အခန်း (၁၁၃-၁၁၄)
Vol. 8 Ch. 113-114
အပိုင်း (၁၁၃) အစ်ကိုဖန်ကို ပြဿနာရှာပြီး ထွက်သွားချင်သေးတာလား။
“ညီအစ်ကိုတို့ … ဒီနေ့ ဟွမ်စန်းရုန်က မင်းတို့ကို ခေါ်လာတာ ပိုက်ဆံ ဘယ်လောက် ပေးလဲ။” ဖန်ကျန်းရီ၏ အကြည့်များက လူအုပ်ထဲတွင် ဝေ့ဝဲသွား၏။
သူ၏ အကြည့် ရောက်သွားသူတိုင်းက ခေါင်းငုံ့သွားကြပြီး မည်သူမှ စကားမပြောကြချေ။
နောက်ဆုံးတွင် ဖန်ကျန်းရီ၏အကြည့်များက စောစောက ပိုက်ဆံ ခိုးကောက်နေသော ကောင်လေးထံသို့ ပြန်ရောက်သွားသည်။
ထိုကောင်လေးက အကြည့်ခံရသဖြင့် အားနာသွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ “ငွေသုံးတေလ်း”
“ငွေသုံးတေလ်း ဟုတ်လား။”
ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ “ငွေသုံးတေလ်းလေးနဲ့ မင်းတို့က သဘောတူ လိုက်တာလား။
ငါက ရုံးတော်က အရာရှိ၊ စတုတ္ထအဆင့်အရာရှိ ဆိုတာ မင်းတို့ သိလား။ ငါ့ကို သတ်ဖို့ ကြံစည်တာက ခေါင်းဖြတ်ခံရမယ့် အပြစ်ကြီးပဲ။ ငွေသုံးတေလ်းလေးနဲ့ မင်းတို့ လာလုပ်ရကျိုးနပ်လို့လား။ အကုန်ပေါင်းမှ အဲဒီလောက်လေး ပေးတာကို မင်းတို့က အသက်နဲ့ လဲရဲတယ်ပေါ့။
ငါနဲ့ အလုပ်လုပ်တာက ပိုမကောင်းဘူးလား။ ငါ ဖန်ကျန်းရီက တခြားဟာတွေ မပြောရဲပေမဲ့ မင်းတို့ရဲ့ အနာဂတ် လူနေမှု အဆင့်အတန်းက အခုထက် အများကြီး ပိုကောင်းလာမယ်ဆိုတာ အာမခံတယ်။
မြေကြီးပေါ်က ဒီပိုက်ဆံတွေ အများကြီးကို ကြည့်လိုက်။ ဒီနေ့ ညီအစ်ကိုတွေအားလုံးကို လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ။ အားနာမနေနဲ့ … လွတ်လွတ်လပ်လပ် ကောက်ကြ။”
ဟွမ်စန်းရုန်က သူ၏ဂိုဏ်းဝင်များကို မျှော်လင့်ချက် ကင်းမဲ့စွာ ကြည့်နေမိ၏။ တော်တော်များများက ယိမ်းယိုင်နေကြပြီ ဖြစ်သည်။ ယခု သူပင် စကား အများကြီး မပြောရဲတော့ချေ။
အကယ်၍ ဖန်ကျန်းရီ ဒေါသထွက်သွားလျှင် နောက်တစ်ခါ ဖြတ်ခံရမည်က လျှာ ဖြစ်သွားနိုင်သည်။
လူတိုင်းက အချိန်အတော်ကြာ တုံ့ပြန်မှုမရှိကြောင်း မြင်ချိန်မှာတော့ ဖန်ကျန်းရီက ခပ်ဖွဖွ ပြုံးလိုက်ပြီး ဆက်ပြော၏။ “ညီအစ်ကိုတို့ ….. မင်းတို့ ဘာတွေ တွေဝေနေတာလဲ။
ပိုက်ဆံ အနည်းငယ်ပဲ ရပြီး အလုပ်တွေ အများကြီး လုပ်ရမယ်။ ပြီးတော့ ဖိအားတွေ အများကြီး ခံရမယ်။ ပြည့်တန်ဆာရုံရောက်ရင် သဘောကျတဲ့ မိန်းမကို တွေ့တာတောင် ပိုက်ဆံ တစ်ပြားမှ မထုတ်နိုင်ဘဲ သူများနဲ့ အိပ်တာကို ထိုင်ကြည့်နေရမှာကို သဘောကျတာလား။
အမှန်အတိုင်း ပြောရရင် ဒီဟွမ်စန်းရုန်က သေဖို့ သေချာနေပြီ။ မင်းတို့ သူ့နောက် လိုက်တာက သေလမ်းကို သွားနေတာပဲ။
ငါ ဖန်ကျန်းရီနောက် လိုက်ပြီး အလုပ်လုပ်ရင် တစ်လကို ငွေငါးတေလ်း ရမယ်။ တစ်ယောက်ကို ၃ လ တစ်ခါ အဝတ်အစား အသစ် တစ်စုံ ပေးမယ်။ ပြီးတော့ နှစ်တိုင်း ပြည့်တန်ဆာရုံမှာ သုံးရက်တာ ခရီးစဉ် အလွတ်သဘော လုပ်ပေးအုံးမယ်။
ကောင်းပြီ။ ငါ အများကြီး မပြောတော့ဘူး။ စိတ်ဝင်စားတဲ့သူတွေက မြေကြီးပေါ်က ပိုက်ဆံတွေကို ကောက်ကြပါ။ ကိုယ်ကောက်နိုင်သလောက် ကိုယ့်ဟာပဲ။ လက်မြန်ရင် ရမယ်... လက်နှေးရင် မရဘူး။”
ပြောပြီးသည်နှင့် ကျောခိုင်းသွားပြီး ပါးစပ်မှလည်း အသံကျယ်ကျယ်ဖြင့် တတွတ်တွတ် ရေရွတ်နေ၏။ “ဟမ့် … တစ်လကို ငွေသုံးတေလ်းတဲ့။ ခွေးတောင် မလုပ်ဘူး။”
