← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

Ch 67

( သိုင်းလောကထိပ်ခေါင်တွေက လူတစ်ယောက်ကို ပေါင်းသတ်နေကြတယ်)

လုယန် ဝမ်ပယွမ်ဆီ သွားလည်ပြီး နောက်သုံးနှစ်ကြာပြီးနောက်..

နဂါးနိုးထသည်ဟု ပြောကြသော နှစ်လပိုင်းနှစ်ရက်နေ့ကို ရောက်လာခဲ့သည်။

ရှေ့သုံးနှစ်အတွင်းမှာ လုယန်သည် ကျန် ကောင်းကင်လူသားငါးယောက်ကို သွားတွေ့ခဲ့သည်။ တစ်ချို့ယဉ်ကျေးကြသလို.. တစ်ချို့က စကားပြောလို့မကောင်းပေ။ တစ်ချို့ဆိုလျှင် တစ်ပွဲတစ်လမ်း နွှဲခဲ့ရသေးသည်။

သို့ပေမဲ့ အကျိုးယုတ်ခဲ့သည်တော့မဟုတ်ပေ။ မဟာတာအိုအဆင့်လေးနှင့် သက်ဆိုင်သော ကောင်းကင်နှင့်လူသားကြားက ဆက်စပ်မှုအပေါ် သူ၏နားလည်မှုသည် ပိုနက်ရှိုင်းသွားသည့်အတွက် အခုလက်ရှိတွင် သူ၏စိတ်နှလုံးက တက်ကြွနေသလို၊ ခန္ဓာကိုယ်အတွင်းမှာ ချီစွမ်းအင်တွေက အပြင်ကို ပေါက်ထွက်တော့မတတ် ပြင်းထန်နေသည်။ ထိုအရာက တကယ်ကို ကောင်းမွန်သော အတွေ့အကြုံတစ်ခုပင်။

ယနေ့ညသည်.. လရောင်မရှိသော ကောင်းကင်နက်တစ်ခုသာ စိုးမိုးထားပြီး ကြယ်ရောင်ပျောက်များက နေရာစုံမှာ ပျံ့ကျဲနေ၏။

မီးတွေလင်းထိန်နေအောင် ထွန်းထားတတ်သော လမ်းမတစ်လျှောက်သည် အကြောင်းအရင်းမရှိ၊ တိတ်ဆိတ် မှောင်မဲနေပြီး အိမ်တိုင်းလိုလိုကလည်း တံခါးကို.တင်းနေအောင် ပိတ်ထားကြသည်။ လေပြင်းတိုက်သံတစ်ချက်တစ်ချက်သာ ကြားနေရပြီး မြို့တော်တစ်ခုလုံး ခြောက်ကပ်နေလေသည်။

မှောင်မဲနေသော လမ်းမကြီးထဲမှာ လုယန်တစ်ယောက်ထဲ လမ်းလျှောက်နေခဲ့သည်။

“ ဒီကောင်းကင်လူသားပြောင်းလဲခြင်းက တော်တော်စိတ်ဝင်စားဖို့ ကောင်းတာပဲ”

လုယန် တည်ငြိမ်သော မျက်နှာနှင့်ပဲ ခန္ဓာကိုယ်အတွင်းက ကိုယ်ပိုင်အသိစိတ် ဝင်တော့မည့်အတိုင်း နိုးကြားပြနေသော ချီစွမ်းအင်များကို စစ်ဆေးလိုက်သည်။

“ ဒီကောင်းကင်လူသားအသွင်ပြောင်းခြင်းက အဆင့်နှစ်ဆင့်ပါတယ်။ ပထမတစ်ခုက ကျင့်ကြံသူရဲ့ ချီစွမ်းအင်၊သွေးနဲ့ဝိညာဉ်ကို ပြီးပြည့်စုံတဲ့ အခြေအနေအဖြစ် ပြောင်းလဲပေါင်းစပ်လိုက်တာပဲ။ အဲ့လို လူသားကို အသွင်ပြောင်းပြီးသွားရင် အဲ့ဒီလူသားရဲ့ ချီစွမ်းအင်၊ သွေးနဲ့စိတ်ဝိညာဉ်ကို အပြင်ဘက်က ကောင်းကင်နဲ့မြေကြီးကို တုံ့ပြန်စေမယ်”

လုယန် အတွေးပေါက်လေလေ၊ သူ၏ စိတ်သည်လည်း ပိုမို တည်ငြိမ်လာခဲ့သည်။

ဝူးဝူး

ထိုအချိန်မှာ ဓားအလင်းတစ်ချက်က အမှောင်ထုကို ဖြိုခွင်းသွား၏။ ကျက်သရေရှိသော ဓားအလင်း၏ ထွက်ပေါ်မှုက ကောင်းကင်နဲ့မြေကြီးကြားက အလှတရားတွေကို ဆွဲဆောင်လိုက်သလိုမျိုး လူ၏အမြင်ကိုပင် ဝေဝါးသွားစေသည်။

ချွမ် ချွမ်

နောက်တစ်စက္ကန့်မှာ လုယန်၏ ပတ်ပတ်လည်၌ ရွှေရောင်အလင်းတစ်ခု ဝန်းရံလိုက်သည်။ မသိလျှင် ခေါင်းလောင်းတစ်ခုအတွင်း ပိတ်လှောင်လိုက်သည့်အတိုင်းပဲ။

ရှေ့ပြေးလာသော ဓားအလင်းက ရွှေခေါင်းလောင်းနှင့် ရိုက်မိသွားပြီး.. ရွှေရောင်အလင်း၏ အကာအကွယ် အဆင့်သုံးဆင့်ကို ထိုးဖောက်သွားသည်။ နောက်ဆုံးအနေအထား ရောက်မှသာ ရပ်သွား၏။ တိုက်ကွက်ကျရှုံးသွားသော်လည်း၊ တိုက်ခိုက်သူက မတွန့်ဆုတ်ခဲ့ပေ။ ချက်ချင်း ဓားကို ပြန်ယူလိုက်ပြီး အမှောင်ထုကြား ပျောက်ကွယ်သွားပြန်သည်။

ဝုန်း

ဓားက ပိုင်ရှင်ဆီကို အရှိန်ဖြင့် ပြန်ရောက်သွားသည်နှင့်၊ အပြင်ကို လှိုင်းထန်သွားသော လေအဟုန်ကြောင့် ဖုန်များပင် လွင့်စင်သွားသည်။

