ရောက်ခါစမို့ မာန်မာန မရှိသေးတာလား’ သူမတို့က တွေးတောနေမိကြသည်။

​"မဟုတ်တာ... မင်းတို့ကလည်း ငါ့လိုပဲ လူသားတွေပဲလေ၊ လေးစားမှုနဲ့ ထိုက်တန်တာပေါ့။ ဒါကြောင့် အားနာမနေပါနဲ့" လုံချန်းက နူးညံ့စွာ ပြောဆိုလိုက်သည်။ သူ၏ မျက်နှာထက်မှ ဆွဲဆောင်မှုရှိသော အပြုံးမှာ မင်းသားလုဝမ်ထက်ပင် ပို၍ ကြည့်ကောင်းနေသယောင် ရှိ၏။

​သူ၏ ခန့်ညားသော ရုပ်ရည်နှင့် လှပသော အပြုံးကို မြင်လိုက်ရချိန်တွင် ထိုအမျိုးသမီးငယ်များ၏ ရင်ခုန်သံများ မြန်ဆန်လာကာ ပါးပြင်လေးများ ရဲတက်သွားကြတော့သည်။

​"ငါတို့ နားနေမယ့် အခန်းဆီကို လမ်းပြစမ်း" လုဝမ်က အေးစက်သော အမိန့်သံဖြင့် ကြားဖြတ် ပြောဆိုလိုက်ကာ ငေးမောနေသော အမျိုးသမီးများကို သတိပေးလိုက်၏။

​"ဟုတ်ကဲ့ပါ... မင်းသားကြီး"

​အမျိုးသမီးငယ်များသည် လန့်သွားသော ယုန်ကလေးများအလား ကပျာကယာ လှည့်၍ လမ်းပြရှာသည်။ "ကျွန်မတို့ နောက်က လိုက်ခဲ့ပါရှင်"

​လုံချန်းနှင့် လုဝမ်တို့သည် ထိုအမျိုးသမီးများ နောက်ကွယ်မှ လိုက်ပါလာပြီး အခန်းတစ်ခန်းအတွင်းသို့ ဝင်ရောက်လာကြ၏။

​‘ဒါဟာ ငါ့အစီအစဉ်ကို စတင်ဖို့ အကောင်းဆုံးနေရာပဲ။ ဒီနေ့ပြီးရင်တော့... သူဟာ အရာအားလုံးကို ဆုံးရှုံးသွားစေရမယ်’ လုဝမ်က အခန်းထဲသို့ ဝင်ရင်း ကောက်ကျစ်စွာ တွေးတောနေလေသည်။

All Chapters