← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

Ch 69

( သန့်စင်သောခန္ဓာကိုယ်)

ထိုအချိန်တွင် လျှိို့ဝှက်နယ်မြေအတွင်းရှိ လုယန်၏.ပင်မခန္ဓာကိုယ်သည် အစီအမံများအတွင်းမှာ လုံခြုံစွာရှိနေခဲ့သည်။ ကျစ်ရှောင်ယင်၏ အော်ဟစ်ဆဲရေးသံများကို သူ စိတ်ထဲပင်မထားချေ။ ထိုအစား သူ၏နှလုံးသားမှာ ပျော်ရွှင်မှုတွေ ပြည့်နှက်နေခဲ့သည်။.

“ သူတော်စင်သူခိုးသိုင်း အောင်မြင်ပြီ”

လုယန် မတ်တပ်ရပ်ကာ ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။ ကောင်းကင်ထက်မှာ ခရမ်းရောင်ချီစွမ်းအင်များက ပင်လယ်လှိုင်းတစ်ခုလို စီးဆင်းနေ၏။ ထိုအရာက လျှို့ဝှက်နယ်မြေအတွင်းက သက်ရှိသန်း၁၄၀ လုံး၏ စွမ်းအင်ရင်းမြစ်တွေ ဖြစ်သည်။

မဟာတာအိုသိုင်းမှ ရရှိထားသော ခရမ်းရောင်ချီများက လုယန်ကို လွှမ်းခြုံလာခဲ့သည်။ လုယန် သူ့ကိုယ်သူ ဤလျှို့ဝှက်နယ်မြေကြီး၏ အလယ်ဗဟိုမှာ ရောက်နေသလိုပင် ခံစားလိုက်ရသည်။

တစ်ချိန်ထဲမှာပဲ လျှို့ဝှက်နယ်မြေအတွင်းက သာမာန်သူများမှအစ ကျင့်ကြံသူတွေပါမကျန် အကုန်လုံးသည်လည်း နှလုံးသားထဲမှာ တစ်စုံတစ်ခုကို ခံစားမိ၍ ကောင်းကင်ပေါ် မော့ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် ခံ့ညားသော လူရွယ်တစ်ယောက်သည် ရွှေရောင်အလင်းများ ခြံရံရင်း အပေါ်ကို တဖြည်းဖြည်း မြှောက်နေတာကို မြင်လိုက်၏.. ကမ္ဘာကြီး၏ စွမ်းအင်တွေက ထိုသူ့ကို ပံ့ပိုးနေသည့်အတိုင်းပင်။

“ ငါ့ရဲ့တာအိုဥပဒေသ အောင်မြင်သွားတဲ့အတွက် သူတော်စင်သူခိုးသိုင်းလဲ အကြီးစားအောင်မြင်မှုကို ပြီးမြှောက်ပြီ”

လုယန် မျက်လုံးနှစ်ဖက်ကို သေချာစွာဖွင့်ထားလိုက်ပြီး အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူတွေဆီမှာသာ ရဖူးသော အဆင့်မြင့်သည့်စွမ်းအင်ကို အပြည့်အဝ ခံစားနေလိုက်သည်။

သူ၏ အဆင့်အတန်းက မြင့်တက်သွားလေပြီ..

ဤကမ္ဘာအတွင်းက ချီစွမ်းအင်တွေ တစ်စက်မကျန်အောင် စုပ်ယူပြီးနောက်တွင် လုယန်၏ ခန္ဓာကိုယ်အတွင်း၌ ရှုတ်ထွေးသော တည်ဆောက်မှုတစ်ခု စတင်အသက်ဝင်လာခဲ့သည်။

“ ဟမ်”

လုယန် ချက်ချင်း ကောင်းကင်ကို မော့ကြည့်လိုက်တော့သည်။

….

ထိုအချိန်မှာ အခြေအနေကို နားလည်သွားသည့် ယွင်ဘိုးဘေး ချက်ချင်းကို ဒေါသကြီးသွားသည်.. သူအနည်းငယ် အံ့သြမိသည်ဆိုလည်း မှန်ပါ၏။

“ မကောင်းတော့ဘူး”

လုယန်၏ လိမ်ညာမှုကို သူအခုမှ သတိထားမိခဲ့တာပင်။ လုယန်က သူကိုယ်တိုင် သက်သေပြခဲ့သည့်အပြင်၊ ကျစ်ရှောင်ယင်ကပါ လုပ်နိုင်သွားလေရာ၊ ဤကမ္ဘာပေါ်က လူတွေအားလုံးက လုယန်ကို ယုံကြည်သွားသည်။ ထိုသို့ဖြင့် သူတော်စင်သူခိုးသိုင်း၏ ပတ်လမ်းက ပြန်လည်တည့်မတ်သွားသည်။

ထို့အပြင် သူဖန်တီးခဲ့သည့် မဟာတာအို၏ အဆင့်လေးက လုယန်ကို မထိခိုက်နိုင်ခဲ့ဘဲ.. ထိုအစား တစ်ဖက်တစ်လမ်းကနေပင် အစွမ်းပိုများအောင် ကူညီသလို ဖြစ်သွားရ၏။

လုယန်၏ အစွမ်းအစနှင့် ဖန်တီးစဥ်က မဟာတာအိုသည် ချီသန့်စင်ခြင်းနှောင်းပိုင်း အစွမ်းသာရှိခဲ့သည်။ သို့သော် သူ၏ ကူညီမှုကြောင့် မဟာတာအိုက ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်ရှိသွားသည်။ ထို့အတူ သူတော်စင်သူခိုးသိုင်းအတွက် ပြန်ရရှိမည့် ချီစွမ်းအင်ပမာဏကလည်း အများကြီး တိုးသွားမှာပင်။

