အခန်း (၂၇၂၅-၂၇၂၆)
Vol. 213 Ch. 2725-2726
အခန်း(၂၇၂၅)
“လော့ဝူကျိ.. ငါတို့ရဲ့ပစ်မှတ်က ကျန်းချန်ပဲ.. မင်းက ဘာလို့ ကိုယ်နဲ့ မဆိုင်တဲ့ကိစ္စမှာ ဝင်ပါနေရတာလဲ.. စန်းယွင်ပြည်နယ်မှာ ငါတို့ စန်းယွင်အင်မော်တယ် နန်းတော်နဲ့ ရန်သူ ဖြစ်ရတဲ့အကျိုးဆက်ကို မင်းသေချာစဥ်းစားသင့်တယ်”
ချိုးတင်က လော့ဝူကျိ၏ တိုက်ခိုက်မှုကို အစွမ်းကုန် ခုခံနေရင်း ခြိမ်းခြောက်လိုက်သည်။
လော့ဝူကျိကဲ့သို့ ပါရမီရှင်တစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်သည် အမှန်တကယ်ပင် အလွန်တရာ အစွမ်းထက်၏။
ကျင့်ကြံခြင်းအဆင့်တွင် သူ့ထက် အဆင့်တစ်ဆင့် နိမ့်နေသည့်တိုင် တိုက်ခိုက်ရေးစွမ်းအားကမူ သူ့ထက် တစ်ဆင့်မက သာလွန်နေခဲ့သည်။
ချိုးတင်က အစွမ်းကုန် ကြိုးစား၍ ခုခံနေသော်လည်း လော့ဝူကျိ၏ လက်ထဲတွင် အရေးနိမ့်နေဆဲပင်။
“ဟမ့် စန်းယွင်အင်မော်တယ်နန်းတော်ရဲ့ အမည်နဲ့ ငါ့ကို ခြိမ်းခြောက်ဖို့ မစဥ်းစားနဲ့”
လော့ဝူကျိက လူသတ်ငွေ့လွှမ်းသော အကြည့်ဖြင့် ချိုးတင်ကို စိုက်ကြည့်လိုက်သည်။
“ဒီနေ့ မင်းတို့ အားလုံး ဒီနေရာမှာ ကျဆုံးသွားမယ် ဆိုရင် စန်းယွင်အင်မော်တယ်နန်းတော်က ငါ့ကို ဘာတတ်နိုင်တော့မှာလဲ”
“ရေခဲဝိညာဥ်ဆန်းကြယ်ဓားသိုင်း”
လော့ဝူကျိက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏ လက်ထဲရှိ ဓားရှည်ဖြင့် ခုတ်ပိုင်းချလိုက်သည်။
ကြောက်မက်ဖွယ်ရာကောင်းသော အအေး စွမ်းအားများသည် ဟင်းလင်းပြင်ထဲတွင် ဆူနာမီ လှိုင်းလုံးကြီး သဖွယ် ကြွတက်လာခဲ့သည်။
ထူထဲသော ဓားအလင်းသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားကာ နဂါးကိုးကောင် ကဲ့သို့ ပျံဝဲရင်း ကြီးမားသော ရေခဲစွမ်းအင်လှိုင်းလုံးကြီးကို ဆောင်ကြဥ်း၍ ချိုးတင်ထံ ဦးတည်လာခဲ့သည်။
ထိုဓားချက်သည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းပြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်သည် ပေါက်ကွဲသွားခဲ့ကာ ဘာမှမကျန်ရှိသည့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ချိုးတင်က မျက်နှာ သိသိသာသာပင် ပျက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်အင်မော်တယ် စွမ်းအားများကို ချက်ချင်းဆိုသလိုပင် အဆုံးစွန်အထိ ထုတ်ဖော်ကာ လော့ဝူကျိနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာခဲ့ပြီးနောက်တွင် ချိုးတင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားခဲ့ပြီး ပေရာဂဏန်းခန့် အကွာအဝေးအထိ လွင့်ထွက်သွားခဲ့သည်။
သူက ခန္ဓာကိုယ်ဟန်ချက်ကို မနည်းပင် ပြန်လည် ထိန်းချုပ်လိုက်ရပြီး လည်ချောင်းထဲသို့ ပျို့တက်လာသော သွေးများကို အတင်းအကျပ် ပြန်လည် မျိုချလိုက်ရ၏။
သူ၏ မျက်နှာတစ်ခုလုံးက အလွန်အမင်း ဖြူဖျော့နေခဲ့ပြီ ဖြစ်သည်။
“ဒီလူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က တကယ်ကို ကြောက်စရာပဲ”
ချိုးတင်က လော့ဝူကျိကို အတော်လေး ထိတ်လန့်နေခဲ့သည်။
မူလက သူ့အနေဖြင့် လော့ဝူကျိ၏ ပြိုင်ဘက် မဟုတ်လျှင်ပင် ကောင်းကင်အင်မော်တယ် နဝမအဆင့် အထွတ်အထိပ်ခွန်အားဖြင့် ဆိုလျှင် လော့ဝူကျိကို ယှဥ်ပြိုင်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် ယခုအခါတွင် ချိုးတင်သည် လော့ဝူကျိကို လျှော့တွက်မိခဲ့မှန်း သဘောပေါက်သွားခဲ့သည်။
