အခန်း (၂၇၂၁-၂၇၂၂)
Vol. 213 Ch. 2721-2722
အခန်း(၂၇၂၁)
လုထျန်းရှင်းသည် ရွှေအင်မော်တယ် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ရွှေအင်မော်တယ်အဆင့်တွင် အဆင့်တစ်ဆင့်မှ တစ်ဆင့်သို့ ထိုးဖောက်ခြင်းသည် အလွန်တရာပင် ခက်ခဲသည်။
ထူးခြားသော အခွင့်အလမ်းသာ မရှိလျှင် လုထျန်းရှင်းသည် နှစ်ပေါင်း ထောင်ချီ အချိန်ပေးလျှင်ပင် ရွှေအင်မော်တယ် စတုတ္ထအဆင့်သို့ ထိုးဖောက်နိုင်မည် မဟုတ်ပေ။
လော့ဝူကျိနှင့် ကျန်းချန်တို့၏ ပါရမီများအရ ရွှေအင်မော်တယ် အဆင့်သို့ သူ မထိုးဖောက်နိုင်မီမှာပင် ထိုနှစ်ယောက်သည် ရွှေအင်မော်တယ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်လာနိုင်ခြေ ရှိသည်။
ထို့ကြောင့် ရွှေအင်မော်တယ် စတုတ္ထအဆင့်အထိ ထိုးဖောက်သည့် အချိန်ကို စောင့်ပြီးမှ လော့ရွှေကုန်သည်အဖွဲ့ကို တိုက်ခိုက်ခြင်းသည် စိတ်ချရသော ရွေးချယ်မှု မဟုတ်ပေ။
ထို့ကြောင့် သူက ဝမ်ရှင်းဟန်၏ အင်အားကို အသုံးပြုရန်သာ ရှိတော့သည်။
ဝမ်ရှင်းဟန်သည် စန်းယွင်ပြည်နယ်ရှိ အင်အားအကြီးဆုံး တလော့အင်အားစု ဖြစ်သော စန်းယွင်အင်မော်တယ်နန်းတော်၏ ပါရမီရှင် တပည့်တစ်ဦး ဖြစ်၏။
ဝမ်ရှင်းဟန်၏ နောက်ကွယ်မှ အင်အားကိုသာ အသုံးချနိုင်လျှင် လော့ရွှေကုန်သည်အဖွဲ့ကို ဖျက်ဆီးရန်မှာ အလွန်တရာလွယ်ကူသော အလုပ်တစ်ခု ဖြစ်သည်။
ဝမ်ရှင်းဟန်သည် ထျန်းရွှေအင်မော်တယ်မြို့တော်ရှိ ရွှေအင်မော်တယ် အင်အားစုသုံးစု တိုက်ပွဲတွင် ပါဝင်ရန် ရည်ရွယ်ချက် မရှိသော်လည်း လုထျန်းရှင်း ထံတွင် ဝမ်ရှင်းဟန်ကို အသုံးချမည့် အစီအစဥ် ရှိနေခဲ့သည်။
လုမင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ခေါင်းဆောင်.. ဝမ်ရှင်းဟန်က ထျန်းရွှေအင်မော်တယ်မြို့တော်ရဲ့ကိစ္စတွေမှာ ဝင်ပါချင်ပုံမရဘူး.. သူ့အနေနဲ့ ကျန်းချန်ကို တိုက်ခိုက်ချင်တယ် ဆိုရင်တောင် ထျန်းရွှေအင်မော်တယ် မြို့တော်ကနေ ကျန်းချန် ထွက်ခွာသွားတဲ့ အချိန်ကျမှပဲ ချောင်းမြောင်းတိုက်ခိုက်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်.. သူ့ကို ဒီကိစ္စထဲ ပါဝင်ပတ်သက်အောင် လုပ်ဖို့က အတော်လေး ခက်ခဲလိမ့်မယ်”
“လုမင်.. ဝမ်ရှင်းဟန်ရဲ့ လှုပ်ရှားမှုတွေကို မင်းကိုယ်တိုင် စောင့်ကြည့်ထားပါ”
လုထျန်းရှင်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ထျန်းရွှေအင်မော်တယ် မြို့တော်ကနေ ကျန်းချန် ထွက်သွားတာနဲ့ ငါတို့က ဝမ်ရှင်းဟန် ချောင်းမြောင်းတိုက်ခိုက်မဲ့အကြောင်းကို လော့ရွှေကုန်သည် အဖွဲ့ဆီ တိတ်တဆိတ်အကြောင်းကြားလိုက်မယ်”
လုထျန်းရှင်း၏ အစီအစဥ်ကို ကြားလျှင် လုမင်သည် သက်ပြင်း တစ်ချက် ချလိုက်မိသည်။
လော့ရွှေကုန်သည်အဖွဲ့နှင့် ကျန်းချန်တို့၏ ဆက်ဆံရေးအရ ဝမ်ရှင်းဟန်က ကျန်းချန်ကို ချောင်းမြောင်းတိုက်ခိုက်မှန်း သိသည်နှင့် လော့ရွှေကုန်သည် အဖွဲ့သည် သေချာပေါက် ဒီအတိုင်း ထိုင်ကြည့်နေမည် မဟုတ်ပေ။
