အခန်း (၁၂၅-၁၂၆)
Vol. 8 Ch. 125-126
အပိုင်း (၁၂၅) ဇီဝဗေဒပညာရှင် လီယွမ်ကျောက်။
“သခင်လေး …. သခင်လေး လိုချင်တဲ့ ကန်စွန်းဥတွေက မလောက်တော့ဘူး။ ကျုပ်တို့ အချိန်က အရမ်းတိုလွန်းတော့ စုစုပေါင်း ကန်စွန်းဥ သုံးဧကစာတောင် မရလိုက်ဘူး။ အရင် တစ်သုတ် တူးပြီးသွားပြီ။ အကောင်းဆုံး မြေနေရာကိုလည်း အရှင်မင်းကြီးအတွက် ချန်ထားရသေးတယ်။
ဒါကြောင့် သခင် တောင်းဆိုထားတဲ့ ကုန်သည်အဖွဲ့အတွက် စီစဉ်ပေးရမယ့် ကန်စွန်းဥ သင်္ဘောကတော့ သေချာပေါက် မလောက်နိုင်ဘူး။ ခရိုင်ထဲမှာ ကျန်နေတဲ့ဟာတွေကိုပါ တစ်ခါတည်း ယူသွားခိုင်းလိုက်ရမလား။
ပြီးတော့ လမ်းပြင်တဲ့ ကိစ္စကလည်း ခြောက်လအတွင်း ပြီးနိုင်မှာ မဟုတ်ဘူး။ အခက်အခဲက မျှော်လင့်ထားတာထက် ကျော်လွန်နေတယ်။ နည်းနည်း ပိုနောက်ကျနိုင်တယ်။”
ဖန်ကျန်းရီက အချိန်အတန်ကြာ စဉ်းစားနေ၏။ လမ်းပြင်ခြင်း နောက်ကျမည်ဆိုသောကိစ္စက သူ၏ မျှော်လင့်ချက်အတွင်း၌ ရှိနေသည်။ ဖန်ကျန်းရီ၏ အလေ့အကျင့်အရ တစ်နှစ်မှ ပြီးစီးနိုင်မည့် အလုပ်များကို သူက ခြောက်လအတွင်း အပြီးသတ်ရန် တိုက်ရိုက် တောင်းဆိုလေ့ ရှိ၏။ ထို့နောက် မည်သို့ပင် နောက်ကျစေကာမူ တစ်နှစ်အတွင်း အများစုကို ပြီးစီးနိုင်သောကြောင့် ဤကိစ္စအတွက် အံ့သြစရာ မရှိချေ။
ကန်စွန်းဥ ထွက်ပေါ်လာသည့် သတင်းက ရက်နှစ်ဆယ်အတွင်း ဟန်ကျန်းပြည်နယ်သို့ ရောက်ရှိသွားသင့်သည်။ ရှေးခေတ် သတင်းပျံ့နှံ့မှု အမြန်နှုန်းအရ ဆိုလျှင် နှစ်လအတွင်း ဟန်ကျန်းပြည်နယ်ရှိ လူတိုင်း သိရှိသွားသင့်၏။ ထိုအချိန်ရောက်လျှင် စားနပ်ရိက္ခာ ဈေးနှုန်းများလည်း သိသိသာသာ ကျဆင်းသွားပေလိမ့်မည်။ သူတို့ သတိထားမိချိန်တွင် ကန်စွန်းဥ အသုတ်သစ်ကလည်း ရိတ်သိမ်းချိန် ရောက်နေပြီ ဖြစ်၏။
အနည်းငယ် နောက်ကျသွားလျှင်လည်း ပြဿနာ သိပ်မကြီးနိုင်ပေ။
“ကိစ္စမရှိဘူး။ ဒါဆိုရင် ဈေးကွက် အခြေအနေကို စုံစမ်းဖို့ သူတို့ကို အရင် လွှတ်လိုက်။ ခရိုင်ထဲက ကန်စွန်းဥတွေကို ဆက်စိုက်ဖို့ ချန်ထားခဲ့လိုက်။ ဥယျာဉ်တော်မှာလည်း အကြီးအကျယ် စိုက်ပျိုးကြလိမ့်မယ်။ အဲဒီအချိန်ကျရင် အရှင်မင်းကြီးဆီက ကျုပ် သွားတောင်းလိုက်မယ်။ ကန်စွန်းဥ အသုတ်သစ် ကြီးလာတဲ့အထိ စောင့်ပြီးမှ တခြား စီစဉ်ကြတာပေါ့။
ပြီးတော့ ခင်ဗျားကို ရွေးချယ်ခိုင်းထားတဲ့ လူတစ်ရာ...”