အခုတော့ လုယန်၏ ပြီးပြည့်စုံသော လှည့်စားမှုကို သူတောင် မဖောက်ထွက်နိုင်တော့ပေ။

ပြောရပါလျှင် မဟာတာအို၏အဆင့်လေးက လုယန်အတွက် လမ်းဆုံးတစ်ခုဖြစ်သလို၊ သူ့အတွက်လည်း ဖြစ်သည်။ အခုတော့လုယန်၏ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းနယ်ပယ်ကို သူအပြစ်ရှာမရတော့ပေ။

ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီးလျှင် ထိုသူက တစ်ဖက်ကို ရောက်ပြီးဤနေရာက ပျောက်ကွယ်သွားလိမ့်မည်။ တစ်ဖက်ကို မမြင်နိုင်သော အခြေအနေမှာ သူဘယ်လိုလုပ် အပြစ်ရှာဖွေရမည်နည်း။

ဤအခြေအနေကိုသာ ဖောက်ထွက်ချင်ပါက၊ လုယန်၏ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းနယ်ပယ် လိုမျိုး တစ်ဆင့်မြင့်သော နယ်ပယ်တစ်ခုကို သူဖန်တီးဖို့ လိုအပ်လိမ့်မည်.. ထိုအရာက အခြေခံတည်ထောင်ခြင်းနယ်ပယ်ပဲ။

ပြန်လည်မမွေးဖွားခင်က သူ၏ကျင့်ကြံမှုသည် အ​ခြေခံတည်ထောင်ခြင်း အစောပိုင်းနယ်ပယ်မှာပဲ ရှိသေးသည်.. ထိုသို့ ကန့်သတ်ထားသော အရည်အချင်းနှင့် မဟာတာအိုသိုင်းကို အခြေခံတည်ထောင်ခြင်းအဆင့်ထိ ရောက်အောင် သူ ဘယ်လိုလုပ် ဖန်တီးနိုင်မည်နည်း။

ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူပဲ ဖန်တီးနိုင်လိမ့်မည်။

ထိုမှမဟုတ်လျှင် ဟင်းလင်းပြင်ချိုးဖြတ်ခြင်းနယ်ပယ် အကြောင်း သိသွားသူတွေအားလုံးကို သူ သတ်ပစ်ဖို့ လိုအပ်လိမ့်မည်.. သို့ပေမဲ့ ထိုအရာက သူ၏တည်ရှိမှုကိုပဲ ဖော်ထုတ်သလို ဖြစ်သွားမည်။

တစ်နည်းပြောရလျှင် လုယန်က အခုချိန်မှာ ဘယ်လိုမှတားဆီးလို့ မရနိုင်တော့ချေ။

“ မျိုးမစစ်ကောင်”

ယွင်ဘိုးဘေး ဒေါသထွက်လွန်း၍ အံကြိတ်လိုက်ရသည်။ သူ၏အကြံအစည်က အထမမြောက်သည့်အပြင် ရန်သူကို ကူညီပေးသွားလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပါချေ။

သူ၏ကြိုးစားပမ်းစား အားထုတ်မှုတွေက တစ်ခြားသူ အဆင်သင့်ခူးခပ်စားသောက်လိုက်ဖို့ အတွက်တဲ့လား.. သူ ဘယ်လိုမှ လက်မခံနိုင်ပါချေ။

ယွင်ဘိုးဘေး လက်မခံလိုစွာပဲ အံတင်းတင်းကြိတ်ပြီး ကံကြမ္မာကြိုးမျှင်တွေကို နောက်ဆုံးတစ်ကြိမ် ခြယ်လှယ်ဖို့ ကြိုးစားလိုက်သည်။

သူ၏လွှမ်းမိုးမှုကို ပိုမိုအားကောင်းသွားစေရန်အတွက် ကြွေ့ထျန်းရတနာကိုပါ တစ်ခါထဲ အသက်သွင်းလိုက်သည်။

“ သူတော်စင်သူခိုးသိုင်းမှာ အတိဒုက္ခပါတယ်၊ ဒါပေမဲ့ ငါကဝင်ခြယ်လှယ်ပြီး အတိဒုက္ခကို ငါ့အပိုင်အဖြစ်ယူလိုက်တဲ့အတွက် ငါနဲ့သက်ဆိုင်သွားတာပဲ။ ကောင်းကင်ဘုံရဲ့ အတိဒုက္ခက ငါနဲ့သက်ဆိုင်သွားတဲ့အတွက် ငါကလဲ ကောင်းကင်နဲ့မြေကြီးကြားက အစွမ်းကိုသုံးပြီး သူ့ကိုသတ်ခိုင်းလို့ရပြီ”

“ ကောင်းကင်ဘုံရဲ့အောက်မှာ ကောင်းကင်ဘုံရဲ့အပိုင်ဖြစ်တဲ့ သူများရဲ့ ချီစွမ်းအင်တွေကို စုပ်ယူတာမလို့ ဒီသိုင်းက နဂိုတည်းက ကောင်းကင်ဘုံကို ဆန့်ကျင်နေတဲ့ သိုင်းတစ်ခုပဲ”

ယွင်ဘိုးဘေး၏ ကြိမ်းဝါးသံဆုံးသည်နှင့် .. စက္ကန့်ပိုင်းအတွင်းမှာ လုယန်ရှိနေသော လှိုဏ်ဂူအပေါ်က ကြည်လင်နေသော ကောင်းကင်ကြီးကို တိမ်မည်းတွေက နေရာယူလိုက်ပြီး မိုးကြိုးတွေ အဆက်မပြတ် ပစ်ချတော့သည်။

ဝုန်း..ဒုန်း.. အုန်း

တောင်တစ်ခုလုံးကို မပြတ်ကျရောက်နေသော လျှပ်စီးကြောင်းများကြောင့် မြင်ကွင်းဟူသမျှ အဖြူရောင်တွေ ပြည့်နှက်လာတော့၏။

မျက်စိတမှိတ်အတွင်း ပစ်ချနေသော မိုးကြိုးပေါင်းများစွာအတွင်းမှ အလွန်ကြီးသော တစ်ခုက လုယန်ရှိရာ တည့်တည့်ကို ကျရောက်လာသည်။ သို့​သော်

