← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

Ch 65

(ကောင်းကင်နဲ့မြေကြီးကြားက လူကိုမှင်သက်စေနိုင်သော အံ့သြဖွယ်ရာများ)

ကျစ်ရှောင်ယင် ကံကောင်းသော ကံတရားကို ကြုံတွေ့နေရချိန်မှာ လုယန်သည်လည်း မြို့တော်ထဲက လူအစည်ကားဆုံး လမ်းမပေါ် ရောက်လာခဲ့သည်။

ထိုနေရာကတော့ တော်ဝင်ကျောင်းတော် တည်ရှိရာနေရာပင်.. မဟာတာအိုစာအုပ်ကို လက်ကိုင်ရထားခဲ့ပြီး ပထမဆုံးကောင်းကင်လူသား ဖြစ်လာခဲ့သောကြောင့် တော်ဝင်ကျောင်းတော်က ဘုန်းကြီးကျောင်းနှင့် နက္ခတ်ဋ္ဌာနကို ကျော်လွန်သွားကာ၊ လူအများဆုံး နေရာတစ်ခု ဖြစ်လာခဲ့၏။

သို့ပေမဲ့ တော်ဝင်ကျောင်းတော်၏ ကျောင်းအုပ် ဝမ်ပယွမ်သည် မဟာတာအို အဆင့်လေး၏အနှစ်သာရကို လူသိရှင်ကြား ထုတ်ပြန်ပြီးသည်နှင့် လူမြင်ကွင်းက ပျောက်ကွယ်သွားခဲ့သည်။

တော်ဝင်ကျောင်းတော်၏ အကြီးအကဲတွေတောင်မှ သူ့ကို လွယ်ကူစွာ မတွေ့နိုင်တော့ပေ။

“ ဆောက်လုပ်ထားတာ မိုက်လိုက်တာ”

လူထု အာရုံစိုက်မှုကို ရှောင်ရှားနိုင်ရန်အတွက် လုယန်သည် ကိုယ့်ကိုယ်ကို မမြင်ရသော ချီစွမ်းအင်အသွင်ပြောင်းရင်း တော်ဝင်ကျောင်းတော်အတွင်းကို လေ့လာလိုက်သည်။

ဤနေရာက တကယ်ကို ထူးချွန်သည့် လူအများစုဝေးနေသော နေရာတစ်ခုပဲ။

မြို့တော်တစ်ခုလုံးမှာ ဤနေရာက စိတ်ဝိညာဥ်စွမ်းအင် အများဆုံးဖြစ်သည်။ သာမာန်သူတစ်ယောက်အနေနှင့် ဤနေရာမှာ နှစ်တစ်ချို့လေ့လာလိုက်လျှင်ကို.. တာအို အသိပညာတစ်ချို့ ရလာနိုင်ပါသည်။

ထို့အပြင် အံ့သြဖို့ကောင်းသည့်အချက်က ထိုစိတ်ဝိညာဥ်စွမ်းအင်များသည် သဘာဝအလျောက်ဖြစ်တည်နေခြင်း မဟုတ်ဘဲ လူလုပ်ထားသော အရာများ ဖြစ်နေတာပင်။ တော်ဝင်ကျောင်းတော်၏ အထပ်တိုင်းက စာသင်ခန်းတွေ၊ ပန်းတွေ၊ ငှက်တွေ၊ ပိုးမွှားတွေမကျန်.. အရာအားလုံးသည် ကမ္ဘာပေါ်က ဖုန်းရွှေကို စုပ်ယူနိုင်စွမ်းရှိသည်။

သိမ်မွေ့စွာဖြစ်ပေါ်နေသော စိတ်ဝိညာဥ်စွမ်းအင် စုဆောင်းသော အစီအမံတစ်ခုနှင့် ဆင်တူသည်။

တော်ဝင်ကျောင်းတော်၏ ကျောင်းအုပ်ဝမ်ပယွမ်သည်လည်း သေချာပေါက် ထူးခြားသူတစ်ဦး ဖြစ်ရပေမည်။

ထိုအချိန်မှာပဲ လုယန်သည် တော်ဝင်ကျောင်းတော်အတွင်းထဲက တိတ်ဆိတ်သော အခန်းတစ်ခုအရှေ့ ရောက်လာသည်.. ထိုပုဂ္ဂိုလ်ကိုတွေ့နိုင်ဖို့ရန် သူ တိုက်ရိုက်ပဲ ခြေတစ်လှမ်းတိုးလိုက်သည်။

သို့ပေမဲ့ အထဲကမြင်ကွင်းက သူ့ကို မှင်သက်သွားစေပါ၏။

အထဲမှာ သူမျှော်လင့်ထားသလို ပိုးဝတ်ရုံကို ဝတ်ဆင်ထားသည့် ငယ်ရွယ်ချောမောသော လူငယ်တစ်ယောက် ရှိမနေပေ။ ထိုအစား ရှုတ်ပွနေသောဆံပင်များနှင့် ဇရာထောင်းနေသော အဖိုးအိုတစ်ယောက် ဝိုင်သောက်နေခဲ့သည်။

နာမည်ကျော်ပုဂ္ဂိုလ် တော်ဝင်ကျောင်းအုပ်သည် အနှီပုဂ္ဂိုလ် ဖြစ်ပါသလား။

ထိုအချိန်မှာပဲ ထိုလူကြီးက ခေါင်းမော့ကာ လုယန်၏တည်နေရာကို ရီဝေဝေကြည့်လာသည်။

“ ထူးခြားတဲ့ဧည့်သည်​တော် တစ်ယောက် ရောက်လာမယ် မထင်ထားဘူး”

“.....”