ထို့နောက် လူနှစ်ယောက်၏ လျှို့ဝှက် ဆွေးနွေးမှုများ စတင်လာ၏။ စာရွက်သုံးရွက်ကို တစ်ရွက်တည်း ဖြစ်အောင် ဖိသိပ်ခြင်း... အလယ်တွင် အတုအပ ကာကွယ်ရေး ကြိုးထည့်ခြင်း... အထူးပြုလုပ်ထားသော မင်ရည်... စသည်ဖြင့် ဖြစ်သည်။
ဖန်ကျန်းရီ စကားပြောပြီး၍ စိတ်ကျေနပ်စွာ ထွက်လာချိန်မှာတော့ လီယွမ်ကျောက်က ဖင်ထောင်ကာ အဏုကြည့်မှန်ပြောင်းကို လေ့လာနေဆဲ ဖြစ်၏။ ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ ဖန်ကျန်းရီ ရယ်ချင်သွားသည်။ အိမ်ရှေ့စံတွင် သိပ္ပံနည်းကျ သုတေသန စိတ်ဓာတ် ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
လီယွမ်ကျောက်က သူ၏အနောက်မှ ခြေသံကို ကြားချိန်မှာတော့ ခေါင်းမော့ကာ ဖန်ကျန်းရီကို ဆော်ဩလိုက်သည်။ “ဖန်ကြီး။ လာလာလာ။ ပျော်စရာကောင်းတဲ့ အရာတစ်ခု ပြမယ်။”
ပြောရင်း သူက ဖန်ကျန်းရီကို အဏုကြည့်မှန်ပြောင်းဘေးသို့ ဆွဲခေါ်သွား၏။
ဖန်ကျန်းရီက ခေါင်းထဲတွင် ဝေခွဲမရ ဖြစ်သွားသည်။ ခေါင်းငုံ့၍ ကြည့်လိုက်ချိန်မှာတော့ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်။
သွားတာမှ ခဏပဲ ရှိသေးသည်။ ပြဿနာက ရှာပြီးနေပြီလား။
အဏုကြည့်မှန်ပြောင်းအောက်တွင် သိပ်သည်းနေသော ဖားလောင်းများ ပျော်ရွှင်စွာ ကူးခတ်နေသည်ကို သူ မြင်လိုက်ရသည်။
လီယွမ်ကျောက်က လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖြင့် မေးလိုက်၏။ “ဒါက ဘာလဲ ခန့်မှန်းကြည့်စမ်း။”
“အမ် …”
ဖန်ကျန်းရီက အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ ပြုံးရွှင်သော မျက်နှာကို အတင်း လုပ်ယူလိုက်သည်။ “အာ။ မယုံနိုင်စရာပဲ။ ကျုပ် ကြည့်ရသလောက် ဒီအရာက အရမ်းကို သွက်လက်နေပြီး ရွှေရောင် အလင်းတန်းတွေ ထွက်ပေါ်နေသလိုပဲ။ ပြီးတော့ ပင်လယ်ကြီးရဲ့ အငွေ့အသက်တွေလည်း ပါနေသေးတယ်။ ကြည့်ရတာ နတ်ဘုရားပေးတဲ့ အရာပဲ ဖြစ်ရမယ်။ အိမ်ရှေ့စံ ဒါတွေကို ဘယ်က ရလာတာလဲ။”
လီယွမ်ကျောက်က ဝမ်းသာအားရဖြင့် ပြုံးလိုက်၏။ “ဖန်ကြီး .. .ခင်ဗျား တကယ် မဆိုးဘူးပဲ။ အမြင်ရှိတယ်။ အမှန်တိုင်း ပြောရရင် ဒါ ကျုပ်ရဲ့ နဂါးသားတော်တွေ နဂါးမြေးတော်တွေပဲ။” ‘
ပြောပြီးနောက် သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့လိုက်သည်။
ဖန်ကျန်းရီ “...”
“အင်း … ပြောရရင် ထူးဆန်းတယ်။ ကျုပ်က လူသေးသေးလေး တစ်ယောက် ဖြစ်မယ်လို့ ထင်ထားတာ။ ဖားလောင်းအုပ်ကြီး ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ အရေအတွက်ကလည်း အများကြီးပဲ။ တကယ်ကို လန့်သွားတာပဲ။
ကျုပ်က တကယ့် နဂါးသွေးကြောပဲ။ နဂါးတွေက ငယ်သေးရင် ဖားလောင်းတွေနဲ့ တူမယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ ဘာလို့ အရေအတွက်က ဒီလောက် များရတာလဲ။ ဒီလောက် ကလေးတွေ အများကြီးဆိုရင် အဲဒီအမျိုးသမီး ဗိုက်ပေါက်ပြီး သေမသွားနိုင်ဘူးလား။ ပြီးတော့ နဂါးဖြစ်ပြီး ကျုပ်က ဘာလို့ လူကိုယ်လုံး ဖြစ်နေရတာလဲ။ အဲဒါ ဘာလို့လဲသိလား ဖန်ကြီး။”
ဖန်ကျန်းရီက ခေါင်မိုးကိုသာ မော့ကြည့်နေကာ သူ့ကို ဂရုမစိုက်ချင်တော့ချေ။
လီယွမ်ကျောက်က ခေါင်းငုံ့၍ စဉ်းစားနေလိုက်၏။ “ခမည်းတော်ရဲ့ ဟာကရော ဘယ်လိုပုံစံ ရှိမလဲ မသိဘူး။”
ပြောပြီးနောက် သူက လက်လှမ်းကာ ဖန်ကျန်းရီ၏ ခါးပတ်ကို လာကိုင်သည်။
ဖန်ကျန်းရီ လန့်သွားကာ အမြန် ခုန်ရှောင်၍ အော်လိုက်၏။ “ဘာလုပ်မလို့လဲ။”
“ခင်ဗျားဟာကို ကြည့်မလို့။”