ရှေ့ဆုံးက ကောင်လေးက ဖန်ကျန်းရီ စကားဆုံးသည်နှင့် ချက်ချင်း မြေကြီးပေါ် မှောက်လျက် ပိုက်ဆံ စတင် ကောက်တော့သည်။
အခြားသူများက ဘာစဉ်းစားနေတော့မည်နည်း။
မြေကြီးပေါ်တွင် အဖြူရောင် ငွေတုံးများစွာ ရှိနေသည် မဟုတ်ပါလား။ ကိုယ်မှ မကောက်လျှင် အခြားသူများ ကောက်ယူ သွားပေမည်။
ထို့ကြောင့် ပြဇာတ်ဆန်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ အစက ဖန်ကျန်းရီတို့ကို သတ်မည်ဟု ကြိမ်းဝါးနေသော ချေးဂိုဏ်းဝင်များက မြေကြီးပေါ်တွင်မှောက်လျက် ဖင်ထောင်ကာ ပိုက်ဆံများကို အလုအယက် ကောက်ယူနေကြသည်။
လီယန်စုန်တို့က အချင်းချင်း မျက်လုံးအပြူးသားဖြင့် ကြည့်နေကြ၏။
ဤဖန်ကျန်းရီက တကယ်ကို ဉာဏ်များလှသည်။ အရှက်လည်း မရှိချေ။ ထို့အပြင် ပိုက်ဆံလည်း သောက်ကျိုးနည်း ချမ်းသာသည်။
ဟွမ်စန်းရုန်က ဤမြင်ကွင်းကို ငေးမော ကြည့်ရင်း မျက်လုံးထဲတွင် အလင်းရောင်များ ပျောက်ကွယ် သွားတော့၏။
သူ ခဲယဉ်းစွာ စုစည်းထားခဲ့သော ဂိုဏ်းဝင်များက ဖန်ကျန်းရီကို မြင်သည်နှင့် တစ်ခဏအတွင်း လူစုကွဲ ၊ သစ္စာဖောက်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဖန်ကျန်းရီက လွန်ခဲ့သော ခုနစ်နှစ်ကထက် ပို၍ ကြောက်စရာ ကောင်းလာသည်။ ငါ သူ့ကို မစိန်ခေါ်ခဲ့သင့်ဘူး။
ဖန်ကျန်းရီက ဟွမ်စန်းရုန်အနားသို့ လျှောက်သွားရင်း တည်ငြိမ်စွာ မေးလိုက်၏။ “အမှားကို သိပြီလား။”
ဟွမ်စန်းရုန်က ခေါင်းငုံ့နေသည်။ မျက်နှာပေါ်တွင် နာကျင်သော အမူအရာများ ဖုံးလွှမ်းနေပြီး အံကြိတ်လျက် ပြောလိုက်သည်။ “သိပါပြီ။”
“အဘိုးလို့ ခေါ်။ မင်းကို အသက်ရှင်ခွင့် ပေးမယ်။”
ဟွမ်စန်းရုန်က ဖန်ကျန်းရီကို အံ့အားသင့်စွာ ကြည့်လိုက်၏။
သူ၏မျက်လုံးထဲတွင် အံ့ဩမှု၊ ရှက်ရွံ့မှု၊ မကျေနပ်မှု၊ ဝမ်းသာမှု စသည့် ခံစားချက် မျိုးစုံ ပြည့်နှက်နေသည်။
ဖန်ကျန်းရီ၏ ရက်စက်မှုကို မြင်တွေ့ပြီးနောက် သေချာပေါက် သေရမည်ဟု ထင်ထားခဲ့သော်လည်း ဖန်ကျန်းရီက သူ့ကို အသက်ရှင်ခွင့် ပေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
“အဘိုး။”
“ဟားဟားဟား။ ကောင်းတယ်။ မင်းလည်း အခြေအနေကို နားလည်တဲ့သူပဲ။ ဒါဆို အဘိုးက မင်းကို အသက်ရှင်ခွင့် ပေးမယ်။”
ပြောရင်းဖြင့် ဟွမ်စန်းရုန်၏ ဝဝဖိုင့်ဖိုင့် ပါးပြင်ကို နှစ်ချက် ပုတ်လိုက်၏။
ဟွမ်စန်းရုန်က အတင်းအကျပ် ပြုံးပြလိုက်သည်။ သူ ဘေးအန္တရာယ်မှ လွတ်သွားပြီဟု ထင်မှတ်နေသော်လည်း သေရသည်ထက် ဆိုးရွားသော ကိစ္စက ချက်ချင်း ဖြစ်ပေါ်လာတော့မည်ကို မသိခဲ့ချေ...
မကြာမီမှာပင် မြေကြီးပေါ်ရှိ ငွေတစ်ထောင်ကျော်ကို ချေးဂိုဏ်းဝင်များက အကုန် ကောက်ယူသွားကြသည်။
လူတိုင်းက လက်နက်များကို ချထားပြီး နှစ်တန်းစီ ရပ်ကာ ဖန်ကျန်းရီကို ကြည့်နေကြ၏။
အခြေအနေ ကောင်းသွားပြီ ဖြစ်ကြောင်း မြင်ချိန်မှာတော့ ဖန်ကျန်းရီက ပြောလိုက်သည်။ “လူတွေ လာကြ .. ဒီချေးပုံးတွေကို အပြင်ထုတ်သွား။ အရမ်း နံတာပဲ။”
ချေးဂိုဏ်းဝင် နှစ်ယောက်က ထွက်လာပြီး ချေးပုံးများကို သယ်ထုတ်သွားကြ၏။
ကျန်သောသူများမှာမူ ဒေါသထွက်လွန်းသဖြင့် အံကြိတ်ထားမိကြ၏။
ဖားတတ်သော ကောင်များ... သူတို့ထက်ပင် ပိုမြန်နေကြသေးသည်။
လူတစ်ယောက်က ရုတ်တရက် ထွက်လာပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။ “မြို့ဝန်ဖန်... ဒါဆို ဒီနေ့ ကိစ္စက...”