လုယန် ချက်ချင်းပဲ လူအသွင်ပြန်ပြောင်းလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ယှက် အရိုအသေပေးလိုက်၏။

“ တာအိုပညာရှင်ဝမ်ကို ကျုပ် လုယန် နှုတ်ဆက်ပါတယ်”

“ ထင်ရှားတဲ့ဧည့်သည်တော်နဲ့တွေ့ရတာ ကျုပ်လဲ ဝမ်းသာပါတယ်”

လူအိုကြီးက ပြန်လည်အရိုအသေပြုပြီးနောက်မှာ မတ်တပ်ရပ်လာပြီး လေးစားစွာ စကားဆက်သည်။

“ ဧည့်သည်တော်ရဲ့ အရည်အချင်းတွေက ထူးချွန်လွန်းပါတယ်။ ကျုပ် ဧည့်သည်တော်နဲ့ သိုင်းဘုရင်ကြားက တိုက်ပွဲကိုသိခဲ့ရလို့ အံ့သြခဲ့ရတယ်။ သူက ဒီကမ္ဘာပေါ်မှာ အမတတစ်ပါးရှိနေတယ်လို့ တကယ် ယုံကြည်နေခဲ့ပြီ.. ဒါနဲ့ ဘာကြောင့် ကျုပ်ဆီ လာလည်သလဲ သိခွင့်ရှိမလား”

“ ကောင်းကင်လူသားအသွင်ပြောင်းခြင်း ဖြစ်စဥ်နဲ့ပတ်သတ်ပြီး အမြင်ဖလှယ်ချင်လို့ ရောက်လာတာပါ”

လုယန် လိုရင်းကို တိုက်ရိုက်ပြောလိုက်သည်။

“ မဟာတာအိုရဲ့ အဆင့်လေးက ကောင်းကင်လူသားအသွင်ပြောင်းခြင်းပဲ.. ကျုပ် နားလည်ပေမဲ့ အဓိကအချက်ကို မဖမ်းဆုတ်မိဘူးဖြစ်နေတယ်။ ကျေးဇူးပြုပြီး သင်ပြပေးပါအုံး မိတ်ဆွေ”

ထိုစကားကြောင့် ဝမ်ပယွမ် မျက်တောင် ခတ်သွားလေကာ

“ ဧည့်သည်တော်က ဒီလောက်ထူးချွန်ပြီးသားကို မဟာတာအိုကို စိတ်ဝင်စားတုန်းပဲလား”

“ တစ်ခြားတောင်က ကျောက်တုံးတစ်တုံး ဖြစ်နေရင်တောင်မှ ကိုယ့်ရဲ့ကျောက်တုံးကို အချောသတ်ဖို့ အသုံးပြုလို့ရနိုင်တာပဲ”

“ မိတ်ဆွေ ကျုပ်ကို သင်ပေးချင်လား” လုယန် တိုက်ရိုက်မေးလိုက်သည်။

ဝမ်ပယွမ် ချက်ချင်းပဲ ရယ်မောလိုက်တော့၏။

“ လာလည်တဲ့သူက ဧည့်သည်ပဲ။ ဒါ့အပြင် ဒီလိုထူးခြားတဲ့ ဧည့်သည်တော်ရဲ့ တောင်းဆိုမှုကို ကျုပ် မငြင်းနိုင်ပါဘူး”

“ ဒါပေမဲ့ ကောင်းကင်လူသားအသွင်ပြောင်းခြင်း ဖြစ်စဥ်က ကျယ်ပြန့်တယ်။ အဆင့်လေးကို အောင်မြင်ခဲ့သူ လူတစ်ချို့ရှိတာမှန်ပေမဲ့ အဲ့ဒါက သူတို့အားလုံးရဲ့ နားလည်မှုအပေါ် အခြေခံပြီးဖြစ်တည်လာတာ။ ဒါကြောင့် ကျုပ်အသေးစိတ်ရှင်းမပြတတ်ပေမဲ့ ကျုပ်ရဲ့ ကိုယ်ပိုင်နည်းလမ်းကို ပြောပြပေးမယ်။ ဧည့်သည်တော် နားမလည်တာရှိရင် မေးနိုင်တယ်”

လုယန်တို့ ချက်ချင်းပဲ မျက်နှာချင်းဆိုင်မှာ ကြာပန်းပုံထိုင်ချလိုက်သည်။

“ ဒီအဆင့်လေးက နာမည်အတိုင်းပဲ လူတစ်ယောက်က ကောင်းကင်နဲ့မြေကြီးကြားက အစွမ်းကို ကိုယ်ပိုင်သန်မာမှုနဲ့ ဖွင့်ထုတ်နိုင်အောင် ကြိုးစားရတာဖြစ်ပြီး အဲ့ဒီကနေ လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းထဲကနေ ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်ကို ဖမ်းဆုတ်ဖို့ ကြိုးစားတာပဲ”

“ ဒီလိုလုပ်နိုင်ဖို့ ကျုပ်ဖန်တီးခဲ့တဲ့ အရောင်အဝါတိုးမြှင့်ခြင်းသိုင်းမှာ စွမ်းရည် သုံးမျိုးရှိတယ်”

“ အဲဲ့ဒီသုံးမျိုးကို ကောင်းကင်၊ မြေကြီးနဲ့ လူသားလို့ခေါ်တယ်။ ပထမဆုံး လူသားကိုကြည့်ပြီး မျက်နှာကိုအကဲခတ်တယ်၊ မြေကြီးကိုကြည့်ပြီး အနေအထားကို နားလည်အောင်လုပ်တယ်၊ ကောင်းကင်ကိုကြည့်ပြီး ကံကြမ္မာကို ထောက်လှမ်းတယ်။ အဲ့ဒီသုံးခုလုံးက အဆက်အစပ် ရှိနေတာဗျ”

