အခန်း (၁၂၁-၁၂၂)
Vol. 8 Ch. 121-122
အပိုင်း (၁၂၁) ဒီအိမ်သာကို အတူတူ သောက်ကြစို့။
ဤအပြုံးလေးကြောင့် ဖန်ကျန်းရီ၏ နှလုံးသားလေးလည်း လိုက်ပါ တုန်ခါသွားရ၏။
စကားပြောသည့် အရှိန်များပင် အနည်းငယ် ကမောက်ကမ ဖြစ်သွားသည်။ “မင်းသမီး သဘောကျရင် ပြီးတာပါပဲ။ ကျုပ် မင်းသမီးကို အခန်းထဲ လိုက်ပို့ပေးပါ့မယ်၊”
“အမ် … ” လီမြောင်ဟန်က အံ့အားသင့်စွာဖြင့် ပါးစပ်လေးကို အုပ်ကာ နောက်သို့ တစ်လှမ်း ဆုတ်သွား၏။
ဘေးမှ အဘွားကြီးများကလည်း ဖန်ကျန်းရီကို သတိအပြည့်နှင့် ကြည့်လိုက်ကြသည်။
ဖန်ကျန်းရီက ရှက်ရွံ့စွာ ပြုံးလိုက်သည်။ “ဪ .. မင်းသမီး အထင်မလွဲပါနဲ့။ တောက်ယွမ်ခရိုင်ရဲ့ တည်းခိုခန်းက အပြင်ကနဲ့ မတူဘူး။ အထင်လွဲမှာ စိုးလို့ မင်းသမီးကို ရှင်းပြဖို့ ထူးဆန်းတဲ့ အရာတွေ အများကြီး ရှိသေးတယ်။ ဒါမှမဟုတ် ကျုပ် အဘွားကြီးတွေကို အရင် ခေါ်သွားပြီး ရှင်းပြလိုက်မယ်။”
“အဟမ်း၊ အဟမ်း။ မလိုပါဘူး။ ကျွန်မ မြို့ဝန်ဖန်ကို ယုံပါတယ်... အတူတူ တက်သွားကြတာပေါ့။”
အပေါ်ထပ်သို့ ရောက်ပြီးနောက် ဖန်ကျန်းရီက လီမြောင်ဟန်အား အခန်းထဲရှိ အပြင်အဆင်များကို အစအဆုံး ရှင်းပြပေးခဲ့သည်။ အိမ်သာ အကြောင်း ပြောချိန်မှာတော့ မင်းသမီးမှာ သေချာပေါက် ရှက်ရွံ့သွားရ၏။
ဘေးမှ အဘွားကြီးများကမူ ဖန်ကျန်းရီကို လူမိုက် တစ်ယောက်အဖြစ် သတ်မှတ်လိုက်ကြပြီ ဖြစ်သည်။
သို့သော်လည်း သခင်လေးဖန်က ထိုအရာများကို ဂရုမစိုက်ချင်ပေ။ မင်းသမီး မျက်နှာနီသွားသည်ကို ကြည့်ရသည်အား သဘောကျသောကြောင့်သာ ဖြစ်၏။
မင်းသမီးဘက်မှ အမြင်ကိုမူ ပြန်ဆယ်နိုင်ခဲ့ပြီ ဖြစ်သည်။ ဘုရင်မင်းမြတ်ဘက်ကတော့ မနက်ဖြန် ကန်စွန်းဥ တူးဖော်ပြီးလျှင် အားလုံး အဆင်ပြေသွားမည်သာ။
အားလုံးက ဘာမျှမဖြစ်ခဲ့သကဲ့သို့ သဘောထားလိုက်ကြမည်။ သူ ဖန်ကျန်းရီသည် ကိုယ်ကျင့်တရား ကောင်းသော လူကောင်း တစ်ယောက် ဖြစ်သည်။
...
