← Chapters

အခန်း (၉၉၅-၉၉၆)

Vol. 96 Ch. 995-996

အခန်း (၉၉၅-၉၉၆)

Vol. 96 Ch. 995-996

​အခန်း ၉၉၅ အညံ့ခံခြင်း

လုံချန်းသည် အခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းရင်း စဉ်းစားခန်းဖွင့်နေမိ၏။ ကုတင်ပေါ်တွင် သတိလစ်နေသော အမျိုးသမီးကို မည်သူက စော်ကားခဲ့သနည်း။ ထို့ပြင် အဘယ်ကြောင့် သူတို့အတွက် သတ်မှတ်ပေးထားသည့် အခန်းထဲတွင်မှ ဤကဲ့သို့ ဖြစ်ရသနည်း။

​ဤကိစ္စက မည်သို့မျှ ယုတ္တိမရှိချေ။ မည်သည့် သူစိမ်းကမှ ထိုအခန်းထဲသို့ ဝင်လာပြီး အန္တရာယ်များသည့် အလုပ်မျိုးကို လုပ်မည် မဟုတ်ပေ။ အကယ်၍ သူသာ အခန်းထဲသို့ အချိန်မရွေး ပြန်ဝင်လာလျှင် ထိုလူ အဖမ်းခံရမည်မှာ အသေအချာပင်။

​သူ့စိတ်ထဲ၌မူ လုဝမ်ကို သံသယအဝင်ဆုံးပင်။ ထို့ကြောင့်လည်း လုဝမ်က ဤအမျိုးသမီးကို နှုတ်ပိတ်ဖို့ တစ်ခုခုလုပ်မည် စိုးသဖြင့် သူမအနားမှ မခွာဘဲ စောင့်ကြည့်နေခြင်းဖြစ်သည်။

​သူ့တွင် သက်သေများ ရှိလျှင်မူ သူ ဘေးကင်းနိုင်သည်။ အကယ်၍ ဤအမျိုးသမီးသာ သေသွားခဲ့လျှင် အပြစ်အားလုံးက သူ့အပေါ်သို့ ပုံကျလာမည်ဖြစ်ပြီး သူ အပြစ်မရှိကြောင်း သက်သေပြဖို့ လမ်းစပျောက်သွားပေလိမ့်မည်။

​သူတို့ အခန်းထဲရောက်နေသည်မှာ သုံးနာရီခန့် ရှိသွားပြီဖြစ်သော်လည်း အမျိုးသမီးမှာ နိုးမလာသေးချေ။

​"သူ ဘယ်တော့လောက် နိုးလာမယ် ထင်လဲ" လုံချန်းက ဘေးမှာထိုင်နေသော အမျိုးသမီးများကို မေးလိုက်၏။

​ထိုအမျိုးသမီးများက သူ့ကို တရားခံဟုပင် ထင်မှတ်ထားဆဲဖြစ်ရာ ရွံရှာစက်ဆုပ်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့က ခပ်တိုတို ပြန်ဖြေသည်။ "မကြာခင် နိုးလာတော့မှာပါ"

​သူတို့စကားက တန်ခိုးရှိသည်လား မသိ၊ ပြောပြီးသည်နှင့် တစ်ပြိုင်နက် သတိလစ်နေသော အမျိုးသမီး၏ လက်ကလေးများ လှုပ်ရှားလာကာ သတိပြန်ဝင်လာဟန် ပြလာ၏။ သူမသည် မျက်တောင်လေးများ ပုတ်ခတ်ကာ ဇဝေဇဝါဖြင့် မျက်လုံးပွင့်လာခဲ့သည်။

​"ကျွန်မ... ဘယ်ရောက်နေတာလဲ" သူမက ဘေးက လူများကို မေးလိုက်သည်။

​သို့သော် အဖြေကိုပင် မစောင့်ဘဲ သူမအနားမှာ ရပ်နေသော လုဝမ်နှင့် လုံချန်းကို မြင်လိုက်ရချိန်တွင် သူမသည် ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။

​"ကယ်ကြပါဦး၊ အဲဒီမိစ္ဆာကြီးလက်ကနေ ကျွန်မကို ကယ်ကြပါဦး"

​သူမ၏ တုန်ရီနေသော လက်ညှိုးလေးမှာ လုံချန်းဘက်သို့ ညွှန်ပြနေ၏။

​‘ငါထင်တဲ့အတိုင်းပဲ... သူ သရုပ်ဆောင် တော်သားပဲ။ ငါသာ အမှန်တရားကို မသိရင် ငါတောင် ယုံမိတော့မယ်’ လုဝမ်က သူမ၏ သရုပ်ဆောင်မှုကို ကြည့်ကာ ကျေနပ်နေမိသည်။