“အိမ်ရှေ့စံ။ ကိုယ့်ကိုယ်ကိုယ် လေးစားပါအုံး …။”
……
နှစ်ရက်အကြာတွင် ဖန်ကျန်းရီသည် အိမ်ရှေ့စံနှင့် မင်းသမီးကို ခေါ်ကာ မြို့တော်သို့ ပြန်ရန် ခရီးစတင်ခဲ့သည်။ မြို့တော်သို့ ပြန်ရာလမ်းတွင် လီယွမ်ကျောက်က ထိုအဏုကြည့်မှန်ပြောင်းကို ဝမ်းသာအားရ ပိုက်ထား၏။ ဖန်ကျန်းရီက ညစ်ပတ်သည်ဟု ယူဆကာ မလိုချင်တော့သောကြောင့် သူ့ကို ပေးလိုက်ခြင်း ဖြစ်သည်။
ဤအရာက အများကြီး အသုံးဝင်ကာ မြို့တော်သို့ ယူသွားရန်လည်း အဆင်ပြေသည်။ တစ်နေ့နေ့ သူ အမှားလုပ်မိလျှင် ဤအဏုကြည့်မှန်ပြောင်းဖြင့် ဘေးအန္တရာယ်ကို ကာကွယ်နိုင်ပေမည်။
နောက်တစ်နေ့ ညီလာခံသို့ ရောက်ချိန်မှာတော့ ဖန်ကျန်းရီသည် မှုန်ကုပ်နေသော မျက်နှာဖြင့် မိန်းမစိုးများ ဖတ်ပြနေသော အမိန့်ပြန်တမ်းကို နားထောင်နေလိုက်သည်။ ကြီးမားသော ဆုလာဘ်များ ရှိမည်ဟု ထင်ထားခဲ့သော်ငြား နောက်ဆုံးတွင် ခရိုင်စား ဘွဲ့တစ်ခု၊ ထာဝရပိုင်ဆိုင်ခွင့်ရှိသော လယ်ယာမြေ ဆယ်ဧကနှင့် ရွှေစင် တစ်ရာကျပ်သားသာ ရရှိခဲ့၏။ လက်ချိုးရေတွက်ကြည့်ပြီးနောက် ဤအကြိမ်တွင် သူ ရှုံးသည်ဟုသာ ခံစားနေရ၏။
သို့ပေမည့် လူငယ်အရာရှိများက ဖန်ကျန်းရီကို မနာလိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
အရှင်မင်းကြီးက ရာထူး မတိုးပေးခဲ့ခြင်းမှာ ဖန်ကျန်းရီ နန်းတွင်းသို့ ဝင်ရောက်လာသည့် အချိန်က အရမ်း တိုလွန်းသောကြောင့် ဖြစ်ကြောင်း ထင်ရှားလှသည်။ နောက်ဆုံးတွင် နေရာတိုင်း၌ မရေးထားသော စည်းမျဉ်းများ ရှိစမြဲပင်။
မင်း ရောက်လာတာ တစ်နှစ်တောင် မပြည့်သေးဘူး။ ရာထူး သုံးဆင့် တက်ပြီးတာကို အထက်ကို တက်ချင်နေသေးတာလား။ နောက်ထပ် နှစ်နှစ်လောက်ဆို မင်းက အမတ်ကြီးလီကိုတောင် အောက်ဆင်းခိုင်းတော့မှာပေါ့။
ဖန်ကျန်းရီက ဤအကြောင်းပြချက်ကို နားလည်သော်လည်း ရင်ထဲတွင် လှောင်ပြောင်မိ၏။
နောက်ဆုံး ညီလာခံ ပြီးဆုံးသွားတော့ အရာရှိများစွာက ဖန်ကျန်းရီကို ဂုဏ်ပြုစကားများ လာရောက် ပြောဆိုကြသည်။
ဖန်ကျန်းရီကလည်း တစ်ယောက်ချင်းစီကို ပြန်လည် နှုတ်ဆက်လိုက်၏။ ဤတစ်ကြိမ်တွင် မှူးမတ်များရှေ့၌ မျက်နှာပန်းလှသွားသည်ဟု ဆိုနိုင်သောကြောင့် အဆင်ပြေကာ သိပ်မရှုံးဟု ခံစားရ၏။
ခန်းမဆောင် အပြင်ဘက်သို့ လျှောက်သွားချိန်မှာတော့ ဖန်ကျန်းရီသည် ပန်းရှန်းရပ်ကွက် ပြုပြင်မွမ်းမံရေး ကိစ္စများကို စဉ်းစားနေမိသည်။
သူခိုးမျက်လုံးနှင့် လူတစ်ယောက်က အနားသို့ တိုးလာကာ ဖန်ကျန်းရီကို အရိုအသေ ပေး၏။
ဖန်ကျန်းရီ ခေါင်းလှည့်ကြည့်လိုက်ရာ မျက်မှန်းတန်းမိသလို ခံစားရသော်လည်း စဉ်းစား၍ မရသောကြောင့် တုံ့ဆိုင်းစွာ မေးလိုက်၏။ “ခင်ဗျားက …”
“ကျုပ်က ဟန်လင်အကယ်ဒမီက စာတမ်းပြုစုရေးမှူး ယန်ဖုန်းဖန်ပါ။ မြို့ဝန်ဖန်ကို ဂါရဝပြုပါတယ်။”
ယန်ဖုန်းဖန်က ခေါင်းမော့လိုက်ချိန်မှာတော့ ဖန်ကျန်းရီ ချက်ချင်း သဘောပေါက်သွားသည်။ သူ နန်းတွင်းဝင်သည့် ပထမဆုံးနေ့က တွေ့ခဲ့ရသော ဆူးငြောင့်ခလုတ်လေးပင်။
ထို့ကြောင့် သူက ခပ်အေးအေးပင် ပြောလိုက်သည်။ “ဘာကိစ္စလဲ။ ပြောလေ။”
ယန်ဖုန်းဖန်က နှုတ်ခမ်းကို စေ့၍ ပြုံးလိုက်ပြီး ဖားယားကာ ပြောလိုက်၏။ “ဘာကိစ္စမှ မရှိပါဘူး။ ကျုပ်က မြို့ဝန်ဖန်ကို တကူးတက လာဂုဏ်ပြုတာပါ။ မြို့ဝန်ဖန်က အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို တစ်နေ့ထက် တစ်နေ့ ပိုရလာတာဆိုတော့ တကယ့်ကို ဝမ်းသာစရာပဲ...”
