← Chapters

အခန်း (၂၇၂၇-၂၇၂၈)

Vol. 213 Ch. 2727-2728

အခန်း (၂၇၂၇-၂၇၂၈)

Vol. 213 Ch. 2727-2728

အခန်း(၂၇၂၇)

“ဝမ်ရှင်းဟန်.. အပိုစကားတွေ ပြောမနေနဲ့တော့.. ငါအရင်က အတိုင်းပဲ ထပ်ပြောမယ်...မင်းမှာ အရည်အချင်းရှိတယ် ဆိုရင် အကြွင်းမဲ့အေးစက်သော အင်မော်တယ်အရှင်ရဲ့ အမွေအနှစ်ကို ငါ့လက်ထဲကနေ လာယူလိုက်ပါ”

ဝမ်ရှင်းဟန် လက်ဖဝါးထဲရှိ ကျောက်စိမ်းပြား၏ ထူးခြားမှုကို မြင်သော်လည်း ကျန်းချန်၏ အမူအရာသည် ပုံမှန်ထက်ပင် ပို၍ တည်ငြိမ်နေခဲ့သည်။

ဝမ်ရှင်းဟန် ထုတ်ပြလိုက်သော ဝှက်ဖဲသည် အလွန်တရာ အစွမ်းထက်၍ ကျန်းချန်ကို ဖိအား အနည်းငယ် ခံစားစေခဲ့သော်လည်း ကြောက်ရွံ့သွားစေရန် အတွက်မူ လုံလောက်မှုမရှိသေးပေ။

ကျန်းချန်က သူ၏ လက်ထဲရှိ ဝှက်ဖဲအား ဂရုမစိုက်သည်အားမြင်လျှင် ဝမ်ရှင်းဟန်၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။

သူ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ ကျန်းချန်ထံကနေ တလော့ အမွေအနှစ်ကို ရယူရန်အတွက် ဖြစ်သည်။

သူ ကျောက်စိမ်းပြားကို တိုက်ရိုက် အသုံးမပြုရခြင်းသည် ဆရာဖြစ်သူ၏ စွမ်းအားကိန်းအောင်းနေသော ကျောက်စိမ်းပြားက ကျန်းချန်ကို အစအနပင် မကျန်ရှိသည် အထိ ဖျက်ဆီးပစ်လိုက်မည်ကို စိုးရိမ်သောကြောင့်ပင်။

အကယ်၍ ထိုသို့ ဖြစ်သွားခဲ့လျှင် ကျန်းချန်ထံကနေ တလော့အမွေအနှစ်ကို မည်ကဲ့သို့ ရနိုင်ပါတော့မည်နည်း။

“ဘာလို့ မင်းလက်ထဲက ကျောက်စိမ်းပြားကို အသုံးမပြုသေးတာလဲ”

ကျန်းချန်က ဝမ်ရှင်းဟန်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

သူ့လက်ထဲရှိ ထျန်းရှန်းဓားထံကနေ ဓားအလင်းများ တုန်ခါလာခဲ့သည်။

“မင်းသာ အခုနေ မလှုပ်ရှားဘူး ဆိုရင် လှုပ်ရှားဖို့ အခွင့်အရေးမရှိတော့မှာ ငါစိုးရိမ်မိတယ်”

“ကျန်းချန်.. မင်းက ကိုယ့်သေလမ်း ကိုယ်ရှာချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်”

ဝမ်ရှင်းဟန်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းများက အေးခဲနေသော နှင်းခဲများကဲ့သို့ အေးစက်မှုများဖြင့် ပြည့်နှက်နေခဲ့၏။

ချက်ချင်းဆိုသလိုပင် ဝမ်ရှင်းဟန်သည် သူ၏ လက်ဖဝါးထဲရှိ ကျောက်စိမ်းပြားကို တိုက်ရိုက်ပင် ချိုးဖျက်ပစ်လိုက်သည်။

သူနှင့်ကျန်းချန်တို့ အကြား ခွန်အား ကွာဟချက်သည် အလွန်တရာပင် ကြီးမားလွန်းနေခဲ့သည်။

သူ့အနေဖြင့် ကျောက်စိမ်းပြားကို အသုံးမပြုသရွေ့ ကျန်းချန်ကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ကျောက်စိမ်းပြား ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီးက တုန်ခါသွားခဲ့ပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော ကြောက်မက်ဖွယ်ရာကောင်းသည့် အအေးစွမ်းအားများသည် ဟင်းလင်းပြင်ထဲသို့ ချက်ချင်းပင် တိုးဝင်လာခဲ့သည်။

တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင် တစ်ခုလုံးသည် ရေခဲနှင့်နှင်း ကမ္ဘာကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အစောပိုင်းကတင် နေသာနေသော ကောင်းကင်ယံသည် ရုတ်တရက် တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး လေထုထဲရှိ အပူရှိန်သည် ရုတ်တရက် ကျဆင်းသွားခဲ့ကာ ကောင်းကင်ကနေ နှင်းများ ပျံဝဲ၍ ကျဆင်းလာခဲ့သည်။