​"မပူပါနဲ့... ငါ မင်းဘက်မှာ ရှိပါတယ်။ ဘယ်သူမှ မင်းကို ရန်မမူစေရဘူး။ မင်းကို ဘာတွေလုပ်ခဲ့လဲဆိုတာ အမှန်အတိုင်းသာ ပြောပြပါ" လုဝမ်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

​"မင်းသားကြီး... ကျွန်မ... ကျွန်မ မပြောရဲဘူး။ အမှန်အတိုင်း ပြောရင် တော်ဝင်မိသားစုက ကျွန်မကို သတ်မှာပဲ။ သူက အခု တော်ဝင်မိသားစုဝင် ဖြစ်နေပြီလေ။ ကျွန်မကို ဒီအတိုင်းပဲ လွှတ်ထားပေးပါတော့။ ကျွန်မတို့လို အရပ်သူတွေက ဘာမှ မျှော်လင့်ပိုင်ခွင့် မရှိပါဘူး" ထိုသို့ ဆိုကာ သူမက မျက်လုံးမှိတ်၍ ငိုကြွေးနေတော့သည်။

​"ညီမလေး... ငါက တော်ဝင်မိသားစုရဲ့ သားတော်၊ အိမ်ရှေ့မင်းသားပဲ။ အနာဂတ်ရဲ့ ဧကရာဇ်တစ်ပါးအနေနဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးဖို့က ငါ့တာဝန်ပဲ။ ဘယ်သူ့ကိုမှ မတရား နှိပ်စက်တာမျိုး ငါ ခွင့်မပြုဘူး။ အမှန်အတိုင်းသာ ပြောပါ။ မင်းအတွက် ထိုက်တန်တဲ့ တရားမျှတမှု ရစေရမယ်လို့ ငါ ကတိပေးတယ်" လုဝမ်က ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ လေးလေးနက်နက် ကတိပေးလိုက်၏။

​ထိုအမျိုးသမီးသည် လုဝမ်ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး သတ္တိမွေးကာ အသက်အား ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။

​"ကျွန်မ အခန်းထဲကို အစားအသောက် လာပို့တာပါ။ အဲဒီမှာ သူ တစ်ယောက်တည်း ရှိနေတာ။ ကျွန်မ အခန်းထဲက ပြန်ထွက်ဖို့ လုပ်တဲ့အချိန်မှာ သူက ကျွန်မကို အတင်းဆွဲဖမ်းပြီး... ကျွန်မရဲ့ အဝတ်အစားတွေကို ဆွဲဖြတ်ကာ အတင်းအဓမ္မ စော်ကားခဲ့တာပါ။ အဲဒီနောက်ပိုင်း ဘာဖြစ်သွားလဲဆိုတာ ကျွန်မ မမှတ်မိတော့ဘူး" သူမက ငိုရှိုက်ရင်း ပြောပြရှာသည်။

​လုံချန်းကမူ မျက်မှောင်ကြုတ်ရုံမှ တစ်ပါး မတတ်နိုင်တော့ချေ။ ‘ဒီမိန်းကလေး ဘာလို့ လိမ်နေတာလဲ။ သူ တကယ်ပဲ ငါ လုပ်တယ်လို့ ထင်နေတာလား။ မဟုတ်ဘူး... သူ သေချာပေါက် လိမ်နေတာ’

​သူ့ကို အရှက်ခွဲဖို့ကလွဲလျှင် တခြားအကြောင်း မရှိနိုင်ပေ။ သူမတွင် သူ့အပေါ် ရန်ငြိုးထားစရာလည်း မရှိပေ။ ဤကိစ္စ၏ နောက်ကွယ်တွင် အကျိုးအမြတ်ရှိမည့် သူက လုဝမ်တစ်ယောက်သာ ရှိ၏။

​‘ဒီကောင်... သူ့ညီမက သူစိမ်းတစ်ယောက်နဲ့ လက်ထပ်လိုက်တာကို မကျေနပ်လို့ ငါ့ကို နှုတ်ပိတ်ဖို့ ကြိုးစားတာလား။ ဒါဆိုရင်တော့ ငါ တကယ် ဒုက္ခရောက်ပြီ။ တရားသူကြီး လုပ်မယ့်သူကိုယ်တိုင်က တရားခံ ဖြစ်နေတာပဲ’ လုံချန်းက တွေးတောရင်း အခြေအနေကို မည်သို့ ရုန်းထွက်ရမည်နည်းဟု စဉ်းစားနေမိ၏။