မိုးကြိုးတွေ ပျောက်ကွယ်သွားသည်နှင့် လုယန်၏ ပုံရိပ်က ခပ်ဖြည်းဖြည်း ထွက်ပေါ်လာပြန်သည်။

ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူတစ်ဦးကို အလွယ်လေး သတ်လို့ရသည့် ကောင်းကင်မိုးကြိုးကို ကြုံတွေ့ခဲ့ရသည့်တိုင်အောင် အကောင်းအတိုင်း ရှိနေသေးသော လုယန်​ကြောင့် ယွင်ဘိုး​ဘေး အလွန်အမင်း မယုံကြည်နိုင် ဖြစ်သွားရသည်။

“ဒါ..ဒါက သူတော်စင်သူခိုးသိုင်းရဲ့ တာအိုဥပဒေသလား”

ယွင်ဘိုး​ဘေး ချက်ချင်းအမှတ်ရသွားသည်။ သူတော်စင်သူခိုးသိုင်း၏ အသေးစားအောင်မြင်မှုနှင့် အကြီးစားအောင်မြင်မှု အဆင့်နှစ်ဆင့်သည် တော်တော်လေးကွဲပြား၏။

အသေးစားအောင်မြင်မှုက ခန္ဓာကိုယ်ကို ပြောင်းလဲပေးချိန်မှာ အကြီးစားအောင်မြင်မှုက တာအိုဥပဒေသကို ဖန်တီးခွင့်ရရှိစေသည်။

ကျင့်ကြံရေးလောကမှာ အဆင့်အတန်းက လွန်စွာအရေးပါသည်.. အခြေခံတည်​ထောင်ခြင်း ကျင့်ကြံသူတစ်ဦးရှေ့မှာ ချီသန့်စင်ခြင်း ကျင့်ကြံသူများက ပုရွက်ဆိတ်တစ်ကောင်လို သေးငယ်သွားသည့် အတိုင်းပင်။

သူတော်စင်သူခိုးသိုင်း၏ တာအိုဥပဒေသ ကလည်း ထိုကဲ့သို့ မြင့်မားသော အဆင့်အတန်းကို ရရှိစေသည်.. ထို့ကြောင့် နိမ့်ကျသော တိုက်ခိုက်မှုတွေက လုယန်အပေါ် သက်ရောက်မှာ မဟုတ်တော့ပေ။

အခု ယွင်ဘိုး​ဘေး ဆင့်ခေါ်ခဲ့သော ကောင်းကင်မိုးကြိုးများက အလွန်အင်အားကြီးသော်လည်း၊ အဆင့်အတန်းအား​ဖြင့် မမြင့်မားချေ။ ထို့ကြောင့် လုယန်နှင့် ရင်ဆိုင်ရချိန်မှာ အစွမ်းမဲ့သွားပြီး လုယန်၏ အင်္ကျီအပိုင်းအစလေး တစ်ခုကိုတောင်မှ မဖျက်ဆီးနိုင်တော့ပေ။

သို့သော် သေချာပေါက် တာအိုဥပဒေသ သည်လည်း အင်အားကြီး၊ အင်အားနိမ့် ရှိသေးပြီး.. လူတိုင်းအပေါ်မှာ အခုလို အသုံးဝင်တာတော့ မဟုတ်ပေ။

ရှေးဦးသူတော်စင်ဂိုဏ်းအတွင်းမှာ ပါရမီရှင်များစွာ ရှိသည့်အလျောက်၊ သူတော်စင်သူခိုးသိုင်းကို အောင်မြင်ခဲ့သူ အမြောက်အမြားရှိသည်.. သို့သော် လုယန်၏ တာအိုဥပဒေသ က အသန်မာဆုံးတစ်ခု ဖြစ်ခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူတော်စင်သူခိုးသိုင်း၏ တာအိုဥပဒေသသည် အသုံးပြုသော သိုင်းအပေါ် မူတည်၍ပင်။

အကယ်၍ လူတစ်ယောက်က ချီသန့်စင်ခြင်း အလယ်နယ်ပယ် သိုင်းတစ်ခုကိုသာ အသုံးပြုခဲ့ပါက၊ ထိုသူ၏ တာအိုဥပဒေသ သည် ချီသန့်စင်ခြင်းအလယ်နယ်ပယ်မှာပဲ ရှိနေကာ.. ချီသန့်စင်ခြင်းနှောင်းပိုင်း ​ကျင့်ကြံသူ၏ တိုက်ကွက်ကို တောင့်ခံနိုင်မှာ မဟုတ်ပေ။ သို့သော် လုယန်၏ မဟာတာအိုသိုင်းသည် ယွင်ဘိုးဘေး၏ အကူအညီကြောင့် ချီသန့်စင်ခြင်းပြီးပြည့်စုံ နယ်ပယ်အထိ ရောက်ရှိခဲ့သည်။

ထို့ကြောင့် အခြေခံတည်ထောင်ခြင်းအဆင့် တိုက်ချက်တစ်ခုမဟုတ်သရွေ့ လုယန်၏ တာအိုဥပဒေသကို တုန်လှုပ်နိုင်မှာ မဟုတ်ဘူး.. အကယ်၍ တိုက်ခိုက်သူမှာ အဆင့်အတန်းကိုမြင့်တင်ပေးနိုင်သော ရတနာတစ်မျိုး ရှိနေလျှင် တစ်မျိုးပေါ့။

ဝုန်း

မိုးကြိုးတွေက ဆက်တိုက်ပစ်ချနေပေမဲ့ လုယန်သည် မတုန်မလှုပ်မျက်နှာဖြင့် နေရာမှာပဲ ရပ်တန့်နေသည်.. သူ၏ပတ်ပတ်လည်က အစီအမံတွေ ပြိုကျသွားသည့်တိုင်အောင် သူ့မှာ ထိခိုက်ဒဏ်ရာတစ်ခု မရှိခဲ့ဘူး။