အကယ်၍ ဝမ်ရှင်းဟန်သာ လော့ရွှေကုန်သည်အဖွဲ့၏ လက်ထဲသို့ ကျရောက်သွားလျှင် သူတို့သည် ထိုကိစ္စကို စန်းယွင်အင်မော်တယ် နန်းတော်သို့ တိုင်ကြားပြီး စန်းယွင်အင်မော်တယ်နန်းတော်ကို လော့ရွှေကုန်သည်အဖွဲ့အား ကိုင်တွယ်ရန် အသုံးချနိုင်သည်။
လော့ရွှေကုန်သည်အဖွဲ့က ဝမ်ရှင်းဟန်၏ လက်ချက်ဖြင့် ကြီးမားသော ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ရလျှင်မူ သူတို့သည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ လော့ရွှေကုန်သည်အဖွဲ့ကို ဝါးမျိုနိုင်ပေလိမ့်မည် မဟုတ်ပါလား။
ရှင်းလင်းစွာ ဆိုရလျှင် လော့ရွှေကုန်သည်အဖွဲ့နှင့် ဝမ်ရှင်းဟန်တို့ကြားတွင် ပဋိပက္ခ ဖြစ်နေသရွေ့ မည်သည့်ဘက်က အနိုင်ရစေကာမူ အဆုံးသတ်တွင် အနိုင်ရသူမှာ သူတို့ လုမိသားစုသာ ဖြစ်ပေလိမ့်မည်။
ထိုနည်းလမ်းဖြင့် လုထျန်းရှင်းသည် ဝမ်ရှင်းဟန်၏ နောက်ကွယ်မှ စန်းယွင်အင်မော်တယ် နန်းတော်ကို အသုံးချရန် ကြံစည်ထားခြင်း ဖြစ်၏။
သို့သော်လည်း ထိုကိစ္စသာ ပေါ်ပေါက်သွားခဲ့လျှင် စန်းယွင်ပြည်နယ် တစ်ခုလုံးတွင် လုမိသားစု အတွက် နေစရာနေရာ ရှိတော့မည်မဟုတ်ပေ။
“ခေါင်းဆောင်.. ဒါက အန္တရာယ်မများလွန်းဘူးလား”
တစ်ချိန်လုံး စကားမပြောဘဲ ရှိနေသော လုရွမ်ကျန်း၏ အိုမင်းသော မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
လုထျန်းရှင်း၏ အစီအစဥ်က တထစ်ချ အောင်မြင်မည်ဟု ဆို၍မရပေ။
အကယ်၍ အောင်မြင်ခဲ့လျှင် လုမိသားစုသည် ထျန်းရွှေအင်မော်တယ်မြို့တော်၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာပေလိမ့်မည်။
သို့သော် မအောင်မြင်၍ ကျရှုံးသွားသည်နှင့် လုမိသားစု တစ်စုလုံး ပျက်စီးသွားပေလိမ့်မည်။
“ငါတို့ လုမိသားစုမှာ ရွေးချယ်စရာ ကျန်သေးတယ်လို့ မင်းတို့ထင်လား”
လုထျန်းရှင်းက အေးစက်စက် ပြောလိုက်သည်။
“ငါတို့ အခု လော့ရွှေကုန်သည်အဖွဲ့ရဲ့ တိုးတက်မှု အရှိန်အဟုန်ကို တားဆီးလို့ မရတော့ဘူး.. တကယ်လို့ ငါတို့အနေနဲ့ ဦးအောင် မတိုက်ခိုက်ဘူးဆိုရင် နောက်ဆုံးရလဒ်က ငါတို့အတွက် ကောင်းမှာမဟုတ်ဘူး.. လော့ရွှေကုန်သည်အဖွဲ့ ထွန်းတောက်လာမှာကို ထိုင်စောင့်နေမဲ့အစား စွန့်စားကြည့်လိုက်တာက ပိုကောင်းတယ်”
လုရွမ်ကျန်းက ပါးစပ်ကို ဖွင့်၍ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း အဆုံးသတ်တွင် သက်ပြင်းတစ်ချက်သာ ချလိုက်တော့သည်။
လုမိသားစုသည် သူတို့၏ အင်အားကို အားကိုးကာ ထျန်းရွှေအင်မော်တယ်မြို့တော်တွင် အမြဲတစေ ဗိုလ်ကျစိုးမိုးခဲ့၍ လော့ရွှေကုန်သည်အဖွဲ့နှင့် သူတို့ကြားရှိ ရန်ငြိုးသည် မသေးလှပေ။
ထို့ကြောင့် လော့ရွှေကုန်သည်အဖွဲ့၏ အင်အားက လုမိသားစုကို ကျော်လွန်သွားသည်နှင့် လော့ရွှေကုန်သည်အဖွဲ့သည် သူတို့ လုမိသားစုကို အလွယ်တကူ အလွှတ်ပေးမည် မဟုတ်ချေ။
လုထျန်းရှင်း၏ အစီအစဥ်သည် အနည်းငယ်စွန့်စားရသော်လည်း ယင်းမှာ လုမိသားစုအတွက် အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် အခွင့်အလမ်းတစ်ခုလည်းဖြစ်သည်။
