အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
Ch 63
( စစ်သည်တော် vs မသေမျိုး)
မကြာခင်မှာပဲ နောက်တစ်လကုန်ဆုံးသွားသည်။
လုယန် သူ၏လှိုဏ်ဂူထဲမှာပဲ ကြာပန်းပုံထိုင်ကာ ကျင့်ကြံနေ၏.. သူ၏ လက်ဖဝါးတစ်ဖက်မှာ ရစ်ပတ်နေသော အဖြူရောင်ချီစွမ်းအင်တစ်ခုရှိနေသည်။
အချိန်ခဏကြာပြီးနောက်မှာ လုယန်က ထိုချီစွမ်းအင်ကို အပြင်ကို တောက်ထုတ်လိုက်သည်။
ဝုန်း
ကျယ်လောင်စွာ ပေါက်ကွဲပြီးနောက် အဖြူရောင်ချီစွမ်းအင်သည် လုယန်နှင့် တစ်ပုံစံထဲဆင်တူပြီး ခံစားချက်ကွဲပြားသော ပုံရိပ်တစ်ခုအဖြစ် ပြိုကွဲသွားသည်။
ခန္ဓာကိုယ်အစစ်က နတ်တစ်ပါးလို သိမ်မွေ့နက်ရှိုင်းသော အရောင်အဝါကို ပိုင်ဆိုင်ထားသည်ဟု ပြောရပါလျှင်..
ပုံရိပ်ခွဲ၏ ပြင်းထန်သော စွမ်းအင်လှိုင်းများက မကောင်းဆိုးဝါးတစ်ကောင် ရပ်နေတာနှင့် ဆင်တူသည်။ လုယန်၏ ပုံရိပ်ခွဲမှာ ခြိမ်းခြောက်စရာမလိုဘဲ လူကိုကြောက်ရွံ့စေနိုင်သော အရှိန်အဝါတစ်ခု ပိုင်ဆိုင်ထား၏။
“ မဆိုးဘူး မဆိုးဘူး”
အချိန်တစ်လတိတိ ပေးဆပ်ရင်း ဖန်တီးထားရသော ပုံရိပ်ခွဲကို ကြည့်ပြီး လုယန် ကျေနပ်စွာ ရေရွတ်လိုက်သည်။
“ ငါ့ရဲ့မဟာတာအိုသိုင်းက ဒီလောက် အသုံးဝင်မယ် မထင်ခဲ့မိဘူး”
မူလချီဖြင့်ဖန်တီးထားသော ပုံရိပ်ခွဲသည်.. ယေဘုယျအားဖြင့် ပြောရလျှင် ကျင့်ကြံမှုမှာ အဆင့်မတက်နိုင်ပါချေ။
ထိုပုံရိပ်ခွဲက မူလချီစွမ်းအင်တစ်မျိုးထဲနှင့် ဖန်တီးထားတာဖြစ်သည်.. ဓာတ်ငွေ့တစ်ခုလို စုဝေးလိုက်၊ ပျံ့ကျဲလိုက်ဖြင့် တည်ငြိမ်မှုမရှိသော မူလချီစွမ်းအင်က ကျင့်ကြံလို့မရနိုင်ပေ။
သို့ပေမဲ့ မဟာတာအိုက အရာအားလုံးကို ပြောင်းလဲခဲ့သည်။
မဟာတာအိုက တစ်ခြားမသေမျိုးသိုင်းများလို မဟုတ်ဘဲ.. ခန္ဓာကိုယ်အတွင်းစွမ်းအင် လည်ပတ်စေရင်း၊ ခန္ဓာကိုယ်ကို သန့်စင်ပေးသည့်အတွက် မူလချီပုံရိပ်ခွဲအတွက် ကျင့်ကြံလို့ရသွားခဲ့သည်။
“ ဒါပေမဲ့ အဆင့်လေးကို ဘယ်လိုလုပ်ရမလဲ ငါမသိသေးဘူး”
ပုံရိပ်ခွဲသည် မဟာတာအိုသိုင်း၏ အဆင့်သုံးကိုပဲ ရောက်သေးသည်။ လုယန် ဘယ်လောက်ပဲ ကြိုးစားပါစေ၊ အဆင့်လေးကို ချဥ်းကပ်ဖို့ နည်းလမ်းမှန်ကို ရှာမတွေ့နိုင် ဖြစ်နေရသည်။
ထို့ကြောင့် လုယန်သည် ထျန်းကျင်မြို့တော်ကို သွားဖို့ဆုံးဖြတ်လိုက်သည်.. ပထမဆုံး အောင်မြင်ခဲ့သည့် ဝမ်ပယွမ်ကို သွားမေးလိုက်လျှင် သတင်းတစ်ချို့ ရနိုင်မည်ဆိုသော မျှော်လင့်ချက်နှင့်ပင်။
“ ငါမင်းကို ငါ့အစား သွားစုံစမ်းခိုင်းမယ်”
ပုံရိပ်ခွဲက ချက်ချင်းပဲ အဖြူရောင်အလင်းအဖြစ် ပြောင်းလဲလိုက်ကာ၊ ထျန်းကျင်မြို့တော် ရှိရာဘက်ကို ရေပြင်ညီအတိုင်း ပျံသန်းသွားခဲ့သည်။
“ နောက်ဆုံးတော့ လှုပ်ရှားပြီ”
တစ်ချိန်ထဲမှာပဲ ဝေ့အိမ်တော်က ဆယ်နှစ်အရွယ် ကလေးငယ်တစ်ယောက်သည် ကောင်းကင်ပေါ် မော့ကြည့်ရင်း မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။
သို့ပေမဲ့ နောက်တစ်စက္ကန့်မှာ ထိုကောင်လေး ချက်ချင်း မျက်မှောင်ကြုတ်သွားတော့သည်။
“ မဟုတ်ဘူး၊ ဒါပုံရိပ်ခွဲကြီး”
ယွင်ဘိုးဘေး ဒေါသတကြီး အံကြိတ်လိုက်သည်။ သူ ဆယ်နှစ်လုံးလုံး ကြိုးစားခဲ့သည့် ရလဒ်က ပုံရိပ်ခွဲတစ်ကောင်ကို မြှားခေါ်ဖို့တဲ့လား..
