အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
Ch 61
( ခန္ဓာကိုယ်ကို ထိန်းသိမ်းထားရမယ်)
သတင်းဆိုးကို ကြားလိုက်ရသောကြောင့် ယွင်ကျစ်ချိုး အချိန်မဆွဲရဲစွာ ဘိုးဘေးအိမ်၏ တိတ်ဆိတ်သော အခန်းထဲ ဝင်သွားလိုက်သည်။
အခန်းထဲဝင်လိုက်သည်နှင့် ဖယောင်းမီးအိမ်မှ လှိုက်တက်လာသော မီးခိုငွေ့တွေကို မြင်လိုက်ရသည်.. တစ်ချက်ကြည့်လိုက်တာနှင့် တောက်ပနေသော အလင်းကို အရင်ဆုံး မြင်ရပေမဲ့ သေချာကြည့်လိုက်လျှင် ကုန်ခမ်းနေပြီဖြစ်သော မီးစာကို သတိထားမိမှာပင်။
“ ကျစ်ချိုး အနားလာခဲ့”
မီးခိုးငွေ့တွေ ပျံ့ကျဲသွားပြီး ခမ်းနားသော ပိုးထည်ကို ဝတ်ဆင်ထားသော အသက်ကြီးကြီး လူအိုကြီးတစ်ယောက် ထွက်ပေါ်လာသည်။ ထိုသူ၏မျက်နှာက ဆီကုန်နေသော မီးအိမ်နည်းတူ အတော်လေး ခမ်းခြောက်နေပေမဲ့ ခန္ဓာကိုယ်က တိုင်တစ်ခုလို ဖြောင့်မတ်စွာ ခုံပေါ်မှာ ထိုင်နေလေ၏။
ယွင်ကျစ်ချိုး ချက်ချင်း အရိုအသေပေးလိုက်သည်။
“ ဘိုးဘေးကို အရိုအသေပေးပါတယ်”
“ ထပါ” ဘိုးဘေးက ခပ်ပြုံးပြုံးဖြင့် စကားဆက်သည်။.
“ စိတ်မပူနဲ့၊ ဒါငါ့ရဲ့ဒုတိယမြောက် ပြန်မွေးဖွားခြင်းပဲ။ ပထမတစ်ခေါက် အတွေ့အကြုံလဲ ရှိပြီးသားဆိုတော့ ဘာပြဿနာမှ မရှိနိုင်ပါဘူး”
“ ဒါပေမဲ့ ဒီတစ်ခေါက်ပြန်မွေးဖွားပြီးရင် ငါ အနှစ်နှစ်ဆယ်နေမှ ပြန်လာနိုင်မယ်။ အဲ့ဒီကာလအတွင်းမှာ ယွင်အိမ်ကို စောင့်ရှောက်မဲ့သူ ရှိမှာမဟုတ်ဘူး”
“ ကျွန်တော် သေသင့်ပါတယ်”
ဘိုးဘေး၏ ထုတ်မပြောသော ဆိုလိုရင်းကို နားလည်လိုက်သောကြောင့် ယွင်ကျစ်ချိုး နာကျင်သွားသည်။ ယွင်မြောင်ကျန်းက.. မယုံနိုင်လောက်အောင် ထူးချွန်သည့် စစ်မှန်တပည့်တစ်ယောက်ပဲ မဟုတ်ဘူး။ သူမက ယွင်အိမ်တော်၏ အားကိုးရသော အခြေခံတည်ထောင်ခြင်းမျိုးစေ့လဲ ဖြစ်သေးသည်။
ထိုသို့သော ကောင်းကင်သမီးတော် တစ်ယောက်က သူ၏သတိမဲ့မှုကြောင့် နတ်ဆိုးကောင်လက်ထဲ ကျရှုံးခဲ့ရသည်။
ထိုကိစ္စကြောင့် ဂိုဏ်းအတွင်းမှာရှိသော သူ့အာဏာသည်လည်း များစွာထိခိုက်သွားသည်။ ထို့အတူ အခြေခံတည်ထောင်ခြင်းမျိုးစေ့ကို ဆုံးရှုံးရမှုကြောင့် ယွင်အိမ်တော်၏ အာဏာလည်း မှိန်ဖျော့သွားရ၏။
ဒီနှစ်တွေထဲမှာ အမှောင်အလင်း စစ်ပွဲတွေ ကြုံရတိုင်း သူအမြဲသွားသည်.. သို့သော် မရေမတွက်နိုင်သော တိုက်ပွဲတွေမှာတောင်မှ လုယန်၏ ခြေရာကို မတွေ့ခဲ့ရပေ။ စုံစမ်းကြည့်လိုက်တော့မှ ထိုလိပ်အိုကြီးက ဂိုဏ်းထဲမှာ နှစ်ခြောက်ဆယ်တိတိ ပုန်းခိုနေခဲ့မှန်း သိလိုက်ရသည်။ ယွင်ကျစ်ချိုး ဒေါသထွက်လွန်းလို့ ထုတ်ဆဲခဲ့ရသည်အထိပင်။
“ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့”
ယွင်ဘိုးဘေးက တည်ငြိမ်သော မျက်နှာဖြင့် ဆက်ပြောသည်။
“ လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်က အဖြစ်အပျက်က အဲ့ဒီမကောင်းတဲ့ကောင်တွေရဲ့ ကြိုတင်အကွက်ချခဲ့တာ။ သူတို့က ဖုံးကွယ်တာ တော်လွန်းခဲ့တော့ ငါတောင် မသိနိုင်ခဲ့ဘူး.. ငါ့အပြစ်ပါ”
“ ငါသာသိရင် မြောင်ကျန်းကို လုံးဝသွားခွင့် ပေးမှာမဟုတ်ဘူး”
“ မြောင်ကျန်းလဲ သေခဲ့ပြီ.. ငါတို့ယွင်အိမ်တော်လဲ နောက်ထပ်လမ်းတစ်ခု ရှာမှဖြစ်မယ်။ ငါမကြာခင်က ဂိုဏ်းခေါင်းဆောင်ဆီကနေ တာဝန်တစ်ခု လက်ခံထားတယ်”
“ ခင်ဗျာ”
ယွင်ကျစ်ချိုး ထိတ်လန့်စွာ မေးခွန်းထုတ်လိုက်တော့သည်။
“ ဂိုဏ်းခေါင်းဆောင်က ဘိုးဘေးရဲ့ ပြန်မွေးဖွားမဲ့ခန္ဓာကိုယ်ကို အသုံးပြုပြီးတော့ နတ်ဆိုးဂိုဏ်းရဲ့ အခြေခံတည်ထောင်ခြင်းမျိုးစေ့ကို ဖျက်ဆီးချင်တာလား”
ထိုသို့သော ဖြစ်ရပ်က အမှောင်အလင်းတိုက်ပွဲတွေကြားမှာ မထူးခြားသော ကိစ္စပင်။
ယွင်ဘိုးဘေးက တည်ငြိမ်စွာ ခေါင်းညိတ်ပြီး ရှင်းပြလာသည်။
“ ငါသာ နတ်ဆိုးဂိုဏ်းရဲ့ အနာဂတ်မျိုးစေ့ကို သတ်နိုင်ခဲ့ရင် ကံတရားကောင်းတွေ ရရှိပြီး ငါ့ရဲ့အနာဂတ်ကျင့်ကြံမှုမှာ အရင်းအမြစ်တစ်ခု ဖြစ်လာလိမ့်မယ်”
“ ဒါပေမဲ့ ဘိုးဘေးက တစ်ခါပြန်မွေးဖွားခဲ့ပြီးပါပြီ….”
အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ၏ ပထမဆုံးပြန်မွေးဖွားမှုသည် ကောင်းကင်သားတော်တစ်ယောက်လို အဆုံးမရှိသော ကံကောင်းမှုတွေ ဝန်းရံခံရသည်။ ဘယ်သူမှ မလှုတ်ယမ်းနိုင်သော ကံတရားဖြင့် မွေးဖွားခံရပြီး အခြေခံတည်ထောင်ခြင်းအဆင့်ကို ပြန်ရောက်နိုင်ဖို့ မျှော်လင့်ချက်ကြီးရှိသည်။
သို့ပေမဲ့ ဒုတိယမွေးဖွားမှုကတော့ မတူညီပေ။
အထူးသဖြင့် ယွင်ဘိုးဘေးက ဤနှစ်သုံးရာလုံးမှာ အခြေခံတည်ထောင်ခြင်းပထမအဆင့်ကနေ မတိုးတက်ခဲ့သောကြောင့် ပြန်မွေးဖွားမှုက အပြောင်းအလဲ ကြုံရနိုင်သည်။
“ ဘဝမှာ လောင်းကစားဆိုတာ လုပ်ကိုလုပ်ရမယ်”
ယွင်ဘိုးဘေးက ခပ်ဖွဖွ ပြုံးလိုက်ပြီးမှ
“ ဂိုဏ်းခေါင်းဆောင်က နတ်ဆိုးဂိုဏ်းရဲ့ စည်းမျဥ်းသတ်မှတ်ခြင်းလျှို့ဝှက်နယ်မြေ ထဲမှာ အလှည့်အပြောင်းတစ်ချို့ အာရုံခံမိတယ်တဲ့။ အဲ့ဒီနေရာမှာ အခွင့်အရေးရှိနေနိုင်တယ်”
“ နတ်ဆိုးဂိုဏ်းရဲ့ စည်းမျဥ်းသတ်မှတ်ခြင်းလျှို့ဝှက်နယ်မြေ ထဲမှာ ပြန်လည်မွေးဖွားရမဲ့ ဝိညာဥ်တွေ သန်းချီပြီး ပိတ်မိနေတာကို ဂိုဏ်းခေါင်းဆောင် မကျေနပ်နေတာ ကြာပြီ။ ဒီတစ်ခေါက် ငါ့ရဲ့ ပြန်လည်မွေးဖွားမှုကို ဂိုဏ်းခေါင်းဆောင်က အဲ့ဒီလျှို့ဝှက်နယ်မြေထဲ ရောက်နိုင်အောင် ကြိုးစားပေးမှာ။ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ကံကြမ္မာကြိုးမျှင်ကို ထိန်းချုပ်မှာမလို့၊ ဘယ်သူမှ သတိထားမိမှာမဟုတ်ဘူး။ ပြီးတော့ ငါဒီတစ်ခေါက် မွေးဖွားတာနဲ့ သဘာဝရဲ့ဖုံးအုပ်မှုကနေ အလိုလိုလွတ်ကင်းပြီး မှတ်ဉာဏ်တန်းရလိမ့်မယ်”
“အဲ့ဒီကနေ လျှို့ဝှက်နယ်မြေကို ဖျက်ဆီးပြီး အထဲကဝိညာဥ်ကို ပြန်မွေးဖွားခိုင်းရမယ်”
ယွင်ဘိုးဘေး၏ မျက်နှာထက်မှာ မျှော်လင့်ချက်တစ်ချို့ပါ ဝင်ရောက်လာတော့သည်။
“ ဒါသာအောင်မြင်ရင် ကံတရားအမှတ် အများကြီး မြင့်တက်သွားပြီး ငါအခြေခံတည်ထောင်ခြင်းအဆင့်ကို ပြန်ရောက်နိုင်လိမ့်မယ်”
“ ဒါအမှန်ပဲလား။ ဒါဆိုယွင်အိမ်တော်အတွက် ကောင်းချီးပဲ”
ယွင်ကျစ်ချိုး၏ မျက်နှာမှာလည်း စိတ်လှုပ်ရှားမှုတွေ ဝင်ရောက်လာသည်။
အခြေခံတည်ထောင်ခြင်း အမတသခင်ကြီး တစ်ယောက်၏ ပြန်မွေးဖွားမှု ဖြစ်စဥ်မှာ အခက်ခဲဆုံးအပိုင်းက ပြန်မွေးဖွားပြီးနောက် သဘာဝ၏ဖုံးအုပ်ခြင်းကြောင့် မှတ်ဉာဏ်ကွယ်နေသည့် အစောပိုင်း နှစ်တွေ ဖြစ်သည်။
သို့ပေမဲ့ ဒီတစ်ခေါက်ဂိုဏ်းခေါင်းဆောင်၏ ပံ့ပိုးမှုကြောင့် ဘိုးဘေးက မွေးဖွားတာနှင့် မှတ်ဉာဏ်ပါ တန်းရတော့မည်။
ဒါဆိုယွင်ဘိုးဘေး၏ အခြေခံတည်ထောင်ခြင်းအဆင့်ကို ပြန်ရောက်နိုင်ချေလည်း မြင့်မားသွားမည်။ ယွင်ဘိုးဘေး အောင်မြင်သွားတာနှင့် ယွင်အိမ်တော်လည်း နောက်နှစ်သုံးရာအထိ ဆက်လက်အောင်မြင်နေလိမ့်မည်လေ။