​"ညီမလေး... ဘာလို့ ဒီလောက် အရေးကြီးတဲ့ကိစ္စကို လိမ်ပြောနေရတာလဲ" လုံချန်းက တည်ငြိမ်လေးနက်သော အသံဖြင့် မေးလိုက်သည်။ "ဒီလို လိမ်ပြောဖို့အတွက် မင်းသားလုဝမ်က မင်းကို ဘယ်လောက်တောင် ပေးထားလို့လဲ"

​သူ့စကားကြောင့် အမျိုးသမီး၏ မျက်နှာမှာ ခေတ္တမျှ တုန်လှုပ်သွားသော်လည်း မည်သူမျှ သတိမထားမိခင်မှာပင် သူမက ပြန်လည် ထိန်းချုပ်လိုက်၏။

​"အခုတော့ မင်းက ဒုက္ခသည်ကို ပြန်ပြီး စွပ်စွဲနေတာလား" လုဝမ်က မျက်လုံးလှန်၍ မေးလိုက်သည်။ "မင်း ဘယ်လောက်တောင် ထပ်ပြီး ယုတ်မာဦးမှာလဲ"

​"အမှန်တရား ပေါ်လာရင် အညံ့ခံမယ်လို့ မင်း ကတိပေးထားတာပဲ။ ငါ့ကို အင်အားသုံးအောင် မလုပ်ပါနဲ့" လုဝမ်က လုံချန်းအား ခြိမ်းခြောက်လိုက်၏။

​"ခင်ဗျား ကျုပ်ကို စီရင်ပိုင်ခွင့် မရှိဘူး။ ခင်ဗျားကိုယ်တိုင် ဒီကိစ္စမှာ ပါဝင်နေတယ်လို့ ကျုပ် ယုံကြည်တယ်။ ခင်ဗျားရဲ့ ခမည်းတော်ရှေ့မှာပဲ ကျုပ် အကျိုးအကြောင်း ရှင်းပြမယ်။ ပြီးတော့ ကျုပ်ရဲ့ လက်နက်ကိုလည်း ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး။ ခင်ဗျား အင်အားသုံးချင်ရင်တော့ စမ်းကြည့်လိုက်လေ... ခင်ဗျား သေချာပေါက် နောင်တရလိမ့်မယ်" လုံချန်းက ပြတ်သားစွာ တုံ့ပြန်လိုက်သည်။

​ဤနေရာတွင် ရှင်းပြနေခြင်းမှာ အပိုပင်ဖြစ်သည်။ ဧကရာဇ်မင်းမြတ်နှင့် မင်ယုတို့၏ ရှေ့မှောက်တွင်သာ ရှင်းပြခြင်းက ပို၍ ထိရောက်လိမ့်မည်ဟု သူ ဆုံးဖြတ်လိုက်သည်။

​လုဝမ်က လုံချန်းကို စိုက်ကြည့်လိုက်၏။ လုံချန်းသည် အလွန်သန်မာကြောင်း သူ သိထားသဖြင့် အတင်းအဓမ္မ ဖမ်းဆီးရန်မှာ မလွယ်ကူချေ။ သူ့အလိုအလျောက် အညံ့ခံလာအောင် ပြုလုပ်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။

​"ကောင်းပြီလေ... ခမည်းတော်ကပဲ မင်းရဲ့ အပြစ်ဒဏ်ကို ဆုံးဖြတ်ပါလိမ့်မယ်။ ငါတို့ ပြန်ကြစို့။ ဒါပေမဲ့ ငါ သတိပေးထားမယ်... မင်း ထွက်ပြေးဖို့ ကြိုးစားတာနဲ့ ငါ မင်းကို အသေ သတ်ပစ်မယ်" လုဝမ်က ဆိုသည်။

​သူသည် ကုတင်ပေါ်မှ အမျိုးသမီးကို ကြည့်ကာ ဆိုလိုက်သည်။ "မင်း ဒီမှာပဲ နေခဲ့ပါ။ ခမည်းတော်ရှေ့မှာ ထွက်ဆိုနိုင်ဖို့ နန်းတော်ကို လာခေါ်ဖို့ ရထားလုံး လွှတ်လိုက်မယ်။ စိတ်မပူနဲ့... မင်းအတွက် တရားမျှတမှု ရစေရမယ်" သူက ချော့မော့ ပြောဆိုပြီးနောက် လုံချန်းနှင့်အတူ ထွက်ခွာခဲ့လေသည်။