“ ဘယ်သူများလဲလို့ ညီနောင် တင်း ပါလား”

လုယန် အပြုံးဖွဖွဖြင့် အပေါ်မော့ကြည့်လိုက်သည်။

“ တစ်နှစ်ကြာသွားတော့ ညီနောင်တင်းရဲ့ နတ်ဆိုးဓားက တိုးတက်လာတာပဲ။ ကျုပ်ရဲ့အကာအကွယ်သုံးခုကို ဖျက်ဆီးနိုင်ခဲ့ပြီ”

လုယန် တစ်ချိန်ထဲမှာ ထိုလက်နက်ကို လှမ်းကြည့်လိုက်သည်။ လခြမ်းကွေးလိုမျိုး ဓားကွေးက တိုက်ခိုက်လိုက်တိုင်းမှာ ဓားအလင်းကို သက်တံ့တစ်ခုလို အရှေ့ပြေးထွက်စေ၏။ သို့ပေမဲ့ ပေါင်းစပ်နေသော နတ်ဆိုးစွမ်းအင်များက မြင်လိုက်သူတိုင်းကို ကြောက်ရွံ့စိတ် ဖြစ်ပေါ်စေသည်။ သူ၏အကာအကွယ်မန္တာန်ကို ခုနှစ်ဆယ်ရာခိုင်နှုန်းလောက် ဖျက်ဆီးနိုင်ခဲ့သည့်အတွက် ထိုဓားကောက်ကို အသိအမှတ်ပြုပေးသင့်သည်ပင်။

“ အမတရှစ်ထျန်း”

တင်းဖေးယင်း၏ အကြည့်က တည်ငြိမ်နေသော်လည်း လေသံမှာ နက်ရှိုင်းလှသည်။

“ မင်းက ဒီခေတ်ရဲ့ စစ်မှန်တဲ့အမတ တစ်ယောက်လို့ ကျစ်ရှောင်ယင် ပြောတယ်။ ကျုပ်မင်းကိုသတ်နိုင်ရင် ကျုပ်ရဲ့ဓားသိုင်းက အကြီးစားအောင်မြင်မှုကို ရရှိလိမ့်မယ်”

လုယန် ခေါင်းယမ်းကာ ရယ်မောလိုက်၏။

“ ညီနောင်တင်း တစ်ယောက်ထဲ ရောက်လာတာ၊ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား”

“ တစ်ယောက်ထဲနဲ့ မလုံလောက်ရင် ခုနှစ်ယောက် လာခဲ့ပေးမယ်လေ”

အသံဆုံးသည်နှင့် အမှောင်ထဲမှ ပုံရိပ်အသီးသီး အပြင်ထွက်လာခဲ့သည်။ ခေါင်းဆောင်ကတော့ သိုင်းဘုရင် ကျစ်ရှောင်ယင်မှအပ မဖြစ်နိုင်ချေ။ ထိုသူက လုယန်ကို အခုပဲ အစိမ်းလိုက်မြိုချတော့မတတ် လောဘအပြည့်ဖြင့် မီးဝင်းဝင်းတောက် ကြည့်နေလေရဲ့။

ထိုသူ၏အနောက်မှာ ဝမ်ပယွမ်က ကပ်လိုက်လာခဲ့သည်။

ထို့နောက် ဝမ်းနည်းနေသော မျက်နှာနှင့် ဘုန်းကြီးတစ်ယောက်ရယ်၊ ကြာပွတ်ကိုင်ထားသော ကျင့်ကြံသူတစ်ယောက်ရယ်က လုယန်ကို အရှေ့အနောက် ပိတ်လိုက်သည်။

တော်ဝင်ဘုန်းကြီးကျောင်း၏ နတ်ဘုန်းကြီးရွမ်ခဲ့။

နက္ခတ်ဋ္ဌာန၏ ခြေဗလာတာအိုပညာရှင် ချန်ချင်ကျင်း။

ထို့အပြင် ကြယ်ရောင်ဖြိုးဖြိုးဖြောက်ဖြောက် ကျနေသော အိမ်ခေါင်မိုးပေါ်မှာ အဖြူရောင် အမျိုးသမီးတစ်ယောက်က ကျောက်စိမ်းတုံးတစ်ခုလိုမျိုး ကျက်သရေရှိစွာ အောက်ငုံ့ကြည့်နေ၏။

သူမက ပန်းတစ်ရာနန်းတော်၏ ကျောက်စိမ်းနတ်သမီး ဟွာရှန်းရုံ ပင်။

နောက်ဆုံးတစ်ယောက်က အရပ်ရှည်ရှည်၊ ဗလာတောင့်တောင့်နှင့် နဂါးပုံပါသော လတ်ပြတ်ဝတ်စုံကို ဝတ်ထားသည်။ အင်္ကျီက ဈေးကြီးပုံပေါက်သော်လည်း၊ ထိုသူ၏ ကြမ်းတမ်းသော စရိုက်ကို မဖုံးကွယ်နိုင်ပေ။

တောနက်ထဲကတက်လာသော အလွတ်တန်းကျင့်ကြံသူတစ်ဦးဖြစ်သည့် ကောင်းကင်ခေါင်းဆောင် ကွမ်ချန်ခွင်း။

လမ်းကြားထဲမှာ လုယန်ကို ကောင်းကင်လူသား ခုနှစ်ယောက်က ဝန်းရံထားသည့်အပြင်၊ လမ်းကြားအပြင်က ကြားလိုက်ရသော သံချပ်ကာ အသံများကြောင့် တော်ဝင်အစောင့်တွေပါ အပြင်ဘက်မှာ ပိတ်ထားဟန်ရှိသည်။

သိုင်းလောကထိပ်ခေါင်တွေက လူတစ်ယောက်ကို စုပေါင်းသတ်ဖြတ် နေကြသည်…

“ ခမ်းနားလိုက်တဲ့ပြကွက်ပဲ”

လုယန် အံ့သြတကြီး ပြောလိုက်ပြီးနောက်၊ ကြောက်ရွံ့မှုတစ်စက်မပြဘဲ နှစ်ခြိုက်စွာ ရယ်မောလိုက်၏။

