← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 8 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 8 Ch. 117-118

အပိုင်း (၁၁၇) သေချာ စီစဉ်ထားသော မြို့ဝင် အခမ်းအနား။

လူနှစ်ဆယ့်ငါးယောက် ထွက်သွားပြီးနောက် အောက်ချန်က အခြား အရာရှိငယ်များကို ပြောလိုက်၏။ “အရေးကြီး ကိစ္စ တစ်ခု ကြေညာစရာ ရှိတယ်။ ငါတို့ရဲ့ သခင်လေးက အခု လက်ရှိ ဘုရင်မင်းမြတ်ကို ခေါ်ပြီး တောက်ယွမ်ခရိုင်ကို လာလည်တော့မယ်။ ဒါကြောင့် အောက်ပါ အစီအစဉ်တွေကို လုပ်ဆောင်ရမယ်။

ပထမအဖွဲ့ …. ခရိုင်ထဲမှာ ရုပ်ရည်သန့်ပြန့်တဲ့ ကလေး တချို့ကို အရင်ရှာပြီး ဘုရင်မင်းမြတ်နဲ့ သခင်လေးကို မြို့ပြင်ကနေ ကြိုဆိုဖို့ ပြင်ဆင်ထားပါ။ အသေးစိတ်ကို သခင်လေး မှာထားပြီးသား။ ဒီစာရွက်ပေါ်မှာ အကုန် ရှိတယ်။”

ပြောပြီးသည်နှင့် အောက်ချန်က လက်ထဲရှိ စာရွက်ကို ပထမအဖွဲ့ ခေါင်းဆောင်ထံ ကမ်းပေးလိုက်သည်။

“ဒုတိယအချက် … ခရိုင်ရုံးတော်က အရာရှိတွေ အကုန်လုံး ခရိုင်ထဲက ဌာနတွေအကြောင်း လုံးဝ မပြောရဘူး။ ကျုပ်တို့ တရားမဝင် ဖွင့်ထားတဲ့ ဌာနတွေအကြောင်း ဘုရင်မင်းမြတ်ကို အသိပေးလို့ မရဘူး။ ဒါကြောင့် ပါးစပ်ကို သေချာ စည်းစောင့်ကြ။

တတိယအချက် … ပြီးတော့ အရေးအကြီးဆုံး အချက်ပဲ။ အခုချိန်ကစပြီး တောက်ယွမ်ခရိုင်က နောက်ဆုံးပေါ် မှန်ထည်ပစ္စည်း အကုန်လုံး စျေးကွက်ထဲကနေ ပျောက်ကွယ်သွားရမယ်။ တည်းခိုခန်းတွေ၊ ပြည့်တန်ဆာရုံတွေလို နေရာတွေက မှန်တွေ အကုန်လုံးကို အရင်က ရောင်စုံ မှန်တွေနဲ့ အကုန် လဲပစ်ရမယ်။

အိမ်တွင်းက မှန်ထည်ပစ္စည်းတွေကိုလည်း ပြည်သူတွေက အကုန် သိမ်းထားရမယ်။ လုံးဝ အပြင် မထုတ်ရဘူး။

မှန်ပြတင်းပေါက် တပ်ထားတဲ့ အဆောက်အအုံတွေ အကုန်လုံးကို ဖြုတ်ပြီး စက္ကူပြတင်းပေါက်တွေနဲ့ လဲပစ်ရမယ်။ တကယ်လို့ ဖြုတ်လို့ မရရင် ခွဲပစ်လိုက်။ ဒါတွေ အကုန်လုံး သခင်လေး မှာထားတာလို့ သေချာ ပြောပြထားလိုက်။ နောက်မှ လျော်ကြေးပေးတာ ဒါမှမဟုတ် အခွန်လျှော့ပေးတာတွေ လုပ်ပေးမယ်။

ပြီးတော့... အတိုချုပ် ပြောရရင်။ ခရိုင်ထဲမှာ မကြာသေးခင်ကမှ ထွက်လာတဲ့ အသစ်အဆန်း ပစ္စည်းတွေ အကုန်လုံး စျေးကွက်ထဲမှာ လုံးဝ မရှိစေရဘူး။ ပြည်သူတွေကလည်း လုံးဝ မပြောရဘူး။ အကြမ်းဖျင်းတော့ ဒီလောက်ပါပဲ။

ကျွတ် …… သွားတိုက်ဆေး ဆိုတာ ဘာလဲ မင်းတို့ထဲက ဘယ်သူသိလဲ။”

အောက်မှ အရာရှိငယ်များ အားလုံးက ခေါင်းခါပြကာ မကြားဖူးကြောင်း ပြသကြ၏။

ရုတ်တရက် လူတစ်ယောက်က တွေဝေစွာဖြင့် ပြောလိုက်သည်။ “သခင်လေး ပြောဖူးတာ ကျုပ် ကြားဖူးသလိုပဲ၊ သွားတိုက်ဖို့ သုံးတဲ့ သွားတိုက်မှုန့် ဖြစ်မယ်၊ သေချာတော့ မမှတ်မိတော့ဘူး။”

အောက်ချန်က ခေါင်းညိတ်လိုက်၏။ ထိုအရာ ဖြစ်ရန် များ၏။

သခင်လေးက ပုံမှန်ဆိုလျှင် စကားပြောရာ၌ တိုတိုတုတ်တုတ် ပြောလေ့ရှိသော်လည်း အခြားလူများ နားမလည်သော စကားလုံး နှစ်လုံးခန့်တော့ အမြဲ ထွက်လာတတ်သည်။

ဤသွားတိုက်ဆေး ဆိုသည်မှာ သွားတွင် အသုံးပြုခြင်းဖြစ်ကြောင်း သေချာလှ၏။ ထိုသို့ဆိုလျှင် သွားတိုက်မှုန့် သာ ဖြစ်ရမည်။

“ကောင်းပြီ။ ဒီနေ့ကစပြီး ပြည်သူတွေ အကုန်လုံး သွားတိုက်မှုန့်ကို သိမ်းထားကြ။ ဆားနဲ့ တိုက်ခိုင်း၊ ဒီတိုင်း တိုက်တိုက် ဘယ်လိုပဲ တိုက်တိုက် ရတယ်။ ဒါပေမဲ့ သွားတိုက်မှုန့် လုံးဝ မသုံးရဘူး။ သခင်လေး ပြောတာ သူ့ရဲ့ သွားတိုက်ဆေးကို သူများ မြင်လို့ မရဘူးတဲ့။ အားလုံး နားလည်ကြလား။”

“နားလည်ပါပြီ။”

...

