← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 8 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 8 Ch. 123-124

အပိုင်း (၁၂၃) ထာဝရဧကရာဇ်မင်း၊

ငါးရာကိုးဆယ့်လေးပိဿာ။

ဤကိန်းဂဏန်းက ရှိနေသူအများစုကို မူးဝေသွားစေ၏။ ဤသည်က တကယ့်ကို တစ်ဧကက နှစ်ဧကထက် ပိုကောင်းနေခြင်းပင်။

သို့သော်လည်း ဤအချိန်တွင် ရလဒ် ထွက်မလာသေးဘဲ ကန်စွန်းဥ ခြင်းတောင်းများကို ချိန်ခွင်ဆီသို့ ဆက်တိုက် သယ်ဆောင်လာကြဆဲ ဖြစ်၏။

“ခြောက်ရာနှစ်ဆယ့်နှစ် ပိဿာ။”

“ခုနစ်ရာရှစ်ဆယ် ပိဿာ။”

“ကိုးရာကိုးဆယ့်တစ် ပိဿာ။”

ထိုချိန်မှာတော့ ကျင်းအရှင်မင်းကြီး တစ်ကိုယ်လုံး တုန်ယင်လာခဲ့သည်။

ရှစ်ရာပိဿာ မဟုတ်ချေ။ ရှစ်ရာပိဿာ ထက် ကျော်လွန်နေ၏။

ဖန်ကျန်းရီက လျှော့၍ ခန့်မှန်းထားခဲ့ခြင်း ဖြစ်သည်။ ဤအခြေအနေအရ တစ်ထောင်ပိဿာ ကျော်သွားရန်မှာ သေချာနေပြီ ဖြစ်သည်။

အရှင်မင်းကြီးက ကန်စွန်းဥတစ်လုံးကို ကိုင်ကာ အားပါပါဖြင့် ပွတ်သပ်နေ၏။ မွေးကင်းစ သားတော်လေးကို ပွေ့ချီထားသည့်အလားပင်။ သူ၏မျက်လုံးများထဲတွင် စွဲမက်ဖွယ်ကောင်းသော အရောင်အဝါများ တောက်ပ နေ၏။

တစ်ဧကကို အထွက်နှုန်း တစ်ထောင်ပိဿာ။ တစ်ဧကကို တစ်ထောင်ပိဿာတဲ့။ ကိုယ်တော့်ဆီမှာသာ ဤအရာ ရှိလျှင် ကျင်းတိုင်းပြည်၏ ခေတ်အဆက်ဆက်က...... မဟုတ်ပေ။ တစ်လောကလုံးက ဘုရင်များပင်လျှင် ကိုယ်တော့်ရှေ့၌ အရောင်မှိန်သွားရပေလိမ့်မည်။ ဤသည်က လောကတွင် အနှိုင်းမဲ့ လုပ်ရပ်ပင် ဖြစ်၏။ ယနေ့မှစ၍ ကိုယ်တော်သည် ထာဝရဧကရာဇ်မင်း ဖြစ်သည်။ ထာဝရ မွန်မြတ်သော ဘုရင်ပင် ဖြစ်သည်။ ကျင်းဘုရင် က ထိုသို့တွေးတောလိုက်မိသည်။

ကျင်းအရှင်မင်းကြီးက လယ်ကန်သင်းရိုးဆီသို့ တုန်တုန်ယင်ယင် လှမ်းကြည့်လိုက်သည်။ လယ်ကွင်းထဲမှ တောင်သူများက ချွေးတလုံးလုံးဖြင့် မြေကြီးကို တူးဆွနေကြဆဲ ဖြစ်၏။ ကန်စွန်းဥခိုင်များက အဆုံးအစ မရှိသည့်အလား မြေကြီးထဲမှ ဆက်တိုက် ထွက်ပေါ်နေ၏။

“တစ်ထောင်တစ်ရာနှစ်ဆယ့်သုံး ပိဿာ။”

လူအုပ်ထဲမှ ကျန်းတုန်ရှန်းသည် ရုတ်တရက် အသိစိတ်လွတ်သွားသကဲ့သို့ ဒူးထောက်ကျသွား၏။ ချိန်ခွင်ဆီသို့ ဆက်တိုက် သယ်ဆောင်လာသော ကန်စွန်းဥများကို ကြည့်ရင်း မည်သို့မှ မနေနိုင်တော့ဘဲ မျက်ရည်များ စီးကျလာသည်။ ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်နေသည်။ ဘေးနားရှိ လီယန်စုန်နှင့် ကျိန့်ချောင်တို့ နှစ်ယောက်လည်း မနေနိုင်ဘဲ မျက်ရည်များ သုတ်နေကြသည်။

“ကောင်းကင်ဘုံက ကျုပ်တို့ ကျင်းတိုင်းပြည်ကြီးကို ကောင်းချီးပေးတာပဲ။ ကောင်းကင်ဘုံက ကောင်းချီးပေးတာပဲ။” တစ်စုံတစ်ယောက်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်၏။

ဤလေထုက လူတိုင်းကို လျင်မြန်စွာ ကူးစက်သွားသည်။

တစ်ဧက အထွက်နှုန်း တစ်ထောင်ပိဿာ ကျော်လွန်ခြင်းက ဘာကို ဆိုလိုသနည်း။ တစ်ဧကကို သုံးဧကစာ အသုံးပြုနိုင်ပြီး တစ်လောကလုံးရှိ ပြည်သူများ အအေးဒဏ်၊ ငတ်မွတ်မှုဒဏ်ကို ထပ်၍ ခံစားရတော့မည် မဟုတ်ချေ။ လူတိုင်း ထမင်းစားရမည်။ စိုက်ပျိုးရေးကို အခြေခံသော လူ့အဖွဲ့အစည်းတစ်ခုအတွက် ဤသည်ထက် ပိုမြင့်မားသော ရည်မှန်းချက် ရှိပါဦးမည်လား။

