← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 8 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 8 Ch. 129-130

အပိုင်း (၁၂၉) ဖန်ကျန်းရီကို လမ်းမီးတိုင်ပေါ် ဆွဲချိတ်ထားခြင်း။

“အခု သန့်ရှင်းရေးအဖွဲ့က အနီးအနားက ရပ်ကွက်ဆယ်ခုလောက်ရဲ့ နေ့ည သန့်ရှင်းရေး အလုပ်တွေကို အပြည့်အဝ တာဝန်ယူထားရတော့ လစဉ်လတိုင်း အကြီးအကျယ် ရှုံးနေတယ်။

ကျုပ်တို့ ရှေ့မှာ ရွေးချယ်စရာ လမ်းနှစ်လမ်းပဲ ရှိတယ်။ တစ်က လူတစ်ချို့ကို ဖြုတ်ပစ်မယ်။ နှစ်က သူတို့ရဲ့ လစာကို ဖြတ်မယ်။ အိမ်ရှေ့စံပဲ ရွေးပါ။”

ဖန်ကျန်းရီက လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ပိုက်ကာ မျက်နှာပေါ်၌ အပြုံးတစ်ခုဖြင့် လီယွမ်ကျောက်ကို ကြည့်လိုက်၏။

ကပ်ဘေးမင်းသားက တစ်နေကုန် အပြင်မှာ လျှောက်သွားနေတာ။ အလုပ်ရော လုပ်ဖြစ်ရဲ့လား မသိဘူး။ ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင် တစ်ယောက်ရဲ့ ဟိတ်ဟန်တော့ နည်းနည်း ရှိလာပြီပဲ။

လက်အောက်က လူတွေနဲ့ အမြဲ ရင်းနှီးအောင် နေတတ်ပေမဲ့ အလုပ်လုပ်နိုင်စွမ်း ဘယ်လိုရှိလဲဆိုတာတော့ မသိရသေးဘူး။

လီယွမ်ကျောက် မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားပြီးနောက် စိတ်ရှုပ်ထွေးစွာ ပြောလိုက်၏။ “ကျုပ် မရွေးဘူး။ အားလုံးက ညီအစ်ကိုတွေချည်းပဲ။ ငွေနည်းနည်း ကုန်သွားတာ ဘာကြောက်စရာ ရှိလို့လဲ။

ဖန်ကြီး …. ခင်ဗျားမှာ အကြံဉာဏ် အများဆုံး ရှိတာ မဟုတ်လား။ ကျုပ်အတွက် နည်းလမ်း နည်းနည်းလောက် စဉ်းစားပေးလေ။ အဲဒီလူတွေ အားလုံးက ဆင်းရဲသားတွေပဲလေ... သန့်ရှင်းရေးအဖွဲ့မှသာ မလုပ်ရတော့ရင် သူတို့ ဘယ်လို ထမင်းစားကြတော့မလဲ။”

ဖန်ကျန်းရီက စုတ်တံကို ယူကာ ထပ်မံ ရေးဆွဲနေပြန်ပြီး ပြီးသွားချိန်မှာတော့ စာရွက်ကို လီယွမ်ကျောက်အား ပြလိုက်သည်။

“နည်းလမ်းက မရှိတာ မဟုတ်ဘူး... ကြည့်လေ။ အခု သန့်ရှင်းရေးအဖွဲ့က ရပ်ကွက် ဆယ်ခုလောက်ကို တာဝန်ယူထားရတာ။ သူတို့ရဲ့ လုပ်ငန်းကို နှစ်ဆ တိုးချဲ့ခိုင်းလိုက်ရင် ကျုပ်တို့ ဆက်သွားလို့ ရပြီ။ သူတို့ကို နေ့တိုင်း နှစ်နာရီပဲ အိပ်ခိုင်းပြီး အလုပ်တွေ ပိုလုပ်ခိုင်းလိုက်ရင် နှစ်ခုလုံး အဆင်ပြေသွားပြီ... ဒီနည်းလမ်းက ကောင်းတယ် မဟုတ်လား။”

လီယွမ်ကျောက်က စာရွက်ပေါ်ရှိ အကြောင်းအရာများကို ကြည့်ရင်း မျက်လုံးများ တဖြည်းဖြည်း နီရဲလာ၏။ စားပွဲကို ပုတ်ကာ မတ်တပ်ရပ်လိုက်ပြီး ဒေါသတကြီး အော်လိုက်သည်။ “သောက်ရူး … အဲဒီလိုဆို လူတွေ အသက်ရှင်နိုင်ပါ့မလား။ ဒီအတိုင်း ဆက်လုပ်ရင် ကျုပ်ညီအစ်ကိုတွေ အကုန် သေကုန်တော့မှာပေါ့။”

“ဖန်ကြီး … လူလို နည်းနည်း နေစမ်းပါ။ ခင်ဗျား စိတ်က အရမ်း ယုတ်မာလွန်းတယ်။ အဲဒီလို လုပ်ရဲရင် ညီအစ်ကိုတွေကို ခေါ်ပြီး ခင်ဗျားကို လမ်းမီးတိုင်ပေါ် ချိတ်ဆွဲထားခိုင်းမယ်။”

ဖန်ကျန်းရီက လက်နှစ်ဖက်ကို ဖြန့်ကာ ပခုံးတွန့်လိုက်၏။ “ဒါဆိုလည်း မတတ်နိုင်တော့ဘူး။ ဒါက ကျုပ်ရဲ့ နည်းလမ်းပဲ... အိမ်ရှေ့စံ တခြား နည်းလမ်းတွေ ထပ်စဉ်းစားကြည့်ပါလား။ ဖြေရှင်းလို့ မရတာမျိုးမှ မဟုတ်တာ။”

သူ၏ပေါ့ပျက်ပျက် ဟန်ပန်ကို မြင်ချိန်မှာတော့ လီယွမ်ကျောက်က ဒေါသတကြီးဖြင့် ပြေးထွက်သွားသည်။

