အခန်း (၁၁၉-၁၂၀)
Vol. 8 Ch. 119-120
အပိုင်း (၁၁၉) ဆိုဖာ
လူတစ်အုပ်က စားသောက်ပြီးနောက် ဖန်ကျန်းရီ၏ ဦးဆောင်မှုဖြင့် တောက်ယွမ် ပြဇာတ်ရုံသို့ ထွက်ခွာ ခဲ့ကြသည်။
ယခုအချိန်တွင် မိုးချုပ်နေပြီြစ်ရာ အမတ် အများအပြားက ဤမျှ နောက်ကျမှ ဘာပြဇာတ် ကြည့်စရာ ရှိသေးသနည်း ဟု ညည်းတွားနေကြ၏။
ပြဇာတ်ရုံထဲသို့ ဝင်လိုက်သည်နှင့် ချက်ချင်း သဘောပေါက်သွားကြသည်။ ပြဇာတ်ရုံ အတွင်းပိုင်းက အလွန် ကျယ်ဝန်းပြီး ခေတ်သစ် ပြဇာတ်ရုံများနှင့် ဆင်တူသော်လည်း တစ်ထပ်သာ ရှိသည်။
ဇာတ်စင်ပေါ်တွင် ကြီးမားသော မီးတိုင်တစ်ချို့ကို ထားရှိပြီး အပေါ်တွင် ဆီမီးခွက်များ ထွန်းထားကာ ပတ်လည် နံရံများပေါ်တွင်လည်း ဆီမီးခွက်များ အပြည့် ထွန်းထား၏။
ထို့အပြင် ဆီမီးခွက်များ၏ အနောက်ဘက်နံရံပေါ်တွင် မှန်ပြားများကို တပ်ဆင်ထားပြီး အလင်းရောင်ကို ဇာတ်စင်ပေါ်သို့ ရောင်ပြန်ဟပ်စေရန် ဖန်တီးထားသည်။
ပြဇာတ်ရုံထဲရှိ ထိုင်ခုံများကလည်း ပို၍ ထူးခြားလှသည်။ အားလုံးက အရောင်ရင့်သော ဆိုဖာများကို အသုံးပြုထားပြီး အပြင်တွင် အဝတ်စွပ်များ တပ်ဆင်ထားသောကြောင့် ထိုင်လိုက်လျှင် အလွန် နူးညံ့၏။
ဘုရင်မင်းမြတ်က အလယ်တွင် ထိုင်ပြီး ဘေးနှစ်ဖက်၌ လီမြောင်ဟန်နှင့် လီယွမ်ကျောက်တို့ ထိုင်ကြသည်။ ဖန်ကျန်းရီကမူ မင်းသမီးဘေးတွင် ထိုင်ရန် ကိုယ့်ဘာသာ နေရာယူထားသည်။
ကျင်းဘုရင်မှာ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်နှင့် တစ်ကိုယ်လုံး နစ်ဝင်သွားသလို ခံစားလိုက်ရ၏။
အစကတော့ အနည်းငယ် လန့်သွားသော်လည်း မကြာမီမှာပဲ ဆိုဖာ၏ ကောင်းကျိုးကို တွေ့ရှိသွား၏။ နူးညံ့ပြီး သက်တောင့်သက်သာ ရှိကာ လေထဲတွင် ပေါလောပေါ်နေသကဲ့သို့ ခံစားရသည်။
ထို့ကြောင့် မျက်လုံးမှေးကာ ပြောလိုက်၏။ “ဖန်အမတ် … အပန်းဖြေတဲ့ နေရာမှာတော့ ကိုယ်တော် မင်းကို ဘယ်လိုမှ မမီဘူးပဲ။ ဒီကုလားထိုင်ကို ဘယ်လိုခေါ်လဲ။”
ဖန်ကျန်းရီက ပြုံးကာ ပြောလိုက်သည်။ “ဒါကို ဆိုဖာလို့ ခေါ်ပါတယ်။ အရှင်မင်းကြီးအတွက် သီးသန့် ပြင်ဆင်ထားတာပါ။ တကယ်လို့ အရှင်မင်းကြီး သဘောကျရင် မြို့တော် ပြန်ရောက်ရင် နောက်ထပ် နှစ်လုံးလောက် လုပ်ပြီး နန်းတော်ထဲ ပို့ပေးပါ့မယ်။”
သီးသန့် ပြင်ဆင်ထားသည်ဆိုခြင်းမှာ တကယ်တော့ ဆိုဖာစွပ် အသစ် လဲထားခြင်းသာ ဖြစ်၏။
ယခင်က ပြည်သူများ၏ လူနေမှု အဆင့်အတန်း မြင့်မားလာစေရန်နှင့် မိမိ၏ ပျင်းစရာကောင်းသော ကိုယ်ပိုင် ဘဝကို ဖြေရှင်းရန် ဖန်ကျန်းရီက ငွေအများကြီး အကုန်ခံကာ ဤပြဇာတ်ရုံကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
တောက်ယွမ် ပြဇာတ်ရုံ တစ်ခုလုံး၏ ကုန်ကျစရိတ်က တောက်ယွမ် ခရိုင်ရုံးတော် ပြီးလျှင် အများဆုံး ဖြစ်သည်။ သို့သော်ငြား ဆောက်လုပ်ပြီးသွားသောအခါ ဖန်ကျန်းရီ နောင်တရသွားသည်။ တောက်ယွမ် ပြည်သူများ ကပြသည့် အရာကို သူ မကြည့်ချင်ခဲ့ပေ။ ပြဇာတ်ဝတ်စုံများ ဝတ်ဆင်ပြီး အော်ဟစ်နေကြသည်များက အရမ်း ပျင်းစရာကောင်း၏။ နှစ်ပွဲခန့် ကြည့်ပြီးသည်နှင့် နောက်ထပ် မလာဖြစ်တော့ချေ။
သို့ပေမည့် တောက်ယွမ် ပြည်သူများကမူ အလွန်ပင် သဘောကျကြသည်။
နောက်ပိုင်းတွင် ပြဇာတ်ရုံ လက်မှတ်များ ရောင်းရကြောင်း သိရချိန်မှာတော့ သူကိုယ်တိုင် ဇာတ်လမ်း အများကြီး ရေးခဲ့သေး၏။ အနောက်ဘက်သို့ ခရီးသွားခြင်း၊ မြွေဖြူမလေး ဇာတ်လမ်းများ စသည်တို့ပင်။