ယွင်ဘိုးဘေး၏ မျက်လုံးတွေခဗျာ ဒေါသကြောင့် ရဲတောက်လာသည့်တိုင်အောင် ဘာမှမစွမ်းသာခဲ့ပေ။

“ ဒီအချိန်ရောက်မှ ငါမတတ်နိုင်တော့ဘူး” သူ စိတ်ပျက်စွာ သက်ပြင်းချလိုက်တော့သည်။

“ ကောင်းပြီ၊ ငါလွှတ်ပေးလိုက်မယ်။ ငါ့မှာပိုအရေးကြီးတဲ့ ဂိုဏ်းခေါင်းဆောင်ခိုင်းထားတဲ့ တာဝန် ရှိနေသေးတယ်”

“ အကိုကြီးရေ.. ကျုပ်ကိုစောင့်ကြည့်နေတာ မင်းလား”

ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် ယွင်ဘိုးဘေး ​လန့်ဖြန့်သွားသည်။ သူ ​ကံကြမ္မာကြိုးမျှင်မှ တစ်ဆင့် လှမ်းကြည့်လိုက်ချိန်မှာ သူ့ကိုတည်ငြိမ်စွာ ပြန်ကြည့်နေသော လုယန်ကို မြင်လိုက်ရ၏။

..သူငါ့ကိုတွေ့နိုင်တယ်.. သူငါရှိနေတာကို သိနေတယ်..

ယွင်ဘိုးဘေး နှလုံးသားတစ်ခုလုံး ခြောက်ခြားသွားပြီး ခြေတစ်လှမ်းအနောက်ဆုတ်လိုက်ရသည်။ သူ ချက်ချင်း ကြည့်ရှုနေတာကို ရပ်လိုက်ပြီး သူနှင့်သက်ဆိုင်သမျှ အရာအားလုံးကို ဖုံးကွယ်ပစ်လိုက်တော့၏။

သို့ပေမဲ့ လက်ရှိလုယန်ကလည်း အရင်လုယန်မှ မဟုတ်တော့တာပဲ..

“ ပြေးချင်တယ်ပေါ့”

လုယန် မျက်လွှာချလိုက်သည်.. သူသည် အခုချိန်မှာ သူတော်စင်သူခိုးသိုင်း၏ အကြီးစားအောင်မြင်မှုကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ သူ့အနေနှင့် အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို မရောက်သေးလျှင်တောင်၊ ထိုရန်သူသည်လည်း အခု အခြေခံတည်ထောင်ခြင်းနယ်ပယ်မှာ ရှိတော့တာမှ မဟုတ်ဘဲ။

သူတို့နှစ်ယောက်၏.အဆင့်အတန်းမှာ ကွာခြားချက် မရှိတော့ပါချေ။

လုယန်၏ဝိညာဥ်က ချက်ချင်း ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီးအပေါ်စီးကနေ လျှို့ဝှက်နယ်မြေ၏ ကျယ်ပြန့်သော မြေပြင်ကို အသေးစိတ်ကြည့်ရှုလိုက်သည်။

ယွင်ဘိုးဘေးက ကြွေ့ထျန်းရတနာ ရှိနေသောကြောင့် လုယန်အနေဖြင့် သူ၏တည်နေရာကို ဘယ်လိုမှ မှန်းဆ၍မရနိုင်ပါချေ။ သို့ပေမဲ့ လုယန်က သူတော်စင်သူခိုးသိုင်း ရှိနေသည့်အပြင်၊ ဤလျှို့ဝှက်နယ်မြေက သူ၏အိမ်ကွင်းတစ်ခုလည်း ဖြစ်သည်။ သူ ခန့်မှန်းစရာမလိုအပ်ပေ.. သူ မစုပ်ယူရသေးသော ချီစွမ်းအင်ကိုလိုက်ရှာဖွေလိုက်လျှင် ရပြီဖြစ်သည်။

ဝူး..

လုယန် ချက်ချင်းပဲ အသိစိတ်ပင်လယ်အတွင်းက စုပ်ယူပြီးသော ချီစွမ်းအင်တွေနှင့် သဏ္ဍာန်တူ ချီစွမ်းအင်တွေကို ဖယ်ထုတ်လိုက်သည်..ထို့မှပဲ အနည်းငယ် အားဖျော့နေသော ချီစွမ်းအင်လှိုင်းတစ်ခုကို မြို့တော်အတွင်းပိုင်းမှာ မြင်လိုက်ရ၏။

မကြာခင်မှာပဲ လေဟာနယ်ဝင်ပေါက်တစ်ခု ပွင့်သွားသည်။

ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေအားလုံး ပိတ်သိမ်းထားခဲ့သော ယွင်ဘိုးဘေးတစ်ယောက် ပွင့်နေသော လေဟာနယ်ဝင်ပေါက်အတွင်းမှ တည်ငြိမ်စွာ ထွက်လာသော အမဲရောင်ဝတ်လူရွယ်တစ်​ယောက်ကို အံ့သြတကြီးသာ ကြည့်နေနိုင်ပါတော့၏။

“ နောက်ဆုံးတော့ တွေ့ပြီ”

Ch 70

( တိုက်ခိုက်ခြင်း)

လုယန် ထွက်ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ လုယန်ကို ဗဟိုပြုပြီး အရာအားလုံး အဖြူအမည်းအဖြစ် ပြောင်းလဲသွားသည်..ထို့အတူ ပြောင်းလဲသွား​သော နေရာတိုင်းရှိ အိမ်တွေ၊ အဆောက်အဦးကြီးတွေ.. သူတောင်းစားတွေ၊ ကျင့်ကြံသူတွေ.. အကုန်လုံး ဖုန်မှုန့်အဖြစ် ပျောက်ကွယ်သွားလေ၏။

“ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကောင်းကင်လူသားတစ်ချို့က လက်မခံနိုင်စွာ ကြောက်လန့်တကြား အော်ဟစ်ကြသေးသည်။ သို့သော် သူတို့တွေ ဘယ်လိုပင်ထွက်ပြေးကြပါစေ၊ ခုခံကြပါစေ.. ဗလာနတ္တိဖြစ်မှု၏ တိုက်စားမှုကြားမှာ အကုန်လုံး ပျောက်ကွယ်သွားရ၏။

ထိုအထဲမှ မဟာတာအိုအဆင့်လေးကို ရရှိခဲ့သော ဝမ်ပယွမ်တစ်ဦးသာ တည်ငြိမ်နေတာ ဖြစ်သည်။ သူက ကောင်းကင်ကို စိတ်သက်သာစွာ မော့ကြည့်နေလေ၏။

“ ကောင်းကင်ဘုံကို ကြည့်ရှုလေ့လာတယ် တဲ့လား.. တွင်းရဲ့အောက်ခြေမှာ နေထိုင်ရတဲ့ ဖားတစ်ကောင်က ကောင်းကင်ကို ဘယ်လိုလုပ် လေ့လာခွင့်ရှိမှာလဲ”

သူသည် ကောင်းကင်လူသားအသွင် ပြောင်းလဲစဥ်ကတည်းက တစ်ခုခုလွဲမှားနေကြောင်းကို သတိပြုမိခဲ့သည်။

မဟာတာအိုအဆင့်လေးကို တက်မြောက်စေရန် သူဖန်တီးခဲ့သောသိုင်းက ကြည့်ရှုခြင်းသုံးမျိုးကို အခြေခံသည်.. သူ့သက်တမ်း၏ အချိန်အများစုကို အရောင်အဝါတိုးမြှင့်ခြင်းသိုင်း၏ ကြည့်ရှုခြင်းကို လေ့လာရင်း အချိန်ဖြုန်းပြီးနောက်မှာ ပြောင်းလဲမှုကြီးတစ်ခုကို ကြုံတွေ့ခဲ့ရသည်။

ထိုမှာ… ကောင်းကင်နှင့်မြေကြီးက မပြည့်စုံမှန်း သူရှာတွေ့ခဲ့သည်။

တည်ရှိနေသော်လည်း.. သဘာဝအလျောက် ဖန်တီးထားတာမဟုတ်ဘဲ တစ်စုံတစ်ယောက်က ဂရုတစိုက် ဖန်တီးထားသော အတုအယောင်တစ်ခုနှင့် ဆင်တူသည်။

ကောင်းကင်နှင့်မြေကြီးက မပြည့်စုံဘဲ ဤလူသားကမ္ဘာက အိပ်မက်တစ်ခုလို အတုအယောင်ကြီးပါလား..

ထိုကတည်းက ယပ်တောင်တစ်ချောင်းနှင့် ပိုးဝတ်ရုံကိုပဲ ဝတ်ဆင်တတ်ပြီး အမြဲလိုလို ကျော့ရှင်းနေ​တတ်သော ကျောင်းအုပ်ကြီးသည် ဆံပင်ဖွာလန်ကြဲနှင့် အရက်သမားတစ်ဦး အသွင်ပြောင်းသွားခဲ့သည်။

အခုတော့ သူအမှန်တရားကို တွေ့ခွင့်ရခဲ့ပြီ..

အခုမှပဲ ဝမ်ပယွမ်သည် သူ၏အရင်ဂုဏ်ရှိသော ပုံစံပြန်ဖြစ်သွားပြီး နောင်တတစ်ချို့နှင့် ကောင်းကင်ကို မော့ကြည့်နိုင်တော့သည်။

“ စိတ်မကောင်းစရာပဲ၊ ငါသာ တကယ်စစ်မှန်တဲ့ ကောင်းကင်နဲ့မြေကြီးကို လေ့လာခွင့်ရမယ်ဆိုရင် ဘယ်လောက်တောင် နက်နဲဆန်းကြယ်နေမှာများလဲ”

နောက်တစ်စက္ကန့်မှာ သူ၏ပုံရိပ်သည်လည်း ပျောက်ကွယ်သွားသည်။

ထျန်းကျင်းမြို့တော်တစ်ခုလုံး ပျောက်ကွယ်သွားပြီး လုယန်ရှိနေသော ယွင်ဘိုးဘေးနေထိုင်ရာ ခြံဝန်းတစ်ခုပဲ ကျန်ရစ်ခဲ့သည်။

လုယန်သည် လျှို့ဝှက်နယ်မြေ၏လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး နယ်မြေထဲက သက်ရှိအားလုံးကို နယ်မြေ၏ အနက်ရှိုင်းဆုံးအပိုင်းမှာ သိမ်းဆည်းလိုက်သည်.. သူတို့တွေသည် နောက်ထပ်တပည့်တစ်ယောက် နောက်တစ်ကြိမ် အသုံးပြုဖို့ ပြန်ဖွင့်မှပဲ ပြန်ထွက်ပေါ်လာကြပေလိမ့်မည်။ ထျန်းကျင်းမြို့တော်တစ်ခုလုံးကိုတော့ လုယန်သည် သူရပ်နေသော ခြံဝန်းအောက်မှာ စုစည်းပစ်လိုက်သည်။

ထိုနည်းဖြင့် လုယန်ရှိနေ​သော ခြံဝန်းက အသိပ်သည်းဆုံးနေရာတစ်ခု ဖြစ်သွားကာ၊ ရန်သူလည်း ဘယ်လိုမှ မလွတ်မြောက်နိုင်တော့မှာ ဖြစ်သည်။

“လုယန်”

ယွင်ဘိုးဘေး၏ လေသံထဲမှာ မုန်းတီးမှုကော၊ လေးစားမှုတွေကော ပါဝင်နေသည်။

လုယန်၏ သန်မာမှုက သူအထင်သေး၍ မရနိုင်တော့သည့်အတွက် လေးစားမိတာ ဖြစ်ပြီး.. အခုလိုမျိုးဖြစ်လာရခြင်းက သူ့ကြောင့် ဖြစ်သွားရသည့်အတွက် မုန်းတီးမိသည်။