ဖန်ကျန်းရီက ပြုံးလိုက်၏။

တုံးအလိုက်တာ။ အလုပ်လုပ်ရင် ဦးနှောက် မသုံးဘူး။ တစ်နေကုန် အပြင်မှာ လျှောက်သွားဖို့ပဲ သိတယ်။ ကိုယ့်ဘာသာ သွားစဉ်းစားပေတော့။

မနေ့ညက ဖန်ကျန်းရီ သေချာ လေ့လာခဲ့သေးသည်။ သန့်ရှင်းရေးအဖွဲ့၏ လက်ရှိ အခြေအနေအရ နောက်ထပ် ရပ်ကွက် ငါးခုလောက်ကိုသာ ထပ်မံ ကိုင်တွယ်နိုင်လျှင် ဝင်ငွေနှင့် ထွက်ငွေ မျှတသွားနိုင်ပြီ ဖြစ်၏။ သို့ပေမည့် ကျင်းတိုင်းပြည်မှာ လူ့အခွင့်အရေး အယူအဆဆိုတာ ဘယ်ရှိပါ့မည်နည်း။ အလုပ်လုပ်တဲ့ လူတွေမှာ သီတင်းပတ်ကုန် ပိတ်ရက် နားသည်ဆိုသော အယူအဆမျိုး မရှိပေ။ မည်သို့ပင်ဖြစ်ဖြစ် ပင်ပန်း၍ မသေမချင်း အလုပ်လုပ်ရမည်ပင်။

အကယ်၍ ရပ်ကွက် ငါးခုစာ အလုပ်ပမာဏကို ထပ်တိုးလိုက်လျှင် သန့်ရှင်းရေးအဖွဲ့မှ လူများ သေချာပေါက် ခံနိုင်ရည် ရှိမည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် အလုပ်လုပ်သည့် နည်းလမ်းကို ပိုကောင်းအောင် စဉ်းစားရတော့မည်။

သန့်ရှင်းရေးအဖွဲ့ ပန်းရှန်းရပ်ကွက်မှာ လုပ်ရတဲ့ အလုပ်က အသက်သာဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူများက မိလ္လာပုံးများကို အများသုံး အိမ်သာဆီသို့ စုစည်းပေးထားသောကြောင့် အများသုံး အိမ်သာတွင်သာ တစ်စုတစ်စည်းတည်း သယ်ဆောင် ဖြေရှင်းလိုက်ရုံပင်။

အခြား ရပ်ကွက်များတွင် ထိုသို့ မဟုတ်ပေ။ အများသုံး အိမ်သာ အရေအတွက်က အလွန် နည်းပါးသောကြောင့် အများစုမှာ တစ်အိမ်တက်ဆင်း လိုက်လံ စုဆောင်းနေရသဖြင့် အချိန် အတော်များများ နှောင့်နှေးရသည်။

လီယွမ်ကျောက်က ဤအချက်ကိုသာ သဘောပေါက်သွားပြီး ဖန်ကျန်းရီထံ ငွေလာတောင်းလျှင် သူ သေချာပေါက် ပေးမည် ဖြစ်၏။ ထိုအချိန်ကျလျှင် မြို့မြောက်ပိုင်း စစ်တပ်၏ အကူအညီဖြင့် မြို့မြောက်ပိုင်းရှိ အများသုံး အိမ်သာ အရေအတွက်ကို ပန်းရှန်းရပ်ကွက် ပုံစံအတိုင်း ပိုမို ကျယ်ပြန့်စွာ တိုးချဲ့ရန်မှာ ခက်ခဲသော ကိစ္စ မဟုတ်တော့ပေ။ တကယ်တမ်း အိမ်သာ တစ်လုံး ဆောက်ရန်မှာ ငွေအများကြီး ကုန်ကျမည် မဟုတ်ချေ။

ကပ်ဘေးမင်းသား သဘောပေါက်နိုင်မလားဆိုသည်ကိုသာ ကြည့်ရတော့မည်။

လူတွေကို သူ တကယ်တမ်း ဖြုတ်ပစ်မှာ မဟုတ်ပေ။ သို့ပေမည့် အိမ်ရှေ့စံ နေ့တိုင်း အလဟဿ အချိန်ဖြုန်းနေသည်ကို သူ ထိုင်ကြည့်နေမည် မဟုတ်ပေ။

……

ချန်ရှီရုံးတော်။

ယန်ကော်အန်းက သူ၏ရှေ့ရှိ ဟန်လင်ပညာရှင် အချို့ကို ကြည့်ကာ ခပ်အေးအေး မေးလိုက်၏။ “ဘယ်လိုလဲ။ အားလုံး စဉ်းစားပြီးကြပြီလား။”

“အိမ်ရှေ့စံက ချန်ရှီရုံးတော်မှာ စာမသင်တော့တာ ဘယ်လောက်ကြာပြီလဲ။ တစ်နေကုန် ဖန်ကျန်းရီနောက် လိုက်ပြီး အဓိပ္ပာယ်မရှိတာတွေ လုပ်နေတာ။ နေ့တိုင်း ဒီလို အလုပ်မရှိ၊အကိုင်မရှိ နေသွားဖို့ ဆန္ဒ ရှိနေတာလား။”

“ကျုပ်နဲ့အတူတူ လိုက်မယ့်သူတွေ ရှေ့ထွက်ခဲ့ပါ။”

တစ်စုံတစ်ယောက်က သံသယဖြင့် မေးလိုက်၏။ “အမတ်ကြီးယန်... ဒါပေမဲ့ ဖန်ကျန်းရီက အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို အပြည့်အဝ ရထားတာလေ။ ကျုပ်တို့ အရှင်မင်းကြီးကို မလျှောက်တင်ဖူးတာမှ မဟုတ်တာ။ အရှင်မင်းကြီးက ဘာမှ မတုံ့ပြန်သလိုပဲ။