လော့ဝူကျိ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူထင်ထားသည်ထက်ပင် ပိုမို၍ အားကောင်း၏။
အကယ်၍ လော့ဝူကျိသာ ကောင်းကင်အင်မော်တယ် နဝမအဆင့်အထိ ထိုးဖောက်သွားမည် ဆိုလျှင် သာမန် ရွှေအင်မော်တယ် ပထမအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် တိုက်ခိုက်နိုင်စွမ်း ရှိကောင်း ရှိနိုင်ပေလိမ့်မည်။
လော့ဝူကျိက ချိုးတင်ကို ဓားချက် တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သော်လည်း လိုက်လံတိုက်ခိုက်ခြင်း မရှိဘဲ ကျန်းချန် ရှိရာထံသို့ လှမ်းကြည့်လိုက်သည်။
သူက ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ကျိအန်းကို သတ်ဖြတ်ကာ ကျန်းချန် အတွက် ခြိမ်းခြောက်မှုကို အရင်ဖယ်ရှားပေးရန် ရည်ရွယ်ထားသည်မှာ ထင်ရှားနေခဲ့၏။
ထိုအခိုက်အတန့်တွင် လော့ဝူကျိ၏ ရည်ရွယ်ချက်ကို ရိပ်စားမိသွားခဲ့ပြီး ချိုးတင်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
သူက သွားများကို အံကြိတ်ကာ အေးစက်စက် ကြုံးဝါးလိုက်သည်။
“လော့ဝူကျိ မင်းရဲ့ပြိုင်ဘက်က ငါပဲ...စန်းယွင် အင်မော်တယ်ဝါးမျိုခြင်းနည်းစနစ်”
“ဝုန်း..”
ချိုးတင်၏ ကြုံးဝါးသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ချိုးတင်၏ ခန္ဓာကိုယ်ကနေ ယခင်ထက် ပိုမို အားကောင်းသော အရှိန်အဝါများ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။
ဤအခြေအနေတွင် ချိုးတင်သည် လော့ဝူကျိကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားရမည် ဖြစ်ပြီး ကျိအန်းက ကျန်းချန်ကို ဖမ်းဆီးနိုင်ရန် အခွင့်အရေး ဖန်တီးပေးရလိမ့်မည် ဖြစ်သည်။
သို့မဟုတ်ဘဲ ကျိအန်းသာ လော့ဝူကျိ၏ လက်ထဲသို့ ကျရောက်သွားခဲ့လျှင် လော့ဝူကျိကို ထိန်းချုပ်ရန်အတွက် ကျန်းချန်ကို ဖမ်းဆီးနိုင်မည့်သူ ရှိတော့မည် မဟုတ်ပေ။
ထိုအချိန်သို့ရောက်လျှင် သူတို့ထဲတွင် မည်သူကမျှ အသက်ရှင်လျက် ထွက်သွားနိုင်ရန် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ချေ။
ထို့ကြောင့် လော့ဝူကျိကို တတ်နိုင်သမျှ အချိန်ဆွဲထားရန်အတွက် ချိုးတင်သည် စန်းယွင်အင်မော်တယ် နန်းတော်၏ လျှို့ဝှက်နည်းစနစ် ဖြစ်သော စန်းယွင်အင်မော်တယ် ဝါးမျိုခြင်း နည်းစနစ်ကို အသုံးပြုရန် ဝန်မလေးတော့ပေ။
ထိုလျှို့ဝှက်နည်းစနစ်သည် စန်းယွင်အင်မော်တယ်နန်းတော်၏ တလော့အဆင့် လျှို့ဝှက်နည်းစနစ် မဟုတ်သော်လည်း စန်းယွင်အင်မော်တယ်နန်းတော်တွင် ကျော်ကြားသော ထိပ်တန်းအဆင့် ရွှေအင်မော်တယ် လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သည်။
ထိုနည်းစနစ်သည် ခန္ဓာကိုယ်ထဲရှိ စွမ်းအားများကို အချိန်တိုအတွင်း နှစ်ဆခန့် တိုးမြှင့်ပေးနိုင်စွမ်း ရှိသည်။
သို့သော်လည်း ဤလျှို့ဝှက်နည်းစနစ်ကို တစ်ကြိမ် အသုံးပြုလိုက်သည်နှင့် ခန္ဓာကိုယ်က တန်ပြန် ဆိုးကျိုးများကို ခံစားရလိမ့်မည် ဖြစ်၍ အလွယ်တကူ အသုံးပြုလေ့ မရှိကြပေ။
ယခုအခါတွင်မူ ချိုးတင်သည် လော့ဝူကျိကို တားဆီးရန်အတွက် စန်းယွင်အင်မော်တယ် ဝါးမျိုခြင်း နည်းစနစ်ကို အသုံးပြုလိုက်ရချေပြီ။
“လော့ဝူကျိ.. ဒီနေ့ မင်းက ငါ့ကို စန်းယွင်အင်မော်တယ် ဝါးမျိုခြင်း နည်းစနစ် အသုံးပြုရတဲ့ အထိ ဖိအားပေးခဲ့တယ်.. ဒီအတွက် မင်းကို ကြီးလေးတဲ့ အဖိုးအခ ပြန်ပေးဆပ်စေမယ်”