ဟက်ဟက်။ ဖားတတ်တဲ့ကောင်။ ငါက ဒီလို လူမျိုးတွေကို အမြင်ကပ်ဆုံးပဲ။ ဖန်ကျန်းရီ တွေးလိုက်သည်။
“ဟမ့် .... ထွီ။” ဖန်ကျန်းရီက ယန်ဖုန်းဖန်၏ ဖိနပ်ပေါ်သို့ တံတွေး တစ်ချက် ထွေးချလိုက်၏။
ယန်ဖုန်းဖန် ကြောင်အမ်းအမ်း ဖြစ်သွားကာ ဖိနပ်ကို တစ်လှည့် ဖန်ကျန်းရီကို တစ်လှည့် ကြည့်လိုက်သည်။ ချက်ချင်းပဲ သူ၏ မျက်နှာက နီရဲရာမှ ဖြူလျော့သွားကာ ရှက်ရွံ့ဒေါသထွက်စွာဖြင့် ပြောလာသည်။ “မြို့ဝန်ဖန် .. ကျုပ်က မြို့ဝန်ဖန်ကို လာဂုဏ်ပြုတာပါ။ ဘာလို့ ကျုပ်ကို စော်ကားရတာလဲ။”
“ဘာဖြစ်လဲ။ ဘာဖြစ်လဲ။ ခင်ဗျား မကျေနပ်လို့လား။” ဖန်ကျန်းရီက အရိုက်ခံချင်နေသော မျက်နှာထားကို လုပ်ပြ လိုက်၏။
မူလကတည်းက စိတ်အနည်းငယ် မကြည်မလင် ဖြစ်နေချိန် ဖားတတ်သူကို မြင်သောကြောင့် သူ ပို၍ အမြင်ကပ်သွားသည်။
ယန်ဖုန်းဖန်မှာ ကြောင်အမ်းအမ်း ဖြစ်နေကာ ဤမျှ စည်းကမ်းမဲ့သော လူကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ပြုံးနေတဲ့ လူကို မရိုက်ရဘူးလို့ ပြောကြပေမဲ့ မင်းကတော့ သောက်ရမ်း လွန်လွန်းနေပြီ။ မင်းကို အနာဂတ်မှာ အလားအလာ ကောင်းတယ်လို့မြင်လို့ နီးကပ်အောင် ကြိုးစားခဲ့တာ။ မင်းက ငါ့ကို တံတွေးထွေးတယ်ပေါ့လေ။ ယန်ဖုန်းဖန် တွေးလိုက်မိ၏။
ယန်ဖုန်းဖန်က အံကြိတ်ကာ ပြောလိုက်သည်။ “မြို့ဝန်ဖန်က ကျုပ်ကို ဒီလို စော်ကားတာ သူများတွေ အတင်းအဖျင်း ပြောမှာကို မကြောက်ဘူးလား။”
ဖန်ကျန်းရီ ရယ်လိုက်၏။ “အတင်းအဖျင်း ပြောမယ် ဟုတ်လား။ ကျုပ် ဘယ်သူလဲ ဆိုတာ သွားမစုံစမ်းကြည့်ဘူးလား။”
ပြောပြီးနောက် သူက ဝေးဝေးမရောက်သေးသော လီယန်စုန်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “သူ ကျုပ်နဲ့ ဘယ်လို ပတ်သက်လဲ ဆိုတာ မင်း သိလား။”
ယန်ဖုန်းဖန်က သူ လက်ညှိုးထိုးပြသော နေရာသို့ ကြည့်ရင်း မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွား၏။
အဲဒီလူက... အမတ်ကြီးလီ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဒီကောင်က ကော်ထျန်းယန်နဲ့ ပတ်သက်ရုံတင်မကဘူး အမတ်ကြီးလီနဲ့ပါ ပတ်သက်နေတာလဲ။
ယန်ဖုန်းဖန်က ဖန်ကျန်းရီကို သံသယဖြင့် အကဲခတ်လိုက်သည်။ အမတ်ကြီးလီလို ရင့်ကျက်တည်ငြိမ်တဲ့သူက ဖန်ကျန်းရီလို လူမျိုးနဲ့ ဘယ်လိုလုပ် ဆက်ဆံရေး တစ်ခုခု ရှိနေမှာလဲ။
ဖန်ကျန်းရီက ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ ပြုံးလိုက်ကာ လက်နှစ်ဖက်ကို လော်စပီကာပုံစံ လုပ်ပြီး လီယန်စုန်ရှိရာဘက်သို့ အသံကျယ်ကြီးဖြင့် အော်လိုက်၏။ “ဦးလေးကြီး။”
အော်သံက အလွန် ကျယ်လောင်သောကြောင့် လူများစွာက ဖန်ကျန်းရီဆီသို့ လှည့်ကြည့်လာကြသည်။ လီယန်စုန်လည်း သဘာဝကျကျပင် ကြားသွားသည်။ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံးလည်း တုန်ယင်သွား၏။ သူက နောက်လှည့်မကြည့်တော့ဘဲ နေရာမှ အမြန် ထွက်ခွာသွားသည်။
ယန်ဖုန်းဖန်လည်း မျက်လုံးပြူးသွားသလို ရင်ထဲတွင် တုန်လှုပ်သွား၏။
သူတို့က တကယ် ပတ်သက်နေတာပဲ။ ဆွေမျိုးတွေတောင် ဖြစ်နေသေးတယ်။ အမတ်ကြီးလီရဲ့ အခု အပြုအမူက သိသွားမှာကို ကြောက်နေတာ သိသာတယ်။ နက်နဲလိုက်တာ... ဖန်ကျန်းရီက တကယ်ကို နက်နဲလွန်းတယ်။ ကျောထောက်နောက်ခံက ဒီလောက် ခိုင်မာလိမ့်မယ်လို့ မထင်ထားဘူး။ မဖြစ်ဘူး လုံးဝ သွားမစော်ကားရဘူး။
ဖန်ကျန်းရီက ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် မေးလိုက်သည်။ “မြင်ပြီလား။”
“ခင်ဗျား သိရင် ရပြီ။ နောက်ဆို နန်းတွင်းထဲမှာ အော်ဟစ်မနေနဲ့။ တခြားသူတွေ ကြားသွားရင် အကျိုး သက်ရောက်မှု မကောင်းဘူး။ နားလည်လား။”