နောက်တစ်နေ့တွင် မြို့တော်မှ တောက်ယွမ်ခရိုင်သို့ သွားမည့် ယာဉ်တန်းကြီးသည် ကြီးကျယ်ခမ်းနားစွာ ထွက်ခွာလာ၏။

ကျင်းဘုရင်နှင့် ဖန်ကျန်းရီတို့က ရထားလုံး တစ်စီးတည်း အတူတူ စီးနင်းကြပြီး အနောက်တွင်တော့ အခြား အမတ်များ၏ ရထားလုံးများ လိုက်ပါလာကြသည်။

ကျင်းဘုရင်က ပြုံးလျက် ပြောလိုက်၏။ “တောက်ယွမ်ခရိုင်ကို မရောက်ဖြစ်တာ အတော်ကြာပြီဆိုတော့ ကိုယ်တော် နည်းနည်းတောင် လွမ်းနေပြီ။ အခု တောက်ယွမ်ခရိုင်မှာ အသစ်အဆန်းတွေ ဘာရှိသေးလဲ မသိဘူး။”

ဖန်ကျန်းရီက ပြောလိုက်သည်။ “ခရိုင်က ကျွန်တော်မျိုးဆီ မကြာခဏ စာပို့တတ်ပါတယ်။ အသစ်အဆန်း တွေတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ ဟင်းပွဲအသစ်တွေ အများကြီး ထွက်လာတယ်။ အရှင်မင်းကြီး မြည်းကြည့်လို့ ရပါတယ်။

ခရိုင်ကို ရောက်ရင် တစ်ည အရင် အနားယူမယ်။ ဒုတိယနေ့ကျမှ ကျွန်တော်မျိုး အရှင်မင်းကြီးကို လယ်ထဲ ခေါ်သွားပြီး စွမ်းရှီ ကန်စွန်းဥကို သွားကြည့်မယ်။”

ကျင်းဘုရင်က သက်ပြင်းရှည်ကြီး ချလိုက်၏။ “ဖန်အမတ်။ တကယ်လို့ ဒီစွမ်းရှီ ကန်စွန်းဥက မင်းပြောသလိုသာ တကယ် ဖြစ်နေရင် မင်းက ကျင်းတိုင်းပြည်ရဲ့ အကြီးမားဆုံး ကျေးဇူးရှင်ပဲ။ အကုန်လုံး မင်းပြောသလို ဖြစ်ပါစေလို့ မျှော်လင့်မိတယ်။”

ဖန်ကျန်းရီက ပြုံးရုံသာ ပြုံးပြီး ဘာမှ မပြောချေ။

ရှေးခေတ်လူ တစ်ယောက်သာဆိုလျှင် ဤလောက၌ တစ်ဧကလျှင် ပိဿာတစ်ထောင် ထွက်သော ကောက်ပဲသီးနှံ ရှိသည်ဆိုခြင်းကို ယုံကြည်နိုင်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ နားထောင်ရသည်မှာ အလွန် အိပ်မက်ဆန်လွန်းလှ၏။ သို့သော်လည်း ဤလှပသော အိပ်မက်က မကြာမီ တကယ် ဖြစ်လာတော့မည်။

ယာဉ်တန်းက ဖြည်းညင်းစွာ ရှေ့ဆက်သွား၏။

သို့ရာတွင် ဤလမ်းက တကယ်ကို သွားရခက်ခဲသည်။ ရထားလုံးက အသံများ မြည်နေပြီး အသက်ကြီးသော အမတ် တော်တော်များများက လမ်းတစ်ဝက်မှာတင် အဆက်မပြတ် ညည်းညူနေကြလေသည်။ မတတ်နိုင်သည့် အဆုံး အမြန်နှုန်းကို လျှော့ချလိုက်ရသည်။

ဖန်ကျန်းရီကမူ မင်းသမီး၏ ရထားလုံးထဲသို့ ဝင်ရောက်ကာ စကားပြောရန် အခွင့်အရေး ရှာချင်နေသေး၏။ မင်းသမီး၏ သေးသွယ်သော ခန္ဓာကိုယ်လေးက ဤကဲ့သို့သော လမ်းမျိုးကို ခံနိုင်ရည် ရှိပါ့မလား ဟု စိုးရိမ်မိသောကြောင့်ပင်။

သို့သော်ငြား လီယွမ်ကျောက်က သူ့ကို အမြဲတမ်း စောင့်ကြည့်နေသဖြင့် သူလည်း မလှုပ်ရဲတော့ချေ။

ရှေးခေတ် စစ်ချီစစ်တက် အမြန်နှုန်းက နွားလှည်း သို့မဟုတ် မြင်းလှည်း အပေါ်တွင် မူတည် နေသည်။ အချိန်အကြာကြီး လှုပ်ခါနေရပါက အနားယူရန်လည်း လိုအပ်သေး၏။ ထို့ကြောင့် တစ်နေ့ ခရီးက အလွန်ဆုံး ကီလိုမီတာ လေးဆယ်ခန့်သာ ရှိသည်။