ဖန်ကျန်းရီက လက်ကို ဝှေ့ယမ်းကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ဒီနေ့ကိစ္စက ညီအစ်ကိုတွေနဲ့ မဆိုင်ဘူး။ အကုန်လုံးက ဟွမ်စန်းရုန် တစ်ယောက်တည်း လုပ်တာ။ ကိုယ့်ရဲ့ လုံခြုံရေးအတွက်တော့ ညီအစ်ကိုတွေ စိတ်ချလို့ ရပါတယ်။
ဒါပေမဲ့ ငါ ဖန်ကျန်းရီ နောက်ကို လိုက်ပြီဆိုမှတော့ ဒီနေ့ကစပြီး ငါ့ကို မြို့ဝန်ဖန် လို့ မခေါ်နဲ့တော့။ အားလုံးက ညီအစ်ကိုတွေချည်းပဲ။ ဒီနေ့ကစပြီး ငါ့ကို ဒုခေါင်းဆောင် လို့ ခေါ်။”
ပြောပြီးသည်နှင့် လီယွမ်ကျောက်ကို ဆွဲထုတ်ကာ လက်ညှိုးထိုး၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “သူက … မင်းတို့ရဲ့ ခေါင်းဆောင်ပဲ။ မြန်မြန် နှုတ်ဆက်ကြ။”
“ခေါင်းဆောင် မင်္ဂလာပါ။ ဒုခေါင်းဆောင် မင်္ဂလာပါ။”
လူတိုင်းက ပြိုင်တူ အော်ဟစ် နှုတ်ဆက်လိုက်ကြသည်။
လီယွမ်ကျောက်မှာ ချက်ချင်း မျက်နှာတစ်ခုလုံး နီရဲသွားပြီး စိတ်လှုပ်ရှားသွား၏။
ဤသည်မှာ သူ အမြဲတမ်း မျှော်လင့်နေခဲ့သော သိုင်းလောက အိပ်မက် မဟုတ်ပါလား။ ယနေ့ မထင်မှတ်ဘဲ အကောင်အထည် ပေါ်လာခဲ့သည်။
ချေးဂိုဏ်း ဆိုသော နာမည်က နားထောင်၍ မကောင်းသော်လည်း နာမည် ပြောင်း၍ ရသည် မဟုတ်ပါလား။
စိတ်လှုပ်ရှားမှုကြောင့် လီယွမ်ကျောက်က ဖန်ကျန်းရီကို တိုးတိုးလေး ပြောလိုက်၏။ “ဖန်ကြီး …. ဒီနေ့တော့ ကျုပ် တကယ် လက်မြှောက် အရှုံးပေးပါတယ်။ ခင်ဗျား တကယ် တော်တာပဲ။”
ဖန်ကျန်းရီလည်း စိတ်ထဲတွင် အနည်းငယ် ဂုဏ်ယူသွားသည်။ ပြီးနောက် တိုးတိုးလေး ပြန်ဖြေလိုက်သည်။ “အိမ်ရှေ့စံမင်းသား ဒါက ဘာမှ မဟုတ်သေးပါဘူး။ ကျုပ်တို့ လုပ်ရမယ့်အလုပ်တွေ အများကြီး ကျန်ပါသေးတယ်။
ဒီမှာက ချေးဂိုဏ်းဝင် အနည်းငယ်ပဲ ရှိသေးတယ်။ တခြား ဂိုဏ်းဝင်တွေကိုလည်း ကျုပ်တို့ဆီ ပါလာအောင် နည်းလမ်း ရှာရအုံးမယ်။ ပြီးရင် ဂိုဏ်းရဲ့ယဉ်ကျေးမှုကို တည်ဆောက်ရမယ်။
ဒီလိုလုပ်လိုက်ရင် မြို့တော်ထဲက အညစ်အကြေး ရှင်းလင်းရေး ပြဿနာကို ဖြေရှင်းဖို့က ပိုချောမွေ့ သွားလိမ့်မယ်။”
“ဂိုဏ်းရဲ့ ယဉ်ကျေးမှု ဆိုတာ ဘာလဲ။” လီယွမ်ကျောက်က စိတ်ဝင်တစား မေးလိုက်၏။
“အိမ်ရှေ့စံမင်းသား ကြည့်နေ...”
ဖန်ကျန်းရီက ဂိုဏ်းဝင်များဘက်သို့ ပြန်လှည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ကောင်းပြီ။ ညီအစ်ကိုတို့ အလုပ်လုပ်တာ အရမ်း ကောင်းတယ်။ အခု ငါက 'ကျုပ်နဲ့ ကျုပ်ရဲ့ ဘုရင်မင်းမြတ်' ဆိုတဲ့ ကဗျာတစ်ပုဒ် ရွတ်ပြမယ်။ အားလုံး အဲဒီအထဲက စိတ်ဓာတ်ကို သေချာ ခံစားကြည့်ကြပါ။”
လီယွမ်ကျောက်၏ နဖူးတွင် အမည်းရောင် မျဉ်းကြောင်း သုံးကြောင်း ပေါ်ပေါက်လာသည်။။
ဖန်ကြီးသည် မည်သည့်နေရာက ကြည့်ကြည့် ကောင်းမွန်လှသည်။ သို့သော်ငြား အားနေလျှင် ခမည်းတော်ကို မြှောက်ပင့်တတ်သော အကျင့်ဆိုးလေးကိုမူ သူ တကယ် သည်းမခံနိုင်ချေ။ ယခု နန်းတော် ပြန်ရောက်၍ ခမည်းတော်ကို မြင်လျှင် သူ စိတ်ထဲ၌ အရမ်း နေရခက်ပေလိမ့်မည်။
လီယန်စုန်သည်လည်း တကယ် ကြည့်မနေနိုင်တော့ဘဲ အလျင်အမြန် ရှေ့တိုးကာ ဖန်ကျန်းရီကို ဆွဲပြီး အလောတကြီး ပြောလိုက်၏။ “မြို့ဝန်ဖန် … မြို့ဝန်ဖန် … ကစားလို့ ဝပြီ မဟုတ်လား။ အိမ်ရှေ့စံမင်းသားကို မြန်မြန် နန်းတော် ပြန်ပို့ပါတော့။”
ဖန်ကျန်းရီ၏ မျက်လုံးထဲတွင် ကောက်ကျစ်သော အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားပြီးနောက် ချက်ချင်း ပြန်ဖြေလိုက်သည်။ “ရပါတယ်။ ဒါပေမဲ့ ဦးလေးကြီးက ကျုပ်ကို ကိစ္စတစ်ခုတော့ ကတိပေးရမယ်...”
