← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 8 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 8 Ch. 115-116

အပိုင်း (၁၁၅) နတ်လက်နက် ပေါ်ထွက်လာခြင်း။

ညီလာခံတွင် အမတ်များက ကျန်းမြစ်ရေကြီးမှုကြောင့် ရိက္ခာအထွက်နှုန်း ကျဆင်းသွားမည့် ကိစ္စနှင့် ပတ်သက်၍ အပြင်းအထန် ဆွေးနွေးနေကြသည်။

ကျန်းမြစ် ဆိုသည်မှာ တောင်ပိုင်း၏ စပါးကျီ ဖြစ်ပြီး ရေဘေးဒဏ်ကြောင့် စပါးကျီ အများအပြား ပျက်စီးသွားရုံသာမက အရေးအကြီးဆုံးမှာ ယခုနှစ် အထွက်နှုန်းကိုပါ ထိခိုက်ခဲ့ခြင်း ဖြစ်၏။

ယခုနှစ် တောင်ပိုင်းတွင် ရိက္ခာပြတ်လပ်မှုများ သေချာပေါက် ဖြစ်လာမည်မှာ အသေအချာပင်။

ကျင်းဘုရင်က အောက်တွင် ငြင်းခုံနေကြသော အမတ်များကို ကြည့်ရင်း ခေါင်းကိုက်နေရှာ၏။

ဖန်ကျန်းရီကတော့ အေးအေးဆေးဆေးပင် ဖြစ်သည်။

လီယွမ်ကျောက်၏ တိုးတက်မှုက အလွန်မြန်ဆန်လှသည်။ သန့်ရှင်းရေးအဖွဲ့၏ ခေါင်းဆောင်အနေဖြင့် လမ်းကြိုလမ်းကြားများတွင် လိုအပ်ချက်များကို စစ်ဆေးလေ့ ရှိ၏။

တစ်ချိန်တည်းမှာပဲ အလှည့်ကျ စနစ်များကိုလည်း လီယွမ်ကျောက်က တာဝန်ယူထားသည်။

သန့်ရှင်းရေးအဖွဲ့၏ လက်ရှိ အရွယ်အစားမှာ လူလေးထောင် နီးပါး ရှိနေပြီကို သိထားရမည်။ လုပ်ငန်း နယ်ပယ်မှာ ပန်းရှန်းရပ်ကွက်သာမက ဘေးပတ်ဝန်းကျင် ရပ်ကွက် ဆယ်ခုကျော်အထိ ကျယ်ပြန့်လာ၏။

ဤမျှကြီးမားသော အလုပ်ပမာဏမှာ အလွန် ခက်ခဲလှပြီး လီယွမ်ကျောက် လက်အောက်ရှိ လူအများစုမှာ စာမတတ်၊ ပညာမတတ်သူများသာ ဖြစ်ကြသည်။

အစကတော့ မြို့စောင့်တပ်ထံ အကူအညီ တောင်းရန်နှင့် ကျွမ်းကျင်သူအချို့၏ အကူအညီ လိုအပ်ကြောင်း စဉ်းစားခဲ့သော်လည်း ဖန်ကျန်းရီက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့၏။

ခေါင်းဆောင် လုပ်သည်မှာ ရက်ပိုင်းမျှသာ ရှိသေးသည်ကို အောက်သို့ အကူအညီ တောင်းခံနေလျှင် မည်သို့ ဆက်လုပ်၍ ရတော့မည်နည်း။

လီယွမ်ကျောက်လည်း ဘာမှထပ်မပြောတော့ဘဲ စိတ်ကောက်ကာ ပြန်သွားပြီး အဖွဲ့ထဲမှ အတွေ့အကြုံရှိသူ အချို့ကို ရွေးချယ်ကာ အခြေအနေကို ယာယီ ထိန်းချုပ်ထားနိုင်ခဲ့၏။ သေချာသည်ကတော့ ဖန်ကျန်းရီ၏ လျှို့ဝှက် အကူအညီများလည်း ပါဝင်ပြီး လက်ရှိတွင် ပိုမို ချောမွေ့လာပြီ ဖြစ်သည်။

မီးပုံပွဲရင်ပြင်၌ မဲဖောက်သည့် လှုပ်ရှားမှုကို တစ်ပတ် တစ်ကြိမ်သို့ ပြောင်းလဲလိုက်ပြီး ပြည်သူများ၏ သင်ယူမှု တိုးတက်နှုန်းမှာလည်း အလွန် ကောင်းမွန်သည်။ အများစုက တစ် မှ ကိုး အထိ ရေးတတ်လာကြပြီး နောက်ပိုင်း ဆယ် မှ ရာ အထိ ဂဏန်း စည်းမျဉ်းများကိုလည်း နားလည်လာကြ၏။

မည်သို့ပင်ဖြစ်စေ ကုန်ကျစရိတ် မရှိသော လောင်းကစားကို မည်သူက မပါဝင်ချင်ဘဲ နေမည်နည်း။

နောက်ပိုင်း ဖန်ကျန်းရီက နောက်ထပ် နှစ်ကြိမ်ခန့် ပြုလုပ်ပြီး ရပ်နားရန် ပြင်ဆင်ထားသည်။ မည်သို့ပင်ဖြစ်စေ အားလုံး လေ့လာပြီးသွားကြပြီ ဖြစ်၏။ ရပ်ကွက်တွင်း ပြည်သူများ၏ သန့်ရှင်းရေး အလေ့အထများလည်း တိုးတက်လာပြီဖြစ်ရာ နောက်ပိုင်းတွင် တခြား လှုပ်ရှားမှုများသို့ ပြောင်းလဲနိုင်ပြီ ဖြစ်သည်။

