အခန်း (၁၁၁-၁၁၂)
Vol. 8 Ch. 111-112
အပိုင်း (၁၁၁) အစ်ကိုပြောင်၏ တန်ပြန်တိုက်ခိုက်မှု။
ဟွမ်စန်းရုန်က အေးစက်စက် ရယ်မောလိုက်၏။ “သူ ဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ဒီအခြေအနေ ရောက်နေပြီကို မင်းတို့ အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ ထင်နေတာလား။”
ထိုသို့ပြောပြီးသည်နှင့် လီယွမ်ကျောက်ကို ခြေထောက်ဖြင့် တစ်ချက် နင်းလိုက်ပြီး ခါးနောက်မှ ဓားမြောင် တစ်လက်ကို ဆွဲထုတ်ကာ ရင်ဘတ်ကို တေ့ထားလိုက်သည်။
ဖန်ကျန်းရီလည်း ယခုအချိန်တွင် လန့်သွားပြီဖြစ်သည်။ ကျန်းပြောင် သူ့ကို အချက်မပြသေးခြင်းမှာ အကွာအဝေး မမီသေးခြင်းကြောင့်သာ ဖြစ်ပေမည်။ အချိန်ဆွဲ၍ ရှေ့သို့ အနည်းငယ် ထပ်တိုးနိုင်ရန် ဆက်လက် ကြိုးစားရပေတော့မည်။
ခွေးကောင် ဟွမ်စန်းရုန် ဓားထုတ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်မည်နည်း။ ဖန်ကျန်းရီက အလျင်အမြန် အော်လိုက်၏။ “ဒီလူက ချေးဂိုဏ်းနဲ့ ပတ်သက်မှု ရှိတယ်။”
ဟွမ်စန်းရုန်က နားမလည်စွာဖြင့် ဖန်ကျန်းရီကို ကြည့်သည်။ ပြီးနောက် ပြုံးစိစိဖြင့် ပြောလိုက်သည်။ “ဪ … ဆက်ပြောလေ။”
ယခုအချိန်တွင် အခြေအနေ အားလုံးကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သဖြင့် ပြောသမျှကို နားထောင်ကြည့်ရန် ဆုံးဖြတ်လိုက်ဟန် တူ၏။
ဖန်ကျန်းရီက ခေါင်းငုံ့ကာ ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။ “အရင်တုန်းက ငါတို့နှစ်ယောက် ရန်ဖြစ်ကြတော့ ဂိုဏ်းဝင်တွေ အများကြီး သေခဲ့တယ်။ သူက ချေးဂိုဏ်းဝင် လီဝူချီရဲ့ သားပဲ။ အခုထိ နာမည် အတိအကျ မရှိသေးလို့ သခင်လေးလီလို့ပဲ ခေါ်နေတာ။ မင်းတို့ ချေးဂိုဏ်းက မတရားဘူး။ ငါတို့ သူတောင်းစားဂိုဏ်းက ဒါကိုကြည့်မနေနိုင်ဘူး။”
ငါ သူ့ကို ခြောက်နှစ် ခုနစ်နှစ်လောက် ကျွေးမွေးစောင့်ရှောက်လာတာဆိုတော့ သူ သေတာကို မကြည့်ရက်ဘူး။ ဒါပေမဲ့ ပြောရရင် သူကလည်း ချေးဂိုဏ်းက လူတစ်ဝက်ပဲ။ ဒီည ငါ သူ့ကို ချေးသယ်တာ သင်ခိုင်းမလို့။ ငါ ပြောစရာ ရှိတာ ကုန်ပြီ။ မင်း သတ်ချင်ရင် သတ်လိုက်တော့။”
လီယန်စုန်တို့ သုံးယောက်မှာမူ စိတ်ပူသွားသလို ဒေါသထွက်သွားကြသည်။ မင်း ဖန်ကျန်းရီရဲ့ ဗိုက်ထဲမှာ သတ္တိတွေ များလှချည်းလား... ဒီလိုမျိုး လိမ်ညာပြောရဲတယ်ပေါ့။
သို့သော်လည်း အခြေအနေအရ သူတို့သုံးယောက်လုံး စကားတစ်ခွန်းမှ မဟရဲကြချေ။
လီဝူချီဆိုသော နာမည်မှာ ဖန်ကျန်းရီက ပါးစပ်အရသာခံ၍ လျှောက်ပြောလိုက်ခြင်းသာ ဖြစ်သည်။ ဝူချီ၊ ချုံးပါ၊ လျိုကျို စသည့် နာမည်မျိုးများက နေရာတိုင်းတွင် အများအပြား ရှိနေတတ်သည်။ ချေးဂိုဏ်းဝင် အင်အား များပြားလှသဖြင့် ဟွမ်စန်းရုန် အနေဖြင့် သေချာပေါက် မှတ်မိနိုင်မည် မဟုတ်ဟု သူ ယုံကြည်ထား၏။
ထို့အပြင် ဘေးတွင် ဂိုဏ်းဝင်များစွာ ရှိနေပါလျက်နှင့် ဟွမ်စန်းရုန်က လူအများရှေ့၌ ဂိုဏ်းသားတစ်ယောက်၏ မျိုးဆက်ကို သတ်ရဲလိမ့်မည်ဟု သူ မထင်ပေ။
ထင်မှတ်ထားသည့်အတိုင်းပင် ဟွမ်စန်းရုန်က ထိုစကားကို ကြားပြီးနောက် တွေဝေသွားသော အမူအရာများ ပေါ်ထွက်လာသည်။
ဘေးမှဂိုဏ်းဝင်များက အနားသို့ ကပ်လာကာ တိုးတိုးလေး ပြောလိုက်ကြသည်။ “ဆရာကြီး... ကျုပ်တို့ သူ့ကို ဖမ်းလာတုန်းက ဒီကောင်လေးက ချေး ဘယ်လိုသယ်ရမလဲဆိုတာ သင်နေတာ သေချာပါတယ်။”
“.......”