လီယန်စုန်က ရွံရှာမှုကို သည်းခံပြီး ပြောလိုက်၏။ “ပြော ….. ငါ လုပ်ပေးနိုင်တာ အကုန် လုပ်ပေးမယ်။”
“ဒီည ဖြစ်ခဲ့တဲ့ ကိစ္စတွေကို တခြား ဘယ်သူ့ကိုမှ ပေးမသိပါနဲ့။ ဟွမ်စန်းရုန်ကို ကျုပ် ဖြေရှင်းလိုက်မယ်။ ကိစ္စ အကုန် ပြီးသွားရင် ကျုပ်ကိုယ်တိုင် အရှင်မင်းကြီးကို တင်ပြပါ့မယ်။ ဘယ်လိုလဲ။”
“ကောင်းပြီ။ ငါ သဘောတူတယ်။ ပြီးတော့ မင်း ငါ့ကို ဦးလေးကြီး လို့ မခေါ်နဲ့တော့။” လီယန်စုန်က အံကြိတ်ကာ ခြေဆောင့်လိုက်သည်။
ဖန်ကျန်းရီကို ချက်ချင်း သဘောတူလိုက်၏။
ဤနေရာရှိ ပတ်ဝန်းကျင်က တကယ်ကို စိုးရိမ်စရာ ကောင်းလွန်းလှသည်။ အိမ်ရှေ့စံမင်းသားကို မြန်မြန် နန်းတော် ပြန်ပို့ပေးရန်မှာ အရေးကြီးဆုံး ဖြစ်သည်။
“နားလည်ပါပြီ ဦးလေးကြီး။”
“မင်း... ငါ မင်းကို ပြောလိုက်မယ်။ ဒီကိစ္စတွေကို မင်း အရှင်မင်းကြီးကို မဖြစ်မနေ တင်ပြရမယ်။ တကယ်လို့ မင်း အချိန်ဆွဲနေရင် ငါ ကိုယ်တိုင် အရှင်မင်းကြီးကို တင်ပြမယ်။ နားလည်လား။”
ပြောပြီးသည်နှင့် လီယွမ်ကျောက်ကို အတင်းအကျပ် ဆွဲခေါ်သွား၏။
မကြာမီမှာပဲ အမတ်ကြီး သုံးယောက်က လီယွမ်ကျောက်ကို ခေါ်ကာ ဂိုဒေါင်ထဲမှ ထွက်သွားကြလေသည်။
သက်ကြီးရွယ်အိုများနှင့် ဒဏ်ရာရသူအားလုံး ထွက်သွားသည်ကို မြင်ချိ်နမှ ဖန်ကျန်းရီလည်း သက်ပြင်းချနိုင်သွား၏။
သို့နှင့် ဂိုဏ်းဝင်များကို ကြည့်ကာ ပြောလိုက်သည်။ “ညီအစ်ကိုတို့ …. မြို့တော်ထဲမှာ ကျုပ်တို့ ကယ်တင်ဖို့ စောင့်နေတဲ့ တခြား ညီအစ်ကိုတွေ ရှိသေးတယ်။
မနက်ဖြန်ကစပြီး မင်းတို့ တခြားညီအစ်ကိုတွေကို ပန်းရှန်းရပ်ကွက်ကို ခေါ်လာပြီး စာရင်းပေးလို့ ရပြီ။ လူနှစ်ယောက် ခေါ်လာတိုင်း ငွေတစ်တေလ်း ဆုချမယ်။ ပန်းရှန်းရပ်ကွက်က တင်းချွမ်ဆီမှာ စာရင်းသွားပေးရုံပဲ။
အခု ချေးဂိုဏ်းကို သန့်ရှင်းရေးအဖွဲ့လို့ နာမည်ပြောင်းလိုက်ပြီဆိုတာ ငါ ကြေညာတယ်။ အားလုံး အခုကစပြီး အဖွဲ့ဝင် အခမ်းအနားကို စတင်မယ်။”
ကောင်လေးတစ်ယောက်က စိတ်ဝင်တစား မေးလိုက်၏။ “ဒုခေါင်းဆောင် … အဖွဲ့ဝင် အခမ်းအနား ဆိုတာ ဘာလဲ။”
ဖန်ကျန်းရီက ခပ်ဖွဖွ ပြုံးလိုက်ပြီး ဟွမ်စန်းရုန်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “အရမ်း လွယ်ပါတယ်။ သူ့မျက်နှာကို တံတွေး တစ်ချက် ထွေးလိုက်ရုံပဲ။ မင်းကနေ စမယ်။”
“…...”
ဟွမ်စန်းရုန်သည် ထိုစကားကို ကြားသည်နှင့် ချက်ချင်း ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဖန်ကျန်းရီ … မင်း လူမဟုတ်ဘူး။ မင်း တကယ် သတ္တိရှိရင် အခုပဲ ငါ့ကို သတ်လိုက်။”
ဖန်ကျန်းရီက သူ့ကို စွေကြည့်လိုက်သည်။ “သေချင်တယ် မဟုတ်လား။ ပြဿနာ မရှိဘူး။ သန့်ရှင်းရေး အဖွဲ့ဝင်တွေ အကုန် စုမိသွားရင် မင်း သေလို့ ရပြီ။ မြန်မြန် လုပ်စမ်း။ အချိန်မဖြုန်းနဲ့။”
ကောင်လေးက ခဏမျှ တွေဝေသွားပြီး ဟွမ်စန်းရုန်ရှေ့သို့ လျှောက်သွား၏။ ပြီးနောက် တောင်းပန်သော မျက်နှာဖြင့် ပြောလိုက်၏။ “ဟွမ်ခေါင်းဆောင် … တောင်းပန်ပါတယ်။”
ဟွမ်စန်းရုန် အလွန် ထိတ်လန့်သွား၏။ “ရှောင်ချီ။ မင်း ဘာလုပ်မလို့လဲ။ သူ့စကားကို မင်း နားထောင်လို့ မရဘူးနော်။ ငါတို့ နှစ်ယောက် အတူတူ အရက်သောက်ဖူးတယ်လေ...”