“ ဒါပေမဲ့ အချိန်ကိုက်ပဲ။ ဒီအမတကလဲ မင်းတို့ရဲ့ကြိုးစားမှုကိုသုံးပြီး ဟင်းလင်းပြင်ကို ချိုးဖြတ်မယ်”

အသံဆုံးသည်နှင့် လုယန် စတင် တိုက်ခိုက်လိုက်သည်။

ပထမဆုံးခုခံသူက နတ်ဘုန်းကြီး ရွှမ်ခဲ့ ပင်။ သူကချက်ချင်း ရှေ့တစ်လှမ်းတိုးပြီး လုယန်၏လက်သီးကို လက်ဖဝါးဖြင့် ပိတ်လိုက်သည်။

သို့သော် ထိုအချိန်မှာပဲ လုယန်က လက်သီးဆုတ်ကို ရုတ်တရက် ဖွင့်လိုက်သောကြောင့် အဝါရောင်စာရွက် တစ်ရွက် ထွက်လာတာကိုသာ မြင်လိုက်ရ၏။

ချွမ် ချွမ်

အဝါရောင်စာရွက်ကနေ ဓားချီတစ်ခု အရှေ့ပြေးထွက်လာသည်.. သို့သော် ထိုအချိန်မှာပဲ အံ့ဖွယ်မြင်ကွင်းအဖြစ် မထင်ထားစွာ ပြောင်းလဲသွားသည်။

“ အော်မီသိုဖော်”

ရွှမ်ခဲ့က နေရာမှာ တည်ငြိမ်စွာရပ်နေရင်းမှ လက်နှစ်ဖက်ကို ပူးယှက်လိုက်သည်.. သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်တွေ လင်းလက်လာတော့၏။ သူ့ခန္ဓာကိုယ်အတွင်းက ချီစွမ်းအင်တွေ၏ အားကောင်းသော အသံက လှိုင်းထန်နေသော ပင်လယ်ရေထက်ပင် ကျယ်လောင်သည်။ လုယန်၏ ဓားချီမန္တာန်သည် နောက်ဆုံးတော့ သွေးစက်တစ်ချို့သာ ကျစေခဲ့သည်။

“ ကောင်းတယ်၊ ရွှမ်ခဲ့ ရဲ့ ခန္ဓာကိုယ်က ဒီလောကမှာ အကောင်းဆုံးပဲ”

ကျစ်ရှောင်ယင် ပျော်ရွှင်သွားပြီး တစ်ခြားလူတွေကို တစ်ခါထဲတိုက်ဖို့ ခေါ်လိုက်တော့သည်။

သို့သော် ထိုအချိန်မှာပဲ လုယန်က အဝါရောင်စာရွက် လက်တစ်စုပ်စာကို စိတ်အေးလက်အေး ထုတ်ပြလိုက်လေရဲ့။

ကျစ်ရှောင်ယင်, “....”

ဒုန်း ဒုန်း

တစ်စက္ကန့်အတွင်းမှာ တောက်ပသော အလင်းရောင်ကိုယ်စီထွက်နေသော အဝါရောင်စာရွက်တွေ ရာချီပြီး ပျံ့ကျဲလာ၏။ ထိုစာရွက်နှင့်ထိတွေ့သော လမ်းကြားထဲက ပစ္စည်းတိုင်း ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားရသည်။

ထိုအချိန်မှာ လုယန်၏ ချီစွမ်းအင်လဲ ပြင်းထန်လာသည်။

“ဟားဟားဟား၊ နောက်ဆုံးတော့ ဒီအမတ အောင်မြင်တော့မယ်ကွ”

သူ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

“ ဟင်းလင်းပြင်ချိုးဖောက်ခြင်းနယ်ပယ်ကို အဆင့်တက်ပြီးရင် ငါထာဝရရှင်သန်နိုင်တော့မယ်။ နှစ်တစ်သောင်းလောက် ရှင်သန်ပြီး နောက်ဆုံးတော့ ငါအောင်မြင်ပြီ”

လုယန်၏ ရယ်သံကြားထဲမှာ ကောင်းကင်လူသားခုနှစ်ယောက် ရင်ထဲ လှိုင်းထန်သွားကြသည်။

ဟင်းလင်းပြင်ချိုးဖောက်ခြင်းနယ်ပယ် တဲ့လား..

ကောင်းကင်လူသားနယ်ပယ်ကို ရောက်လာပြီးနောက်တွင် သူတို့တွေ လမ်းဆုံးသွားပြီဟု ထင်ခဲ့ကြသော်လည်း၊ ထိုသူပြောသွားပုံအရ နောက်ထပ် လမ်းတစ်ခု ရှိနေဟန်ပင်။

ထို့အတူအမှောင်ထဲမှ ပွဲကြည့်နေသော ယွင်ဘိုးဘေးလည်း အံ့သြသွားသည်။

“ လမ်းအသစ်တဲ့လား၊ မဖြစ်နိုင်တာ”

ယွင်ဘိုးဘေး အသည်းအသန် စဥ်းစားရင်းမှ အထင်သေးစွာ ခေါင်းယမ်းလိုက်သည်။ မဟာတာအို၏ အဆင့်လေးကို ဝမ်ပယွမ်မှတစ်ဆင့် သူကိုယ်တ်ိုင် ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းအရင်းကြောင့်ပဲ သူသည် မဟာတာအိုက ကောင်းကင်လူသား အသွင်ပြောင်းပြီးလျှင် ဆက်မတိုးတက်နိုင်တော့တာ သေချာအောင် ပြုလုပ်ခဲ့သည်။

ဘယ်လိုလုပ် နောက်ထပ် လမ်းအသစ် တစ်ခု ရှိနိုင်မည်နည်း။

“ သူကနယ်ပယ်အသစ်တစ်ခု ရှိသလိုနဲ့ လိမ်ဖို့ကြိုးစားနေတာပဲ။ ဒါပေမဲ့ မင်းကံဆိုးတာက ငါနဲ့တွေ့သွားတယ်။ ငါရှိနေလို့ကတော့ မင်းရဲ့အမှားကို သေချာပေါက် ဖော်ထုတ်ပေးမယ်”

“ ပြစ်ချက်ရှိနေသရွေ့ မင်းရဲ့သူတော်စင်သူခိုးသိုင်းက အောင်မြင်မှာ မဟုတ်ဘူး”