​လုံချန်းကမူ သူတို့နှစ်ယောက်၏ သရုပ်ဆောင်မှုကို ကြည့်ကာ နှာခေါင်းရှုံ့မိ၏။ တကယ်ကို စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည့် အကွက်များပင်။

​သူတို့သည် ပန်းမဏ္ဍိုင်မှ ထွက်ခွာခဲ့ကြသည်။ မြို့ကို လည်ပတ်ကြည့်ရှုရန် ထွက်လာခဲ့သော်လည်း သူတို့၏ ခရီးစဉ်မှာမူ ထင်မှတ်ထားသည်ထက် ပို၍ တိုတောင်းသွားခဲ့ရလေပြီ။ လုံချန်း လည်ပတ်ခဲ့ရသည့် တစ်ခုတည်းသော နေရာသည်ပင် သူ၏ အချုပ်ခန်းအဖြစ် ပြောင်းလဲသွားခဲ့ရတော့သည်။

​...

​လုဝမ်နှင့် လုံချန်းတို့သည် တော်ဝင်နန်းတော်အတွင်းသို့ ဘေးချင်းယှဉ်ကာ ဝင်ရောက်လာကြ၏။ သူတို့ နှစ်ဦးလုံးသည် မိမိကိုယ်မိမိ အမှန်ဟု ယူဆထားကြသည့်အတိုင်း ခေါင်းကို မော့လျက် ရဲရဲဝံ့ဝံ့ လျှောက်လှမ်းလာကြခြင်းပင်။

​"ခမည်းတော် အထဲမှာ ရှိလား" လုဝမ်က ရာဇပလ္လင်ခန်းမရှေ့ရှိ အစောင့်ကို မေးလိုက်သည်။

​"အရှင်မင်းကြီး အထဲမှာ ရှိပါတယ်" အစောင့်များက ဖြေကြားရင်း တံခါးကို ဖွင့်ပေးလိုက်လေသည်။

​အခန်း ၉၉၆ စွပ်စွဲခံရခြင်း

လုံချန်းနှင့် လုဝမ်တို့သည် ယမန်နေ့ကကဲ့သို့ ဟာလာဟင်းလင်း ဖြစ်မနေသော ရာဇပလ္လင်ခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်လာကြ၏။

​ဧကရာဇ်မင်းမြတ်သည် ရာဇပလ္လင်ထက်ဝယ် စံပယ်လျက် မှူးမတ်အပေါင်းနှင့် တိုင်းရေးပြည်ရာများကို ဆွေးနွေးတိုင်ပင်နေခိုက် လုဝမ်သည် မည်သည့်ခွင့်ပြုချက်မျှ မတောင်းခံဘဲ ဝင်ရောက်လာလေသည်။

​"ဝမ်အာ... ဘာဖြစ်လို့လဲ" ဧကရာဇ်က လုဝမ်အား မေးလိုက်၏။ "မင်း လုံချန်းကို မြို့ထဲ လိုက်ပြဖို့ သွားတာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဒီလောက် စောစော ပြန်ရောက်လာရတာလဲ"

​ဧကရာဇ်သည် မှူးမတ်များနှင့် စကားပြောဆိုနေခြင်းကို ရပ်တန့်လိုက်ပြီး လုံချန်းနှင့်အတူ ရပ်နေသော သားတော်ထံသို့ အာရုံလွှဲလိုက်၏။ သူတို့ ဤမျှစောစော ပြန်ရောက်လာခြင်းအပေါ် သူ များစွာ စိတ်ဝင်စားသွားသည်။ ဤခရီးစဉ်မှာ ဤမျှမြန်မြန် ပြီးဆုံးသွားရန် အကြောင်းမရှိချေ။ သူတို့၏ တော်ဝင်မြို့တော်ကြီး၌ လည်ပတ်စရာ နေရာများစွာ ရှိသည် မဟုတ်လော။ သူတို့ တစ်ခုခု ပြဿနာကြုံတွေ့ခဲ့ရသည်များလားဟု ဧကရာဇ်က တွေးတောနေမိသည်။

