← Chapters

အခန်း (၂၇၂၃-၂၇၂၄)

Vol. 213 Ch. 2723-2724

အခန်း (၂၇၂၃-၂၇၂၄)

Vol. 213 Ch. 2723-2724

အခန်း(၂၇၂၃)

ကျန်းချန်၏ စကားကိုကြားလျှင် လော့ဝူကျိသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“ငါ လော့ဝူကျိ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေမှာ နှစ်ပေါင်းအကြာကြီး နေလာခဲ့ပေမဲ့ မြောက်ပိုင်းအေးစက်သောအင်မော်တယ် မြို့တော်ကိုတော့ တစ်ခါမှ မရောက်ဖူးသေးဘူး.. ညီနောင်ကျန်းချန်က အဲဒီကို သွားချင်တယ်ဆိုမှတော့ ငါတို့ အတူတူ သွားကြတာပေါ့”

မြောက်ပိုင်းအေးစက်သော အင်မော်တယ်မြို့တော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ အလယ်ဗဟိုတွင် တည်ရှိပြီး ပြည်နယ် ဆယ့်ရှစ်ခု ထဲတွင် တစ်ခု အပါအဝင်ဖြစ်သည့် ပေဟန်ပြည်နယ် ထဲတွင် ပါဝင်သည်။

ထိုနေရာသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရှိ တစ်ခုတည်းသော အင်မော်တယ်ဘုရင် အဆင့် အင်အားစုဖြစ်သည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် တည်ရှိရာ နေရာလည်း ဖြစ်၏။

လော့ဝူကျိသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်မြို့တော်သို့ သွားရောက်ရန် အမြဲတစေ ဆန္ဒရှိခဲ့သော်လည်း စန်းယွင်ပြည်နယ်နှင့် ပေဟန်ပြည်နယ်သည် အလွန်တရာပင် ဝေးကွာနေခဲ့သည်။

ယခင်က သူ၏ ခွန်အား အတော်အတန် အားနည်းနေခဲ့၍ ပြည်နယ် အများအပြားကို ကျော်ဖြတ်ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်မြို့တော်သို့ သွားရန်မှာ အလွန်တရာပင် ခက်ခဲနေခဲ့သည်။

ယခုအခါတွင် သူက ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်ကို ရောက်ရှိနေပြီး ရွှေအင်မော်တယ် အဆင့်အောက်တွင် သူ့ကို ခြိမ်းခြောက်နိုင်သူ သိပ်မရှိတော့ပေ။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်မြို့တော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံး၏ ဗဟိုချက်ဖြစ်ပြီး ထိုနေရာတွင် အင်မော်တယ်ကျင့်ကြံခြင်း ယဥ်ကျေးမှု အလွန် ထွန်းကားကာ အစွမ်းထက်ပုဂ္ဂိုလ်များသည်လည်း မရေမတွက်နိုင်လောက်အောင် များပြားသလို အထွတ်အထိပ် အခွင့်အလမ်းများစွာလည်း ရှိသည်။

ဆိုရလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်မြို့တော်သို့ သွားခြင်းသည် သူ့အတွက် ကောင်းကင်အင်မော်တယ် နဝမအဆင့်ကို အလျင်အမြန် ထိုးဖောက်နိုင်မည့်အခွင့်အလမ်းများ ပိုမို ရရှိနိုင်ပေလိမ့်မည်။

သို့မဟုတ်လျှင် သူ၏ ပါရမီက မနိမ့်ကျသည့်တိုင် ပုံမှန်အတိုင်းသာ ဆက်လက် ကျင့်ကြံသွားမည် ဆိုလျှင် ရွှေအင်မော်တယ် အဆင့်ကို ထိုးဖောက်နိုင်ရန် နှစ်ပေါင်း ရာချီ သို့မဟုတ် ထောင်ချီပင် ကြာမြင့်နိုင်ခြေ ရှိသည်။

လွန်ခဲ့သောနှစ်များအတွင်း လော့ဝူကျိသည် သူ၏ ကျင့်ကြံခြင်းကို အရှိန်အဟုန် မြှင့်ရန် အတွက် လုံလောက်‌သော အခွင့်အလမ်းများ ရရှိရန် မျှော်လင့်ချက်ဖြင့် ပြင်ပတွင် လှည့်လည်သွားလာနေခဲ့ခြင်း ဖြစ်သည်။

လုမိသားစုသည် ထျန်းရွှေအင်မော်တယ် မြို့တော်ကို လွှမ်းမိုးထားသည့် မိသားစု ဖြစ်ပြီး လော့ရွှေကုန်သည်အဖွဲ့နှင့် နင်မိသားစုတို့ ပူးပေါင်းလျှင်ပင် အမြဲတစေ အားနည်းသော ဘက်တွင်သာ ရှိနေခဲ့သည်။