အခု ဒီလို အခြေအနေက ဖြစ်နေတာ တော်တော် ကြာနေပြီ။ သူ့ကို ထပ်ပြီး စွပ်စွဲပြစ်တင်နေလို့ရော ဘာအသုံးဝင်မှာလဲ။”

ယန်ကော်အန်းက အင်္ကျီလက်ကို ခါယမ်းလိုက်သည်။ “စွပ်စွဲပြစ်တင်မယ် ဟုတ်လား။ ဟုတ်တယ်လို့ပဲ ဆိုပါတော့ ။ ဒါပေမဲ့ ကျုပ်မှာ တခြား အကြံအစည် ရှိတယ်။ ဖန်ကျန်းရီနဲ့ အိမ်ရှေ့စံက အခု ပန်းရှန်းရပ်ကွက်ကို အုပ်ချုပ်နေတာ။ ရပ်ကွက်တစ်ခုကို အုပ်ချုပ်ခွင့်ပေးဖို့ အရှင်မင်းကြီးဆီမှာ ကျုပ်တို့လည်း တောင်းဆိုလို့ ရတာပဲ။

အဲဒီအချိန်ကျရင် နှစ်ခုကို ယှဉ်ကြည့်လိုက်တာနဲ့ ဖန်ကျန်းရီရဲ့ ပင်ကိုယ်ရုပ်ကို ပေါ်လွင်သွားနိုင်တယ်။ အိမ်ရှေ့စံ လည်း ချန်ရှီရုံးတော်ကို စိတ်အေးချမ်းသာစွာ ပြန်လာပြီး စာသင်နိုင်ပြီပေါ့။”

နောက်ထပ် တစ်ယောက်က ရှေ့ထွက်လာပြန်၏။ “ဒါပေမဲ့ ကျုပ်တို့ တောက်ယွမ်ခရိုင်ကို သွားကြည့်ဖူးတယ်လေ။ တောက်ယွမ်ခရိုင်က ဖန်ကျန်းရီရဲ့ စွမ်းဆောင်ရည်တွေက ကျုပ်တို့ မှီဖို့မဖြစ်နိုင်တော့ဘူး။ အမတ်ကြီးယန်က ကျုပ်တို့ သူ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား။”

ယန်ကော်အန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ “အားလုံးပဲ... ခင်ဗျားတို့က ဖန်ကျန်းရီဆိုတဲ့ လူမှာ တကယ့် အရည်အချင်း ရှိတယ်လို့ ထင်နေကြတာလား။

ဒီလူက အပြောကောင်းတယ်။ အလုပ်လုပ်တဲ့ နေရာမှာလည်း လိမ်လည်လှည့်ဖြားတဲ့ နည်းလမ်းမျိုးစုံကို အကုန် သုံးတယ်။ တောက်ယွမ်ခရိုင်ရဲ့ စည်ကားတိုးတက်မှုက အားလုံး မြင်တွေ့ခဲ့ရတဲ့အတိုင်း ဟုတ်ပါ့မလား။ ကျုပ်ကတော့ မဟုတ်ဘူးလို့ ထင်တယ်။

အားလုံးပဲ အဲဒီနေ့က ဇာတ်ရုံထဲမှာ ပြဇာတ် သွားကြည့်ခဲ့ကြတယ်မလား။ လုံးဝကို အရှက်မရှိ အောက်တန်းကျပြီး လူ့ကျင့်ဝတ်တွေ ပျောက်ဆုံးနေတာပဲ။ တောက်ယွမ်ခရိုင်က ပြည်သူတွေက ပြည်သူတွေ ဟုတ်ပေမဲ့ တစ်နေကုန် ဒီလိုအရာတွေရဲ့ လွှမ်းမိုးမှုကို ခံနေရရင် အချိန်ကြာလာတဲ့အခါ တိရစ္ဆာန်တွေနဲ့ ဘာကွာတော့မှာလဲ။

အားလုံး မမြင်ခဲ့ရတဲ့ နေရာတွေကို ထပ်ပြောပြမယ်။ ခင်ဗျားတို့ အသေးစိတ် အချက်လေးတွေကို သတိထားမိကြရဲ့လား မသိဘူး။ တောက်ယွမ်ခရိုင်က လမ်းမတွေပေါ်မှာ စည်ကားနေပုံ ပေါက်ပေမဲ့ တည်းခိုခန်းနဲ့ စားသောက်ဆိုင် အများအပြားရဲ့ ပြတင်းပေါက်တွေက ပျက်စီးနေတာပဲ။ ပြတင်းပေါက် စက္ကူတောင် မရှိဘူး။

ကျုပ် မြို့တော်မှာ လူလွှတ်ပြီး စုံစမ်းခိုင်းဖူးတယ်။ ဖန်ကျန်းရီက ပန်းရှန်းရပ်ကွက်မှာ ဒီလောက် အချိန်အကြာကြီး နေပြီး အများဆုံး လုပ်တဲ့ အလုပ်က လူတွေကို လမ်းလှည်းခိုင်းတာနဲ့ မိလ္လာ ရှင်းခိုင်းတာပဲ။ ဒါကို ကြည့်ရင် ဒီလူက သူ့ရဲ့ ကြိုးစားအားထုတ်မှု အားလုံးကို အပေါ်ယံမှာပဲ သုံးထားတယ်ဆိုတာ သိသာတယ်။

အတွင်းပိုင်းက ဘယ်လို အခြေအနေ ရှိနေမလဲ ဆိုတာ မသိရဘူး။ အပြင်ပန်းကတော့ ရွှေနဲ့ ကျောက်စိမ်းလို တောက်ပနေပေမဲ့ အတွင်းမှာတော့ ဆွေးမြေ့နေတယ်။