“ လူသားကနေတစ်ဆင့် မြေကြီးကိုကြည့်မယ်၊ မြေကြီးကနေတစ်ဆင့် ကောင်းကင်ကို ကြည့်ပြီး ကောင်းကင်ကတစ်ဆင့် ကံကြမ္မာကို ရှာဖွေတယ်။ အခု ကျုပ်ဆိုရင် ဒီအခန်းက ထွက်စရာမလိုဘဲ ကမ္ဘာကြီးရဲ့ အပြောင်းအလဲတွေအားလုံးကို မြင်နိုင်တယ်။ တိုင်းပြည်ကံကြမ္မာ ပြောင်းလဲနေလား၊ ကပ်ဘေးတွေ ကျရောက်တော့မှာလား၊ ဘယ်အချိန်မှာ နာမည်ကြီးပုဂ္ဂိုလ်တွေ ထွက်ပေါ်လာမှာလဲ၊ ဘယ်အမတ်က အလုပ်မလုပ်ဘူးလဲ၊ ဘယ်အမတ်က ပြည်သူတွေဆီက အမြတ်ထုတ်နေသလဲ.. အကုန်လုံးကို ကျုပ်အတိအကျ သိနိုင်တယ်”

“ တစ်ချို့အမှားတွေ ရှိတတ်ပေမဲ့ ဆယ်ခါမှာ ခုနှစ်ကြိမ်လောက်မှန်တယ်”

လုယန် အံ့သြသွားသည်။ ဝမ်ပယွမ်က ရောင်ဝါတိုးမြှင့်ခြင်းသိုင်းကို မချွင်းမချန် အကုန်ပြောပြပေးသွားသည်။

တကယ်တော့ ထိုသိုင်းက ကံကြမ္မာထောက်လှမ်းခြင်းတစ်မျိုးထဲ ပါဝင်တာ မဟုတ်ပေ။

ဝမ်ပယွမ်၏ နည်းလမ်းက မှန်းဆရုံသက်သက်သာ ဖြစ်ပြီး အဖြစ်အပျက်တိုင်း၏ အတိအကျကို မသိရှိနိုင်ဘဲ အကြမ်းဖျင်းကိုပဲ တွက်ချက်နိုင်သည်။

ထိုသို့ဆိုရင်ကို အံ့သြဖို့ကောင်းနေလေပြီ။

သူ ဘယ်လိုမျိုး ဖန်တီးနိုင်ခဲ့တာများလဲ။

လုယန်၏ သံသယအကြည့်ကို ဝမ်ပယွမ်က ခေါင်းရမ်းပြလာသည်။

“ ရိုးရိုးသားသားပြောရရင် ကျုပ်ရုတ်တရက် အလင်းပွင့်သွားတဲ့ အခိုက်အတန့်တစ်ခု ပိုင်ဆိုင်ခဲ့ရုံပဲ။ ကျုပ် ဘာမကောင်းတာမှ မလုပ်ခဲ့ဘူး”

“ ကောင်းပြီ”

နောက်ထပ်နာရီ အနည်းငယ်ကြာသည်အထိ အမြင်ဖလှယ်ပြီးနောက် လုယန် မတ်တပ်ရပ်လိုက်ကာ၊ တစ်ခြားကောင်းကင်လူသားတွေဆီ သွားလည်ဖို့ ပြင်လိုက်သည်။

ထိုအချိန်တွင် ဝေ့အိမ်တော်၌..

လုယန်နှင့် ဝမ်ပယွမ်၏ အဖြစ်အပျက်ကို တိတ်တဆိတ် စောင့်ကြည့်နေသော ယွင်ဘိုးဘေးသည် ပုံမှန်လိုမျိုး တည်ငြိမ်စွာ မျက်လုံးပြန်ဖွင့်လိုက်သည်။

“ ဉာဏ်နီဉာဏ်နက်များတဲ့ကောင်”

ဝမ်ပယွမ်၏ ကိစ္စကို သူစိတ်မဝင်စားပါချေ။ ဝမ်ပယွမ်၏ အမြင်တွေအားလုံးက သူ ကံကြမ္မာကြိုးမျှင်တွေကို ခြယ်လှယ်ပြီး ပေးထားသောအရာများပင်။ ဝမ်ပယွမ်၏ ထူးကဲလှသော အမြင်ဆိုတာကလည်း မှန်းဆနိုင်ရုံသာဖြစ်သည့်အတွက် ပြဿနာ အများကြီး ရှိမလာနိုင်ပါချေ။ သို့ပေမဲ့ သူ မနေနိုင်စွာ လှောင်ရယ်မိသွားသည်။

“ ကောင်းကင်လူသားတွေနဲ့ ဆွေးနွေးပြီး မဟာတာအိုရဲ့ အဆင့်ငါးကို ဖန်တီးချင်နေတာလား။ ဒီနည်းလမ်းနဲ့ လမ်းမှန်ပေါ် ပြန်ရောက်အောင် လုပ်မယ်ပေါ့လေ။ စိတ်ကူးယဥ်နေတာပဲ”

သူ့အနေနှင့် ကံကြမ္မာကြိုးမျှင်တွေကို ခြယ်လှယ်ပြီး ဝမ်ပယွမ်ကို အမြင်ပေးထားခြင်းက လုံလောက်တာထက် ပိုနေခဲ့ပြီဖြစ်သည်။ အခုတောင် ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်နေခဲ့ပြီ.. ထိုထက် တစ်ဆင့်မြင့်လိုက်ပါက၊ အခြေခံတည်ထောင်ခြင်းနယ်ပယ်ပဲ။

လုယန်က အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို မရောက်ဖူးဘဲနှင့် ထိုအဆင့်သိုင်းကို အဘယ်မှာ ဖန်တီးနိုင်စွမ်းရှိမည်နည်း။ ထိုကောင်လေး၏ ပုံစံက သေခါနီးလူတစ်ယောက်၏ သွေးရူးသွေးတန် ရုန်းကန်ခြင်းတစ်ခုသာ ဖြစ်လေသည်။