​"ခမည်းတော်... သားတော် တင်လျှောက်စရာ ရှိပါတယ်။ လုံချန်းက ပန်းမဏ္ဍိုင်က အလုပ်သမား အမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့ပါတယ်။ ခမည်းတော်ကိုယ်တိုင် တရားမျှတစွာ စီရင်ပေးနိုင်ဖို့ သူ့ကို ဒီကို ခေါ်လာခဲ့တာပါ" လုဝမ်က လုံချန်းအား တစ်ချက်ကြည့်ကာ ဖခင်ဖြစ်သူထံ လျှောက်တင်လိုက်လေသည်။

​ဤထိတ်လန့်ဖွယ် သတင်းစကားကို ကြားလိုက်ရသောအခါ မှူးမတ်အပေါင်းတို့မှာ အချင်းချင်း တီးတိုးရုတ်ရုတ် ဖြစ်သွားကြတော့၏။ တော်ဝင်သမက်တော်က အရပ်သူတစ်ဦးကို အတင်းအဓမ္မ ပြုကျင့်ခဲ့သည်လော။

​ခန်းမဆောင်တစ်ခုလုံး မှူးမတ်တို့၏ တီးတိုးဆွေးနွေးသံများဖြင့် ပြည့်နှက်သွားသော်လည်း ဧကရာဇ်မင်းမြတ်မှာမူ တည်ငြိမ်စွာ ထိုင်လျက် လုံချန်းအား စူးစိုက်ကြည့်နေလေသည်။

​လုံချန်းအား ခေတ္တမျှ အကဲခတ်ကြည့်ပြီးနောက် ဧကရာဇ်သည် သက်ပြင်းတစ်ချက် ချလိုက်၏။

​ထို့နောက် သူသည် လုဝမ်ထံသို့ အကြည့်ကို လွှဲပြောင်းကာ အကဲခတ်လိုက်ပြန်သည်။

​"လုဝမ်... အပြင်မှာ ခဏ သွားစောင့်နေချေ။ မင်းမရှိတဲ့အချိန် လုံချန်းနဲ့ ငါ စကားနည်းနည်း ပြောချင်တယ်" ဧကရာဇ်က သားတော်အား မိန့်ကြားလိုက်သည်။

​လုဝမ်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသော်လည်း သူသည် ခေါင်းညိတ်ကာ လှည့်ထွက်သွား၏။

​သူသည် ခန်းမဆောင်ပြင်ပသို့ ထွက်ခွာသွားပြီး အပြင်၌သာ စောင့်ဆိုင်းနေလေသည်။

​...

​ခန်းမဆောင်အတွင်း၌မူ လုံချန်းနှင့် ဧကရာဇ်တို့သည် တစ်ဦးကိုတစ်ဦး စူးစိုက်ကြည့်နေကြ၏။ မှူးမတ်အပေါင်းမှာမူ အချင်းချင်း တီးတိုးပြောဆိုနေကြဆဲပင်။ အချို့က ဤကိစ္စသည် အလွန်ရှက်ဖွယ်ကောင်းသည်ဟု ဆိုကြပြီး အချို့ကမူ မယုံနိုင်စရာပင်ဟု ဆိုနေကြသည်။

​"ငါ့ကို ပြောစမ်း... ဘာတွေ ဖြစ်ခဲ့တာလဲ" ဧကရာဇ်က မျက်မှောင်ကြုတ်လျက် လုံချန်းကို မေးလိုက်သည်။ "အမှန်အတိုင်း ပြောပါ"

​လုံချန်းသည် ခေါင်းညိတ်လိုက်ပြီး ဖြစ်ပျက်ခဲ့သမျှကို စတင် ရှင်းပြလေတော့သည်။ လုဝမ် ထွက်သွားပြီးနောက် သူပါ ထွက်သွားခဲ့ပုံ၊ ထို့နောက် သူ ပြန်လာသောအခါ လူအုပ်ကြီးကိုသာ တွေ့လိုက်ရပုံများကို အသေးစိတ် ပြောပြလေသည်။

​"အဲဒီမိန်းကလေးကလည်း ကျွန်တော့်ကို စွပ်စွဲတယ်။ သူ ဘာလို့ အဲဒီလို လုပ်ရတာလဲဆိုတာ ကျွန်တော်လည်း သေချာမသိဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်ကတော့ ကျွန်တော့်ကို စွပ်စွဲဖို့အတွက် နောက်ကွယ်ကနေ ကြိုးကိုင်နေတာ သေချာတယ်" သူက နိဂုံးချုပ် ပြောဆိုလိုက်၏။