ယွင်ဘိုးဘေး ဒေါသတကြီး ကြိမ်းဝါးနေပေမဲ့လည်း တဖြည်းဖြည်း လမ်းကြောင်းလွဲစပြုနေသော ကံကြမ္မာကို သူလည်းပဲ ခံစားမိသည်။

“ ဒီအရှုတ်အထွေးတွေ ကြီးမလာခင် အဲ့ကောင်ရဲ့ ပုံရိပ်ခွဲကို အမြန်ဆုံးသတ်ရမယ်”

အတွေးရသည်နှင့် ယွင်ဘိုးဘေး ချက်ချင်းပဲ လက်နှစ်ဖက်ဖြင့် အစွမ်းကိုစုဝေးကာ၊ ကံကြမ္မာကြိုးမျှင်ကို တွန်းအားပေးရင်း အမိန့်ပေးလိုက်သည်။

“ အချိန်မဆွဲနဲ့ အမြန်လုပ်လိုက်”

တစ်ချိန်ထဲမှာပဲ ဟင်းလင်းပြင်ချိုးဖောက်ခြင်းနယ်ပယ်ကြောင့် အာရုံပျက်သွားသော ကျစ်ရှောင်ယင်ကလည်း ရုတ်တရက် အတွေးပေါက်သွားသည့်နှယ်၊ တည်ငြိမ်စွာ ပြောလာ၏။

“ အဲဲ့ဒီကောင်လှည့်စားတာ မခံကြနဲ့”’

“ ဘာကို ဟင်းလင်းပြင်ချိုးဖောက်ခြင်းနယ်ပယ်လဲ။ ဒါလူတွေကို သက်သက် လှည့်ဖျားနေတာပဲ။ အခုငါတို့ခုနှစ်ယောက်လုံး နတ်လက်နက်ကိုယ်စီနဲ့ ရောက်လာပြီး အစီအမံလဲ ချထားပြီးပြီ။ ဒီကောင့်ကိုသတ်ပြီး ထာဝရဘဝကို အရယူကြမယ်”

Ch 68

( ဟင်းလင်းပြင် ချိုးဖြတ်ခြင်း)

ကျစ်ရှောင်ယင် အသံဆုံးသည်နှင့် ကျန်ခြောက်ယောက်လုံး တပြိုင်နက် လှုပ်ရှားလိုက်ကြသည်။ ယွင်ဘိုးဘေး၏ ထိန်းချုပ်မှုကြောင့် အကုန်လုံး ပြန်လည်တက်ကြွသွားကြပြီး၊ စက္ကန့်ပိုင်းအတွင်း လုယန်ကို ပြန်ဝိုင်းလိုက်ကြသည်။ နတ်လက်နက်ခုနှစ်ခုက ကြယ်ရောင်အောက်မှာ အလင်းတွေပင်ဖြာထွက်နေလေရဲ့။

“ အချိန်ကိုက်ပဲ”

လုယန်ကလည်း ချက်ချင်း အဖြူရောင်ချီစွမ်းအင် အသွင်ပြောင်းလိုက်ကာ၊ လေပွေတစ်ခုလို ကျစ်ရှောင်ယင် အရှေ့ကို လျင်မြန်စွာ သွားလိုက်သည်။

ကျစ်ရှောင်ယင်က နီရဲသွားသော မျက်လုံးများနှင့် သူ၏ ကောင်းကင်သားတော်အမည်ရ နတ်ဓားကို ကောင်းကင်ပေါ် ချိန်ရွယ်လိုက်သည်။ တစ်ချိန်ထဲမှာ ထျန်းကျင်းမြို့တော်အတွင်းရှိ ပြည်သူတွေအားလုံး ရုတ်တရက် နှလုံးတွေ ဆူးအောင့်လာပြီး.. နောက်ဆုံး မြေပြင်ပေါ် လဲကျသွားလေ၏။

ကျစ်ရှောင်ယင်၏ နတ်ဓားကတော့ အစွမ်းတွေ ပြင်းထန်လာခဲ့သည်။.

“ သေလိုက်စမ်း”

ကျစ်ရှောင်ယင် တိုက်ခိုက်လိုက်သော ဓားစွမ်းအင်က လုယန်၏ ဓားချီမန္တာန်ထက် အဆပေါင်းများစွာ ပြင်းသည်.. ထိုဓားချက်နှင့် ထိသည်နှင့် လုယန်၏ ပုံရိပ်ခွဲ တစ်ခါထဲ အပိုင်းပိုင်း ကွဲကြေသွားပေလိမ့်မည်။

သို့သော် သူတို့တွေ လုယန်ကို လွယ်လွယ် အနိုင်ယူနိုင်ပါ့မလား။

လုယန်၏ ပုံရိပ်ခွဲသည် ချီစွမ်းအင်ဖြင့် ဖန်တီးထားတာဖြစ်သည့်အလျောက်၊ ချီစွမ်းအင်အသွင် ပြောင်းလို့လဲရသလို၊ လူပုံရိပ်အဖြစ် စုစည်းလို့လဲရသည်။ သူ၏ စုစည်းလိုက်၊ ပျောက်ကွယ်လိုက် ဖြစ်စဥ်အတွင်းမှာ လက်သီး၊ ခြေထောက်ကန်ချက်၊ ဓားချက်.. သူ ဘယ်အရာကို ကြောက်ဖို့လိုအပ်မည်နည်း။

ထို့အပြင် မဟာတာအိုသည် သူကိုယ်တိုင် ဖန်တီးထားသော သိုင်းတစ်ခုဖြစ်သည်။ မဟာတာအို၏အဆင့်လေးကို တစ်ခြားသူတွေ ဘယ်လောက်ပဲ ဖြည့်စွက်ပြီး ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ခန္ဓာကိုယ်အထိ ပေးလိုက်ပါစေ၊ ဘယ်သူကများ သူ့ထက် မဟာတာအိုကို နားလည်နိုင်မည်နည်း။ သူ့မှာသာ မဟာတာအိုကို ခုခံနိုင်သော နတ်အစွမ်းတစ်ခု ရှိနေသရွေ့ သူတို့အားလုံး ရှုံးနိမ့်ရမည်သာ။

“ အကုန်ပေါင်းတိုက််မယ်”