“ထွီ...”
“ထွီ...”
“ထွီ...”
“ဟွီး...”
အပိုင်း (၁၁၄) ဘုရားဖြစ်ရန် အလွယ်ကူဆုံး လမ်းကြောင်း။
ချေးဂိုဏ်းကဲ့သို့ ကြမ်းတမ်းသော အောက်ခြေ အဖွဲ့အစည်းတစ်ခုတွင် ဟွမ်စန်းရုန်က ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် ကြီးမားသော ဩဇာအာဏာ ရှိနေသည်မှာ သေချာသည်။
ဖန်ကျန်းရီလည်း ဤသို့ပြုလုပ်ခြင်းမှာ အနည်းငယ် ရွံစရာ ကောင်းသည်ဟု ထင်မိသော်လည်း ထိုလုပ်ရပ်က တကယ်ကို ထိရောက်ပြီး အသုံးဝင်သော နည်းလမ်း တစ်ခု ဖြစ်၏။
ဂိုဏ်းဝင်တိုင်းက တံတွေး တစ်ချက်စီ ထွေးလိုက်လျှင် ပြန်သွားရန် လမ်းစ လုံးဝ ရှိတော့မည် မဟုတ်ချေ။ ဩဇာအာဏာနှင့် ယုံကြည်မှု ဆိုသည်များကလည်း မျက်နှာကို တံတွေး အထွေးခံရခြင်းနှင့်အတူ ပျောက်ကွယ်သွားမည်သာ ဖြစ်သည်။
အဖွဲ့ဝင် အခမ်းအနား ပြီးဆုံးသွားပြီးနောက် ဖန်ကျန်းရီက ကျန်းပြောင်ကို ဟွမ်စန်းရုန်အား သယ်ဆောင်သွား စေ၏။
ယခုအချိန်တွင် ဟွမ်စန်းရုန်သည် လုံးဝ စိတ်လွတ်သွားပြီဖြစ်ပြီး အဆက်မပြတ် အော်ဟစ် ဆဲဆိုနေတော့သည်။
ဤတစ်ခေါက် လာရသည်မှာ နားရွက်လည်း ဆုံးရှုံးရသည်၊ ဂိုဏ်းဝင်များလည်း ဆုံးရှုံးရသည်၊ ဂုဏ်သိက္ခာလည်း ဆုံးရှုံးရ၏။ အတိုချုပ်ဆိုရလျှင် အားလုံး ဆုံးရှုံးသွားခြင်းပင် ဖြစ်၏။
နောက်ဆုံး အရာအားလုံး ဆုံးရှုံးသွားပြီးနောက် ဟွမ်စန်းရုန်တွင် အော်ဟစ်သံများနှင့် အဆုံးမရှိသော မုန်းတီးမှုများ သာ ကျန်ရစ်တော့သည်။
ထို့နောက် ဖန်ကျန်းရီက ဟွမ်စန်းရုန်အတွက် သီးသန့် အခန်းတစ်ခု စီစဉ်ပေးခဲ့ပြီး သူ၏ ယခင် လက်အောက်ငယ်သားများ ကို လက်ခံတွေ့ဆုံစေ၏။
ချေးဂိုဏ်း၏ ကျန်ရှိသောဂိုဏ်းဝင်များသည် ပထမအသုတ် သန့်ရှင်းရေးအဖွဲ့ဝင်များ၏ တိုက်တွန်းမှုဖြင့် သတင်းကြားသည်နှင့် ချက်ချင်း ရောက်လာကြသည်။
မည်သို့ပင်ဖြစ်စေ အားလုံးက သာမန် အောက်ခြေ အလုပ်သမားများသာ ဖြစ်ကြသည်။ တူညီသော အလုပ်ကို လုပ်နေရသည် ဖြစ်ရာ မည်သူ့ထံ လုပ်လုပ် အတူတူပင် မဟုတ်ပါလား။
လုပ်အားခလည်း ပိုများသည်၊ အဝတ်အစား အသစ်များလည်း ရသည်၊ နှစ်တိုင်း သုံးရက်တာ ခရီးစဉ်လည်း ရှိသေး၏။ ဤသို့သော ဘဝမျိုးကို ယခင်က တွေးတောင် မတွေးရဲခဲ့ကြချေ။
ထို့ကြောင့် နောက်ရက်များတွင် ဟွမ်စန်းရုန်၏ အခန်းသို့ လာရောက်ပြီး တံတွေး ထွေးသူများ အဆက်မပြတ် ရှိနေပြီး တံခါးခုံပင် ဖွင့်ရလွန်း၍ ပြုတ်မတတ်ဖြစ်ရသည်။
အစကတော့ မည်သူမှ ဟွမ်စန်းရုန်၏ မျက်နှာကို တံတွေး မထွေးရဲကြပေ။ နောက်ပိုင်းတွင် ကျန်းပြောင်က သူ့ကို ခြံဝန်းထဲ ဆွဲထုတ်ပြီး ကိုယ်တိုင် နမူနာ ပြလိုက်မှသာ ပြုလုပ်ရဲကြခြင်းပင်။ ထို့အပြင် လူများလာသဖြင့် သတ္တိ ရှိလာကြခြင်းလည်း ဖြစ်၏။
ပထမနေ့တွင် ဟွမ်စန်းရုန်က အဆက်မပြတ် အော်ဟစ် ဆဲဆိုနေသေးသော်လည်း နောက်ပိုင်းတွင်တော့ စကား မပြောတော့ချေ။
ဖန်ကျန်းရီ ပေးသော အစားအစာက သိပ်မကောင်း၍လား မသိပေ။ သူ စားချင်စိတ် လုံးဝ မရှိသကဲ့သို့ ဖြစ်နေပြီး ရေတစ်စက်၊ ထမင်းတစ်လုတ်မျှပင် မစားဟု ပြော၍ ရသည်။ တစ်ကိုယ်လုံး ပိန်ချုံးသွားပြီး စိတ်ပိုင်းဆိုင်ရာ အခြေအနေလည်း အရမ်း ဆိုးရွားနေသည်။
ရေတော့ မဆာချေ။ အဘယ်ကြောင့်ဆိုသော် အမြဲတမ်း တံတွေးဝင်နေသောကြောင့်ပင်။
နောက်ဆုံး ပဉ္စမမြောက်နေ့၌ ငရဲကဲ့သို့သော ဘဝကြီး အဆုံးသတ်သွားခဲ့၏။