အရေးအကြီးဆုံးမှာ တောက်ယွမ်ခရိုင်မှ ပထမဆုံး ကန်စွန်းဥများ ထွက်ပေါ်လာခြင်းပင်။

တောက်ယွမ်ခရိုင်မှ ဖန်ကျန်းရီထံသို့ စာနှင့်အတူ ကန်စွန်းဥ တစ်ချို့ကို ပို့ပေးခဲ့သည်။ ထိုကန်စွန်းဥများမှာ အရွယ်အစား သေးငယ်ပြီး သူ မှတ်မိနေသည်နှင့် သိပ်မတူသလို ယခင်ဘဝက စားခဲ့ဖူးသလောက်လည်း မချိုမြိန်ပေ။

မျိုးစိတ်က အလွန် ရှေးကျနေသေး၍ ဖြစ်လောက်မည်။ သို့သော်ငြား ကံကောင်းသည်မှာ တောက်ယွမ်ခရိုင်က စာထဲတွင် တစ်ဧကကို ပိဿာတစ်ထောင် ထွက်သည်ဟု ပြောထားသဖြင့် ဖန်ကျန်းရီ သက်ပြင်း ချနိုင်သွားသည်။

ကန်စွန်းဥက အရေးကြီးသော ကိစ္စ ဖြစ်၏။ အထွက်နှုန်း ပြဿနာ လုံးဝ အမှားခံ၍ မဖြစ်ချေ။

ဖန်ကျန်းရီက တောက်ယွမ်ခရိုင်တွင် အသစ်အဆန်းများ၊ စီးပွားရေး ပုံစံသစ်များကို အများကြီး ဖန်တီးခဲ့သော်လည်း အခြေခံအားဖြင့်မူ လူနည်းစုလေးကိုသာ အကျိုးခံစားခွင့် ရစေခဲ့ခြင်း ဖြစ်သည်။ တောက်ယွမ်ခရိုင် ဖွံ့ဖြိုးတိုးတက်လာခြင်းက အဆင့်မြင့် ကုန်ပစ္စည်းများနှင့် သူဌေးများထံမှ အမြတ်ထုတ်နေခြင်း သတ်သတ်သာ ဖြစ်၏။

စက်မှုလက်မှု လုပ်ငန်းများကိုသာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေခြင်းက ကိုယ့်ကိုယ်ကိုယ် လှည့်စားနေခြင်း ဖြစ်သည်။ သူဌေးများထံမှ အမြတ်ထုတ်ပြီး သူဌေးသစ်များ ဖန်တီးသည်။ သူဌေးများက ဆင်းရဲသားများထံမှ ထပ်မံ၍ အမြတ်ထုတ်ကြပြန်သည်။

ကိတ်မုန့်ကို မကြီးအောင် လုပ်နိုင်လျှင် အချည်းနှီးဖြစ်သော ကစားပွဲ တစ်ခုသာ ဖြစ်သွားပေမည်။ ဤကမ္ဘာကြီးက ငရဲပြည် တစ်ခု ဖြစ်နေဆဲပင်။

လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရန် ရှေးဦးစွာ ပြည်သူများကို ဗိုက်ဝအောင် ကျွေးနိုင်ရန် လိုအပ်သည်။ အထွက်နှုန်းကောင်းသော ကန်စွန်းဥ ရှိလာလျှင် ဝက်မွေးမြူရေး လုပ်ငန်းလည်း ဤအခွင့်အရေးကို ယူပြီး ဖွံ့ဖြိုးလာနိုင်၏။

ဖန်ကျန်းရီက တောက်ယွမ်ခရိုင်၏ ဝက်မွေးမြူရေး နည်းလမ်းကို ဖြန့်ဖြူးရန် မစဉ်းစားခဲ့ဖူးသည် မဟုတ်ချေ။ သို့သော်လည်း ထိုနည်းလမ်းက ဘာအဓိပ္ပာယ်မှ မရှိပေ။ ပြည်သူများ ကိုယ်တိုင်ပင် စားစရာ မရှိသည်ကို ဝက်ကျွေးရန် စားစရာ မည်သည့်နေရာတွင် ရှိမည်နည်း။

သို့ပေမည့် ကန်စွန်းဥ ရှိလာလျှင်မူ အရာအားလုံး ပြောင်းလဲသွားပြီ ဖြစ်၏။ ဝက်မွေးခြင်း၊ ကြက်မွေးခြင်းများလည်း အကြီးအကျယ် တိုးတက်လာနိုင်သည်။ ကစီဓာတ်ချည်းသာ စားနေရလျှင် ပြည်သူများ၏ ခြေလက်တို့ အားရှိမည် မဟုတ်ချေ။

ပြည်သူများကို အဆီနှင့် ပရိုတင်းဓာတ်များ ပိုစားစေမှသာ ခန္ဓာကိုယ် သန်စွမ်းလာနိုင်မည်။

ထိုအချိန်ကျမှသာ တိုင်းပြည်၏ စစ်သည်များသည် ပြည်သူများ မစဉ်းစားဖူးသော နေရာများ၊ ကျယ်ပြောလှသော သမုဒ္ဒရာများ၊ အဆုံးအစမရှိသော ရတနာများကို ရှာဖွေနိုင်ရန် ခွန်အား ရှိလာကြမည်။

ရိက္ခာဆိုသည်မှာ အရာအားလုံး၏ အခြေခံပင် ဖြစ်သည်။ ဆင်းရဲသားများကလည်း အသက်ရှင်နေသော သွေးနှင့် သားနှင့် လူများပင် ဖြစ်ကြသည်။ လယ်စိုက်ခြင်းနှင့်ပင် ခွန်အားများ ကုန်ခန်းနေကြပြီ ဖြစ်၏။ ပင်ပန်းနွမ်းနယ်နေသည့် အချိန်တွင် အတင်းအကျပ် ခိုင်းစေခြင်းက သေလမ်းသို့ သွားခြင်းနှင့် အတူတူပင် ဖြစ်သည်။