ချေးသယ်သည်ကို သောက်ကျိုးနည်း သင်ယူစရာ ဘာများ ရှိသနည်း။
လီဝူချီလား။ ယခင်က ဂိုဏ်းထဲတွင် ကျန်းစစ်လျို၊ လီချီပါ စသည့် နာမည်မျိုးများ အများအပြား ရှိခဲ့ဖူးသည်။ တကယ်တမ်း သေချာ မမှတ်မိတော့သော်လည်း ဖန်ကျန်းရီသည် နေရာအနှံ့၌ ကလေးများ လိုက်ကောက်တတ်သသော အကျင့်ရှိကြောင်း သူ သိထား၏။
ဟွမ်စန်းရုန် ခေါင်းမော့ကြည့်လိုက်ရာ ဂိုဏ်းဝင်များ ဖန်ကျန်းရီကို ကြည့်နေသည့် အကြည့်များကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသည်။
ခွေးကောင်... ဤနေရာတွင် လာပြီး လှည့်ကွက် သုံးနေသည်လား။ ထားလိုက်ပါတော့၊ အရင် ခေါ်သွားပြီး နောင်မှ အခွင့်အရေးရှာ၍ ဤကောင်လေးကို သတ်ပစ်ရန် ဆုံးဖြတ်လိုက်၏။
ထို့ကြောင့် ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆို ငါ သူ့ကို အသက်ရှင်ခွင့် ပေးလိုက်မယ်။”
“လူတွေ လာကြ …. ဖန်ကျန်းရီရဲ့ တတိယ ဦးလေးကို မျက်နှာ အရင် သစ်ပေးလိုက်။”
ကျန်းတုန်ရှန်းက နာကြည်းဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်၏။ “မင်းတို့ ဘာလုပ်ကြမလို့လဲ။ မင်းတို့ ဘာလုပ်ကြမလို့လဲ။ ငါက သူ့ရဲ့ တတိယ ဦးလေး မဟုတ်ဘူး။”
ဂိုဏ်းဝင် နှစ်ယောက်က ချက်ချင်း ရှေ့တိုးလာပြီး ကျန်းတုန်ရှန်းကို ဖမ်းချုပ်ကာ ချေးပုံးရှေ့သို့ ခေါ်သွားပြီး ဒူးခေါက်ကွေးကို အားကုန် ကန်ချလိုက်သည်။
ကျန်းတုန်ရှန်းက ယိုင်သွားသော်လည်း ဒူးမထောက်သွားချေ။ မျက်နှာပေါ်တွင် နာကျင်သော အမူအရာများ ပေါ်လာသော်လည်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ပညာတတ်က အသတ်သာ ခံမယ်။ အစော်ကား မခံဘူး။ မင်းတို့ ငါ့ကို သတ်လိုက်။”
“ဪ ….. မျက်နှာ မသစ်ချင်ဘူးပေါ့။ သူ့ကို ရေချိုးပေးလိုက်။”
အမတ်ကြီး သုံးယောက်၏ မျက်လုံးများမှာ ချက်ချင်း အရောင်မဲ့သွားကြသည်။
အိမ်ရှေ့စံမင်းသားကိုလည်း မကယ်တင်နိုင်ခဲ့ချေ။ ယခု သူတို့သုံးယောက်၏ ဂုဏ်သိက္ခာရော ၊ အသက်ပါ အကုန် စတေးရတော့မည်။ နှောင်းပိုင်း ဂုဏ်သိက္ခာများ အကုန် ပျက်စီးသွားခဲ့၏။
ဖန်ကျန်းရီ၏ စိတ်ထဲတွင် အလွန်တရာ စိုးရိမ်လာမိသည်။
သောက်ကျိုးနည်း။ ဟွမ်စန်းရုန်က သူတို့ဘက်ကို အမြဲတမ်း စောင့်ကြည့်နေသည်။ ကျန်းပြောင်သည်လည်း လှုပ်ရှား၍ မရနိုင်သေးချေ။ အကွာအဝေးက မမီသေး၍ဖြစ်၏။
အချိန်ဆွဲ၍လည်း မရနိုင်တော့ပေ။ ကျန်းတုန်ရှန်း ချေးရေချိုးရတော့မည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီလည်း မတတ်နိုင်တော့ဘဲ အစွမ်းကုန် ကြိုးစားရတော့သည်။
သူက အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ “ဘုရင်မင်းမြတ်ရဲ့ အမိန့်တော် ရောက်ပြီ။”
ထိုသို့ ပြောပြီးသည်နှင့် ခါးကြားမှ ကြိုတင် ပြင်ဆင်ထားသော အမိန့်တော်ကို ဆွဲထုတ်လိုက်သည်။
လူတိုင်း၏အကြည့်များက ထိုဘက်သို့ ချက်ချင်း ရောက်သွားကြပြီး လီယန်စုန်တို့ကမူ ဘာကိုမှမစဉ်းစားတော့ဘဲ တိုက်ရိုက် ဒူးထောက်ချလိုက်ကြ၏။
လူတိုင်း ကြောင်အသွားသည့် အချိန်လေးတွင်ပင် ကျန်းပြောင် လှုပ်ရှားလိုက်သည်။