ချိုးတင်က စူးရှသော အကြည့်များဖြင့် လော့ဝူကျိကို စိုက်ကြည့်လိုက်ပြီး ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများကို ထုတ်ဖော်ကာ လော့ဝူကျိကို ထပ်မံ တိုက်ခိုက်လိုက်သည်။
စန်းယွင်အင်မော်တယ် ဝါးမျိုခြင်း နည်းစနစ်ကို အသုံးပြုထားသောကြောင့် ချိုးတင်၏ ခန္ဓာကိုယ်ထဲရှိ အင်မော်တယ် စွမ်းအားများသည် ချက်ချင်းပင် နှစ်ဆ တိုးသွားခဲ့ပြီး ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ၏ စွမ်းအားအဆင့်ကိုပင် ကျော်လွန်သွားခဲ့သည်။
လော့ဝူကျိပင်လျှင် ချိုးတင်ကို တစ်ခဏအတွင်း အလွယ်တကူ အနိုင်ယူနိုင်စွမ်း မရှိတော့ပေ။
ယခုအခါ တိုက်ခိုက်ရေးစွမ်းရည်တွင် ကောင်းကင်အင်မော်တယ် အထွတ်အထိပ် အဆင့်ထက် မနိမ့်တော့သော အစွမ်းထက် ပုဂ္ဂိုလ်နှစ်ဦးသည် ဆက်လက်၍ ထိပ်တိုက်ရင်ဆိုင်နေခဲ့ကြသည်။
လော့ဝူကျိနှင့် ချိုးတင်တို့၏ တိုက်ပွဲ ပိုမို ပြင်းထန်လာသောအချိန်တွင် အခြားတစ်ဖက်၌လည်း ကျိအန်းသည် ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်ဖော်ကာ ဧရာမတောင်တစ်လုံး ပြိုဆင်းလာသကဲ့သို့ ကျန်းချန်ထံ အရှိန်အဝါဖြင့် ဖိနှိပ်လိုက်သည်။
သို့သော်လည်း ကျန်းချန်သည် တည်ငြိမ်သော အမူအရာဖြင့် လေထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး ကျိအန်း၏ အရှိန်အဝါဖိအားပေးမှုသည် အနည်းငယ်မျှပင် သူ့ကို မထိခိုက်စေခဲ့ပေ။
သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် ကျိအန်း၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူ၏ ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ခွန်အားဖြင့်ဆိုလျှင် သာမန် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် သူ၏အရှိန်အဝါအောက်၌ ချက်ချင်းဆိုသလို ကြီးမားသော ထိခိုက်မှုကို ခံစားရလိမ့်မည် ဖြစ်သည်။
သူ့ရှေ့က ကောင်လေးကမူ ပကတိ အင်မော်တယ် အဆင့်မျှသာ ဖြစ်သော်လည်း အနည်းငယ်မျှပင် ထိခိုက်မှု မရှိခဲ့ပေ။
ဤကောင်လေးသည် ဝမ်ရှင်းဟန်ကိုပင် အနိုင်ယူနိုင်ခဲ့သည့် မွန်းစတားဆန်သော ပါရမီရှင်တစ်ဦး ဖြစ်သည့်အလျောက် အမှန်တကယ်ပင် မရိုးရှင်းပေ။
“ကောင်လေး.. မင်းရဲ့ပါရမီက တကယ်ကို သာမန်မဟုတ်ဘူးပဲ.. ဒါပေမဲ့ မင်းဘယ်လောက်ပဲ ထူးချွန်နေပါစေ.. ငါ့ရှေ့မှ မင်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး”
ကျိအန်းက လှောင်ပြုံး ပြုံးလိုက်ပြီး လက်တစ်ဖက်ကို အသာအယာ ဆန့်ထုတ်လိုက်ရာ ကြောက်မက်ဖွယ် အင်မော်တယ်စွမ်းအားများသည် ကျန်းချန် ရှိနေသည့် ပတ်ဝန်းကျင်ပေတစ်ရာခန့် ဧရိယာရှိ ဟင်းလင်းပြင်ကို ချက်ချင်းဆိုသလို အေးခဲသွားစေခဲ့သည်။
စန်းယွင်ပြည်နယ်တွင် ပကတိအင်မော်တယ် အဆင့်ဖြင့် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ကို ယှဥ်ပြိုင်နိုင်သူများသည် ထိပ်တန်းပါရမီရှင်များ အဖြစ် သတ်မှတ်၍ ရနေပြီ ဖြစ်သည်။
သူတို့ စန်းယွင်အင်မော်တယ် နန်းတော်တွင်ပင် ပကတိအင်မော်တယ် အဆင့်ဖြင့် ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်ကို ယှဥ်နိုင်သူ ဟူ၍ တလော့အင်မော်တယ် အမွေအနှစ်ကို ရရှိထားသည့် တုနှိုင်းမဲ့ပါရမီရှင် နှစ်ဦးသာရှိသည်။
ဆိုရလျှင် စန်းယွင်ပြည်နယ်တွင် ကောင်းကင် အင်မော်တယ် ဆဋ္ဌမအဆင့်ကို ယှဥ်ပြိုင်နိုင်သည့် ပကတိအင်မော်တယ်အဆင့် ကျင့်ကြံသူ ဟူ၍ ယခင်က တစ်ခါမှ မပေါ်ပေါက်ဖူးခဲ့ပေ။
