← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 8 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 8 Ch. 127-128

အပိုင်း (၁၂၇) အချစ်ရေးကျွမ်းကျင်သူ ထပ်မံ လှုပ်ရှားခြင်း။

“ဒါဆို ကျုပ်တို့ အခံဘက် ရောက်သွားပြီပေါ့။ သခင်လေး ဘယ်တုန်းက ဒီလိုမျိုး အရှုံးခံဖူးလို့လဲ။”

ဖန်ကျန်းရီက ကျန်းပြောင်ကို ဝေခွဲမရစွာ ကြည့်လိုက်၏။ “ဘာလဲ။ မင်းမှာ အကြံအစည် တစ်ခုခု ရှိလို့လား။”

ကျန်းပြောင်၏ မျက်လုံးများ တောက်ပသွားသည်။ “ကျုပ်မှာ အကြံတစ်ခု ရှိတယ်။”

“သခင်လေး သူ့ဆီသွားပြီး အိပ်ရာပေါ်မှာ အနိုင်ယူလိုက်။ အဲဒီအခါကျရင် သူက သခင်လေး စကားကို နားထောင်သွားလိမ့်မယ်။ ဘာအလှမယ်လဲ … သူက ကျုပ်တို့ရဲ့ သူလျှို ဖြစ်သွားမှာပဲ။”

ဖန်ကျန်းရီ တံတွေးမြိုချလိုက်မိ၏။ သူက မိမိ၏ စွမ်းဆောင်ရည်ကို မဆိုးလှဟု သတ်မှတ်ထားသော်လည်း ကျန်းပြောင်ကဲ့သို့တော့ စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

ကျန်းပြောင်၏ ဤနည်းလမ်းက သာမန်လူများ သင်ယူနိုင်သော အရာမျိုး မဟုတ်ချေ။

သို့ပေမည့် ကျန်းပြောင် ပြောသည်မှာလည်း အမှန်ပင် ဖြစ်သည်။ မိန်းမများက ခံစားချက်ကို ဦးစားပေးသော သတ္တဝါများပင်။ သူမကို အပိုင်သိမ်းလိုက်လျှင် လိုချင်သော သတင်းမှန်သမျှ ရလာနိုင်သည်။

သူက ခေတ်သစ်မှ လူငယ်တစ်ယောက်ပင်။ ပြိုင်စံရှားဂိုဏ်းချုပ် ကျွင်း၏ စော်လိုက်နည်း တစ်ထောင်ကိုလည်း ဖတ်ခဲ့ဖူးသည်။ ရှေးခေတ်က မိန်းကလေးကို မကြောင်နိုင်စရာ အကြောင်း မရှိပေ။

ငွေလိုချင်လျှင် ငွေရှိ၏။ ရုပ်လိုချင်လျှင် ရုပ်ရှိသည်။ အာဏာလိုချင်လျှင် အာဏာရှိသည်။ အကုန် ပြည့်စုံနေသည်က သူပင်ဖြစ်၏။

သေချာ စဉ်းစားပြီးနောက် တစ်ခေါက်လောက် သွားသင့်သည်ဟု ဖန်ကျန်းရီ ဆုံးဖြတ်လိုက်သည်။ လော့နင်ရှင်းနှင့် တွေ့ကြည့်လျှင် တစ်ခုခု စုံစမ်း၍ ရနိုင်လောက်သည်။

ထို့ကြောင့် စားပွဲကို အားပါပါ ပုတ်လိုက်၏။ “ကောင်းပြီ။ ဒီည မင်း ငါနဲ့အတူ တစ်ခေါက် လိုက်ခဲ့။”

ကျန်းပြောင်က လက်မထောင်ပြလိုက်သည်။ “ဒါမှ ကျုပ် သခင်လေးကွ။ ကျုပ် သခင်လေးကို နည်းလမ်း နည်းနည်းလောက် သင်ပေးမယ်။”

ဖန်ကျန်းရီက အထင်သေးစွာ ရယ်လိုက်၏။ “မလိုဘူး … ဒါမျိုးက ငါအကျွမ်းဆုံးပဲ။”

ထိုအချိန်တွင် ပိုင်ရီက ရေနွေးအိုး တစ်လုံးကို ကိုင်ကာ ဖန်ကျန်းရီအတွက် လက်ဖက်ရည် လာငဲ့ပေးသည်။

ဖန်ကျန်းရီက ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး ကျန်းပြောင်ကို ပြောလိုက်၏။ “သေချာ ကြည့်ထား။ သခင်လေးက မင်းကို နည်းလမ်း ပြပေးမယ်။”

ပြောပြီးနောက် ပိုင်ရီ၏ လက်ကို ဆွဲယူကာ ခံစားချက် အပြည့်ဖြင့် ပြောလိုက်သည်။ “ငါ့ရဲ့ ရင်ခွင်ထဲမှာ မင်းရဲ့ တစ်ဘဝလုံး နွေးထွေးနေစေရမယ်။”

ပိုင်ရီ။ “...”