ပြီးတော့ မြို့ထဲမှာ အကြီးအကျယ် ဆူညံနေတဲ့ …. အိမ်သာတက်ရင် မဲဖောက်ပေးတဲ့ ကိစ္စကိုလည်း အားလုံး ကြားဖူးကြမှာပါ။ လုံးဝကို အဓိပ္ပာယ် မရှိတဲ့ လုပ်ရပ်ပဲ။ ဒါ ဖန်ကျန်းရီ ပန်းရှန်းရပ်ကွက်ကို အုပ်ချုပ်တဲ့ နေရာမှာ လုပ်ခဲ့တဲ့အရာ အားလုံးပဲ။ ဒီလိုလူမျိုးဆီမှာ အုပ်ချုပ်နိုင်တဲ့ စွမ်းရည် ရှိတယ်လို့ တကယ် ထင်နေကြတာလား။ ဒီလို လူမျိုးနဲ့ ညီလာခံတစ်ခုတည်းမှာ အတူတူ အရာရှိ ဖြစ်နေရတာကို ခင်ဗျားတို့ မရှက်ကြဘူးလား။”

လူတိုင်း ဤစကားကို ကြားချိန်မှာတော့ ခေါင်းငုံ့ကာ စတင် စဉ်းစားလာကြ၏။

အမတ်ကြီးယန် ပြောတာ အကြောင်းပြချက် ရှိတယ်။ ဖန်ကျန်းရီ အသက် နှစ်ဆယ်ကျော်လေးနဲ့ ခရိုင်မြို့လေး တစ်မြို့ကို အဲဒီလောက်အထိ အုပ်ချုပ်နိုင်စရာ အကြောင်း မရှိဘူး။ အရင် လူရဲ့ ကောင်းကျိုးကို ဆက်ခံထားတာ ဖြစ်ဖို့ များတယ်။

ပြီးတော့ တောက်ယွမ်ခရိုင်မှာ ခဏလောက်ပဲ နေခဲ့ရတာ။ အဲဒီကောင်လေးရဲ့ စရိုက်အရ ကလေးတွေကိုတောင် အသုံးချတတ်မှတော့ လိမ်လည်ထားတာ အပြည့်အဝ ဖြစ်နိုင်တယ်။

မြည်းချေးခဲက အပြင်ပန်းမှာ တောက်ပနေတယ်ဆိုတာ ဒါမျိုးပဲ ဖြစ်ရမယ်။

မဟုတ်ရင် ငါတို့လို အရွယ်ကြီးတွေက အသက် နှစ်ဆယ်ကျော် လူငယ်လေး တစ်ယောက်ကို မမီစရာလား။ အဓိပ္ပာယ် မရှိဘူး။

ဒါပေမဲ့ တောက်ယွမ်ခရိုင်က ပြည့်တန်ဆာအိမ်ကတော့ တကယ်ကို အကောင်းစားပဲ။

လူအတော်များများက အဲဒီညက မြွေဖြူမလေးအဖြစ် ဝတ်ဆင်ထားသူ မိန်းကလေးများနှင့် တစ်ညလုံး မိစ္ဆာနှိမ်နင်းမှု ပြုလုပ်ခဲ့သည်ကို တွေးမိချိန်မှာတော့ တံတွေးများပင် မျိုချလိုက်မိကြ၏။

ထို့အပြင် လူတွေကို မျက်လုံး တောက်ပသွားစေတဲ့ သံလှံအကလည်း ရှိသေးသည်။ မြွေလို ကွေးညွတ်သောခါး … ရှည်လျားသော ခြေတံ .. ဆန်းသစ်သော အကအခုန်များ ….

စဉ်းစားရင်း စဉ်းစားရင်း သူတို့၏ မျက်နှာများ နီရဲလာကြ၏။

ယန်ကော်အန်းက လူတိုင်း၏ မျက်နှာပေါ်ရှိ ကြိတ်မနိုင်ခဲမရ မျက်နှာထားများကို ကြည့်ကာ ရင်ထဲတွင် ဂုဏ်ယူသွား၏။ ဖန်ကျန်းရီလို လူယုတ်မာမျိုး၏ လုပ်ရပ် က နောက်ဆုံးတွင် လူတို့၏ စိတ်နှင့် ဆန့်ကျင်နေလေသည်။

တွေးကြည့်လျှင် လူတွေ၏စိတ်က သူ့ဘက်၌ ရှိနေသည်။ ဖန်ကျန်းရီ … မင်း ငါ့ကို ကျော်မှာမဟုတ်ဘူး။

“အားလုံးပဲ။ စဉ်းစားတာ ဘယ်လိုနေလဲ။ မနက်ဖြန် ကျုပ်နဲ့ အတူတူ လိုက်မယ့်သူတွေ ရှေ့ထွက်ခဲ့ကြပါ။”

“ကျုပ်တို့ အမတ်ကြီးယန်နဲ့ အတူတူ လိုက်ခဲ့ပါ့မယ်။”

အပိုင်း (၁၃၀) အုပ်ချုပ်ရေး ယှဉ်ပြိုင်မလို့လား။

နောက်တစ်နေ့ နံနက် ညီလာခံတွင် ဖန်ကျန်းရီမှာ အိပ်ငိုက်နေ၏။

မနေ့ညက လော့နင်ရှင်းကို ဆက်လက် သိမ်းပိုက်ရန် ပြည့်တန်ဆာအိမ်သို့ တကူးတက ထပ်သွားခဲ့သည်။ လော့နင်ရှင်း နေမကောင်းဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ တံခါးပိတ်ကာ အတွေ့မခံချေ။

ဖန်ကျန်းရီ၏ ရင်ထဲတွင် ဝမ်းသာသွား၏။ တစ်ကြိမ်တွေ့ရုံနှင့် ကြွေကျသွားပြီဖြစ်သည်။ ယခု ဒုတိယ အကြိမ် တွေ့ရန်ပင် ရှက်လို့နေသည်။

ထို့ကြောင့် ပြန်သွားကာ ရင်တွင်းခံစားချက်များကို ဖွင့်ဟကာ ညတွင်းချင်း ရည်စားစာတစ်စောင် ရေးသား၍ လော့နင်ရှင်းထံ လူကြုံ ပို့ခိုင်းလိုက်၏။