ဖန်ကျန်းရီက တောက်ယွမ်ခရိုင်၌သာ ဤသို့ လုပ်ရဲသည်။ အဘယ်ကြောင့်ဆိုသော် လူအနည်းငယ်သာ ရှိသောကြောင့် ဖြစ်၏။

ယခု ကန်စွန်းဥ ရှိလာပြီဖြစ်ရာ ဖန်ကျန်းရီ မည်သို့ ငြိမ်နေနိုင်တော့မည်နည်း။

ယခင်က ကန်စွန်းဥ၊ အာလူးများကို လူလွှတ်ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ရခြင်းမှာ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင် လိမ်ညာ၍ ရသေးသည်။

ယခုတော့ အကုန် စိုက်ပျိုးနိုင်ပြီဖြစ်ရာ ကိုယ်ကျင့်တရားကို အသက်နှင့်ထပ်တူ မြတ်နိုးသော သူ …. ဖန်ကျန်းရီက ဆင်းရဲသားများ ငတ်မွတ်နေသည်ကို အဘယ်သို့ ထိုင်ကြည့်နေနိုင်မည်နည်း။

ဤတစ်ကြိမ် ညီလာခံတွင် အပြင်းအထန် ဆွေးနွေးနေခြင်းက ကစွန်းဥ ဖြန့်ဖြူးရန် အခွင့်အကောင်း တစ်ခုပင် ဖြစ်၏။

တောင်ပိုင်း၏ ရိက္ခာဘေးက ရှောင်လွှဲ၍ မရနိုင်တော့ချေ။ ကန်စွန်းဥက ယခုနှစ် ကျန်းမြစ်၏ ရိက္ခာဘေးကို မဖြေရှင်းနိုင်သော်လည်း နောက်နှစ်၏ အရေးပေါ် လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်သည်။ အပြည့်အဝ ဖြန့်ဖြူးနိုင်ရန်အတွက်မှာတော့ နှစ်အနည်းငယ် အချိန်ယူရဦးမည်။

သို့သော်လည်း သူဌေးကြီးများ၏ အိမ်တွင် သိုလှောင်ထားသော ရိက္ခာများက မနည်းချေ။ အားလုံး ခါးပတ်လေး အနည်းငယ် တင်းပြီး ဘဝကို အတူတူ ဖြတ်သန်းသွားကြလျှင် လူများစွာ သေကြေမည် မဟုတ်ပေ။

စိုးရိမ်ရသည်မှာ သူဌေးကြီးများက စျေးကောင်းရအောင် စောင့်ဆိုင်းနေမည်ကိုပင်။ ထို့အပြင် ဤသို့သော ကိစ္စမျိုးက သေချာပေါက် ဖြစ်လာမည်သာ။

အကယ်၍ ကိုယ်တိုင စားရန် သိုလှောင်ထားခြင်းဆိုလျှင် ကိစ္စမရှိပေ။ သို့သော်ငြား ဤအခွင့်အရေးကို ယူပြီး ဆင်းရဲသားများ၏ ကုပ်သွေးကို စုပ်ရန် ပြင်ဆင်နေခြင်းဆိုလျှင်တော့ ပြဿနာပင်။

တကယ်တော့ ဖန်ကျန်းရီ၏ စိတ်ကူးအရဆိုလျှင် ရိက္ခာစျေးတက်ခြင်းမှာလည်း ကိစ္စမရှိလှချေ။ စျေးကွက်က နောက်ဆုံးတော့ အလိုအလျောက် ထိန်းညှိသွားမည်သာ ဖြစ်သည်။

သို့ပေမည့် ဤသည်မှာ ရှေးခေတ်ပင် ဖြစ်၏။ တကယ့်ကို လူသေနိုင်သည်။ ငတ်သေသွားသော ပြည်သူများက နောက်ဆုံးတော့ ရုံးတော်၌ ကိန်းဂဏန်း တစ်ခု အနေဖြင့်သာ ရောက်သွားမည်။

အကယ်၍ စျေးကွက် အလိုအလျောက် ထိန်းညှိရန် စောင့်ဆိုင်းနေမည်ဆိုလျှင် အများကြီး အရင်သေဆုံးသွားပြီး အလောင်းများ နေရာအနှံ့ ပြည့်နှက်နေလိမ့်မည်။ ကန်စွန်းဥဖြင့် ဖိအားပေးမှ ရပေမည်။

ဆွေးနွေးမှုများ အလွန် ပြင်းထန်နေပြီ ဖြစ်ကြောင်း မြင်ချိန်မှာတော့ …

ဖန်ကျန်းရီက ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာပြီး အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။

တောက်ယွမ်ခရိုင်မှာ အထွက်နှုန်း မြင့်မားတဲ့ ကောက်ပဲသီးနှံ တစ်မျိုး ရှိပါတယ်။ ဒီအရာက အထွက်နှုန်း အရမ်းကောင်းပြီး အကြီးမြန်ပါတယ်။ မကြာသေးခင်ကမှ စိုက်ပျိုး အောင်မြင်ခဲ့တာပါ။ ရိက္ခာဘေးကို ဖြေရှင်း နိုင်ပါလိမ့်မယ်။”

တစ်ခဏအတွင်း ရုံးတော်ကြီး တိတ်ဆိတ်သွားပြီး လူတိုင်း၏ သံသယဖြစ်ဖွယ် အကြည့်များက ဖန်ကျန်းရီထံသို့ ရောက်လာ၏။