လုယန်အနေနှင့် ဖြေရှင်းချင်လျှင် ကောင်းကင်လူသားအားလုံးကို သတ်ပစ်ပြီး အဆင့်လေးကို ထပ်မံကျင့်ကြံမည့်သူမရှိအောင် လုပ်မှဖြစ်မည်။ သူကလည်း ထိုအခြေအနေကို စောင့်နေတာပင်။ လုယန်နှင့်ကောင်းကင်လူသားတွေ တိုက်ခိုက်ကျပြီး လုယန်အစစ် အပြင်ရောက်လာသည်နှင့် သူ လှုပ်ရှားလို့ ရပြီ။

ဝမ်ပယွမ်ကတော့ သူ၏အသေခံနယ်ရုပ်တစ်ခု သာသာပဲ။ နယ်ရုပ်တစ်ရုပ်၏ လုပ်ဆောင်မှုက သူ့အတွက် စိတ်ဝင်စားစရာ မရှိပါချေ။

လုယန်အမြင်မှာ အထင်ကြီးစရာကောင်းသော ကိစ္စက သူ့အတွက်တော့ ဖော်ပြဖို့တောင် မထိုက်တန်ပါချေ။

လုယန်​ကို အတည် တိုက်ခိုက်နေခဲ့တာတောင်မှ လုယန်က ယွင်ဘိုးဘေး၏ မျက်လုံးထဲမှာ အထင်သေးစရာနတ်ဆိုးဂိုဏ်းသား တစ်ယောက်ထက် မပိုခဲ့ပေ။ ဘာလို့ဆို အဆုံးမှာ သူတို့အားလုံးက သေမျိုးတွေပဲလေ။

“ ဂိုဏ်းခေါင်းဆောင်ပေးထားတဲ့ ကြွေ့ထျန်း ရတနာနဲ့ဆိုရင် အမတသခင်ကြီးတစ်ယောက် ဖြစ်နေရင်တောင်မှ ငါ့ကို ထောက်လှမ်းလို့ရမှာ မဟုတ်ဘူး။ သေမျိုတစ်သိုက်က ဘာလုပ်နိုင်မှာလဲ”

တော်ဝင်ကျောင်းတော်က ပြန်ထွက်လာပြီးသည်နှင့် လုယန်သည် မမြင်ရသော ချီစွမ်းအင်အဖြစ် လမ်းမတွေကြား သွားလာရင်း အစောပိုင်းက ဖလှယ်ခဲ့သော အသိပညာကို ဂရုတစိုက် ပြန်စဥ်းစားလိုက်သည်။

“ အရောင်အဝါတိုးမြှင့်ခြင်သိုင်းတဲ့လား”

မိုင်ပေါင်းသိန်းချီအဝေးက လုယန်၏ ခန္ဓာကိုယ်အစစ်၏အနောက်မှာ လဝိုင်းပုံ အလင်းတစ်ခု ထွက်ပေါ်လာသည်။ ရတနာမန္တာန်နှင့် လျှို့ဝှက်နယ်မြေအတွင်းက အရာအားလုံးကို ထောက်လှမ်းလိုက်သော်လည်း၊ ဘာမှသံသယ ဝင်စရာ မတွေ့ခဲ့ပေ။

“ မြို့တော်က နောက်ထပ်နှစ်သုံးဆယ်အထိ တည်ငြိမ်နေပြီး ဘာကံတရားအပြောင်းအလဲမှ မရှိဘူး”

နောက်တစ်စက္ကန့်မှာပဲ လုယန် နည်းလမ်းကို ပြောင်းလဲလိုက်သည်။ မြို့တော်တစ်ခုလုံး၏ အခြေအနေကို စစ်ဆေးခြင်းထက်၊ ဝမ်ပယွမ်၏ ကြည့်ရှုခြင်းသုံးမျိုးကို အခြေခံပြီး ကောင်းကင်နှင့်မြေကြီး၏အစွမ်းကို ဖမ်းယူပြီး သာမာန်သူတွေတစ်ယောက်ချင်းဆီထဲက အပြောင်းအလဲတွေကို အာရုံခံလိုက်သည်။

လုယန်သည် အရောင်အဝါတိုးမြှင့်ခြင်းသိုင်း၏ အစွမ်းကို စစ်ဆေးရုံသာ ဖြစ်ခဲ့သော်လည်း၊ နောက်တစ်စက္ကန့်မှာ သူ မှင်သက်သွားသည်။

“ ရတနာမန္တာန်သိုင်းကို အရောင်အဝါတိုးမြှင့်ခြင်းသိုင်းရဲ့ ပံ့ပိုးမှုအရ.. အရှေ့ဘက်လမ်းမရဲ့ ခေါက်ဆွဲဆိုင်ပိုင်ရှင် ဝမ်အန်းယု ဆိုးရွားသောသေဆုံးခြင်းကို ပိုင်ဆိုင်ထားတယ်”

“ ချန်ချင်း.. ဆိုးရွားသောသေဆုံးခြင်းကို ပိုင်ဆိုင်ထားတယ်”

“ လီချန်ရုံ.. ဆိုးရွားသောသေဆုံးခြင်းကို ပိုင်ဆိုင်ထားတယ်”

“ လျိုရှင်းရှင်း.. ဆိုးရွားသောသေဆုံးခြင်းကို ပိုင်ဆိုင်ထားတယ်”

သေဆုံးခြင်း..သေဆုံးခြင်း.. သေဆုံးခြင်း။

မြို့တော်က လူတိုင်းနီးနီး၏ မျက်နှာထက်မှာ သေဆုံးခြင်းသင်္ကေတတွေ ရှိနေခဲ့ပြီး သူ တစ်မြို့လုံးကို ခြုံငုံစစ်ဆေးစဥ်တုန်းကကျတော့ ပြောင်းလဲမှု မတွေ့ခဲ့ရပေ။

“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

တစ်မြို့လုံးမှာ သေဆုံးခြင်းနမိတ်တွေ ရှိနေခဲ့လျှင် တိမ်မည်းတွေ၏ ဖုံးလွှမ်းမှု ခံထားရသင့်တာ ကြာပြီပင်။ သူ့အနေနှင့် ထိုသို့သောနေရာတစ်ခုကို ချည်းကပ်သွားမှာ မဖြစ်နိုင်ချေ။