ခြေထောက်နှစ်ဖက်ဖြင့် မြေကြီးကို အားကုန် ဆောင့်နင်းပြီး ကျားသစ် တစ်ကောင်အလား ခုန်ထွက် သွားသည်။ လက်တစ်ဖက်ဖြင့် ခါးကြားမှ ကြာပွတ်ကို ဆွဲထုတ်ပြီး ဟွမ်စန်းရုန်ဆီသို့ ရိုက်ချလိုက်၏။
နောက်လက်တစ်ဖက်ဖြင့် ဓားမြောင် တစ်လက်ကို ထုတ်ယူကာ လက်ကောက်ဝတ်ကို ခါလိုက်သည်။ ထိုကြာပွတ်က ဟွမ်စန်းရုန်၏ ဘယ်ဘက်ပခုံးကို တည့်မတ်စွာ ဝင်ရောက်သွားသည်။
နှမြောစရာကောင်းသည်မှာ အကွာအဝေး မလောက်ငှခြင်းပင်။ ကြာပွတ်အဖျားက ဟွမ်စန်းရုန်၏ လည်ပင်းကို သီသီလေးသာ ရှပ်ထိသွား၏။
ဟွမ်စန်းရုန် နာကျင်စွာ အော်ဟစ်လိုက်ပြီး ဘေးနှစ်ဖက်ရှိ ဂိုဏ်းဝင်များလည်း သတိဝင်လာကာ လက်နက်များကို ကိုင်လျက် ရှေ့တိုးလာကြတော့သည်။
ကျန်းပြောင်က ကြာပွတ်ကို ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်ပြီး လက်နှစ်ဖက်ကို အားကုန် ဆန့်ထုတ်လိုက်ရာ ဘယ်ညာ လက်ထဲရှိ ငွေထုပ် နှစ်ထုပ်က ပြုတ်ကျသွားပြီး မရေမတွက်နိုင်သော ငွေစအသေးလေးများက ကောင်းကင်ယံမှ ပန်းပွင့်လေးများအလား ကျဆင်းလာသည်။ ထိုငွေစလေးများက ဘေးဘယ်ညာမှ လူများကို မှောက်ချ ပစ်လိုက်၏။
ကျန်းပြောင်က ကြာပွတ် ကျဆင်းလာသည်ကို အလွယ်တကူ ဖမ်းယူလိုက်ပြီး နောက်ထပ် ရှေ့သို့ ခုန်ဝင်ကာ ဟွမ်စန်းရုန်ဆီသို့ ရိုက်ချလိုက်ပြန်သည်။
ဟွမ်စန်းရုန်က နာကျင်မှုကို အောင့်ခံပြီး လီယွမ်ကျောက်ကို ဓားစာခံ လုပ်ရန် ခုန်ဝင်သွား၏။
သို့ပေမည့် ကြာပွတ်က လေထဲတွင် သူ၏လည်ပင်းကို မြဲမြံစွာ ရစ်ပတ်သွားလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။
သို့နှင့် ဟွမ်စန်းရုန်မှာ လည်ပင်း၌ အလွန်နာကျင်သွားပြီး ကမ္ဘာကြီး တစ်ပတ် လည်သွားသကဲ့သို့ ခံစားလိုက်ရသည်။ နောက်တစ်စက္ကန့်တွင်တော့ ကျန်းပြောင်၏ ခြေထောက်ရှေ့၌ မှောက်လျက်သား ဖြစ်သွားရသည်။
“အားလုံး မလှုပ်နဲ့။ မဟုတ်ရင် ငါ သူ့ကို သတ်ပစ်မယ်။”
ဖန်ကျန်းရီက ထိုအခြေအနေကို မြင်သည်နှင့် ချက်ချင်း အော်ဟစ်လိုက်၏။ ပတ်ဝန်းကျင်ရှိ ဂိုဏ်းဝင်များက ဂိုဏ်းချုပ် ဖမ်းဆီးခံရသည်ကို မြင်ချိန်မှာတော့ လန့်ဖြန့်ပြီး ရှေ့သို့ မတိုးရဲကြတော့ဘဲ လက်နက်များကို ကိုင်ကာ ဟိုဒီ ချိန်ရွယ်နေကြ၏။
ကောင်းလေစွ။ အစ်ကိုပြောင် ပီသပေသည်။ သာမန်လူများ မစွမ်းဆောင်နိုင်သော အရာကို အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့သည်။
ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့လိုက်ရသော လီယွမ်ကျောက်မှာ မြေကြီးပေါ်တွင် ပိုးတုံးလုံး တစ်ကောင်အလား ရူးသွပ်စွာ လှုပ်ရှားနေပြီး မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုများ အပြည့် ရှိနေ၏။
“ဦးလေးကြီး၊ ဒုတိယ ဦးလေး၊ တတိယ ဦးလေး မြန်မြန်လာကြ။”
လီယန်စုန်တို့ သုံးယောက်က ထိုစကားကို ကြားပြီးနောက် အလျင်အမြန် ပြေးလာကြပြီး အလျင်အမြန် ကြိုးဖြည် ပေးကြသည်။
မတ်တတ်ရပ်ပြီးနောက် လီယွမ်ကျောက်က စိတ်အားထက်သန်စွာ ပြောလိုက်၏။ “ဖန်ကြီး … သူတို့နဲ့ တိုက်ကြရအောင်။”