ကျိအန်း၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကောင်းကင်အင်မော်တယ် သတ္တမအဆင့်ကို ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။
သူ၏ ခွန်အားဖြင့်ဆိုလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ် နယ်မြေတစ်ခုလုံးတွင်ပင် သူ့ကို ခြိမ်းခြောက်နိုင်သည့် ပကတိအင်မော်တယ်အဆင့် ပါရမီရှင် ရှိနေမည်မဟုတ်ဟု သူ ယူဆထားခဲ့သည်။
“ကွဲအက်စမ်း”
ကျိအန်း အေးခဲထားသည့် ဟင်းလင်းပြင်စွမ်းအားကို ခံစားမိသော်လည်း ကျန်းချန်၏ အမူအရာက အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိပေ။
သူက လက်ချောင်းကို တစ်ချက် တောက်လိုက်ရာ ကြောက်မက်ဖွယ် ဓားစွမ်းအားသည် အေးခဲနေသောဟင်းလင်းပြင်စွမ်းအားများကို ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားစေခဲ့သည်။
သူက အင်္ကျီလက်စကို ညင်သာစွာ ခါရမ်းလိုက်ပြီး ကျိအန်းကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့်ရဲ့ စွမ်းအားက ဒီလောက်ပဲလား”
ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့်၏ ခွန်အားက အားမနည်းသော်လည်း ကျန်းချန်၏ မျက်လုံးထဲတွင်မူ သာမန်မျှသာ ဖြစ်သည်။
သူက ပကတိအင်မော်တယ် နဝမအဆင့်တွင် ရှိစဥ်ကပင် တလော့အင်မော်တယ်ဓားကို အသုံးပြုပြီး အင်မော်တယ်ဘုရင်အဆင့်ဓားသိုင်း ဖြစ်သည့် အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်းကို ထုတ်ဖော်လျှင် သာမန် ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့်ကို ယှဥ်ပြိုင်ရန် လုံလောက်သည်။
ယခုအခါတွင် သူက ပကတိအင်မော်တယ် နဝမအဆင့်ကို ကျော်ဖြတ်ကာ ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့်ကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူ၏ ဝှက်ဖဲအားလုံးကိုသာ ထုတ်သုံးလိုက်မည် ဆိုလျှင် ကောင်းကင်အင်မော်တယ် သတ္တမအဆင့်နှင့် ရင်ဆိုင်ရလျှင်ပင် အနည်းငယ်မျှ ကြောက်ရွံ့စရာ လိုအပ်မည် မဟုတ်ပေ။
သို့ဖြစ်ရာ သာမန် ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့်သည် သူ့အတွက် ပြောနေစရာပင် မလိုတော့ချေ။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကျန်းချန်က သူ၏ တိုက်ခိုက်မှုကို ဤမျှအထိ အလွယ်တကူ ချေဖျက်နိုင်သည်ကို မြင်လျှင် ကျိအန်း၏ အမူအရာက ချက်ချင်းဆိုသလိုပင် အလွန်တရာ လေးနက်သွားခဲ့သည်။
ချိုးတင်က လော့ဝူကျိကို အချိန်အကြာကြီး ဆွဲထားနိုင်မည်မဟုတ်မှန်း သူသိထားသောကြောင့် သူ၏ တိုက်ခိုက်မှုတွင် သူ၏ စွမ်းအားများကို ထိမ်ချန်မထားဘဲ ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို အပြည့်အဝ အသုံးပြုခဲ့သည်။
သို့တိုင် ကျန်းချန်သည် သူ၏ တိုက်ခိုက်မှုကို အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့၏။
“ဒီကောင်လေးက ပကတိအင်မော်တယ် အဆင့်နဲ့တင် ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့်နဲ့ ယှဥ်နိုင်တဲ့ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်ကိုတောင် ပိုင်ဆိုင်ထားတယ်လား”
ဆိုရလျှင် ဤသည်မှာ အင်မော်တယ်ဘုရင် အဆင့်ကို ထိုးဖောက်ရန် အလားအလာ ရှိသည့် အထွတ်အထိပ် ပါရမီရှင်များသာ လုပ်ဆောင်နိုင်သည့် အရာ ဖြစ်သည်။
အခန်း(၂၇၂၅)ပြီး၏။
အခန်း(၂၇၂၆)