“ တစ်ခုခုမှားနေပြီ”

လုယန် မျက်စံတွေ ကျဥ်းမြှောင်းသွားသည်။

လူတစ်ယောက်က တွက်ချက်မှုမှာ မှားယွင်းတာမျိုး ရှိနိုင်ပေမဲ့ အခုလို အကြိမ်တစ်သောင်းလုံး မှားနေလျှင်တော့ ထိုသူ တွက်ချက်နေရသော ကောင်းကင်တစ်ခုလုံးက မှားယွင်းနေလို့အပြင် တစ်ခြားမဖြစ်နိုင်တော့ချေ။

“ ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်တွေ ဖုံးကွယ်ခံထားရတယ်.. ငါလခွေးတဲ့မှ၊ ဒီလျှို့ဝှက်နယ်မြေထဲမှာ ငါ့ကိုသတ်ချင်နေတဲ့ အမတသခင်ကြီးတစ်ယောက် ရှိနေတာဟ”

Ch 66

(ကျွင်းတစ်ကျွင်းတူးမယ်)

တော်ဝင်ကျောင်းတော်ကနေ လုယန် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ကျစ်ရှောင်ယင် ရောက်လာပြန်သည်။

“ လူအိုကြီး၊ မင်း အမတကို တွေ့ပြီးပြီလား”

ပြောနေရင်းမှ ကျစ်ရှောင်ယင် အတွင်းခန်းကို ဝင်သွားလိုက်သည်။ လွန်ခဲ့သော လပိုင်းကမှ တက်ကြွနေခဲ့သော ဝမ်ပယွမ်ကို အခုလို အိုးမင်းရင့်ရော်နေသည့် ပုံစံဖြင့် မြင်လိုက်ရသည့်အတွက် သူအနည်းငယ်ပင် အံ့သြသွားသည်။

“ မင်း.ဘယ်လိုဖြစ်တာလဲ”

“.. ဘာမှမဖြစ်ပါဘူး” ဝမ်ပယွမ်က မရယ်မောခင် နောက်ထပ် အရက်တစ်ငုံ သောက်လိုက်သည်။

“ မင်းနဲ့တွေ့ခဲ့တဲ့သူကို ပြောနေတာဆိုရင် ကျုပ်တွေ့ပြီးပြီ”

“ သူက ကျုပ်ရဲ့ အရောင်အဝါတိုးမြှင့်ခြင်းသိုင်းကို တော်တော်လေး စိတ်ဝင်စားခဲ့တယ်… ဂုဏ်ယူစရာပဲ”

“ အဓိပ္ပါယ်မရှိတာ” ကျစ်ရှောင်ယင်က မျက်နှာကိုမဲ့လိုက်ပြီး သူ ရရှိထားသော ရှေးစာအုပ်ကို တိုက်ရိုက်ပစ်ပေးလိုက်သည်။

“ သူက ကျုပ်တို့ရဲ့ အောင်မြင်မှုပန်းတိုင် တစ်ခု ဖြစ်လာနိုင်တယ်”

“ လောကမှာ အမတဆိုတာတကယ်ရှိတယ်။ ပြီးတော့ သူတို့ရဲ့အသားကိုစားမယ်ဆိုရင် အဲ့ဒီလူက ထာဝရရှင်သန်မှုကို ရလိမ့်မယ်”

ကျစ်ရှောင်ယင်က ကျယ်လောင်စွာ ရယ်မောပြီးနောက် ဆက်ပြောသည်။

“ မင်းက ထာဝရငြိမ်းချမ်းမှုကို လိုချင်တာမလား။ ကျုပ်တို့သာ အမတကိုသတ်လိုက်ပြီး သူ့အသားကိုစားရင် ထာဝရ ရှင်သန်နိုင်ပြီးငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို အတူဖန်တီးနိုင်လိမ့်မယ်”

“ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး…”

ဝမ်ပယွမ်သည် ခပ်တိုးတိုး ရွတ်လိုက်သည့်တိုင်အောင် စိတ်လှုပ်ရှားသော အရိပ်အယောင်တစ်ခု မရှိပေ။ သူက ခေါင်းကို ခပ်ဖွဖွ ရမ်းလိုက်ပြီး အမှုမထားစွာပင် တုံ့ပြန်လာ၏။

“ လုပ်ကြည့်တာပေါ့”

“ ကောင်းတယ်၊ မင်း ပြောပြီးပြီနော်”

ဝမ်ပယွမ်၏ စိတ်ထဲမှာ တစ်ခြားတစ်ခု ရှိနေမှန်း ကျစ်ရှောင်ယင် သိနေသော်လည်း၊ အများကြီး မမေးမြန်တော့ပေ။ ဝမ်ပယွမ်ဘက်ကသာ သဘောတူနေသရွေ့၊ သူလည်း အဆင်ပြေသည်။

တစ်ချိန်ထဲမှာပဲ မြို့တော်အတွင်း တစ်နေရာက လုယန်၏ ပုံရိပ်ခွဲသည်လ​ည်း ပြန်လည်တည်ငြိမ်သွားသည်။

အကယ်၍ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူကသာ သူ့ကို ထောက်လှမ်းနေပါက၊ အခုလိုမျိုး ဒုက္ခခံဖို့ မလိုအပ်ကြောင်း သူ နားလည်သည်လေ။

အခုတစ်ခေါက်သည် အရိုးတောင်တုန်းက အခြေအနေနှင့် ကွာခြားသည်။ အရိုးတောင်မှာတုန်းက ယန်ရှန်းကျန့်ယန်သည် သူ့ကို သတ်ချင်တာမဟုတ်ဘဲ ငါးစာအနေဖြင့် အသုံးချလို၍သာ၊ အစီအစဥ်တွေဆွဲပြီး အကွက်ချခဲ့တာဖြစ်သည်။