သူ့ကြောင့်သာမဟုတ်လျှင် လုယန်၏ သူတော်စင်သူခိုးသိုင်းက အခုလောက် သန်မာလာမှာမဟုတ်ပေ။

သူ.မမုန်းတီးဘဲ နေနိုင်ပါ့မလား။

သို့ပေမဲ့ ယွင်ဘိုးဘေးက မကောင်းသော အတွေးအားလုံးကို ချက်ချင်းဖိနှိပ်လိုက်ပြီး လေသံနက်နက်ဖြင့် ပြောလိုက်သည်။

“ထျန်းကျင်းမြို့တော်ကို ဖျက်ဆီးပစ်လိုက်ရင် မင်းရဲ့သူတော်စင်သူခိုးသိုင်းအတွက် ချီစွမ်းအင်တွေမရတော့မှာ မကြောက်ဘူးလား”

“ အကိုကြီးကအများကြီး တွေးပူပေးနေတာပဲ”

လုယန် ခပ်ဖွဖွ ပြုံးသွားလေကာ စကားဆက်လိုက်သည်။

“ အကြီးစားအောင်မြင်မှုကို ရသွားရင် ဒီကမ္ဘာရဲ့ ချီစွမ်းအင်က ကျုပ်အတွက် အရေးမပါတော့ဘူး။ သူခိုးတစ်ယောက်က သူရထားတဲ့ အရာကို ပြန်ပေးရိုးထုံးစံ ရှိလို့လား။ ကဲပါ.. ခင်ဗျားက ဘာတွေ တွေးပူနေတာလဲ။ ခင်ဗျားအခု ကိုယ့်အခြေအနေကိုယ် စိတ်ပူသင့်တာ မဟုတ်ဘူးလား”

“..မင်း ငါ့ကို လာခြိမ်းခြောက်နေတာလားကွ”.

ယွင်ဘိုးဘေး၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး သူအစောပိုင်းက ထိန်းသိမ်းထားသော ချီစွမ်းအင်တွေက လူသတ်လိုစိတ်အပြည့်ဖြင့် ခန္ဓာကိုယ်အတွင်းမှ အပြင်ကို ထိုးထွက်လာကြသည်။

“ မင်းကများငါ့ကို အထင်သေးရဲတယ်”

“ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူရဲ့ ပြန်မွေးဖွားတဲ့ ခန္ဓာကိုယ်လေးပဲလေ။ ကျုပ်ကဘာတွေ ဂရုစိုက်နေရမှာလဲ”

လုယန်ကလည်း တစ်ချက်လေးတောင် မခံပါချေ။

“ ကျုပ်ကလည်း လျှို့ဝှက်သိုင်းတစ်ခုကို လေ့လာဖို့ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူရဲ့ ဝိညာဥ်ကို လိုအပ်နေခဲ့တာ.. ခင်ဗျားရောက်လာတာ တကယ်ကို အချိန်ကိုက်ပဲ”

“ မင်း.. သေချင်နေတဲ့ကောင်”

လုယန်သည် လျှို့ဝှက်နယ်မြေအတွင်းမှ ထွက်မသွားဘဲ သူနှင့်ထိပ်တိုက်တွေ့သည့်အတွက် ယွင်ဘိုးဘေး ဒေါသထွက်ပြနေသော်လည်း၊ တကယ်တော့ စိတ်ထဲမှ ကြိတ်ဝမ်းသာနေခဲ့သည်။

လုယန်သာ နတ်ဆိုးဂိုဏ်းကို တင်ပြခဲ့လျှင် သူ ​သေချာပေါက် သေဆုံးသွားလိမ့်မည်။ အခုလို ထိပ်တိုက်လာတွေ့သည့်အချိန်မှာတော့ သူ့အတွက် အခြေအနေကို ပြောင်းလဲနိုင်ဖို့ အခွင့်အရေး ရှိနိုင်ပါသေးသည်။

ယွင်ဘိုးဘေးက အစွမ်းတွေအားလုံးကို အပြင်ထွက်စေလိုက်သောကြောင့် သူ့ခေါင်းထက်မှာ မျက်စိကျိန်းလောက်သော ရွှေရောင်အလင်းတစ်မျိုး ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အလင်းက ရွှေရောင်၊ ငွေရောင်နှင့် ကျောက်စိမ်းရောင်အဖြစ် ပြိုကွဲသွားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်။

ထိုက်ယီရွှေကြာပွင့်သိုင်း…

ယွင်မြောင်ကျန်းလိုမျိုး မဟုတ်ဘဲ ယွင်ဘိုးဘေး၏ ပြည့်ဝပြီးသော ထိုက်ယီရွှေကြာပွင့်သိုင်းက ကြီးမြတ်သော နတ်စွမ်းအားကို တိုက်ရိုက်ဖော်ထုတ်နိုင်စွမ်း ရှိသည်။

ချက်ချင်းပဲ ရွှေရောင်အလင်းက အရှေ့ကို ပြေးထွက်လာခဲ့သည်။ ရွှေရောင်အလင်း သွားရာနေရာတိုင်းမှာ ကောင်းကင်နှင့်မြေကြီးကြားက စိတ်ဝိညာဥ်အစွမ်းတွေကို မွှေနှောက်ပစ်လိုက်သောကြောင့် လေပွေတစ်ခုလိုမျိုး ဖြစ်ပေါ်နေပြီး.. လုယန်ရှိရာကို ပြေးလာနေသည်။