ဟွမ်စန်းရုန်၏ တည်ရှိမှုတန်ဖိုး အားလုံးကို အပြည့်အဝ ညှစ်ထုတ်အသုံးပြုခဲ့ပြီး ဖြစ်သည်။
လူလေးထောင်ကျော်ခန့်သာ ဝင်လာကြသည်။ ဖန်ကျန်းရီ၏ ခန့်မှန်းချက်အရ မြို့တော်၏ ချေးသယ်သမား လိုအပ်ချက်ကို ဖြည့်ဆည်းရန် အနည်းဆုံး လူတစ်သောင်းခွဲခန့် ရှိမှ ရမည်။
ကြည့်ရသည်မှာ ဟွမ်စန်းရုန်၏ အဓိ အင်အားက မြောက်မြို့တော်စောင့်တပ် အုပ်ချုပ်သောနယ်မြေ၌သာ ရှိမည်ဟု ထင်ရသည်။
သို့သော်လည်း ဤမျှ လူအများကြီး ဝင်လာခြင်းကပင် အတော်လေး ကျေနပ်လောက်စရာဖြစ်သည်။ နောက်ပိုင်း တဖြည်းဖြည်း ရောက်လာသော ချေးဂိုဏ်းဝင်များကိုမူ အဖွဲ့ဝင် အခမ်းအနား လုပ်ပေးစရာ မလိုတော့ချေ။
နောက်ဆုံးကျန်ခဲ့သော မူလ ချေးဂိုဏ်းဝင် အနည်းငယ်ကြားထဲတွင် မကျေနပ်သောအသံများ အများကြီး ထွက်ပေါ်လာသည်။ နာမည်ကြီး ချေးဂိုဏ်းခေါင်းဆောင်ကြီး၏ မျက်နှာကို ကိုယ်တိုင် တံတွေး မထွေး လိုက်ရခြင်းမှာ တစ်သက်လုံး နောင်တရစရာပ ဖြစ်သည် ဟူ၍ပင်။
...
သာယာလှပသော နေရောင်ခြည်နှင့် မနက်ခင်း တစ်ခုတွင် ….
ဖန်ကျန်းရီ၊ ကျန်းပြောင်၊ ဟွမ်စန်းရုန် သုံးယောက်သား ဖန်အိမ်တော်၏ ခြံဝန်းထဲ၌ ထိုင်နေကြသည်။
စားပွဲပေါ်တွင် လက်ဖက်ရည်အိုး တစ်အိုး ရှိပြီး အငွေ့များ တစ်ချက်တစ်ချက် ထွက်ပေါ်နေ၏။
ဟွမ်စန်းရုန်က သက်ကြီးရွယ်အို ဘုန်းတော်ကြီး တစ်ပါး တရားထိုင်နေသကဲ့သို့ မျက်နှာပေါ်၌ မည်သည့်ခံစားချက်မှ မရှိပေ။
ဖန်ကျန်းရီ ကြည့်ရင်း ရယ်ချင်လာသော်လည်း အရမ်း ယုတ်မာလွန်းသည်ဟု ထင်သဖြင့် အောင့်ထားလိုက်သည်။
ယခုအချိန်တွင် ဟွမ်စန်းရုန်သည် ငါးရက်တိုင်တိုင် လူသားတို့၏ အနှစ်သာရများဖြင့် ပြုစုပျိုးထောင်ခံရမှု၊ အချိန်ကြာမြင့်စွာ ရေဓာတ် ဖြည့်တင်းမှု၊ မျက်နှာပေါင်းတင်မှုတို့ကြောင့် တစ်ကိုယ်လုံးက ယခင်ကထက် ပိုမို ဖြူဖွေး နူးညံ့လာပြီး မျက်နှာပေါ်ရှိ အသားအရည်ကလည်း ပိုမို ချောမွေ့လာသကဲ့သို့ ရှိ၏။
လူသတ်ချင်သော စိတ်များ လုံးဝ ပျောက်ကွယ်သွားပြီး စာပေပညာရှင် တစ်ယောက်အလား ပိန်သွားသည်။ ပို၍ပင် ချောမောလာသေး၏။ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိသည့် ပုံစံမျိုးလည်း မပေါက်ချေ။
ဖန်ကျန်းရီက သူ့ကို လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးကာ ပြုံးလျက် မေးလိုက်သည်။ “ငါ့ကို မုန်းလား။”
ဟွမ်စန်းရုန်က ခေါင်းခါလိုက်၏။ “မမုန်းပါဘူး။ အတိတ်က ကိစ္စတွေက မီးခိုးငွေ့တွေလိုပါပဲ။ အခု ငါ အိမ်ပြန်ချင်ရုံလေးပဲ ရှိတော့တယ်။”
“ကောင်းပြီ။ မင်း သွားလို့ ရပြီ။ ဒါပေမဲ့ မသွားခင် မင်းကို မေးစရာ ကိစ္စတစ်ခု ရှိသေးတယ်။ မင်းရဲ့ ကျောထောက်နောက်ခံ က ဘယ်သူလဲ။”
ဤမေးခွန်းကို ဖန်ကျန်းရီက သိပ်သိချင်နေသည်တော့ မဟုတ်ပေ။ မြို့တော်ထဲတွင် သူနှင့် ကြီးမားသော ရန်ငြိုး ရှိသူ မရှိကြောင်း သေချာလှ၏။
မည်သူနှင့်မှလည်း ကြီးမားသော အကျိုးစီးပွား ပဋိပက္ခမျိုး မရှိခဲ့ချေ။
ဟွမ်စန်းရုန် ဆိုသော လူမိုက်က သူများနာမည်ကို အသုံးချပြီး ကိုယ်ပိုင် ရန်ငြိုးကို ဖြေရှင်းရန် လာခြင်းသာ ဖြစ်နိုင်ခြေ အများဆုံးပင်။
ဟွမ်စန်းရုန်က လက်ဖက်ရည် တစ်ကျိုက် သောက်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်မှောင်ကြုတ်လျက် အနည်းငယ် တွေဝေနေပုံရ၏။
အချိန်အတော်ကြာမှ ဖြေလိုက်သည်။ “ဝူမင်းသား...”