သို့ပေမဲ့ အခုတစ်ခေါက် ရန်သူက သူ့ကိုသတ်ချင်နေတာ သေချာပါသည်။

ထို့အပြင် ထိုသူရှေ့မထွက်လာရခြင်းကလည်း သူ၏ခန္ဓာကိုယ်အစစ်က အစီအမံအထပ်ထပ်နှင့် မန္တာန်ပေါင်းများစွာကြားမှာ ပုန်းနေမှန်း သိထား၍ ဖြစ်ပေမည်။

ထို့ကြောင့် နောက်ကွယ်က ရန်သူသည် အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ ပိုလို့တောင် မဖြစ်နိုင်တော့ပေ။ ထိုသူကသာ အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူတစ်ဦး ဆိုပါက၊ သူအပြင်ထွက်အောင် မြှားခေါ်ဖို့ မလိုအပ်ချေ။ သူ့၏မူလခန္ဓာကိုယ် ရှိသည့်နေရာကို တိုက်ရိုက်သွားပြီး ဓားတစ်ချက် ရွယ်လိုက်သည်နှင့်၊ သူ ချက်ချင်း သေဆုံးသွားပေမည်။

သို့ပေမဲ့ တစ်ဖက်ရန်သူက ကံကြမ္မာကြိုးမျှင်ကို ခြယ်လှယ်နိုင်စွမ်း ရှိနေသောကြောင့် ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ကျော်လွန်ထားလောက်ပြန်သည်။

“ ထူးဆန်းတယ်”

“ ကံတရားကို ထိန်းချုပ်ခြယ်လှယ်နိုင်ပေမဲ့ အခြေခံတည်ထောင်ခြင်းနယ်ပယ် မရောက်သေးဘူးတဲ့လား”

ကံကြမ္မာကြိုးမျှင်ကို ထောက်လှမ်းနိုင်ခြင်းနှင့်၊ ခြယ်လှယ်နိုင်ခြင်းသည် စကားတစ်လုံးပဲ ကွာခြားသော်လည်း၊ ကမ္ဘာကြီးလောက် ခြားနားသည်။ ထိုအရာက ချီသန့်စင်ခြင်းနယ်ပယ်နှင့် အခြေခံတည်ထောင်ခြင်းနယ်ပယ်ကြားက ကွာခြားချက်ပဲ။

ကံကြမ္မာကိုထောက်လှမ်းနိုင်ခြင်းက ရှေ့ဖြစ်ဟောနိုင်စွမ်းကို အဓိကထားသည်။

သို့ပေမဲ့ ကံကြမ္မာကိုခြယ်လှယ်ခြင်းကကျ လူတစ်ဦး၏ အလိုဆန္ဒပေါ် မူတည်ပြီး ​ပြောင်းလဲပစ်ခြင်းဖြစ်သည်။ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ရောက်မှသာ ထိုသို့သော အောင်မြင်မှုကို ရရှိနိုင်သည်။

ထို့ကြောင့် အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို မရောက်သေးဘဲ ကံကြမ္မာကြိုးမျှင်တွေကို ခြယ်လှယ်ဖို့ မဖြစ်နိုင်ပါချေ။

အကယ်၍…

“ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ ပြန်မွေးဖွားတာများလား”

နောက်ဆုံးရလိုက်သော တစ်ခုတည်းသော အဖြေကြောင့် လုယန် မျက်မှောင်ကြုတ်သွားသည်။

“ ဒီလျှို့ဝှက်နယ်မြေထဲမှာ အ​ခြေခံတည်ထောင်ခြင်းကျင့်ကြံသူ ပြန်မွေးဖွားတာလား”

“ ဒါကသူတော်စင်သူခိုးသိုင်းရဲ့ အတိဒုက္ခပဲ”

လုယန် အလွန်မဖြစ်နိုင်သလို ခံစားလိုက်ရသည်။

“ ဘာလား၊ ငါ့ကို အတိဒုက္ခပေးဖို့အတွက်နဲ့ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူကိုပါ ဆွဲခေါ်ဖို့ လိုလို့လား”

“ ဒါကြီးကမလွန်လွန်းဘူးလား”

“ ငါလေးက စောက်ရမ်းရိုးသားတဲ့သူလေးလေ။ ဘယ်အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူကို ရန်စဖူးလို့လဲ”

“..အာ”

လုယန် မျက်လုံးပြူးသွားသည်။

“ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ ယွင်မြောင်ကျန်း”

“ ဒီဘဝမှာငါ့ကို အငြိုးထားနိုင်စရာ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ နှစ်ယောက်ပဲရှိတယ်။ ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က အခုထိ အရွယ်ကောင်းမှာဆိုတော့ ပြန်မွေးဖွားဖို့ မဖြစ်နိုင်သေးဘူး”

“ နောက်တစ်ယောက်က ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းကပဲ”

“ အေး.. အဲ့ဘဲက ဒီလောက်ဆို သေသင့်နေပြီ။ ငါတို့ကြားမှာ ရန်ငြိုးရှိပြီးသားဆိုတော့ သူတော်စင်သူခိုးသိုင်းက အတိဒုက္ခပေးဖို့အတွက် သူ့ကို သီးသန့်ဆွဲခေါ်လိုက်တာ များလား”

“ ဒါကြီးက မများဘူးလားလို့”

လုယန် ချွေးစေးပြန်သွားပြီး၊ လျှို့ဝှက်နယ်မြေထဲက အန္တရာယ်အကြောင်းကို ယန်ရှန်းကျန့်ယန်ဆီ တင်ပြဖို့ ချက်ချင်း ထွက်ပြေးချင်စိတ်ပင် ပေါက်သွားသည်။