​ဧကရာဇ်သည် လုံချန်း၏ မျက်ဝန်းများအတွင်းမှ ရိုးသားမှု အရိပ်အယောင်ကို မြင်တွေ့ရသဖြင့် ခေါင်းညိတ်လိုက်သည်။ လုံချန်း လိမ်ညာနေခြင်း မဟုတ်ဟု သူ၏ စိတ်ထဲ၌ ခံစားမိနေ၏။

​"လုဝမ်... အထဲဝင်ခဲ့ချေ" ဧကရာဇ်သည် အပြင်၌ ရပ်နေသော လုဝမ် ကြားစေရန်အတွက် သူ၏ အသံတွင် ချီစွမ်းအား အနည်းငယ်ကို ထည့်သွင်းကာ ခေါ်လိုက်လေသည်။

​လုဝမ်သည် ခန်းမအတွင်းသို့ ဝင်ရောက်လာ၏။

​"ကဲ... ဒီနေ့ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါတို့ကို ပြောပြစမ်း။ ဘာတစ်ခုမှ မချန်လှပ်ဘဲ အစကနေ အဆုံးထိ အကုန်ပြောပြပါ" ဧကရာဇ်က လုဝမ်အား အမိန့်ပေးလိုက်သည်။

​လုဝမ်သည် အမတ်များနှင့် သူ၏ဖခင်တို့၏ တုံ့ပြန်မှုကို အကဲခတ်ကြည့်လိုက်ရာ ယခင်နှင့် မတူတော့သည်ကို တွေ့လိုက်ရ၏။ သူတို့သည် ယခုအခါ လုံချန်းအတွက် ရှက်ရွံ့နေဟန် မပေါ်တော့ချေ။ လုံချန်းသည် သူ အပြစ်မရှိကြောင်းကို ရှင်းပြပြီးသွားပြီဆိုသည်မှာ သေချာနေပြီဖြစ်သည်။ ယခု သူ လုပ်နိုင်သည်မှာ လုံချန်း မှားယွင်းကြောင်း သက်သေပြရန်သာ ရှိတော့သည်။

​သူသည် အမှန်တရားနှင့် လိမ်ညာမှုများ ရောနှောနေသော သူ၏ ကိုယ်ပိုင်ဇာတ်လမ်းကို စတင် ရှင်းပြလေတော့သည်။ အံ့သြစရာကောင်းသည်မှာ သူ၏ မျက်နှာသွင်ပြင်ကလည်း အလွန်ပင် ရိုးသားနေဟန် ရှိနေခြင်းပင်။

​ဧကရာဇ်မှာ မယုံနိုင်အောင် ဖြစ်ရလေသည်။ ဤသူသည် တကယ်ပင် အမှန်တရားကို ပြောနေသကဲ့သို့ ရှိနေ၏။ သို့သော် မည်သို့ ဖြစ်နိုင်မည်နည်း။ ဇာတ်လမ်းနှစ်ခု ရှိနေပြီး နှစ်ခုစလုံးက အမှန်ဖြစ်နေမည်လော။

​ထင်ရှားသည်မှာ ဇာတ်လမ်းတစ်ခုက လိမ်ညာမှုဖြစ်ပြီး လိမ်ညာနေသူမှာလည်း အလွန်ပင် ယုံကြည်လောက်အောင် ပြောဆိုနိုင်စွမ်း ရှိနေခြင်းပင်တည်း။

​လုဝမ်သည် သူ့အား ယခင်ကလည်း လိမ်ညာခဲ့ဖူးသည်ဖြစ်ရာ ဤတစ်ကြိမ်တွင် ဧကရာဇ်သည် လုံချန်းကို ပို၍ ယုံကြည်ရန် တိမ်းညွှတ်နေမိသည်။ လုံချန်းမှာ အပြစ်ကင်းစင်သည်ဟူသော ခံစားချက်တစ်ခုကလည်း သူ၏ ရင်တွင်း၌ ကိန်းအောင်းနေ၏။

​သူ နားလည်ထားသော လုံချန်း၏ စရိုက်အရ လုံချန်းသည် ဤကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်လိမ့်မည်ဟု ယုံကြည်ရန် အလွန် ခဲယဉ်းနေသည်။ လုံချန်းသည် ထိုသို့သော လူစားမျိုး မဟုတ်ချေ။

​"ဒီကိစ္စကို ခံစားခဲ့ရတဲ့ အမျိုးသမီး ဘယ်မှာလဲ။ ငါကိုယ်တော် အခုပဲ သူနဲ့ စကားပြောချင်တယ်" သူက လုဝမ်အား မေးလိုက်သည်။

