အခန်း (၂၇၂၉-၂၇၃၀)
Vol. 213 Ch. 2729-2730
အခန်း(၂၇၂၉)
“အမည်မဲ့အင်မော်တယ် နန်းတော်ရဲ့ ဝင်ကြေးက တစ်ရက်ကို အင်မော်တယ်ကျောက်တုံး တစ်တုံး မဟုတ်ဘူးလား”
ကျန်းချန်၏ မျက်နှာက အေးစက်သွားခဲ့သည်။
သူ့ရှေ့လေးတင် အမည်မဲ့အင်မော်တယ် နန်းတော်ထဲသို့ ဝင်ရောက်သွားသူများသည် အင်မော်တယ်ကျောက်တုံး တစ်တုံးထဲသာ ပေးသွားသည်ကို သူအသေအချာ မြင်တွေ့ခဲ့ရသည်။
ယခု သူ့အလှည့်ရောက်မှသာ အင်မော်တယ်ကျောက်တုံး ဆယ်တုံး ဖြစ်သွားခဲ့ရာ ဤသည်မှာ သူ့ကို တမင်သက်သက် ပစ်မှတ်ထားနေမှန်း သိသာနေခဲ့၏။
သို့သော်လည်း ကျန်းချန် နားမလည်နိုင်သည်မှာ အမည်မဲ့အင်မော်တယ် နန်းတော်သို့ သူက ပထမဆုံးအကြိမ် လာရောက်ဖူးခြင်း ဖြစ်ပြီး သူ့ရှေ့မှ အစောင့်နှင့်လည်း တစ်ခါမှ မဆုံဖူးခြင်းပင်။
“ငါက တစ်ရက်ကို အင်မော်တယ်ကျောက်တုံး ဆယ်တုံးလို့ ပြောရင် ဆယ်တုံးပဲ.. တကယ်လို့ အမည်မဲ့အင်မော်တယ် နန်းတော်ထဲ မဝင်ချင်ဘူး ဆိုရင်တော့ အခုချက်ချင်းပဲ ထွက်သွားလိုက်တော့”
အစောင့်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်၏ အားကောင်းသော အရှိန်အဝါများသည် ချက်ချင်းဆိုသလိုပင် ကျန်းချန်ထံ ဦးတည်လာခဲ့သည်။
ထိုမြင်ကွင်းကို မြင်လျှင် လော့ဝူကျိသည် ရှေ့သို့ လှမ်းတက်လိုက်ပြီး ကျန်းချန်၏ ရှေ့တွင် ရပ်ကာ အစောင့်၏ အရှိန်အဝါများကို ဟန့်တားလိုက်သည်။
ယင်းနောက် သူက သူ့ရှေ့မှ အစောင့်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်၏။
“အမည်မဲ့အင်မော်တယ် နန်းတော်ရဲ့ ဝင်ကြေးက တစ်ရက်ကို အင်မော်တယ်ကျောက်တုံး တစ်တုံးဆိုတာ လူတိုင်းသိတဲ့ကိစ္စပဲ...မင်းက တံခါးစောင့် အဆင့်လောက်နဲ့ ငါတို့ဆီကနေ တစ်ရက်ကို ဆယ်တုံး ဘာလို့ တောင်းရတာလဲ.. ဘာလဲ.. ငါတို့နှစ်ယောက်က အနိုင်ကျင့်ဖို့ လွယ်တဲ့ပုံ ပေါက်နေလို့လား”
လော့ဝူကျိက သူ၏ အရှိန်အဝါဖြင့် ဖိနှိပ်မှုကို အလွယ်တကူ ချေဖျက်နိုင်သည်အား မြင်လျှင် အစောင့်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူ၏ မြင်နိုင်စွမ်းအရ သူ့ရှေ့မှ လူသည် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်သာ ရှိသေးသော်လည်း သူကဲ့သို့ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် အရှိန်အဝါကို အလွယ်တကူပင် ခုခံနိုင်သည်ကို မြင်ရန် မခက်ခဲပေ။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ရွှေအင်မော်တယ်အဆင့် အင်အားစုများထဲတွင်ပင် အလွန်တရာ ရှားပါးပြီး တလော့အင်အားစုများမှ ပါရမီရှင်ပင် ဖြစ်နိုင်ပေသည်။
သူတို့ အမည်မဲ့အင်မော်တယ် နန်းတော်သည် ဤကဲ့သို့သော ပါရမီရှင်များကို မျက်နှာသာပေးလေ့ ရှိသည်။
“ချီးပဲ.. မေဘေး ဝမ်ရှင်းဟန် ငါ့ကို လှည့်စားသွားခဲ့ပြီ”
ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် အစောင့်သည် စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