နှင်းပွင့်များက တဖြည်းဖြည်း ပို၍ ထူထပ်လာခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချန်၏ ဦးခေါင်းအထက်ရှိ ပေတစ်ရာ ပတ်ဝန်းကျင်ဧရိယာသည် ဖြူဖွေးနေသော ရေခဲနှင့် နှင်း ကမ္ဘာကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဒါက ရွှေအင်မော်တယ်အဆင့် စွမ်းအားလား.. တကယ်ကို ကြောက်စရာပဲ”

ကျန်းချန်က သူ၏ ဦးခေါင်းအထက်ရှိ ‌ရေခဲနှင့်နှင်း ကမ္ဘာကို မော့ကြည့်လိုက်သည်။

ထိုခဏဝယ် သူ၏ ခန္ဓာကိုယ် အတွင်းရှိ အင်မော်တယ်စွမ်းအားများ လည်ပတ်မှုက များစွာ နှေးကွေးသွားသလို သူခံစားလိုက်ရ၏။

သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို လှုံ့ဆော်ကာ သူ့ထံသို့ သက်ရောက်လာသည့် အအေးစွမ်းအားများကို ချေဖျက်လိုက်သည်။

ထိုအချိန်မှာပင် ကောင်းကင်ယံရှိ ရေခဲနှင့်နှင်း ကမ္ဘာထဲကနေ စူးရှတောက်ပသော အဖြူရောင် အလင်းတန်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

နောက်ထပ် တစ်ခဏတွင် ပေတစ်ရာခန့် ကျယ်ဝန်းသော ရေခဲနှင့်နှင်း စွမ်းအားများသည် ကျန်းချန် ထံသို့ ‌ရေတံခွန်သဖွယ် စီးကျလာခဲ့သည်။

ကြောက်မက်ဖွယ်ရာကောင်းသော အအေးစွမ်းအားများသည် ကျန်းချန်နှင့် အတူ ရှိနေသည့် ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို ဖျက်ဆီးပစ်တော့မည့် အလား ဖြစ်နေခဲ့၏။

“အပြာရောင်ဧကရာဇ်ဓားကွက်”

ကျန်းချန်က အပြာရောင်ဧကရာဇ် ဓားကွက်ကို ချက်ချင်းဆိုသလိုပင် ထုတ်ဖော်လိုက်သည်။

ထိုအခါ လေထုထဲတွင် အလင်းတံခါးတစ်ချပ် ဖြစ်ပေါ်လာခဲ့ပြီး အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဓားအင်မော်တယ်တစ်ပါးသည် အလင်းတံခါးကနေ ထွက်ပေါ်လာခဲ့ကာ ကျန်းချန် ထံသို့ စီးကျလာသည့် ရေခဲနှင့်နှင်း ရေတံခွန်ကို ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

သာမန်ဟုသာ ထင်ရသော ထိုဓားချက်ထဲတွင် အလွန်တရာကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားများ ကိန်းအောင်းနေခဲ့၏။

ဓားအလင်းက ကောင်းကင်ယံကို ဆန်တက်သွားခဲ့ပြီး ရေခဲနှင့်နှင်း ရေတံခွန် ဆီသို့ ပြင်းထန်စွာ သက်ရောက်သွားခဲ့သည်။

“ဝုန်း..”

ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားနှစ်ခု လေထဲတွင် ထိပ်တိုက် ဆုံတွေ့သွားပြီးနောက်တွင် ကျယ်လောင်သောပေါက်ကွဲသံများသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ဟိန်းခနဲ ထွက်ပေါ်လာခဲ့ကာ ကောင်းကင်ယံတွင် နှင်းပွင့်များနှင့် ဓားချီများဖြင့် ပြည့်နှက်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ၌ အက်ကွဲကြောင်းများပင် ပေါ်ထွက်လာခဲ့၏။

ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင်သို့ ရောက်ရှိနေသော ကျန်းချန်သည် တလော့အင်မော်တယ်ဓားဖြင့် အပြာရောင်ဧကရာဇ် ဓားကွက်ကို အသုံးပြုလိုက်သည်ဖြစ်ရာ ကျန်းချန်၏ စွမ်းအားသည် သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ဝမ်ရှင်းဟန်က ရွှေအင်မော်တယ်အဆင့် ဝှက်ဖဲကို ထုတ်ဖော်ခဲ့သည့်တိုင် ကျန်းချန်ကို အနည်းငယ်မျှပင် အသာစီးမရခဲ့ပေ။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကျန်းချန်က ရေခဲနှင့်နှင်း ရေတံခွန်ကို ဤမျှအထိ အလွယ်တကူ တားဆီးနိုင်သည်အား မြင်လျှင် ဝမ်ရှင်းဟန်၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူအသုံးပြုလိုက်သော ကျောက်စိမ်းပြားသည် ဆရာဖြစ်သူကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်ပြီး ထိုအထဲတွင် အစွမ်းထက် ရွှေအင်မော်တယ် စွမ်းအားများ ကိန်းအောင်းနေခဲ့သည်။