လက်မှတ်ရောင်းရငွေလည်း မဆိုးချေ။ သို့ပေမဲ့ ထိုအရာတွေက ယခင်တုန်းက ကိစ္စများသာ ဖြစ်သည်။ ယခု ပြဇာတ်ရုံ၌ မည်သည်တို့ ခေတ်စားနေကြောင်းကို သူလည်း မသိနိုင်ချေ။ လာခါနီးက စာထဲတွင် အောက်ချန်အား ကောင်းမွန်သော အစီအစဉ်အချို့ စီစဉ်ခိုင်းထားရုံသာ ရှိခဲ့၏။
အမတ်များသည်လည်း ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီးနောက် အံ့အားသင့်သွားကြသည်။ ပြီးနောက် ဘေးဘယ်ညာ ကြည့်ရှုလိုက်ကြ၏။ ဖန်ကျန်းရီကို မေးမြန်းချင်သော်လည်း အားနာနေကြသည်။
လီယန်စုန်က ကုလားထိုင်ပေါ်တွင် မှီကာ သက်ပြင်းရှည်ကြီး ချလိုက်၏။
“ဟူး... တကယ် ကောင်းတာပဲ။ ဒီနေရာ တကယ် ကောင်းတယ်။ ဒီလို ကုလားထိုင်မျိုး ငါ့အိမ်မှာလည်း နှစ်လုံးလောက် ထားချင်တယ်။”
“တကယ်လို့ ရုံးခန်းမှာသာ ရှိရင် ပိုကောင်းမှာပဲ။ ငါ ခါးနာနေတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဒီကုလားထိုင်ပေါ် ထိုင်လိုက်တာနဲ့ တော်တော်လေး သက်သာသွားတယ်။”
ကျန်းတုန်ရှန်းက တိုးတိုးလေး ပြောလိုက်၏။ “အမတ်ကြီးလီ … ဖန်ကျန်းရီကို ဒီကုလားထိုင် ဘယ်မှာ ရောင်းလဲ သွားမေးကြည့်ပါလား။ ကျုပ်လည်း နှစ်လုံးလောက် ဝယ်ချင်တယ်။”
“ခင်ဗျား ဘာသာ ဘာလို့ မမေးတာလဲ။”
“ကျုပ်နဲ့ အဲဒီလူယုတ်မာက မတည့်ဘူး။”
...
လူတိုင်း နေရာယူပြီးနောက် အစေခံမလေးများက လက်ဖက်ရည် စတင် လာချပေးကြသည်။
ဘုရင်မင်းမြတ် မိသားစုကတော့ သေချာပေါက် ဖန်ကျန်းရီ ပုံမှန် သောက်လေ့ရှိသည့် လက်ဖက်ရည်ကို သောက်ကြပြီး ကျန်သူများကမူ မဟာနတ်မင်း လက်ဖက်ရည်ကို သောက်ကြရ၏။
ဖန်ကျန်းရီက မင်းသမီးထံသို့ လှပသော အချိုပွဲတစ်ပွဲကို သီးသန့် သွားပေးလိုက်ရာ လီယွမ်ကျောက်က ကျင်းဘုရင်ကို ကျော်၍ မျက်လုံးနီနီများဖြင့် ဖန်ကျန်းရီကို စူးစိုက်ကြည့်နေသည်။
ဖန်ကျန်းရီက လုံးဝ ဂရုမစိုက်ဘဲ လီမြောင်ဟန်ကို ပြောလိုက်၏။ “မင်းသမီး …. ဒီနေ့ ပြဇာတ်က အရမ်း ကောင်းတယ်။ အထူးသဖြင့် နောက်ဆုံးက မြွေဖြူမလေး ဇာတ်လမ်းက လူနဲ့ နတ်ဘုရား ကြားက လှပတဲ့ အချစ် ဇာတ်လမ်းကို ဖော်ညွှန်းထားတာပါ၊ မင်းသမီး …. သေချာပေါက် သဘောကျမှာပါ။”
လီမြောင်ဟန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ယနေ့ နန်းတော်ပြင်ပသို့ ထွက်ရခြင်းကိုပင် အလွန် ဝမ်းသာနေပြီ ဖြစ်၏။ လမ်းတွင် အနည်းငယ် နေမကောင်းဖြစ်ခြင်းမှလွဲ၍ တောက်ယွမ်ခရိုင်သို့ ရောက်ပြီးနောက် အရာအားလုံးက သူမကို အလွန် အသစ်အဆန်း ဖြစ်စေခဲ့သည်။
ဖန်ကျန်းရီက ပြောပြီးသည်နှင့် ကျင်းဘုရင်အနားသို့ ကပ်သွားကာ တိုးတိုးလေး ပြောလိုက်၏။ “အရှင်မင်းကြီး …. ခဏနေရင် အစီအစဉ် စတော့မှာမို့ ကျွန်တော်မျိုး အပြင်ထွက်ပြီး စီစဉ်စရာရှိတာ စီစဉ်လိုက်ပါအုံးမယ်။”
ကျင်းဘုရင်က ခေါင်းညိတ် သဘောတူလိုက်သည်။
ထို့နောက် သူက ပြဇာတ်ရုံထဲမှ ထွက်လာပြီး တံခါးဝတွင် စောင့်နေသော အောက်ချန်ကို သွားရှာလိုက်၏။ “လယ်ထဲက ကန်စွန်းဥ အခြေအနေ ဘယ်လိုလဲ။”
“သခင်လေး စိတ်ချပါ။ ကျုပ် စာရရချင်း နေ့ရောညပါ စောင့်ရှောက်ဖို့ လူလွှတ်ထားပါတယ်။ ပြဿနာ မရှိနိုင်ပါဘူး။ သခင်လေးအတွက် အကောင်းဆုံး လယ်ကွက်ကို ချန်ထားပေးပါတယ်။ သေချာပေါက် အထွက်နှုန်း ကောင်းမှာပါ။”