လောကရှိ ပြည်သူများ ငတ်မွတ်လာခဲ့သည်မှာ အချိန် အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဤနာကျင်ဖွယ် မှတ်ဉာဏ်များက ယနေ့အထိတိုင် ဆက်လက် တည်ရှိနေခဲ့၏။ ငတ်မွတ်မှုအပေါ် ကြောက်ရွံ့ခြင်းက အမာရွတ်တစ်ခုအလား လူတိုင်း၏အသိ၌ နက်ရှိုင်းစွာ စွဲထင်နေသည်။ နှစ်စဉ်နှစ်တိုင်း ငတ်မွတ်မှုကြောင့် သေဆုံးရသူများ မရေမတွက်နိုင်အောင်ရှိပြီး ပြည်သူများသည် အမြဲတမ်း သွေးဆုတ်ဖြူရော်နေကာ အသက်မဲ့နေသော ရုပ်အလောင်းများကဲ့သို့ ဖြစ်နေကြ၏။

ဤအချက်ကို ဖန်ကျန်းရီလောက် မည်သူမှ နက်နက်ရှိုင်းရှိုင်း နားလည်နိုင်မည် မဟုတ်ချေ။ အစောပိုင်း ကာလများက သူ အလွန်အမင်း ကြိုးစားအားထုတ်ခဲ့သော်ငြား အနားရှိ ငတ်မွတ်သေဆုံးသွားသော ပြည်သူများကို မကယ်တင်နိုင်ခဲ့ပေ။ အထူးသဖြင့် မြို့ဝန်တစ်ယောက်အနေဖြင့် ပြည်သူများ၏ မျှော်လင့်ချက်အားလုံးက သူ့အပေါ်၌သာ စုပုံနေချိန်ဖြစ်သောကြောင့် ဤနာကျင်ဖွယ် မှတ်ဉာဏ်က ပို၍ပင် အရိုးစွဲ စေခဲ့သည်။

“တစ်ထောင်ငါးရာနှစ်ဆယ့်ခုနစ် ပိဿာ။”

ဖန်ကျန်းရီ၏အသံသည် ပို၍ ကျယ်လောင်လာ၏။ ဤကိန်းဂဏန်းက သူ၏ မျှော်မှန်းချက်ထက် ကျော်လွန်နေပြီ ဖြစ်သော်လည်း လုပ်ငန်းသဘောအရ ပြီးဆုံးသေးပုံ မပေါ်ချေ။ ဤမြင်ကွင်းက သူ့ကို မနေနိုင်အောင် စိတ်လှုပ်ရှား သွားစေ၏။

ကျင်းဘုရင်၏ တစ်ကိုယ်လုံးလည်း စိတ်အားထက်သန်စွာဖြင့် လောင်ကျွမ်းနေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း လျှပ်စီးကြောင်း တစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် သွေးများ ဆူပွက်လာ၏။ ဤမျှ ပြင်းထန်သောခံစားမှုကို တစ်လောကလုံးကို သိမ်းပိုက်စဉ်ကမှ ခံစားခဲ့ရဖူးပြီး ယနေ့မှာတော့ ဤတောက်ယွမ်ခရိုင်ငယ်လေးထဲတွင် ထပ်မံ ခံစားလိုက်ရပြန်သည်။

သူက စိတ်လှုပ်ရှားစွာဖြင့် ဖန်ကျန်းရီအနားသို့ လျှောက်သွားလိုက်၏။ သူ၏ ခြေလှမ်းများက အနည်းငယ် ယိမ်းယိုင်နေကာ လက်တစ်ဖက်ကို ဆန့်ထုတ်၍ ဖန်ကျန်းရီ၏ ပခုံးကို အားပါပါ ပုတ်လိုက်၏။

“တစ်ထောင်ခြောက်ရာ ပိဿာ။”

ဆက်တိုက် အော်ကာ ဂဏန်းရေတွက်နေရသောကြောင့် ဖန်ကျန်းရီ၏ အသံများ အနည်းငယ် အက်ကွဲနေသည်။ လယ်ထဲမှ ရိတ်သိမ်းမှုက အဆုံးသတ်ပိုင်းသို့ ရောက်ရှိလာပြီ ဖြစ်၏။ တောင်သူများက ကျန်ရစ်နေသော ကန်စွန်းဥများကို မြေကြီးထဲတွင် ဆက်တိုက် ရှာဖွေနေကြဆဲ ဖြစ်သည်။ သို့ပေမည့် လူတိုင်း စိတ်ကျေနပ်နေကြပြီ ဖြစ်၏။ ဤမျှဆိုလျှင် လုံလောက်ပြီ။ ဤခရီးက အလဟဿ မဖြစ်ခဲ့ချေ။ တစ်သက်လုံး မေ့နိုင်စရာ မရှိတော့ပေ။

“တစ်ထောင်ခုနစ်ရာသုံးဆယ့်သုံး ပိဿာ။”

နောက်ဆုံး ရလဒ် ထွက်ပေါ်လာခဲ့သည်။ ဖန်ကျန်းရီ ပြောခဲ့သည်မှာ လျှော့ပြောထားခြင်းသာ ဖြစ်၏။ အစက ကျင်းဘုရင်ကို ရှစ်ရာပိဿာဟု ပြောခဲ့သော်လည်း ယခု အထွက်နှုန်းက တစ်ထောင်ပိဿာပင် ကျော်လွန်နေပြီ ဖြစ်သည်။

လီယန်စုန်က ဒိုင်းခနဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကာ ရှိုက်ကြီးတငင် ပြောလိုက်၏။ “ကောင်းကင်ဘုံက ကျုပ်တို့ ကျင်းတိုင်းပြည်ကို ကောင်းချီးပေးတာပဲ။ အရှင်မင်းကြီး …. ကျုပ်တို့ ကျင်းတိုင်းပြည်ကြီး သက်တော်ရာကျော် ရှည်ပါပြီ။”