လုယန်လည်း မြင်ကွင်းထဲမှာ ရွှေရောင်တစ်ခုသာ မြင်ရတော့သည်။ တစ်ခြားကမ္ဘာတစ်ခုကို ရောက်သွားသလိုမျိုး၊ ပိုင်းခြားပစ်ခံလိုက်ရကာ.. ရွှေရောင်အလင်း၏ လွှမ်းခြုံမှုအောက်၌ သူ၏ချီစွမ်းအင်တွေ ကုန်ဆုံးသွားပြီး မှော်အစွမ်းလည်း အားနည်းလာသည်။ သူ၏အသိစိတ်က အရင်လို မစူးရှတော့ဘဲ ခန္ဓာကိုယ်သည်လည်း အားမရှိတော့ချေ။

သို့ပေမဲ့ နောက်တစ်စက္ကန့်မှာ လုယန်က ခြေထောက်ကို ဆောင့်ချလိုက်သည်။

ဒုန်း

ဟိုးအမြင့်ကြီးကနေ ဧရာမကျောက်တုံးကြီး တစ်တုံး ပစ်ချလိုက်သည့်အတိုင်း ကမ္ဘာကြီးတစ်ခုလုံး အကြမ်းပတမ်း ယမ်းခါသွားသည်။

ယွင်ဘိုးဘေး၏ အသိစိတ်လဲ လှုတ်ယမ်းခံလိုက်ရသည်။

ခြံဝန်းအောက်မှာ လုယန်ပေါင်းစည်းထားသော ထျန်းကျင်းမြို့တော်က ပြင်းထန်သော အင်အား၏ ရိုက်ခတ်မှုကြောင့် ပေါက်ကွဲထွက်သွားပြီး စွမ်းအင်တွေအဖြစ် အဘက်ဘက်ကို ပျံ့ကျဲသွားသည်။ မကြာခင်မှာပဲ ထိုအစွမ်းတွေအားလုံးက လုယန်၏ကိုယ်ထဲ စီးဝင်သွားကြ၏။

နောက်တစ်စက္ကန့်မှာ လုယန်က အေးစက်စက် ပြုံးပြလိုက်ပြီး လက်နှစ်ဖက်ကို အားဖြင့် ဆောင့်ရိုက်လိုက်သည်။ မရေမတွက်နိုင်သော မီးဘောလုံးတွေအများကြီး ထွက်ပေါ်လာခဲ့ကာ.. ရေမြွေတစ်ကောင်လိုမျိုး လုယန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ လည်ပတ် ဝန်းရံလိုက်ကြသည်။ ထို့အတူ ပတ်ဝန်းကျင်အနှံ့ကို တအုန်းအုန်းပစ်ချနေသော မိုးကြိုးသံများကြောင့် ယွင်ဘိုးဘေး နားတွေပင် ထုံထိုင်းလာသည်။ သူ အပေါ်ကို မော့ကြည့်လိုက်ချိန်မှာ မီးဘောလုံးတွေကြားမှ အပေါ်ကို ဖြည်းညှင်းစွာ တက်နေသော ရွှေရောင်ခန္ဓာကိုယ်တစ်ခုကို မြင်လိုက်ရသည်။

“ ကမ္ဘာမြေရဲ့ချီစွမ်းအင်တွေကို ခိုးယူပြီး ရွှေစင်ခန္ဓာကိုယ်ကို တည်ဆောက်တယ်”

လုယန်သည် အခုမှပဲ သူ၏စစ်မှန်သော အစွမ်းကို စတင်ထုတ်ပြလိုက်သည်။

ထိုမြင်ကွင်းကြောင့် ယွင်ဘိုးဘေးလည်း ထိုက်ယီရွှေကြာပွင့်သိုင်းကို အမြန်ပြန်အသက်သွင်းတော့သည်။

ချက်ချင်းဆိုသလို ကောင်းကင်အနှံ့ နေမင်း၊ လမင်းနှင့် ကြယ်များ၏ အရေးပါသောပတ်လမ်းကို နေရာဝင်ယူလိုက်ကြသော အလင်းသုံးသွယ်က လုယန်အပေါ် တောင်တစ်တောင်လို ဖိအားများ ဖိချလိုက်သည်။

သို့ပေမဲ့ အချိန်မှီပဲ လုယန်ကလည်း လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။ တဖြည်းဖြည်း ကြီးမားလာသော လက်ဝါးကြီးက ကျောက်စိမ်းလို အလင်းများဖြာထွက်နေပြီး ကောင်းကင်အပြည့် ပိတ်ပစ်လိုက်သည်.. ထို့နောက် လက်ငါးချောင်းကြားမှာ ထိုက်ယီရွှေကြာပွင့်၏ အလင်းသုံးသွယ်နှင့်အတူ ယွင်ဘိုးဘေးကို ဖမ်းဆုတ်လိုက်သည်။

“ မဖြစ်နိုင်တာ”

ယွင်ဘိုးဘေး အံတင်းတင်းကြိတ်ပြီး သူ၏အစွမ်းကို အပြည့်အသက်သွင်းလိုက်သည်။ ပိုမိုတောက်ပလာသော အလင်းသုံးသွယ်က မျက်စိကျိန်းလောက်အောင် တောက်ပနေရင်းမှ ကျောက်စိမ်းလက်ဝါးကို ဖောက်ထွက်နိုင်ဖို့ အသည်းအသန် ကြိုးစားကြပါသည်။

ထိုအချိန်မှာ လုယန်ကလည်း လက်ကွက်တစ်ခု ဖော်လိုက်သည်။

သူ၏မူရင်းခန္ဓာကိုယ်က မှိန်လိုက်ပျောက်လိုက် ဖြစ်လာပြီး.. သူတော်စင်သူခိုးသိုင်းဖြင့် ဖန်တီးထားသော ရွှေစင်ခန္ဓာကိုယ်သည် ပိုမို သိမ်မွေ့ပြီး စစ်မှန်လာခဲ့သည်။ ထိုအခါ ယွင်ဘိုးဘေး၏ ကြိုးစားမှုတွေက ရွှေစင်ခန္ဓာမှ ဆန့်ထုတ်ထားသော ကျောက်စိမ်းလက်ဝါးကို အနည်းငယ်သာ ထိခိုက်စေခဲ့သည်။ သို့ပေမဲ့ အနည်းငယ် ထိခိုက်တိုင်းမှာ လုယန်က ပြန်ပြုပြင်သည်။