ထိုညက လော့နင်ရှင်း စာဖတ်ပြီးနောက် တစ်ညလုံး အိပ်မက်ဆိုးများ မက်သည်။

အိပ်မက်ထဲတွင် ချောကျိကျိ ရေဘဝဲကြီး တစ်ကောင်က စုပ်ခွက်များထဲမှ ဆီများ ပန်းထုတ်ကာ သူမကို ဟိုဘက်ဒီဘက် ရစ်ပတ်နေပြီး... နောက်ဆုံး ရေဘဝဲကြီးက ဖန်ကျန်းရီ၏ မျက်နှာအဖြစ် ပြောင်းလဲသွား၏။

ကျင်းဘုရင်၏ ဘေးဘက်ရှိ လီယွမ်ကျောက်သည်လည်း အိပ်ငိုက်နေသည်။

လွန်ခဲ့သော နှစ်ရက်အတွင်း ညီအစ်ကိုများ၏ အလုပ်အကိုင် ပြဿနာကို ဖြေရှင်းရန် ခေါင်းကွဲမတတ် စဉ်းစားခဲ့ရသော်လည်း ယခုချိန်ထိ ကောင်းမွန်သော အစီအစဉ်တစ်ခုမှ မထွက်ပေါ်လာသေးချေ။ လူဖြုတ်သည်ဖြစ်စေ၊ အလုပ်ပမာဏ တိုးသည်ဖြစ်စေ … ထိုအရာအားလုံးက သူ့ကို အလွန်အမင်း စိတ်ရှုပ်ထွေးစေ၏။

ပုံမှန်ဆိုလျှင် အားလုံးက အတူတကွ အရက်သောက်ဖူးသူများ ဖြစ်သောကြောင့် မည်သို့ ရက်ရက်စက်စက် လုပ်ရက်နိုင်မည်နည်း။

သူ နှင့် ဖန်ကျန်းရီတို့နှစ်ယောက်စလုံး စိတ်မပါတပါ အခြေအနေသို့ ရောက်ရှိနေကြသည်။

သို့တိုင်အောင် ညီလာခံတွင် မည်သည့်အကြောင်းအရာကို ဆွေးနွေးနေကြမှန်း မသိဘဲ အကြီးအကျယ် ငြင်းခုံနေကြပြီ ဖြစ်၏။

ကျင်းဘုရင် က ရုတ်တရက် မေးမြန်းလိုက်သည်။ “အမတ်ဖန် … မင်း ဘယ်လိုမြင်သလဲ။”

ဖန်ကျန်းရီမှာ ချက်ချင်း လန့်နိုးသွားသည်။ စောစောက ယန်ကော်အန်း စကားပြောနေသည်ကို ဝိုးတဝါး ကြားလိုက်ရသကဲ့သို့ ရှိသည်။ ထို့ကြောင့် ခေါင်းညိတ်ကာ လျှောက်တင်လိုက်၏။ “အရှင်မင်းကြီးရဲ့ ဉာဏ်ပညာက ကြီးမားလှပါတယ်။ ။ ကျွန်တော်မျိုး ထင်မြင်တာက အမတ်ကြီးယန် ပြောဆိုချက်က မှန်ကန်ပါတယ် .. အရှင်မင်းကြီး။”

လီယွမ်ကျောက်မှလွဲ၍ ကျန်လူအားလုံးမှာ ဖန်ကျန်းရီကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်ရှုလာကြသည်။

ဖန်ကျန်းရီမှာ အကြည့်ခံရလွန်းသဖြင့် ကြက်သီးမွေးညင်းများပင် ထလာသည်။ စကားမှားသွားမှန်း သတိပြုမိလိုက်သောကြောင့် အသံကျယ်ကျယ်ဖြင့် အမြန် ထပ်မံဖြည့်စွက် လျှောက်တင်လိုက်၏။ “အဲဒီလောက်လည်း မမှန်ကန်လှပါဘူး။ အသေးစိတ် ပြဿနာတချို့ကို ကျွန်တော်မျိုး စဉ်းစားလို့ မရနိုင်သေးပါဘူး။”

ကျင်းဘုရင်က ခေါင်းလှည့်ကာ ယန်ကော်အန်းကို ဆက်ကြည့်ရင်း မိန့်ကြားလိုက်သည်။ “အမတ်ယန် … မင်း ဆက်ပြောလေ။”

ယန်ကော်အန်းက လျှောက်တင်လိုက်၏။ “မှန်လှပါ အရှင်မင်းကြီး။ ဒီတစ်ကြိမ်မှာ ကျွန်တော်မျိုးက မြို့အရှေ့ပိုင်းက တုန်းကျင်းရပ်ကွက်ကို ရွေးချယ်ထားပါတယ်။ ဒီရပ်ကွက်ရဲ့ အခြေအနေက ပန်းရှန်းရပ်ကွက်ရဲ့ အခြေအနေနဲ့ ဆင်တူပါတယ်။ တစ်ချက်က ရပ်ကွက်တွင်း ပြည်သူတွေရဲ့ ဘဝ တိုးတက်လာစေနိုင်ပြီး ဒုတိယအချက်ကတော့ တရားမျှတမှုကို ပြသနိုင်ခြင်းပဲ ဖြစ်ပါတယ်။

အကယ်၍ အုပ်ချုပ်မှု ရလဒ်က မြို့ဝန်ဖန်ကို မမီဘူးဆိုလျှင် ကျွန်တော်မျိုးရဲ့ ခေါင်းကို ဖြတ်ပြီး အပြစ်ပေးခံဖို့ ဆန္ဒရှိပါတယ်။ မြို့ဝန်ဖန်မှာ ဘာအမြင်များ ရှိသလဲ မသိဘူး။ တကယ်လို့ တုန်းကျင်းရပ်ကွက်ရဲ့ အခြေအနေက ပိုကောင်းတယ်လို့ ထင်ရင် မြို့ဝန်ဖန် ကိုယ်တိုင် တခြား ရပ်ကွက်ကို ရွေးချယ်နိုင်ပါတယ်။”