နတ်ဆိုးဂိုဏ်းရဲ့ ကျက်သတုံးက ဒီလောက်အပြောင်းအလဲတွေ ဖြစ်နေခဲ့တာကို နည်းနည်းလေးမှ စိတ်မလောခဲ့ဘူးလား။
နတ်ဆိုးဂိုဏ်းသားတွေက ရဲရင့်ပြီး ဇွတ်တရွတ်ဆန်တယ်လို့ အပြောများကြတာ မဟုတ်ဘူးလား။ ဘယ်တုန်းက ဒီလောက် သတိကြီးတဲ့ လိပ်အိုတစ်ကောင် ရောက်လာတာလဲ။
ယွင်ဘိုးဘေး ပထမဆုံးအကြိမ် အကျပ်ရိုက်မှုကို ခံစားလိုက်ရပြီး အစီအစဥ် ပြောင်းလိုက်သည်။
ထိုကောင်လေးက ပုံရိပ်ခွဲကို လွှတ်လာလျှင် သူက ထိုပုံရိပ်ခွဲကို ဖျက်ဆီးပစ်မည်။ ထိုကောင်လေး ဘယ်လိုရင်ဆိုင်မလဲ ကြည့်ရသေးတာပေါ့။
သို့ပေမဲ့ သေချာပေါက် သူကိုယ်တိုင် ရှေ့ထွက်မှာ မဟုတ်ပေ။
ဒီလျှို့ဝှက်နယ်မြေအတွင်းက ကျင့်ကြံသူတွေကို ရန်တိုက်ပေးလိုက်ပြီး လုယန်၏ ပုံရိပ်ခွဲကို သတ်အောင် ဖန်တီးရမည်။ ထိုမှတစ်ဆင့် ထိုကျင့်ကြံသူတွေကို လျှို့ဝှက်နယ်မြေ၏ အကြောင်းကိုပါ အသိပေးရမည်။
ထိုသူတွေ အမှန်တရားကို ရှာတွေ့သွားပြီး ပုန်ကန်ကြလျှင်တောင်မှ ဘယ်လိုမှ မအောင်မြင်မှာကို သူသေချာ သိသည်။ သို့ပေမဲ့ ထိုသူတွေ အောင်မြင်တာ၊ကျရှုံးတာက အရေးပါသော ကိစ္စတစ်ခုမှ မဟုတ်တာပဲ။ အဓိကအချက်သည် ထိုသူတွေ၏ပုန်ကန်မှုသာ ဖြစ်လေသည်။
သူတို့သေဆုံးသွားမည် ဆိုလျှင်တောင်မှ ဒီလျှို့ဝှက်နယ်မြေအတွင်းက ထွက်နိုင်တာနှင့် သူတို့၏ ဝိညာဥ်တွေ ပြန်မွေးဖွားခွင့် ရသွားလိမ့်မည်။ ထိုသို့ဆိုလျှင် တာအိုသခင်ကြီးတစ်ယောက် ပြန်လာဖမ်းလျှင်တောင်မှ သူတို့ကို ထိန်းချုပ်နိုင်မှာ မဟုတ်တော့ပေ။ လွတ်လပ်မှုအတွက် သေဆုံးရခြင်းက ဖြစ်သင့်သောကိစ္စတစ်ခုဟု သူယူဆပါသည်။
ထို့အပြင် သန်းချီသော ဝိညာဥ်တွေ၏ လွတ်မြောက်မှုက ကောင်းကင်နှင့်မြေကြီးကြားက ကံတရားတွေကို ပြည့်ဝစေလိမ့်မည်.. ပိုအရေးကြီးသည်မှာ ထိုကံတရားတွေအားလုံးက သူ့အတွက် အရင်းအမြစ်တစ်ခု ဖြစ်လာမှာပဲ။
“ ကွက်တိပဲ”
ယွင်ဘိုးဘေး ချက်ချင်းပဲ မန္တာန်တစ်ခုကို အသက်သွင်းကာ ကံကြမ္မာကြိုးမျှင်တွေကို စတင်ခြယ်လှယ်တော့သည်။
“ ဒီမဟာတာအိုစာအုပ်က ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေတာလဲ”
မဟာတာအို၏ ကောင်းကင်လူသား ခုနှစ်ယောက်ထဲက တစ်ယောက်ဖြစ်သော သိုင်းဘုရင်ဘွဲ့ရ ကျစ်ရှောင်ယင်သည် တော်ဝင်နန်းတော်ထဲမှာ ရွှေရောင်သိုင်းစာအုပ် တစ်ခုကို ဂရုတစိုက် ကြည့်နေလေ၏။
မဟာတာအိုစာအုပ် ထွက်ပေါ်လာချိန်က စာအုပ်လေးအုပ်ရှိခဲ့ပြီး ထိုထဲက သုံးအုပ်ကို ဘုန်းကြီးကျောင်း၊ တော်ဝင်ကျောင်းတော်နှင့် နက္ခတ်ဋ္ဌာနက ရရှိခဲ့သည်။