ပြောပြီးနောက် သူက လက်ချောင်းသုံးချောင်းကို ဆန့်ထုတ်ကာ ပွတ်ပြလိုက်သေးသည်။
ယန်ဖုန်းဖန်က ချက်ချင်း သဘောပေါက်သွားကာ ဘယ်ညာကို တစ်ချက် အကဲခတ်ပြီးနောက် အင်္ကျီလက်ထဲမှ ငွေလက်မှတ် တစ်ရွက်ကို ထုတ်ယူလိုက်၏။
ဖန်ကျန်းရီက ငွေလက်မှတ်ကို သဘာဝကျကျ လှမ်းယူလိုက်ကာ လက်ချောင်းဖြင့် တစ်ချက် ပွတ်ကြည့်ပြီး အထင်သေးစွာ နှုတ်ခမ်းမဲ့လိုက်သည်။ ဒီ ဆင်းရဲသား …။
သို့သော်ငြား အကျင့်ပါနေသူပီပီ ငွေရသည်နှင့် တောက်ပသော အပြုံးတစ်ခုကို အလိုအလျောက် ပြုံးပြလိုက်ကာ ယန်ဖုန်းဖန်၏ ပခုံးကို ပုတ်လိုက်၏။
“ရှောင်ယန် … ကျုပ် ကြည့်ရသလောက်တော့ ခင်ဗျားက အနာဂတ် အလားအလာ ရှိတဲ့ လူပဲ။ အားရင် ကျုပ်အိမ်လာပြီး အတူတူ ထမင်းစားအုံး။ ဘာကိစ္စမှ မရှိရင် ကျုပ် အရင် သွားတော့မယ်။”
“အာ … မြို့ဝန်ဖန် ဖြည်းဖြည်းသွားပါ။”
ခန်းမဆောင် အပြင်ဘက်တွင် ရပ်နေသော ယန်ဖုန်းဖန်သည် ဝေးကွာသွားသော ဖန်ကျန်းရီ၏ ကျောပြင်ကို ကြည့်ရင်း အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ ငါ့အတွက် အနာဂတ် မျှော်လင့်ချက် ရှိလာပြီပဲ။
အပိုင်း (၁၂၆) စကားဝှက်ပြောသူတိုင်း သေသင့်သည်။
ဝူမင်းသားအိမ်တော်။
ဝူမင်းသားသည် ထိုင်ခုံပေါ်တွင် တည့်မတ်စွာ ထိုင်နေရင်းမှ လက်ထဲရှိ ယပ်တောင်ကို မရပ်မနား ကစားနေသည်။
လော့နင်ရှင်းက ဘေးတွင် ရပ်၍ အစေခံနေ၏။ ဤအချိန်တွင် ဝူမင်းသားသည် အပြင်ဘက်တွင် ပြသထားသော ပုံစံနှင့် လုံးဝ ကွာခြားနေသည်။ သာမန်လူများ၏ မျက်လုံးထဲရှိ ပျင်းရိသော အသွင်အပြင်များ ပျောက်ကွယ်နေရုံသာမက ကျင်းဘုရင်နှင့် ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ဆင်တူနေ၏။ တူညီစွာပင် အာဏာစက် အပြည့်ရှိနေသော်ငြား သူ၏ မျက်လုံးများထဲတွင် ဖုံးကွယ်၍မရသော အေးစက်မှုများ ထွက်ပေါ်နေ၏။
သူ၏ရှေ့တွင် လူတစ်ယောက် ဒူးထောက်နေပြီး ထိုသူက ခေါင်းငုံ့၍ ပြောလိုက်သည်။ “မင်းသားကို လျှောက်တင်ပါတယ်။ ဖန်ကျန်းရီက တောက်ယွမ်ခရိုင်မှာ ကန်စွန်းဥတွေကို စိုက်ပျိုးနိုင်ခဲ့တာ သေချာသွားပါပြီ။ တစ်ဧက အထွက်နှုန်းက တစ်ထောင်ခုနစ်ရာသုံးဆယ့်သုံး ပိဿာ ရှိပါတယ်။”
ဝူမင်းသား၏ လက်လှုပ်ရှားမှုက ရပ်တန့်သွားကာ ဖွဖွ ရယ်လိုက်သည်။ “ဟားဟား … နှစ်ထောင်ပိဿာတောင် မပြည့်ဘူးပဲ။ ကိုယ်တော် ထင်ထားတာထက် နည်းနေသေးတယ်...”
“ထပါ ကျန်းရှီ။ နောင်တော်ဘက်ကရော ဘယ်လို တုံ့ပြန်လဲ။”
ကျန်းရှီက မတ်တပ်ရပ်ကာ ရိုသေစွာ ပြောလိုက်၏။ “အရှင်မင်းကြီးက အရမ်း ဝမ်းသာသွားပြီး ဖန်ကျန်းရီ မြို့တော်ကို ပြန်ရောက်တာနဲ့ ခရိုင်စား ဘွဲ့အပြင် ရွှေငွေနဲ့ လယ်ယာမြေတွေကို ချက်ချင်း ချီးမြှင့်လိုက်ပါတယ်။ ကြည့်ရတာ... အရှင်မင်းကြီးက သူ့ကို နောက်ပိုင်းမှာ အရေးပါတဲ့နေရာ ပေးဖို့ ပြင်ဆင်နေပုံပဲ။
“ဒါပေမဲ့ မင်းသား... ကျုပ် ကြားရသလောက် ဒီအရာက အရမ်း မြန်မြန် ကြီးထွားပြီး တစ်လ နှစ်လဆိုရင် ရိတ်သိမ်းလို့ ရပြီဆိုပဲ။ ဒါဆိုရင် ကျန်းမြစ်ဝှမ်းက စားနပ်ရိက္ခာ ဘေးဒုက္ခကရော...”
“ဘာလန့်နေတာလဲ။ ဖန်ကျန်းရီက ခင်ဗျားတို့ကို လိမ်နေတာ။ ဘယ်လိုလုပ် အဲဒီလောက် မြန်နိုင်မှာလဲ။ ဒီနှစ်တော့ ဘယ်လိုပဲဖြစ်ဖြစ် စားနပ်ရိက္ခာ ဘေးဒုက္ခက သိပ်ပြီး သက်သာသွားမှာ မဟုတ်ဘူး။ တောင်ပိုင်းက ကျုပ်တို့လူတွေကို အကြောင်းကြားဖို့ လူတွေကို ချက်ချင်း စီစဉ်လိုက်။ လက်ထဲက ရိက္ခာတွေကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားဖို့။”
“ဟုတ်ကဲ့ပါ မင်းသား။ ဒါပေမဲ့ မြို့ဝန်ဖန်ဘက်ကရော...”