သူ့အနေဖြင့် ရွှေအင်မော်တယ်အဆင့်ကို အမြန်ဆုံး ထိုးဖောက်နိုင်မှသာ ထျန်းရွှေအင်မော်တယ် မြို့တော်၏ အခြေအနေကို ပြောင်းလဲနိုင်လိမ့်မည် ဖြစ်မှန်း လော့ဝူကျိ ကောင်းစွာ သိရှိထားခဲ့၏။

သွားရမည့်နေရာကို ဆုံးဖြတ်ပြီးနောက်တွင် လော့ဝူကျိသည် ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ ကျန်းချန်ကို ခေါ်ကာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်မြို့တော် ဆီသို့ ဦးတည်ကာ ခရီးစတင်ခဲ့သည်။

သို့ရာတွင် လော့ဝူကျိသည် ခြေလှမ်း အနည်းငယ်မျှသာ လှမ်းရသေးသည့် အချိန်မှာပင် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး သူ၏ မျက်ဝန်းများက လေးနက်သွားခဲ့သည်။

“ဘာဖြစ်လို့လဲ အစ်ကိုဝူကျိ”

လော့ဝူကျိ၏ ထူးဆန်းသော အပြုအမူကို ချက်ချင်းပင် သတိပြုမိလိုက်လျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် သံသယအရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

လော့ဝူကျိက ခပ်တိုးတိုးပြောလိုက်သည်။

“တစ်ယောက်ယောက် ငါတို့ နောက်ကို လိုက်လာနေတယ်.. ကြည့်ရတာ ငါတို့ကို ပစ်မှတ်ထားနေသလိုပဲ”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်း တစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့သည်။

သူက အေးစက်စက် ပြုံးကာ လော့ဝူကျိကို ပြောလိုက်၏။

“ကျွန်တော် ထျန်းရွှေအင်မော်တယ်မြို့တော်က ထွက်လာလို့ လုမိသားစုက လူတွေ ကျွန်တော့်နောက်ကို လိုက်လာတာပဲ ဖြစ်ရမယ်.. ကြည့်ရတာ လုမိသားစုက လူတွေက ကျွန်တော့်ကို သတ်ဖို့ လုံးဝ ဆုံးဖြတ်ထားပုံပဲ”

“အဲလောက်အထိ မရိုးရှင်းမှာကို ငါစိုးရိမ်မိတယ်”

လော့ဝူကျိ၏ မျက်ဝန်းများက အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး ကျန်းချန်ကို ‌လေးနက်စွာ ပြောလိုက်သည်။

“ငါတို့ အရင်ဆုံး အမှောင်ထဲမှာ ရှိနေတဲ့ လူတွေကို ထွက်လာအောင် လုပ်ရမယ်”

ထျန်းရွှေအင်မော်တယ် မြို့တော်တွင် ကျန်းချန်ကို တိုက်ခိုက်ရန်အတွက် လုမိသားစုတွင် အဓိက အကြောင်းပြချက် ရှိသော်လည်း သူ၏ အစ်ကိုဖြစ်သူ လော့ချန်ချိုးက စောင့်ကြည့်နေသဖြင့် လုမိသားစုသည် ရွှေအင်မော်တယ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်ကို စေလွှတ်ရန် မဖြစ်နိုင်ပေ။

ထို့အပြင် ကျန်းချန်က သူနှင့်အတူ ထျန်းရွှေအင်မော်တယ် မြို့တော်ကနေ ထွက်ခွာသွားသည်ကို လုမိသားစု အနေဖြင့် သိရှိနိုင်ရန်မှာလည်း မလွယ်ကူပေ။

လုမိသားစုမှ စေလွှတ်လိုက်သောလူက ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်နေစေကာမူ သူ့ကို အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်စွမ်း မရှိသည် ဖြစ်ရာ လုမိသားစုသည် အဘယ်ကြောင့် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို အလဟဿ အသေခံရန် စေလွှတ်ပါမည်နည်း။

သူတို့နှစ်ဦးက ဘာမှ မဖြစ်သကဲ့သို့ အေးအေးဆေးဆေးပင် ဆက်လက် လျှောက်လှမ်းသွားခဲ့ကြသည်။

မကြာမီမှာပင် ကျန်းချန်နှင့် လော့ဝူကျိ တို့သည် ထျန်းရွှေအင်မော်တယ် မြို့တော်နှင့် မိုင်ပေါင်းထောင်ချီ ဝေးကွာသော ဝေးလံခေါင်သီသည့် တောအုပ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

သူတို့က တောအုပ်၏ အထက်တွင် တိတ်တဆိတ် ရပ်တန့်လိုက်ပြီး သူတို့ လာခဲ့သော လမ်းဘက်ကို လှည့်ကြည့်လိုက်ကြသည်။

“မင်းတို့ ငါတို့ နောက်ကို လိုက်နေတာ အ‌တော်လေးကြာနေပြီဆိုတော့ ထွက်လာပြီး တွေ့ဆုံကြရအောင်လား”

လော့ဝူကျိက ဟင်းလင်းပြင် တစ်နေရာကို စိုက်ကြည့်လိုက်သည်။

သူ၏ အေးစက်စက် အသံသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ပဲ့တင်ထပ်သွားခဲ့၏။