သို့ပေမဲ့ သူအဆုံးမှာ သည်းခံလိုက်သည်။ သူ၏ အလောင်းအသွင်ပြောင်းခြင်းအမတသိုင်းကို ကျွမ်းကျင်သွားဖို့ရန် နောက်ဆုံးနည်းလမ်းဖြစ်သော သေပြီးမှအသွင်ပြောင်ခြင်းကို ဆောင်ရွက်ရန်အတွက် အခြေခံတည်ထောင်ခြင်းကျင့်ကြံသူဝိညာဥ်၏ အကူအညီ လိုအပ်နေသေးသည် မလား။

ထို့အပြင် သူ၏ သူတော်စင်သူခိုးသိုင်းကလည်း အခုထိ မပြီးမြှောက်သေးပေ။

သူသာ တင်ပြလိုက်လို့ ယန်ရှန်းကျန့်ယန်က လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ရှင်းလင်းပစ်လိုက်လျှင် အခက်တွေ့ပေလိမ့်မည်။ ထို့အပြင် သူတော်စင်သူခိုးသိုင်းလဲ ကျရှုံးသွားမည်။

“ ဒါကအတိဒုက္ခဆိုပေမဲ့ အခွင့်အရေးတစ်ခုပဲ”

အကောင်းအဆိုးဆိုတာ တွဲရက်ရှိနေသည်လို့ ပြောကြသည်မလား။

ကိစ္စတိုင်းမှာ အကြောင်းအရင်းရှိသလို၊ အကြွေးတိုင်းအတွက်လ​ည်း ပြန်ပေးဆပ်ရပေမည်။ သူသာ အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်လျှင် ဒါကသူ၏ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာလိမ့်မည်။

ထို့အပြင် သူ့မှာ အောင်မြင်နိုင်ချေ မရှိတာ မဟုတ်ပေ။ အစောပိုင်းက ရန်သူသည် အမှောင်ဘက်မှာရှိနေခဲ့ပြီး၊ သူတစ်​ယောက်ပဲ အလင်းမှာ ထင်းထင်းကြီး မြင်သာခဲ့သောကြောင့် သူ့အနေနှင့် အခွင့်အရေး မရှိခဲ့ဘူး။ အခု သူ အမှန်တရားကို သိသွားခဲ့ပြီ။

သူတို့၏အကြံအစည်ကို သူတို့အပေါ် ပြန်သက်ရောက်စေလိုက်မည်။

“ ဒါဆိုရင် မဟာတာအိုသိုင်းရဲ့ ကောင်းကင်လူသားကလဲ အဲ့ကောင်ဖန်တီးထားတဲ့ ဇာတ်ပဲဖြစ်ရမယ်။ တစ်ခုခု မှားနေမှန်း ငါသိသားပဲ”

“ သူကငါ့ကိုအပြင်မြှားထုတ်ချင်နေတာ”

“ အခုငါက ပုံရိပ်ခွဲကိုပဲ အပြင်ပို့လိုက်တော့၊ သူက မကျေမနပ်ဖြစ်ပြီး ကျစ်ရှောင်ယင်နဲ့ ရန်တိုက်ပေးတာဖြစ်ရမယ်”

“ နောက်ထပ်မှန်းရရင် သူ့မှာအစီအစဥ်ထပ်ရှိအုံးမယ်။ ငါ့ရဲ့ ပုံရိပ်ခွဲကို သတ်ချင်နေတာနေမယ်။ ဒါမှ အစီအမံအပြင်ကို ငါ့ခန္ဓာကိုယ်အစစ်ကို ဆွဲခေါ်လို့ရမှာ။ ဒါပေမဲ့ ကျစ်ရှောင်ယင်က ငါ့ရဲ့ပုံရိပ်ခွဲကိုမနိုင်ဘူး.. သူသတ်ချင်ရင် တစ်ခြားကောင်းကင်လူသားတွေနဲ့ ပူးပေါင်းမှရမှာ”

“ နားလည်ပြီ၊ ငါအားလုံး နားလည်ပြီ”

လုယန်၏ မျက်နှာထားက မပြောင်းလဲပေမဲ့ ယွင်ဘိုးဘေး၏အကြံအစည်ကို နှလုံးသားက နားလည်သွားသောကြောင့် သူ၏ကံကြမ္မာအပေါ် နားလည်မှုသည်လည်း အနည်းငယ် နက်ရှိုင်းလာခဲ့သည်။

“ ဒါကအခြေခံတည်ထောင်ခြင်းတိုက်ပွဲပဲ”

အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူတွေက သူသေကိုယ်သေ တိုက်ခိုက်တာမျိုးထက် ကံကြမ္မာကြိုးမျှင်ကို ခြယ်လှယ်ပြီး အကွက်ချ ကြံစည်ကြသည်။ ကံကြမ္မာအကြောင်း ပိုနားလည်သူက သေချာပေါက် အလေးသာမှာပင်။

“ ငါ့ကိုသတ်ချင်သပဆိုလဲ သတ်ခွင့်ပေးလိုက်မယ်”

လုယန် အကြာကြီးစဥ်းစားပြီးနောက်မှာ ပြန်အကွက်ချနိုင်သွားသည်။ သူသည်လည်း ကောင်းကင်လူသားများကို တိုက်ခိုက်ဖို့ရန် စီစဥ်ထားပြီး မဟာတာအိုကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေရန် စဥ်းစားထားပြီးသားပင်။ သို့ပေမဲ့ သူ၏ မူလအစီအစဥ်က မဟာတာအို၏ အဆင့်ငါးကို ဖန်တီးဖို့ရန် မဟုတ်ပေ။

ယွင်ဘိုးဘေး၏ တွက်ဆချက်က မမှားယွင်းခဲ့ပါချေ။ လုယန်၏ လက်ရှိအ​ခြေအနေနှင့် တာအိုစာလိပ်ရတနာ၏ အကူအညီ ရထားလျှင်တောင်မှ မဟာတာအို၏ အဆင့်ငါးကို ဖန်တီးဖို့ မဖြစ်နိုင်ဘူး။