ဝူမင်းသား၏ အသံက တင်းမာလာ၏။ “ဖန်ကျန်းရီက ကျုပ် အလေးထားတဲ့ လူပဲ။ မင်းနဲ့ သူ ဘယ်လို ပြဿနာတွေ ရှိနေပါစေ သူ့ကို မထိနဲ့။ မဟုတ်ရင် ကျုပ်ကို အားမနာဘူးလို့ အပြစ်မတင်နဲ့။”
ကျန်းရှီ ထိုစကားကို ကြားချိန်မှာတော့ ချက်ချင်း ချွေးစေးများ စီးကျလာသည်။
“ဒါ... ဒါဆိုရင် ကျုပ်အရင် သွားနှင့်ပါရစေ...”
“အင် … သွားတော့။”
ကျန်းရှီ နဖူးပေါ်ရှိ ချွေးစေးများကို သုတ်ကာ ကတိုက်ကရိုက် ထွက်ခွာသွား၏။
လော့နင်ရှင်းက စကားစလိုက်သည်။ “မင်းသား …. ဖန်ကျန်းရီရဲ့ လက်ထဲမှာ ဘယ်လိုလုပ် ကန်စွန်းဥ ရှိနေရတာလဲ။”
ဝူမင်းသားက ခေါင်းခါလိုက်၏။ “မသိဘူး။ လောကမှာ လေမတိုးနိုင်တဲ့ နံရံဆိုတာ မရှိဘူး။ ဒီအရာကို ငါတောင် ရနိုင်မှတော့ ဖန်ကျန်းရီ ဘာလို့ မရနိုင်ရမှာလဲ။ အင်း .. ဒါတွေ အားလုံးက ကံကြမ္မာပဲ။ ငါ သူ့ကို အရမ်း သဘောကျနေတာ။ သူ ဒီကစားပွဲထဲ ပါလာလိမ့်မယ်လို့ မထင်ထားဘူး။ ဒုက္ခတစ်ခု ဖြစ်လာတာပေါ့။”
လော့နင်ရှင်းက တုံ့ဆိုင်းစွာ မေးလိုက်သည်။ “မင်းသား … ကျွန်မ ကြည့်ရသလောက် ဖန်ကျန်းရီက ကဗျာစွမ်းရည် နည်းနည်း ရှိတာကလွဲရင် ဘာမှ ထူးခြားတဲ့ နေရာ မရှိပါဘူး။ ဘာလို့ မင်းသားက သူ့ကို ဒီလောက်တောင် သဘောကျနေရတာလဲ။”
ဝူမင်းသားက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ကာ စားပွဲဘေးရှိ ရွှေနှင့် ကျောက်စိမ်း စီခြယ်ထားသော ပစ္စည်းတစ်ခုကို ကောက်ကိုင်လိုက်၏။
“ဒီအရာကို... မှန်ပြောင်းလို့လို့ ခေါ်တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ စဉ်းစားပြီး လုပ်ထားတဲ့ ကစားစရာလေးပဲ။ မကြာသေးခင်က ဖန်ကျန်းရီကလည်း နောင်တော့်ဆီကို ဒီလိုမျိုး ပစ္စည်းတစ်ခု ဆက်သ ခဲ့သေးတယ်။ အဲဒါကို ခရီးမိုင်ထောင်ချီ မြင်နိုင်တဲ့ မှန်ပြောင်းလို့ ခေါ်တယ်။”
“ငါ ကြည့်ပြီးပြီ။ ဖန်ကျန်းရီရဲ့ ပစ္စည်းက ငါ့ဟာထက်တောင် ပိုကောင်းနေသေးတယ်...။ ငါ လုပ်ထားတဲ့ တယ်လီစကုပ်က အကောင်းဆုံး သလင်းကျောက်ကို သုံးထားပြီး ရွှေတစ်ထောင်တန်တယ်။ ဖန်ကျန်းရီရဲ့ အဲဒီ ကြမ်းတမ်းတဲ့ အရာက ကြည့်လိုက်တာနဲ့ အထဲက မှန်ဘီလူးတွေ အပါအဝင် အားလုံးက တန်ဖိုးမရှိတဲ့ အရာတွေ ဆိုတာ သိသာတယ်။
တွေးကြည့်ရရင် မင်းရဲ့ အဲဒီ စိန်ဆိုတဲ့ အရာနဲ့ တူညီတဲ့ ပစ္စည်းမျိုး ဖြစ်လိမ့်မယ်။ ငါ သဘောကျတာက သူ့ရဲ့ ဆွေးမြေ့နေတဲ့ အရာတွေကို အံ့ဖွယ် အဖြစ် ပြောင်းလဲနိုင်တဲ့ အရည်အချင်းကိုပဲ။”
လော့နင်ရှင်းက အံ့အားသင့်စွာြဖင့် ရင်ဘတ်ရှိ စိန်ဆွဲကြိုးကို ဖုံးကွယ်လိုက်၏။ “ဒါပေမဲ့... သူက ဒါကို အိမ်ရှေ့စံရဲ့ အဖိုးတန် ရတနာလို့ ပြောခဲ့တာလေ။ ပြီးတော့ ကြည့်ရတာလည်း အရမ်းကို အဖိုးတန်တဲ့ ပုံပဲ။”
“အရူးမ …. မကြာသေးခင်က ဈေးကွက်ထဲမှာ ဒီစိန်လက်ဝတ်ရတနာတွေကို လူတွေ အရမ်း စိတ်ဝင်စားနေကြတယ်။ ငွေတုံး နှစ်ရာတန် လက်စွပ်က သုံးရာအထိ ဈေးတက်သွားတယ်။ ဒါပေမဲ့ ဒီအရာကို ရောင်းချတဲ့ သတင်းတွေက ဈေးကွက်ထဲမှာ ပိုပိုပြီး များလာတယ်။ အနောက်ကနေ သေချာပေါက် ဖန်ကျန်းရီရဲ့ လှည့်ကွက်ပဲ ဖြစ်ရမယ်။