​"သူ့ကို ဒီကို ခေါ်လာဖို့ သားတော် ရထားလုံးတစ်စီး လွှတ်လိုက်ပါတယ်။ မကြာခင် ရောက်လာပါလိမ့်မယ်" မင်းသားက ဧကရာဇ်အား လျှောက်တင်၏။

​"ကောင်းပြီ။ ဘာတွေဖြစ်ခဲ့လဲဆိုတာ သိရအောင် ငါကိုယ်တော်တိုင် သူနဲ့ စကားပြောမယ်။ တရားမျှတမှုကို ဖော်ဆောင်ပေးရမယ်" ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။

​ဧကရာဇ်သည် လုံချန်းအား ကြည့်ရင်း ခေါင်းတစ်ချက် ညိတ်ပြလိုက်လေသည်။

​...

​နာရီဝက်ခန့် အချိန်ကြာမြင့်သွား၏။ ထိုနာရီဝက်အတွင်း ရာဇပလ္လင် ခန်းမဆောင်ကြီးမှာ မည်သူမျှ စကားမဆိုကြဘဲ တိတ်ဆိတ်မှုများဖြင့် ဖုံးလွှမ်းနေလေသည်။ လုံချန်းနှင့် လုဝမ်တို့အတွက်လည်း ထိုင်ခုံနှစ်လုံး စီစဉ်ပေးထားပြီး သူတို့သည် ထိုင်လျက် စောင့်ဆိုင်းနေကြ၏။

​ကျွိ...

​တံခါးကြီး ပွင့်သွားသည်နှင့်အတူ တံခါးပတ္တာသံမှာ ခန်းမအတွင်း ပဲ့တင်ထပ်သွား၏။ အမျိုးသမီးတစ်ဦး ရာဇပလ္လင် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာလေသည်။

​"နင် အဆင်ပြေရဲ့လား"

​ထိုအမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ မင်ယုပင် ဖြစ်ပြီး သူမသည် လုံချန်းကိုသာ စိုးရိမ်တကြီး ကြည့်နေလေသည်။

​"ငါ အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့" လုံချန်းက သူမ စိတ်သက်သာရာ ရစေရန် ပြုံးလျက် တုံ့ပြန်လိုက်၏။

​"ခမည်းတော်... မိန်းကလေးတစ်ယောက်ကို အဓမ္မပြုကျင့်တယ်ဆိုပြီး စွပ်စွဲခံထားရတယ်လို့ သမီး ကြားတယ်။ တစ်ယောက်ယောက်က သူ့ကို စွပ်စွဲလိုက်တာလား။ ဒါဟာ မဟုတ်မမှန် စွပ်စွဲချက် သက်သက်ပါပဲ။ သမီး သူ့ကို သိလာခဲ့တာ ကြာပါပြီ။ သူက ဒီလိုကိစ္စမျိုး လုပ်ဖို့ နေနေသာသာ စိတ်ကူးနဲ့တောင် တွေးမယ့် လူစားမျိုး မဟုတ်ပါဘူး" မင်ယုက လုံချန်းအနားသို့ လျှောက်သွားရင်း ဖခင်ဖြစ်သူအား လျှောက်တင်လိုက်သည်။

​"မင်ယု... သမီး သူ့ကို ဂရုစိုက်တယ်ဆိုတာ ခမည်းတော် သိပါတယ်။ ဒါပေမဲ့ ဧကရာဇ် တစ်ပါးအနေနဲ့ မျက်နှာလိုက်မှု မရှိစေရဘူးဆိုတာ ခမည်းတော်ရဲ့ တာဝန်ပဲ။ လူတိုင်းက တရားမျှတမှုနဲ့ ထိုက်တန်တယ်။ သူ ဒါမျိုး မလုပ်နိုင်ဘူးလို့ ခမည်းတော်လည်း ယုံကြည်တယ်၊ ဒါပေမဲ့ တကယ်လို့ သူသာ တကယ် လုပ်ခဲ့မယ်ဆိုရင် သူက သမီးရဲ့ ခင်ပွန်း ဖြစ်နေပါစေ အပြစ်ပေးခံရမှာပဲ" ဧကရာဇ်က တည်ငြိမ်စွာ ပြန်လည် မိန့်ကြားလိုက်၏။