မင်းသမီးကို နေရာချထားပေးပြီးနောက် ဖန်ကျန်းရီက ပြဇာတ်ရုံ တံခါးဝသို့ အပြေးအလွှား ပြန်လာခဲ့၏။
အောက်ချန်က တံခါးဝတွင် ချီးကျူးခံရရန် စောင့်နေဆဲ ဖြစ်သည်။ ဖန်ကျန်းရီက သူ့ကို မြင်သည်နှင့် ဒေါသတကြီး လည်ပင်းမှနေ၍ ဆွဲမလိုက်၏။ ပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။ “ဘယ်သူက မြွေဖြူမလေး ဇာတ်လမ်းကို ဒီလိုပုံစံ ဖြစ်အောင် ပြောင်းခိုင်းတာလဲ။”
အောက်ချန်က အကြောင်းရင်းကို နားမလည်ဘဲ ကြောင်အမ်းအမ်းဖြင့် ပြောလိုက်၏။ “ဘာကိုလဲ သခင်လေး။ သခင်လေး မှာတဲ့အတိုင်း ပုံမှန် ကတာပဲလေ။ အခု ခရိုင်ထဲမှာ ကြည့်နေကြတာ ဒီမြွေဖြူမလေး ဇာတ်လမ်းပဲ။ အရမ်း လူကြိုက်များတာ။ ဘာပြဿနာ ရှိလို့လဲ။”
“ကျုပ် မေးနေတာ ဘယ်သူ ပြောင်းလိုက်တာလဲလို့။”
“ဆရာ... ဆရာဝူ ပြောင်းတာလေ။” အောက်ချန် ငိုချင်သွား၏။ ကြည့်ရသည်မှာ သခင်လေးဘက်တွင် ပြဿနာ အကြီးကြီး တက်သွားပြီနှင့် တူသည်။
ဆရာဝူတဲ့လော။ ဖန်ကျန်းရီ မျက်မှောင်ကြုတ်သွားသည်။ “ခရိုင်ထဲမှာ ဒီလိုလူ ရှိသေးလား။ ဆရာဝူဆိုတဲ့သူကို ကျုပ် ဘယ်တုန်းကမှ မကြားဖူးပါဘူး။”
“ဝူရှန်းလေ။”
“ဝူရှန်းလား .. ကျုပ် ထွက်သွားတာ လအနည်းငယ်ပဲ ရှိသေးတယ်။ အဲဒီခွေးကောင်က ဆရာကြီး ဖြစ်သွားပြီလား။” ဖန်ကျန်းရီ အလွန်အမင်း တုန်လှုပ်သွား၏။
“ဟုတ်တယ်။ အခု ခရိုင်ထဲက ပြည့်တန်ဆာရုံတွေရဲ့ ဧည့်သည် တစ်ဝက်လောက်ကို သူပဲ ဆွဲဆောင်ထားတာ။ လူတော်တော်များများက ပိုက်ဆံပေးပြီး သူ့ကို စာရေးခိုင်းတာတောင် မရေးပေးဘူး... ခရိုင်ထဲမှာ နာမည် အရမ်းကြီးနေပြီ။ အရမ်းလည်း ချမ်းသာနေပြီ။”
ဖန်ကျန်းရီ ထိုစကားကို ကြားပြီးနောက် ဒေါသထွက်လွန်း၍ အံကြိတ်လိုက်မိ၏။ သူ့ကိုပင် ကျော်တက်သွားသေး၏၊
ထို့ကြောင့် အံကြိတ်ကာ ပြောလိုက်သည်။ “ဟာသ ပြောတာက လျှောက်ပြောလို့ မရဘူး။ ပြဇာတ် ပြောင်းရေးတာကလည်း လျှောက်ပြောင်းလို့ မရဘူး။ မြွေဖြူမလေး ဇာတ်လမ်းကို ဒီလိုပုံစံ ဖြစ်အောင် ပြောင်းတာ ကျုပ်ကို မေးပြီးပြီလား။ ပြီးတော့ ဟို ကျီကုန်း ဇာတ်လမ်း ဆိုတာကော သူပဲ ပြောင်းရေးထားတာလား။ ဒါက မူပိုင်ခွင့် ချိုးဖောက်တာပဲ။ မနက်ဖြန် သူ့အိမ်သွားပြီး မူပိုင်ခွင့်ကြေး သွားကောက်။ တစ်ဝက် ဖြတ်ယူလိုက်။ ပြီးတော့ အဲဒီခွေးကောင် အခု ဘယ်မှာလဲ။”
အောက်ချန်က အလျင်အမြန် ဖြေလိုက်၏။ “သုတေသန ဌာနမှာ။ သူက စာရေးဖို့ အခက်အခဲ ဖြစ်နေလို့ စာမရေးဘဲ ဉာဏ်ကွန့်မြူးဖို့ သုတေသန ဌာနမှာ သွားရှာနေတာတဲ့။ သူက သုတေသန ဌာနကို ငွေသုံးထောင် လှူထားလို့ ခရိုင်ရုံးတော်က သူ့ကို အပြင်ကနေ ကူညီတဲ့ ရာထူးတစ်ခု ပေးထားတယ်။”
ဖန်ကျန်းရီ၏ မျက်နှာထား ပြေလျော့သွားသည်။ “သူ နားလည်လို့ တော်သေးတယ်။ မနက်ဖြန်မှ ခင်ဗျားတို့ကို ရှင်းမယ်။
အခု ချက်ချင်း ပန်းချီဆရာ တစ်ဖွဲ့ကို စီစဉ်လိုက်။ အိပ်နေတဲ့ သူတွေကိုလည်း နှိုးလိုက်။ နှင်းလမင်းစံအိမ်ကို သွားပြီး ဒီည သွားခဲ့တဲ့ သူတွေ အကုန်လုံးကို သေချာ ရှင်းရှင်းလင်းလင်း ပုံဆွဲခိုင်းလိုက်။”
ထိုသို့ ပြောပြီးသည်နှင့် လှည့်ကာ ခရိုင်ရုံးတော်သို့ ပြန်သွား၏။
...