သူက ကျန်းချန်ကို မသိသဖြင့် အကြောင်းပြချက် မည်မည်ရရ မရှိဘဲ ကျန်းချန်ကို ပစ်မှတ်ထားမည် မဟုတ်ပေ။
သိပ်မကြာခင်က စန်းယွင်အင်မော်တယ် နန်းတော်မှ ပါရမီရှင်တပည့် ဝမ်ရှင်းဟန်သည် အမည်မဲ့အင်မော်တယ် နန်းတော်သို့ လာရောက်ကာ ကျန်းချန်ကို ပစ်မှတ်ထားရန်နှင့် ကျန်းချန်ကို အမည်မဲ့အင်မော်တယ် နန်းတော်သို့ မဝင်ရောက်နိုင်အောင် အစွမ်းကုန် တားဆီးရန် သူ့ကို တောင်းဆိုခဲ့သည်။
ဤသည်က ဝမ်ရှင်းဟန် ဆီကနေ ကျေးဇူးအတင်ခံရမည့် သာမန် ကိစ္စလေးတစ်ခုခုသာ ထင်ခဲ့သဖြင့် သူက တုံ့ဆိုင်းခြင်းမရှိ သဘောတူခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကျန်းချန်၏ နံဘေးတွင် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်နှင့်ပင် ယှဥ်နိုင်သော အနှိုင်းမဲ့ပါရမီရှင်တစ်ဦး ပါလာသည်ကို ဝမ်ရှင်းဟန်က ဖုံးကွယ်ထားလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။
“ငါက မင်းတို့နှစ်ယောက်ကို နောက်ပြောင်လိုက်တာပါ.. ငါတို့ အမည်မဲ့အင်မော်တယ် နန်းတော်ရဲ့ ဝင်ကြေးက ပုံမှန်အတိုင်း တစ်ရက်ကို အင်မော်တယ်ကျောက်တုံး တစ်တုံးပါပဲ”
ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် အစောင့်က ယခင်က မာန်မာနများကို ခဝါချလိုက်ပြီး ပြုံးရွှင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
သူ့ရှေ့မှ လူသည် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ သူ့လို ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်ထက် မနိမ့်ကျပေ။
သူက အမည်မဲ့အင်မော်တယ် နန်းတော်၏ အစောင့်လေး တစ်ဦးမျှသာ ဖြစ်သည်။
အကယ်၍ ကိစ္စက ကြီးသွားခဲ့လျှင် သူ့အတွက် ဘာမျှ ကောင်းမွန်လိမ့်မည် မဟုတ်ချေ။
လော့ဝူကျိက အပိုစကားများ ပြောမနေတော့ဘဲ အင်မော်တယ်ကျောက်တုံး နှစ်တုံးကို ပေးအပ်လိုက်ကာ တံဆိပ်ပြားနှစ်ခုကို ရယူ၍ အမည်မဲ့အင်မော်တယ်နန်းတော် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
အမည်မဲ့အင်မော်တယ်နန်းတော်၏ အတွင်းပိုင်းသည် ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်ပြတ်နေခဲ့ပြီး ပြင်ပနှင့် လုံးဝ ကွဲပြားခြားနားသော ကမ္ဘာတစ်ခု ကဲ့သို့ တည်ရှိနေခဲ့သည်။
ဤနေရာတွင် ကြီးမားသော အင်မော်တယ် အစီအရင်တစ်ခုက လွှမ်းခြုံထားပြီး လေထုထဲတွင်လည်း ကြွယ်ဝသော အင်မော်တယ် အဆီအနှစ်များဖြင့် ပြည့်နှက်နေခဲ့၏။
ယင်းမှာ တလော့အင်မော်တယ်အဆင့် အင်အားစုများထက်ပင် မနိမ့်ကျ၍ မြင့်မြတ်သော နယ်မြေဟုပင် ခေါ်ဆိုနိုင်သည်။
ကျန်းချန်က အမည်မဲ့အင်မော်တယ်နန်းတော် အတွင်းမှ အခြေအနေများကို အကဲခတ်နေစဥ်မှာပင် သူတို့နှင့် သိပ် မလှမ်းမကမ်းကနေ တအံတသြ ရေရွတ်လိုက်သော အသံများကို ရုတ်တရက် ကြားလိုက်ရ၏။
“ဒါက စန်းယွင်အင်မော်တယ်နန်းတော်က ဝမ်ရှင်းဟန် မဟုတ်လား”
“တကယ်ပဲ ဝမ်ရှင်းဟန် ဖြစ်နေတာပဲ”
“သူလည်း အမည်မဲ့ အင်မော်တယ်နန်းတော်ထဲကို လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
“...........”