“ဝူမင်းသား။” ဖန်ကျန်းရီ မျက်မှောင်ကြုတ်သွား၏။
ဤသည်မှာ မြို့တော်ထဲ ဝင်လာကတည်းက ဝူမင်းသား ဆိုသော နာမည်ကို ဒုတိယအကြိမ် ကြားရခြင်းပင်။ ယခင်တစ်ခေါက်က လျှို့ဝှက်ရနံ့စံအိမ်တွင် ကြားခဲ့ရခြင်း ဖြစ်သည်။
သူ့အမြင်တွင် ဝူမင်းသားက အသုံးမကျသောသူ တစ်ယောက်သာ ဖြစ်၏။ တောက်ယွမ်ခရိုင်၏ အရက်ဖြူ လုပ်ငန်းက ဝူမင်းသားနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ဝူမင်းသား ဘက်က အမြဲတမ်း သာမန်သာ ရှိခဲ့၏။
သို့သော်လည်း လျှို့ဝှက်ရနံ့စံအိမ်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်သည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီ စိတ်ထဲတွင် အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိခဲ့သော်လည်း အများကြီးတော့ မတွေးခဲ့ချေ။ ထိုသူက ပြည့်တန်ဆာရုံ စီမံခန့်ခွဲခြင်းကို ကျွမ်းကျင်၍ဖြစ်နိုင်သည်။
ချေးဂိုဏ်းက ဝူမင်းသားနှင့် အဆက်အသွယ် ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ထိုသို့ဆိုလျှင်တော့ သာမန် မဟုတ်တော့ချေ။
ဤအောက်ခြေ လုပ်ငန်းများက သာမန်ဟု ထင်ရသော်လည်း ကြီးမားသော စွမ်းအားများကို ဖန်တီး ပေးနိုင်သည်။
ပြည့်တန်ဆာရုံကို ထောက်လှမ်းရေး ဌာန တစ်ဝက်ဟု သဘောထား၍ရသကဲ့သို့ ချေးဂိုဏ်းကလည်း အောက်ခြေတွင် ကြီးမားသော လှုပ်ရှားနိုင်စွမ်း ရှိ၏။
ထိုသို့ဆိုလျှင် ဝူမင်းသားက သူ ယခင်က ထင်ထားသကဲ့သို့ မရိုးရှင်းသည်မှာ သေချာသွားပြီ ဖြစ်သည်။
ထို့အပြင် ဝူမင်းသားက တောက်ယွမ်ခရိုင်သို့ တစ်ခါမှ မလာဖူးချေ။ သို့သော်လည်း အိမ်တော်ထိန်းမှ တစ်ဆင့် တောက်ယွမ်ခရိုင်ကို အတော်လေး နားလည်နိုင်မည်မှာ သေချာ၏။
ထိုသို့ဆိုလျှင် သူ မြို့တော်ဆီရောက်မှ အဘယ့်ကြောင့် ဤသို့လုပ်ရသနည်း။
“ဝူမင်းသားက ငါ့ကို ဒုက္ခပေးဖို့ လွှတ်လိုက်တာလား။”
ဟွမ်စန်းရုန်က ခေါင်းခါပြီး ခါးသီးစွာ ပြုံးလိုက်သည်။ “မဟုတ်ပါဘူး ….. ငါ ဝူမင်းသားကို မတွေ့ဖူးပါဘူး။ အိမ်တော်ထိန်း က စကားပါးတာချည်းပဲ။ ဟူး... ငါ့ကို မင်းအခြေအနေ စုံစမ်းခိုင်းတာလောက်ပါ။ တခြား ရည်ရွယ်ချက်ဆိုး မရှိပါဘူး။ ဒါပါပဲ။”
ဟုတ်ပေ၏။ ထိုအရာက ကိုက်ညီမှု ရှိသည်။ သို့သော်လည်း ဤသို့ အစောင့်ကြည့်ခံနေရသည့် ခံစားချက်က တကယ်ကို အဆင်မပြေချေ။
“ဘယ်လိုလဲ ….. ဒီတစ်ခေါက် ကျရှုံးသွားတော့ ပြန်သွားရင် ဝူမင်းသားကို ဘယ်လို ရှင်းပြမလဲ။”
ဟွမ်စန်းရုန်က ထပ်မံ ခေါင်းခါလိုက်ပြန်၏။ “မသိဘူး။ အိမ်တော်ထိန်း လာရှာတာကို စောင့်ရမှာပဲ။ ဒါပေမဲ့ ငါ့ကို လာရှာမှာ မဟုတ်တော့ဘူး။ ပြဿနာက ဒီလောက်ကြီးနေတာ တခြားနေရာကနေ ငါ့သတင်းကို သိလောက်ပါပြီ။ ထပ်မေးနေလည်း အဓိပ္ပာယ် မရှိတော့ပါဘူး။”
“ချေးဂိုဏ်းလည်း မရှိတော့ဘူးဆိုတော့ နောက်ပိုင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ။”
“ဘုန်းကြီး ဝတ်မယ်။”
“မိန်းမနဲ့ ကလေးတွေကရော။”
“အိမ်မှာ ပိုက်ဆံ နည်းနည်း ရှိပါသေးတယ်။ စိတ်ပူစရာ မလိုပါဘူး။”
ဖန်ကျန်းရီ ခေါင်းညိတ်လိုက်ပြီး မျက်လုံးထဲတွင် အလင်းရောင် တစ်ချက် ဖြတ်ပြေးသွား၏။ ကြည့်ရသည်မှာ ဤဟွမ်စန်းရုန်ကို အမြစ်ဖြတ်ခြင်းက အောင်မြင်သွားပြီ ဖြစ်သည်။