ဖန်ကျန်းရီက သူ၏ပခုံးကို ပုတ်လိုက်သည်။ “လုပ်တာ အရမ်း ကောင်းတယ်။ လယ်စောင့်တဲ့ အစောင့်တွေကို ညစာ ဂျင်ဆင်း တစ်ချောင်းစီ ပေါင်းပေးလိုက်။ အစီအစဉ်က ဘယ်လို ပြင်ဆင်ထားလဲ။ ဘာတွေ ပြင်ဆင်ထားလဲ။”
ခရိုင်ထဲတွင် မည်သည့် အစီအစဉ်များ ခေတ်စားနေသနည်းကို မသိသဖြင့် စာထဲတွင် အောက်ချန်ကို အကြမ်းဖျင်း ညွှန်ကြားချက်မျှသာ ပေးခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် မြွေဖြူမလေး ဇာတ်လမ်းကို သီးသန့် ရွေးချယ် ထားလိုက်၏။
ချောမောလှပသော မင်းသမီးနှင့် အတူတူ ထိုင်နေရသည်ကို ဝမ်းနည်းစရာ အချစ်ဇာတ်လမ်းလေးတစ်ခုလောက် မကြည့်ဘဲ နေ၍ ဘယ်ဖြစ်ပါ့မည်နည်း။
အောက်ချန်က ထိုစကားကို ကြားပြီးနောက် ရုတ်တရက် ပေါင်ကို ရိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “အာ... ဒီနေ့ အရှင်မင်းကြီးကို ဖျော်ဖြေရမယ် ဆိုတာ ပြဇာတ်အဖွဲ့ကို အကြောင်းကြားဖို့ မေ့သွားတယ်။ ပြဇာတ်ရုံမှာ ဒီနေ့ လူရှင်းထားမယ် ဆိုတာလောက်ပဲ ပြောလိုက်မိတယ်...။
ဒါပေမဲ့ သခင်လေး စိတ်ချပါ။ အဲဒီ အစီအစဉ်တွေကို ကျုပ်တို့ ကြည့်ပြီးပါပြီ။ အထဲက အစီအစဉ်တွေက သခင်လေးရဲ့ တောင်းဆိုချက်နဲ့ ကိုက်ညီလို့ သီးသန့် အကြောင်းကြားဖို့ မေ့သွားတာပါ။”
ဖန်ကျန်းရီ မျက်မှောင်ကြုတ်သွား၏။ “ကိစ္စမရှိဘူး။ ပုံမှန်အတိုင်းပဲ ကခိုင်းလိုက်ပါ။ ဒါပေမဲ့ ဒီနေ့ ဘာအစီအစဉ်တွေ ကမှာလဲ။”
အောက်ချန်က ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။ “အင်း... ပထမတစ်ခုက ကလေးတွေရဲ့ ဖျော်ဖြေမှု၊ သီချင်းနဲ့ အက လူငယ်လေးများ။
ဒုတိယတစ်ခုက ဖန်တရားသူကြီးက ချန်စစ်မေ့ကို ဒေါသတကြီးနဲ့ ကွပ်မျက်တာ။ တတိယတစ်ခုကတော့ မြွေဖြူမလေး ဇာတ်လမ်းပါ။ ဒီသုံးခုပဲ။”
ထိုစကားကို ကြားပြီးနောက် ဖန်ကျန်းရီ၏ မျက်မှောင် ပြေလျော့သွား၏။
တော်သေးသည်။ ဤအစီအစဉ်များက တကယ်ကို သင့်တော်လှသည်။ ထို့အပြင် အရှင်မင်းကြီးနှင့် အမတ်ကြီး များက ပုံမှန်ဆိုလျှင် ဤသို့သော အစီအစဉ်မျိုးကို မြင်တွေ့ရမည် မဟုတ်သဖြင့် သေချာပေါက် အသစ်အဆန်း ဖြစ်ပြီး သဘောကျကြမည်မှာ အမှန်ပင်။
“ကောင်းတယ်။ ဒါဆိုရင် ဒီလိုပဲ လုပ်လိုက်ကြတာပေါ့။ ပုံမှန်အတိုင်းပဲ ကခိုင်းလိုက်ပါ။”
“နောက်ထပ် ကိစ္စတစ်ခုက... ဝူမင်းသားရဲ့ အိမ်တော်က လူတွေ ခရိုင်ထဲကို လာသေးလား။”
“လာပါတယ်။ ပုံမှန်အတိုင်းပဲ အရက်လာဝယ်တာပါ။ ဘာမှ ထူးခြားတဲ့ အမူအရာလည်း မရှိပါဘူး။ အရင်ကလိုပါပဲ။ ဘာပြဿနာ ရှိလို့လဲ သခင်လေး။”
ဖန်ကျန်းရီက ခဏမျှ စဉ်းစားပြီး ပြောလိုက်၏။ “ခရိုင်ထဲကနေ အတော်ဆုံး လူနှစ်ယောက်ကို ရွေးပြီး မြို့တော်ကို လွှတ်လိုက်။ ဘယ်သူမှ မသိစေနဲ့။ မြို့တော်ရောက်ရင် ဝူမင်းသားကို စုံစမ်းခိုင်းလိုက်။”
အောက်ချန်၏ မျက်နှာက တည်တင်းသွားသည်။ “စိတ်ချပါ သခင်လေး။ ကျုပ် ပြန်သွားရင် စီစဉ်လိုက်ပါ့မယ်။”
မြို့တော်သို့ ရောက်တည်းက ဝူမင်းသား၏ လက်အောက်ငယ်သားများနှင့် နှစ်ကြိမ်ခန့် ဆက်ဆံခဲ့ဖူးသည်။ တစ်ကြိမ်က ကိုယ်တိုင် သွားရှာခဲ့ခြင်း ဖြစ်ပြီး နောက်တစ်ကြိမ်က တစ်ဖက်လူမှ ကိုယ်တိုင် လာရှာခြင်း ဖြစ်၏။
သို့သော်ငြား လျှို့ဝှက်ရနံ့စံအိမ်သို့ သွားစဉ်က လော့နင်ရှင်း၏ အမူအရာက အလွန်ကို ရင်းနှီးလွန်းနေသည်။