လူတိုင်း၏ ဆွေးနွေးသံများကို ကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့သည်။
သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ သူ့ရှေ့ရှိ လူအုပ်ကြီး၏ အလယ်တွင် ဝမ်ရှင်းဟန်နှင့် ချိုးတင် တို့ကို တွေ့လိုက်ရသည်။
“ဒီကောင်က အမည်မဲ့အင်မော်တယ်နန်းတော် ဆီကို ရောက်နေတာကိုး”
ကျန်းချန်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
အမည်မဲ့အင်မော်တယ်နန်းတော်၏ အစောင့်က သူ့ကို အကြောင်းပြချက်မရှိဘဲ ပစ်မှတ်ထားသည့် ကိစ္စနှင့် ပတ်သက်၍ သူ နားမလည်နိုင် ဖြစ်နေခဲ့၏။
ယခု ဝမ်ရှင်းဟန်က အမည်မဲ့အင်မော်တယ် နန်းတော်သို့ ရောက်ရှိနေသည်ကို မြင်လိုက်ရသောအခါတွင်မူ ကျန်းချန် ချက်ချင်းဆိုသလိုပင် နားလည်သွားခဲ့သည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ဤကိစ္စ၏ နောက်ကွယ်၌ ဝမ်ရှင်းဟန် ရှိနေသည်မှာ သေချာသလောက်ပင်။
စန်းယွင်ပြည်နယ်တွင် စန်းယွင်အင်မော်တယ် မြို့တော်နှင့် အမည်မဲ့အင်မော်တယ် နန်းတော်တို့ သာလျှင် အခြားပြည်နယ်များသို့ သွားရောက်နိုင်သည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ပိုင်ဆိုင်ထားကြသည်။
သူတို့က စန်းယွင်အင်မော်တယ် မြို့တော်သို့ သွားရန် ရွေးချယ်မည် မဟုတ်မှန်း ဝမ်ရှင်းဟန် ခန့်မှန်းမိပုံရပြီး သူတို့ထက် အရင် အမည်မဲ့အင်မော်တယ် နန်းတော် ထဲသို့ ရောက်လာခဲ့ခြင်းသာ ဖြစ်ရပေမည်။
ဆိုရလျှင် ဝမ်ရှင်းဟန်သည် အမည်မဲ့အင်မော်တယ် နန်းတော်၏ အင်အားကို အသုံးပြု၍ သူတို့ကို ကိုင်တွယ်လိုခြင်း ဖြစ်ပုံရ၏။
“ဒီကောင်က ငါတို့ နောက်ကို တစ္ဆေခြောက်သလို ထက်ကြပ်မကွာ လိုက်နေတာပဲ”
လူအုပ်ကြီး၏ အလယ်ရှိ ဝမ်ရှင်းဟန်ကို ကြည့်ကာ လော့ဝူကျိ၏ မျက်ဝန်းများက အလွန်ပင် အေးစက်သွားခဲ့သည်။
ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်၏။
“သူ့ကို ဂရုစိုက်မနေပါနဲ့...ကျွန်တော်တို့အနေနဲ့ အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုပြီး စန်းယွင်ပြည်နယ်ထဲကနေ ထွက်သွားဖို့ပဲ လိုအပ်တယ်”
အမည်မဲ့အင်မော်တယ် နန်းတော်သည် ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုများကို တားမြစ်ထားသဖြင့် ဝမ်ရှင်းဟန်သည် ဤနေရာတွင် သူတို့ကို ဘာမျှလုပ်ဆောင်နိုင်မည် မဟုတ်ပေ။
စန်းယွင်ပြည်နယ်ထဲကနေ ထွက်သွားနိုင်သရွေ့ ဝမ်ရှင်းဟန်သည် သူတို့ကို ဘာမှတတ်နိုင်တော့မည် မဟုတ်ပေ။
စန်းယွင်ပြည်နယ်၏ နယ်နိမိတ် အတွင်းမှာမူ သူတို့သည် စန်းယွင်အင်မော်တယ် နန်းတော်ကို အနည်းငယ် ထောက်ထားနေရဆဲ ဖြစ်၍ ဝမ်ရှင်းဟန်ကို အလွယ်တကူ ဘာမှမလုပ်ရဲကြပေ။
အကယ်၍ ဝမ်ရှင်းဟန်သာ စန်းယွင်ပြည်နယ်ကနေ သူတို့ထွက်သွားပြီးနောက်မှာပင် ဆက်လက် နှောင့်ယှက်နေဦးမည်ဆိုလျှင်မူ သူတို့အနေဖြင့် အားနာနေမည် မဟုတ်တော့ချေ။
စန်းယွင်အင်မော်တယ်နန်းတော်က အစွမ်းထက်သော်လည်း ယင်းမှာ စန်းယွင်ပြည်နယ် နယ်နိမိတ်အတွင်းတွင်သာ ဖြစ်သည်။
စန်းယွင်ပြည်နယ်၏ အပြင်ဘက်သို့ ရောက်ရှိသွားလျှင် ဝမ်ရှင်းဟန် အသတ်ခံခဲ့ရလျှင်ပင် စန်းယွင်အင်မော်တယ်နန်းတော်က သူတို့ကို ခြေရာခံရန်မှာ လွယ်ကူသောကိစ္စ တစ်ခု မဟုတ်ပေ။