……

ညဘက်ရောက်ချိန်မှာတော့ ဖန်ကျန်းရီနှင့် ကျန်းပြောင်တို့ နှစ်ယောက် ပြည့်တန်ဆာအိမ်ရှေ့သို့ ထပ်မံ ရောက်ရှိလာကြ၏။

လီယွမ်ကျောက်က မူလက လိုက်ခဲ့မည်ဟု ပူဆာနေသော်လည်း ကျန်းပြောင်နှင့် အတူတူ သွားမည်ကို ကြားချိန်မှာတော့ အသေအလဲ ငြင်းဆန်ကာ လိုက်မလာတော့ပေ။ ထို့ကြောင့် ဤတစ်ကြိမ်တွင် သူတို့ နှစ်ယောက်သာ လာခဲ့သည်။

အထဲသို့ ဝင်သွားသည်နှင့် အစ်မချွန်းက ကျန်းပြောင်၏ အပေါ်သို့ တိုက်ရိုက် ခုန်အုပ်လာကာ အနမ်းတစ်ပွင့် ပေးလိုက်၏။

ကျန်းပြောင်က သူမကို ရွံရှာစွာဖြင့် ဘေးသို့ ပစ်ချလိုက်ပြီး ဖန်ကျန်းရီကို ပြောလိုက်၏။ “သခင်လေး အပေါ်ကို တက်သွားလိုက်ပါ။ ကျုပ် ဒီမှာပဲ စောင့်နေမယ်။”

ဖန်ကျန်းရီ ခေါင်းညိတ်ပြီး အပေါ်ထပ်သို့ တိုက်ရိုက် တက်သွားသည်။

ရင်းနှီးနေသော အခန်းဆီသို့ ထပ်မံ ရောက်ရှိလာပြန်၏။ လော့နင်ရှင်းကလည်း ရင်းနှီးနေသော အနေအထား အတိုင်း ပိတ်ပါးစလေး ခြားကာ ထိုင်နေ၏။

ဖန်ကျန်းရီက ချက်ချင်းပဲ စိတ်မရှည်သလို ခံစားလိုက်ရသည်။ စကားဝှက်ပြောတတ်သော သူလျှိုများက ပုံမှန် မဟုတ်ကြပေ။ ယခု သူ စုတ်ပြတ်နေသော အဝတ်စကြီး ခြားပြီး စကား ပြောနေရသည်။

လော့နင်ရှင်း စကားမပြောရသေးခင်မှာပဲ ဖန်ကျန်းရီက စားပွဲရှေ့၌ တိုက်ရိုက် ဝင်ထိုင်ကာ လက်ဖက်ရည် တစ်ခွက် ငဲ့သောက်သည့်အပြင် မုန့်နှစ်တုံးကိုပါ စားလိုက်၏။

လော့နင်ရှင်း စကားစပြောရန် ပြင်လိုက်သော်လည်း ဖန်ကျန်းရီ၏ လုပ်ရပ်ကြောင့် စကားများ လည်ချောင်းထဲ ပြန်ဝင်သွားရသည်။ သူတို့နှစ်ယောက် တွေ့ဆုံခဲ့သည်မှာ သုံးကြိမ် ရှိပြီ ဖြစ်၏။ သို့ပေမည့် မုန့်များက သူမထက် ပိုပြီး ဆွဲဆောင်မှု ရှိနေသည့် ပုံပင်။

“မြို့ဝန်ဖန် … ရောက်လာပြီပဲ။”

“အင်း …. ရောက်ပြီ။”

“......”

လော့နင်ရှင်း နှုတ်ခမ်းကို တင်းတင်း ကိုက်ထားလိုက်ပြီး ဘာပြောရမှန်းပင် မသိဖြစ်သွား၏။ အရင် စကားစပျိုးပေးမှ သူမ က အလိုက်သင့် ပြောပေးရမည် မဟုတ်ပါလား။ အဘယ်ကြောင့် စကား ဆက်မပြောတော့သနည်း။

ရုတ်တရက် ဤတာဝန်က အနည်းငယ် ခက်ခဲနေသည်ဟု ခံစားလိုက်ရသည်။

ဖန်ကျန်းရီလည်း အနည်းငယ် စိတ်လှုပ်ရှားနေ၏။ ညုတုတု စကားများကို မှတ်မိနေသော်လည်း မည်သို့ စပြောရမည်နည်း။ ဂိုဏ်းချုပ်ကျွင်း၏ စာသားများကို သူ ပြန်မေ့သွားသလိုပင်။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လော့နင်ရှင်းက စကားစလိုက်သည်။ “မြို့ဝန်ဖန် … မလာတာ ကြာပြီနော်။ နင်ရှင်း သတိရနေတာ။”

ဖန်ကျန်းရီက မုန့် နောက်တစ်တုံးကို ထပ်စားလိုက်ပြီး ရင်ထဲတွင် ညုတုတု စကားများကိုသာ မရပ်မနား ပြောဆို လေ့ကျင့်နေသောကြောင့် လော့နင်ရှင်း ဘာပြောလိုက်သည်ကို လုံးဝ သတိမထားမိချေ။

“…….”

လော့နင်ရှင်း မျက်မှောင်ကြုတ်သွား၏။ ယခင်တစ်ခေါက်က သူမ သတိမထားမိခဲ့ပေ။ မင်းသားဝူ သဘောကျသော အမျိုးသားဆိုသည့်အတိုင်း သာမန် သခင်လေးများနှင့် လုံးဝ ကွာခြားနေသည်။

“မြို့ဝန်ဖန်... မြို့ဝန်ဖန်။ ဗိုက်ဆာနေလို့လား။ ဒါမှမဟုတ် နင်ရှင်းက အစေခံတွေကို ထမင်းဟင်း နည်းနည်းလောက် သွားလုပ်ခိုင်းလိုက်ရမလား။”

“ဟင် … ဟမ် …. မလိုပါဘူး။ လော့သခင်မလေး ပြောစရာရှိတာ ပြောပါ။”