“ဘာတိုက်မှာလဲ။ အကြီးအကဲ သုံးယောက် ရှိနေတာကို မမြင်ဘူးလား။ အကုန်လုံးက အရိုးအိုကြီးတွေပဲ။ တစ်ချက်လေး မတော်တဆ ဖြစ်တာနဲ့ မနက်ဖြန် သူတို့အတွက် အမွှေးတိုင် ထွန်းပေးရလိမ့်မယ်။”
လီယန်စုန်တို့သုံးယောက်၏ မျက်နှာများမှာ ချက်ချင်း မည်းမှောင်သွားကြတော့၏။ ဤကောင်လေး လူစကား ပြောတတ်ရဲ့လား။
“အစ်ကိုပြောင် … ခင်ဗျား ဘာလို့ ဓားမြောင်နဲ့ သူ့ကို သတ်မပစ်လိုက်တာလဲ။ ကြာပွတ်နဲ့ဆို အလုပ်ရှုပ်တယ် မဟုတ်လား။”
ကျန်းပြောင်က ယခုအချိန်တွင် ခေါင်းငုံ့ကာ ဟွမ်စန်းရုန်ကို ကြာပွတ်ဖြင့် တုပ်နှောင်နေပြီး အသံအက်အက်ဖြင့် ပြန်ဖြေလိုက်၏။ “ဒီနေရာက အရမ်း ကျဉ်းတယ်။ အဲဒီအဘိုးကြီးတွေကို မထိအောင် ဂရုစိုက်ရသေးတယ်။ ပြီးတော့ သခင်လေးက အရှင်ဖမ်းခိုင်းထားလို့ပါ။”
ဤသို့ကိုး။ ဖန်ကျန်းရီက သူတို့အတွက် ထည့်တွက်ပေးထားသည်။ လီယန်စုန်တို့က ရုတ်တရက် အနည်းငယ် ဝမ်းသာသွားကြသည်။
ဖန်ကျန်းရီက ကျန်းတုန်ရှန်း ခြေထောက်ပွတ်နေသည်ကို မြင်တော့ ရင်းနှီးစွာ ကပ်သွားပြီး ပြုံးဖြီးဖြီးဖြင့် မေးလိုက်၏။ “တတိယ ဦးလေး။ ဘာဖြစ်သွားသေးလဲ။”
“ဘယ်သူက မင်းရဲ့ တတိယ ဦးလေးလဲ။ ဒီမှာ လာပြီး ဆွေမျိုး မစပ်နဲ့။”
“ဦးလေးကြီး ကြည့်ပါအုံး။ ကျုပ် အခုလေးတင် ခင်ဗျားတို့ကို အသက်ကယ်ပေးခဲ့တာလေ။ ကျုပ်ကို ဒီလို ဆက်ဆံတာပဲ။ အိမ်ပြန်ရောက်ရင် တိုင်မယ်နော်။”
လီယန်စုန် “…....”
ကျိန့်ချောင် “…...”
အမတ်ကြီး သုံးယောက်လုံး စကားမပြောနိုင်တော့ချေ။ ဤမျှ မျက်နှာပြောင်တိုက်ခြင်းမျိုး... လောကတွင် တကယ် ရှားပါးလှသည်။
ဟွမ်စန်းရုန်မှာ သေချာ ကြိုးတုပ်ခံရပြီးနောက် မြေကြီးပေါ်တွင် ဒူးထောက်လျက် အဆက်မပြတ် အော်ဟစ် ညည်းညူနေ၏။ ပတ်ဝန်းကျင်ရှိ ဂိုဏ်းဝင်များက လက်နက်များကို ကိုင်ကာ တွေဝေနေကြပြီး ဉာဏ်ကောင်းသူ အချို့က မြေကြီးပေါ်ရှိ ငွေများကို တိတ်တဆိတ် ကောက်ယူနေကြပြီ ဖြစ်၏။
ဖန်ကျန်းရီက သူ့ကို ကြည့်ရင်း မျက်နှာထားမှာ တဖြည်းဖြည်း တည်တင်းလာသည်။
အရှက်မရှိသော ကောင်က သူ့ကို အနောက်မှနေ၍ လုပ်ကြံရဲသည်ပေါ့။
လွန်ခဲ့သော ခုနစ်နှစ်ကတည်းကပင် ထိုသူသည် သူ၏ပြိုင်ဘက် မဟုတ်ခဲ့ချေ။ ယခု သူက ရုံးတော်တွင် အရာရှိ ဖြစ်နေပြီ ဖြစ်သည်။ လာရောက် ယှဉ်ပြိုင်ရဲသေးသည်လား။
သို့နှင့် ဆောင့်ကြောင့်ထိုင်ကာ ဟွမ်စန်းရုန်၏ ဆံပင်ကို ဆွဲမော့ပြီး ကြောက်မက်ဖွယ်ရာကောင်းအောင် ပြုံးပြလိုက်သည်။ “အသုံးမကျတဲ့ကောင် …. လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပြန်ပေးဆွဲတဲ့အလုပ်ကို လုပ်တယ်။ အခုလည်း ပြန်ပေးဆွဲတဲ့ အလုပ်ကို လုပ်တုန်းပဲ။ ဦးနှောက် မရှိဘူးလား။”
“ငါ ဖန်ကျန်းရီနဲ့ ယှဉ်ဖို့ မင်းမှာ အရည်အချင်း ရှိလို့လား။”
အပိုင်း (၁၁၂) မိန်းမ ဆယ်ယောက်ကို မထပ်အောင် ဖက်အိပ်တယ်။
ဟွမ်စန်းရုန်က အရှုံးမပေးဘဲ ရယ်မောလိုက်၏။ “ကောင်းပြီ... ဖန်ကျန်းရီ။ မင်း စောင့်ကြည့်နေလိုက်။ ငါ့ရဲ့ အမွှေးတစ်ပင်ကိုတောင် မင်း ထိရဲလို့လား။ ငါက...”