ထို့နောက်မှာ ယွင်ဘိုးဘေးက သူ သွားနေစဥ် အတောအတွင်း အပြင်လောကကို မသိစေရန် ပုံရိပ်ယောင်အစီအမံတစ်ခု ချမှတ်ရန် အသေးစိတ် မှာကြားခဲ့သည်။ နောက်ဆုံးမှသာ ဘေးက အသက်မီးအိမ်က တော်တော်လေး မှိန်ဖျော့လာပြီး ကုန်လုနီးနီးအခြေအနေ ရောက်လာသည့်အတွက် ယွင်ဘိုးဘေး အပြီးသတ်လိုက်ပြီး လက်တစ်ဖက် ယမ်းလိုက်သည်။
“ အကုန်အဆင်သင့်ဖြစ်ပြီ၊ မင်းသွားတော့”
ယွင်ကျစ်ချိုး နောင်တစ်ကြိမ် အရိုအသေပေးလိုက်ပြီး လေးစားစွာ ပြောလိုက်လေ၏။
“ ဘိုးဘေး အောင်မြင်စွာပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်”
“....”
ယွင်ကျစ်ချိုး အချိန်တစ်ခုကြာသည်အထိ စောင့်နေသော်လည်း တုံ့ပြန်သံမကြားရတော့ပေ။ သူခေါင်းမော့ ကြည့်လိုက်ချိန်မှာ အသက်မဲ့သွားပြီဖြစ်သော ယွင်ဘိုးဘေးကိုပဲ တွေ့လိုက်ရ၏။
…..
အချိန်ကား ဆောင်းတွင်းထဲ ရောက်နေပြီဖြစ်၍ ကမ္ဘာတစ်ခုလုံးကို အဖြူရောင်တွေဖုံးလွှမ်းခံထားရသည်။
လွန်ခဲ့သော နှစ်များစွာက တိုင်းပြည်မငြိမ်သက်မှုတွေက ဆောင်းရာသီ၏ အအေးဓာတ်အောက်မှာ လက်လျော့လိုက်ရသလို ငြိမ်သက်သွားခဲ့သည်။ ကောင်းကင်စာအုပ် ထွက်ပေါ်လာသည့်အပြင်၊ တိုင်းပြည်၏ အရေးပါနေရာဖြစ်သော တော်ဝင်ကျောင်းတော်၊ ဘုရားကျောင်းနှင့် နက္ခတ်ဋ္ဌာနတို့၏ ပူးပေါင်း လုပ်ဆောင်မှုက ပုန်ကန်မှုများကို ထိန်းသိမ်းနိုင်ခဲ့သည်။
အရည်အချင်းမပြည့်မှီသော ကျောက်ဘုရင် နန်းဆင်းလိုက်ရပြီး ဘုရင်အသစ်က ထီးနန်းကို ဆက်ခံခဲ့သည်။ လူပေါင်းများစွာ အသက်ပေးဆပ်ခဲ့ရပေမဲ့ ရလဒ်အနေနဲ့ ငြိမ်းချမ်းသော ခေတ်ကာလတစ်ခုကို ရောက်ရှိလာခဲ့လေသည်။
ထို့ကြောင့် ကျောက်တိုင်းပြည်၏ ဘုရင်အသစ်ကို ငြိမ်းချမ်းရေးနတ်ဘုရားဟု တင်စားခေါ်ဝေါ် ခဲ့ကြသည်။
ကျောက်နန်းတော်ကနေ လှမ်းကြည့်လိုက်လျှင် ထျန်းချီမြို့အတွင်းက ပြည်သူတွေ၏ များစွာ ပြောင်းလဲသွားသော လူနေမှုစနစ်ကို မြင်နိုင်ပါသည်။ ပစ္စည်းပြုတ်ကျလျှင်တောင် ကောက်ယူမည့်သူ မရှိတော့သလို ညအိပ်ချိန်မှာလည်း တံခါးပိတ်ဖို့ မလိုအပ်တော့ပေ။
ထိုအချိန် ထျန်းချီမြို့တော်၏ အနောက်မြောက်အစွန်ပိုင်းရှိ စံအိမ်တစ်ခု အတွင်း၌…
“ သခင်ကြီး မွေးပြီ၊ မွေးပြီ”
နောက်တစ်စက္ကန့်မှာ တံခါးချပ်ပွင့်သွားပြီး အစေခံမလေးတစ်ယောက် ခပ်ရို့ရို့ ထွက်လာခဲ့သည်။
“ ဂုဏ်ယူပါတယ်သခင်ကြီး၊ သခင်မက သားလေးဖွားမြင်ပါတယ်ရှင့်”
သခင်ကြီးဆိုသူက ကောင်းကင်ကို မော့ကြည့်ကာ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်တော့သည်။
“ ကောင်းကင်ဘုံက ငါ့ရဲ့ဝေ့အိမ်တော်ကို မစွန့်ပစ်ခဲ့ဘူးပဲ၊ နောက်ဆုံးတော့ ယောက်ျားလေးအမွေခံမဲ့သူ ဖွားမြင်ပြီ။ ကောင်းတယ်..အရမ်းကောင်းတယ်။ ဒီနေ့အားလုံးကို ဆုချီးမြှင့်ရမယ်”
ထိုသူ၏အမည်က ဝေ့ထိုက်ယီ.. လွန်ခဲ့သော နှစ်နှစ်ဆယ်က သာမာန်အရပ်သားတစ်ယောက် ဖြစ်ခဲ့သော်လည်း တိုင်းပြည်၏ ပုန်ကန်မှုနှိမ်နှင်းရေး ကာလမှာ စစ်တပ်ထဲဝင်ရောက်ခဲ့ပြီး၊ အောင်မြင်မှု ရရှိခဲ့သည်။ ထိုမှ တင်းပိုင်မြို့စားဘွဲ့ ချီးမြှင့်ခံလိုက်ရကာ၊ ထျန်းချီမြို့တော်မှာ ဝေ့အိမ်တော်အဖြစ် နာမည်ကြီးလာခဲ့သည်။ အခု ဝေ့အိမ်တော်၏ ဆက်ခံသူ ဖွားမြင်လေသောကြောင့်.. မဖြစ်မနေ အောင်ပွဲခံမှုတစ်ခု လိုအပ်သည်ပင်။