ဒီနှစ်တွေအတွင်း အိမ်တော်ထိန်းက တောက်ယွမ်ခရိုင်ကို ကုန်သွားဝယ်တိုင်း ပါလာတဲ့ ပိုက်ဆံတွေ တစ်ပြားမှ မကျန်အောင် တောက်ယွမ်ခရိုင်မှာ ထားခဲ့ရတယ်။ ဖန်ကျန်းရီ ဆိုတဲ့ လူက သေသွားပြီး ငရဲက အဖြူ၊အမဲ သံတမန်တွေနဲ့ တွေ့ရင်တောင် သူတို့ဆီက ခေါင်းပုံဖြတ်အုံးမယ့်ပုံပဲ။
ဒီလို လူမျိုးက ဧကရာဇ်ဆီကို တန်ဖိုး သောင်းချီတန်တဲ့ ခရီးမိုင်ထောင်ချီ မြင်နိုင်တဲ့ မှန်ပြောင်း ဘယ်လိုလုပ် ဆက်သမှာလဲ။ ဒါကြောင့်... ကိုယ်တော် ဆုံးဖြတ်လိုက်တာက ဒီအရာက သေချာပေါက် လူလုပ်ထားတဲ့ အရာပဲ။ တစ်ပြားမှ မတန်ဘူး။ အိမ်ရှေ့စံရဲ့ အဖိုးတန် ရတနာဆိုတာ ဝေးသေးတယ်။”
လော့နင်ရှင်းသည် ဤစကားကို ကြားချိန်မှာတော့ ချက်ချင်း ကြီးမားသော စိတ်ပျက်မှုထဲသို့ ကျဆင်းသွားသည်။
ဤစိန်ဆွဲကြိုးနှင့် လက်စွပ်က သူမ အကြိုက်ဆုံး လက်ဝတ်ရတနာများပင် ဖြစ်၏။ တောက်ပနေသည်ကို မြင်လိုက်ရတိုင်း စိတ်အနည်းငယ် ကြည်နူးသွားတတ်သည်။ နေ့တိုင်းလည်း ချွတ်ပြီး မရပ်မနား သုတ်သင် ထိန်းသိမ်းရသေး၏။ ထိခိုက်မိမည်ကိုပင် ကြောက်နေရသည်။ တစ်ပြားမှ မတန်ဘူးဟု မထင်ထားခဲ့ချေ။
ဖန်ကျန်းရီ... ရက်စက်လိုက်လေခြင်း။
“နင်ရှင်း … ဖန်ကျန်းရီ မြို့တော်ကို ပြန်ရောက်နေပြီ။ သူ့ကို မင်းဆီ အပ်လိုက်မယ်။ သူ့ကို သေချာ ပေါင်းသင်း ထားရမယ်။ တခြားကိစ္စတွေကို... မင်း ဂရုစိုက်စရာ မလိုဘူး။”
လော့နင်ရှင်းက သံသယဖြင့် မေးလိုက်၏။ “ဒါပေမဲ့ မင်းသား... သူ့ကို ဒီလောက် သဘောကျနေမှတော့ ဘာလို့ တိုက်ရိုက် လာမတွေ့ခိုင်းလိုက်တာလဲ။ တကယ်လို့ ဒီလူက ငွေမက်တယ်ဆို ငွေပေးလိုက်ရင် မရဘူးလား။”
ဝူမင်းသား၏ မူလက အေးစက်နေသော မျက်နှာထားက ရုတ်တရက် တစ်စုံတစ်ရာကို စဉ်းစားနေသကဲ့သို့ ဖြစ်သွားသည်။ “ငွေမက်တယ် ဟုတ်လား... ဒီလူက ငွေမက်တယ်ဆိုပေမဲ့ တကယ် ငွေကို အဲဒီလောက် ကြိုက်ချင်မှ ကြိုက်မှာ... ဒါအပြင် သာမန် ကျေးဇူးလေးတွေကိုလည်း သူက ဂရုစိုက်ချင်မှ စိုက်မှာ...။
ဟိုတုန်းက အိမ်တော်ထိန်းက တောက်ယွမ်ခရိုင်ကို ပြန်ပေးဆွဲခံရရင်း ဖန်ကျန်းရီနဲ့ မတော်တဆ သိကျွမ်းခဲ့ရတယ်။ ဒါပေမဲ့ သိကျွမ်းတဲ့ အချိန် ပိုကြာလာတာနဲ့အမျှ ငါ သူ့အပေါ် ပိုပြီး သိချင်စိတ် ဖြစ်လာတယ်။ သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်လာဖို့တောင် စဉ်းစားမိတယ်။
ပထမ နှစ်နှစ်ကတော့ တွေ့ချင်ခဲ့ပေမဲ့ အခွင့်အရေး မရခဲ့ဘူး... နောက်ပိုင်းတော့ ဒီစိတ်ကူးကို ဖြတ်ပစ်လိုက်တယ်။ ငါတို့ရဲ့ လုပ်ရပ်တွေကို သူက သဘောကျမှာ မဟုတ်ဘူး။ အရေးကြီးတဲ့ ကိစ္စ အောင်မြင်ပြီးသွားမှ ငါ ဖန်ကျန်းရီကို ပြန်ခေါ်ရမယ်။
အခု သူက ငါတို့အပေါ် အများကြီး လွှမ်းမိုးမှု ရှိနေပြီဆိုတော့ လျစ်လျူရှုထားလို့ မရတော့ဘူး... ဒါကြောင့် မင်း သွားတာ ပိုသင့်တော်တယ်။ သွားတော့။”