ကျင်းဘုရင်က မတတ်သာစွာဖြင့် လက်ကာပြလိုက်သည်။ “အမတ်ယန်…. စကားတွေက အရမ်း လေးလံ လွန်းနေပြီ။ အမတ်ဖန် …. မင်းမှာ ဘာအမြင်ရှိသလဲ။”

ဖန်ကျန်းရီ မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားကာ ခဏမျှ စဉ်းစားလိုက်ပြီးမှ သဘောပေါက် သွားသည်။ အကြမ်းဖျင်းအားဖြင့် ယန်ကော်အန်းက ရပ်ကွက်တစ်ခုကို ရွေးချယ်၍ သူနှင့် အုပ်ချုပ်ရေး ယှဉ်ပြိုင်လိုခြင်းပင်။ ထိုသူ ရူးနေသည်လား။ မည်သည့်နေရာမှ ဤမျှလောက် ကြီးမားသည့် ယုံကြည်မှုများ ရရှိလာရသနည်း။

“ကျွန်တော်မျိုးမှာ... ဘာမှ ကန့်ကွက်စရာ မရှိပါဘူး အရှင်မင်းကြီး။”

ယန်ကော်အန်းက ဖန်ကျန်းရီအား အံ့ဩတကြီးဖြင့် တစ်ချက် ကြည့်ရှုလိုက်သည်။ ဤကောင်လေးက မည်သည့်အမြင်ကိုမှ ထုတ်ဖော်ပြောဆိုခြင်း မရှိချေ။ သို့မဟုတ် ဤအထဲတွင် လှည့်ကွက်တစ်ခုခု ရှိနေ၍များလား။

“တခြား မှူးမတ်တွေရော... ပြောစရာ စကားရှိသေးသလား။”

ဟန်လင်ပညာရှင် တစ်စုက ရှေ့သို့ ထွက်လာကြသည်။ “ကျွန်တော်မျိုးတို့လည်း ထောက်ခံပါတယ် အရှင်မင်းကြီး။ တကယ်လို့ အမတ်ကြီးယန် အုပ်ချုပ်တာ အောင်မြင်ခဲ့ရင် အိမ်ရှေ့စံကို ချန်ရှီရုံးတော်ဆီ မဖြစ်မနေ ပြန်လာပြီး စာသင်ခိုင်းတော်မူပါ။”

လီယွမ်ကျောက်မှာ ချက်ချင်း လန်းဆန်းတက်ကြွသွား၏။ မည်သို့နည်း။ ဤကိစ္စထဲတွင် သူ၏ကိစ္စပါ ပါဝင်နေသည်လား။ သူက အောက်ဘက်ရှိ လူတစ်စုကို မျက်လုံးပြူးကာ စိုက်ကြည့်လိုက်သည်။ သူ ကောင်းကောင်းမွန်မွန် နေထိုင်နေသည်ကို ဤခွေးအမတ်များက အဘယ်ကြောင့် သူ့အား ချန်ရှီရုံးတော်သို့ ပြန်သွားခိုင်းနေရသနည်း။

ကျင်းဘုရင်က လေးနက်စွာ မိန့်ကြားလိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင် ဒီကိစ္စကို ကိုယ်တော် ခွင့်ပြုလိုက်မယ်။ သုံးလ အချိန်ပေးမယ်။ အမတ်ဖန်နဲ့ အိမ်ရှေ့စံက ပန်းရှန်းရပ်ကွက်ကို အုပ်ချုပ်။ အမတ်ယန်က တုန်းကျင်း ရပ်ကွက်ကို တာဝန်ယူ။ အချိန်ကျရင် ကိုယ်တော် ကိုယ်တိုင် လူလွှတ်ပြီး စစ်ဆေးခိုင်းမယ်။ တကယ်လို့ အမတ်ဖန် ရှုံးသွားရင် အိမ်ရှေ့စံက ချန်ရှီရုံးတော်ကို ပြန်သွားပြီး ကိုယ်တော့်အတွက် ကြိုးကြိုးစားစား စာသင်ရမယ်။”

ထိုစဉ် အပေါ်ထိုင်ခုံမှ လီယွမ်ကျောက်က အသံကျယ်ကြီးဖြင့် ရုတ်တရက် အော်ဟစ်လိုက်၏။ “ခမည်းတော် … ဒါက မတရားဘူးလေ။ တကယ်လို့ ယန်ကော်အန်း ရှုံးသွားရင်ရော။”

ယန်ကော်အန်းက ပြန်လည် လျှောက်တင်လိုက်သည်။ “တကယ်လို့ ကျွန်တော်မျိုး ရှုံးသွားရင် စာတမ်းပြုစုရေးမှူး အဖြစ်ပဲ ဆက်နေပါ့မယ်။”

ဖန်ကျန်းရီက အထင်သေးစွာ ရယ်မောလိုက်၏။ စောစောကပင် ခေါင်းဖြတ်ခံမည်ဟု ပြောဆိုနေခဲ့သည် မဟုတ်လား။ သောက်ကျိုးနည်း ပညာတတ်များမှာ အကြံပတ်စက်လွန်းသည်။ ငွေကြေး လောင်းကစား လုပ်ခြင်းကမှ ပို၍ လက်တွေ့ကျသေးသည်ဟု သူ တွေးတောနေမိ၏။

ညီလာခံ ပြီးဆုံးသွားပြီးနောက် လီယွမ်ကျောက်သည် ပုံမှန်အတိုင်း ဖန်ကျန်းရီနှင့် အတူတကွ ပူးကပ်သွား ပြန်သည်။ ထိုသူနှစ်ယောက်မှာ အိပ်ရာနိုးစ မျက်လုံးများကို ပွတ်သပ်ကာ သမ်းဝေနေကြသည်။