ဤကောင်လေးသည် ပုံမှန်ဆိုလျှင် စကားမပြောချေ။ စကားပြောလျှင်လည်း မြှောက်ပင့်ခြင်းသာ ပြုလုပ်လေ့ ရှိသည်။ ဤအချိန်ကျမှ ကြီးကြီးကျယ်ကျယ် ထွက်ပြောရဲသည်လား။

ကျင်းဘုရင်၏ စိတ်ထဲတွင်လည်း လှုပ်ရှားသွားသည်။ သို့ကြောင့် လေးနက်စွာ ပြောလိုက်သည်။ “ဖန်အမတ် အသေးစိတ် ပြောပြစမ်း။”

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး။ ဒီအရာကို စွမ်းရှီ ကန်စွန်းဥ လို့ ခေါ်ပါတယ်။ တစ်ဧကကို ပိဿာ ရှစ်ရာလောက် ထွက်နိုင်ပါတယ်။ ပြီးတော့ တစ်လ ကနေ နှစ်လ အတွင်း စားလို့ရပါပြီ။ အရွက်နဲ့ ရိုးတံကနေ အသီးအထိ အကုန် စားလို့ ရပါတယ်။

အရေးအကြီးဆုံးက စွမ်းရှီ ကန်စွန်းဥက မိုးခေါင်ရေရှားဒဏ်နဲ့ မြေဆီလွှာ ညံ့ဖျင်းတာကို ခံနိုင်ရည် ရှိပါတယ်။ အဲဒါကြောင့် ဒီနတ်လက်နက်က မြေမရွေးဘူးလို့ ပြောလို့ ရပါတယ်။ တောင်ပေါ်မှာ ပစ်ထားရင်တောင် အထွက်နှုန်း ရှိပါလိမ့်မယ်။

ဒီလို နတ်လက်နက် ရှိလာတာက အရှင်မင်းကြီးရဲ့ ကြိုးပမ်းအားထုတ်မှု၊ စောစောထ နောက်ကျမှ အိပ်ပြီး တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အလုပ်လုပ်ပေးမှုတွေကြောင့်ပါ။ ပြည်သူတွေရဲ့ ကံကောင်းမှု၊ လူတိုင်းရဲ့ ကံကောင်းမှုပါပဲ။”

ကော်ထျန်းယန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အင်္ကျီလက်ထဲရှိ လက်များလည်း အဆက်မပြတ် တုန်ရီ လာ၏။

ဤစကားများ ထွက်လာချိန်၌မူ အမတ်များ အားလုံး အံ့အားသင့်သွားကြသည်။ အစပိုင်း၌ မမြှောက်ပင့်ဘူးဟု သူတို့ ထင်မှတ်ထားကြသည်။ သို့ပေမည့် အစာပိတ်လေး ဝင်ကာ မြှောက်ပင့်သွားလေသည်။

လီယန်စုန်က နေရာမှာတင် အသံထွက်လာ၏။ “ဖန်ကျန်းရီ …. မင်းပြောတာ တကယ်လား။ ဒီကိစ္စ လျှောက်ပြောလို့ မရဘူးနော်။”

ကျင်းဘုရင်က သံသယရှိသော်လည်း ဖန်ကျန်းရီက အသစ်အဆန်းများ အမြဲ ဖန်တီးလေ့ရှိကြောင်း တွေးမိသောကြောင့် စိတ်ထဲတွင် မျှော်လင့်ချက်များ ဖြစ်ပေါ်လာသည်။

ထို့ကြောင့် အလောတကြီး မေးလိုက်၏။ “ဖန်အမတ် …. ဒီအရာက ဘယ်မှာလဲ။ မြန်မြန် ဆက်သစမ်း။”

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ မရှိပါဘူး။”

ကြီးမားသော မကျေနပ်မှုကြီးတစ်ခုက ညီလာခံ တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားပြီး လူတိုင်း၏ အကြည့်များက ဓားများအဖြစ် ပြောင်းလဲကာ ဖန်ကျန်းရီထံသို့ စူးစိုက်သွားကြသည်။

ခွေးကောင် … နောက်ပြောင်ရဲသေးသည်လား။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ဒီအရာက တောက်ယွမ်ခရိုင်မှာ ရှိပါတယ်။ ကျွန်တော်မျိုး အနားမှာတော့ မရှိပါဘူး။ ဒါပေမဲ့ စောစောက ပြောခဲ့တာတွေ အကုန်လုံး မှန်ကန်ကြောင်း အာမခံရဲပါတယ်။ အိမ်ရှေ့စံမင်းသားလည်း ဒီအရာကို မြင်ဖူးပါတယ်။”

လီယွမ်ကျောက်မှာ မကြာသေးမီက အရမ်း ပင်ပန်းထားပြီး ယနေ့ စောစောထရသောကြောင့် အနည်းငယ် အိပ်ငိုက်နေ၏။

ဖန်ကျန်းရီ စကားပြောသည်ကို ကြားသည်နှင့် ချက်ချင်း လန်းဆန်းသွားပြီး ထောက်ခံလိုက်သည်။ “ဟုတ်တယ်။ ဆရာဖန် ပြောတာ မှန်ပါတယ်။”

လူတိုင်း၏ အကြည့်များက ဖန်ကျန်းရီထံသို့ ထပ်မံ ရောက်သွားကြပြန်၏။

ဖန်ကျန်းရီက အေးအေးဆေးဆေးဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။ “အရှင်မင်းကြီး … ကျွန်တော်မျိုးမှာ တောင်းဆိုစရာလေး တစ်ခု ရှိပါတယ်။ မနက်ဖြန် ရုံးပိတ်ရက်ဆိုတော့ အရှင်မင်းကြီးနဲ့ အမတ်ကြီးတွေ ကိုယ်တိုင် နတ်လက်နက် ထွက်ပေါ်လာတာကို ကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။”