ကျန်းချန်က အေးခဲတောင်တန်းကနေ ပြန်လာပြီးနောက်တွင် ထျန်းရွှေအင်မော်တယ်မြို့တော်ကနေ ထွက်ခွာရန် အလျင်မလိုဘဲ လော့ရွှေကုန်သည်အဖွဲ့တွင် ဆက်လက် ကျင့်ကြံနေခဲ့သည်။
ယခုတစ်ကြိမ် တလော့လျှို့ဝှက်နယ်မြေ ခရီးစဥ်တွင် ကျန်းချန်သည် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ပကတိအင်မော်တယ် နဝမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သို့သော်လည်း သူက ထိုခရီးစဥ်အတွင်း လူအများအပြားကို ရန်စမိခဲ့၏။
လုမိသားစုဖြစ်စေ၊ စန်းယွင်အင်မော်တယ်နန်းတော်မှ ဝမ်ရှင်းဟန်ဖြစ်စေ ၎င်းတို့သည် သူ့ကို ရှင်းပစ်ရန် စိတ်ကူးကြမည်မှာ သေချာသလောက်ပင်။
သူ၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်အောက်ရှိ ကျင့်ကြံသူများကို ကြောက်ရွံ့စရာမလိုသော်လည်း လုမိသားစု ကဲ့သို့ ရွှေအင်မော်တယ်အဆင့်အင်အားစုများကို ယှဥ်ပြိုင်ရန်မှာမူ များစွာ လိုအပ်နေသေး၏။
တလော့အင်အားစု ဖြစ်သည့် စန်းယွင်အင်မော်တယ်နန်းတော်မှ ဝမ်ရှင်းဟန် ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
ထို့ကြောင့် ကျန်းချန်သည် လော့ရွှေကုန်သည်အဖွဲ့တွင် ကောင်းကင်အင်မော်တယ် အဆင့်ကို ထိုးဖောက်ရန် စဥ်းစားထားခဲ့သည်။
လုမိသားစုနှင့် ဝမ်ရှင်းဟန် တို့က သူ့ကို အလွန်ပင် မုန်းတီးနေကြသော်လည်း သူ့ကို ကိုင်တွယ်ရန်အတွက် ရွှေအင်မော်တယ်အဆင့်ကို အလွယ်တကူ စေလွှတ်လိမ့်မည် မဟုတ်ပေ။
သူက ကောင်းကင်အင်မော်တယ် အဆင့်ကို ထိုးဖောက်နိုင်လျှင် ကောင်းကင်အင်မော်တယ်အဆင့်တွင် ပြိုင်ဘက်ကင်းဟု မဆိုနိုင်သည့်တိုင် သူ့ကို ခြိမ်းခြောက်နိုင်မည့် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူ အများအပြားရှိတော့မည် မဟုတ်ပေ။
ထိုအချိန်သို့ရောက်လျှင် သူက ထျန်းရွှေအင်မော်တယ်မြို့တော်ကနေ ထွက်ခွာရန်နှင့် စန်းယွင်ပြည်နယ်နှင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တို့တွင် လှည့်လည်သွားလာရန် သို့မဟုတ် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေမှ ထွက်ခွာပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ကို ရှာဖွေရန် စဥ်းစားနိုင်လိမ့်မည် ဖြစ်သည်။
အချိန်မျှော်စင်အတွင်း ကျန်းချန်သည် အချိန်မျှော်စင်၏ ပထမထပ်တွင် တင်ပျဥ်ခွေ၍ ထိုင်နေကာ အင်မော်တယ်ကျောက်တုံးများမှ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေခဲ့သည်။
“ဒင်.. သင်က အင်မော်တယ်ကျောက်တုံးရဲ့ စွမ်းအားကို စုပ်ယူပြီး ပကတိအင်မော်တယ် စွမ်းအား အတွေ့အကြုံရမှတ် တစ်ထောင်ကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က အင်မော်တယ်ကျောက်တုံးရဲ့ စွမ်းအားကို စုပ်ယူပြီး ပကတိအင်မော်တယ် စွမ်းအား အတွေ့အကြုံရမှတ် တစ်ထောင်ကို အဆ ၁၀၀ ရရှိပါတယ်”
“...........”