နောက်တစ်နေ့ မနက်စောစော။
ဖန်ကျန်းရီက မနက်စာ စားပြီးနောက် ယိုကျန်းတည်းခိုခန်းသို့ တိုက်ရိုက် ထွက်လာခဲ့သည်။
မနေ့က တစ်နေ့လုံး ပင်ပန်းထားသဖြင့် အဘိုးကြီးများ အားလုံး စောစော ထနိုင်ကြမည် မဟုတ်ချေ။
တည်းခိုခန်းသို့ ရောက်ချိန်မှာတော့ ကျင်းဘုရင်၊ ကော်ထျန်းယန်နှင့် လီယွမ်ကျောက်တို့ သုံးယောက်က လမ်းဘေးဆိုင်တွင် ထမင်းထွက်စားနေကြကြောင်း တွေ့လိုက်ရ၏။ ဘေးတွင် အစောင့် အနည်းငယ်သာ ပါသည်။
အခြား အမတ်များ မည်သူမှ မထကြသေးသည်မှာ သိသာလှ၏။
တည်းခိုခန်းထဲတွင် အချိန်အတော်ကြာ စောင့်နေသည်တိုင် ဘုရင်မင်းမြတ် ပြန်မလာသေးချေ။ ထိုအစား တည်းခိုခန်းမှ အလုပ်သမားများက ရေပုံးများ ကိုင်ဆောင်ကာ ရေစင်ကို ရေဖြည့်ရန် အဝင်အထွက် လုပ်နေကြကြောင်း တွေ့လိုက်ရ၏။
ဖန်ကျန်းရီက ဆိုင်ရှင်ကို နားမလည်စွာဖြင့် မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။ ရေစင်က သေးလွန်းလို့လား။ ရေလာဖြည့်တဲ့သူတွေ ဘာလို့ ဒီလောက် များနေရတာလဲ။”
ဆိုင်ရှင်လည်း နားမလည်နိုင်အောင် ဖြစ်နေ၏။ “မဖြစ်နိုင်ဘူး။ အစကတည်းက သေချာ တွက်ချက်ပြီး ဆောက်ထားတာပါ။ အခန်းတစ်ခန်းကို ရှစ်ခါ၊ ဆယ်ခါလောက် ရေဆွဲချတာတောင် ပြဿနာ မရှိပါဘူး။ ပြီးတော့ ကျုပ်တို့ရဲ့ ရေကန်တွေကလည်း နေ့တိုင်း အပြည့် ရှိနေတာပါ။
သခင်လေး။ မြို့တော်က လာတဲ့ အရာရှိကြီးတွေက အစားအသောက် အရမ်း ကြီးလို့များလား မသိဘူး။”
အစားအသောက် ကြီးသည်လား။ မနေ့ကလည်း အများကြီး စားသည်ကို မတွေ့ရချေ။ အားလုံးက အဘိုးကြီးများသာ ဖြစ်ကြသည်။ မည်မျှများများ စားနိုင်မည်နည်း။
တိုက်ဆိုင်စွာပင် ကျင်းဘုရင်က လူအနည်းငယ်နှင့် အပြင်မှ ပြန်ရောက်လာ၏။
ဖန်ကျန်းရီကို မြင်သည်နှင့် ပြုံးရွှင်စွာ နှုတ်ဆက်သည်။
ဖန်ကျန်းရီလည်း အခြေအနေကို မြင်ချိန်မှာတော့ စိတ်အေးသွား၏။ ဘုရင်မင်းမြတ် ပီသလှပေသည်။ စိတ်ဓာတ် ကြံ့ခိုင်မှုက တကယ်ကို ကောင်းမွန်လှ၏။
တစ်ညအိပ်ပြီးသည်နှင့် အမြင်သစ်များ ပြန်လည် တည်ဆောက်နိုင်သွားပြီ ဖြစ်သည်။
လီယွမ်ကျောက်က ခိုးကြောင်ခိုးဝှက်ဖြင့် အနားသို့ ကပ်လာကာ ဖန်ကျန်းရီကို မျက်စပစ်ပြလိုက်၏။ “ဖန်ကြီး … နှင်းလမင်းစံအိမ်က တကယ်ကောင်းတယ်။”
“ခင်ဗျားတို့ ခရိုင်မှာ အဲဒီ သံလှံတံအက ရှိတယ်ဆိုတာ... ဘာလို့ ကျုပ်ကို စောစော မပြောတာလဲ။”
“…….”