“လော့ဝူကျိ.. မင်းက နာမည်ကျော်ပါရမီရှင် တစ်ယောက် ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ငါတို့ မင်းနောက်ကနေ လိုက်လာတာကိုတောင် မင်းက ရိပ်မိနေတာပဲ”

လော့ဝူကျိ၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ပေထောင်ပေါင်း များစွာ အကွာအဝေးရှိ ဟင်းလင်းပြင်ကနေ လူရိပ် သုံးခုသည် တစ္ဆေများသဖွယ် ရိပ်ခနဲ ထွက်ပေါ်လာခဲ့သည်။

“လက်စသတ်တော့ သူဖြစ်နေတာကိုး”

လေထဲတွင် ပေါ်လာသော လူရိပ်သုံးခုကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

သူ့ရှေ့တွင် ရှိသော လူရိပ်သုံးခု ထဲမှ နှစ်ဦးမှာ လူလတ်ပိုင်းအရွယ် အမျိုးသားများ ဖြစ်ပြီး အလွန်အမင်း အားကောင်းသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။

သူတို့ထဲမှ တစ်ဦးသည် လော့ဝူကျိ၏ အောက်တွင် မရှိဘဲ ကောင်းကင်အင်မော်တယ် နဝမအဆင့်သို့ ရောက်ရှိနေသည်မှာ ထင်ရှားနေခဲ့၏။

ကျန်တစ်ဦးကမူ ထိုကျင့်ကြံသူထက် အနည်းငယ် နိမ့်ကျသော်လည်း အလွန် အစွမ်းထက်သည့် ကောင်းကင်အင်မော်တယ်တစ်ဦး ဖြစ်သည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး၏ ဘေးတွင်မူ ကျန်းချန်နှင့် အလွန်တရာ ရင်းနှီးသော အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး ရှိနေခဲ့၏။

စင်စစ် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အခြားသူ မဟုတ်ဘဲ စန်းယွင်အင်မော်တယ်နန်းတော်မှ ဝမ်ရှင်းဟန်ပင်ဖြစ်သည်။

ဝမ်ရှင်းဟန်သည် တလော့လျှို့ဝှက်နယ်မြေ ခရီးစဥ်ပြီးဆုံးပြီးနောက်တွင် စန်းယွင်အင်‌မော်တယ် နန်းတော်သို့ ပြန်မသွားခဲ့ပေ။

ထိုအစား သူက စန်းယွင်အင်မော်တယ်နန်းတော်မှ အစွမ်းထက် ပုဂ္ဂိုလ်များကို ခေါ်ကာ ထျန်းရွှေအင်မော်တယ်မြို့တော်တွင် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်၏။

ဝမ်ရှင်းဟန်က ထျန်းရွှေအင်မော်တယ် မြို့တော်ကနေ ကျန်းချန် ထွက်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းချန်ကို တိုက်ခိုက်ရန် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ခြင်း ဆိုလည်းမမှားပေ။

“ဒီကောင်က အကြွင်းမဲ့ အေးစက်သော အင်မော်တယ်အရှင်ရဲ့ အမွေအနှစ်ကို တော်တော်လေး စွဲလန်းနေတဲ့ပုံပဲ”

“ညီနောင်ကျန်းချန် မင်းဒီသုံးယောက်ကို သိလို့လား”

သူ့ရှေ့မှ လူသုံးယောက်ကို အသေအချာ စိုက်ကြည့်ရင်း လော့ဝူကျိ၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

လော့ဝူကျိသည် တစ်နှစ်ပတ်လုံး လှည့်လည် သွားလာနေသူဖြစ်ရာ လုမိသားစုရှိ ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ အားလုံးနှင့် အလွန်ပင် ရင်းနှီးနေခဲ့သည်။

ထို့ကြောင့် သူတို့ ရှေ့တွင် ရုတ်တရက် ပေါ်လာသော ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူသည် လုမိသားစုမှ မဟုတ်သည်မှာ သေချာနေခဲ့၏။

ရှင်းလင်းစွာဆိုရလျှင် သူ့ရှေ့မှ ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ၏ ခွန်အားသည် လုမိသားစုမှ ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူများထက် ပိုမို၍ သန်မာနေခဲ့သည်။

သူ၏ ခန့်မှန်းချက်အရ ထိုလူသည် တလော့အဆင့်ရှိ အင်အားစုမှ ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူသာ ဖြစ်နိုင်ပေလိမ့်မည်။

သူတို့က ထျန်းရွှေအင်မော်တယ် မြို့တော်က ထွက်လာရုံသာ ရှိသေးသော်လည်း အဘယ်ကြောင့် တလော့အင်အားစုမှ လူများ၏ ပစ်မှတ်ထားခြင်းကို ခံရပါသနည်း။

“သူတို့က စန်းယွင်အင်‌မော်တယ်နန်းတော်က လူတွေပဲ”