သီးသန့် လှုပ်ရှားသော တပ်ဖွဲ့များကမူ အမြန်နှုန်း အများကြီး ပိုမြန်နိုင်သည်။ သုံးပြည်ထောင်ခေတ်က ရှဟောက်ယွမ်၏ တပ်ထဲတွင် တပ်မှူး ရှဟောက်ယွမ်၊ သုံးရက်ကို ငါးရာ၊ ခြောက်ရက်ကို တစ်ထောင် ဟူသော စကား ရှိခဲ့ဖူးသည်။ ကီလိုမီတာနှင့် တွက်ကြည့်လျှင် တစ်နေ့လျှင် ၇၀ ကီလိုမီတာခန့် စစ်ချီခြင်း ဖြစ်၏။

ကျင်းဘုရင်၏ ဤယာဉ်တန်းက စစ်ချီခြင်းထက် သေချာပေါက် ပိုမြန်နိုင်မည် မဟုတ်ချေ။

မနက်စောစော ထွက်လာသည်မှာ နေ့လယ်ရောက်သည်အထိ ရထားလုံးက ကျောက်စရစ်ခဲများ၊ မြေကြီးများ ရှိသော လမ်းပေါ်တွင် သွားနေရဆဲ ဖြစ်သည်။ အမတ်အို တော်တော်များများက မခံနိုင်ကြတော့ဘဲ ရထားလုံး ပြတင်းပေါက်မှနေ၍ လမ်းဘေးသို့ အန်နေကြသည်။

ကံကောင်းထောက်မစွာဖြင့် ဒုတိယပိုင်းတွင် တောက်ယွမ်ခရိုင်မှ ဖောက်လုပ်ထားသော ကတ္တရာလမ်းကို တွေ့လိုက်ရ၏။

ရထားလုံး အမြန်နှုန်း စတင် မြင့်တက်လာပြီး မြင်းများလည်း အတော်လေး သက်သာသွားကာ လွတ်လွတ်လပ်လပ် ပြေးနိုင်သွားကြသည်။

ရှေးခေတ်လူများ၏အမြင်တွင် ကတ္တရာလမ်းက အလွန်ပင် အံ့အားသင့်စရာ ကောင်းနေသော်လည်း ယခုအချိန်၌ မည်သူကမှ ထိုအရာကို ဂရုမစိုက်နိုင်ကြတော့ချေ။ ရထားလုံးထဲတွင် အိပ်ကာ ခဏခန့် ထပ်မံ အနားယူရန်သာ စဉ်းစားနေကြ၏။

နောက်ဆုံးတွင် နေဝင်ရီတရော အချိန်ရောက်မှသာ သူတို့အဖွဲ့ တောက်ယွမ်ခရိုင်သို့ ရောက်ရှိလာကြသည်။

ရထားလုံးပေါ်မှ ဆင်းလိုက်သည်နှင့် ကျင်းဘုရင်ကဲ့သို့ တောက်ယွမ်ခရိုင်ကို ရောက်ဖူးသူများမှလွဲ၍ ကျန်သော အရာရှိများ အားလုံး အံ့အားသင့်သွားကြ၏။

ဤသည်မှာ ခရိုင်မြို့လား။

မြင့်မားသော မြို့ရိုးများ၊ တင်းကျပ်သော အစောင့်အကြပ်များနှင့် မြို့တံခါးဝတွင် စုဝေးနေကြသော ပြည်သူများ။ အားလုံးက သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ထားကြသည်။ ထို့အပြင် အလွန်ပင် ပျော်ရွှင်နေကြသော ကလေးငယ်လေးများကလည်း နှစ်တန်းစီ၍ ရပ်နေကြသေးသည်။

ချက်ချင်းပဲ ဖန်ကျန်းရီကို ကြည့်သည့် အမတ်များ အားလုံး၏ အကြည့်များ ပြောင်းလဲသွားကြ၏။

ဤခရိုင်က မည်မျှ ချမ်းသာကြွယ်ဝသည် ဆိုသည်မှာ ကြည့်ရုံနှင့် သိသာလှသည်။ ဤသို့သော ပုံစံဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည်လား။

ချောင်ကျကျ နေရာလေး တစ်ခုတွင် ဤကဲ့သို့သော မြို့ကြီး တစ်မြို့ ပုန်းအောင်းနေခြင်းပင်။ ဘုရင်မင်းမြတ်က ဖန်ကျန်းရီအား သားအရင်း တစ်ယောက်အလား အဘယ်ကြောင့် မျက်နှာသာပေးနေရသနည်း ဆိုသည်ကို သူတို့ ရှင်းရှင်းလင်းလင်း နားလည်သွားကြသည်။

ဤကဲ့သို့သော အောင်မြင်မှုမျိုးကို မြင်တွေ့ပြီး မည်သည့် ဘုရင်က မသဘောကျဘဲ နေမည်နည်း။

သူ မည်သို့ လုပ်ဆောင်ခဲ့သနည်း ဆိုသည်မှာ မည်သူမှ သိနိုင်မည် မဟုတ်ချေ။

ကျင်းဘုရင်လည်း ရထားလုံးပေါ်မှ ဆင်းလိုက်သည်နှင့် စိတ်အခြေအနေ အလွန် ကောင်းမွန်နေသည်။

တောက်ယွမ်ခရိုင်က မြို့ပြ၏ စည်ကားမှုလည်း ရှိသကဲ့သို့ သဘာဝ အလှအပများလည်း မချို့တဲ့ချေ။ လမ်းသာ မဆိုးရွားခဲ့ပါက သူ မကြာခဏ လာရောက်ချင်မိမည်မှာ အမှန်ပင်။