သူ၏တိုက်ချက် ကျရှုံးသွားတာမြင်သည်နှင့် ကျစ်ရှောင်ယင်က ချက်ချင်း အနောက်ဆုတ်သွားသည်။

“သူ့ကိုထိန်းထားပြီး အဝါရောင်စာရွက်တွေ အသုံးပြုခွင့်မပေးနဲ့။ ကျုပ်တို့နဲ့အနီးကပ်တိုက်ခိုက်နိုင်ဖို့ တွန်းအားပေးရမယ်”

တစ်ချိန်ထဲမှာ ကျန်ခြောက်ယောက်ကလည်း နားလည်စွာ အရှေ့တိုးလိုက်ကြသည်။

ထိုထဲမှာ နတ်ဘုန်းကြီး ရွှမ်ခဲ့ နှင့် ခြေဗလာတာအိုပညာရှင် ချန်းချင်ကျင်းက ဦးဆောင်ပြီး ဘယ်ညာ နှစ်ဖက်ညှပ်တိုက်ကြသည်။

ကျောက်စိမ်းနတ်သမီး ဟွာရှန်းရုံက အမိုးပေါ်က ခုန်ဆင်းလာပြီး၊ ကောင်းကင်ခေါင်းဆောင် ကွမ်ချန်ခွင်းကလည်း ကျစ်ရှောင်ယင်နေရာက အစားဝင်ကာ၊ လုယန်နှင့် ထိပ်တိုက်တွေ့သည်။ နတ်ဆိုးဓား တင်းဖေးယန် တစ်ဦးသာ မြွေတစ်ကောင်လိုမျိုး ဟာကွက်ပေါ်သည်နှင့် အသေတိုက်ရအောင် အမှောင်ထဲမှ စောင့်ဆိုင်းနေတာပင်။

ဝုန်း

လုယန်တစ်ယောက် စွမ်းအင်တွေကို လွတ်လပ်စွာအသုံးပြုရင်း တစ်ခါတစ်လေမှာ မန္တာန်စာရွက်ဖြင့်ခုခံသည်၊ တစ်ခါတစ်လေမှာ ချီစွမ်းအင်အသွင်ပြောင်းပြီး တိုက်ချက်ကို ရှောင်ရှားသည်။ ထိုသို့ဖြင့် ခုနှစ်ယောက်တစ်ယောက် တိုက်ပွဲအား ပေါ့ပါးစွာ ကျော်ဖြတ်နေ၏။

အဝေးမှစောင့်ကြည့်နေသော ယွင်ဘိုးဘေး ခေါင်းအသာယမ်းလိုက်တော့သည်။

“ အားနည်းလွန်းတယ်”

ကျင့်ကြံဆင့်အရ ကြည့်ရပါလျှင် ကောင်းကင်လူသားတစ်ယောက်ချင်းဆီက လုယန်၏ ပုံရိပ်ခွဲထက် သာလွန်သည်။ သို့ပေမဲ့ လက်တွေ့မှာ ထိုသို့မဟုတ်ခဲ့ပေ။ လုယန်၏ပုံရိပ်ခွဲက နတ်လက်နက်ခြောက်ခုနှင့် အလယ်အဆင့် ဇာတ်ကောင်တစ်ဦးဆိုလျှင် ကျန်ခုနှစ်ယောက်က သာမာန်တုတ်တစ်ချောင်း ကိုင်ထားသော အလယ်အဆင့်ဇာတ်ကောင်တွေသာ ဖြစ်သည်။ သူတို့ကြားက ကွာခြားချက်က မိုးနှင့်မြေပမာ ကြီးမား၏။ ဒါက မဟာတာအိုသိုင်း၏ အကြီးမားဆုံး ပြစ်ချက်ပင်။ နှစ်ပေါင်းရာချီကြာလျှင်တောင် မတိုးတက်နိုင်သော ကျင့်ကြံရေးသိုင်းက အမတအစွမ်းအတွက် ပြိုင်ဘက် ဖြစ်မလာနိုင်ပါချေ။

“... ကောင်းပြီ၊ ငါလှုပ်ရှားတာပေါ့”

ယွင်ဘိုးဘေး စတင်ပြီး ကံကြမ္မာကြိုးမျှင်တွေကို အာရုံခံလိုက်ကာ၊ လုယန်ဘက်က အလေးသာနေသော တိုက်ပွဲအ​ခြေအနေကို ကျန်ခုနှစ်ယောက်ဘက် လွှဲပြောင်းနိုင်ရန် ကြိုးစားလိုက်သည်။

ရလဒ်က ချက်ချင်းသိသာပါသည်။

ကောင်းကင်လူသားခုနှစ်ယောက်လုံး မောပန်းမှုတွေအားလုံး ပျောက်ကွယ်သွားပြီး.. သူတို့ခေါင်းထဲမှာ အလွန်ကောင်းသော တိုက်ပွဲအကြံတွေ ဝင်ရောက်လာသည်။ သူတို့၏ တန်ပြန်တိုက်ကွက်တွေက သိုင်းနတ်ဘုရားတစ်ပါးလို ကြမ်းတမ်းလာတော့၏။

သူတို့ကိုင်ထားသော နတ်လက်နက်တွေ၏ အစွမ်းကလည်း အများကြီးပိုသန်မာလာသည်။

တကယ်တော့ ထိုလက်နက်တွေအားလုံးက ယွင်ဘိုးဘေးသည် ကျစ်ရှောင်ယင်ကို အခွင့်အရေးတစ်ခုအဖြစ် ချီးမြှင့်ပေးခဲ့ပြီး ကောင်းကင်လူသားတစ်ယောက်ချင်းစီ အတွက် အသင့်တော်ဆုံး ဖြစ်လေသည်။

ထိုနတ်လက်နက်နှင့် အပြည့်အဝ ပေါင်းစပ်ပြီး တိုက်ခိုက်နိုင်ပါက၊ လုယန်၏ နတ်အစွမ်းကို ခုခံနိုင်စွမ်းရှိသွားမည်။

သို့သော် ယွင်ဘိုးဘေး၏ အတင်းအကျပ် ​မြင့်တင်ပေးမှုကြောင့် နတ်လက်နက်၏ အစွမ်းက အများကြီးပိုတိုးသွားတော့သည်။