လော့နင်ရှင်း အသက်ရှူပင် ရပ်တန့်သွား၏။ “မြို့ဝန်ဖန်က တကယ် နောက်တတ်တာပဲ။ စာကို မြို့ဝန်ဖန် ဖတ်ပြီးလောက်ပြီ ထင်ပါတယ်။ နင်ရှင်းက မြို့ဝန်ဖန် ပေးခဲ့တဲ့ စိန်လက်ဝတ်ရတနာအတွက် အမြဲ ကျေးဇူးတင် နေခဲ့တာပါ။ ပြီးတော့ မြို့ဝန်ဖန်ရဲ့ ကဗျာစွမ်းရည်ကိုလည်း အရမ်း သဘောကျမိလို့... ဒါကြောင့် နင်ရှင်းအတွက် ကဗျာတစ်ပုဒ်လောက် ရေးစပ်ပေးလို့ ရမလားဟင် ….

ပြီးတော့ အခုချိန်ထိ မြို့ဝန်ဖန်က နင်ရှင်းရဲ့ ကုချင်းတီးသံကို မကြားဖူးသေးဘူးမလား။ နင်ရှင်းက မြို့ဝန်ဖန် အတွက် သီးသန့် တီးခတ်ပေးပါ့မယ်။”

ပြောပြီးနောက် သူမက ကုတင်ပေါ်မှ ထလာရာ ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ် ကောက်ကြောင်းလေးက အထင်းသား ပေါ်လွင်နေ၏။ ထို့နောက် ဖိနပ်ကို စွပ်ကာ ကုချင်းရှိရာဆီသို့ လျှောက်သွားသည်။

ဖန်ကျန်းရီ တားဆီးရန် ပြင်လိုက်သော်လည်း နောက်ကျသွားခဲ့သည်။ လော့နင်ရှင်းက သူမဘာသာ စတင် တီးခတ်နေပြီ ဖြစ်၏။

လော့နင်ရှင်း၏ ကုချင်းသံက ရေစီးကြောင်းတစ်ခုလို စီးဆင်းလာသည်။

ဖန်ကျန်းရီ၏ မျက်နှာက ညိုမည်းသွား၏။

ဤအရာကို နားထောင်ရခြင်းက ဘေးနားတွင် အဖော်ရှိလျှင် တော်သေးသည်။ ကိုယ့်ဘာသာ တစ်ယောက်တည်း သီးသန့် နားထောင်ရခြင်းက သူ့အတွက်တော့ နှိပ်စက်ခံနေရသလိုပင်။ သာမန်လူများ၏ နားထဲတွင် ဆွဲဆောင်မှု ရှိသော ဂီတသံ ဖြစ်ပေမဲ့ ဖန်ကျန်းရီ၏ နားထဲမှာတော့ လွှဆွဲနေသည့် အသံနှင့် ဘာမှ မကွာခြားပေ။

ခဏမျှ နားထောင်ပြီးနောက် ဖန်ကျန်းရီ မည်သို့မှ မနေနိုင်တော့ဘဲ နားရွက်ကိုဆွဲကာ ပါးကို ကုတ်လာမိသည်။

လော့နင်ရှင်းသည် ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ မျက်မှောင်ကြုတ်သွားသည်။ လက်ထဲရှိ ကုချင်းကို ပို၍ ခပ်မြန်မြန် တီးခတ်လိုက်၏။ ဖန်ကျန်းရီ ပို၍ နေရခက်လာ၏။

နောက်ဆုံး အမွှေးတိုင် တစ်တိုင်စာ အချိန် ကုန်လွန်သွားပြီးမှသာ လော့နင်ရှင်း၏ ကုချင်းသံက ရပ်တန့်သွားသည်။

ဖန်ကျန်းရီ သက်ပြင်းရှည်ကြီး ချလိုက်၏။ “ကောင်းလိုက်တဲ့ ကုချင်းသံ။ ကောင်းလိုက်တာ။”

လော့နင်ရှင်းလည်း သက်ပြင်းချကာ ပြုံးလိုက်ရာ ထိုအပြုံးက တောက်ပနေ၏။

တကယ် နားထဲဝင်သွားပုံပင်။ နားထောင်ရတာ အဆင်မပြေဘူးဟု သူမ ထင်မှတ်ခဲ့မိသည်။

လော့နင်ရှင်း ထလာကာ ဖန်ကျန်းရီအနားသို့ လျှောက်သွားပြီး ဖန်ကျန်းရီ၏ လက်ကို ဆွဲ၍ ကုတင်ဘေးသို့ ခေါ်သွား၏။

“မြို့ဝန်ဖန် …. ထိုင်ပါ။ ကုလားထိုင်က အရမ်း မာတယ်။ ဒီမှာ ထိုင်တာက ပိုပြီး သက်သောင့်သက်သာ ရှိလိမ့်မယ်။”

ဖန်ကျန်းရီက အလိုက်တသိ ကုတင်ပေါ်၌ ထိုင်လိုက်သည်။

လော့နင်ရှင်းက အနားသို့ တိုးကပ်လာပြီး ခံစားချက်များ ပြည့်နှက်နေသော မျက်လုံးလှလှလေးများဖြင့် ဖန်ကျန်းရီကို စိုက်ကြည့်လာ၏။

သင်းပျံ့သော မွှေးရနံ့လေးက ဖန်ကျန်းရီ၏ နှာခေါင်းဝတွင် လွင့်ပျံနေသည်။

“မြို့ဝန်ဖန် … အခု နင်ရှင်းအတွက် ကဗျာတစ်ပုဒ်လောက် ရေးပေးလို့ ရပြီလားဟင်။”

ဖန်ကျန်းရီက စိတ်ထဲတွင် ကြိတ်ကာ တွေးလိုက်သည်။ ဟမ့် .. ငါ့ကိုများ မြူဆွယ်ဖို့ လုပ်ရဲတယ်လား။

“လော့သခင်မလေးက အကြိမ်ကြိမ် တောင်းဆိုနေမှတော့ ကျုပ်လည်း မငြင်းတော့ပါဘူး။ အမှန်အတိုင်း ပြောရရင် ကျုပ်က လော့သခင်မလေးကို သဘောကျနေတာ ကြာပါပြီ... ဒါပေမဲ့ ချစ်တယ်ဆိုတဲ့ စကားကို ဖွင့်ပြောဖို့ ခက်ခဲနေလို့ပါ။”

“…...”