“အရှင်မင်းကြီး။ မြို့ထဲကို ဝင်ကြပါစို့။ တောက်ယွမ်ခရိုင်က ပြည်သူတွေက အရှင်မင်းကြီးကို တွေ့ရဖို့ နေ့ရော၊ ညပါ မျှော်လင့်နေကြတာပါ။”

ကျင်းဘုရင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် မြို့တံခါးဘက်သို့ အရင်ဆုံး လျှောက်သွား၏။

နှစ်တန်းစီ ရပ်နေကြသော ကလေးများက လောကမှာ ဘုရင်မင်းမြတ်ကလွဲပြီး ဘယ်သူမှ မကောင်းဘူး ဆိုသော သီချင်းကို စတင် သီဆိုကြသည်။

အပြစ်ကင်းစင်သော ကလေးငယ်များ၏ အသံလေးများကြောင့် ကျင်းဘုရင်မှာ အသစ်အဆန်းလည်း ဖြစ်သကဲ့သို့ အလွန်လည်း ဝမ်းသာနေ၏။

အမတ်များကတော့ စိတ်ထဲတွင် ဆဲဆိုနေကြသည်။

ဖန်ကျန်းရီက မြှောက်ပင့်သည့် နေရာတွင် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ လက်မခံ၍ မရတော့ချေ။

ရုတ်တရက် မြို့တံခါးဝရှိ ပြည်သူများအနောက်မှ ကလေးတစ်စု ထပ်မံ ထွက်ပေါ်လာပြီး ပန်းစည်းများကို ကိုင်ဆောင်ကာ ခုန်ဆွခုန်ဆွဖြင့် ကျင်းဘုရင်အနားသို့ ပြေးလာကြ၏။

ထို့နောက် မြေကြီးပေါ်တွင် မှောက်လျက် အရိုအသေ ပေးကာ ရိုးရှင်းသောအသံဖြင့် အော်လိုက်ကြသည်။ “အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။”

ကျင်းဘုရင်က ထိုအခြေအနေကို မြင်သည်နှင့် အလျင်အမြန် ပြောလိုက်၏။ “ကလေးတို့ မြန်မြန်ထကြ။ ဘာလို့ မြေကြီးပေါ် မှောက်နေကြတာလဲ။”

ထိုသို့ ပြောပြီးသည်နှင့် ရှေ့ဆုံးမှ ကလေးဝဝလေး တစ်ယောက်ကို ပွေ့ချီကာ ကိုယ်ပေါ်ရှိ ဖုန်များကို ခါပေးလိုက်သည်။

ကလေးဝဝလေးက မျက်လုံး အပြူးသားဖြင့် ကြည့်ကာ ကျင်းဘုရင်ကို အလျင်အမြန် နမ်းလိုက်၏။

ကျင်းဘုရင်က မျက်နှာကို ပွတ်ကာ တဟားဟား ရယ်မောနေပြန်သည်။

“ကလေးလေး နာမည် ဘယ်လိုခေါ်လဲ။”

“အရှင်မင်းကြီး သားနာမည် ကျန်းအိုက်ကော် ပါ။ သားက ငယ်ငယ်ကတည်းက ခရိုင်ဝန် ပြောတဲ့ အရှင်မင်းကြီးရဲ့ ဇာတ်လမ်းတွေကို နားထောင်ပြီး ကြီးပြင်းလာတာပါ။ ဒီနေ့ အရှင်မင်းကြီး လာမယ်လို့ ကြားတော့ သား အရှင်မင်းကြီးအတွက် လက်ဆောင် တစ်ခု ပြင်ဆင်ထားပါတယ်။”

ကလေးဝဝလေး၏ ရိုးအပြီး ချစ်စရာကောင်းသော ပုံစံလေးက အမတ်များ၏ သဘောကျမှုကိုလည်း ရရှိစေခဲ့ပြီး အားလုံးက ဤနွေးထွေးသော မြင်ကွင်းကို ကြည့်ကာ ပြုံးလိုက်ကြ၏။

“ဘာလက်ဆောင်လေးလဲ။ မြန်မြန် ကိုယ်တော့်ကို ပြပါအုံး။” ကျင်းဘုရင်က ရတနာပေါင်းများစွာကို မြင်ဖူးခဲ့သော်လည်း ယခုအချိန်တွင် စိတ်ထဲ၌ မျှော်လင့်ချက်များ ဖြစ်ပေါ်လာမိသည်။

အခြားလူများ လက်ဆောင်ပေးခြင်းက ရည်ရွယ်ချက်များ ပါဝင်တတ်သည်။ သို့ရာတွင် ဤမျှ ငယ်ရွယ်သော ကလေးလေးထံ၌ မည်သည့် ရည်ရွယ်ချက် ရှိမည်နည်း။

ကလေးငယ်လေးက ရင်ခွင်ထဲမှ တွန့်ကြေနေသော စာရွက်တစ်ရွက်ကို ထုတ်ကာ ဖြန့်ပြီး ကျင်းဘုရင်ရှေ့သို့ မြှောက်ပြလိုက်၏။

ကျင်းဘုရင်က ကြည့်ပြီး ပြုံးလိုက်မိသည်။ အပေါ်တွင် ရိုးရှင်းသော ပန်းချီကား တစ်ချပ်သာ ဖြစ်ပြီး အလယ်တွင် မီးခြစ်ဆံလူပုံ နှစ်ယောက် ဆွဲထားသည်။ အကြီးတစ်ယောက်၊ အသေးတစ်ယောက် ဖြစ်ပြီး အသေးက လက်ထဲတွင် တုတ်တစ်ချောင်း ကိုင်ထား၏။ မြေကြီးပေါ်တွင် မြက်ပင်များ ဆွဲထားပြီး အဓိပ္ပာယ်မရှိသော စက်ဝိုင်းများ အများအပြား ဆွဲထားကာ ကောင်းကင်တွင် နေမင်းကြီး ရှိနေသည်။