အပိုင်း (၁၁၆) မျက်နှာလိုက်သော မင်းသမီး။

“ဖန်အမတ်၊ မင်း ပြောတဲ့ စကားတွေအတွက် တာဝန်ယူရဲလား။” အလွန် ဝမ်းသာသွားပြီးနောက် ကျင်းဘုရင်၏ မျက်နှာက ပြန်လည် တည်ငြိမ်သွား၏။

ဤမျှ ကြီးကျယ်သော ကိစ္စကြီးက အမှားအယွင်းခံ၍ မရနိုင်ပေ။ အကယ်၍ အမတ်များ အားလုံးကို တောက်ယွမ်ခရိုင် သို့ ခေါ်ဆောင်သွားပြီးမှ အရူးလုပ်ခံရပါကအစိုးရတစ်ဖွဲ့လုံး မျက်နှာ ပျက်ရပေမည်။

ဖန်ကျန်းရီ၏ ယုံကြည်မှု အပြည့်ရှိနေသော ပုံစံကို ကြည့်ရင်း သူ မယုံကြည်ဘဲ မနေနိုင်တော့ချေ။ သို့သော်လည်း အသိတရားနှင့် ဆင်ခြင်တုံတရားက တစ်ဧကလျှင် ပိဿာရှစ်ရာ ထွက်သော ကောက်ပဲသီးနှံ ဆိုသည်မှာ ဤကမ္ဘာပေါ်တွင် မရှိနိုင်ကြောင်း အဆက်မပြတ် သတိပေးနေသည်။ ယခု တစ်နိုင်ငံလုံး၏ ကောက်ပဲသီးနှံ အထွက်နှုန်း ပျမ်းမျှမှာ တစ်ဧကလျှင် သုံးရာ့ငါးဆယ်ခန့်သာ ရှိကြောင်း သိထားရမည်။

တစ်ခါတည်းနှင့် နှစ်ဆကျော် တိုးတက်သွားသည်ဆိုလျှင် ဤကမ္ဘာကြီး ပြောင်းလဲသွားပြီ မဟုတ်ပါလား။

“ကျွန်တော်မျိုး ခေါင်းနဲ့ အာမခံရဲပါတယ်။”

ဖန်ကျန်းရီ၏ ပြတ်သားသော အဖြေက လူတိုင်းကို အံ့အားသင့်သွားစေသည်။

သို့ရာတွင် သူ့ကို မူရင်းတည်းက အထင်သေးသော လူတစ်စုကတော့ အေးစက်စက် ပြုံးနေကြဆဲပင် ဤသို့ အမြှောက်ပင့် အလွန်အကျွံ လုပ်တတ်သူက ပစ္စည်းများကို မြေကြီးထဲတွင် ကြိုတင် မြှုပ်နှံထားပါက မည်သို့လုပ်မည်နည်း။

“ကောင်းပြီ။ ဒါဆို မနက်ဖြန် တောက်ယွမ်ခရိုင်ကို သွားမယ်။ အမတ်တို့ ဘယ်သူ ကိုယ်တော်နဲ့ အတူတူ လိုက်မလဲ။”

အမတ်များ အားလုံးက ဝမ်းသာအားရဖြင့် လိုက်ပါရန် သဘောတူလိုက်ကြသည်။

ဖန်ကျန်းရီက ဤကဲ့သို့ အံ့အားသင့်စရာကောင်းသော စကားများကို ပြောဆိုနေခြင်း ဖြစ်၏။ မည်မျှ ကြီးကျယ်သော သတင်းဖြစ်ပါစေ ဤကိစ္စလောက် ကြီးကျယ်မည် မဟုတ်ပေ။ အကယ်၍ သူပြောသည်သာ မှန်ကန်ခဲ့ပါက ကျင်းတိုင်းပြည်၏ အနာဂတ်က အတိုင်းအဆမရှိ တိုးတက်လာပေတော့မည်။

အကယ်၍ လိမ်ညာပြောဆိုခြင်း ဖြစ်နေလျှင်လည်း ပွဲကြည့်၍ ရနိုင်သည် မဟုတ်ပါလော။ ဤသို့ ကောင်းမွန်သော ကိစ္စရပ်ကို မည်သူက မလိုက်ဘဲ နေမည်နည်း။

ဖန်ကျန်းရီက ထိုစကားကို ကြားပြီးနောက် သက်ပြင်းချနိုင်သွား၏။

ဘုရင်မင်းမြတ်အား တောက်ယွမ်ခရိုင်သို့ ဖိတ်ခေါ်ခြင်းမှာ အစီအစဉ်ထဲတွင် ပါဝင်ပြီးသား ဖြစ်သည်။ ကန်စွန်းဥ ထွက်ပေါ်လာခြင်းကို လူတိုင်း အံ့ဩသွားအောင် ပြုလုပ်ရမည်။ တစ်ကြိမ်ပြီး တစ်ကြိမ် အံ့အားသင့်သွားစေရန် လုပ်ဆောင်ရမည်။

ထိုအချိန်ကျမှသာ သတင်းများက နေရာအနှံ့သို့ အမြန်ဆုံး ပျံ့နှံ့သွားပြီး လက်ရှိရော၊ အနာဂတ် လအနည်းငယ် အတွင်း၌ပါ ရိက္ခာစျေးနှုန်းကို အကြီးအကျယ် ကျဆင်းသွားစေနိုင်မည်။