ဝူမင်းသားက ရည်ရွယ်ချက်ဆိုး မရှိဘူး ဆိုသော်လည်း ဤသို့ နောက်ကွယ်တွင် ပုန်းအောင်းနေသည့် ခံစားချက်က ဖန်ကျန်းရီကို အလွန် အနေရခက်စေ၏။
မိမိ တောက်ယွမ်ခရိုင်တွင် ရှိနေစဉ်က ဝူမင်းသားကို တွေ့ချင်လျှင်ပင် တွေ့ခွင့် မရခဲ့ချေ။ ယခု မြို့တော်ရောက်မှ ကိုယ့်ဘာသာ လာရှာခြင်းမှာ မည်သည့် အကြံအစည် ရှိနေသောကြောင့်နည်း။
အရေးအကြီးဆုံးမှာ ဝူမင်းသားက မြို့တော်တွင် နာမည်ကြီး အလုပ်မရှိ အကိုင်မရှိသော မင်းသား တစ်ပါး ဖြစ်သည်။
သူ၏ တိတ်တဆိတ် လုပ်နိုင်စွမ်းက သာမန်လူများ ထင်ထားသည်ထက် အများကြီး သာလွန်နိုင်သည်။ ဤအထဲမှ ပြဿနာက သေချာပေါက် သေးငယ်မည် မဟုတ်ချေ။
ထို့နောက် ဖန်ကျန်းရီက ခရိုင်ထဲရှိ ပြဿနာ အများအပြားကို တစ်ခုချင်းစီ မေးမြန်းခဲ့၏။
ကြားထဲတွင် ပြဇာတ်ရုံတံခါးဝသို့ ပြန်သွားပြီး တံခါးကြားမှ ဇာတ်စင်ပေါ်ရှိ ဖျော်ဖြေမှုကို တစ်ချက် ကြည့်လိုက်ရာ ကလေးတစ်အုပ်က ပန်းလေးများကဲ့သို့ ဝတ်ဆင်ပြီး ခုန်ဆွခုန်ဆွ ကခုန်နေကြောင်း တွေ့လိုက်ရသည်။
ကြည့်ရသည်မှာ နွေဦးပွဲတော် ဖျော်ဖြေမှုနှင့် ဆင်တူ၏။ အလွန်လည်း ရူးကြောင်ကြောင် နိုင်လှ၏။
တောက်ယွမ် ပြည်သူများက အဘယ်ကြောင့် ဤသို့ အသုံးမကျသော အစီအစဉ်မျိုးကို ကြည့်ချင်ကြသနည်း။ သူ နားမလည်နိုင်ချေ။
အလွန် ပျင်းစရာကောင်းသဖြင့် ပြန်ဆုတ်လာပြီး အောက်ချန်နှင့် ခရိုင်တွင်း အခြေအနေများကို ဆက်ပြောနေလိုက်သည်။
အချိန်များ တစ်စိမ့်စိမ့် ကုန်ဆုံးသွားပြီးနောက် အချိန် တစ်ဝက်ကျော် ကုန်ဆုံးသွား၏။
ဖန်ကျန်းရီ အခန်းထဲသို့ ကတိုက်ကရိုက် ဝင်သွားချိန်မှာတော့ မြွေဖြူမလေး ဇာတ်လမ်းက နောက်ဆုံးပိုင်းသို့ ရောက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေ၏။ ဖန်ကျန်းရီက ပြဇာတ်ရုံ အနောက်ဘက် တံခါးဝတွင် ကြောင်ရပ်နေမိသည်။
ဘုရင်မင်းမြတ်နှင့် အမတ်များက သူ့ကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ကြသည်ကို တွေ့လိုက်ရပြီး ထိုသူတို့၏ မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေ၏။
ထို့နောက် ခေါင်းများကို ဖြည်းညင်းစွာ ပြန်လှည့်သွားကြတော့သည်။ အားလုံးက တစ်ပုံစံတည်းပင်။
အပိုင်း (၁၂၀) တောက်ယွမ် ဇာတ်စင် …..။
ဖန်ကျန်းရီက အခြေအနေ မကောင်းကြောင်း ခံစားလိုက်ရသဖြင့် ဇာတ်စင်ပေါ်သို့ အလျင်အမြန် ကြည့်လိုက်၏။
ဇာတ်စင်ပေါ်တွင် မြွေဖြူမလေး ဇာတ်လမ်းက ဇာတ်သိမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
(မြွေဖြူမလေး မကြည့်ဖူးသူများအတွက် အကျဉ်းချုပ် - နှစ်ပေါင်းထောင်ကျော် ကျင့်ကြံခဲ့တဲ့ မြွေဖြူမလေး ပိုင်စုကျိန်းက လူပြည်ဆင်းလာပြီး အတိတ်တုန်းက သူ့ကို ကယ်တင်ခဲ့တဲ့ ရွှီးရှန်းနဲ့ တွေ့တယ်။ လက်ထပ်ပြီး ဆေးဆိုင်လေး ဖွင့်နေတယ်။
ဘုန်းတော်ကြီးဖာဟိုင် က လူနဲ့ တိရိစ္ဆာန် ထိမ်းမြားနေထိုင်တာ မကောင်းဘူးဆိုပြီး လာရောက် တားဆီးတယ်။ အရင်က MWD လား၊ MRTV မှာလား မသိ ပြသဖူးတယ်။ ဇာတ်လမ်းတစ်ခုလုံးကို သေချာ မမှတ်မိတော့ပါ။ - ဘာသာပြန်သူ)
ဖာဟိုင်၊ ရွှီရှန်း၊ ပိုင်စုကျိန်းတို့ အားလုံး ရှိနေကြသည်။ သို့သော်ငြား ဤဖာဟိုင်၏ အပြင်အဆင်က အနည်းငယ် ထူးဆန်းနေ၏။
ဝတ်စားဆင်ယင်မှုက မထင်မှတ်ဘဲ ဆွဲဆောင်မှု ရှိနေပြီး လည်ပင်းတွင် ရွှေစေ့ကြီးများ တပ်ဆင်ထားကာ ရင်ဘတ်က ဟလျက် ရှိသည်။