ကျန်းချန်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဟိုကောင်က တလော့လျှို့ဝှက်နယ်မြေထဲမှာ ကျွန်တော်တို့ တွေ့ခဲ့တဲ့ ဝမ်ရှင်းဟန်ပဲ.. သူက စန်းယွင်အင်မော်တယ်နန်းတော်ကို မပြန်ဘဲ ထျန်းရွှေအင်မော်တယ် မြို့တော်ထဲမှာပဲ ပုန်းအောင်းနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး.. ဒါ့အပြင် သူက စန်းယွင်အင်မော်တယ် နန်းတော်က အစွမ်းထက်ပုဂ္ဂိုလ်တွေကိုတောင် ခေါ်ထားသေးတယ်”

“လက်စသတ်တော့ စန်းယွင်အင်‌မော်တယ် နန်းတော်က ကျင့်ကြံသူတွေ ဖြစ်နေတာကိုး”

သူက ဝမ်ရှင်းဟန်ကို လူကိုယ်တိုင် မမြင်ဖူးသော်လည်း စန်းယွင်အင်မော်တယ် နန်းတော်မှ ပါရမီရှင် ဝမ်ရှင်းဟန်အကြောင်းကိုမူ ကြားဖူးနားဝ ရှိထားခဲ့သည်။

ထျန်းရွှေအင်မော်တယ် မြို့တော်တွင် ဝမ်ရှင်းဟန် ပုန်းအောင်းနေသည့် အကြောင်းရင်းမှာ အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်၏ တလော့အမွေအနှစ် အတွက်သာ ဖြစ်နိုင်ပေလိမ့်မည်။

“ကျန်းချန် မတွေ့ရတာကြာပြီပဲ.. နေကောင်းတယ် မဟုတ်လား”

ကျန်းချန်တို့ နှစ်ဦး စကားပြောဆိုနေစဥ်မှာပင် ဝမ်ရှင်းဟန်သည် ကျန်းချန်ကို မထီမဲ့မြင် ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

“ကျန်းချန်.. မင်းက ထျန်းရွှေအင်မော်တယ် မြို့တော်မှာ အချိန်အကြာကြီး ပုန်းအောင်းနေခဲ့တာပဲ.. နောက်ဆုံးတော့လည်း မင်းထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီ‌‌ပေါ့”

ကျန်းချန်က ဝမ်ရှင်းဟန်ကို အေးစက်စက် ကြည့်လိုက်သည်။

“ဝမ်ရှင်းဟန်.. မင်း တကယ်ကို ဇွဲကောင်းတာပဲ”

“ကျန်းချန် အပိုစကားတွေ ပြောမနေနဲ့တော့”

ဝမ်ရှင်းဟန်က ခက်ထန်သော အကြည့်ဖြင့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်ရဲ့ အမွေအနှစ်ကို ငါ့ဆီ လွှဲပေးစမ်း.. ဒီလိုဆိုရင် ငါ မင်းအသက်ကို ချမ်းသာပေးဖို့ စဥ်းစားပေးမယ်.. မဟုတ်ရင်တော့ ဒီနေရာက မင်းရဲ့သင်္ချိုင်း ဖြစ်သွားစေရမယ်”

“ဝမ်ရှင်းဟန်.. တလော့အင်မော်တယ်ရဲ့ အမွေအနှစ်က သူနဲ့ ထိုက်တန်တဲ့ ကံကြမ္မာရှိမှပဲ ရနိုင်တယ်.. မင်းအနေနဲ့ အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်ရဲ့ အမွေအနှစ်ကို မရခဲ့ဘူး ဆိုတာက အဲဒီ အမွေအနှစ်နဲ့ မင်းနဲ့ ကံမပါဘူးလို့ ဆိုလိုတာပဲ.. ဘာလို့ မင်းက တလော့အမွေအနှစ် အတွက်နဲ့ ဒီလောက်အထိ အရှက်မရှိတဲ့ လုပ်ရပ်တွေကို လုပ်နေရတာလဲ”

လော့ဝူကျိက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“ကောင်လေး.. မင်းက စန်းယွင်အင်မော်တယ်နန်းတော်က ဖြစ်နေတာနဲ့ပဲ ငါလော့ဝူကျိက မင်းကို ကြောက်နေလိမ့်မယ်လို့ မထင်နဲ့”

“လော့ဝူကျိ.. ဒါက ငါနဲ့ ကျန်းချန်ကြားက ရန်ငြိုးပဲ.. မင်းအနေနဲ့ လော့ရွှေကုန်သည် အဖွဲ့ကို မပျက်စီးချင်ဘူး ဆိုရင် ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စမှာ ဝင်မရှုပ်တာ ကောင်းလိမ့်မယ်”

ဝမ်ရှင်းဟန်က လော့ဝူကျိကို အေးစက်စက် ပြောလိုက်ပြီးနောက်တွင် ကျန်းချန်ကို စိတ်မရှည်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ကျန်းချန်.. ငါမင်းကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်.. အကြွင်းမဲ့ အေးစက်သော အင်မော်တယ်အရှင်ရဲ့ အမွေအနှစ်ကို ငါ့ဆီ လွှဲပေးမလား ဒါမှမဟုတ် အသေခံမလား ဆိုတာ မင်းကိုယ်တိုင်ပဲ ရွေးချယ်ပါ”