ကျန်တစ်အုပ်က ပြည်သူတွေကြားမှာ ပျောက်ကွယ်နေသည်ဟု အကုန်လုံး သိထားကြလေသည်… သို့သော် နောက်ဆုံးတစ်အုပ်ကို ကျောက်နန်းတော်က ထိန်းသိမ်းထားမှန်း မည်သူမှ မသိရှိခဲ့ပေ။
မဟာတာအိုစာအုပ်ကြောင့်ပဲ ကျစ်ရှောင်ယင်သည် အသက်သုံးဆယ်မှာ ချီသန့်စင်ခြင်းနှောင်းပိုင်း နယ်ပယ်ကို ရောက်ကာ အဆင့်သုံးကို အောင်မြင်ခဲ့သည်။ ဝမ်ပယွမ်၏ အောင်မြင်မှုသတင်းကို ကြားပြီးနောက်မှာ သူသည် တိုင်းပြည်၏ ကံတရားအမှတ်တွေကို စားသုံးပြီး ကိုယ့်ကိုယ်ကို အားဖြည့်ရင်း အဆင့်လေးကို အောင်မြင်စွာ ရရှိလိုက်ကာ၊ ကောင်းကင်လူသားတစ်ယောက် ဖြစ်လာ၏။
သို့ပေမဲ့ မဟာတာအိုစာအုပ်ကို မြင်ရလေလေ၊ သူပိုပြီး စိတ်လှုပ်ရှားလာလေလေ ဖြစ်နေကာ
“ ဒီစာအုပ်ကဘယ်က ရောက်လာတာလဲ”
“ ကိစ္စတိုင်းမှာ အကြောင်းအရင်းရှိတယ်”
“ ဒီမဟာတာအိုစာအုပ်ကို တစ်ယောက်ယောက်က ဖန်တီးထားတာဆိုရင် သေချာတယ်၊ အဲ့ဒီလူက ဒဏ္ဍာရီလာ အမတတစ်ယောက်ပဲ ဖြစ်ရမယ်”
ကျစ်ရှောင်ယင်၏ နှလုံးသားထဲ ဆန္ဒတစ်ခု တောက်လောင်လာသည်။
သူသည် အဆင့်လေးကို ရောက်ရှိပြီး ကောင်းကင်လူသားတစ်ယောက်လဲ ဖြစ်လာခဲ့ပြီ.. သို့သော် သူ၏သက်တမ်းက တိုးမလာဘဲ သာမာန်သူတစ်ယောက်နှင့် မခြားမနား ဖြစ်နေသည်။ တိုင်းပြည် ပြည့်ရှင်တစ်ယောက်က ထိုအရာကို လက်ခံနိုင်စရာလား။
“ ငါ ထာဝရရှင်သန်ချင်တယ်၊ နှစ်တစ်သောင်းလောက် နေထိုင်ချင်တယ်”
“ ငါ ကောင်းကင်ဘုံကို တက်ချင်တယ်”
ကျစ်ရှောင်ယင်၏ မျက်လုံးတွေ နီရဲသွားသည်။ သူ၏ ပြင်းထန်သော အလိုဆန္ဒတွေက ထိပ်ဆုံးကို ရောက်နေချိန်မှာပဲ….
“ ဘယ်သူလဲ”
ကျစ်ရှောင်ယင် ချက်ချင်း ခေါင်းထောင်သွားသည်။
သူ၏ မြင့်မားသော စွမ်းအင်ကြောင့် ကျောက်တိုင်းပြည်၏ ကံကြမ္မာအမှတ် အပြောင်းအလဲကို အာရုံခံနိုင်သည့်အပြင်၊ ဤထျန်းကျင်မြို့တော်သည် သူ၏ ပိုင်နက်တစ်ခုဖြစ်သည်။
အခုချိန်မှာ သူ၏ ပိုင်နက်ထဲ တစ်စုံတစ်ယောက်က ကျူးကျော်နေသည်..
ထိုအတွေးကြောင့် သူ့ကိုဝန်းရံထားသော တိုင်းပြည်ကံကြမ္မာက ချက်ချင်း ပြင်းထန်သွားသည်။
တိုင်းပြည်ကံကြမ္မာ၏ ထောက်ပံ့မှုကြားမှာ မဟာတာအို ကျင့်ကြံသူက ပျံသန်းလို့ မရဘူးဆိုသော အချက်ကို ကျော်လွန်သွားကာ၊ ကျောက်တိုင်းပြည်၏ သန်းချီသော ပြည်သူတွေက ကျစ်ရှောင်ယင်ကို ဝိုင်းမြှောက်ပေးလိုက်သည့်နှယ်၊ သူ့ခန္ဓာကိုယ်က ချက်ချင်းပဲ တိမ်စိုင်ကို ထိုးခွင်းသွားသည်။
ထိုအချိန်မှာ သူပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။
ထိုသူ၏ ဝတ်ရုံစက လေမှာလွင့်မြောနေပြီး၊ တိမ်စိုင်ဖြူဖြူတွေကို စီးနင်းထားပုံမှာ နတ်တစ်ပါးလို ဆန်းကြယ်လှသည်။