ဝူမင်းသား ပြောပြီးနောက် လော့နင်ရှင်းက အရိုအသေ ပေးကာ လှည့်ထွက်သွား၏။
……
နှစ်ရက်အကြာ …. ပန်းရှန်းရပ်ကွက် ဖန်အိမ်တော်။
ဖန်ကျန်းရီသည် စားပွဲပေါ် မှောက်ကာ စာရေးနေပြီး လက်ထဲရှိ သတင်းအစုအဝေးကို ကြည့်ရင်း ခေါင်းကိုက်လာ၏။
သန့်ရှင်းရေးအဖွဲ့၏ လစာက အရမ်း များသွားပြီ ဖြစ်သည်။ ပြောပြီးသား စကားက သွန်ချလိုက်သည့် ရေလိုပင် ဖြစ်၏။ လစာ ဖြတ်ချင်လျှင် အနည်းငယ် ခက်ခဲလိမ့်မည်။ တစ်ယောက်ကို တစ်လ ငွေငါးမူးဆိုတော့ တစ်လလုံး တွက်ကြည့်ပါက တော်တော်လေး ရှုံးနေသေးသည်။
ဤအချိန်တွင် ဖန်ကျန်းရီ အလွန် နောင်တရနေ၏။ အစတုန်းက ပါးစပ်အရသာခံပြီး ငွေငါးမူးဟု မပြောသင့်ခဲ့ချေ... ပြည့်တန်ဆာအိမ် သုံးရက်ခရီးစဉ်ဆိုလျှင်ပင် လောက်ငှနေပြီ ဖြစ်၏။ ဤအတိုင်း ဆက်လုပ်သွားပါက ရှုံးလွန်း၍ အတွင်းခံဘောင်းဘီပင် ကျန်မည် မဟုတ်ပေ။
သူ ဖန်ကျန်းရီ ဘယ်တုန်းက ရှုံးသည့် အလုပ်မျိုး လုပ်ဖူးသနည်း။ သူတို့ကို အလုပ်တိုးပေးမှ ရတော့မည်။
စဉ်းစားခန်းဝင်၍ ခေါင်းကုတ်နေစဉ်မှာပဲ ကျန်းပြောင်က ကမန်းကတမ်း ပြေးဝင်လာသည်။ “သခင်လေး … သခင်လေးအတွက် စာလာတယ်။”
ဖန်ကျန်းရီက စာကို လှမ်းယူကာ ဖောက်၍ ကြည့်လိုက်၏။ ကြည့်ပြီးနောက် သူက စာရွက်ကို လွှင့်ပစ်လိုက်၏။ “မီးရှို့ပစ်လိုက်။ တောက်ယွမ်ခရိုင်က ပို့လိုက်တာလို့ ထင်နေတာ။”
ကျန်းပြောင်က သိချင်စိတ်ဖြင့် မေးလိုက်၏။ “သခင်လေး … ဘာတွေ ရေးထားတာလဲ။”
ဖန်ကျန်းရီက လစာလျော့မရ၍ အလုပ်တိုးမည့် စီမံကိန်းကြီးကို စိတ်ထဲမှ တွက်ချက်နေရင်း ပါးစပ်မှလည်း မရပ်မနား ပြောလိုက်သည်။ “ပြည့်တန်ဆာအိမ်က အလှမယ်လေးလေ။ ငါ့ရဲ့ စာပေစွမ်းရည်ကို သဘောကျလို့တဲ့၊ တစ်ခေါက်လောက် လာခဲ့ပါလို့ ဖိတ်ထားတာ။”
“သခင်လေး အဲဒါဆိုလည်း သွားလိုက်ပေါ့။ မိန်းမတွေများ ဘာကြောက်စရာ ရှိလို့လဲ။ ပိုက်ဆံ ကုန်တာမှ မဟုတ်တာ။”
“ဟုတ်သားပဲ။ ပိုက်ဆံမှ မကုန်တာ။”
ဖန်ကျန်းရီ၏ မျက်လုံးများ တောက်ပသွား၏။ “ဒါပေမဲ့ အဲဒီမိန်းမက ဝူမင်းသားရဲ့ လူလေ။ ငါက ဝူမင်းသားရဲ့ ပစ်မှတ်ထားတာ ခံနေရတာ။ ပြောလို့မရတဲ့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေမှာ သေချာတယ်။ ဘာစကားမို့ တိုက်ရိုက် ပြောလို့မရလို့ ခိုးကြောင်ခိုးဝှက် လုပ်နေရတာလဲ။”
ကျန်းပြောင်က ရယ်လိုက်သည်။ “သခင်လေး … သူ သခင်လေးကို သဘောကျနေတာတော့ မဟုတ်ပါဘူးနော်... သတိထားအုံး။ ကျုပ်တော့ တော်တော် ထူးဆန်းနေတယ်လို့ ခံစားရတယ်။”
ဖန်ကျန်းရီ ခေါင်းမော့ပြီး မျက်လုံးပြူးကြည့်လိုက်၏။ “ကောင်းပြီ။ ဒါဆို မင်း ငါ့အစား သွားလိုက်။ စားရသောက်ရတာလည်း ပိုက်ဆံ မကုန်ဘူး။ ငါ့အတွက်လည်း သက်သာသွားတာပေါ့။”
ကျန်းပြောင်က ရှက်ကိုးရှက်ကန်းဖြင့် ရယ်လိုက်သည်။ “ဒါဆိုရင် ကျုပ်တို့ ဝူမင်းသားအိမ်တော်ဆီ သွားပြီး ရှင်းအောင် မေးလိုက်ရင် မကောင်းဘူးလား။ ဘာလို့ ဒီလောက် ဒုက္ခခံနေမှာလဲ။”
“မသွားဘူး။ ပြဿနာကို ဘယ်တော့မှ မရှာဘူး။ ”