“ဟားဟား ဒီနေ့ကိစ္စကိုတော့ ငါလော့ဝူကျိ သေချာပေါက် ဝင်ပါရတော့မှာပဲ”

လော့ဝူကျိက ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။

“မင်းက ညီနောင်ကျန်းချန်ကို ထိချင်တယ် ဆိုရင် ငါလော့ဝူကျိ သဘောတူ မတူ အရင်မေးရလိမ့်မယ်”

အခန်း(၂၇၂၃)ပြီး၏။

အခန်း(၂၇၂၄)

“မင်းတော်တော် ခေါင်းမာလှချည်လား”

လော့ဝူကျိ၏ မောက်မာသော စကားကိုကြားလျှင် စန်းယွင်အင်မော်တယ် နန်းတော်မှ ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကနေ အေးစက်သောအရှိန်အဝါများ‌ ပေါက်ကွဲထွက်လာခဲ့သည်။

သူက နံဘေးရှိ ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူကို ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။

“ကျိအန်း.. လော့ဝူကျိကို ငါပဲ ကိုင်တွယ်လိုက်မယ်.. မင်းက ဝမ်ရှင်းဟန်ကို ကူညီပြီး ကျန်းချန် ဆိုတဲ့ ကောင်လေးကို ဖမ်းဆီးလိုက်”

လော့ဝူကျိသည် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်သာ ရှိသော်လည်း ပါရမီကမူ စန်းယွင်ပြည်နယ် တစ်ခုလုံးတွင် ထိပ်တန်းအဆင့်၌ ရှိသူ ဖြစ်သည်။

သာမန် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူသည် လော့ဝူကျိ၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ချေ။

သို့သော်လည်း စန်းယွင်အင်မော်တယ်နန်းတော်၏ တပည့်တစ်ဦး အနေဖြင့် သူ၏ ခွန်အားသည် သာမန် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူများထက် အနည်းငယ်ပို၍ သာလွန်နေခဲ့သည်။

ဆိုရလျှင် သူ့အနေဖြင့် လော့ဝူကျိကို အနိုင်မရလျှင်ပင် လော့ဝူကျိကို ထိန်းထားနိုင်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေသေး၏။

ထို့အပြင် သူနံဘေးတွင် ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် ကျိအန်းလည်း ရှိနေသေးသည်။

ကျိအန်း၏ ခွန်အားဖြင့်သာ ဆိုလျှင် ‌ကောင်းကင်အင်မော်တယ် အဆင့်ကို မထိုးဖောက်ရသေးသော ကောင်လေးတစ်ယာက်ကို ကိုင်တွယ်ရန်မှာ လက်ဖျောက် တစ်ချက်တီးစာ မျှသာ ကြာလိမ့်မည် မဟုတ်ပါလော။

စကားဆုံးသည်နှင့် ကောင်းကင်အင်မော်တယ် နဝမအဆင့်ကျင့်ကြံသူ၏ ပုံရိပ်သည် လျှပ်စီးသဖွယ် လျင်မြန်စွာဖြင့် လော့ဝူကျိ ထံသို့ တိုးဝင်သွားခဲ့သည်။

ထိုအချင်းအရာကိုမြင်လျှင် လော့ဝူကျိ၏ မျက်ဝန်းများ၌ အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

သူက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ရာ မြစ်ရေ အရှိန်အဟုန်ဖြင့် စီးဆင်းလာသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းကင်အင်မော်တယ် စွမ်းအားများသည် လက်သီးချက်နှင့် အတူ ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူထံသို့ တိုးဝင်သွားခဲ့သည်။

“ဝုန်း..”

လက်သီးချက်သည် သူ့ထံသို့ ပြေးဝင်လာသည့် စန်းယွင်အင်မော်တယ်နန်းတော်မှ ကောင်းကင်အင်မော်တယ် နဝမအဆင့်ကျင့်ကြံသူသို့ တိုက်ရိုက်ပင် သက်ရောက်သွားခဲ့၏။

စန်းယွင်အင်မော်တယ်နန်းတော်မှ ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်သွားခဲ့ပြီး ‌ပေရာဂဏန်းခန့် အကွာအဝေးသို့ ချက်ချင်းဆိုသလို လွင့်ထွက်သွားခဲ့ပြီးမှသာ သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

“ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် အထွတ်အထိပ်ပါလား”

ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူသည် ဖြူဖျော့နေသော မျက်နှာဖြင့် လော့ဝူကျိကို ကြည့်ကာ တအံ့တဩ ရေရွတ်လိုက်သည်။

သူ၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်သော အမူအရာများ ထင်ဟပ်နေခဲ့၏။