ထိုသူ၏ အံ့သြနေသော အကြည့်က သူ့အပေါ် ရောက်လာခဲ့သည်။
“ မင်းက ပျံနိုင်တယ်လား”
လုယန် သူ့မျက်စိရှေ့က ကျင့်ကြံသူကို ကြည့်နေရင်း လက်ချိုးရေတွက်လိုက်သည်.. ထို့နောက် ကျစ်ရှောင်ယင်၏ သရုပ်မှန်ကို ချက်ချင်းနားလည်လိုက်တော့သည်။
“ ဒီတော့ မင်းက အတားအဆီးကို ချိုးဖျက်နိုင်သွားတဲ့ ကောင်းကင်လူသားပေါ့လေ”
ကျစ်ရှောင်ယင်ကလည်း လုယန်ကို မျက်မှောင်ကြုတ်ဖြင့် ကြည့်နေသည်။
“ ချီစွမ်းအင်က မသိပ်သည်းသလို သွေးကလည်း မသန့်စင်ဘူး။ ကြည့်ရတာ အလွတ်တန်းကျင့်ကြံသူပဲ။ ဒါပေမဲ့ မင်းက ပျံသန်းနိုင်တယ်။ မင်းမှာလျှို့ဝှက်သိုင်းတစ်ခုခု ရှိနေလို့လား”
“ ရတယ်၊ မပြောနဲ့တော့၊ ငါမင်းကို ဖမ်းပြီးရင် ငါသိချင်တာသိရမှာပဲ”
ကျစ်ရှောင်ယင် တိုက်ရိုက်ပဲ လှုပ်ရှားလိုက်သည်။
အတိတ်မှာတုန်းက သူသည်အမြဲတမ်း သတိကြီးကြီးပြုမူတတ်သည်..သို့သော် တောက်လောင်နေသော အလိုဆန္ဒများ၏ တွန်းအားကြောင့် အခုချိန်မှာ သူ စိတ်မရှည်နိုင်တော့ပေ။
ထို့အပြင် သူ့မျက်စိရှေ့ကလူသည် ကောင်းကင်လူသားတစ်ယောက် မဟုတ်ပေ။ ကောင်းကင်လူသား မဟုတ်သောသူတစ်ယောက်က သူ့ကို စကားပြောဖို့ အဆင့်မမှီပါချေ။
ထိုမှတော့ အနှီသကောင့်သားကို ဖမ်းဆီးပစ်ပြီး သူ၏ဒေါသကို ပုံချခွင့်ပေးလိုက်တာ အကောင်းဆုံးပင်။
“ ဒီကိုလာစမ်း”
နောက်တစ်စက္ကန့်မှာပဲ ကျစ်ရှောင်ယင် ပျောက်ကွယ်သွားပြီး လုယန်နှင့် ခြေငါးလှမ်းအကွာမှာ ပြန်ပေါ်လာသည်။ ထို့နောက် လုယန်၏လည်ပင်းကို လာညှစ်သော လက်ငါးချောင်းက လျှင်မြန်လွန်းစွာ လုယန်ကို ပိတ်ဖမ်းလိုက်သည်။
လုယန်နှင့် ကျစ်ရှောင်ယင်က အရမ်းကို နီးကပ်နေခဲ့သည်.. လုယန်အနေနဲ့ ထိုသူ၏ ခန္ဓာကိုယ်အတွင်းက လှိုင်းထန်နေသော ချီစွမ်းအင်များ၏ တိုးဝှေ့သံကိုပင် ကြားနေရ၏။
ကျစ်ရှောင်ယင်၏ လက်မက ကောင်းကင်ဘုံ၏ ရိုက်ချက်တစ်ခုလိုမျိုး လုယန်၏ လည်မြိုကို အင်အားကြီးစွာ ဖိနှိပ်ထားသည်။
“ အင်အားကြီးလိုက်တဲ့ ခန္ဓာကိုယ်နဲ့ ကောင်းလွန်းတဲ့ ချီစွမ်းအင် အထောက်အပံ့ပဲ”
“ သေချာပေါက် ချီသန့်စင်ခြင်းပြီးပြည့်စုံ နယ်ပယ် ရောက်နေပြီ”
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် သန်မာမှုကိုပဲ နှိုင်းယှဥ်ရလျှင်တောင် သူတော်စင်သူခိုး အဆင့်တစ်ကို ရောက်ထားသော သူ၏ ခန္ဓာကိုယ်က ကျစ်ရှောင်ယင် အရှေ့မှာ လူသားမဟုတ်တော့သည့်အတိုင်း နိမ့်ကျသွားရသည်။
လုယန် တော်တော်လေး အံ့သြသွားသည်ပင်။
“ ဒါပေမဲ့ ကြည့်ရတာ ခန္ဓာကိုယ်ပဲနဲ့တူတယ်”
ရွှက်
ထိုအချိန်မှာအသံတစ်ခုကို ကြားလိုက်ရပြီး..