“အင်မော်တယ်ဘုရင် ဖြစ်လာနိုင်မဲ့ အလားအလာရှိတဲ့ အထွတ်အထိပ် ပါရမီရှင်”
ဤကဲ့သို့ မွန်းစတားဆန်သည့် ပါရမီရှင်မျိုးသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင်ပင် လက်တစ်ဖက်စာခန့် ပိုလိမ့်မည် မဟုတ်ပေ။
ကျိအန်းသည် သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ပါရမီက ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူ၏ ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် ခွန်အားဖြင့်ပင်လျှင် ထိုလူငယ်ကို အလွယ်တကူ အနိုင်ယူရန်မှာ မသေချာချေ။
“စီနီယာအစ်ကိုကျိအန်း.. ကျွန်တော် ကူညီပေးမယ်”
ထိုအချိန်တွင် ဝမ်ရှင်းဟန်သည် ကျိအန်း၏ နံဘေးတွင် ဖျတ်ခနဲ ပေါ်လာခဲ့သည်။
ကျန်းချန်သည် ပကတိအင်မော်တယ် အဋ္ဌမအဆင့်တွင် ရှိစဥ်ကတည်းကပင် ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်နှင့် ယှဥ်နိုင်သည့် တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။
ယခု ကျန်းချန်၏ အဆင့်က ပကတိအင်မော်တယ် နဝမအဆင့်ကိုပင် ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်ရာ ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ကျိအန်းပင်လျှင် ကျန်းချန်ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
အခြားတစ်ဖက်တွင်လည်း ချိုးတင်သည် စန်းယွင်အင်မော်တယ် ဝါးမျိုခြင်းနည်းစနစ်ကို အသုံးပြုထားသည့်တိုင် လော့ဝူကျိ၏ လက်ထဲတွင် မည်သည့် အားသာချက်မှ မရရှိနိုင်ဘဲ ဖြစ်နေခဲ့သည်။
ထို့ကြောင့်လည်း ဝမ်ရှင်းဟန်က တုံ့ဆိုင်းမနေဘဲ ကျိအန်းကို အကူအညီပေးရန် ရွေးချယ်လိုက်ခြင်း ဖြစ်၏။
သူက ကျိအန်းနှင့် ပူးပေါင်းကာ ကျန်းချန်ကို အမြန်ဆုံး အနိုင်ယူမှသာ ဤအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်လိမ့်မည် မဟုတ်ပါလား။
“ဒီကောင့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တကယ့်ကို မွန်းစတားဆန်လွန်းတယ်.. သတိထားပါ”
ကျိအန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက်တွင် ရွှေအင်မော်တယ်အဆင့်ရှိ ဓားရှည်တစ်လက်ကို ချက်ချင်းပင် ထုတ်ယူလိုက်သည်။
ကြောက်မက်ဖွယ် အင်မော်တယ်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့ပြီး လက်ထဲရှိ ဓားရှည်ထဲသို့ စီးဝင်သွားခဲ့သည်။
ထို့နောက်တွင် သူက ဓားချက် တစ်ချက်ကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်၏။
“စန်းယွင် လျှပ်တစ်ပြက်သတ်ဖြတ်ခြင်း ဓားသိုင်း”
အေးစက်သော ဓားအလင်းတန်းသည် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တိမ်တိုက်များ ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက်တွင် ဓားအလင်းတန်းသည် ကျန်းချန်၏ ဦးခေါင်းအထက်၌ ပြန်လည် ပေါ်ထွက်လာခဲ့ပြီး ကြောက်မက်ဖွယ်စွမ်းအားများကို သယ်ဆောင်ကာ ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။
ကျိအန်း တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ရှင်းဟန်သည်လည်း ယွမ်မင်အေးခဲ စက်လုံးကို အသုံးပြု၍ အရာအားလုံးကို အေးခဲစေသော စွမ်းအားဖြင့် ကျန်းချန်ကိုတိုက်ခိုက်လိုက်သည်။
ကျိအန်းနှင့် ဝမ်ရှင်းဟန် တို့၏ တိုက်ခိုက်မှုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။
သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ တလော့အင်မော်တယ်အဆင့် ရတနာဓား ဖြစ်သည့် ထျန်းရှန်း အင်မော်တယ်ဓားသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။
ထို့နောက်တွင် သူက ဓားကွက်နှစ်ကွက်ကို ဆက်တိုက် ဆိုသလိုပင် ထုတ်ဖော်လိုက်သည်။
ဓားအလင်း နှစ်ခုသည် ကျိအန်းနှင့် ဝမ်ရှင်းဟန် တို့၏ တိုက်ခိုက်မှုများနှင့် ထိပ်တိုက် တွေ့ဆုံသွားခဲ့၏။
ကောင်းကင်နှင့်မြေပြင်က တုန်ခါသွားခဲ့ပြီး ဟင်းလင်းပြင်သည်ပင် ပေါက်ကွဲ ထွက်သွားခဲ့သည်။
ကျိအန်း၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားခဲ့ပြီး ဟင်းလင်းပြင်ထဲတွင် နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားခဲ့ရသည်။
ဝမ်ရှင်းဟန်၏ အခြေအနေကမူ ကျိအန်းထက်ပင် ပို၍ ဆိုးရွားနေခဲ့သည်။
သူက ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နောက်သို့ ပေရာဂဏန်းခန့် အကွာအဝေးအထိ လွင့်စင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရသည်။
ဝမ်ရှင်းဟန်၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။
တလော့လျှို့ဝှက်နယ်မြေ ခရီးစဥ် ပြီးဆုံးပြီး လပိုင်းအတွင်းမှာပင် ကျန်းချန်၏ ခွန်အားသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်အထိ တိုးတက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်ကျင့်ကြံသူ ဖြစ်သည့် ကျိအန်းနှင့် ပူးပေါင်းလျှင်ပင် သူက ကျန်းချန်၏ ရှေ့၌ ခုခံနိုင်စွမ်း လုံးဝမရှိခဲ့ချေ။
“ဒါက တလော့အမွေအနှစ်ကို ဒီကောင်ရသွားလို့ပဲ ဖြစ်ရမယ်”
ထိုသို့ တွေးမိလျှင် ဝမ်ရှင်းဟန်၏ မျက်နှာသည် ပို၍ပင် သုန်မှုန်သွားခဲ့သည်။
တလော့စစ်ဆေးပွဲ မတိုင်မီက ကျန်းချန်သည် ပကတိအင်မော်တယ် သစ်သီးတစ်လုံးကို အသုံးပြု၍ ပကတိအင်မော်တယ် အဋ္ဌမအဆင့် အစောပိုင်းသို့ ရောက်ရှိသွားခဲ့သည်။
ထိုအချိန်က ကျန်းချန်၏ စွမ်းရည်သည် သူနှင့်သိပ်မကွာပေ။
တလော့စစ်ဆေးမှု ပြီးဆုံးပြီးနောက်တွင် ကျန်းချန်သည် အချိန်တိုအတွင်း ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်အထိ တစ်ဟုန်ထိုး တက်လှမ်းနိုင်ခဲ့သည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော တိုးတက်မှု အရှိန်အဟုန်သည် အမှန်တကယ်ပင် မယုံကြည်နိုင်စရာကောင်းနေခဲ့၏။
အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်၏ တလော့အမွေအနှစ်ကြောင့်သာ မဟုတ်လျှင် ကျန်းချန်သည် ဤမျှတိုတောင်းသော အချိန်အတွင်း ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်သို့ မည်ကဲ့သို့ ရောက်ရှိနိုင်ပါမည်နည်း။
မူလက မိမိ ပိုင်ဆိုင်ရမည့် ဤအခွင့်အရေးကို ကျန်းချန်က လုယူသွားသည်အား တွေးမိလျှင် ဝမ်ရှင်းဟန်သည် သွေးအန်ချင်လောက်သည် အထိ စိတ်ဓာတ် ကျဆင်းသွားခဲ့သည်။
“ဂျူနီယာညီလေး ဝမ်ရှင်းဟန်.. ဒီကောင်လေးက ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်ကို ရောက်နေပြီ.. ငါတို့နှစ်ယောက် အတူတူ ပူးပေါင်းရင်တောင် သူ့ရဲ့ ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး.. ငါတို့ အချိန်မနှောင်းခင် ဆုတ်ကြရအောင်”
ကျိအန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ဝမ်ရှင်းဟန်ကို ပြောလိုက်သည်။
ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်သည် ချက်ချင်းဆိုသလိုပင် အလွန်တရာ လေးနက်သွားခဲ့၏။
သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အင်မော်တယ်ဘုရင်အဆင့် အထိ အလားအလာရှိသည့် အထွတ်အထိပ်ပါရမီရှင် တစ်ဦး ဖြစ်သည်။
ထိုလူငယ်က ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်သာ ရှိသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်ထက်ပင် သာလွန်နေခဲ့သည်။
ထိုမျှသာမက ထိုလူငယ်၏ လက်ထဲရှိ လက်နက်သည်လည်း အလွန်တရာ အစွမ်းထက်သော တလော့အင်မော်တယ် အဆင့် ရတနာဓားတစ်လက် ဖြစ်နေခဲ့သည်။
ထို့ကြောင့် သူနှင့် ဝမ်ရှင်းဟန်တို့ ပူးပေါင်းလျှင်ပင် ကျန်းချန်၏ ပြိုင်ဘက် မဟုတ်သည်မှာ သေချာနေခဲ့၏။
အခြားတစ်ဖက်တွင်လည်း ချိုးတင်သည် စန်းယွင်အင်မော်တယ် ဝါးမျိုခြင်းနည်းစနစ်ကို အသုံးပြုထားသည့်တိုင် လော့ဝူကျိ၏ လက်ထဲတွင် မည်သည့် အားသာချက်မျှ မရရှိခဲ့ပေ။
အကယ်၍ ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် သူတို့အားလုံးသည် ယနေ့တွင် ဤနေရာ၌ ကျဆုံးသွားနိုင်သည့် အန္တရာယ်ပင် ရှိနေခဲ့သည်။
“နောက်ဆုတ်လို့မဖြစ်ဘူး.. အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်ရဲ့ အမွေအနှစ်ကို ရရှိဖို့အတွက် ဒီနေ့ ငါဘယ်လောက်ပဲ ပေးဆပ်ရပါစေ.. ကျန်းချန်ဆီကနေ သေချာပေါက် ပြန်ယူမှ ဖြစ်မယ်”
ဝမ်ရှင်းဟန်၏ မျက်ဝန်းထဲတွင် ရူးသွပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူက လက်ဖဝါးကို ချက်ချင်းဆိုသလို လှုပ်ရှားလိုက်ရာ ကြောက်မက်ဖွယ် အင်မော်တယ် စွမ်းအင်များ ထွက်ပေါ်နေသည့် ကျောက်စိမ်းပြား တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။
“ရွှေအင်မော်တယ်အဆင့် အရှိန်အဝါပါလား”
ကျောက်စိမ်းပြားမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်ကို ခံစားမိလျှင် ကျိအန်း သိသိသာသာပင် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဝမ်ရှင်းဟန်သည် စန်းယွင်အင်မော်တယ် နန်းတော်၏ မျိုးဆက်သစ် ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သည့် အပြင် ရွှေအင်မော်တယ် သတ္တမအဆင့် အကြီးအကဲတစ်ဦး၏ တိုက်ရိုက်တပည့်လည်း ဖြစ်သည်။
ထို့ကြောင့် ဝမ်ရှင်းဟန်၏ လက်ထဲတွင် ရွှေအင်မော်တယ်သတ္တမအဆင့် အကြီးအကဲ၏ ဝှက်ဖဲ ရှိနေသည်မှာ မထူးဆန်းပေ။
ယခုအခါ ဝမ်ရှင်းဟန်သည် သူ၏ အဓိကဝှက်ဖဲကို ထုတ်သုံးလိုက်ပြီ ဖြစ်ရာ သူ့အနေဖြင့် အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်၏ တလော့အမွေအနှစ်ကို ပြန်လည် ရယူရန် အခိုင်အမာ ဆုံးဖြတ်ထားသည်မှာ ထင်ရှားနေခဲ့၏။
“ကျန်းချန်.. ငါ နောက်ဆုံးအကြိမ် ထပ်ပြောမယ်.. တလော့အမွေအနှစ်ကို ငါ့ဆီ လွှဲပေးပါ”
ဝမ်ရှင်းဟန်က ကျောက်စိမ်းပြားကို လက်ထဲတွင် ကိုင်ထားရင်း ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်း ဆက်ပြီး ခေါင်းမားနေမယ် ဆိုရင်တော့ မင်းအတွက် သေလမ်းတစ်လမ်းပဲ ရှိတယ်ဆိုတာ ငါအာမခံတယ်”
စန်းယွင်အင်မော်တယ် နန်းတော်မှ ရွှေအင်မော်တယ် သတ္တမအဆင့် အကြီးအကဲ၏ တိုက်ရိုက်တပည့်တစ်ဦး အနေဖြင့် ဝမ်ရှင်းဟန် ထံတွင် သူ့ဆရာ ပေးထားသည့် ဝှက်ဖဲ အမြဲတစေ ရှိနေခဲ့သည်။
ပြင်ပတွင် နောက်ဆုံးအကြိမ် ခရီးလှည့်လည်စဥ်က ဝမ်ရှင်းဟန်သည် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် အစွမ်းထက်ပုဂ္ဂိုလ်၏ ရန်စမှုကို ခံခဲ့ရသဖြင့် သူ့ဆရာ ပေးထားသည့် ဝှက်ဖဲကို အသုံးပြုခဲ့ရသည်။