နောက်ဆုံးအကြိမ်က သူ၏ ကျောက်စိမ်းပြားကို အသုံးပြုစဥ်တွင် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ယခုအခါတွင်မူ ကျန်းချန်၏ ဓားချက် တစ်ချက်တည်းဖြင့် တားဆီးခြင်းကို ခံလိုက်ရသည်။

ယင်းမှာ ကျန်းချန်ထံတွင် အနည်းဆုံး ကောင်းကင်အင်မော်တယ် သတ္တမအဆင့်နှင့် ယှဥ်နိုင်သည့် တိုက်ခိုက်ရေးစွမ်းရည်ရှိနေသည်ဟု ဆိုလိုနေခြင်းပင် မဟုတ်ပါလော။

လေထုထဲတွင် ရေခဲနှင့်နှင်း ရေတံခွန်၏ စွမ်းအားနှင့် ဓားချီတို့သည် ရောယှက်နေဆဲ ဖြစ်သည်။

ခဏအကြာတွင် ကျန်းချန်၏ ဓားစွမ်းအားသည် ရေခဲနှင့်နှင်း ရေတံခွန်၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် လေထဲ၌ ပျောက်ကွယ်သွားခဲ့သည်။

သို့ရာတွင် ကျန်းချန်၏ ဓားအလင်းကို ချေမှုန်းပြီးနောက်တွင် ကျန်းချန်ထံသို့ ဆက်လက် စီးဆင်းလာသော ရေခဲနှင့်ရေတံခွန်၏ စွမ်းအားသည် များစွာ မကျန်ရှိတော့ပေ။

ကျန်းချန်က အနည်းငယ် နောက်ဆုတ်လိုက်ပြီး သူ၏ လက်ထဲရှိ ထျန်းရှန်းအင်မော်တယ်ဓားဖြင့် ခုတ်ပိုင်းလိုက်ကာ ရေခဲနှင့်နှင်း ရေတံခွန်၏ ကျန်ရှိနေသော စွမ်းအားများကို လုံးဝ ချေဖျက်ပစ်လိုက်သည်။

“ဒီကောင်လေးက တကယ့်ကို မွန်းစတား တစ်ကောင်ပဲ”

သူ့ရှေ့မှ အခြေအနေကို ငေးကြည့်ရင်း ကျိအန်းသည် အံ့ဩထိတ်လန့်မှုကနေ တစ်ခဏမျှ သတိပြန်မဝင်နိုင် ဖြစ်နေခဲ့သည်။

ဝမ်ရှင်းဟန် ယခုလေးတင် အသုံးပြုလိုက်သော ကျောက်စိမ်းပြားထဲတွင် စန်းယွင်အင်မော်တယ် နန်းတော်မှ ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ၏ ရွှေအင်မော်တယ်စွမ်းအားအရှိန်အဝါ တစ်စ ရှိနေခဲ့သည်။

သူ၏ ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်ခွန်အားဖြင့် ပင်လျှင် ထို‌ရွှေအင်မော်တယ်အဆင့် စွမ်းအားအရှိန်အဝါ၏ ရှေ့တွင် ခုခံနိုင်စွမ်း လုံးဝရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်သာရှိသော သူ့ရှေ့မှ လူငယ်ကမူ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ တားဆီးနိုင်ခဲ့သည်။

ယင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့၏။

“ဂျူနီယာညီလေး ဝမ်ရှင်းဟန်.. ဒီကောင်လေးက တကယ့်ကို မွန်းစတားပဲ.. ငါတို့က သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး.. ဆုတ်ခွာကြစို့”

ကျိအန်းက သတိပြန်ဝင်လာပြီးနောက်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ဝမ်ရှင်းဟန်ကို အလျင်အမြန်ပင် ပြောလိုက်သည်။

ကျိအန်း၏ စကားကိုကြားလျှင် ဝမ်ရှင်းဟန်၏ မျက်နှာထက်တွင် အလွန်အမင်း မကျေနပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

သူက ထျန်းရွှေအင်မော်တယ် မြို့တော်ကနေ ကျန်းချန် ထွက်ခွာလာသည်ကို နှစ်လတိတိ စောင့်ဆိုင်းခဲ့ရသည်။