ကျစ်ရှောင်ယင်၏ ခန္ဓာကိုယ်က လျှင်မြန်စွာ အနောက်ဆုတ်သွားသည်။ သူ လုယန်ကို အလွန်အံ့သြစွာ မော့ကြည့်နေချိန်မှာ အဖြူရောင်အလင်းတစ်ခုက သူတို့နှစ်ယောက်ကြားမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားတာကို မြင်လိုက်ရသည်။
ထိုအဖြူရောင်အလင်းက သူ၏ လက်ဖဝါးကို ပိုင်းဖြတ်ခဲ့သော အရာဖြစ်ရပေမည်။
“ အဲ့ဒါဘယ်လိုသိုင်းမျိုးလဲ”
“ ဒါလား.. ဓားချီမန္တာန်လေ”
လုယန် တည်ငြိမ်စွာ ပြုံးပြလိုက်ပြီး ကြောင်ခြစ်ရာလိုမျိုး မှင်နက်များဖြင့် ရှုတ်ထွေးစွာ ရေးသားခံထားရသော အဝါရောင်စာရွက်တစ်ခုကို ထုတ်ပြလိုက်သည်။ ထို့နောက် ထိုစာရွက်ကိုလောင်ကျွမ်းစေလိုက်သည်။
ဝုန်း
ကျစ်ရှောင်ယင် ပြူးကျယ်နေသော မျက်လုံးနှစ်ဖက်နှင့် အစောပိုင်းက သူ့လက်ဖဝါးကို တိုက်ခိုက်ခဲ့သော အဖြူရောင်အလင်းက စာရွက်ကြားက တဖန်ပြန်ထွက်ပေါ်လာတာကို ထူးဆန်းစွာ မြင်လိုက်ရသည်။
အဖြူရောင်အလင်းထဲမှာ အလွန်အံ့အားသင့်နေသော မျက်နှာကြီးတစ်ခု အရိပ်ထင်နေလေရဲ့။
“ ဒါ..ဒါကြီးက ဘာကြီးလဲ”
Ch 64
( ကောင်းကင်လူသားခုနှစ်ယောက်က အမတတစ်ပါးကို သတ်ဖြတ်မယ်)
“ ဒါ..ဒါက”
ဆယ်စုနှစ်များစွာ ရှင်သန်ခဲ့ပြီး သိုင်းဘုရင်ဘွဲ့ ရခဲ့သည့်တိုင်အောင်၊ ကျစ်ရှောင်ယင် အခုလို မဖြစ်နိုင်သည့်ခံစားချက်ကို ပထမဆုံး ရရှိလိုက်ခြင်းဖြစ်သည်။
ထိုလူက ရိုးရိုးရှင်းရှင်းပဲ လက်တစ်ဖက်မြှောက်ပြီး မကောင်းဆိုးဝါး လက်ရေးနှင့်ရေးသားထားသော စာရွက်တွေကို တစ်ရွက်ပြီးတစ်ရွက် မီးရှို့သည်.. တစ်ခါတစ်လေ ဓားအလင်းထွက်လာတတ်ပြီး တစ်ခါတစ်လေ မိုးကြိုးငါးခုအဖြစ် ပြိုကွဲသွားပြန်သည်။ ဤဆန်းကြယ်လွန်းသည့် ဖြစ်စဥ်များကို ဆောင်ရွက်နေသော အနှီအဝါရောင်စာရွက်တိုင်းက သူ့ကို အကြီးအကျယ်ထိခိုက်အောင် လုပ်နိုင်စွမ်းရှိနေသည်။
ဝူး
ဓားအလင်းတစ်ချက်က သူ့ပါးကို ဖြတ်ပြေးသွားချိန်မှာ မိုးကြိုးကခေါင်းထိပ် တည့်တည့်ကို ပစ်ချလိုက်သည့်အတွက် ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားရသည်။ သူ၏ အားကုန်သုံးထားသည့် လက်သီးကိုလည်း ရွှေရောင်အလင်းတစ်မျိုးက ကာဆီးလိုက်ပြန်သည်။
“ မဖြစ်နိုင်တာ”.
အနီးကပ်တိုက်ခိုက်လို့ မဖြစ်တော့သည်မလို့ ကျစ်ရှောင်ယင် အံကြိတ်ကာ အနောက်ဆုတ်လိုက်သည်။ သူ့နှလုံးသားထဲမှာ ပုန်းကွယ်ထားသော ခံစားချက်တွေ တောက်လောင်လာတော့၏။
သူ တစ်စုံတစ်ခုကို စဥ်းစားမိခဲ့ပြီ.. မသေမျိုး။
အနှီလူသား၏ တိုက်ကွက်တိုင်းက စာအုပ်တွေထဲမှာ ပြောဖူးသည့် မသေမျိုးများနှင့်မခြားနားပေ။ ထိုအရာက ထာဝရရှင်သန်လိုသော သူ၏စိတ်ဆန္ဒကို မီးမြိုက်ပေးလိုက်တော့သည်။
ကျစ်ရှောင်ယင်သည် သူတို့နှစ်ယောက်ကြားက အကွာအဝေးကို ခြားလိုက်ပြီးသည်နှင့် ကျယ်လောင်စွာ စကားစလိုက်၏။
“ နေအုံး၊ ငါကိုယ်တော်နဲ့မင်းရဲ့ ကြားမှာ ဘာရန်ငြိုးမှမရှိဘူး။ ဒီလိုဆိုရင် ဘယ်လိုလဲ။ မင်းငါ့ရဲ့ တော်ဝင်အကြီးအကဲခန်းမကို ဝင်လိုက်၊ မင်းရဲ့အဝါရောင်စာရွက်သိုင်းကို ငါကိုယ်တော့်ကို ဆက်သရမယ်။ အဲ့ဒီအစား မင်းလိုချင်တဲ့ ရွှေစတစ်သိန်းမကလို့ မြေတွေအများကြီး ငါကိုယ်တော် ပေးလို့ရတယ်”
“ ကျုပ်လိုချင်တာ ဘာမဆိုလား”
လုယန် ခေါင်းယမ်းကာ ရယ်မောလိုက်တော့သည်။
“ ကျောက်တိုင်းပြည်တစ်ခုလုံးက အစထဲက ကျုပ်အပိုင်ဖြစ်ပြီးသားအရာတွေ၊ မင်းက ကျုပ်အပိုင်ကို ကျုပ်ကိုပြန်ပေးမယ်လို့ ဘယ်လိုသတ္တိနဲ့ပြောရဲရတာလဲ”
“ ကောင်းပြီလေ၊ ကျုပ် မဟာတာအိုရဲ့ ကောင်းကင်လူသားအသွင်ပြောင်းခြင်းကို တော်တော်လေး စိတ်ဝင်စားတယ်”
ကျစ်ရှောင်ယင်က ဘာစကားမှမပြောဘဲ အင်္ကျီအတွင်းမှ စာအုပ်တစ်အုပ်ကို ပစ်ပေးလိုက်သည်။
“ ဒါကတစ်ဝက်ပဲရှိတယ်၊ မင်းရဲ့သိုင်းကိုပေးရင် နောက်တစ်ဝက်ထပ်ပေးမယ်”
လုယန်, “.....”