“သံလှံတံအက ဆိုတာ ဘာလဲ။”
Anime ကြိုက်သူက Cosplay ကို သဘောကျသည်မှာ သူ နားလည်နိုင်သည်။ သို့သော်ငြား သံလှံတံအက ဆိုသည်ကို သူ တကယ် မကြားဖူးချေ။
လီယွမ်ကျောက်က ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ “အဲဒါကလေ... သံလှံတံကို စင်ပေါ်မှာ စိုက်ထားပြီး မိန်းမတွေက လှံတံကို ပတ်ပြီး ကတာလေ... ကျွတ် ကျွတ် ကျွတ် .. ကောင်းလိုက်တာ … မနေ့က အဲဒီ ပိုင်စုကျိန်း ကတာ။ တကယ်ကို မြွေမ ပီသပါတယ်။ တော်တယ်။”
“ဝူရှန်း တီထွင်တာလို့ ကြားတယ်။ အရည်အချင်းပဲ။ ဒီလို အရည်အချင်းမျိုးကို အရှေ့နန်းဆောင်ကို ခေါ်လာသင့်တယ်။”
ဖန်ကျန်းရီ မျက်မှောင်ကြုတ်လိုက်မိ၏။
သံလှံတံကို စင်ပေါ်မှာ စိုက်ထားသည်လား...
သောက်ကျိုးနည်း။ ဝူရှန်းပဲ ဖြစ်ရမယ်။ ငါရဲ့ တောက်ယွမ်ခရိုင်ကို ရှုပ်ယှက်ခတ်အောင် လုပ်နေတာပဲ။
“အိမ်ရှေ့စံမင်းသား … ဒီလို အရည်အချင်းမျိုးကို ကျုပ်တို့ တောက်ယွမ်ခရိုင်မှာပဲ ထားလိုက်တာ ပိုကောင်းပါမယ်။ အရှေ့နန်းဆောင်က လက်ခံနိုင်မှာ မဟုတ်ပါဘူး။”
“ဟွန်း …. ကျုပ် အပေါ်တက်ပြီး ပြန်အိပ်လိုက်ဦးမယ်။ မနေ့ညက သေချာ မအိပ်ရဘူး။ ထွက်ခါနီးကျမှ ကျုပ်ကို ခေါ်။” လီယွမ်ကျောက်က သမ်းဝေကာ အပေါ်ထပ်သို့ တက်သွား၏။ အလွန် ပင်ပန်းနေပုံကို ကြည့်ရသည်မှာ မနေ့ညက ဘာတွေများဖြစ်ခဲ့သနည်း။
ဖန်ကျန်းရီက အလျင်အမြန် ဆွဲထားလိုက်သည်။ “မသွားနဲ့အုံး ကျုပ် မေးမယ်။ တခြားလူတွေကော။ အကုန်လုံး မနိုးကြသေးဘူးလား။”
လီယွမ်ကျောက် ရုတ်တရက် သဘောပေါက်သွားပြီးနောက် ဟီးဟီးဟားဟား ရယ်မောလိုက်၏။ “အာ မေ့သွားလို့။ ခင်ဗျား ဒါကို မေးရင်တော့ ကျုပ် အိပ်ချင်ပြေသွားပြီ။
မနေ့ညက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတယ်။ ခင်ဗျား မသိဘူး။ ကျုပ် တစ်ခန်းချင်းစီ လိုက်ကြည့်တာ။ သူတို့ အကုန်လုံးက အိမ်သာကို ရေတွင်းလို့ ထင်နေကြတာ... ဟားဟားဟားဟား။ အရူးတွေ။
တချို့က ထူးဆန်းတဲ့ ရေတွင်းရေလို့ ထင်ပြီး စားပွဲထိုးဆီကနေ ဘူးသွားတောင်းပြီး မြို့တော်ကို တစ်ဘူး ပြန်ယူသွားချင်သေးတယ်။ ရယ်ရလွန်းလို့ သေတော့မယ်။ ဒီနေ့မနက် အကုန်လုံး ဝမ်းပျက်နေကြတယ်။”
“…….”