အင်မော်တယ်ကျောက်တုံးသည် အင်မော်တယ်လောက၏ ဘုံသုံးငွေကြေး ဖြစ်သော်လည်း လူတိုင်း အသုံးမပြုနိုင်ကြပေ။
အထူးသဖြင့် ရွှေအင်မော်တယ် အဆင့်အောက်ရှိ ကျင့်ကြံသူများ အတွက် အလွန်တရာ ရှားပါးသော တည်ရှိမှု တစ်ခုဖြစ်သည်။
အင်မော်တယ်ကျောက်တုံးတစ်ခုစီတွင် ကြွယ်ဝသော အင်မော်တယ်အဆီအနှစ်များကို သိုလှောင်ထားပြီး ယင်းသည် ကျင့်ကြံခြင်းကို မြန်ဆန်စေကာ ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ် စွမ်းအားများကို ပြန်လည် ဖြည့်တင်းပေးနိုင်စွမ်းရှိသည်။
ကျန်းချန် အတွက်မူ အင်မော်တယ်ကျောက်တုံး တစ်တုံးမှ ရရှိနိုင်သော တိုးတက်မှုသည် ပကတိအင်မော်တယ် နဝမအဆင့် ခရစ္စတယ်ထက် မနည်းပေ။
ထို့ကြောင့် အင်မော်တယ်ကျောက်တုံးမှ စွမ်းအင်ကို စုပ်ယူခြင်းသည် ကျန်းချန်အတွက် ပကတိအင်မော်တယ် နဝမအဆင့် ခရစ္စတယ်ကို စုပ်ယူခြင်းထက် များစွာပို၍ မြန်ဆန်နေခဲ့၏။
သူက သုံးရက်လျှင် တစ်ကြိမ်ခန့် အင်မော်တယ်ကျောက်တုံး တစ်တုံး၏ စွမ်းအင်များကို စုပ်ယူခဲ့သည်။
ဤကဲ့သို့ ကျင့်ကြံခြင်းအောက်တွင် အချိန်မျှော်စင်ထဲ၌ သုံးနှစ် ဟူသောအချိန်ကာလသည် မျက်တောင်တစ်ခတ် အတွင်း ကုန်ဆုံးသွားခဲ့သည်။
ထိုသုံးနှစ်အတွင်း ကျန်းချန်သည် အင်မော်တယ်ကျောက်တုံး သုံးရာကျော်၏ စွမ်းအင်များကို စုပ်ယူခဲ့ပြီး အဆုံးသတ်တွင် ပကတိအင်မော်တယ် နဝမအဆင့်၏ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့သည်။
“ဒင်.. သင်က အင်မော်တယ်ကျောက်တုံးရဲ့ စွမ်းအားကို စုပ်ယူပြီး ပကတိအင်မော်တယ် စွမ်းအား အတွေ့အကြုံရမှတ် တစ်ထောင်ကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်၏ ကျင့်ကြံခြင်းအဆင့်က ပကတိအင်မော်တယ် နဝမအဆင့် အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့ပါပြီ”
“ဒင်.. သင့်ရဲ့ကျင့်ကြံခြင်းအဆင့်က ခြေလှမ်းတစ်ဝက်ကောင်းကင်အင်မော်တယ်အဆင့်ကို ရောက်ရှိသွားပြီး လက်ရှိအင်မော်တယ်စွမ်းအား အသွင်ပြောင်းလဲမှု တိုးတက်နှုန်းက တစ်သောင်းပုံတစ်ပုံ ဖြစ်ပါတယ်”
သူ၏ စိတ်ထဲမှ အဆက်မပြတ် ထွက်ပေါ်လာသော အချက်ပေးသံများကို ကြားလိုက်ရလျှင် ကျန်းချန်၏ ခပ်တင်းတင်း စေ့ထားသော မျက်ဝန်းများက ရုတ်တရက် ပွင့်လာခဲ့သည်။
အချိန်မျှော်စင်ထဲတွင် သုံးနှစ်ကျော်ကြာ ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အဆုံးသတ်၌ ပကတိအင်မော်တယ် နဝမအဆင့်ကို ကျော်ဖြတ်ကာ ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်အင်မော်တယ် စွမ်းအားသည် စုစုပေါင်းစွမ်းအား၏ တစ်သောင်းပုံတစ်ပုံသာ ရှိသေးသည်ကို မြင်လျှင် ကျန်းချန်သည် ကောင်းကင်အင်မော်တယ် ပထမအဆင့်ကို ရောက်ရန် အလွန် အလှမ်း ကွာဝေးနေသေးကြောင်း သိလိုက်ရသည်။
ထို့အပြင် ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် အင်မော်တယ်ကျောက်တုံးကို အသုံးပြု၍ ကျင့်ကြံသော အရှိန်အဟုန်သည် များစွာ နှေးကွေးသွားသည်ကို ကျန်းချန် သတိပြုမိလိုက်သည်။
ဆိုရလျှင် ကျန်ရှိသော အင်မော်တယ်ကျောက်တုံး ရာဂဏန်းကို အားလုံး စုပ်ယူလိုက်လျှင်ပင် ခြေလှမ်းတစ်ဝက်ကောင်းကင်အင်မော်တယ် အဆင့်ကနေ ကောင်းကင်အင်မော်တယ် ပထမအဆင့်ကို ထိုးဖောက်ရန် မသေချာပေ။
“ဒီအတိုင်းဆက်ပြီး ကျင့်ကြံနေလို့ မဖြစ်တော့ဘူးထင်တယ်.. အပြင်ထွက်ပြီး အခွင့်အလမ်း တချို့ကို ရှာဖွေမှ ဖြစ်တော့မယ်”
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
ပကတိအင်မော်တယ် အဆင့်နှင့် နှိုင်းယှဥ်လျှင် ကောင်းကင်အင်မော်တယ် အဆင့်သည် တိုးတက်ရန် ဆယ်ဆမက ပို၍ ခက်ခဲသည်။