ထိုသို့ဖြင့်တစ်ယောက်က အစွမ်းကို ကုန်ဆုံးစေချိန်မှာ ကျန်တစ်ယောက်က အသက်စွမ်းအင်ကို အသုံးပြုရင်း.တိုက်ပွဲက ရှည်ကြာနေတော့သည်။

“ အချိန်ကြာရင် ပိုဆိုးလိမ့်မယ်။ ငါမြန်မြန် အဆုံးသတ်မှ ဖြစ်မယ်”

လုယန်၏ သူတော်စင်သူခိုးသိုင်းက တော်တော်​လေး ကောင်းမွန်သောကြောင့် သူ၏ ကြီးမြတ်သော နတ်စွမ်းအားကို ခုခံနိုင်မှန်း ယွင်ဘိုးဘေး နားလည်ပါသည်။ လုယန်ကို အနိုင်ယူချင်လျှင် သူ့အနေဖြင့် ပိုအားကောင်းသော တိုက်ခိုက်မှုကို လိုအပ်နေပြီ…

ယွင်ဘိုး​​ဘေး ချက်ချင်းပဲ စတုရန်းပုံရတနာတစ်ခုကို ထုတ်လိုက်သည်။ ထိုအရာက ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ပေးထားသော ကြွေ့ထျန်း ရတနာမှအပ မဖြစ်နိုင်ပါချေ။

“ ကြွေထျန်းအရှင်၊ ကျေးဇူးပြုပြီး လှုပ်ရှားပါတော့”

စကားသံဆုံးသည်နှင့် ကြွေ့ထျန်းရတနာက ကောင်းကင်ပေါ် ပျံဝဲသွားပြီး လျှို့ဝှက်နယ်မြေတစ်ခုလုံးကို လှုတ်ယမ်းတော့သည်။ ကြမ်းတမ်းသော လှုပ်ရှားမှုကြောင့် လျှို့ဝှက်နယ်မြေထဲက အရာရာတိုင်း အစီအစဥ်တွေ လွဲမှားကုန်ပြီး အရှေ့သည်အနောက်ဖြစ်၊ အနောက်သည်အရှေ့ဖြစ်ကာ.. ယွင်ဘိုးဘေး စိတ်တိုင်းကျ မြေအနေအထားတွေ ပြောင်းလဲကုန်၏။ ထိုအခြေအနေမှာ လုယန်၏ ရွှေစင်ခန္ဓာကိုယ်သည်လည်း သက်ရောက်ခံလိုက်ရပြီး.. လွဲမှားသော မျက်နှာပြင်ကြားမှာ ပိတ်မိသွားခဲ့သည်။

ဒါကိုအခွင့်ကောင်းယူပြီး ယွင်ဘိုးဘေးက လုယန်ကို ကြွေ့ထျန်းရတနာဖြင့် ပိတ်လှောင်ပစ်လိုက်သည်။ ချက်ချင်းဆိုသလို လုယန်တစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံး ကြမ်းတမ်းစွာ တုန်ယင်လာတာကို ခံစားလိုက်ရသည်။ ထို့အတူ သူ၏ ရွှေစင်ခန္ဓာကိုယ်က ကျယ်ပြန့်သော မှော်စွမ်းအားကြားမှာ ပိတ်မိနေပြီး မလှုပ်ရှားနိုင်သေးပြန်ပေ။

ယွင်ဘိုးဘေးကလည်း.လုယန်၏ လှုပ်ရှားမှုတွေကို ကန့်သတ်ပြီးသည်နှင့်၊ ထိုက်ယီရွှေကြာပွင့်သိုင်းကို ပြန်အသက်သွင်းပြီး လုယန်၏.လက်ဖဝါးမှ ဖြည်းဖြည်းချင်း ဖောက်ထွက်ဖို့ ပြင်တော့သည်။

“ သန်မာလိုက်တာ၊ သန်မာလွန်းတယ်”

လုယန် လေးစားစွာ ပြုံးလိုက်တော့၏။ ယွင်ဘိုးဘေး၏ သန်မာမှုက ငြင်းဆို၍ မရနိုင်ပါချေ။ ထိုသူက အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သည့်အပြင် ထိုသို့သော ရတနာကိုပါ ပိုင်ဆိုင်ထား​သေး၏။

သန်မာမှုကြီးပဲ သီးသန့် တိုက်ခိုက်ရပါလျှင် အကြိမ်တစ်ရာတိုက်ခိုက်ရလျှင်တောင်မှ သူ အ​ကြိမ်တစ်ရာလုံး ရှုံးနိမ့်သွားမှာဖြစ်သည်။

သို့ပေမဲ့ တိုက်ပွဲတစ်ခုဆိုတာ သန်မာမှုအပေါ်ပဲ မူတည်တာမှ မဟုတ်ပေ။ စစ်တုရင်ကစားကြသလိုမျိုး.. လူတစ်ဦးသည် စစ်တုရင်ခုံပေါ်ရှိ နယ်ရုပ်အားလုံးကို ဉာဏ်ရှိရှိ အသုံးချရမည်ပင်။

ထိုအချိန်မှာပဲ လျှို့ဝှက်နယ်မြေအပြင်ဘက်ရှိ လုယန်၏ ပုံရိပ်ခွဲသည် ယန်ရှန်းကျန့်ယန် တံခါးပိတ်ကျင့်ကြံနေသော ဂူရှိရာကို မရပ်မနား ခရီးနှင်နေခဲ့၏။

“ ပထမအကိုကြီး.. ကျွန်တော် တင်ပြချင်တာ ရှိပါတယ်”

“ လျှို့ဝှက်နယ်မြေထဲမှာ ရန်သူရောက်နေတယ်”

All Chapters