ရုံးတော်က အမတ်ကြီးများ အားလုံး အိမ်သာရေကို သောက်ခဲ့ကြကြောင်း တွေးမိချိန်မှာတော့ ဖန်ကျန်းရီ တစ်ကိုယ်လုံး ချမ်းစိမ့်စိမ့် ဖြစ်သွားရသည်။
သောက်ကျိုးနည်း။ ငါ မနေ့က ပြောဖို့ တစ်ခုခု မေ့နေတယ်လို့ထင်တာ ဒါကိုး။
အပိုင်း (၁၂၂) ကြီးမားသော အထွက်နှုန်း။
နှစ်နာရီခန့် စောင့်ပြီးနောက် အမတ်များက လှေကား လက်ရန်းကို ကိုင်ကာ တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြသည်။ ကြည့်ရသည်မှာ ဤအဘိုးကြီးများ တော်တော်လေး ဝမ်းသွားထားပုံ ရပြီး ခွန်အားများ ကုန်ခမ်းနေကြ၏။
လူတိုင်း အောက်ထပ်သို့ ရောက်သည်နှင့် ဖန်ကျန်းရီက တည်းခိုခန်း ဆိုင်ရှင်အား အသံကျယ်ကျယ်ဖြင့် ဆူပူနေသည်ကို တွေ့လိုက်ရသည်။
“ခင်ဗျားတို့ လူပျင်းတွေ … ပုံမှန်ဆို ဘယ်လို သင်ပေးထားလဲ။ ဟမ် … အဝတ်စုတ် တစ်ခုကို နှစ်နာရီလောက် မလဲဘူး။ ဒီလို အလုပ်မျိုးနဲ့ ဧည့်သည်တွေကို ဘယ်လိုလုပ် ဝန်ဆောင်မှု ပေးမှာလဲ။
ခင်ဗျားတို့ကို ကျုပ် အရင်က မှာထားတယ်။ အိမ်သာကို ခုနစ်ခါဆေးပြီး ခုနစ်ခါ ရေဆွဲချရမယ်။ ပြီးရင် စားပွဲထိုးကို တစ်ငုံ သောက်ခိုင်းရမယ်လို့။ ဒီလို သန့်ရှင်းရေး စံနှုန်းမျိုး ပြည့်မီရဲ့လား။”
ဆိုင်ရှင်မှာ ချွေးစေးများ ထွက်လာ၏။ “သခင်လေး။ သခင်လေး မှာထားတာတွေကို ကျုပ်တို့ အကုန် လုပ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ ဒီကောင်လေးက အသစ်ရောက်လာတာမို့ စည်းကမ်း မသိလို့ပါ။ ကျွန်တော် အခုပဲ သူ့ကို အဝတ်စုတ် လဲခိုင်းလိုက်ပါ့မယ်။”
နောက်တစ်ခါ ဒါမျိုးဖြစ်ရင် ခင်ဗျားကို အရေခွံ ခွာပစ်မယ်။”
ဤသို့ သရုပ်ဆောင်ပြလိုက်သောအခါ အမတ်များ၏ မျက်နှာထား အနည်းငယ် ပြေလျော့သွားကြသည်။
ဤရေက လူသောက်၍ ရသည်ပဲ... အားလုံး သောက်ခဲ့ကြသည် ဆိုတော့ သိပ်ရှက်စရာ မဟုတ်တော့ပေ။
ခွေးကောင် ဖန်ကျန်းရီက လူကောင်း မဟုတ်သော်လည်း သန့်ရှင်းရေးကိုမူ အမှန်တကယ် လုပ်ဆောင်ပုံပင်။ တောက်ယွမ်ခရိုင်က လမ်းများ၏ သန့်ရှင်းရေး အဆင့်အတန်းကို ကြည့်ရုံနှင့် သိသာလှသည်။ လိမ်ညာပြောဆိုခြင်း မဖြစ်နိုင်ချေ။
အခြေအနေ အနည်းငယ် သက်သာသွားသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက တိတ်တဆိတ် ချွေးသုတ် လိုက်သည်။
လူတိုင်းကို ဒေါသထွက်အောင် လုပ်၍ မရနိုင်ပေ။ မဟုတ်လျှင် တကယ် အလုပ်လုပ်ရ ခက်သွားမည်။ ကံကောင်း၍ လှည့်စားပြီး ကျော်လွန်သွားနိုင်ခဲ့သည်။ ခဏနေ ကန်စွန်းဥ ထွက်ပေါ်လာသည်ကို မြင်လျှင် အားလုံး၏ အာရုံများ ပြောင်းသွားလောက်၏။
သို့သော်ငြား လီယွမ်ကျောက် ဆိုသော တကောင့်သားက ဝမ်းသာအားရ ဖြစ်နေသည်။ ကြည့်ရသည်မှာ ဘုရင်မင်းမြတ် ရိုက်နှက်သည်မှာ နည်းသေးသည် ထင်ရသည်။
လူစုံသွားသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက ကျင်းဘုရင်အနားသို့ သွားကာ ပြောလိုက်၏။ “အရှင်မင်းကြီး ….. လူစုံပါပြီ။ လယ်ထဲကို နည်းနည်း ဝေးပါတယ်။ ကျုပ် ရထားလုံး စီစဉ်ထားပါတယ်။ ရထားလုံးပေါ် တက်ကြပါ။”
ထို့နောက် သူတို့အဖွဲ့က အောက်ချန်၏လမ်းညွှန်မှုဖြင့် ရထားလုံးစီးကာ လယ်ကွင်းများဆီသို့ ကြီးကျယ် ခမ်းနားစွာ ထွက်ခွာသွားကြသည်။
လယ်ထိပ်သို့ ရောက်သည်နှင့် လူတိုင်းက အနည်းငယ် စိတ်ပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ပြောင်သလင်းခါနေသော မြေကြီးပေါ်တွင် အရွက်အချို့သာ ရှိပြီး ဘာမှ ထူးခြားမှု မရှိပုံ ပေါက်နေ၏။
ဖန်ကျန်းရီ ဆိုသော ကောင်လေး လိမ်ညာပြောဆိုခြင်းများလား။
ကျင်းဘုရင်လည်း မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲတွင်လည်း အနည်းငယ် စိတ်ပျက်သွားမိ၏။ မြေကြီးပေါ်တွင် အရွက်အချို့သာ ရှိပြီး အသီးကို မတွေ့ရချေ။
“ဒီစွမ်းရှီ ကန်စွန်းဥရဲ့ အသီးကရော။ မြေအောက်မှာ ပေါက်တာလား။”
“မှန်ပါတယ်။ အရှင်မင်းကြီးက တကယ်ကို မျက်စိရှင်ပါတယ်။ ကျွန်တော်မျိုး တကယ် လေးစားပါတယ်။”
“စကားများမနေနဲ့။ ဒီစွမ်းရှီ ကန်စွန်းဥက ဘယ်လို ပုံစံလဲဆိုတာ ကိုယ်တော့်ကို မြန်မြန် ပြစမ်း။”
ကျင်းဘုရင်က ခေါင်းညိတ်လိုက်ပြီး သူ၏ရှေ့ရှိ မြေကြီးကို စူးစိုက်ကြည့်ကာ စိတ်ထဲတွင် စိတ်အားထက်သန်မှုများ ထပ်မံ ဖြစ်ပေါ်လာ၏။ “လူတွေ လာကြ။ ကိုယ်တော့်ကို ရိတ်သိမ်းပေးကြစမ်း။ ဒီအရာက ဘယ်လောက် ထွက်လဲဆိုတာ ကိုယ်တော် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြည့်မယ်။”
ကျင်းဘုရင်၏ အမိန့်နှင့်အတူ ဖန်ကျန်းရီက မြေတစ်ဧကကို တိုင်းတာရန် လူများကို စတင် အမိန့်ပေးပြီးနောက် နယ်နိမိတ် သတ်မှတ်လိုက်သည်။
ထို့နောက် လယ်ကွင်းထဲရှိ လယ်သမားများကို ရိတ်သိမ်းရန် ညွှန်ကြားလိုက်၏။
ရိတ်သိမ်းသည့် ကိစ္စနှင့် ပတ်သက်၍ ဤတောက်ယွမ်ခရိုင်မှ လယ်သမားများက အတွေ့အကြုံ ရှိကြပြီး ဖြစ်သည်။ ထို့အပြင် ကန်စွန်းဥကို မြေကြီးထဲတွင် မြှုပ်ထားပြီး တိုက်ရိုက် တူးဖော်ရုံသာ ဖြစ်သဖြင့် သာမန် ကောက်ပဲသီးနှံများထက် အများကြီး ပိုလွယ်ကူ၏။
ကန်စွန်းဥ ထည့်ရန် ခွက်များနှင့် အလေးချိန် ချိန်ရန် ကိရိယာများကိုလည်း ဘေးတွင် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။
လူဆယ်ဂဏန်းခန့်က လယ်ကွင်းထဲသို့ ဝင်ရောက်လာပြီး မြေကြီးထဲသို့ ဖြည်းညင်းစွာ တူးဆွကြ၏။ ထို့နောက် မြေကြီးထဲမှ လက်သီးဆုပ် အရွယ်အစားခန့် ရှိသော ကန်စွန်းဥ တစ်လုံးပြီး တစ်လုံး ထွက်ပေါ်လာပြီး ထိုအရာများကို ခွက်များထဲသို့ ပစ်ထည့်လိုက်ကြ၏။
မြေကြီးကို အဆက်မပြတ် တူးဆွလိုက်သည်နှင့်အမျှ အသီးများက တစ်ခုပြီးတစ်ခု ထွက်ပေါ်နေပြီး အရွယ်အစားကလည်း သိပ်မကွာဘဲ အားလုံးက လက်သီးဆုပ် အရွယ်အစားခန့် ရှိကြောင်း တွေ့ရသည်။