သူ‌ခေါ်လာသော ကောင်းကင်အင်မော်တယ် အဆင့် အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦးနှင့် ဆရာဖြစ်သူ ထံမှ ဝှက်ဖဲတို့ဖြင့်ဆိုလျှင် ကျန်းချန် ဆီမှ တလော့အမွေအနှစ်ကို ပြန်လည်ရယူရန်မှာ လွယ်ကူလိမ့်မည်ဟု သူထင်ထားခဲ့သည်။

သို့သော်လည်း ကျန်းချန်၏ ခွန်အားသည် သူ မထင်မှတ်ထားသော အဆင့်အထိ တိုးတက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဆိုရလျှင် ယနေ့တွင် သူ့အနေဖြင့် ကျန်းချန် ထံကနေ တလော့အမွေအနှစ်ကို ပြန်လည် ရယူနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

“ဝမ်ရှင်းဟန်.. မင်းခေါ်လာတဲ့ လူတွေနဲ့အတူ ငါ့ရှေ့ကနေ အခုချက်ချင်း ထွက်သွားစမ်း.. ဒါက ငါ မင်းကို နောက်ဆုံးအကြိမ် လွှတ်ပေးတာပဲ.. နောက်တစ်ကြိမ် ငါ့ကို နှောင့်ယှက်မယ်ဆိုရင်တော့ ငါမင်းကို သတ်ပစ်မယ်”

ကျန်းချန်၏ အေးစက်စက် စကားသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

သူ၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် ဝမ်ရှင်းဟန်ကို သတ်ဖြတ်ရန်မှာ မခက်ခဲပေ။

သို့သော်လည်း ကျန်းချန်သည် အဆုံးသတ်တွင် သူ၏ စိတ်ထဲမှ သတ်ဖြတ်လိုသော ဆန္ဒကို ထိန်းချုပ်လိုက်၏။

အကြောင်းရင်းမှာ ဝမ်ရှင်းဟန်သည် စန်းယွင်ပြည်နယ်ရှိ အင်အားအကြီးဆုံး တလော့အင်အားစု ဖြစ်သည့် စန်းယွင်အင်မော်တယ်နန်းတော်မှ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသောကြောင့်ပင်။

ကျန်းချန်သည် စန်းယွင်ပြည်နယ်မှ ထွက်ခွာရန် ဆုံးဖြတ်ထားသဖြင့် စန်းယွင်အင်မော်တယ် နန်းတော်ကို မကြောက်ရွံ့သော်လည်း အကယ်၍ သူသာ ဝမ်ရှင်းဟန်ကို သတ်ဖြတ်ပြီး ထွက်သွားခဲ့လျှင် စန်းယွင်အင်မော်တယ် နန်းတော်သည် လော့ရွှေကုန်သည်အဖွဲ့ကို သေချာပေါက် ပြဿနာရှာပေလိမ့်မည်။

သူ၏ စိတ်လက်မာန်ပါ လုပ်ရပ်ကြောင့် လော့ရွှေကုန်သည် အဖွဲ့ထံသို့ ဘေးဒုက္ခများ ဆောင်ကြဥ်းလာမည်ကို ကျန်းချန် သေချာပေါက် မလိုလားပေ။

“သွားကြစို့”

ဝမ်ရှင်းဟန်က ကျန်းချန်ကို မကျေမနပ် တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ကျိအန်းကို ခေါ်ကာ ချက်ချင်းပင် လှည့်ထွက်သွားခဲ့သည်။

ဟင်းလင်းပြင်ထဲတွင် လော့ဝူကျိနှင့် အစွမ်းကုန် တိုက်ခိုက်နေသော ချိုးတင်သည်လည်း လော့ဝူကျိနှင့် တိုက်ခိုက်နေရာကနေ နောက်ဆုတ်လိုက်ကာ ဝမ်ရှင်းဟန်နှင့် အတူ ကောင်းကင်ယံသို့ တိုးဝင်ကာ အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၇၂၇)ပြီး၏။

အခန်း(၂၇၂၈)

ချိုးတင် ထွက်ပြေးသွားသည်ကို မြင်သော်လည်း လော့ဝူကျိသည် လိုက်လံ မတိုက်ခိုက်ခဲ့ပေ။

လျှို့ဝှက်နည်းစနစ်ကို အသုံးပြုထားသည့် ချိုးတင်သည် အမှန်တကယ်ပင် အစွမ်းထက်၏။

သူ၏ ခွန်အားဖြင့်ပင် ချိုးတင်ကို တစ်ခဏအတွင်း အနိုင်ယူရန်မှာ မလွယ်ကူပေ။

ထို့အပြင် လော့ဝူကျိသည် ကျဥ်းထဲကျပ်ထဲ အခြေအနေသို့ မရောက်သရွေ့ သူ့ရှေ့ရှိ လူသုံးဦးကို သတ်ပစ်ရန် ဆန္ဒမရှိခဲ့ပေ။