​ယခုအချိန်တွင် သူသည် ဖခင်တစ်ဦးမဟုတ်ဘဲ ဧကရာဇ်တစ်ပါးပင် ဖြစ်နေ၏။ မှူးမတ်အများစုလည်း ဤနေရာ၌ ရှိနေကြသည်ဖြစ်ရာ ယခုကိစ္စသည် မိသားစုကိစ္စ မဟုတ်တော့ဘဲ နိုင်ငံ့ရေးရာ တရားဝင် ကိစ္စတစ်ရပ် ဖြစ်နေလေပြီ။

​"ဟုတ်ကဲ့ပါ ခမည်းတော်။ လူတိုင်းက တရားမျှတမှုနဲ့ ထိုက်တန်သလို သူလည်း ထိုက်တန်ပါတယ်။ သူ မဟုတ်မမှန် စွပ်စွဲခံရတာပါ။ ဒါကို သမီး ရဲရဲကြီး အာမခံနိုင်တယ်။ သမီး နားမလည်တာတစ်ခုက ဘာလို့ တစ်ယောက်ယောက်က သူ့ကို စွပ်စွဲရတာလဲ ဆိုတာပါပဲ။ သူက ဒီမှာ ဘယ်သူနဲ့မှလည်း ရန်ငြိုးမရှိပါဘူး" မင်ယုက ပြန်လည် လျှောက်တင်လိုက်သည်။

​သူမသည် လုံချန်း၏ ပခုံးနှစ်ဖက်ပေါ်သို့ လက်တင်လိုက်ပြီး "စိတ်မပူပါနဲ့။ နင် ဘာမှမဖြစ်စေရဘူး။ နင် ဘာအမှားမှ မလုပ်ခဲ့ဘူးဆိုတာ ငါ သိတယ်" သူမက သူ့အား နှစ်သိမ့်လိုက်၏။

​"နင် နားလည်ပေးမယ်ဆိုတာ ငါ သိပါတယ်။ ငါ တကယ်ပဲ ဘာမှမလုပ်ခဲ့ပါဘူး။ တစ်ယောက်ယောက်က ငါ့ကို အကွက်ဆင်နေတာပါ။ အဲဒီလူက ဘယ်သူလဲဆိုတာကိုလည်း ငါ ရိပ်မိနေပြီ" လုံချန်းက ပြောလိုက်သည်။

​"ဘယ်သူလဲ" ဧကရာဇ်က သူ၏စကားကို ကြားသောအခါ မေးလိုက်၏။ "ပြီးတော့ ဘာလို့ တစ်ယောက်ယောက်က မင်းကို အကွက်ဆင်ရမှာလဲ"

​"အခုချိန်မှာ ပြောသင့်မပြောသင့်တော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ မင်းသားလုဝမ်လို့ပဲ ကျွန်တော် ထင်တယ်။ သူ ကျွန်တော်ကို မနှစ်မြို့ဘူး၊ ပြီးတော့ ဒီကနေ မောင်းထုတ်ချင်နေတယ်လို့ ကျွန်တော် ခံစားမိတယ်။ ဒါကြောင့် အဲဒီလိုဖြစ်အောင် ကျွန်တော့်ကို အကွက်ဆင်တာလည်း ဖြစ်နိုင်တာပဲ" လုံချန်းက ဧကရာဇ်အား ပွင့်ပွင့်လင်းလင်း လျှောက်တင်လိုက်လေသည်။

​"နင် ဘာတွေပြောနေတာလဲ" မင်ယုက မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။ "ငါ့ရဲ့ အစ်ကိုက နင့်ကို ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ သူက တကယ်ကို သဘောကောင်းတဲ့သူပါ"

​"ဒါပေမဲ့ အခန်းထဲမှာ ငါတို့နှစ်ယောက်တည်း ရှိခဲ့တာလေ။ ပြီးတော့ သူကလွဲရင် ဘယ်သူကမှ ဒီလိုလုပ်ဖို့ အကြောင်းပြချက် မရှိဘူး။ လက်စွပ်ပျောက်တယ်ဆိုတဲ့ ဇာတ်လမ်းကလည်း ယုတ္တိမတန်ဘူး။ သူ့မှာ ခိုင်လုံတဲ့ သက်သေရှိနေအောင်လို့ လက်စွပ်ကို တမင်တကာ ချန်ထားခဲ့တာလည်း ဖြစ်နိုင်တာပဲ" လုံချန်းက သူ တွေးတောထားသမျှကို ရှင်းပြလိုက်လေသည်။

All Chapters