ရွှေအင်မော်တယ် အဆင့်နှင့် တလော့ အင်အားစုများမှာ ပါရမီရှင်များသည်ပင် လုံလောက်သော ကျင့်ကြံခြင်း အရင်းအမြစ်များ မရှိလျှင် ကောင်းကင်အင်မော်တယ် အဆင့်တွင် အဆင့်တစ်ဆင့်မှ တစ်ဆင့်သို့ ထိုးဖောက်ရန် ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်တစ်ခုလောက် ကြာမြင့်နိုင်ခြေ ရှိသည်။
သူ့တွင် အဆ ၁၀၀ စနစ်နှင့် အချိန်မျှော်စင် ကဲ့သို့ ထူးခြားသော အရာများ ရှိနေသဖြင့် သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည် အင်မော်တယ်လောကရှိ ပါရမီရှင် အများစုထက် များစွာ ပို၍ မြန်ဆန်နေသော်လည်း သူ့တွင် လုံလောက်သော အရင်းအမြစ်များ မရှိပေ။
သူ့အတွက် ကောင်းကင်အင်မော်တယ် အဆင့်ကနေ ရွှေအင်မော်တယ် အဆင့်သို့ ထိုးဖောက်ရန် အချိန်များစွာ ယူရဦးမည်ဖြစ်သည်။
သို့ဖြစ်ရာ ရွှေအင်မော်တယ် အဆင့်ကနေ တလော့ အင်မော်တယ် အဆင့်ကို ထိုးဖောက်ရန်မှာမူ ပြောနေစရာပင် မလိုတော့ချေ။
အခန်း(၂၇၂၁)ပြီး၏။
အခန်း(၂၇၂၂)
ကျန်းချန်က တံခါးပိတ်ကျင့်ကြံမှုကို အဆုံးသတ်ပြီးနောက်တွင် လော့ချန်ချိုးကို တိုက်ရိုက်ပင် သွားရောက် တွေ့ဆုံကာ နှုတ်ဆက်ရန် ပြင်ဆင်လိုက်သည်။
“မင်း ထျန်းရွှေအင်မော်တယ်မြို့တော်ကနေ ထွက်သွားတော့မလို့လား”
ကျန်းချန်၏ ရည်ရွယ်ချက်ကို သိလိုက်ရလျှင် လော့ချန်ချိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး လေးနက်စွာ ပြောလိုက်သည်။
“ညီနောင်ကျန်းချန်.. မင်းက တလော့ လျှို့ဝှက်နယ်မြေထဲမှာ လုမိသားစုရဲ့ ပါရမီရှင်တွေကို သတ်ဖြတ်ခဲ့တယ်.. လုမိသားစုက မင်းကို အလွယ်တကူ အလွှတ်မပေးမှာ ငါစိုးရိမ်မိတယ်”
လော့ချန်ချိုးသည် သူ၏ လော့ရွှေကုန်သည်အဖွဲ့က ကျန်းချန်ကဲ့သို့ စစ်မှန်သော နဂါးတစ်ကောင်ကို ထည့်ထားရန် သေးငယ်လွန်းသဖြင့် ကျန်းချန်ကို လော့ရွှေကုန်သည် အဖွဲ့ထဲတွင် အမြဲတစေ ထိန်းထားရန် ဘယ်သောအခါမျှ မတွေးထားခဲ့ပေ။
သို့သော်လည်း ကျန်းချန် ယခုအချိန် ထွက်သွားမည်ဆိုလျှင် လုမိသားစုသည် ကျန်းချန်ကို ကိုင်တွယ်နိုင်မည့် အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်လောက်ချေ။
“ရပါတယ်.. ကိစ္စမရှိပါဘူး”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“လုမိသားစုက ကျွန်တော့်ကို ကိုင်တွယ်ချင်တယ် ဆိုရင်တောင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို အလွယ်တကူ စေလွှတ်မှာမဟုတ်ဘူး.. ကျွန်တော်က အခု ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်လို့ သာမန် ကောင်းကင်အင်မော်တယ်တွေက ကျွန်တော့်ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး”
“ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်လား”
ကျန်းချန်၏ စကားကိုကြားလျှင် လော့ချန်ချိုးသည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
ကျန်းချန်၏ ပါရမီက တုနှိုင်းမဲ့ဖြစ်ပြီး တလော့စစ်ဆေးပွဲမှ ထိပ်တန်းပါရမီရှင်များထက်ပင် သာလွန်မှန်း သူ သိထားသော်လည်း ကျန်းချန်၏ တိုးတက်မှုအရှိန်ကို ကြည့်ကာ သူ အံ့ဩထိတ်လန့်သွားခဲ့သည်။
ကျန်းချန်သည် လော့ရွှေကုန်သည်အဖွဲ့သို့ စတင် ရောက်ရှိလာချိန်တွင် ပကတိအင်မော်တယ် တတိယအဆင့်မျှသာ ရှိသေးသည်။
သို့သော်လည်း တစ်နှစ် မပြည့်သေးသော အချိန်အတွင်းမှာပင် ကျန်းချန်သည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင် ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
အဆင့်တက်ခြင်း ဆိုသည်မှာ ဤလူအတွက် ထမင်းစားရေသောက် သကဲ့သို့ပင် ရိုးရှင်းနေသလားဟု ထင်မှတ်ရသည်။
သိထားရမည့်အချက်မှာ လော့ဝူကျိ၏ ပါရမီဖြင့်ပင် ပကတိ အင်မော်တယ် အဆင့်ကနေ ကောင်းကင်အင်မော်တယ် အဆင့်သို့ ထိုးဖောက်ရန် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ခြင်းပင်။