“ငါ အရင်က အမည်မဲ့အင်မော်တယ် နန်းတော်ကို တစ်ကြိမ် ရောက်ဖူးတယ်.. အဲဒီအချိန်က အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ ကြီးကြပ်ရေးမှူး တစ်ယောက်နဲ့ ခင်မင်ခဲ့ဖူးတယ်.. အမည်မဲ့အင်မော်တယ် နန်းတော်ရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုခွင့်ရဖို့ အတွက် သူ့ရဲ့ အကူအညီကိုယူပြီး ငါတို့ စန်းယွင်ပြည်နယ်ကနေ ထွက်သွားကြတာပေါ့”
ထိုစကားကို ပြောပြီးနောက်တွင် လော့ဝူကျိသည် ကျန်းချန်ကို အမည်မဲ့အင်မော်တယ် နန်းတော်၏ အလယ်ဗဟိုသို့ တိုက်ရိုက်ပင် ဦးဆောင် ခေါ်သွားခဲ့သည်။
“ဂျူနီယာညီလေးဝမ်ရှင်းဟန်.. ငါတို့ ဘာဆက်လုပ်ကြမလဲ”
ယခုအချိန်တွင် ချိုးတင်သည် အမည်မဲ့အင်မော်တယ်နန်းတော်၏ အလယ်ဗဟိုသို့ လျှောက်သွားနေသော ကျန်းချန်တို့ နှစ်ဦး၏ ကျောပြင်ကို ကြည့်ကာ ဝမ်ရှင်းဟန်၏ အနားသို့ ကပ်၍ ပြောလိုက်သည်။
“ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် အစောင့်က အတော်ကို အသုံးမကျတာပဲ.. ဒီလို ကိစ္စလေးကိုတောင် မကိုင်တွယ်နိုင်ဘူး”
ဝမ်ရှင်းဟန်က စိတ်ထဲကနေ မအောင့်အီးနိုင်တော့ဘဲ ကျိန်ဆဲလိုက်သည်။
ထို့နေ့က ကျန်းချန်ကို သတ်ဖြတ်ရန် ကျရှုံးခဲ့ပြီးနောက်တွင် ကျန်းချန်တို့ နှစ်ဦးသည် အမည်မဲ့အင်မော်တယ်နန်းတော်မှ တစ်ဆင့် စန်းယွင်ပြည်နယ်ကနေ ထွက်ခွာလိမ့်မည်ဟု ဝမ်ရှင်းဟန် ခန့်မှန်းထားခဲ့သည်။
ထို့ကြောင့် သူက ကျိအန်းကို လူခေါ်ရန် စန်းယွင်အင်မော်တယ် နန်းတော်သို့ ပြန်လွှတ်လိုက်ပြီး သူကိုယ်တိုင်ကမူ ချိုးတင်နှင့် အတူ ကျန်းချန်တို့ထက် အရင် အမည်မဲ့အင်မော်တယ်နန်းတော်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် အမည်မဲ့အင်မော်တယ်နန်းတော်၏ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် အစောင့်တစ်ဦးကို ရှာဖွေကာ ထိုအစောင့်၏ အင်အားကို အသုံးပြု၍ အမည်မဲ့အင်မော်တယ်နန်းတော် အတွင်းသို့ ကျန်းချန်တို့ နှစ်ဦး မဝင်ရောက်နိုင်အောင် တားဆီးခဲ့၏။
အမည်မဲ့အင်မော်တယ်နန်းတော် အတွင်းသို့ ကျန်းချန်တို့ နှစ်ဦး မဝင်ရောက်နိုင်သရွေ့ စန်းယွင်အင်မော်တယ် နန်းတော်မှ လူများ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သူက ကျန်းချန်ကို သတ်ပြီး အကြွင်းမဲ့အေးစက်သော အင်မော်တယ် အရှင်၏ အမွေအနှစ်ကို ပြန်လည် ရယူနိုင်မည် ဖြစ်သည်။
သို့သော်လည်း ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်အစောင့်သည် အတော်လေး အသုံးမကျဘဲ ကျန်းချန်တို့ နှစ်ဦးကို အမည်မဲ့အင်မော်တယ် နန်းတော် အတွင်းသို့ ဝင်ရောက်ခွင့်ပေးလိုက်မည်ဟု ဝမ်ရှင်းဟန် ဘယ်လိုမှ ထင်မထားခဲ့ပေ။
“လော့ဝူကျိက ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်ပဲ ရှိသေးတယ် ဆိုပေမဲ့ သူ့ရဲ့ခွန်အားက သာမန် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်ထက် မနိမ့်ကျဘူး.. အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ အစောင့်က လော့ဝူကျိကို မပတ်သက်ချင်တာက ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်”
ချိုးတင်က ခေါင်းခါရမ်းလိုက်ပြီးနောက်တွင် ဝမ်ရှင်းဟန်ကို လေးနက်စွာ ပြောလိုက်သည်။
“ဂျူနီယာညီလေး ဝမ်ရှင်းဟန်.. အမည်မဲ့အင်မော်တယ်နန်းတော်က ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုတွေကို တားမြစ်ထားတယ်.. တကယ်လို့ သူတို့ကို ကိုင်တွယ်ချင်တယ် ဆိုရင် စန်းယွင်ပြည်နယ်ကနေ သူတို့ ထွက်သွားတဲ့ အချိန်ကိုပဲ စောင့်ရတော့မယ်ထင်တယ်”