အကျိုးသက်ရောက်မှု သေချာစေရန် သူက အထွက်နှုန်းကို ပိဿာ ရာဂဏန်းခန့် တမင် လျှော့ချ ပြောဆို ထားသေး၏။

ကံကောင်းထောက်မစွာဖြင့် ကျင်းဘုရင်က သဘောတူလိုက်သည်။ သူက တောက်ယွမ်ခရိုင်သို့ နှစ်ရက် ကြိုတင်၍ စာပို့ကာ ပြင်ဆင်ခိုင်းထားခဲ့၏။ ခရိုင်ထဲမှ လူများ သေချာစွာ ပြင်ဆင်ထားနိုင်ရန် မျှော်လင့်ရသည်။

ညီလာခံဆင်းပြီးနောက် ဖန်ကျန်းရီက လီယွမ်ကျောက်၏ အော်ခေါ်သံကို ဂရုမစိုက်ဘဲ မင်လွမ်နန်းဆောင်သို့ တိုက်ရိုက် ပြေးသွား၏။

မကြာသေးမီက နန်းတော်ထဲတွင် လစဉ်သုံး ဂွမ်းထုပ်ကို ဖြန့်ဖြူးရန် အဆင်မပြေဖြစ်နေပြီး လီယွမ်ကျောက်၏ ပြောပြချက်အရ မင်းသမီးပင်လျှင် အဆူခံရသေးသည်ဟု ဆိုသည်။

ဖန်ကျန်းရီလည်း အတော်လေး အနေရခက်သွား၏။ သို့ပေမည့် အလုပ် အလွန် ရှုပ်နေသဖြင့် ဤကိစ္စကို အာရုံမစိုက်နိုင်ခဲ့ချေ။

ယခုမူ အခွင့်အကောင်းပင် ဖြစ်သည်။ ဤတစ်ခေါက်တွင် မင်းသမီးကိုပါ ပါလာအောင် ဖျောင်းဖျပြီး တောက်ယွမ်ခရိုင်ရှိ အမျိုးသမီး ဆေးခန်းကို ပြသရမည်။ ထို့အပြင် အသိပညာများကိုလည်း ဖြန့်ဝေပေးရမည်။

လီမြောင်ဟန်က အသက်ငယ်သေးသည်။ အဆူခံရ၍ နောက်ဆုတ်သွားပါက လစဉ်သုံး ဂွမ်းထုပ်များကို မည်သို့ ဆက်လက် ရောင်းချတော့မည်နည်း။

နန်းတော်ထဲတွင် လီယွမ်ကျောက်ကို လစဉ်သုံး ဂွမ်းထုပ်များ ရောင်းချခိုင်း၍ မရနိုင်ပေ။ ထိုသို့သာဆိုလျှင် ကျင်းဘုရင်က သူ့ကို သင်းကွပ်ပစ်ပေလိမ့်မည်။

ဖန်ကျန်းရီက ရှေ့မှပြေးနေပြီး လီယွမ်ကျောက်က အနောက်မှ အဆက်မပြတ် ဆဲဆိုရင်း လိုက်လာသည်။

သို့ရာတွင် မကြာသေးမီက အလုပ်များ အလွန် ပင်ပန်းထားသဖြင့် မူလက ခန္ဓာကိုယ် အခြေအနေ ကောင်းမွန်လျှင်ပင် မှီအောင် မလိုက်နိုင်တော့ချေ။

မင်လွမ်နန်းဆောင်သို့ ရောက်သောအခါ ဖန်ကျန်းရီက လီမြောင်ဟန်နှင့် အတူတူ ထိုင်နေကြောင်း တွေ့လိုက်ရသဖြင့် လီယွမ်ကျောက်က ဒေါသတကြီးဖြင့် ဘေးတွင် ဝင်ထိုင်လိုက်၏။

ဖန်ကျန်းရီက ပြုံးစိစိဖြင့် ပြောလိုက်သည်။ “မင်းသမီး …. မတွေ့ရတာ ကြာပြီနော်။ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ။”

လီမြောင်ဟန်၏ မျက်နှာလေး နီရဲသွားပြီး ရှက်ရွံ့စွာ ပြောလိုက်၏။ “မြို့ဝန်ဖန် ဂရုစိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ ကျန်းမာရေး အရမ်း ကောင်းပါတယ်။ ဒါပေမဲ့ လစဉ်သုံး ဂွမ်းထုပ် ဖြန့်ဖြူးတာက တကယ်ကို အခက်အခဲလေးတွေ ရှိနေလို့ တောင်းပန်ပါတယ်။”

တကယ်ကို ရိုးသားလှသော မိန်းကလေးပင် ဖြစ်၏။ လီယွမ်ကျောက်နှင့်ဆိုလျှင် တကယ့်ကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။ စကားပြောဆိုပုံကပင် ကျက်သရေ ရှိလွန်းလှသည်။

ဖန်ကျန်းရီက ပြောလိုက်၏။ “မင်းသမီး ကောင်းကောင်း လုပ်နိုင်ခဲ့ပါပြီ။ ဒါက လောကက လူတွေအတွက် အကျိုးခံစားခွင့် ရှာပေးတာဆိုတော့ တစ်ရက် ၊ နှစ်ရက်တည်းနဲ့ ဘယ်လိုလုပ် ဖြေရှင်းလို့ ရမှာလဲ။ စိတ်ချပါ။ ကျုပ် ဖန်ကျန်းရီက မင်းသမီးဘေးမှာ အမြဲတမ်း ရှိနေမှာပါ။