စကား မဆုံးသေးမီ ဖန်ကျန်းရီက သူ၏ပါးကို ဖြန်းခနဲ ရိုက်လိုက်ရာ ချက်ချင်း ပါးစပ်ပိတ်သွား၏။ ထို့နောက် လီယန်စုန်တို့ သုံးယောက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ဟွမ်စန်းရုန်၏ လေသံကို နားထောင်ကြည့်ရသည်မှာ နောက်ခံ ရှိနေသည့် ပုံစံပင်။
မိမိအား မကြောက်မလန့် သတ်ဖြတ်ရဲသူ ဖြစ်နေသဖြင့် ရာထူး အဆင့်အတန်း နိမ့်ကျမည် မဟုတ်ချေ။ ရုံးတော်တွင် ဆက်ဆံရေးများမှာ ရှုပ်ထွေးလှသည်။ ဤသုံးယောက်သည်ပင် ရန်သူလား၊ မိတ်ဆွေလား ဆိုသည်ကို သေချာ မသိရသေးပေ။
ဟွမ်စန်းရုန်ကို ပြန်ခေါ်သွားပြီး ဖြည်းဖြည်းချင်း စစ်မေးမှရမည်။
ဟွမ်စန်းရုန်က သွေးတံတွေး တစ်ချက် ထွေးထုတ်လိုက်ပြီး မျက်နှာတစ်ခုလုံး ကြောက်မက်ဖွယ်ရာကောင်းအောင် ပြုံးလိုက်၏။ “ကောင်းတယ်။ ကောင်းတယ်။ ဒီနေ့ အရှက်ကွဲရတာကို မှတ်ထားမယ်။ ငါ သေချာပေါက် အဆပေါင်းများစွာ ပြန်ဆပ်မယ်။”
လီယန်စုန်တို့ သုံးယောက်က ဘေးမှ အေးစက်စက် ပြုံးနေကြသည်။ ပြန်ဆပ်မည် ဟုတ်လား။ မနက်ဖြန် မင်း အသက်ရှင်နိုင်ပါ့မလားပင် မသေချာပင်။ အမှန် သေချင်နေသော ကောင်ပင် ဖြစ်သည်။
“ဖန်ကျန်းရီ …. မင်းဘေးမှာ ကောင်မလေး တစ်ယောက် ရှိတယ်လို့ ငါ မှတ်မိတယ်။ မင်း လုံလောက်အောင် ပျော်ပြီးလောက်ပြီ မဟုတ်လား။ အဲဒီအစား ငါ… ဟွမ်ကြီးကိုလည်း နည်းနည်းလောက် ပျော်ခွင့်ပေးပါလား။”
စကားဆုံးသည်နှင့် ကျန်းပြောင်နှင့် ဖန်ကျန်းရီတို့က ပြိုင်တူ လူသတ်ချင်စိတ် အပြည့်ရှိသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
လီယွမ်ကျောက်က သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ ဤလူက သက်တောင့်သက်သာ သေရမည်ကို တကယ် မလိုချင်ပုံပေါ်သည်။
သူသည် ဖန်အိမ်တော်တွင် အချိန်အတော်ကြာ နေခဲ့ဖူးသဖြင့် ရှောင်ထောင်က မည်သို့သော အဆင့်အတန်း ရှိကြောင်း ကောင်းစွာ သိထား၏။ နာမည်ခံကသာ ဖန်ကျန်းရီ၏ အစေခံမလေး ဖြစ်သည်။ တကယ်တမ်း၌ ဖန်အိမ်တော်၏ သခင်မလေးပင် ဖြစ်၏။
လူတိုင်းက သူမကို လေးလေးစားစား ဆက်ဆံရသည်။ ဖန်ကျန်းရီကိုယ်တိုင်ပင် စကားကြမ်းကြမ်း တစ်ခွန်းမှ မပြောဖူးချေ။ ဖန်ကျန်းရီ၏ နေ့စဉ်ဘဝ အချိန်အများစုကို ရှောင်ထောင်ကသာ စီစဉ်ပေးရခြင်း ဖြစ်သည်။
အဆင့်အတန်း မည်မျှ မြင့်မားသည်မှာ သိသာလှသည်။ ယခု ဤကောင်က မထိသင့်သော အရာကို သွားထိလိုက်ပြီ ဖြစ်သည်။ ထို့အပြင် စောစောကလည်း ဖန်ကြီးကို သတ်ဖြတ်ရန် လုပ်ဆောင်ခဲ့သေး၏။
ကျန်းပြောင်က လေးနက်သော အသံဖြင့် မေးလိုက်သည်။ “သခင်လေး … သတ်မလား။”
“မသတ်ဘူး။”
ဟွမ်စန်းရုန်က ထိုစကားကိုကြားပြီးနောက် ရူးသွပ်စွာ ရယ်မောလိုက်၏။ “ဖန်ကျန်းရီ ….. မင်းက သူရဲဘောကြောင်တဲ့ ကောင်ပဲ။ မင်း ငါ့ကို...”
စကားပင် မဆုံးသေးမီ ဖန်ကျန်းရီက ဟွမ်စန်းရုန်၏ ဆံပင်ကို ဆွဲကိုင်ကာ ခေါင်းကို မြေကြီးပေါ်သို့ အားကုန် ဆောင့်ချလိုက်သည်။
တစ်ချက်၊ နှစ်ချက်၊ သုံးချက်...
'ဒုတ်... ဒုတ်... ဒုတ်...' အသံများက အခန်းထဲတွင် ပဲ့တင်ထပ်သွား၏။
ဟွမ်စန်းရုန် ခေါင်းပြန်မော့လာချိန်၌ မျက်နှာတစ်ခုလုံး သွေးများနှင့် ပြည့်နေပြီး မျက်လုံးထဲတွင် ကြယ်များ လည်နေကာ သတိလစ်လုနီးပါး ဖြစ်နေသည်။
ပါးစပ်မှလည်း မည်သည်တို့ကို ရေရွတ်နေမှန်း မသိတော့ချေ။ သူ၏ကျောထောက်နောက်ခံ အကြောင်းများကို ပြောဆိုနေခြင်း ဖြစ်လောက်သည်။ သို့သော်လည်း ရှင်းရှင်းလင်းလင်း မကြားရတော့ပေ။
ထို့နောက် ဖန်ကျန်းရီက ကျန်းပြောင်၏ရင်ခွင်ထဲသို့ လက်နှိုက်ကာ ဓားမြောင်တစ်လက်ကို ဆွဲထုတ်လိုက်သည်။
ပြတ်သားလျင်မြန်စွာဖြင့် ဟွမ်စန်းရုန်၏ ညာဘက် နားရွက်ကို ဖြတ်ချလိုက်၏။
“အား...”