သူတို့ စန်းယွင်အင်‌မော်တယ် နန်းတော်တွင်ပင် လော့ဝူကျိ၏ ပါရမီကို ယှဥ်နိုင်မည့် ကောင်းကင်အင်မော်တယ် အဆင့် ပါရမီရှင်များသည် လက်တစ်ဖက်စာထက် မပိုလောက်ပေ။

သူ သိထားသလောက် လော့ဝူကျိ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် အစောပိုင်းတွင်သာ ရှိ၍ သူ့ကိုယ်သူ လော့ဝူကျိနှင့် ယှဥ်ပြိုင်နိုင်မည်ဟု ယုံကြည်ချက်ရှိခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင်မူ လော့ဝူကျိသည် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ကောင်းကင်အင်မော်တယ် နဝမအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည် ဖြစ်ရာ သူ့အနေဖြင့် လော့ဝူကျိ၏ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်တော့ပေ။

“ကောင်းကင်အင်မော်တယ် နဝမအဆင့်ကို ထိုးဖောက်လုနီးပါးအထိ တိုးတက်လာတယ် ဆိုတော့ အစ်ကိုဝူကျိက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ”

လော့ဝူကျိကို ကြည့်နေသည့် ကျန်းချန်၏ မျက်ဝန်းများတွင် အံ့ဩသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

လွန်ခဲ့သော တစ်နှစ်က ‌လော့ရွှေကုန်သည် အဖွဲ့သို့ လော့ဝူကျိပြန်လာစဥ်တွင် လော့ဝူကျိ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်သို့ စတင် ထိုးဖောက်ရုံသာ ရှိသေးသည်။

ယခု တစ်နှစ်ပင် မပြည့်သေးသော အချိန်အတွင်း လော့ဝူကျိသည် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ချေပြီ။

ယင်းကဲ့သို့ ကျင့်ကြံခြင်းအရှိန်အဟုန်သည် သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။

ကျန်းချန်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့်သာ ရောက်ရှိသေးသော်လည်း ကောင်းကင်အင်မော်တယ်အဆင့်သည် ပကတိအင်မော်တယ် အဆင့်ထက် အဆင့်တက်ရန် ဆယ်ဆမက ပိုမို ခက်ခဲကြောင်း ခံစားမိခဲ့သည်။

အကယ်၍ သူသာ ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်သို့ ရောက်ရှိနေမည် ဆိုလျှင် စနစ်မှ အဆ ၁၀၀ အတွေ့အကြုံနှင့် အချိန်မျှော်စင်၏ အချိန်စီးဆင်းမှု ဆယ်ဆဖြင့်ပင်လျှင် တစ်နှစ်အတွင်း ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် အစောပိုင်းကနေ အထွတ်အထိပ်သို့ ရောက်ရှိရန် မသေချာပေ။

လော့ဝူကျိက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

“ဒါက ချင်းအာကို ညီနောင်ကျန်းချန် ပေးခဲ့တဲ့ ပကတိအင်မော်တယ် သစ်သီးကြောင့်ပါ.. ပကတိအင်‌မော်တယ်သစ်သီးကြောင့်သာ မဟုတ်ရင် ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဒီအဆင့်ကို ရောက်ဖို့ ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်နေဦးမှာပဲ”

ထိုစကားကို ကြားလျှင် ကျန်းချန်သည် နားလည်သွားခဲ့ပြီး ခေါင်းညိတ်လိုက်သည်။

လော့ချင်းအာက လော့ဝူကျိကို ပကတိအင်မော်တယ် သစ်သီးပေးခဲ့၍ လော့ဝူကျိ၏ တိုးတက်မှု အရှိန်အဟုန်က ဤမျှလောက်အထိ မြန်ဆန်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်ထက် မနိမ့်သော သစ်ပင်မိစ္ဆာထံမှ ရရှိသည့် ပကတိအင်မော်တယ် သစ်သီး တစ်လုံးသည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်အောက်ရှိ ကောင်းကင်အင်မော်တယ်တစ်ဦး အတွက် အဆင့်တစ်ဆင့် တိုးမြှင့်ရန် လုံလောက်သည်။

လော့ဝူကျိ၏ ကျင့်ကြံခြင်းအဆင့်ကမူ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ထက် များစွာ သာလွန်နေ၍ ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် အစောပိုင်းကနေ အထွတ်အထိပ်သို့သာ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

တခြားတစ်ဖက်တွင်လည်း စန်းယွင်အင်မော်တယ် နန်းတော်မှ ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူသည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ စိတ်ထဲတွင် ဆုတ်ခွာလိုသော စိတ်ဆန္ဒများ ပေါ်လာခဲ့သည်။

“ဝမ်ရှင်းဟန်.. လော့ဝူကျိက အရမ်းကို အစွမ်းထက်တယ်.. ရွှေအင်မော်တယ် အဆင့်အောက်မှာ သူနဲ့ ယှဥ်နိုင်သူက မရှိသလောက်ပဲ.. ငါတို့ အရင်ဆုတ်ကြရအောင်”