မင်းသမီးလည်း အရမ်း စိတ်မလောပါနဲ့။ တချို့ကိစ္စတွေက လောရင် မအောင်မြင်တတ်ဘူး။ မနက်ဖြန် အရှင်မင်းကြီး က တောက်ယွမ်ခရိုင်ကို ကြွမှာဆိုတော့ လစဉ်သုံး ဂွမ်းထုပ်တွေလည်း တောက်ယွမ်ခရိုင်မှာ ဖြန့်ဖြူး ပြီးနေပြီ။ မင်းသမီးလည်း ခရိုင်ကို လိုက်လာပြီး အဆင့်မြင့် အတွေ့အကြုံတွေကို လေ့လာလို့ ရပါတယ်။

ပြီးတော့ တောက်ယွမ်ခရိုင်မှာ စိတ်အပန်းဖြေလို့ ရတယ်။ ကျုပ် အိမ်မှာ နေလို့ ရပါတယ်။ ကျုပ်အိမ်က အတော်လေး ကြီးပါတယ်။ လည်လို့ ပင်ပန်းရင် တန်းအိပ်လို့ ရတယ်။ ဘာပြဿနာမှ မရှိပါဘူး။”

လီမြောင်ဟန်က ဖန်ကျန်းရီ ပြောသည်ကို ကြားပြီးနောက် ရှက်ရွံ့စွာ ခေါင်းငုံ့သွားပြီး မသိမသာဖြင့် ခေါင်းညိတ်ပြလိုက်၏။

မင်းသမီး မျက်နှာနီသွားပြီပဲ။ ဖန်ကျန်းရီ စိတ်ထဲတွင် ကြိတ်ကာ ရယ်မောလိုက်သည်။

ဘေးမှ လီယွမ်ကျောက်မှာတော့ ဒေါသထွက်လွန်းသဖြင့် လူသတ်ကာ စားချင်စိတ်ပင် ပေါက်နေ၏။ ထို့ကြောင့် မျက်လုံးများ နီရဲလာပြီး ဒေါသတကြီး အော်လိုက်၏။ “ဖန်ကြီး …. လူဖြစ်ပြီး ဒီလောက် အရှက်မရှိလို့ မရဘူးနော်။”

“အစ်ကို ….. အစ်ကို ဘယ်လိုတွေ ပြောနေတာလဲ။ မြို့ဝန်ဖန်က တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ကောက်ပဲသီးနှံတွေ စိုက်ပျိုးပေးတယ်။ ပြီးတော့ လောကက အမျိုးသမီးတွေအတွက် လစဉ်သုံး ဂွမ်းထုပ်တွေ လည်း လုပ်ပေးသေးတယ်။ သူ ဘယ်လောက်တောင် ခက်ခဲနေမလဲ။ အစ်ကို ဒီလို ပြောတာ အရမ်း လွန်သွားပြီ။”

ဖန်ကျန်းရီ ခွန်းတုံ့မပြန်ရသေးမီမှာပဲ လီမြောင်ဟန်က အရင်ဆုံး သူမ၏လှပသော မျက်နှာလေးကို မော့ကာ လီယွမ်ကျောက်အား ဒေါသတကြီး ကြည့်လိုက်သည်။

လီယွမ်ကျောက်မှာ ချက်ချင်း မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး နေရာတွင်ပင် ကြက်သေ,သေနေမိ၏။

ဖန်ကျန်းရီက အလျင်အမြန် ပြောလိုက်သည်။ “မင်းသမီး ဒီလိုပြောတာ ကျုပ် တကယ် ရှက်မိပါတယ်။ ကျုပ်က အရာရှိ တစ်ယောက်ရဲ့ တာဝန်ကို သမားရိုးကျ ထမ်းဆောင်ရုံပါပဲ။

အိမ်ရှေ့စံမင်းသားလည်း ဒီရက်ပိုင်းအတွင်း ပြည်သူတွေအတွက် ပြေးလွှားနေရတာ ပင်ပန်းနေပါပြီ။ ကျုပ် ဒါကိုမြင်ရတာ ရင်ထဲမှာ နာကျင်ရပါတယ်။”

လီမြောင်ဟန်က ဖန်ကျန်းရီကို လေးစားစွာ ကြည့်လိုက်ပြီးနောက် လီယွမ်ကျောက်ကို အထင်သေးစွာ တစ်ချက် ကြည့်လိုက်ပြန်သည်။

အားလုံးက လူသားများချည်း ဖြစ်ပါလျက်နှင့် မိမိ၏ အစ်ကိုဖြစ်သူက အဘယ်ကြောင့် ဤမျှ ညံ့ဖျင်းနေရသနည်း။

လီယွမ်ကျောက်က အစကတော့ စကားမပြောနိုင်ဘဲ ဖြစ်နေသော်လည်း လီမြောင်ဟန်၏ အကြည့်ကို မြင်ချိန်မှာတော့ ဒေါသထွက်လာ၏။ “နင် သူ့အိမ်မှာ ဘာလို့အိပ်မှာလဲ။”

“အစ်ကိုတော် … အစ်ကို ဘယ်လိုတွေ လျှောက်ပြောနေတာလဲ။ အစ်ကို အရမ်း လွန်သွားပြီ။” လီမြောင်ဟန်၏ မျက်လုံးများ တဖြည်းဖြည်း နီရဲလာပြီး မျက်ရည်များစို့တက်ကာ ပြေးထွက်သွားသည်။

ဖန်ကျန်းရီက ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး သူမ၏ ကျောပြင်ကို ကြည့်ကာ အော်လိုက်၏။ “မင်းသမီး မနက်ဖြန် လာဖို့ မမေ့နဲ့နော်။ ကျုပ် စောင့်နေမယ်။”

ထို့နောက် လီယွမ်ကျောက်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသား၊ ဒါဆို ကျုပ် အိမ်ပြန်ပြီး အရင် ပြင်ဆင်လိုက်အုံးမယ်။ မနက်ဖြန် ထွက်ကြတာပေါ့။”

ပြောပြီးသည်နှင့် ပြေးထွက်သွားရာ လီယွမ်ကျောက်က သူ၏ အနောက်မှနေ၍ အဆက်မပြတ် ဆဲဆိုရင်း လိုက်လာရပြန်၏။

...