တလော့လျှို့ဝှက်နယ်မြေမှ ထွက်လာပြီးနောက်တွင် ဝမ်ရှင်းဟန်သည် တလော့ အမွေအနှစ်ကို ပြန်လည်ရယူရန် အတွက် သူ့ကို အကူအညီပေးရန် ကောင်းကင်အင်မော်တယ် နှစ်ဦးကို စန်းယွင်အင်မော်တယ်နန်းတော်ကနေ ခေါ်ခဲ့ရုံသာမက သူ့ဆရာထံကနေ ဝှက်ဖဲတစ်ခုကိုပါ တောင်းခံထားခဲ့သည်။
သူ၏ လက်ထဲရှိ ကျောက်စိမ်းပြားသည် သူ့ဆရာ ကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်ပြီး ကျောက်စိမ်းပြား အတွင်း၌ သူ့ဆရာ၏ ရွှေအင်မော်တယ်စွမ်းအား အရှိန်အဝါ တစ်စ ပါဝင်နေခဲ့သည်။
သူ့ဆရာက ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်၍ စွမ်းအား အငွေ့အသက်လေး တစ်ခုမျှသာ ဖြစ်နေလျှင်ပင် သာမန် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦးကို အလွယ်တကူ သတ်ဖြတ်ရန် လုံလောက်၏။
ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်သို့ ရောက်ရှိနေသော ကျန်းချန်နှင့် ရင်ဆိုင်ရသောအခါတွင် ဝမ်ရှင်းဟန်သည် သူ၏ အဓိကဝှက်ဖဲကို ထုတ်သုံးရန်မှ တစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
အစောပိုင်းတွင် ကျန်းချန်ကို သတ်ဖြတ်ရန် ကျောက်စိမ်းပြားကို အသုံးမပြုခဲ့ခြင်းမှာ အဓိကအားဖြင့် သူ့ဆရာ ချန်ထားရစ်ခဲ့သော စွမ်းအားသည် အလွန်တရာပင် အင်အားကြီးမားလွန်း၍ ဖြစ်သည်။
ဆိုရလျှင် ထိုစွမ်းအားသည် ကျန်းချန်၏ ခန္ဓာကိုယ်နှင့် အင်မော်တယ် ခရစ္စတယ်ကိုပါ တိုက်ရိုက် ဖျက်ဆီးပစ်ပြီး ကျန်းချန်၏ ဝိညာဥ်ကိုပါ ပျောက်ကွယ်သွားစေမည်ကို စိုးရိမ်သောကြောင့်ပင်။
ထိုသို့ ဖြစ်သွားခဲ့လျှင် သူ့အနေဖြင့် ကျန်းချန်ထံကနေ တလော့အမွေအနှစ်ကို မည်ကဲ့သို့ ရရှိနိုင်ပါတော့မည်နည်း။
ယင်းကြောင့်လည်း ဝမ်ရှင်းဟန်သည် ကျဥ်းထဲကျပ်ထဲ အခြေအနေသို့ မရောက်သရွေ့ ဤဝှက်ဖဲကို အသုံးမပြုခဲ့ခြင်း ဖြစ်သည်။
“တကယ်ကို အားကောင်းတဲ့ ရွှေအင်မော်တယ်အဆင့် အရှိန်အဝါပါလား”
ဝမ်ရှင်းဟန်၏ လက်ဖဝါးထဲရှိ ကျောက်စိမ်းပြားကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လေးနက်သွားခဲ့သည်။
စန်းယွင်အင်မော်တယ် နန်းတော်သည် စန်းယွင်ပြည်နယ်ရှိ အင်အားအကြီးဆုံး တလော့အင်အားစု ဖြစ်သည်။
စန်းယွင်အင်မော်တယ် နန်းတော်၏ ထိပ်တန်းပါရမီရှင် တစ်ဦးအနေဖြင့် ဝမ်ရှင်းဟန် ထံတွင် စန်းယွင်အင်မော်တယ် နန်းတော်မှ အစွမ်းထက် ပုဂ္ဂိုလ် ပေးအပ်ထားသည့် ဝှက်ဖဲများ ရှိနေသည်မှာ မထူးဆန်းပေ။
ကျန်းချန်က ကျောက်စိမ်းပြား အတွင်း ကိန်းအောင်းနေသည့် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားများကို ခပ်ရေးရေး ခံစားမိနေခဲ့ပြီး ထိုစွမ်းအားကို သာမန် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူပင် ခုခံရန် ခက်ခဲလိမ့်မည်ဟု သူ ခံစားမိခဲ့သည်။
ကျန်းချန်အတွက် အနည်းငယ် ထူးဆန်းနေသည်မှာ တလော့လျှို့ဝှက်နယ်မြေ ထဲတွင် ရှိနေစဥ်က ဝမ်ရှင်းဟန်သည် တလော့ အမွေအနှစ်ကို ရရှိရန်အတွက် ဤဝှက်ဖဲကို အဘယ်ကြောင့် အသုံးမပြုခဲ့သလဲ ဆိုသည်ကိုပင်။
တလော့လျှို့ဝှက်နယ်မြေတွင် ရှိစဥ်က ကျန်းချန်၏ ခွန်အားသည် ယခုထက် များစွာ ပို၍ အားနည်းနေခဲ့သည်။
အကယ်၍ ဝမ်ရှင်းဟန်သာ ထိုအချိန်က ဤဝှက်ဖဲကို အသုံးပြုခဲ့မည် ဆိုလျှင် သူ့အနေဖြင့် ခုခံနိုင်စွမ်း လုံးဝရှိလိမ့်မည်မဟုတ်ဟု ကျန်းချန် ယူဆထားခဲ့သည်။
အခန်း(၂၇၂၆)ပြီး၏။