ဝုန်း

နောက်တစ်ကြိမ် စုပေါင်းတိုက်ခိုက်မှုဆိုပေမဲ့ လုယန် တစ်စုံတစ်ခု မှားယွင်းနေတာကို ချက်ချင်း အာရုံခံမိလိုက်သည်။ ချီစွမ်းအင်အသွင်ပြောင်းနေရာမှ၊ လူပုံရိပ်အဖြစ် ပြန်စုဝေးလိုက်ချိန်တွင် သူ့ဝတ်ရုံ၏ အောက်နားစ တစ်ပိုင်း ပြတ်သွားတာကိုပါ မြင်လိုက်ရသည်။

“ သူတို့ရဲ့တိုက်ခိုက်မှုက အလုပ်ဖြစ်သွားတာလား”

လုယန် ရင်ထဲ တင်းကျပ်သွားတော့၏။ သူ၏ ပုံရိပ်ခွဲက ပြီးပြည့်စုံပြီးသားဖြစ်သည်.. အခုလို ဖြစ်သွားခြင်း၏ တစ်ခုတည်းသော အကြောင်းအရင်းက..

“ အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူ လှုပ်ရှားနေပြီ”

လုယန် အသည်းအသန် စဥ်းစားလိုက်သည်နှင့်၊ သူ့မှာ ကောင်းကင်ကံကြမ္မာ အာရုံခံနိုင်စွမ်း ပျောက်ဆုံးနေသည့်တိုင်အောင် နောက်ကွယ်က လက်သည်တရားခံကို ချက်ချင်း မှန်းဆနိုင်သွားသည်။

“ ကောင်းတယ်၊ ဒီလောက်ဆို ငါ့ဇာတ်က တော်တော်ရှည်နေပါပြီ”

သူ၏ ပုံရိပ်ခွဲက ကြီးမားသောပြဇာတ်တစ်ခုကို ကပြန်ရန်အတွက် ဖြစ်သည်.. ခဏတာ ဂရုမဲ့မှုကြောင့် အသတ်ခံရလျှင် ဟာသ အကြီးစားတစ်ခု ဖြစ်သွားမှာပေါ့။

“ဟူး..”

ကောင်းကင်လူသားခုနှစ်ယောက်လုံး သက်ပြင်းချသံတစ်ခုကိုသာ ရုတ်တရက် ကြားလိုက်ရပြီး.. နောက်တစ်စက္ကန့်မှာ ပတ်ဝန်းကျင်က လေတွေက နောက်ပြန် စုဝေးလာကာ၊ တဖြည်းဖြည်း လေပွေတစ်ခု အသွင် ပြောင်းသွားတာ မြင်လိုက်ရသည်။

နဂါးတစ်ကောင် အသက်ရှုနေသည့်နှယ်၊ လေသံတွေက ကောင်းကင်နှင့်မြေကြီးကြားမှာ ပဲ့တင်ထပ်လာသည်။

သိပ်မကြာခင်မှာ လေပွေက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အလယ်ကနေ လုယန်၏ ပုံရိပ် ပြန်ထွက်ပေါ်လာသည်။ သူ့ပုံစံက ကြောက်ရွံ့နေဟန်မရှိဘဲ ယုံကြည်ချက်ရှိသော အပြုံးတစ်ခုက နေရာယူထားသည်။

“ သွားစမ်း”

ချက်ချင်းဆိုသလို လုယန်၏ ခန္ဓာကိုယ်ကနေ ချီစွမ်းအင်တွေ အရှေ့ကိုပေါက်ထွက်လာသည်။ ထို့အတူ ခေါင်းအနောက်မှာ ကြေးမုံဝိုင်းတစ်ခု ထွက်ပေါ်လာကာ.. လေနှင့်မိုးကြိုးကို စုပ်ယူနေတော့၏။

ထိုက်ရှီကြေးမုံ..

လက်နက်ချင်းယှဥ်ပါရလျှင် လုယန်၏ စိတ်ဝိညာဥ်ရတနာက ထိုနတ်လ​က်နက် ခုနှစ်ခုကို အလွယ်လေးအနိုင်ယူနိုင်သည်။ ထိုသို့ဖြင့် အခြေအနေက လျှင်မြန်စွာ ပြောင်းလဲသွားပြန်သည်။

ဝုန်း

ထိုအချိန်မှာ ကြေးမုံက အလင်းတစ်ချက် ရောင်ပြန်ဟပ်လိုက်ပြီး လုယန်၏ ပတ်ပတ်လည်ကို မိုးကြိုးတွေ ပစ်ချလိုက်သည်။ ကောင်းကင်လူသား ခုနှစ်ယောက်လုံး ပြင်းထန်စွာ ဒဏ်ရာရပြီး အသီးသီး နောက်ဆုတ်လိုက်ရ၏။

သို့သော် သူတို့ပုံစံက ကြောက်ရွံ့မသွားဘဲ ထိုအစား ပိုလို့တောင် တက်ကြွလာလေကာ.. သူတို့ခေါင်းထဲ အတွေးတစ်ခုပဲ စိုးမိုးထားတော့သည်။

“ သတ်..သတ်..သတ်”

လူသတ်စိတ်တွေ အပြင်းအထန်နိုးထ နေကြသော ထိုခုနှစ်ယောက်က နတ်အသိစိတ် ပွင့်သွားသည့်နှယ်၊ အခက်အခဲတွေအားလုံးကို တည့်တိုးရင်ဆိုင်ဖို့ စိတ်ပိုင်းဖြတ်လိုက်ကြသည်။

ထိုထဲမှ ဝမ်ပယွမ် တစ်ယောက်သာ အနည်းငယ် တွန့်ဆုတ်ဟန် ပြခဲ့လေသည်။ သူ၏ မျက်လုံးထဲမှာ အကြောက်တရားတစ်ချို့ အရိပ်ထင်နေခဲ့ပေမဲ့ ထိန်းချုပ်မှုမှ ရုန်းမထွက်နိုင်သည့်နှယ်၊ ကျန်ခုနှစ်ယောက်ဖြင့် လိုက်ပါတိုက်ခိုက် နေခဲ့ရသည်။

‘စိတ်မပူနဲ့မိတ်ဆွေဝမ်၊ နောက်ဘဝကျရင် ငါမင်းကိုလမ်းပြပေးမယ်’