ဤမျှများပြားသော စားနပ်ရိက္ခာများကြောင့် ပြည်သူများ ငတ်မွတ်မှုဘေးမှ ကင်းဝေးရုံသာမက နန်းတော်၏ စစ်တပ်ကိုပင် အဆပေါင်းများစွာ တိုးချဲ့နိုင်ပြီ ဖြစ်သည်။ တစ်ဧကကို ငါးဧကစာ အကျိုးသက်ရောက်မှု ရှိနေပြီမို့ ဤစွမ်းဆောင်ရည်တစ်ခုတည်းဖြင့်ပင် ဘိုးဘေးများကို ကျော်လွန်နေပြီ ဖြစ်သည်။

“ဒီနေ့ကစပြီး ကျုပ်တို့ ကျင်းတိုင်းပြည် တစ်ပြည်လုံးမှာ ငတ်မွတ်မှု ဆိုတာ မရှိတော့ဘူး။ ဒါတွေအားလုံးက ကောင်းကင်ဘုံရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ အရှင်မင်းကြီးရဲ့ ဘုန်းကျက်သရေကြောင့်ပါပဲ။”

ဖန်ကျန်းရီ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ ဒီအဘိုးကြီး ငါပြောမယ့်စကားကို လုပြောနေတာလား။

သူ စကားဝင်ပြောရန် အချိန်မရလိုက်ချေ။ အခြားသူများလည်း အတုယူကာ ဒူးထောက်ချလိုက်ကြပြီး ငိုတစ်ဝက် ရယ်တစ်ဝက်ဖြင့် ဖားယားသော စကားများကို ဆက်တိုက် ပြောဆိုတော့၏။

ဖန်ကျန်းရီ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် အလွန် ဒေါသထွက်လာသည်။

ကျင်းဘုရင်က မြေပြင်ပေါ်တွင် ဒူးထောက်နေကြသူများကို ကြည့်ကာ ခေါင်းမော့လိုက်သည်။ ပြီးနောက် မျက်လုံးမှိတ်လျက် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သို့နှင့် စိတ်လှုပ်ရှားနေသော ခံစားချက်များကို ငြိမ်သက်သွားစေရန် ကြိုးစားလိုက်၏။ မျက်လုံးပြန်ဖွင့်ပြီးနောက် ဖန်ကျန်းရီရှေ့ရှိ ကန်စွန်းဥ တစ်ခြင်းကို ကြည့်ရင်း လေးနက်စွာ မေးလိုက်သည်။ “ဒီအရာကို ဘယ်လို စားရမလဲ။ အဓိက ရိက္ခာအဖြစ် သုံးလို့ ရလား။”

ဖန်ကျန်းရီ ခေါင်းညိတ်လိုက်၏။ “ရပါတယ် အရှင်မင်းကြီး။ အဓိက ရိက္ခာအဖြစ် သုံးလို့ ရရုံတင်မကဘူး စားစရာ နည်းလမ်းပေါင်းစုံ ရှိပါတယ်။ ကြော်မလား၊ လှော်မလား၊ ပေါင်းမလား၊ ပြုတ်မလား။ ဘယ်လိုလုပ်လုပ် အရသာ ရှိပါတယ်။ ပြည်သူတွေ စားနေတဲ့ ဆန်ကြမ်းတွေထက် အများကြီး ပိုစားကောင်းပါတယ်။”

အဓိက ရိက္ခာ ဖြစ်ဖြစ် မဖြစ်ဖြစ် အရေးမကြီးပေ။ ငတ်မွတ်နေသော ပြည်သူများက လူလိုတောင် မနေရတော့ချေ။ စား၍ အဆိပ်မဖြစ်ဘဲ အစာကြေနိုင်လျှင် အဓိက ရိက္ခာပင် ဖြစ်သည်။

သို့ပေမည့် ကန်စွန်းဥက အစပိုင်း စားရသည်မှာ ကောင်းသော်ငြား အချိန်ကြာကြာ စားလျှင် ဆန်ကြမ်းလောက် ကောင်းမည် မဟုတ်ချေ။ အများကြီးစားလျှင် ရင်ပြည့်ရင်ကယ် ဖြစ်တတ်သည်။ သို့သော်လည်း ကံကောင်းသည်မှာ ကစီဓာတ်ထုတ်ပြီး ကန်စွန်းဥမှုန့် ပြုလုပ်၍ ရသေးသည်။ ထို့ကြောင့် အဓိက ရိက္ခာအဖြစ် သုံးရန် ပြဿနာ မရှိပေ။

ထို့အပြင် ပြည်သူများ၏ စိတ်ကူးဉာဏ်က အကန့်အသတ် မရှိချေ။ အရသာသစ်များ ရရှိစေရန် နည်းလမ်းမျိုးစုံဖြင့် ပေါင်းစပ် ချက်ပြုတ်နိုင်မည်မှာ သေချာ၏။ ဤအချက်ကို ဖန်ကျန်းရီ လုံးဝ သံသယမရှိပေ။

ဤစကားကို ကြားချိန်မှာတော့ အရှင်မင်းကြီးက သက်ပြင်းရှည်ကြီး ချလိုက်သည်။ ရင်ထဲတွင် ဝမ်းသာပီတိများ ဆက်တိုက် ဖြစ်ပေါ်လာကာ ခေါင်းတဆက်ဆက် ညိတ်ရင်း ပြောလိုက်၏။ “ကောင်းတယ်။ အမတ်ဖန် မင်းက ဒီလို နတ်ဘုရားပေးတဲ့ အရာကို ဆက်သခဲ့လို့ ကောင်းကျိုးကြီးတစ်ရပ်ကို ရယူနိုင်ခဲ့ပြီပဲ။ မင်းရှိနေလို့ ကိုယ်တော် စိတ်ပူစရာတွေ အများကြီး လျော့သွားခဲ့တယ်။ ကောင်းတယ်။ တကယ် ကောင်းတယ်။”