ဆိုရလျှင် လော့ဝူကျိသည် သူ့ရှေ့ရှိ လူသုံးဦးကို သတ်ပစ်နိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်အဝမရှိပေ။

သူက ထိုသုံးဦးကို သတ်နိုင်ခဲ့လျှင်ပင် စန်းယွင်အင်မော်တယ်နန်းတော်သည် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် သူ့ကို ခြေရာခံမိမည်မှာ သေချာသလောက်ပင်။

လော့ဝူကျိက တစ်နှစ်ပတ်လုံး လှည့်လည်သွားလာနေသူဖြစ်၍ စန်းယွင်အင်မော်တယ်နန်းတော်ကို အလွန်အမင်း ကြောက်ရွံ့ခြင်း မရှိသော်လည်း လော့ရွှေကုန်သည်အဖွဲ့ကမူ စန်းယွင်ပြည်နယ်အတွင်း တည်ရှိသဖြင့် လော့ဝူကျိသည် လော့ရွှေကုန်သည်အဖွဲ့ အတွက် မလိုအပ်ဘဲ ပြဿနာများ မဖြစ်စေလိုပေ။

“ညီနောင်ကျန်းချန်.. ဝမ်ရှင်းဟန်က ရက်စက်ပြီး သူလိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့အတွက် ဆိုရင် ဘာမဆိုလုပ်မဲ့သူပဲ.. ဒီကိစ္စက ဒီအတိုင်းပြီးသွားမှာ မဟုတ်ဘူးလို့ ငါထင်တယ်”

ဝမ်ရှင်းဟန်တို့ ထွက်ခွာသွားသည့်ဘက်ကို ကြည့်ရင်း လော့ဝူကျိသည် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

ကျန်းချန်က အေးစက်စက်ပြုံးကာ ပြောလိုက်၏။

“ဒီကိစ္စအတွက် သူနဲ့ စကားအများကြီး ပြောဖို့ မလိုတော့ပါဘူး.. ကျွန်တော်တို့ စန်းယွင်ပြည်နယ်ရဲ့ နယ်နိမိတ်ထဲက ထွက်သွားလိုက်ရင် အဆင်ပြေသွားပါပြီ”

လော့ဝူကျိက ခေါင်းညိတ်လိုက်ပြီး တစ်ခဏမျှ စဥ်းစားပြီးမှ ပြောလိုက်သည်။

“ဒါဆို ငါတို့ အမည်မဲ့အင်‌မော်တယ် နန်းတော်ကို သွားကြရအောင်.. အဲဒီက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် အကူအညီနဲ့ စန်းယွင်ပြည်နယ်ကနေ ထွက်သွားကြတာပေါ့”

“အမည်မဲ့အင်မော်တယ်နန်းတော်က ဘယ်လိုအင်အားစုလဲ အစ်ကိုဝူကျိ”

ကျန်းချန်၏ မျက်ဝန်းထဲတွင် စူးစမ်းသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က အဆင့်နိမ့် စကြဝဠာကနေ တက်လှမ်းလာသူဖြစ်၍ အင်မော်တယ်လောက အကြောင်းကို သိပ်မသိသေးမှန်း လော့ဝူကျိ သိထားသဖြင့် အမည်မဲ့အင်‌မော်တယ် နန်းတော် အကြောင်းကို ကျန်းချန်အား ရှင်းပြလိုက်သည်။

အမည်မဲ့အင်မော်တယ် နန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ် နယ်မြေရှိ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော အင်အားစုတစ်စု ဖြစ်ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် ဌာနခွဲများဖြင့် ပျံ့နှံ့တည်ရှိနေသော အင်အားစု ဖြစ်သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ပြည်နယ် ဆယ့်ရှစ်ခုစလုံးတွင် အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲတစ်ခုစီ ရှိကြပြီး မြောက်ပိုင်းအေးစက်သောအင်မော်တယ်နန်းတော် ပင်လျှင် အမည်မဲ့အင်မော်တယ်နန်းတော်ကို အလေးပေးဆက်ဆံရ၏။

အမည်မဲ့အင်မော်တယ်နန်းတော်တွင် အကူအညီ အမျိုးမျိုးအတွက် အရောင်းအဝယ် လုပ်နိုင်ရုံသာမက သတင်းအချက်အလက် အမျိုးမျိူးကိုလည်း စုံစမ်းမေးမြန်းနိုင်သည်။

ဆိုရလျှင် လုံလောက်သော အဖိုးအခကို ‌ပေးနိုင်သရွေ့ အမည်မဲ့အင်မော်တယ်နန်းတော် မလုပ်ပေးနိုင်သောအရာ မရှိပေ။

လော့ဝူကျိ၏ ရှင်းပြမှုကိုကြားလျှင် ကျန်းချန်သည် အမည်မဲ့အင်မော်တယ်နန်းတော် အကြောင်းကို အကြမ်းဖျင်း နားလည်းသွားခဲ့သည်။