ကျစ်ရှောင်ယင်၏ မျက်နှာထက်မှာ အထင်းသားရေးထားသော ရည်ရွယ်ချက်တွေကို လုယန် မသိစရာ အကြောင်းမရှိချေ။ သို့ပေမဲ့ လုယန်မှာ ပေးလိုက်ဖို့ အတွေးလေးတစ်ခုတောင် မရှိခဲ့ဘူး။
ထိုအရာက သူ့အတွက်အကျိုးမရှိသလို၊ လျှို့ဝှက်နယ်မြေ၏ စည်းမျဥ်းကိုလဲ ဆန့်ကျင်လိမ့်မည်။
“ သနားစရာပဲ”
လုယန် ခေါင်းအသာယမ်းပြီး ထိုလူပေးထားသော စာအုပ်ကို ပုတ်ထုတ်လိုက်ကာ၊ မခြားမနား လှမ်းကြည့်လိုက်သည်။ ထို့နောက် စိတ်မဝင်စားစွာ လှည့်ထွက်လိုက်တော့သည်။
“ သွားချင်တာလား”
လုယန်၏ ခန္ဓာကိုယ်အကောင်းအတိုင်း ရှိနေရာကနေ ရုတ်တရက် အဖြူရောင်အလင်း အဖြစ် ပြောင်းလဲသွားသော မြင်ကွင်းကို မြင်ပြီးနောက်၊ ကျစ်ရှောင်ယင်၏ ဆန္ဒက ပိုပြင်းထန်လာပြန်သည်။
“ ဒီမသေမျိုးသိုင်းကို ငါရမှဖြစ်မယ်”
“ ကောင်းကင်အောက်က အစွမ်းတွေ စုဝေးစေ”
ကျစ်ရှောင်ယင် အသက်ရှုထုတ်လိုက်ပြီး လက်သီးဆုတ်လိုက်သည်။ သူ၏ ချီစွမ်းအင်တွေအားလုံးကို လက်သီးမှာ စုဝေးစေလိုက်သောကြောင့် သွေးစုံမှတ်ဖြစ်လာသော လက်သီးက အနီရောင်ပြောင်းသွားသည်။
တစ်ချိန်ထဲမှာ လုယန်၏ အမြင်အာရုံကို ကြီးမားကျယ်ပြန့်သော မြေပြင်တစ်ခုက အစားထိုးနေရာယူလိုက်သည်.. နေပူစာလုံနေသော ကျောင်းသားများ၊ အနားယူနေသော လယ်သမားများ၊ လှည့်ပတ်သွားလာနေသော သိုင်းသမားများ၊ ရောင်းဝယ်ဖောက်ကားနေသော ကုန်သည်များ… အနှီကျယ်ပြန့်သော မြေပြင်သည် ကျောက်တိုင်းပြည် ဖြစ်တန်ရာ၏။
ကောင်းကင်၏အစွမ်းတွေ စုဝေးကာ ဖန်တီးခဲ့သော ကျစ်ရှောင်ယင်၏ လက်သီးက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ဆိုတာထက် စိတ်နှလုံးကို အဓိကဦးတည်တာ ဖြစ်သည်။ ထိုအရာက ကောင်းကင်လူသား တစ်ဖြစ်လဲ ကျစ်ရှောင်ယင်၏ စုဝေးထားသော စိတ်ဝိညာဥ်ဖိအားပဲ။
သို့သော်…
“ မင်းကငါနဲ့ စိတ်စွမ်းအား ပြိုင်ချင်တာလား။ ငါ့မှာ စိတ်ဝိညာဥ်အသိစိတ် ရှိပြီးသားကွ”
ကျစ်ရှောင်ယင်၏ လက်သီးက သူ့လိုမျိုး ဟိုကန်ဒီရိုက်ပဲ လုပ်တတ်သည့် ငစနူတွေအတွက် သေလောက်အောင် ကြမ်းနေလျှင်တောင်မှ.. လုယန်အရှေ့မှာ အချည်းအနှီးပင်။
ဘုန်း
လုယန်၏ အတွေးတစ်ချက်ဖြင့် ကျစ်ရှောင်ယင်လက်သီးပေါ်က အင်အားတွေ ပြိုကွဲသွားရသည်။ ဘာကိုတိုင်းပြည်ကံကြမ္မာအမှတ်လဲ.. သူ့ စိတ်ဝိညာဥ်အသိစိတ်၏ အတွေးတစ်ချက်တောင် ခံနိုင်မှာမဟုတ်ဘူး။
“ ငါကိုယ်တော်ရဲ့ လက်သီးကို မင်းက တားနိုင်တယ်…”
ကျစ်ရှောင်ယင် အံကြိတ်လိုက်ပြန်သည်။
သို့ပေမဲ့ သူ အေးစက်စက် တုံ့ပြန်သံကိုသာ ကြားလိုက်ရသည်။
“ ခေါင်းကြောမာနေတယ်”.