ဤတစ်ချက်ကြောင့် ဟွမ်စန်းရုန် ချက်ချင်း သတိဝင်လာပြီး အဆက်မပြတ် အော်ဟစ်နေတော့သည်။ အကယ်၍ ကြိုးတုပ်ခံထားရခြင်းသာ မဟုတ်လျှင် သူ တစ်ကိုယ်လုံး လူးလှိမ့်နေလောက်သည်။
သူ အော်၍ပင် မဆုံးသေးခင် ဓားထိပ်က မျက်လုံးအနားသို့ ရောက်လာ၏။
ဟွမ်စန်းရုန် ဆက်မအော်ရဲတော့ဘဲ ဖန်ကျန်းရီကို တုန်တုန်ယင်ယင်ဖြင့် ကြည့်လိုက်သည်။
ဖန်ကျန်းရီ၏ မျက်နှာမှာ လုံးဝ အေးစက်နေပြီး သူက တည်ငြိမ်စွာ ပြောလိုက်၏။ “နားရွက်ကို ကိုက်ထားလိုက်။”
မျက်လုံးအနားမှ စူးရှသောအလင်းရောင်ကြောင့် ဟွမ်စန်းရုန်က ရှက်ရွံ့စွာ ခေါင်းငုံ့ပြီး နားရွက်ကို ကိုက်ထားလိုက်ရသည်။
“မြိုချလိုက်စမ်း။”
အရိုးနုများကို ဝါးစားနေသော အသံများက လူတိုင်း၏ နားထဲတွင် ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။
“အခု မမိုက်ရဲတော့ဘူးလား။ စကားပြောချင်သေးလား။”
ဟွမ်စန်းရုန်သည် အလွန်အမင်း ထိတ်လန့်သွားပြီး အသံတစ်ချက်မှ မထွက်တော့ဘဲ နာကျင်သော မျက်နှာဖြင့် ရူးသွပ်စွာ ခေါင်းခါပြနေတော့သည်။
ဤမြင်ကွင်းကို မြင်တွေ့ရချိ်နမှာတော့ ကျန်းပြောင်မှလွဲ၍ ကျန်လူအားလုံး ချမ်းစိမ့်စိမ့် ဖြစ်သွားကြလေသည်။ ဤမျှ ရက်စက်သော နည်းလမ်းများက ဒဏ္ဍာရီထဲက မိစ္ဆာလက် လူသတ်သမား ဟူသည့် နာမည်နှင့် တကယ် လိုက်ဖက်၏။
အထူးသဖြင့် အဘိုးအို သုံးယောက်ပင်။ အားလုံးက ပညာတတ် အရာရှိများ ဖြစ်ကြသည်။ ပုံမှန် အချိန်များတွင် ဤသို့သော အရိုင်းအစိုင်း အလုပ်မျိုးကို မည်သည့်နေရာတွင် မြင်ဖူးပါမည်နည်း။ သူတို့သည် ခြေထောက်များပင် တုန်လာသကဲ့သို့ ခံစားနေရသည်။
ဖန်ကျန်းရီက လှည့်ကာ ထိတ်လန့်နေသော ဂိုဏ်းဝင်များကို ကြည့်ပြီး ပြုံးလိုက်၏။ “ညီအစ်ကိုတို့ … ကြည့်ကြစမ်း။ ဒါ မင်းတို့ရဲ့ ဂိုဏ်းချုပ်ပဲ။ မင်းတို့က ဒီလိုလူမျိုးနောက် လိုက်နေလို့ ဘာအကျိုးရှိမှာလဲ။
ငါ မင်းတို့ကို မေးမယ်။ မင်းတို့က သူ့လက်အောက်မှာ တစ်လကို ဘယ်လောက် ရလဲ။ ဟုတ်တယ်။ မင်းပဲ။ စောစောက ပိုက်ဆံကို ခိုးကောက်နေတဲ့ ကောင် …. မင်းပဲ။ ပုန်းမနေနဲ့။ ငါ မင်းကို ကြည့်နေတာ ကြာပြီ။”
ပိုက်ဆံ ခိုးကောက်သည့် ဂိုဏ်းဝင်က ရှက်ရွံ့စွာ ရယ်မောရင်း ပြောလိုက်သည်။ “တစ်လကို ကြေးပြား သုံးဆယ်တောင် မပြည့်ပါဘူး။”
ဖန်ကျန်းရီ အနည်းငယ် အံ့ဩသွားသည်။ ဟွမ်စန်းရုန်က ဤမျှ ပိုက်ဆံ ပေးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ တကယ်တမ်းဆိုရလျှင် အရမ်း နည်းလွန်းသည်တော့ မဟုတ်ပေ။ သူ အစပိုင်း ရာထူးရစဉ်က တစ်နှစ်စာ လစာမှာ ငွေလေးဆယ့်ငါးကျပ်သာ ရှိခဲ့သည်။ သို့သော်လည်း ဤနှစ်များအတွင်း ငွေကြေး စီမံခန့်ခွဲမှု တော်သောကြောင့်သာ လက်ဖွာလာခြင်း ဖြစ်၏။
သို့သော်လည်း ဖန်ကျန်းရီက ထိုစကားကိုကြားပြီးနောက် အလွန် ဝမ်းနည်းသော မျက်နှာဖြင့် ပြောလိုက်သည်။ “ကြေးပြား သုံးဆယ်ပဲလား။ ဒီပိုက်ဆံလေးနဲ့ ဘာလုပ်လို့ ရမှာလဲ။ မင်းမှာ ကလေး ဘယ်နှစ်ယောက် ရှိလဲ။ မိန်းမ ယူပြီးပြီလား။ တစ်လကို ပြည့်တန်ဆာရုံ ဘယ်နှစ်ခါ သွားနိုင်လဲ။