ထို့အပြင် ပိုင်စုကျိန်းကိုလည်း ဖက်ထားသေးသည်လား။
ဖန်ကျန်းရီ ကြည့်ရင်း မျက်လုံးများပင် ပြူးကျယ်သွာ၏။
ပိုင်စုကျိန်းက ခံစားချက် အပြည့်ဖြင့် စကားပြောများကို ရွတ်ဆိုနေဆဲ ဖြစ်သည်။ “ရွှီရှန်း … ရှင်နဲ့ ကျွန်မက ရေစက် မရှိဘူး... ကျွန်မတို့ လမ်းခွဲကြရအောင်။”
ဖာဟိုင်က မြေကြီးပေါ်တွင် မှောက်လျက်သား ဖြစ်နေသော ရွှီရှန်းကို ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ “ဒါကာကြီး …. အရာအားလုံးကို အတင်းအကျပ် လုပ်လို့ မရဘူး။ ရေစက်ဆိုတာ ဖြစ်ပေါ်လာ တတ်သလို ပျောက်ကွယ်သွားတတ်တယ်။ စုကျိန်းက ငါနဲ့ အတူတူ ရှိမှ အစစ်အမှန် ပျော်ရွှင်မှုကို ရနိုင်မှာ။”
ရွှီရှန်းက မျှော်လင့်ချက်မဲ့စွာဖြင့် မြေကြီးပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး သူတို့နှစ်ယောက် ချစ်ကြည်နူးနေကြသည်ကို ကြည့်ကာ ဘာမျှ မပြောနိုင်ချေ။ မျက်စိရှေ့မှာတော့ ဘုန်းတော်ကြီးနှင့် မြွေမတို့က ချစ်ပြနေကြဆဲပင်။
ဖာဟိုင်က ပိုင်စုကျိန်း၏ မေးစေ့ကို ပင့်တင်ကာ ခံစားချက် အပြည့်ဖြင့် ပြောလိုက်သည်။ “အစကတော့ ဒီဘဝမှာ ဗုဒ္ဓဘာသာကိုပဲ အပြည့်အဝ ယုံကြည်တော့မယ်လို့ ထင်ခဲ့တာ။ မင်းကို တွေ့မှပဲ အရမ်း အရမ်း ချစ်မိတယ် ဆိုတဲ့ အဓိပ္ပာယ်ကို သိလိုက်ရတယ်။ မင်းအတွက်ဆိုရင် အရာအားလုံးကိုတောင် စွန့်လွှတ်နိုင်တယ်။”
ပိုင်စုကျိန်းက ရှက်ရွံ့စွာ ပြောလိုက်၏။ “ကျွန်မလည်းပဲ။ ကျွန်မလည်းပဲ …. မဟုတ်ဘူး။ ကျွန်မက ရှင့်ထက်တောင် ပိုချစ်သေးတယ်။”
“မင်းက ငါ့ထက် ပိုချစ်လို့ မရဘူး။ ဘာလို့လဲဆိုတော့ ငါ့ အချစ်တွေက ပြည့်နေပြီ။”
“ရှင် ပြည့်နေပြီဆိုရင် ကျွန်မက လျှံထွက်နေပြီပေါ့။”
နောက်ဆုံးတွင် ရွှီရှန်းက မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။
“စုကျိန်း ….. ငါတို့မှာ သားလေး ရှိသေးတယ်။ မင်း ဒီထိပ်ပြောင်နဲ့ လိုက်သွားရင် ငါတို့ ကလေးလေး ဘယ်လိုလုပ်မလဲ။ ကြီးလာရင် မင်း သူ့ကို ဘယ်လို မျက်နှာပြရမလဲ။ သူ့ရဲ့ ရန်သူကို ဖခင်အဖြစ် အသိအမှတ်ပြုပြီး အဖေလို့ ခေါ်ခိုင်းမှာလား။”
ပိုင်စုကျိန်း၏ မျက်နှာက အနည်းငယ် ဝမ်းနည်းသွားပုံ ပေါက်၏။
“ရွှီရှန် ….. ရှင်နဲ့ ဖာဟိုင်က ကျွန်မကို ချစ်တဲ့သူတွေပဲ။ ကျွန်မနဲ့ အရင်းနှီးဆုံး ဆက်ဆံရေး ရှိခဲ့ဖူးတဲ့ သူတွေပဲ။ ရှင်တို့က ကျွန်မကို ဒီလောက် တန်ဖိုးထားပြီး ချစ်ခင်ပေးလို့ ကျွန်မ အရမ်း ကြည်နူးရတယ်။
ဒါပေမဲ့ ဒီနေ့ကစပြီး ကလေး ဘယ်သူ့ကို အဖေလို့ ခေါ်မလဲဆိုတာ မပြောနဲ့တော့။ ကလေးအပေါ် ထားတဲ့ ဒီမျှော်လင့်ချက်၊ ဒီအချစ်တွေကို ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားလိုက်ပြီ။
ကျွန်မက ဖာဟိုင်နဲ့ အတူတူ နေနေရင်တောင် ရှင် ကျွန်မကို စောင့်ရှောက်ပေးလို့ ရတယ်။ ကလေးကိုလည်း စောင့်ရှောက်ပေးလို့ ရတယ်။ ဒါပေမဲ့ နောက်ဆိုရင် ကလေး ဘယ်သူ့ကို ဖခင်လို့ ခေါ်မလဲဆိုတဲ့ စကားမျိုးတော့ ထပ် မပြောပါနဲ့တော့။”
ရွှီရှန်းက မျက်လုံးများ ပြူးကျယ်လာပြီး အံကြိတ်ကာ ပြောလိုက်၏။ “ဒါဆို တခြားလူတွေက ရှီလင်ရဲ့ အဖေက ဘယ်သူလဲလို့ မေးရင် ငါ ဘယ်လို ဖြေရမှာလဲ။”
“ဖာဟိုင်လေ။ ဘာပဲဖြစ်ဖြစ် ကျွန်မက သူနဲ့ အတူတူ နေတာကိုး...”