လုယန်၏အသံဆုံးသည်နှင့် ဒါဇင်နှင့်ချီသော မန္တာန်စာရွက်တွေ လေပေါ် ပျံဝဲလာခဲ့သည်။ ချီဝိညာဥ်တစ်သောင်းစာလိပ်ကြောင့် မန္တာန်စာရွက်တွေကို လုယန် မစဥ်းစားဘဲ အသုံးပြုနိုင်ခဲ့ပြီလေ။
ဓားချီမန္တာန်စာရွက်များထံမှ မကောင်းဆိုးဝါးလို အရှိန်အဟုန်ဖြင့် ပိကျလာသော ဓားချီတွေက ကျစ်ရှောင်ယင်ကို လွှမ်းခြုံသွားသည်။ ကျယ်လောင်သော အော်သံနှင့်အတူ ကောင်းကင်တစ်ခွင် ပျံ့ကျဲသွားသော သွေးစက်တွေကို မြင်လိုက်ရ၏။ သို့ပေမဲ့ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်က သာမာန်မဟုတ်ပေ။ ဓားချီပေါင်းများစွာက ထိုသူ၏ အသားကိုပဲထိခိုက်စေခဲ့ပြီး အရိုးကို မတိုက်ခိုက်နိုင်ခဲ့ချေ။
ဓားချီတွေ ပြီးမြှောက်သွားချိန်မှာ ကျစ်ရှောက်ယင်တစ်ကိုယ်လုံး သွေးချင်းချင်း ရဲသွားသည်။
မသေမချင်း ပိုင်းဖြတ်ခံထားရသလိုမျိုး ခန္ဓာကိုယ်၏ အသားစိုင်တွေ ကုန်ဆုံးသွားခြင်းကြောင့် ကျစ်ရှောင်ယင် လန့်ဖြန့်ပြီး နေရာမှ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
“ ပြေးတာ သွက်သားဟ”
လုယန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ တကယ်တော့ ဤပုံရိပ်ခွဲသည် မန္တာန်စာရွက်တွေကို အဓိကမှီခိုနေရတာ ဖြစ်ပြီး ပျံသန်းနိုင်တာတောင်မှ အလျင်နှုန်းက ကျစ်ရှောင်ယင်ကိုတောင် အမှီမဖမ်းနိုင်ပေ။
လုယန် မျက်နှာထားပြောင်းသွားတော့သည်။ ထိုကောင်းကင်လူသား၏ ရည်ရွယ်ချက်က ရှင်းလင်းနေပါ၏။ ထိုသူက အခုခွက်ထိုးခွက်လန် ရှုံးပြီး ထွက်ပြေးသွားရတာ မှန်ပေမဲ့ ထိုဒဏ်ရာတွေက ရက်ပိုင်းလောက် အနားယူတာနှင့် ပြန်ကောင်းသွားမည့် အရာတွေပင်။ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ခန္ဓာကိုယ် ရထားသည့်အပြင် တိုင်းပြည် ကံကြမ္မာအမှတ်ကို စုဝေးပြီး နတ်စွမ်းအင် အသုံးပြုလို့ရသေးသည်။
“ အလောင်းတွေကိုသန့်စင်ဖို့အတွက် ပစ္စည်းကောင်းပဲ”
လုယန် တစ်ချိန်ထဲမှာ အနည်းငယ် အပြစ်ရှိစိတ် ဝင်သွားတော့၏.. သူ့လို ရိုးသားဖြူစင်သည့် လူငယ်လေးတစ်ယောက်က နတ်ဆိုးဂိုဏ်းကို ရောက်လာပြီးနောက် အကုန်ပြောင်းလဲခဲ့ရသည်။ အခုသူ့ပုံစံက ဘယ်လောက်တောင် ရက်စက်နေပြီလဲ။
“ ငါအဲ့လိုလူမျိုးမဟုတ်ဘူး”
လုယန် ခေါင်းယမ်းလိုက်တော့သည်။
ထို့အပြင် အလောင်းတွေကို သန့်စင်ရခြင်းက အကျိုးရလဒ် နည်းပါးလွန်းသည်။ ထိုအစား ချီဝိညာဥ်တစ်သောင်းစာလိပ်ထဲ ပစ်ထည့်ပြီး အသုံးချပစ်လိုက်တာ ပိုကောင်းပါ၏။
သို့ပေမဲ့ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို အဆင့်မြင့်ဖို့လဲ သူ့မှာ ရည်ရွယ်ချက် မရှိပါချေ။ သူ၏နောက်ဘဝမှာ ကျင့်ကြံဆင့်ကိုပဲ ရွေးချယ်မှာဖြစ်သည့်အတွက် ချီဝိညာဥ်တစ်သောင်းစာလိပ်ကို အတူယူသွားလို့ မရနိုင်ဘူးလေ။
“ ထားပါ၊ နောက်ဘဝမှာ ကြည့်တာပေါ့”
လုယန် တွေးနေတာရပ်လိုက်ပြီး မြို့တော်၏ လမ်းကြားငယ်တစ်ခုထဲ ဆင်းသွားလိုက်သည်။ ထို့နောက် လူအုပ်ထဲ ဝင်ရောလိုက်တော့၏။
“ ထင်တဲ့အတိုင်း ရှုံးတာပဲ”
ဝေ့အိမ်တော်က ဆယ်နှစ်အရွယ်ကလေးငယ်က အာရုံစိုက်နေတာကို ရုတ်တရက် ရပ်လိုက်သည်။ ဤအဖြစ်အပျက်က ယွင်ဘိုးဘေး၏ မှန်းဆချက်အတွင်းမှာပဲ ဖြစ်သည်.. ကျစ်ရှောင်ယင်.နိုင်သွားလျှင်မှ ထူးဆန်းနေအုံးမည်။
ဒီတစ်ခေါက် သူ၏ရည်ရွယ်ချက်က ကျစ်ရှောင်ယင်ကို လုယန်၏ တည်ရှိမှုအကြောင်း အသိပေးချင်ရုံသာ ဖြစ်သည်။ ကျစ်ရှောင်ယင်မှတစ်ဆင့် တစ်ခြားကောင်းကင်လူသားခြောက်ယောက် ဆီပါ၊ သတင်းရောက်သွားပြီး အကုန်ကူးပေါင်းကာ လုယန်ကို တိုက်ခိုက်စေချင်တာပင်။
ပုံရိပ်ခွဲကို ရှင်းပစ်နိုင်သရွေ့ လူအစစ် ထွက်ပေါ်ရလိမ့်မည်။
ထို့ကြောင့်ပဲ သူသည် ငါးစာဟပ်နိုင်စေရန် အခွင့်အရေးတစ်ခု ချပေးဖို့ စီစဥ်ခဲ့သည်.. အခုက အခွင့်အရေးအတွက် အချိန်ကောင်းပင်။
ထိုသို့ဖြင့် ယွင်ဘိုးဘေးက ထပ်မံပြီး ကံကြမ္မာကြိုးမျှင်တွေကို ခြယ်လှယ်ပြန်သည်။
တစ်ချိန်ထဲမှာပဲ ထွက်ပြေးလာသော ကျစ်ရှောင်ယင်သည် နန်းတော်ထဲ မဝင်ရဲသောကြောင့် မြို့တော်အပြင်က သစ်တောနက်ထဲ ပြေးဝင်လာခဲ့သည်။ သူ၏ရည်ရွယ်ချက်က လုယန်ကို ရှောင်ဖို့သာ ဖြစ်သော်လည်း မထင်ထားစွာ ကျောက်တုံးဂူ တစ်ခု ရှာတွေ့ခဲ့ပြီး၊ အထဲမှာထိုင်နေသော အရိုးခြောက်တစ်စုကို မြင်လိုက်ရသည်။
“ဒါက..”