လော့နင်ရှင်းသည် ရုတ်တရက် ချစ်ခွင့်ပန်ခံလိုက်ရသောကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ အလိုအလျောက် အနောက်သို့ ဆုတ်ပြီး ဖန်ကျန်းရီနှင့် ဝေးရာသို့ သွားချင်၏။

သို့ပေမည့် ဖန်ကျန်းရီက သူမ၏လက်ကို ပြန်ဆွဲလိုက်ပြီး သေးသွယ်သော ခါးလေးကို ဖက်ထားလိုက်သည်။ လော့နင်ရှင်းကို စိုက်ကြည့်ကာ ခံစားချက် အပြည့်ဖြင့် ပြောလိုက်သည်။ “အရှေ့လေ ညဘက်တိုက်တော့ ပန်းတွေ ထောင်ချီ ပွင့်လာတယ်...”

လော့နင်ရှင်း ပါးစပ်လေး ဟသွားသည်။ မူလတည်းက ဖန်ကျန်းရီ စိုက်ကြည့်နေမှုကြောင့် ရင်ခုန်နေခဲ့ရာ ဤကဗျာစာကြောင်း ထွက်လာချိန်မှာတော့ ရင်ထဲတွင် မည်သို့မှ မနေနိုင်ဘဲ တုန်လှုပ်သွား၏။

အရှေ့လေ ညဘက်တိုက်တော့ ပန်းတွေ ထောင်ချီ ပွင့်လာတယ်တဲ့... သာမန် မဟုတ်ဘူးပဲ... ကဗျာ စာသားက လှလိုက်တာ။

“ကျုပ် မင်းအိမ်မှာ လိုက်နေချင်တယ်။”

“…...”

ဒုတိယ စာကြောင်းလည်း ရောက်ရော လော့နင်ရှင်း၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားသည်။

အရှေ့လေ ညဘက်တိုက်တော့ ပန်းတွေ ထောင်ချီ ပွင့်လာတယ်။ ကျုပ်က မင်းအိမ်မှာ လိုက်နေချင်တယ် ဟုတ်လား။ ဘာကြီးလဲ။

ဖန်ကျန်းရီက လော့နင်ရှင်း၏ မျက်နှာထားကို လုံးဝ ဂရုမစိုက်ဘဲ စွဲမက်ဖွယ်ရာကောင်းသော ညုတုတု စကားများကို ဆက်ပြောနေ၏။

“ကျုပ် လမ်းတစ်ခုလောက် မေးချင်တယ်။ မင်းရဲ့ နှလုံးသားထဲကို သွားတဲ့လမ်း။”

“.......”

“မင်းရဲ့ အပြုံးတွေထဲမှာ အရက် မပါပေမဲ့ ကျုပ်ကတော့ ခွေးတစ်ကောင်လို မူးယစ်နေမိပြီ။”

“မင်းနဲ့ မျောက်တစ်ကောင် ဘာကွာခြားလဲ မင်းသိလား။ မျောက်က ဂူထဲမှာ နေပေမဲ့ မင်းက ကျုပ် နှလုံးသားထဲမှာ နေတာ။”

“လေထဲမှာ အနံ့တစ်ခုခု ရလား။ အဲဒါ ကျုပ်နှလုံးသားက မင်းအတွက် လောင်ကျွမ်းနေတာလေ။”

အနာဂတ်မှ လာသော ညုတုတု စကားများ၏ ရိုက်ခတ်မှုကြောင့် လော့နင်ရှင်း၏ ရင်ထဲတွင် ဗြောင်းဆန်သွားသည်။ ရုတ်တရက် အီဆိမ့်သွားပြီး တစ်ကိုယ်လုံး တစ်စုံတစ်ခုထဲ၌ စိမ်ခံထားရသလို ခံစားလိုက်ရ၏။ မျက်လုံးများထဲတွင် ကြောက်လန့်မှုများ ထွက်ပေါ်လာသည်။

တော်ပါတော့...။

ဖန်ကျန်းရီက မျက်လုံးမှိတ်ထားကာ သူ၏ ချစ်စကားစုဆောင်းမှုများကို မရပ်မနား ပြန်လည် စဉ်းစားနေဆဲ ဖြစ်၏။

“ကျုပ်လက်ပေါ်မှာ ဓားရှရာ တစ်ကြောင်း ရှိတယ်။ မင်းလည်း တစ်ကြောင်းလောက် ခြစ်လိုက်ပါလား။ ဒါဆို ငါတို့ နှစ်ယောက်က လင်မယား နှစ်ယောက် ဖြစ်သွားပြီပေါ့။”

“မြို့ဝန်ဖန်... မ... မပြောပါနဲ့တော့ရှင်...”