အခန်း(၂၇၂၉)ပြီး၏။
အခန်း(၂၇၃၀)
တိုက်ပွဲအပြီးတွင် ချိုးတင်သည် ဝမ်ရှင်းဟန်ကို လက်လျှော့ရန် အမှန်တကယ်ပင် ဖျောင်းဖျချင်ခဲ့သည်။
လော့ဝူကျိ၏ ပါရမီနှင့်ခွန်အားသည် အစွမ်းထက်ပြီး ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်သာ ရှိသေးသော်လည်း ရွှေအင်မော်တယ် အဆင့်အောက်တွင် ယှဥ်နိုင်သူမှာ အလွန်တရာပင် နည်းပါးလှသည်။
ထို့အပြင် ကျန်းချန်သည်လည်း အင်မော်တယ်ဘုရင်အဆင့် အလားအလာ ရှိသည့် အထွတ်အထိပ် ပါရမီရှင်တစ်ဦး ဖြစ်သည်။
သူတို့ စန်းယွင်အင်မော်တယ်နန်းတော်တွင်ပင် ထိုနှစ်ယောက်နှင့်ယှဥ်နိုင်သော ပါရမီရှင် သိပ်မရှိချေ။
ဤကဲ့သို့သော ပုဂ္ဂိုလ်များသည် ကံကြမ္မာ၏ အထောက်အပံ့ကို အကြီးအကျယ် ရရှိနေသူများ ဖြစ်ကြ၏။
ချိုးတင်သည် ဝမ်ရှင်းဟန် အနေဖြင့် မည်မျှပင် အားထုတ်ပြီး ကျန်းချန်ကို သတ်ဖြတ်ကာ တလော့အမွေအနှစ်ကို လုယူချင်နေပါစေ အထမမြောက်နိုင်သည့် အပြင် ကျန်းချန်၏ လက်ထဲတွင် အရေးနိမ့်သွားလိမ့်မည်ဟု အာရုံရနေခဲ့၏။
“စန်းယွင်ပြည်နယ်ကနေ ထွက်သွားတဲ့အထိ စောင့်ရမှာလား.. မဖြစ်နိုင်တာပဲ”
ဝမ်ရှင်းဟန်၏ မျက်ဝန်းထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။
“အမည်မဲ့အင်မော်တယ်နန်းတော်က ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုတွေကို တားမြစ်ထားတယ် ဆိုပေမဲ့ ကျန်းချန်ကို ကိုင်တွယ်ဖို့ နည်းလမ်း မရှိတာတော့ မဟုတ်ဘူး”
တလော့အမွေအနှစ် ဆိုသည်မှာ လွယ်လွယ်ဖြင့် ကြုံကြိုက်နိုင်သော အရာ မဟုတ်ပေ။
ထို့အပြင် အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်၏ အမွေအနှစ်သည် သူနှင့်အသင့်တော်ဆုံး ဖြစ်သည့် တလော့အမွေအနှစ် ဖြစ်ရာ ဝမ်ရှင်းဟန် အနေဖြင့် မည်ကဲ့သို့ လက်လျော့နိုင်ပါမည်နည်း။
ဝမ်ရှင်းဟန်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲ၍ မရနိုင်ကြောင်း သိလိုက်ရလျှင် ချိုးတင်သည် စိတ်ထဲကနေ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
စန်းယွင်အင်မော်တယ် နန်းတော်မှ ထိပ်တန်းပါရမီရှင် နှစ်ဦးနှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိရန် အတွက် ဝမ်ရှင်းဟန်သည် အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်၏ အမွေအနှစ် အပေါ်တွင် အတော်လေး အစွဲအလန်း ဖြစ်နေခဲ့ချေပြီ။
ဝမ်ရှင်းဟန်သည် အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်၏ အမွေအနှစ်ကို မရမချင်း လက်လျှော့မည်မဟုတ်ဟု ကျိန်ဆိုထားပုံရ၏။
ချိုးတင်က အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းဆုံးဖြတ်ချက် ချပြီးပြီ ဆိုမှတော့ အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ အဆင့်မြင့် အကြီးအကဲတွေကို အမြန်ရှာပြီး သူတို့တွေ အမည်မဲ့ အင်မော်တယ်နန်းတော်ထဲကနေ ထွက်သွားမှာကို တားဆီးရမယ်.. တကယ်လို့ ကျန်းချန်တို့သာ စန်းယွင်ပြည်နယ်ကနေ ထွက်သွားမယ် ဆိုရင် ကိုင်တွယ်ရ ပိုခက်ခဲသွားလိမ့်မယ်”
“ဒီကိစ္စက မခက်ပါဘူး.. ငါတို့ စန်းယွင်အင်မော်တယ် နန်းတော်နဲ့ အမည်မဲ့အင်မော်တယ် နန်းတော်ရဲ့ အကြီးအကဲချုပ် ဝူချန်း တို့က ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြတယ်...ကျန်းချန်တို့ နှစ်ယောက် ထွက်မသွားနိုင်အောင် တားဆီးဖို့က သူ့အတွက် လွယ်လွယ်လေးပါပဲ”