“မဖြစ်ဘူး.. အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်ရဲ့အမွေအနှစ်ကို ကျန်းချန် ဆီကနေ ငါ သေချာပေါက် ပြန်ယူရလိမ့်မယ်”

ဝမ်ရှင်းဟန်က ဆုတ်ခွာ၍ အစီအစဥ် လုံးဝမရှိခဲ့ပေ။

သူက ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူကို ကြည့်ကာ ပြောလိုက်သည်။

“စီနီယာအစ်ကိုချိုးတင်.. စီနီယာရဲ့ခွန်အားနဲ့ ဆိုရင် လော့ဝူကျိကို တစ်ခဏလောက် ထိန်းထားဖို့ အတွက် ကိစ္စမရှိဘူး မဟုတ်လား”

ဝမ်ရှင်းဟန်၏ ပါရမီနှင့်ခွန်အား အရ စန်းယွင်အင်မော်တယ်နန်းတော်တွင် အဆင့်အတန်း မနိမ့်ကျသော်လည်း ဝမ်ရှင်းဟန်၏ ရည်မှန်းချက်သည် ထိုမျှလောက်သာ မဟုတ်ပေ။

သူက စန်းယွင်အင်‌မော်တယ် နန်းတော်၏ အနာဂတ် နန်းတော် အရှင်သခင် ဖြစ်ချင်နေခြင်းပင်။

သူ့အနေဖြင့် ဤအဆင့်အထိ တက်လှမ်းလိုလျှင် တလော့ အမွေအနှစ်ကို ရရှိထားသော သူနှင့်ခေတ်ပြိုင် ပါရမီရှင်နှစ်ဦးကို အရင်ဆုံး အနိုင်ယူရလိမ့်မည် ဖြစ်၏။

ထိုနှစ်ဦးကို အနိုင်ယူရန်အတွက် အကြွင်းမဲ့ အေးစက်သော အင်မော်တယ်အရှင်၏ တလော့အမွေအနှစ်သည် သူ့အတွက် အခွင့်အရေးပင် မဟုတ်ပါလား။

ယင်းကြောင့် မည်သို့ပင် ပေးဆပ်ရစေကာမူ သူက ကျန်းချန် ထံကနေ အေးစက်သော အင်မော်တယ်အရှင်၏ အမွေအနှစ်ကို ရယူရန် ဆုံးဖြတ်ထားခဲ့သည်။

လော့ဝူကျိ၏ ခွန်အားက ကြီးမားသော်လည်း ချိုးတင် အနေဖြင့် လော့ဝူကျိကို တစ်ခဏမျှ ထိန်းထားပေးနိုင်လျှင် လုံလောက်ပြီဟု သူယူဆခဲ့သည်။

ကျန်းချန်က မွန်းစတားဆန်သော ပါရမီရှင်တစ်ဦး ဖြစ်ပြီး သူ့ထက်ပင် သာလွန်နေစေကာမူ အဆုံးစွန်အားဖြင့် ပကတိအင်မော်တယ် အဆင့်တွင်သာ ရှိသေးသည်။

ဆိုရလျှင် ကျန်းချန် အနေဖြင့် မည်မျှပင် ကောင်းကင်ကို ဆန့်ကျင်နေသော ပါရမီရှင်ဖြစ်နေပါစေ၊ ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့် ကျိအန်းကို လုံးဝ ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။

ကျိအန်း၏ ခွန်အားဖြင့် ဆိုလျှင် ကျန်းချန်ကို ဖမ်းဆီးရန်မှာ လက်ဖျောက် တစ်ချက်တီးစာ အချိန်မျှသာ လိုအပ်သည် မဟုတ်ပါလော။

“လော့ဝူကျိရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သာမန် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတွေထက် အများကြီးသာလွန်တယ်.. ငါအကြာကြီးတော့ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး.. မင်းတို့ အဲဒီကောင်လေးကို အမြန်ဆုံး ဖမ်းဆီးမှ ဖြစ်လိမ့်မယ်”

ချိုးတင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။

ထို့နောက်တွင် ကောင်းကင်အင်မော်တယ် နဝမအဆင့်၏ အားကောင်းသော အရှိန်အဝါများသည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်‌ပေါ်လာခဲ့သည်။

သူ၏ ပါရမီက သာမန်မျှသာ ဖြစ်ပြီး စန်းယွင်အင်မော်တယ်နန်းတော်၏ သာမန် တပည့်တစ်ဦးသာ ဖြစ်သည်။

သူက ကောင်းကင်အင်မော်တယ် နဝမအဆင့်ကို ရောက်ရှိနေသော်လည်း သူ၏ အဆင့်အတန်းသည် စန်းယွင်အင်မော်တယ်နန်းတော်တွင် မမြင့်မားသလို ရွှေအင်မော်တယ် အဆင့်ကို ထိုးဖောက်ရန် အတွက်လည်း လုံလောက်သောအရင်းအမြစ်များ ရရှိရန် ခက်ခဲနေခဲ့၏။