ခြင်းထဲမှ ကန်စွန်းဥကို ယူကာ ထပ်မံ ပွတ်သပ်ရင်းမှ မည်သို့မှမနေနိုင်ဘဲ နမ်းရှုပ်လိုက်၏။ “ဒီအရာက တကယ့်ကို လောကရဲ့ အဖိုးတန် ရတနာပဲ။ ဒါကိုသာ စောစော သိခဲ့ရင် ကိုယ်တော် နန်းတွင်း ဘဏ္ဍာတိုက် တစ်ခုလုံးနဲ့ ဒီခေတ်သစ် ကန်စွန်းဥတွေကို လဲလှယ်ဖို့တောင် ဆန္ဒရှိပါတယ်။”

ဖန်ကျန်းရီ စိတ်လှုပ်ရှားသွားသည်။ “တကယ်လား။”

“ဟင်။”

“...”

သောက်ကျိုးနည်း။ သူ ဟန်လုပ်ကာ ပြောနေခြင်းဖြစ်သည်။

ဖန်ကျန်းရီ၏ လည်ပင်းများ ရုတ်တရက် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ နန်းတွင်း ဘဏ္ဍာတိုက်ဟု ကြားလိုက်သည်နှင့် စိတ်လှုပ်ရှားသွားခြင်း ဖြစ်၏။ ဧကရာဇ်တွင် ပိုင်ဆိုင်မှု မည်မျှ များပြားမည်နည်း။ တွေးတောင် မတွေးရဲချေ။

ထို့နောက် သူက အမြန် ဖားယားကာ ပြောလိုက်သည်။ “အရှင်မင်းကြီး … ဒီနေ့ ဒီအရာတွေ ထွက်ပေါ်လာတာကို မြင်တွေ့ခဲ့ရပြီဆိုတော့ ဒီခေတ်သစ် ကန်စွန်းဥတွေရဲ့ အရသာကို အားလုံး မြည်းစမ်းကြည့်လို့ရအောင် နည်းနည်းလောက် ယူသွားပါလား။”

အရှင်မင်းကြီးက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ “ကောင်းပြီ။ ကောင်းပြီ။ ကိုယ်တော်လည်း အရမ်း မျှော်လင့်နေတာ။ ဒီကန်စွန်းဥတွေထဲက တစ်စိတ်တစ်ပိုင်းကို ချက်ပြုတ်ဖို့ ယူသွားလိုက်။ ကျန်တာတွေကိုတော့ ဥယျာဉ်တော်ဆီ သယ်သွားမယ်။ ဥယျာဉ်တော်က မြေနေရာ အားလုံးမှာ ဒီအရာကို စိုက်ပျိုးရမယ်။”

ပြောပြီးနောက် သူက လက်နောက်ပစ်ကာ ဝမ်းသာအားရဖြင့် ရထားလုံးပေါ်သို့ တက်သွား၏။ သူ၏ လက်ထဲတွင်လည်း ကန်စွန်းဥ နှစ်လုံးကို ဆုပ်ကိုင်ထားသေးသည်။

လီယွမ်ကျောက်လည်း စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ဖန်ကျန်းရီဆီသို့ လျှောက်လာခဲ့၏။ “ဖန်ကြီး … တကယ် မထင်ထားဘူး။ ဒီကန်စွန်း...”

စကားမဆုံးခင် ဖန်ကျန်းရီက သူ၏ ပါးစပ်ကို အမြန် ပိတ်လိုက်သည်။

လျှို့ဝှက်ချက်ကို အဘယ့်ကြောင့် လူသိထင်ရှား လာပြောနေရသနည်း။

ထို့နောက် လီယွမ်ကျောက်ကို ဖယ်ကာ မင်းသမီး မြောင်ဟန်ဆီသို့ လျှောက်သွားပြီး ပြုံး၍ ပြောလိုက်၏။ “မင်းသမီး … ဒီခေတ်သစ်ကန်စွန်းဥက အရမ်းကို မွှေးပျံ့ပြီး ချိုမြိန်ပါတယ်။ တကယ်လို့ မင်းသမီး စားရတာ ကြိုက်တယ်ဆိုရင် မင်လွမ်နန်းဆောင်ကို ထပ်ပို့ပေးပါ့မယ်။”

လီယွမ်ကျောက်က အနောက်မှနေ၍ မကျေမနပ်ဖြင့် အော်လိုက်သည်။ “ကျုပ်လည်း စားချင်တယ်။ ခင်ဗျား ဘာလို့ အရှေ့နန်းဆောင်ကို မပို့ပေးတာလဲ။”

“သယ်ရပြုရ ခက်လို့ပါ။ ကျုပ်က ဗလသေးတယ်လေ။”

အပိုင်း (၁၂၄) အဆင့်မြင့် နည်းပညာ။

လူတစ်စုသည် ရထားလုံးများဖြင့် ခရိုင်ထဲသို့ ပြန်လာခဲ့ကြသည်။ သို့ပေမည့် မြို့ထဲသို့ ပြန်ရောက်ချိန်တွင် ကန်စွန်းဥ တစ်လှည်း ပိုပါလာခဲ့၏။

လောင်လျူ စားသောက်ဆိုင်သို့ ရောက်ချိန်မှာတော့ ကန်စွန်းဥများက ကျန်းလောင်လျူကို ချက်ချင်း အခက်တွေ့ သွားစေသည်။ ဤအရာကို တစ်ခါမှ မမြင်ဖူးသောကြောင့် မည်သို့ ချက်ပြုတ်ရမှန်း မသိချေ။