လီယွမ်ကျောက်က မကျေမနပ် မျက်နှာထားဖြင့် ဆိုလိုက်၏။ “ဘာလို့လဲ။ အကြောင်းပြချက် မရှိဘဲ လောင်းကြေးတစ်ခုကို လက်ခံလိုက်ရတာ။ ရှုံးသွားရင် ကျုပ် ပြန်သွားရမှာနော် ဖန်ကြီး။ ခုနက ငြင်းလိုက်သင့်တာ။”

ဖန်ကျန်းရီက ပြန်လည်ချေပလိုက်သည်။ “ငြင်းရမယ် ဟုတ်လား။ အဲဒါဆို တိုက်ရိုက် အရှုံးပေးလိုက်တာနဲ့ မတူဘူးလား။ နှစ်ရက်တောင် မကြာဘဲ အိမ်ရှေ့စံအနေနဲ့ အရှေ့နန်းဆောင်ကို ပြန်သွားလို့ ရပြီ။ ကျုပ် ပြောရရင် အိမ်ရှေ့စံက ပုံမှန်ဆို စာတွေ ပိုကျက်ထားသင့်တာ။ အရှင်မင်းကြီး မေးလာရင် အလွတ်ရွတ်ပြလိုက်။ အရှင်မင်းကြီး ဝမ်းသာသွားမှာ သေချာတယ်။ ကျုပ်တို့လည်း ဒီလောက် ပြဿနာ များမှာ မဟုတ်ဘူး။”

“ကျုပ် မကျက်ချင်ဘူး။”

ဖန်ကျန်းရီက ကပ်ဘေးမင်းသား၏ ကျောကို ပုတ်ပေးလိုက်၏။ “စာက ဖတ်သင့်ရင် ဖတ်ရမှာပဲ။ အသုံးဝင်တယ်။ ကျုပ်က ကိုယ့်ကိုယ်ကိုယ် အရည်အချင်း ပြည့်ဝတယ်လို့ မပြောရဲပေမဲ့ ဗဟုသုတကတော့ လှည်းငါးဆယ်စာလောက် ပြည့်နေပြီ။ အဲတာ အလုပ်လုပ်ရင်း စာဖတ်တာလေ။”

မူလတန်းမှသည် တက္ကသိုလ်အထိ လေ့လာခဲ့ရသော စာပေပမာဏက လှည်းငါးစီးစာမကဘဲ ကိုယ်တိုင်ဖတ်ရှုခဲ့သည့် အင်တာနက်ဝတ္ထုများနှင့်ဆိုလျှင် လှည်းငါးရာစာလောက်ပင် ရှိလောက်မည်ဟု သူ တွေးတောမိလိုက်သည်။ ဤသည်မှာ ကြွားဝါနေခြင်း မဟုတ်ပေ။

လီယွမ်ကျောက်က စိတ်ရှုပ်ထွေးစွာဖြင့် သက်ပြင်းချလိုက်သည်။ “အေးပါ ဟုတ်ပါပြီ။ ကျုပ် ပြန်သွားရင် ဖတ်မယ်။ အခု မမီတော့ရင် ဘယ်လိုလုပ်မလဲ။ လူအများကြီးက ယန်ကော်အန်းဘက် ရပ်တည်နေကြတာ။ သူတို့က လူများပြီး အင်အားကြီးတယ်။ ကျုပ်တို့က နှစ်ယောက်တည်းပဲ ရှိတာ။ ဒုက္ခရောက်တော့မှာပဲ။”

ဖန်ကျန်းရီက ရက်စက်စွာ ဆိုလိုက်၏။ “မကြောက်နဲ့။ ကျုပ်မှာ အကြံတစ်ခု ရှိတယ်။ ကျုပ် လက်ထဲမှာ ငွေတုံး သောင်းချီ ကျန်သေးတယ်။ ပန်းရှန်းရပ်ကွက်ကို ပြန်ရောက်တာနဲ့ အကုန် ဝေပေးလိုက်မယ်။ အတူတူ ချမ်းသာကြမယ်လို့ အဲဒီနေ့မှာ ကြေညာမယ်။ ညပြန်ရောက်ရင် အရှင်မင်းကြီးဆီသွားပြီး ယန်ကော်အန်းကို ခေါင်းဖြတ်ခိုင်းလိုက်မယ်။”

လီယွမ်ကျောက်က ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ထောက်ခံလိုက်သည်။ “ခင်ဗျား အဲဒီလို ပြောမှ ကျုပ်လည်း နားလည်သွားပြီ။ ပြန်ရောက်ရင် သန့်ရှင်းရေးအဖွဲ့က ညီအစ်ကိုတွေကို ခေါ်သွားပြီး တုန်းကျင်း ရပ်ကွက်ကို ပျက်စီးအောင် ဖျက်ဆီးပစ်မယ်။ ညကျရင် ခမည်းတော်ဆီ သွားပြီး သူ့ကို ခေါင်းဖြတ်ခိုင်းလိုက်မယ်။”

“တော်လိုက်တာ အိမ်ရှေ့စံရယ်။”

“အတူတူပါပဲဗျာ။”

ပန်းရှန်းရပ်ကွက်သို့ ပြန်လည်ရောက်ရှိပြီးနောက် ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့သည် အနာဂတ်အတွက် စီမံကိန်းများကို ချက်ချင်း စတင်လုပ်ဆောင်ကြ၏။

ယန်ကော်အန်းသည် မူလတည်းက မြို့တော်သားဖြစ်သည့်အပြင် နံပါတ်တစ် ပညာရှင်လည်း ဖြစ်သောကြောင့် သူ၏အခြေခံမှာ အလွန် ခိုင်မာလှသည်။ သူသာ အလုပ်လုပ်မည်ဆိုလျှင် အဘက်ဘက်မှ ပူးပေါင်း ဆောင်ရွက်မှုများ သေချာပေါက် ရှိလာပေလိမ့်မည်။ ထို့အပြင် မိသားစုကြီးများ၏ အရင်းအမြစ်များကလည်း သူ့ထက် သေချာပေါက် အများကြီး သာလွန်နေလိမ့်မည်ဖြစ်ကြောင်း ဖန်ကျန်းရီ သိရှိသည်။