ဖာဟိုင်က ရင်ခွင်ထဲရှိ ပိုင်စုကျိန်းကို ခံစားချက် အပြည့်ဖြင့် တင်းကျပ်စွာ ဖက်လိုက်ရာ မြေကြီးပေါ်တွင် မှောက်လျက်သား ဖြစ်နေသော ရွှီရှန်းမှာ မျက်ရည်များ စီးကျလာတော့သည်။
အစိမ်းရောင် ဦးထုပ် အဆောင်းခံရခြင်းက သူ့ကို မခံမရပ်နိုင်အောင် ဖြစ်စေ၏။
ထိုအချိန်တွင် အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ကလေးကို ပွေ့ချီကာ ဇာတ်စင် တစ်ဖက်မှ ပြေးဝင်လာ၏။ ပိုင်စုကျိန်းကို မြင်သည်နှင့် အံ့ဩစွာ ပြောလိုက်သည်။ “အစ်မ … ရှင် ...”
ရွှီရှန်းက မြေကြီးပေါ်တွင် မှောက်လျက်သားဖြင့် အော်ဟစ်နေ၏။ “ရှောင်ချင်း …. ငါ့ကို မြန်မြန် ခေါ်သွားပါ။ ငါနဲ့ ရှီလင်ကို ခေါ်သွားပါ။ ငါတို့ ဒီပြဿနာများတဲ့ နေရာကနေ ထွက်သွားကြမယ်။”
ပိုင်စုကျိန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။ “ရှောင်ချင်း ….. အစ်မ အကုန် ပြောပြပြီးပြီ...”
ရှောင်ချင်း၏ မျက်လုံးများတွင် ဝမ်းနည်းမှုတစ်ချက်က လက်ခနဲ ဖြတ်ပြေးသွား၏။ “တောင်းပန်ပါတယ်။ ညီမ လာတာ အချိန်မကိုက်ဘူး။”
ဖာဟိုင်က လက်ဆန့်ထုတ်ကာ ပြုံးလျက် ပြောလိုက်သည်။ “မဟုတ်ဘူး။ မင်း လာတာ အချိန်ကိုက်ပဲ... ရှောင်ချင်း …. ငါနဲ့ မင်းတို့ ညီအစ်မ နှစ်ယောက်က ကောင်းကင်က ဖန်တီးပေးထားတဲ့ ရေစက်ပဲ။ ဒါတွေ အကုန်လုံးက ကောင်းကင်ဘုံရဲ့ အစီအစဉ်ပဲ။”
ရှောင်ချင်းက ထိုစကားကို ကြားပြီးနောက် ရှက်ရွံ့စွာဖြင့် ဖာဟိုင်၏ ရင်ခွင်ထဲသို့ ဝင်သွား၏။
“ဒီကလေးက ရွှီရှီလင်ပဲ ဖြစ်ရမယ်။”
ဖာဟိုင်က ရှောင်ချင်း ရင်ခွင်ထဲရှိ ကလေးကို ချော့မြူရင်း ပြောလိုက်သည်။ “မင်းတို့ စိတ်မပူပါနဲ့။ ငါက သူ့ကို တောင်ပင်လယ်မှာ တရားကျင့်ဖို့ ပို့ပေးလိုက်မယ်။”
စကားဆုံးသည်နှင့် ကြိုးဖြင့် တွဲလောင်းဆွဲထားသော နတ်သားတစ်ပါး ကောင်းကင်မှ ဆင်းသက်လာကာ ကလေးကို ပွေ့ချီသွား၏။
ရွှီရှန်းက ထိုအခြေအနေကို မြင်ချိန်မှာတော့ အရူးတစ်ယောက်လို ရယ်မောလိုက်ပြီး သူ၏ ဆံပင်များကို ဆွဲဆုတ်ကာ ဇာတ်စင်ပေါ်မှ ထွက်သွားတော့သည်။
ဖာဟိုင်က အလှမယ် နှစ်ယောက်ကို ဖက်လျက် ကျေနပ်ဝမ်းသာစွာဖြင့် ဆင်းသွား၏။
ထို့နောက် ဇာတ်ကြောင်းပြောသံ ထွက်ပေါ်လာသည်။
အကြမ်းဖျင်းဆိုရလျှင် သူတို့သုံးယောက် အရှက်မရှိသော ဘဝကို ဖြတ်သန်းသွားကြပြီး ရွှီရှန်းကတော့ ဆင်းရဲကာ ရူးသွပ်နေသော ဘုန်းကြီး တစ်ပါး ဖြစ်သွားလေ၏။
သို့သော်ငြား ဝေဖန်စရာများ အလွန် များလွန်းသဖြင့် ဖန်ကျန်းရီမှာ ယခုအချိန်တွင် ဝိညာဉ်လွင့်သလို ဖြစ်နေပြီး နောက်ပိုင်း အကြောင်းအရာများကို လုံးဝ နားထဲ မဝင်တော့ချေ။
သူ မျက်နှာထားက စောစောက ဇာတ်စင်ပေါ်မှ ရွှီရှန်းနှင့် တစ်ထပ်တည်းပင် ဖြစ်နေတော့သည်။
ဒါ... ဒါက ငါရေးခဲ့သော မြွေဖြူမလေး ဇာတ်လမ်းလော။ တောက်ယွမ် ပြည်သူများက ယခု ဤသို့သော အရာများကို ကြည့်နေကြသည်လား။
သောက်ကျိုးနည်း။ ကပြသည်ကတော့ ထားလိုက်ပါတော့။ မင်းသမီးနှင့် ဘုရင်မင်းမြတ်ကလည်း ရှိနေသေးသည် မဟုတ်ပါလား။ သူ ဒီမျက်နှာကြီးကို ဘယ်လိုဆက်ပြရမည်နည်း။
မိမိကိုယ်တိုင်ပင် မခံမရပ်နိုင် ဖြစ်ရသည်ဆိုလျှင် ဘုရင်မင်းမြတ်နှင့် အမတ်များ၏ စိတ်ကူးယဉ် ကမ္ဘာကြီး မည်မျှပျက်စီးသွားမည်ကို တွေး၍ပင် မရနိုင်တော့ချေ။