နောက်ဆုံးတွင် ဖန်ကျန်းရီက ကိုယ်တိုင် လမ်းညွှန်ပေးကာ ရိုးရှင်းသော ကန်စွန်းဥကင်၊ ကန်စွန်းဥပေါင်းနှင့် ကန်စွန်းဥ ဆန်ပြုတ်တို့ကို လုပ်ခိုင်းလိုက်၏။ နောက်ဆုံး၌ သူကိုယ်တိုင် ကန်စွန်းဥကြော် တစ်ပွဲကို ချက်ပြုတ်လိုက်သေးသည်။

ကန်စွန်းဥများ ချက်ပြုတ်ပြီးသည်နှင့် ဖန်ကျန်းရီက တစ်လုံး မြည်းစမ်းကြည့်၏။ ချိုမြိန်မှုက ယန်စွန်းဥ နံပါတ် ၂၅ ကဲ့သို့သော အဆင့်မြင့် မျိုးစပ်ထားသည့် အမျိုးအစားများကို မီရန် အလှမ်းဝေးနေသေးသည်။ ထို့ကြောင့် ကုန်ပစ္စည်း တန်ဖိုး ပိုမို တိုးတက်လာစေရန် ကန်စွန်းဥဆန်ပြုတ်ထဲသို့ သကြား လက်တစ်ဆုပ်စာ ထည့်လိုက်၏။

အစားအစာများကို သယ်လာချိန်မှာတော့ အားလုံးက ထူးခြားသော မွှေးရနံ့ကို ရှူရှိုက်ရင်း မစောင့်နိုင်တော့သည့် အလား ဖြစ်နေကြသည်။

ဤအနံ့အရဆိုလျှင်... ဤမျှ အထွက်နှုန်း ကောင်းသော သီးနှံက စားရသည်မှာ သိပ်မဆိုးလောက်ဘူး ထင်ရ၏။

လူတိုင်း စိတ်အေးလက်အေး စားနိုင်စေရန် ဖန်ကျန်းရီက ကန်စွန်းဥကင် အသေးတစ်လုံးကို ရွေးယူကာ အခွံပင် မနွှာဘဲ နှစ်လုတ် သုံးလုတ်ဖြင့် မြိုချလိုက်သည်။

လူတိုင်းက ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ စိတ်အေးသွားကြကာ စတင် စားသောက်ကြ၏။

ဖန်ကျန်းရီက အရှင်မင်းကြီး၏ စားပွဲဆီသို့ ကန်စွန်းဥကြော်ပွဲကို ဖားယားကာ သွားပို့ပေးလိုက်ပြီး ထိုနေရာ၌ပင် ကန်စွန်းဥကြော်များကို အနည်းငယ်စားပြလိုက်သည်။

အရှင်မင်းကြီးလည်း စားပြီးနောက် အလွန် ကျေနပ်သွား၏။ ဤမျှ အထွက်နှုန်းကောင်းပြီး အရသာရှိသော အစားအစာကို ပြီးပြည့်စုံသည်ဟု ဆိုနိုင်၏။

စားသောက်ပွဲတွင် လူများစွာကလည်း ဖန်ကျန်းရီအပေါ် ကြည်ဖြူစွာ ဆက်ဆံလာကြသည်။

နိုင်ငံတော်အတွက် ကြီးမားသောကောင်းကျိုးကို ထမ်းဆောင်ထားသောကြောင့် ဤမျှလောက်တော့ ဆက်ဆံကြရမည်။ တကယ်ဆိုလျှင် နောင် ဖန်ကျန်းရီက သူ၏ ဘဝလက်ကျန်ကို ညီလာခံမှာ လှဲအိပ်နေလျှင်တောင် မည်သူမှ အပြစ်တင်မည် မဟုတ်ပေ။ ‘’

ထို့အပြင် ဖန်ကျန်းရီ က အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို အပြည့်အဝ ရယူထားသူ ဖြစ်သောကြောင့် လက်ရှိတွင် နေမင်းကြီးကဲ့သို့ တောက်ပနေလေ၏။

……

နောက်တစ်နေ့ နံနက်စောစောတွင် အရှင်မင်းကြီးသည် မှူးမတ်များနှင့်အတူ မြို့တော်သို့ ပြန်ရန် ပြင်ဆင်လိုက်သည်။

ဖန်ကျန်းရီက ခွင့်နှစ်ရက် တောင်းထားပြီး လီယွမ်ကျောက်နှင့် မင်းသမီးကိုပါ တစ်ပါတည်း ခေါ်ထားလိုက်၏။

အရှင်မင်းကြီးက ဝမ်းသာအားရ သဘောတူလိုက်ပြီး အစောင့်တစ်စုကိုပါ ထားရစ်ခဲ့သည်။

လိုက်လံ ပို့ဆောင်ပေးချိန်တွင် အရှင်မင်းကြီးက ဖန်ကျန်းရီ၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။ “အမတ်ဖန်... အိမ်ရှေ့စံနဲ့ မင်းသမီးကို စောစော ပြန်ခေါ်လာဖို့ မမေ့နဲ့။ ကိုယ်တော် မင်းကို ကြီးမားတဲ့ ဆုလာဘ်တွေ ချီးမြှင့်ရအုံးမယ်။”

ဖန်ကျန်းရီက နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်ပြီး နှိမ့်ချစွာ ပြောလိုက်သည်။ “ကျွန်တော်မျိုးက ဆုလာဘ်တွေ ဘယ်လိုလုပ် တောင်းရဲပါ့မလဲ။ ဒါတွေအားလုံးက အရှင်မင်းကြီးအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါ။”

“ကောင်းပြီ။ ဒါဆိုလည်း ကိုယ်တော် မပေးတော့ဘူး။”

“...အရှင်မင်းကြီးက တကယ် နောက်တတ်တာပဲ။”

“ဟားဟားဟား။ ကောင်းပြီ။ ကိုယ်တော် သွားတော့မယ်။ မင်း အိမ်ရှေ့စံကို သေချာ ကြည့်ရှု လေ့လာခိုင်းဖို့ မမေ့နဲ့။”