လုယန် စိတ်ထဲမှတွေးကာ သက်ပြင်းချလိုက်ပေမဲ့ သူ၏ အပြင်ပိုင်း လုပ်ဆောင်မှုကတော့ ပြတ်သားသည်။ ထိုက်ရှီကြေးမုံဖြင့် သူ၏ ပတ်ပတ်လည်ကို နောက်ထပ်မိုးကြိုးတွေ ပစ်ချစေလိုက်သည်။ ထိုအချိန်မှာ သူ့ခန္ဓာကိုယ်ကလည်း မျက်စိကျိန်းလောက်အောင် အလင်းတွေ ဖြာထွက်လာ၏။

ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်လာတော့သည်။

သူ၏ပြင်းထန်သော ချီစွမ်းအင်က နဂါးတစ်ကောင်လို အရှိန်အဟုန်ဖြင့် ကောင်းကင်ကို ထိုးဖောက်သွားသည်။ ပြိုကျခါနီး ကောင်းကင်ဘုံကြီးကို ထောက်ပံ့နေရသော ခိုင်မာသည့် ထောက်တိုင်တစ်ခုလိုမျိုး သူ၏ချီစွမ်းအင်တွေက မုန်တိုင်းထန်နေသော ရာသီဥတုကို ငြိမ်သက်စေလိုက်ကာ၊ မည်းမှောင်နေသော ကောင်းကင်ကျယ်အတွင်းကို ရှင်းလင်းတောက်ပသည့် လမင်းကို ပြန်ဆွဲခေါ်လိုက်၏။

ထိုသို့ဖြင့် လရောင်က နေရာတစ်ခုလုံးကို တောက်ပစွာ လွှမ်းခြုံလိုက်သည်။

ကောင်းကင်နှင့်မြေကြီးကြားမှာ လုယန်၏ ကျယ်လောင်သော ကြိမ်းဝါးသံက အဘက်ဘက်ကို ပဲ့တင်ထပ်သွား၏။

“ ဒီအမတရဲ့တာအိုလမ်းစဥ်က နောက်ဆုံးတော့ အောင်မြင်မှုကြီးဆီကို ရောက်ပြီကွ”

ချပ်..ဒုန်း

နောက်တစ်က္ကန့်မှာ ကောင်းကင်က အကြမ်းပတမ်း တုန်လှုပ်လာသည်။ ထို့နောက် ထျန်းကျင်းမြို့တော်အပေါ်က လေဟာနယ်မှာ အက်ကွဲကြောင်းတစ်ခု ပေါ်လာကာ.. လုယန်၏ ပုံရိပ်သည်လည်း ဝင်ရောက်ပျောက်ကွယ်သွားသည်။

ဟင်းလင်းပြင်ချိုးဖြတ်ခြင်းနယ်ပယ်။

တစ်ချိန်ထဲမှာ ကောင်းကင်လူသား ခုနှစ်ယောက်လုံး၏ မျက်လုံးများက စိတ်ကူးယဥ်လို့ပင် မရနိုင်လောက်သော ဒဏ္ဍာရီလာ သိုင်းနတ်ဘုရားတစ်ပါးကို တွေ့လိုက်ရသည့်နှယ်၊ အကြောက်တရားများ ကြီးစိုးသွားခဲ့သည်။

ဤအရာက ကောင်းကင်လူသားနယ်ပယ်၏ အထက်က ကျင့်ကြံမှုအဆင့်တစ်ခုပေလား..

လေဟာနယ်ကို ဖောက်ထွင်းပြီး တစ်ခြားအကွယ်ကမ္ဘာတစ်ခုကို တက်လှမ်းသွားသည်.. ဤသည်မှာ စာအုပ်တွေထဲက ဒဏ္ဍာရီလာ ဖော်ပြချက်တစ်ခု မဟုတ်ပေဘူးလား.. ထိုအကွယ်ကမ္ဘာမှာ ဘယ်လိုဆန်းကြယ်သော အရာတွေ တည်ရှိနေမှာများလဲ။

“ ကျုပ်သိပြီ”

ကျစ်ရှောင်ယင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ကောင်းကင်လူသားတွေကြားထဲမှာ သူက ယွင်ဘိုးဘေး၏ အလေးပေးခံရဆုံး နယ်ရုပ်တစ်ခုဖြစ်သည်။ ထို့ကြောင့်ပဲ သက်တမ်းတစ်ဝက်စာလောက် ချီစွမ်းအင်တွေကို စုဝေးပြီး တစ်ခါထဲ ချီးမြှင့်ခံရကာ၊ ခုနှစ်ယောက်အတွင်း အသန်မာဆုံးဖြစ်အောင် ဖန်တီးပေးခဲ့သည်ပင်။

သို့သော် ထိုအကြောင်းအရင်းကြောင့်ပဲ သူ၏နားလည်နိုင်စွမ်းက လူတိုင်း၏ ထိပ်ဆုံးမှာရှိသည်.. လုယန်အသုံးပြုခဲ့သော နည်းလမ်းကို သူ တိုက်ရိုက်သိမြင်ခွင့် ရခဲ့လေသည်။ လုယန်က ရိုးရှင်းစွာ အပေါ်ယံမျက်နှာပြင်ကို ဖျက်ဆီးလိုက်ပြီး ဟင်းလင်းပြင်အတွင်းမှ အကွယ်ကမ္ဘာနှင့် ဆက်စပ်အမှတ်ကို ရှာဖွေသည်။ ထိုမှတစ်ဆင့် ဆက်စပ်အမှတ်ကိုအသုံးပြုပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲကာ၊ အပေါက်မပိတ်မှီ အမြန်ဆုံး ခုန်ဝင်လိုက်ခြင်းသာ ဖြစ်သည်။

“ ဟားဟား.. ငါလဲလုပ်နိုင်တယ်”

နောက်တစ်စက္ကန့်မှာ ကျစ်ရှောင်ယင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကောင်းကင်သားတော်အမည်ရ နတ်ဓားကို ကောင်းကင်တည့်တည့် ချိန်ရွယ်လိုက်သည်။ ထို့နောက် အစွမ်းကုန်သုံးကာ၊ လေဟာနယ်ကို ထိုးခွင်းပြီး ဝင်ပေါက်ဖန်တီးလိုက်၏။