ကျင်းဘုရင်က စိတ်ဝင်တစား မေးလိုက်၏။ “ဒါက ဘာအဓိပ္ပာယ်လဲ။”

ကလေးဝဝလေးက ဖိုင့်ဖိုင့်လေး ဖြစ်နေသော လက်ညှိုးလေးဖြင့် မီးခြစ်ဆံလူ အသေးလေးကို ထိုးပြကာ ပြောလိုက်သည်။ “ဒါက သားတို့ရဲ့ ခရိုင်ဝန်ပါ။”

ထို့နောက် မီးခြစ်ဆံလူ အကြီးကြီးကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဒါက အရှင်မင်းကြီးပါ။”

“ဒါဆို အောက်က စက်ဝိုင်းတွေကကော ဘာအဓိပ္ပာယ်လဲ။”

“အရှင်မင်းကြီး ဘေးမှာ လူဆိုးတွေ အများကြီး ရှိတယ်။ သားတို့ ခရိုင်ဝန်က ဓားနဲ့ သူတို့ ခေါင်းတွေကို ခုတ်ဖြတ်ပြီး အရှင်မင်းကြီးကို ကာကွယ်ပေးနေတာ။”

အမတ်များ၏ မျက်နှာများ ချက်ချင်း စိမ်းသွားကြပြီး ဖန်ကျန်းရီကို ပြိုင်တူ ဒေါသတကြီး ကြည့်လိုက်ကြသည်။

ဤမျှ ငယ်ရွယ်သော ကလေးကိုပင် အသုံးချရက်သည်လား။ ခွေးကောင် ဖန်ကျန်းရီ …. မင်း လူပီသစမ်းပါ။

ဖန်ကျန်းရီက လုံးဝ ဂရုမစိုက်ဘဲ စိတ်ထဲတွင် အေးစက်စက် ရယ်မောနေ၏။

လုပ်ရပ်တိုင်းက သူ ….. သခင်လေး ကိုယ်တိုင် သေချာ စီစဉ်ထားခြင်းပင် ဖြစ်သည်။ ဟားဟား .. ခင်ဗျားတို့ မနာလိုဖြစ်နေပြီလား။

အပိုင်း (၁၁၈) အားလုံးပဲ ကျေနပ်ကြရဲ့လား။

ကျင်းဘုရင်ကတော့ ဂရုမစိုက်ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ “ကောင်းတယ်။ ကလေးလိမ္မာလေး …. သွားတော့။”

ထိုသို့ ပြောပြီးသည်နှင့် ရင်ခွင်ထဲမှ ကလေးဝဝလေးကို ချပေးကာ ခြေလှမ်းကျဲကြီးများဖြင့် မြို့ထဲသို့ ဝင်သွား လေတော့သည်။

မြို့တံခါးဝရှိ ပြည်သူများက ကျင်းဘုရင်၏ အနောက်မှ ဖန်ကျန်းရီ အဆက်မပြတ် လက်ဟန်ပြနေသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ဒူးထောက်ချလိုက်ကြ၏။ ပြီးနောက် ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ “အရှင်မင်းကြီး မြို့ထဲ ကြွရောက်လာတာကို ကြိုဆိုပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။”

“ထကြ။”

ပြည်သူများက အုံလိုက်ကျင်းလိုက် ထလာကြပြီး ဘေးနှစ်ဖက်တွင်ရပ်လျက် ကျင်းဘုရင်ကို အဆက်မပြတ် နှုတ်ဆက်ကြသည်။

ကျင်းဘုရင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် မြို့ထဲသို့ ဝင်၏။

သူ ဖြတ်သန်းသွားသည်နှင့် ပြည်သူများက အော်ဟစ်သံများကို ချက်ချင်း ရပ်တန့်လိုက်ကြပြီး ပြင်ပမှ ရောက်လာသော သူစိမ်းများကို ရန်လိုသော အကြည့်များဖြင့် ကြည့်ကြသည်။

အမတ်များမှာ ချွေးစေးများ ထွက်လာကြ၏။ ဖန်ကျန်းရီ .. မင်း မျက်လုံးထဲမှာ အရှင်မင်းကြီးလွဲရင် ငါတို့က လူမဟုတ်ဘူးပေါ့။

ဖန်ကျန်းရီလည်း အတော်လေး အနေရခက်သွားသည်။

ဤကိစ္စကို သူ မှာထားခဲ့ခြင်း မဟုတ်ပေ။ တောက်ယွမ်ခရိုင်က အချိန်အကြာကြီး ပိတ်လှောင်နေခဲ့ရသဖြင့် အပြင်လူများကို အနည်းငယ် ဖယ်ကြဉ်ချင်သော သဘောထား ရှိနေခြင်း ဖြစ်သည်။ မတတ်နိုင်ချေ။

လူတိုင်း မြို့ထဲသို့ဝင်သွားပြီးနောက် ဖန်ကျန်းရီက အရှေ့ဆုံးသို့ သွားကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အမတ်ကြီးတို့ … ဒီခရီးက ပင်ပန်းပြီး ဗိုက်ဆာနေကြပြီ ထင်တယ်။ ခရိုင်က အားလုံးအတွက် ညစာ ပြင်ဆင်ထားပါတယ်။ ခဏနေရင် စိတ်ကြိုက် သောက်စားလို့ ရပါတယ်။ ညစာ စားပြီးရင် ကျုပ်တို့ တောက်ယွမ်ခရိုင်ရဲ့ ပြဇာတ် ဖျော်ဖြေမှုတွေ ရှိပါသေးတယ်။ အနားယူပြီး မနက်ဖြန်ကျမှ အားလုံးကို စွမ်းရှီ ကန်စွန်းဥ ပြပါ့မယ်။