ဖန်ကျန်းရီက ပါးစပ်မှသာ ပေါ့ပေါ့ပါးပါး ပြောဆိုနေသော်လည်း ရင်ထဲတွင်မူ သိပ်ပြီး ယုံကြည်မှု မရှိလှချေ။ သို့ပေမည့် ကံကောင်းသည်မှာ အဆိုးရွားဆုံး ရလဒ်ဖြစ်လာခဲ့လျှင်ပင် လီယွမ်ကျောက်ကို အရှေ့နန်းဆောင်ဆီသို့ ပြန်ပို့လိုက်ရုံသာ ရှိမည်ဟု ဖြေတွေး တွေးလိုက်မိ၏။

ပန်းရှန်းရပ်ကွက်မှာ လက်ရှိအခြေအနေအရ ကြည့်လျှင် စည်ကားနေသယောင် ရှိသော်လည်း ရိုးရှင်းသည့် အခြေခံများကို ယာယီ ချမှတ်ထားနိုင်ရုံသာ ရှိသေးပြီး ပြည်သူများ၏ တကယ့်ဝင်ငွေနှင့် လူနေမှု အဆင့်အတန်းမှာ သိသိသာသာ တိုးတက်မလာသေးချေ။

နောက်တစ်ဆင့်အနေဖြင့် ဆင်းရဲမွဲတေမှု ပပျောက်ရေးကို လုပ်ဆောင်ကာ ပြည်သူများ၏ ဝင်ငွေကို တိုးတက်အောင် ကြံဆောင်ရပေမည်။

ဤနေရာက တောက်ယွမ်ခရိုင် မဟုတ်ပေ။ ဖန်ကျန်းရီတွင် အကြံအစည်အချို့ ရှိနေသော်ငြား လောလောဆယ်၌ အစရှာမရသေးချေ။ အကယ်၍ တရားမဝင်သည့် ကိစ္စရပ်များကို လုပ်ဆောင်မိပြီး လူအများ၏ အတင်းအဖျင်း ပြောဆိုခြင်းကို ခံရပါက ဒုက္ခရောက်ပေလိမ့်မည်။

လီယွမ်ကျောက်ဘက်တွင်မူ အခြေအနေက ပို၍ ရိုးရှင်းသည်။ သူသည် သန့်ရှင်းရေးအဖွဲ့ကို ဗဟိုပြုကာ နည်းလမ်း ရှာဖွေနေပြီး အဖွဲ့သားများအတွက် အရာအားလုံးကို စွန့်လွှတ်ရဲသည့် ပုံစံမျိုး ပေါက်နေ၏။ ကျန်ရှိသည့် သူများမှာ သူ စဉ်းစားထားသော နယ်ပယ်ထဲတွင် ပါဝင်နေခြင်း မရှိချေ။ သူ့အတွက် သန့်ရှင်းရေး အဖွဲ့သာ အရေးကြီးပုံပင်။

လီယွမ်ကျောက်က ခေါင်းကုတ်ကာ ဆိုသည် “ဖန်ကြီး … ကျုပ် အချိန်အကြာကြီး စဉ်းစားနေတာ ကျုပ်က လမ်းတံမြက်စည်းလှည်းတာနဲ့ မိလ္လာရှင်းတာကလွဲပြီး ဘာမှ မတတ်သလိုပဲ။”

“ဟုတ်တယ်။ အဲဒီအတိုင်းပဲ။”

ဖန်ကျန်းရီမှာလည်း လီယွမ်ကျောက်နည်းတူ စိတ်ရှုပ်ထွေးမှုထဲသို့ ကျဆင်းသွားရသည်။ လူများကို ချမ်းသာလာစေချင်လျှင် အလုပ်အကိုင်ရရှိအောင် ဖန်တီးပေးရမည်။ ပန်းရှန်းရပ်ကွက်ကို မဆိုထားနှင့် မြို့တော်တစ်ခုလုံးရှိ လူကိုးဆယ်ရာခိုင်နှုန်းကျော်မှာ တောင်သူများသာ ဖြစ်ကြ၏။ လယ်စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်း ပြုကြရခြင်း ဖြစ်သည်။

ကျင်းတိုင်းပြည်၏ ပတ်ဝန်းကျင်မှာ ဤသို့ပင် ဖြစ်သည်။ အရင်းရှင်စနစ်၏ အစပျိုးမှုပင် မွေးဖွားခြင်း မရှိသေးချေ။ အလုပ်သမား အကြီးအကျယ် ခေါ်ယူနိုင်သည့် အခြေအနေမျိုး လုံးဝ မရှိပေ။ ထို့ကြောင့် ပအလုပ်အကိုင် ရှာဖွေနိုင်ရန် ဆိုသည်မှာ ပြောစရာပင် မလိုတော့ချေ။ ဈေးကွက်ထဲတွင် ရှိနေသော အသေးစား အလုပ်ရုံများမှာလည်း မိသားစုပိုင် အလုပ်ရုံများသာ ဖြစ်ကြ၏။ လူ့အဖွဲ့အစည်းထံမှ အလုပ်သမား ခေါ်ယူခြင်းမှာ အလွန် ရှားပါးလှ၏။

တောက်ယွမ်ခရိုင်မှာမူ အပြင်ဘက်မှ သွေးများကို စုပ်ယူ၍ မိမိ၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အရွယ်အစားကလည်း အလွန် သေးငယ်လှသည်။

သို့ပေမည့် မြို့တော်တွင်မူ ပန်းရှန်းရပ်ကွက်ကို အမြဲတမ်း သွေးသွင်းပေးနေရန် မဖြစ်နိုင်ချေ။ ပြုလုပ်ချင်သည် ဆိုလျှင် မည်သည့်နေရာမှ ငွေကြေးများ ရရှိနိုင်မည်နည်း။

ယန်ကော်အန်းကရော မည်သို့ စဉ်းစားနေမည်နည်း။

All Chapters