“ညီနောင်ကျန်းချန်က ထျန်းရွှေအင်မော်တယ် မြို့တော်ကနေ ထွက်သွားဖို့ အခိုင်အမာ ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ ငါ လော့ချန်ချိုးက မင်းရဲ့ဆုံးဖြတ်ချက်ကို လေးစားရမှာပေါ့”
လော့ချန်ချိုးက အနည်းငယ် စဥ်းစားပြီးမျှ ပြောလိုက်သည်။
“ငါ့ညီ လော့ဝူကျိက အမြဲတစေ လွတ်လွတ်လပ်လပ် နေတတ်တဲ့ကောင်ပဲ.. သူလည်း လော့ရွှေကုန်သည်အဖွဲ့မှာ နေရတာ ငြီးငွေ့လာပုံရတယ်.. သူ အခု အပြင်မှာ ကျင်လည်ဖို့ အစီအစဥ် ရှိနေတယ်.. ကျန်းချန်.. လော့ဝူကျိကို အဖော်အဖြစ် မင်းအတွက် ထည့်ပေးလိုက်မယ်.. ဘယ်လိုသဘောရလဲ”
လော့ဝူကျိသည် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်ကျင့်ကြံသူ ဖြစ်ပြီး သာမန် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူပင် လော့ဝူကျိကို မယှဥ်နိုင်ပေ။
အကယ်၍ ကျန်းချန်နှင့် လော့ဝူကျိတို့သာ အတူတူ ရှိနေခဲ့လျှင် လုမိသားစုအနေဖြင့် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူကို မစေလွှတ်သရွေ့ သူတို့နှစ်ဦးကို ခြိမ်းခြောက်ရန် ခက်ခဲပေလိမ့်မည်။
ထျန်းရွှေအင်မော်တယ် မြို့တော်တွင် သူရှိနေသရွေ့ လုမိသားစုသည် သူ၏ မျက်စိအောက်ကနေ ကျန်းချန်တို့ နှစ်ဦးကို ကိုင်တွယ်ရန် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများ စေလွှတ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
“ဒါဆိုရင်တော့ ခေါင်းဆောင်လော့ကို ကျေးဇူးတင်ပါတယ်”
ကျန်းချန်က လော့ချန်ချိုးကို ဂါဝရပြုကာ ပြောလိုက်ပြီး လော့ချန်ချိုး၏ စေတနာကို ငြင်းပယ်ခြင်း မပြုခဲ့ပေ။
သူက အင်မော်တယ်လောကသို့ ရောက်ရှိလာသည်မှာ မကြာသေးသဖြင့် စန်းယွင်ပြည်နယ်၏ အခြေအနေကို သိပ်မသိသေးပေ။
လော့ဝူကျိကမူ တစ်နှစ်ပတ်လုံး ပြင်ပတွင် လှည့်လည်သွားလာနေသူ ဖြစ်ရာ ဗဟုသုတ အလွန်ပင် ကြွယ်ဝသည်။
ဆိုရလျှင် လော့ဝူကျိသည် စန်းယွင်ပြည်နယ်နှင့် မြောက်ပိုင်းအေးစက်သော နယ်မြေ အကြောင်းကို ကောင်းစွာ နားလည်ထားလောက်၏။
ယင်းအတွက်ကြောင့် လော့ဝူကျိ လိုက်ပါလာခြင်းသည် သူ့အတွက် အခက်အခဲ များစွာကို သက်သာစေနိုင်မည်မှာ သေချာသလောက်ပင်။
နောက်တစ်နေ့ နံနက်တွင် ကျန်းချန်နှင့် လော့ဝူကျိ တို့သည် လော့ချန်ချိုး တို့ကို နှုတ်ဆက်ကာ ထျန်းရွှေအင်မော်တယ် မြို့ကနေ အတူတူ ထွက်ခွာလာခဲ့ကြသည်။
ကျန်းချန်နှင့်လော့ဝူကျိတို့ ထျန်းရွှေအင်မော်တယ်မြို့တော်ကနေ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် လုမိသားစုသည် ထိုသတင်းကို ချက်ချင်းဆိုသလိုပင် ရရှိခဲ့သည်။
“လော့ချန်ချိုးက တကယ်ကို သတိကြီးတာပဲ.. သူက လော့ဝူကျိကိုတောင် ကျန်းချန်နဲ့ အတူ စေလွှတ်လိုက်တယ်.. ဒီအတိုင်း ဆိုရင်တော့ ကျန်းချန်ကို သတ်ဖို့ ဝမ်ရှင်းဟန် အတွက် မလွယ်ကူတော့ဘူး”
လုထျန်းရှင်းက သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
ဤကာလအတွင်း လုထျန်းရှင်းသည် ဝမ်ရှင်းဟန်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် လုမင်ကို စေလွှတ်ထားခဲ့သည်။
ထို့ကြောင့် ဝမ်ရှင်းဟန်က စန်းယွင်အင်မော်တယ် နန်းတော်မှ လူများကို ခေါ်ယူပြီး ထျန်းရွှေအင်မော်တယ် မြို့တော်ထဲမှာပင် ပုန်းအောင်းနေကြောင်း သူသိရှိခဲ့သည်။
ဆိုရလျှင် ကျန်းချန်တို့ ထျန်းရွှေအင်မော်တယ် မြို့တော်မှ ထွက်ခွာသွားသည်နှင့် ဝမ်ရှင်းဟန်တို့ လူစုသည် ကျန်းချန်ကို ကျိန်းသေ တိုက်ခိုက်ပေလိမ့်မည်။
သို့သော်လည်း လုထျန်းရှင်း သိထားသလောက် ဝမ်ရှင်းဟန်သည် ရွှေအင်မော်အဆင့် ကျင့်ကြံသူကို မခေါ်ယူထားဘဲ ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦးကိုသာ ခေါ်ယူထားခဲ့သည်။