ကျန်းလောင်လျူ။ ကျန်းလောင်လျူ။ မြန်မြန် … အမတ်ကြီးတွေကို ထမင်းစားဖို့ ခေါ်သွား။ သေချာ ဧည့်ခံနော်။”

အမတ်များက သက်ပြင်းချလိုက်ကြ၏။ ဖန်ကျန်းရီက လူလိုသူလို အလုပ်တစ်ခု လုပ်တတ်သေးသည်။

စိတ်အေးသွားချိန်၌မူ လူတိုင်းက ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ကြည့်လိုက်ကြရာ အလွန်အမင်း အံ့အားသင့်သွား၏။

အသစ်စက်စက် အဆောက်အအုံများ၊ သန့်ရှင်းသပ်ရပ်သော ကျောက်ပြားလမ်းများနှင့် စည်းကမ်းတကျ ရှိသော ပြည်သူများက ရောက်နေသူတိုင်းကို အလွန်အမင်း တုန်လှုပ်သွားစေသည်။

မည်သူမှ စကားမပြောကြသော်လည်း အားလုံးက စိတ်ထဲတွင် ဖန်ကျန်းရီကို ပြန်လည် အကဲဖြတ်နေကြပြီ ဖြစ်၏။

မကြာမီမှာပဲ သူတို့အဖွဲ့က လောင်လျူ စားသောက်ဆိုင်သို့ ရောက်ရှိသွားကြသည်။ ကျင်းဘုရင်က ရင်းနှီးသော ဆိုင်းဘုတ်ကို ကြည့်ကာ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

ထိုစဉ်က ဤနေရာတွင် ဖန်ကျန်းရီနှင့် ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံခဲ့ရခြင်း ဖြစ်၏။

တကယ်တမ်းဆိုရလျှင် ဤသည်မှာ ဖန်ကျန်းရီက လောင်လျူ စားသောက်ဆိုင်ကို ရွေးချယ်ရသော အကြောင်းရင်း တစ်ခု ဖြစ်သည်။ နောက်ထပ် အကြောင်းရင်း တစ်ခုမှာ ယခင်က ကျင်းဘုရင်ကို ဤနေရာတွင် ထမင်းကျွေးစဉ် အရမ်း သဘောကျပုံ ရသောကြောင့်ပင်။

ထို့အပြင် ကျန်းလောင်လျူက သူ့ကို အရက်တစ်အိုး လက်ဆောင်ပေးခဲ့ဖူးရာ သောက်၍ ကောင်းသဖြင့် ဤဧည့်ခံခွင့်ကို ကျန်းလောင်လျူအား ပေးလိုက်ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ပထမထပ်၌ ထမင်းစားနေကြသော ဧည့်သည် အများအပြား ရှိနေသေးပြီး ဖန်ကျန်းရီ နှင့် ဘေးရှိ အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသူကိုပါ မြင်လိုက်ရသဖြင့် ဘုရင်မင်းမြတ် ဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြကာ ဒူးထောက် နှုတ်ဆက်ကြ၏။

ကျန်းလောင်လျူက ထိုအခြေအနေကို မြင်သည်နှင့် အလျင်အမြန် ကျင်းဘုရင်အနားသို့ ကပ်သွားကာ ဒူးထောက်လျက် ပြောလိုက်သည်။ “အရှင်မင်းကြီး ခွင့်လွှတ်ပါ။ ကျွန်တော်မျိုး ပေါ့ဆသွားလို့ပါ။ အရှင်မင်းကြီး အတွက် ဒုတိယထပ်မှာ ပြင်ဆင်ပေးထားပါတယ်။ ပထမထပ်က လူတွေကို ရှင်းဖို့ မေ့သွားလို့ပါ၊ အခုပဲ သူတို့ကို နှင်ထုတ်လိုက်ပါ့မယ်။”

ကျင်းဘုရင်က အင်္ကျီလက်ကို ဝှေ့ယမ်းကာ ပြုံးလျက် ပြောလိုက်၏။ “ကိစ္စမရှိပါဘူး။ တခြားလူတွေကို မနှောင့်ယှက်ပါနဲ့။ ကျုပ်တို့ ဒုတိယထပ်ကို သွားမယ်။ အကုန် ထကြတော့။”

ထိုသို့ပြောပြီးသည်နှင့် လှေကားပေါ်သို့ သူ့ဘာသာ တက်သွားလေရာ ကျန်သူများက အလျင်အမြန် လိုက်သွားကြရသည်။

တခြားလူများ အပေါ်ထပ်သို့ တက်သွားသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက ကျန်းလောင်လျူအနားသို့ သွားကာ သက်ပြင်းချလျက် ပြောလိုက်၏။ “တုံးလိုက်တာ။ ဒီလောက် ကိစ္စလေးတောင် သေချာ မလုပ်နိုင်ဘူး။ ထတော့။ အရှင်မင်းကြီးက ကိစ္စမရှိဘူးလို့ ပြောနေမှတော့ ကြောက်လန့်တကြား ဖြစ်နေစရာ မလိုဘူး။”

ထို့နောက် ပတ်ဝန်းကျင်ရှိ ဧည့်သည်များကို တစ်ချက် အကဲခတ်ကြည့်ကာ မေးလိုက်၏။ “ဘာဖြစ်တာလဲ။ မြို့ထဲမှာ မကြာသေးခင်က ယုန်စားတာ ခေတ်စားနေတာလား။ အကုန်လုံးက ယုန်ကင်တွေချည်းပဲ စားနေကြတယ်။”