ထိုအချိန် မီးဖွားခန်းထဲမှာ ကလေးငိုသံ စူးရှရှကပဲ ဖုံးလွှမ်းနေခဲ့သည်။ ဝိညာဥ်တစ်ကောင် ဝင်ရောက်ခြင်းဖြစ်စဥ်ကြောင့် ကလေး၏ ပြောင်းလဲသွားပုံကို မည်သူမှ သတိမထားမိလိုက်ပေ။
“ အောင်မြင်ပြီ”
ယွင်ဘိုးဘေး ဝင်ရောက်ပြီးသည်နှင့် မှတ်ဉာဏ်အားလုံးကို ရရှိလိုက်သည်။ သို့ပေမဲ့ သူကခန္ဓာကိုယ်ကို အရင်မထိန်းချုပ်သေးဘဲ ကလေးငယ်၏ အသိစိတ်ပင်လယ်အတွင်းမှာ ခဏနေကာ၊ တိတ်တဆိတ် စစ်ဆေးလိုက်၏။
“ ကျောက်တိုင်းပြည်.. ကောင်းကင်စာအုပ်.. ဟဟ၊ သူတော်စင်သူခိုးသိုင်းပေါ့လေ”
ယွင်ဘိုးဘေးသည် အမှန်တရားကို တိုက်ရိုက် မှန်းဆနိုင်သွားသည်။ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း၏ အမတသခင်ကြီးတစ်ယောက် အနေနှင့် နတ်ဆိုးဂိုဏ်း၏ သိုင်းအမျိုးမျိုးကို သူ အကျွမ်းဝင်ပြီးသားပင်။
သူတော်စင်သူခိုးသိုင်းလို နာမည်ကြီးသိုင်းတစ်ခုအား သူ မမှတ်မိစရာ အကြောင်းမရှိပါချေ။
သို့သော် ဒါကသူ၏အားသာချက်ဖြစ်သွားခဲ့သည်။
အမတသခင်ကြီးတစ်ယောက်က ပြန်မွေးဖွားချိန်မှာ ကျင့်ကြံဆင့်တွေ ဆုံးရှုံးသွားခဲ့ပေမဲ့ အင်အားကြီးသော စိတ်ဝိညာဥ်ကြောင့် ကံကြမ္မာကြိုးမျှင်တွေကို အာရုံခံနိုင်စွမ်း မပျောက်ဆုံးသွားဘူး။
သို့ပေမဲ့ သိပ်မကြာခင်မှာ ယွင်ဘိုးဘေး မျက်မှောင်ကြုတ်သွားသည်။
သူတော်စင်သူခိုးသိုင်းကို သူအာရုံခံကြည့်လိုက်ချိန်မှာ လေဟာနယ်တစ်ခုလိုမျိုး ဗလာကျင်းနေတာကို မြင်လိုက်ရလို့ပင်.. မသိလျှင် တစ်စုံတစ်ယောက်ဆီက ပိုင်းဖြတ်ခံထားရသလိုမျိုးပဲ။
“ ဒါ ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်ကို ကာကွယ်နိုင်တဲ့ရတနာပဲ”
သို့သော် မကြာခင်မှာပဲ သူ့မျက်ခုံးတန်းက ပြေလျော့သွားသည်။ ဒီတစ်ခေါက် မွေးဖွားမှုသည် အန္တရာယ်များသည့်အတွက် သူသည်လည်း ကံကြမ္မာကြိုးမျှင်စစ်ဆေးခြင်းကို အထူးဂရုပြုခဲ့ကာ ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်ကို ကာကွယ်နိုင်သော ရတနာကို အတူယူဆောင်ခဲ့လေသည်။
“ ဂိုဏ်းခေါင်းဆောင်ပေးထားတဲ့ ကြွေ့ထျန်း ရတနာနဲ့ဆိုရင် ဘယ်လိုကာကွယ်မှုမျိုးမှ အသုံးဝင်မှာ မဟုတ်တော့ဘူး”
အတွေးတစ်ချက်အပြီးမှာ စတုရန်းပုံကျောက်တုံးတစ်ခုက ယွင်ဘိုးဘေးလက်ထဲ ပေါ်လာခဲ့သည်။ ထိုမှတဆင့် အတားအဆီးကို ချိုးဖြတ်ပြီး လေ့လာကြည့်ချိန်မှာ ယွင်ဘိုးဘေး မှင်သက်သွားတော့သည်။
သူ မနေနိုင်စွာ ကောင်းကင်ကို မော့ကြည့်ပြီး ရယ်မောလိုက်တော့၏။
“ အကြောင်းတိုင်းမှာ အကျိုးရှိတယ်၊ အကြောင်းတိုင်းမှာ အကျိုး ရှိတယ်.. ကံတရားက မင်းကို ထိုက်တန်တာ ပြန်ပေးလိမ့်မယ်တဲ့”
“ဟားဟား.. လုယန်”
နောက်ဆုံးတော့..
သူ၏မျှော်လင့်ချက်ကြီးတွေကို သယ်ပိုးထားရသည့် ယွင်မြောင်ကျန်းကို သတ်သွားသည့်ကောင်..