သို့ပေမဲ့ ဤအခြေအနေကို ဖြေရှင်းချင်လျှင် သူ့အနေနှင့် တကယ့်အဆင့်ငါးကို ဖန်တီးဖို့ရန်မှ မလိုအပ်ဘဲ.. လူတွေ ယုံကြည်အောင် သက်သေပြနိုင်လျှင် အဆင်ပြေပြီပင်။

သူတော်စင်သူခိုးသိုင်း၏ အဓိကအချက်က သူများအစွမ်းကို ခိုးယူရခြင်း​ဖြစ်သည်။ သူတစ်ပါးအပိုင်ကို ခိုးယူပြီး ကိုယ်ကျိုးထုတ်ရခြင်းဖြစ်စဥ်မှာ အဘယ်မှာ စစ်မှန်မှု လိုအပ်ပါမည်နည်း။

“ အရင်ဆုံး ငါနောက်ထပ် သရုပ်တစ်ခု လိုအပ်တယ်”

သူသည် ကျင့်ကြံမှုမှာ နောက်ထပ်နယ်ပယ်တစ်ခု ရှိနေကြောင်း လှည့်ဖျားရမှာဖြစ်သည့်အတွက် လူတိုင်းယုံကြည်စေရန်.. သူ့အတွက်ရှိန်လောက်သော နောက်ခံတစ်ခုက မဖြစ်မနေ လိုအပ်သည်။

“ ငါ့နာမည်ကို..အင်း၊ တိရှစ်ထျန်းလို့ ခေါ်တာပေါ့”

“ ငါကနှစ်တစ်သောင်းလောက် နေထိုင်ခဲ့တဲ့ ဒီကမ္ဘာရဲ့တစ်ဦးတည်းသော အမတတစ်ယောက်ပဲ။ ငါ့ရဲ့ကျင့်ကြံမှုက ဒီကမ္ဘာရဲ့ အကန့်အသတ်ကို ရောက်သွားတဲ့အတွက် အဆင့်တက်နိုင်မဲ့ နည်းလမ်းကို ရှာဖွေနေတာ”

“ အင်း.. ကောင်းကင်လူသားတွေနဲ့ တိုက်ခိုက်ရတဲ့ အကြောင်းအရင်းကကျတော့၊ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုက ကမ္ဘာရဲ့အကန့်အသတ်ကို ရောက်သွားပြီး ထပ်အဆင့်တက်ချင်တယ်ဆိုရင် သူတို့တွေ အချင်းချင်း တိုက်ခိုက်ပြီးတော့ သတ်ဖို့လိုအပ်တယ်။ သေခြင်းရှင်ခြင်းရဲ့ ပြင်းထန်မှုကို လွန်ဆွဲကျော်ဖြတ်ပြီးမှ ကောင်းကင်နဲ့မြေကြီးကြားက အတားအဆီးကို ဖျက်ဆီးနိုင်စွမ်း ရှိသွားမယ်”

“ ဒီနယ်ပယ်ကို ငါ.. ဟင်းလင်းပြင်ချိုးဖြတ်ခြင်းနယ်ပယ်လို့ ခေါ်မယ်”

“ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းနယ်ပယ်ကို ရောက်ပြီးရင် ကောင်းကင်ဘုံကို တက်လှမ်းနိုင်မယ်။ ဒီနယ်ပယ်ရဲ့အလွန်ကို ဘယ်သူမှ မသိခဲ့သလို.. ဆန်းကြယ်တဲ့ ဒဏ္ဍာရီတစ်ခုအဖြစ် ရှိနေဆဲပဲ”

“ ဒီနယ်ပယ်ကို ရောက်သွားတဲ့သူတွေက ဘယ်တော့မှ ပြန်မလာတော့တဲ့အတွက် ရှင်းပြမဲ့သူ မရှိတော့တာ”

တစ်စုံတစ်ခုကို မသိရခြင်းက ကြောက်ရွံ့ဖို့ကောင်းသလို တစ်ချိန်ထဲမှာ တောင့်တစိတ်ကို ဖြစ်ပေါ်စေ၏။

“ ငါ ဘာမှကြိုးစားနေစရာ မလိုဘူး။ သူတို့နဲ့အကြီးအကျယ် တိုက်လိုက်ပြီး နည်းနည်းလောက် ထုတ်​ပြောလိုက်ရင် ကျန်တာကိုသူတို့ ဖြည့်တွေးကြလိမ့်မယ်”

“ ဒါကမှ ထောင်ချောက်အစစ်ပဲ”

မဟာတာအို၏အဆင့်လေးက တကယ်တော့ အဆုံးသတ်ဖြစ်ပြီး ဘယ်လိုမှ မတိုးတက်နိုင်တော့ပေ။ သို့ပေမဲ့ ကောင်းကင်လူသားတွေအတွက် ပန်းတိုင်တစ်ခုက ဆက်လက်လိုအပ်နေဆဲပင်။

ထိုသို့ဆိုမှတော့ ပန်းတိုင်ကို သူ ပေးလိုက်မည်။

သူသာ လူတိုင်းအရှေ့မှာ ဖျော်ဖြေမှုကောင်းကောင်းဖြင့် နက်နဲပြီး ရယူရန်ခဲယဥ်းသော ဟင်းလင်းပြင်ချိုးဖြတ်ခြင်းနယ်ပယ်ကို မိတ်ဆက်ပေးလိုက်လျှင်…. ဘာတတ်နိုင်မည်လဲ။

ဘယ်သူမှမယုံကြည်ကြလျှင် ထိုအရာက အမှန်တရားဖြစ်လင့်ကစား၊ အမှားတစ်ခု ဖြစ်သွားမည်။

သို့ပေမဲ့ ယုံကြည်မည့်သူတွေ ထွက်ပေါ်လာတာနှင့်အမျှ အလိမ်အညာတစ်ခုက အမှန်တရားအဖြစ် ပြောင်းသွားမှာပဲ။

All Chapters