ထိုကဲ့သို့ လူစာရင်းဖြင့် ဆိုလျှင် ကောင်းကင်အင်မော်တယ်အဆင့်သို့ မထိုးဖောက်ရသေးသော ကျန်းချန်ကို သတ်ဖြတ်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေသေး၏။
သို့ရာတွင် လော့ဝူကျိသာ ကျန်းချန်နှင့် အတူ ရှိနေမည် ဆိုလျှင်မူ ဝမ်ရှင်းဟန်၏ ကြားဖြတ်တိုက်ခိုက်မှုသည် ကျရှုံးရန် သေချာသလောက် ရှိနေခဲ့ချေပြီ။
လော့ဝူကျိ၏ ပါရမီနှင့်ခွန်အားအရ လော့ဝူကျိ၏ ကျင့်ကြံခြင်း အဆင့်သည် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်သာ ရှိသော်လည်း သာမန် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦးကို အလွယ်တကူပင် ချေမှုန်းနိုင်စွမ်းရှိသည်။
ဝမ်ရှင်းဟန် ခေါ်ယူထားသော ကောင်းကင်အင်မော်တယ် နှစ်ဦးသည် လော့ဝူကျိကို အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
“ခေါင်းဆောင်.. ကျွန်တော်တို့ ဝမ်ရှင်းဟန်ကို အကြောင်းကြားလိုက်ရမလား”
သတင်းလာရောက် ပေးပို့သော လုမိသားစုမှ တပည့်က အလျင်အမြန်ပင် မေးလိုက်သည်။
လုထျန်းရှင်းက အေးစက်စက်ပြုံးကာ ပြောလိုက်၏။
“မလိုဘူး.. ငါတို့ လုမိသားစုက ဒီကိစ္စမှာ ပါဝင် ပတ်သက်မှာမဟုတ်ဘူး.. အခြေအနေတွေ ဘယ်လို ပြောင်းလဲသွားမလဲ ဆိုတာကိုပဲ စောင့်ကြည့်နေမယ်”
လော့ချန်ချိုးသည် လော့ဝူကျိက ကျန်းချန်နှင့်အတူ လိုက်ပါသွားခြင်းအပေါ်တွင် အတော်လေး ဝမ်းသာနေခဲ့သည်။
အကယ်၍ ကျန်းချန် တစ်ဦးတည်းသာ ထျန်းရွှေအင်မော်တယ် မြို့တော်ကနေ ထွက်ခွာသွားမည်ဆိုလျှင် လော့ရွှေကုန်သည်အဖွဲ့နှင့် စန်းယွင်အင်မော်တယ်နန်းတော် တို့ကို ရန်တိုက်ပေးရန် အတွက် လုမိသားစုသည် ဝမ်ရှင်းဟန်က ကျန်းချန်ကို သတ်တော့မည့် သတင်းအား လော့ရွှေကုန်သည်အဖွဲ့ထံ သတင်းပို့ရလိမ့်မည် ဖြစ်သည်။
မတော်တဆ ထိုကိစ္စသာ ပေါ်ပေါက်သွားလျှင် သူတို့ လုမိသားစု အတွက်လည်း အန္တရာယ် အကြီးအကျယ် ရှိနေခဲ့သည်။
သို့သော် ယခုအခါ လော့ဝူကျိသည် ကျန်းချန်နှင့်အတူ ရှိနေခဲ့ပြီဖြစ်ရာ သူတို့ လုမိသားစု အနေဖြင့် ကျားနှစ်ကောင် တိုက်ပွဲကို တောင်ပေါ်ကနေ ထိုင်ကြည့်ရုံသာ လိုအပ်တော့သည် မဟုတ်ပါလော။
ဝမ်ရှင်းဟန်က ကျန်းချန်နှင့် လော့ဝူကျိ တို့ကို သတ်ဖြတ်လိုက်သည်ထက် ကျန်းချန်နှင့် လော့ဝူကျိ တို့က ဝမ်ရှင်းဟန်အား သတ်ဖြတ်လိုက်သည်ကို လုထျန်းရှင်း ပို၍ မျှော်လင့်နေမိသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းချန်နှင့် လော့ဝူကျိတို့ သေဆုံးသွားခြင်းသည် လော့ရွှေကုန်သည် အဖွဲ့ အတွက် အလားအလာ ရှိသော ပါရမီရှင် နှစ်ဦးကို ဆုံးရှုံးသွားခြင်းမျှသာ ဖြစ်ပြီး သူတို့ လုမိသားစု အနေဖြင့် လော့ရွှေကုန်သည်အဖွဲ့နှင့် နင်မိသားစုကို အချိန်တိုအတွင်း ဝါးမျိုနိုင်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ဝမ်ရှင်းဟန်သာ ကျန်းချန်တို့ နှစ်ဦး၏ လက်ထဲတွင် ကျဆုံးသွားလျှင်မူ ယင်းသည် စန်းယွင်အင်မော်တယ် နန်းတော်၏ ဒေါသကို သေချာပေါက် ဆွဲဆောင်သွားလိမ့်မည် ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် သူတို့ လုမိသားစု အနေဖြင့် ဘာမှပင်လုပ်ရန် မလိုအပ်ဘဲ လော့ရွှေကုန်သည် အဖွဲ့သည် ပျက်စီးခြင်းသို့ ဆိုက်ရောက်သွားပေလိမ့်မည် မဟုတ်ပါလော။
ထျန်းရွှေအင်မော်တယ် မြို့တော် အရှေ့ဘက်ရှိ ကျယ်ပြောသော လမ်းမကြီးပေါ်တွင် ကျန်းချန်နှင့် လော့ဝူကျိ တို့သည် ဘေးချင်းယှဥ်ကာ လမ်းလျှောက်နေခဲ့ကြသည်။
“ညီနောင်ကျန်းချန်...ငါ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးကို ခရီးနှင်ခဲ့တယ်လို့ မပြောနိုင်ပေမဲ့ စန်းယွင်ပြည်နယ်နဲ့ အနီးအနားက ပြည်နယ်တွေအကြောင်းကိုတော့ တော်တော်များများ သိထားတယ် မင်းနောက်ထပ် ဘယ်ကို သွားဖို့ စီစဥ်ထားလဲဆိုတာ င့ါကို ပြောပြလို့ရမလား”