ဤ အမည်မဲ့အင်မော်တယ်နန်းတော်သည် နတ်ဘုရားနယ်မြေရှိ ထျန်းကျီမျှော်စင်နှင့် အတော်လေး ဆင်တူပြီး ထျန်းကျီမျှော်စင်ကို အဆင့်မြှင့်တင်ထားသော ဗားရှင်း တစ်ခုဟုပင် ဆို၍ရသည်။

“အင်မော်တယ်လောကမှာ အမည်မဲ့အင်မော်တယ် နန်းတော်တစ်ခုထဲကပဲ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်နိုင်တာလား”

ကျန်းချန်က စူးစမ်းသော အမူအရာဖြင့် မေးလိုက်သည်။

အကယ်၍ ထိုအတိုင်းသာဆိုလျှင် အမည်မဲ့အင်မော်တယ်နန်းတော်၏ ခွန်အားသည် အမှန်တကယ်ပင် မှန်းဆ၍ ခက်သည်ဟု ဆိုရပေမည်။

“အဲဒီလိုတော့မဟုတ်ဘူး”

လော့ဝူကျိက ခေါင်းခါရမ်း၍ ပြုံးကာ ပြောလိုက်သည်။

“အင်မော်တယ်လောကမှာ တလော့အင်မော်တယ် အဆင့်ကို ရောက်ရှိသရွေ့ ဟင်းလင်းပြင်လမ်းကြောင်း တစ်ခုကို ဖွင့်လှစ်ပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် တစ်ခုကို တည်ဆောက်နိုင်စွမ်း ရှိတယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ စိတ်ထဲတွင် နားလည်သွားခဲ့သည်။

စန်းယွင်ပြည်နယ်တွင် တလော့အင်မော်တယ် အင်အားစု သုံးစုသာ ရှိပြီး ထိုအင်အားစု အားလုံးသည် စန်းယွင်ပြည်နယ်၏ ဗဟိုရှိ စန်းယွင်အင်မော်တယ် မြို့တော်တွင် တည်ရှိကြသည်။

ရှင်းလင်းစွာ ဆိုရလျှင် စန်းယွင်ပြည်နယ် တစ်ခုလုံးတွင် စန်းယွင်အင်မော်တယ်မြို့တော်မှ လွဲ၍ အမည်မဲ့အင်မော်တယ်နန်းတော် တစ်ခုတည်းသာ စန်းယွင်ပြည်နယ်၏ ပြင်ပသို့ ထွက်သွားနိုင်သည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။

ယခုအခါ သူတို့နှင့် ဝမ်ရှင်းဟန်တို့၏ ဆက်ဆံ‌ရေးက ရေနှင့်မီး ကဲ့သို့ ဖြစ်နေခဲ့ရာ အကယ်၍ သူတို့အနေဖြင့် စန်းယွင်အင်မော်တယ်မြို့တော်သို့ သွားရောက်ခဲ့လျှင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ အကူအညီကို ရယူကာ စန်းယွင်ပြည်နယ်ကနေ အောင်မြင်စွာ ထွက်ခွာနိုင်ရန် မသေချာပေ။

ထို့ကြောင့် အမည်မဲ့အင်မော်တယ်နန်းတော်ကို သွားခြင်းသည် ပြဿနာများစွာကို သေချာပေါက် သက်သာစေလိမ့်မည် မဟုတ်ပါလား။

ကျန်းချန်တို့ နှစ်ဦးက တိုင်ပင် ဆွေးနွေးပြီးနောက်တွင် အမည်မဲ့အင်မော်တယ်နန်းတော် ရှိရာသို့ ဦးတည်၍ ထွက်ခွာလာခဲ့ကြသည်။

အမည်မဲ့အင်မော်တယ် နန်းတော်သည် စန်းယွင်ပြည်နယ်၏ ဗဟိုတွင် တည်ရှိပြီး စန်းယွင်ပြည်နယ်ရှိ အင်မော်တယ်မြို့ကြီး ကိုးမြို့ထဲမှ တစ်မြို့ ဖြစ်သော စန်းယွင်အင်မော်တယ်မြို့တော်နှင့် ကပ်လျက် တည်ရှိကာ ထျန်းရွှေအင်မော်တယ်မြို့တော်နှင့် အလွန်တရာပင် ဝေးကွာ၏။

ကျန်းချန်နှင့် လော့ဝူကျိ တို့သည် အင်မော်တယ်မြို့ကြီး နှစ်မြို့ကို ဖြတ်ကျော်လာခဲ့ပြီး အမည်မဲ့အင်မော်တယ် နန်းတော်သို့ ရောက်ရှိရန် တစ်လကျော်ကြာ အချိန်ယူခဲ့ရသည်။