ပြောပြီးနောက် အရှင်မင်းကြီးက ရထားလုံးပေါ်သို့ တက်ကာ ထွက်ခွာသွား၏။

ဝေးကွာသွားသော ရထားလုံးကို ကြည့်ရင်း ဖန်ကျန်းရီက တကျွတ်ကျွတ်ဖြင့် စုပ်သပ်လိုက်မိသည်။ အရှင်မင်းကြီးက ဉာဏ်ကောင်းလွန်းလှသည်။ နောင်ဆိုလျှင် သေချာ အကွက်ချပြီးမှ လှည့်စားပေမည်။

အရှင်မင်းကြီး ထွက်သွားသည်ကို မြင်ချိန်မှာတော့ လီယွမ်ကျောက်က ချက်ချင်း အော်လိုက်သည်။ “ဖန်ကြီး .. ကျုပ် ကျီကုန်း ဇာတ်လမ်း သွားကြည့်ချင်တယ်။”

ဖန်ကျန်းရီက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး အထင်သေးစွာ ပြောလိုက်၏။ “အဲဒါက ဘာကြည့်စရာ ကောင်းလို့လဲ။ ရုံးတော်ထဲမှာ ပိုကောင်းတဲ့ အရာတွေ ရှိတယ်။ ခဏနေရင် ခေါ်သွားပြမယ်။ လောလောဆယ် ကျုပ် မင်းသမီးနဲ့ လမ်းသွားလျှောက်လိုက်အုံးမယ်။”

လီယွမ်ကျောက်က ချက်ချင်း သွားဖြီးပြလိုက်သည်။ “ကျုပ်လည်း လိုက်မယ်။”

ဖန်ကျန်းရီလည်း မတတ်သာတော့ဘဲ ကပ်ဘေးမင်းသားကို ခေါ်ကာ မင်းသမီးနှင့်အတူ အမျိုးသမီးဆေးခန်းသို့ သွားလိုက်ရ၏။

အစတည်းက သူ၏ ရည်ရွယ်ချက်မှာ မင်းသမီး မြောင်ဟန်ကို ခရိုင်အတွင်းရှိ အမျိုးသမီးဆေးခန်းဆီသို့ ခေါ်လာပြရန် ဖြစ်သည်။

သာမန် ဆေးခန်းများတွင် ရောဂါမှတ်တမ်းများကို သိမ်းဆည်းထားလေ့ မရှိချေ။ သို့ပေမည့် ဖန်ကျန်းရီ၏ အမိန့်အရ ခရိုင်အတွင်းရှိ ဆေးခန်းများတွင် လူနာများအတွက် အကြမ်းဖျင်း မှတ်တမ်းစနစ် တစ်ခုကို တည်ဆောက်ထားပြီး ဖြစ်၏။

ရှေးလူများက အမျိုးသမီး ရောဂါအချို့ကို ထုတ်ပြောရန် အလွန် ရှက်ရွံ့ကြသောကြောင့် အသက်ကို အလဟဿ ဆုံးရှုံးခဲ့ကြရသည်။ ပိုင်ချောင်ကန်မု ကဲ့သို့သော ကျမ်းကြီးများတွင် လီရှီကျန်းက အမျိုးသားများ၏ ယန်စွမ်းအင် လျော့ကျမှုကို ရှောင်ရှားနိုင်ရန် ရာသီလာနေသော အမျိုးသမီးများနှင့် ဝေးဝေးနေရန် သတိပေးထားဖူးသည်။

တောက်ယွမ်ခရိုင်မှ ထွက်သွားလျှင် အချို့ကိစ္စများကို လုပ်ဆောင်ရန် ဖန်ကျန်းရီအတွက် အဆင်မပြေပေ။ လူအများ၏ အတင်းအဖျင်း ပြောဆိုခြင်းကို ခံရမည့်အပြင် လုပ်ဆောင်ရန်လည်း အလွန် ခက်ခဲမည်။ တစ်လောကလုံး၏ ခေတ်နောက်ကျနေသော အယူအဆများနှင့် တိုက်ပွဲဝင်နေရခြင်း ဖြစ်ရာ အောင်မြင်ရန် အလွန် ခက်ခဲလှ၏။

သို့ပေမည့် အမျိုးသမီးသုံး လစဉ်သုံးပစ္စည်းများ၏ အနာဂတ် အကျိုးအမြတ်က အလွန် ကြီးမားပြီး အောင်မြင်သွားလျှင် နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိမည်။ မင်းသမီးကဲ့သို့သော ခိုင်မာသည့် ကျောထောက်နောက်ခံ ရှိနေခြင်းက အသင့်တော်ဆုံးပင် ဖြစ်သည်။

သူမ အသက်ငယ်ရွယ်သေးသောကြောင့် ဖိအားဒဏ် မခံနိုင်မည်ကို စိုးရိမ်ရသည်။ ထို့ကြောင့် အမျိုးသမီး ဆေးခန်းသို့ ပို့ဆောင်ကာ အဆင့်မြင့် အယူအဆများကို သိစိတ်၌ ခိုင်မာစေပြီး ဗဟုသုတအချို့ကိုလည်း တစ်ပါတည်း လေ့လာစေလိုက်ခြင်းပင်။

အမျိုးသမီးဆေးခန်းသို့ ပို့ဆောင်ပြီးနောက် ဖန်ကျန်းရီက ထိုနေရာတွင် ဆက်နေရန် အဆင်မပြေတော့ချေ။ ထို့ကြောင့် မင်းသမီးကို သေချာ စောင့်ရှောက်ရန် အစောင့်အချို့ကို မှာကြားခဲ့ပြီးနောက် ကပ်ဘေးမင်းသားကို ခေါ်ကာ ရုံးတော်ဆီသို့ ထွက်လာခဲ့လိုက်သည်။