ဝမ်ရှင်းဟန်က တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်သည်။
“သွားကြစို့ ငါတို့ အကြီးအကဲချုပ် ဝူချန်ကို သွားတွေ့ရအောင်”
ထိုစကားကို ပြောပြီးနောက်တွင် ဝမ်ရှင်းဟန်သည် ချိုးတင်ကို ခေါ်ကာ အမည်မဲ့အင်မော်တယ် နန်းတော်၏ အတွင်းပိုင်းသို့ အလျင်အမြန်ပင် လျှောက်သွားခဲ့သည်။
---------------------
အမည်မဲ့အင်မော်တယ်နန်းတော်ထဲတွင် ကျန်းချန်သည် လော့ဝူကျိ၏ ဦးဆောင်မှုဖြင့် သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ တစ်ဦးကို အလျင်အမြန်ပင် ရှာတွေ့ခဲ့သည်။
ထိုလူသည် လော့ဝူကျိ ပြင်ပတွင် လှည့်လည်သွားလာစဥ်က သိကျွမ်းခဲ့သော မိတ်ဆွေတစ်ဦး ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က ခြေလှမ်တစ်ဝက် ရွှေအင်မော်တယ် အဆင့်ကို ရောက်ရှိနေပြီး ယခုအခါတွင် အမည်မဲ့အင်မော်တယ်နန်းတော်၏ ကြီးကြပ်ရေးမှုးတစ်ဦး ဖြစ်နေခဲ့သည်။
“ညီနောင်ဝူကျိ.. မင်း အမည်မဲ့အင်မော်တယ် နန်းတော်ဆီ ရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ငါ့ဆီ ရောက်လာတာ ဘာကိစ္စရှိလို့လဲ”
ကူပျောင်းက လော့ဝူကျိကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။
လော့ဝူကျိက အပိုစကားများ ပြောမနေဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။
“ညီနောင်ကူ.. အမှန်အတိုင်းပြောရရင် ငါ ဒီတစ်ခေါက် မင်းဆီလာတာက အမည်မဲ့အင်မော်တယ် နန်းတော်ရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် အကူအညီနဲ့ စန်းယွင်ပြည်နယ်ကနေ ထွက်သွားချင်လို့ပဲ.. ညီနောင်ကူ အနေနဲ့ ငါ့အတွက် အမြန်ဆုံး စီစဥ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
“စိတ်မပူပါနဲ့ ညီနောင်ဝူကျိ.. ဒီကိစ္စက သာမန် ကိစ္စလေးပါပဲ”
ကူပျောင်းက ပြုံး၍ ပြောလိုက်သည်။
“ငါ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်နဲ့ ပတ်သက်ပြီး သွားမေးလိုက်ဦးမယ်.. ပြီးတာနဲ့ အမြန်ဆုံး စီစဥ်ပေးပါ့မယ်”
အင်မော်တယ်လောကတွင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုကို အသုံးပြုရန် ကုန်ကျစရိတ်သည် အလွန်တရာပင် ကြီးမား၍ ရွှေအင်မော်တယ် အဆင့် အင်အားစု တချို့ပင် မတတ်နိုင်ပေ။
ထို့ကြောင့် ယေဘုယျအားဖြင့် အမည်မဲ့အင်မော်တယ်နန်းတော်ရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အချိန်အပိုင်းအခြား တစ်ခု အကြာမှသာ ဖွင့်လှစ်လေ့ရှိပြီး တစ်ကြိမ်တွင် လူဦးရေ အကန့်အသတ်ကိုသာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ ဝင်ရောက်ခွင့်ပေးလေ့ ရှိသည်။
တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုလိုသူများသည် အမည်မဲ့အင်မော်တယ် နန်းတော်ကို ကြိုတင်၍ စာရင်းပေးသွင်းပြီး ကျသင့်ငွေကို ပေးဆောင်ထားရ၏။
သို့သော်လည်း မည်သည့်ကိစ္စမဆို ခြွင်းချက် ဆိုသည်မှာ အမြဲတစေ ရှိစမြဲပင်။
အကယ်၍ သင်က မြင့်မားသော အဖိုးအခကို ပေးဆောင်နိုင်လျှင် သို့မဟုတ် အမည်မဲ့ အင်မော်တယ် နန်းတော်မှ အဆင့်မြင့် အကြီးအကဲများ၏ ထောက်ခံမှု ရရှိလျှင်မူ မည်သည့် အချိန်တွင်မဆို တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ဖွင့်လှစ်နိုင်၏။