ကျွတ် ကျွတ် ကျွတ် …. မင်းတို့ သိလား။ ဟွမ်စန်းရုန် တစ်နှစ်ကို ငွေဘယ်လောက် ရလဲဆိုတာ။”
လူတိုင်းက စိတ်ဝင်တစား ကြည့်လာကြသည်။ ဤမေးခွန်းကို သူတို့ တကယ် သိချင်နေကြခြင်း ဖြစ်၏။
သူဌေးကြီးက တစ်နှစ်ကို ငွေဘယ်လောက် ရသနည်း ဆိုသည်ကို မည်သူက မသိချင်ဘဲ နေမည်နည်း။
“ငါ မင်းတို့ကို ပြောပြမယ်။ သူက တစ်နှစ်ကို ငွေနှစ်သောင်း ရတယ်။ အနည်းဆုံးနော်။”
“ကောင်းကင်ဘုံ …” ဂိုဏ်းဝင် အားလုံး အံ့ဩသွားကြသည်။ ငွေနှစ်သောင်းဆိုသည်မှာ မည်မျှများပြားသော ပိုက်ဆံနည်း။ အခန်းတစ်ခန်းလုံး အပြည့် ဖြစ်မသွားနိုင်ဘူးလား။
လီယန်စုန်တို့ သုံးယောက်လည်း အံ့ဩသွားကြသည်။ ချေးသယ်ခြင်းက ဤမျှလောက် ပိုက်ဆံ ရသည်လား။
ဟွမ်စန်းရုန်က ထိတ်လန့်သွားပြီး အလောတကြီး ရှင်းပြလိုက်၏။ “မရှိပါဘူး။ တကယ် ဒီလောက် မရှိပါဘူး။ ညီအစ်ကိုတို့ သူ့ကို မယုံကြနဲ့။”
အစွမ်းကုန် ကြိုးစားလျှင်ပင် သူ တစ်နှစ်ကို ငွေတစ်သောင်း မရနိုင်ချေ။ ဖန်ကျန်းရီ ဆိုသော ခွေးကောင်က သွေးထိုးနေခြင်း ဖြစ်သည်။
ကိန်းဂဏန်းကိုမူ ဖန်ကျန်းရီက ပါးစပ်အရသာခံ၍ လျှောက်ပြောလိုက်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မည်မျှရသည်ကို မည်သူကမှ သိနိုင်မည် မဟုတ်ချေ။
ဖန်ကျန်းရီက သူ ရှင်းပြနေသည်ကိုလည်း ဂရုမစိုက်ဘဲ အေးစက်စက် ရယ်မောကာ ရင်ခွင်ထဲမှ ငွေစက္ကူ အထပ်လိုက်ကို ထုတ်ပြလိုက်၏။ “ညီအစ်ကိုတို့။ ညီအစ်ကိုတို့ … ကြည့်ကြစမ်း။ ဒါက ငါ ပန်းရှန်းရပ်ကွက် တစ်ခုတည်းကနေ တစ်လအတွင်း ရလာတဲ့ ငွေတွေ။ ဟွမ်ဂိုဏ်းချုပ်လောက်တော့ မများဘူးပေါ့။ ဒါပေမဲ့ ငွေတစ်ထောင်လောက်တော့ ရှိတယ်။
သူက တစ်နှစ်ကို ငွေဒီလောက် အများကြီး ရတယ်။ ဒါပေမဲ့ မင်းတို့ကို နည်းနည်းလေးပဲ ခွဲပေးတယ်။ ပြည့်တန်ဆာရုံ သွားဖို့ ပိုက်ဆံတောင် မပေးဘူး။ မင်းတို့ စဉ်းစားကြည့်။ သူက နေ့တိုင်း မိန်းမ ဆယ်ယောက်ကို မထပ်အောင် ဖက်အိပ်တယ်။ မင်းတို့က အိမ်ပြန်ရင် ရုပ်ဆိုးတဲ့ မိန်းမကိုပဲ ဖက်အိပ်ရတယ်။ မင်းတို့ ကျေနပ်လား။
အားလုံးက လူတွေချည်းပဲ။ ဘာလို့ သူက မိန်းမဆယ်ယောက် ဖက်အိပ်ခွင့် ရှိတာလဲ။ ငါ သဘောမတူဘူး။”
ဂိုဏ်းဝင် အများအပြားက ပြည့်တန်ဆာရုံတွင် မတူညီသော မိန်းမ ဆယ်ယောက်ကို ဖက်အိပ်ရသည့် မြင်ကွင်းကို အလိုအလျောက် မျက်လုံးထဲ မြင်လာမိကြသည်။ သို့ပေမည့် အိမ်က ရုပ်ဆိုးသောမိန်းမကို ပြန်တွေးမိချိန်၌ ချက်ချင်း မျက်နှာ ပျက်သွားကြသည်။
ဟုတ်ပေသည်။ သူတို့လည်း သဘောမတူပေ။
ဟွမ်စန်းရုန် ငိုချင်သွားပြီး တိုးတိုးလေး ပြောလိုက်၏။ “ငါ ဖက်မအိပ်ပါဘူး။ ငါ တကယ် ဖက်မအိပ်ပါဘူး။ ညီအစ်ကိုတို့ …. သူ့စကားကို နားမယောင်ပါနဲ့။”
ဖက်တော့ အိပ်ချင်၏။ သို့သော်လည်း ထိုမျှလောက် ခွန်အားမရှိချေ...