ထိုအကြောင်းကို တွေးမိချိန်မှာတော့ ဖန်ကျန်းရီက လေးလံသော ခြေလှမ်းများဖြင့် ထိုင်ခုံဆီသို့ လျှောက်သွား၏။
ခြေလှမ်း စတင်လှမ်းလိုက်ချိန်မှာပဲ ယခင်က ရူးသွပ်သွားသော ရွှီရှန်းက ပြန်ထွက်လာပြန်သည်။
ပြီးနောက် မျက်နှာတွင် ပျော်ရွှင်သော အမူအရာဖြင့် ပြောလိုက်၏။ “အားလုံး လာရောက် ကြည့်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နှင်းလမင်းစံအိမ်မှာ မြွေဖြူမလေး ဇာတ်လမ်း အထူးအစီအစဉ် ကပြမှာပါ။ ဒီည ဖျော်ဖြေပွဲ လက်မှတ်နဲ့ ဘုန်းကြီးဝတ်စုံ တစ်စုံကို အခမဲ့ ငှားရမ်းနိုင်ပါတယ်။
မနက်ဖြန် ဒီအချိန်မှာ ကျီကုန်း ဇာတ်လမ်းကို ဆက်လက် တင်ဆက်ပေးပါမယ်။ အားလုံး ပြန်လည် လာရောက် ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။”
သောက်ကျိုးနည်း။
ဖန်ကျန်းရီ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး အကြီးအကျယ် ထိတ်လန့်သွား၏။
ပြီးသွားပြီဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ပြဇာတ်ရုံနှင့် ပြည့်တန်ဆာရုံက အံ့အားသင့်လောက်အောင် ပူးပေါင်းမှု ပြုလုပ်လိုက်သေးသည်လား။
မိမိ တောက်ယွမ်ခရိုင်မှ ထွက်သွားသည်နှင့် တောက်ယွမ်ခရိုင်က ခေတ်၏ ရှေ့တန်းသို့ ရောက်ရှိသွားလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။
ဖျက်ဆီးလိုက်ကြပါတော့... မြန်မြန်လေး ဖျက်ဆီးလိုက်ကြပါတော့... ဤကမ္ဘာကြီးတွင် သူ နေ၍ မရနိုင်တော့ချေ။
ဖန်ကျန်းရီက တုန်ယင်နေသော ခြေထောက်များဖြင့် သူ၏ ထိုင်ခုံသို့ ပြန်သွားပြီး ရှေ့ကိုသာ စူးစိုက်ကြည့်နေသည်။ စကားတစ်ခွန်းမှ မပြောတော့ချေ။
အားလုံးကလည်း စကားမပြောကြဘဲ တိတ်ဆိတ်စွာ ထိုင်နေကြ၏။
...
အချိန်မည်မျှ ကြာသွားမှန်း မသိပေ။ ဖန်ကျန်းရီက ရှက်ရွံ့စွာ ခေါင်းလှည့်ကာ လီမြောင်ဟန်ကို ကြည့်လိုက်သည်။
လီမြောင်ဟန်က ပါးပြင်နှစ်ဖက် နီရဲလျက် ခေါင်းကို အလျင်အမြန် ငုံ့သွားကြောင်း တွေ့လိုက်ရ၏။
ထို့နောက် ဖန်ကျန်းရီက ကျင်းဘုရင်ကို လှည့်ကြည့်လိုက်၏။ သူ သတိထား၍ မေးလိုက်သည်။ “အရှင်မင်းကြီး၊ ဘယ်လိုနေလဲ။”
ကျင်းဘုရင်က တံတွေးကို မြိုချပြီး မျက်နှာထား အနည်းငယ် တောင့်တင်းနေသကဲ့သို့ ခံစားနေရသည်။ သို့နောက် ခဲယဉ်းစွာဖြင့် ပါးစပ်ထဲမှ စကားလုံး နှစ်လုံး ထွက်လာ၏။ “မဆိုးပါဘူး။”
“.......”
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြန်ပြီး နောက်ဆုံးတွင် ဖန်ကျန်းရီ ဆက်ထိုင်မနေနိုင်တော့ချေ။
မတ်တတ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ကောင်းပြီ။ ဒီနေ့ ဖျော်ဖြေပွဲကတော့ ပြီးဆုံးသွားပါပြီ။ အားလုံးကို တည်းခိုခန်းမှာ အနားယူဖို့ စီစဉ်ပေးထားပါတယ်။ အားလုံး ပြန်လို့ ရပါပြီ။”
သူ စကားဆုံးသည်နှင့် လူတိုင်းက ဆိုဖာပေါ်မှ ထလိုက်ကြပြီး တန်းစီကာ ပြဇာတ်ရုံထဲမှ ထွက်သွားကြ၏။
လီယွမ်ကျောက်က သူ့အနားသို့ ကပ်လာပြီး ပြုံးဖြီးဖြီးဖြင့် လက်မထောင်ပြလိုက်သည်။ “ဖန်ကြီး … တော်လိုက်တာ။ ရှေ့ပိုင်းက ဟာက ပိုကောင်းတယ် ကျုပ် ပြောပြမယ်... အို … ခင်ဗျား ကြည့်ပြီးလောက်ပြီ။ ဒါနဲ့ နှင်းလမင်းစံအိမ်က ဘယ်နားမှာလဲ။”
ဖန်ကျန်းရီ “...”