အပိုင်း (၁၂၈) တစ်ချက်တည်းဖြင့် ဖက်ထားခြင်း။

မပြောနဲ့ ဟုတ်လား။ ငါ့ရဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေကို မခံနိုင်လို့ ရင်ထဲမှာ သမင်လေးတွေ ပြေးလွှားနေပြီလား။

အရင်ဘဝက အင်တာနက်ပေါ်မှာ သင်လာခဲ့တဲ့ စွမ်းရည်တွေကို မသုံးရသေးခင် ကူးပြောင်းလာခဲ့တာ။ ဒီတစ်လှည့်တော့... ငါ သေချာသုံးရမယ်။ အခွင့်အရေး ဆိုတာ လက်မလွှတ်သင့်ဘူး။

ဖန်ကျန်းရီက စိုင်းအောင်တင့်ကဲ့သို့ ပြုံးလိုက်ပြီး လော့နင်ရှင်းကို ဖက်ထားသော လက်ကို အားအနည်းငယ် ပိုထည့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ လှုပ်ရှားမှု အသေးစားလေးများပါ လုပ်လိုက်သေးသည်။

“မင်း စကားဆက်မပြောဘဲ နေလို့ ရမလား။”

“ရှင် …။”

လော့နင်ရှင်း၏ မျက်လုံးများထဲတွင် အထိတ်တလန့် အရိပ်အယောင်များ ပြည့်နှက်နေ၏။ ရှင် အဲဒီလို ရှက်စရာကောင်းတဲ့ စကားတွေ ပြောရင်လည်း ပြောပေါ့။ ဘာလို့ ကျွန်မအသားကို လာညှစ်နေရတာလဲ။

“ကျွန်မ... ကျွန်မ ဘာမှ မပြောပါဘူး...”

“ဒါဆို ဘာလို့ ကျုပ်ခေါင်းထဲမှာ မင်းရဲ့ အသံတွေချည်းပဲ ပြည့်နေရတာလဲ။”

“…...”

“မြို့ဝန်ဖန် …. တော်ပါတော့ရှင်။”

လော့နင်ရှင်း နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ဖန်ကျန်းရီကို အားကုန် တွန်းထုတ်လိုက်သည်။ ထပ်နားထောင်နေရလျှင် ခေါင်းပါ ပေါက်ကွဲသွားလိမ့်မည်။

ဖန်ကျန်းရီ ကြောင်အမ်းအမ်း ဖြစ်သွား၏။ ဘာသဘောလဲ။ အစတုန်းက တုံ့ပြန်မှု တော်တော် ကောင်းနေတာပဲကို ဘာလို့ ရုတ်တရက် တွန်းထုတ်လိုက်တာလဲ။

လော့နင်ရှင်းက လက်နှစ်ဖက်ဖြင့် မျက်နှာကို ဖုံးကွယ်ထားကြောင်း မြင်ချိန်မှာတော့ ဖန်ကျန်းရီ ချက်ချင်း သဘောပေါက်သွားသည်။

ဟားဟား ….။ ဖမ်းစေချင်လို့ လွှတ်ထားပေးတဲ့ လှည့်ကွက်ပေါ့လေ။

ထို့နောက် အရှေ့သို့ တိုးကာ လော့နင်ရှင်း၏ သေးသွယ်သော ခါးလေးကို ထပ်မံ ဖက်လိုက်ပြန်၏။

“မင်းက ဘာနှစ်ဖွားလဲ။”

လော့နင်ရှင်း ငိုလုမတတ် ဖြစ်နေသည်။ ပြည့်တန်ဆာအိမ်မှာ နေလာတာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ပေမဲ့ ဤသို့သော နှိပ်စက်မှုမျိုး တစ်ခါမှ မခံခဲ့ရပေ။ သူမက ရှိုက်ကြီးတငင် ပြောလိုက်သည်။ “ယုန်နှစ်ဖွားပါ... ဘာဖြစ်လို့လဲရှင်။”

“မဟုတ်ဘူး။ မင်းက ကျုပ်ရင်ထဲမှာ ဖွားတာ။”

“အို။”

နောက်ဆုံးတော့... တကယ်ပဲ သည်းမခံနိုင်တော့ချေ။ လော့နင်ရှင်းက သူမ၏ ခေါင်းကို ဖန်ကျန်းရီ၏ ရင်ခွင်ထဲသို့ ဝှက်ထားလိုက်ပြီး သူမ၏ လက်များဖြင့် နားကို ပိတ်ထားမိသည်။

ဖန်ကျန်းရီက သူမ၏ ခေါင်းကို ပွတ်သပ်ရင်း ကျေနပ်စွာ ပြုံးလိုက်၏။

ဟမ့် … ပထမဆုံး တိုက်ပွဲမှာတင် အလဲထိုးနဲ့ နိုင်လိုက်ပြီကိုး။ ဂိုဏ်းချုပ်ကျွင်းက မိန်းမတစ်ယောက်ပဲ ရပေမဲ့ သူ့ စာအုပ်က အစွမ်းထက်တာပဲ။ ဒီစကားလုံးတွေနဲ့ မင်းသမီးကို ဖွန်ကြောင်သင့်တာ။ ဒါပေမဲ့ ဒီမိန်းကလေးနဲ့ အရင် လေ့ကျင့်ထားတာလည်း မဆိုးပါဘူး။

အချိန်အတန်ကြာပြီး စကားပြောသံများကို မကြားရတော့မှသာ လော့နင်ရှင်းက ခေါင်းကို ဖြည်းဖြည်းချင်း မော့လာကာ ဖန်ကျန်းရီကို သတိထား ကြည့်လိုက်သည်။

ဖန်ကျန်းရီက အပြုံးလေးဖြင့် ပြောလိုက်၏။ “လော့သခင်မလေး … ကျုပ်ရဲ့ စေတနာကို နားလည်ပြီလား။”

“နား... နားလည်ပါပြီ...”