ဖန်ကျန်းရီ ကြည့်ရင်း ခေါင်းခါလိုက်၏။
ဤအရာက မျိုးစိတ် အရမ်း ညံ့လှ၏။ သူ မှတ်မိနေသော ကန်စွန်းဥ အရွယ်အစား၏ တစ်ဝက်ခန့်သာ ရှိသည်။
ယခင်ဘဝက ဓာတ်ဆီပေပါပေါ်တွင် ရောင်းသော ကင်ထားသည့် ကန်စွန်းဥ ဆိုလျှင် တစ်လုံး စားလိုက်တာနှင့်ပင် ဗိုက်ပြည့်လုမတတ် ဖြစ်သွားခဲ့သည်။ ယခု မြေကြီးထဲမှ တူးထုတ်လာသော ဟာများဆိုလျှင် အများဆုံး သုံးလုံးလောက်ထိ စားနိုင်မည် ထင်၏။ ကျန်းပြောင် ဆိုလျှင် ဆယ်ဂဏန်းခန့် အလွယ်တကူ စားနိုင်ပေလိမ့်မည်။
ကြည့်ရသည်မှာ မျိုးစိတ် မကောင်းခြင်းသာ ဖြစ်မည်။ အကောင်းဆုံး မျိုးစိတ်များ ပျိုးထောင်ရန် နည်းလမ်း ရှာမှ ရတော့မည်။
ယခုအချိန်မှာတော့ ကျင်းဘုရင်၏ အကြည့်များက စိုးရိမ်မှုများ ပေါ်လွင်နေပြီး နဖူးတွင်လည်း ချွေးစေးများ အနည်းငယ် ထွက်နေ၏။
အမတ်များကလည်း လယ်ထိပ်တွင် လက်ညှိုးထိုးကာ အချင်းချင်း ဆွေးနွေးနေကြသည်။ ကန်စွန်းဥ ဆိုသည်ကို အားလုံးက အသစ်အဆန်း ဖြစ်နေကြသည်။
ကျင်းဘုရင်က သည်းမခံနိုင်တော့ဘဲ ဘေးမှ ကော်ထျန်းယန်အား ခွက်နှင့် ချိန်ခွင် ယူလာကာ သူ၏ ရှေ့တွင် အလေးချိန် ချိန်ရန် ညွှန်ကြားလိုက်၏။
ထို့နောက် ကော်ထျန်းယန်က မိန်းမစိုး အချို့ကို ညွှန်ကြားကာ ချိန်ခွင် အကြီးကြီး တစ်ခုနှင့် လယ်ထဲတွင် အသင့် ထည့်ထားသော ခွက်များကို ယူဆောင်လာပြီး ချိန်ခွင်ပေါ်တွင် တစ်ခုချင်းစီ အလေးချိန် စတင် ချိန်တွယ်ကြ၏။
ဖန်ကျန်းရီ၏ စိတ်ထဲတွင်လည်း စတင် စိုးရိမ်လာသည်။
အရင်ဘဝက ကန်စွန်းဥ တစ်ဧက အထွက်နှုန်းက ငါးထောင် ခြောက်ထောင် ဆိုသည်မှာ အနည်းဆုံး ဖြစ်၏။ အများဆုံးဆိုလျှင် သောင်းဂဏန်းခန့် အထိ ရှိ၏။
တောက်ယွမ်ခရိုင်တွင် မြေကောင်း သိပ်မရှိသော်လည်း အကောင်းဆုံး မြေကွက်ကို ရွေးချယ်ပြီး မြေဩဇာ အများကြီး ထည့်ကာ ဤကန်စွန်းဥကို စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။
အရေးကြီးသောအချိန်ကျမှ ဤရှေးဟောင်း မျိုးစိတ်က မအောင်မြင်ဘဲ မနေပါစေနှင့်။ ပိဿာ တစ်ထောင် ရှိလျှင်ပင် အောင်မြင်သည်ဟု သတ်မှတ်နိုင်ပြီဖြစ်၏။
“အရှင်မင်းကြီး …. ငါးဆယ့်ခုနစ် ပိဿာ...”
“ခုနစ်ဆယ့်သုံး ပိဿာ။”
“ကိုးဆယ့်လေး ပိဿာ။”
အလေးချိန် တစ်ခါ ချိန်တိုင်း ကော်ထျန်းယန်က ဂဏန်းများကို အသံကျယ်ကျယ်ဖြင့် အော်ပြောသည်။
ယခုအခါ အမတ်များနှင့် ဘုရင်မင်းမြတ်တို့ အလွန် စိတ်လှုပ်ရှားနေကြပြီ ဖြစ်၏။
ကျင်းဘုရင်က လယ်ကန်သင်းပေါ်တွင် ရပ်ကာ နားထဲတွင် အဆက်မပြတ် ကြားနေရသော ကိန်းဂဏန်းများကို နားထောင်ရင်း လယ်ထဲရှိ ကန်စွန်းဥများနှင့် လယ်သမားများကို စူးစိုက်ကြည့်နေသည်။
လောက ပြည်သူများ ...။
ကျင်းတိုင်းပြည်၏ အနာဂတ်နှင့် သက်ဆိုင်သော စွမ်းရှီ ကန်စွန်းဥကိစ္စ ဖြစ်သောကြောင့် သူ လုံးဝ အမှားမခံနိုင်ချေ။ ထို့ကြောင့် သေချာ စောင့်ကြည့်ရမည်။