သူအနှစ်ခြောက်ဆယ်လုံး မုန်းတီးနေရသော နာမည်ပိုင်ရှင်…
အခုတော့ သူနှင့်ထိပ်တိုက် တွေ့ရလေပြီ။
ကြွေ့ထျန်းရတနာကနေ လုယန်၏ အကြောင်းကို နားလည်လိုက်ရပြီးနောက်မှာ ယွင်ဘိုးဘေး၏ လူသတ်လိုစိတ်တွေ ပိုမြင့်မားသွားတော့သည်။
“အလောင်းအသွင်ပြောင်းခြင်းအမတသိုင်း၊ သူတော်စင်သူခိုးသိုင်း၊ အဆင့်သုံးချီနဲ့ ကောင်းကင်ဘုံလျှို့ဝှက်ချက်ပိတ်သိမ်း ရတနာလည်း ပိုင်ထားတယ်။ ဒီခွေးသားမှာ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်နိုင်ချေ လေးဆယ်ရာခိုင်နှုန်းလောက် ရှိနေတာပဲ”
ယွင်ဘိုးဘေး၏ မျက်လုံးတွေ ရုတ်ချည်း အေးစက်သွားတော့သည်။
“ ဒီကောင့်ကို အသက်ရှင်ခွင့်ပေးလို့မရဘူး”
Ch 62
“ ငါ့ရဲ့လက်ရှိအခြေအနေနဲ့ အဲ့ကောင်ကို သတ်လို့မလွယ်သေးဘူး”
ယွင်ဘိုးဘေး အတွေးနက်သွားသည်။ သူကအခုမှ ပြန်မွေးဖွားထားသော အနှီးထုတ်ထဲက ကလေးတစ်ယောက်သာ ဖြစ်သည်.. သူ့မှာဘာတိုက်ခိုက်နိုင်စွမ်း ရှိမှာလဲ။
“.. ဒါပေမဲ့ အရေးမကြီးပါဘူး”
သူ အလျင်မလိုပါချေ။ လုယန်က သူ့ကို သိစရာအကြောင်းမရှိသည့်အတွက် သူ စိတ်အေးအေးဖြင့် တိုးတက်အောင်ကျင့်ကြံလို့ ရသည်။ ဆယ်နှစ်အတွင်းမှာ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်ဖို့က မဖြစ်နိုင်တဲ့ကိစ္စတစ်ခုမှ မဟုတ်ပဲ။
“ ဒါပေမဲ့ ဒီသူတောင်းစားက တော်တော်သတိကြီးတဲ့ကောင်ပဲ။ လျှို့ဝှက်နယ်မြေကိုလဲ လက်ရှိမှာ သူထိန်းချုပ်ထားတာ၊ ငါ့အကြောင်းသိတာနဲ့ ဒီကနေ ထွက်ပြေးလိမ့်မယ်။ ငါ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်လာရင်တောင်မှ သူ့ကို သတ်ဖို့အစီအစဥ်သေချာစွဲပြီး မလွတ်နိုင်အောင် လုပ်မှဖြစ်မယ်”
“ မဟာတာအိုသိုင်းရဲ့ အဆင့်သုံးဆင့်က ပထမဆုံး အတွင်းအင်္ဂါငါးခုကို ထိန်းချုပ်ဖို့ လုပ်ပြီးတာနဲ့ ချွေးထုတ်ပေါက်ကိုးခုကို သန့်စင်ပြီး အတားအဆီးကို ချိုးဖြတ်ရတာပဲ။ ဒီသုံးဆင့်လုံးအောင်မြင်ရင် ချီသန့်စင်ခြင်း နှောင်းပိုင်းနယ်ပယ်ကို ရောက်လိမ့်မယ်.. တကယ့်သိုင်းကောင်းပဲ”
ယွင်ဘိုးဘေး၏ မျက်နှာက အနည်းငယ် အံ့အားသင့်သွားသည်။
သူ၏ နှစ်ခြောက်ရာသက်တမ်းမှာ နတ်ဆိုးဂိုဏ်းသား အများကြီး မရေမတွက်နိုင်အောင် တွေ့ဖူးပေမဲ့ လုယန် လိုလူမျိုးကတော့ တော်တော် ရှားသည်။
“ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို မရောက်သေးဘဲနဲ့ လူတစ်ယောက်က ကောင်းကင်ဘုံရဲ့ သဘောတရားကို နားလည်ပြီး တာအိုကိုဖော်ထုတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အရင်က သူတော်စင်သူခိုးသိုင်းကို ကျင့်ကြံတဲ့ကောင်တွေ အကုန်လုံးက အသုံးကျတာတစ်ကောင်မှမပါဘူး.. အဲ့ကောင်တွေရဲ့ သိုင်းတွေက သစ်သားတွေ ထပ်ထားတဲ့အိမ်စုတ်တစ်ခုလိုပဲ။ တစ်ချက်ထိတာနဲ့ ပြိုသွားမဲ့ဟာတွေ။ အလွန်ဆုံးမှ ချီသန့်စင်ခြင်းအလယ်နယ်ပယ် ရောက်အောင်အထိ ကျင့်ကြံနိုင်တဲ့ အခွံပဲရှိတဲ့ သိုင်းတွေပဲ သူတို့တွေ ဖန်တီးနိုင်ခဲ့ကြတာ။ ဒါပေမဲ့ ချီသန့်စင်ခြင်းနှောင်းပိုင်းတဲ့လား”