“မျက်လုံးတွေက ဘာလို့ နီနေတာလဲ။”

လော့နင်ရှင်း၏ မျက်ခမ်းထောင့်များ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

“ကျွန်မ … အရမ်း ဝမ်းသာလွန်းလို့ ငိုမိသွားတာပါ... နင်ရှင်းလို ပြည့်တန်ဆာမ တစ်ယောက်က မြို့ဝန်ဖန်ရဲ့ သဘောကျမှုကို ရလိမ့်မယ်လို့ မထင်ထားခဲ့လို့ပါ...”

“ဟာ …. မင်း ဘာလို့ ကိုယ့်ကိုယ်ကိုယ် အထင်သေးနေရတာလဲ။ ကျုပ် လုံးဝ လက်မခံဘူး။ ပြည့်တန်ဆာမ ဖြစ်တော့ရော ဘာဖြစ်လဲ။ အားလုံးက ဘဝရဲ့ ဖိအားတွေကြောင့်ပဲလေ... ကျုပ်ကတော့ အားလုံးကို တန်းတူပဲ သဘောထားတယ်။”

ပြောပြီးနောက် ဂရုစိုက်မှုကို ပြသရန် လော့နင်ရှင်း၏ ခေါင်းအား အသာပွတ်သပ်လိုက်သေး၏။

လော့နင်ရှင်းက ကြက်သိုက်လိုဖြစ်နေသော ဆံပင်ဖြင့် ရှက်ကိုးရှက်ကန်း ရယ်လိုက်သည်။ “ဟင်းဟင်း … မြို့... မြို့ဝန်ဖန်။ နင်ရှင်း ဒီနေ့ နည်းနည်း ပင်ပန်းနေလို့ပါ... သေချာ ပြုစု မပေးနိုင်တော့လို့ မြို့ဝန်ဖန်လည်း စောစော ပြန်အနားယူလိုက်ပါရှင်။”

သူမက ပြောရင်း မြန်မြန်ပြန်ပါစေဟု စုတောင်းနေ၏။

ဖန်ကျန်းရီက မျက်လုံးမှေးကာ စဉ်းစားလိုက်သည်။ ခံစားချက်တွေ အတက်အကျ ကြမ်းလွန်းလျှင် တကယ့်ကို ပင်ပန်းလွန်းသည်။ တစ်ရက်တည်းနှင့် သေချာပေါက် ကိစ္စပြီးမှာ မဟုတ်ပေ။ ယနေ့ ဤမျှနှင့် ရပ်လိုက်တာ အကောင်းဆုံးပင်။

ထို့ကြောင့် ထရပ်ကာ ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုလည်း ကျန်းမာရေးကို ဂရုစိုက်ပါ။ စောစော အနားယူလိုက်အုံး။ ကျုပ် အရင် သွားတော့မယ်။ မနက်ဖြန်မှ ထပ်လာခဲ့မယ်။”

ပြောပြီးနောက် လှည့်ကာ အခန်းထဲမှ ထွက်သွား၏။

ဘာသဘောလဲ။ ဒီလောက် လွယ်လွယ်ကူကူ ထွက်သွားတာလား။

လော့နင်ရှင်းက ထွက်ခွာသွားသော ဖန်ကျန်းရီ၏ကျောပြင်ကို ကြည့်ရင်း အချိန်အတော်ကြာသည်အထိ အသိ မဝင်လာတော့ချေ။

ဖန်ကျန်းရီက အောင်ပွဲခံလာသော မျက်နှာဖြင့် အောက်ထပ်သို့ ဆင်းလာချိန်မှာတော့ ကျန်းပြောင်ကို မြင်လိုက်ရသည်။ ထို့ကြောင့် ချက်ချင်းပဲ မျက်နှာတစ်ခုလုံး မှုန်ကုပ်သွား၏။

ကျန်းပြောင်၏ ဘေးတွင် မိန်းကလေး ခြောက်ယောက် ခုနစ်ယောက်ခန့် လဲလျောင်းနေကာ သောက်ထားသော အရက်များကြောင့် အကုန်လုံး ယိုင်နဲ့နဲ့ ဖြစ်နေကြသည်။ အစ်မချွန်းကလည်း ကျန်းပြောင်၏ ရင်ခွင်ထဲ၌ မှီ၍ သစ်သီးများကို မရပ်မနား ခွံ့ကျွေးနေသည်။

ကျန်းပြောင်ကမူ ဂရုမစိုက်သော မျက်နှာထားဖြင့် ရှိနေ၏။

ဘေးပတ်ဝန်းကျင်ရှိ ဧည့်သည်များကလည်း မနာလိုသော မျက်နှာများဖြင့် ကြည့်နေကြသည်။

“ကျန်းပြောင် …. အိမ်ပြန်မယ်။”

ဒီခွေးကောင်က ငါ့ထက်တောင် ပိုပြီး ဇိမ်ကျနေသေးတယ်။ သူက ငါ့နောက် အဖော်လိုက်လာတာလား။ ငါက သူ့နောက် အဖော်လိုက်လာတာလား။