ခရီးတစ်လျှောက်တွင် ကျန်းချန်တို့သည် အလွန်ပင် ချောမွေ့ခဲ့ပြီး မည်သည့်ပြဿနာနှင့်မျှ မကြုံတွေ့ခဲ့ရပေ။

သူတို့နှစ်ဦး၏ ခွန်အားဖြင့်ဆိုလျှင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူနှင့် မတွေ့သရွေ့ သူတို့ကို ခြိမ်းခြောက်နိုင်သူမှာ အလွန်တရာပင် နည်းပါးသည် မဟုတ်ပါလော။

ရွှေအင်မော်တယ် အဆင့် ကျင့်ကြံသူများသည် စန်းယွင်ပြည်နယ် တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် အလွန် ရှားပါး၏။

စန်းယွင်ပြည်နယ်ရှိ အင်မော်တယ်မြို့ကြီး ကိုးမြို့အနက် အစည်ကားဆုံးဖြစ်သော စန်းယွင်အင်မော်တယ်မြို့တော်မှလွဲ၍ အခြားသော မြို့အများစုတွင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ ဆယ်ဦးထက် ပိုမရှိကြပေ။

အမည်မဲ့အင်မော်တယ်နန်းတော်၏ အပြင်ဘက်ရှိ ကျန်းချန်သည် သူ့ရှေ့မှ ကြီးမားလှသော အဆောက်အဦးကြီးကို မော့ကြည့်လိုက်သည်။

၎င်းကို နန်းတော်ဟု ဆိုခြင်းထက် ကြီးမားသော မြို့ကြီးတစ်မြို့ဟု ဆိုခြင်းက ပိုပြီး မှန်ပေလိမ့်မည်။

ထူးခြားသော အသွင်အပြင်များရှိသည့် အဆောက်အဦးများသည် တိမ်တိုက်များထဲတွင် အလွန်တရာ ခန့်ညားစွာ တည်ရှိနေခဲ့သည်။

အမည်မဲ့အင်မော်တယ် နန်းတော်၏ ပတ်ပတ်လည်တွင် အားကောင်းသော အစီအရင် အတားအဆီး တစ်ခု ရှိနေခဲ့ပြီး အစွမ်းထက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် ထိုအတားအဆီးကို ထိုးဖောက်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

အမည်မဲ့အင်မော်တယ် နန်းတော်၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်များတွင် တံခါးတစ်ချပ်စီ ရှိကြသည်။

အရပ်မျက်နှာ အသီးသီးမှ ကျင့်ကြံသူများသည် အမည်မဲ့အင်မော်တယ်နန်းတော် ဆီသို့ အဆက်မပြတ်ပင် စီးဝင်နေခဲ့ကြသည်။

မြင့်မားသော ရွှေရောင်တံခါးကြီး၏ ရှေ့တွင် အစောင့်ငါးဦးက စောင့်ကြပ်နေခဲ့ပြီး အစောင့်တစ်ဦးချင်းစီသည် ကောင်းကင်အင်မော်တယ် နဝမအဆင့်ထက် မနိမ့်ကျပေ။

အထူးသဖြင့် ခေါင်းဆောင်ဖြစ်သူမှာ ကောင်းကင်အင်မော်တယ် နဝမအဆင့်ကိုပင် ကျော်လွန်၍ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်ကိုပင် ရောက်ရှိနေပြီ ဖြစ်၏။

“အမည်မဲ့အင်မော်တယ် နန်းတော်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကတောင် ရှိန်ရတဲ့ အင်အားစုဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်.. တကယ်ကို သာမန်မဟုတ်ဘူးပဲ”

ကျန်းချန်က စိတ်ထဲကနေ ရေရွတ်လိုက်သည်။

အမည်မဲ့အင်မော်တယ် နန်းတော်သည် တံခါးစောင့်ကြပ်ရန် အတွက်ပင် ဤမျှလောက်အထိ ခွန်အားရှိသော ကျင့်ကြံသူများကို စေလွှတ်ထားနိုင်သည် ဖြစ်ရာ ၎င်း၏ ခွန်အားသည် ထျန်းရွှေအင်မော်တယ် မြို့တော်ရှိ လုမိသားစု ကဲ့သို့ ရွှေအင်မော်တယ်အဆင့် အင်အားစုထက် များစွာ ကျော်လွန်နေခဲ့ပြီး တလော့ အင်အားစုများနှင့် ယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျမည် မဟုတ်ပေ။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် ပြည်နယ် ဆယ့်ရှစ်ခု ရှိပြီး ပြည်နယ် တစ်ခုစီတွင် အမည်မဲ့အင်မော်တယ် နန်းတော် တစ်ခုစီ ရှိကြသည်။

ထို အမည်မဲ့အင်မော်တယ်နန်းတော် ဆယ့်ရှစ်ခု၏ အင်အားများကို ပေါင်းစပ်လိုက်လျှင် ထိုအင်အားသည် သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းမည်မှာ သေချာသလောက်ပင်။