ရှေ့ပိုင်းတွင် မည်သည့် ထူးဆန်းမှုများ ရှိသနည်းကို မမြင်ခဲ့ရသော်လည်း ဖန်ကျန်းရီက မသိချင်တော့သကဲ့သို့၊ မသိလည်း မသိရဲတော့ချေ။
“အိမ်ရှေ့စံမင်းသား အပြင်ထွက်ပြီး အစောင့်ကို မေးလိုက်ပါ။ ကျုပ် မင်းသမီးအတွက် သီးသန့် နေရာ စီစဉ် ပေးထားတယ်။ မင်းသမီးကို အရင် ပြန်ပို့ပေးလိုက်ပါအုံးမယ်။”
“ဒါဆိုလည်း သွားလေ။” လီယွမ်ကျောက်က ပျော်ရွှင်စွာ ပြေးထွက်သွား၏။
ဖန်ကြီးက ဤသို့ အောက်တန်းကျသော အရာများကို ကြိုက်နှစ်သက်သည်ပဲ။ လိုက်ပို့ချင်လည်း ပို့ပါစေတော့။ ညီမလေးက မျက်စိကန်းနေမှသာ ဖန်ကြီးကို သဘောကျပေလိမ့်မည်။
လူများ အကုန် ထွက်သွားချိန်မှာတော့ ဖန်ကျန်းရီလည်း ကမန်းကတန်း ပြေးထွက်သွားပြီး လီမြောင်ဟန်ကို သွားရောက် ရှာဖွေသည်။
ကံကောင်းထောက်မစွာဖြင့် သိပ်မဝေးသောနေရာတွင် ချက်ချင်း တွေ့လိုက်ရသည်။ မင်းသမီး ဘေးတွင် အဘွားကြီးတစ်ချို့ ပါလာသဖြင့် မှတ်မိရန် အလွန် လွယ်ကူ၏။
လီမြောင်ဟန်က သူ့ကို မြင်တော့ ပါးပြင်များ နီရဲနေဆဲ ဖြစ်၏။ တည့်တည့်ပင် မကြည့်ရဲချေ။
စောစောက ကြည့်ခဲ့ရသော အရာများက တကယ်ကို မျက်နှာပူစရာ ဖြစ်သည်။
ဖန်ကျန်းရီက မျက်နှာပြောင်တိုက်ပြီး ပြောလိုက်၏။ “မင်းသမီး။ ကျုပ် မင်းသမီးအတွက် တခြား နေရာ စီစဉ်ပေးထားပါတယ်။ လိုက်ပို့ပေးပါ့မယ်။”
လီမြောင်ဟန်က ငုံ့ထားသော ခေါင်းကို နှစ်ချက် ညိတ်ပြသည်။
ထို့နောက် ဖန်ကျန်းရီနှင့် ယှဉ်တွဲ လျှောက်သွားရာ အနောက်မှ အဘွားကြီးတစ်ချို့က မီးအိမ်များကို ကိုင်ဆောင်ကာ လိုက်ပါလာကြ၏။
လရောင်က လင်းလက်နေပြီး ကြယ်များက ပါးလျနေကာ အနီးအနားမှ ပုရစ်အော်သံ တစ်ချက်တစ်ချက် ထွက်ပေါ်လာသည်။ လေပြည်အေးလေးများ တိုက်ခတ်လာသည်မှာ အလွန် သက်တောင့်သက်သာ ရှိလှသည်။
သို့သော်ငြား လေထုက အနည်းငယ် အနေရခက်နေ၏။
ဖန်ကျန်းရီက အခြေအနေကို ဖြေလျှော့ချင်သဖြင့် အထစ်ထစ် အငေါ့ငေါ့ ပြောလိုက်သည်။ “အဟမ်း အဟမ်း …. မင်းသမီး … တကယ်တော့ ကျွန်တော်မျိုးက ပုံမှန်ဆို ဘာသာရေးစာအုပ်တွေကို ဖတ်ရတာ အကြိုက်ဆုံးပါ။ သမိုင်းစာအုပ်တို့ ဘာတို့လည်း ဖတ်ပါတယ်။”
“…...”
“ကျုပ်က ပုံမှန်ဆို ဒီလိုနေရာမျိုးကို လုံးဝ မလာပါဘူး။ အချိန်ရရင် သီချင်းဆိုတာ၊ အက,ကတာ လေ့ကျင့်တယ်။ ဘောလုံးကစားတယ်... ခန္ဓာကိုယ် ကျန်းမာအောင်လို့ပါ။”
“...”
မင်းသမီးက တိတ်ဆိတ်နေကြောင်း မြင်တော့ ဖန်ကျန်းရီလည်း ဘာလုပ်ရမှန်း မသိတော့ဘဲ တွေးမိသမျှကို ပါးစပ်မှ လျှောက်ပြောနေမိ၏။
သို့သော်လည်း လီမြောင်ဟန်က တိတ်ဆိတ်နေဆဲပင်။
နောက်ဆုံး တည်းခိုခန်း တံခါးဝသို့ ရောက်ချိန်မှာတော့ ဖန်ကျန်းရီလည်း အရှုံးပေးလိုက်ပြီး မျက်နှာပြောင် တိုက်ကာ မေးလိုက်သည်။ “ဟိုလေ ….ဒီည ဖျော်ဖြေပွဲကို မင်းသမီး သဘောကျရဲ့လား။”
လီမြောင်ဟန်က ဘေးဘယ်ညာကို အကဲခတ်ကြည့်လိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ ခေါင်းမော့လာပြီး ဖန်ကျန်းရီကို တည့်တည့်ကြည့်၏။
မျက်လုံးဝိုင်းဝိုင်းကြီးများက တည်းခိုခန်းမှ ထွက်ပေါ်လာသော အလင်းရောင် မှိန်မှိန်လေးအောက်တွင် ရေစိုနေသကဲ့သို့ တောက်ပနေသော်လည်း မျက်နှာထားကို သေချာ မမြင်ရချေ။
မင်းသမီးက ရုတ်တရက် ဖန်ကျန်းရီကို ကြည့်ကာ ပြုံးလိုက်ရာ ပန်းပေါင်းစုံ ပွင့်လန်းသွားသကဲ့သို့ လှပလွန်းလှသဖြင့် ဖန်ကျန်းရီမှာ ကြည့်ရင်း ငေးမောနေမိ၏။
သူမက အားပါးတရ ခေါင်းညိတ်ပြပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။ “ကျွန်မ သဘောကျပါတယ်။”