လီယွမ်ကျောက်က လမ်းတစ်လျှောက်လုံး ပိုကောင်းသောအရာများကို ကြည့်ချင်ကြောင်း အော်ဟစ်နေ၏။

ဖန်ကျန်းရီက ရင်ထဲတွင် လှောင်ပြုံး ပြုံးလိုက်သည်။ ပိုကောင်းတဲ့အရာ ဟုတ်လား။ ခဏနေလို့ မြင်လိုက်တာနဲ့ ခင်ဗျားရဲ့ အမြင်တွေ အကုန် ကွဲကြေသွားစေရမယ်။

……

ရုံးတော်ထဲတွင်တော့ လီယွမ်ကျောက်က သူ၏ရှေ့ရှိ မှန်ပြောင်းနှင့် ဆင်တူသော ကိရိယာကို ကြည့်ရင်း ကြောင်အမ်းအမ်း ဖြစ်နေသည်။ ထိုအရာကို လက်ညှိုးထိုးကာ မေးလိုက်၏။ “ဒါက ဘာကြီးလဲ။”

ဖန်ကျန်းရီက ခံစားချက် အပြည့်ဖြင့် ပြောလိုက်သည်။ “ဒါကို အဏုကြည့်မှန်ပြောင်း လို့ ခေါ်တယ်။”

အောက်ချန်နှင့် ဆက်သွယ်ပြောဆိုပြီးမှ အဏုကြည့်မှန်ပြောင်းက တတိယမျိုးဆက်အထိ ထွက်ပေါ်နေပြီ ဖြစ်ကြောင်း သူ သိလိုက်ရခြင်း ဖြစ်၏။ ယခင်က သူ ယူသွားခဲ့သော အမြန်လုပ်ထားသည့် အဏုကြည့်မှန်ပြောင်း နှစ်ခုမှာ အရာဝတ္တုများကို ကြည့်ရာတွင် အလွန် ဝါးတားတား ဖြစ်နေ၏။

ဖန်ကျန်းရီအနေဖြင့် ထိုအရာက အသုံးမဝင်သလို ယုံကြည်စရာလည်း မကောင်းဟု ခံစားရသောကြောင့် အိမ်တွင် ပစ်ထားခဲ့ခြင်း ဖြစ်၏။ ဤတတိယမျိုးဆက်ကို သူ နှစ်ကြိမ် စမ်းသပ် အသုံးပြုကြည့်ပြီးပြီ ဖြစ်သည်။ ယခင်ကထက် အများကြီး ပိုမို ရှင်းလင်းလာပြီး ဆဲလ်များကိုပါ ရှင်းရှင်းလင်းလင်း မြင်နိုင်နေပြီ ဖြစ်၏။ အလွန်ကြီးမားသော လက်တွေ့ အသုံးဝင်မှု ရှိလာပြီဟု ဆိုနိုင်သည်။

“အိမ်ရှေ့စံ …. ဒါက တကယ့်ကို ကောင်းတဲ့ အရာပဲ။ ကျုပ်တို့ တောက်ယွမ်ခရိုင်ရဲ့ အဆင့်မြင့် နည်းပညာပဲ။”

“အတိုချုပ်ပြောရရင် မှန်ဘီလူးတွေထဲက အကောင်းဆုံးပဲ။ ပုံမှန် မမြင်ရတဲ့ အရာတွေကို ဒါနဲ့ ကြည့်လို့ ရတယ်။”

“ဟင်။”

ဖန်ကျန်းရီက ဘေးရှိ ပန်းအိုးအောက်ခံပြားထဲမှ ရေကို လက်ဖြင့် အနည်းငယ် ယူကာ အဏုကြည့်မှန်ပြောင်း အောက်သို့ အစက်ချလိုက်၏။ “ကြည့်လိုက်။ ရေထဲမှာ ဘာတွေ ရှိလဲ ဆိုတာ မြင်ရလိမ့်မယ်။”

လီယွမ်ကျောက်က အနားသို့ တိုးသွားကာ ဖင်ထောင်၍ ခဏမျှ ကြည့်လိုက်ပြီးနောက် ရုတ်တရက် အော်ဟစ်ကာ အမြန် ရှောင်ဖယ်လိုက်သည်။ ပြီးနောက် ဖန်ကျန်းရီကို ကြည့်ကာ သံသယဖြင့် မေးလိုက်၏။ “ဒါက... ရေထဲက အရာတွေလား။ ဘာလို့ ရှုပ်ယှက်ခတ်ပြီး လှုပ်ရှားနေတဲ့ အရာတွေ ရှိနေတာလဲ။ ကျုပ် ကြည့်ရသလောက် ရေစက်က တော်တော် သန့်ရှင်းနေတယ်လေ။”

“ဒါဆိုရင် ဟုတ်ပြီ။ ပုံမှန်ဆို မမြင်ရဘူးမလား။ ရောဂါက ပါးစပ်ကနေ ဝင်တယ်ဆိုတာ အမှန်ပဲ။ ဒီမမြင်ရတဲ့ အရာတွေက လူတွေကို ဖျားနာစေတာပဲ။ ဒါကြောင့် သန့်ရှင်းရေးကို ဂရုစိုက်ရမယ်။

အိမ်ရှေ့စံ အရင် လေ့လာနေလိုက်အုံး။ ကျုပ် ကိစ္စရှိသေးလို့။ ခဏနေရင် ပြန်လာခဲ့မယ်။ မဖျက်ဆီးပစ်နဲ့နော်။ ခရိုင်တစ်ခုလုံးမှာ ဒါတစ်ခုတည်း ရှိတာ။”

လီယွမ်ကျောက်က စိတ်မရှည်စွာဖြင့် လက်ကာပြလိုက်ပြီး ဖင်ထောင်၍ စိတ်အားထက်သန်စွာဖြင့် ထပ်မံ လေ့လာနေပြန်၏။