ကျန်းပြောင်သည် ဖန်ကျန်းရီ၏ အော်သံကို ကြားချိန်မှာတော့ ချက်ချင်း ထရပ်လိုက်ကာ အပေါ်၌ မှီနေသော အစ်မချွန်းကို တွန်းဖယ်ပြီး ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာခဲ့၏။

“သခင်လေး …. ဘယ်လိုလဲ။ အဆင်ပြေသွားပြီလား။”

“ဟားဟား …. အဲဒါ မေးနေစရာ လိုသေးလို့လား။ လွယ်လွယ်လေးနဲ့ အပိုင်ရသွားပြီပေါ့။”

ကျန်းပြောင်က လက်မထောင်ပြကာ သွားဖြီးပြလိုက်သည်။ “ဒါမှ ကျုပ် သခင်လေးကွ။”

ဖန်ကျန်းရီက ရှုပ်ပွနေသော ကြမ်းပြင်ကို ကြည့်ပြီး အထင်သေးစွာ နှာခေါင်းရှုံ့လိုက်၏။ “နောက်တစ်ခါ ငါနဲ့ လိုက်မလာနဲ့တော့။ ပိုက်ဆံ ရှင်းမယ်။”

အစ်မချွန်းက ပြုံးရွှင်သော မျက်နှာဖြင့် အနားသို့ တိုးလာကာ တိုးတိုးလေး ပြောလိုက်သည်။ “မြို့ဝန်ဖန် … ခဏခဏ လာခဲ့နော်... အကယ်လို့ ကျန်းပြောင်ကြီးကိုပါ ခေါ်လာမယ်ဆိုရင် အခမဲ့ ထားပေးပါ့မယ်...”

အခမဲ့လား။

“မနက်ဖြန် ထပ်လာမယ်။”

အိမ်တော်သို့ ပြန်ရောက်ပြီးနောက် ဖန်ကျန်းရီ ထပ်မံ တွက်ချက် စဉ်းစားနေပြန်၏။

ဝူမင်းသားနှင့် ပတ်သက်သော အချက်အလက်များ အားလုံးကို ပြန်လည် စဉ်းစားကြည့်သော်လည်း အနှစ်ချုပ်ကြည့်ပါက ကြီးမားသော သဲလွန်စ မရှိပေ။ တစ်ခုတည်းသော သေချာသည်က ဝူမင်းသားတွင် မကောင်းသော ရည်ရွယ်ချက် မရှိခြင်းပင်။ ထို့အပြင် သူ့ကို ဆွဲဆောင်ရန် မိန်းမ လွှတ်လိုက်ပုံရ၏။

ဒါဆိုရင် ပြဿနာက သိပ်မကြီးပါဘူး။ ငါတို့ နှစ်ယောက်ကြားမှာ အကျိုးစီးပွား ပဋိပက္ခ မရှိဘူး။ လော့နင်ရှင်း ကိုလည်း အလျင်လိုစရာ မရှိတော့ဘူး။ မနက်ဖြန်ကျရင် အောင်ပွဲခံရင်း ဆက်တိုက်ခိုက်ရမယ်။ တစ်နေ့နေ့ သူ့ပါးစပ်ကနေ မပြောအပ်တဲ့ စကားတွေ ထွက်လာအောင် ကြိုးစားရမယ်။

……

နောက်တစ်နေ့ မွန်းတည့်ချိန်မှာတော့ ဖန်ကျန်းရီသည် ပန်းရှန်းရပ်ကွက်၏ စီမံကိန်းများအတွက် မရပ်မနား စဉ်းစား တွက်ချက်နေဆဲ ဖြစ်၏။

လက်ရှိ အခြေအနေအရ အခြေခံအုတ်မြစ်များကို ချထားပြီးပြီ ဖြစ်သည်။

ရပ်ကွက်အတွင်းရှိ သန့်ရှင်းရေး အခြေအနေက အကြီးအကျယ် တိုးတက်လာခဲ့ပြီး ဤအလေ့အကျင့်က ဘေးနားရှိ ရပ်ကွက်အချို့ကိုပင် တွန်းအားပေးနိုင်ခဲ့၏။

ရပ်ကွက်အတွင်း လုံခြုံရေးကို ထိန်းသိမ်းရန် ကင်းလှည့်အဖွဲ့ကို သီးသန့် ဖွဲ့စည်းထားပြီး ပြည်သူများကို အနှောင့်အယှက် မပေးရန်နှင့် ကုန်သည်များထံမှ အခမဲ့ စားသောက် တောင်းရမ်းခြင်းများ မပြုလုပ်ရန် တင်းကျပ် ထားသည်။

ထို့အပြင် ဤအချက်က သူ ကိုယ်တိုင် အမြဲ ကြီးကြပ်နေသော အဓိက အချက် ဖြစ်သောကြောင့် တိုးတက်မှုကလည်း အလွန် သိသာထင်ရှား၏။

ဤနည်းလမ်း နှစ်ခု ပေါင်းစပ်လိုက်ပြီးနောက် ပန်းရှန်းရပ်ကွက်၏ ရာဇဝတ်မှုနှုန်းက ထက်ဝက်ကျော် ကျဆင်းသွားခဲ့သည်။

ခါးပိုက်နှိုက်များနှင့် သူခိုးသေးသေးမွှားမွှားများကို အကြီးအကျယ် စတင် ရှင်းလင်းဖမ်းဆီးကာ ဖမ်းမိသည်နှင့် လမ်းပေါ်တွင် သန့်ရှင်းရေး အခမဲ့ လုပ်ခိုင်း၏။