“ညီနောင်ဝူကျိ စိတ်မကောင်းပါဘူး.. အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှာ ပြဿနာတစ်ခုခု ရှိနေတယ်လို့ ငါအခုပဲ သတင်းရခဲ့တယ်...အခုက ပြုပြင်နေတုန်းမို့ အသုံးပြုနိုင်ဖို့ ရက်အနည်းငယ်လောက် ကြာလိမ့်မယ်ထင်တယ်”
တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်နှင့် ပတ်သက်၍ စုံစမ်းပြီးနောက်တွင် ကူပျောင်းက လော့ဝူကျိကို အားနာသော အမူအရာဖြင့် ပြောလိုက်သည်။
“တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှာ ပြဿနာရှိနေတာလား”
လော့ဝူကျိနှင့် ကျန်းချန်တို့က အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။
အမည်မဲ့အင်မော်တယ်နန်းတော်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည် ရှေးယခင်ကတည်းက မည်သည့်ပြဿနာမှ မရှိခဲ့ဘဲ သူတို့ အသုံးပြုခါနီးမှ ပြဿနာပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဤကိစ္စ၏ နောက်ကွယ်တွင် တစ်စုံတစ်ရာ ပယောဂ ရှိမည်မှာ သေချာသလောက်ပင်။
ယင်းမှာ ဝမ်ရှင်းဟန်၏ လက်ချက် ဖြစ်နိုင်ခြေများသည်ဟု သူတို့ ခပ်ရေးရေး ခန့်မှန်းမိခဲ့ကြသည်။
လော့ဝူကျိက ကူပျောင်းကို ဂါဝရပြုကာ ပြောလိုက်သည်။
“ဒီလိုဆိုရင်လည်း ငါတို့ ညီနောင်ကူကို အနှောင့်အယှက်မပေးတော့ဘူး.. တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ပြန်ကောင်းသွားရင်သာ ငါတို့ကို အမြန်ဆုံး အကြောင်းကြားပေးဖို့ မျှော်လင့်ပါတယ်”
ကူပျောင်းက ခေါင်းညိတ်၍ ပြုံးကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ညီနောင်ဝူကျိ.. ငါအကြောင်းကြားပေးပါ့မယ်”
ယင်းနောက်တွင်မူ လော့ဝူကျိသည် ဘာစကားမျှ ထပ်မပြောတော့ဘဲ ကျန်းချန်နှင့် အတူ ကူပျောင်း၏ နေအိမ်ကနေ ထွက်ခွာလာခဲ့သည်။
ကူပျောင်းက ထွက်ခွာသွားသော လော့ဝူကျိ၏ ကျောပြင်ကို ကြည့်ကာ ခေါင်းငုံ့၍ စဥ်းစားခန်း ဝင်နေခဲ့သည်။
အမည်မဲ့အင်မော်တယ်နန်းတော်၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်သည် အမြဲတစေ ကောင်းမွန်နေခဲ့သည် ဖြစ်ရာ ရုတ်တရက်ကြီး ပြဿနာပေါ်လာရန်မှာ မဖြစ်နိုင်ပေ။
ယင်းမှာ အမည်မဲ့အင်မော်တယ် နန်းတော်ရှိ တစ်စုံတစ်ဦးက လော့ဝူကျိတို့ နှစ်ဦးကို လွယ်လွယ်နှင့် ထွက်ခွာခွင့် မပေးလိုခြင်းကြောင့် ဖြစ်မှန်း ထင်ရှားနေခဲ့၏။
စကားတစ်ခွန်းတည်းဖြင့်ပင် အမည်မဲ့ အင်မော်တယ်နန်းတော်၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ပိတ်ထားနိုင်သူသည် အမည်မဲ့အင်မော်တယ် နန်းတော်ရှိ ရွှေအင်မော်တယ်အဆင့် အကြီးအကဲတစ်ဦးဦး ဖြစ်ဖို့များ၏။
“ငါ့အဆင့်လေးနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်ဖို့ မကောင်းဘူးထင်တယ်”
ကူပျောင်းက ခေါင်းခါရမ်းကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူက လော့ဝူကျိနှင့် ခင်မင်မှု ရှိသော်လည်း လော့ဝူကျိအတွက်ဖြင့် အမည်မဲ့အင်မော်တယ် နန်းတော်မှ ရွှေအင်မော်တယ်အဆင့် အကြီးအကဲကို သွားရောက်ရန်စလိမ့်မည် မဟုတ်ပေ။
----------------------
“ညီနောင်ကျန်းချန်.. အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်က ရုတ်တရက် ပြဿနာပေါ်လာတာ ထူးဆန်းလွန်းတယ်.. ဒါက ဝမ်ရှင်းဟန်နဲ့ ပတ်သက်နေတာ သေချာသလောက်ပဲ”
ကူပျောင်း၏ နေအိမ်မှ ထွက်လာပြီးနောက်တွင် လော့ဝူကျိသည် လေးနက်သော အမူအရာဖြင့် ကျန်းချန်ကို ပြောလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။