လော့ဝူကျိက သူ၏ နံဘေးမှ ကျန်းချန်ကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။
ကျန်းချန်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် လော့ဝူကျိကို ပြောလိုက်၏။
“အစ်ကိုဝူကျိ.. အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော် အကြောင်းကို အစ်ကို ဘယ်လောက်အထိ သိထားလဲ”
“အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်လား”
လော့ဝူကျိက တစ်ခဏမျှ မှင်တက်သွားပြီးနောက်တွင် ခါးသီးစွာ ပြုံး၍ ခေါင်းခါလိုက်သည်။
“ငါက အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို နာမည်လောက်ပဲ ကြားဖူးတယ်.. အဲဒီအင်အားစုက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရဲ့ ပြင်ပက အင်မော်တယ်ဘုရင်အဆင့် အင်အားစုပဲ.. အဲဒီ အင်အားစုက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ထက် မနိမ့်ဘူးလို့တော့ ငါကြားဖူးတယ်”
အင်မော်တယ်လောကသည် အလွန်တရာပင် ကျယ်ပြောပြီး အတိုင်းအဆ မရှိပေ။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုထဲပင်လျှင် အတော်လေး ကျယ်ပြောလွန်းနေပြီ ဖြစ်သည်။
ပကတိအင်မော်တယ် အဆင့်နှင့် ကောင်းကင်အင်မော်တယ်အဆင့် မဆိုထားနှင့် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူအများစု ပင်လျှင် သူတို့၏ တစ်သက်တာတွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကနေ ထွက်ခွာနိုင်ရန် မသေချာပေ။
လွန်ခဲ့သော နှစ်များတွင် လော့ဝူကျိသည် မြောက်ပိုင်းအေးစက်သော နယ်မြေ အတွင်း လှည့်လည် သွားလာခဲ့သော်လည်း အခြေခံအားဖြင့် စန်းယွင်ပြည်နယ်နှင့် အနီးအနားရှိ ပြည်နယ်အနည်းငယ် အတွင်းကိုသာ လှည့်လည် သွားလာနိုင်ခဲ့သည်။
သို့ဖြစ်ရာ သူက မြောက်ပိုင်းအေးစက်သောနယ်မြေ ပြင်ပရှိ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် အကြောင်းကို မည်ကဲ့သို့ သိနိုင်ပါမည်နည်း။
လော့ဝူကျိ၏ အဖြေနှင့် ပတ်သက်၍ ကျန်းချန်.အံ့ဩခြင်းမရှိခဲ့ပေ။
ဆိုရလျှင် လော့ဝူကျိသည် ထျန်းရွှေအင်မော်တယ် မြို့တော်ကဲ့သို့ ဝေးလံခေါင်သီသော နေရာမှ လော့ရွှေကုန်သည်အဖွဲ့တွင် မွေးဖွားလာသည့် ရွှေအင်မော်တယ်အဆင့် အင်အားစုဝင် တစ်ဦးသာ ဖြစ်သည်။
အကြွင်းမဲ့ဓားအင်မော်တယ်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ ပြင်ပရှိ အင်အားစုတစ်ခု ဖြစ်၍ အနည်းဆုံး စန်းယွင်အင်မော်တယ်နန်းတော် ကဲ့သို့ ကြီးကျယ်သော တလော့အဆင့် အင်အားစုမှသာ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် အကြောင်းကို သိရှိနိုင်ပေလိမ့်မည်။
သူနှင့် စန်းယွင်အင်မော်တယ်နန်းတော်မှ ဝမ်ရှင်းဟန်တို့အကြားတွင် ရန်ငြိုးများစွာ ရှိနေသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်စေရန်အတွက် ကျန်းချန်က သတင်းအချက်အလက်စုံစမ်းရန် စန်းယွင်အင်မော်တယ် နန်းတော်သို့ သွားဖို့ အစီအစဥ် မရှိခဲ့ပေ။
ထို့အပြင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် ပြင်ပနယ်မြေ အကြောင်းကို အသိဆုံးမှာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရှိ တစ်ဦးတည်းသော အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ထိုအကြောင်းကို တွေးမိလျှင် ကျန်းချန်၏ မျက်ဝန်းများက တောက်ပလာခဲ့ပြီး လော့ဝူကျိကို ပြောလိုက်သည်။
“အစ်ကိုဝူကျိ.. ကျွန်တော် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကို သွားဖို့ ရည်ရွယ်ထားတယ်..ဒါကြောင့် အစ်ကို ကျွန်တော့်ကို မြောက်ပိုင်းအေးစက်သော အင်မော်တယ် နယ်မြေဆီ ခေါ်သွားပေးနိုင်မလား”
အခန်း(၂၇၂၂)ပြီး၏။