“ ဒီလုယန်ရဲ့ ခေါင်းထဲမှာ အရည်အချင်းတွေ ရှိတာပဲ”
ယွင်ဘိုးဘေး၏ ဆုံးဖြတ်ချက်က ပိုခိုင်မာသွားသည်။ လုယန်ကို ဘယ်လိုမှ အောင်မြင်ခွင့်မပေးနိုင်ပါချေ။ လုယန်သာ အခြေခံတည်ထောင်ခြင်းအဆင့်ကို ရောက်သွားလျှင် နတ်ဆိုးလမ်းစဥ်က ပိုအားကောင်းသွားလိမ့်မည်။
သို့ပေမဲ့ သူ ဘယ်လိုလုပ်ရမှာလဲ။
“ သူတော်စင်သူခိုးသိုင်းက လူတွေရဲ့ ချီစွမ်းအင်စုပ်ယူတယ်၊ အဲ့ဒါက ကံတရားလမ်းကြောင်းကို ဆန့်ကျင်တဲ့အတွက် အောင်မြင်မှုကြီး ကြုံတွေ့ရရင် ကပ်ဘေးကို လက်ခံရတတ်တယ်။ ငါ့ရဲ့ပြန်မွေးဖွားမှုက သူ့ရဲ့ကပ်ဘေးဖြစ်လိမ့်မယ်”
ကောင်းကင်လျှို့ဝှက်ချက်ကို ကြည့်ရှုနေရင်း ယွင်ဘိုးဘေး တစ်စုံတစ်ခုကို မှန်းဆနိုင်သွားသည်။
“ ငါ့မှာကြွေ့ထျန်းရတနာ ရှိတဲ့အတွက် သူငါ့ကိုသိမှာမဟုတ်ဘူး။ ဒါပေမဲ့ငါက အရိပ်ထဲက စောင်ကြည့်လို့ရတယ်။ ငါ့ဘက်က သေချာပေါက် အရေးသာနေတယ်”
“ ဒီလိုဆိုမှသော ငါသူ့အတွက် ကပ်ဘေးတစ်ခု ဖန်တီးပေးရမယ်။ ဒါပေမဲ့ အရမ်းလဲလွယ်လို့မရသလို အရမ်းလဲ ခက်လို့မရဘူး။ သူဖြေရှင်းနိုင်မယ်လို့ ခံစားရတဲ့အချိန်မှာ ကိုယ်တိုင်အရှေ့ထွက်လာ လိမ့်မယ်။ ဒီကပ်ဘေးကိုအသုံးပြုပြီး ငါ့ရဲ့ ထောင်ချောက်ထဲ ဆွဲခေါ်ရမယ်”
ခြင်္သေ့တစ်ကောင်က ယုန်ကို ရင်ဆိုင်လျှင်တောင်မှ အားကုန်သုံးသင့်သည် ဆိုသည့်အတိုင်းပင် ယွင်ဘိုးဘေးက လုယန်ကို အထင်မသေးရဲစွာ ရက်စက်သော အစီအစဥ်တစ်ခုကို သတ်မှတ်လိုက်သည်။
“ ဒါဆို ဘယ်လိုကပ်ဘေးမျိုး လုပ်ရမလဲ”
သူ အနည်းငယ်စဥ်းစားပြီးနောက် ခပ်ဖွဖွ ပြုံးသွားတော့သည်။
“ ဒီကောင့်အတွက် သူတော်စင်သူခိုးသိုင်းရဲ့ ကျင့်ကြံမှုမှာ အမှားဖြစ်တာမျိုးက စိတ်အပူစေဆုံးအရာဖြစ်မယ် ထင်တယ်”
“ ဒီလိုဆိုမှတော့ ငါကူညီပေးရမှာပေါ့”
“ သူက အဆင့်သုံးဆင့် သိုင်းတစ်ခုဖန်တီးရင် ငါကအဆင့်လေးဆင့် သိုင်းတစ်ခု ဖန်တီးပေးမယ်။ ဒါပေမဲ့ သူ့ဖန်တီးထားတဲ့ ပုံစံခွက်ထဲမှာ ပိတ်မိနေမှာမျိုးမဟုတ်ဘူး”
ယွင်ဘိုးဘေး ချက်ချင်းပဲ ကံတရားကို ချုပ်ကိုင်ဖို့ ကြိုးစားလိုက်သည်။
ထိုသို့ဖြင့်နောက်ထပ် ဆယ်နှစ်ကုန်ဆုံးသွားသည်။
ဆယ်နှစ်အတွင်းမှာ တိုင်းပြည်အနှံံ့ သူရဲကောင်းတွေ မရေမတွက်နိုင်အောင် ထွက်ပေါ်ခဲ့ပြီး အဆင့်သုံးဆင့်ပါသော မဟာတာအိုသိုင်းကို နေရာစုံကလူတိုင်းနီးပါး ကျင့်ကြံခဲ့ကြသည်။
ထိုသို့သော အားကောင်းနေသည့် ခေတ်တစ်ခေတ်၏ တစ်ညမှာ မြို့တော်မှာ မိုးကြိုးတွေချိန်းပြီး မိုးတွေသည်းကြီးမည်းကြီး ရွာချသည်။ ကောင်းကင်တစ်ခွင်ကို နဂါးတစ်ကောင်ခွေနေသလိုမျိုး တိမ်မည်းတွေက နေရာယူထား၏။ ထိုအချိန်မှာ ထူးဆန်းစွာ ချီစွမ်းအင်အလင်းတစ်ခု ထွက်ပေါ်လာပြီး တိမ်စိုင်တွေကို ထိုးဖောက်နေရင်း ရာသီဥတုဖောက်လွဲဖောက်ပြန် ဖြစ်စဥ်ကို ထိန်းချုပ်လိုက်သည်။ တစ်နာရီအတွင်းမှာ တိမ်စိုင်တွေပြိုကွဲသွားပြီး နေရောင်တွေ တောက်ပစွာ ထွက်ပေါ်လာခဲ့သည်။
နောက်တစ်နေ့မှာ ထိုသတင်းက တောမီးလိုမျိုး မြို့တော်အနှံ့ ပျံ့နှံ့သွားသည်။