သူ သိချင်သွားပြီး အရှေ့တိုးကြည့်လိုက်သည်။ အရိုးခြောက်၏လက်ထဲမှာ စာအုပ်တစ်အုပ် ရှိနေလေသည်။ အပေါ်က ပင့်ကူအိမ်တွေကို ဖယ်ပြီးတာနှင့် သူအနီးကပ်ယူကြည့်လိုက်သည်။
“ဟမ်”
ကျစ်ရှောင်ယင် မျက်လုံးတွေ ပြူးကျယ်သွားသည်။ သူ့ခံစားချက်က မယုံနိုင်မှုနှင့် ပျော်ရွှင်မှုကြားမှာ လွန်ဆွဲနေလေပြီ။
ထိုစာအုပ်က ရေးသားသူအမည် မတွေ့ရသော်လည်း၊ စာအုပ်အဖုံးတွင် အထဲပါအကြောင်းအရာများကို အကြမ်းဖျင်း ရှင်းပြပေးထား၏။
“ ဤသတ္တကမ္ဘာမှာ မသေမျိုးဆိုတာတကယ်ပဲ ရှိတယ်.. ထိုပုဂ္ဂိုလ်တွေက အသက်လဲမကြီးနိုင်သလို၊ အစွမ်းကလည်း မှန်းဆလို့မရဘူး။ သူတို့ရဲ့အသားကို စားလိုက်မယ်ဆိုရင် အကြင်သူက ထာဝရရှင်သန်ခြင်းကို ပိုင်ဆိုင်နိုင်လိမ့်မယ်။ ဒါပေမဲ့ မသေမျိုးသိုင်းဆိုတာ နက်နဲပြီး တက်မြှောက်ဖို့လွယ်ကူတဲ့ အရာမဟုတ်ဘူး။ ကျုပ်ရဲ့တစ်ဘဝလုံး ရှာဖွေခဲ့ပြီး နောက်ဆုံးမှပဲ အမတတစ်ယောက်ကို သတ်နိုင်မဲ့နည်းလမ်းကို ရှာတွေ့ခဲ့တယ်။ ကောင်းကင်နက္ခတ်စုံလင်တဲ့ တစ်ရက်မှာ နတ်လက်နက်ခုနှစ်မျိုးကို ကိုင်ဆောင်တဲ့ သူရဲကောင်းခုနှစ်ယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကသာ အမတတစ်ပါးကို အနိုင်ယူနိုင်စွမ်း ရှိလိမ့်မယ်”
“ ကောင်းကင်နက္ခတ်စုံလင်တဲ့ တစ်ရက်မှာ သူရဲကောင်းခုနှစ်ယောက်က ပူးပေါင်းတိုက်ခိုက်ရမယ် ဟုတ်လား”
တစ်ခြားရှင်းပြချက်တွေအပြင်၊ စာအုပ်ထဲမှာ မှတ်တမ်းတင်ထားသော နတ်လက်နက် ခုနှစ်မျိုး သွန်းလုပ်နည်းကိုပါ ကျစ်ရှောင်ယင် အသေကျက်လိုက်သည်။ သူ၏ ရည်မှန်းချက်တွေက ပိုတောက်လောင်လာပြီး ကျယ်လောင်စွာ ရယ်မောလိုက်တော့၏။
“ ဟားဟားဟား၊ ဒီဘုရင်က နောက်ဆုံးတော့ အခွင့်အရေးကြီးတစ်ခု ရပြီကွ”
“ အဲ့ဒီအမတကို သတ်လိုက်တာနဲ့ ငါကိုယ်တော် ထာဝရရှင်သန်ခြင်းကို ရရှိတော့မယ်”
ကျစ်ရှောင်ယင်၏ အသိစိတ်က မကောင်းသော ဆန္ဒမှာ ဝါးမြိုခြင်းခံလိုက်ရပြီး၊ ကံကြမ္မာ၏ ခြယ်လှယ်မှုအောက်မှာ အမတကိုသတ်ပြီးထာဝရ ရှင်သန်ခြင်းကို ရယူဖို့အပြင်တစ်ခြား မတွေးနိုင်တော့ပေ။