ကျန်းလောင်လျူက ထလာပြီး တဟားဟား ရယ်မောလိုက်သည်။ “သခင်လေး ဒီရက်ပိုင်း ပြန်မလာလို့ မသိတာပါ။ ယုန်တွေက သုတေသနဌာနက ရောင်းတာလေ၊ စျေးသက်သာတယ်။”

ဒီရက်ပိုင်း မျောက်ဦးနှောက်တွေချည်းပဲ စားနေကြတာ။ သခင်လေး နောက်ကျသွားပြီ။ တောင်နောက်က မျောက်တွေ အကုန် အဖမ်းခံရလို့ အခု စားလို့ မရတော့ဘူး။”

ထိုစကားကို ကြားချိန်မှာတော့ ဖန်ကျန်းရီ ချွေးစေးများ ထွက်လာ၏။

သုတေသနဌာနက မျောက်ဦးနှောက်များ၊ ယုန်များ ရောင်းချနေသည်လား။ ထိုအရာများက စမ်းသပ်ရန် သုံးသော အကောင်များ မဟုတ်ပါလား။ ပင်နီဆီလင် ထိုးထားသည့်အကောင်များလား။

စိတ်လှုပ်ရှားမှုကြောင့် ကျန်းလောင်လျူ၏ အင်္ကျီစကို ဆွဲကိုင်ကာ ဒေါသတကြီး ပြောလိုက်သည်။ “ဒီနေ့ ဟင်းချက်တဲ့ အထဲမှာ အဲဒီပစ္စည်းတွေ ပါလား။”

ကျန်းလောင်လျူက အကြောင်းရင်းကို နားမလည်ဘဲ ချက်ချင်း လန့်သွားကာ အလျင်အမြန် လက်ခါပြလိုက်၏။ “မပါဘူး။ ဘယ်ပါရဲပါ့မလဲ သခင်လေးရဲ့ … အရှင်မင်းကြီး စားဖို့က အကောင်းဆုံးနဲ့ အလတ်ဆတ်ဆုံး အစားအစာ တွေချည်းပဲ သုံးတာပါ။ စျေးပေါတာတွေကို ကျုပ် ကျန်းလောင်လျူက မသုံးပါဘူး။”

ဖန်ကျန်းရီ ချက်ချင်း စိတ်အေးသွားပြီး ထိုသူ၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ “ဒီယုန်တွေ၊ မျောက်ဦးနှောက်တွေ ဘာညာ... စားလို့ လူမသေဘူး မဟုတ်လား...”

ကျန်းလောင်လျူက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်၏။ “မသေပါဘူး။ သုတေသနဌာနက ဝက်တွေကို အရင် ကျွေးကြည့်ပြီး ပြဿနာမရှိမှ ထုတ်ရောင်းတာပါ။”

တော်သေး၏။ လူမသေလျှင် တော်သေးသည်။ ဖန်ကျန်းရီ မည်သို့မှ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိ၏။

သောက်ကျိုးနည်း။ ဖြစ်၏။ ဝက်စား၍ ပြဿနာ မရှိလျှင် လူစား၍ ပြဿနာ မရှိနိုင်ဟု သက်သေပြ၍ ရနိုင်သည်လား။ အိမ်ပြန်ရောက်လျှင် စည်းကမ်းများကို ပို၍ တင်းကျပ်အောင် သတ်မှတ်ရပေမည်။

“ရပြီ။ အရှင်မင်းကြီး အတွက် ဟင်းမြန်မြန် ချက်ပေးလိုက်တော့။ ဓားတွေ၊ စဉ်းတီတုံးတွေကို ရေနွေးနဲ့ သေချာ ဆေးကြောပြီးမှ သုံး။ နောက်ဆိုရင် သုတေသနဌာနက ရောင်းတဲ့ အစားအစာတွေ လုံးဝ မဝယ်နဲ့။ ပြဿနာ တက်ရင် ခင်ဗျားကို အပြစ်ပေးမယ်။”

ကျန်းလောင်လျူက ခေါင်းညိတ် သဘောတူလိုက်သည်။

...

မကြာမီမှာပဲ ဆွဲဆောင်မှုရှိသော အနံ့များဖြင့် လှပသော ဟင်းပွဲများကို အမတ်များရှေ့သို့ ချပေးလိုက်၏။

လူတိုင်းက ယခုအချိန်တွင် ဗိုက်ဆာလွန်း၍ သေလုမတတ် ဖြစ်နေကြ၏။ မနက်က စားခဲ့သည်များ အားလုံး အန်ထုတ်ပစ်လိုက်ကြပြီ မဟုတ်ပါလား။

ထို့အပြင် တောက်ယွမ်ခရိုင်၏ လက်ရာကလည်း အလွန် ကောင်းမွန်လွန်းသဖြင့် ဤဟင်းပွဲများကို မြင်သည်နှင့် စားချင်စိတ်များ ပေါက်လာကြ၏။

ကျင်းဘုရင် စတင် စားသောက်ပြီးနောက် အမတ်များလည်း မရပ်မနား စားသောက်ကြတော့သည်။

ထမင်းစားပွဲတွင် ဖန်ကျန်းရီက လှပသော အချိုပွဲတစ်ပွဲကို မင်းသမီးထံသို့ မသိမသာ ပို့ပေးလိုက်၏။ ဖန်ကျန်းရီကို အမြဲတမ်း စောင့်ကြည့်နေသော လီယွမ်ကျောက်က တားဆီးရန် ပြင်လိုက်သော်လည်း ငွေတစ်ရာဖြင့် အောင်မြင်စွာ လာဘ်ထိုးနိုင်ခဲ့၏။