အိမ်ရှေ့စံကို ငြိမ်ကျသွားစေပြီ ဖြစ်ကြောင်း မြင်ချိန်မှာတော့ ဖန်ကျန်းရီက အောက်ချန်ကို ရှာရန် ထွက်လာခဲ့လိုက်သည်။

အောက်ချန်ကို မြင်သည်နှင့် သူက ပြောလိုက်၏။ “ခင်ဗျားကို အရေးတကြီး တာဝန်ပေးစရာရှိတယ်။ ခရိုင်ထဲက လူတစ်ရာကို ရွေးထုတ် လေ့ကျင့်ပေးပြီးတာနဲ့ မြို့တော်မှာ ကျုပ်ကို လာရှာလှည့်။”

အောက်ချန်က ခဏမျှ စဉ်းစားလိုက်သည်။ “သခင်လေး …. ဒီလို အမြဲ လူတွေ ထုတ်နေရင် ရုံးတော်မှာ လူအင်အား မလောက်တော့ဘူးနော်။”

“ဒါဆိုလည်း တိုးချဲ့လိုက်ပေါ့။ ဟန်ကျန်းပြည်နယ်ကနေ ကျွန်တွေ ပိုဝယ်လာခဲ့။ သူတို့ကို ဒီမှာ အခြေချ ခိုင်းလိုက်။”

ကျွန်များနှင့် ပတ်သက်၍ တောက်ယွမ်ခရိုင်ရှိ လူများစွာမှာ ဖန်ကျန်းရီက အပြင်မှ ဝယ်လာခဲ့ခြင်း ဖြစ်၏။ ထို့အပြင် ထိုကျွန်များသည် လေ့ကျင့်ပေးပြီးနောက် အလွန် ယုံကြည်စိတ်ချရသည်။ မူလတည်းက ဘဝတွင် အားကိုးရာမဲ့ ဖြစ်နေကြသော်လည်း တောက်ယွမ်ခရိုင်တွင် အခြေချကာ တည်ငြိမ်သော ဘဝနှင့် သင့်လျော်သော အဆင့်အတန်းတစ်ခု ရရှိသွားသည်။ ခရိုင်ထဲတွင် အသိပညာပေးခြင်းများပါ ပေါင်းထည့်လိုက်ရာ အားလုံးက ဖန်ကျန်းရီနောက်သို့ သစ္စာရှိရှိ လိုက်ပါ လာကြ၏။

အောက်ချန်က တုံ့ဆိုင်းစွာ ပြောလိုက်သည်။ “သခင်လေး ကျွန်တွေ ဝယ်ဖို့က ပြဿနာ မဟုတ်ပေမဲ့... ဘယ်လောက် အများကြီး လိုချင်တာလဲ။ ခရိုင်ထဲမှာ နေရာချထားပေးဖို့ အဲဒီလောက် နေရာ အများကြီး မရှိဘူး။”

ဖန်ကျန်းရီက အံ့သြစွာ မေးလိုက်၏။ “အခု ခရိုင်ထဲက အိမ်တွေက အများဆုံး သုံးထပ်ပဲ ရှိတာ။ အိမ်တွေကို အထပ်နည်းနည်း ပိုဆောက်လိုက်ရင် ရပြီပေါ့။ ဒါက ပြဿနာလို့ ခေါ်လို့လား။”

အောက်ချန်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့... အခု အရှင်မင်းကြီးတောင် ခရိုင်ထဲကို ရောက်လာခဲ့ပြီလေ။ ကျုပ်တို့ အမြင့်ကြီး ဆောက်လိုက်ရင် စည်းမျဉ်းတွေကို ကျော်လွန်သွားမှာပေါ့။ ဒါမှမဟုတ် သခင်လေး … မြို့တော်ရောက်ရင် အရှင်မင်းကြီးဆီမှာ အရင် ခွင့်ပြုချက် တောင်းလိုက်ပါလား။ မဟုတ်လို့ ပြဿနာတွေ ဖြစ်လာရင် အခက်တွေ့လိမ့်မယ်။”

ဖန်ကျန်းရီက ဤစကားကို ကြားချိန်မှာတော့ မျက်လုံးပြူးသွားကာ အသံကျယ်ကြီးဖြင့် ပြောလိုက်၏။ “ငတုံး။ စည်းမျဉ်းတွေကို ကျော်လွန်သွားမှန်း ဘယ်သူက မသိလို့လဲ။ အခု ကျုပ် သွားပြီး ခွင့်ပြုချက် တောင်းမယ်ဆိုရင် သေချာပေါက် ဆောက်ခွင့်ပေးမှာ မဟုတ်ဘူး။

ကိစ္စတွေ အားလုံး ပြီးသွားမှ သွားပြောမယ်။ အဆိုးဆုံးက ကြိမ်ဒဏ် အနည်းငယ် အပေးခံရရုံပဲ။ အောက်ချန် .. ခင်ဗျား ကျုပ်နောက်ကို ဒီလောက်နှစ်တွေ အကြာကြီး လိုက်လာခဲ့တာတောင် တိုးတက်မှု တစ်စက်မှ မရှိဘူး။

ခရိုင်ထဲက စီမံကိန်းတွေထဲမှာ ဘယ်တစ်ခုက လုပ်ထုံးလုပ်နည်းအတိုင်း လုပ်လို့ အဆင်ပြေခဲ့ဖူးလို့လဲ။ စီမံကိန်းကို အရင် အပြီးလုပ်လိုက်။ အဲဒီအချိန်ကျရင် တာဝန်ကို ကိုယ့်ဟာကိုယ် ယူလိုက်မယ်။ ခေါင်းဆောင် လည်း အခက်မတွေ့တော့ဘူး။ မြန်မြန် သွားလုပ်စမ်း။”

အောက်ချန်က ချွေးစေးများကို သုတ်လိုက်၏။ “နားလည်ပါပြီ သခင်လေး။”

All Chapters