“ကောင်းပြီ။ မင်း အခု သွားလို့ ရပြီ။ ဒါပေမဲ့ မသွားခင် လုပ်ရမယ့် ကိစ္စတစ်ခု ရှိသေးတယ်။ ဒီနေ့ကစပြီး ဝူမင်းသားဘက်က မင်းဆီ ပေးပို့တဲ့ သတင်းတွေ အကုန်လုံး ငါ သိရမယ်။ အိမ်တော်ထိန်းက မင်းကို ပြောတဲ့ စကားတိုင်း အပါအဝင်ပေါ့။ မင်းကလည်း ငါ့အတွက် သတင်းတွေ ပိုရအောင် ကြိုးစားပေးရမယ်။ နားလည်လား။”
ဟွမ်စန်းရုန်က တစ်ချက်မျှ မစဉ်းစားဘဲ ခေါင်းခါလိုက်၏။ “မဖြစ်နိုင်ဘူး။ ဝူမင်းသား သိသွားရင် ငါ သေချာပေါက် သေမှာပဲ။
မြောက်ဘက် မြို့တော်မှာ မင်းရဲ့ အိမ်တစ်လုံး ရှိတယ်။ ကိုယ်လုပ်တော် နှစ်ယောက် တိတ်တဆိတ် ယူထားတယ်။ မင်းရဲ့ရန်တွေ့တတ်တဲ့ မိန်းမကြီးက တောင်ဘက် မြို့တော်မှာ နေတယ်။ အိမ်မှာ သားသုံးယောက် ရှိတယ်။ တစ်ယောက်က ဆယ့်လေးနှစ်။ နှစ်ယောက်က ကျောင်းတက်နေတယ်။ သမီး နှစ်ယောက်လည်း ရှိသေးတယ်။ အိမ်ထောင် မပြုရသေးဘူး။”
ဖန်ကျန်းရီက တစ်ခုချင်းစီ တည်ငြိမ်စွာ ပြောပြလိုက်သည်။
“သူတို့အကုန်လုံးကို အခု ပန်းရှန်းရပ်ကွက်ကို ခေါ်လာပြီ။ မင်းရဲ့ ကလေးတွေ ကျောင်းတက်ရမယ့်သူ ကျောင်းတက်၊ သမီးတွေက အိမ်မှာ ကောင်းကောင်း စားသောက်နေရတယ်။ မိန်းမနဲ့ ကိုယ်လုပ်တော်တွေက ဆေးခန်းမှာ ရှိတယ်။ ဆေးဖိုးကို ငါ ရှင်းပေးလိုက်ပြီ။”
“ဖန်ကျန်းရီ။ မင်း ယုတ်မာတယ်။” ဟွမ်စန်းရုန် ချက်ချင်း ဒေါသပေါက်ကွဲသွား၏။
“မင်း ငါ့ကို သိတာ ပထမဆုံးနေ့မှ မဟုတ်တာ။”
ဟွမ်စန်းရုန်၏ မူလ တည်ငြိမ်နေသော စိတ်ထားက ပျက်စီးသွားသည်။ ၇ နှစ်ခန့် အချိန်ကြာသွားပြီးနောက် ဖန်ကျန်းရီ ဤမျှ အောက်တန်းကျသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ခဏအကြာတွင် သူက ပြုံးပြီး ခေါင်းခါယမ်းကာ ပြောလိုက်သည်။ “ဟားဟား … ငါ သဘောမတူဘူး။”
“မင်း ငါ့မိန်းမနဲ့ ကလေးတွေကို လုံးဝ မထိရဲဘူး။ မင်း လုပ်မရက်ဘူး ဆိုတာ ငါ သိတယ်။ အရင်က ဟန်ကျန်းမြို့မှာ မိဘမဲ့ ကလေးတွေကို လိုက်ကောက်တည်းက မင်းက ဒီလိုလူမျိုး မဟုတ်ဘူး ဆိုတာ ငါ သိတယ်။ ပြီးတော့ ဂိုဒေါင်ထဲမှာတုန်းက ဦးလေးကြီးသုံးယောက်ကို မင်း အရမ်း ဂရုစိုက်တာ ငါ သေချာ မြင်ခဲ့ရတယ်။”
ဖန်ကျန်းရီက တည်ငြိမ်စွာ ပြောလိုက်၏။ “ဟုတ်တယ်။ မင်း ငါ့ကို တော်တော် နားလည်သားပဲ။ ငါ သူတို့ကို မသတ်ပါဘူး။ ဒါပေမဲ့ မင်း မိန်းမနဲ့ ကိုယ်လုပ်တော်တွေကို အကြိမ်ကြိမ် နောက်အိမ်ထောင် ထပ်ပြုခိုင်းလို့ ရတယ်။ မင်းရဲ့ ကျောင်းတက်နေတဲ့ ကလေး နှစ်ယောက်ကို နေ့တိုင်း အတန်းဖော်တွေက ရိုက်နှက်ဆဲဆိုအောင် လုပ်လို့ ရတယ်။ ကြီးလာရင် ချေးသယ်ဖို့တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိအောင် လုပ်လို့ ရတယ်။ မင်း စဉ်းစားကြည့်အုံး။”
ဟွမ်စန်းရုန်၏ မျက်နှာတစ်ခုလုံး တောင့်တင်းသွား၏။ နှစ်အနည်းငယ် မတွေ့ရသည်နှင့် ဖန်ကျန်းရီ၏ ယုတ်မာသော အတိုင်းအတာက ကန့်သတ်ချက်ကိုပင် ချိုးဖောက်သွားလေသည်။
မိန်းမများ နောက်အိမ်ထောင် ပြုခြင်းက ပြဿနာ မဟုတ်ချေ။ သို့သော်ငြား ကလေးများ နေ့တိုင်း အရိုက်ခံ ရခြင်းကတော့ မဖြစ်နိုင်ပေ။
အချိန်အတော်ကြာ ချိန်ဆပြီးနောက် ဟွမ်စန်းရုန်က လေးနက်သော အသံဖြင့် ပြောလိုက်၏။ “ကောင်းပြီ။ ငါ သဘောတူတယ်။ ဒါပေမဲ့ ငါ့မိသားစုကို အရင် တွေ့ချင်တယ်။”
“ရတယ်။ မင်းရဲ့မိန်းမကြီးနဲ့ အရင် တွေ့ခွင့်ပေးမယ်။”
“ဒါဆို မလိုတော့ဘူး။ ငါ အခုပဲ သွားတော့မယ်။”