နာရီဝက်ခန့် စားသောက်ပြီးနောက် လူတိုင်းက ကျေနပ်သွားကြပြီး တောက်ယွမ်ခရိုင်၏ ဟင်းပွဲများကို အလွန် မြင့်မားသော အကဲဖြတ်မှု ပေးခဲ့ကြသည်။

လူတိုင်း စားပြီးသွားကြသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက ကျန်းလောင်လျူကို ထပ်မံ ရှာလိုက်သည်။ ပြီးနောက် ဒုတိယထပ် ထောင့်တစ်နေရာသို့ ခေါ်သွားကာ တိုးတိုးလေး ပြောလိုက်၏။ “ငါတို့ စားပြီးရင် ညဘက် ယိုကျန်းတည်းခိုခန်းကို သွားပြီး အဲဒီအဘိုးကြီးဆီကနေ ပိုက်ဆံ သွားတောင်း။”

ပြောပြီးသည်နှင့် ဘဏ္ဍာရေးအမတ် ကျန်းရှီကို လက်ညှိုးထိုးပြလိုက်သည်။ “သူက ပိုက်ဆံ ကိုင်တဲ့သူပဲ။ နားလည်လား။”

ကျန်းရှီက မျက်စိလျင်သဖြင့် ဖန်ကျန်းရီက သူ့ကို လက်ညှိုးထိုးနေကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် ဒေါသတကြီး စိုက်ကြည့်လိုက်၏။

“သခင်လေး။ ….. သူ သခင်လေးကို စွေကြည့်နေတယ်။” ကျန်းလောင်လျူက သတိထားမိသွားသည်။

“အင်း …. ဒါဆို ဈေးပိုတင်လိုက်။”

ကျန်းလောင်လျူက အနည်းငယ် ထိတ်လန့်စွာဖြင့် ပြောလိုက်၏။ “သခင်လေး … သူသာ ပိုက်ဆံ မပေးရင် ဘယ်လိုလုပ်မလဲ၊ ပြီးတော့ ခရိုင်ရုံးတော်က ကျုပ်ကို ပိုက်ဆံ ကြိုပေးထားပြီးသားလေ။”

“သူသာ ပိုက်ဆံ မပေးရင် အသံကျယ်ကျယ်နဲ့ အော်ပြီးရန်ဖြစ်။ အရှင်မင်းကြီးလည်း တည်းခိုခန်းမှာပဲ တည်းမှာ။”

ဖန်ကျန်းရီက ကျန်းရှီကို တိတ်တဆိတ် ကြည့်လိုက်သည်။

“ဒါဆို ဈေးတင်ပြီး ပိုနေတဲ့ ပိုက်ဆံတွေကို ဘယ်လိုလုပ်ရမလဲ။”

“ပိုနေတဲ့ ဟာကို ခင်ဗျား တစ်ဝက် ယူထား။ ကျန်တာကို ဘိုးဘွားရိပ်သာကို လှူလိုက်။ ပြီးတော့ ခရိုင်ရုံးတော်က ပေးထားတဲ့ ပိုက်ဆံကို ပြန်ပေးလိုက်။”

“နားလည်ပါပြီ။”

မှာကြားပြီးနောက် ဖန်ကျန်းရီက ကော်ထျန်းယန်ကို ဖယ်ထုတ်ကာ ကျင်းဘုရင်အနားသို့ ကပ်သွားပြီး မေးလိုက်၏။ “အရှင်မင်းကြီး။ စားရတာ ဘယ်လိုနေလဲ။ ကျေနပ်ရဲ့လား။”

ကျင်းဘုရင်က သေချာပေါက် အလွန် ဝမ်းသာနေသည်။ လမ်းတစ်လျှောက်လုံး အလွန် ခက်ခဲခဲ့သော်လည်း တောက်ယွမ်ခရိုင်သို့ ရောက်တည်းက သူ၏ မျက်နှာပေါ်ရှိ အပြုံးများ မပျောက်ကွယ်တော့ပေ။

တောက်ယွမ်ခရိုင်၏ ဘဝက တကယ်ကို သာယာလှသည် ဟု တွေးနေမိ၏။

“အင်း။ ကောင်းတယ်။ ဖန်အမတ်။ မင်း အရမ်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ကိုယ်တော် အရမ်း ကျေနပ်တယ်။”

ဖန်ကျန်းရီ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ “အရှင်မင်းကြီးအတွက် အလုပ်အကျွေး ပြုတာက ကျွန်တော်မျိုးရဲ့ တာဝန်ပါ။”

နာကြည်းသော အကြည့်တစ်ခုက ဖန်ကျန်းရီထံသို့ ရောက်လာ၏။

“ဒါဆို နောက်ပိုင်း ကိစ္စတွေကို ကျွန်တော်မျိုး စီစဉ်လိုက်တော့မယ်။”

ကျင်းဘုရင်က ခေါင်းညိတ် သဘောတူလိုက်ရာ ဖန်ကျန်းရီက ချက်ချင်း မတ်တတ်ရပ်၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “လူကြီးမင်းတို့ …. ဒီညစာကို အားလုံး ကျေနပ်ကြရဲ့လား။”

“ကျေနပ်ပါတယ်” ကျဲပါးသည့် အသံများ တစိုးတစ ထွက်ပေါ်လာ၏။

“ကောင်းပြီ။ အားလုံး ခဏလောက် အနားယူကြပါ။ ခဏနေရင် တောက်ယွမ် ပြဇာတ်ရုံကို ခေါ်သွားပြီး ပြဇာတ် ကြည့်ရင်း စိတ်အပန်းဖြေကြတာပေါ့။”

ဖန်ကျန်းရီလည်း အလွန် ကျေနပ်နေလေ၏။ ဤအချိန်အထိ အားလုံး ချောမွေ့နေပသည် မဟုတ်ပါလား။

All Chapters