နှစ်ပေါင်းများစွာအတွင်း ထရုံးတော်သို့ စွမ်းဆောင်ရည်များ အလိမ်အညာ တင်ပြခဲ့ကြသော အစိုးရ အရာရှိများ ရှိခဲ့ဖူး၏။ အထူးသဖြင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် ပတ်သက်၍ အမြဲတမ်း လိမ်ညာတတ်ကြသည်။
တစ်ဧကကို ပိဿာ တစ်ထောင်၊ ပိဿာ ရာဂဏန်း ထွက်သော ကောက်ပဲသီးနှံများ အကြောင်း ရုံးတော်တွင် မကြားဖူးသည် မဟုတ်ချေ။ သို့သော်လည်း အကြိမ်တိုင်း လူကို စိတ်ပျက်စေခဲ့သည်သာ။
နောက်ဆုံးတော့ ဘာမှမကျန်ခဲ့ပေ။ အားလုံးက တစ်ခဏတာ ပွင့်လန်းသော ပန်းများကဲ့သို့၊ ရေထဲက လကဲ့သို့ တဒင်္ဂသာ ဖြစ်ခဲ့သည်ချည်းပင်။
ယနေ့တော့ ကျင်းဘုရင် ကိုယ်တိုင် လယ်ထဲသို့ ဆင်းပြီး အနာဂတ်ကောင်းကျိုး ဆိုသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်နေသည်။ ဤမြေတစ်ဧကမှနေ၍ စွမ်းရှီ ကန်စွန်းဥ မည်မျှ ထွက်မည်နည်း။
“တစ်ရာ့ခုနစ်ဆယ့်ကိုး ပိဿာ။”
ကျင်းဘုရင်သည် မည်သို့မှ မနေနိုင်ဘဲ စိတ်လှုပ်ရှားလာ၏။ မြေကြီးပေါ်တွင် တူးဖော်ထားသော နေရာက အနည်းငယ်သာ ရှိသေးသည်တိုင် ဤမျှ အထွက်နှုန်း များပြားနေပြီ ဖြစ်သည်။ နောက်ထပ် အနည်းငယ် ထပ်ထွက်လာလျှင် သာမန် ဂျုံများ၏ အထွက်နှုန်းကို ကျော်သွားနိုင်ပြီ ဖြစ်၏။
“သုံးရာ ပိဿာ။”
ကော်ထျန်းယန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ရာ အသံက ပုံမှန်ထက် အနည်းငယ် စူးရှသွားသည်။ ဤအထွက်နှုန်း က ဂျုံနှင့် စပါးတို့၏ အထွက်နှုန်းကို သေချာပေါက် ကျော်လွန်သွားပြီ ဖြစ်သည်။
သုံးရာ ကျော်သွားပြီလား။
ဖန်ကျန်းရီ မျက်လုံးများ အရောင်လက်သွားပြီး ချိန်ခွင်ကြီးအနားသို့ အလျင်အမြန် သွားကာ ကော်ထျန်းယန်ကို ဖင်ဖြင့် တွန်းဖယ်လိုက်သည်။ ထို့နောက် အသံကျယ်ကျယ်ဖြင့် ဂဏန်းများကို စတင် ကြေညာ၏။
“သုံးရာ့ခုနစ်ဆယ့်ခုနစ် ပိဿာ။”
“လေးရာ့ခုနစ်ဆယ့်ကိုး ပိဿာ။”
“…...”
ကန်စွန်းဥများကို အပေါ်သို့ အဆက်မပြတ် သယ်တင်နေရသော အစောင့်များမှာ ယခုအခါ မောပန်းနေကြပြီး ချွေးများက နဖူးမှ စီးကျနေကြသည်။
ကျင်းဘုရင်က လက်သီးကို တင်းကျပ်စွာ ဆုပ်ထားပြီး တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေ၏။ လေးရာ ကျော်သွားလေပြီ... လေးရာ့ခုနစ်ဆယ့်ကိုး ပိဿာတောင် ရောက်ရှိနေပြီ ဖြစ်၏။
တစ်ဧက ပိဿာရှစ်ရာ မဆိုထားနှင့်။ ယခု ရရှိနေသော ရလဒ်လောက်နှင့်ပင် ကြီးမားသော အောင်မြင်မှု ဖြစ်နေပြီ။
မြေတစ်ဧကကို နှစ်ဧကစာ အသုံးချနိုင်လျှင် ပြည်သူ မည်မျှ အသက်ရှင်နိုင်မည်နည်း။
ကျင်းဘုရင်က ချိန်ခွင်ရှေ့သို့ သွားကာ ကန်စွန်းဥ တစ်လုံးကို ကောက်ယူပြီး သေချာ အကဲခတ်ကြည့်လိုက်၏။
ဤရုပ်ဆိုးဆိုး အရာက လူများကို အများကြီး ကယ်တင်နိုင်သည်လား။
“ငါးရာ့ကိုးဆယ့်လေး ပိဿာ။”