သတင်းတွေအရ တော်ဝင်ကျောင်းတော်၏ ကျောင်းအုပ် ဝမ်ပယွမ်သည် အမြင်ပွင့်ပြီး ညတွင်းချင်းမှာ ကောင်းကင်ဘုံစာအုပ်၏ အဆင့်လေးကို အောင်မြင်ခဲ့မှန်း သိရသည်။
ကောင်းကင်ဘုံစာအုပ်ဟု တင်စားကြသော မဟာတာအိုသိုင်း၏ ပထမအဆင့်က အတွင်းအင်္ဂါးငါးမျိုးကို သန့်စင်ပြီးထိန်းချုပ်ရသော ဖြစ်စဥ်ဖြစ်သည်။
နှလုံး၊ အဆုတ်၊ သရက်ရွက်၊ အသည်းနဲ့ ကျောက်ကပ်ကို ထိန်းချုပ်ပြီးလျှင် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ကို ရရှိစေမည်။
ဒုတိယအဆင့်က ချွေးထုတ်ပေါက်ကိုးခုကို ဖွင့်လှစ်ခြင်းပဲ။
မျက်လုံး၊ နားရွက်၊ နှာခေါင်း၊ လျှာ၊ သွေးကြော၊ အရိုး၊ အသား၊ သွေး၊ အဆီအနှစ်.. ထိုကိုးမျိုးကို ဖွင့်ထုတ်ပြီးလျှင် ချီလည်ပတ်ခြင်းကို ပြီးပြည့်စုံစေမည်။
တတိယအဆင့်က အတားအဆီးချိုးဖြတ်ခြင်းဖြစ်စဥ် ဖြစ်သည်။
ဦးခေါင်း၏သုံးပေအထက်မှာ စိတ်ဝိညာဥ်တည်ရှိသည်။ အတွင်းအင်္ဂါငါးခုကို သန့်စင်ပြီး အဓိကအစိတ်အပိုင်းကိုးခုမှာ ချီစွမ်းအင်လည်ပတ်စေကာ ကောင်းကင်ဘုံ၏ စိတ်ဝိညာဥ်စွမ်းအင်ကို ခန္ဓာကိုယ်အတွင်းအပြင်မှာ စီးဝင်စေလျှင် ဦးခေါင်းထက်က အတားအဆီးနယ်မြေကို အဆုံးမှာ ချိုးဖြတ်နိုင်ပြီး စိတ်ဝိညာဥ်ကို လေ့လာခွင့်ရစေသည်။
လူတွေက မဟာတာအိုသိုင်းသည် ထိုနေရာမှာပဲ ရပ်သွားပြီး မတိုးတက်နိုင်တော့ဘူးဟု ခေတ်အဆက်ဆက် ယုံကြည်ခဲ့ကြသည်။
ဝမ်ပယွမ်၏ အဆင့်လေးကိုရောက်ရှိသော သတင်းက လောကတခွင်က လူတွေကို တက်ကြွစေခဲ့၏။ ဝမ်ပယွမ်ကလည်း တစ်ယောက်ထဲ ထိန်းသိမ်းမထားခဲ့ပါချေ။
“ မဟာတာအိုရဲ့ အဆင့်လေးကို ကောင်းကင်လူသားအသွင်ပြောင်းခြင်းလို့ ခေါ်တယ်”
“ ဒီအဆင့်ကိုရောက်ချင်ရင် မဟာတာအိုရဲ့ ချုပ်နှောင်မှုကနေ ရုန်းထွက်ဖို့လိုတယ်။ မဟာတာအိုသိုင်းထဲမှာ ပိတ်မိမနေဘဲ ကိုယ်ပိုင်တာအိုကို ဖန်ဆီးနိုင်သွားရင် အဲ့ဒီလူက ကောင်းကင်ဘုံလူသားတစ်ယောက် အဖြစ် အသွင်ပြောင်းသွားလိမ့်မယ်”
ဝမ်ပယွမ်က ထိုအတွေးရခဲ့ပြီးနောက်မှာ အရောင်အဝါတိုးမြင့်ခြင်းသိုင်းကို တည်ထွင်လိုက်ကာ ကောင်းကင်ဘုံ၏ သဘောတရားကို နားလည်ခွင့် ရသွားခဲ့သည်။ ကံတရားကြိုးမျှင်များမှတစ်ဆင့် ကောင်းကင်လျှို့ဝှက်ချက်များကို ကြည့်ရှုနိုင်သွားသည်။
သူက တိုင်းပြည်ချစ်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သောကြောင့် ငြိမ်းချမ်းသော တိုင်းပြည်တစ်ခု တည်ထောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သူ ဖန်တီးထားခဲ့သော အရောင်အဝါတိုးမြင့်ခြင်းသိုင်းကို လူသိရှင်ကြားထုတ်ပြခဲ့ပြီး အကုန်ရှင်းပြပေးခဲ့သည်။
ထိုမှတစ်ဆင့် ကမ္ဘာကြီးတစ်ခုလုံး လျှင်မြန်စွာပြောင်းလဲလာရ၏။
ဒုတိယမြောက် အဆင့်လေးကို ရောက်ရှိသွားသူသည် နက္ခတ်ကျောင်းတော်က နဂါးကျားတောင်၏သခင်ဖြစ်သော ခြေဗလာတာအိုဘုန်းကြီး ချန်းချင်ကျင်း ဖြစ်သည်။
ထို့နောက် တော်ဝင်ဘုရားကျောင်း၏ ဗုဒ္ဓနတ်ဘုရား ရွှမ်ခဲ့လည်း မနက်ခင်းတရားထိုင်နေချိန်မှာ အတွေးရသွားပြီး အဆင့်တက်သွားသည်။
ထိုသို့ဖြင့် လေးယောက်မြောက်.. ငါးယောက်မြောက်..