အမည်မဲ့အင်မော်တယ် နန်းတော််၏ အဝင်ဝမှာ အစောင့်ငါးဦးသည် အမည်မဲ့အင်မော်တယ် နန်းတော် အတွင်းသို့ ဝင်ရောက်ရန် တန်းစီနေသူများကို စစ်ဆေးနေကြပြီး နံပါတ်များ ထွင်းထုထားသော တံဆိပ်ပြားများကို ထုတ်ပေးနေခဲ့ကြသည်။

“အမည်မဲ့အင်မော်တယ် နန်းတော် ထဲကို ဝင်ရောက်ဖို့အတွက် အင်မော်တယ်ကျောက်တုံး တစ်တုံးကို ပေးဆောင်ရတယ်.. အင်မော်တယ်ကျောက်တုံး တစ်တုံးက အမည်မဲ့အင်မော်တယ် နန်းတော်မှာ တစ်ရက်ပဲ နေခွင့်ရှိတယ်”

လော့ဝူကျိက ကျန်းချန်ကို တန်းစီစောင့်ဆိုင်းသည့်‌ နေရာသို့ ခေါ်လာခဲ့ပြီး နောက်တွင် ပြုံး၍ ရှင်းပြလိုက်သည်။

“အင်မော်တယ်ကျောက်တုံး တစ်တုံးက တစ်ရက်ပဲ နေခွင့်ရှိတာလား”

ကျန်းချန် အတော်လေး အံ့အားသင့်သွားခဲ့သည်။

အင်မော်တယ် ကျောက်တုံးသည် အင်မော်တယ်လောက၏ ငွေကြေး ဖြစ်သော်လည်း အလွန်တရာပင် ရှားပါးသည်။

ယေဘုယျအားဖြင့် နောက်ခံအင်အား မရှိသော ပကတိအင်မော်တယ် တစ်ဦး အတွက် အင်‌မော်တယ်ကျောက်တုံး တစ်တုံးရရန်မှာ မလွယ်ကူပေ။

ကောင်းကင်အင်မော်တယ် အများစုပင်လျှင် အမည်မဲ့အင်မော်တယ် နန်းတော်ထဲတွင် ကြာရှည် နေထိုင်နိုင်လောက်သည့် ပိုင်ဆိုင်မှုမျိုး ရှိလိမ့်မည် မဟုတ်ချေ။

သို့ရာတွင် အမည်မဲ့အင်မော်တယ် နန်းတော်၏ ဝင်ကြေးက စျေးကြီးသော်လည်း ကျန်းချန်တို့ နှစ်ဦး အတွက်မူ ထိုမျှလောက် ပမာဏကို ဂရုစိုက်နေစရာ မလိုအပ်ပေ။

ကျန်းချန်သည် တလော့လျှို့ဝှက်နယ်မြေ၏ တလော့စစ်ဆေးမှုကို အောင်မြင်ခဲ့သဖြင့် အင်မော်တယ်ကျောက်တုံး ထောင်ချီကို ဆုလာဘ်အဖြစ် ရရှိခဲ့သည်။

ထိုအင်မော်တယ်ကျောက်တုံးများကို သူက ကျင့်ကြံရာတွင် ထက်ဝက်ခန့် အသုံးပြုခဲ့သော်လည်း ရာဂဏန်းခန့် ကျန်ရှိနေသေး၏။

ဆိုရလျှင် သူ့အနေဖြင့် အမည်မဲ့အင်မော်တယ် နန်းတော်ထဲတွင် တစ်နှစ်ခန့် နေထိုင်လျှင်ပင် မည်သည့် ပြဿနာမှ ရှိလိမ်မ့ည် မဟုတ်ပေ။

ဤသို့ဖြင့် တန်း၍ စောင့်ဆိုင်းပြီးနောက် နာရီဝက်ခန့် အကြာတွင် ကျန်းချန်တို့၏ ရှေ့တွင် တန်းစီနေသော ကျင့်ကြံသူအားလုံးသည် အမည်မဲ့ အင်မော်တယ် နန်းတော် အတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။

အစောင့်ခေါင်းဆောင်၏ အကြည့်က ကျန်းချန်တို့ နှစ်ဦး၏ ကိုယ်ပေါ်သို့ ချက်ချင်းဆိုသလိုပင် ကျရောက်သွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် အလင်းတန်း တစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။

ထို့နောက် သူက မဲ့ပြုံး ပြုံးကာ ပြောလိုက်၏။

“မင်းတို့ အမည်မဲ့ အင်မော်တယ် နန်းတော်ထဲမှာ တစ်ရက် နေထိုင်ချင်ရင် အင်မော်တယ်ကျောက်တုံး ဆယ်တုံး ကုန်ကျမယ်”

အခန်း(၂၇၂၈)ပြီး၏။

All Chapters