တောက်ယွမ်ခရိုင် ရုံးတော်အတွင်း ….

အောက်ချန်၏ လက်ထဲတွင် စာရွက်တစ်ရွက် ကိုင်ထားပြီး သူ၏ ရှေ့တွင် လူနှစ်ဆယ့်ငါးယောက် ရပ်နေကာ ပတ်ဝန်းကျင်တွင် အရာရှိငယ် တစ်စုက အမိန့်ကို စောင့်ဆိုင်းနေကြသည်။

“လူကြီးမင်းတို့ …. သခင်လေးဆီက စာရောက်လာပြီ။ ခင်ဗျားတို့ကို တာဝန်ပေးစရာ ရှိတယ်။ ဒီနေရာမှာ ရှိတဲ့ လူကြီးမင်းတွေ အားလုံးက သင်္ချာ ပညာရပ်မှာ ကျွမ်းကျင်ပြီး စီးပွားရေး လမ်းကြောင်းမှာလည်း သခင်လေး အရမ်း ယုံကြည်ရတဲ့ သူတွေပါ။ ဒီတစ်ခေါက် တာဝန်က အရမ်း အရေးကြီးပါတယ်။ ပြီးတော့ တစ်နှစ် ကြာလိမ့်မယ်။

သခင်လေး ပြောတာက ခင်ဗျားတို့ကို ကိုယ့်ဘာသာ ရွေးခိုင်းတာပါ။ လုပ်ချင်တဲ့သူ ကျန်ခဲ့ပါ။ မလုပ်ချင်တဲ့သူ ထွက်သွားလို့ ရတယ်။

ဒီတစ်ခေါက် အပြင်ထွက် တာဝန်ထမ်းဆောင်ပြီး ပြန်လာရင် တစ်ယောက်ကို ငွေတစ်ရာ ဆုချမယ်။ နောက်ဆိုရင် မိသားစုဝင်တွေ အကုန်လုံးရဲ့ ဆေးကုသစားရိတ် အကုန်လုံးကို ခရိုင်ရုံးတော်က တာဝန်ယူမယ်။ ကလေးတွေ ကျောင်းတက်ရင်တောင် ခရိုင်က အကုန် ကျခံပေးမယ်။

အခြေအနေက ဒီလိုပဲ။ အားလုံး ကိုယ့်ဘာသာ ဆုံးဖြတ်ကြပါ။”

အချိန်အတော်ကြာသည်အထိ လူနှစ်ဆယ့်ငါးယောက်ထဲမှ တစ်ယောက်မှ ထွက်မသွားကြပေ။

အောက်ချန်က ဆက်ပြော၏။ “ကောင်းပြီ။ အကုန်လုံး ပါဝင်မယ်လို့ ယူဆတဲ့အတွက် သခင်လေးရဲ့ ညွှန်ကြားချက်ကို ရှင်းပြပါ့မယ်။

ဒီမှာ ရှိတဲ့ လူနှစ်ဆယ့်ငါးယောက်က ငွေတစ်သိန်းယူပြီး တောင်ပိုင်းကို ကယ်ဆယ်ရေး သွားရမယ်။ ကျန်းမြစ် ဒေသကို အဓိကထားပြီး ရိက္ခာစျေး အတက်အကျ ရှိချိန်မှာ အခွင့်အရေးကို စောင့်ရမယ်။ တစ်နှစ်နေမှ ပြန်လာခဲ့ရမယ်။

အမြတ်မရရင် နေပါစေ။ ဒါပေမဲ့ အရှုံးတော့ မပေါ်စေနဲ့။ ငွေတစ်သိန်း ယူသွားရင် ဒီငွေတစ်သိန်း အတိအကျ ပြန်ယူလာရမယ်။ အားလုံး နားလည်ကြလား။”

လူတစ်ယောက်က ရုတ်တရက် လက်ထောင်ကာ မေးလိုက်၏။ “သခင်လေးက ဘယ်လောက်အထိ လုပ်ရမလဲ ဆိုတာ အတိအကျ မှာခဲ့သေးလား။ ရိက္ခာစျေးကို ချပေးဖို့ လိုအပ်သလား။”

“သခင်လေး မပြောဘူး။ ဒါပေမဲ့ ကန်စွန်းဥ လှေတစ်စင်းအပြည့် ယူသွားဖို့ မှာလိုက်တယ်။ လိုအပ်ရင် စျေးကွက် ထဲမှာ သတင်းဖြန့်ပြီး အချိန်ကိုက် ရောင်းချဖို့ပဲ။ ကျန်တာကတော့ ကိုယ့်စွမ်းရည်နဲ့ ကံတရားပဲ။ ပြီးတော့ သခင်လေးက တောင်ပိုင်း မြေပုံကိုပါ ပို့ပေးလိုက်တယ်။ ခင်ဗျားတို့ သွားရင် ယူသွားကြ။”

ပြောပြီးသည်နှင့် အောက်ချန်က မြေပုံ တစ်ချပ်ကို ထုတ်ကာ ကမ်းပေးလိုက်သည်။

“ရပြီ။ ဒါပဲ။ လုံခြုံရေးကို သေချာ ဂရုစိုက်ကြ။ ပြဿနာရှိရင် အချိန်မရွေး စာရေးလို့ ရတယ်။ အားလုံး ပြန်ပြီး အမြန်ဆုံး ပြင်ဆင်ကြတော့။”

All Chapters