ထို့ကြောင့် သူ့အနေဖြင့် နောက်ထပ် ခြေလှမ်းတစ်လှမ်း ထပ်လှမ်းလိုလျှင် အားကိုးရမည့် နောက်ခံကို ရှာဖွေရလိမ့်မည် ဖြစ်သည်။

ဝမ်ရှင်းဟန်သည် စန်းယွင်အင်မော်တယ်နန်းတော်၏ ပကတိအင်‌မော်တယ် အဆင့် ထိပ်တန်းပါရမီရှင် သုံးဦးထဲမှ တစ်ဦးဖြစ်ပြီး ဝမ်ရှင်းဟန်၏ ဆရာသည် ရွှေအင်မော်တယ် သတ္တမအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ထို့ကြောင့်လည်း ချိုးတင်သည် ဝမ်ရှင်းဟန် ထံတွင် အခိုင်အမာ ခိုလှုံထားခြင်း ဖြစ်၏။

အကယ်၍ ဝမ်ရှင်းဟန်သာ တလော့အမွေအနှစ်ကို ရရှိခဲ့လျှင် ဝမ်ရှင်းဟန်၏ အဆင့်အတန်းသည် ပိုမို မြင့်မားလာမည် ဖြစ်ရာ ယင်းသည် ချိုးတင် အတွက်လည်း အကျိုးအမြတ်များစွာ ရှိလာလိမ့်မည် မဟုတ်ပါလော။

ထို့ကြောင့်ပင် သူက ဝမ်ရှင်းဟန်၏ စကားကို နာခံကာ လော့ဝူကျိကို တတ်နိုင်သမျှ အချိန်ဆွဲထားရန် ဆုံးဖြတ်လိုက်သည်။

သူ့အနေဖြင့် လော့ဝူကျိ၏ ပြိုင်ဘက် မဟုတ်သည်မှာ သေချာသော်လည်း လော့ဝူကျိကို တစ်ခဏမျှ ထိန်းထားနိုင်ရန်မှာမူ ပြဿနာမရှိပေ။

ဝမ်ရှင်းဟန်က အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

“စီနီယာအစ်ကိုကျိအန်း.. စလိုက်တော့.. ကျွန်တော်လည်း ဘေးကနေ အကူအညီပေးပါ့မယ်”

“ဟားဟား ဒါက ပကတိအင်မော်တယ် အဆင့်က ကောင်လေးတစ်ယောက်ပါပဲ.. ငါ့အနေနဲ့ လက်ချောင်းတစ်ချောင်းနဲ့တောင် သူ့ကို နှိမ်နင်းနိုင်တယ်...မင်းရဲ့ အကူအညီ ဘာလို့ လိုအပ်နေဦးမှာလဲ”

ကျိအန်းက အေးစက်စက် ပြုံးလိုက်ပြီးနောက်တွင် ဟင်းလင်းပြင်ကို ခြေတစ်ချက် ဆောင့်နင်းကာ ကျန်းချန်ထံသို့ တိုက်ရိုက်ပင် ပြေးဝင်သွားခဲ့သည်။

ထိုအချင်းအရာကိုမြင်လျှင် လော့ဝူကျိ၏ မျက်နှာက အေးစက်သွားခဲ့ပြီး လှုပ်ရှားရန် ပြင်လိုက်စဥ်မှာပင် ချိုးတင်သည် လော့ဝူကျိကို ကြောက်မက်ဖွယ် စွမ်းအားများ ထုတ်ဖော်၍ တိုက်ခိုက်လာခဲ့သည်။

“ဖယ်စမ်း”

လော့ဝူကျိက ဒေါတသကြီး ကြုံးဝါးလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို အနည်းငယ်မျှပင် ထိန်ချန်မထားဘဲ ချိုးတင်ကို တိုက်ခိုက်လိုက်သည်။

လော့ဝူကျိသည် ကျန်းချန်၏ ပါရမီက ကမ္ဘာပေါ်တွင် ရှားပါးပြီး ဝမ်ရှင်းဟန် ကဲ့သို့ တလော့အင်အားစုမှ ပါရမီရှင်ထက်ပင် သာလွန်ကြောင်း သိထားသော်လည်း ပကတိအင်မော်တယ်အဆင့်ဖြင့် စန်းယွင်အင်မော်တယ် နန်းတော်မှ ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူကို ယှဥ်ပြိုင်ရန်မှာ ဘယ်လိုမှ လွယ်ကူမည် မဟုတ်မှန်း နားလည်ထားခဲ့သည်။

ယင်းအတွက်ကြောင့် သူက ချိုးတင်ကို တတ်နိုင်သမျှ အမြန်ဆုံး အနိုင်ယူရလိမ့်မည် ဖြစ်သည်။

သို့မဟုတ်လျှင် ကျန်းချန်သည် ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူ၏ လက်ထဲတွင် အချိန်အကြာကြီး တောင့်ခံ မထားနိုင်မည်ကို သူစိုးရိမ်နေမိ၏။

အခန်း(၂၇၂၄)ပြီး၏။

All Chapters