လီယန်စုန်တို့ သုံးယောက်က အထင်သေးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ဤကောင်လေး လျှောက်ပြောနေခြင်းကိုး။
“ညီအစ်ကိုတို့ … မင်းတို့ ပိုကြိုးစားလေ သူ ဖက်အိပ်ရတဲ့ မိန်းမ ပိုများလေပဲ။ ဒါပေမဲ့ မင်းတို့ရဲ့ လစာကရော။ နှစ်ဘယ်လောက်နေမှ တစ်ခါ တိုးမှာလဲ။
မင်းတို့ အကုန်လုံးက ချေးတွင်းထဲမှာ အလုပ်လုပ်ရတဲ့ ကံဆိုးတဲ့ လူတွေပဲ။ ငါ မင်းတို့ကို နောက်တစ်ချက် ပြောပြမယ်။ ဟွမ်ဂိုဏ်းချုပ်ကို ငါ မြင်ဖူးတယ်။ မနက်မိုးလင်းတာနဲ့ သူ စားတာက သကြားနဲ့ တွဲစားရတဲ့ သိုးသား ဖက်ထုပ်ပဲ။
ပြီးတော့ ချေးခပ်တာတောင် ရွှေချေးခပ်ဇွန်းနဲ့ ခပ်တာ။ မင်းတို့ကရော …. ထမင်းစားတိုင်း အသားပါမယ်လို့ အာမခံနိုင်လား။”
လူတော်တော်များများ၏ မျက်လုံးများတွင် ဒေါသ အရိပ်အယောင်များ ပေါ်လာကြ၏။
ဟုတ်ပေသည်။ သူတို့၌ ငွေနှစ်သောင်းသာ ရှိခဲ့လျှင် နေ့တိုင်း သကြားနှင့် တွဲစားရသော သိုးသား ဖက်ထုပ် စားပြီး ရွှေချေးခပ်ဇွန်းနှင့် ချေးခပ်ပေမည်။ မည်မျှကောင်းလိုက်မည်နည်း။
သနားစရာကောင်းသည်မှာ ယခု ချေးခပ်ဇွန်းက သစ်သားနှင့် လုပ်ထားသည်သာ ရှိသေးသည်။
မနက်ခင်း သကြားနှင့် တွဲစားရသော သိုးသား ဖက်ထုပ် စားသည်။ ချေးခပ်လျှင် ရွှေချေးခပ်ဇွန်း သုံးသည်။ ညဘက် မိန်းမ ဆယ်ယောက် ဖက်အိပ်သည်။ တကယ်ကို လွန်လွန်းလှ၏။
ဖန်ကျန်းရီက ဤလူများ ဘာတွေးနေကြောင်း ကောင်းကောင်း နားလည်ထားသည်။ သူက နေ့တိုင်း ဆင်းရဲသားများနှင့်သာ အလုပ်လုပ်နေရခြင်း ဖြစ်၏။ ချေးဂိုဏ်းနှင့် သူတောင်းစားဂိုဏ်းမှ လူများဆိုသည်မှာ အောက်ခြေ လူတန်းစားများထဲတွင်ပင် အောက်ခြေဆုံး ဖြစ်သည်။
ရှေးခေတ်ကာလများက ခေတ်သစ်ကဲ့သို့ မဟုတ်ချေ။ လူတန်းစားများကြားရှိ သတင်းအချက်အလက် စီးဆင်းမှုက တောင်ကြီး တစ်လုံး ခြားထားသကဲ့သို့ပင်။ နှစ်ဖက်စလုံးက တစ်ဖက်လူ၏ နေထိုင်မှုဘဝကို လုံးဝ မမြင်နိုင်ကြချေ။ ကမ္ဘာနှစ်ခုတွင် နေထိုင်နေရသကဲ့သို့ပင်။
လူတို့သည် ဤလောကတွင် မရှိသော အရာများကို စိတ်ကူးယဉ်၍ မရနိုင်ချေ။
ဆင်းရဲသားများက သူတို့၏နည်းပါးလှသော ဗဟုသုတနှင့် သတင်းအချက်အလက်များကိုသာ ပေါင်းစပ်ပြီး စိတ်ကူးယဉ်နိုင်ကြသည်။
ဆင်းရဲသားများ မည်သည်ကို တွေးနိုင်မည်နည်း။ ပိုက်ဆံရှိသော သူများက နေ့တိုင်း သကြားဖြူ စား၊ ပျားရည် သောက်၊ အသားငါးများ စားရသည် ဆိုသည်ကိုသာ ဖြစ်ပေမည်။ အမဲသားဆိုလျှင် တွေးတောင် မတွေးရဲကြချေ။
ဧကရာဇ်မင်းက ရွှေပေါက်တူးဖြင့် လယ်စိုက်သည် ဆိုသည်မျိုးပေါ့။ ဤကဲ့သို့သောကိစ္စများက လုံးဝ ချဲ့ကား ပြောဆိုခြင်း မဟုတ်ပေ။ ခေတ်သစ်သို့ ရောက်သောအခါ သတင်းအချက်အလက်နှင့် ဗဟုသုတများ အများကြီး စီးဆင်းလာသည်တိုင် ဤကဲ့သို့ ရေတွင်းထဲမှ ဖားသူငယ်များက နေရာတိုင်းတွင် အများအပြား ရှိနေသေးသည်သာ ဖြစ်၏။
“ညီအစ်ကိုတို့ မလောနဲ့။ ငါ ပြောလို့ မပြီးသေးဘူးနော်။”