“ဒီလိုဆိုမှတော့ ကျွန်တော်တို့ အမည်မဲ့အင်မော်တယ်နန်းတော်ထဲမှာပဲ ရက်အနည်းငယ်လောက် နေလိုက်ကြတာပေါ့.. ဝမ်ရှင်းဟန် ဘယ်လိုပရိယာယ်တွေ သုံးဦးမလဲဆိုတာ ကျွန်တော် တကယ် သိချင်နေပြီ.. ဝမ်ရှင်းဟန်ရဲ့ နောက်ကွယ်မှာ စန်းယွင်အင်မော်တယ်နန်းတော် ရှိနေရင်တောင် သူ ကျွန်တော် တို့ကို အမည်မဲ့ အင်မော်တယ် နန်းတော်ထဲမှာတော့ ဘာမှလုပ်ရဲမှာ မဟုတ်ဘူး”
လော့ဝူကျိက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ဒါပေမဲ့ ငါနားမလည်တာက ငါတို့ကို အမည်မဲ့ အင်မော်တယ်နန်းတော် ထဲမှာ ဘာကြောင့် ထားချင်ရသလဲ ဆိုတာပဲ”
“အစ်ကိုဝူကျိ.. ဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်ခေါင်းစားမခံနဲ့တော့.. ဝမ်ရှင်းဟန်မှာ ဘယ်လိုလှည့်ကွက်မျိုး ရှိနေပါစေ.. ကျွန်တော်တို့ မီးစင်ကြည့်ပြီးပဲ ကကြတာပေါ့”
ကျန်းချန်က တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်သည်။
“ကျွန်တော်တို့ လောလောဆယ် ထွက်သွားလို့ မရသေးမှတော့ ဒီအမည်မဲ့ အင်မော်တယ်နန်းတော်ထဲက ကုန်သွယ်ရေးစျေးမှာ ခွန်အားမြှင့်တင်ဖို့ အတွက် လိုအပ်တဲ့ အရင်းအမြစ် တချို့ကို လဲလှယ်ကြစို့”
ယခုအခါတွင် လော့ဝူကျိ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ကောင်းကင်အင်မော်တယ် နဝမအဆင့်ကို ထိုးဖောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။
အကယ်၍ လော့ဝူကျိသာ ကောင်းကင်အင်မော်တယ် နဝမအဆင့်သို့ ရောက်ရှိသွားလျှင် သာမန် ရွှေအင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ ပင်လျှင် သူ့ကို အလွယ်တကူ ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။
ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည်လည်း ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အကယ်၍ သူသာ ကောင်းကင်အင်မော်တယ် ပထမအဆင့်သို့ ထပ်မံ၍ အဆင့်တက်နိုင်ခဲ့လျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်က အဆပေါင်းများစွာ တိုးတက်လာလိမ့်မည် ဖြစ်သည်။
သူတို့ဘက်က လုံလောက်သော ခွန်အားရှိနေသရွေ့ ဝမ်ရှင်းဟန်က မည်ကဲ့သို့ လှည့်ကွက်ကို အသုံးပြုသည် ဖြစ်ပါစေ၊ အရာအားလုံး အချည်းနှီးသာ ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။
"ဒါဆိုရင်လည်း ငါတို့တွေ အမည်မဲ့အင်မော်တယ် နန်းတော်ရဲ့ အရောင်းအဝယ် ပြုလုပ်တဲ့နေရာကို သွားကြစို့"
လော့ဝူကျိ၏ မျက်ဝန်းများက တောက်ပသွားခဲ့သည်။
ပကတိ အင်မော်တယ် သစ်သီးကို စားသုံးပြီးနောက်တွင် လော့ဝူကျိသည် ကောင်းကင်အင်မော်တယ် နဝမအဆင့်ကို ထိုးဖောက်ရန် သိပ်မဝေးတော့ပေ။
အကယ်၍ အမည်မဲ့ အင်မော်တယ် နန်းတော်တွင်သာ အရင်းအမြစ် တချို့ကို လဲလှယ်နိုင်ခဲ့မည် ဆိုလျှင်
ကောင်းကင်အင်မော်တယ် နဝမအဆင့်ကို ထိုးဖောက်ရန်မှာ ပြဿနာမရှိပေ။
ထိုအချိန်သို့ ရောက်လျှင် သူက ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဥ်နိုင်သော ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်ကို အမှန်တကယ် ပိုင်ဆိုင်လာလိမ့်မည် ဖြစ်သည်။
သို့ဖြစ်ရာ ဝမ်ရှင်းဟန်တွင် အကြံအစည် တစ်စုံတစ်ရာ ရှိနေလျှင်ပင် သူ့အနေဖြင့် အဘယ်ကြောင့် ကြောက်နေရပါမည်နည်း။
အခန်း(၂၇၃၀)ပြီး၏။