ကျစ်ရှောင်ယင် တစ်စက်လေးတောင် မတွန့်ဆုတ်ဘဲ အထဲကိုယုံကြည်ချက်ရှိရှိ ခုန်ဝင်သွားလိုက်သည်။

ဝင်ပေါက်ကြီးက ကျယ်လောင်သောအသံဖြင့် ပိတ်သွားသည်အထိ ကျန်ခြောက်ယောက်ခဗျာ.. လုယန်နှင့် ကျစ်ရှောင်ယင် ပျောက်ကွယ်သွားသော ကောင်းကင်ကြီးကို ဗလာမျက်လုံးများဖြင့် ကြည့်နေမိကြသည်။

“.. သူတို့.. သူတို့တွေ အဆင့်တက်သွားတာလား”

“ ဒီလိုကိစ္စရှိသေးတာလား”

“ ဒါ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းနယ်ပယ်ပဲ.. ဒါဆိုကောင်းကင်လူသားနယ်ပယ်ရဲ့ အထက်မှာ နောက်ထပ်နယ်ပယ် တစ်ခု တကယ်ပဲ ရှိနေတာပေါ့။ ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး အပေါ်တက်နိုင်တာနဲ့ ဒီလူသားကမ္ဘာကနေ ထာဝရ လွတ်မြောက်နိုင်ပြီ”

တစ်ချိန်ထဲမှာ လျှို့ဝှက်နယ်မြေအပြင်ဘက်၌..

ကျစ်ရှောင်ယင် အပြင်ရောက်လာသည်နှင့် ခန်းမတစ်ခုအတွင်း ရောက်နေတာ သတိထားမိလိုက်ပြီး.. လှည့်ပတ်ကြည့်လိုက်ချိန်မှာ သူ့ကို ထူးဆန်းစွာ ကြည့်နေသော လုယန်ကို မြင်လိုက်ရသည်။

“ မင်းက ကံကောင်းတာလား၊ ကံဆိုးတာလား ကျုပ်မပြောတတ်တော့ဘူး”

“ ဒါက…”

ကျစ်ရှောင်ယင် လှည့်ပတ်ကြည့်နေပေမဲ့ ခန်းမအတွင်းမှာ ကျောက်တုံးကြီးတစ်ခုသာ ရှိသည်။ သို့သော် ထိုကျောက်တုံးကို အနီးကပ်ကြည့်မိပြီးနောက် သူ ကြက်သီးဖြန်းဖြန်း ထသွားတော့၏။

အထဲမှာ အံ့သြနေသော ရုပ်များနှင့် ကောင်းကင်လူသားခြောက်ယောက် ရှိနေသည်.. ထို့အပြင် များစွာသော အဆောက်အဦးများ၊ နယ်မြေများ…

သူချက်ချင်း မှတ်မိလိုက်သည်။ ဤအရာက ကျောက်တိုင်းပြည်ပဲ။

“ ဒါက ကျောက်တိုင်းပြည်လား၊ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကျစ်ရှောင်ယင်က ယွင်ဘိုးဘေး၏ အလေးပေးခံရသူ ဖြစ်သည့်အလျောက် ဉာဏ်ရည်မနိမ့်ပါချေ။ သူ ချက်ချင်းပဲ လုယန်ကို အံ့သြစွာ လှည့်ကြည့်လိုက်သည်။

“ အလိမ်တွေ.. ဒါတွေအားလုံးက အလိမ်တွေပဲ”

“ ဘာကို ဟင်းလင်းပြင်ချိုးဖြတ်ခြင်းနယ်ပယ်လဲ။ အကုန်အတုအယောင်တွေ”

နောက်တစ်စက္ကန့်မှာ သူ ချက်ချင်း ကျောက်တုံးကြီးဘက် လှည့်လိုက်ပြီး အထဲက ကောင်းကင်လူသားတွေကို သတိပေးဖို့ ပြင်လိုက်တော့သည်။

“ ဟင်းလင်းပြင်ကို မဖောက်ထွက်ကြနဲ့”

ဝုန်း

သို့သော် သူ၏စကားသံမဆုံးခင်မှာပဲ ကောင်းကင်ထက်မှ တောက်ပသော အလင်းတစ်ခု ရုတ်တရက် ကျရောက်လာကာ၊ သူ့ကိုပိတ်သိမ်းပစ်လိုက်တော့သည်။ ချက်ချင်းဆိုသလို လျိုဝူယန်းကလည်း ခန်းမအတွင်း ဝင်ရောက်လာခဲ့သည်။

“ သန့်စင်ဖို့ပစ္စည်းကောင်းလေးပဲ”

လျိုဝူယန်း၏ မျက်နှာက ရွှင်မြူးနေလေကာ

“ ဒါကိုမင်း လျှို့ဝှက်နယ်မြေထဲမှာ ဖန်တီးခဲ့တာလား။ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်အထိ ရောက်အောင်.. ဘယ်လိုတောင် လုပ်လိုက်တာလဲ”

လုယန် လက်နှစ်ဖက်ယှက်အရိုအသေပေးပြီး ပြုံးပြလိုက်သည်။

“ ဂိုဏ်းတူအကိုကြိုက်ရင် ကျွန်တော်ပေးမယ်လေ”

“ ကောင်းပြီ၊ ဒါဆိုကျေးဇူးပါ ညီလေးလု”.

လျိုဝူယန်း ချက်ချင်း လှုပ်ရှားလိုက်သည်။ တစ်ချိန်ထဲမှာ ကျစ်ရှောင်ယင် တစ်ကိုယ်လုံး အေးစက်သွားတာကို ခံစားလိုက်ရပြီး.. သူ့ခန္ဓာကိုယ်က ဘယ်လိုမှ မရုန်းကန်နိုင်တော့ပေ။

သေခါနီးအခြေအနေမှာ သူအများကြီး တွေးခဲ့သည်။

သို့ပေမဲ့ သူ၏အဆက်ဆက်ကြိုးစားမှုတွေ၏ နောက်ဆုံးအဖြေကို နားလည်လိုက်ပြီးနောက် လုယန်ကို ဒေါသတကြီး ကြိမ်းဝါးရုံသာ တတ်နိုင်လေတော့သည်။

“ မကောင်းဆိုးဝါး.. မင်း မကောင်းဆိုးဝါးကောင်”

All Chapters