ဆယ်နှစ်အတွင်းမှာ ကောင်းကင်လူသားခုနှစ်ယောက် ထွက်ပေါ်လာခဲ့ပြီး လုယန် ဖန်တီးထားသော မဟာတာအို၏ အခြေခံစည်းမျဥ်းကို ဖောက်ထွက်ကုန်ကြသည်။
“ ဟမ်”
လျှို့ဝှက်နယ်မြေ၏ အနောက်ဘက်အစွန်းက သစ်တောနက်အတွင်းရှိ သွေးလွှမ်းမိုးအစီအမံနှင့် မန္တာန်စာရွက်တွေ အများကြီးကြားက လုယန် ရုတ်တရက် မျက်လုံးပွင့်သွားသည်။
သူ မြင်ရသမျှက မည်းမှောင်နေသော တိမ်မည်းတွေသာဖြစ်ပြီး အရင်လိုတောက်ပကြည်လင်သော ကောင်းကင်တစ်ခု မဟုတ်တော့ပေ။
နောက်တစ်စက္ကန့်မှာ လုယန်၏ ခေါင်းအနောက်မှာ လပြည့်လိုအလင်းဝိုင်းတစ်ခု ထွက်ပေါ်လာသည်။ ရတနာမန္တာန်သိုင်းအောက်မှာ လွန်ခဲ့သော ဆယ်နှစ်က အဖြစ်အပျက်တွေအားလုံးကို သူ သိလိုက်ရသည်။
“ မဟာတာအိုရဲ့ အဆင့်လေး.. ကောင်းကင်ဘုံလူသားအသွင်ပြောင်ခြင်း ဟုတ်လား။ မြန်လိုက်တာ”
လုယန် အံ့သြသွားသလို ရှုတ်ထွေးသွားသည်။ မဟာတာအိုက လျှင်မြန်စွာပြောင်းလဲသွား၍ သူ ပျော်ရွှင်မိသော်လည်း သူ နားမလည်နိုင် ဖြစ်နေရသည်။
ဘယ်လိုလုပ် ဤမျှ မြန်ဆန်ရသနည်း။
သို့ပေမဲ့ သူ၏ ရတနာမန္တာန်ဖြင့် စစ်ဆေးမှုမှာလည်း ပြစ်ချက်မရှိကြောင်း ပြသနေပြန်သည်။
“ ငါဖန်တီးထားတဲ့ မဟာတာအိုသိုင်းက အဆုံးထိပြီးသွားရင် ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ်ကို ရစေလိမ့်မယ်။ ဒါပေမဲ့ အဆင့်လေးကို အောင်မြင်ပြီး ကောင်းကင်လူသားဖြစ်လာရင်.. အကြမ်းဖျဥ်း ခန့်မှန်းချက်အရ အဲ့ဒီလူက ချီသန့်စင်ခြင်းပြီးပြည့်စုံအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာပဲ။ ဒါဆို ဒါကငါ့ရဲ့မဟာတာအို မဖြစ်နိုင်တော့ဘူး”
လုယန်၏ မျက်နှာက တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။
ပြောင်းလဲသွားသော ဖြစ်စဥ်ကော၊ ပြောင်းလဲသွားသော ကံတရားကောက ပြဿနာတစ်ခု မဟုတ်ပေ။
အကုန်လုံးက ကျိုးကြောင်းသင့်သည်။
သို့ပေမဲ့ ပြဿနာက မဟာတာအိုက လမ်းကြောင်းလွဲသွားသည့်အတွက် ထိန်းချုပ်မှုလွတ်ကင်းတော့မည်။ သူ ဝင်မပါလျှင် သူတော်စင်သူခိုးသိုင်း ကျရှုံးရတော့မည်။
“.. ဒါမဟုတ်သေးဘူး”
လုယန်၏ နှလုံးသားထဲ အချက်ပေးခေါင်းလောင်းသံ တစ်ခု ရုတ်တရက် မြည်ဟည်းသွား၏။
သူသည် ယွင်ဘိုးဘေး၏ အကြံကို မသိသလို၊ ယွင်ဘိုးဘေးကိုပင် မသိတာပေ။
သို့သော် သူသိတာ တစ်ခုရှိသည်။
“ ငါဒီနေရာကနေ လုံးဝမထွက်ဘူး”
အခုသူ့ကိုမရေမတွက်နိုင်သော မန္တာန်စာရွက်များနှင့် အစီအမံတစ်ခုက ကာကွယ်ပေးထားသည်။ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူတွေ ဒါဇင်နဲ့ချီပြီး ရောက်လာလျှင်တောင်မှ ငါးမြှားနေသော အဘိုးအိုတစ်ယောက်လို သူ မတုန်မလှုပ် နေနေလို့ရသည်။
သို့ပေမဲ့ အပြင်ထွက်လိုက်လျှင်တော့လား။
ထို့အပြင် သူကအခု ကမ္ဘာကြီး၏အဝေးမှာ နေပြီး စစ်တုရင်ခုံပေါ်က နယ်ရုပ်တွေကို ထိန်းချုပ်နေရသူပဲ။ သူကိုယ်တိုင် လူသိရှင်ကြား လောကအရေးထဲ ဝင်ပါလိုက်လျှင်.. ဒါက စစ်တုရင်ခုံပေါ်က နယ်ရုပ်တစ်ခု ကိုယ်တိုင်ဖြစ်သွားတာပဲ မဟုတ်ဘူလား။
တစ်ချက်လေး အကွက်ရွှေ့မှားတာနှင့် သေသွားလိမ့်မည်။
လုယန် တည်ငြိမ်သွားတော့သည်။ ကောင်းကင်ဘုံလူသားတွေပေါ်လာပြီး သူ၏ သူတော်စင်သူခိုးသိုင်းကို နှောက်ယှက်လျှင်တောင်မှ အချိန်တစ်ခု ကြာအုံးမည်ဖြစ်သည်။
“ ငါအရင်ဆုံး ကိုယ်ပွားတစ်ခု လွှတ်ရမယ်”
လုယန်၏ အတွေးတစ်ချက်ဖြင့် ချီဝိညာဥ်တစ်သောင်းစာလိပ်အတွင်းမှ စာလိပ်ဝိညာဥ်တစ်ကောင် အပြင်ထွက်လာသည်။ သူ၏လက်တစ်ဖက်မှာလဲ ဖွေးဖွေးဖြူနေသော မူလချီပေါ်ထွက်လာ၏။
မူလချီစွမ်းအင်က သူ၏ဒုတိယဘဝမှာ ရရှိခဲ့ပြီး တတိယဘဝတုန်းက ချီသန့်စင်ခြင်းအလယ်နယ်ပယ်ကို အဆင့်တက်နိုင်အောင် ကူညီခဲ့သော်လည်း၊ နောက်ဘဝအဆက်ဆက်မှာ အသုံးမဝင်ခဲ့ချေ။
“ အခုတော့ မင်းကိုသုံးရမဲ့အချိန်ရောက်ပြီ”