သန့်ရှင်းရေးအဖွဲ့ထဲ ဝင်သွားပြီး ငွေရလာချိန်မှာတော့ ထိုသူတို့သည် ပြန်မထွက်ချင်ကြတော့ပေ။

အကျင့်ပါနေသော ရာဇဝတ်ကောင် မဟုတ်သူ အများစုအတွက်တော့ အသုံးဝင်ဆဲ ဖြစ်သည်။ သို့သော်လည်း သန့်ရှင်းရေးအဖွဲ့၏ အသုံးစရိတ်က ဖန်ကျန်းရီ မှန်းဆမှုထက် ကျော်လွန်နေပြီ ဖြစ်သည်။ တစ်လလုံး တွက်ကြည့်လျှင် ငွေတုံး ရာချီ ရှုံးနေသည်။

အစောပိုင်း ကာလမှာ ငွေနည်းနည်း ရင်းနှီးမြှုပ်နှံတာက သင့်တော်ပေမဲ့ အရှုံးအမြတ် မျှအောင် မလုပ်နိုင်လျှင် ဒုက္ခရောက်ပေလိမ့်မည်။

သူ စဉ်းစားနေစဉ်မှာပဲ လီယွမ်ကျောက်က ကမန်းကတမ်း ပြေးလာ၏။

ဖန်ကျန်းရီကို မြင်သည်နှင့် သူက အသံကျယ်ကြီးဖြင့် မေးလိုက်သည်။ “ဖန်ကြီး .. ခင်ဗျား ကျုပ်ကို ရှာနေတာလား။ ကိစ္စရှိလို့လား။”

ဖန်ကျန်းရီ ခေါင်းကိုက်သွား၏။ အိမ်ရှေ့စံသည် သန့်ရှင်းရေးအဖွဲ့ နှင့် အမြဲရောနှောနေသောကြောင့် မူလထက် အသံပင် ပိုကျယ်လာ၏။

“အိမ်ရှေ့စံ မကြာသေးခင်က ဘာတွေ အလုပ်များနေတာလဲ။”

လီယွမ်ကျောက်က နှုတ်ခမ်းကို သပ်လိုက်သည်။ “ခုနက ညီအစ်ကိုတွေနဲ့ အရက်သောက်နေတာ။ ညဘက်ကျရင် ပြည့်တန်ဆာအိမ် သွားဖို့ တိုင်ပင်နေကြတာ... ဒါပေမဲ့ ကျုပ် မသွားချင်ဘူး။”

ဖန်ကျန်းရီ ဤစကားကို ကြားချိန်မှာတော့ စိတ်ပျက်သွား၏

ငါ... အိမ်ရှေ့စံကို လမ်းမှား ရောက်အောင် ဆွဲခေါ်သွားသလို ဖြစ်နေပြီ။ လအနည်းငယ် ကြာလာတော့ အနူတောက လူချောလို အကွက်မျိုး ဖြစ်လာပြီ ... ဒီအတိုင်း ဆက်သွားရင် ပြဿနာ တက်လိမ့်မယ်။

ထို့ကြောင့် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ “အိမ်ရှေ့စံ ခုတလော စာဖတ်ရဲ့လား။”

“စာဖတ်တယ် ဟုတ်လား။ ဖတ်စရာလား။ ကျုပ် နန်းတော်ထဲကတောင် ထွက်လာပြီဟာကို စာဖတ် နေရအုံးမှာလား။ ဟားဟား …။”

မိုက်မဲသော ဘုရင်လောင်းတစ်ပါး၏ အသွင်အပြင်မျိုး ပေါ်လာသည်။

ဖန်ကျန်းရီ သက်ပြင်းချလိုက်၏။ “အိမ်ရှေ့စံ နည်းနည်းတော့ ဖတ်သင့်တယ်။ ချန်ရှီရုံးတော်က ပညာရှင် တွေတောင် အမြင်မကြည် ဖြစ်နေကြပြီ။ ဒီနေ့ မနက်တောင် ကျုပ်ကို စွပ်စွဲပြစ်တင်တဲ့ လူတွေ ရှိနေတယ်။ အိမ်ရှေ့စံ မမြင်တာမှ မဟုတ်တာ။ ဒီအတိုင်း ဆက်သွားနေရင်... ကျုပ်တို့ နန်းတော်ထဲ ပြန်သွားရလိမ့်မယ်။”

လီယွမ်ကျောက်သည ဤစကားကို ကြားချိန်မှာတော့ ချက်ချင်း အော်ဟစ်လာ၏။ “စာဖတ်ဖို့ … ကျုပ် မဖတ်နိုင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ညီလာခံက အဲဒီ မိုက်မဲတဲ့ အမတ်တွေ ဘာလို့ ကျုပ်တို့ကို စွပ်စွဲပြစ်တင်ရတာလဲ။ ပန်းရှန်းရပ်ကွက်က အခု ဒီလောက်ကောင်းနေတာကို သူတို့ မျက်ကန်းတွေမို့လို့ မမြင်ကြတာလား။”

“ဘာကောင်းတာလဲ။ ငွေတွေနဲ့ တည်ဆောက်ထားရတာ။ အိမ်ရှေ့စံ စဉ်းစားကြည့်ဖူးလား … ကျုပ်တို့မှာ သုံးစရာ ငွေမရှိတော့ရင် ဘယ်လိုလုပ်မလဲ။”

“ဘာပဲပြောပြော ကျုပ်က အိမ်ရှေ့စံဆိုပေမဲ့ ဆင်းရဲသား တစ်ယောက်နော်။ ဒါကိုတော့ သိထား။”

All Chapters